Saturday, March 13, 2010

ရွေးကောက်ပွဲ ဥပဒေ သီတင်းပတ် နဲ့ မလွတ်လပ်သော နိုင်ငံရေး သတ္တ၀ါ မြန်မာ ပြည်သူများ

ရန်ကုန်ရှုခင်း - မတ်လ ဒုတိယပတ်
ရွေးကောက်ပွဲ ဥပဒေ သီတင်းပတ် နဲ့ မလွတ်လပ်သော နိုင်ငံရေး သတ္တ၀ါ မြန်မာ ပြည်သူများ
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
မတ် ၁၃၊ ၂၀၁၀
ယခုသီတင်းပတ် အစ တနင်္လာနေ့ ညနေခင်းမှာ နအဖ အစိုးရက ရွေးကောက်ပွဲ ဥပဒေကို နောက်တရက်မှ စပြီး ကြေငြာမယ်ဆိုလိုက်တာနဲ့ မြန်မာနိုင်ငံမှ နိုင်ငံရေး စိတ်ဝင်စားသူများ အကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။ သာမန် အလုပ်လုပ်ကိုင်စားသောက် နေကြတဲ့ ပြည်သူတွေအထဲတော့ စိတ်ဝင်စားမှု သိပ်မပြကြပါဘူး။ ဥပဒေထွက်တယ် ဆိုတာကို ကြားပေမယ့် ဒီဥပဒေက ထူးခြားတဲ့ အပြောင်းအလဲမျိုး ဖြစ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးတာ၊ နောက်ရွေးကောက်တင်မြှောက်ခံရတဲ့ ပါတီကို အာဏာလွှဲပြောင်းပေးတာတို့ ဖြစ်လာမှာ မဟုတ်ဘူးလို့ မျှော်လင့်နေကြလို့ စိတ်ဝင်စားမှု မပြကြတာလည်း ဖြစ်ပါတယ်။
ရန်ကုန်မြို့လယ်မှာ ထမင်းရောင်းနေတဲ့ အမျိုးသမီးတဦးက
“မနက်က သတင်းစာမှာ ပါတာတော့ တွေ့မိတယ်။ ကျွန်မအနေနဲ့ အဲဒါတွေ သိပ်တော့နားမလည်ပါဘူး။ ရွေးကောက်ပွဲဆိုတာလည်း ဘယ်လိုလဲ ဆိုတာ သိပ်နားမလည်ပါဘူး။ အခုကျွန်မတို့ ရေရဖို့ မီးရဖို့ ပြဿနာကိုတောင်မှ မဖြေရှင်းပေးနိုင်ပဲ ကြီးကြီးကျယ်ကျယ် တွေပြောနေတဲ့ သူတွေ (လက်ရှိ အစိုးရ)ဆိုတော့ ဘာမှ ပြောင်းလဲလာလိမ့်မယ် လို့မထင်ပါဘူး”
လို့ ပြောပါတယ်။
နယ်မြို့ကြီးတမြို့မှ ကိုယ်ပိုင်လုပ်ငန်းရှင် တဦးက သူ့အနေနဲ့ ထွက်ရှိလာတဲ့ ရွေးကောက်ပွဲ ဥပဒေကို စောင့်ပြီး ဖတ်ကြည့်နေတယ် လို့ဆိုပါတယ်။ နိုင်ငံရေး ပါတီဖွဲ့စည်းခြင်း ဥပဒေ ထွက်တဲ့နေ့က ဖတ်ကြည့်လိုက်တော့ လက်ရှိ ဖမ်းဆီးထားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို ပါတီထဲ မပါနိုင်အောင်၊ ၀င်ရွေးမခံရအောင် ဖယ်ထုတ်ထား တဲ့အတွက် ဒီဥပဒေကို အားမရဘူး လို့ပြောပါတယ်။ ဒေါ်စု အပါအ၀င် ခေါင်းဆောင်တွေကို ၀င်ရွေးခံလို့ မရအောင်လုပ်ထားတာက နိုင်ငံရေး အရ ပြေလည်မှုလမ်းကြောင်းပေါ် မရောက်နိုင်ဘူးလို့ ခံစားရတယ် လို့ဆိုပါတယ်။ သူတို့မြို့မှာ ဒီရွေးကောက်ပွဲ ဥပဒေကို စိတ်ဝင်စားသူ သိပ်မတွေ့ရဘူးလို့လည်း သူကပြောပါတယ်။ လူတွေအနေနဲ့ ဥပဒေ ကြေငြာတာ ကိုတော့ သိကြပေမယ့် စိတ်မ၀င်စားကြတာ လို့ဆိုပါတယ်။
ရန်ကုန်မြို့က ကားပွဲစားတဦးက
“ကျွန်တော်တို့က စီးပွားရေး သမားပဲ ဆိုတော့ ဒီနေ့ ရွေးကောက်ပွဲ ဥပဒေထွက်တယ် ဆိုတာ အများစုက စိတ်မ၀င်စားကြဘူး။ ကျွန်တော်တို့အလုပ်အကိုင်က အခုလည်းမကောင်းဘူး၊ နောက်လည်း ကောင်းဖို့မမြင်ဘူး၊ လူတွေစီးပွားရေးမကောင်းတော့ နိုင်ငံရေးကို စိတ်မ၀င်စားနိုင်ဘူး၊ လာမယ့် ရွေးကောက်ပွဲက သူ့လူကိုပဲ သူပေးမှာ ဆိုတော့ ကျွန်တော်တို့လည်း ကိုယ်နဲ့ မဆိုင်သလိုပဲ နေတော့မယ်”
လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ မီဒီယာနယ်ပယ်က သူတွေအနေနဲ့တော့ ရွေးကောက်ပွဲ ဥပဒေ ထွက်ပြီဆိုတော့ ရေးစရာ သားစရာ ပေါ်လာပြီဆိုပြီး စိတ်ဝင်စားနေကြတာ အမှန်ပါ။ သို့ပေမယ့် သာမန် ပြည်သူအများ ကတော့ရလဒ် ကိုအဓိကအာရုံစိုက်တဲ့ သူတွေဆိုတော့ ဒီဥပဒေကနေ ရလဒ် ကောင်းထွက်လာမယ် ဆိုတာ ဘယ်သူမှ မမျှော်လင့်ထားတော့ သိပ်မဆိုင်သလိုပဲ နေကြ သွားလာလှုပ်ရှားနေကြတာပါ။
ရေဒီယိုတွေ သတင်းဝက်ဆိုက်တွေက ပြောနေသလို ဥပဒေက ဘယ်လိုထွက်တယ်။ ဘယ်ပုံထွက်တယ်။ ဘယ်နေရာက ဘာဖြစ်တယ်၊ အပိုဒ် ၁၂၊ က အရ၊ ခ အရ ဆိုပြီး စေ့စေ့ငင မသိကြပါဘူး။ အဲဒါတွေကို ငြင်းခုံကြဖို့လည်း စိတ်မ၀င်စားကြပါဘူး။ 

လူဟာ နိုင်ငံရေး သတ္တ၀ါ
စောစောက ထမင်းရောင်းသူ အမျိုးသမီးပြောသလို နေ့စဉ်ဘ၀မှာ အရေးကြီးတဲ့ လျှပ်စစ်မီးရဖို့ ရေမှန်မှန်ရဖို့ကိုတောင် အာမမခံနိုင် အဆင်ပြေပြေ မစီစဉ်နိုင်တဲ့ အစိုးရကို ကြီးကြီးကျယ်ကျယ် ရွေးကောက်ပွဲ ဆိုလာလို့ မယုံတဲ့သဘောပါပဲ။ လူသည် နိုင်ငံရေး သတ္တ၀ါဖြစ်သည် ဆိုတဲ့ အဆိုအမိန့်ရှိပြီး သိသည်ဖြစ်ဖြစ် မသိသည်ဖြစ်ဖြစ် လူတိုင်းဟာ နိုင်ငံရေးနဲ့ သက်ဆိုင်နေတယ်ဆိုတဲ့ သဘောလို့ နားလည်ပါတယ်။
မြန်မာပြည်သူတွေလည်း နိုင်ငံရေးသတ္တ၀ါတွေပါပဲ၊ နိုင်ငံရေးကို စိတ်ဝင်စားသည် ဖြစ်စေ စိတ်မ၀င်စားသည် ဖြစ်စေ နေ့စဉ် အလုပ်အကိုင် ကောင်းခြင်းမကောင်းခြင်း၊ ရေမှန်မှန် မရခြင်း၊ လျှပ်စစ်မီး မှန်မှန်မရခြင်းတွေဟာ မကောင်းတဲ့သူတွေ အုပ်ချုပ်နေလို နိုင်ငံရေး အခြေအနေ မကောင်းလို့  ဆိုတာကိုတော့ လက်တွေ့ ဘ၀အရ သိနေကြပါတယ်။
ဆွေးနွေးဖို့ ငြင်းခုံပြောဆိုဖို့ သိပ်စိတ်မ၀င်စားတဲ့ အခြားသောအကြောင်း အချက်ကလည်း ကိုယ့်အမြင်ကို လွတ်လပ်စွာ ထုတ်ဖေါ်ပြောခွင့် မရကြတဲ့ အချက်ပါ။ ကွန်မြူနစ် အရှေ့ဂျာမနီလို၊ ဆိုဗီယက် ကွန်မြူနစ်ခေတ်လို  သတင်းပေးတွေ နေရာတိုင်းမှာ ရှိတဲ့သဘောမျိုး မဟုတ်ပေမယ့် မြန်မာနိုင်ငံမှာ လူပုံအလယ်မှာ ကိုယ့်အမြင်လွတ်လွတ်လပ်လပ် ထုတ်ဖေါ်ခွင့်ရှိတဲ့ နိုင်ငံလည်း မဟုတ်ပါဘူး။
ယနေ့မှာ လူအများရဲ့ စိတ်ဝင်စားမှု ကိုသိပ်မခံရတော့တဲ့ ယခင် မဆလရဲ့ အမွေခံ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ စည်းရုံးရေးမှူး ကတောင်မှ ယခုရွေးကောက်ပွဲ ဥပဒေကို တရားမျှတမှု မရှိတဲ့ ဥပဒေအဖြစ်မြင်နေကြပါတယ်။
ရန်ကုန်မြို့ရဲ့ အရှေ့ပိုင်းခရိုင်မှာ ရှိတဲ့မြို့နယ် တခုမှ တစည အတွင်းရေးမှူးဖြစ်သူက
“အခုဖတ်ရသလောက် ရွေးကောက်ပွဲ ဥပဒေကတော့ လူထု ကောင်းစားဖို့ဘာမှ မမြင်ဘူး၊ အခွန်ထမ်းတဲ့ ပြည်သူတွေ ခံရဦးမှာပဲ။ ဒီဥပဒေကို လုံးစေ့ပတ်စေ့တော့ နားမလည်ဘူး။ ဒါပေမယ့် အချို့ကန့်သတ်ချက်တွေက လူတိုင်းရှဲု့ အခွင့်အရေးကို မျက်ကွယ်ပြုထားသလိုပဲ၊ ဥပမာ ထောင်ဒဏ်ကျခံနေရတဲ့ သူတွေမဲပေးခွင့်မရှိတာမျိုး၊ အရင်ခေတ်ကလည်း တဘက်သတ်လုပ်ခဲ့တာ တွေရှိပါတယ်။ ဒါပေမယ့် အခုဥပဒေလောက် မဆိုးဘူးလို့ အဘထင်တယ်။ ဒီဥပဒေ နဲ့လုပ်တဲ့ ရွေးကောက်ပွဲဟာ တရားမျှတစရာ မရှိဘူး။ အားလုံးကို ခြင်္သေ့ (စစ်တပ်ကို ရည်ညွန်း) ကစားသွားမှာပဲ”
လို့ ပြောပါတယ်။
အခုပြောတဲ့ အတွင်းရေးမှူးဟာ အသက် ၇၀ ရှိနေပြီး ယခင်သာမန် အစိုးရ၀န်ထမ်း အငြိမ်းစား တဦးပါ။ နောက်ဆုံး သူပြောတဲ့ စကားတလုံးကတော့
“အခု တစည ပါတီတောင် လူ ၄၀ထက်ပိုစုလို့ မရဘူး၊ အာဏာပိုင်တွေက ခွင့်မပြုဘူး” ဆိုတာပါ။
(ဓာတ်ပုံများ - မိုးမခ၊ မတ်လ ၈ ရက်နေ့ မနက်ခင်း၊ သတင်းစာများ ရောင်းချရန် ပြင်ဆင်နေစဉ်၊ ရန်ကုန်မြို့ ရှုခင်း)

0 comments:

Post a Comment