Monday, February 7, 2011

တရားမ၀င် ပြည်ပအလုပ်အကိုင် အေးဂျင့် ၂၀ ကျော်ကို ဖမ်းဆီးထား

ပြည်ပအလုပ်အကိုင် လုပ်ကိုင်ခွင့်မရှိသော တရားမ၀င်အေးဂျင့် ၂၀ ကျော်ကို ဇန်န၀ါရီ နောက်ဆုံးပတ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ မကြာသေးမီအချိန်က မလေးရှားသို့ ဗီဇာအတု၊ စာရွက်စာတမ်း အတုများဖြင့် စေလွှတ်ခံရသူ မြန်မာအလုပ်သမား ၈၀ ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရှိခဲ့သည့် ဖြစ်ရပ်အပြီး ရန်ကုန်ရှိ ပြည်ပအလုပ်အကိုင် အေးဂျင့်များကို သက်ဆိုင်ရာ ဗဟိုစုံစမ်းစစ်ဆေးရေး အဖွဲ့က လိုက်လံစစ်ဆေးရာမှ တရားမ၀င်အေးဂျင့်များကို ယခုကဲ့သို့ တွေ့ရှိရခြင်း ဖြစ်သည်ဟု ရန်ကုန်ရှိ တရားဝင်လိုင်စင် အေးဂျင့်တစ်ခုက ပြောသည်။ “ဗီဇာအတုနဲ့ မြန်မာလုပ်သားတွေ စေလွှတ်ခံရတဲ့ ကိစ္စမှာ ရန်ကုန်က အေးဂျင့် ၁၂ ခုနဲ့ ပတ်သက်နေတာကို တွေ့ရလို့ အခုလို အေးဂျင့်တွေကို သက်ဆိုင်ရာက လိုက်လံ စစ်ဆေးနေတာပါ။ အခုဆို အလုပ်သမားဝန်ကြီးဌာနက ရန်ကုန်မှာရှိတဲ့ အေးဂျင့်တွေ အားလုံးကို မှန်မှန်ကန်ကန် ၀န်ဆောင်မှုပေးဖို့၊ ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာဖို့ အကြောင်းကြားထား ပါတယ်”ဟု ရန်ကုန်ရှိ တရားဝင်အေးဂျင့် တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

အာရပ်ကမ္ဘာမှ ကဗျာဆန်သော ဖီဆန်မှု


တူနီးရှားဇာတ်လမ်းပမာက အဆုံးမသတ်သေး။ စံပယ်ဖြူဟု ခေါ်သော ဒီဖြစ်စဉ်သည် အခြေခံကျသော အပြောင်းအလဲကို ဆောင်ကျဉ်းပေးမည်လား၊ အပြင်ပန်း ပြင်ဆင်မွမ်းမံထားသည့် ဒုံရင်းထက် သာရုံ ဒီမိုကရေစီ
အမည်ခံတစ်ခုကိုပဲ မွေးဖွားပေးမည်လား၊ တစ်ဦး တစ်ယောက်ကသာ ချုပ်ကိုင်သည့် အာဏာပိုင် စနစ်သစ်ကိုပဲ ထပ်မံ မွေးဖွားပေးမည်လား ဆိုခြင်းကတော့ မသေချာသေး။ သို့ပေမဲ့ တူနီရှား ဂယက်ကတော့ အာရပ်
အိမ်နီးချင်းတွေထံ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ အီဂျစ်၊ ဂျော်ဒန်၊ ယီမင်၊ အယ်လ်ဂျီးရီးယား၊ လစ်ဗျား၊ မော်ရူတေးနီးယား၊ ဆူဒန်၊ အိုမန် စသဖြင့်။ ငြိမ်သက်နေသော ကန်ရေပြင်ထက် ခဲတစ်လုံး ပစ်ချလိုက်သလို ဖြစ်သည်။ ဂယက်တွေ၊ ဂယက်တွေက တစ်ခုမကတော့။ သူတို့ဆီမှာတော့ Domino Effect ဟု ရည်ညွှန်းကြသည်။ တစ်ခုလဲသည်နှင့် လိုက်လဲကြသည့် ဒိုမီနိုတုံးကလေးတွေလို ဖြစ်သည်။
ဒေသဆိုင်ရာ အဆင့်က ဖြစ်ခဲ့သော တစ်စုံတစ်ရာသည် ယိုင်နဲ့နေသော အာရပ်အာဏာပိုင်စနစ်ကို လှုပ်ခတ်သွားစေခဲ့ပြီး အပြောင်းအလဲ ဆိုသည်မှာ အမှန်တကယ်ရှိသည့် ဝေါဟာရ ဖြစ်ကြောင်း အာရပ်လူငယ် မျိုးဆက်ကို နားလည်စေခဲ့သည်။စိတ်အားထက်သန်မှု အခိုက်အတန့်ကို မြင်ရုံဖြင့်တော့ အာရပ်ကမ္ဘာ တစ်ခုလုံးကို ပြောင်းလဲသွားမည်ဟုတော့ မမျှော်လင့်နိုင်သေး။ ဘာဆက်ဖြစ်မည် ဆိုသည်ကို မင်သက်ပြီး ငေးကြည့်နေရုံသာ။
တူနီးရှားဖြစ်စဉ်ကို ထပ်ကျော့ ကြည့်ရုံဖြင့် အာရပ်ကမ္ဘာက မငြိမ်သက်မှုတွေကို ထပ်တူပြုစဉ်းစားရန်တော့ မဖြစ်နိုင်သေးပေ။ အာရပ်တိုင်းပြည်တိုင်းသည် မတူညီသော နိုင်ငံရေးသမိုင်း၊ ယဉ်ကျေးမှု၊ ကွဲပြားခြားနားသော လူဦးရေ၊ ပထ၀ီအနေ အထားတို့ကို ပိုင်ဆိုင်ထားသည်။ ပညာတတ်များခြင်း၊ လူလတ်တန်းစားများခြင်း၊ နိုင်ငံအရွယ်အစားငယ်ခြင်း၊ ဥရောပနှင့် အဆက်အဆံ ကောင်းခြင်း၊ ဘဏ္ဍာရေး အကျပ်အတည်းနှင့် တိုက်ရိုက်ထိစပ်နေခြင်း စသော စသော အကြောင်းတရား တို့က တူနီရှား၏ အကျိုးတရားကို ကွဲပြားစေသည်။ နောက်တစ်ချက်က အာရပ်အာဏာပိုင်တို့၏ သင်လွယ်တတ်လွယ်ခြင်း ဖြစ်သည်။ စိန်ခေါ်မှုတို့နှင့် ရင်ဆိုင်ရာတွင် အာဏာပိုင်တို့သည် ရှင်ကျန်နိုင်ရေး ကြိုးပမ်းနိုင်စွမ်း ရှိခဲ့ကြပြီး ဖြစ်သည်။ တင်းတင်း ကျပ်ကျပ် ချုပ်ကိုင်ခံခဲ့ရသော တူနီးရှားနှင့် မတူသည်က အီဂျစ်၊ ဂျော်ဒန် တို့သည် ဒီအခြေအနေမျိုးကို ဆယ်စုနှစ်နှင့်ချီ အကြိမ်ကြိမ် ကြုံခဲ့ဖူးပြီး ဖြစ်သလို ကိုင်တွယ်ထိန်းချုပ်နိုင်ခဲ့သည်ကလည်း သဘာရင့်နေပြီ။ တူနီးရှား အလွန် ဆင့်ကဲ့ထွက်ပေါ်လာသော အီဂျစ်ဖြစ်စဉ်သည် ပြင်ပမှသူတို့အဖို့ အံ့ဘနန်း ဖြစ်သော်လည်း ပါလက်စတိုင်း ထောက်ခံမှု၊ အီရတ်စစ်ပွဲ ဆန့်ကျင်မှု ဆန္ဒပြပွဲများ၊ ကီဖာရာ လှုပ်ရှားမှု၊ ဧပြီ ၆ လှုပ်ရှားမှု၊ ရှေ့နေနှင့် တရားသူကြီးများ ဆန္ဒပြမှု၊ အလုပ် သမား မငြိမ်သက်မှုတို့ကို ရင်ဆိုင်ခဲ့ပြီး ဖြစ်သော အီဂျစ်အတွက်တော့ အမျိုးအစားအားဖြင့် မထူး၊ အရွယ်အစားကသာ စောင့်ကြည့်စရာ ဖြစ်သည်။ ဒီအခြေအနေမျိုးသည် ဆယ်စုနှစ်နှင့်ချီ ရုန်းကန်နေရဆဲ ဖြစ်သည့် အခြား အာရပ်နိုင်ငံတို့ အတွက်လည်း ထူးမခြားနား။

ပထမဆုံး ပြိုလဲခဲ့သည့် ဒိုမီနိုတုံးကလေးနောက်က ပြိုမယောင် ဒိုမီနိုတွေကို စောင်းငဲ့ကြည့်နိုင်သည်။ အီဂျစ်သည် တူနီးရှားထက် ရှစ်ဆကြီးသည်။
အာရပ်ကမ္ဘာမှ ဖြစ်စဉ်တွေကို သတ္တုချကြည့်လျှင် တူညီသည့် အချက်တွေကလည်း ရှိနေသည်။ အဓိကမှာ မြင့်တက်လာသော ကုန်ဈေးနှုန်း၊ အလုပ်လက်မဲ့၊ ဆင်းရဲမွဲတေမှု၊ ခြစားမှု၊ လူနည်းစု အလွန်အကျွံ ကောင်းစားမှုတို့ ဖြစ်သည်။ ဖိနှိပ်မှုကတော့ အထွေထူး ပြောရန်မရှိ။ မီဒီယာသစ်ဟု သုံးနှုန်းကြသော အင်တာနက် လူမှုကွန်ရက်တို့သည်လည်း ဂယက်ကို ပျံ့နှံ့စေခြင်းတွင် အရေးပါသော အခန်းမှ အသုံးတော်ခံခဲ့ကြသည်။ တူနီးရှား ဖြစ်စဉ်တွင် လူလတ်တန်းစားတို့၏ အရပ်ရပ် မကျေနပ်မှုတို့က အဓိကကျခဲ့သလို ကျန်နိုင်ငံများတွင်လည်း ထိုနည်းတူ။
ပထမဆုံး ပြိုလဲခဲ့သည့် ဒိုမီနိုတုံးကလေးနောက်က ပြိုမယောင် ဒိုမီနိုတွေကို စောင်းငဲ့ကြည့်နိုင်သည်။ အီဂျစ်သည် တူနီးရှားထက် ရှစ်ဆကြီးသည်။ စာတတ်မြောက်မှုနှုန်း ပိုနိမ့်သလို ဆယ်စုနှစ်သုံးခုပြည့်တော့မည့် မူဘာရက်ဘက်မှာ လက်နက်ကိုင် တပ်ဖွဲ့က အားကောင်းသည်။
အာရပ်ကမ္ဘာ၏ အဆင်းရဲဆုံး ယီမင်မှာတော့ ၃၂ နှစ်ကြာ သမ္မတ ဖြစ်နေသူ ဆာလက်ရှိသည်။ လက်နက်ကိုင်တပ်တွေ အဓိကထားပြီး လစာတွေတိုးပေးဖို့၊ အခြေခံ စားသောက်ကုန်ဈေးတွေ ထိန်းချုပ်ဖို့ လုပ်ပေးမည်ဟု ကတိပြုလိုက်ပြီး ဖိနှိပ်မှုတွေ ကို အားကောင်းကောင်းနှင့် ဆက်လုပ်နေဆဲ ဖြစ်သည်။
၁၉၉၂ ခုနှစ်ကတည်းက အရေးပေါ် အခြေအနေ ကြေညာထားသော အယ်ဂျီးရီးယားကတော့ အတန်ငယ် ပိုလွတ်လပ်သည်။ မီဒီယာ လွတ်လပ်ခွင့် ပိုရှိသလို ပါတီစုံကိုလည်း အတိုင်းအတာတစ်ခုအထိ ခွင့်ပြုပေးထားသည်။
စံချိန်တင် ၄၁ နှစ်နှင့် ကဒါဖီ ကတော့ လစ်ဗျားကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ထားနိုင်သည်။ လူဦးရေ နည်းသလို ရေနံကြွယ်ဝမှု ရှိပေမဲ့ သူလည်း မငြိမ်သက်မှုတွေတော့ ရင်ဆိုင်နေရဆဲ ဖြစ်သည်။
တော်ဝင်မိသားစုက ချုပ်ကိုင်ထားသော ဂျော်ဒန်ကတော့ ကုန်ဈေးနှုန်း ပြဿနာက စသည့် ဇာတ်လမ်း ဖြစ်နေသည်။ လက်ရှိ အချိန်အထိ ငြိမ်းငြိမ်းချမ်းချမ်းသာ ထုတ်ဖော်ခွင့် ရနေဆဲ ဖြစ်သလို အဖမ်းအဆီး မရှိသေးသည့် ရှားရှားပါးပါးနိုင်ငံဖြစ် နေသည်။
မော်ရိုကိုကတော့ တူနီးရှားနှင့် ခပ်ဆင်ဆင်ပင် အာဏာရ အသိုင်းအ၀ိုင်းအတွင်း ခြစားမှုနှင့် စီးပွားရေး ပြဿနာများက အဓိက ကျနေသည်။ တူနီးရှားလိုပဲ ၀ီကီလိခ် ပေါက်ကြားမှုများမှ ပေါ်ထွက်လာသော အလွဲလုပ်မှုများက မော်ရိုကိုသားတို့ကို အမျက်ထွက်စေခဲ့သည်။
အာရပ်အာဏာပိုင်တို့သည် အတိတ်မှသာ သင်ယူကြသည် မဟုတ်၊ အချင်းချင်းထံမှလည်း သင်ယူမြဲ ဖြစ်သည်။ ပြီးခဲ့သည့်အပတ်က ကျင်းပခဲ့သည့် အာရပ်ထိပ်သီး ဆွေးနွေးပွဲက ဒီအချက်ကို ရှင်းရှင်းလင်းလင်း ပြနေသည်။ အာရပ်ခေါင်းဆောင်တိုင်း သည် (တူနီးရှားမှ) ဘင်အလီ မှားခဲ့သော အမှားမျိုး ထပ်မမှားစေဖို့ ဆုံးဖြတ်ထားကြသည်။ စီးပွားရေး ပြဿနာ၊ ကုန်ဈေးနှုန်းတက်သည့် ပြဿနာတွေကို အလျင်အမြန် ဖြေရှင်းဖို့ အကြောင်း ပြောခဲ့ကြသလို အရှုံးခံ စိုက်ထုတ်မှုတွေ တိုးဖို့လည်း ပြင်ဆင်လိုက်ကြသည်။ မီးရှိန်မကြီးမီ မီးညွန့်ချိုးဖို့က အဓိက ဖြစ်သည်။ သူတို့ သင်ယူလိုက်သည့် သင်ခန်းစာ စစ်စစ်က ဒီမိုကရက်တစ် ပိုဆန်ဖို့ မဟုတ်၊ ပိုမိုမာကျောစွာ တုန့်ပြန်နိုင်ဖို့သာ ဖြစ်သည်။ သူတို့တစ်တွေသည် အမေရိကန်နှင့်ပင် မဟာဗျူဟာမြောက် မိတ်ဖက်ဖွဲ့နိုင်ခဲ့ကြသည့် နိုင်ငံများ မဟုတ်ပါလား။
ဘာပဲဖြစ်ဖြစ် အာရပ်အာဏာပိုင် အများစုသည် ဆက်လက်ကိုင်စွဲနိုင်ဖို့ အခြေအနေကောင်းသည်ဟု ဆိုရမလို ဖြစ်နေသည်။ ရေနံဈေးကကောင်း၊ လုံခြုံရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့ တို့ကလည်း သစ္စာခံမြဲခံဆဲ၊ နိုင်ငံတကာကလည်း ၀င်စွက်ဖွယ် မရှိ စသည်စသည်ဖြင့် တူနီးရှားဖြစ်စဉ်သည် တစ်နေရာထဲမှာသာ ဖြစ်နိုင်ကြောင်း အကြောင်းပြစရာတွေ အမြောက်အမြား ပိုင်ဆိုင်ထားသည်။
မည်သို့ပင်ဆိုစေ အာရပ် အခြေအနေသည် သင်္ချာမဟုတ်။ သိပ္ပံပညာ မဟုတ်။ မည်သူမျှ အတိအကျ မဆိုနိုင်။ အီဂျစ်တွင် လုံခြုံရေး တိုးမြှင့်လိုက်သည်။ အယ်လ်ဂျားဇီးယား ရုပ်သံလည်း တင်ဆက်ဖို့ မလွယ်တော့။ ကွန်ရက်သည်လည်း ပိတ်ဆို့ ခံလိုက်ရပြီ။ သို့ပေမဲ့ အီဂျစ်ခေတ်ပြိုင် သမိုင်းတွင် အကြီးကျယ်ဆုံး လှုပ်ရှားမှုများကတော့ ဆက်ရှိနေသည်။ လူတွေ ဆက်ရှိနေသည်။
တူနီးရှားက အာရပ်ကမ္ဘာကို ပေးသည့် သတင်းစကားက ရှင်းသည်။ ခေါင်းဆောင်မှုမလို၊ နိုင်ငံရေး အဖွဲ့အစည်းမလို၊ အစ္စလာမ္မစ် အခြေပြုလှုပ်ရှားမှုမလို ဆိုသော သတင်းစကား ဖြစ်သည်။ ဗဟိုမဲ့ကွန်ရက်သည်လည်း အလုပ်ဖြစ်သည် ဆိုသော သတင်းစကား ဖြစ်သည်။ အာရပ်ကမ္ဘာ၏ အဓိက အားနည်းချက်မှာ ခက်ထန်ပြင်းထန်သော်လည်း စင်စစ်တွင် အားနည်းထိရောက်မှု မရှိခြင်း ဖြစ်သည်။ အာဏာပိုင်တွေသည် လူတို့၏ အခြေခံ လိုအပ်ချက်တို့က ဖြည့်ဆည်းပေးဖို့ရာမှာ အားနည်းချက်တွေ ရှိနေသည်။
နောက်ထပ် စဉ်းစားစရာက အစွန်းရောက် အတွေးအခေါ်တို့ ရှေ့တန်းရောက်မလာရေးနှင့် အမေရိကန်၏ ရပ်တည်ချက် ဖြစ်သည်။ အမေရိကမှာလုပ်သည် ဆိုသော အခြေအနေ ဖြစ်မသွားဖို့လည်း လိုသည်။ အိုဘားမား အစိုးရ၏ ရပ်တည်ချက်သည် ယခုအချိန်အထိတော့ မှန်ကန်ဆဲ ဖြစ်သည်။ တူနီးရှား ပြည်သူတို့နှင့် အီဂျစ် ပြည်သူတို့ကို ထောက်ခံကြောင်း ထုတ်ပြန်ထားသည်။
Ilya Ehrenburg ၏  The Life of the Automobile (ဆရာမြသန်းတင့် ပြန်ဆိုသော မော်တော်ကား တစ်စင်း၏အတ္ထုပ္ပတ္တိ)မှ စာသားအချို့ကို အမှတ်ရစရာ ဖြစ်သည်။ စက်မှုခေတ်ကောင်းစဉ်က ပါရီမှ မငြိမ်မသက်မှုများ အကြောင်းနှင့် ပတ်သက်သည့် စာသား ဖြစ်သည်။
ပါရီမြို့လယ်ကောင်ရှိ ကွန်ကော့လမ်းတွင်မူ ငယ်ရွယ်သည့် သရုပ်မှန်လွန် ကဗျာဆရာလေး တစ်ယောက်က သူ့ကို လေးစားကြည်ညိုသည့် ကောင်မလေးတစ်ယောက်ကို ပြောပြနေသည်။
'ဒါကို စာပေသဘောတရားမှာပါတဲ့ စကားလုံးနဲ့ ပြောရရင်တော့' ကဗျာဆန်သော ဖီဆန်မှု'လို့ ခေါ်ရမှာပေါ့'' ဟူ၍ ဖြစ်သည်။
အာရပ်ကမ္ဘာ၏ ကဗျာဆန်သော ဖီဆန်မှုကို ကမ္ဘာကြီးက စောင့်ကြည့်နေဆဲ။
စံပယ်ဖြူတွေတော့ ပွင့်ခဲ့လေပြီ။
Written by ဇေ၀င်းနောင် 

Ref;Will the Arab revolution spread? by Marc Lynch,ForeignPolicy, Newsweek, BBC, News Agencies

Sunday, February 6, 2011

နာရေး ကူညီမှုအသင်းတခု ထပ်မံပေါ်ထွက်

ရန်ကုန်တိုင်းအတွင်း ဆင်းရဲချို့တဲ့ တဲ့ ပြည်သူတွေရဲ့ နာရေးကိစ္စ တွေကို ကူညီဖို့ ဆန်း ဂရုဏာ နာရေးကူညီမှု အသင်းကို စေတနာရှင်တချို့က ဒီကနေ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

(Photo: Free Funeral Services Society- F.F.S.S)
ရုပ်ရှင်သရုပ်ဆောင် ကျော်သူဦးစီးသည့် နာရေးကူညီမှုအသင်း ရုံးရှေ့တွင် အသုဘယာဉ် တစီး ရပ်ထားပုံ ဖြစ်ပါသည်။ (Photo: Free Funeral Services Society- F.F.S.S)
ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ကန်းကျွန်းမြို့နယ် ၁၆/၂ ရပ်ကွက်၊ အမှတ် ၁၈၁ (ဃ) မှာရှိတဲ့ ဦးဇော်ဝင်းရဲ့ နေအိမ်မှာ ဆန်းဂရုဏာ နာရေးကူညီမှု အသင်းရုံးကို ဒီကနေ့ နေ့လည် တနာရီမှာ စတင် ဖွင့်လှစ်လိုက်ကြောင်း အသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဦးဇော်ဝင်းက အာအက်ဖ်အေကို ပြောပါတယ်။

“လူကြီးတွေက ကွန်ယက်ကလေးတွေဖွဲ့ပါ ဆိုတော့ ရန်ကုန်တိုင်း တတိုင်းလုံးအနေနဲ့ ကျနော်တို့ နာရေး ကူညီမှုအသင်း ဖွဲ့တယ်။ ကျနော်တို့တိုင်းပြည်မှာ ဆင်းရဲတဲ့လူက အင်အား အရမ်းများနေပါတယ်။ ဒီဆင်းရဲသားတွေဟာ စားဝတ်နေရေးအတွက် ဒုက္ခများနေရတဲ့ ကြားထဲမှာ နာရေးဖြစ်လာရင် သူတို့မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ သောကတွေ အရမ်း ကြီးထွားနေပါတယ်။ ကိုကျော်သူ တယောက်အနေနဲ့ ဆိုတော့လည်း ကိုကျော်သူလည်း နိုင်သမျှ လုပ်တယ်။ ကျနော်တို့က ငါတို့လည်း ဝိုင်းဝန်းပြီး လုပ်ပေးအုံးမှပဲ ဆိုတဲ့ အသိစိတ်ကလေးနဲ့ ရန်ကုန် တတိုင်းလုံးမှာ ရှိတဲ့ ဝါသနာရှင်တွေ စေတနာရှင်တွေ စုပေါင်းပြီး ဆန်းဂရုဏာ နာရေးကူညီမှုအသင်းလို့ နာမည်ပေးပြီးတော့ ဒီကနေ့ စဖွင့်တာပါ”

အသင်း ဖွဲ့စည်းဖို့အတွက် ပြည်ထဲရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း တိုင်းမှူး၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ မြို့နယ် မယက၊ ရယကရုံး စတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အခုလ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက တရားဝင် စာနဲ့ အကြောင်းကြား အသိပေးပြီးမှ အခုလို ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။

ဒီအသင်းကို လူမှုရေးကူညီမှုလုပ်ငန်း စိတ်ဝင်စားကြသူတွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင်တချို့နဲ့ စိတ်ဝင်စားသူ အလှူရှင်တွေ စုစုပေါင်း အဖွဲ့ဝင် ၃ဝ နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင်တွေရဲ့ ထည့်ဝင်ငွေနဲ့ ကူညီမှု လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးဇော်ဝင်းက ဆက်ပြောပါတယ်။

“ဥက္ကဋ္ဌ အနေနဲ့ ကျနော် သင်္ကန်းကျွန်းမြို့နယ် ဦးဇော်ဝင်းက ဆောင်ရွက်ပြီးတော့ ဒု-ဥက္ကဋ္ဌ အနေနဲ့ သာကေတ မြို့နယ်က ဒေါ်မီ ဆိုတာ အမျိုးသမီးအဖွဲ့ရဲ့ ခေါင်းဆောင်ပါ။ ဦးသန်းလှိုင် ဆိုတာ အတွင်းရေးမှူး သာကေတ မြို့နယ်ကပါ။ အသင်းသားတွေ တလကို သုံးထောင်စီ ထည့်ဝင်ကြပါတယ်။ နာရေးရှင်တွေက ကျနော်တို့ကို ဖိတ်ခေါ်လာပြီး အကူအညီတောင်းလာရင် ကျနော်တို့က နာရေးအိမ်တွေကို သွားပြီး အလှူငွေ တသောင်း ကူညီပြီးတဲ့အပြင် နာရေးကိစ္စကို သင်္ချိုင်းရောက်တဲ့အထိ ကူညီပံ့ပိုးဖို့ ဆိုပြီး ဆုံးဖြတ်ချက်တွေ ချထားပါတယ်”

ဆန်း ဂရုဏာ နာရေးကူညီမှုအသင်း အနေနဲ့ စမ်းချောင်း၊ လှိုင်သာယာ၊ ကြည်မြင်တိုင်၊ သာကေတ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ သုံးခွ၊ လှိုင်၊ သန်လျှင်၊ သင်္ကန်းကျွန်း စတဲ့မြို့နယ်တွေမှာ ကော်မတီအဖွဲ့ဝင်တွေ ခွဲထားသလို ကော်မတီဝင်တွေက တဆင့် နာရေးကူညီရေးအတွက် အသင်းရုံးကို အကြောင်းကြားလာရင် အသင်းအနေနဲ့ အမြန်ဆုံး ကူညီဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီကနေ့ စတင် ဖွဲ့စည်းဖွင့်လှစ်ခဲ့တဲ့ ဆန်းဂရုဏာ နာရေး ကူညီမှုအသင်းကို ဘယ်သူမဆို အဖွဲ့ဝင်အဖြစ် ပူးပေါင်း ပါဝင်နိုင်ကြသလို အလှူငွေလည်း တတ်နိုင်သမျှ ပါဝင်ကူညီနိုင်ကြောင်း ဦးဇော်ဝင်းက ပြောပါတယ်။

ဒီ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းဟာ အလုပ်သမား လယ်သမားသမဂ္ဂ ဖြစ်မြောက်ရေး ကြိုးပမ်းသူများ အဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသူ တဦးလည်း ဖြစ်ပါတယ်။

sources: : RFA

Saturday, February 5, 2011

မြန်မာပြည်အပြောင်းအလဲရဲ့  အစလို့ ဘန်ကီမွန်းမျှော်လင့်

မြန်မာစစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဦးသိန်းစိန်ကို နိုင်ငံတော်သမ္မတအဖြစ် အခုကျင်းပနေတဲ့ လွှတ်တော်မှာ မနေ့ကပဲ ရွေးချယ်လိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကတော့ မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ အစပြုတဲ့သဘောပဲလို့ မျှော်လင့်တယ်၊ မြန်မာပြည်အတွက် အရေးကြီးတဲ့ အခွင့်အလမ်းတရပ်ဆိုတဲ့ သဘောပဲလို့ဆိုပါတယ်။ ကုလသမဂ္ဂဟာ မြန်မာပြည်က အစိုးရသစ်အပြင် တိုင်းပြည်မှာအရေးပါတဲ့ အင်အားစုတွေရဲ့  ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီထွန်းကားရေး၊ တိုင်းပြည် တိုးတက်ရေးနဲ့ တည်ငြိမ်းရေးတွေ ဖြစ်ပေါ်လာအောင် လုပ်ဆောင်သွားဖို့ အသင့်ဖြစ်နေပြီလို့လည်း ဆိုပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဦးသိန်းစိန် သမ္မတ အရွေးခံရတာ အံ့သြစရာမဟုတ်ဘူး၊ မျှော်လင့်ထားပြီးသားပါလို့ ဆိုပါတယ်။ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းကပဲ ဗိုလ်ချုပ်ကြီးရာထူးက အနားယူပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ ဥက္ကဌ ပြောင်းလုပ်ခဲ့တာပါ။ နိုဝင်ဘာလဆန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တခြား နိုင်ငံရေးပါတီတွေ အများအပြား ၀င်ပြိုင်ခဲ့ကြပေမဲ့လည်း ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကပဲ အနိုင်ရခဲ့ပြီး လွှတ်တော်က အရေးကြီးတဲ့ နေရာတွေမှာလည်း စစ်တပ်ကနေ မကြာခင်ကမှ ဦးသိန်းစိန်လို ပြောင်းလာခဲ့ကြတဲ့ သူတို့ပါတီကလူတွေ အများစုကပဲ ထိန်းချုပ်ထားတာပါ။
သမ္မတရဲ့  ပထမဆုံးလုပ်ရမယ့်အလုပ်တွေထဲမှာ အစိုးရသစ် ဖွဲ့စည်းရေးလည်း ပါဝင်ပါတယ်။ မြန်မာ့အရေး လေ့လာသုံးသပ်သူတွေ စိုးရိမ်နေကြတာတခုကတော့ အရပ်သားအုပ်ချုပ်မှုရဲ့ နောက်ကနေ စစ်တပ်အာဏာ သုံးပြီး အုပ်ချုပ်နေမလား ဆိုတာပါပဲ။ သမ္မတအဖြစ် ရွေးချယ်ဖို့ တင်မြှောက်ခံရတဲ့သူတွေထဲမှာ ဦးသိန်းစိန်၊ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦးနဲ့ ရှမ်းပြည်နယ်မှာ ဆေးကုသနေတဲ့ ဒေါက်တာ စိုင်းမောဝ်ခမ်းတို့ ပါဝင်ကြပါတယ်။
sources: :VOA

Thursday, February 3, 2011

သူတို့က ”တင်“ လို့ သူတို့ က ”မြှောက်“

ဦးသိန်းစိန်နှင့် ဒေါက်တာစိုင်းမောက်ခမ်းတို့အား ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရှိရ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်သော ဒုတိယသမ္မတကိုမူ မသိရှိရသေး   
        ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ဦးသိန်းစိန်နှင့် ဒေါက်တာစိုင်းမောက်ခမ်းတို့အား ဒုတိယသမ္မတများအဖြစ် ရွေးချယ် တင်မြှောက်ခဲ့ကြောင်း သိရှိရပါ သည်။

        ဒုတိယသမ္မတလောင်းများ အဖြစ်အဆိုပြုတင်သွင်းထားသည့် ဦးသိန်းစိန်၊ ဦးစောသိန်းအောင်၊ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒေါက်တာအေးမောင်တို့အနက် ၎င်းတို့အား ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

        ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ဦးသိန်းစိန်နှင့် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးစောသိန်းအောင်တို့အား ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာအေးမောင်တို့အား ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တို့က ဒုတိယသမ္မတလောင်းများအဖြစ် အဆိုပြုတင်သွင်းထားခဲ့ခြင်း ဖြစ်ပါသည်။

        သို့သော် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်သော ဒုတိယသမ္မတကိုမူ မသိရှိရသေးပေ။

        နိုင်ငံတော်သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့တွင်ပါဝင်သည့် ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၊ ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့တို့က အစုအဖွဲ့အလိုက် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရေးအတွက် အစုအဖွဲ့အစည်းအဝေးများကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

        ယင်းအရ ဦးသိန်းစိန်အား ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့၊ ဒေါက်တာစိုင်းမောက်ခမ်းအား ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့တို့က ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရှိရပါသည်။

        လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် ဒုတိယသမ္မတလောင်းအမည်စာရင်း တင်သွင်းရာ၌ ဒုတိယသမ္မတလောင်း တစ်ဦး ထက်ပို၍ ပါရှိလျှင် ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်ခြင်းကို ဆန္ဒမဲ လက်မှတ်ပုံစံ (၃)ဖြင့် လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်ရမည်ဖြစ်ရာ ယင်းအရ လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်ရာတွင် ဦးသိန်းစိန်က ထောက်ခံမဲ ၂၇၆ မဲ၊ ဦးစောသိန်းအောင်က ထောက်ခံမဲ ၃၈ မဲ ရရှိခဲ့ကြောင်းနှင့် ပယ်မဲမှာ ၁၁ မဲ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒေါက်တာစိုင်းမောက်ခမ်းက ထောက်ခံမဲ ၁၄၀၊ ဒေါက်တာအေးမောင်က ထောက်ခံမဲ ၂၇ မဲ ရရှိခဲ့ကြောင်းနှင့် ပယ်မဲမှာ တစ်မဲဖြစ်ကြောင်း သိရသည်။

        သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတလောင်းများဖြစ်သည့် ဒုတိယသမ္မတသုံးဦး အနက် မိမိတို့ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော် သမ္မတအဖြစ် ဆန္ဒမဲပေး ရွေးချယ် တင်မြှောက်ရမည်ဖြစ်ကြောင်း သိရသည်။

        နိုင်ငံတော်သမ္မတကို သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်မည်ဖြစ်ကြောင်း၊ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ သုံးဖွဲ့ဖြင့်ဖွဲ့စည်းမည်ဖြစ်ကြောင်း၊  ယင်းအစုအဖွဲ့တို့မှာ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာရွေးကောက်တင်မြှောက်ခြင်း ခံရသော လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေ ခံ၍လည်းကောင်း ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၊ ဖော်ပြပါလွှတ်တော်နှစ်ရပ် အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့တို့ ဖြစ်ကြောင်း သိရသည်။

        နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတတို့၏ ရာထူးသက်တမ်းသည်  ငါးနှစ်ဖြစ်ပြီး ရာထူးသက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်း မပြုရဟု သိရသည်။

        ထို့ပြင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့် တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ်တော်နာယကထံ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်လို့ www.first-11.com မှာ ဖော်ပြထားပါတယ်..။