Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, February 14, 2011

သခင်အောင်ဆန်းတရား


ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ မင့်သက်လှယ်ကို
အဘယ်တရား ဟောမည်နည်း။

ဆန်း၏ သတ္တိ
ဆန်း၏သမာဓိ၊ ဆန်း၏ပညာ
ဟောစရာကား၊ အလွန်များ၏
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို
ပန်းကောင်းတစ်ပွင့်၊ ပန်ဆင်တင့်သို့
မင့်သား သိစေချင်လှ၏။

သူ့အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ၊
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ၊ ပကာသနကို
ပြာကျလောင်မြိုက်၊ သူမီးတိုက်၏။

ခေတ်လိုက်ခါညီ၊ ခေတ်မီပညာ
ကြုံရာဘဝ၊ မုတလုံလောက်၊ ခံမြို့ဆောက်၏
ထိုနောက်တဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့် မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊ သူ ထူခဲ့ကြောင်း၊ ခေါင်းဆောင်သဘော
မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။ ။

ဆရာဇော်ဂျီ။
လမ်းစဉ်သတင်း၊အတွဲ ၂။အမှတ် ၁၄၊ (၁၅၊၇၊၁၉၆၆)

Tuesday, November 2, 2010

အင်တာနက်သုံးဖို့ ငါ ဧဝရက်တောင်ကိုတက်မယ်


မနက်ခင်းတိုင်းမှာ မျက်နှာသစ်ဖို့ လိုသလို
မနက်ခင်းတိုင်းမှာ အင်တာနက်ဖွင့်ဖို့ လိုတယ်
ဆန်ဈေး၊ ဆီဈေး၊ ကြက်ဥဈေးက စလို့ ဂျက်ဖိုက်တာတွေ ဈေးနှုန်းထိ
(မဝယ်နိုင်တောင်မှ) သိထားမှ တန်ကာကျမယ်။
နေ့ စဉ် ထမင်းစားဖို့  လိုသလို
နေ့ စဉ် အင်တာနက်ဖွင့်ဖို့  လိုတယ်
ညီအကို မောင်နှမ သူငယ်ချင်းတွေ၊
ဒါမှမဟုတ် သူစိမ်းတွေနဲ့ ဆက်သွယ်ဖို့  အင်တာနက်ရှိရင် လွယ်ကူတယ်။
ဧဝရက်တောင်မှာတောင် အင်တာနက် ရနေပြီတဲ့ ချစ်သူရေ
ဒါဆို တို့ ဗမာပြည်က
ဧဝရက်တောင်ထက် မတ်စောက် ခက်ခဲတဲ့နေရာလား
စစ်နဲ့ ငြိမ်းချမ်းရေးအတွက် အင်တာနက် လိုတယ်။
ချစ်သူရေ
တောင်ကြီး ဖဝါးအောက်
မှောက်ရက်လဲရင်လဲ ပြန်ထ
မဖြစ်မနေ အင်တာနက်သုံးရဖို့ 
ငါ---- ဧဝရက်တောင်ပေါ် တက်မယ်။     

လင်းနွေးအိမ်
အောက်တိုဘာ ၂၉ ရက် ၂၀၁၀
မိုးမခ

Friday, September 10, 2010

အဲဒီ စနစ်အောက်မှာပေါ့ …..


အဲဒီ စနစ်အောက်မှာပေါ့ …..
ကျောင်းသားတွေရဲ့သွေးတွေ စတေးခဲ့ရတယ်…….
 အဖြူနဲ့အစိမ်းတွေ ယိမ်းခဲ့ရတယ်…..။
အဲဒီ စနစ်အောက်မှာပေါ့…….
အနာဂတ်မျိုးဆက်တွေ တောထွက်ခဲ့ရတယ်
တောကြို အုံကြားမှာ ဘ၀တွေခါးသက်ခဲ့ရတယ်….။
အဲဒီစနစ်အောက်မှာပေါ့………..
သံဃာတွေ အသတ်ခံခဲ့ရတယ်
လူမဆန်တဲ့ လူရမ်းကားတွေ အကျိုးအမြတ်ရခဲ့တယ်…..။
အဲဒီစနစ်အောက်မှာပေါ့…….
ပညာရေးတွေ လုံးပါးပါးခဲ့ရတယ်
လူငယ်တွေ အနာဂတ်ပျောက်ခဲ့တယ်
မနက်ဖြန်ဆိုတာတွေ အတွက်ဘ၀တွေ စတေးခဲ့ကြရတယ်……..။
အဲဒီစနစ်အောက်မှာပေါ့………
တစ်ဝမ်း၊တစ်ခါးအတွက် တိုင်းတစ်ပါးထွက်ခဲ့ရတယ်
လူလိုဆက်ဆံမခံရတဲ့ ဘ၀တွေအဖြစ်
ငါတို့တွေ ခေတ်သစ် ကျွန်ဖြစ်ခဲ့ရတယ်………။
အဲဒီစနစ်အောက်မှာပေါ့………….
ပြည်သူ့ဆန္ဒ ဆိုတာကို သေနတ်နဲ့ခြိမ်းခြောက်
ကိုယ့်အခွင့်အရေးဆိုတာ ဘာမှန်းမသိအောင်ကိုဆွံ့အ
ပြောသမျှ ခေါင်းငြိမ့်တတ်ရုံ ဘ၀တွေဖြစ်ခဲ့ရတယ်…….။
အဲဒီစနစ်အောက်မှာပေါ့…………..
မကြေနပ်ရင် အသေသတ်တတ်တဲ့ ဥပဒေတွေနဲ့
ကျီးလန့်မှ စာ စားရတဲ့ဘ၀တွေ အဖြစ်
အနာဂတ်တွေ သေဆုံး……
အတွေးအခေါ်တွေ သေဆုံး….
မျိုးဆက်တွေ သေဆုံး….
ငါတို့အားလုံးဟာ
အဲဒီစနစ်အောက်မှာ ပျောက်ဆုံးနေရတော့မှာလား……..။

(ပဲခူးမြို့မှအသတ်ခံခဲ့ရသောလူငယ်နှစ်ဦးမှသည်ခေတ်အဆက်ဆက်
အသက်ပေးခဲ့ကြသော သူရဲကောင်းအားလုံးသို့……..)
written by ခေတ်သစ်
10.9.2010

Sunday, September 5, 2010

အရူးတစ်ယောက်ရဲ့  အတ္တ

ဘယ်ဘ၀ရယ်က ၀ဋ်ကြွေးကြောင့်
အိပ်မက်တွေက
ဒီလောက်အကျည်းတန်နေရတာလဲ
နေညိုချိန်ကံမကောင်းမှုတွေကို
ရေတွက်ကြည့်ရင်
အသက်ထက် နှစ်ဆရှိနေပြီ

ရင်ကွဲအောင် ချစ်နေမိခဲ့မှတော့
ရင်နာစရာလောက်နဲ့ 
မျက်ရည်မစို့ သင့်တော့ဘူးလေ
အပြောင်းအလဲဆိုတာ
ကိုယ်ပိုင်ခဲ့တဲ့အရာမှမဟုတ်ခဲ့တာပဲ

ချစ်သူရယ်
မလှပတဲ့အကြောင်းတရားတွေအတွက်
ကိုယ့်အတိတ်ကံကိုပဲ ကိုယ် အပြစ်တင်ပါတယ်
မင်းနဲ့ ပတ်သက်ရင်
အရူးထက်ပိုရူးတဲ့အရူးလေးကိုတော့
နေထွက်ချိန်တွေမှာ အောက်မေ့ပေးပြီး
နေ၀င်ချိန်တွေမှာ သတိရပေးပါဦးနော်..။

မိုးအိမ်

Sunday, August 22, 2010

တရွေ့ရွေ့ဆိုရင်...တနေ့နေ့ကိုလည်းမြင်နိုင်တယ်



အချိန်တွေပြုန်းတီးသွားခဲ့ရတဲ့ လမ်းမမှာ
ရောင်စုံစိတ်ကူးတွေက တလက်လက်တရှရှ...

မိုးမဆုံး မြေမဆုံးတော့တဲ့ အသုံးအနှုန်းခံတပ်ကြီးထဲက
ကျည်ဆံတွေလို တသည်းသည်းရွာကျလာတဲ့ စကားလုံးတွေက
လေထဲ တွဲခိုပျံဝဲနေကြသလို
မြေကမ္ဘာအနှံ့ ရွှဲစို ပြန့်ကျဲနေကြတော့တယ်...

အလစ်အငိုက်ဆို လေစိမ်းတွေ တဟူးဟူးတိုက်တယ်....

တခါတခါ..နတ်သူရူးတွေရဲ့အလိုတော်ကျ လက်သီးရိုင်းတွေက
မှောင်မှောင်မည်းမည်းထဲက ဓားသွေးပြတတ်ကြတယ်...
 
တချို့ကပြောတော့လည်း...
မိုက်တယ်ဆိုတာ လွယ်ပါတယ်တဲ့..

ကျနော်တို့တတွေ...
ပြီးတော့...ခင်ဗျားတို့ကိုယ်တိုင်
ယဉ်ကျေးမှုတံခါးရွက်တွေကို အရိုးသားဆုံးနည်းနဲ့ တွန်းဖွင့်နိုင်ဖို့အတွက်
တမနက်လောက် ခက်ခက်ခဲခဲ ကြိုးစားကြည့်ခဲ့ကြဖူးသလား....
.
ငယ်ငယ်တုန်းက စစ်တိုက်တမ်းကစားသလိုမျိုး
တချက်ပစ်ရင် တယောက်မကသေတဲ့ ခေတ်ကြီးထဲမှာ
ရှင်သန်နေရမှုက ကောင်းဘွိုင်ကားတွေထဲက ဇာတ်ရံသာသာပါပဲ...

ခေတ်မီတိုးတက်လှတဲ့
တက်ကနိုလိုဂျီရဲ့ တန်ခိုးအာနုဘော်တွေအောက်မှာ
ကမ္ဘာဟာ တဖြေးဖြေးကျဉ်းမြောင်းလာခဲ့ပေမယ့်
တည့်တည့်မလျှောက်မချင်းတော့ ဘယ်ကိုမှမရောက်နိုင်ဘူး....

မိစ္ဆာလူရိုင်းတွေ အတ္တနဲ့ဒုန်းစိုင်းနေကြတဲ့ လမ်းမမှာတော့
မုန်တိုင်းက တဝုန်းဝုန်းတဒိုင်းဒိုင်း ခါးကိုင်းအောင် တိုက်နေခဲ့ဦးမှာပဲ...။         ။


ဆောင်းယွန်းလ
သြဂုတ် ၂၂၊ ၂၀၁၀

Friday, July 30, 2010

ငါ့သား... မင်း လူလားမြောက်ပြီ

၁။ မင်းရဲ့ အခန်းကျဉ်းကို
ခြေသံပြင်းပြင်း မာန်တင်းတဲ့မျက်နှာနဲ့
သော့ပိတ်ရန် လာသူကို
ကရုဏာရှေ့ထား
ကျေးဇူးစကား ဆိုနိုင်ခဲ့ရင်
ငါ့သား... မင်း လူလားမြောက်ပြီ။

၂။ တလောကလုံး အမှောင်ဖုံးတဲ့အခါ
သူရဲကောင်းတို့ရဲ့ ဂုဏ်တော်
သီဆို ပူဇော်ရင်း
အလင်းသစ်နဲ့ နံနက်ခင်းကို
မင်း မျှော်လင့်နိုင်ခဲ့ရင်
ငါ့သား... မင်း လူလားမြောက်ပြီ။

၃။ ဗလငါးတန် အင်အားထူး ထက်
မင်းရဲ့ ခန္တီအင်အား ပိုကြီးမားကြောင်း
ပြသနိုင်ခဲ့ရင်
ငါ့သား... မင်း လူလားမြောက်ပြီ။

၎။ အဆိပ်မြားတန်းလန်းနဲ့ ပျံသန်းခဲ့ရတဲ့
အဖိုးတို့ အဖေတို့ကို ဂါရ၀ပြုရင်း
အဆိပ်မြားတွေပေါ်က ပျံသန်းနိုင်ခဲ့ရင်
ငါ့သား... မင်း လူလားမြောက်ပြီ။

၅။ စွန့်ပစ်အမှိုက်စတွေနဲ့
သဘာဝအလှကို
ရေးဆွဲနိုင်ခဲ့ရင်
ငါ့သား... မင်း လူလားမြောက်ပြီ။

၆။ အကြပ်အတည်း ဆိုတာ
အခွင့်အလန်းသစ်ရဲ့ လမ်းစဆိုတာ
မင်း သိလာတဲ့အခါ
ငါ့သား... မင်း လူလားမြောက်ပြီ။

၇။ လက်ထိပ်သံ တချွင်ချွင်
သံခြေကျဉ်းသံ တချွမ်ချွမ်
သံစဉ်သီကုံး
စစ်မုန်းကဗျာ
ဂါထာသီချင်း
ရေးသွင်းနိုင်လျှင်
ငါ့သား... မင်း လူလားမြောက်ပြီ။ ။

(သံတိုင်နောက်က ကဗျာများ အစီအစဉ်အဖြစ် တင်ဆက်တာဖြစ်တယ်။ ထောင်ထဲက တေးကဗျာသံဟာ အပြင်မှာ အတားအဆီးမဲ့ နေရာဒေသအနှံ့ ပဲ့တင်ထပ်ပါလိမ့်မယ်)

သားဦး

Thursday, July 29, 2010

ဘာတွေကိုယုံကြည်ကြသလဲဟေ့

စစ်ပွဲပြီးစ မြို့ပျက်ကြီးလိုတဲ့လား
ဘာပြောကောင်းမလဲ ဒီထက်တောင်ပိုသေး...

ယုံကြည်ခြင်းဟာ တောင်ပံမပါတဲ့ငှက်လိုမျိုး
ပေါ့ပေါ့ပါးပါး လမ်းသလား
ပြီးတော့…ဇောက်ထိုး မိုးမျှော်နေပုံများ
ဟိုဒင်းနဲ့ ဟိုဝှာ နောက်ဖေးလမ်းကြားမှာ စပ်ကျထားတဲ့သားလို...

ငိုစား ရယ်စား စာသားလေး နဲနဲလှတယ် ဆိုရင်ပဲ
ပဲ့ပဲ့ပါသွားတဲ့ ခင်ဗျားတို့ရဲ့ ဦးနှောက်တွေက
မြှုပ်ထားတဲ့အကွက်ထဲကို မြုပ်ဝင်သွားလိုက်
လှုပ်ထားတဲ့လုပ်ကွက်ထဲကို ပြုတ်ကျသွားလိုက်နဲ့....

အတည့်ကို အစောင်းမြင်ပြီး
အဟောင်းကို အကောင်းဖြစ်အောင်ပြင်ဖို့ကျတော့
အကျိုးလိုအဆော့သန်ပြီး အကန်းလိုအမော့မြန်နေကြပြန်လေရော..

ဖားပြုတ်ကိုက်တာက တရုတ်ရိုက်တာထက် နာတယ်တဲ့လား...
ကိုယ့်ဒူးတောင် ကိုယ်မယုံနိုင်ဘဲ
ဘယ်ဖဲကို ဘယ်ပွဲမှာ ဘယ်လိုချိုးပြီးကစားကစား
တစ် ကိုး ကင်းနဲ့ အဖြစ်ဆိုးခြင်းတွေပဲ ထွေခင်းနေရဦးမယ်...

ဘာပဲလုပ်လုပ်
ကိုယ့်အသက်ကို ကိုယ်ပြန်ရေတွက်ကြည့်
ခြုံဆိုရင်လည်း ရင့်နေပြီ အပင်ဆိုရင်လည်း မြင့်နေပြီ….

အရာရာကို ချင့်ပြီးယုံဖို့လိုသလို
ကိုယ်ကျင့်တရားလည်း လုံခြုံဖို့လိုအပ်တယ်.....

ကဲ…
ဘာတွေကို ယုံကြည်ရမလဲဟေ့
ဘာတွေကို ယုံကြည်ကြသလဲဟေ့......။ ။

ဆောင်းယွန်းလ
ဇူလိုင် ၂၈၊ ၂၀၁၀

ရင်းမြစ်။ ။မိုးမခ

Wednesday, May 26, 2010

ပျောက်ကွယ်တော့မည့်မြန်မာပြည်

အရှေ့ တောင်အာရှရဲ့စပါးကျီ
ဒါ …
တခေတ်တခါဆီက
သားတို့မြန်မာပြည်လား
ကလေးတွေအကုန်လုံး
ငါ့ကို တချိန်လုံးမေးကြတယ်။

မဟုတ်လို့မဆို
ဒါတွေအားလုံးပြိုလို့
အခုဆိုယိုင်လဲ
ငါတို့ပြိုင်လဲ
အထောက်အကန်မရ
ပျောက်ကွယ်ရတော့မယ့်မြန်မာပြည်ပါကွယ်။

သန်းငါးဆယ်သောမြန်မာပြည်
မှန်းရမခက်သောအချိန်အခါဆီမှာ
ဘယ်ရောက်ဘယ်မှောက်
အလိုလို သမိုင်းပျောက်တော့မယ်။

ရဟန်းကိုသတ်
မိစ္ဆာာကိုဖက်လို့
သာသနာချွတ်ယွင်း
ကမ္ဘာမှာ ကျွန်တွင်းဆင်းရတယ်။

စာသင်ကျောင်းသား
ဝေဒနာများလို့
လွယ်အိတ်ကိုစွန့်
နှုတ်ကို တွန်ခဲ့ ရတော့တယ်။

စစ်သည်ငါးသိန်း
အခုသာထိန်းနိုင်ပေမယ့်
နောင်လာမယ့်ဆယ်နှစ်
အခွံကြီးသာကျန်ရစ်
မျိုးဆက်အသစ်တခု
မင်းတို့မပြုစုနိုင်
တရားမှ မခိုင်ပဲကွယ်။

ကျေးလက်ဒေသအပျိုမ
လူလိုဘဝဖြစ်ဖို့
အမိမြေကိုစွန့်
အသိတွေကိုအဖော်ပြုလို့
မျိုးဆက်ကိုရှာ
အဲဒါ
သူများ မြေမှာလေ။

နိုင်ငံ့ခွန်အား
တို့လုပ်သားလည်း
ထမင်းမဝ
ခါးမလှ
ကုန်ထုတ်စွမ်းအား ကျခဲ့ပြီ။

သမိုင်းကိုသိ
အမှားအမှန်ကိုမိတဲ့
တို့ရဲ့ဘိုးဘွား
သူတို့အားလည်း
အကုန်လုံးပျက်သုဉ်း
ဒီခေတ်မှာ ဆုံးခဲ့ပြီ။

အလင်းတန်ဆောင်
ကလောင်ကိုင်များလည်း
ဟိုဒီဖိနှိပ်
ဒီလိုအမိန့်နဲ့
ညာဏ်ရိပ် တိုးတိတ်ခဲ့ရပြီ။

တို့ရဲ့ထမင်းရှင်၊ ကျေးလက်သခင်
ဦးကြီးတို့လဲ
မိုးခေါင်ရေပြောင်၊ ခေတ်အမှောင်ကျ
ဒီလိုဘဝထဲ
သားသမီးတွေ ခွဲသွားကြပြီ။

ဘွဲ့ရပညာတတ်
စာတကယ်မှတ်သလား
ကမ္ဘာမှာ သူများမေးကြပြီ။

တိုင်းစွန့်ပြည်စွန့်
ဒီလူညွှန့်တွေ
ဘယ်အခါပြန်မတုန်း
ငါတချိန်လုံးစဉ်းစားတယ်။

“ထိုင်းမှာကလေးမွေး
သူတို့အခွင့်အရေး
ဘာတွေပေးသလဲ”
ငါ့ကိုမေးနေကျ
ဘယ်လိုဖြေရပါ့။

“တောင်ပေါ်သားလက်မှတ်
အမောင်ဆောင်ထားတသက်
ဒါ …
နောင်အတွက်စိတ်အေး
မောင်တို့ရင်သွေးအတွက်လည်းပါတယ်” တဲ့။

“ကျနော်တို့တရွာလုံး
ဒီကိုအကုန်လုံးပြောင်းလာတာ
အော် … နှစ်များစွာကြာပေါ့” တဲ့။

“မြန်မာပြည်ဆိုတာ
ဖေဖေတို့ နေခဲ့တဲ့အိမ်
သမီး အိပ်တောင်မမက်
ဒီတသက် …” တဲ့။

“ရွာကိုပြန်သွားတော့
အမေတို့ကိုသနားမိပေါ့
ဒါပေမယ့် …
ဒီမှာပဲ ခေါင်းချ
ဘဝက ပြောင်းမှမရပဲ” တဲ့။

“ဒုက္ခသည်ခံယူကြ
တချိန်ချိန်ကြ
ဘဝဟာလှပ
ကွယ် …
နှစ်များစွာကြာပလေ့စေဟယ်” တဲ့။

ဒီလိုနဲ့ …
လူသားမျိုးဆက်ပျက်တုံး
အဲဒီလို …
ခေတ်အဆိုးဆုံးမှာ
ကလေးတွေ အမေး
ငါ အမြဲ ရင်လေးနေရတယ်
တခါတခါလဲ ဘဝအေး သေသွားတယ်။

အရှေ့ တောင်အာရှရဲ့စပါးကျီ
ဒါ  …
တခေတ် တခါဆီက
သားတို့မြန်မာပြည်လား
ကလေးတွေအကုန်လုံး
ငါ့ကို တချိန်လုံး မေးကြတယ်။

မဟုတ်လို့ မဆို
ဒါတွေ အားလုံးပြိုလို့
အခုဆိုယိုင်လဲ
ငါတို့ ပြိုင်လဲ
အထောက်အကန်မရ
ပျောက်ကွယ်ရတော့မယ့်မြန်မာပြည်ပါကွယ်။

၀၀း၃၀ နာရီ (မေ ၅။ ၂၀၁၀)
သက်ခိုင်
ရင်းမြစ်။ ။မိုးမခ

Sunday, May 23, 2010

မိသားစု

အဆင်မပြေမှုက ဝင်ရိုးစွန်းချင်းတူကြတယ်
လက်တွေ့ ဘဝမှာ ဟာသမရှိဘူး
ထမင်းကိုစားရတာ
ဟာမိုနီမဖြစ်တဲ့ သီချင်းလို လည်ပင်းမှာ တစ်̗ လို့ 
နေ့လည်စာ ပြီးပေမယ့်
ညစာဆိုတာ မမျှော်လင့်ရဲတဲ့ အိပ်မက်ပေါ့
လူမှုဆက်ဆံရေးတွေမှာ
အိပ်ကပ်လေး ကျန်းမာရေးချို့တဲ့နေခဲ့တာ ကြာပြီ
ကျွန်တော်တို့မှာ အပမ်းဖြေဖို့ ရုပ်ရှင်ရုံမရှိဘူး
အပျင်းပြေလျှောက်လည်ဖို့ ခေတ်မီပန်းခြံ မရှိဘူး
နေထိုင်မကောင်းဖြစ်ဖို့ အားလပ်ချိန်မရှိဘူး
မိသားစုဆိုတာ
အကုန်တက် အကုန်ဆင်း
ကစားနေရတဲ့ ဘောလုံး အသင်းတစ်သင်း။ ။

ညီခ(လမ်းမတော်)
ရနံ့သစ်မဂ္ဂဇင်း၊ ၂၀၀၆၊ ဧပြီ

Saturday, April 17, 2010

မုန်းတယ်



သင်္ကြန်မှာ လာတိုက်တဲ့
ငမိုက်သား လူယုတ်မာ
ဘယ်က ဟာတွေလဲ။

အမဲဖြစ်ဖြစ်
အဖြူဖြစ်ဖြစ်
မင်း … လူမှ စစ်ရဲ့လား။  ။

အများ … ဒို့ပြည်သူ
ငတ်သူငတ်၊ ပြတ်သူပြတ်
လူဖြစ်ကျိုးမနပ်၊
သံချပ်သံ ရပ်။   ။
ကုတ်ကပ်လို့ အပျော်ရှာ
သင်္ကြန်မှာ အဖော်အသင်းတွေနဲ့
တေးသီရင်း ကလို့ခုန်
ကကြိုးတောင် မစုံသေး
ဗုံးပေါက်လို့ ပြေးရသတဲ့
အောင်မယ်လေး ! ကြုံဘူးပေါင်
ယုန်ကိုထောင် ကြောင်ကိုမိတယ်လေး
ပြည်သူ့ရင်သွေး၊ ဒို့ရင်သွေးတွေမို့
ငါမုန်းတေး သီလိုက်ရဲ့
မဟီသေလာ၊ ၀ဠာတခို
အကြိုအကြား သိစေသား။        ။

လူသတ်သမား သနားမရှိ
ဒုဂ္ဂတိသွား - အခြားမရှိ
မုန်းပါဘိ၊ မုန်းပါဘိ၊ မုန်းပါဘိ။     ။



မာမာအေး
ရင်းမြစ်။ ။မိုးမခ

Friday, April 16, 2010

သောကရွာချသွားတဲ့ သင်္ကြန်


ဒီမှာတော့...
ရာဇဝင်ထဲက အလွမ်းတွေနဲ့အတူ
ဝမ်းနည်းခြင်းသတင်း
မှတ်တမ်းအဟောင်းအမြင်းတွေကသာ
လက်ထပ်ထိမ်းမြား နေရာယူလို့ပေါ့...

ဧပရယ်မြို့ကလေးရဲ့
အလင်းပြတင်းဝကို
ပိတောက်သော့နဲ့ဖွင့်မှ ပွင့်ရမယ့်
အမှန်အကန် အတာသင်္ကြန်က
ဒီတနှစ်လည်း ပုန်းလျှိုးနေခဲ့ပြန်ပေါ့လေ...
ဟိုဆီမှာလည်း...
စိမ်းစိမ်းစိုစို ပြိုဟန်ပြင်နေတဲ့
တိမ်ညိုပြာထက်က
ငြိမ်းချမ်းရေး လက်ဆေးမိုးက
နေရာချိန်ခါ အတိအကျ
ဝေခွဲမှန်းဆ မသိခဲ့ရလို့ပါတဲ့
အတာနွေ သင်္ကြန်ရေအစား
လူသတ်ဗုံးတွေ
တလုံးပေါ်တလုံးဆင့်ပြီး ကွဲသွားခဲ့တယ်...

စစ်မှန်တဲ့ နှစ်ဦးပိတောက်ပွင့်မှ
လွတ်လပ်လင်းမြနိုင်မယ့်
ဧပရယ်မြို့ထက်က လမ်းကလေး
ဒီတနှစ်လည်း..
ငြိမ်ချမ်းရေးနဲ့ အလှမ်းဝေးခဲ့ပြန်ပေါ့လေ.

ဟိုမှာ..ဒီမှာ...
ကိုယ်ချင်းစာတရားနဲ့ဖွဲ့တဲ့
မိုးသားတိမ်တိုက်တွေနဲ့ ပေါင်းဖော်ပျော်ဝင်ခါမှ
ပီပီသသရွာချနိုင်မယ့်
တရားမျှမှု ရေခိုးရေငွေ့အဖော်တသင်းက
အာဏာပါးကွပ်သားတို့ လျောင်းစက်ရာ
ကန္တာရ နေပြည်တော်မှာ
အငွေ့ပျံ အရည်ပျော်နေကြရှာလို့တဲ့..

ပျော်စရာအတာကို
ခမောက်ဆောင်းပြီး အကြိုထောက်မယ့်
နှစ်သစ်ကူး ပိတောက်စစ်စစ်တွေရဲ့အစား
အသက်မဲ့ ပိတောက်ခက်အတုတွေက
လူလိုက်မုဆိုးတွေရဲ့ ဗုံးလက်နက်သေနတ်ဖျား
ရာသီမှားပြီး ရမ်းရမ်းကားကားပွင့်သွားခဲ့ကြသတဲ့....

ဟောဒီသင်္ကြန်မှာ
သင်္ကြန်မိုးမရွာ မကြွေခဲ့လေပဲ
အတာရဲ့ ငုဝါပိတောက်အစား
သင်္ကြန်မျက်ရည်ပွင့်တွေ ပင်လုံးပြည့်ဝေသွားခဲ့ရပေါ့...

ဟောဒီသင်္ကြန်မှာ
ဒုက္ခတွေကို သင်္ကြန်မိုးနဲ့ ဆေးကြောပစ်ရမယ့်အစား
သောကတွေအဆိုးတွေက သင်္ကြန်မနက်ညကို
သည်းသည်းမဲမဲ ရွာသွန်းသွားခဲ့ပေါ့...။        ။


ဆောင်းယွန်းလ
ဧပြီ ၁၆၊ ၂၀၁၀

Wednesday, April 14, 2010

၂၀၁၀…. ပိတောက်


နှစ်ရှည်လများ ဘယ်လိုအရပ်မျိုးမှာ

ခိုးခိုးပြီးပွင့်နေပါသလဲ အို…ပိတောက်

ငါ့ရဲ့ ရွှေအိုရောင် ပိတောက်တမ်းချင်းမှာ

အိပ်မက်တွေထဲ…

မင်းဟာ … အစိမ်းရောင်တွေနဲ့ပွင့်တယ်။


ငါဟာ….

စိတ်ကူးယဉ်တောလား ရေဖွဲ့ကျွမ်းသူ မဟုတ်ပါဘူုး

ခေတ်တခေတ်ကို စေ့ငုကြည့်တဲ့အခါ

ရိုးပြတ်နဲ့ စက်ရုံကျေးလက်တွေထဲ….

ငါ … မင်းကိုရှာခဲ့တယ်

ဧပြီလတိုင်းမှာပေါ့ …

စိတ်ကောက်ပြီး အရွဲ့တိုက်ပွင့်နေလည်း

စစ်မှန်တဲ့ မင်းရဲ့ ကိုယ်သင်းရနံ့က…

ငါ့ အပေါ် ထာဝရ မွေးမြနေဆဲမို့ပါ…။


ငါဟာ…

သူငယ်နှပ်စား တယောက်…

(ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်)

ဒါပေမယ့်

မင်းကိုတော့ …

ငယ်ဘ၀ရဲ့ တပ်မက်မှုမျိုးနဲ့

ရိုးသားစွာ … ချစ်ခဲ့တယ်။


မရယ်နဲ့ … မာရီယာ

မင်း မရယ်ပါနဲ့ …

နှင်းတွေရဲ့ အနက်ရှိုင်းဆုံး အောက်ခြေထုမှာ

ဇာဘုရင်စနစ်ဆိုးကို သင်္ချိုင်းပို့ပစ်ခဲ့တဲ့

အောက်တိုဘာပန်းပွင့်တွေ…ပွင့်ခဲ့တယ်။


အေး … ဒီလိုပဲ

ငါတို့အရပ်ရဲ့ နွေဦးမတ်လတွေမှာလည်း

ဖက်ဆစ်ကို ….

အမြစ်လှန်ပစ်လိုက်တဲ့ နှင်းဆီနီတွေ ပွင့်တယ်၊

များမကြာမီမှာ…

ပိတောက်တွေက ဂုဏ်ပြုအမှတ်တရ ပွင့်တယ် …

ဒါဟာ …

ဖျောက်ပစ်လို့ မရတဲ့ အစစ်အမှန် သမိုင်းပဲ …။


ငါ … ယုံကြည်တယ်

၂၀၁၀ မှာ …မင်းဘာသာ ဘယ်နေရာမှာပဲပွင့်ပွင့်

အဲဒီပိတောက်တွေဟာ …

အေကေသေနတ်တလက်ရဲ့

တရားမျှတတဲ့ ဆာလောင်မွတ်သိပ်မှု သေနတ်ပြောင်းဝမှာ

သူ့ချစ်သူ ကျည်ရိုက်တံ မောင်းတုံးနဲ့

လှလှပပ ပွင့်လိမ့်မယ် ….။ ။




ကမာပုလဲ
ဧပြီ၊ ၂၀၁၀။

Sunday, April 11, 2010

“ ရေမြေခြားအလွမ်း ”

              
              တနယ်တကျေးရောက်ကာ
                           ဝေးနေပေမယ့်လည်း
                           ဒီအချိန်ဒီလကိုရောက်တိုင်း
                           နှစ်စဉ်အမြဲသတိရနေတယ့့်  ။
                           တချိန်တုန်းကဆို
                           ဒီအချိန်ကိုရောက်တိုင်း
                           ရွှဲစိုအောင်ရေတွေလောင်းပက်ပါလို့
                           အပေါင်းအဖေါ်များနဲ့
                           အပျော်ကြီးပျော်ခဲ့ အဲ့ဒီသင်္ကြန်ရက့့်  ။
                           ရေမြေခြားသင်္ကြန်ပွဲမှာတော့
                           အမိမြေမှာလိုမပျော်လည်း
                           ကပိုကရိုရွှဲစိုပြီး
                           အပြုံးမပျက်အလှမပျက်အောင်ပဲ
                           ရသေ့စိတ်ဖြေနည်းနဲ့ဆင်နွဲ
                           အဲ့ဒီနှစ်သစ်ကူးတဲ့ သင်္ကြန်ပွဲ့  ။
                           တချိန်တုန်းကဆိုရင်ပေါ့
                           အမေမွေးတဲ့အသာမြေမှာ
                           ကွမ်းတောင်ကိုင်ဆယ်ကျော်သက်ကိုလည်း
                            ဦးဦးဖျားဖျားရေလောင်းခဲ့ဖူးတယ်
                            တိုက်ဆိုင်မှုတွေရှိနေတိုင်း
                            ရေမြေခြားနေပေမယ့်
                            အမိမြေကိုလွမ်းစိတ်ကပိုကဲ့  ။
                            ဒီအချိန်ကိုရောက်ရင်တော့
                            ရေဖလားလေးနဲ့ရေပက်တာကိုလည်း
                            ထာဝစဉ်အမြဲ လွမ်းရစမြဲ
                            တနှစ်မှာတခါသာပွင့်တဲ့
                            သင်းပျံတဲ့ပိတောက်တွေကိုလည်းလွန်းရမြဲ့  ။
                                                
ပေးပို့သူ -  ဇာနည်မောင်

Thursday, April 8, 2010

ကောက်ရိုးတမျှင်လောက်ဖြစ်ရရင်လည်း...ကျေနပ်တယ်


စိတ်ကူးခင်တန်းမှာ
မျှော်လင့်ခြင်း အမျှင်လေးတစ
လမ်းလျှောက်ထွက်မိတဲ့ ညတိုင်းပေါ့…

လရောင်ရဲ့ လေးညှို့ကိုင်းကွေးမှာ
ရင်ငွေ့ထွေးလှုံဖို့
ကြယ်စင်တွေကို
ကောင်းကင်တခွင်မှာ စိုက်ပျိုးကြည့်ဖို့
အိပ်မက်တွေကို
အိပ်မက်တွေနဲ့ မျှားယူခူးဆွတ်ပြီး
လက်တွေ့ဘဝရဲ့ ကြိုးနဲ့ သီခဲ့မိဖူးပါတယ်...

ဒါပေမယ့်..
ရှိသမျှအင်အားတွေနဲ့
ဝင်းမြဖို့ကြိုးစားနေရတဲ့
အဲဒီညတွေထဲက အမှန်တရားက
ငါ့ ဆောင်းတွင်းမီးဖိုလေးလောက်တောင်
အေးစက်တဲ့အမှောင်ကို အံတုဖို့
လင်းပျပျဥတုကို မပေးနိုင်ခဲ့သေးဘူး...

အင်အားကလည်း
အမှန်တရားဆိုတဲ့
မီးစာမခမ်းတခမ်း မီးလင်းဖိုရဲ့နှုတ်ခမ်းဝမှာ
သစ်တောအုပ်ပျိုပေါ်
မီးထတောက်တော့ မလိုလိုနဲ့
ကောက်ရိုးခြောက် တမျှင်စာလောက်
လောင်မြိုက်နေခဲ့ရတာပေါ့...

ငါ့အမှန်တရားက
ရေနစ်သူကို ကူထိုးပေးနိုင်မယ့်
ဝါးလုံးတလုံး မဖြစ်ခဲ့သေးရင်တောင်မှ
ဘဝမှာ…
တစုံတရာသော အင်အားတို့ဖြင့်
ရေနစ်နေသူအတွက်
ရှင်သန်ရာရှင်သန်ကြောင်း
ကောက်ရိုးကောင်းတမျှင်လောက်တော့ ဖြစ်ခဲ့ချင်တယ်…။    ။


ဆောင်းယွန်းလ
ဧပြီ ၈၊ ၂၀၁၀

Saturday, April 3, 2010

လိပ်တံဆိပ်ပေါက်တူး

သတိထားရင်း
တက်နင်းမိတဲ့
အချိန်မကိုက်ဗုံး
ချွေးတလုံးလုံးနဲ့ 
အသက်ဆုံးစေဆုံးတော့
သွေးမပျက်ခဲ့
စတေးခဲ့တာအမှန်
ပေါက်ကွဲသံဝုန်းဒိုင်း အထပ်ထပ်
ဖိနပ်ပါးပေါက်နေသူ
ဖနောင့်ပါး ကြေးနီမျက်နာနဲ့ 
ဝမ်းစာရှာနေသူတို့ ရင်ထဲ
သုံးရိုးမတို့ ရင်ခွင်ထဲ
အသံမစဲညံ
ဘ၀တွေ မီးလျှံကြားထဲမှာ။

စူးစူးရှရှ
ပြင်းထန်လှတဲ့
ပန်းကြွေရနံ့ တွေကြား
လင်းတကိုယ်သင်းနံ့ နဲ့ 
အစိမ်းရောင်အတ္တထွားထွားများ
သရဲသောက်တဲ့ဝိုင်အရက်နံ့ နဲ့ 
သွေးစုပ်ဖုတ်ကောင်များ
ကပ်ပြီးပလီတဲ့ ကပ်ပလီများ
အနားရောက်မှပြာတဲ့ အနားပြာများ
မျက်နာဖုံးစွတ်မျက်နာများ
ရောင်စုံဆေးမှင်ကြောင်မျက်နာများ
များသထက်များ
အရောင်တွေက
နက်သထက်နက်
အနီရောင်တွေဖြစ်ဖြစ်သွား
ကမ္ဘာ့အလယ်မှာထင်ရှားနေ။

အမေပြောတဲ့
ကျွဲအပါးစောင်းတီး
ဟိုလူကြီးအတွက်များလား
ပြည်သူတွေ
အခွင်အရေးတောင်းဆို
ရှာ(လျှာ)တိုနေပြီ
ဗျောက်အိုးဖေါက်တဲ့ရှာ(လျှာ)
ပြတ်ထွက်လာလောက်ရဲ့ ။

နယူတန်ရဲ့ 
သက်ရောက်မှု
ဘယ်ရာစုမှာ
ကျဆုံးသွားပြီလဲ(လည်း)
ယျဉ်ကျေးစွာတောင်းဆို
စနက်တကျတောင်းဆို
မေတ္တာဖြင့်တောင်းဆို
အပိုတွေလိုသဘောထား
မိုက်ရိုင်းပုံများ
ကမ္ဘာကကြားတယ်
ပြည်သူတွေကိုသနားတယ်။

ဒီမိုကရေစီနဲ့ ဖိလာ
စစ်အာဏာရှင်စနက်
ကိုယ့်ဖက်ကိုယ်ယက်
လိပ်တံဆိပ်ပေါက်တူးဖြစ်လို့ ။

ဒေါသရှုးရှုးရဲရဲ
လောဘဘီလူးသရဲ
အတ္တစွဲကြီးကြီးနဲ့ 
လိပ်တံဆိပ်ပေါက်တူးဖြစ်လို့ ။

ရှေးလူဆိုစကား
ဘနဖူးသိုက်တူး
ရသမျှအကုန်တူး
ရောရုဝ အရောက်တူး
လိပ်တံနဲ့ ဆိပ်ပေါက်တူး
အာဏာရူးတွေ။

(လိပ်တံဆိပ်ပေါက်တူး) လူထုစကားလုံးဖြစ်ပါတယ်။
လိပ်နဲ့ ပေါက်တူးများဟာကိုယ့်ဘက်ကိုယ်ယက်ကြတဲ့သဘောသဘာဝရှိနေ လို့ ဖြစ်ပါတယ်။

မင်းတာရာ

Friday, April 2, 2010

မာယာပင်လယ်ထဲမှာ လွတ်တဲ့ငါး


သူတို့ … ပြောပြောနေကြတဲ့
လွတ်လွတ်လပ်လပ် ကမ္ဘာထဲမှာ
လွတ်လွတ်ပြီး..လပ်လပ်နေတဲ့
အပေါက်အကွက် အပြောက်အစက်တွေနဲ့....


အနာဂတ်ကို
စာကလေးဗေဒင်တွက်သလို
နှစ်လုံးထီတွက်သလို
တရက်ချင်း တွက်ချက်နေကြတဲ့
သူတို့ဟာ….

အတိတ်နေ့ခင်းတွေဆီက
အပြီးမသတ်နိုင်ခဲ့ကြသေးတဲ့
ပန်းချီကားတချပ်အပေါ်မှာ
တာဝန်ကျေစွာ အိပ်ပျော်နေကြရှာတဲ့
သူတို့ဟာ….

ပစ္စုပ္ပန်ရဲ့
နေ့ခင်း..ငုတ်တုပ်ကြီးထဲ
နှာစေး အေးခဲပြီး
ငရဲရထားကို ဘဝတပတ်စီးဖို့
တကုပ်ကုပ် အလုပ်ရှုပ်နေကြတဲ့
သူတို့ဟာ…

မသေချာတဲ့
မိုးလေဝသတိုင်းထွာမှု အတုတွေနဲ့
ဗဟုသုတ အကျိုးအပဲ့တွေကို
ရောပြွမ်းချိုးဖဲ့ စားသောက်နေကြသူတွေ
အနည်ထိုင်ရာ ရပ်ကွပ်ကမ္ဘာထဲမှာ
သူတို့ဟာ….

အလင်းမသိ ပြတင်းမရှိတဲ့
အမှောင်ခန်း ကျဉ်းကြပ်ကြပ်ထဲ
ဘာ့ကြောင့်..
လေဝင်လေထွက် နဲပါးနေရသလဲဆိုတဲ့အကြောင်း
ဦးခေါင်းသုံးလုံးဖြစ်တဲ့ အချိန်ထိ

တယောက်ပခုံးထက် တယောက်တက်ဖိလို့
စဉ်းစားနေကြရင်း
သူတို့ဟာ.....

သူတို့ရဲ့..
အပြင်းစား မောဟရောင်စုံတို့က
သူတို့ယမ်းပုံထဲမှာပဲ မီးပြန်ရဲနေခဲ့ရပေါ့...

သူတို့ဟာ…
လမ်းကြိုလမ်းကြား
ပလက်ဖောင်းမှားတွေပေါ်မှာ ပျက်နေခဲ့ကြတဲ့
သူတို့ရဲ့..
မီးကျိုးမောင်းပျက်
စိတ်ဓာတ် အသစ်စက်စက်တွေကို
လူအလစ်မှာ ကောက်ယူတပ်ဆင်ထားခဲ့ကြလို့..
သူတို့ကောင်းကင်ယံတမ်းချင်း ပန်းခင်းထဲ
ထူးမခြားနားပတ်ပျိုး ဒေဝဒတ်မိုးမဲတွေကတော့
ပစ္စလက္ခ ရွာလို့ကောင်းနေတုန်းပဲပေါ့.....

တတိယလှိုင်းလုံးတွေထဲမှာ
လွတ်ထွက်နေတဲ့ ငါးဟာ
သူတို့အတိုင်းအထွာအရတော့ ကြီးမြတ်လှပေါ့တဲ့....

တဘဝခင်းလုံးစာ လွတ်ထွက်နေရတဲ့
မာယာပင်လယ်ထဲက ငါးတကောင်က
ဟောဒီ နှစ်တနှစ်ရဲ့ အခင်းအကျင်းထဲရောက်မှ
သူတို့အတွက်
ဒိုင်နိုဆောတကောင်ထက်တောင်
ပိုလို့…ကြီးမားနေခဲ့ပြန်တယ်ဆိုပဲ...။             ။ 


ဆောင်းယွန်းလ

Wednesday, March 24, 2010

ကလေးအတွက် ခေတ်သစ်အိပ်ရာဝင်ပုံပြင်



ဒီတညလည်း…
ကြယ်တွေမစုံနိုင်ခဲ့ကြသေးဘူး ကလေးရေ...
ကြယ်မလာ လမသာတဲ့ ကောင်းကင်ယံမှာ
ဘယ်လိုနတ်ဆိုးရဲ့ ဗျပ်စောင်းသံမျိုးကမှ
ငါတို့အလင်းနှစ်တွေအတွက်
ငြိမ်းချမ်းရေး စကားသံတွေအဖြစ်
တံတားစစ်စစ်ခင်းနိုင်မယ်မဟုတ်ပါဘူးကွယ် ...

ဟောဒီ ကြယ်တွေမစုံတဲ့ ကမ္ဘာမှာ
အသက်တရာ မနေရခြင်းအတွက်
ဘယ်ပဉ္စလက်ဆရာကိုမှလည်း
လက်ညှိုးညွှန်ပြ အပြစ်ပုံမချလိုပါဘူး ကလေးရယ်...

ခေတ်မှီစွာနဲ့ အသက်တိုခြင်းတရားထဲမှာ
စိတ်၏ချမ်းသာမှုတွေ ရှည်လျားနေခဲ့ရင်ပဲ
ဒီသံသရာကြီးက တင်ဆက်ပြသတဲ့ပွဲကို
ငါတို့ … ကျေနပ်စွာ ကြိုဆိုနေခဲ့မိမှာပေါ့ ကလေးရဲ့ ...

အခုတော့…
အခက်တရာမကတဲ့ အမှုကုဋေပွေခြင်းအတွက်
ကံကြမ္မာကို လက်ညှိုးငေါက်ငေါက်ထိုးပြီး
ပိုးစိုးပက်စက် ရိုးမယ်ဖွဲ့တတ်ခဲ့ရမတဲ့လား!

ကလေးရေ..
ဟောဒီ…တညလောက်ဖြစ်ဖြစ်
မျက်စိနဲ့ကြားနေရတဲ့ သီချင်းသစ်တပုဒ်အတွက်
ပိတ်ထားတဲ့ တံခါးရွက်တွေကို ပွင့်စေချင်ပါရဲ့
နားရွက်နဲ့ဖတ်နေရတဲ့ ကဗျာသစ်တပုဒ်အတွက်
ကြယ်သာ လထွက်တဲ့ကမ္ဘာမှာ
ကလေးကို စိတ်ချလက်ချ အိပ်ပျော်စေချင်ပါရဲ့ကွယ် …

ဒါပေမယ့်လည်းကလေးရေ
လိပ်ပြာမလုံသူတွေရဲ့ ကောင်းကင်မြို့ရိုးမှာ
အတ္တမြူခိုးတွေ ဝေသီဖုံးလွှမ်းနေသေးလို့
ဟောဒီတညအဖို့လည်း
ကြယ်တွေ မစုံနိုင်ကြသေးဘူးကွဲ့ … ။        ။

ဆောင်းယွန်းလ
မတ် ၂၃၊ ၂၀၁၀

Tuesday, March 23, 2010

၁၉၉၀ များ

၁၉၉၀ များ


ထင်ထားတာထက်

ပိုလွယ်နေတာက

မနေ့တနေ့ကမှမထင်မရှား ကျူးလွန်းခဲ့သေးတဲ့

တကိုယ်စာ လိမ်ညာပုံမျိုးပေါ့။


ထင်ထားတာထက်

ပိုခက်ခဲနေတာက

သူ့ကိုယ်သူ

အနိုင်ပိုင်းဖို့ ကြိုးစားလိုက်

လက်လွတ်ဆုံးရှုံးသွားလိုက်နဲ့

ဗျာများနေပုံမျိုးပေါ့။


ထင်ထားတာထက်

ပိုဝမ်းနည်းစရာကောင်းနေတာကတော့

သူ့အကျင့်သိက္ခာနဲ့

သူ့နဲ့

ခပ်တန်းတန်းဖြစ်သွားပုံမျိုးပေါ့




ကိုမောင်ရီ

ပိတောက်ပွင့်သစ် စာပေအနုပညာ မဂ္ဂဇင်း အမှတ်(၃) ဧပြီ ၂၀၀၆

အမေရိကန် သူတောင်းစား


မောင်စွမ်းရည်
မတ် ၂၃၊ ၂၀၁၀

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး
သုံးမကုန် လှူမခန်း
ပေးကမ်းစွန့်ကြဲ လူမွဲပေါင်းစုံ
ခိုလှုံအားထား သန်းကြွယ်များရဲ့နိုင်ငံ
အမေရိကန်မှာ
ပေးပါကမ်းပါ ယာစကာမျိုး
ရိုကျိုးခွက်ခံ အမေရိကန်သူတောင်းစား
ရှိမလားလို့ ဒို့များစိတ်မှာ
နိမိတ်မထင် မမြင်မိ။

အလို ဘုရား …
တနေ့သော်ကား
လူစည်ကားတဲ့ ဈေးနားလေးမှာ
လမ်းဘေး စင်္ကြန်
အမေရိကန် သူတောင်းစား
ဘွားကနဲ့ဆုံ ကြုံရပလေ
လူတွေ တွေ့ကရာ
ပေးပါ ကမ်းပါ တောင်းနေပါကလား
တောင်းစားတဲ့သူ ဖြူမှဖြူတဲ့
လူဖြူစစ်စစ် နီအစ်အစ်။

ငါကိုယ်တိုင်မှာ မချမ်းသာလဲ
ဗုဒ္ဓဘာသာ ဗမာမဟုတ်လား
နှစ်ပြားရှိရင် တပြားလှုချင်
လက်ကပြင်မိ ခြေလှမ်းမိ။

အလို..သူတောင်းစားတဲ့
ထွားကျိုင်းသန်မာ အင်္ဂါစုံပေ့
မတုန်မချည့် ခွန်အားပြည့်လျှက်
ခွက်လက်မစွဲ စီးကရက်ခဲလို့
ဝဲလက်ထဲမှာ ဗန်ဒါစေ့ထုပ်
ယာလက်ထဲမှာ ဘီယာသံဗူး
ဒူးကနန့်နန့် ခေါင်းနန့်နန့်

ဒါနဲ့ …
သဒ္ဓါလဲဆုတ်၊ လက်လဲရုပ်မိ
ဗုဒ္ဓဘာသာ၊ ငါ့ခမျာ
စေတနာသုံးတန်၊ တခုမကျန်
သုံးတန်လုံးပိတ်
ဒေါမနဿ စေတသိက်။        ။

ရင်းမြစ်။ ။မိုးမခ

Wednesday, March 17, 2010

ပန်းတိုင်


ချစ်တဲ့သူငယ်လေ-
သူငယ်ချင်းကောင်း ယောက်မတို့လေ----။

တိုက်ရပါလို၊ တိုက်ရလျှင်လဲ
အနိုင်မခံ၊ အရှုံးမပေး
ဒူးကိုမထောက်၊ လက်မမြှောက်သည့်
အဆုံးသတ်အောင်ပွဲမှသာတဲ့။

ရရပါလို၊ ရရလျှင်လဲ
ခိုင်မာရှင်သန်၊ စစ်မှန်သည်ဟု
ပြည်သူအများ၊ လက်ခံထားသည့်
ဒီမိုစနစ်မှသာတဲ့။

ညီရပါလို၊ ညီရလျှင်လဲ
တန်းတူညီမျှ၊ သွေးစည်းကြ၍
ပြည်ရွာအကျိုး၊ ထမ်းသယ်ပိုးသည့်
အမျိုးသားညီညွတ်ရေးမှသာတဲ့။

ရွှေပြည်တော် မျှော်မဝေးပြီမို့
တွဲလက်တွေ ခိုင်ခိုင်မြဲ
အားခဲစို့လေး။

ခင်မမမျိုး (၁၄။၃။၂၀၁၀)