Friday, February 19, 2010

စစ်တွေတွင် အင်တာနက်ဆိုင်များကို ကန့်သတ်မူ ပိုများလာ

စစ်တွေရှိ အင်တာနက်ဆိုင်များကို အာဏာပိုင်များက ယခင်ကထက် ယခုအခါ ကန့်သတ်မူများ ပိုမို များပြားလာသည်ဟု အင်တာနက်ဆိုင်နှင့် ရင်းနှီးသူ လူငယ် တဦးက ပြောသည်။

"စစ်တွေမှာရှိတဲ့ အင်တာနက်ဆိုင်တိုင်းမှာ သီးသန့် အခန်းတခုကို ရဲက ဖွင့်ခိုင်းပီး ကွန်ပျူတာ တလုံးကို ထိုင်ထားခိုင်းပါတယ်။ အဲဒီကွန်ပျူတာကို ဆိုင်ထဲက အင်တာနက်လုပ်တဲ့ တခြား ကွန်ပျူတာတွေနဲ့ ဆက်သွယ်ထားခိုင်းပါတယ်။ အင်တာနက်လာလုပ်တဲ့ လူတိုင်းရဲ့ အီးမေးလ် အကောင့်နဲ့သူဆက်သွယ်သူရဲ့ အီးမေးလ် အကောင့်၊ ရေးသားတဲ့ အကြောင်းအရာတွေ အားလုံး ဆိုင်ခန်းထဲက ကွန်ပျူတာမှာ ပေါ်လာပါတယ်။ အဲဒါကို အင်တာနက်ဆိုင်မှာထိုင်တဲ့ အော်ပရေတာက လိုက်မှတ်ထားရပါတယ်။ ညနေပိုင်း ရဲက လာစစ်တဲ့အခါ သူမှတ်ထားတဲ့မှတ်တမ်းကို ရဲကို ပေးရပါတယ်" ဟု သူက ပြောသည်။

ယခုကဲ့သို့ ကန့်သတ်ချက်များမှာ စစ်တွေမြို့ အင်တာနက်ဆိုင်များမှ တဆင့် အရေးကြီးသော သတင်းအချက်အလက်များနှင့် ဓါတ်ပုံများ ပြည်ပသို့ နေ့စဉ် ပေါက်ကြားနေသဖြင့် ဖြစ်သည်ဟု သူက ပြောသည်။

စစ်တွေမှ အင်တာနက်ဆိုင်ရှင်တဦးမှလည်း ယခုကဲ့သို့ ကန့်သတ်မူများကို တိုးပွားလာခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

သူက " ကျွန်တော်တို့ သူတို့ ပြောတဲ့အတိုင်း လိုက်မလုပ်လို့ မရဘူး။ သူပြောတာကို မလိုက်နာရင် ဆိုင်ကို ပိတ်ခိုင်းနိုင်တဲ့အတွက် လိုက်လုပ်ပေးနေရပါတယ်။ ဒီမှာ အသုံးပြုနေတာကတော့
VNC ဆိုတဲ့ Software တခုကို အသုံးပြုပြီး Remote PC control နဲ့ တခြားကွန်ပျူတာက အချက်အလက်တွေကို ယူနေကြတာပါ။ အဓိကတော့ အင်တာနက် ချက်တဲ့ လူတိုင်းရဲ့ သူတို့ဆီက အချက်အလက်တွေကို ရယူထားလိုက်တာ ဖြစ်ပါတယ်" ဟု ပြောသည်။

အဆိုပါ အင်တာနက်သုံးသူများ၏ အချက်အလက်များကို ညနေပိုင်း စသုံးလုံးမှ ရဲအဖွဲ့ဝင်များ ရောက်လာသောအခါ ပေးအပ်ရသည်ဟု သိရသည်။

"ခုလို လုပ်ထားတာကို တချို့လည်း သိတဲ့အတွက် အီးမေးလ် အင်တာနက်တွေ လုပ်တဲအခါ မဆိုင်တဲ့ စာရေးသားပေးပို့တာတွေကို ရှောင်ရှားကြပါတယ်။ ပီးတော့ ခုလို လုပ်ထားတဲ့အတွက် လူတွေကတော့ အရေးကြီးတဲ့ အကြောင်းအရာတွေထက် သာမန်ကိစ္စတွေကိုဘဲ အင်တာနက်ထဲက ရေးသားပေးပို့နေတာကို တွေ့ရပါတယ်" ဟု သူက ပြောသည်။

၎င်းပြင် စစ်တွေရှိ အင်တာနက်ဆိုင်တချို့တွင် မလိုအပ်သော ပြည်ပမှ ၀ိုက်ဆိုက်များကိုလည်း မဖွင့်ရန် စာရေးကပ်ထားကာ တားမြစ် ပိတ်ပင်ထားသည်ဟု သိရသည်။

စစ်တွေတွင်
Kiss, winer, informatics, Rota, Information center, wisdom city စသည့် ဆိုင်များ အပါအ၀င် အင်တာနက်ဆိုင် ၁၀ ဆိုင်ခန့်ရှိပြီး လာရောက်လည်ပတ်သူ အများစုမှာ ကျောင်းသား ကျောင်းသူများ ဖြစ်ကြသည်ဟု သိရသည်။ တနာရီ အီးမေးလ် ချက်ခမှာ ကျပ် ၅၀၀ ဖြစ်သည်ဟု သိရသည်။
မူရင်း ။ ။http://www.narinjara.com/detailsbur.asp?id=2334

ပုဂ္ဂိုလ်ရေး အချက်အလက် လုံခြုံမှု မရှိခြင်းအပေါ် Google တောင်းပန်


ဂူဂဲလ် ကုမ္ပဏီက အသစ်တီထွင် လိုက်သည့် လူမှုရေးကွန်ရက် အင်တာနက် စာမျက်နှာ “Google Buzz” သည် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ လုံခြုံမှုမရှိခြင်းနှင့် ပတ်သက်၍ တောင်းပန်လိုက်သည်။

လူမှုကွန်ရက် Google Buzz အကြောင်းကို မိတ်ဆက်ပေးနေသော ဂူဂဲလ် တာဝန်ရှိသူများ (ဓာတ်ပုံ - Reuters)

Google Buzz ကို ဂျီမေးလ်မှ တဆင့် အသုံးပြုနိုင်ရန် စီစဉ်ထားပြီး ဂျီမေးလ်ဖြင့် မကြာခဏ ပြောဆို ဆက်သွယ်လေ့ ရှိသော လိပ်စာများကို Buzzက အလို အလျောက် အပြန်အလှန် ချိတ်ဆက် ပေးသည်။

ချိတ်ဆက် ထားသူများ ကြားတွင် တခြားဆက်သွယ် အသုံးပြုသူများ၏ မေးလ် လိပ်စာများကို ထပ်မံ မြင်တွေ့နိုင်ပြီး ဂျီမေးလ်တွင် ထည့်သွင်း ရေးသား ထားသည့် အသုံးပြုသူ၏ ကိုယ်ရေး မှတ်တမ်းများ (Google Profile) ကို တွေ့မြင်နိုင်မည် ဖြစ်သည်။

ဂျီမေးလ်နှင့် Buzz ထုတ်လုပ်ရေး မန်နေဂျာ Todd Jackon က “ကျနော် တို့ကြောင့် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ အတွက် အလွန် စိတ်မကောင်း ဖြစ်မိပါတယ်၊ အသုံးပြုသူ တွေရဲ့ အကြံပြုချက် တွေကို အခြေခံပြီး ပိုကောင်းအောင် ကြိုးစား ဆောင်ရွက် နေပါတယ်၊ အကောင်းဆုံး အနေအထား မဟုတ်သေးဘူး ဆိုတာလည်း သဘော ပေါက်သွား ပါတယ်”ဟု ဆိုသည်။

ယခု ဖေဖော်ဝါရီလတွင် ဂူဂဲလ်က အသစ်ဖန်တီးလိုက်သည့် Google Buzz အား အသုံးပြုရန် ဂျီမေးလ် အသုံးပြုသူများကို စတင် ဖိတ်ခေါ်ခဲ့ပြီးနောက် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေး မလုံခြုံမှုများရှိနေသည်ဟူသော ဝေဖန်ချက်များ ထွက်ပေါ်လာခဲ့သည်။

ဂူဂဲလ်က Google Buzzအသုံးပြုသူများ၏ မှတ်ချက် (Comment)၊ အခြား ဆက်သွယ်သော သူများကို မှတ်တမ်း တင်ထားမည့် အပြင် ဖုန်းဖြင့် Buzz ကို အသုံးပြုပါက အသုံးပြုသူ၏ ကိုယ်ရေး မှတ်တမ်း၊ ဓာတ်ပုံနှင့် တည်နေရာကို မှတ်သား ထားမည် ဖြစ်ကြောင်း Buzz ၏ မူဝါဒတွင် ရေးသားထားသည်။

နည်းပညာကို စိတ်ဝင် တစား လေ့လာနေသူ တဦးက “Buzz မှာ ကိုယ်နဲ့ ဆက်သွယ်နေတဲ့ လိပ်စာတွေ အားလုံးကို အခြား ချိတ်ဆက် ထားသူက မြင်နေရတာက ပြဿနာပါ၊ ဒါပေမယ့် Buzz အတွက် အနာဂတ်က ပိုကောင်းဖို့ ရှိတယ်လို့ ကျနော် ထင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

Google Buzzကို အသုံးမပြုလိုပါက ဂျီမေးလ် Setting တွင် Buzz ဟူသော ခေါင်းစဉ်ကို နှိပ်၍ Disable Google Buzz ကို ရွေးချယ်၍ လည်းကောင်း (သို့) ဂျီမေးလ် စာမျက်နှာ အောက်ဆုံးရှိ “Turn off Buzz”ကို နှိပ်၍သော် လည်းကောင်း ပြင်ဆင်၍ ရနိုင်မည် ဖြစ်သည်။

၂၀၀၉ ခုနှစ်မှ စတင်၍ လူမှုရေးကွန်ရက် စာမျက်နှာများသည် အရှိန်အဟုန်ဖြင့် အင်တာနက် အသုံးပြုသူများ အကြား ရေပန်းစား လာပြီး ယခုအခါ ကမ္ဘာတ၀န်းလုံး၌ Facebook အသုံးပြုသူ သန်း ၄၀၀၊ ဂျီမေးလ် အသုံးပြုသူ ၁၇၆ သန်း ရှိကြောင်း သိရသည်။
မူရင်း ။ ။ ဧရာဝတီ

မိုဟာမက်နဲ့ ရိကုန်း ဘယ်လမ်းကို ရွေးမှာတုန်း


၂၀၁၀ မှာ ရွေးကောက်ပွဲ ပြုလုပ်ပေးမယ်လို့ ကြေညာထားတဲ့ နအဖအနေနဲ့ အခုအချိန်အထိ ရွေးကောက်ပွဲ ဥပဒေအပါအ၀င် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဘာအခင်းအကျင်း တစုံတရာကိုမှ ထုတ်ပြန်ကြေညာတာ မတွေ့ရသေးပေမယ့် မြန်မာပြည် နိုင်ငံရေးလောကမှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အသံတွေတော့ တစထက်တစ ကျယ်လောင်လာနေတယ်။ တချိန်တည်းမှာ နိုင်ငံရေးအရ အဆုံးအဖြတ်ပေးရမယ့် လမ်းဆုံလမ်းခွကိုလည်း ရောက်လို့လာနေပါပြီ။ အဲဒါကတော့ နအဖအနေနဲ့ ရွှေဂုံတိုင်ကြေညာချက်ကို လိုက်လျောမယ်၊ မလိုက်လျောဘူး။ အကယ်၍ မလိုက်လျောဘူးဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မယ်မ၀င်ဘူးဆိုတာ အဆုံးအဖြတ်ပေးရမယ့် လမ်းဆုံလမ်းခွပါပဲ။

ဒီအခြေအနေမှာ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံရေးသမားများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ဟိုဖားဒီဖား နိုင်ငံရေးဖော်လံဖားများ၊ နိုင်ငံရေးစားဖားများ၊ နိုင်ငံရေးသမားပျက်များ ပြောကြရေးကြတဲ့ အသံတွေကိုလည်း အမျိုးမျိုး ကြားနေရပါတယ်။ ဒီအသံတွေ အမျိုးမျိုးကြားထဲမှာ နိုင်ငံရေးသမားပျက်များရဲ့ အသံတွေကို ပိုမိုကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။

ဒီနေရာမှာ နိုင်ငံရေးသမားပျက်ဆိုသူများနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ရှေးလူကြီးသူမများရဲ့ ဆိုရိုးစကားတခုရှိပါတယ်။ သုံးလင်ပြောင်းတဲ့ မိန်းမများကို မိန်းမပျက်များအဖြစ် ပြောလေ့ဆိုထ ရှိကြပါတယ်။ နိုင်ငံရေးနယ်ပယ်မှာလည်း ခေတ်အဆက်ဆက် နိုင်ငံရေးပါတီများကို ထည်လဲပြောင်းပြီး အသွင်ပြောင်းခဲ့ကြတဲ့ နိုင်ငံရေးသမားများကို နိုင်ငံရေးအသိုင်းအ၀ိုင်းက နိုင်ငံရေးသမားပျက်လို့ ခေါ်ဆိုသမုတ်လေ့ရှိပါတယ်။

အဲဒီနိုင်ငံရေးသမားပျက်တွေဟာ အတွေ့အကြုံကလည်းများ၊ မလိမ့်တပတ် ဉာဏ်နီဉာဏ်နက် ပရိယာယ်တွေကလည်း ကြွယ်ကြွယ်ဆိုတော့ သူတို့ရဲ့ရေးသား ပြောဆိုချက်တွေဟာ အတိုင်းအတာတခုအထိ လူငယ်တွေရဲ့စိတ်ကို ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။ ရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်မလဲ၊ ရွေးကောက်ပွဲနိုင်ငံရေး၊ ရွေးကောက်ပွဲသည်သာ တခုတည်းသော နိုင်ငံရေးလမ်းကြောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိတာထက်စာရင် ရှိတာကောင်းတယ်၊ တွေ့ဆုံဆွေးနွေးရေးဆိုတာ အဆင်တန်ဆာပဲဖြစ်တယ်။ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေတာဟာ မိုက်မဲရာကျတယ် … စတာတွေအပြင် ဟိုစာအုပ် ဒီစာအုပ်က စကားလုံး အသစ်အဆန်းတွေကိုယူပြီး ကျမ်းကိုးကျမ်းကားလိုလိုနဲ့ သုံးနှုန်းရေးသားပြီး နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို တနည်းအားဖြင့် နအဖရဲ့ ရာသက်ပန် စိုးမိုးခြယ်လှယ်မယ့် စစ်အုပ်ချုပ်ရေးကို ရှေ့နေလိုက်သူကလိုက်၊ သိဒ္ဓိတင်သူကတင်၊ အမွှမ်းတင်ခြယ်မှုန်းသူက ခြယ်မှုန်းပြီး ရေးသားပြောဆို နေကြတာဟာ သာမန်ပြည်သူတွေအဖို့ နိုင်ငံရေးပိဋိကတ်အိုးကွဲတွေ မဟုတ်ကြတဲ့အပြင် နအဖခေတ်ရဲ့ အလွန်ကြီးမားတဲ့ ကုန်ဈေးနှုန်းရဲ့ဖိစီးမှုကို အလူးအလဲ ခံနေကြရတာမို့ အများစုက စိတ်မ၀င်စားကြပေမယ့် တချို့လူတွေမှာတော့ မျက်စိလည် နားရှုပ်ထွေးစရာ ဖြစ်ကြရပါတယ်။ အထူးသဖြင့် လူငယ်တွေရဲ့စိတ်ကို အဆိပ်အတောက် ဖြစ်စေတာတော့ အမှန်ပါပဲ။

ဒါပေမယ့် နိုင်ငံရေးဖော်လံဖားများ၊ နိုင်ငံရေးစားဖားများနဲ့ နိုင်ငံရေးသမားပျက်များက ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုပဲ အမွှမ်းတင်တင် ဘယ်လိုပဲ ရှေ့နေလိုက်လိုက် အဓိက အရေးကြီးတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်သာလျှင် မြန်မာပြည်သူများအတွက် အဓိကကျပါတယ်။ ဒီနေ့အချိန်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲကို ၀င်မယ် မ၀င်ဘူးရယ်လို့ ယတိပြတ် မဆုံးဖြတ်ရသေးပါဘူး။ ဒီလိုဆုံးဖြတ်ဖို့ အချိန်စောလွန်းသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဉာဏ်ဝင်းကတဆင့် ပြောကြားခဲ့တာကိုလည်း ကြားသိရပါတယ်။

ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကတော့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွှေဂုံတိုင်ကြေညာချက်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပါတယ်။ ဒီကြေညာချက်အပေါ်မှာ တစုံတရာ လိုက်လျောမှုမရှိဘူး၊ တွေ့ဆုံဆွေးနွေးမှုလည်း မလုပ်ဘူးဆိုရင် ရွေးကောက်ပွဲကို စဉ်းစားမှာမဟုတ်ဘူး။ ဒီရွှေဂုံတိုင်ကြေညာချက်ပါ အချက်အလက်တွေဟာလည်း ပါတီရဲ့ မူလဘူတ မူဝါဒများ ဖြစ်ကြတယ်။ ဒါကြောင့် ဒီမူဝါဒတွေကို မလိုအပ်ဘဲနဲ့ စွန့်လွှတ်မှာမဟုတ်ဘူး” ဆိုတာကို ထပ်ခါတလဲလဲ ပြောနေတာတွေကိုလည်း ကြားရပါတယ်။

ဒါဟာ ပါတီဝင်အများစုနဲ့ တိုင်းရင်းသားခေါင်းဆောင်များ အပါအ၀င် ပြည်သူလူထုကြီးတရပ်လုံးရဲ့ ဆန္ဒသဘောထားတွေကို ထင်ဟပ်ဖော်ပြနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့အဖွဲ့ဝင်တွေက ရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်မလဲ၊ ပါတီမရှိရင် ဘယ်လိုနိုင်ငံရေးဆက်လုပ်မလဲ၊ ရွှေဂုံတိုင်ကြေညာချက်ဆိုတာဟာလည်း အလျော့အတင်းလုပ်လို့ ရတယ်ဆိုတဲ့ ပြောသံဆိုသံတွေကိုလည်း ကြားနေရပါတယ်။ ဒီနေရာမှာ ရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်မလဲ၊ ပါတီမရှိရင် ဘယ်လိုနိုင်ငံရေးလုပ်မလဲဆိုတာနဲ့ ပတ်သက်လို့ အနည်းငယ်ဆွေးနွေးလိုပါတယ်။

တပါတီအာဏာရှင်စနစ်အောက်မှာ ကျောင်းသားတွေနဲ့ ရဟန်းရှင်လူပြည်သူတွေဟာ အာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီရေးတိုက်ပွဲတွေကို ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ လှုပ်ရှားဆောင်ရွက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဥပမာ - ကျွန်းဆွယ်တိုက်ပွဲ၊ အလုပ်သမားတိုက်ပွဲ၊ ကျောင်းသားတိုက်ပွဲများနဲ့ နောက်ဆုံးမှာ ၈၈ ပြည်သူ့အရေးတော်ပုံအထိ ပုံသဏ္ဌာန်အမျိုးမျိုးနှင့် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒီလိုတိုက်ပွဲဝင်ကြရာမှာ ဘယ်ပါတီရဲ့ ဦးဆောင်မှုမှမရှိသလို ဒီတိုက်ပွဲဝင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဟာလည်း တပါတီအာဏာရှင်စနစ်က ကျင်းပပေးခဲ့တဲ့ မည်သည့်ရွေးကောက်ပွဲကိုမှလည်း မ၀င်ခဲ့ကြပါဘူး။

အလားတူ ဒီဘက်ခေတ်မှာလည်း ၀ါရင့်နိုင်ငံရေးသမားကြီးများအပါအ၀င် တိုင်းရင်းသားပါတီအချို့နဲ့ အခြားနိုင်ငံရေးအင်အားစုအသီးသီးဟာ တရားဝင် နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခံထားရပေမယ့် ယနေ့ဗမာပြည် နိုင်ငံရေးလောကမှာ ဆက်လက်ရှင်သန်လှုပ်ရှားနေဆဲပါပဲ။ ဒါတွေကို သုံးသပ်ခြင်းအားဖြင့် နိုင်ငံရေးပါတီ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ရွေးကောက်ပွဲကို ၀င်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ နိုင်ငံရေးကို လုပ်လိုတဲ့ဆန္ဒသာ ပဓာနကျပါတယ်။

ဒါ့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ရင်လည်း နိုင်ငံရေးလုပ်ချင်တဲ့ ဆန္ဒသာရှိမယ်ဆိုရင် တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက်၊ ဒီမိုကရေစီရေးအတွက် နိုင်ငံရေးကို ဆက်လုပ်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေဟာ နအဖခိုင်းသမျှ လုပ်တာထက် မိမိပါတီရဲ့မူဝါဒပေါ်မှာ စွဲစွဲမြဲမြဲ ရပ်တည်ပြီး ဒီမူဝါဒတွေကို အကောင်အထည်ပေါ်အောင် ကြိုးပမ်းလုပ်ဆောင်ဖို့ လိုပါတယ်။ ပါတီရဲ့မူဝါဒဆိုတာဟာ ပြုလွယ်၊ ပြင်လွယ်၊ ပြောင်းလွယ်ဖြစ်ရမယ်ဆိုပေမယ့် မလိုအပ်ဘဲနဲ့ မူတွေကို စွန့်တာမျိုး မဖြစ်သင့်ပါဘူး။ အကယ်၍ နအဖနဲ့ တွေ့ဆုံဆွေးနွေးလို့ ညှိနှိုင်းရရှိလာတဲ့အပေါ်မှာ မူဝါဒတချို့ကို ပြင်သင့်ရင် ပြင်ရပြောင်းရမှာဖြစ်ပါတယ်။ ဒါပေမယ့် မလိုအပ်ဘဲနဲ့ အခြေအနေမဲ့၊ မူမဲ့ ပြောင်းတာမျိုးတော့ မဖြစ်သင့်ပါဘူး။

အခုတလော အချို့က ရွှေဂုံတိုင်ကြေညာချက်က ဘယ်လိုပဲဆိုဆို၊ ဘယ်လိုပဲရှိရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားသာ အဓိကဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကသာ ပြင်မယ်ဆိုရင် ရွှေဂုံတိုင်ကြေညာချက်ကို ပြင်လို့ရပါတယ်လို့ ပြောသံတွေလည်း ကြားနေရပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့အားလုံး ပစ်ပယ်လို့မရတဲ့ ပါတီရဲ့ အဓိကခေါင်းဆောင်တယောက်ဖြစ်ပေမယ့် ပါတီမှာ အများက ဆုံးဖြတ်ထားတဲ့ မူဝါဒတွေကို မိမိတဦးတည်းသဘောနဲ့ ပြောင်းဖို့ဆိုတာ မဖြစ်နိုင်သလို ဖြစ်လည်းမဖြစ်သင့်ပါဘူး။ အကယ်၍ လူတချို့က မလိုအပ်ဘဲ မူဝါဒတွေကို ပြောင်းဖို့ကြိုးစားခဲ့ရင်လည်း ဒီကြိုးပမ်းအားထုတ်မှုအပေါ်မှာ သူကိုယ်တိုင် ထောက်ခံလိမ့်မယ်လို့ မထင်ပါဘူး။

ဒီနေရာမှာ အနှစ်နှစ်ဆယ်ကျော် ဖြတ်သန်းခဲ့တဲ့ န၀တ၊ နအဖခေတ်ရဲ့ နိုင်ငံရေး အတွေ့အကြုံတွေကို သင်ခန်းစာအနေနဲ့ ယူသင့်ပါတယ်။ ၈၈ ပြည်သူ့အရေးတော်ပုံကြီး ရက်ရက်စက်စက် ဖြိုခွဲခံရပြီးနောက်ပိုင်းမှာ န၀တ၊ နအဖအာဏာပိုင်တွေက နိုင်ငံရေးပါတီတွေ ထောင်ကြပါ၊ ရွေးကောက်ပွဲကို ကျင်းပပေးပါမယ်ဆိုတဲ့ မြူဆွယ်မှုတွေနဲ့ နိုင်ငံရေးသမားတွေကို ဆွဲဆောင်ခဲ့ပါတယ်။ ဒီလိုအချိန်မှာ အောင်ပွဲအတွက် ဆက်လက်တိုက်ပွဲဝင်ရမယ့်အစား နိုင်ငံရေးသမားတွေက အပြေးအလွှား နိုင်ငံရေးပါတီတွေ ထောင်ခဲ့ကြပါတယ်။ ဒီအချိန်ကာလဟာ ကျဆုံးသွားတဲ့ တိုက်ပွဲဝင်ပြည်သူတွေရဲ့ သွေးတွေတောင် မခြောက်သေးပါဘူး။ ဒီကြားထဲက ရွေးကောက်ပွဲဝင်ဖို့ ပြင်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲဥပဒေမှာ အာဏာလွှဲပြောင်းဖို့ တိတိကျကျ ဖော်ပြထားတာ မပါရှိတာကို သိကြပေမယ့် ရွေးကောက်ပွဲကို ၀င်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲဝင်ပြီးလို့ အနိုင်ရပြန်တော့လည်း အာဏာလွှဲပြောင်းဖို့ဆိုတာကို န၀တက တခွန်းတပါဒမှမပြောဘဲ ၁/၉၀ ကို လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ ဒီနေရာမှာ နိုင်ငံရေးပါတီတွေဟာ ကိုယ့်မျှော်လင့်ချက်နဲ့ကိုယ်၊ ကိုယ်အတွေးစိတ်ကူးနဲ့ကိုယ် ၁/၉၀ အပေါ်မှာ မျှော်လင့်ချက် ထားခဲ့ကြပါတယ်။ န၀တကတော့ ဒီ ၁/၉၀ ကိုလည်းပဲ စက္ကူစုတ်လို သဘောထားပြီး အမျိုးသားညီလာခံကို ကျင်းပခဲ့ပါတယ်။ ဒီလို န၀တက အမျိုးသားညီလာခံ ကျင်းပပြန်တော့လည်း န၀တရဲ့ခိုင်းစေချက်နဲ့အညီ နိုင်ငံရေးပါတီတွေက အမျိုးသားညီလာခံကို တက်ခဲ့ကြပါတယ်။ အမျိုးသားညီလာခံမှာ မိမိတို့မျှော်လင့်သလို ဖြစ်မလာတော့မှ ဒီညီလာခံကို စွန့်ခွာထွက်ခဲ့ကြပါတယ်။

အခုလည်းပဲ နအဖက ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဆင်ခြေဆင်လက်ပေးပြီးတော့ ရွေးကောက်ပွဲကို ၀င်ကြဦးမှာလား။ အကယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ မူတွေကိုစွန့်ပြီး ရွေးကောက်ပွဲကို ၀င်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးဟာ နအဖရဲ့ စစ်အုပ်ချုပ်ရေးနွံထဲက ဘယ်တော့များ ရုန်းထွက်နိုင်မလဲဆိုတာကို မခန့်မှန်းတတ် လောက်အောင်၊ မတွေးဝံ့လောက်အောင်ပါပဲ။

ဒီနေရာမှာ နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေဟာ မိုဟာမက်နဲ့ တောင်ကြီးဆိုတဲ့ အာရပ်ပုံပြင်တပုဒ်ထဲက မိုဟာမက်လို ဖြစ်နေပါတယ်။ မိုဟာမက်ဟာ တောင်ကြီး သူ့ဆီကိုလာဖို့ ဂါထာမန္တာန်တွေနဲ့ မန်းမှုတ်ခဲ့ပေမယ့် တောင်ကြီးက သူ့ဆီကို မလာပါဘူး။ တောင်ကြီးက သူ့ဆီကိုမလာတော့ တောင်ကြီးဆီကို မိုဟာမက်က သွားခဲ့ရပါတယ်။ နိုင်ငံရေးသမားတွေဟာလည်း အမျိုးမျိုးသော ကြေညာချက်တွေနဲ့ တောင်းဆိုခဲ့ကြပေမယ့် န၀တ/ နအဖက မလိုက်လျောတဲ့အခါ န၀တ/နအဖ ခိုင်းသမျှ အကြိမ်ကြိမ် လုပ်ခဲ့ကြပါတယ်။

န၀တ/နအဖ ခိုင်းသမျှ အကြိမ်ကြိမ် လုပ်ခဲ့ပေမယ့် ပြည်သူတွေ မျှော်မှန်းတဲ့အရာဆိုလို့ ဘာတခုများ ရခဲ့ပါသလဲ။ ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ဖို့ လမ်းကြောင်းအစကိုများ ရောက်နိုင်ဖို့ ပိုးစုန်းကြူးလို အလင်းရောင်ကလေးများ မြင်ရပါသလား။ ခုထိ ဘာတခုမှ ရခဲ့တာကိုတော့ မတွေ့ရပါဘူး။ အခု ၂၀၁၀ ရွေးကောက်ပွဲကရော ပြည်သူ့အကျိုးအတွက်၊ ဒီမိုကရေစီရေးအတွက် ဘာမှ မျှော်လင့်စရာမရှိဘူးဆိုရင် ကိုယ့်ရဲ့ပါတီမူဝါဒပေါ်မှာ စွဲစွဲမြဲမြဲရပ်ပြီး ဒီမိုကရေစီရေးတိုက်ပွဲကို ဦးစီးဦးဆောင်ပြုရုံကလွဲလို့ တခြားနည်းလမ်းမရှိဘူးလို့ ထင်ပါတယ်။

ဒီနေရာမှာ ရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်မလဲဆိုတဲ့ ပုဂ္ဂိုလ်တချို့ရဲ့ ပြောစကားနဲ့ ပတ်သက်လို့ ပုံပြင်လေးတပုဒ်နဲ့ပဲ လက်ဆောင်ပါးလိုက်ပါရစေ။ တခါက တရုတ်ပြည်မှာ ရိကုန်းဆိုတဲ့ လယ်သမားကြီးတယောက်ရှိပါတယ်။ သူ့မှာ သားနှစ်ယောက်လည်း ရှိပါတယ်။ ရိကုန်းဟာ သားနှစ်ယောက်နဲ့အတူ ရွာနဲ့ မနီးမဝေးမှာရှိတဲ့ သူပိုင်လယ်ထဲကို နေ့စဉ်အလုပ်သွားလုပ်ရပါတယ်။ ဒီလို လယ်ထဲကို အလုပ်ဆင်းရာမှာ ရွာနဲ့ လယ်တောရဲ့အကြားမှာ အလွန်ကြီးမားတဲ့ တောင်ကြီးတတောင် ရှိပါတယ်။ လယ်သွားလုပ်ရာမှာ ဒီတောင်ကြီးကို အသွားတခေါက် အပြန်တခေါက် ကျော်ဖြတ်ရပါတယ်။ ဒီတောင်ကို ကျော်ဖြတ်ရတာဟာ လယ်လုပ်ရတာထက် ပင်ပန်းပါတယ်။

တနေ့မှာ ရိကုန်းက ဒီတောင်ကို ဖြိုဖို့စဉ်းစားပြီးတော့ သားနှစ်ယောက်နဲ့အတူ ပေါက်တူး၊ ပေါက်ချွန်း၊ ပေါက်ပြားတွေနဲ့ ဒီတောင်ကြီးကို စတင်ဖြိုပါတယ်။ ဒီအချိန်မှာ ရွာအနီးအနားက လူတွေက “ရိကုန်း နင် ရူးနေပြီလား၊ ဒီလောက်ကြီးတဲ့ တောင်ကြီး ဘယ်တော့ပြိုမှာလဲ” ရယ်လို့ မေးပါတယ်။ ရိကုန်းကလည်း “ငါ မရူးဘူး။ ဒီတောင်ကြီးဟာ ခင်ဗျားတို့ ပြောသလို ကြီးတာတော့ မှန်ပါတယ်။ ဒါပေမယ့် ဒီ့ထက် ထပ်မကြီးနိုင်တော့ပါဘူး။ ငါသေသွားရင် ငါ့သားတွေရှိတယ်၊ ငါ့သားတွေ သေသွားရင် ငါ့မြေးငါ့မြစ်တွေ ရှိတယ်။ ဒီတောင်ကြီး ဘယ်လောက်ပဲကြီးကြီး တနေ့မှာ ပြိုကိုပြိုရမယ်” ဆိုပြီး ဇွဲနပဲနဲ့ တောင်ကြီးကို ဖြိုနေလိုက်တာ တနေ့သောအခါမှာ မိုးနတ်မင်းကြီးက မနေနိုင်လို့ တောင်ကြီးကို ဖယ်ပေးရပါတယ်။ ဒီပုံပြင်လေးနဲ့ပဲ အဆုံးသတ်ပါရစေ။ ။
အောင်ဇံ
၁၈/ ဖေဖော်ဝါရီ ၂၀၁၀
မူရင်း ။ ။ ခေတ်ပြိုင်

ဒေါ်စုလွတ်ရေးကိစ္စ အန်အယ်ဒီက ကုလသံကို တင်ပြ



ချင်းမိုင်၊ နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် လိုအပ်ကြောင်း ကုလသံတမန် မစ္စတာ ကွင်တားနားကို အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် CEC က ယနေ့ ပြောဆိုလိုက်သည်။
အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မဖြစ်မနေ ပြန်လွှတ်ပေးဖို့ လိုအပ်ကြောင်း အန်အယ်ဒီ CEC အဖွဲ့ဝင် ၅ ဦးက ကုလသံတမန်ကို ရန်ကုန် မြရိပ်ညို ရွိုင်ရယ်ဟိုတယ်၌ ယနေ့ ညနေပိုင်းတွင် တနာရီကြာ တွေ့ဆုံခွင့် ရရှိခဲ့စဉ် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

''ဒေါ်အောင်ဆန်းစုကြည် လွတ်ရေးကို ကျနော်တို့ ပြောတယ်၊ တောင်းဆိုပါတယ်။ လွတ်ရေးအတွက် တောင်းဆိုသွားဖို့ လိုအပ်ပါတယ်လို့ ကျနော်တို့ ပြောလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရာအတွက် တိုက်တွန်းပါတယ်ဆိုတဲ့အခါ သူ့အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်ပါတယ်လို့ ပြောပါတယ်'' ဟု ယနေ့ တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သည့် အန်အယ်ဒီ CEC အဖွဲ့ဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

တွေ့ဆုံပွဲတွင် ယခုလ ၁၃ ရက်နေ့က နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသည့် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး ဦးဆောင်ခဲ့ပြီး၊ CEC အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွန့်ဝေနှင့် ဦးသန်းထွန်းတို့ တက်ရောက်ခဲ့သည်။

ဦးခင်မောင်ဆွေက “မစ္စတာ ကွင်တားနား ပြောတာက အန်အယ်ဒီ CEC တွေနဲ့ စုံစုံညီညီ တွေ့ရတာ သိပ်ပြီး ဝမ်းသာတဲ့အကြောင်း၊ ဒါမျိုး တွေ့ရတဲ့အတွက် သူ့မှာ အားရှိကြောင်း၊ ဆွေးနွေးတဲ့ ကိစ္စတွေကိုလည်း မှတ်သားပြီး ပြန်တင်ပြမယ့်အကြောင်းတွေ ပြောပါတယ်” ဟု မဇ္ဈိမကို ပြန်ပြောပြသည်။

အန်အယ်ဒီက စစ်အစိုးရသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုထားပုံ၊ နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လည် လွတ်မြောက်ရန်နှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည်၍ ပြင်ဆင်ပေးရန် လိုအပ်ပုံများကို တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ကြသည်။

ထို့ပြင် ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက ကျင်းပခဲ့သည့် ပြည်နယ်/တိုင်း ပါတီကိုယ်စားလှယ်များ၊ လွှတ်တော်အမတ်များ၊ ဗဟိုခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးမှ ထုတ်ပြန်ခဲ့သည့် ရွှေဂုံတိုင် ကြေညာစာတမ်းအတိုင်း ရပ်တည်သွားမည်ဖြစ်သဖြင့် လက်ရှိတွင် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရေး၊ မယှဉ်ပြိုင်ရေးကိစ္စ မစဉ်းစားသေးကြောင်းလည်း တင်ပြခဲ့ကြသည်။

ဦးဝင်းတင်က ''လူ့အခွင့်အရေးက အရေးကြီးပါတယ်။ အရေးကြီးပေမယ့် နိုင်ငံရေး အခြေခံတွေ ကင်းလွတ်လို့ မရဘူး။ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စဉ်းစားချက် မရှိဘူး၊ ရွှေဂုံတိုင်အပေါ် ရပ်တည်မယ်။ ရွှေဂုံတိုင် ပြဿနာဟာ နိုင်ငံရေး ပြဿနာပဲ။ လူ့အခွင့်အရေး ပြဿနာတခုထဲဆိုရင် လာမယ့် ရွေးကောက်ပွဲလိုဟာမျိုးပေါ့၊ လွတ်လပ်စွာ ရွေးချယ်ခွင့်၊ မဲပေးခွင့် ဆိုတာမျိုးပေါ့။ သို့သော် နိုင်ငံရေးပြဿနာတွေကို စဉ်းစားရလိမ့်မယ်။ နိုင်ငံရေးပြဿနာတွေနဲ့ ပတ်သက်လို့ အားလုံး ပါဝင်ပတ်သက်ရေး၊ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး ဘေးမရောက်ရေး၊ အန်အယ်ဒီပါတီမျိုး ပါဝင်လှုပ်ရှားနိုင်ဖို့၊ နိုင်ငံရေး ဖြစ်စဉ်တခုလုံးထဲမှာ ပါဝင်လှုပ်ရှားနိုင်တဲ့ အနေအထားတွေ မရှိဘူးဆိုရင် ဘာမှ လုပ်လို့ မရဘူး'' ဟု ပြောသည်။

ရွှေဂုံတိုင် ကြေညာစာတမ်းတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေ ပြန်လည်ပြင်ရေး၊ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးနှင့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို တစုံတရာ အသိအမှတ်ပြုရေးတို့ လိုအပ်ကြောင်း ပါရှိသည်။

ယနေ့ တွေ့ဆုံပွဲတွင် ပါတီအောက်ခြေ အဖွဲ့များ လွတ်လပ်စွာ ဖွဲ့ခွင့်မရကြောင်းနှင့် ပါတီရုံးများ ချိတ်ပိတ်ခြင်း၊ ဆိုင်းဘုတ်ဖြုတ်ခြင်း ပြုလုပ်ခံထားရကြောင်း မစ္စတာကွင်ကို အန်အယ်ဒီ ခေါင်းဆောင်များက ပြောဆိုခဲ့သည်။

ကုလသံတမန်ကလည်း မနက်ဖြန်တွင် စစ်အစိုးရ နေပြည်တော်သို့ သွားရောက်ပြီးနောက် ပြန်လာမည်ဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရေး မျှော်လင့်ထားကြောင်း တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။ မစ္စတာကွင်၏ မြန်မာပြည်ခရီးစဉ်နှင့် ပတ်သက်၍မူ ကျေနပ်မှုရှိကြောင်း အန်အယ်ဒီက ပြောသည်။

ဦးဝင်းတင်က ''ခရီးစဉ်အပေါ် ကျနော်တို့ ကျေနပ်ပါတယ်။ လူ့အခွင့်ရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို တင်ပြမယ့် အနေအထားတွေ ရှိတဲ့အတွက် ကျေနပ်ပါတယ်။ သို့သော် မြန်မာပြည် ကိစ္စတွေမှာ တကယ်ပြောလို့ ရှိရင် လူ့အခွင့်အရေး ပြဿနာတွေတင် မဟုတ်ဘူး၊ နိုင်ငံရေးပြဿနာတွေလည်း ရှိပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေး အခြေအနေတွေကိုလည်း သဘောပေါက်စေချင်တယ်။ ကုလသမဂ္ဂမှာ ပြန်ပြီးတော့ တင်ပြစေချင်ပါတယ်'' ဟု ပြောသည်။

ယခုလ ၁၅ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို လာရောက်လေ့လာသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဂျေး ကွင်တားနား၏ ၅ ရက်ကြာ ခရီးစဉ်အတွင်း ယခုလ ၁၆-၁၇ ရက်နေ့များတွင် ရခိုင်ပြည်နယ် စစ်တွေနှင့် ဘူးသီးတောင်ထောင်သို့ သွားရောက်ခဲ့သည်။ ထိုခရီးစဉ်၌ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ဌာနေကိုယ်စားလှယ် မစ္စတာ စတိဗ် မာရှဲလ် (Mr. Steve Marshall) လည်း သူနှင့်အတူ လိုက်ပါသွားခဲ့သည်။

အစိုးရမဟုတ်သော အဖွဲ့ NGO ၂၀ ကျော်နှင့်လည်း အစည်းအဝေး ပြုလုပ်ခဲ့ပြီးဖြစ်ကာ၊ မစ္စလာမ် ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံခဲ့သည်။

ဘူးသီးတောင်ထောင်တွင် နိုင်ငံရေး အကျဉ်းသားများဖြစ်သော ကိုဋ္ဌေးကြွယ်၊ ကိုထွန်းညို၊ ကိုမြတ်ထွန်း၊ ဦးအာမက်၊ ဦးကျော်မင်း၊ စစ်ထွေအကျဉ်းထောင်တွင် ကိုသန်းတင်၊ ကိုပြည့်ဖြိုးလှိုင်၊ ကိုအောင်ထွန်းမြင့်နှင့် ဦးစန္ဒာသီရိတို့နှင့် တွေ့ဆုံခဲ့သည်ဟု ကုလသမဂ္ဂမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးအေးဝင်းထံမှ သိရသည်။

ယနေ့တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး နေ့လည် ၁၂ နာရီခန့်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန်ထောင်သို့ သွားရောက်ကာ နိုင်ငံရေး အကျဉ်းသား အချို့နှင့် တွေ့ဆုံခဲ့သေးသည်။ ၎င်းတို့မှာ ဒေါ်နော်အုန်းလှ၊ မသန်းသန်းဋ္ဌေး၊ ဦးကျော်ဆန်း၊ ကိုကြည်သန်း၊ ကိုမျိုးဝင်း၊ ကိုခိုင်ကျော်မိုးတို့ ဖြစ်သည်။

ရန်ကုန်ရှိ ကုလသမဂ္ဂရုံး ပြန်ကြားရေးဌာနက အင်းစိန်ထောင်အပြီး တိုင်းရင်းသား ခေါင်းဆောင်အချို့နှင့် တွေ့ဆုံမည်ဟု ပြောဆိုခဲ့သော်လည်း အတိုက်အခံ ပါတီတခုဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့သို့ မည်သည့် အကြောင်းကြားမှုမျိုး မရှိခဲ့ကြောင်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးပူကျင့်ရှင်းထန်က မဇ္ဈိမကို ပြောသည်။

သူက ''တိုင်းရင်းသား ခေါင်းဆောင်ဆိုတာက နအဖအစိုးရနဲ့ အဆင်ပြေတဲ့၊ အတိုက်အခံပါတီပုံစံ မဟုတ်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့သာ တွေ့ခိုင်းမယ်လို့ ယူဆရပါတယ်။ အခုချိန်ထိ ကျနော်တို့ကို ဘာမှ အကြောင်းမကြားဘူးဆိုတော့ တွေ့ရဖို့ဆိုတာက မျှော်လင့်ချက် သိပ်မရှိတော့ဘူးပေါ့'' ဟု ပြောသည်။

မနက်ဖြန် ညနေပိုင်းတွင် စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်မှ ရန်ကုန်သို့ ပြန်လည် ရောက်ရှိမည် ဖြစ်သောကြောင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရေး စစ်အစိုးရထံ တောင်းဆိုထားသည်မှာ အဖြေထွက်လာမည် ဖြစ်သည်။
စိုင်းဇွမ်ဆိုင်း၊ မြင့်မောင် | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၈ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၃၁ မိနစ်
(ရဲရင့်အောင် တည်းဖြတ်သည်။)

Thursday, February 18, 2010

ဂုဏ်ပြောင်တဲ့ အလုပ်သမားသပိတ်ကို ဝန်းရံကြ

ရန်ကုန် လှိုင်သာယာစက်မှုဇုန်မှာ အလုပ်သမားသပိတ်တွေ တနေရာပြီးတနေရာ ဆက်ကာဆက်ကာ ပေါ်ထွက်လာနေတယ်။
တန့်သွားမယ့်သဘော မရှိသေးပါဘူး။ ကျယ်ပြန့်လာနေတယ်လို့တောင် ဆိုရမလိုပါပဲ။

တိုက်ဆိုင်လှပါတယ်။

နအဖစစ်အစိုးရက ရွေးကောက်ပွဲအတွက် သူတို့တွင်းမှာ နေရာအတွက် ခွက်စောင်းခုတ်နေကြချိန်၊ နောက်အစိုးရလက်ကို
ပြောင်းမပေးမီ ဒင်းတို့တတွေ နိုင်ငံပိုင်ပစ္စည်းတွေကို တိုက်ရာပါပစ္စည်း ခွဲသလိုခွဲနေကြချိန်၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး
ကိုယ်စားလှယ် တောမတ်စ်ကင်တားနား မြန်မာပြည်ကိုရောက်နေချိန်၊ နအဖကို ဖားနေတဲ့လူတွေ လျှာကုန်လက်ပန်းကျနေချိန်၊
ပြည်သူလူထုကြီးဟာ ကိုယ့်ဘက်က လှုပ်ရှားမှု၊ အနည်းဆုံး တခုခုကို မြင်လိုလှနေချိန်။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအသည်းနှလုံး၊ အလုပ်သမားလူတန်းစားရဲ့ ဗဟိုဌာနချုပ်တည်ရှိရာ မဟာရန်ကုန်မှာ အလုပ်သမတွေဟာ လက်သီးလက်မောင်းတန်း နေကြပါတယ်။

တဆက်တည်းပြောသင့်တဲ့ တိုက်ဆိုင်မှုကတော့ ၁၉၇၄ ခုနှစ်က ပြည်လုံးကျွတ်အလုပ်သမားသပိတ်ကြီးကို ပြန်သတိရစေတယ်
ဆိုတာပါပဲ။ မဆလစစ်အစိုးရက သူတို့ရဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြေညာလိုက်တော့ ဥပဒေဘောင်အတွင်းမှာ ရှိတဲ့ မဆလအစိုးရရဲ့ သဘောတူညီချက်နဲ့ ဖွဲ့စည်းထားတဲ့ ကောင်စီမျိုးစုံနဲ့ မီဒီယာပေါင်းစုံတို့က ခြိမ့်ခြိမ့်သဲထောက်ခံခဲ့ကြ ပါတယ်။ ဘယ်သူကမှ ဆန့်ကျင်ကြောင်း၊ သဘောမတူညီကြောင်း မပြောနိုင်ကြတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ မြစ်ငယ်မီးရထားစက်ရုံက စလိုက်တဲ့ အလုပ်သမားသပိတ်တွေဟာ တပြည်လုံးအနှံ့ကနေ မဆလ တဖက်သတ် အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောမတူ၊ လက်မခံကြောင်း ပြတ်ပြတ်သားသား၊ ပြက်ပြက်ထင်ထင် ဖော်ပြလိုက်ကြပါတယ်။ အခုလည်းပဲ နအဖစစ်အစိုးရက သူတို့ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရွေးကောက်ပွဲကတဆင့် အကောင်အထည်ဖော်ဖို့ လုပ်နေတဲ့အချိန်မှာ ပြည်သူလူထုကို ဘယ်တော့မှ သစ္စာမဖောက်တဲ့ အလုပ်သမားလူတန်းစားဟာ တခါထရပ်ပြလိုက်ကြပြန်ပါပြီ။ ပြည်သူလူထုကြီးတရပ်လုံးရဲ့ကိုယ်စားပါ။

တကယ်က မြန်မာပြည်ထဲကို ဒီလို ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်သွင်းယူလာတဲ့ နအဖစစ်ဗိုလ်ချုပ်တွေဟာ အလုပ်
သမားတွေရဲ့အရေးကို ဘယ်တုန်းကမှ ထည့်မစဉ်းစားခဲ့ပါဘူး။ သူတို့အတွက် ဘာစားကွက်ရှိမလဲ၊ ဘယ်လိုအကျိုးခံစားရမလဲ ဆိုတာလောက်ကိုသာ စဉ်းစားပြီး ခေါ်သွင်းလာတာဖြစ်ပါတယ်။ ဒီစက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ဖို့ စာချုပ်တွေ ချုပ်ဆိုရာမှာ အလုပ်သမားအခွင့်အရေး၊ အလုပ်ခွင်သာယာပြည့်စုံရေး၊ အန္တရာယ်ကင်းစင်ရေး၊ သက်ဆိုင်ရာက ပုံမှန်ဝင်ရောက်စစ်ဆေးရေး စတဲ့အချက်တွေကို သာမန်ကာလျှံကာလောက်သာ ထည့်သွင်းလေ့ရှိပါတယ်။ သတ္တုမိုင်းတွေမှာတောင် သာမန်ဟန်ပြ စည်းကမ်းချက်လောက် ထားရှိတာပါ။ မဆလစစ်အစိုးရ လက်ထက်တုန်းကတော့ မဆလအစိုးရဟာ သူတို့ ပြည်သူပိုင် မသိမ်းချင်တာနဲ့ ကျန်ကောင်းလို့ကျန်တဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ သူတို့ရဲ့ လုပ်သားကောင်စီ ဆိုတာတွေကတဆင့် အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကို ရန်တိုက်ပေးတဲ့အခါမှာ ၁၉၂၄ ခုနှစ်က အလုပ်သမားဥပဒေဆိုတာနဲ့ အလုပ်သမားဥပဒေ တလှေကြီးကို ကိုးကားပြီး လုပ်ငန်းရှင်တွေကို အနိုင်ကျင့်လေ့ရှိပါတယ်။ (၁)နေ့ အလုပ်ချိန် ဘယ်နှနာရီ၊ (၁) ပတ် ဘယ်နှနာရီထက် မကျော်လွန်ရ ဆိုတာတွေကိုလည်း ပြင်းပြင်းထန်ထန်၊ တိတိကျကျ တောင်းဆိုပါတယ်။ အဲဒီတုန်းက သူတို့အဖို့မှာ အဲဒီအလုပ်ရှင်တွေဟာ သူတို့ရဲ့ အကြီးဆုံးရန်သူ၊ ဗမာပြည်မှာ အဆိုးဆုံး သွေးစုပ်သူတွေလို့ သတ်မှတ်ထားတာကိုး။ အခုတော့ နအဖဟာ သူတို့ပင့်လာတဲ့ နိုင်ငံခြားက အရင်းရှင်တွေကို အစစ အခွင့်အရေးတွေပေး၊ အလုပ်သမားတွေကို အချိန်အကန့်အသတ်မရှိ၊ အလုပ်ရက်အကန့်အသတ်မရှိခိုင်း၊ သွေးစုပ်နေတာတွေကိုတော့ လက်ပိုက်ကြည့်နေကြပါတယ်။ မနက် (၇) နာရီကနေ ည (၁၁) နာရီ၊ နေ့လယ် (၁) နာရီနား၊ တနေ့ (၁၅) နာရီ အလုပ်ချိန်ဆိုတာ ဒီနေ့ခေတ်ကမ္ဘာမှာ ရှာမှရှားပါ။ ကျွဲတွေ နွားတွေကိုသာ ဒီနှုန်းနဲ့ခိုင်းရင် အစောကြီး သေကုန်ကြမှာပါ။ ဒါပေမယ့် နအဖခေတ်မှာတော့ ဒါဟာ လုပ်ရိုးလုပ်စဉ်တရားတခုတောင် ဖြစ်နေပါတယ်။

အခုအခါ ဗမာပြည်တွင်းမှာ လုပ်ငန်းရှင်ချင်းအတူတူ နအဖနဲ့သူတို့အသိုင်းအဝိုင်းက လူတွေပိုင်တဲ့ စက်ရုံတွေ (သူများနာမည်တွေနဲ့ထားတာ၊ အများစုက ပြည်ပနဲ့ဖက်စပ်တွေ)၊ လုပ်ငန်းတွေကိုကျတော့ အခွန်အပါအဝင် အထူးအခွင့်အရေးတွေ အမြောက်အမြား ခံစားခွင့်ပေးထားပြီး တခြားစက်ရုံတွေ လုပ်ငန်းတွေကိုတော့ အခွန်အမျိုးမျိုး၊ ကန့်သတ်ချက်အမျိုးမျိုးနဲ့ ဖိနှိပ်ထားပါတယ်။ ဒါကြောင့် ဒီတိုင်းပြည်မှာ စီးပွားရေး အခြေအနေကောင်းတဲ့ စက်ရုံလုပ်ငန်းတွေနဲ့ စီးပွားရေးအခြေအနေ မကောင်းဘဲ မသေမရှင် တဲတဲလေး ရပ်တည်နေရတဲ့ စက်ရုံလုပ်ငန်းရယ်လို့ နှစ်မျိုးနှစ်စား သိသိသာသာကွဲနေပါတယ်။ ဘယ်ဟာမျိုးကို ဘယ်လိုလူမျိုးက ပိုင်တယ်ဆိုတာ အထူးမေးနေ၊ ပြောနေစရာမလိုတော့ပါဘူး။

ဒီတခါ အလုပ်သမားသပိတ်တွေ ပေါ်တယ်ဆိုတော့ နအဖတာဝန်ရှိသူတွေက ကြားကနေ ဝင်ရောက်ဖျန်ဖြေပေးတယ်ဆိုတာ
လုပ်ခဲ့ပါတယ်။ ဒီနေရာမှာ မေးစရာပေါ်လာတာက တကယ်လို့များ သပိတ်တွေဟာ အစိုးရပိုင်လုပ်ငန်းတွေ၊ စက်ရုံတွေမှာ၊ ဒါမှ
မဟုတ် နအဖထိပ်သီးတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ စက်ရုံတွေမှာ ပေါ်တယ်ဆိုရင် နအဖက ကြားဝင်ဖျန်ဖြေတယ် ဆိုတဲ့နည်းနဲ့ ဖြေရှင်းပါ့မလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။

သေချာတာက ဒီအချိန်မှာ နအဖ အကြမ်းမကိုင်နိုင်ဘူး ဖြစ်နေပါတယ်။ ဦးတင်ဦးကို ပြန်တောင်လွှတ်ပေးနေရတယ် မဟုတ်ပါလား။ လာမယ့်ရွေးကောက်ပွဲအတွက် သူတို့တွင်း ခြေပုန်းခုတ်တာ၊ အမြီးချင်းလိမ်တာ၊ ချောင်ထိုးတာတွေ လုပ်နေရတဲ့ကိစ္စတွေက သူတို့အတွက် ပိုအရေးကြီးတယ်ဆိုတာ ငြင်းစရာမလိုပါဘူး။ ဒီလိုအချိန်မှာ အလုပ်သမားသပိတ်တွေက “သခွတ်ပင်က မီးတကျည်ကျည်” ဖြစ်နေတာမျိုး သူတို့မတွေ့ချင်ပါဘူး။ ဒါပေမယ့် ဒါကို အကြမ်းဖက်နှိမ်နင်းလိုက်ရင်လည်း သူတို့အတွက် လွယ်လွယ်ကူကူမပြီးဘဲ ယမ်းပုံထဲ မီးပွားချလိုက်သလို ဖြစ်သွားရင် သူတို့ရဲ့ ရွေးကောက်ပွဲအစီအစဉ်တွေ၊ သူတို့ချင်း ထိန်းညှိထားတာတွေ၊ ဝေစုခွဲထားတာတွေ၊ အားလုံး ပိုကမောက်ကမ ဖြစ်ကုန်နိုင်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်တွေဟာ ထိန်းထိန်းသိမ်းသိမ်း လုပ်နေကြတာဖြစ်ပါတယ်။

ဒီလိုအချိန်အခါကောင်းမှာ ပေါ်လာတဲ့ အလုပ်သမားသပိတ်ကို ပြည်သူလူထုကြီးနဲ့အတူ အတိုက်အခံအင်အားစုတွေ (ပြည်
တွင်းပြည်ပအားလုံး) ဝန်းရံကြဖို့လိုပါတယ်။ နအဖဟာ ဒီကိစ္စကို တမင်သေးငယ်အောင်၊ သူများတွေ သတိမထားမိအောင် လုပ်နေချိန်မှာ အာရုံစိုက်ကြရပါမယ်။ အထောက်အကူဖြစ်နိုင်မယ့် လုပ်ငန်းတွေကို ကြံဆလုပ်ကိုင်ကြရပါမယ်။ ဒါပေမယ့် သူတို့မှာ ဆေးအတွက်ကြောင့် လေးဆိုတာမျိုးတော့ မဖြစ်သင့်ပါ။

ရဲဘော်ဖိုးသံချောင်း
၁၆/ ဖေဖော်ဝါရီ ၂၀၁၀
မူရင်း ။ ။ ခေတ်ပြိုင်