Monday, August 30, 2010

ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး



နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ စစ်ဘက်ဆိုင်ရာရာထူးမှ နုတ်ထွက်ကြောင်း သတင်းများ ထွက်ပေါ်နေခြင်းသည် ကောလာဟလသာဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုအား ကာကွယ်ရေးဝန်ကြီးအဖြစ် နောင်တက်မည့် အစိုးရသစ်အတွက် ကြိုတင်လျာထားခြင်းသာဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ် (၂၇) ရက်၌ တပ်မတော်အစိုးရအတွင်း တပ်မမှူးရာထူးအဆင့်မှစကာ စစ်ဗိုလ်ချုပ်များ နေရာအပြောင်းအလဲ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

“အပြောင်းအလဲလုပ်ခဲ့ကြတာများတယ်။ အတိအကျတော့ပြောလို့မရဘူး။ ဒါပေမယ့် သူရရွှေမန်းကတော့ အနားပေးတဲ့ အပြောင်းအလဲမှာပါတယ်။ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးလည်း ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ဘက်ဆိုင်ရာရာထူးမှ အပြောင်းအလဲလုပ်လိုက်သူများအနက် ဒု-ဗိုလ်ချုပ်ကြီးအဆင့်ရှိသူ (၁၅) ဦးခန့် ပါဝင်ကြောင်း၊ ၎င်းတို့နေရာကို ဗိုလ်ချုပ်အဆင့် ရာထူးရှိသူများနှင့် အစားထိုးခဲ့ကြောင်း အဆိုပါအရာရှိဖြစ်သူက ပြောကြားသည်။

နအဖထိပ်သီးစစ်ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့အပါအ၀င် စစ်ခေါင်းဆောင်များ စစ်ဘက်ရာထူးများမှ နုတ်ထွက်ကာ အရပ်ဘက်သို့ ကူးပြောင်းလိုက်သည်ဆိုသည့် သတင်းများ ပြီးခဲ့သည့် သြဂုတ် (၂၇) ရက်တွင် ထွက်ပေါ်ခဲ့သည်။

ယင်းသတင်းထွက်ပေါ်ချက်နှင့်ပတ်သက်၍ နအဖစစ်အစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ရန်ကုန်မှ လာသည့် ရိုက်တာသတင်းတပုဒ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဗိုလ်ချုပ်ရွှေမန်းတို့ စစ်ဘက်ရာထူးများမှ အနားယူသွားသည်ဟု စစ်ဘက်သတင်းရပ်ကွက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

အေအက်ဖ်ပီသတင်းတွင်မူ အမည်မဖော်လိုသူ စစ်ဘက်ဆိုင်ရာ အရာရှိတဦးကို ကိုးကားပြီး ဗိုလ်ချုပ်ရွှေမန်းအပါအ၀င် တပ်အရာရှိပေါင်း (၇၀) ကျော်တို့ တပ်တွင်းရာထူးအပြောင်းအလဲ လုပ်လိုက်ကြောင်း ရေးသားထားသည်။ သို့သော် အဆိုပါအရာရှိက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ရာထူးမှ နုတ်ထွက်သည့်သတင်းကို ငြင်းဆိုခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးနှစ်ဦး မကြာမီ ရာထူးမှ အနားယူဖွယ်ရှိကြောင်းသာ ပြောကြားခဲ့သည်။

ယင်းသို့ သတင်းများထွက်ပေါ်ခဲ့မှုနှင့်ပတ်သက်၍ သြဂုတ် (၂၇) ရက်၌ စစ်ဘက်ရာထူးမှ နုတ်ထွက်သွားသူများသည် ယခုနှစ် နိုဝင်ဘာ ( ၇) ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲပြီးသည်ထိ အာဏာဆက်လက် ရယူထားနိုင်ကြောင်းလည်း နိုင်ငံရေးအကဲခပ်များက ဝေဖန်ပြောဆိုနေကြသည်။

ရင်းမြစ်။ ။ခေတ်ပြိုင်

တရုတ်စစ်သင်္ဘောများ မြန်မာပြည်သို့ အလည်အပတ်ရောက်

ဆင်ဟွာသတင်းဌာန
သြဂုတ် ၃၀၊ ၂၀၁၀  ယမန်နေ့က သီလ၀ါ ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသော ဖျက်သင်္ဘော Guangzhou ပေါ်မှ အရာရှိများ၊ ရေတပ်သားများ တန်းစီနေပုံ။ (ဓာတ်ပုံများ - ဆင်ဟွာ)
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် မှ Guanhzhou နှင့် Caohu  အမည်ရှိ စစ်သင်္ဘော ၂ စီးသည် ချစ်ကြည်ရေး ခရီးအဖြစ် ရန်ကုန်မြို့ သီလ၀ါ ဆိပ်ကမ်းသို့ တနင်္ဂနွေနေ့ နေ့ခင်းပိုင်းတွင် ရောက်လာသည်။
          မြန်မာဆိပ်ကမ်းတခုသို့ တရုတ် ရေတပ် သင်္ဘော ပထမဆုံးအကြိမ် ဆိုက်ကပ်ခြင်း ဖြစ်သည်။
          ၅ ရက်ကြာ ခရီးစဉ်သည် ၂ နိုင်ငံ တပ်မတော်အကြား ခင်မင်ရင်းနှီးမှုကို တိုးမြှင့်ရန်၊ ရေတပ် ၂ ခု ဆက်သွယ် ဆောင်ရွက်ရန် ရည်ရွယ်သည်။
          တရုတ်စစ်သင်္ဘောများ ကြိုဆိုပွဲသို့  တပ်မတော်ရေမှ ဗိုလ်မှူးဟန်စိန်၊ ရန်ကုန်အခြေစိုက် တရုတ်သံအမတ် နှင့် သံအရာရှိများ၊ တရုတ်ကုမဏီ ကိုယ်စားလှယ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားများ၊ ဒေသခံ တရုတ် လူမျိုးများ တက်ရောက်သည်။ ကြိုဆိုသူပေါင်း ၂၀၀ ၀န်းကျင် ရှိသည်။
           အခမ်းအနားအပြီးတွင် ဧည့်သည်များ စစ်သင်္ဘောများကို လေ့လာကြည့်ရှုနိုင်ရန် ဖွင့်ပေးသည်။
           ချစ်ကြည်ရေး ခရီးစဉ်အတွင်း တရုတ်ရေတပ် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံ တပ်မတော်ရေနှင့် ဆွေးနွေးဖလှယ်ရေး အစီအစဉ်များ ရှိသည်။
          မြန်မာနိုင်ငံသည် အမှတ် ၅ တရုတ်ရေတပ် သင်္ဘောအုပ်စု၏ စတုတ္ထမြောက် ၀င်ရောက်ခဲ့သည့် နိုင်ငံ ဖြစ်သည်။ မြန်မာပြည်သို့ မရောက်မီ ခရီးစဉ်များမှာ အေဒင် ပင်လယ်ကွေ့၊ ဆိုမာလီ ကမ်းရိုးတန်း တို့ ဖြစ်သည်။
          သင်္ဘောအုပ်စုသည် အီဂျစ်၊ အီတလီ၊ ဂရိနိုင်ငံတို့ကိုလည်း သွားရောက်ခဲ့သည်။တရုတ်သံ






မြန်မာစစ်ခေါင်းဆောင် အပြောင်းအလဲ အင်ဒိုပုံစံဟောင်းဟု လေ့လာသူတွေ ဝေဖန်

မြန်မာ စစ်ဘက် ခေါင်းဆောင်ပိုင်းတွေကို အပြောင်းအလဲတွေ လုပ်ခဲ့တာနဲ့ နိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းလဲမှု ရှိလာတာတွေဟာ နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲပြီးတဲ့နောက် စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေ လက်ထဲမှာပဲ အာဏာဆက်ရှိနေအောင် ရည်ရွယ် လုပ်ဆောင်နေတာဖြစ်ကြောင်း မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတွေက ပြောနေပါတယ်။ အဲဒီလို လုပ်နေတာဟာ ၁၉၆၀ ခုနှစ် ၀န်းကျင်တုန်းက အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတဟောင်း ဆူဟာတို (Suharto) လုပ်ခဲ့တဲ့ လုပ်နည်းလုပ်ဟန်အတိုင်း လိုက်လုပ်နေတာလို့ ဝေဖန် သုံးသပ်သူတွေက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘန်ကောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် ရွန်ကော်ဘင် (Ron Corben) သတင်းပေးပို့ထားတာကို မခွာညိုက တင်ပြပေးထားပါတယ်။

မကြာခင်ကပဲ ထိပ်တန်း စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေ ၇၀ ကျော်ပါတဲ့ တပ်တွင်း အပြောင်းအလဲတွေ လုပ်ခဲ့တာဟာ စစ်တပ်က အုပ်ချုပ်နေတဲ့ မြန်မာပြည်မှာ ဒီနှစ်အတွင်း ဒုတိယအကြိမ် အရေးပါတဲ့ ပြောင်းလဲမှု ဖြစ်ပါတယ်။

ဧပြီလ ၂၇ ရက်နေ့ကတော့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအ၀င် ထိပ်တန်း အရာရှိကြီးတွေ အတော်များများကို တပ်မတော်က အငြိမ်းစား ပေးလိုက်ပါတယ်။ ဒီလိုလုပ်လိုက်တာဟာ စစ်တပ် ကျောထောက်နောက်ခံ ပြုထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကနေပြီး လာမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင် အရွေးခံဖို့ ဖြစ်တယ်လို့ ခန့်မှန်း ယူဆခဲ့ကြပါတယ်။

ဒီလို အပြောင်းအလဲ လုပ်နေတာတွေဟာ ရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာ ၇ ရက် မတိုင်ခင်မှာ စစ်တပ်ရဲ့ အာဏာကို ပိုပြီး ခိုင်မာတောင့်တင်းလာအောင် ဆောင်ရွက်နေတဲ့ မဟာဗျူဟာရဲ့ တစိတ်တဒေသ ဖြစ်တယ်လို့ New South Wales တက္ကသိုလ်က စစ်ဘက်ဆိုင်ရာ သုတေသီ ကားလ် ဆေယာက ပြောပါတယ်။

“ဒုတိယအကြိမ် တပ်တွင်းမှာ အရေးပါတဲ့ အပြောင်းအလဲ လုပ်လိုက်ပါတယ်။ ဒါက သူတို့အနေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကို ၀င်ပြီး ရွေးကောက်ပွဲမှာ အရွေးခံကြဖို့ပဲ ဖြစ်မှာပါ။ အရပ်သား အဖွဲ့ဝင် အင်အား ၂၇ သန်းရှိတဲ့ ကြံ့ဖွံ့အသင်း၊ USDA နဲ့ နိုင်ငံရေး အသွင်ပြောင်း ဖွဲ့ထားတဲ့ ကြံ့ဖွံ့ပါတီ USDP တို့ ပူးပေါင်းလိုက်ကြပါတယ်။ သူတို့ဘက်က အဲဒီလို အခိုင်အမာ ပြင်ဆင် အကွက်ချထားပြီးတော့မှ ဒီလထဲမှာ တင်းကျပ်တဲ့ ချုပ်ကိုင်မှုတွေနဲ့ ရွေးကောက်ပွဲကို နိုဝင်ဘာလထဲမှာ ကျင်းပမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီပုံစံအတိုင်း ဆိုရင်တော့ သူတို့ပဲ ရွေးကောက်ပွဲ အနိုင်ရမှာပါ။”

အခုဆို နိုင်ငံရေးပါတီပေါင်း ၄၀ ကျော် ရွေးကောက်ပွဲဝင်ဖို့ ရှိနေပါတယ်။ ဒါပေမဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကတော့ ဒီရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။

စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ရွေးကောက်ပွဲ ပြီးတဲ့အခါ သမ္မတရာထူးကို ယူထားလိမ့်မယ်လို့ မစ္စတာ ဆေယာက ယူဆပါတယ်။ ဒါ့အပြင် ၁၉၆၀ ခုနှစ် ၀န်းကျင်မှာ  အင်ဒိုနီးရှား သမ္မတဟောင်း ဆူဟာတိုက ပုံစံသစ်နဲ့ ပြောင်းလဲပြီး အုပ်ချုပ်ခဲ့သလိုမျိုး မြန်မာစစ်တပ်က လိုက်လုပ်နေတာ ဖြစ်တယ်လို့လည်း မစ္စတာဆေယာက ပြောပါတယ်။

အဲဒီတုန်းက သမ္မတ ဆူဟာတိုက အင်ဒိုနီးရှား အစိုးရ အုပ်ချုပ်မှု ယန္တရားမှာ စစ်တပ်ကို ဗဟိုပြု ဖွဲ့စည်းထားပြီး နိုင်ငံရေးနဲ့ လူမှုရေး အဖွဲ့တွေကို ထိန်းချုပ်ထားခဲ့တာပါ။ အဲဒီပုံစံသစ် အုပ်ချုပ်ရေးမှာ သူ့ရဲ့ ယှဉ်ပြိုင်ဘက်တွေကိုလည်း ဖိနှိပ် ချုပ်ချယ်တာတွေ ပါဝင်ပါတယ်။

အင်ဒိုနီးရှားမှာ အဲဒီ ပုံစံသစ် အုပ်ချုပ်ရေးကြောင့် ဆွေမျိုးကောင်းစားရေး၊ အဂတိလိုက်စားမှုနဲ့ ပူးပေါင်းလိမ်လည်မှုတွေ ရှိခဲ့ပါတယ်။ ဒီနောက် တဖြည်းဖြည်းနဲ့ ယိုယွင်းလာပြီး သမ္မတ ဆူဟာတိုအပေါ် ထောက်ခံမှုတွေ ကျဆင်းခဲ့ရတာလို့ အကဲဖြတ် လေ့လာသူတွေက သုံးသပ်ကြပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေနဲ့ နိုင်ငံတကာက နိုင်ငံပေါင်း များစွာကတော့ ဒီရွေးကောက်ပွဲက အတုအယောင် ရွေးကောက်ပွဲပါပဲ ဆိုပြီး ဒီရွေးကောက်ပွဲကို လက်မခံကြောင်း လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Alternative ASEAN Network က ပြောခွင့်ရသူ အမျိုးသမီး ဒက်ဘီ စတော့ဟာ့တ် (Debbie Stothardt) က ပြောပါတယ်။ မဲထည့်ခိုင်းတာဟာ စစ်တပ်ကို ပြည်တွင်းမှာ တရားဝင်မှုရအောင် လုပ်တာသက်သက်ပဲ ဆိုပြီးတော့ မစ်စ် စတော့ဟာ့တ်က အခုလို ပြောပါတယ်။

“ဒီစစ်အစိုးရဟာ နိုင်ငံတကာရဲ့ တရားဝင်မှုကို ရှာနေတာ မဟုတ်ဘူး ဆိုတာက အရေးပါတဲ့ အချက်တခုပါ။ စစ်အစိုးရဟာ ကိုယ့်ပြည်တွင်းမှာပဲ ကိုယ် တရားဝင်ဖြစ်မယ့် အစိုးရ ဖွဲ့စည်းနိုင်အောင် လုပ်ထားတဲ့ ရွေးကောက်ပွဲဖြစ်တယ် ဆိုတာကို ထင်ထင်ရှားရှား ဖြစ်စေနိုင်တဲ့ အချက်အလက်တွေက ပိုပြီး ပေါ်လွင်လာနေတာပါ။ သူတို့စိတ်ထဲမှာ တွေးနေတာက ပေါ်ပေါက်လာမယ့် အစိုးရသစ်ကို ခေါင်းဆောင်ဖို့ စစ်ခေါင်းဆောင်တွေကို ပြည်သူတွေ ကိုယ်တိုင်က ရွေးကောက် တင်မြှောက်လိုက်တယ် ဆိုတာကို ပြချင်တာပါပဲ။”

မြန်မာစစ်အစိုးရဟာ တိုင်းပြည်ကို အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် လုပ်မယ့် ခွဲထွက်ရေး ၀ါဒီတွေကို နိုင်ငံရေးအရ ထိန်းချုပ်ထားဖို့ လိုအပ်တယ်လို့ တချိန်လုံး ပြောနေခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု အပါအ၀င် နိုင်ငံပေါင်း များစွာက အစိုးရတွေကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံရေး ဖိနှိပ်မှုတွေကြောင့် မြန်မာပြည်ကို ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ် ပြစ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ဆိုတဲ့ အဆိုပြုချက်ကို အမေရိကန် ပြည်ထောင်စုက မကြာခင်ကပဲ ထောက်ခံခဲ့ပါတယ်။

ရင်းမြစ်။ ။voanews.com

Sunday, August 29, 2010

ဦးဝင်းတင်နဲ့ မေးခွန်းများ

တပ်မတော်ကိုယ်တိုင်က တိုင်းပြည်နဲ့ ထပ်တူ မတည်ငြိမ်တော့တဲ့ အခြေအနေဖြစ်လာတယ်



သြဂုတ်လ ၂၇ ညနေခင်း မှာ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ ပြောင်းလဲလိုက်တယ်။ စစ်ခေါင်းဆောင် ၃ ဦးဖြစ်တဲ့ သန်းရွှေ၊ မောင်အေးနဲ့ ရွှေမန်း တို့နဲ့အတူ ဒုတိယတန်း စစ်ခေါင်းဆောင်တွေ အပါအ၀င် အနားပေးလိုက်ပြီး အသက် ၆၀ အောက်တန်းက စစ်ခေါင်းဆောင်ငယ်တွေက နေရာဝင်ယူလိုက်ပါတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲသည်အခြေအနေနဲ့ ပတ်သက်ပြီး အင်န်အယ်ဒီပါတီ ခေါင်းဆောင်၊ ဟံသာဝတီ ဦးဝင်းတင်ကို သဘောထားကို မေးမြန်းခဲ့ပါတယ်။

ဆရာကို မေးမြန်းတဲ့ အချိန်မှာ စနေနေ့ ၂၈ ရက် နေ့ခင်းအချိန်ဖြစ်တဲ့အတွက် ပြည်တွင်းမှာ အထက်ပါသတင်းနဲ့ ပတ်သက်ပြီး ပြောဆိုလှုပ်ရှားမှု သိပ်မရှိသေးပါဘူး။ ပြည်ပက သတင်းဌာနတွေကို ကိုးကားပြီးတော့သာ လူတွေ လက်တို့ပြောဆိုနေကြဆဲပဲ ဖြစ်ပါတယ်။

စစ်အစိုးရရဲ့ ၂၈ ရက်နေ့ သတင်းစာတွေမှာလည်း အဆိုပါ ကြေညာချက်ကို တင်ဆက်ထားခြင်း မရှိပါဘူး။ အဲသည် ၂၈ မတိုင်ခင် ၂၇ မနက်ခင်းသတင်းစာများမှာ သြဂုတ် ၃၀၊ လာမယ့် တနလာင်္နေ့ကို နောက်ဆုံးထားပြီး လွှ့တ်တော်ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းဖို့ ရက်သတ်ထားလို့ ဒီစနေနဲ့ တနင်္ဂနွေတွေမှာ ရုံးတွေ၊ ဘဏ်တွေက အချိန်ပို ဖွင့်လှစ်ထားပေးမယ်လို့ ကြေညာထားတာပဲ ရှိပါတယ်။

အဲသည်တော့ စစ်အစိုးရဟာ သောကြာနေ့ တရားဝင်ရုံးချိန် နောက်ဆုံးအထိကို ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းရေးကိုသာ အာရုံပြုထားတယ်။ လာမည့် ၃၀ သြဂုတ်ထက် ကျော်လွန်ပြီးတော့ ကိုယ်စားလှယ်အမည်စာရင်းတွေ သွင်းနိုင်ဖို့ ရက်ရွှေ့ဆိုင်းဖို့ ဆန္ဒမရှိဘူး ဆိုတာပဲ ထင်ရှားတဲ့ အခြေအနေပဲ ရှိနေပါတယ်။



ပထမအနေနဲ့ ဆရာက ပြောဆိုရာမှာ …

“အခု စစ်ခေါင်းဆောင်ကြီးတွေ ဖြစ်တဲ့ ဗိုလ်ချူပ်မှူးကြီး သန်းရွှေတို့ အဖွဲ့ဟာ သူတို့ချမှတ်ထားတဲ့၊ ဦးဆောင်နေတဲ့ လမ်းစဉ်အတိုင်း နယ်စပ်က တိုင်းရင်းသားအဖွဲ့တွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကိစ္စ ၀င်ရေး မ၀င်ရေးကို ပြေလည်အောင် မရှင်းလင်းရသေးဘူး။ အောက်ခြေက စစ်သားတွေ၊ အရာရှိငယ်တွေရဲ့ လစာ၊ ဆုကြေး အကြပ်အတည်း အခက်အခဲတွေနဲ့ ပတ်သက်ပြီးလည်း ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ဖြေရှင်းပေးစရာတွေ မလုပ်ရသေးဘူး။ သူတို့ရဲ့ နိုင်ငံရေးပါတီ၊ တပ်မတော်ပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံဖြိုးရေးအဖွဲ့ အနေနဲ့ ကိုယ်စားလှယ်တွေ သတ်မှတ်ပြီး ရွေးကောက်ပွဲဝင်ဖို့ နောက်ဆုံးရက်မှာ စာရင်းတင်သွင်း ထုတ်ပြန်နိုင်ဖို့၊ စီမံစရာတွေလည်း ပြီးပြတ်အောင် မလုပ်ရသေးဘူး။ တပ်မတော်ရဲ့ စစ်ရေးအာဏာတွေနဲ့ တိုင်းပြည်ရဲ့ လွှတ်တော်ကနေ လုပ်ကိုင်မယ့် နိုင်ငံရေးအာဏာတွေကိုလည်း ရွေးကောက်ပွဲ ပြီးပြတ်သွားတဲ့ အချိန်အထိ အဆင့်အဆင့် ခွဲခြမ်းတာ၊ လွှဲပြောင်းတာတွေလည်း စောင့်ပြီး စိတ်တိုင်းကျ သြဇာသုံး လုပ်ကိုင်ဖို့တွေလည်း မလုပ်ရသေးဘူး …။ ဒီလိုမျိုး အခြေအနေမျိုးတွေမှာ ဒီစစ်ဗိုလ်ချုပ်ကြီးတွေ အနားယူလိုက်ရတယ်ဆိုတာ မျှော်လင့်မထားတဲ့ အချိန်အခါမျိုး ဖြစ်နေတယ်လို့ ပထမဦးဆုံး ပြောချင်ပါတယ်။ ဒီအချိန်က အေးအေးဆေးဆေးနေလို့ရတဲ့ အချိန်မဟုတ်ဘူး ”



သည်တော့ နောက်တက်လာတဲ့ စစ်ခေါင်းဆောင်အသစ်တွေအပေါ်မှာ တင်ရှိလာတဲ့ မပြီးပြတ်သေးတဲ့ ဖြေရှင်းရမယ့် အရေးအခင်းတွေကို သူတို့တတွေက ဘယ်လို ဆောင်ရွက်ကြမှာလဲ။

“ပထမဦး ရှင်းရမယ့်ကိစ္စက နယ်စပ်ကိစ္စတွေ ဖြစ်တယ်။ ရွေးကောက်ပွဲကာလ မတိုင်ခင်မှာ - ရွေးကောက်ပွဲဝင်မယ့် တိုင်းရင်းသားပါတီတွေ၊ လက်နက်ကိုင်ထားမယ့် နယ်ခြားစောင့်တပ် ဖွဲ့စည်းတဲ့ ကိစ္စတွေ၊ ကရင်ပြည်နယ်၊ ၀ပြည်နယ်၊ တရုပ်ပြည်နယ်စပ်၊ မွန်တို့၊ စသည်ဖြင့်တွေ ရှိနေတယ်။ လာမည့် စက်တင်ဘာလလည်မှာတင်ကို နယ်ခြားစောင့်တပ်ကိစ္စက နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုတယ်။ ဒါတွေက နိုင်ငံရေးအားဖြင့် ရှင်းရမှာလား၊ စစ်ရေးအားဖြင့် ရှင်းရမှာလား။ အဲဒီအလုပ်တွေ ရှိနေတယ်။ ဒါကို စောင့်ကြည့်ရတော့မယ်။

နောက်ပြီးတော့ မြန်မာပြည်တွင်းမှာရှိနေတဲ့ အောက်ခြေက လက်နက်ကိုင်ထားတဲ့ တပ်ဖွဲ့ တပ်ရင်းတွေမှာ လစာငွေတွေ၊ ဆုကြေးငွေတွေ စသည်ဖြင့် အကြပ်အတည်းတွေကို ဖြေရှင်းပေးရဖို့ ရှိတယ်။ အခုဟာက ဘယ်လိုပဲ သတင်းကို ပိတ်ဆို့ထားထား အားလုံးက သိရှိနေကြတယ်။ တပ်တွေက အချင်းချင်း အတွင်းမှာ သွားရောက်ပြီး ဖြေရှင်းနေကြတယ်။ ဖြေရှင်းဖို့ ကြိုးစားနေကြတယ်။ ဒါတွေကိုလည်း အခုကာလမှာ ဖြေရှင်းပေးရမှာ ဖြစ်တယ်။ အချိန်ဆွဲထားနေလို့ မရဘူး။

နိုင်ငံရေး ပြသနာတခုအနေနဲ့ ရှောင်လွှဲလို့ မရတဲ့ အရေးအခင်းကတော့ ရွေးကောက်ပွဲဝင်ကြရမယ့် ကိစ္စ။ လွှတ်တော်မှာ နေရယူကြရမယ့် ကိစ္စတွေ ဖြစ်တယ်။ သြဂုတ် ၃၀ နောက်ဆုံးထားပြီး တပ်မတော်ရဲ့ ပါတီ ဦးသိန်းစိန်က စလို့ ကိုယ်စားလှယ်စာရင်း အပြီး တင်သွင်းရတော့မယ်။ လက်ရှိ ရာထူးယူထားတဲ့ ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေကလည်း ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ ပြင်ဆင် လုပ်ကိုင်ကြရတော့မယ်။ ဒါတွေကို တပ်မတော်က ခေါင်းဆောင်သစ်တွေက ဘယ်လို စီစဉ်ပေးမှာလဲ။ အခု အနားယူတဲ့ ဗိုလ်ချုပ်ကြီးတွေကို သြဂုတ် ၃၀ အမီ ရွေးကောက်ပွဲ ၀င်နိုင်အောင် လုပ်ပေးကြဖို့ ရှိသလား။

သူတို့ကိုယ်တိုင်ကလည်း လွှတ်တော်ရဲ့ ၂၅ % မှာ ၀င်ရောက် နေရာယူကြရမှာ ဖြစ်လို့ တပ်မတော်က ဦးရေ ၁၁၁ ဦးကို ရွေးချယ်ပေးရမယ်။ နောင်မှာ ပေါ်လာမယ့် အစိုးရအဖွဲ့တွေ ဘာတွေမှာလည်း ၀င်ပြီး ပတ်သက်ဖို့ ဘယ်လို လာမှာလဲ။ တပ်မတော်က အနားယူသွားတဲ့ ခေါင်းဆောင်ကြီးတွေကို ဘယ်လိုမျိုး သဘောထားမှာလဲ။ ဒါတွေကိုလည်း အခုကတည်းက ဆက်ပြီး လုပ်ကြရတော့မယ်။

အဲသည်လိုမျိုး အခု တက်လာတဲ့ စစ်ခေါင်းဆောင်သစ်တွေက ရှေ့က စစ်ဗိုလ်ချုပ်ကြီးတွေ ချမှတ်သွားတဲ့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းကြဖို့ အရေးကြီးတဲ့ အချိန်အခါနေရာမှာ ရောက်ရှိနေတယ်လို့ ပြောချင်ပါတယ်။”



အဲသည်လို အခြေအနေဟာ အပေါ်ပိုင်း စစ်ခေါင်းဆောင်တွေရဲ့ အတွင်းရေး အရေးအခင်းသက်သက်ပဲလား။ သာမန်ပြည်သူတွေနဲ့ တိုင်းပြည်တခုလုံးနဲ့ကော သက်ဆိုင်တယ်လို့ ဆိုနိုင်မလား။

အခုအချိန်မှာ ရှေ့က ချမှတ်ပေးထားတဲ့ စစ်ခေါင်းဆောင်ဟောင်းကြီးတွေရဲ့ လမ်းညွှန်ချက်တွေ၊ မူဝါဒတွေကို အကောင်အထည် ဆက်လက် ဖော်ဆောင်ကြတယ်ပဲ ဖြစ်ဖြစ်၊ အခုနေရာယူလာတဲ့ စစ်ခေါင်းဆောင်တွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ သီးခြား လမ်းစဉ်တွေ သဘောထားတွေ ချမှတ်ပြီး လုပ်ကိုင်ကြတယ်ပဲ ဖြစ်ဖြစ် … တိုင်းပြည်ရဲ့ လက်ရှိအခြေအနေဟာ နဂိုကတည်းက ၂၀၁၀ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးအကြပ်အတည်းကို ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ နယ်စပ်ဒေသမှာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အဖြေရှာရတော့မယ့် အခြေအနေလည်း ဖြစ်နေတယ်။

လက်ရှိမှာ တိုင်းပြည်ရဲ့အခြေအနေတွေ အားလုံးက မရေရာ၊ မသေချာတဲ့ အခြေအနေဖြစ်နေတယ်။ ဒါက တိုင်းပြည်ရဲ့ မတည်ငြိမ်မှုက တောက်လျောက် ဖြစ်နေခဲ့တာပဲ။ သို့သော် တပ်မတော်ခေါင်းဆောင်တွေကိုယ်တိုင်က အခုလို လွှဲပြောင်းမှုတွေကို ဗြုံးစားကြီး လုပ်လိုက်တဲ့ အခါကျတော့ တိုင်းပြည်တင်သာမကဘူး၊ တပ်မတော်ကိုယ်တိုင်ကလည်း မတည်ငြိမ်တော့တဲ့ အခြေအနေဖြစ်နေတယ်ဆိုတာ ထင်ရှားသွားတယ်။ ဒါကို ပြနေတယ် လို့ ဆိုချင်တယ်။

ဒါကြောင့် အခုဖြစ်ရပ်ဟာ စစ်ခေါင်းဆောင်တွေအချင်းချင်း အပေါ်ပိုင်းမှာ သီးသန့်ဖြစ်ပျက်ကြတဲ့ အတွင်းရေး အရေးအခင်းသက်သက်လို့ မဆိုနိုင်ပါဘူး။ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေ မတည်ငြိမ်ဘူး၊ တပ်မတော်ကိုယ်တိုင်ကလည်း မတည်ငြိမ်တော့ဘူး ဖြစ်လာတယ်။

နယ်စပ်ဒေသမှာ နယ်ခြားစောင့်တပ်ပြသနာတွေ၊ တိုင်းရင်းသားပါတီအဖြစ် ရွေးကောက်ပွဲဝင်ရောက်မယ့် အရေးကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ စစ်ရေးအရ ဖြေရှင်းမယ် ဆိုရင် ပြည်တွင်းစစ်တွေ ဖြစ်လာမယ်။ တပ်မတော်အတွင်းမှာလည်း အောက်ခြေက လက်နက်ကိုင်တပ်တွေရဲ့ စားဝတ်နေရေး အကြပ်အတည်းတွေ၊ လစာ၊ ဆုငွေကိစ္စတွေကို အင်အားသုံးပြီး ပစ်ခတ်နှိမ်နှင်းပြီး ဖြေရှင်းရင်လည်း ပြည်တွင်းမှာ အကြမ်းဖက်မှုတွေ အရေးအခင်းတွေ ဖြစ်လာမယ်။ ဒါဆိုရင် မတည်ငြိမ်မှုတွေ တတိုင်းပြည်လုံးမှာ ဖြစ်ပွားတော့မှာ ဖြစ်တယ်လို့ မြင်တယ်။

ရွေးကောက်ပွဲပြီးမှ ဖြေရှင်းမယ်လို့ အချိန်ဆွဲနေလို့ ရတာ မဟုတ်ဘူး။”



လက်ရှိ ရွေးကောက်ပွဲ ကာလနဲ့ လွှတ်တော်ထဲ ၀င်ရောက်တဲ့အချိန်အထိ တပ်မတော် စစ်ခေါင်းဆောင်တွေ၊ ၂၅ % အဖြစ်ပါဝင်လာမယ့် တပ်မတော်ကိုယ်စားလှယ်တွေ၊ အနားယူသွားတဲ့ စစ်ခေါင်းဆောင်ကြီးတွေ နဲ့ တပ်မတော်ရဲ့ နိုင်ငံရေးပါတီ ကြံ့ဖွံ့ပါတီရဲ့ အခမ်းကဏ္ဍတွေက ဘယ်လို ဖြစ်လာနိုင်သလဲ။ တိုင်းပြည် ကောင်းဖို့၊ သာယာဝပြောဖို့ဖက်ကို မျှော်လင့်နိုင်ပါသလား။

အခုတက်လာတဲ့ စစ်ခေါင်းဆောင်တွေလက်ထဲမှာက ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်နည်းနဲ့ ဖြစ်ဖြစ် ပြီးအောင်လုပ်ကြရဖို့ တာဝန်ရှိနေတယ်။ ရွေးကောက်ပွဲကို တပ်မတော်ရဲ့ ပါတီဖြစ်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ ၀န်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့ပါတီအနေနဲ့ နေရာအသီးသီး ရယူနိုင်ဖို့ လုပ်နေကြတယ်။ အဲသည်ထဲမှာ အနားယူသွားတဲ့ စစ်ခေါင်းဆောင်ကြီးတွေလည်း ပါချင် ပါနိုင်သေးတာပေါ့ကွာ။ သြဂုတ် ၃၀ ရက်နေ့မှ မရောက်သေးဘဲ။ ရွေးကောက်ပွဲပြီးသွားလို့ လွှတ်တော် ဖြစ်လာရင် စစ်ခေါင်းဆောင်ကြီးတွေကို အနားယူနေတဲ့ဆီကနေ ဆွဲပြီးတော့ တင်ချင်လည်း တင်လို့ ရနိုင်သေးတယ်။ တပ်မတော်ရဲ့ ၂၅ % သော ကိုယ်စားလှယ်တွေကလည်း လွှတ်တော်ထဲမှာ အဆင်သင့် နေရာယူလာမှာတွေလည်း ရှိလာမှာ ဖြစ်တယ်။ အဲသည်လိုမျိုး အကြမ်းအားဖြင့် တွက်ချက်ကြည့်လို့ရတဲ့ အခမ်းကဏ္ဍတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ဒါတွေအားလုံးက ပြောသလိုလည်း ဖြစ်လာနိုင်လို၊ အခုလိုမျိုး စစ်ခေါင်းဆောင် အပြောင်းအလဲတွေ နောက် တခုပြီး တခု ပေါ်လာနိုင်တဲ့ အတွက် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် အကောင်းဖက်ကို ဦးတည်နိုင်ဖို့ မမျှော်လင့်နိုင်ပါဘူး။ မသေချာ၊ မရေရာမှုတွေနဲ့ ဆက်လက် ကြုံတွေ့နေရတယ် လို့ ပြောချင်တယ်။

ကုလားအုပ်ရဲ့ ကျောကုန်းပေါ်ကို ကောက်ရိုးတွေ တမျှင်ချင်း တင်ရင်း တင်ရင်းနဲ့ တဖြေးဖြေး ၀န်က များများလာရင်၊ နောက်ဆုံး ခံနိုင်ရည်အမှတ်ကို ကျော်သွားရင် ကုလားအုပ်က ခါးကျိုးသွားတာမျိုး ဖြစ်သလို၊ တိုင်းပြည်ရဲ့ အခြေအနေကလည်း အဲလိုမျိုး ယိုင်လဲသွားနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ပြောချင်ပါတယ်။

ရင်းမြစ်။ ။မိုးမခ

Saturday, August 28, 2010

ပိုပိုဆိုးလာသော မြန်မာပြည် အင်တာနက်ဝန်ဆောင်မှုများ ( ရတနာပုံတယ်လီပို့စ်မှ အင်တာနက်လိုင်းများ ပြတ်တောက်အုံးမည်ဟု ကြေငြာပြန်)

ရတနာပုံတယ်လီပိုစ်မှ အင်တာနက်လိုင်းပြင်ရန်ဟူသော အကြောင်းပြချက်ဖြင့် မကြာခဏ အင်တာနက်လိုင်းများ ပြတ်တောက်လျှက်ရှိပါသည်။  ပြန်ပြင်သည်ဆိုသော်လည်း အင်တာနက်သုံးရသည်မှာ လိပ်သာသာ speed နှင့်သာဖြစ်နေသည်ဟု မြန်မာပြည်မှ အင်တာနက်အသုံးပြုသူများထံမှ သိရသည်။ ထိုသို့ ပြတ်တောက်ခါနီးအချိန်များ တွင် နိုင်ငံရေး ဘလော့ များသို့ ကျော်စရာမလိုပဲ ကြည့်လို့ ရတတ်ကြောင်းလည်းသိရသည်။