Sunday, April 18, 2010

အဖျက်သမားဘယ်သူလဲ

  သင်္ကြန်အကြတ်နေ့  ညနေက ကန်တော်ကြီးပတ်လမ်း X2o ရေကစား မဏ္ဍပ် အနီးတွင် ဗုံးသုံးလုံး ဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့၍၊ လူ ၉ ဦး သေဆုံးခဲ့ပြီး၊ ၁၇ဝ ကျော် ဒဏ်ရာ ရရှိခဲ့သည်။ အပြစ်မဲ့ ပြည်သူများ ထိခိုက်ကုန်ပြီ။ ဗုံးဘယ်သူ ဖောက်တာလဲ။ စစ်အစိုးရ မီဒီယာများကတော့ အဖျက်သမားတွေ ဖော်တာဖြစ် သည်ဟု ကြေညာသည်။ မှန်သည် ပြည်သူတွေကို သေကြေထိခိုက်အောင် လုပ်သူကတော့ အဖျက်သမားသာ ဖြစ်သည်။ သို့သော် အဖျက်သမား ဘယ်သူ ဘယ်ဝါဆိုတာ တိတိကျကျသိဖို့ လိုသည်။ အဖျက်သမား ဘယ်သူလဲ။ ဗုံးဖောက် တဲ့ အဖျက်သမားသည် ဘယ်သူများပါလဲ။

န-အ-ဖခေတ် မြန်မာပြည်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ရပ်များ မကြာခဏ ဆိုသလို ရှိခဲ့သည်။ သွားလေသူ န-အ-ဖ အတွင်းရေးမှူး(၂) ဗိုလ်ချုပ်ကြီးတင်ဦးဧ။် သမီးပင်လျှင် အိမ်ထဲတွင် ဗုံးပေါက်ပြီး သေခဲ့သည်။ ဗိုလ်ချုပ်တင်ဦး ကိုယ်တိုင်ပင်လျှင် ရဟတ်ယဉ်ပျက်ကျတာ မဟုတ်ဘဲ ဗုံးပေါက်ပြီး ကွယ်လွန်ခဲ့သလိုလို သတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုသို့ သတင်းထွက်စရာ အကြောင်းကလည်း ရှိခဲ့သည်။ ကမ္ဘာ အေး စွယ်တော် ဗုံးပေါက်ကွဲမှုတွင် ဗိုလ်ချုပ်ကြီးတင်ဦး လက်မတင်ကလေး လွတ်ခဲ့သလို၊ နေအိမ်ဗုံး ပေါက်ကွဲမှုတွင်လည်း သမီးဖြစ်သူက ဓားစာခံ ဖြစ်သွားခဲ့ရသည်။

မည်သို့ ပင်ဖြစ်စေ ဗုံးပေါက်ကွဲမှုဖြစ်ပြီးတိုင်း စစ်အစိုးရက သတင်းစာရှင်း လင်းပွဲလုပ်၍၊ တရားခံဖော်ထုတ်လေ့ ရှိသည်။ ပြည်ပြေး ဘယ်အုပ်စုက ဘယ် ငနီက တခြားအုပ်စုက ငနက်နဲ့ တွဲပြီး ငဖြူကို သင်တန်းပေးကာ ငဖြူက ငကြောင် ၊ ငကျားစသူတို့နှင့် ပေါင်းကာ ဖောက်ခွဲခဲ့ကြောင်း စသဖြင့် ၄င်းတို့ မျက်စေ့ရှေ့  မှောက်တွင်လုပ်ဆောင်ခဲ့သကဲ့သို့ ရှင်းလင်းတတ်ကြသည်။ သို့ သော်တရားခံ ကိုကား တခါမျှ မမိခဲ့ဖူးပေ။

ဗိုလ်ချုပ်ကြီးတင်ဦးကို လုပ်ကြံခဲ့သူ မည်သူပါနည်း။ ယခုထိ တရားခံမပေါ်သေး။ ထို့ ထက်ပို၍ စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ရိပ်သာအနီး ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် တက္ကသိုလ်ရိပ်သာလမ်း လူသတ်မှုကြီး ယခုထိ တရားခံမပေါ်သေး။ သတင်းစာ ရှင်းလင်းပွဲများတွင် အလွန်တိကျစွာ တရားခံ ဖော်ထုတ်ခဲ့သော စစ်ထောက်လှမ်းရေးများ အထူးရဲတပ်ဖွဲ့ ဝင်များ၊ ဆိုခဲ့ပါ အမူများကို တရားခံပေါ်အောင် ဘာကြောင့် မဖော်ထုတ်နိုင်ခဲ့ပါသလဲ။ အရေးကြီးဆုံး မေးခွန်း နောက်တခုကတော့ န-အ-ဖ စစ်အုပ်စုဝင်များနှင့် ၄င်းတို့ဆွေမျိုးမိတ်သင်္ဂဟများ နေထိုင်သော အင်းယားလမ်းတွင် နှစ်စဉ်သင်္ကြန်ပွဲ ချိမ့်ချိမ့်သဲ ကျင်းပခွင့် ပြုထားခဲ့ရာမှ ယခုနှစ်တွင် ကျင်းပခွင့် မပြုတော့ပဲ၊ သင်္ကြန်မဏ္ဌပ်များကို ကန်တော်ကြီးစောင်းသို့  ရွေ့ ခဲ့တာ အဘယ်သို့သော အကြောင်းကြောင့်ပါလဲ။

ကန်တော်ကြီး X2o ရေကစားမ ဏ္ဍပ်၊ ဗုံးကွဲမှုတွင် ပြည်သူ ၉ ဦးသေ၊ ၁၇ဝ ကျော် ဒဏ်ရာရခဲ့ပြီ။ ထိုသို့ အပြစ်မဲ့သော ပြည်သူများအပေါ် ရက်ရက်စက်စက် တိုက်ခိုက်တတ်သူ မည်သူ၊ မည်ဝါ ဖြစ်သည်ကို သိနိုင်ရန် အတိတ်ဖြစ်ရပ်များကို ပြန်လည် သုံးသပ်ကြည့်ပါအုံးမည်။ မဝေးလှသောအတိတ် ၂၀၀၃ မေ ၃၀ ဒီပဲရင်း လုပ်ကြံမှုကြီး၊ ပြည်သူများ သေဆုံးခဲ့သော တိုက်ခိုက်မှုကြီး၊ ထိုတိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူမှာ န-အ-ဖ အစိုးရဖြစ်ကြောင်း တကမ္ဘာလုံးက သတ်မှတ်ထားသည်။ ထိုစဉ်က န-အ-ဖ မီဒီယာများမှာ ဘာအသံမှ မထွက်ခဲ့ကြ။ အပြစ်မဲ့သော ကျေးလက် တောသူတောင်သားများ ရက်ရက်စက်စက် အသတ်ဖြတ်ခံ ခဲ့ရခြင်း ဖြစ်သည်။ ၂၀၀၇- စက်တင်ဘာ ရွှေဝါရောင် မေတ္တာပို့သမှုကြီးကို မြို့လည်ခေါင်တွင် ရက်ရက်စက်စက် ဖြိုခွဲခဲ့သူ၊ ရဟန်းရှင်လူများကို သတ်ဖြတ်ခဲ့သူမှာ န-အ-ဖပင် ဖြစ်သည်။ ထိုသို့ လူသတ်မှုများ သာမက ပြန်ပေးဆွဲ ပြီး လူသတ်သည့် အမှုများကိုပင် န-အ-ဖအစိုးရ ကျုးလွန်ခဲ့ကြောင်းကို ကိုအောင်လှိုင်ဝင်း သေဆုံးခဲ့မှု၊ အိမ်မဲမြို့ က ကရင်အမျိုးသားကျောင်းဆရာ သေဆုံးခဲ့ရမှုများက သက်သေ ပြလျက် ရှိသည်။

ပြည်သူတွေပြောနေသော စကားနှင့် ပြောရလျှင် “ဒီကောင်တွေ စစ်အစိုးရ ဘာကြံပြန်ပြီလဲ မသိဘူး” ဟု ပြောရုံသာ ရှိတော့သည်။

ရန်ငြိမ်းအောင် (လူငယ်) 
ရင်းမြစ်။ ။http://burmese.mizzimamedia.com/index.php?option=com_content&view=article&id=5104:2010-04-18-08-49-21&catid=3&Itemid=4

မြစ်ဆုံ ရေအားလျှပ်စစ် လုပ်ငန်းခွင် ဗုံးပေါက်ကွဲ

ကချင်ပြည်နယ် မြစ်ဆုံရေကာတာ တည်ဆောက်ရေးလုပ်ငန်းကို အကောင်အထည် ဖော်နေတဲ့ Asia World ကုမ္ပဏီရုံးမှာ ဒီကနေ့မနက် အစောပိုင်းက အနည်းဆုံး ဗုံး ၄ လုံးလောက် ဆက်တိုက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးနဲ့ မော်တော်ယာဉ်အချို့ ပျက်ဆီးခဲ့ပါတယ်။ ဒေသခံတွေကတော့ သေဆုံးထိခိုက်သူတွေ ရှိတယ်လို့ လည်းပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အခုလို ဗုံးတွေ ဆက်တိုက်ပေါက်ကွဲခဲ့တာကတော့ ဒီကနေ့ မနက်အစောပိုင်း ၂ နာရီ ၄၅ မိနစ် လောက်မှာ ကချင်ပြည်နယ်တွင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒါဟာ ဒီတပတ်အတွင်း မြန်မာပြည်မှာ ဒုတိယအကြိမ်ပေါက်ကွဲတာလည်း ဖြစ်ပါတယ်။ ဒီလိုပေါက်ကွဲတဲ့ နေရာကတော့ မေခနဲ့မလိခ မြစ်ဆုံဒေသမှာ အခြေစိုက်ပြီး ရေအားလျှပ်စစ်စီမံကိန်းကို တာဝန်ယူဆောက်လုပ်နေတဲ့ Asia World ကုမ္ပဏီရုံးအဆောက်အဦမှာ ဖြစ်တယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့က ကိုအောင်ဝါက အခုလိုပြောပါတယ်။

"ကျိန်ခရမ် လုံဂါဆိုတဲ့နေရာမှာပဲ။ မြစ်ဆုံရေကာတာ တည်ဆောက်မယ့်နေရာမှာ တန်ဖဲ အောက်ဖက်မှာ၊ ၆ မိုင်အကွာမှာ ရှိတဲ့နေရာမှာ ဖြစ်တယ်။ Asia World ရုံးရှေ့မှာဖြစ်တယ်။ Asia World ကနေ တာဝန်ယူပြီး မြစ်ဆုံရေကာတာ တည်ဆောက်နေတဲ့နေရာ ဖြစ်တယ်။ Asia World ရုံးက နှစ်ထပ်ရှိတဲ့ဟာလည်း ပျက်ဆီးနေပြီ။ အထိအခိုက်တော့ ၁ ယောက်ကနေ ၄ ယောက်အထိ သေတယ်လို့ ကြားနေရတယ်။ ဒဏ်ရာရတာ ၂၀ ကျော်လို့ ကြားနေရပါတယ်။ ဗုံးကတော့ ၃ လုံး အထက်လို့ ပြောနေတယ်။"

မြစ်ကြီးနားဒေသခံ တယောက်ကတော့ ဗုံး ၈ လုံးလောက်ထိ ကွဲတယ်လို့ ကြားသိရပေမဲ့ အသေအပျောက် ရှိတယ်ဆိုတာ မကြားရဘူးလို့ ပြောပါတယ်။

"၈ လုံးလောက်တော့ လို့တော့ကြားတယ်။ ၄ နေရာမှာ ၈ လုံးလောက်တော့ ကြားတယ်။ အထိအခိုက်တော့ မရှိဘူးလို့ ပြောတယ်ရှင့်။ အထိအခိုက်တော့မရှိဘူး။ တရုတ်ကား ၄ စီးနဲ့ Asia World က ကား ၄ စီးပေါ့နော်၊ အဲလိုမျိုး ပျက်ဆီးသွားတယ်ကြားတယ်။"

မြစ်ကြီးနားမြို့က ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ကျရဲအရာရှိက တစုံတရာ ပြောဆိုဖို့ ငြင်းဆိုပါတယ်။

"ဟုတ်ကဲ့။ ကျနော်တို့က လုံခြုံရေးအရ ပြောခွင့်မရှိလို့ပါခင်ဗျ။"

ဒေသခံတွေကတော့ အခုချိန်ထိ ဗုံးခွဲတဲ့တရားခံကို ဖမ်းဆီးရမိတာမရှိသေးသလို ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာလည်း အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုတာကို မကြားသိရသေးဘူးလို့ ပြောပါတယ်။

နောက်ဆုံး ရရှိတဲ့သတင်းအရဆိုရင် မွန်းလွဲပိုင်းမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း ကိုယ်တိုင် အခင်းဖြစ်ပွားရာနေရာကို သွားရောက် စစ်ဆေးကြည့်ရှုနေပြီး သူသွားရာ လမ်းတလျောက်နဲ့ မြစ်ဆုံဒေသမှာ လုံခြုံရေး အများအပြား ချထားတယ်။ ဒါ့အပြင် ရေကာတည်ဆောက်ရေးမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ တရုတ် နိုင်ငံသား အများအပြားလည်း မြစ်ကြီးနားမြို့ဘက်ကို ပြောင်းရွှေ့နေတယ်လို့ သိရပါတယ်။

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို Asia World ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက China Power Investment Corporation (CPI) တို့က ပူးပေါင်းတည်ဆောက်နေပြီး ရရှိတဲ့ လျှပ်စစ်ဓါတ်အားကိုတော့ တရုတ်နိုင်ငံကို တင်ပို့မှာဖြစ်ပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ပတ်သက်ပြီး စောင့်ကြည့်လေ့လာနေတဲ့ ကချင်သဘာဝ ပတ်ဝန်းကျင် အဖွဲ့ကတော့ ဒီရေကာတာစီမံကိန်းကြောင့် အနည်းဆုံး ကျေးရွာ ၆၀ ကျော် နဲ့ လူ ၃ သောင်းလောက် ပြောင်းရွှေ့ရနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ဒေသခံ ကချင်ပြည်သူတွေနဲ့ ဘာသာရေးအသင်းအဖွဲ့တွေက  မြစ်ဆုံရေကာတာ တည်ဆောက်မယ်ဆိုရင် သူတို့နေထိုင်ရာ ကျေးရွာတွေ၊ လယ်ယာနဲ့ ဥယျာဉ်ခြံမြေတွေ ရေလွှမ်းမိုးမှာဖြစ်သလို ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေလည်း ပျက်ဆီးရမှာမို့ ရေကာတာ မတည်ဆောက်ဖို့အတွက် ဗိုလ်ချုပ်မှုးကြီး သန်းရွှေဆီကို စာရေးသားပေးပို့ခဲ့ပါတယ်။ ရေကာတာ မဖြစ်မြောက်ရေးအတွက်လည်း ဆုတောင်းပွဲတွေ ဆုတောင်းပွဲတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြပါတယ်။

ဒေသခံကချင်လူထုတွေက ရေကာတာမတည်ဆောက်ဖို့ ကန့်ကွက်ခဲ့တာကြောင့် အခုလို ဗုံးပေါက်ကွဲချိန်မှာ အာဏာပိုင်တွေက သူတို့အပေါ် ဖိအားပေးလာမှာကိုလည်း စိုးရိမ်နေတယ်လို့ ကိုအောင်ဝါက ပြောပါတယ်။

လွန်ခဲ့တဲ့ သင်္ကြန်အကြတ်နေ့တုန်းကလည်း ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးအနီးက X2O ရေကစားမဏ္ဍပ်မှာ ဗုံးသုံးလုံး ပေါက်ကွဲခဲ့တာကြောင့် လူ ၈ ယောက် သေဆုံးပြီး ၁၇၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီနေ့ထုတ် ကြေးမှုံသတင်းစာမှာတော့ ဒဏ်ရာရလို့ ဆေးရုံတက်နေသူ လူ ၁၇၀ အနက်က ၅၅ ဦးဟာ သက်သာပြီဖြစ်တာကြောင့် ဆေးရုံကဆင်းသွားကြောင်း ဖော်ပြပေမဲ့ တရားခံကို ဖော်ထုတ်ရမိတယ် ဆိုတဲ့သတင်းတော့ မတွေ့ရသေးပါဘူး။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-04-17-voa5.cfm?rss=topstories

ဒေါ်စုအိမ်၏ တဘက်ကမ်း အင်းလျားကန်တွင် NLD အဖွဲ့ဝင်တို့ ငါးလွှတ်

 ယနေ့နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ဘက်သို့ လှမ်းကြည့်နေသော NLD အဖွဲ့ဝင် တဦး။ ယနေ့ ကျရောက်သည့် နှစ်ဆန်းတရက်နေ့တွင် NLD အဖွဲ့ဝင်များက အင်းလျားကန်သို့ သွားရောက်ပြီး ငါးလွှတ် ကုသိုလ်ပြုကြသည်။(Reuters)
အင်းလျားကန် တဘက်ကမ်းမှ မြင်တွေ့ရသည့် အကျယ်ချုပ်ကျနေသူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် (Reuters) ငါးလွှတ်မည့် NLD အဖွဲ့ဝင်များ(Reuters) သင်္ကြန်အကြိုနေ့ (အင်္ဂါနေ့)က NLD ရုံးရှေ့ မြင်ကွင်း (AP) သင်္ကြန်အကြိုနေ့ NLD ရုံးချုပ်မှ အမျိုးသမီးများ (AP) သင်္ကြန်အကြိုနေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို သပြေခက်ဖြင့် ရေပက်နေသော ဒေါက်တာ ဒေါ်မေ၀င်းမြင့် (AP) 
ရင်းမြစ်။ ။မိုးမခ

Saturday, April 17, 2010

ထိတ်လန့်မှုများနှင့် အဆုံးသတ်ခဲ့ရသည့် သင်္ကြန်မှတ်တမ်း

မြန်မာ သက္ကရာဇ် ၁၃၇၁ ခုနှစ်မှ ၁၃၇၂ ခုနှစ်ကို ကူးပြောင်းတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ကာလက အကြမ်းဖက် ဗုံးဖောက်ခွဲမှု၊
ပြည်သူများ အထိတ်တလန့် ဖြစ်မှုတွေနဲ့ ပြီးဆုံးခဲ့ပါတယ်။

သင်္ကြန်အကျနေ့က စည်ကားနေတဲ့ ရန်ကုန်မြို့ ပြည်လမ်းမပေါ်က ရေကစားမဏ္ဍပ်တခု
ရန်ကုန်မြို့ မင်္ဂလာ တောင်ညွှန့် မြို့နယ်ရှိ X2O ရေကစား မဏ္ဍပ်အနီး ဧပြီလ ၁၅ ရက် ညနေ ၃ နာရီခန့်က ဗုံးသုံးလုံး ပေါက်ကွဲ ခဲ့တာကြောင့် လူ ၈ ဦး သေဆုံးပြီး ၁၇၀ ဒဏ်ရာ ရရှိခဲ့တယ်လို့ စစ်အစိုးရက တီဗီ၊ ရေဒီယိုနဲ့ သတင်းစာတွေက တဆင့် ထပ်ခါ တလဲလဲ ကြေညာခဲ့တယ်။

ပုံမှန်ဆိုရင် တန်ခူးလ အချိန်မှာသာ နှစ်သစ်ကူး သင်္ကြန်ချိန် ရောက်ရှိပေမယ့် ဒီနှစ်တော့ ထူးထူးခြားခြား နှစ်သစ်ကူး သင်္ကြန်ကာလ က ကဆုန်လ အတွင်းမှာ ကျရောက်တယ်၊ သိကြားမင်းက အနက်ရောင် ကျွဲကိုစီးပြီး လူ့ပြည် ဆင်းတယ်၊ ဗြမ္မာ့ ဦးခေါင်းကို လွှဲပြောင်း ယူတဲ့ နတ်သမီးက ငိုယိုပြီး လွှဲပြောင်း ယူတယ်လို့ မြန်မာ့ရိုးရာ သင်္ကြန် စာတွေမှာ ဖော်ပြထားတဲ့ အတွက် ထူးခြားတဲ့ နှစ်တနှစ် ဖြစ်တယ်လို့ နက္ခတ်ဗေဒင် ဆရာတွေက ဆိုကြတယ်။

ဒီနှစ်သစ်မှာ မင်းပြောင်းမင်းလွဲ တွေနဲ့ကြုံမယ့်နှစ်၊ သွေးချောင်းစီးမယ့် ဖြစ်ရပ် တွေပေါ်ပေါက်မယ့် နှစ်ဖြစ်တယ်လို့ ဗေဒင်ဆရာ တချို့က ကြိုတင်ဟောကိန်းထုတ်ခဲ့ကြတယ်။

ရန်ကုန်မြို့မှာ ရေကစားမဏ္ဍပ်တွေစုဝေးတည်ရှိတဲ့ ကန်တော်ကြီးပတ်လမ်း၊ အင်းလျားကန်ဘောင်အနီးက ပြည်လမ်းနဲ့ ဆီဒိုနား ဟိုတယ်ရှေ့ကမ္ဘာအေးလမ်းမနေရာ အပါအ၀င် နေရာသုံးခုမှာသာ လူစည်ကားခဲ့ပြီး ရန်ကုန်သင်္ကြန်ဟာ ခြောက်ခြောက် ကပ်ကပ် နဲ့ ပြီးဆုံးခဲ့ရပါတယ်။

ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့)

မနက် ၇ နာရီကတည်းက ရန်ကုန်မြို့နေရာအတော်တော်များများမှာ လျှပ်စစ်မီးတွေပြတ်တောက်နေလို့ မြို့ခံပြည်သူတွေ
မချင့် မရဲဖြစ်နေကြပါတယ်။ မဟာသင်္ကြန်ကာလ ရေကစား ပျော်ရွှင်ရမယ့် အချိန်ဖြစ်လို့ လျှပ်စစ်မီး၂၄ နာရီရနိုင်မယ်လို့ ပြည်သူတွေအများစုက မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့် မျှော်လင့်ချက်မပြည့်ဝခဲ့ပါဘူး။

သင်္ကြန်ကာလ မီးအပြည့်မပေးလို့ စစ်အစိုးရကို အပြစ်တင်ဝေဖန်ကြသံတွေက ရန်ကုန်ရပ်ကွက်တော်တော်များများမှာ ထွက်ပေါ်နေတယ်။

“နေပြည်တော်က လူသူမရှိတဲ့ လမ်းမတွေပေါ်မှာ၂၄ နာရီ နီယွန်မီးကြီးတွေ ထွန်းထားပြီးတော့ ရန်ကုန်ကို ကျတော့ မီးဖျက် ထားတာ တရားလွန်လွန်းတယ်”လို့ ရန်ကုန်ပြည်သူတဦးက ဒေါသသံနဲ့ ပြောတယ်။

နှစ်စဉ်နှစ်တိုင်း ရေကစားမဏ္ဍပ်တွေနဲ့ စည်ကားခဲ့တဲ့ အင်းလျားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်း တလျှောက်မှာတော့ အာဏာ ပိုင်တွေရဲ့ မဏ္ဍပ်မဆောက်ရဘူးဆိုတဲ့ တချက်လွှတ်အမိန့်ကြောင့် လူသူကင်းရှင်းပြီးခြောက်ကပ်ကပ် ဖြစ်နေတယ်။

မနက် ၁၀ နာရီခွဲခန့်မှာတော့ ကန်တော်ကြီးပတ်လမ်းက ရေကစားမဏ္ဍပ်တွေ၊အင်းလျားကန်ဘောင်အနီးက ပြည်လမ်းမမှာရှိတဲ့ မဏ္ဍပ်တွေနဲ့ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ ရေကစား မဏ္ဍပ်တွေမှာ ကခုန်ရေကစားမှုတွေစတင်နေပါပြီ။
ဧပြီလ ၁၄( သင်္ကြန်အကျနေ့)

မနက် ၉ နာရီလောက်ကစလို့ လျှပ်စစ်မီးရတဲ့ ရန်ကုန်ရပ်ကွက်တချို့မှာလူငယ်တွေစုပေါင်းပြီး ရေပက်ကစားနေကြသလို ရန်ကုန်လမ်းမတွေပေါ်မှာလည်းရေပက်ခံ ကားတွေ တော်တော်များများရှိလာတယ်။

ရေကစားမဏ္ဍပ် စုစုပေါင်း ၁၆ ခုရှိတဲ့ ကန်တော်ကြီးပတ်လမ်း တလျှောက်မှာ ရေပက်ခံကားတွေ၊ လမ်းလျှောက်ရေကစားကြ သူတွေ၊ ဈေးသည်တွေထောင်ပေါင်းများစွာနဲ့ ရှုပ်ယှက်ခတ် နေပါတယ်။

မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရမယ်ဆိုတဲ့ စည်ကမ်းချက်တွေ ထုတ်ပြန်ထားပေမယ့် သင်္ကြန်မဏ္ဍပ်တွေမှာ DJ နဲ့ ကခုန်သူ လူငယ်တွေ၊ Hip Hop တေးသွား အတိုင်း လက်တွေမြှောက်လို့ မြူးတူးနေကြတဲ့ လူငယ်တွေ ထောင်ပေါင်းများစွာ ကန်တော် ကြီး ပတ်လမ်းတလျှောက်မှာ တွေ့မြင်ရတယ်။

မိန်းကလေးငယ်တော်တော်များကလည်း မြင်သူတိုင်းငေးလောက်စရာ မလုံ့တလုံအ၀တ်အစားတွေနဲ့ ရေတွေကြားမှာ ပျော်မြူး ကခုန်နေကြတယ်။ ဘယ်လိုပဲအာဏာပိုင်တွေက စည်းကမ်းချက်တွေ ထုတ်ပြန်ခဲ့ပေမယ့် မြန်မာလူငယ်တွေက တနှစ်တခါ ပျော်ရတဲ့ပွဲကို စိတ်လွတ်ကိုယ်လွတ်ပျော်နေကြပုံပါပဲ။

သင်္ကြန်အကျနေ့ရဲ့ မနက်ပိုင်း အချိန်သာရှိသေးပေမယ့် ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ မဏ္ဍပ်တွေအနီးမှာ မူးပြီးလဲကျနေတဲ့ လူငယ်တွေ၊ အရက်မူးပြီးအော့အန်နေသူတွေကို ကူညီနှိပ်နယ်ပေးသူတွေ အရေအတွက်ကလည်း မနည်းလှပါဘူး။

လျှပ်စစ်မီးမရတဲ့ ရပ်ကွက်တွေမှာတော့ ရေရှိတဲ့နေရာက ရေတွေကို ပုံးတွေ၊ တိုင်ကီတွေနဲ့ခပ်ယူပြီး လှည်းပေါ်တင်သယ်ယူလို့ ရေကစားဖို့ လုံးပန်းနေကြတယ်။ ငွေကြေးတတ်နိုင်သူတွေကတော့ ဒီဇယ်အင်ဂျင်သုံးရေစုပ်စက်တွေငှားလို့ ရေကစားနေကြပြီး
မီးစက်နဲ့တွဲဖက်ဖွင့်နေတဲ့ သင်္ကြန်သီချင်းသံတွေကလည်း ဆူဆူညံညံကြားနေရတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်းမှာရှိတဲ့ နာမည်ကျော်ကိုးဘွဲ့ရဘုန်းကြီးကျောင်း၊ အင်းစိန်မြို့နယ်အတွင်းမှာရှိတဲ့ ညောင်ကန်အေး သာသနာ့ရိပ်သာ၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ချမ်းမြေ့ရိပ်သာ အပါအ၀င် နာမည်ကျော်ဘုန်းကြီးကျောင်း၊ သာသနာ့ရိပ်သာ တွေမှာလည်း ဘုန်ကြီးဝတ်သူ၊ သီလရှင် ၀တ်သူ၊ တရားစခန်းဝင်သူများနဲ့ စည်ကားနေပါတယ်။

မျက်လွှာလေးတွေချ တည်ငြိမ်အေးချမ်းစွာလျှောက်လှမ်းရင်း တရားမှတ်နေကြတဲ့ သံဃာတော်တွေ၊ သီလရှင်တွေနဲ့ ယောဂီ တွေရဲ့အသွင်အပြင်ကလည်း မြင်ရသူတိုင်း စိတ်ချမ်းမြေ့စေတယ်။

ဆယ်ကျော်သက် အရွယ်လူငယ်တွေပါ ဒီနှစ်တရားစခန်းဝင်ကြတယ်လို့ ဒဂုံမြို့သစ်မြောက်ပိုင်း မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ ဆီက သိရတယ်။

ဒီနှစ်သင်္ကြန်မှာ ပြည်တွင်းပြည်ပခရီးထွက်တဲ့ အရေအတွက်ကလည်း စံချိန်တင် လောက်အောင် များပြားတယ်လို့ ရန်ကုန် အခြေစိုက် ခရီးသွားကုမ္ပဏီတွေက ဆိုတယ်။

ချောင်းသာ၊ငွေဆောင် သွားရောက်လည်ပတ်တဲ့ သူများလွန်းတဲ့အတွက် ဟိုတယ်တွေ ၊ဘန်ဂလိုတွေ အခန်းပြည့်ဖြစ်နေတယ်လို့
ရန်ကုန် ဟိုတယ်လုပ်ငန်းရှင်ကြီး တဦးကလည်း ပြောတယ်။

ဒီနှစ် ရန်ကုန်သင်္ကြန်ခြောက်ကပ်ကပ်ဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေကြောင့် လူငယ်တွေ ခရီးထွက်တာများတာဖြစ်တယ်လို့
ရန်ကုန် ခရီးသွား အေဂျင်စီတချို့က သုံးသပ်တယ်။

ဧပြီလ ၁၅ ရက်( သင်္ကြန်အကြတ်နေ့)

အင်းလျားကန်ဘောင်အနီး ပြည်လမ်းမကြီးဘေးမှာတည်ဆောက်ထားတဲ့ အဲပုဂံ လေကြောင်းလိုင်းရဲ့ရေကစားမဏ္ဍပ်ကြီးက
ဒီနှစ်ရန်ကုန်သင်္ကြန်ရဲ့အစည်ကားဆုံးနဲ့ အကြီးဆုံးမဏ္ဍပ်တခုလို့ ဆိုရမယ်။ ပေ ၂၀၀ နီးပါးလောက်ရှည်တဲ့အပြင် သံမဏိ၊ စတီးတွေနဲ့ အခိုင်အမာတည်ဆောက်ထားတာကြောင့် အလွန်ခမ်းနားလှတယ်။

အဲပုဂံ မဏ္ဍပ်နဲ့ ပြည်လမ်းက ရေကစားမဏ္ဍပ်တွေနားမှာ လုံထိန်းတွေ၊ယာဉ်ထိန်းရဲ တွေ၊ စစ်သားတွေအပါအ၀င် လုံခြုံရေး ၀န်ထမ်းအတော်များများကို ထူထပ်စွာချထားတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမြေး နေရွှေသွေးအောင်ကလည်း ပြည်လမ်းမပေါ်မှာ
ရေကစားမဏ္ဍပ် တခုဆောက်လုပ်ရေကစားနေတာကြောင့် ဒီလို လုံခြုံရေး ထူထပ်တာလို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ပြည်လမ်းမကြီးပေါ်မှာတော့ ရေပက်ခံကားတွေ၊ လိုင်းကားတွေနဲ့ လူရာပေါင်းများစွာ ပြည့်နှက်လို့ နေပါတယ်။

ကန်တော်ကြီးပတ်လမ်းက ရေကစားမဏ္ဍပ်တွေမှာတော့ ပြည်လမ်းလောက် လုံခြုံရေးမတင်းကျပ်ဘဲ မီးသတ်၊ စည်ပင် ၀န်ထမ်း တွေနဲ့ ရဲတချို့ကသာ လုံခြုံရေးယူပေး ထားတယ်။ ကန်တော်ကြီးပတ်လမ်း၊မျှော်စင်ကျွန်း၊ ကရ၀ိတ် ဥယျာဉ်ထဲမှာ ရေကစားကြတဲ့ လူငယ်တွေအားလုံး ပျော်ရွှင်မြူးတူးစွာနဲ့ ရေကစားနေကြတယ်။

ညနေ ၃ နာရီ ၁၅ မိနစ်ခန့်မှာ ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ X2O ရေကစားမဏ္ဍပ်ရှေ့မှာ ဗုံးသုံးလုံးပေါက်ကွဲခဲ့တယ်ဆိုတဲ့ သတင်းက ရန်ကုန်မြို့အတွင်းတောမီးပမာ ပျံ့နှံ့သွားတယ်။ သွေးသံရဲရဲနဲ့ လူရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကန်တော်ကြီးပတ်လမ်းမှာ ရေကစားနေကြတဲ့ လူငယ်တွေအများစုက အတည်ပြုပြောဆိုတယ်။

ညနေ ၃ နာရီခွဲမှာ ရဲနဲ့စစ်တပ်က ကန်တော်ကြီးမျှော်စင်ကျွန်းနဲ့ ကရ၀ိတ်ဥယျာဉ်ကိုပိတ်ဆို့လိုက်ပြီး ဗုံးထောင်ထားမှု ရှိ၊မရှိ
စစ်ဆေးမှုတွေပြုလုပ်တယ်။

ဗုံးပေါက်ကွဲမှုဖြစ်တဲ့နေရာကို ရဲ၊စစ်တပ်နဲ့ ပိတ်ဆို့လိုက်ပြီး ရေကစားနေကြတဲ့ လူငယ်တွေ အားလုံးကို အခင်းဖြစ်တဲ့နေရာကနေ
ချက်ချင်းထွက်ခွာဖို့ အမိန့်ပေးနေတယ်။

“ပထမတော့ ဗုံးမှန်းမသိဘူး၊ ဂတ်စ်အိုးပေါက်တယ်လို့ပဲထင်တာ၊ ဒါပေမယ့်“အုန်း” ဆိုတဲ့ အသံတွေ ဆက်တိုက်ထွက်လာတော့မှ ဗုံးပေါက်မှန်းသိပြီး ပြေးကြ၊လွှားကြဖြစ်ကုန်တာ။ လူနင်းလို့ ဒဏ်ရာရတဲ့လူတွေအများကြီးပဲ”ဟု ကန်တော်ကြီးပတ်လမ်းမှာ ဈေးရောင်းနေတဲ့ ပျံကျဈေးသည်တဦးက ရှင်းပြတယ်။

လက်ကိုင်ဖုန်းတွေနဲ့ သက်ဆိုင်ရာ မိသားစုဆွေမျိုးနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေဆီကို ဗုံးပေါက်ကွဲမှု သတင်းပြောဆို သတင်းပေးနေကြသူတွေလည်း မနည်းလှဘူး။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပေမယ့် ကန်တော်ကြီးပတ်လမ်းရှိ ရေကစားမဏ္ဍပ်တချို့မှာတော့ ရေပက် ကစားကြသူတွေ၊ရေပက်ခံကား တွေနဲ့ စည်ကားနေဆဲ။

ဒီဗုံးပေါက်ကွဲမှုသတင်းကြောင့် ကိုယ့်သားသမီးတွေများ ပါသွားလေမလားဆိုတဲ့ စိုးရိမ်ပူ ပန်မှုတွေနဲ့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်လာတဲ့သူတွေလည်း မနည်းလှဘူး။

ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့)

မနေ့က ဗုံးပေါက်ကွဲမှုအကြောင်း လူအများအကြားမှာ အမျိုးမျိုးသုံးသပ်ပြောဆိုဝေဖန်နေကြပြီး ပြည်သူအများစု က ထိတ်လန့် တုန်လှုပ်နေကြတယ်။

အစိုးရ မီဒီယာတွေမှာတော့ နိုင်ငံတည်ငြိမ်အေးချမ်းရေးကို မလိုလားတဲ့ဆန့်ကျင်ဘက် အုပ်စုတွေက အကြမ်းဖက် လုပ်ရပ် အဖြစ်ရေးသားသလို အတိုက်အခံနိုင်ငံရေး အင်အားစုတွေက ဒီလိုအကြမ်းဖက်မှုကို လုပ်ဆောင်သလိုလို ထင်မြင်တွေးတောစရာ ရေးသားချက်တွေ ဖော်ပြပါတယ်။

တချို့ပြည်သူတွေကတော့ ဒီဗုံးပေါက်ကွဲမှုက အစိုးရကိုယ်တိုင်ပြုလုပ်ပြီး အတိုက်အခံနိုင်ငံရေး အင်အားစုတွေအပေါ် အပြစ်ပုံချ အရေးယူဖို့ လုပ်ဆောင်တဲ့ လုပ်ရပ်ဖြစ်နိုင်တယ်လို့ ပြောဆိုသုံးသပ်ကြတယ်။

ကန်တော်ကြီးပတ်လမ်းက ရေကစားမဏ္ဍပ်အများစုမှာတော့ အရင်နေ့ကထက်စာ ရင်တော့ လူအရေအတွက် အလွန်လျော့ကျ သွားတယ်လို့ ရေကစားသူတွေက ဆိုပါတယ်။

သင်္ကြန်အတက်နေ့ မနက်ပိုင်းကစပြီး နိုင်ငံကျော်ရုပ်ရှင်မင်းသမီး၊ အဆိုတော် ဒေါ်ချိုပြုံး သီချင်းဆိုရင်း မူးလဲပြီး စင်ပေါ်က
ပြုတ်ကျသေဆုံးပြီဆိုတဲ့ သတင်းတွေ ပြည်သူတွေအကြားမှာ ကျယ်ကျယ်ပျံ့ပျံ့ထွက်ပေါ်လာပါသေးတယ်။

နေ့လယ်ပိုင်းမှာတော့ မန္တလေး FM က မန္တလေးမှာပျော်ရွှင်စွာ ရေကစားနေတယ်လို့ ထုတ်လွှင့်သွားတဲ့အကြောင်း မြန်မာနိုင်ငံ ဂီတ အစည်းအရုံး တာဝန်ရှိသူတဦးက ဆိုတယ်။

ဒါပေမယ့် မန္တလေးမှာ မနက်စောစောပိုင်းကတည်းက မိုးသက်လေပြင်း ကျပြီး သင်္ကြန်မဏ္ဍပ် တချို့ ပျက်စီးသွားတယ်ဆိုတဲ့ သတင်းတွေ နောက်ပိုင်းမှာ ထွက်ပေါ်လာပါတယ်။

သင်္ကြန်အတက်နေ့အထိ လျှပ်စစ်မီးက အလှည့်ကျစနစ်နဲ့သာ ရရှိနေတာကြောင့်ရန်ကုန် ရပ်ကွက်တွေမှာ ခက်ခက်ခဲခဲ ရေ ရှာဖွေ သယ်ယူဆော့ကစားနေကြရသူတွေ၊ ရေကို ချွေချွေ တာတာ ပက်ခဲ့ရသူတွေ အများစုရှိနေခဲ့တယ်လို့ မြို့ခံတွေက ဆိုကြတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ရန်ကုန်မြို့မှာ ရေပက်ခံကားတွေ လျော့နည်းသွားခဲ့သလို မဏ္ဍပ်ထိုင် ရေကစားကြတဲ့ သူအရေအတွက် လည်း လျော့နည်းသွားခဲ့ပါတယ်။

ရင်းမြစ်။ ။ဧရာဝတီ

အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ



ပါတီရှင်သန်ရေးမှသည် ဒီမိုကရေစီရှင်သန်ရေးသို့ အင်န်အယ်ဒီပါတီ၏အရွေ့
          သင်္ကြန်တွင်း အချိန်ရသလောက်မှာ အင်န်အယ်ဒီပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဟံသာဝတီဦးဝင်းတင်နဲ့ စကားပြောဖြစ်ပါတယ်။ မေးခွန်းတွေ မေးဖြစ်တယ်။ ပါတီရဲ့ အပြောင်းအလဲတွေ၊ ရပ်တည်မှုတွေနဲ့ ဆရာပြောခဲ့တဲ့ ခွင် ၄ ခွင်၊ ထောက် ၄ ထောက်ထဲက ပါတီတွင်း တည်ဆောက်ရေးအလားအလာကို ပြောဖြစ်ပါတယ်။
          မေလဆန်းဖို့ မပြောနဲ့ဦး၊ ဧပြီလတောင် မကုန်သေးခင်၊ သင်္ကြန်ကာလတွင်းမှာတောင် အင်န်အယ်ဒီနဲ့ ပတ်သက်ပြီး အပြင်ကရှုမြင်သုံးသပ်ပုံ မျိုးစုံကြားနေရချိန်မှာ - နိုင်ငံရေးပါတီအဖြစ်ထက် နိုင်ငံရေးပါတီအဖြစ်က လျှောကျသွားတဲ့ အင်န်အယ်ဒီ၊ နိုင်ငံရေး ဆက်မလုပ်နိုင်တော့တဲ့ အင်န်အယ်ဒီ၊ ပြိုကွဲတော့မယ် အင်န်အယ်ဒီလို့ တံဆိပ်ကပ်၊ ကင်ပွန်းမျိုးစုံ တပ်လာကြတာကိုတွေ့ရတဲ့အကြောင်း ထုတ်ဖော်ပြောဆိုဖြစ်ပါတယ်။
          ဆရာက မိုးမခကို ပြန်လည်ထောက်ပြရာမှာ နံမည်ပေး၊ ကင်ပွန်းမျိုးစုံတပ်ခံရတာဟာ အင်န်အယ်ဒီပါတီအတွက် အထူးအဆန်းမဟုတ်ကြောင်း၊ ယခင်က နှစ်ပေါင်းများစွာမှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျဖမ်းဆီးထိန်းသိမ်းခံထားရစဉ်ကတည်းက အင်န်အယ်ဒီကို အများက ကင်ပွန်းတပ်ခဲ့ကြတာက - “ပါတီရှင်သန်ရေးကိုသာ ဦးစားပေးရပ်တည်တဲ့ ပါတီ” ဆိုတာ ဖြစ်ကြောင်း၊ ဒ့ါအပြင် “စစ်အစိုးရရဲ့ အငြိုအငြင်ကို မခံနိုင်တဲ့ ပါတီ” တခုလို့လည်း ပြောကြသေးတဲ့အကြောင်း၊ ယခုလို မတ်လ ၂၉ မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်မခံနိုင်ဘူး၊ အဲသည်ဥပဒေအရ ထပ်မံမှတ်ပုံတင်မှာ မဟုတ်ဘူးလို့ တခဲနက်ဆုံးဖြတ်ချက်ချလိုက်ပြန်တော့လည်း နောက်ထပ် အခုလိုမျိုး တံဆိပ်ပေါင်းစုံ၊ ကင်ပွန်းအမည်စုံ ပေးကြပြန်လို့ အသစ်အဆန်း မဖြစ်ကြောင်း ပြန်လည် ပြောကြားပါတယ်။
          ဆရာက ပါတီရဲ့ ဖြတ်သန်းလာခဲ့ရတဲ့ လမ်းကြောင်းကို ပြန်လည် သုံးသပ်ပြရာမှာ -
“ပါတီရဲ့ ခေါင်းဆောင်မှုဟာ အရင်တုံးက အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် ဟုတ်လား၊ စစ်အုပ်စုနဲ့ ထိပ်တိုက်မရင်ဆိုင်ဘူး၊ အာခံတာမျိုးတွေ၊ ဆန့်ကျင်တာမျိုးတွေကို ထုတ်ဖော်မပြသချင်ဘူး။ စစ်အစိုးရရဲ့ ဥပဒေဘောင်အတွင်းမှာပဲ ငြိမ်ငြိမ်ပဲ နေချင်တယ်ဆိုတာမျိုးတွေ ဖြစ်နေခဲ့တယ်။ ဒီသဘောမျိုးကို ၁၉၉၀ ရွေးကောက်ပွဲလွန်ကာလမှာ ကျင့်သုံးခဲ့တယ်။ ၁၉၉၅ မှာ ဒေါ်စု နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာချိန်အတွင်းမှာတော့ ပါတီဟာ လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လာတယ်။ နောက်ပြီးတော့ ၂၀၀၀ ကနေ ၂၀၀၂ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ပြန်ကျချိန်မှာ ပါတီမှာ ပြန်ပြီးတော့ ပါတီရှင်သန်ရေးတို့၊ စစ်အစိုးရနဲ့ ပြသနာမဖြစ်စေရေးတို့က အသံပြန်ကျယ်လာတယ်။ ၂၀၀၃ ဒီပဲယင်း အရေးအခင်းပြီးနောက်ပိုင်းမှာလည်း ပါတီရဲ့ ရည်တည်ချက်ဟာ ထိုအတိုင်းပဲ ပါတီရှင်သန်ရေးက အရေးကြီးတယ်၊ အစိုးရနဲ့ ပြသနာမဖြစ်စေနဲ့တို့က အဓိကဖြစ်နေခဲ့တာကို တွေ့ရတယ်” လို့ ပြောပြပါတယ်။
အဲသည်မှာ ဆရာဦးဝင်းတင်ကို မေးမိတဲ့ မေးခွန်းက အဲသည်လိုမျိုး ကန့်သတ်တဲ့ရပ်တည်ချက်နဲ့ ပါတီက ခေါင်းဆောင်မှုပေးနေချိန်မှာ ပါတီဝင်တွေ၊ တက်ကြွတဲ့ ပါတီခေါင်းဆောင်တွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေဟာ အဲသည်ချမှတ်ထားတဲ့အတိုင်း မနေခဲ့ကြဘူး။ သူတို့နည်း သူတို့ဟန်နဲ့ အတိုက်အခံနိုင်ငံရေးမှာ တက်တက်ကြွကြွ လှုပ်ရှားခဲ့ကြတယ်။ လှုပ်ရှားခဲ့ကြလို့ သူတို့တတွေကို စစ်အစိုးရက အရေးယူတာအပြင်ကို ပါတီကလည်း အရေးယူခဲ့တာတွေ ရှိတယ်မဟုတ်လား ဆိုတဲ့ အချက် ဖြစ်ပါတယ်။
“ဟုတ်တယ်။ ပါတီက အရေးယူတဲ့နေရာမှာ ပါတီရဲ့ ရပ်တည်ချက်၊ လမ်းညွှန်ချက်၊ စည်းမျဉ်း စည်းကမ်းတွေ ဖောက်ဖျက်လို့၊ နားမထောင်လို့ ဆိုပြီးတော့ ပါတီကနေ ဖယ်ရှားတဲ့အထိ အရေးယူတာမျိုးတွေ ရှိခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က ပြန်လွတ်လာတိုင်းမှာ အဲသည်လိုမျိုး အရေးယူခံရသူတွေကို ပြန်ပြီးတော့ ခေါ်တယ်၊ တွဲခေါ်တယ်။ ဆွေးနွေးညှိနှိုင်း ပြန်လည်တည်ဆောက်တာတွေ လုပ်လေ့ရှိတယ်။ ပါတီထဲမှာ ဘယ်လိုဖြစ်နေသလဲဆိုတော့ - ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်အပြင်၊ တိုင်းကနေစလို့ မြို့နယ် ကျေးလက်အထိ ခေါင်းဆောင်တွေ၊ ပါတီဝင်တွေဟာ ပါတီစကားနားမထောင်လို့ ဆိုပြီး ဖယ်ရှားခံရတာတွေ၊ အရေးယူခံရတာတွေ ရှိတယ်။ တချို့ဆိုရင် အရေးယူပုံက ပါတီရုံးခန်းကို မလာရဘူးဆိုတာမျိုး အထိတောင် ရှိတယ်။ ဥပမာ - ထင်ရှားတဲ့သူတွေ ပြောရရင် နော်အုံးလှတို့၊ ဗိုလ်မှူးမောင်အေးတို့လို လူမျိုးတွေ ရှိတယ်။ အတော်များများ ရှိတယ်။ အဲသည်တော့ ပါတီမှာ အနည်းနဲ့ အများ စည်းရုံးမှု အားနည်းလာတာပေါ့ကွာ။ အယူအဆတွေ သီးခြားရှိလာတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာတာမျိုးတွေ ဖြစ်လာတယ်။ ပါတီတွင်း ပါတီပြင်ပမှာ တယောက်တပေါက် ပြောသံ ဆိုသံတွေ ထွက်လာရတာပေါ့” လို့ ဆရာက ဖြေကြားပါတယ်။
အဲသည်မှာ ပါတီရဲ့ ခေါင်းဆောင်မှုအောက်ကကင်းကွာလာတဲ့ အင်န်အယ်ဒီပါတီဝင်တွေ၊ ခေါင်းဆောင်တွေရဲ့လှုပ်ရှားမှုတွေဆိုတာ ၂၀၀၇ သံဃာ့အရေးအခင်းမှာ အင်န်အယ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေက သံဃာတော်တွေနောက်က လွှတ်တော်ကိုယ်စားလှယ်အလံ ထောင်ပြီး ချီတက်လာတာမျိုးတွေ၊ အင်န်အယ်ဒီ လူငယ်တွေ၊ အမျိုးသမီးအဖွဲ့တွေက သူတို့အစီအစဉ်နဲ့ သူတို့ သံဃာ့သပိတ်မှာ ပါဝင်အားပေးဆောင်ရွက်မှုတွေကို ပြောနိုင်ပါသလား ဆိုတဲ့ မေးခွန်းကို ဆရာက ဖြေကြားရာမှာ -
“ ဟုတ်တယ်။ ခေါင်းဆောင်ပိုင်းက အကန့်အသတ်တွေ ချမှတ်ထားတဲ့အခါ အင်န်အယ်ဒီပါတီတခုလုံးအနေနဲ့ ၂၀၀၇ မှာ မလှုပ်ရှားနိုင်ခဲ့ဘူး။ တညီတညွတ်တည်း မစဉ်းစားနိုင်ခဲ့ကြဘူး။ ပါတီရဲ့ ဦးဆောင်မှုက အားနည်းတော့ လူထုကလည်း လိုက်ပါသင့်သလောက် မပါလာတော့ဘူး။ အင်န်အယ်ဒီက အမတ်တွေက သီးခြားဝင်ရောက် လှုပ်ရှားလာကြရတယ်။ တော်တော်များများ ရှိတယ်။ သို့သော် မဖြစ်ခဲ့ဘူး။ အံတုဖို့ မလုပ်ချင်ဘူး။ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့တဲ့ သဘောထားတွေက အားကောင်းခဲ့တယ် ပေါ့ကွာ။ အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည်က သူလုပ်နိုင်တဲ့ အတိုင်းအတာနဲ့တော့ သူ ထွက်ပြီး ရပ်တည်ခဲ့တယ်။ ခြံထဲက ထွက်လာပြီး သပိတ်မှောက်သံဃာတော်တွေကို ရှိခိုးတယ်။ သူ့အိမ်ရှေ့ကို ရောက်လာတဲ့ သံဃာတော်တွေ၊ ပြည်သူတွေရဲ့ တောင်းဆိုချက်ကို အတတ်နိုင်ဆုံး လိုက်နာမှုပြသခဲ့တယ် လို့ ဆိုနိုင်တယ်။ ဒါကိုလည်း နည်းပညာတွေ ဆက်သွယ်ရေးတွေ ကောင်းလို့ ကမ္ဘာက မျက်မြင်သက်သေဖြစ်သွားရတာလည်း အရေးကြီးတဲ့ အချက်ပဲနော်။ အဲသည်လိုမျိုး လူတွေက မြင်နေရတာတောင်မှ ပါတီက ရှေ့တန်း မထွက်နိုင်ခဲ့ဘူး။ ပါတီရဲ့ ခေါင်းဆောင်ပိုင်းက သူတို့ ဆုပ်ကိုင်ထားတဲ့ ရပ်တည်ချက်နဲ့ ကွဲလွဲတဲ့ အရေးအခင်းကို လက်မခံနိုင်ခဲ့ဘူး။ အဲလိုပြောချင်တယ်။” လို့ ဆရာက ပြောကြားပါတယ်။
အဲသည်မှာ ဆရာ့ကို ဆက်ပြီး ဆွေးနွေးမိတာက ၂၀၀၇ အရေးအခင်းမှာ စစ်အစိုးရက သံဃာနဲ့ လူထုကို အကြမ်းဖက်ပြီး ရက်ရက်စက်စက် နှိမ်နှင်းပစ်ခဲ့တယ်။ အဲဒါပြီး မကြာဘူး၊ ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုဖို့ ကြိုးစားတယ်။ အဲသည်မှာ ပြည်သူလူထုနဲ့ အင်န်အယ်ဒီပါတီကြားမှာ ကွာဟချက်က ထင်ရှားနေတဲ့အတွက်၊ ဒါ့အပြင် အင်န်အယ်ဒီပါတီကလည်း ထင်ရှားတဲ့ ဆုံးဖြတ်ချက်တခုချမှတ်ပြီးတော့ ပြည်သူလူထုကို ဦးဆောင်မှုမပေးနိုင်တဲ့အတွက် စစ်အစိုးရက နည်းမျိုးစုံ သုံးပြီးတော့ သူတို့ရဲ့ အခြေခံဥပဒေကို အတည်ပြုဖို့ ကြိုးစားတဲ့အခါမှာ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေကို ပါတီက မထုတ်ပြန်နိုင်ခဲ့ဘူး ဆိုတဲ့ အချက်ကို ပြောမိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူလုပ်နိုင်တဲ့ အတိုင်းအတာထဲက ၂၀၀၈ အခြေခံဥပဒေဆန္ဒခံယူပွဲမှာ သူ့အနေနဲ့ ကန့်ကွက်မဲပေးခဲ့တယ်လို့ သိရတဲ့အကြောင်း ပြောပြမိပါတယ်။
“၂၀၀၈ အခြေခံဥပဒေမှာ အားလုံးက အဓိကအဆုံးအဖြတ်ပေးရမယ့် အင်န်အယ်ဒီပါတီရဲ့ ခေါင်းဆောင်မှုကို ၀ိုင်းကြည့်နေကြတာ၊ ၀ိုင်းပြီးတော့ စောင့်ကြည့်နေကြတာ ဖြစ်တယ်။ အဲဒီမှာလည်း ခုနင်က ပြောပြီးဖြစ်တဲ့ ပါတီ ရှင်သန်ရေးက အရေးကြီးတယ်၊ စစ်အစိုးရနဲ့လည်း အတိုက်အခံအဖြစ်မခံနိုင်ဘူးဆိုတဲ့ အယူအဆတွေ အားကောင်းနေတာတွေကြောင့် ဒီလိုပဲ ဖြစ်ခဲ့ရတယ်လို့ ပြောချင်ပါတယ်။” လို့ ဆရာ ဦးဝင်းတင်က မှတ်ချက်ပေးပါတယ်။
အဲသည်နောက် ၂၀၀၈ စက်တင်ဘာမှာ ဆရာဦးဝင်းတင် ထောင်က လွတ်မြောက်လာပါတယ်။ ထောင်က၊ အစိုးရက သူ့ကို လွှတ်ပေးလိုက်တာပါ။ သူကတော့ အဲသည်ကတည်းက နိုင်ငံရေးအကျဉ်းသားတဦး၊ ထောင်သားတဦးလို့ ရပ်တည်နေဆဲပါပဲ။ အဲသည်အတွက် ထောင်ဝတ်စုံ ရှပ်အက်ျီအပြာကြီးကို ဆက်လက် ၀တ်ဆင်နေဆဲပဲ ဖြစ်ပါတယ်။ ဆရာလွတ်မြောက်လာပြီးနောက် အင်န်အယ်ဒီပါတီမှာ ဆရာက မူလအတိုင်း ပါတီဝင်တဦး၊ ခေါင်းဆောင်တဦးအနေနဲ့ ဆက်လက်ရပ်တည် လှုပ်ရှားလာခဲ့တာကြောင့် ပါတီရဲ့ ခေါင်းဆောင်မှုနဲ့ ဆရာနဲ့ ကြားမှာ ဘယ်လို နားလည်မှုတွေ တည်ဆောက်ခဲ့ကြသလဲ ဆိုတာကို မေးဖြစ်ပါတယ်။
“ကျနော် ထောင်က ထွက်လာတယ်။ ထွက်ပြီး ၂ ရက် ၃ ရက်အတွင်းမှာ ဦးအောင်ရွှေ ကိုယ်တိုင်က လာရောက်ဖိတ်ခေါ်တယ်။ ပါတီမှာ မူလအတိုင်း ဆက်လက်ဆောင်ရွက်ကြဖို့။ ကျနော်က စီအီးစီတာဝန်တွေ၊ ရာထူးတွေက အသာထားလိုက်ပါ။ မလိုပါဘူး။ ကျနော်က ပါတီမှာ လုပ်စရာရှိတာနဲ့  နိုင်ငံရေးတွေ ဆက်လုပ်မယ်။ ပါတီအင်အားတောင့်လာအောင် ဆက်လုပ်မယ်။ စီအာရ်ပီပီ - ပြည်သူ့လွှတ်တော်ကိုယ်စားပြုအဖွဲ့နဲ့ ဆက်လုပ်မယ်။ သည်လိုမျိုး သဘောထားပေးလိုက်တယ်။ နောက်ပြီးတော့ ကျနော်က ဦးအောင်ရွှေတို့ကို မေတ္တာရပ်ခံတာက ပါတီတွင်း အရေးယူတာတွေကို ပြန်ပြီး စဉ်းစားကြပါ။ စည်းကမ်းထိန်းသိမ်းရေးအရ၊ လုပ်ငန်းစဉ်၊ မူဝါဒတွေကို ဆန့်ကျင်လို့ အရေးယူတာတွေကို ယူပါ။ သို့သော် ပါတီဝင်တွေကို ပြင်းပြင်းထန်ထန်ကြီး အရေးယူတယ်ဆိုတာ၊ ဖယ်ရှားတယ်ဆိုတာမျိုးတွေ မလုပ်ကြပါနဲ့။ ရန်သူတယောက်လိုမျိုး အရေးမယူပါနဲ့။ အဲသည်လိုမျိုး မေတ္တာရပ်ခံပါတယ်။”
ဆရာက ဆက်လက်ပြီး ဥပမာ ပေးရာမှာ -
“ ပါတီဝင်တဦးက တာဝန်က ချတယ်။ တနှစ် အရေးယူတယ်။ ရပါတယ်။ ထားပါ။ သို့သော် သူ့ကို ပါတီက ပြန်လည် ထူထောင်ခွင့်၊ ပြန်လည်တည်ဆောက်ခွင့်တွေ ပေးရမယ်။ ပြန်ပြီးတော့ မိတ်ဆွေတွေ အချင်းချင်း လက်တွဲညှိနှိုင်းမှုတွေ ပြုကြရမယ်။ ကျနော်တို့ ပါတီတွင်းမှာ အာဏာရှင်ဆန်တဲ့အရေးယူမှုမျိုးအစား အားလုံးအတူတကွ ညှိညှိနှိုင်းနှိုင်း ဆွေးနွေး သင့်မြတ်မှုတွေနဲ့ တည်ဆောက်ကြဖို့ကို ကျနော်က မေတ္တာရပ်ခံပါတယ်။ နောက်ပိုင်းမှာ အဲသည်လိုမျိုး ပြေပြေလည်လည်တွေ ဖြစ်လာပါတယ်။ ၂၀၀၈ နောက်ပိုင်းမှာ အရေးယူမှုတွေ မရှိတော့ဘူးလားလို့တော့ မဟုတ်ဘူး။ ရှိတာပါပဲ။ အရေးယူတာတော့ ရှိပါတယ်။ ပါတီက ဖယ်ရှားတာတို့၊ ထုတ်ပယ်တာတို့မျိုးတွေ မရှိတော့ဘူးလို့ ပြောချင်ပါတယ်။”
၂၀၀၈ နှောင်းပိုင်းက စတင်ပြီး ဆရာဦးဝင်းတင် အကျဉ်းထောင်က လွတ်မြောက်လာပြီးတဲ့နောက် ပါတီတည်ဆောက်ရေးအတွက် ဘယ်လိုခြေလှမ်းတွေ၊ တိုးတက်မှုတွေ ထင်ရှားလာတာတွေ ရှိပါသလဲဆိုတဲ့ မေးခွန်းကို ပြန်လည် ဖြေကြားရာမှာ -
“ကျနော်လွတ်လာပြီးနောက် နှစ်ကုန်ပိုင်းမှာ အကျဉ်းသား ၆ ထောင်ကျော်ကို စစ်အစိုးရ လွှတ်ပေးပြန်ပါတယ်။ အဲသည်မှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ပါတယ်။ အဲသည်မှာ ပါတီဝင်ရဲဘော်တွေကို ပြန်လည် ဖိတ်ခေါ်ခဲ့ကြတယ်။ ပြန်ပြီးလက်တွဲကြဖို့ကို လိုက်လံပြောဆိုကြတယ်။ ပါတီရဲ့ ခေါင်းဆောင်မှုမှာ သဘောထားပြောင်းလာတဲ့သဘောကို ထုတ်ဖော်ပြသ ဆောင်ရွက်ကြပါတယ်။ ယုံကြည်မှုအားနည်းနေသေးတဲ့အတွက် အကုန်အစင် အောင်မြင်တယ်လို့တော့ မဆိုနိုင်ပါဘူး။ နောက်ပြီးတော့ ပါတီကနေ ခပ်ခွာခွာနေပြီးတော့ သီးခြား စုဖွဲ့ လှုပ်ရှားမှုတွေကလည်း သူ့ဟာနဲသူ အားကောင်းနေတာတွေ ရှိတယ်။ ကျယ်ပြန့်လာတာတွေကိုလည်း အဲသည်တုန်းက တွေ့နေရတယ်။ နော်အုံးလှတို့ အင်္ဂါဆုတောင်းအဖွဲ့ဟာ မြို့နယ်တွေ အနှံ့ပြန့်လာတယ်။ ဗိုလ်မှုးမောင်အေးဆိုရင် နိုင်ငံရေးစာတမ်းတွေ ရေးတယ်၊ တင်သွင်းတာတွေ လုပ်နေတယ်။ ဒါတွေ သူ့ဟာနဲ့သူ ရှိနေတယ်။” လို့ ဆရာက ဖြေပါတယ်။
သို့သော်လည်း အဲသည်လိုမျိုး ပါတီမှာ ယုံကြည်မှုတည်ဆောက်ဖို့ကာလက အေးအေးဆေးဆေးရှိတဲ့ ကာလမဟုတ်သော်ငြား၊ အင်န်အယ်ဒီပါတီက ၂၀၀၉ ဧပြီမှာ ရွှေဂုံတိုင်ကြေငြာစာတမ်းကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ဆွေးနွေးဖို့၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကြဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ ဒေါ်စုအပါအ၀င် ပြန်လည် လွှတ်ပေးကြဖို့၊ စစ်အစိုးရနဲ့ အတိုက်အခံအင်အားစုတွေ တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ကို မီးမောင်းထိုး တောင်းဆိုပြနိုင်ခဲ့တာကို တွေ့နိုင်ပါတယ်။ အဲသည်ဆောင်ရွက်ချက်တွေကြောင့် အင်န်အယ်ဒီကို ပြည်သူတွေက ယုံကြည်မှုပြန်လည်ရရှိမယ်လို့ မျှော်လင့်ချက် ရောင်ခြည်သန်းမယ် မကြံသေးခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထဲကို အမေရိကန်နိုင်ငံသား ယက်တော ခိုးဝင် ကျုးကျော်ဖို့ ကြံစည်တဲ့ အမှုအခင်းဖြစ်ပွားပါတော့တယ်။ အဲသည်မှာ အင်န်အယ်ဒီပါတီက ဘယ်လိုမျိုး ဒေါ်အောင်ဆန်းစုကြည်အတွက်၊ ပါတီအတွက် ရင်ဆိုင် ဖြေရှင်းကြသလဲဆိုတဲ့ မေးခွန်း မေးစရာ ဖြစ်လာပါတယ်။ ဦးဝင်းတင်က ပြန်လည် ဖြေကြားရာမှာ -
“အဲသည်အရေးကိစ္စဖြစ်တဲ့အခါကျတော့ ပါတီရဲ့ ခေါင်းဆောင်မှုက အရင်တုံးကလို ပြန်ဖြစ်သွားတယ်။ ပါတီက စစ်အစိုးရနဲ့ ထိပ်တိုက်မရင်ဆိုင်လိုဘူး။ စစ်အစိုးရခွင့်ပြုထားတဲ့အတိုင်း တရားရုံးထဲမှာ သွားရင်ဆိုင်ကြမယ်။ သည်လို ဖြစ်လာတယ်။ အဲသည်မှာ ကျနော်က အင်းစိန်ထောင်ရှေ့မှာ ကျနော့်သဘောနဲ့ကျနော် ဒေါ်အောင်ဆန်းစုကြည်အတွက် မိမိဆန္ဒကို ဖော်ထုတ်တဲ့ အနေနဲ့ သွားပြီး ထိုင်တယ်။ အနီးဆုံး လမ်းဘေးမှာ သွားထိုင်တယ်။ ကျနော်နဲ့အတူ မိတ်ဆွေတွေ၊ ပါတီဝင်တွေကလည်း မိမိသဘောနဲ့ မိမိ လိုက်ပါလာကြတယ်။ ပါတီရဲ့ ခေါင်းဆောင်ပိုင်းက ဘာပြောသလဲဆိုတော့ ပါတီခေါင်းဆောင်တဦးက လမ်းဘေးမှာ သွားပြီး မထိုင်သင့်ဘူး။ နောက်ပြီးတော့ ပါတီရဲ့ အစုအဖွဲ့တွေဖြစ်တဲ့ လူငယ်တို့၊ အမျိုးသမီးတို့ကလည်း မသွားရဘူး။ ဒါမျိုးဖြစ်လာတယ်။”
လို့ ဆရာက ပြောပြပါတယ်။ အဲသည်အချိန်က ပြည်သူလူထုရဲ့ အခမ်းကဏ္ဍကို မေးကြည့်တဲ့အခါမှာ ဆရာက .
“ လူတွေက လာနေတာပဲ။ ပါတီဝင်တွေကလည်း အဝေးကြီးကနေ လာကြတယ်။ ဘုန်းကြီးတွေလည်း လာကြတယ်။ ဈေးထဲကလူတွေက မုန့်တွေ ကျွေးတယ်။ ရေတွေ တိုက်ကြတယ်။ ကြံဖွံ့တွေက ငါတို့နား တံပျက်စည်းတွေ လာလှဲကြတယ်။ မျက်နှာတွေကို သဲတွေနဲ့ ပက်နေတဲ့ အတိုင်းပဲ။ မျက်နှာတွေ ကာထားရတယ်။ ရဲတွေ၊ မီးသတ်တွေက ငါတို့ရှေ့မှာ လာပိတ်တယ်။ နေရာလာလုတယ်။ အဲသည်ကြားထဲက ဆန္ဒထုတ်ဖော်ပြသရတာ ဖြစ်တယ်။ ငါက ပြောတယ်။ ဆန္ဒထုတ်ဖော်ခြင်းဆိုတာဟာ ပြည်သူတွေနဲ့ ပါတီက ဒေါ်အောင်ဆန်းစုကြည်နဲ့ တသားတည်း တသွေးတည်း ရှိတယ်ဆိုတာကို ထုတ်ဖော်ပြသတာ။ စည်းလုံးညီညွတ်တယ် ဆိုတာကို ထုတ်ဖော်ပြသတာ။ အဲသည်လိုမျိုး။ အဲသည်မှာ ပါတီနဲ့ လူထုဟာ နီးစပ်သွားတာပဲ။ လူထုနဲ့ ထိတွေ့တဲ့ အလေ့အထတခုကို ထုတ်ဖော်ပြသတဲ့ သဘောဖြစ်သွားတယ်။” လို့ ဖြေကြားပါတယ်။
အဲသည် ၂၀၀၉ မေလက စတင်တဲ့ ယက်တောအမှုအခင်းကိစ္စမှာ ဆရာဦးဝင်းတင်က ဆန္ဒပြဖို့ ဆူပူလှုံဆော်ဖို့ ကြံစည်ခဲ့တာ မဟုတ်ဘူးလား။ အဲသလိုမျိုး ပြင်ဆင်ခဲ့တာ မဟုတ်ဘူးလားလို့ မေးမိတော့ ဆရာက သည်လို ဖြေကြားပါတယ်။
“ အဲဒီမှာ ကျနော့်ကို စွတ်စွဲကြတာက ၈၈ အရေးတော်ပုံကာလတုံးက ကျနော်တို့စာနယ်ဇင်းသမားတွေ ထုတ်ခဲ့တဲ့စာစောင် “ဆန္ဒဖော်သံ” ဆိုလား မသိဘူး၊ ရှိဖူးတယ်။ ကျနော်က အရေးတော်ပုံလေသံပစ်တယ်ပေါ့ဗျာ။ အဲသလိုမျိုး ကျနော့်ကို ပြောဆိုကြတယ်။ ဒါကတော့ ပါတီရှင်သန်ရေးဆိုတဲ့ အသံက ကြားရတဲ့သူတွေအတွက် နားဝင်ချိုတယ်ပေါ့ဗျာ။ နောက်ကွယ်က စစ်အစိုးရရဲ့ အငြိုအငြင်မခံနိုင်လို့၊ အာမခံနိုင်လို့ ဆိုတာကို ၀န်ခံလိုက်တာထက် ပါတီရှင်သန်ရေးလို့ ပြောလိုက်တာ၊ ဆင်ခြေပေးလိုက်တာက လူကြားလို့ကောင်း၊ လက်ခံချင်စရာ ကောင်းသလိုဖြစ်နေတယ်။ တကယ်က လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲခြားပစ်လိုက်တဲ့သဘော၊ ကန့်သတ်ပစ်လိုက်တဲ့သဘောဖြစ်သွားတယ်။ နောက်ပြီးတော့ ကိုကျော်ညွန့်ဆိုတဲ့ ပြည်သူတဦးက မခံမရပ်နိုင်ဖြစ်လွန်းလို့ ဆန္ဒပြတဲ့အထိ ဖြစ်ခဲ့တယ်။ ကျနော်နဲ့ ၂ ခါလောက် ဆုံပါတယ်။ ကျနော်က တားပါတယ်။ ကျနော်တို့ ဆန္ဒဖော်ထုတ်ပြသကြမယ်။ ဒီသဘောကိုပဲ ရှင်းပြတယ်။ မရဘူး။ သူက မခံမရပ်နိုင်ဖြစ်လွန်းတော့ တဦးချင်းထွက်ပြီး ဆန္ဒပြတော့တာပဲ။ ဒါမျိုးတွေ ရှိတယ်” လို့ ပြောပြပါတယ်။
အဲသည်လိုမျိုး ၂၀၀၈ နဲ့ ၂၀၀၉ ၂ နှစ် လုံးလုံးမှာ လူထုနဲ့ မနီးစပ်နိုင်၊ ပါတီဝင်အချင်းချင်း နားလည်မှု အင်အားတွေ တောင့်တင်းအောင် ထိထိရောက်ရောက် မလုပ်နိုင်ခဲ့တဲ့ ပါတီက ၂၀၁၀ မှာ စစ်အစိုးရရဲ့ ရာဇသံဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံ၊ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လိုက်နာပြီး ပါတီကို မှတ်ပုံတင်ဆိုတဲ့ တောင်းဆိုချက်ကို ပြတ်ပြတ်သားသား ပယ်ချနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ပါတီက ဘယ်လိုမျိုး အသွင်ပြောင်းလာလို့လဲလို့ မေးခွန်းထုတ်ဖြစ်ပါတယ်။
“ဒါတွေကတော့ စစ်အစိုးရနဲ့ တရားရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စံနမူနာကို ယူပြီးတော့ ပါတီဝင်တွေကော၊ ပြည်သူလူထုကပါ အမြင်ရှင်းလာတယ်လို့ မြင်ပါတယ်။ ၂၀၀၉ နှစ်ကုန်ကနေပြီးတော့ ၂၀၁၀ နှစ်ဆန်းက စပြီးတော့ အင်န်အယ်ဒီပါတီဟာ Reform ကို လုပ်လာခဲ့တယ်။
အဲသည်လို လုပ်ဖြစ်တာကလည်းဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အကျယ်ချုပ်ပြန်လည်ကျခံနေရသည့်ကြားက ဦးသန်းရွှေဆီ စာပို့တဲ့ဆီမှာ - တိုင်းပြည်ရဲ့ အကျိုးရှိရာအကြောင်းတွေကိုပဲ ဆွေးနွေးလိုပါတယ်။ ပါတီက အသက်ကြီးနေပြီ ဖြစ်တဲ့ လူကြီးတွေကို ကန်တော့ချင်တယ်။ ပြီးတော့ ပါတီရဲ့ စီအီးစီတွေနဲ့လည်း တွေ့ချင်တယ်လို့ မေတ္တာရပ်ခံခဲ့တယ်။ နောက် စစ်အစိုးရက စီစဉ်ပေးလို့ အင်န်အယ်ဒီက စီအီးစီက လူကြီး ၃ ဦးနဲ့ တွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ပါတီဟာ ပြန်လည် ဖွဲ့စည်းကြဖို့၊ ပြန်လည် ပြုပြင်ကြဖို့ အချိန်ကျပြီလို့ ယူဆတယ်လို့ ထင်မြင်ချက်ပေးပါတယ်။ အဲသည်အချက်ပေါ်မူတည်ပြီးတော့ ပါတီတွင်းမှာလည်း ဆွေးနွေးမှု၊ ငြင်းခုန်မှုတွေ ဖြစ်ခဲ့ပါသေးတယ်”
လို့ ဆရာက ဖြေပါတယ်။
အဲသည်မှာ မိုးမခက ၀င်ရောက် ဖြည့်စွက်ရာမှာ - အဲသည်တွေ့ဆုံကန်တော့ပွဲမှာ ဒေါ်စုက ပါတီပြန်လည်ပြင်ဆင်ဖွဲ့စည်းကြဖို့ မှာကြောင်း ဦးလွင်က ထုတ်ဖော်ပြောဆိုတယ်။ မီဒီယာများက တဆင့်။ သို့သော် ကျန်တဲ့ လူကြီး ၂ ဦးဖြစ်တဲ့ ဦးအောင်ရွှေနဲ့ ဦးလွန်းတင်တို့က စီအီးစီကို စာထုတ်ပြန်ပြီးတော့ ငြင်းခဲ့ပါတယ်။ အဲသည်အကြောင်းအရာက အချိန်အနည်းငယ်ကြာ အေးသွားခဲ့ပြီးမှ ၂၀၀၉ ဒီဇင်ဘာမှာ ဦးဉာဏ်ဝင်းနဲ့ ဦးဝင်းတင်ကတဆင့် ပြန်လည် လှုပ်ရှားမှုတွေ ဖြစ်လာတယ်လို့ ထင်တဲ့အကြောင်းကို ဆရာ့ကို မှတ်ချက်ပေးတော့ ဆရာက ပြောကြားရာမှာ -
“ဟုတ်ပါတယ်။ နောက်ပိုင်းမှာ Reform ကိစ္စက ဦးဉာဏ်ဝင်းက တဆင့် ကျနော့်ဆီကို ရောက်လာတယ်။ ကျနော်နားလည်တာကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီကို ဦးဆောင်ရာမှာ၊ သဘောထားပေးရာမှာ အာဏာရှင်မဆန်ဘူး။ ဂရုလည်း စိုက်ပါတယ်။ သူလုပ်ချင်တာကို လူတွေ လိုက်နာခြင်း၊ မလိုက်နာခြင်းကို စောင့်ကြည့်နေပုံရပါတယ်။ အများသဘောကို လေးစား၊ အနည်းစုကိုလည်း နားထောင်ပြီး အစုအဖွဲ့နဲ့အတူ လုပ်ကိုင်တဲ့သဘောပါပဲ။ ဒါကြောင့် ကျနော်ကလည်း စီအီးစီတွေအားလုံး - ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်အပါအ၀င် အားလုံးနဲ့ တင်ပြဆွေးနွေးပြီး အများလက်ခံအောင် ဆွေးနွေးပြီး သဘောတူကြလို့ ၂၀၁၀ နှစ်ဆန်းက စလို့ စီအီးစီတွေ၊ စီစီတွေစတဲ့ အစုအဖွဲ့တွေ ပေါ်ပေါက်လာကြတာ ဖြစ်ပါတယ်။”
          အဲသည်လိုမျိုး စီအီးစီတွေ၊ စီစီတွေ တိုးချဲ့ဖွဲ့စည်းလိုက်ပြီးတဲ့နောက်မှာ အားလုံးသိကြတဲ့အတိုင်း စစ်အစိုးရက ၎င်းတို့စိတ်တိုင်းကျ ချုပ်ချယ်ကန့်သတ်မှုတွေ အပြည့်နဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေတွေ ထုတ်ပြန်ပြီး ၎င်းတို့ရဲ့ ရွေးကောက်ပွဲအသစ်တခုကို ပြန်စဖို့ ခြေလှမ်း တိုးလိုက်ပါတော့တယ်။ အဲသည်အခါကျတော့လည်း အင်န်အယ်ဒီပါတီရဲ့ ဓာတ်ပြားဟောင်းကြီးဖြစ်တဲ့ ပါတီရှင်သန်ရေးနဲ့ စစ်အစိုးရကို အာမခံရေးဖက်က အသံတွေ၊ လှုပ်ရှားမှုတွေ ပြန်လည် ပေါ်ပေါက်လာခဲ့ပြန်တာပါပဲ။
သို့သော်လည်း သည်တကြိမ်မှာတော့ဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှင်းလင်းပြတ်သားတဲ့ သင်္ကေတစကား (ဗူးသီး)၊ ပြီးတော့ ဒေါ်စုရဲ့ အာဏာရှင်မဆန်ဘဲ ဒီမိုကရေစီဆန်တဲ့ အမှာစကား (သူ့အနေနဲ့တော့ ပါတီကို မှတ်ပုံမတင်လို၊ သို့သော်ပါတီ ဆုံးဖြတ်ချက်ကို လိုက်နာမည်)၊ ပါတီဝင် ခေါင်းဆောင်များ၊ လူငယ်များ၊ အမျိုးသမီးများရဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်၊ ပြန်ကြားရေးတာဝန်ခံများနဲ့ ပါတီခေါင်းဆောင်အသီးသီးထံက (ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးဉာဏ်ဝင်း တို့အပါအ၀င်) လျို့ဝှက် မျိုသိပ်ခြင်းမရှိတဲ့ ပွင့်လင်းသော သဘောထားပြန်ကြားချက်များကို မြန်မာပြည်သူလူထုကိုယ်တိုင်ကပါ တလေးတစား အားပေးထောက်ခံမှုများပါဝင်လာတဲ့နောက်မှာ ၂၀၁၀ မတ် ၂၉ ပါတီရဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ထင်မြင်ယူဆမိပါကြောင်း၊ အဲသည်ရဲ့နောက် အင်န်အယ်ဒီပါတီရဲ့ အချိုးအကွေ့ကို ဘယ်လိုမျိုး ဆရာဦးဝင်းတင်အနေနဲ့ မှတ်ချက်ပေးလိုကြောင်း မေးမြန်းပါတယ်။
“အခု တောက်လျောက် ပြောဆိုဆွေးနွေးခဲ့ကြတဲ့ ပါတီရဲ့ လမ်းကြောင်းတလျှောက်လုံးကို ကြည့်ပြီးတော့ အခု အခြေအနေကို နှိုင်းယှဉ်လိုက်မယ်ဆိုရင် - တိုတိုကတော့ ပါတီဟာ အရင်တုံးကလိုမျိုး အာဏာရှင်ဆန်တဲ့ အပြုအမူတွေနဲ့ ကျင့်သားရနေရာကနေပြီး အခုချိန်ကစလို့ ဒီမိုကရေစီဆန်တဲ့ အပြုအမူတွေကို ပြောင်းလဲ ကျင့်သုံးရပ်တည်လာတာ ဖြစ်တယ်။ ပါတီဝင်နဲ့ ပြည်သူတွေအချင်းချင်းမှာ ကိုယ့်နဲ့မတူ ကိုယ့်ရန်သူလိုသဘောထားတာမျိုးကနေ မိတ်ဆွေတွေလိုမျိုး ဆက်ဆံမှု၊ အပြုသဘောပို ဖြစ်လာကြတယ်။
ဒီထက် တဆင့်တက်ပြီးပြောရရင် - အခု ပါတီကို မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်လိုက်တဲ့နောက်မှာ နဂိုက အရင်ရှိနှင့်နေတဲ့ ခေါင်းဆောင်မှုတွေ၊ ဗဟိုဦးစီးမှုတွေ ပျက်ပြယ်သွားတာမဟုတ်သော်ငြား၊ ဒါတွေက မှေးမှိန်သွားပြီ။ စုဖွဲ့မှုတွေ ပြောင်းလဲသွားပြီ ဆိုတဲ့ သဘောဖြစ်သွားပါတယ်။ အရင်တုံးကလို ပါတီခေါင်းဆောင်တွေက တပိုင်း၊ ပါတီဘေးရောက်နေတဲ့ အစုအဖွဲ့တွေက တပိုင်း မဟုတ်တော့ဘဲ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ တိုင်းကနေ ဌာနချုပ်အထိ စည်းတွေ ခြားထားတာတွေ လျော့ကျသွားတယ်လို့ မြင်ရမှာ ဖြစ်ပါတယ်။ အားလုံးက အတူတကွ စုဝေးပြီး တိုင်ပင်ဆွေးနွေး ဖြေရှင်းလုပ်ကိုင်ကြဖို့ လမ်းတွေ၊ အမြင်တွေ ပွင့်သွားတဲ့ သဘောလို့ မြင်ပါတယ်။
အရင်က ကြွေးကြော်ခဲ့တဲ့ ပါတီရှင်သန်ရေး ကနေပြီးတော့ ကျနော်တို့တတွေက နိုင်ငံရေး ရှင်သန်ရေး၊ အရေးတော်ပုံ ရှင်သန်ရေး နဲ့ ဒီမိုကရေစီလိုလားတဲ့ လူထုရှင်သန်ရေးကို ရပ်တည်လိုက်တာဖြစ်တယ်လို့ ပြောချင်ပါတယ်။ အဲသည်အတိုင်းရပ်တည်လိုက်တဲ့အတွက် ပါတီဟာ ပြည်သူလူထုနဲ့ တသားတည်းမှာ အတူ ရှင်သန်နေမှာ ဖြစ်ပါတယ်။ အင်န်အယ်ဒီ ဆိုတဲ့ ဒီ/ချုပ်မှာ ဆိုရင် မိတ်ဆွေဟောင်း၊ မိတ်ဆွေသစ်တွေ အပြင်၊ အင်အားသစ်တွေ၊ မျိုးဆက်သစ်တွေရဲ့ အဖိုးတန်တဲ့ သယံဇာတတွေ - ဒီ/လှုပ်တွေ တိုးတက်လာတော့မယ်လို့ မြင်ပါတယ်။ အဲသည်လိုမျိုး ဆက်လက် ချီတက်ကြရမှာ ဖြစ်တယ်” လို့ ဆရာက ဖြေကြားပါတယ်။
နောက်ဆုံးအနေနဲ့ အင်န်အယ်ဒီပါတီနဲ့ ပါတီဝင်များ၊ ခေါင်းဆောင်များရဲ့ အခုလိုမျိုး ဆက်လက်ရပ်တည်ပြီး လျောက်လှမ်းသွားမယ့် လမ်းကြောင်းမှာ မလိုက်ပါလိုသူများ၊ လက်တွဲဖြုတ်လိုသူများနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး သဘောထားသလဲဆိုတာကို မေးမြန်းခဲ့ပါတယ်။
“၂၀၀၈ အခြေခံဥပဒေရဲ့ ဘောင်အတွင်းကနေပြီးတော့ ကျနော်တို့ကတော့ မရှင်သန်နိုင်ဘူး။ တချို့ကတော့ အဲသည်ဥပဒေဘောင်အတွင်းကနေ ရှင်သန်မယ်လို့ စဉ်းစားချင် စဉ်းစားကြလိမ့်မယ်။ အဲသည် ဥပဒေဘောင်အတွင်းက ဥပဒေလမ်းကြောင်းက ၀င်ချင်သူတွေလည်း ရှိနိုင်တာပါပဲ။ ဥပမာ ရှိတဲ့ လူ ၁၀ ဦးမှာ ၃ ဦးလောက်က ရွေ့သွားနိုင်ပါတယ်။ ပါတီရဲ့ ရပ်တည်ချက်က အစုအဖွဲ့ပုံစံ ပြောင်းသွားပြီဖြစ်တဲ့အတွက် ဒါမျိုးတွေလည်း ရင်ဆိုင်ရနိုင်တယ်ဆိုတာ စဉ်းစားထားရပါမယ်” လို့ ဦးဝင်းတင်က ဖြေကြားသွားပါတယ်။
ဆရာဦးဝင်းတင်နဲ့ အခါအခွင့်သင့်သလို မေးမြန်းမိတဲ့ မေးခွန်းတွေကို ဆက်လက်တင်ပြပါဦးမယ်။
 
ရင်းမြစ်။ ။မိုးမခ