Showing posts with label သတင်းဆောင်းပါး. Show all posts
Showing posts with label သတင်းဆောင်းပါး. Show all posts

Thursday, September 16, 2010

ဘယ်ကိုသွားမှာလဲ


     ပြီးခဲ့သော ဆယ်စုနှစ်ကာလများမှ စတင်ကာ ရေစီးကြောင်းတစ်ခုသဖွယ် ဖြစ်လာခဲ့သည့် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်ခြင်း၊ ပညာသွားရောက်သင်ယူခြင်းများမှာ  လူငယ်၊ လူလတ်ပိုင်းများအကြား၌  ဘ၀တိုးတက်ရာ ထွက်ပေါက်တစ်ခုအနေဖြင့် ရေပန်စားနေဆဲ ဖြစ်ပါသည်။
         ထိုကဲ့သို့ ရေပန်းစားနေဆဲဖြစ်သော်လည်း လက်ရှိအချိန်၌မူ နိုင်ငံခြားသို့ သွားရောက်ပညာသင်ယူခြင်းနှင့် အလုပ်လုပ်ရန်အတွက် ထွက်ခွာခြင်းတို့မှာ ယခင်အချိန်များနှင့် နှိုင်းယှဉ်ပါက အခက်အခဲများ ပိုမိုရင်ဆိုင်လာရကြောင်း သိရပါသည်။ မြန်မာလူငယ်အများစုသွားရောက်ကြသည့် နိုင်ငံများမှ ပြည်ဝင်ခွင့်ဆိုင်ရာကိစ္စရပ်များ၊ နေထိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ အစရှိသည်တို့ကို တင်းကြပ်မှုများ ပြုလုပ်လာကြသည့်နည်းတူ နိုင်ငံအသီးသီး၌ သွားရောက်နေထိုင် ပညာသင်ယူ အလုပ်လုပ်ကိုင်နေကြသူအများစုမှာ နေထိုင်ရာနိုင်ငံများတွင် ရင်ဆိုင်ရသော အခက်အခဲများကို ထုတ်ဖော်ပြောဆိုမှုများရှိလာပါသည်။
        လက်ရှိအချိန်တွင် နိုင်ငံရပ်ခြားသို့သွားရောက်ရာတွင် ငွေကြေးတတ်နိုင်ချမ်းသာသူများထက် ငွေကြေးမပြည့်စုံပဲ ဘ၀ကြီးပွားတိုးတက်လို၍ သွားရောက်ကြသောသူများအတွက်မူ နိုင်ငံရပ်ခြားတွင် ရင်ဆိုင်ရမည့်အခြေအနေများက စိန်ခေါ်မှုတစ်ရပ်ဖြစ်လာကြောင်းလည်း သိရသည်။
          "မလေးရှားမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကတော့အများကြီးပါပဲ၊ စက်ရုံတွေအလုပ်ရုံတွေကပေးတဲ့ လစာတွေကို အေးဂျင့်ကဖြတ်ယူထားတာတွေ၊ လစာငွေပုံမှန်ရှင်းပေရမယ့် အချိန်မှာ ရက်တွေအများကြီးကျော်ပြီးမှ ရှင်းတာတွေ၊ မြန်မာပြည်ကအေးဂျင့်တွေကပြတဲ့ Demand Letter မှာပါတဲ့အတိုင်း သက်တမ်း ၂ နှစ်ပြည့်တဲ့အထိ စက်ရုံတစ်ခုတည်းမှာပဲ လုပ်ရမယ်ဆိုတာကို တစ်နှစ်တည်းလုပ်ပြီး  Work Permit သက်တမ်းတိုးတော့မှ စားသောက်ဆိုင်၊ ဟိုတယ်တို့လိုနေရာတွေမှာ သန့်ရှင်းရေးဝင်လုပ်ခိုင်းတာတွေ၊ စက်ရုံမှာအလုပ်လုပ်နေစဉ်အတွင်းမှာပဲ ရသင့်ရထိုက်တဲ့လုပ်အားခတွေ၊ အခွင့်အရေးတွေမရတာတွေ အများကြီးရှိပါတယ်"ဟု မလေးရှား နိုင်ငံတွင်(၅)နှစ်ကြာ သွားရောက်အလုပ်လုပ်ခဲ့ပြီး နေရပ်သို့ပြန်ရောက်လာသူ ကိုဇော်ဝင်းကပြောပြခဲ့ပါသည်။

စင်ကာပူနိုင်ငံနှင့် မလေးရှား၊ ထိုင်းအစရှိသော ဒေသတွင်းနိုင်ငံများသို့ မြန်မာအများစုက ပုံစံမျိုးစုံဖြင့် သွားရောက်ထွက်ခွာနေကြသည့် နည်းတူ ဒူဘိုင်း၊ ကာတာအစရှိသော အရှေ့အလယ်ပိုင်း နိုင်ငံများသို့ လည်း ထွက်ခွာလျက်ရှိနေပါသည်။ သို့သော် အဆိုပါနိုင်ငံများတွင် မြန်မာလူငယ်အများစု လုပ်ကိုင်ရသည့် အလုပ်များမှာ  .  .  .

        "အဆင်မပြေလှပါဘူး။ တရားမ၀င်နိုင်ငံခြားသား အလုပ်သမားတွေများတဲ့ နိုင်ငံဖြစ်လို့ နည်းနည်းတော့ လှုပ်သာ၊ ရှားသာရှိပါတယ်။ ၀င်ငွေကတော့ အောက်ကြေးပါပဲ။ ငွေရေးကြေးရေး အတိုင်းအတာအရ မစုဆောင်းမိပေမယ့် လုပ်ငန်းအတွေ့အကြုံကတော့ ယူတတ်ရင် ယူတတ်သလို ရပါတယ်။ ကျွန်တော့်အဖို့ စုဆောင်းမိတာကလည်း လုပ်ငန်းအတွေ့အကြုံပါပဲ။ ဒီကိုလာဖို့ပြင်နေတယ်ဆိုရင်တော့ ဘာသာစကားနဲ့ နည်းပညာကျွမ်းကျင်မှု၊ စူးစမ်းလေ့လာသင်ယူလိုစိတ်နဲ့ ရိုးသားပွင့်လင်းပေမယ့် လူရည်လည်မှုတို့အပြင် ဒဏ်ခံနိုင်ရည်တို့ကို တတ်နိုင်သလောက်များများ သယ်ဆောင်ကြစေလိုပါတယ်"ဟု ကိုပြည့်ဖြိုးဝင်းက ပြောပြပါသည်။
          မလေးရှာနိုင်ငံနည်းတူ မြန်မာအများစု သွားရောက်ကြသည့် နိုင်ငံများထဲတွင် စင်ကာပူနိုင်ငံလည်း အပါအ၀င်ဖြစ်ပါသည်။ နည်းပညာနှင့် အင်ဂျင်နီယာဘာသာရပ်များကို ကျွမ်းကျင်သူများအတွက် အလုပ်အကိုင်ပေါများခြင်း၊ နိုင်ငံတကာပညာရေးဝန်ဆောင်မှုများ၏ ဆွဲဆောင်မှုများအပြင် ပညာသင်ယူပြီး အလုပ်လုပ်ကိုင်နိုင်ခြင်း၊ ပညာရေးကို ခုတုံးလုပ်ပြီး အလုပ်လုပ်ကိုင်နိုင်ခြင်း၊ အမြဲတန်းနေထိုင်ခွင့်ပီအာရရှိရန် အခွင့်အလမ်းစသည့်အချက်များကြောင့် စင်ကာပူနိုင်ငံသို့ သွားရောက်မှုများနေခြင်း ဖြစ်ပါသည်။           "စင်ကာပူမှာ မြန်မာတွေအတွက် အရင်ကထက်စာရင် အလုပ်ရဖို့ ပိုခက်လာတယ်။ အစိုးရပေါ်လစီအပြောင်းအလဲကြောင့်လည်း ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေဝင်လာတာကို ကန့်သတ်ပြီး စင်ကာပူနိုင်ငံသားတွေကို အလုပ်အကိုင်ရရှိရေး ဦးစားပေးဖို့ အွန်လိုင်းမှာဆူဆူညံညံ ဆွေးနွေးလာတာတွေလည်း ရှိပါတယ်။ လွှတ်တော်မှာလည်း တော်တော်ပြောကြတယ်။ လတ်တလောအနေနဲ့ စင်ကာပူက ပေါ်လီဒီပလိုမာ၊ ဘွဲ့လွန်ဒီပလိုမာ၊ ဒီဂရီတွေရတဲ့ ကျောင်းသားတွေ အမြဲတန်းနေထိုင်ခွင့် ပီအာလျှောက်ရင် Reject  ဖြစ်နေပါတယ်။ ပီအာမိဘနှစ်ပါးက မွေးလာတဲ့ ကလေးတွေကိုလည်း ပီအာချမပေးတာတွေ တွေ့ရပါတယ်။ အခုတလောမှာတော့ အစိုးရက သီးသန့်ဌာနတစ်ခုဖွင့်ပြီး လူဝင်မှုကြီးကြပ်ရေးတွေကို စိစိစစ်စစ်ကိုင်တွယ်သွားမယ်လို့ ပြောထားတယ်။ ဒါတွေအပြင် အလုပ်ရှင်က အလုပ်ခန့်ပေမယ့်  S Pass နဲ့ EP (Employment-Pass) လျှောက်တဲ့အခါမှာ ချမပေးတာတွေလည်း တွေ့ရပါတယ်။ WP (Work Permit) သမားတွေကတော့ သိပ်မထိခိုက်ဘူးလို့ ထင်ရပါတယ်။ အလယ်အလတ်ရာထူးတွေမှာ ပိုထိခိုက်တာပါ။ ဒီလိုတင်းကြပ်မှုတွေက စင်ကာပူရွေးကောက်ပွဲ မတိုင်ခင်အထိရှိနေဦးမယ်လို့ ယူဆရပါတယ်"ဟု စင်ကာပူနိုင်ငံတွင် နေထိုင်လျက်ရှိနေသော မပန်ဒိုရာက ပြောပြပါသည်။
          "စင်ကာပူမှာ ကျောင်းလာတက်တာမဟုတ်ဘဲ တိုက်ရိုက်အလုပ်လုပ်ဖို့ လာမယ်ဆိုရင် လိုအပ်တဲ့ အတွေ့အကြုံနဲ့ အလုပ်သဘာဝတွေကို မေးမြန်းလေ့လာပြီးမှ လာသင့်တယ်။ အထူးသဖြင့် အင်္ဂလိပ်စကားကို သွက်သွက်လက်လက် ပြောတတ်နိုင်ရင် အကျိုးရှိပါတယ်။ နိုင်ငံခြားသားတွေထဲမှာ မြန်မာတွေက အင်္ဂလိပ်စာတော်တော်ညံ့တယ်လို့ စလုံးတွေက သဘောထားကြပါတယ်။ ဒီကြားထဲ ပွဲစားနဲ့အလုပ်တွေ ရိုက်စားပြီးတော့ တစ်လ၊ နှစ်လလောက်အလုပ်ခန့်ပြီး ဆက်မခန့်တော့တာတွေလည်း ရှိပါတယ်။ ကျောင်းလာတက်မယ့်သူတွေ အတွက်ကတော့ ကျောင်းလခတွေက ဈေးတက်လာတယ်။  ကျောင်းပြီးတဲ့အခါ ပီအာရဖို့တော့ မသေချာဘူးဆိုတာကို သဘောပေါက်ထားပြီးမှ တက်သင့်၊ မတက်သင့်ဆုံးဖြတ်သင့်ပါတယ်။ ကိုယ်တက်မယ့် ကျောင်းမျိုးက ဘယ်လိုကျောင်းမျိုးလဲ၊ ဘယ်လောက်အသိအမှတ်ပြုတဲ့ Certificate ပေးမှာလဲဆိုတာ သေသေချာချာ လေ့လာပြီးမှ လာသင့်ပါတယ်။ ဆွယ်တဲ့သူက ဆွယ်တိုင်းပါမသွားဖို့လိုပါတယ်"ဟု မပန်ဒိုရာက ဆက်လက်ပြောပြသည်။

    မြန်မာလူမျိုးတွေအများစု လက်ရှိထွက်ခွာနေကြတဲ့ နိုင်ငံစုံကတော့ ၀င်ခွင့်ကန့်သတ်ချက်တွေကို နည်းမျိုးစုံနဲ့ ပိတ်ပင်ထားတယ်။ ဖွင့်ထားတဲ့လမ်းတွေဆိုတာကလည်း သူတို့နိုင်ငံကို ၀င်ငွေတိုးစေပြီး ဂျီဒီပီမြင့်စေမယ့်  .  .  .
          စင်ကာပူနိုင်ငံနှင့် မလေးရှား၊ ထိုင်းအစရှိသောဒေသတွင်းနိုင်ငံများသို့ မြန်မာအများစုက ပုံစံမျိုးစုံဖြင့် သွားရောက်ထွက်ခွာနေကြသည့်နည်းတူ ဒူဘိုင်း၊ ကာတာအစရှိသော အရှေ့အလယ်ပိုင်းနိုင်ငံများသို့လည်း ထွက်ခွာလျက်ရှိနေပါသည်။ သို့သော် အဆိုပါနိုင်ငံများတွင် မြန်မာလူငယ်အများစုလုပ်ကိုင်ရသည့် အလုပ်များမှာ အရောင်းဝန်ထမ်းအလုပ်များ၊ အလုပ်ကြမ်းများသာများခြင်းကြောင့် အလုပ်ရှင်များ၏ ခေါင်းပုံဖြတ်မှုများနှင့် ယဉ်ကျေးမှုဓလေ့စရိုက် ကွာဟမှုများကလည်း အခက်အခဲရှိနေကြောင်း သိရသည်။
         "ဒူဘိုင်းမှာတော့ မြန်မာတွေနဲ့ ဖားလို့ခေါ်တဲ့ ဖိလစ်ပိုင်တွေအများဆုံးရှိပါတယ်။ နေတတ်ရင်တော့ အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။မိန်းကလေးတွေရဲ့ လုံခြုံမှုကလည်း ကာယကံရှင်တွေအပေါ်မှာ အများကြီးသက်ရောက်မှုရှိနေပါတယ်။ ဥပမာဆိုရင် သောကြာနေ့ဆိုရင် ဒူဘိုင်းမှာ ကလပ်တွေကို ၀င်ကြေးအခမဲ့နဲ့ ၀င်ခွင့်ရအောင်လုပ်ပေးထားတာတွေ ရှိပါတယ်။ ဒီအခါမှာ စိတ်ညစ်လို့ဖြစ်ဖြစ်၊အဆင်မပြေလို့ဖြစ်ဖြစ်၊ ပျော်ချင်လို့ပဲဖြစ်ဖြစ် ကလပ်မှာမူးရူးပြီး အချိန်မတော်ပြန်လာမယ်ဆိုရင် အန္တရာယ်ရှိနိုင်ပါတယ်။ ရေရှည်နေဖို့ကတော့ အခက်အခဲရှိနိုင်ပါတယ်။ ယဉ်ကျေးမှုအခြေခံတွေကအစ ကွာဟချက်တွေရှိနေတာအပြင် လုပ်ရတဲ့အလုပ်ကလည်း အရောင်းဝန်ထမ်းပုံစံမျိုးဆိုတော့ ခိုင်မာမှုတော့ မရှိနိုင်ပါဘူး။ ၀င်ငွေက အထိုက်အလျောက် ကောင်းတယ်ဆိုပေမယ့် အလုပ်ရဖို့ပေးရတဲ့ပွဲစားခနဲ့ မဖြစ်မနေအသုံးစရိတ်ကို ဖယ်လိုက်ရင် သိပ်စုမိတဲ့အနေအထားမရှိပါဘူး"ဟု ဒူဘိုင်းတွင် နေထိုင်လျက်ရှိသော မြန်မာအမျိုးသမီးငယ်တစ်ဦးက ပြောပြသည်။

         ကာတာကဲ့သို့သော နိုင်ငံများတွင်မူ ဆောက်လုပ်ရေးလုပ်ငန်းခွင် အစရှိသောနေရာများတွင် အလုပ်ကြမ်းများကို လုပ်ကိုင်နေသည့် မြန်မာအများစုရှိနေကာ ပွဲစားများ၏ လိမ်လည်မှုကိုခံခဲ့ရသူများနှင့် အလုပ်ရှင်၏ ခေါင်းပုံဖြတ်မှုကို ခံထားရသူများစွာ ရှိနေကြောင်း သိရသည်။
         "ဒီကို ထွက်လာတုန်းကတော့ အေဂျင်စီက ဘာအလုပ်လုပ်ရမယ် ဆိုတာမပြောဘူး။ ၀င်ငွေကောင်းမယ်၊ ပြည်တွင်းက ထွက်ရလွယ်မယ်။ ဗီဇာအမြန်ကျမယ်ဆိုတာကိုပြောပြီး စာချုပ်ချုပ်လိုက်တာပဲ။ ဒီကိုရောက်ရော ထင်မထားတဲ့ အလုပ်နေရာတွေမှာ အလုပ်ကြမ်းလုပ်ရတယ်။ မလုပ်နိုင်လို့ ထွက်မယ်ပြောတော့ စာချုပ်ကိုင်ပြီး ခြိမ်းခြောက်တာခံရတယ်။ အလုပ်ချိန်ကလည်း ရှစ်နာရီကျော်ရင် အချိန်ပိုခပေးမယ်ဆိုပြီး လက်တွေ့မှာတော့ မပေးဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တိုင်လိုက်ရင်လည်း အလုပ်ရှင်က လူငှားပြီး ရိုက်ခိုင်းတာတွေရှိတယ်။ အဆိုးဆုံးအချက်ကတော့ အလုပ်ရှင်က Passport ကိုသိမ်းထားပြီး သူလိုသလို အကြပ်ကိုင်တာပဲ။ ဒီကိုရောက်ပြီး အဆင်ပြေတဲ့သူတွေ ရှိချင်ရှိမှာပေါ့။ ကျွန်တော်သိသမျှတော့ အဆင်မပြေတဲ့သူတွေများပါတယ်။ ရွေးစရာမရှိတော့လည်း ကျိတ်မှိတ်ပြီး ဆက်လုပ်နေကြရတာပေါ့"ဟု ကာတာနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကိုအောင်ထိုက်က ပြောပြပါသည်။
         လုပ်သားဈေးကွက်ဖြစ်ထွန်းမှုအပေါ် တည်မှီပြီး နိုင်ငံအသီးသီးသို့ ထွက်ခွာလေ့ရှိသည့် မြန်မာလူငယ်များမှာ စင်ကာပူ၊ မလေးရှား၊ ထိုင်း နှင့် အရှေ့အလယ်ပိုင်းဈေးကွက်များအထိ သွားရောက်ရန် ပြင်ဆင်ခဲ့သော်လည်း အဆင်မပြေမှု၊ အခက်အခဲများကသာ များနေခဲ့ခြင်းကြောင့် ပါပူအာနယူးဂီနီအစရှိသော နိုင်ငံငယ်များနှင့် အာဖရိကတိုက်ရှိ နိုင်ငံငယ်များသို့ပါ အလုပ်လုပ်ကိုင်ရန်အတွက် သွားရောက်ခြင်းများရှိလာကြောင်း သိရပါသည်။
         "ပွဲစားခကလည်း အများကြီး မပေးရဘူး။ လစာကလည်း အမေရိကန်ဒေါ်လာ ၈၀၀ ကျော်ရမယ်။ စူပါမားကတ်မှာ ရာထူးကောင်းတစ်နေရာရမယ်ဆိုတာနဲ့ ပါပူအာနယူးဂီနီကို ရောက်လာခဲ့တာပါ။ အေဂျင်စီက ပြောထားတဲ့ အလုပ်ရပါတယ်။ လခလည်းပြောထားသလို ရပါတယ်။ ရာထူးကလည်း ပြောထားတဲ့ ရာထူးပါ ပဲ။ ဒါပေမယ့် စရောက်ပြီးတဲ့နေ့မှာပဲ ထိတ်လန့်စရာတွေနဲ့ စတွေ့ရပါ တယ်။ စူပါမားကက်ကို ဖောက်ထွင်းခံရပါတယ်။ လုံခြုံရေးနှစ်ယောက် အသတ်ခံရပါတယ်။ ဒါက ပထမဆုံး တွေ့ရတာပါ။ နောက်ပိုင်းတော့ မြို့ထဲသွားရင် ဘေးမှာအစောင့်မပါပဲ သွားလို့ မရဘူး။ လုယက်ခံရတာရှိနေသလို အချိန်မရွေး အသတ်ခံရနိုင်တဲ့ ဘေးအန္တရာယ်ကလည်း ရှိနေပါတယ်။ အဲဒီတော့အားနေရင် အပြင်မထွက်ရဲဘူး။ အလုပ်ကပေးထားတဲ့ အခန်းထဲမှာပဲနေနေရတယ်။ စာချုပ်ပြည့်တဲ့ ထိတော့နေရမှာပေါ့။ ဒီနိုင်ငံက ဓနသဟာယထဲပါနေတော့ ဒီမှာထိုင်သင့်သလိုနေပြီး အင်္ဂလန်သွားဖို့ လွယ်တော့ သည်းခံနေလိုက်ပြီး အင်္ဂလန်ဘက်ကူးမယ်လို့ စဉ်းစားထားတယ်"ဟု ပါပူအာနယူးဂီနီနိုင်ငံရှိ စူပါမားကက်တစ်ခု၌ အလုပ်လုပ်ကိုင်နေသူ ကိုရဲခေါင်က ပြောပြပါသည်။
         အလုပ်လုပ်ကိုင်ရန်သီးသန့်ဖြင့် နိုင်ငံရပ်ခြားသို့ သွားရောက်နေကြသူအများစုမှာ အဆင်မပြေမှုများ၊ ပြဿနာမျိုးစုံဖြင့် ကြုံတွေ့ရမှုများ ရှိနေသည့်နည်းတူ ပညာရေးဆိုင်ရာ ကိစ္စရပ်များဖြင့် ထွက်ခွာရန် ပြင်ဆင်ကြသူများတွင်လည်း အခက်အခဲများ ရှိနေကြောင်း သိရသည်။
            မြန်မာလူငယ်အများစုသွား ရောက်ရန် စိတ်ဝင်စားချက်ရှိနေသည့် အင်္ဂလန်နိုင်ငံတွင်မူ Tier 4 Points စနစ်အရ ကျောင်းသားဗီဇာပြောင်းလဲပြီးသည့် ၂၀၀၉ ခုနှစ်မှစတင်ကာ ယူကေကျောင်းများသို့ တက်ရောက်လိုသော ကျောင်းသားများရှိလာခဲ့သည်။ သို့ရာတွင် မြန်မာကျောင်းသားများအနေဖြင့် အမှန်တကယ် ကျောင်းတက်ရောက်လိုသောပမာဏမှာ အနည်းငယ်သာရှိပြီး အလုပ်ရလိုသည့် ဦးတည်ချက်များကြောင့်  အင်္ဂလန်သို့ ရောက်ရှိပြီး အဆင်မပြေမှုများရှိခဲ့ကြောင်း သိရသည်။          ယင်းဖြစ်ရပ်များအပြင် အင်္ဂလန်သို့ ရောက်ရှိပြီးမှ ဘာသာစကားကျွမ်းကျင်မှု အားနည်းချက်များရှိနေခြင်းကြောင့် ယခုအခါအင်္ဂလန်နိုင်ငံ၏ ကျောင်းသားဗီဇာသာမက မှီခိုလိုက်ပါမည့် သူများ၏ အင်္ဂလိပ်စာ လိုအပ်ချက်များကိုလည်း ယခင်ကထက် ပြောင်းလဲကန့်သတ်ခဲ့ကြောင်း UK Border Agency ကထုတ်ပြန်လိုက်ခြင်းက သွားရောက်လိုသူများအတွက် အခက်အခဲတစ်ခုဖြစ်လာစေခဲ့သည်။
         သြစတြေးလျနိုင်ငံတွင်မူ  ၂၀၀၉ နှစ်ကုန်ပိုင်းနှင့် ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ယင်းနိုင်ငံ၏ ကျွမ်းကျင်လုပ်သား လိုအပ်ချက်စာရင်းကို အွန်လိုင်းတွင် ကြည့်ရှုကာ မည်သည့်အဖွဲ့အစည်း၊ သြစတြေးလျ၏ ပြည်နယ်အသီးသီး၌ လက်ရှိနေထိုင်သူများ၏ ထောက်ခံမှုတစ်စုံတစ်ရာမပါဝင်ဘဲ ပီအာလျှောက်ထားကြရသည့် စနစ်စတင်ခဲ့ပါသည်။ သို့သော် Skilled Occupation Lists အရနှစ်စဉ် အပြောင်းအလဲရှိနေသည့်အတွက် မြန်မာလူငယ်များ၏ အရည်အသွေးသည် ယခုနှစ်အတွက် သြစတြေးလျနိုင်ငံ၏ အလုပ်သမားလိုအပ်ချက်ဖြစ်နေသော်လည်း နောင်နှစ်များတွင် လိုအပ်ချက်ပြည့် သွားနိုင်ခြင်းကြောင့် ယင်းစနစ်မှာ အကန့်အသတ်များနှင့် ရှိနေခဲ့သည်။
         "အဲဒီလို သြစတြေးလျရဲ့ တိုက်ရိုက်ဗီဇာနဲ့ သူ့နိုင်ငံမှာနေထိုင်ခွင့်ရဖို့ မြန်မာတွေ လျှောက်ကြတဲ့အခါ Processing ကာလကို တော်တော်အချိန်ယူရတယ်။ ဒီနှစ်မှာ ကိုယ်ရထားတဲ့ဘွဲ့နဲ့ ကျွမ်းကျင်မှုက သူ့နိုင်ငံ၊ ပြည်နယ်ရဲ့ လိုအပ်ချက်ဖြစ်နေပေမယ့် နောက်နှစ်မှာ ဖြစ်ချင်မှဖြစ်မယ်။ သြစတြေးလျကိုသွားဖို့ မိဘမျိုးရိုးပိုက်ဆံတတ်နိုင်တဲ့သူမှသာ တော်ရုံသွားနိုင်တယ်။ ပြီးတော့ ကျောင်းသားဗီဇာဆိုရင်လည်း ကန့်သတ်ချက်တွေ အများကြီးပဲ။ အဓိကက မြန်မာတွေအရမ်းတော်လို့ သြစတြေးလျသွားချင်တာတောင် ငွေမရှိရင်သွားဖို့မလွယ်ဘူး"ဟု သြစတြေးလျပညာရေးနှင့်ပတ်သက်၍ လေ့လာသူတစ်ဦးက ဆိုပါသည်။
         ထို့ပြင် သြစတြေးလျနိုင်ငံ၏ အင်္ဂလိပ်စာလိုအပ်ချက်ထပ်မံတိုးမြှင့်ခြင်း၊ ဆေးတက္ကသိုလ်တက်ရောက်ပြီးသော ကျောင်းသားများ Internship ဆင်းခွင့်မရှိခြင်းကြောင့် မြန်မာကျောင်းသားအချို့ဘွဲ့မရဘဲ ပြန်လာရသည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်ဟု သိရသည်။
         သို့သော် အမေရိကန်နိုင်ငံ၏ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အင်န်ဂျီအိုများမှပေးသည့် ပညာသင်စကောလားရှစ်များရယူ၍ ပညာသင်ရင်း အခြေချနေထိုင်ရန် ကြိုးပမ်းကြသည့် လူငယ်များလည်းရှိနေသည်။
         "အမေရိကန်ကို သွားကြတဲ့အခါ ဟိုဘက်မှာရှိနေပြီးသား ကိုယ့်ရဲ့ဆွေမျိုးနီးစပ်ကတစ်ဆင့် သွားတာမျိုးပဲ ပိုများကြတယ်။ အခုစကောလားရှစ်လျှောက်ပြီးသွားမယ်ဆိုတဲ့ သူတောင်မှ အနည်းလေး သိန်းတစ်ရာနီးပါးလောက်ကုန်တယ်။ ဒါတောင် ဟိုဘက်ကကျောင်းက ခိုင်မာမှုမရှိဘူးဆိုရင် ဗီဇာရဖို့ မသေချာဘူး"ဟု အမေရိကန်နိုင်ငံရှိ ကောလိပ်တစ်ခုသို့ SAT ဖြေဆိုကာ စကောလားရှစ်လျှောက်ထားဖူးသူ လူငယ်တစ်ဦးက ပြောပြခဲ့ပါသည်။
         အမေရိကန်ဒီဗီ( Diversity Visa Lottery)လျှောက်ထားမှု ဖြစ်စဉ်များတွင်လည်း ဒီဗီရရှိပြီး အမှန်တကယ် သွားရောက်နိုင်သူဦးရေမှာ လူနည်းစုပင်ဖြစ်ကာ အချို့မှာဒီဗီရရှိပြီးသော်လည်း သံရုံးအင်တာဗျူး ၀င်ရောက်ဖြေကြားစဉ် အင်္ဂလိပ်စာလိုအပ်ချက် ပြည့်မီမှုမရှိသည့်အတွက် ထွက်ခွာခွင့် မရရှိခြင်းအပြင် မိမိ၏ကိုယ်ရေးရာဇ၀င်မှတ်တမ်း မှန်ကန်စွာဖြည့်စွက်ထားခြင်း မရှိသူများကိုလည်း သွားရောက်ခွင့်ပိတ်ပင်ထားကြောင်း သိရှိရပါသည်။
         အမေရိကန်ဒီဗီရရှိသူ အများစုမှာလည်းအမေရိကန်နိုင်ငံတွင် အခြေချထားသူဆွေမျိုးများရှိထားမှသာ အဆင်ပြေနိုင်မည့် အခြေအနေတစ်ရပ်ရှိနေပြီး ထိုသို့မရှိထားပါက နေထိုင်ရန်နှင့် အလုပ်ရရှိရန်စသည့် အချက်များမှာ မလွယ်ကူနိုင်ကြောင်း သိရပါသည်။
         ထို့ပြင် ဂျပန်နိုင်ငံသည်လည်း လူဝင်မှုကြီးကြပ်ရေးမူဝါဒအရ ယင်းနိုင်ငံသို့သွားရောက်လျှင် ဂျပန်စာအရည်အသွေးတတ်မြောက်မှုအဆင့် ၂ ရှိမှသာ တက္ကသိုလ်အများစုက လက်ခံကြသည့်အတွက် ထိုနိုင်ငံသို့ ထွက်ခွာမှုမှာ ပုံမှန်အနေအထားမျှဖြစ်ပြီး ကျောင်းတက်ရောက်ပြီးသူများသည်လည်း ဂျပန်နိုင်ငံတွင်သာ အခြေချနေထိုင်သွားကြသူများသာဖြစ်ကြောင်း သိရှိရသည်။
         "မြန်မာလူမျိုးတွေအများစု လက်ရှိထွက်ခွာနေကြတဲ့ နိုင်ငံစုံကတော့ ၀င်ခွင့်ကန့်သတ်ချက်တွေကို နည်းမျိုးစုံနဲ့ ပိတ်ပင်ထားတယ်။ ဖွင့်ထားတဲ့လမ်းတွေဆိုတာကလည်း သူတို့ နိုင်ငံကိုဝင်ငွေတိုးစေပြီး ဂျီဒီပီမြင့်စေမယ့် ပညာရေးဈေးကွက်တွေပဲဖြစ်တယ်။ မြန်မာပြည်ဈေးကွက်မှာ ကျောင်းတွေချပြပြီး လာဖို့ဖိတ်ခေါ်တယ်။ ပြီးတော့ အလုပ်မပေးနိုင်ဘူး။ ကျောင်းတက်ပြီး ပြန်ကြသူတွေလည်းရှိတယ်။ အဓိကက ကိုယ်သွားမယ့်နိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေး မူဝါဒအပြောင်းအလဲကို သေချာနားလည်ထားပြီးမှ သွားတာကောင်းပါတယ်"ဟု နိုင်ငံတကာပညာရေးရာ ကျွမ်းကျင်သူတစ်ဦးက ထောက်ပြခဲ့သည်။
         "ဖွံ့ဖြိုးဆဲနိုင်ငံတွေတင်မက ဒေသတွင်းနိုင်ငံတွေမှာလည်း အခြားသောပြည်ပနိုင်ငံတွေကို ထွက်ခွာပြီး ရွှေ့ပြောင်းအခြေချနေထိုင်ကြတဲ့ ပြဿနာတွေရှိနေပါတယ်။ ဆင်းရဲသူက ချမ်းသာသူဆီ ခိုလှုံချင်ကြသလိုပါပဲ။ အဓိကက ပညာရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ ခုတုံးလုပ်ပြီး ပညာသင်ဖို့ထက် အလုပ်ကိုပဲဦးတည်ပြီး ထွက်ခွာသွားကြမယ်ဆို ရေရှည်မှာကိုယ့်လူမျိုးတွေရဲ့ အရည်အသွေးတွေ နိမ့်ကျသွားစေနိုင်တယ်။ ကျောင်းတက်ပြီး ပြည်ပကို ထွက်မယ်ဆိုရင်လည်း ကိုယ့်ရဲ့ Career Planကို သေချာချပြီးမှသွားသင့်ပါတယ်"ဟု နိုင်ငံတကာပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက ပြောပြခဲ့သည်။
         သို့သော် လက်ရှိအခြေအနေအရ နိုင်ငံရပ်ခြားသို့ သွားရောက်ခြင်းသည် လူအများစု၏ ထွက်ပေါက်အတွက် မျှော်လင့်ချက်တစ်ရပ်ဖြစ်လာခြင်းက အရေးပါသော အချက်တစ်ခု ဖြစ်နေခဲ့သည်။
         ပညာရေးကိစ္စရပ်များဖြင့် သွားရောက်ကြသူများမှာ ပညာသင်ယူပြီးနောက် အလုပ်ရှာဖွေကာ သက်ဆိုင်ရာနိုင်ငံ၌ပင် အခြေကျနေထိုင်ရန် ရွေးချယ်လာသူများရှိလာသည်။ ရရှိရာအလုပ်ကို လက်ခံပြီး အခက်အခဲများကြားမှ နိုင်ငံရပ်ခြားတွင် နေထိုင်လိုသူများလည်း ရှိလာပါသည်။ ပြီးခဲ့သည့် နှစ်အတွင်းက ရရှိခဲ့သော စစ်တမ်းတစ်ခုအရ ပြည်ပ၌ရောက်ရှိနေသူ မြန်မာလူမျိုးအရေအတွက် လေးသန်းနှင့် အထက်တွင်ရှိနေသည် ဆိုခြင်းကလည်း နိုင်ငံရပ်ခြားသို့ သွားရောက်မှုများ တိုးတက်နေခြင်းကို ပြဆိုခဲ့ပါသည်။
         နိုင်ငံရပ်ခြားသို့ ထွက်ခွာမှုတိုးတက်နေသော်လည်း နိုင်ငံရပ်ခြားတွင် နေထိုင်ကြသူအများစုမှာ အဆင်မပြေမှုများ၊ အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်အတွက် ဆက်လက်ထွက်မည့်သူများအတွက်မှာမူ မည်သည့်နိုင်ငံ သွားရမည်ဆိုသည်ကို ဆုံးဖြတ်ရခက်လာကြောင်း သိရှိရပါသည်။

မြန်မာအများစုသွားရောက်ရာ နိုင်ငံများနှင့် ပညာရေးဖြစ်စဉ်ပြောင်းလဲမှုများ
စင်ကာပူ
  • ၂၀၀၀ ပြည့်နှစ်မှ စတင်ကာစင်ကာပူပေါ်လီသို့ သွားရောက်သူဦးရေသိသာစွာ များလာပြီး မြန်မာအများစု စင်ကာပူ၏ အမြဲတမ်းနေထိုင်ခွင့်ရရှိလာကြ။
  • ၂၀၀၃ ခုနှစ်ပိုင်းမှ စတင်ပြီး စင်ကာပူရှိ ပုဂ္ဂလိကကျောင်းများမှ မြန်မာပညာရေး အေဂျင်စီများနှင့်ပူးပေါင်းကာ နိုင်ငံတကာပညာရေးဈေးကွက် ၀င်ရောက်။
  • ၂၀၀၆ မှ ၂၀၀၈ ခုနှစ်များတွင် စင်ကာပူသို့ အလည်အပတ်၊ အလုပ်ရှာဖွေသူများ သိသာစွာတိုးလာပြီး S Pass၊ PR နှင့် Employment Pass များဖြင့် နေထိုင်ခွင့်များ မြန်မာလူငယ်အများစုရရှိ။
  • ၂၀၀၈ ခုနှစ်၊ နှစ်ကုန်ပိုင်း ကမ္ဘာ့စီးပွားရေးပျက်ကပ်ဖြစ်ပွားချိန်မှစ၍ ကုမ္ပဏီများမှ နိုင်ငံခြားသား အလုပ်သမားဦးရေ လျှော့ချမှုများကြောင့် မြန်မာအလုပ်သမားများ နေရပ်သို့ပြန်လာရ။
  • ၂၀၀၉ ခုနှစ်မှစတင်ကာ Internship ဆင်းပြီးထားသော မြန်မာကျောင်းသားများ အလုပ်ရှာဖွေရာ တွင်ခက်ခဲမှုများနှင့် ကြုံလာရ။
  • ၂၀၀၉ နှစ်ကုန်ပိုင်းနှင့် ၂၀၁၀ ပိုင်းမှစတင်၍ စင်ကာပူလူဝင်မှုကြီးကြပ်ရေးမှ နိုင်ငံခြားသားများ၏ နေထိုင်ခွင့် များနှင့် ပတ်သက်၍ ကန့်သတ်မှုများစတင်။
  • ၂၀၁၀ နှစ်စပိုင်းမှ စတင်ကာ S pass ၊ ပီအာပေးမှုကန့်သတ်လိုက်ပြီး စင်ကာပူအစိုးရပေါ်လီကျောင်းဆင်းများပင် အလုပ်အကိုင်ရရှိမှုကြန့်ကြာခြင်း၊ S Pass ဖြင့် လုပ်ကိုင်ရခြင်းများရှိပြီး ပီအာပေးခြင်း အကန့်အသတ်များလာ။
  • ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလတွင် နိုင်ငံခြားသားများ၏ အရည်အသွေး ပိုင်းဆိုင်ရာများအား စစ်ဆေးအကဲဖြတ်ပြီးအလုပ်အကိုင်ပေးရေးအတွက် စင်ကာပူလူဝင်မှုကြီးကြပ်ရေးမှ Talent and Division ဟူ၍ မူဝါဒသစ်များဖြင့် ကိုင်တွယ်သွားမည်ဖြစ်ကြောင်းသိရ။
  • ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၆ ရက်နေ့က စင်ကာပူဝါရင့်ဝန်ကြီးဂိုချောက်တောင်က စင်ကာပူ ပီအာရရှိထားသူများထဲမှ ၁၀ ရာခိုင်နှုန်း (၅၀၀၀၀၀ ရှိပါက ၅၀၀၀၀) အနေဖြင့် စင်ကာပူနိုင်ငံသားအဖြစ်ခံယူမည်ဆိုပါက စင်ကာပူ နိုင်ငံအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောဆိုခဲ့။ ထိုစကားထွက်ပေါ်ခဲ့ပြီးနောက် စင်ကာပူပီအာရရှိထားသူ မြန်မာအများစုမှာ စင်ကာပူနိုင်ငံသားအဖြစ်ခံယူရန် ဆန္ဒမရှိကြောင်းပြောဆိုခဲ့ကြ။ 
 မလေးရှား
  • ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ မလေးရှားပညာရေးဈေးကွက်စတင်။
  • ၂၀၀၅ ခုနှစ်မှစ၍ အင်ဂျင်နီယာ၊ အိုင်တီဘာသာရပ်များဖြင့် သွားရောက် သူအနည်းငယ်များလာခဲ့ပြီး မလေးရှားတွင် အခြေချနေထိုင်လိုခြင်းထက် နိုင်ငံကြီးတစ်ခုခုသို့ ကူးပြောင်းအခြေချလိုခြင်း၊ စင်ကာပူတွင် အလုပ်ကူးပြောင်း လျှောက်ထားလိုခြင်းများဖြင့်သာ သွားရောက်မှုများ။
  • ယခုအချိန်ထိ မလေးရှားသည် မြန်မာကျောင်းသားများသွားရောက်လိုကြ သော အခြားသောနိုင်ငံများထက် ကျောင်းသားဗီဇာရရန် အလွယ်ကူဆုံးနှင့် ကုန်ကျစရိတ်အသက်သာဆုံးနိုင်ငံဖြစ်နေဆဲ။

အင်္ဂလန်
  • ၂၀၀၉ ခုနှစ်မတ်လမှ စတင်ကာ Tier 4 Points စနစ်ဖြင့် UK Border Agency မှ ကျောင်းသားဗီဇာပြောင်းလဲမှုတစ်ရပ်စတင်ခဲ့ခြင်းကြောင့် ကန့်သတ်ချက်ပြည့်မီမှုရှိသူတိုင်းအင်္ဂလန်သို့ ကျောင်းတက် ရောက်ခွင့်ရရှိခဲ့ကြပြီး မြန်မာ အများစု ထိုအချိန်မှ စတင်ကာ အင်္ဂလန်သို့ထွက်ခွာမှု သိသာစွာများပြားလာခဲ့ကြ။
  • ၂၀၁၀ ပြည့်နှစ် စပိုင်းမှစတင်၍ အင်္ဂလန်သို့ အီးယူနိုင်ငံမှမဟုတ်ကြသော နိုင်ငံတကာကျောင်းသားများ ၀င်ရောက်မှုများလာခြင်းကို UK Border Agency မှ အင်္ဂလိပ်စာဝင်ခွင့်အကန့်အသတ်များစတင်ထားရှိလာ။

ၾသစေၾတးလ်
  • သြစတြေးလျတက္ကသိုလ်၊ ကောလိပ်များသို့ ၀င်ခွင့်ရရန် အင်္ဂလိပ်စာလိုအပ်ချက် IELTS ၅.၅ နှင့်အထက် အနည်းဆုံးရှိထားရမည်ဖြစ်ပြီး ၂၀၀၃ ခုနှစ်မှ စတင်ကာဈေးကွက်တစ်ခုအနေဖြင့် လူသိများလာ။
  • ၂၀၁၀ တွင် သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးမှ အင်္ဂလိပ်စာလိုအပ်ချက်များတိုးမြှင့်မှုစတင်ရှိလာခဲ့ပြီး နိုင်ငံခြားသားဝင်ရောက်မှုကို ကန့်သတ်ခဲ့။
  • မြန်မာအများစုကျောင်းသားဗီဇာဖြင့်သွားပြီး အများစုပီအာအဖြစ်ပြောင်းလဲ လျှောက်ထားမှုရှိကြ။

ဟောင်ကောင်နှင့် ဖိလစ်ပိုင်
  • ၂၀၀၇-၂၀၀၈ခုနှစ်နောက်ပိုင်းမှစတင်ကာ ဟောင်ကောင်တက္ကသိုလ်များမှ ဆေးကောလိပ်၊ ဆေးကျောင်းများ၊ ဖိလစ်ပိုင်ဆေးကျောင်းများသို့ တက်ရောက်နိုင်ရန် ဈေးကွက်စတင်လာခဲ့။
  • ၂၀၀၈ခုနှစ်မှစတင်၍လည်း ဖိလစ်ပိုင်လေယာဉ်မှူးနှင့် လေကြောင်းပညာရပ် လေ့လာနိုင်ရန် ပညာရေးဈေးကွက်ရှိလာခဲ့သော်လည်း အမှန်တကယ် တက်ရောက်နိုင်မှုပမာဏမှာ လူနည်းစုမျှသာဖြစ်ခဲ့။

ဂျာမနီနှင့် နော်ဝေ
  • ၂၀၀၉ ခုနှစ်နှစ်လယ်ပိုင်းမှစတင်ကာ ဂျာမနီတက္ကသိုလ်၊ နော်ဝေတက္ကသိုလ်များ မှဈေးကွက်စတင်လာခဲ့ပြီး ယင်းနိုင်ငံများသို့တက်ရောက်သူများမိခင်နိုင်ငံတွင်း ပြန်လာရမည်ဖြစ်သည်ဟု လျှောက်ထားစဉ် မှပင်ကြေညာချက်များထားရှိခဲ့။
  • ဘာသာစကားတတ်မြောက်မှုအဆင့်မှာ အင်္ဂလိပ်စာလိုအပ်ချက်အပြင် ယင်းနိုင်ငံများ၌ သုံးစွဲရမည့် ဘာသာစကားကိုပါ တတ်မြောက်ရမည်ဟု ထုတ်ပြန်ပြီး ဗီဇာရရှိမှုခက်ခဲသည့်အတွက် လူနည်း စုသာစိတ်ဝင်စားမှုရှိခဲ့။

ဂျပန်
  • မြန်မာနိုင်ငံ၏ ပညာရေးဈေးကွက်တွင် ရေရှည်ရပ်တည်မှုရှိနေသည့် နိုင်ငံတကာပညာရေးဈေးကွက်ဟု ယူဆရပြီး ဂျပန်ဘာသာစကားစိတ်ဝင်စား၍ ယင်းနိုင်ငံ၌ အခြေချနေထိုင်လိုသူများသာသွားရောက်မှုရှိခဲ့။
  • မြန်မာကျောင်းသားများအား တိုကျိုမြို့ပေါ်ရှိကျောင်းများထက် အခြားကျိုတိုနှင့် မြို့နယ်များ၌ ပိုမိုတွေ့ရတတ်ပြီး ဂျပန်လူဝင်မှုကြီးကြပ်ရေးမှ ကျောင်းပြီးပါက တရားဝင်နှစ်ရှည်နေထိုင်ခွင့်ဟူ၍ ပေးထားခြင်းမရှိသေး။

ကိုရီးယား
  • တရားဝင်အလုပ်လုပ်ကိုင်ခွင့်အဖြစ် ၂၀၀၇-၂၀၀၈ မှစတင်ကာ ကိုရီးယားဘာသာစကား ကျွမ်းကျင်မှု အဆင့်မီသူတိုင်းအား အီးပီအက်စ်စာမေးပွဲဖြေဆို၍ ကိုရီးယားနိုင်ငံရှိစက်ရုံများသို့ လုပ်ငန်းခွင်ဝင်ရောက်ခွင့်ရရှိခဲ့။
  • ၂၀၀၉ ခုနှစ်မှစတင်ကာအဆိုပါအစီအစဉ်ဖြင့် ကိုရီးယားသွားရန် စောင့်ဆိုင်း သူ ထောင်ဂဏန်းအထိပင်ရှိလာပြီး ဆက်လက်ခေါ်ယူမှုမရှိသေး။
  • ကိုရီးယားအစိုးရမှ ယဉ်ကျေးမှုဖလှယ်ရေး သဘောဆောင်သည့်လူငယ်ဖွံ့ဖြိုး ရေးအစီအစဉ်များဖြင့် ကိုရီးယားဘာသာစကားတတ်ကျွမ်းသူများအား ကိုရီးယားတက္ကသိုလ်များ၌ ပညာသင်စေရန် စကောလားရှစ်ပံ့ပိုးမှုအစီအစဉ် များအား ၂၀၀၆ ခုနှစ်မှပင် မြန်မာလူငယ်များဖြင့် ရင်းနှီးမှုပိုမိုခဲ့။

 
အခက်အခဲများ ကြုံတွေ့ရပါက အကူအညီတောင်းခံနိုင်သော ဖုန်းနံပါတ်များ
ပြည်ထောင်စု မြန်မာနိုင်ငံတော်သံရုံး(ထိုင်း)    ၆၆၂ ၂၃၃၂၂၃၇ 
 ၆၆၂ ၂၃၄၄၆၈၉
နိုင်ငံဖြတ်ကျော်မှုခင်းဌာန   ၀၆၇ ၄၁၂၁၃၉ 
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး(အထူးအဖွဲ့)အဖွဲ့ရုံး    ၀၈၇ ၅၂၅၉၇၈၃ (ထိုင်း) 
 ၀၅၈ ၅၀၂၆၈ (မြ၀တီ)
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး(အထူးအဖွဲ့)အဖွဲ့ရုံး     ၀၈၁ ၂၈၇၃၀၁၆ (တာချီလိတ်)
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး(အထူးအဖွဲ့)အဖွဲ့ရုံး      ၀၈၁ ၀၉၀၁၅၄၅ (ကော့သောင်း)
အလုပ်သမားဝန်ကြီးဌာန     ၀၆၇ ၄၀၄၃၄၆၊ ၀၆၇ ၄၀၄၃၄၇
UNIPA    ၀၁ ၂၅၄၈၅၂ (မြန်မာ)
 ၀၈၁ ၄၅၆၅၅၆၀ (ထိုင်း)
World Vision    ၀၅၇ ၇၉၂၉၀ (သံဖြူဇရပ်) 
 ၀၅၈ ၂၁၇၃၁ (ဘားအံ)
 ၀၈၄ ၅၁၆၅၇ (တာချီလိတ်)
 ၀၈၄ ၂၂၈၆၀ (ကျိုင်းတုံ)
 ၀၉၅ ၅၁၃၁၆ (ကော့သောင်း)
FXB    ၀၁ ၅၁၂၁၇၈ (ရန်ကုန်) 
 ၀၅၇ ၂၆၈၉၆ (မော်လမြိုင်)
LPN   ၀၃၄ ၄၃၄၇၂၆ (ထိုင်း)
Immediate Danger Call   ၁၃၀၀ (ထိုင်း) 
Thai Royal Police    ၁၉၁ (ထိုင်း) 

 

ရင်းမြစ်။ ။www.first-11.com

Thursday, September 2, 2010

လမ်းပေါ်က မချိုမြနိုင်တဲ့ ဘ၀တေးသံများ


(ရန်ကုန်မြို့၊ ညကလပ်တခုအတွင်း အမျိုးသားအဖော်ရှာဖွေရန် ကခုန်နေသူ အမျိုးသမီးငယ်များ)
           ထောင်ဘူးဝ တံခါးကနေ အပြင်ကိုခြေချမိတဲ့အခါ တပြိုင်နက် ဖြိုးဖြိုးဟာ သူ့လက်က အ၀တ်ထုပ်ကို သေချာကိုင်ပြီး အင်းစိန်တံတားအောက် အ၀တ်ဟောင်းဆိုင်တွေဆီ သုတ်ချေ တင်ပါတော့တယ်။
“လွတ်လူခေါ်တာနဲ့ အကျီအကောင်းတစ်စုံ သပ်သပ်ထုတ်ထားတယ်။ လွတ်လူက တစ်ရက် ကြိုခေါ်တော့ ကျမပြင်ဆင်ချိန်ရတယ်လေ။ နှစ်ကြီးသမားထဲက ကျမလုပ်ကိုင် ပေးတဲ့သူတွေက ကျမကို လွတ်ခါနီး အ၀တ်ကောင်းလေးတွေ ပေးထားတယ်။ ကျန်တာတော့ အထဲမှာကျန်ခဲ့တဲ့ကျမလို ဘ၀တူတွေကို နည်းနည်းဝေပေးလိုက်တယ်။ နောက်ကျန်တာကို အပြင်ထွက်ထွက်ချင်း ရောင်းပြီးလမ်းစရိတ် လုပ်ဖို့ နည်းနည်း ယူလာခဲ့တယ် ”လို့ အချိန်မတော် လမ်းလျှောက်မှုနဲ့ ထောင်ဒဏ် တလကျပြီး လွတ်လာတဲ့ ဖြိုးဖြိုးကပြောပါတယ်။ ဒါဟာသူတို့လို မိန်းကလေးတွေရဲ့ လတ်တလော ငွေရှာနည်း တစ်ခုပဲဖြစ်ပါတယ်။
လက်ထဲမှ အ၀တ်နှစ်စုံလောက်ကို ရောင်းချပြီးရင်တော့ သူ့လိုဘ၀တူ သူငယ်ချင်းတွေ နဲ့အတူစုငှားနေတဲ့ ဆင်ခြေဖုန်း ရပ်ကွက်လေးကို မြို့ပတ်ရထား စီးပြန်ရမှာလို့ ပြောပါတယ်။ သူ့လို ခန္ဓာကိုယ်ကို အရင်းအနှီးလုပ်ပြီး ငွေရှာဖွေရတဲ့ မိန်းကလေးတွေ အတွက် မြို့စွန်ဆင်ခြေဖုန်း ရပ်ကွက်ကလေးတွေက ဘော်ဒါဆောင် အသေးစားတွေက သူနေ့ဘက် အနားယူဖို့အတွက် နေရာတစ်နေရာတော့ ပေးနိုင်ပါလိမ့်မယ်။
“မနက်ပိုင်းကနေ နေ့လည်အထိအိပ်ပြီးရင် ညနေဆို ကျမတို့မြို့ထဲ ပြန်ဆင်း လာကြတယ်။ လမ်းမပေါ်မှာထက် ကလပ်အသေးလေးတွေပေါ်တက်ပြီး ဖောက်သည်ရှာရတာက ပိုလုံခြုံတယ်။ ကလပ်တွေကရဲကို ပိုက်ဆံပေးပြီးသားလေ။ ကျမတို့ဘ၀က ဒီလိုပဲရဲရယ်၊ ထောင်ရယ်၊ ရောဂါရယ်နဲ့ အကုန်လုံးကြောက်ရင်းနဲ့ သေမဲ့နေ့ လက်ချိုး စောင့်နေရတာ” လို့မျက်လုံးမှေးမှေး အသားဖြူဖြူ နှာတံပေါ်ပေါ်နဲ့ တရုတ်သွေးစပ်တဲ့ မသီတာက ပြောပြပါတယ်။
ကုန်တင်ကားမောင်းတဲ့ ဖခင်ကြောင့် ငယ်ငယ်ကပြည့်စုံခဲ့ပေမဲ့ ကားမှောက်ပြီး အဖေခြေ ထောက်ဖြတ်လိုက်ရချိန်မှာတော့ အလုပ်မျိုးစုံ ၀င်လုပ်ရင်း အိမ်ထောင်ကျ၊ အိမ်ထောင်ကွဲပြီး ရရာအလုပ်ဝင်လုပ်ရာက ဒီပြည့်တန်ဆာ အလုပ်မှာကျင်လည်ခဲ့ရ တာလို့ သူကပြောပါတယ်။
“အမေကအညာက အဖေနဲ့အိမ်ထောင်ကျပြီး မြို့ကိုရောက်လာတာ။ ပထမတော့ အညာပြန်မလားစဉ်းစား သေးတယ်။ ကျမတို့က မြို့မှာပဲကြီးလာတော့နယ်က အလုပ်တွေ ပြန်မလုပ်နိုင်ဘူး။ ကျမလား ရပ်ကွက်ထဲက လဘက်ရည်ဆိုင် ကုလား တစ်ယောက်နဲ့ ယူလိုက်သေးတယ်။ နောက်သားလေးတစ်ယောက် မွေးပြီး ဓလေ့စရိုက် မတူတော့ ကွဲသွားတယ်။ ကလေးလဲ ဆုံးသွားတယ်။ အညာဘက်က ကုန်တွေ ယူရောင်းသေးတယ်။ နောက်ရှုံးတာနဲ့ ရပ်လိုက်ပြီး ဒီအလုပ်ကို သူငယ်ချင်းက ခေါ်တာနဲ့ စမ်းလုပ်ရင်း လုပ်ဖြစ်သွားတာပေါ”့ လို့ သွားလေးပေါ်အောင် ရီရင်းမသီတာက ပြောပြခဲ့ပါတယ်။
သာမန်ဘွဲ့ရ မိန်းကလေးငယ်တွေတောင် အလုပ်အကိုင် အခွင့်အလမ်းများနည်းပါး နေတဲ့ ဒီနေ့ကာလမှာ လူနေမှု စရိတ်ကြီးမြင့်တာ ၊ ငွေရှာရခက်ခဲတာတွေဟာ ကိုယ့်ရဲ့မာန၊ ရပ်တည်မှုကို ငွေရှာရလွယ်ခြင်းနဲ့ လဲလှယ်ဖို့ နာရီမိနစ်နဲ့ အမျှတွန်းအားပေးနေသလိုပါပဲ။
(အမည်မဖော်နိုင်သည့် နေရာတွင် တွေ့ရသည့် အမျိုးသမီးပြည့်တန်ဆာအချို့)

အဲဒီလို ခက်ခဲတဲ့ စီးပွားရေး အခြေအနေမျိုးမှာ ကိုယ့်ပတ်ဝန်းကျင်က   မိန်းကလေးတွေ အလှပြင်ဆိုင်မှာ လုပ်ဖို့ အနှိပ်ခန်းမှာလုပ်ဖို့ လူခေါ်ပေးတဲ့ပွဲစားတွေက စည်းရုံးခေါ်ဆောင်ရာနောက် တဖြည်းဖြည်း ပါသွားကြတာကို မြင်တွေ့နေရတယ်လို့ အဲလိုဆိုင်တွေ အနှိပ်ခန်းတွေမှာ လုပ်ကိုင်နေကြတဲ့ မိန်းကလေးတွေကပြော ပြပါတယ်။ 
လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ကာရာအိုကေခန်းမ၊ နိုက်ကလပ် အသေးစားများ ၊ အလှပြင်ခန်း အမည်ခံ အနှိပ်ခန်းများမှာ သိသာစွာတိုးပွားလာနေပြီး ဒီလုပ်ငန်းတွေက တရားမ၀င်သော်လည်း မြို့တိုင်း နေရာတိုင်းမှာရှိနေတာလည်း မြင်တွေ့သိရှိနေရပါတယ်။ ဒီလုပ်ငန်းတွေကို နယ်မြေတာဝန်ရှိသူများ ကိုယ်တိုင် လဘ်ယူကာ မျက်စိမှိတ် ထားခဲ့တာကြောင့် နယ်မြို့များမှ မိန်းကလေးငယ်များ၊ အနှိပ်ခန်း၊ ကာရာအိုကေခန်းတွေဆီ တဖွဲဖွဲရောက်ရှိလာနေတာ ကြားရမြင်နေရပါတယ်။ အလှပြင်ဆိုင် အမည်ခံထားပြီး အနှိပ်ခန်းလုပ်နေတဲ့ ဆိုင်ပေါင်း ထောင်နဲ့ချီရှိလာတာဟာ နှစ်အနည်းငယ် အတွင်းမှာပါ။ ရန်ကုန်မြို့မှာ လွန်ခဲ့တဲ့ လေး ငါးနှစ်ကနဲ့ နှိုင်းစာရင် အနှိပ်ခန်းအရေအတွက်ဟာ ၅ဆမှ ဆယ်ဆ၀န်းကျင် အထိတိုးပွားလာခဲ့တာပါ။ ရန်ကုန်တိုင်းတတိုင်းလုံးမှာ စာရင်းအတိအကျမရပေမယ့်လို့ မြို့နယ်တစ်မြို့နယ်အတွင်း တိုးတက်လာတဲ့ ကိန်းဂဏန်းများအရ အထက်က အဆလောက် တိုးပွားလာနေတယ်ဆိုတာကို ပြဆိုနေတာပါ။
(အထက်ပါ ဗြူတီဆလွန်းတို့တွင် ငွေကြေးဖြင့် ပျော်ပါးနိုင်သည့် အမျိုးသမီးများ ရနိုင်သည်)

ဥပမာအားဖြင့် ယခင်နှစ်နှစ်ခွဲက အနှိပ်ခန်း ၃၀ ကျော်သာရှိတဲ့ ကျောက်တံတားမြို့နယ်မှာ ယခုလက်ရှိ တစ်ရာကျော်ရှိနေတယ်လို့ ရ၀တ၊ မ၀တနဲ့ အကောက်အစားလုပ်နေတဲ့ ရဲတွေရဲ့ ပြောဆိုချက်အရ သိရှိနိုင်တာပါ။
အနှိပ်ခန်းတွေ တိုးပွားလာတာနဲ့ အမျှလိုအပ်တဲ့ ငယ်ရွယ်သူ မိန်းကလေး ၀န်ထမ်းတွေကို နယ်မြို့တွေမှာ ရှာဖွေခေါ်ယူလာကြပါတယ်။ နယ်မြို့တွေမှာ အလုပ်အကိုင်အခွင့် အလမ်းရှားပါးခြင်း၊ စားဝတ်နေရေး ကြပ်တည်းခြင်းကြောင့် ၀န်ထမ်းရှာဖွေစုဆောင်းရတာ သိပ်အခက်အခဲမရှိဘူး လို့အနှိပ်ခန်း ပိုင်ရှင်တွေက ပြောပါတယ်။
စားဝတ်နေရေးကြောင့် ဒီဘ၀ကို မတတ်သာပဲရောက်ရှိ ခဲ့ရတဲ့ မိန်းကလေးတွေ ရှိသလို စိတ်အလိုလိုက်ပြီး မိမိရရှိတဲ့ ဘ၀အခြေအနေကို မရောင့်ရဲ မတင်းတိမ်နိုင် တာတွေကြောင့် ဘ၀ရေစုန်မျှောလိုက် နေတဲ့ အမျိုးသမီးငယ်တွေလည်း ရှိနေပါတယ်။ ဒီအချက်က အခြားသော ဖျားယောင်းသွေးဆောင်ခံရခြင်း တစ်ခုဖြစ်ပါတယ်။
“ကျမတို့က ပဲခူးဘက်ကပါ ။ အရင်ကတော့ မိဘတွေက မုန့်ဖိုထောင်တယ်။ နောက်စီးပွားကျလာတော့ ကျမတို့ သုံးဖြုန်းခဲ့တာတွေက အကျင့်ပါပြီး အသုံးစရိတ်လိုတာကိုရှာရင်း ဒီအလုပ်လုပ်ဖြစ်ခဲ့တယ်။ ရောဂါရှိမရှိ အရင်က စစ်မကြည့်မိဘူး။ စစ်လည်းမစစ်ချင်ဘူးလေ။ သိနေရင် ကျမစိတ်ဆင်းရဲမှာ မခံနိုင်ဘူး။ အခုတော့ ထောင် ထဲတစ်ခေါက်ရောက်တော့ တစ်နှစ်သမားတွေ ဆေးစစ်ရမယ်ဆိုလို့ စစ်ကြည့်မှ ရောဂါ ရှိတာသိတယ်။ ဒါကလည်း ကြိုတင်မျှော်လင့် ပြီးသားဆိုတော့ သိပ်မထူးဆန်းတော့ ပါဘူး။ တတ်နိုင်သလောက် မေ့ထားတယ်” လို့ ပြောရင်း သဲမာတစ်ယောက် သူ့လက်ထဲကသပွတ်တံနဲ့ မြေကြီးကို ၀ှက်ခြစ်လိုက်ပါတယ်။ ပြီးတော့သပွတ်တံမှာ ပါလာတဲ့ ဆံပင် အပိုင်းအပြတ် ကလေးတွေကို သေချာစုစည်းရင်းနဲ့ သူမက ဒါကျမတို့ လွတ်ရင် ရောင်းဖို့စုထားတဲ့ ဆံပင်တွေလေ။ အင်းစိန်ထောင်နားမှာတင် ဆံပင်ဝယ်တဲ့ဆိုင်တွေရှိတယ် လို့ ပြောပါတယ်။
ထောင်ကထုတ်ပေးတဲ့ ချည်သားအကျီ အဖြူရောင်ဖျော့ဖျော့နဲ့ သစ်ခေါက်ရောင် ဆိုးထားတဲ့  အညိုရောင် ချည်ထမီကို ၀တ်ထားတဲ့ သဲမာရဲ့ သွင်ပြင်က အပြင်  လောကမှာ   ကျင်လည် ကျက်စားစဉ်က အ၀တ်အစားနဲ့တော့ တစ်ခြားဆီကွာတယ်လို့ သူမကဖွင့်ဟပါတယ်။
ဒီအထဲမှာတော့ နှစ်ကြီးသမားတွေရဲ့ ဝေယာဝစ္စ တွေကိုလုပ်ပေးရင်း ထောင်ဝင်စာ အရေးတယူ လာတွေ့မဲ့သူ မရှိတဲ့သူမတို့ အတွက် တနေ့တာဝမ်းစာကို ရှာဖွေ စားသောက်နေရလေ့ရှိပါတယ်။အနှိပ်ခန်း အမည်ခံတဲ့အခန်းတွေက လာတဲ့ မာဆတ် သမလေးတွေကတော့ ညောင်းညာသူတွေကို တခါနှိပ်ရင် ကော်ဖီမစ်သုံးထုပ်နဲ့ သဲမာတို့ထက် အလုပ် ဖြစ်တာတော့ အမှန်ပါ။
“နာဂစ်ဖြစ်ပြီးနောက်ပိုင်း စီမံချက်ဆိုပြီးဖမ်းလာတဲ့ အထဲမှာ တော်တော်ငယ်တဲ့ မိန်းကလေးတွေပါလာတယ်။ ရုပ်ကလေးတွေက တော်တော် သနားကမားတွေပါတယ်။ ရောဂါလည်းမရသေးဘူး ။ဒါပေမဲ့သူတို့ကို မေးကြည့်တော့ အပြင်ရောက်လည်း ဒီအလုပ်ပဲ ပြန်လုပ်မယ်လို့ ပြောတာပဲ။ ကျမလုပ်သက် ၁၀နှစ်မှာ အများဆုံးတွေ့ရတဲ့ မျက်နှာတွေက ဒီလို သာ့တီးဒီ (၃၀ ဃ ပုဒ်မ) ပုဒ်မတွေပဲ။ စိတ်မကောင်းပေမဲ့ ကိုယ်လို ၀န်ထမ်းတွေတောင် ရတဲ့လစာနဲ့ မလောက်တာ ဘာမှလုပ်မပေးနိုင်ဘူးလေ” လို့ အင်းစိန်ထောင်မှ အမျိုးသမီးထောင်ဝန်ထမ်းက ပြောပြပါတယ်။
ဝေါကနည်းရွာချလိုက်တဲ့ မိုးကိုမျက်မှောင်ကြုတ် ကြည့်ရင်း မှတ်တိုင်ရဲ့ အမိုးအောက်ကို တိုးဝင်လာတဲ့ မသီတာက “မိုးရွာတဲ့မိုးတွင်းက ကျမတို့လို့လမ်းမှာပဲ ဖောက်သည်ရှာတဲ့ သူတွေအတွက် မကိုက်ဘူး။ ကလပ်ထဲမှာတော့ သူ့အချိတ်အဆက်နဲ့ သူဆိုတော့ဈေး ကောင်းရတယ်။ မရဘူးဆိုတောင် သောင်းဂဏန်း အထက်မှာရှိတယ်။ အပြင်မှာ ဆိုတော့ ရဲကိုလည်းရှောင်ရသေးတယ်။ အကြောက်ရဆုံးက ရဲခွေးလို့ ခေါ်တဲ့ ရဲသတင်းပေးတွေပဲ။ တစ်ချို့ဆို ရဲဘ၀ကနေ လာဘ်စားလို့ပြုတ်ပြီး ရဲသတင်းပေး လုပ်နေတာလေ။ သူတို့က တစ်ခါတလေ ရဲထက်တောင် ဆိုးသေးတယ်။ သတင်းပြန် မပို့အောင် သူတို့နဲ့ ညလိုက်အိပ်ပေးရတယ်။ ဒီနေ့ညတော့ ခြောက်ထောင်လောက် ရရင်လိုက်သွားမယ်” လို့သူမရဲ့ ဈေးကွက်အခြေအနေကို ရှင်းပြခဲ့ပါတယ်။
 (ရန်ကုန်မြို့ထဲ တရားမ၀င်ပြည့်တန်ဆာခန်းသို့ ညအချိန်တွင် လာရောက်လည်ပတ်သူ အမျိုးသား ၃ ဦး)

အခြားသော ရန်သူမျိုး တပါး
မသီတာတို့လို မိန်းကလေးတွေအတွက် နောက်ထပ် ရှောင်ရမဲ့ အထူးပုဂ္ဂိုလ်ကတော့ နယ်မြေဇိမ်ခေါင်းတွေပါ။ နယ်မြေတစ်ခုမှာ သူ့အပိုင်းအလိုက် ရဲကိုကျွေးမွေးပြီး ချိတ်ဆက်ပေါင်းထားတဲ့ ဇိမ်ခေါင်းတွေအဖို့ သူတို့ရဲ့ ဈေးကွက်ကို လာလုနိုင်မဲ့သူတွေကို ရဲကိုအသာလက်တို့ ပြီးဖြေရှင်းလေ့ရှိကြတယ်လို့ ပြောပြပါတယ်။
တရားရုံးရောက်ရင် တရားသူကြီးရဲ့ စီရင်ချက်ကို နယ်ထိန်းက ပြောင်းပေးနိုင်လို့ နယ်ထိန်းကလဲ ကျတော်တို့ ပူဇော်ပသရမဲ့ ပုဂ္ဂိုလ်ထဲက တပါးအပါအ၀င်ပေါ့လို့ ရဲစခန်းက ရိတ်လွှတ်လိုက်တဲ့ လေးကွက်ကြားဆံပင်ကို အသာပွတ်ရင်း မျက်စိမှေးမှေး ကိုမှေးသထက်မှေးအောင် လုပ်ရီရင်း ၀ူခုံးလို့ သူတို့လောကက နာမယ်ပေးထားတဲ့ လုပ်သက် ၈နှစ်မျှရှိသူက ပြောပြပါတယ်။
                   ဗုဒ္ဓဘာသာ ၀င်တွေအဖို့  ရန်သူမျိုးငါးပါး ရှိတယ်ဆိုတာ ငယ်စဉ်ကတည်းက သင်ကြားမှတ်ယူလာခဲ့ကြတာပါ။ မင်းဆိုတာလည်း ရန်သူမျိုး တစ်ပါးထဲမှာပါဝင်ပါတယ်။ အုပ်ချုပ်သူမင်းဟာ ရန်သူမျိုး တစ်ပါးဖြစ်တယ်ဆို မသီတာတို့အတွက်တော့ ရဲဟာ အဲဒီရန်သူပါပဲ။ ရန်သူကို တည့်အောင်ပေါင်းသင့်တဲ့ အခါပေါင်း၊ ပူဇော်သင့်တဲ့အခါ ပူဇော်လုပ်ပေမယ့် တခါတခါလည်း သူတို့ကြောင့် ဒုက္ခကောင်းကောင်း ရောက်ရတာလည်း ရှိပါတယ်။ 
            “ဒီလိုအလုပ် ဒီလိုဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့လူက ရှိတော့ရှိမယ်။ဒါပေမဲ့ ရှားပါလိမ့်မယ်။ ကိုယ့်ဘ၀ ကိုယ့်မိသားစု ရှင်သန်ရပ်တည်ဖို့ ဒီအလုပ်ကိုလုပ်ရပေမဲ့ ကျမဘယ်တော့မှ ကာမေသုမိစ္ဆာစာရကံကို မကျူးလွန်ဘူး။ အလုပ်အရ ခဏတာပေါင်း ရပေမဲ့ ကိုယ်နဲ့ အမြဲပေါင်းဖို့ ဘယ်တော့မှ မမြူဆွယ်ဘူး။အဲဒါ ကျမတို့ လုပ်နိုင်တဲ့တပါးသီလပဲ” လို့ ပြောရင်း သူမကိုလာခေါ်တဲ့ ဖောက်သည်ဆိုက်ကားပေါ် မသီတာ တက်ထိုင်ရင်းပါသွားပါတော့တယ်။
(ဓာတ်ပုံ - အင်တာနက်၊ ရည်ညွန်း -  http://felixfeatures.photoshelter.com/search?I_DSC=Asia+Prostitution&I_DSC_AND=t&_ACT=search )

ရင်းမြစ်။ ။မိုးမခ

Friday, May 14, 2010

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ကိုယ်ပွားပါတီမဟုတ်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေ တရားမျှတမှုမရှိသဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တော့ကြောင်း မတ်လ (၂၉) ရက်နေ့ ဗဟိုကော်မတီအစည်းအဝေးတွင် (အမြင်ကွဲလွဲသူအချို့ရှိသော်လည်း) ကန့်ကွက်သူမရှိ ဆုံးဖြတ်နိုင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ အပေါ် အခိုင်အမာ ရပ်တည်လျက်ရှိကြောင်း ပြသလိုက်သည်။ ပြည်တွင်းပြည်ပတွင် အကြီးအကျယ် ဂယက်ရိုက်ခတ်သွားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရှိသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး စသည်တို့ကို လက်ငင်းဖြေရှင်းရမည့် ပြဿနာများအဖြစ် ဖော်ပြလျက် တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို တောင်းဆိုထားသည်။

ထို့ပြင် ရွေးကောက်ပွဲဟူသည် ဖြတ်သန်းရမည့် မှတ်တိုင်တခုဖြစ်သည်ဟု NLD က လက်ခံထားလျက် ရွေးကောက်ပွဲ၏ အနိမ့်ဆုံး လိုအပ်ချက်များအဖြစ် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ရန်၊ ဖွဲ့စည်းပုံမှ ဒီမိုကရေစီစံနှုန်းနှင့် မညီသည့် အချက်များကို ပြင်ဆင်ရန်၊ အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာစောင့်ကြည့်မှု ခွင့်ပြုရန် စသည်တို့ကိုလည်း ကြေညာစာတမ်းတွင် ဖော်ပြထားသည်။ သို့သော် စစ်အာဏာရှင်အုပ်စုက လူထုကိုယ်စားပြု NLD ပါတီ၏ တောင်းဆိုမှုကို ကျောခိုင်းထားခဲ့သဖြင့် NLD ကလည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်၊ ရွေးကောက်ပွဲမ၀င်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ NLD ပါတီ၏ ယင်းဆုံးဖြတ်ချက်ကို ပြည်တွင်းပြည်ပ အဓိကနိုင်ငံရေးအင်အားစုများက ကြိုဆိုထောက်ခံခဲ့ကြသည်။ ပြည်သူလူထုအများစုကလည်း ထောက်ခံခဲ့ကြသည်။

စစ်အစိုးရ၏ ၂၀၁၀ ပါတီမှတ်ပုံတင်ဥပဒေအရ ဆက်လက်မှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲဝင်ရန် NLD က ငြင်းဆိုခဲ့သဖြင့် မေလ (၆) ရက်တွင် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်သက်တမ်းကုန်သည်။ မတ်လ (၂၉) ရက်နေ့ ဗဟိုကော်မတီ အစည်းအဝေးတွင် ကန့်ကွက်သူမရှိ ရွေးကောက်ပွဲမ၀င်ရေး ဆုံးဖြတ်ခဲ့သော်လည်း မေလ (၇) ရက်နေ့တွင် NLD နှင့် လမ်းခွဲခဲ့ကြသူတစု (Splinter Group) က ‘အမျိုးသားဒီမိုကရေစီအင်အားစု’ အမည်ဖြင့် ပါတီမှတ်ပုံတင်လိုက်သည့်ကိစ္စ ပေါ်လာခဲ့သည်။ ထိုအုပ်စုကို ဦးဆောင်သူများမှာ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦး၊ ဒေါက်တာဝင်းနိုင်၊ ဦးစိုးဝင်း၊ ဒေါက်တာသန်းဝင်း၊ ဦးသာဆိုင်နှင့် ဦးတိုးပို … စသူတို့ အပါအ၀င် (၂၈) ဦးဖြစ်သည်။  ထိုအုပ်စုက မေလ (၆) ရက်နေ့ ကုန်ဆုံးချိန်အထိ ဒေါ်စုနှင့် NLD အပေါ် သစ္စာရှိမည်။ မေလ (၇) ရက်တွင် NLD မရှိတော့သဖြင့် သီးခြားပါတီထောင်၍ ရွေးကောက်ပွဲဝင်မည်ဟု ဆိုခဲ့ကြသည်။ ထိုအုပ်စု၏ စကားနှင့်လုပ်ရပ်မှာ ရှင်းလင်းမြင်သာပါသည်။ မေလ (၆) ရက်နောက်ပိုင်းတွင် သူတို့အနေဖြင့် NLD အား သစ္စာစောင့်သိတော့မည်မဟုတ်ဟု ဆိုလိုက်ခြင်းဖြစ်သည်။

NLD က ရွေးကောက်ပွဲမ၀င်သည့် အဓိကအကြောင်းမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ် (Mandate) ကို ဆက်လက်ထိန်းသိမ်းခြင်းနှင့် ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအား သစ္စာမခံနိုင်ခြင်းတို့ကြောင့်ဖြစ်သည်။ Splinter Group က ရွေးကောက်ပွဲဝင်ရန် အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force) အမည်ဖြင့် ပါတီ မှတ်ပုံတင်လိုက်သည့်အတွက် ၁၉၉၀ ရွေးကောက်ပွဲရလဒ် (Mandate) ကို ပစ်ပယ်၍ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအား သစ္စာခံလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် NLD ၏ နိုင်ငံရေးရည်မှန်းချက်နှင့် တိုက်ရိုက်ဆန့်ကျင်နေကြောင်း ထင်ရှားလှသည်။
အထူးသဖြင့် လက်ငင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် လမ်းခွဲခဲ့ကြသူတစု (Splinter Group) က ဖန်တီးလိုက်သည့် ပြဿနာမှာ လူထုအား အမြင်ရှုပ်ထွေးေ၀၀ါးစေရန် မလျော်မကန် လုပ်သကဲ့သို့ ဖြစ်နေသည်။ အမှန်တော့ ယင်းသို့သော အခြေအနေမျိုး ပေါ်ပေါက်လာဖွယ်ရှိသည်ကို ၂၀၁၀ နှစ်ဆန်းစ ကတည်းက ကြားနေ သိနေရပါသည်။ ရွေးကောက်ပွဲမှတပါး အခြားရွေးခွင့်မရှိဟု တွင်တွင်ဝါဒဖြန့်ချိနေသည့် ပြည်တွင်းနှင့် ပြည်ပရှိ မြန်မာ့အရေး ဆောင်ရွက်နေကြပါသည်ဆိုသော NGO အချို့၏ ပယောဂများလည်း မကင်းဟု ဆိုရပါမည်။ ထို NGO အဖွဲ့ဝင် ပုဂ္ဂိုလ်တချို့တွင် ကိုယ်ပိုင်မီဒီယာလုပ်ငန်းများ ရှိသည့်အလျောက် နအဖ၏ အတုအယောင်ရွေးကောက်ပွဲ အထမြောက်စေရန် တက်ကြွစွာ ၀ါဒဖြန့်ချိမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုထိုသော ပုဂ္ဂိုလ်တို့အနက်မှ တဦးကဆိုလျှင် နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံသည် ‘အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ’ ကို စံနမူနာယူ ရေးဆွဲထားသည်ဟု မရှက်မရွံ့ ၀ါဒဖြန့်ခဲ့ပုံကို ကိုယ်တိုင်ကြားခဲ့ရဖူးသည်။ ထို NGO အဖွဲ့များမှ တာဝန်ရှိသူအချို့ကပင် NLD မှ တွေဝေယိမ်းယိုင်သူများအား မက်လုံးပေး ဖဲ့ထုတ်စည်းရုံးခဲ့ကြသည်။ NLD အစိတ်အပိုင်းတရပ် ၂၀၁၀ ရွေးကောက်ပွဲ၌ ပါခဲ့လျှင် နိုင်ငံတကာ အသိအမှတ်ပြုမှု ပိုမိုရရှိမည်။ ထိုသို့ဖြစ်ခဲ့လျှင် ရွေးကောက်ပွဲ အလှည့်အပြောင်းသည် နိုင်ငံနှင့်ပြည်သူ အတိုင်းအဆမရှိ နစ်နာမည်ဖြစ်သော်လည်း  စစ်တပ်ကျောထောက်နောက်ခံဖြင့် NGO လုပ်စားနေသူများ (အရိုးခံ NGO များကို မဆိုလို) အဖို့ စားပေါက်ပိုချောင်လာမည်ဟု တွက်ဆကာ စစ်အစိုးရအကြိုက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲမှတပါး အခြားရွေးခွင့်မရှိဟု ကျယ်ကျယ်လောင်လောင် ၀ါဒဖြန့်နေကြခြင်းလားဟု ထင်မြင်စရာဖြစ်သည်။

ဤနေရာ၌ ဧပြီလ (၇) ရက်စွဲဖြင့် ဒေါက်တာခင်ဇော်ဝင်းထံမှ ထွက်ပေါ်လာသော အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် စာတစောင်ပါ အချက်အလက်များကို ကိုးကားလိုပါသည်။ စာတမ်းခေါင်းစဉ်က “NLD အဆင့်မြင့်ခေါင်းဆောင်များ ဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးစိန်လှဦးတို့ ဆွေးနွေးချက်” ဟု ဆိုပါသည်။ မတ်လ (၂၃) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ မှတ်ပုံမတင်ရေးသဘောထားကို ဦးဉာဏ်ဝင်းက သတင်းမီဒီယာမှတဆင့် ဖော်ထုတ်လိုက်ခြင်းကြောင့် မတ်လ (၂၉) NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးအပေါ် သြဇာသက်ရောက်မှုဖြစ်စေခဲ့သည်ဟု ထိုဆွေးနွေးချက်စာတမ်းတွင် ဝေဖန်ထားသည်။

ထိုနေ့က အစည်းအဝေးဆုံးဖြတ်ချက်အား ဥက္ကဋ္ဌ ဦးအောင်ရွှေက ဒေါ်စုသဘောထားကို မဆန့်ကျင်လို၍ ထောက်ခံခဲ့သည်။ လူငယ်အဖွဲ့ကလည်း မဲမခွဲဘဲ ညှိနှိုင်းဆုံးဖြတ်ရန် စုပေါင်းလက်မှတ်ရေးထိုးထားသော စာတစောင်တင်ခဲ့သည်ဟု ဆွေးနွေးချက်စာတမ်းတွင် ဖော်ပြသည်။ ထို့ကြောင့် NLD ခေါင်းဆောင်ပိုင်းသည် လက်တွေ့ကျကျ အလေးအနက် စဉ်းစားဆုံးဖြတ်ရမည့် ကိစ္စကို၊ စိတ်လှုပ်ရှားခံစားမှု ဦးစားပေး၍ ဆုံးဖြတ်ခဲ့ကြသည်ဟု ဝေဖန်ထားသည်။ နှစ်ပေါင်း (၂၀) ကျော် ဆင်းရဲဒုက္ခကြီးစွာခံလုပ်ခဲ့ကြရပြီးနောက် ယခုအခါ ခေါင်းဆောင်မှု ကင်းမဲ့သွားခဲ့ပြီ။ ဤသို့ဖြစ်ရခြင်းမှာ ဦးဝင်းတင်၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်နှင့် ဦးဟံသာမြင့်တို့ (လေးဦးဂိုဏ်း) က (ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုသည်ဟု ကြွေးကြော်ကာ) အထက်စီး ရယူခဲ့သောကြောင့် ဖြစ်သည်ဟု ထိုဆွေးနွေးချက်စာတမ်းတွင် သုံးသပ်ထားသည်။

ထို့ပြင် ဒေါ်စုသည် ဦးဉာဏ်ဝင်း၏ ခြယ်လှယ်အမြတ်ထုတ်မှုကို ခံနေသည်။ ဒေါ်စု၏ ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်သည် မိမိတို့ (အဖွဲ့ချုပ်ဝင်များ) အား ပစ်ပယ်လိုက်သည့်သဘောလည်းဖြစ်သည်။ ယခုအခါ ဒေါ်စုတွင် ရပ်တည်စရာ စင်မြင့် လုံးဝမရှိ ဖြစ်သွားပြီ။ မိမိတို့အနေဖြင့် ယခုအခါ ရေစီးကြောင်းကို ဆန်တက်ကြရမည်။ လိုအပ်လျှင် မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆန့်ကျင်ရမည်။ ဒေါ်စုသည် ခေါင်းမာဂိုဏ်းသား ဦးဝင်းတင်အား မျက်စိစုံမှိတ် ယုံကြည်အားထားနေသည်။ ဒေါ်စုသည် ခေါင်းမာဂိုဏ်းသားများအား လူရင်းများအဖြစ် သဘောထားနေသည်။ ဒေါ်စုသည် နအဖ၏ ထောင်ချောက်အတွင်း ပြန်ဝင်နေသည် … စသည်ဖြင့် ထိုဆွေးနွေးချက်စာတမ်းတွင် ဖော်ပြထားသည်။

ဒေါက်တာခင်ဇော်ဝင်း၏ ကိုယ်ပိုင်ဝေဖန်ချက်တွင် အသစ်ပေါ်လာမည့် ပါတီ သို့မဟုတ် ပြုပြင်ပြောင်းလဲထားသည့် NLD ပါတီသည် နိုင်ငံရေးဘ၀ဖြစ်စဉ်၌ တနေရာ ရသင့်ရထိုက်သည်။ ထိုပါတီသည် NLD အမည်ကို သုံးဖြစ်ကောင်းမှ သုံးဖြစ်မည်ဖြစ်သော်လည်း စင်စစ် “အောင်ဆန်းစုကြည်ခေတ်လွန် NLD ပါတီ” ဖြစ်လာမည်။ “ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ ဆန္ဒသဘောထားများကို လေးစားကြသကဲ့သို့ အသစ်ပေါ်လာမည့် ပါတီ၏ ဆန္ဒသဘောထားများကိုလည်း လေးစားအသိအမှတ်ပြုသင့်သည်။ မည်သည့်အကြောင်းကြောင့်မျှ ပါတီအသစ်တွင် ပါဝင်သူများအား NLD ကို သစ္စာဖောက်သူများဟု တံဆိပ်မကပ်သင့်” ဟု ဖော်ပြထားသည်။

နိုင်ငံရေးအချိုးအကွေ့တခုနှင့် ကြုံတွေ့တိုင်း သဘောထားအယူအဆ ကွဲလွဲတတ်ကြသည်မှာ ဖြစ်ရိုးဖြစ်စဉ်တခုဟု ဆိုနိုင်ပါသည်။ နိုင်ငံရေးပါတီတခု၏ ထီးရိပ်အောက်တွင် ရှိနေကြသူတို့အနေဖြင့် သဘောကွဲလွဲခွင့်ရှိခြင်းမှာ ဒီမိုကရေစီပိုင်ခွင့်ဖြစ်သည်။ သို့သော် ပါတီဝင်တဦးချင်းသည် ပါတီတွင်း၌ အကျေအလည် ဆွေးနွေး ငြင်းခုန်ပြီးနောက် အများစု၏ ဆုံးဖြတ်ချက်ကို သဘောမတူသော်လည်း လိုက်နာရန် တာဝန်ရှိသည်။ အများစု သဘောတူဆုံးဖြတ်ချက်ကို လိုက်နာရန် ပျက်ကွက်ရုံမက အများစုက ပြည်သူလူထုနှင့် ပါတီ၏အကျိုး ထိခိုက်နစ်နာမည်ဖြစ်၍ ပယ်ချထားသော လမ်းကြောင်းကို ဖုန်ခါပွဲထုတ်လိုက်လျှင်မူ ပါတီကိုဆန့်ကျင်ခြင်းဖြစ်သည်။ သစ္စာဖောက်ခြင်းဖြစ်သည်။

ဒေါက်တာခင်ဇော်ဝင်း၏ ဧပြီလ (၇) ရက်စွဲဖြင့် “NLD အဆင့်မြင့်ခေါင်းဆောင်များဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးစိန်လှဦးတို့ ဆွေးနွေးချက်” စာတမ်းထွက်ပေါ်လာချိန်သည် NLD တရားဝင်ပါတီအဖြစ် တည်နေဆဲကာလဖြစ်သည်ကို သတိပြုရပါမည်။ ထိုစဉ်က NLD ခေါင်းဆောင်များဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးစိန်လှဦးတို့၏ စာတမ်းပါ ဆွေးနွေးချက်သဘောထားများအရ ဂိုဏ်းဂဏစိတ်ဖြင့် ပါတီကို ဆန့်ကျင်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်လွင်နေသည်။ “(လေးဦးဂိုဏ်း) ဟူသော အသုံးအနှုန်း” “ လိုအပ်လျှင် မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆန့်ကျင်ရမည်။ ဒေါ်စုသည် ခေါင်းမာဂိုဏ်းသား ဦးဝင်းတင်အား မျက်စိစုံမှိတ် ယုံကြည်အားထားနေသည်” စသည့် သဘောထားများက ထိုစဉ်ကပင် ပါတီဆန့်ကျင်ရေးလှုပ်ရှားမှုများ လုပ်နေခဲ့ကြောင်း ထင်ရှားနေသည်။

သို့သော် မီဒီယာများအား ‘အမျိုးသားဒီမိုကရေစီအင်အားစု (NDF)’ က ပြောပုံဆိုပုံမှာ မရိုးသားဟု ဆိုရမလိုဖြစ်နေပြန်သည်။  ဒေါ်အောင်ဆန်းစုကြည်သည် သူတို့၏ ခေါင်းဆောင်အဖြစ် ဆက်ရှိနေမည်ဟု စကားနှစ်ခွဆိုမှုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ ဖွဲစည်းပုံဖြင့် စစ်အုပ်စုက သစ္စာခံခိုင်းသည်ကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပြီးဖြစ်သည်။ NDF က စစ်အုပ်စု၏ ၂၀၀၈ ဖွဲစည်းပုံကို သစ္စာခံရမည့် (ပါတီမှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေး) လမ်းကို လိုက်သွားခဲ့သည်။ လက်တွေ့လုပ်ဆောင်ချက်များက သစ္စာစောင့်သိမှု ရှိ မရှိ ဆိုသည်ကို ပြသခဲ့ပြီးဖြစ်သည်။

NLD မှ နှုတ်ထွက်၍ သီးခြားပါတီထောင်ခြင်းမှာ ပြဿနာမဟုတ်။ ၁၉၉ဝ ခုနှစ်တွင် ဒီမိုကရေစီနိုင်ငံ တည်ထောင်ပေးမည်ဟု NLD က ပြည်သူကို ကတိပေးခဲ့သည်။ ထိုကတိကို ဆက်လက် အကောင်အထည်ဖော်ရန် တရားဝင်ပါတီအဖြစ် ရပ်တည်ကာ နိုင်ငံရေးကို တရားဝင်လုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဝင်ရန် ရည်ရွယ်ကြောင်း ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့ ဦးဆောင်သည့် ‘အမျိုးသားဒီမိုကရေစီအင်အားစု (NDF)’ က ပြောဆိုလာပုံမှာလည်း မရိုးသားရာရောက်သည်။ NLD တာဝန်ကို ဆက်လက်ထမ်းဆောင်နေသယောင် ပြောသလိုဖြစ်နေသည်။

ထိုကိစ္စများနှင့် စပ်လျဉ်း၍ ဆရာဦးဝင်းတင်က သတင်းမီဒီယာများတဆင့် ရှင်းပြခဲ့ပြီးဖြစ်သည်။ ဦးဝင်းတင်က NLD သည် ပြည်သူလူထုကို လှည့်စား၍ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်ပွားပါတီ ထူထောင်၍သော်လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မည်မဟုတ်ဟု အတိအလင်း ပြောပါသည်။ ထို့ပြင် ပါတီပြိုကွဲပျက်စီးစေမည့် အလုပ်မျိုးလည်းမလုပ်၊ ပြည်သူကိုလည်း သစ္စာမဖောက်ဟုဆိုပါသည်။ မိုးမခမီဒီယာ၏ မေးခွန်းများကို ဖြေဆိုရာ၌ ဦးဝင်းတင်က NLD နှင့် NDF ခြားနားပုံကို ယခုကဲ့သို့ ရှင်းလင်းစွာ ပြောကြားခဲ့သည်။

“အခုကိစ္စမှာက ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာရှိတာတို့၊ ပါတီအပေါ် သစ္စာရှိတာတို့ထက် အရေးကြီးတဲ့ အချက်ကတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ တခဲနက် မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်ပြည်သူတွေ ပေးအပ်ခဲ့တဲ့ Mandate အပေါ်မှာ သစ္စာစောင့်သိခြင်းမရှိတာက အဓိက ဖြစ်သွားပြီ။ NLD ပါတီကိုယ်တိုင်က ၉၀ ရွေးကောက်ပွဲမှ ပြည်သူလူထုရဲ့အပ်နှံမှု၊ လွှဲအပ်မှု (Mandate) နဲ့ တိုင်းပြည်ဒီမိုကရေစီရေးကို အကောင်အထည် မဖော်နိုင်ခဲ့တာကို အနှစ် (၂၀) လုံးလုံးအတွက် လူသိရှင်ကြား တောင်းပန်ခဲ့တယ်။ အနှစ် (၂၀) လုံးလုံးတောင် ပြည်သူ့ရဲ့ Mandate နဲ့ မဆောင်ရွက်နိုင်ခဲ့တာကို အမှန်အတိုင်း ၀န်မခံလိုဘဲ၊ လက်မခံဘဲနဲ့  နောက်ရွေးကောက်ပွဲကို ဆက်သွားတာ၊ ပြည်သူတွေအပေါ်မှာ သစ္စာမရှိတာပဲလို့ ပြောချင်တယ်။ NLD ပါတီက တောင်းပန်တယ်။ ၉၀ ရွေးကောက်ပွဲရဲ့ Mandate နဲ့ အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ဘူး။ သို့သော် ပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်မခံဘူး၊ ကန့်ကွက်တယ်။ NLD ဟာ ပြည်သူနဲ့ လက်တွဲပြီး ဆက်လက်ရပ်တည်သွားမယ်။ ဆက်လက်လှုပ်ရှားသွားမယ်ဆိုတာကို ပြောခဲ့ပြီးဖြစ်ပါတယ်။”

NLD သည် လူထုတိုက်ပွဲအတွင်းမှ ပေါ်ထွက်ခဲ့သည့် လူထုပါတီဖြစ်သည်။ အာဏာရှင်အလိုကျ ပါတီမဟုတ်သဖြင့် အာဏာရှင်က အသိအမှတ်မပြုရုံနှင့် NLD ပျောက်ကွယ်သွားမည်မဟုတ်။ လူထုအကျိုးကို မဆောင်နိုင်တော့၍ လူထုက အသိအမှတ် မပြုတော့လျှင်သာ ကွယ်ပျောက်သွားနိုင်ပေသည်။ NLD က ပါတီမှတ်ပုံမတင်၊ ရွေးကောက်ပွဲမ၀င်ဟု ဆုံးဖြတ်ဆောင်ရွက်လိုက်ခြင်းမှာ စစ်အာဏာကို အာခံဆန့်ကျင်လိုက်ခြင်းဖြစ်သည်။ မတရားသည့် အမိန့်အာဏာကို ဖီဆန်ခြင်း (Civil Disobedience)  ဖြစ်သည်။ NLD ၏ အမြင့်ဆုံး တိုက်ပွဲပုံသဏ္ဍာန်လည်းဖြစ်သည်။ NLD သည် တိုက်ပွဲအတွင်း၌ ဆက်ရှိနေသည်။ မြန်မာနိုင်ငံခရီးစဉ်အပြီး မေလ (၁၀) ရက် နေ့စွဲဖြင့်  အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်ဘဲလ်၏ သတင်းထုတ်ပြန်ချက်တွင် ဆယ်စုနှစ် (၂) ခုကြာ မြန်မာပြည်သူလူထု၏ လူမှုဘ၀ တိုးတက်ကောင်းမွန်လာရေးအတွက် ရုန်းကန်အားထုတ်ခဲ့သော NLD ၏ အခန်းကဏ္ဍကို ချီးကျူးကြောင်း၊ စစ်အစိုးရ၏ မတရားသည့် ဥပဒေစည်းမျဉ်းဘောင်အတွင်း၌ NLD အား တရားဝင်အဖွဲ့အစည်းအဖြစ် ငြင်းပယ်ထားသော်လည်း NLD သည် မြန်မာပြည်သူလူထုအား ကိုယ်စားပြုလျက် လူထုအကျိုးကို စွဲစွဲမြဲမြဲ ဆက်လက်ဆောင်ရွက်နေသည့်အတွက် အမေရိကန်ပြည်ထောင်စုက NLD အား ဆက်လက်ထောက်ခံ အားပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ဧရာဝတီနှင့် အင်တာဗျူးတွင် “ပြည်သူလူထုကို ဘယ်တော့မှ (ဘယ်တော့မှ) ကျောခိုင်းမှာ မဟုတ်ပါဘူး။ လွတ်လပ်ရေး၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အဖွဲ့ချုပ်က ဆောင်ရွက်ရတဲ့ ကိစ္စအရပ်ရပ်အားလုံးကို တစိုက်မတ်မတ် အေးချမ်းစွာ ဆောင်ရွက်သွားပါမယ်” ဟု ကတိပြုခဲ့သည်။ တနည်းအားဖြင့် စစ်အစိုးရက အသိအမှတ် မပြုသော်လည်း NLD သည် လူထုအကြား၌ ဆက်လက်လှုပ်ရှား တည်ရှိနေမည်ဟု ဆိုလိုခြင်းဖြစ်သည်။

သို့သော် NDF အစုက NLD မရှိတော့ဟု ယူဆပြောဆိုနေသည်။ တနည်းအားဖြင့် NLD ၏ တိုက်ပွဲခွင်ထဲမှ ထွက်သွားခြင်းဖြစ်သည်။ ထိုမျှမက စစ်အာဏာအောက် ခေါင်းလျှိုဝင်လိုက်ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့ ဦးဆောင်သည့် ‘အမျိုးသားဒီမိုကရေစီအင်အားစု (NDF)’ က ယူဆသကဲ့သို့ NLD ၏ အခန်းကဏ္ဍ မရှိတော့ဟူသော အမြင်မှာ ပကတိအခြေအနေနှင့် လွဲချော်နေသည်။ ဒေါက်တာခင်ဇော်ဝင်း မျှော်မှန်းသည့် “အောင်ဆန်းစုကြည်ခေတ်လွန် NLD ပါတီ” (သို့မဟုတ်) NDF ၏ အခန်းကဏ္ဍ ဆိုသည်မှာလည်း စိတ်ကူးယဉ်မှုသက်သက် ဖြစ်သည်။ NDF လျှောက်သောလမ်းမှာ လူထုဆန္ဒနှင့် ကင်းကွာသော၊ ၉၀ ရလဒ်ကို ကျောခိုင်းသော၊ စစ်အာဏာ အဓွန့်ရှည်ရေးကို ထောက်ကူသော လမ်းကြောင်းဖြစ်နေသည်။ ထို့ကြောင့် NDF သည် စစ်အာဏာတည်တံ့ရေးစီမံချက်တွင် နယ်ရုပ်တရုပ် ဖြစ်မှန်းမသိ ဖြစ်ရဖို့သာရှိသည်။

သို့ဖြစ်၍ ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့၏ NDF သည် ဒေါ်အောင်ဆန်းစုကြည်၏ NLD နှင့် လုံးဝဆက်စပ်ပတ်သက်မှု မရှိသည်မှာ ထင်ရှားပေသည်။ ထို့ပြင် NDF သည် NLD ၏ ကိုယ်ပွားပါတီ သို့မဟုတ် Lifeboat Party သဘောလည်း လုံးဝမဟုတ်။ အဘယ်ကြောင့်ဆိုသော် NLD ၏ မူဝါဒ ဆုံးဖြတ်ချက်များကို လိုက်နာပါမည်ဟု သဘောတူခဲ့ပြီးမှ NDF က ဆန့်ကျင်ငြင်းဆန်ခဲ့၍ ဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ NLD က လုံးဝလက်မခံနိုင်သည့် နာဂစ်ဖွဲ့စည်းပုံအောက်၌ NDF ပါတီသစ်ကို ဖွဲ့ခဲ့ခြင်းမှာလည်း စစ်အာဏာလွှမ်းမိုးရေးကို အားပေးရာရောက်နေ၍ ဖြစ်သည်။

ထို့ကြောင် ဒေါ်အောင်ဆန်းစုကြည်သည် NDF ၏ ခေါင်းဆောင်အဖြစ် ဆက်ရှိနေမည်ဟုလည်းကောင်း၊ NLD ၏ မပြီးဆုံးသေးသည့် တာဝန်ကို ဆက်လက်ထမ်းဆောင်မည်ဟုလည်းကောင်း၊ NDF က လူထုကိုေ၀၀ါးအောင် မပြောသင့်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောထားချင်း ဖြောင့်ဖြောင့်ဆန့်ကျင်နေသည့် ‘အမျိုးသားဒီမိုကရေစီအင်အားစု’ ၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုမှုကို မည်သည့်နည်းနှင့်မျှ လက်ခံလိမ့်မည်မဟုတ်ပါ။ ဖြစ်သင့်သည်မှာ ‘အမျိုးသားဒီမိုကရေစီအင်အားစု’ (NDF) ခေါင်းဆောင်များအနေဖြင့် မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်၏ NLD နှင့် သဘောမတူ၍ သီးခြားပါတီထောင်ခဲ့ခြင်းဖြစ်သည်ဟု သတ္တိရှိရှိ ရိုးရိုးသားသား ဖြောင့်ချက်ပေးကာ ရှေ့ခရီးကို ဆက်သင့်ပေသည်။ လူထုက ရိုးသားမှုကို အားပေးထောက်ခံလေ့ရှိကြောင်း သတိချပ်သင့်ပါသည်။

ရင်းမြစ်။ ။ခေတ်ပြိုင်

Friday, May 7, 2010

လက်ချောင်းများ၊ ကိန်းဂဏန်းနဲ့ အညိုရောင် ဘိဇနက်

မိုးသူလွင်
မေ ၇၊ ၂၀၁၀
             သူငယ်ချင်းတစ်ယောက်နဲ့ဆုံတုန်း ရောက်တတ်ရာရာစကားပြောကြရင်းက အခုနှစ်ထဲ ရန်ကုန်မြို့မှာအနှိပ်ခန်းတွေ ပေါလာတယ်ဆိုတဲ့ အကြောင်းကို ရောက်သွားတယ်။ စီးပွားရေး အကျပ်အတည်းဖြစ်နေချိန်မှာ အနှိပ်ခန်းတွေ မှိုလိုပေါက်လာတာ စီးပွားရေးအရ တွက်ခြေကိုက်လို့လား ဆိုတာကိုပြောဖြစ်ကြတယ်။ အဲဒါနဲ့ဆက်နွယ်ပြီးတော့ အဲဒီ လုပ်ငန်းက မိန်းကလေးတွေရဲ့ ၀င်ငွေမမာဏ နောက်ပြီး ဘာကြောင့်အနှိပ်ခန်းတွေမှာ မိန်းကလေးတွေ အလုပ်လုပ်ကြသလဲဆိုတဲ့ အကြောင်းတွေ အထိရောက်ကုန်ကြတယ်။

အနှိပ်သမမိန်းကလေး တစ်ယောက်ရဲ့လခဟာ တစ်သောင်းကျပ်ပဲရှိပါတယ်။ တစ်နာရီစာ တစ်ဆက်ရှင်(section) ကျပ် ၃,၀၀၀ အထဲကနေ ကျပ် ၅၀၀ ကော်မရှင်ရပါတယ်။ အခြေခံလစာက အမှန်တကယ် ၀င်ငွေရဲ့ ၁၀ ပုံတစ်ပုံသာသာပဲ ရှိပြီး ကျန်တဲ့ ၉ပုံက ဧည့်သည်က စေတနာရှိလို့ ပေးခဲ့တဲ့မုန့်ဖိုးငွေရယ် ဆက်ရှင် အလိုက်ရတဲ့ ကော်မရှင်ခရယ် ကြောင့်သာသူတို့ ရပ်တည်နေနိုင်ကြတာ ဖြစ်ပါတယ်။ တစ်ချို့ဧည့်သည်တွေက တစ်ပြားမှ မပေးတတ်ကြသလို့ တစ်ချို့ကလည်း သဘောကျရင်ကျသလို လေးငါးထောင်အထိပေးတတ်ကြပါတယ်။
အနှိပ်ခန်းမှာ အချိန်မှတ်ဖို့နဲ့တောက်တိုမယ်ရခိုင်းဖို့ ၀ိတ်တာတစ်ယောက်တော့ အနည်းဆုံးထားကြပါတယ်။ ၀ိတ်တာ ၁၀ ယောက်ထက် မနည်း ခန့်ထားတဲ့ အနှိပ်ခန်းအကြီးကြီးတွေလည်း ရှိပါတယ်။ ၀ိတ်တာတစ်ယောက်ရဲ့လခဟာ ကျပ် ၃၀,၀၀၀ ရှိပါတယ်။ ဧည့်သည်တွေဘီယာဝယ်ခိုင်း၊ အမြည်းဝယ်ခိုင်းရင်ရတတ်တဲ့မုန့်ဖိုးရယ် အနှိပ်သမ မိန်းကလေးတွေက နေ့လည်နေ့ခင်း မုန့်စားချင်လို့ ထွက်ဝယ်ခိုင်းရင်လည်း မုန့်ဖိုးရတတ်ပါတယ်။ အနှိပ်သမမိန်းကလေးတွေက နေ့လည်နေ့ခင်းမှာ အရေးမကြီးဘဲအပြင် မထွက်လိုကြတာကြောင့် ၀ိတ်တာတွေကို မုန့်ဝယ်ခိုင်းလေ့ရှိကြပါတယ်။
ဆိုင်အမျိုးမျိုး ဘ၀အထွေထွေ
ရန်ကုန်မြို့ကအနှိပ်ခန်းအများစုက နှိပ်တာထက်ကျော်လွန်တဲ့ဝန်ဆောင်မှုကို ဧည့်သည် စိတ်တိုင်းကျအောင် ပေးတတ်ကြပါတယ်။ တစ်ချို့အနှိပ်ခန်း မန်နေဂျာက(ဂျာကြီးလို့ အများက ခေါ်ကြသည်) မသိမသာခွင့်ပြုသလို တစ်ချို့ဂျာကြီးများက သူတို့ကိုယ်တိုင်က လိုလိုလားလား ခွင့်ပြုထားတတ်ကြတယ်။ ဧည့်သည်ငြိုငြင်လို့ ပြန်ထွက်သွားရင် အဲသည့် မိန်းကလေးကတော့ နားရင်းအုပ်ခံရပြီသာမှတ်ဆိုတဲ့ဆိုင်တွေလည်းရှိတယ်။ တစ်ချို့ဆိုင်တွေမှာတော့ ပိုင်ရှင်က မိန်းကလေးတွေကို လခအပြည့် မပေးချင်လို့စည်းကမ်းမျိုးစုံ ထုတ်ထားတာမျိုး လည်းရှိတယ်။
ဥပမာ - ကွန်ဒွန်တစ်ခုတွေ့ရင် ဒဏ်ငွေ ငါးရာ၊ ဧည့်သည်ပြန်သွားလို့ အိပ်ယာတွေ သေသေချာချာပြန်မခင်းခဲ့ရင် ဒဏ်ငွေငါးရာ၊ ဖုန်းပြောတာ သုံးမိနစ်ထက်ကျော်သွားရင် ဖုန်းဖိုးပေးရတာ၊ အပြင်ထွက်တာကြာရင် ဒဏ်ငွေတပ်တာ… စသဖြင့် လခဖြတ်တဲ့နည်းမျိုးစုံကိုသုံးတာပါ။ ကွန်ဒွန်တွေ့ရင် ငါးရာဆိုပေမယ့် မတွေ့အောင်လုပ်မယ် ဆိုရင်တော့ သိသာသိစေ မမြင်စေနဲ့ဆိုတဲ့ ပုံစံမျိုးနေတတ်ကြတယ်။ အဲသည်လိုဆိုင်တွေမှာ ၀ိတ်တာနဲ့ အနှိပ်သမတွေကြားထဲမှာ ပြဿနာတွေရှိတတ်ပါတယ်။ ၀ိတ်တာနဲ့ အနှိပ်သမကြားထဲက ပြဿနာကို နည်းနည်းလောက်ကြည့်ရအောင်။
ဂျာကြီးက ကွန်ဒွန်မမြင်ချင်တဲ့ဆိုင်တွေမှာ ဧည့်သည်နဲ့ အနှိပ်သမ နေဖို့ထိုင်ဖို့ အဆင်ပြေလာတဲ့အခါ ၀ိတ်တာက တစ်ခုကို ငါးရာကျပ်နဲ့ ကွန်ဒွန်ရောင်းပါတယ်။ သက်သေခံဖျောက်ဖျက်ဖို့တော့ အနှိပ်သမက တာဝန်ယူရပါတယ်။ တစ်ချို့ဝိတ်တာက ဧည့်သည်နဲ့ အနှိပ်သမကြားမှာ အဆင်ပြေပြေဖြစ်အောင် အကျိုးဆောင်ပေးတတ်ကြပါတယ်။ ၀ိတ်တာကကြည့်မရတဲ့ အနှိပ်သမ ဆိုရင် သူကိုယ်တိုင်ရောင်းထားတဲ့ ကွန်ဒွန်ကိုပဲ အခွံတွေ့ပါတယ်ဆိုပြီး ဂျာကြီးကို ပြန်ပြီး ချွန်တွန်းလုပ်တတ်ပါတယ်။ အဲသည်လိုနည်းနဲ့ လခဖြတ်တာကို မခံချင်တဲ့မိန်းကလေးတွေကတော့ ဖရီးကစ်(အကာအကွယ်မဲ့ ထိမှန်ခြင်း) နဲ့ပဲ တွေ့ကြရတော့တာပေါ့။ လခတစ်သောင်းဆိုတော့လည်း ဧည့်သည်ဆီကအပိုဝင်ငွေရအောင် လုပ်ယူကြရတဲ့သဘောရှိပါတယ်။ ဒါကလည်း အနှိပ်သမတိုင်းကိုမဆိုလိုပါဘူး။ တစ်ချို့ကလည်း ကိုယ်သဘောကျတဲ့ ဧည့်သည်ကို မွေးထားပြီး နည်းနည်းစီ ဖဲ့ယူတတ်ကြပါတယ်။
သွားရောက် ပညာပေးသင့်သည့် နေရာ
သည်နေရာမှာ ကျွန်တော့်သူငယ်ချင်းရဲ့သဘောထားက အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ် ကာကွယ်ရေးနဲ့ သားဆက်ခြားပညာပေးလုပ်ငန်းတွေလုပ်နေတဲ့ အဖွဲ့တွေကို သည်လိုနေရာတွေမှာ သွားရောက်ပညာပေး စေချင်တယ်လို့ဆိုပါတယ်။ တကယ်တော့ အခြေအနေကို အမှန်အတိုင်း ၀န်ခံလေ့မရှိတဲ့ မြန်မာစစ်အစိုးရ လက်ထက်မှာ တော်တော်ခက်ခဲတဲ့ အလုပ်ပဲဖြစ်ပါတယ်။ အခြေအနေမှန်ကို ၀န်မခံ၊  လက်မခံတော့ မလိုလားအပ်တဲ့ အကျိုးဆက်တွေကို အားလုံး ခံစားကြရမယ့် သဘောမျိုး ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၉ ခု နှစ်ကုန်ပိုင်းလောက်က ပုဇွန်တောင်မြို့နယ်မှာ အမျိုးသမီးရေးရာကကြီးမှူးဖွင့်လှစ်တဲ့ ယဉ်ကျေးလိမ္မာ သင်တန်းကို ရပ်ကွက်တိုင်း စီမံချက်နဲ့တက်ခိုင်းတော့ ရပ်ကွက်လူကြီးတွေက သူတို့အနိုင်ကျင့်လို့ရတဲ့ အနှိပ်ခန်းတွေကို ဖိအားပေးတာကြောင့် အနှိပ်ခန်းဂျာကြီးတွေက တစ်ရက်ကို အနှိပ်သမ နှစ်ယောက်စီ အလှည့်ကျစေလွတ် ပေးခဲ့ရပါသေးတယ်။ အဲသည့်သင်တန်းမှာတော့ ကျန်းမာရေးပညာပေး တွေမပါဝင်ခဲ့ပါဘူး။
နူရာဝဲစွဲ လဲရာ `ရဲ´တောင်း
အနှိပ်သမနဲ့ ၀ိတ်တာတွေဝင်ငွေပြီးတော့ အနှိပ်ခန်းကိုရင်းပြီး စားနေသူတစ်ဦးရဲ့ဝင်ငွေကိုလည်း ပြောဖို့လိုလာတာပေါ့။ အဲဒါကတော့ ပြည်သူ့ရဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လှုပ်ရှားနေတဲ့ ယူနီဖောင်းဝတ် လက်နက်ကိုင်အဖွဲ့အစည်းပါပဲ။ အနှိပ်ခန်းအကြီးအသေး ပေါ်မူတည်ပြီး တစ်လကို ကျပ် ငါးသိန်းကနေ ဆယ်သိန်းအထိ ဆက်ကြေးပေးရပါတယ်။ စီမံချက်ကာလ ဆိုရင်တော့ သူတို့ကအရင်ဆုံး သတင်းပေးပြီး အနှိပ်ခန်းတွေကို ယာယီပိတ်ခိုင်းထားတဲ့ တာဝန်ကိုယူပါတယ်။ ရပ်ကွက်ထဲကပြည်သူတွေ ဘာပြောပြော အနှိပ်ခန်းတွေနဲ့ပတ်သက်ပြီး မသိချင်ယောင်ဆောင် တတ်တဲ့ မျက်နှာပြောင်တိုက်တဲ့ တာဝန်ကိုလည်းယူပါတယ်။ အနှိပ်ခန်းထဲက သူတို့သဘောကျတဲ့ မိန်းကလေးတွေကိုလည်း ဘယ်ဧည့်သည်နဲ့မှ ပေးမ၀င်ရအောင်လည်း စေတနာပိုပိုနဲ့ တာဝန်ယူတတ်ပါသေးတယ်။
အနှိပ်ခန်းတွေဟာ ပြည့်သူ့ရဲနဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းများကို တဘက်တလမ်းက ထောက်ပံ့ရေး တာဝန်ယူထားတဲ့ ထောက်ပို့ စီးပွားရေးလုပ်ငန်းဖြစ်လို့နေပါတယ်။ ပြည်သူ့ရဲ၊ စရဖနဲ့ အခြားလုံခြုံရေး အုပ်ချုပ်ရေး တာဝန်ယူတဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးနေရတဲ့ စီးပွားရေး နယ်ပယ်ကြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း အညိုရောင် စီးပွားရေးလို့ခေါ်တာပါ။ တရားဝင်ဟုတ်လားဆို မဟုတ်ပေမယ့် နေရာတိုင်းမှာ ကျယ်ပြန့်စွာတည်ရှိနေတဲ့ အညိုရောင် စီးပွားရေး တစ်ရပ်ပါ။
အနှိပ်ခန်းဖွင့်ဖို့ အိမ်ခန်းငှားခကတော့ နေရာပေါ်မူတည်ပြီး ကျပ်သုံးသိန်းကနေ ငါးသိန်းအထိရှိတတ်ပါတယ်။ ဒီလောက်ပေးနေရတာတောင် အနှိပ်ခန်းဖွင့်တဲ့သူတွေပေါလာတာ ဘာကြောင့်များပါလည်း။ ကျွန်တော့်သူငယ်ချင်းနဲ့အတူ အနှိပ်ခန်းတွေကရှာဖွေနိုင်တဲ့ ၀င်ငွေကိန်းဂဏန်းတွေကို တွက်ချက်မိကြတယ်။
အနည်းဆုံး အနှိပ်သမခြောက်ယောက်ရှိတဲ့ အနှိပ်ခန်းတစ်ခန်းကို နမူနာပုံစံယူပြီး တွက်ချက်ကြည့်ကြတာပါ။ ဘာကြောင့်လည်းဆိုတော့ အနှိပ်ခန်းတစ်ခန်းမှာ အနည်းဆုံးတော့ ခြောက်ယောက်လောက်ရှိမှ လည်ပတ်လို့ရတာကိုး။ ဘာကြောင့်အသေးဆုံးအနှိပ်ခန်းကို နမူနာတွက်ချက်ကြည့်တာလည်းဆိုတော့ အနှိပ်ခန်းတွေရဲ့ အနိမ့်ဆုံးဝင်ငွေကိုသိချင်လို့ပါပဲ။
သူတို့တွေရဲ့ ၀င်ငွေ
တစ်ရက်ကို ၂၄ နာရီရှိတဲ့အထဲက မိန်းကလေးတစ်ယောက် တစ်ရက်ကို ရှစ်နာရီ စာပဲ ဧည့်သည်ရတယ်လို့ဆိုပါစို့…။ တစ်ချို့ဧည့်သည်တွေက ညလုံးပေါက်နေတတ်ကြသလို တစ်ချို့ကလည်း သုံးလေးဆက်ရှင်နေတတ်ကြပါတယ်။ ပူအိုက်တဲ့ရာသီမှာ အိမ်မှာပူပူလောင်လောင် အိပ်မယ့်အစား အဲကွန်းနဲ့ ကောင်မလေးတွေနဲ့ သွားအိပ်မယ်ဆိုတဲ့ ငနဲသားတွေလည်း ရှိပါတယ်။ အချို့ကတော့ ရဲတွေလုံခြုံရေးတွေရဲ့ ရန်ကိုရှောင်ချင်လို့ အိမ်မှာ မအိပ်ပဲရှောင်တဲ့ အနေနဲ့ ညဘက်မှာ အနှိပ်ခန်းသွားအိပ်တဲ့သူလည်း ရှိပါတယ်။ ၂၀၀၇ စက်တင်ဘာ နောက်ပိုင်း နိုင်ငံရေးအရ ရှောင်တိမ်းသူ အချို့တောင် အဲလိုအနှိပ်ခန်းတွေကို ညဘက်မှာ လုံခြုံဘေးကင်းရာ အဖြစ်အသုံးပြုခဲ့ကြတယ်လို့ ကြားဖူးပါတယ်။  
တစ်ရက်ကို ရှစ်နာရီနဲ့ အနှိပ်သမခြောက်ယောက်ဆိုရင် ၄၈ နာရီစာဝင်ငွေရှိပါတယ်။ တစ်လကို ၁,၄၄၀ နာရီစာဝင်ငွေရှိတယ်။ တစ်နာရီကို ကျပ် ၃,၀၀၀ နဲ့မြှောက်ကြည့်လိုက်ရင် တစ်လကို ၄၃သိန်း ကျော်ရရှိမှာပါ။ အဲသည်အထဲကမှ အိမ်ခန်းငှားခ ငါးသိန်း၊ ရဲကြေး ငါးသိန်း နဲ့ ၀န်ထမ်းတွေပေးရတဲ့လခနဲ့ဆက်ရှင်ကြေး ရှစ်သိန်းခွဲလောက်ကို နှုတ်ကြည့်လိုက်ရင် သူ့ဆီမှာ သိန်းနှစ်ဆယ်အစိတ်က အသားတင်ကျန်နေတာကိုတွေ့ရပါတယ်။
ဒါဟာအသေးဆုံးအနှိပ်ခန်းလေး တစ်ခုရဲ့ဝင်ငွေပဲဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ အနှိပ်သမ ၇၀ ကျော်နဲ့လည်ပတ်နေတဲ့ ကေတီဗီနဲ့ အနှိပ်ခန်းအကြီးစားကြီးတွေ လည်းရှိပါတယ်။ ရန်ကုန်မြို့ရဲ့ အနှိပ်ခန်းဦးရေကတော့ ခန့်မှန်းခြေ သုံးထောင်ရှိတယ်လို့ ပြည်ပသတင်းဌါနတစ်ခုရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။ ဆိုင်တစ်ဆိုင် တစ်လ၀င်ငွေ (လည်ပတ်ငွေ)  ၄၃ သိန်း နဲ့တွက်ကြည့်မယ်ဆို တစ်လကို သိန်း တစ်သိန်း ၂သောင်း၊ ၃သောင်းလောက် လည်ပတ်နေတဲ့ စီးပွားရေး ကဏ္ဍတစ်ခုလို့ ဆိုနိုင်ပါတယ်။
 အောက်မှာ အသေးဆုံးအနှိပ်ခန်းရဲ့ဝင်ငွေကို အနည်းဆုံးခန့်မှန်းခြေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
မှတ်ချက်။            ။ စီးပွားဖြစ်လုပ်ကိုင်လိုသူများတိုးပွားလာစေရန် တွက်ချက်ပေးခြင်းမဟုတ်ပါ။
 အနှိပ်သမ ခြောက်ယောက်ရှိသော အနှိပ်ခန်းမှတစ်လ၀င်ငွေ
စဉ်
အမျိုးအစား
အရေအတွက်
စုစုပေါင်း
အနှိပ်သမများတစ်ရက်ဝင်ရသောဆက်ရှင်
၈နာရီ x ၆ယောက်
၄၈နာရီ
အနှိပ်သမများတစ်လ၀င်ရသောဆက်ရှင်
၄၈နာရီ x ၃၀ရက်
၁၄၄၀နာရီ
အနှိပ်ခန်းတစ်လ၀င်ငွေ
၁၄၄၀နာရီ x ၃,၀၀၀ကျပ်
၎,၃၂၀,၀၀၀ ကျပ်

အနှိပ်သမ ခြောက်ယောက်ရှိသော အနှိပ်ခန်းမှ ထွက်ငွေများနှုတ်ပြီး လက်ကျန်ဝင်ငွေ
စဉ်
အမျိုးအစား
တန်ဖိုး
ဝင်ငွေမှခြားနားမှု
လက်ကျန်ငွေ
အိမ်ငှားခ
၅၀၀,၀၀၀
၎,၃၂၀,၀၀၀- ၅၀၀,၀၀၀
၃,၈၂၀,၀၀၀
အနှိပ်သမလခ
၆ယောက်x၁၀,၀၀၀= ၆၀,၀၀၀
၃,၈၂၀,၀၀၀- ၆၀,၀၀၀
၃,၇၆၀,၀၀၀
ဝိတ်တာလခ
၃၀,၀၀၀
၃,၇၆၀,၀၀၀-၃၀,၀၀၀
၃,၇၃၀,၀၀၀
အနှိပ်သမဆက်ရှင်ကြေး
၁၄၄၀ နာရီx ၅၀၀= ၇၂၀,၀၀၀
၃,၇၃၀,၀၀၀-၇၂၀,၀၀၀
၃,၀၁၀,၀၀၀
ပြည်သူ့ရဲကြေး
၅၀၀,၀၀၀
၃,၀၁၀,၀၀၀-၅၀၀,၀၀၀
၂,၅၁၀,၀၀၀



စုစုပေါင်းလက်ကျန်ဝင်ငွေ
၂,၅၁၀,၀၀၀
    
ရင်းမြစ်။ ။မိုးမခ                                                                                  

Tuesday, April 20, 2010

သင်္ကြန် ဗုံးရဲ့ ပဟေဠိပုစ္ဆာများနဲ့ နောက်ဆက်တွဲ အဖြစ်အပျက်များ



သင်္ကြန် အတက်နေ့ ကန်တော်ကြီးစောင်းမှာ လက်ပစ်ဗုံး ၃လုံး ပေါက်ကွဲခဲ့တဲ့နောက် ခါတိုင်းပေါက်ကွဲတဲ့ ဗုံးနဲ့ မတူတာ ထူးခြားချက်တွေ အများအပြားပေါ်ထွက်လာပြီး ယခုအချိန်ထိတော့ နအဖအစိုးရ ကအဆိုပါမေးခွန်းနဲ့ ပတ်သက်တာတွေကို ဖေါ်ထုတ်ပြောဆိုခြင်း မရှိသေးပါဘူး။
နအဖ သတင်းစာရဲ့ ပေါ်လစီဆောင်းပါးကဏ္ဍမှာတော့ ပြည်ပရောက် နိုင်ငံရေး အဖွဲ့အစည်းတွေကို ခါတိုင်းစွပ်စွဲနေကြ အတိုင်းစွပ်စွဲလိုက်ပါတယ်။ အထောက်အထား ရရှိလို့ သက်သေသက္ကာယ ရှိလို့ပြောဆိုတာမျိုး မဟုတ်ပဲ အစဉ်အမြဲ အတိုက်အခံ အဖွဲ့အစည်းတွေကို အပြစ်ပုံချတဲ့သဘောမျိုးနဲ့ ရေးသားခြင်းလို့သာ လူအများက ယူဆကြပါတယ်။
ယခုဗုံးကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူတွေထဲ မြို့နယ်အဆင့်အရာရှိတွေ၊ ရဲလုံခြုံရေးတွေ၊ မင်္ဂလာ တောင်ညွန့်မြို့နယ် ရဲမှူး၊ မြို့နယ် မယက ဥက္ကဌ၊ နောက်ဆုံး အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို အထိ ဒဏ်ရာရခဲ့တာကို အပတ်စဉ်ဂျာနယ်များမှာ ဖေါ်ပြချက်အရ သိရှိရပါတယ်။
စစ်ဒေသမှူးဟာ ဗိုက်မှာ လက်ပစ်ဗုံးဒဏ်ရာရခဲ့ပြီး အသဲမှာ ဗုံးစစိုက်ခဲ့တယ် လို့စစ်တပ်နဲ့ နီးစပ်တဲ့သတင်းရပ်ကွက် ကပြောပါတယ်။ လောလောဆယ်မှာ စစ်ဆေးရုံမှာ ကုသမှုခံယူနေတာဖြစ်ပြီး ကျန်တဲ့ ရဲ၊ အရပ်ဘက် လုံခြုံရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေကတော့ ရန်ကုန်ဆေးရုံကြီးနဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံ တွေမှာ ကုသမှုခံယူနေတယ်လို့ သတင်းဖေါ်ပြချက်များမှာ တွေ့ရပါတယ်။
အမှတ် ၄ စစ်ဒေသမှူး ရာထူးဟာ ရန်ကုန်မြို့လယ်မြို့နယ်များ ပါဝင်တဲ့ ရန်ကုန် တောင်ပိုင်းခရိုင်ရဲ့ လုံခြုံရေး အုပ်ချုပ်ရေးတွေမှာ တာဝန်ယူရသူဖြစ်ပြီး မြို့တော်ခန်းမမှာ အခြေစိုက်ပါတယ်။ အဆိုပါ စစ်ဘက်ရာထူးကြီးသူ၊ လုံခြုံရေး အရာရှိတွေပါ ဒဏ်ရာရလို့ ဒီအဖြစ်အပျက်ကို ပြည်ပအခြေစိုက် အဖွဲ့အစည်းတွေရဲ့ လက်ချက်လို့ ရန်ကုန်လူထုက တထစ်ချ မမှတ်ယူပါဘူး။

လူထု၏ ကောက်ချက်များနဲ့ ဆက်စပ်တွေးခေါ်မှုများ
ရန်ကုန်လူထု အများစုဟာ အစိုးရကပဲ ခွဲတာလို့ ယုံကြည် ယူဆနေကြပါတယ်။ ဘာလို့အဲဒီလို ယူဆသလဲဆို အရင့်အရင် ဗုံးကွဲမှုတိုင်းမှာ အဖြေ မထုတ်၊ တရားခံကို မိမိရရ မရှာပဲ လျှောချသွားတာတွေ ကိုသာကြုံတွေ့ခဲ့ရလို့ အခုလိုကောက်ချက် ချတာဖြစ်ပါတယ်။
နောက်ယူဆချက် တခုကတော့ မဏ္ဍပ်လိုင်စင်ရဖို့ အတွက် လုပ်ပေးသူဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ မြေးဖြစ်သူ ဖိုးလပြည့်ခေါ် နေရွှေသွေးအောင် ဖြစ်တဲ့အတွက် သူ့ကို ရန်ငြှိုးရှိသူ ပြည်တွင်း တပ်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်း ကကြံစည်လုပ်ဆောင်တာ ဆိုတဲ့ ယူဆချက်ပါ။ ဒီအချက်ကြောင့်လည်း ရန်ကုန်နဲ့ မြန်မာပြည်က လူထုက သူတို့အချင်းချင်း ဖြစ်တဲ့ကိစ္စမှာ သာမန်အရပ်သားတွေက အသက်ဆုံးရှုံးရတယ်လို့ မခံချိမခံသာ ပြောဆိုနေကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
နအဖ အစိုးရအနေနဲ့  ဗုံးကွဲမယ့် အဖြစ်အပျက်ကို ကြိုသိနေသလိုမျိုး လူထုက ခံစားနေရတဲ့ အခြားသော အထောက်အထား တွေလည်း ရှိပါသေးတယ်။ အဲဒီအထောက်အထားတွေက ဘာလဲဆိုတော့ မဏ္ဍပ်နားမှာ လုံခြုံရေးကားတွေ အပြင် ကြက်ခြေနီ တံဆိပ်နဲ့ လူနာတင်ကားတွေပါ အဆင့်သင့်ရှိနေတာ၊ ပေါက်ကွဲပြီး ၁နာရီခွဲ ၀န်းကျင်မှာပဲ မန္တလေး အက်ဖ်အမ်၊ အမ်အာရ်တီဗီ ဖိုး၊ မြန်မာ့အသံစတဲ့ အစိုးရသတင်းမီဒီယာတွေကနေ ကြားဖြတ်သတင်း အနေနဲ့ ဗုံးပေါက်တဲ့ သတင်းကို ချက်ခြင်းကြေငြာတာ၊ သေဆုံးတဲ့ စာရင်းကို အတိအကျ ဖေါ်ပြကြေငြာတာ၊ ဒဏ်ရာရသူ အရေအတွက်ကို အတိအကျကြေငြာတာ၊ နောက်တနေ့ ထုတ်သတင်းစာမှာ ဆောင်းပါးရှင် ကျော်ရဲမင်းက ချက်ခြင်းပဲ ပေါ်လစီဆောင်းပါးရေးပြီး ရှုတ်ချတာတွေဟာ ယခင်တုန်းက ဖြစ်ပျက်တာတွေနဲ့ လုံးဝကွဲပြားခြားနားနေပါတယ်။ လူတွေအမြင်မှာ ဗုံးကွဲမှာသိလို့ အားလုံး အဆင်သင့်လုပ်ထား သလားလို့အောက်မေ့ကြ ရ အောင်ပဲ အဆင်သင့်ဖြစ်နေတာ တွေ့ရပါတယ်။
အထက်ပါ အချက်တွေဟာ သမရိုးကျပေါက်တဲ့ ဗုံးမဟုတ်ဘူးလို့လူတွေ ထင်မှတ်စေတဲ့ အချက်တွေဖြစ်ပါတယ်။ ဗုံးပေါက်တဲ့ မဏ္ဍပ်မှာလည်း စီစီတီဗီ ကင်မရာတပ်ဆင်ထားတာကိုလည်း အဆိုပါ ပုံတွေကို နောက်ပိုင်းသတင်းဓါတ်ပုံများနဲ့ ရုပ်ရှင်များကို သတင်းနဲ့ ၀ါဒဖြန့် ကြေငြာချက်တွေမှာ အသုံးပြုခဲ့လို့ သိရပါတယ်။

လုံခြုံရေး ရဲများရဲ့ ဗရမ်းဗတာ ကိုင်တွယ်မှု
ဗုံးပေါက်ကွဲတာနဲ့ လူအုပ်ကြီးက လွတ်ရာလွတ်ကြောင်း ထွက်ပြေးတာ၊ အန္တရာယ်နဲ့ လွတ်ကင်းအောင် ရှောင်ပြေးကြတာကို ရဲတွေက နံပါတ်ဒုတ်တွေနဲ့ ရိုက်နှက်ပြီး တားဆီးတာတွေ လုပ်ခဲ့တယ်လို့ အဆိုပါမဏ္ဍပ် မှာရေကစားသူ၊ ရှေ့မှာရှိနေသူတွေက ပြောဆိုကြပါတယ်။ ဗုံးကွဲတယ်ဆိုတာ သိသိချင်း ဝေးရာကို ပြေးဖို့ကြိုးစားတဲ့သူကို လုံထိန်းတွေက မပြေးနဲ့ မပြေးနဲ့ လို့ပြောပြီးနောက်ကနေ တုတ်နဲ့လိုက်ရိုက်တာ ကြုံခဲ့ရကြောင်း မဏ္ဍပ်ပေါ်မှာ ရှိနေခဲ့သူ တဦးကပြောပါတယ်။
ထို့အတူပဲ ပေါက်ကွဲမှု ဖြစ်ပြီးပြီးချင်း ကိုယ့်ဆွေမျိုးသားချင်း၊ သားသမီး၊ သူငယ်ချင်းကို ကူဖို့ရှာဖို့ လာတဲ့သူတွေကိုလည်း မပေးဝင်ပဲ တားဆီးရိုက်ထုတ်တာမျိုးလုပ်ပါတယ်။ လူတွေကို ကယ်ဆယ်ဖို့ ၊ အသက်ချမ်းသာရအောင် ဆေးရုံပို့ဖို့ထက်ကို အတွင်းအပြင် ပိတ်ထားပြီး ဗုံးလက်သည်ကို ဖမ်းဆီးရမိဖို့ ကြိုးစားတာမျိုး ကြားသိရပါတယ်။ ပေါက်ကွဲမှု ဖြစ်ပြီး မကြာခင် အနားမှာ လာရောက်ကြည့်ရှုတဲ့ လူအုပ်ကိုလည်း မောင်းထုတ်၊ ခြောက်ထုတ်၊ မနာခံတဲ့သူကို နံပါတ်တုတ်နဲ့ ရိုက်တာ၊ လက်သီးနဲ့ထိုးတာ ကန်တာတွေတွေ့ခဲ့ရတယ် လို့သွားကြည့်သူတဦးက သူမြင်ခဲ့ရတာကို ပြောပြပါတယ်။

သတင်းဓါတ်ပုံရိုက်သူကို ဖမ်းဆီး
ယခုနောက်ဆုံး ကြားသိရတဲ့ သတင်းအရဆို ကွယ်လွန်သူ စာရေးဆရာ လင်းယုန်မောင်မောင် ရဲ့သားကြီး ဖြစ်သူ သားကြီးဇေယျနဲ့ မြေးဖြစ်သူ စည်သူဇေယျတို့ကို ရဲနဲ့ ထောက်လှမ်းရေးတွေက အဆိုပါ ဗုံးပေါက်တဲ့နေ့မှာပဲ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ စည်သူဇေယျကို အခင်းဖြစ်ပွားတဲ့နေရာမှာ မှတ်တမ်း ဓါတ်ပုံရိုက်တဲ့အတွက် ချက်ခြင်းဖမ်းဆီးခဲ့ပြီး သူရဲ့ဖခင်ဖြစ်သူ သားကြီးဇေယျကိုတော့ နောက်ပိုင်းမှာ အိမ်မှာလာရောက် ခေါ်ဆောင်သွားတယ်လို့ ကြားသိရပါတယ်။ သားကြီးဇေယျဟာ ၁၉၉၀ ခုနှစ်များက နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထိန်းသိမ်းခံရဖူးသူ တဦးဖြစ်တယ်လို့လည်း သိရှိရပါတယ်။
နအဖ အစိုးရအနေနဲ့ အဖြစ်အပျက်မှာ သတင်းယူသူ၊ ဓါတ်ပုံရိုက်သူများကိုတွေ့လျင် ပြည်ပအခြေစိုက် မီဒီယာများအတွက် လုပ်ကိုင်ပေးနေသူများရယ်လို့ သင်္ကာမကင်းဖြစ်ကာ ဖမ်းဆီးမေးမြန်းလေ့ရှိတာလည်း ဖြစ်ပါတယ်။ (Photos - Daylife, Internet)
 
ရင်းမြစ်။ ။မိုးမခ