မိုးလင်းရင်
အဖိုးရေ.....ဆိုပြီး နိုးတတ်တဲ့ကလေး
အခုတော့ ဟိုး အဝေးကြီးမှာ ထားခဲ့ရပြီ
ဒီခြောက်ဆယ်နား နီးနေတဲ့ အဖိုးက
ဒီခြောက်နှစ် မပြည့်သေးတဲ့ မြေးမလေးကို
ဘာတွေများ ပေးခဲ့ပါသလဲ
ဟောဒိ နိုင်ငံတော်ကြီးထဲမှာ
ပန်းသီးအနာအဆာတွေပေါတဲ့ ခေတ်ကြီးထဲမှာ
အပေါ်ယံ ထုတ်ပိုးမှုလှလှနဲ့ အဟာရမပါတဲ့ ရက်လွန်မုန့်ပဲသရေစာတွေကြားမှာ
ကြိမ်လုံးနဲ့ကျူရှင်ကြားက ရေဝပ်တဲ့ တန်းကျောင်းလေးမှာ
ကိုက်ရင်သေတတ်တဲ့ အကျားအကျားနဲ့ ခြင်ကျားကြီးတွေ တဝီဝီ
ပုလဲဆိပ်ကမ်း ဗုံးကြဲလေယာဉ်တွေ အုပ်ဖွဲ့ပျံလာသလို တဝီဝီ
ကျနော့်ရင်ငွေ့နဲ့ ဗုံးခိုကျင်းလေး တူးပေးခဲ့ပါတယ်
ကျနော့် ယပ်တောင်တဖျပ်ဖျပ်နဲ့ အေးကျင်း လေးထဲမှာ လုံခြုံစေခဲ့ပါတယ်
ကျနော်ပေးခဲ့ပါတယ်
စင်ဒရဲလားလေးနဲ့ ဖိနပ်လှလှလေး
မနီကလေးနဲ့ ထီးနီနီကလေး
ဒုက္ခရောက်နေတဲ့ ပုရွက်ဆိတ်လေးကို အတူတူကယ်ခဲ့တာလေး ပေးခဲ့ပါတယ်
သစ်စေ့လေးတွေကို အတူတူစိုက်ပြီး သီးပေး ပွင့်ပေး ခဲ့ပါတယ်
နေ့ နေ့ဆို တိမ်လေးတွေ
ည ညဆို ကြယ်လေးတွေ
ဟိုးမှာ ဓူဝံယ
ဟို့က ဖျောက်ဆိပ်ယ
ဟိုမှာ သောကြာ
သမီးနာမည်နဲ့ ကြယ်ကလေး တလုံးရှာကြည့်မလား
မေးခွန်းများလည်း ပေးခဲ့ပါတယ်
နောက် တော့
အယဥပဒေတွေ
မယဥပဒေတွေ မတရားလိုက်တော့
မကြီးမငယ်နဲ့ ကျနော်ပြေးရတော့
ဒီကလေး ရ လိုက်တာက
“အဖိုးကို ခေါ်လို့မရတော့ဘူး
ရေ နင်နေသလိုပဲ
သမီးလည်ပင်းထဲမှာ အဖိုး နင်နေတယ်”
(ကွယ်…. ကလေးငယ်မှာ ဘာအပြစ်ရှိလို့လဲ)
အဖိုးလည်ပင်းထဲမှာလဲ သမီး နင်နေတာပဲ ။ ။
နေနွယ်
၂၊ ဒီဇင်ဘာ၊၂၀၀၉
မူရင်း-့ www.kaungkin.com မှ ကူးယူဖော်ပြပါသည်။
Melbourne near me Trusted Removalist
10 months ago