Monday, January 11, 2010

ဒီ တုံဏှိဘာဝေနိုင်ငံမှာ...


ဒီ တုံဏှိဘာဝေနိုင်ငံမှာ...
ဒင်းတို့ ရောင်းဝယ် ဖောက်ကားနိုင်တဲ့
လျှို့ဝှက်ချက်တွေကို
တစ်စုံတစ်ယောက်က နားထောင်နေတယ်ဆိုတာ
ဘယ်သူမှ ပြောမပြနိုင်ဘူး။
သတင်းတွေကို ဒီ နိုင်ငံရဲ့ သွေးတွေနဲ့ ပေးချေ၊
အာဏာရှင်တွေရဲ့ အားနည်းချက်ကိုတောင်
ဘယ်သူမှ မပြောရဲကြဘူး။
ဒီ တုံဏှိဘာဝေ မြန်မာနိုင်ငံမှာ
ဘယ်သူမှ မရယ်မောဝံ့ကြသလို
ကျယ်ကျယ်ပြန့်ပြန့်လည်း မတွေးဝံ့ကြဘူး။
ဒီ တုံဏှိဘာဝေ မြန်မာနိုင်ငံမှာ
ရယ်မောမှုတွေကို လူအုပ်ကြီးရဲ့
ဆိတ်ငြိမ်မှုထဲမှာ တွေ့မြင်နိုင်ကြပါရဲ့။
ဒီ တုံဏှိဘာဝေနိုင်ငံမှာ
သူတို့ကို ခေါ်ဆောင်သွားမယ့်
စစ်သားတွေလာနေတာတောင်
ဘယ်သူတစ်ဦးတစ်ယောက်ကမျှ ပြောမပြနိုင်ပေဘူး။
တရုတ်တွေက လမ်းတွေကို လိုချင်တယ်...
ပြင်သစ်တွေကတော့ လောင်စာဆီကို လိုချင်တယ်...
ထိုင်းတွေက သစ်တွေကို ယူတယ်...
နအဖ ကတော့ အမြတ်အစွန်းတွေကို ယူတယ်လေ...။
ဒီ တုံဏှိဘာဝေနိုင်ငံမှာလေ...
ဟော့ဒီ တုံဏှိဘာဝေနိုင်ငံမှာလေ...
လူသတ်သမားတွေကြောင့် တေမိဇာတ် ခင်းနေရတာ...
စိုးရိမ်မှုတွေ ဖုံးလွှမ်းနေတာကို မကြားသိနိုင်ပေဘူး။
ဒါပေမဲ့ ဘယ်လိုပဲ အင်အားသုံးသုံး
လွပ်လပ်မှုအသံကိုတော့
လူညာတွေ လိမ်လို့ မရသလို
ဘယ်လိုအသံမျိုးနဲ့မှလည်း မဖုံးလွှမ်းနိုင်ပေဘူး...။ ။
ဒေါ်အောင်ဆန်းစုကြည်
(မြန်မာပြန် ဖေသက်နီ)

0 comments:

Post a Comment