Showing posts with label အတို့အထိ. Show all posts
Showing posts with label အတို့အထိ. Show all posts

Thursday, April 15, 2010

ကိုဇာဂနာဖတ်ဖို့ ဟာသ သင်္ကြန်စာ

 
ပျော်တော်ဆက်သာဂိ

 ကိုဇာဂနာရေ …
သတိရစွာနဲ့ စာရေးလိုက်တယ်။ သင်္ကြန်တွင်းမှ ရေးတော့ သင်္ကြန်စာပေါ့ဗျာ။ ထူးထူးခြားခြား လာမည့်နှစ်မှာ အတာဘာစားမည်၊ ညာစားမည်၊ သကြားမင်းကြီး ဘာစီး ညာစီးလာမည်။ ဟိုဟာတွေ ဒီဟာတွေ မြူးလို့ ဘယ်ဟာတွေ ဟိုဥစ္စာတွေ ပေါများမည်တို့ ရေးမှာ မဟုတ်ပါဘူး။ အကျဉ်းကျနေသူ မိတ်ဆွေတွေ၊ မိသားစုတွေဟာ သင်္ကြန်မှာ ဘယ်လိုမျိုး ပျော်ကြရမှာလဲ။
           မြန်မာပြည်ကို ဆင်းတယ်ဆိုတဲ့ သကြားမင်းကလည်း ခါးမှာ ဗြောက်ထိုးထားတဲ့ စစ်အာဏာရှင်သင်္ကြန်မှာ ခပ်ကုပ်ကုပ်နဲ့ ခွေးသားရေပိုဒ်တောင် မထုတ်ရဲ၊ အမြီးတော့ မလှုပ်ရဲနဲ့ ကျီးကြည့် ကြောင်ကြည့်နဲ့ ဖြစ်နေမှာပါ။ ဟိုးတုန်းက မြန်မာပြည်သင်္ကြန်မင်းသားတွေဖြစ်တဲ့ ကိုဇာဂနာတို့၊ ကိုမင်းကိုနိုင်တို့ကို သံချပ်စင်တွေမှာ လိုက်ရှာနေမှာလားလို့တော့ မထင်ပေါင်။
၂၀၀၆ သင်္ကြန်ကတည်းကပေါ့နော် ခင်ဗျားရဲ့ စစ်အာဏာရှင်သင်္ကြန်ကို ခပ်စပ်စပ်ဝေဖန်ချက်ကြောင့် ခင်ဗျားရဲ့ အနုပညာတွေကို ပိတ်ပစ်လိုက်ကြတယ်။ ခင်ဗျားရဲ့ လှုပ်ရှားမှုတွေကို လူထုကြားထဲမှာ ပိတ်ဆို့လို့မရခဲ့ဘူး။ ၂၀၀၇ ရွှေဝါရောင်မှလည်း ခင်ဗျားကို ပိတ်ဆို့ဖမ်းဆီးခဲ့တာပဲ။ ၂၀၀၈ နာဂစ်ကျတော့ ခင်ဗျားရဲ့ မြန်မာပြည်ကြီးရဲ့ ဒုက္ခသည်တွေကို ကယ်တင်တဲ့ စောင့်ရှောက်တဲ့ လှုပ်ရှားမှုတွေကို ဇာတ်သိမ်းပစ်ဖို့ လုပ်ကြတယ်။ ခင်ဗျားကို ထောင် ၃၅ နှစ် ချထားလိုက်ပြီ။ ဒါပေမယ့် ပြည်သူလူထုဟာ ဇာဂနာရဲ့ သတ္တိနဲ့ ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲတဲ့ အပြုအမူကို အတုယူကြလို့ ခင်ဗျားဟာ စံပြပုဂ္ဂိုလ်တဦးပဲဆိုတာ လွှမ်းပတ်ကမ္ဘာတည်စေသော်ဝ်ပေါ့ဗျာ။
၂၀၁၀ မှာ အမေရိကန်ရောက် မြန်မာတွေက ပြည်သူ့ဂုဏ်ရည်ဆိုတဲ့ ဂုဏ်ပြုအစီအစဉ်တခု စတင်လုပ်ကိုင်ကြတယ်ဗျ။ သူတို့တတွေ ရွေးချယ်တဲ့ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်း စွမ်းဆောင်သူတွေ ၂၄ ဦးထဲမှာ ခင်ဗျားအမည် ပါလာတယ်။ ပြီးတော့ ၅ ဦး ဆန်ကာတင်ရွေးကြတော့ ခင်ဗျားအမည်လည်း ကျန်ရစ်တယ်။ နောက် ခင်ဗျားနဲ့အတူ ဆန်ကာတင်ကြသူတွေကလည်း ခင်ဗျားချစ်ခင် လေးစား ကြည်ညိုတဲ့ မိတ်ဆွေတွေ၊ ပုဂ္ဂိုလ်တွေပဲ ဖြစ်နေပြန်တယ်။ ဆရာတော်ကြီး ဦးဉာဏိသရ (သီတဂူဆရာတော်)၊ ကိုကျော်သူ၊ မဖြူဖြူသင်း၊ ဦးအေးမြင့် စသည် … ၀မ်းသာစရာပါဗျာ။ သာဓုခေါ်လိုက်ပါရဲ့။
မြန်မာပြည်က တပ်မတော်အစိုးရကြီးခင်ဗျာ ၂၀၁၀ မှာ လုပ်ပေးမယ် ပြောထားတဲ့ ရွေးကောက်ပွဲကြီးအတွက် လူမိုက်တွေ၊ လူညံ့တွေ၊ လူပေါတွေ ရွေးလို့မှ မပြီးသေးဘူး၊ အင်န်အယ်ဒီပါတီကတော့ နင်တို့တွေနဲ့ပေါင်းပြီး မိုက်တွင်းနက်မနေနိုင်ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တော့ မင်းတြားကြီး ဗိုလ်သန်းရွှေတို့မှာ အတော် အကြပ်ရိုက်နေတယ် ကြားတယ်ဗျ။
သူတို့ဘက်က လူတွေ (လူတွေတော့ မဟုတ်ဘူးဗျ၊ ဗိုလ်တွေ ဗိုလ်တွေ … လူတွေအပေါ်က ဗိုလ်လုပ်မယ့်သူတွေကို လွှတ်တော်ထဲ လွှတ်မှာဗျာ …) မှာက အဆင်သင့်ဖြစ်နေပြီ။ သူတို့ အပင်းသွင်းပြီး ပယောဂနဲ့ ပြုစားထားတဲ့ ဘိုလိုတော့ ဇွမ်ဘီ ပေါ့ဗျာ … ဖုတ်ကောင်ကြီးတွေခင်ဗျာ အင်န်အယ်ဒီနဲ့ ပုခုံးချင်းတိုက်ပြီး လွှတ်တော်ထဲ ဖျာဝင်ခင်းမယ်လို့ ပြင်ထားတာ သူတို့လည်း တန်းလန်းကြီး ဖြစ်နေကြတယ် ပြောတယ်။
နေပြည်တော်က ငလျင်ကြောတည့်တည့်မှာ ဆောက်ထားတဲ့ လွှတ်တော်သစ်ကြီးကို ဗိုလ်သန်းရွှေက အပြီးဆောက်နေချိန်မှာ ဖက်ဆစ်အလိုတော်ရိ လွှတ်တော်ရူးသူ ဖုတ်ကောင်တွေကလည်း လွှတ်တော်မပြီးလည်း ကိစ္စမရှိဘူး တဲ့ … ခင်းထားတဲ့ဖျာ ခေါင်းပေါ်တင်ပြီး အမိုးလုပ်လို့ နေပါ့မယ်လို့ မျက်ရည်ခံ ထိုးနေကြတယ် ကြားတယ်ဗျာ။ သင်္ကြန်မှာတောင် မဲဆွယ်တဲ့အနေနဲ့ မဏ္ဍပ်တွေမှာ ဖုတ်ကောင်အက သွားကပြီး စည်းရုံးရေးဆင်းမယ်လို့ သူတို့တွေ ပြင်ဆင်ကြသေးတယ်လေ။ သင်္ကြန်တွင်းမှာ ရွေးကောက်ပွဲ နိုင်အောင် ယတြာချေတဲ့အနေနဲ့ နေပြည်တော်က လွှတ်တော်ကြီးမှာ အုတ်စီ သဲသယ် လုပ်အားသွားပေးနေကြတယ် ပြောတယ်ဗျ။ သနားစရာပါဗျာ …
ကျနော်ကတော့ ခင်ဗျားပေးခဲ့တဲ့ မြပုဏ္ဏမာ အဖွဲ့သားများရဲ့ ၁၉၉၀ သင်္ကြန် သံချပ်များ ရုပ်သံဗီစီဒီလေးနဲ့ ခင်ဗျားကို အလွမ်းဖြေပြီး ကြည့်နေမိတော့တယ်။  စစ်အာဏာရှင်တွေလက်ထက်မှာ သံချပ်တွေ မရှိတော့တဲ့နောက် ရွေးကောက်ပွဲကြီး ပြီးသွားရင်လည်း သံချပ်တွေ ပြန်လည် ပွင့်လင်းလာမယ် မထင်ပါဘူးဗျာ။ ဒီမိုကရေစီဆိုတာ စစ်အာဏာရှင်ရဲ့ ဘောင်းဘီအိတ်ကပ်ထဲမှာ ရှိတယ်လို့ ဘယ်ပညာရှိတွေက အရူးချီးပန်း ပြောလိုက်လေသလဲ မသိဘူး။ ယုံတဲ့သူတွေက ယုံပြီးတော့ စစ်ဗိုလ်တွေရဲ့ ဘောင်းဘီအိတ်ထဲ ၀င်နှိုက်ဖို့ ကြံစည်နေကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုနေကြတဲ့ ဖုတ်ကောင်တွေကိုတော့ ဂရုဏာသက်မိပါရဲ့။ ဒီမိုကရေစီ ဆိုတာကို စစ်အာဏာရှင်ရဲ့ ဘောင်းဘီအိတ်ထဲမှာ မတွေ့ဘဲ ကာလနာတွေ တိုက်ကုန်ကြမယ် ထင်ပါရဲ့။
         ကြံဖန်ပြီး ၀မ်းသာစရာပြောရရင်တော့ ဒီဖုတ်ကောင်ကြီးတွေနဲ့ အပေါင်းအပါတွေ၊ တတိယအုပ်စုတို့၊ ဘဲဥ ကြက်ဥ ငုံးဥ အစုအဖွဲ့တို့ဆိုတာတွေဟာ လွှတ်တော်ကြီးထဲမှာ စစ်အာဏာရှင်တွေအလိုကျ ငိုရ ရယ်ရ အသုံးတော်ခံဖို့ ပြင်ဆင်ကြရတော့မှာ ဆိုတော့ ကိုကျော်သူရဲ့ အခုလုပ်ပေးနေတဲ့ လိမ္မာယဉ်ကျေးစေတဲ့ သရုပ်ဆောင်သင်တန်းကိုတော့ မတက်မဖြစ် သွားတော့ တက်ကြရမှာပဲဗျ။
 ပြီးတော့လည်း စစ်အာဏာရှင်တွေရဲ့ မတရားကျင့်မှုကို ခံရတဲ့နောက် ရောဂါဘယတွေ စွဲကပ်လာတဲ့အခါမှာ နာတာရှည်လူနာတွေကို ကုသစောင့်ရှောက်ပေးနေတဲ့ ဖြူဖြူသင်းတို့ဆီကိုလည်း အပူလာကပ်ကြရလိမ့်မယ် ထင်တယ်။
မတရာအလုပ်ခံရပြီဆိုတာ သိတဲ့ လွှတ်တော်ထဲက ဖုတ်ကောင်ကြီးတွေဟာ အမြင်မှန် အသိမှန်ရပြီးတော့ စစ်အာဏာရှင်တွေကို ပြန်လည် အရေးယူဖို့ ကြံစည်တဲ့နေရာမယ် အားနည်းသူတွေကို ကူညီနေတဲ့ ဦးအေးမြင့်တို့လို ရှေ့နေ ရှေ့ရပ်တွေဆီမှာ မျက်ရည်လေး တစမ်းစမ်းနဲ့ ရောက်လာကြဦးမှာပေါ့ဗျာ။
နောက် ဒါ့အပြင် သူတို့တတွေရဲ့ ဘ၀တွေဟာ စစ်အာဏာရှင်ရဲ့ ကပ်ဆိုးကြီးအောက်မှာ အဖတ်ဆယ်မရအောင် ဆုံးရှုံးသွားရပြီဆိုတာ အားလုံးထက် နောက်ကျပြီးမှ သိရှိ နောင်တရချိန်မှာလည်း ဘ၀ကူးလေး ဘာလေး ကောင်းအောင် ဆရာတော်ကြီးတွေဆီက ပရိတ်ရည်လေး ဘာလေး တောင်းသောက်ကြလိမ့်မယ် ထင်ပါရဲ့။
ဘ၀တွေ မပျက်ဘဲနဲ့ အသိမှန် အမြန်ရကြလို့ လွှတ်တော်ထဲက မျိုးချစ်ဖုတ်ကောင်ကြီးတွေက စစ်အာဏာရှင်တွေကို နင်ပဲ ငဆ ပြန်လှန်ပြောဆိုမိလို့ မတော်မတည့် နိုင်ငံတော်ရဲ့ အကျဉ်းထောင်တွေထဲ ထောင်ဒဏ် ကမ္ဘာ ၁ သိန်းနဲ့ ထောင်ချခံရရင်လည်း ထောင်ထဲမှာ ရောက်နှင့်နေပြီဖြစ်တဲ့ မိတ်ဆွေကြီး ကိုဇာဂနာရဲ့ အရိပ်အောက်မှာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးမျှ လာရောက် ဦးညွှတ်ခိုလှုံကြရမှာပေါ့လေ။
အဲသလိုမျိုးလေး သူတို့ကို အားမငယ်ကြဖို့ အားပေးလိုက်ချင်တာပါပဲလေ။ စစ်အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲကြီးကိုဝင်၊ ဖက်ဆစ်လက်ပါးစေ လွှတ်တော်ကြီးပေါ်ကို တက်ပြီး နောင်တနေ့မှာ ခွေးကျ ၀က်ကျ ကျဆုံးကြရင်တောင်မှ ကျနော်တို့ဖက်ကတော့ အားနည်းသူတွေ၊ မတရားအလုပ်ခံရသူတွေကို ကူနေ၊ ကယ်နေ၊ စောင့်ရှောက်နေကြဖြစ်တော့ သူတို့တတွေ ခွက်လက်စွဲကာ တောင်းစားပါ၍ ခွေးဆွဲ၊ ၀ဲစွဲ၊ လဒဆွဲပြီးတော့ သေနာကျကုန်ရင်တောင်မှ ကိုကျော်သူ၊ မရွှေဇီးကွက်နဲ့ သန်းမြင့်အောင်တို့ရဲ့ နာရေးကူညီမှုအသင်းကြီးက သူတို့တတွေကို အသေဖြောင့်အောင် စေတနာဝန်ထမ်းပေးမှာ ဖြစ်ကြောင်း သတင်းကောင်းလေးတော့ ပေးလိုက်ချင်ပါရဲ့။ (အဟိ)
အေးဗျာ … ရေးတာကတော့ သင်္ကြန်စာပါပဲ။ သင်္ကြန်စာက ချောတောငေါ့ပြီး မေတ္တာစာ ဖြစ်သွားတယ် ထင်ပါ့။ စစ်အာဏာရှင်ရဲ့ နေ၀င်ချိန်ကတော့ ဘယ်သူမှ အချိန်မီ သိလိုက်မှာ မဟုတ်ဘူး ကိုဇာဂနာ။ သူတို့နေ၀င်ချိန်မှာ မြန်မာပြည်ကြီးက မီးပျက်နေတော့ သူတို့ကို ကူဖို့၊ ကယ်ဖို့အရေး  မျက်စိမှောက်ကုန်ကြတယ် လို့ ဆိုတာပဲ။
ကိုဇာဂနာနဲ့ နိုင်ငံရေးအကျဉ်းသားများ နှစ်သစ်မှာ ကျန်းမာ ချမ်းသာကြပါစေ။ 

ရင်းမြစ်။ ။မိုးမခ

Saturday, March 20, 2010

ဗိုလ်ချုပ်မှူးကြီး ထပ်ထုတ်မည့် ဥပဒေ


ကျေးဇူးရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ကျွန်ုပ် တွေ့ပြန်ချေပြီ။ ရန်ကုန်တွင် တွေ့ကြခြင်း ဖြစ်သည်။ အချိန်၏ တိုက်စားမှုကြောင့် ကျွန်ုပ်သည် ၀ါရင့် အထူးသတင်းထောက် ဖြစ်လာသကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသည်လည်း ပိုမို၍ အိုမင်း တုန်ချိပြီး ကြက်သရေ ကင်းမဲ့လျက် ရှိသည်။ သို့သော်လည်း သူ၏ အားသာချက်များ ရှိနေသည်။ “ဘုန်းကြီးပါစေ၊ သက်ရှည်စေ”ဟု ယခင်က ဆုတောင်းပေးခဲ့သူများ ရှိရော့ထင်၊ အသက် ၇၀ ကျော်လာသော်လည်း ယခုထိ ပလ္လင်ပေါ်မှ မဆင်းသေး၊ သေလည်း မသေသေးပေ။ မသေသေးသောကြောင့်လည်း ကျွန်ုပ် ထပ်မံ ဆုံခွင့် ရခြင်း ဖြစ်လေသည်။

(ကြော်ငြာ ၀င်ရမည် ဆိုလျှင် ယခင် တွေ့ဆုံမှုများကို ဖတ်ရှုလိုပါက ကျွန်ုပ်၏ ဘလော့ဂ် http://buffalo-in-moemaka.blogspot.com/ သို့ သွားပါလေ)

ဗိုလ်ချုပ်မှူးကြီးက သူ့ဧည့်ခန်းအတွင်း တရုတ်သိုင်းကား ကြည့်နေသည်။ ဘေးတွင်လည်း ကွမ်းအစ်၊ လက်ဖက်အစ်၊ ရေနွေးကြမ်းအိုးတို့ ၀န်းရံနေသည်။ ကျွန်ုပ်ရောက်လာသဖြင့် တရုတ်သိုင်းကားကို ခေတ္တ ပိတ်ထားလိုက်သည်။

ကျွန်ုပ် – အနှောင့်အယှက် ပေးမိတဲ့အတွက် ဆောဒီးပါ။ မိုးမခ အယ်ဒီတာ မင်းတွေက နားပူတာနဲ့ အင်တာဗျူးဖို့ လာခဲ့ရတာပါ။

ဗိုလ်ချုပ်မှူးကြီး – ဘာလဲ၊ ဘာကိစ္စဗျူးမှာလဲ။ မောင်ညီညီအောင်ကို ဘာကြောင့် လွှတ်လိုက်သလဲ မင်းတို့ သိချင်နေတယ် မဟုတ်လား။

ကျွန်ုပ် – ဟုတ်ကဲ့။

ဗိုလ်ချုပ်မှူးကြီး – သတင်းစာထဲမှာ ပြောထားသလိုပဲလေကွာ၊ အမေရိကန်ကလွတ်ပေးဖို့ မေတ္တာရပ်ခံတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ငါတို့က လွှတ်ပေးလိုက်တယ်။ ဒါပါပဲ။

ကျွန်ုပ် – ဒါပေမဲ့ အဘရယ် - အမေရိကန်တွေက နိုင်ငံရေးသမားတွေကို လွှတ်ပေးဖို့ တချိန်လုံး ပြောနေတာ မဟုတ်လား။ တခြားသူတွေကိုလည်း လွှတ်ပေးသင့်တာပေါ့။ နိုင်ငံရေးသမားတွေ ၂၀၀၀ လောက် ထောင်ထဲမှာ ရှိနေတယ်လို့ ပြောနေကြတာာပဲ မဟုတ်လား။

ဗိုလ်ချုပ်မှူးကြီး – အင်း - သူတို့ခန့်မှန်းထားတာထက် ပိုများပါတယ်ကွာ။

ကျွန်ုပ် – ကိုညီညီအောင်ကို ဘာကြောင့် သီးသန့် လွှတ်ပေးလိုက်တာလဲ။

ဗိုလ်ချုပ်မှူးကြီး – အမေရိကန်က တို့ကို စာရေးပြီး တောင်းတယ်လေ။ ဒါကြောင့် ငါတို့လည်း ကြောက်ပြီး လွှတ်ပေးလိုက်တာပါ။ သူတို့ စာမရေးလည်း ငါတို့က လွှတ်ပေးမှာပါကွာ။ အထာ ထားတဲ့ သဘောပေါ့။ ကဲ - ရှင်းပြီလား။

ကျွန်ုပ် – ဟုတ်၊ ရှင်းပါပြီ။ ကိုညီညီအောင် လွတ်သွားလို့ တချို့လည်း ပျော်နေကြတယ်၊ တချို့လည်း စိတ်ညစ်နေကြတယ်။

အဖိုးကြီးက ထွေးခံကို လှမ်းယူပြီး ကွမ်းတံတွေး ပျစ်ခနဲ တချက် ထွေးထည့်လိုက်သည်။

ဗိုလ်ချုပ်မှူးကြီး – ဟုတ်လား။ ဘယ်သူတွေပျော်နေကြတာလဲ။


ကျွန်ုပ် – ရှေ့နေကြီး ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်းတို့ပေါ့။ သူတို့လိုက်ပေးတဲ့ နိုင်ငံရေးသမားတွေထဲက အနည်းဆုံး ထောင် ၃ နှစ် တို့ ၇ နှစ်တို့ ကျကြတယ်လေ။ အဲဒီထဲမှာ ကိုညီညီအောင် တယောက်ပဲ စောစောစီးစီး လွတ်သွားတယ် တဲ့။ အဲဒါကြောင့် သူတို့ ပျော်နေကြတာ။

ဗိုလ်ချုပ်မှူးကြီး – အင်း - ဒီရှေ့နေတွေ ပျော်အောင်လုပ်မိတာ ငါ မှားသွားသလား မသိဘူး။ ကဲ - စိတ်ညစ်တဲ့သူတွေက ဘယ်သူတွေလဲ။

ကျွန်ုပ် – စိတ်ညစ်တဲ့ထဲမှာ ကျနော်လည်း ပါတယ်။ သူ ထောင်ထဲမှာ ရှိနေတော့ ကျနော်တို့က သတင်းရေးလို့ ရတာပေါ့။ ကိုညီညီအောင် အယူခံတင်တယ်၊ ကျတယ်၊ ထပ်တင်တယ်၊ ကျန်းမာရေးက ဘယ်လိုဖြစ်တယ်၊ ရှေ့နေက ဘာပြောတယ်၊ မိသားစုက ဘယ်လိုပြောတယ်၊ ထောင်ဝင်စာမှာ ဘာဖြစ်တယ် စသဖြင့် စသဖြင့် သူနဲ့ ပတ်သက်ပြီး ရေးစရာတွေက အများကြီးဗျ။ အခု လွှတ်ပေးလိုက်တော့ ကျနော်တို့ ရေးစရာ လျော့သွားတာပေါ့။

ဗိုလ်ချုပ်မှူးကြီး – အေးပါကွာ၊ ဒီတခါ ရန်ကုန်ထပ်လာရင် ငါ သေချာပေါက် ဆွဲစေ့လိုက်ပါ့မယ်၊ ဟုတ်ပြီလား။ ကဲ - ဘာသိချင်သေးလဲ။

ကျွန်ုပ် – ရွေးကောက်ပွဲဥပဒေက သိပ်ပြီး တဖက်သတ်ဆန်နေတယ်လို့ ဝေဖန်နေကြတယ်။

အဖိုးကြီးက ကျွန်ုပ်၏ စကားကြောင့် ခေါင်းတယမ်းယမ်း ဖြစ်သွားသည်။ ထို့နောက် ကွမ်းတယာ ယာပြီး ပါးစပ်ထဲ ထည့်လိုက်ကာ -

ဗိုလ်ချုပ်မှူးကြီး – စစ်နဲ့အချစ်မှာ မတရားတာ မရှိဘူး၊ အားလုံး တရားတယ် ဆိုတာ မင်း မကြားဖူးဘူးလား။ ငါက အားလုံးကို စစ်ရေးအမြင်နဲ့ပဲ စီမံခန့်ခွဲတယ်။ ရန်သူကို အထင်သေးလို့ မရဘူးနော်။ အပြတ် ရှင်းပစ်ရမှာပဲ။ ၁၉၉၀ တုန်းက ငါတို့ ခံရပြီးပြီ။ ၂၀၁၀ မှာတော့ လုံးဝ အသာစီးရအောင် လုပ်ရမှာပေါ့။

ကျွန်ုပ် – ဒါပေမဲ့ ဒီမိုကရေစီသမားတွေ မတော်တဆ နိုင်သွားရင် ဘယ်လိုလုပ်မလဲ။ သူတို့ကို ထောင်ထဲ ထည့်ဦးမှာလား။

ဗိုလ်ချုပ်မှူးကြီး – အဟိ၊ သူတို့ကို ထောင်ထဲ မထည့်ပါဘူးကွာ၊ ငါ ကတိပေးရဲပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တို့လူတွေချည်းပဲ နိုင်အောင် နည်းမျိုးစုံ လုပ်ရမှာပဲ။ ဒါမျိုးကို ငါ့လူတွေ ကျွမ်းပြီးသားပါ။ ၂၀၀၈ မှာ ဘာဖြစ်ခဲ့လဲ မင်းမတွေ့ဘူးလား။

ကျွန်ုပ် – ဒေါ်စုကိုရော ဘယ်လို စီစဉ်မလဲ။ သူက နိုဝင်ဘာဆို လွတ်ရက်စေ့တော့မှာ ဆိုတော့ နိုဝင်ဘာမတိုင်ခင် ရွေးကောက်ပွဲ လုပ်မှာပေါ့နော်။

ဗိုလ်ချုပ်မှူးကြီး – လွတ်ရက်က ဒီနှစ်ထဲမှာ မစေ့သေးပါဘူးကွာ။ သူ့ကို ထောင် ၃ နှစ်ချထားတာ မင်း မေ့နေပြီလား။

ကျွန်ုပ် – ဟာ - အဘ လက်မှတ်နဲ့ ထောင်ဒဏ် ၁ နှစ်ခွဲပြောင်းပေးလိုက်တယ် မဟုတ်လား။ ဗိုလ်ချုပ်အောင်ဆန်း သမီးမို့ အထာထားတယ် ဘာညာကွိကွ ဆိုပြီး ပြောထားတယ်လေ။ မလွှတ်ပေးလို့ ဘယ်ဖြစ်မလဲ။ ဘာလဲ - ယက်ထောကို ထပ်ခေါ်ဦးမလို့လား။

ဗိုလ်ချုပ်မှူးကြီး – အဟိ၊ အဲဒီ အမေရိကန် သေနာကောင်ကို ထပ်ခေါ်စရာ မလိုပါဘူးကွာ။ ပြီးတော့ ငါလက်မှတ်ထိုးပြီး ထုတ်ထားတဲ့စာအကြောင်း ငါသိပါတယ်။ ထောင် ၁နှစ်ခွဲ လျှော့ပေးတယ်ဆိုတာက ကောင်းမွန်စွာ နေထိုင်ရင် လျှော့ပေးမယ်လို့ ပြောထားတာပါ၊ မင်း မမှတ်မိဘူးလား။ ဒီတော့ နိုဝင်ဘာလရောက်ရင် ထပ်ပြီး ကြေညာလိုက်မယ်၊ ကောင်းမွန်စွာ မနေထိုင်လို့ နောက်ထပ် ၁နှစ်ခွဲ အကျယ်ချုပ် ထပ်နေစေလို့ အမိန့်ထုတ်လိုက်ရုံပဲ၊ လွယ်ပါတယ်။ အဟိ။

အကြံပိုင်သော အဖိုးကြီးပါပေ။ ဤသို့ အကြံပိုင်သောကြောင့်လည်း ပလ္လင်တွင် ဖင်မြဲနေခြင်း ဖြစ်မည်ဟု ကျွန်ုပ် တွေးမိပြီး စေ့စပ်သေချာသော အဖိုးကြီးကို ချီးကျူးလိုက်မိသည်။

ဗိုလ်ချုပ်မှူးကြီး – ဘာလဲ၊ မင်းက ငါ့ကို ကြိတ်ပြီး ချီးကျူးနေတာ မဟုတ်လား။ သိပ်လည်း အထင်မကြီးပါနဲ့ကွာ။ ငါလည်း အကုန် အောင်မြင်တာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဒေါ်စုနဲ့ ပတ်သက်လို့ပေါ့ကွာ။ သူ့မှာလည်း တန်ခိုးတွေ ဘာတွေ ရှိမယ် ထင်တာပဲ။

ကျွန်ုပ် – ထောင် ၃ နှစ်ချတာ နည်းတယ် ထင်လို့လား။ဘာကြောင့်လဲ။ ဘယ်နေရာမှာ မအောင်မြင်တာလဲ။

ဗိုလ်ချုပ်မှူးကြီး – ၂၀၀၃ တုန်းက လူသတ်သမား ၅၀၀၀ လောက်ကို ဒီပဲယင်းဘက်လွှတ်ပြီး သူ့ကို ၀ိုင်းရိုက်သတ်တာ သူ မသေဘဲ လွတ်သွားတယ်လေကွာ။ သူ တန်ခိုး ရှိတယ်လို့ ငါတော့ ထင်တာပဲ။

ကျွန်ုပ် – သြော် - အဘက အနုနည်းရော၊ အကြမ်းနည်းရော စွယ်စုံရတာပဲနော်။ ဒေါ်စုကို နှိပ်ကွပ်ဖို့ ရှေ့ဆက် ဘယ်လိုများ စစ်ရေးအမြင်နဲ့ ဗျူဟာ ခင်းဦးမလဲ။

ဗိုလ်ချုပ်မှူးကြီး – ခင်းပြီးပြီလေကွာ။ သူ့ကို ဘယ်နိုင်ငံရေးပါတီမှာမှ ၀င်လို့မရအောင် ဟိုနေ့ကပဲ ဥပဒေထုတ်လိုက်ပြီ မင်းမတွေ့ဘူးလား။

ကျွန်ုပ် – နောင်ရော ဘယ်လို ဥပဒေမျိုး ထုတ်ဖို့ စဉ်းစားထားသေးသလဲ။

ဗိုလ်ချုပ်မှူးကြီး – အင်း - သူ့ကို အိမ်ထဲက အိမ်ပြင်မထွက်ရဥပဒေတို့၊ အသက်မရှူရဥပဒေတို့ ထုတ်ရင် ကောင်းမယ်လို့ ငါ့မိန်းမက ငါ့ကို အကြံပေးသကွ။ အသေးစိတ် သိချင်ရင် မင်း သူ့ကို သွားမေးကွာ။

ကျွန်ုပ် အသေးစိပ် မသိလိုတော့ပေ။ သို့သော်လည်း ဂျီးဒေါ်ကြိုင်ကိုလည်း တနေ့နေ့တော့ အင်တာဗျူးသင့်သည်ဟု ထင်သည်။ အင်တာဗျူး ဟူသည်များက အလွန်ကောင်းသည်။ စာဖတ် ပရိသတ်တို့ ကြိုက်ကြသည်။ မိုးမခ အယ်ဒီတာမင်းများလည်း ကြိုက်မည်ဟု ယူဆပါသည်။ မကြာမီ ပို့လိုက်ပါမည်ခင်ဗျား။


ရန်လိုကျွဲ
ရင်းမြစ်။ ။မိုးမခ

Sunday, March 14, 2010

မိတ္ထီလာကန်တော်အောက်တွင် တတိယအုပ်စုကို ရှာဖွေခြင်း

ယခုတလော ပေါတာကြီးသန်းရွှေတို့က ဥပဒေ၊ ဥပဒက်များ အဆက်မပြတ် ထုတ်ပြန် ကြေညာမှု ပြုနေသောကြောင့် ကျွန်ုပ်တို့ သတင်းသမားများကလည်း ကုန်ကြမ်းများ အဆက်မပြတ် ရရှိကာ၊ သတင်းတိုရှည်များ အဆက်မပြတ် ရေးသားခြင်းဖြင့် အဆက်မပြတ် အလုပ်ဖြစ်နေကြသည်။
ဤအတောအတွင်း moemaka.com မှ အယ်ဒီတာမင်းတို့ကလည်း လတ်တလော ရာသီစာသတင်းများ ရေးသားရာတွင် တတိယအုပ်စု၏ အသံကို ထည့်သွင်းရန် ကျွန်ုပ်အား တိုက်တွန်းသမှု ပြုလေသည်။
ခက်ပြီ။ တကယ်ခက်ပြီ။ အဟုတ်ခက်ချေပြီ။ တတိယအုပ်စု၏ အသံကို မည်သို့ ရနိုင်အံ့နည်း။ စာသင်ကျောင်းများ ပိတ်လိုက်ပြီ ဖြစ်သောကြောင့် တတိယတန်းကျောင်းသားများကို ရှာဖွေရေးမှာလည်း မလွယ်ကူပေ။ ကျွန်ုပ်က ကိုယ့်ကိုယ်ကိုယ် အထူးသတင်းထောက်ဟု သတ်မှတ်ထားသော်လည်း တတိယအုပ်စုအသံက ရှာလေ ခက်လေ ဖြစ်ချေပြီ။
ပထမ အုပ်စု နှင့် ဒုတိယအုပ်စု၏ အသံများက လွယ်သည်။ အင်တာဗျူးရမည့်သူ မရှား၊ အစိုးရ သတင်းစာ ရုပ်သံ မီဒီယာမှလည်း ကိုးကားနိုင်သည်။
နောက်ဆုံးတွင် ရန်ကုန်သား လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ သတင်းထောက်တချို့က တတိယအုပ်စုနှင့် တွေ့ဆုံရေးမှာ မခက်ခဲကြောင်း ရှင်းပြပြီး နည်းပေးလမ်းပြ လုပ်ပေးသဖြင့် အဆင်ပြေသွားသည်။
လိုရင်း ပြောရလျှင် အယ်ဒီတာမင်းတို့ ချဉ်ခြင်းတပ်နေသည့် ထို တတိယအုပ်စုနှင့် အဆက်အသွယ် ရသည်။ မြန်မာ့ နိုင်ငံရေး ဇာတ်ခုံမှ တတိယအုပ်စုဝင်တဦး တနည်းဆိုရပါက မိတ္ထီလာမြို့မှ နာမည်ကျော် နိုင်ငံရေးသမားတဦးနှင့် ဗျူးခွင့် ရလေသည်။ ရေဒီယိုဌာန ဆက်သွယ်မေးမြန်းမှုများတွင် ရံဖန်ရံခါ ပါလာတတ်သည့် မိတ္ထီလာမှ ထိုပုဂ္ဂိုလ်နှင့် တွေ့ရန် ခရီးယာယီ ထွက်ရပြန်သည်။
သျှိသျှားဒေသ မိတ္ထီလာသို့ ကျွန်ုပ် ရောက်ချေပြီ။ သာယာသည့် နာမည်ကျော် မိတ္ထီလာ ကန်တော်ကြီးက မြို့အလှကို ဖော်ပြနေသည်။ မိတ္ထီလာ ကန်တော်အောက်တွင် ဘီယာသောက်ရင်း တတိယအုပ်စုဝင် နိုင်ငံရေးသမားနှင့် ကျွန်ုပ် စကား ပြောဖြစ်ကြလေသည်။ သူ၏ အမည်မှာ “ကိုတတိယ” ဖြစ်ချေသည်။

ကိုတတိယ – ညီလေးက ကိုယ့်ကို ဘာအကြောင်း မေးမလို့လဲ။
ကျွန်ုပ် – ဘာရယ်လို့တော့ မဟုတ်ပါဘူး။ အစ်ကို ပြောချင်တာကိုသာ ပြောထည့်လိုက်ပါ။ ကျွန်တော့် အယ်ဒီတာများက ဒီနေ့ နိုင်ငံရေး အခင်းအကျင်း ပွက်လောရိုက်နေချိန်မှာ တတိယအုပ်စုရဲ့ အမြင်ကို ကျွန်တော့်သတင်းထဲ ထည့်ရေးရမယ် တဲ့။ အဲဒီတော့ တခုခုသာ ပြောလိုက်စမ်းပါ။
ကိုတတိယ – တခုခု။
ကျွန်ုပ် – ဟာ … အဲဒီလိုတော့ မနောက်နဲ့လေ။ အစ်ကိုက မြန်မာ့နိုင်ငံရေးမှာ တတိယအုပ်စုဝင် ဘယ်လို ဖြစ်လာတာလဲ၊ အဲဒါ အရင် ပြောပါ။
ကိုတတိယ – အင်း … ကိုယ်ရေးကိုယ်တာ ကိစ္စတခုကြောင့် တရားစွဲခံရတဲ့ အချိန်မှာ ကိုယ်လည်း ထောင်ထဲ ထပ် မသွားချင်တော့တာနဲ့ ထောက်လှမ်းရေးကို ပြေးကပ်လိုက်ရတယ်။ ထောက်လှမ်းရေးက ကိုယ့်ကို အဲဒီအမှုမှာ အကာ အကွယ် ပေးတယ်၊ ကူညီတယ်။
(မည်သို့သောအမှုကို ထောက်လှမ်းရေးတို့က မည်သို့ ကယ်တင်လိုက်ခြင်းဖြစ်ကြောင်း ကိုတတိယက အသေးစိတ် ပြောပြသော်လည်း ရေးသားဖော်ပြခြင်း မပြုရန် ပြောလာသည်။)
ကျွန်ုပ် – သြော် ………………… ဒီလိုဆိုတော့လည်း ထောက်လှမ်းရေးနဲ့ ကိုတတိယနဲ့ အပြန်အလှန် ကူညီကြတာပေါ့ ဟုတ်လား။
ကိုတတိယ – ဟုတ်တယ်။ ကိုယ်လည်း တတိယအုပ်စုထဲ ရောက်သွားတာပဲ။ အရင်တုန်းက ကိုယ်လည်း NLD မှာ အပြတ် လှုပ်ရှားခဲ့တယ်လေ။ ထောင်လည်း ၂ ကြိမ် ကျခဲ့တယ်။ ရေဒီယိုတွေက အင်တာဗျူးရင် အလျဉ်းသင့်တိုင်း ဒါတွေ ထည့်ပြောရတာပေါ့ကွာ။ လူအထင်ကြီးအောင် ကိုယ်က ခေသူမဟုတ် ဘာညာသာရကာ နေကြာကွာစေ့ပေါ့။
ကျွန်ုပ် – NLD မှာ ဆက်နေရင်လည်း လူအထင်ကြီးခံမှာပဲ မဟုတ်လား။
ကိုတတိယ – NLD ထဲ ဆက်နေရင် အချိန်မရွေး ထောင်ထဲ ပြန်ရောက်မယ်။ ပြီးတော့ အဆဲ ခံရမယ်လေ။ မင်းတို့ကို မဲထည့်ထားတာ အနှစ် ၂၀ ကျော်ပြီ၊ ခုထိ ဒီမိုကရေစီ မရသေးဘူး၊ အဖြစ်မရှိဘူး၊ အသုံးမကျဘူး စသည်ဖြင့် အပြောခံရ အဆဲခံရမယ်။
ကျွန်ုပ် – အင်း ………………… ဒါလည်း ဟုတ်တာပဲ။ NLD ကိုရော ဘယ်လိုထင်သလဲ။
ကိုတတိယ – NLD ကနေ ခွာပြီး စင်အသစ်တခုကို ကူးလိုက်တဲ့အခါမယ် အဆင်ပြေသွားရော။ ဒီမိုကရေစီမရသေးတာ ကိုယ့်တာဝန် မဟုတ်တော့ဘူးပေါ့ကွာ။ ပြီးတော့ တတိယအုပ်စုတွေကပဲ ဒီမိုကရေစီကို မနက်ဖန် သဘက်ခါ ဖော်ဆောင်ပေးတော့ မလိုလို ယုံထင်ကြောင်ထင်ဖြစ်အောင် လေထွားကြတာပေါ့။ NLD ကိုရော ဘယ်လိုထင်သလဲ ဆိုတော့ ဒီတပတ်ထွက်လာမယ့် အသံ ဂျာနယ် အယ်ဒီတာ့ အာဘော်မှာ ရေးထားတဲ့အတိုင်း "နိုင်ငံတည်ဆောက်ရေးကို ကြိုးစားနေခြင်း မဟုတ်ဘဲ ရွှေဘ နည်းလမ်းဖြင့် သြဇာ ထူထောင် နောက်လိုက်စုနေသူများ" လို့ ပြောရမှာပေါ့။ ဒါ ကိုယ်တို့ရဲ့ မူပဲ။
ကျွန်ုပ် – ဒါဆို တတိယအုပ်စုလို့ ဆိုင်းဘုတ်တပ်ထားတာ ဘယ် သင့်လျော်မလဲ။ ဗိုလ်ချုပ်ကြီးတွေရဲ့ အလိုတော်ရိ အုပ်စု ဖြစ်နေပြီပဲ။
ကိုတတိယ – အလိုတော်ရိက နာမည်သာ ဆိုးတာ ၀င်ငွေကောင်းသဟ။ NLD မှာ ဆက်နေရင် စီးပွားရေးလည်း လုပ်လို့ရမှာ မဟုတ်ဘူး။ ဟိုခွေးမသား ထောက်လှမ်းရေးတွေက အနှောင့်အယှက် ပေးနေဦးမယ်။
ကျွန်ုပ် – သူတို့ကို ခွေးနဲ့တော့ မနှိုင်းပါနဲ့။ ခွေးတွေ သိက္ခာကျပါတယ်။
ဘီယာတန်ခိုးကြောင့်လားမသိ၊ ကျွန်ုပ်တို့၏ စကားဝိုင်းက အရှိန်ရနေသည်။ မိတ္ထီလာမှ ကိုတတိယသည် မြန်မာပြည်နိုင်ငံရေး ဖြစ်ကြောင်း ကုန်စင်ကို သိရှိထားသော်လည်း စစ်အစိုးရ ကောင်းကြောင်း ဓာတ်ပြားဟောင်းကို အထပ်ထပ် ဖွင့်ပြနေရခြင်းမှာ ဘ၀ ရပ်တည်ရေးအတွက် ဖြစ်သည် ဟူ၏။
ကိုတတိယ – စာနယ်ဇင်းသမားတွေ ဘယ်လို လှည့်ပတ်မေးမေး ကိုယ်တို့ကတော့ ရွေးကောက်ပွဲကို ၁၀၀ ရာခိုင်နှုန်း ပစ်စလက်ခတ် ထောက်ခံ ကြိုဆိုကြောင်း ပြောရမှာပဲ။ ဗိုလ်ချုပ်ကြီးတွေက ဖက်ဆစ်တို့ နာဇီတို့ထက် ဆိုးမှန်း ကိုယ်တို့ သိပေမယ့် သူတို့ကို သူတော်ကောင်းလိုလို ဘာလိုလို ပြောပေးရမှာပဲ။
ကျွန်ုပ် – အင်း ………………… လိမ်ရ၊ ပြောရတာက လွယ်ပါ့မလား။
ကိုတတိယ – ကမ္ဘာပေါ်က အလွယ်ဆုံး အလုပ်တွေထဲမှာ စကားပြောတဲ့အလုပ်က ထိပ်ဆုံးမှာ ရှိတယ်ကွ။ ကိုယ်လည်း နိုင်ငံရေး လုပ်လာတာ အနှစ် ၂၀ ကျော်ပြီ ဆိုတော့ အံတိုနေပြီ၊ ၀ါရင့်နေပြီ။
ကျွန်ုပ် – သဒ်ဖို့စ် လို့ ခေါ်တဲ့ တတိယအုပ်စုက ကြားနေရေး ၀ါဒ ………
ကိုတတိယ – အင်္ဂလိပ်လို မပြောစမ်းနဲ့ကွာ။ အသံထွက် မတိကျရင် T–u–r–d ဖြစ်နေဦးမယ်။ Turd ဆိုတာ မစင်တုံးကွ။ တော်ကြာ ငါတို့ တတိယအင်အားစုကို ချီးတုတ်အုပ်စုလို့ နာမည် ဖျက်နေကြဦးမယ်။
မြန်မာဘီယာ ၃ ပုလင်းအကုန်တွင် စကားဝိုင်းက ပို၍ပို၍ စိုပြေလာသည်၊ အာဝဇ္ဇန်း ရွှင်လာကြ၊ ပွင့်လင်းလာကြသည်။
ကျွန်ုပ် – တတိယအုပ်စုက အာဏာရှင်ဘက်လည်း မလိုက်ဘူး၊ ဒီမိုကရေစီအင်အားစုဘက်လည်း မလိုက်ဘူး။ ကြားနေရေး ၀ါဒကို ကျင့်သုံးတယ် လို့ ကြွေးကြော်ထားတဲ့ သဘောလား။
ကိုတတိယ – ကြားထဲမှာ နေတာလို့ ပြောလို့ ဘယ်ဖြစ်မလဲ။ ကိုယ်တို့လည်း အဲဒီလောက်တော့ မတုံး၊ မအ ပါဘူး။ ကြားနေတယ်လို့ ကြွေးကြော်လိုက်ရင် အချောင်သမား ဖြစ်ကြောင်း ၀န်ခံရာ ရောက်သွားမှာပေါ့။
ကျွန်ုပ် – ဒါဆို ဘယ်လို ကြွေးကြော်သလဲ။
ကိုတတိယ – ကိုယ်တို့က ရှေ့မတိုး နောက်မဆုတ် နိုင်ငံရေး အခြေအနေကို အဖြေတွေ ပေါ်ပေါက်လာအောင် ဖောက်ထွက်မယ့် အုပ်စုပေါ့ကွာ။ ဒါမှ လူအထင်ကြီးမှာပေါ့။
ကျွန်ုပ် – အင်း ………… ကျွန်တော်တောင် အထင်ကြီးချင်လာပြီ။ တတိယအုပ်စုထဲ ၀င်လိုက်ရင် ကောင်းမယ်ထင်တယ်။ ပြီးတော့ ရွေးကောက်ပွဲဝင်၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်၊ အာဏာတွေ ဘာတွေရ ……
ကျွန်ုပ် စကားကြောင့် ကိုတတိယ အားပါးတရ ရယ်မောလေ၏။ ဘီယာတန်ခိုးကြောင့်တော့ ဟုတ်ဟန်မတူ။
ကိုတတိယ – ၀ါး ဟားဟားဟား ဟားဟားဟား ဟားဟားဟား ……။
ကျွန်ုပ် – ဘာရယ်တာလဲဗျ၊ ကျွန်တော့်စကား ဘာမှားလို့လဲ။ အစ်ကိုတို့က ရွေးကောက်ပွဲ မ၀င်ဘူးလား။
ကိုတတိယ – ၀ါး ဟားဟားဟား ဟား …… ။ ရွေးကောက်ပွဲကတော့ မ၀င်ချင်လို့လည်း မရဘူး။ ဒါပေမယ့် တို့ကတော့ ရွေးကောက်ခံရမှာ မဟုတ်ဘူး။
ကျွန်ုပ် – လွယ်ပါတယ်၊ လူတွေကြိုက်ရင် မဲထည့်မှာပေါ့။ မကြိုက်ရင် မဲမထည့်ဘူးပေါ့။ လူကြိုက်အောင် နေပြ လုပ်ပြပေါ့ဗျ။
ကိုတတိယ – အဟိ၊ အဲဒါကြောင့် ကိုယ်က မင်းကို ဟားနေတာပေါ့ကွာ။ ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်ကြီးအေးချမ်းသာယာရေးတို့ပဲ နိုင်မယ်ဆိုတာ မင်းတို့ မရိပ်မိကြဘူးလား။ မဲလိမ်မယ်၊ မဲခိုးမယ်၊ မသမာမှု မကောင်းမှု အကုန်လုပ်မယ် ကလိမ်ကျမယ်လေကွာ။
ကျွန်ုပ် – တတိယအင်အားစုကိုလည်း ဗိုလ်ချုပ်ကြီးတို့က ပစ်ထားမယ် မထင်ပါဘူး။
ကိုတတိယ – မှန်ပါတယ်၊ ကိုယ်တို့ကို ပစ်မထားပါဘူး၊ ပွဲစည်အောင် အဖော်ခေါ်ထားတဲ့ သဘောပါပဲ။ ဒါပါပဲ။ တို့ကလည်း နာမည်ကြီးအောင်၊ အချိန်ရှိခိုက် အိတ်ထဲ ထည့်လို့ရအောင် အောက်ကလိအာသံနဲ့ လေကန်ပြ၊ သံစုံ အော်ဟစ်ပြနေရတာပါကွာ။ တတိယအုပ်စုဆိုတာ ဒါပါပဲ။
ဤတွင် စကားဝိုင်း သိမ်းလိုက်ကြသည်၊ ဘီယာပုလင်းလည်း အတော်များသွားချေပြီ။ moemaka.com မှ အယ်ဒီတာမင်းတို့ ချဉ်ခြင်းတပ်နေသည့် တတိယအုပ်စုအကြောင်းကိုလည်း အလျဉ်းသင့်သလို ဖော်ပြ ရေးသားနိုင်ပေပြီ။ အယ်ဒီတာမင်းတို့ ကျေနပ် နှစ်သက်မည်ဟု မျှော်လင့်ရသည်။
နောင်တွင်လည်း အထူးသတင်းထောက်၊ ၀ါရင့်သတင်းထောက် ဖြစ်သူ ကျွန်ုပ်အား စတုတ္ထအုပ်စု၊ ပဉ္စမအုပ်စုတို့ အကြောင်းကို ရေးသား တို့ထိရန် ညွှန်ကြားလာပါက မိတ္ထီလာကန်တော်အောက်တွင် ဘီယာသောက်ပြီး စနည်းနာရန် ၀န်လေးမည် မဟုတ်ပေ။ ။

ရန်လိုကျွဲ
မတ် ၁၃၊ ၂၀၁၀
ရင်းမြစ်။ ။မိုးမခ 

Wednesday, March 10, 2010

ပြည့်တန်ဆာခေါင်းတဦး၊ လူမိုက်ခေါင်းဆောင်တဦးတို့နှင့် တွေ့ဆုံခြင်း


ပြည့်တန်ဆာခေါင်းတဦး၊ လူမိုက်ခေါင်းဆောင်တဦးတို့နှင့် တွေ့ဆုံခြင်း

ရန်ကုန်မြို့တော်မှ ပြည့်တန်ဆာခေါင်းများ၊ ဟန်ပြအနှိပ်ခန်းတို့၏ ပိုင်ရှင်များ၊ ခါးပိုက်နှိုက်များ ယခုတလော ဂဏှာမငြိမ်၊ မူမမှန် ဖြစ်နေကြသည်ဟု မိတ်ဆွေ သတင်းထောက်များက ပြောသဖြင့် သတင်းထောက် ရန်လိုကျွဲ ကျွန်ုပ်မှာ ညာဘက် နားရွက် နှင့် ဘယ်ဘက်နားရွက်တို့ ထောင်မတ်ပြီး မျက်လုံးနှစ်ဘက် ပြူးထွက်သွားသည်။
အနှီသတင်းနောက် လိုက်လိုသဖြင့် မြူးမြူးသွက်သွက် ဖြစ်သွားသည်။ အနှီသတင်း၏ ထူးချက်ကြောင့် အင်တာနက်ဆိုင်သို့ သုတ်ချေတင်ကာ moemaka.com အယ်ဒီတာမင်းတို့ကို အင်တာနက် Gtalk မှ တဆင့် အချက်အလက် ပို့လိုက်သည်။

ရန်လိုကျွဲ@gmail.com –  “မိုင်ဒီးယား အယ်ဒီတာ့စ်၊ ကျွန်ုပ် သတင်းအနံ့တခု ရတယ်”

အယ်ဒီတာ့စ်@gmail.com – “good, very good!”

ရန်လိုကျွဲ@gmail.com – “မတ်လ ၈ ရက်နေ့က စပြီး ပြည့်တန်ဆာခေါင်းတွေ၊ အနှိပ်ခန်း ပိုင်ရှင်တွေ၊ အချိန်ပိုင်း ခါးပိုက်နှိုက်သူတွေ၊ အချိန်ပြည့် သူခိုးကြီး၊ သူခိုးလတ်၊ သူခိုးလေး၊ သူခိုးပိစိကွေးတွေက ရန်ကုန် မြို့ပြင်ကို အလုံးအရင်း ထွက်နေကြတယ်”

အယ်ဒီတာ့စ်@gmail.com – “ဟိုက် – ရှာလဘတ်ရည်၊ ဒီလူကြီးလူကောင်းတွေ ဘာလုပ်ကြမလို့လဲ၊ ပျော်ပွဲစား ထွက်မှာလား၊ သူတို့လုပ်ငန်းတွေကို ဦးပိုင်က လိုက်သိမ်းနေလို့လား၊ ဟိုနေ့က ထုတ်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေတွေကို ထောက်ခံကြိုဆိုတာတွေများ လုပ်ကြမယ့်ပုံရော ရှိသလား” 

ရန်လိုကျွဲ@gmail.com – “မိုင်ဒီးယား အယ်ဒီတာ့စ်၊ ဘာလုပ်ကြမလဲတော့ ကျွန်ုပ်မသိဘူး၊ သတင်းကတော့ အကြီးကြီး ဖြစ်သွားနိုင်တယ်။ ထင်သလောက် မကြီးရင်လည်း ပုံကြီးချဲ့ရေးပြီး ပို့လိုက်မယ်။ ဂွတ်ဘိုင်”

အယ်ဒီတာ့စ်@gmail.com – “နေပါဦး၊ နေပါဦး၊ ဒီလူတွေ အင်အားက ဘယ်လောက် များသလဲ”

ရန်လိုကျွဲ@gmail.com – “ဘယ်လောက် များသလဲ ဆိုတာကို ရေတွက် ခန့်မှန်းလို့ မရဘူး။ မြင်ကွင်းကတော့ ချင်းပြည်နယ်က ပြောင်းဖူးခင်းထဲ ကြွက်တွေ ဆင်းသွားသလို ဆိုပါတော့၊ အုံခဲနေတာပဲ”

အယ်ဒီတာ့စ်@gmail.com – “ok, good luck!”

အတွေ့အကြုံအရ ကျွန်ုပ် ရန်လိုကျွဲ သိလိုက်သည်၊ ဒါမျိုးမှ သတင်း၊ တကယ့်သတင်း၊ အဟုတ် စိတ်လှုပ်ရှားဖွယ် သတင်း၊ အမှန်အကန် သတင်း၊ ထူးခြားသည့်သတင်း၊ သိပ်လန်း သိပ်မိုက်မည့် သတင်း။ ဟုတ်သည်၊ သတင်းပီသတဲ့ ဒီသတင်းနောက်ကို အမြန်လိုက်ပြီ။

အနှီ သူခိုး၊ ဂျပိုး၊ ပြည့်တန်ဆာခေါင်း ကဲ့သို့သော လူကြီးလူကောင်းများကို ရန်ကုန်မြို့ပြင်သို့ ထွက်သည့် လမ်းမပေါ်တွင် ကားကြီးကားငယ် အသွယ်သွယ်ဖြင့် တွေ့နေရသည်။ ကျွန်ုပ်လည်း ၎င်းတို့နှင့် ရောနှော လိုက်ပါသွားသည်။

ရန်ကုန်မှ ထွက်လာပြီး လှည်းကူးမြို့သို့ မရောက်မီ ထူးဆန်းသည့် အကြောင်းအရာ တခုကို သတိထားမိသည်။ ခရီးသည်များအတွင်း မတူ ခြားနားသော လူကြီးလူကောင်းများစွာ ပါဝင်နေခြင်းပင်။ ထိုပုဂ္ဂိုလ်များမှာ အခြားမဟုတ်၊ ချစ်ခင်နှစ်သက် လေးစားဖွယ် ကောင်းသည့် ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းဝင်များ ဖြစ်တော့သည်။ သတင်းကြီးတပုဒ်တော့ ရပဟေ့ ဟူသော ကျွန်ုပ်၏ ယူဆချက် ပိုမို ခိုင်မာလာချေပြီ။

ကားကြီးကားငယ်များ ပြွတ်ခဲနေသဖြင့် ခရီးက မတွင်လှ။ လမ်း မကြာခဏ ပိတ်ဆို့သဖြင့် ကား မကြားခဏ ရပ်ရသည်။ ကားရပ်ပြီး လမ်းဘေးပေါက်တောသို့ အသီးသီး ၀င်ရောက်စဉ် ဦးအိုကေ၊ ဦးကျက်သရေ ဆိုသူ ၂ ဦးနှင့် အချက်အလက်အလို့ငှာ မိတ်ဖွဲ့လိုက်သည်။

ဦးအိုကေသည် ကာရာအိုကေ သီချင်းဆိုခန်းလုပ်ငန်းရှင် နာမည်ကျော် ပြည့်တန်ဆာခေါင်းဖြစ်သည်။

လူမိုက်ခေါင်းဆောင်တဦး ဖြစ်သူ ဦးကျက်သရေသည်လည်း ခေသူမဟုတ်ချေ၊ ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်း မြို့နယ်အဆင့် ရာထူး ရှိသူ ဖြစ်လေသည်။

ကားကြီးကားငယ်များက လှည်းကူးမြို့နယ် မင်းတုန်းရွာဘက်သို့ ဦးတည်သွားကြသည်။ တနေရာ အရောက်တွင် ကားက နေရာ မရွေ့တော့ပေ။ တမျှော်တခေါ် ယာဉ်တန်းကြီး၏ ရှေ့ဆုံးသို့ ကျွန်ုပ် သွားပြီး စနည်းနာလိုက်သည်။ ကားများ ဦးတည်ရာမှာ မင်းတုန်းရှိ စစ်သား လေ့ကျင့်ရေးတပ်စခန်းကြီး ဖြစ်လေသည်။

လေ့ကျင့်ရေးကျောင်းအတွင်းတွင် စိတ်ပျက်လက်ပျက် ဖြစ်နေသည့် ရန်ကုန်သား လူငယ်များ၊ ရန်ကုန်မှ ကလေးငယ်များကို ဆံပင်ငုတ်တိုဖြင့် တွေ့ရသည်။

လူငယ်လေးများမှာ ရန်ကုန်မြို့ပေါ်ရှိ ပန်းခြံတို့တွင် ရည်းစားနှင့် ချိန်းတွေ့ရာမှ အဖမ်းခံကြရပြီး စစ်သား စုဆောင်းရေး တပ်သို့ ရောက်သွားခြင်း ဖြစ်ကြောင်း၊ ကလေးများမှာ နွေရာသီ ကျောင်းပိတ်ရက် ကာလတွင် လမ်းကျော်၊ ရပ်ကွက်ကျော်ပြီး အဆော့လွန် အလည်လွန်ရာမှ နည်းမျိုးစုံဖြင့် စစ်သား စုဆောင်းရေးတပ်သို့ ရောက်သွားခြင်း  ဖြစ်ကြောင်း ကျွန်ုပ်ကို တိုးတိုးတိတ်တိတ် ပြောပြကြသည်။ သတင်းဌာနများသို့ ဆက်သွယ်ပြီး ၎င်းတို့၏ ဖြစ်ကြောင်းကုန်စင်ကို ပြောပြပေးရန် ကျွန်ုပ်အား အကူအညီ တောင်းကြလေပြီ။ ကျွန်ုပ် မည်သို့လုပ်ရအံ့နည်း။

ခက်ချေပြီ။ တကယ် ခက်ချေပြီ။ ကျွန်ုပ်သည် ဤသို့သော အကြောင်းအရာများကို သတင်းလုပ်ပြီး ရေးတတ်သူ အပေါစား၊ ခပ်ညံ့ညံ့ သတင်းထောက် မဟုတ်ပေ။ ကျွန်ုပ်သည် ၀ါရင့်သတင်းထောက်၊ အကြီးတန်းသတင်းထောက်၊ စီနီယာသတင်းထောက် ဖြစ်တော့သည် ဆိုသည်ကို ၎င်းတို့ မသိရှာပေ။ မသိလည်း မတတ်နိုင်။ ဒါမျိုးသတင်းတွေ မရေးနိုင်။

စစ်သင်တန်းကျောင်း အပြင်ဘက်ရှိ ကားကြီးကားငယ်များထဲတွင် စောင့်ဆိုင်းနေသူ လူကြီးလူကောင်းများမှာ ဤလူငယ်၊ ဤကလေးများ၏ မိဘတို့ ဖြစ်ဟန်တူသည်။ မိဘများက စိတ်ပူနေရှာတော့မည်။ လိမ်ညာ ဖြားယောင်း ခြိမ်းခြောက် ဖမ်းဆီးပြီး စစ်သားစုဆောင်းရေးတပ်သို့ အပို့ခံရသည့် ၎င်းတို့၏ ကလေးများ၊ လူငယ်များကို လာရောက် ထုတ်ယူကြဟန်တူသည်ဟု တွေးနေချိန်တွင် ကျွန်ုပ်အနီးသို့ ဦးအိုကေ နှင့် ဦးကျက်သရေတို့ ရောက်ချလာကြသည်။

ခက်ပြီ၊ ထိုလူကြီးလူကောင်းတို့နှင့် ကျွန်ုပ် အတိုက်အခံလုပ်ရချေတော့မည်။

ကျွန်ုပ် – ကလေးတွေက ငယ်တော့ ငယ်သေးတယ်။ ဒါပေမယ့် စစ်ထဲဝင်တာ ကောင်းပါတယ်။

ဦးအိုကေ+ဦးကျက်သရေ – သြော် - - - အင်း - - - ဟုတ်တယ်၊ ဟုတ်ပါတယ်။

ကျွန်ုပ် – သူငယ်ချင်းတယောက် ပြောသလို ပြောရရင် ကလေးတွေက စစ်တိုက်တမ်း ကစားရတာ ပျော်တယ်၊ စစ်ထဲဝင်တော့ တကယ့်သေနတ်တွေနဲ့ တကယ် စစ်တိုက်ရတော့ သူတို့ စိတ်ချမ်းသာမှာပေါ့ တဲ့။ ကောင်းပါတယ်။ မိဘတွေ စိတ်ပူစရာ မလိုပါဘူး။ ကလေးတွေက စစ်သားအလုပ် လုပ်ရတာ ပျော်မှာပါ။

ဦးအိုကေ+ဦးကျက်သရေ – သြော် - - - အင်း - - - ဟုတ်တယ်၊ ဟုတ်ပါတယ်။

ကျွန်ုပ် – ဦးတို့က ဦးတို့ရဲ့ ကလေးတွေကို အိမ်ပြန်ခေါ်ဖို့ ဒီကို ရောက်လာကြတာ မဟုတ်ဘူးလား။

ဦးအိုကေ+ဦးကျက်သရေ – သြော် - - - အင်း - - - မဟုတ်ဘူး၊ မဟုတ်ပါဘူး။

ကျွန်ုပ် – ဟိုက် - - - ဒါဆို ဒီကို ဘာလာလုပ်ကြတာလဲ။

ဦးအိုကေ – ငါက ကာရာအိုကေရုံ မလုပ်တော့ဘူး။ စစ်ထဲ ၀င်တော့မယ်။

ဦးကျက်သရေ – ငါလည်း ကြံ့ခိုင်ရေးအသင်းမှာ မလုပ်တော့ဘူး။ စစ်ထဲဝင်တော့မယ်။

ကျွန်ုပ် – ဘာဖြစ်လို့ စစ်ထဲဝင်ကြမှာလဲ။

ဦးအိုကေ – ရွေးကောက်ပွဲဥပဒေတွေ ထွက်ပြီလေ၊ မင်းမသိဘူးလား။

ကျွန်ုပ် – ဟုတ်ပါတယ်၊ သိပါတယ်၊ အဲဒီတော့ ဘာဖြစ်လဲ။ ဦးတို့ရဲ့ ပြည့်တန်ဆာလုပ်ငန်း - အဲ - ကာရာအိုကေလုပ်ငန်းက ဆက်လုပ်လို့ ရနေတာပဲ မဟုတ်လား။

ဦးအိုကေ – ဆက်လုပ်လို့ ရပါတယ်ကွ။ အဆင်ပြေပါတယ်။ ဒါပေမယ့် လူဆိုတာ ပို၍ပို၍ ကြီးပွားရာ ကြီးပွားကြောင်းကို ရှာရမယ် မဟုတ်လား။

ကျွန်ုပ် – ဒီအရွယ်ကြီးတွေကျမှ စစ်ထဲဝင်လို့ ဘယ်လိုနည်းနဲ့ ကြီးပွားနိုင်မှာတုန်း။ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ပြိုင်လို့ အရွေးခံရရင် ပို၍ပို၍ ကြီးပွားစရာတွေ တွေ့ရဦးမယ်။

ဦးအိုကေ – အေး - အဲဒါကြောင့် စစ်ထဲဝင်မှာကွ။ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ရင် ငါ့လို ပြည့်တန်ဆာခေါင်းကို ဘယ်သူက မဲထည့်မှာလဲ ငတုံးရဲ့။ ငါ့မှာ လွှတ်တော်တက်နိုင်စရာလမ်းကို မမြင်ဘူး။ အခုလို စစ်ထဲဝင်တာကမှ လွှတ်တော်တက်ဖို့ လမ်းကြောင်း ရှိသေးတယ်။

ကျွန်ုပ် – ဗျာ - လွှတ်တော်တက်ဖို့ လမ်းကြောင်း ဟုတ်လား။

ဦးကျက်သရေ – သိပ်သေချာတာပေါ့ကွာ။ လွှတ်တော်ထဲ ၀င်ထိုင်မယ့်သူတွေထဲက ၂၅ ရာခိုင်နှုန်းဟာ  တပ်မတော်သား ကိုယ်စားလှယ်တွေ ဆိုတာ မင်း မသိဘူးလား။ ရွေးကောက်ပွဲကို ၀င်ပြိုင်စရာ မလိုဘဲ လွှတ်တော်ထဲ တန်းပြီး ရောက်သွားမှာကွ။

ကျွန်ုပ် – သြော် - ဒါကြောင့် ဦးတို့က စစ်ထဲဝင်ချင်နေတာကိုး ဟိုးဟိုး။ သို့ပေမယ့် ကျနော် နားလည်ထားတာက ဦးကျက်သရေတို့ ကြံ့ဖွံ့အသင်းက ပါတီအဖြစ် အရောင်ပြောင်းပြီး ရွေးကောက်ပွဲ ၀င်မယ်၊ မဲလိမ် မဲခိုးမယ် တဲ့။ ဒီနည်းနဲ့လည်း လွှတ်တော်ထဲ ရောက်နိုင်တာပဲ မဟုတ်လား၊ စစ်ထဲ ၀င်စရာ လိုသေးလို့လား။

ဦးကျက်သရေ – ငါတို့ကို ပေါတာကြီးတို့က ပါတီဖွဲ့ဖို့ အတိအကျ ပြောမထားဘူး၊ ပြီးတော့ ငါတို့ အသင်းဝင် အင်အားက သန်းချီပြီး ရှိတာ၊ လွှတ်တော်ထဲ ၀င်ထိုင်ကြမှာက ရာဂဏန်းပဲ။ ဒီအသင်းထဲ ဆက်နေလို့ကတော့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်စရာ အကြောင်း မမြင်ဘူး။

ကျွန်ုပ် – ဦးက မြို့နယ်အဆင့်ခေါင်းဆောင်ပဲ။ အလားအလာ ကောင်းပါတယ်ဗျ။

ထိုအချိန်တွင် ဦးအိုကေက ကြားဖြတ်ပြီး ၀င်ရောက်ပြောဆိုပြီး စကားဝိုင်းကို သိမ်းလိုက်လေသည်။

ဦးအိုကေ – ဒီကောင်က ငါ့ထက် ပိုပြီး အကြံကြီးတယ်ကွ။ ကြံ့ဖွံ့အသင်းမှာ အချင်းချင်း ခွက်စောင်းခုတ် ခြေထိုးပြီး ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းဖြစ်၊ ရွေးကောက်ပွဲမှာ မဲဖိုးတွမ်တီး လုပ်ပြီး လွှတ်တော်ထဲ ရောက်သွားပြီ ထားပါတော့၊ သာမန် ကိုယ်စားလှယ်ပဲ ဖြစ်နေမှာပေါ့။ အခုလို စစ်ထဲဝင်တော့ လွှတ်တော်ကိုယ်စားလှယ်တင် မကဘူး နိုင်ငံ့ခေါင်းဆောင်တောင် ဖြစ်နိုင်ပြီလေ။ နိုင်ငံတော် သမ္မတသည် စစ်ရေးအတွေ့အကြုံ ရှိရမည် လို့ အခြေခံဥပဒေမှာ ပြဌာန်းထားတာ ၀ါရင့်သတင်းထောက်ကြီး မေ့နေပြီထင်တယ်၊ ဟဲဟဲဟဲ။

စကားဝိုင်းက ဤနေရာတွင် အဆုံးသတ်သွားသည်။ ကျွန်ုပ်လည်း moemaka.com မှ ဆရာသမားတို့ထံ သတင်းပို့ရန် အင်တာနက်ကဖေးဆိုင်သို့ ပြေးရလေသည်။     ။
ရန်လိုကျွဲ
မတ် ၁၀၊ ၂၀၁၀
ရင်းမြစ်။ ။မိုးမခ