Showing posts with label နည်းပညာသတင်း. Show all posts
Showing posts with label နည်းပညာသတင်း. Show all posts

Wednesday, February 2, 2011

၅ သိန်းတန် ဂျီအက်စ်အမ်ဖုန်းများ အမှန်တကယ် ချထားပေးမည် ဖြစ်သော်လည်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း


ဇန်နဝါရီ ၃၁ ရက်တွင် ချထားပေးရန် စီစဉ်ထားသော ကြိုတင် ငွေပေးချေကဒ် စနစ်သုံး ၅ သိန်းတန် ဂျီအက်စ်အမ် ဖုန်းများကို အမှန်တကယ် ချထားပေးသွားမည် ဖြစ်သော်လည်း ကြိုတင် ငွေပေးချေကဒ်များ အဆင်သင့် မဖြစ်သေး၍ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရပါတယ်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ ဇန်နဝါရီ ၃၁ ရက် လွှတ်တော်ခေါ်ယူမှု အထိန်းအမှတ် အဖြစ် ကြိုတင် ငွေပေးချေကဒ် စနစ်သုံး ၅ သိန်းတန် ဂျီအက်စ်အမ် ဖုန်းတွေကို ယင်းနေ့မှာ ချထားပေးဖို့ စီစဉ်ခဲ့တာပါ။ "ချထားပေးဖို့ အစီအစဉ်ကို လုံးဝ ဖျက်သိမ်းလိုက်တာမျိုးတော့ မဟုတ်ဘူး" လို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အရာရှိ တစ်ဦးက ပြောပါတယ်။ အဆင့်ဆင့် တင်ပြမှုတွေအရ သုံးစွဲသူ များပြားလာနိုင်တဲ့ ၅ သိန်းတန် ဂျီအက်စ်အမ် ဖုန်းတွေအတွက် ကြိုတင် ငွေပေးချေကဒ် အလုံအလောက် ထုတ်လုပ်ဖို့ အတွက်တော့ အခက်အခဲ ရှိတယ်လို့ ၎င်းက ဆိုပါတယ်။ ကြိုတင် ငွေပေးချေကဒ်တွေ ရောင်းချပေးဖို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးကလည်း ၎င်းတို့ အနေနဲ့ လက်ရှိမှာ မက်စ်ဝဲလ် (McWiLL) အတွက် ထုတ်လုပ်နေတဲ့ ကြိုတင် ငွေပေးချေကဒ်များပင် လုံလောက်အောင် မထုတ်လုပ်နိုင်သေးကြောင်း ပြောပါတယ်။ ရတနာပုံ ဝဘ်ပေါ်တယ် အနေနဲ့ ကြိုတင် ငွေပေးချေကဒ် စနစ်သုံး ၅ သိန်းတန် ဂျီအက်စ်အမ် ဖုန်းများ ပြန်လည် ချထားပေးမယ့် နေ့ရက်ကို မေးမြန်းရာမှာတော့ ချထားပေးဖို့ သေချာသော်လည်း ရက်အတိအကျ ပြောနိုင်ဖို့ အတွက်မူ အခက်အခဲ ရှိနေသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းဌာနမှ ပြန်လည် ဖြေကြားပါတယ်။


Thursday, January 27, 2011

ဟွန်ဒါကုမ္ပဏီက မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ရန် စစ်တမ်းကောက်




ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် ကား အစီးရေ ၃၆ သိန်းကျော် ထုတ်လုပ်နေသော ဂျပန်နိုင်ငံမှ ဟွန်ဒါကား ကုမ္ပဏီက မြန်မာနိုင်ငံ၌ ကားထုတ်လုပ်ရန် အတွက် ပထမဆုံးအကြိမ် စစ်တမ်း (Servery) ကောက်ယူမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ဟွန်ဒါကားကုမ္ပဏီမှ စီးပွားရေး စီမံခန့်ခွဲမှု မန်နေဂျာ မစ္စတာ ဟီဒီတိုမိုမိုရီ ကပြောသည်။ ကားထုတ်လုပ်ရေး လုပ်ငန်းသည် ကြီးမားသည့်အတွက် လတ်တလော ထုတ်လုပ်ရေး လုပ်ငန်းများကို စတင်မည်ဆိုပါက အခက်အခဲများ ရှိနိုင်၍ မော်တော်ယာဉ် နှင့်ပတ်သက်သည့် ထောက်ပံ့ပစ္စည်းများကိုသာ ဦးဆုံးထုတ် လုပ်နိုင်ရန် စက်ရုံများ ဖွင့်လှစ်မည် ဖြစ်ကြောင်းသိရသည်။
“ကားထုတ်ဖို့တော့ ရည်ရွယ်ထား ပြီးသားပါ။ နိုင်ငံရဲ့ သဘော သဘာဝနဲ့ လုပ်နည်းလုပ်ဟန်တွေ ကိုလည်း စနစ်တကျ လေ့လာရဦးမယ်”ဟု မစ္စတာဟီဒီတိုမိုမိုရီက ပြောသည်။ ဟွန်ဒါကုမ္ပဏီသည် ပြည်တွင်း၌ လုပ်ငန်းများ စတင်လုပ် ဆောင်မည်ဆိုပါက ဆိုင်ကယ်ကို ဦးစွာထုတ်လုပ်မည် ဟုဆိုသည်။ ထို့အပြင် ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ နယ်မြို့များအတွက် မရှိမဖြစ် အသုံးဝင်သည့် မီးစက်များကိုလည်း ပြည်တွင်း၌ အခြေစိုက် ထုတ်လုပ်ရန် ဦးစားပေး စီစဉ်ထားပြီး မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်အတွက် လယ်ယာလုပ်ငန်းသုံး ပန့် များကိုလည်း ထုတ်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
“ဂျပန်က ကားထုတ်မှာကို ကြိုဆိုပါတယ်။ ပြည်တွင်းက အင်ဂျင်နီယာ ကျောင်းသားတွေလည်း အလုပ်ရမယ်။ နိုင်ငံတော်လည်း အခွန်ပိုရမယ်”ဟု မြန်မာနိုင်ငံ စက်မှုကုန် ထုတ်လုပ်သူများ အသင်းမှ ဥက္ကဋ္ဌ ဦးပေါဟိန်းကလည်း 7 Day News သို့ပြောကြားသည်။ ဂျပန် ဟွန်ဒါကုမ္ပဏီ အပြင် မလေးရှားနိုင်ငံမှ တန်ချောင်း ကုမ္ပဏီကလည်း ကားထုတ်လုပ်ရန် စီစဉ်နေကြောင်း၊ လက်ရှိအချိန်၌ MIC သို့ လုပ်ငန်းလုပ်ကိုင်ခွင့်ကို တင်ထားကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီမှာလည်း ပြည်တွင်း၌ ပထမဦးစွာ ဝန်ဆောင်မှု လုပ်ငန်းများနှင့် စတင် လုပ်ကိုင်မည်ဖြစ်ပြီး ပြည်တွင်း ကားထုတ်လုပ်သည့် အစုအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်သည်။
ယင်းကုမ္ပဏီများ ကဲ့သို့ပင် အိန္ဒိယမှ တာတာ ကားကုမ္ပဏီက လည်း အစိုးရနှင့် ပူးပေါင်းပြီး ထရပ်ကားများ ထုတ်လုပ်နေသည်။ လက်ရှိအချိန်၌ ပြည်ပမှ ကား ထုတ်လုပ်သည့် ကုမ္ပဏီကြီးများ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဟွန်ဒါ ကားကုမ္ပဏီ အပါအဝင် ကုမ္ပဏီပေါင်း သုံးခုရှိပြီ ဖြစ်ကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် ပြည်တွင်းမှ ကားထုတ်လုပ်နေမှုသည် ပြည်ပမှ အစိတ်အပိုင်း အားလုံးနီးပါး တင်သွင်းနေရပြီး တပ်ဆင်မှု အပိုင်းသာ လုပ်ကိုင် နေရသည်။ ယင်းသို့ မိသားစု လုပ်ငန်းအခြေအနေမှ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်သည့် လုပ်ငန်းရပ်ဖြစ်ရန် ပြင်ဆင်မှုများ ပြုလုပ်သင့်ကြောင်းလည်း စက်မှုဇုန် ကားထုတ်လုပ်သူ တစ်ဦးက ရှင်းပြသည်။

siurces: :7Day News Journal

Tuesday, January 25, 2011

GSM ဖုန်းများ ပြည်တွင်းနှင့် နိုင်ငံတကာသို့ အပြန်အလှန် သယ်ဆောင်အသုံးပြုနိုင်ရန် စတင်စမ်းသပ်


မြန်မာနိုင်ငံ အတွင်းတွင်သာ အသုံးပြုနိုင်သော GSM မိုဘိုင်းလ်တယ်လီဖုန်း SIM Card များကို နိုင်ငံတကာတွင်ရော နိုင်ငံတကာမှ GSM ဖုန်းလည်း မြန်မာနိုင်ငံသို့ပါ အပြန်အလှန် သယ်ဆောင် အသုံးပြုနိုင်သည့် International Roaming Call ဝန်ဆောင်မှုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ China Unicom Cooperation နှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု အရ စတင်စမ်းသပ်နေပြီ ဖြစ်ကြောင်း China Unicom က တရားဝင်သတင်း ထုတ်ပြန်သည်။
၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းတွင် China Unicom Cooperation နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ အကြား သဘောတူညီမှု စာချုပ်တစ်ရပ် ရေးထိုးကြရာတွင် GSM ဖုန်းများ International Roaming ဝန်ဆောင်မှုခေါ် နိုင်ငံတကာသို့ GSM ဖုန်းလိုင်းမှတစ်ဆင့် အသံ Voice နှင့် အချက်အလက် သတင်းတို SMS ပေးပို့ခြင်းနှင့် လက်ခံခြင်းကို စတင်စမ်းသပ် အသုံးပြုရန် China Unicom ကတာဝန်ယူပေးမည် ဖြစ်ကြောင်း တရုတ်အစိုးရ အာဘော် China Daily က သတင်းဖော်ပြသည်။
အဆိုပါ သဘောတူညီမှုသည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနှင့် International Roaming ဝန်ဆောင်မှုကို ပြည်ပနိုင်ငံ၏ ကုမ္ပဏီတစ်ခုထံ ပထမဦးဆုံးအကြိမ် စာချုပ်ဆိုအပ်နှံခြင်း ဖြစ်ပြီး China Unicom အနေနှင့်လည်း မြန်မာနိုင်ငံတွင် အဆိုပါ ဝန်ဆောင်မှုမျိုး ပထမဦးဆုံးအကြိမ် စီစဉ်ဆောင်ရွက်ပေးမည့် ကုမ္ပဏီ ဖြစ်လာသည်။ မြန်မာနိုင်ငံသည် ယူနန်ပြည်နယ်၏ အကြီးမားဆုံး နိုင်ငံခြားကုန်သွယ်ဖက် နိုင်ငံတစ်ခုဖြစ်ပြီး ယူနန်ပြည်နယ်သည်လည်း နံပါတ်တစ် ပို့ကုန်ဈေးကွက်နှင့် ဒုတိယမြောက် သွင်းကုန်ဈေးကွက်အဖြစ် တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ၏ ၅၀ ရာခိုင်နှုန်း ရှိနေသော ပြည်နယ်ဖြစ်သည်။
ယခင်က မြန်မာနိုင်ငံတွင် အသုံးပြုနေသော GSM မိုဘိုင်းလ်ဖုန်းများကို ပြည်ပနိုင်ငံများသို့ ယူဆောင်သွားရာတွင် သို့မဟုတ် မြန်မာနိုင်ငံသို့ အခြားနိုင်ငံများမှ GSM ဖုန်းများ ယူဆောင်လာရာတွင် သက်ဆိုင်ရာနိုင်ငံ၌ အသုံးပြုနေသည့် SIM Card နှင့် လဲလှယ် အသုံးပြုခဲ့ရသော်လည်း ယခုကဲ့သို့ International Roaming ဝန်ဆောင်မှု စတင်လိုက်သည့်အတွက် သက်ဆိုင်ရာ နိုင်ငံတွင် အသုံးပြုနိုင်သည့် သင်္ကေတ ကုတ်နံပါတ်ကို ညွှန်ကြားချက်အတိုင်း ရိုက်ထည့်လိုက်ရုံဖြင့် SIM Card လဲလှယ်စရာ မလိုဘဲ တိုက်ရိုက် အသုံးပြုနိုင်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၌ GSM မိုဘိုင်းလ် တယ်လီဖုန်း စုစုပေါင်း ၄၈၅,၁၀၀ လိုင်း ငှားရမ်းအသုံးပြုလျက် ရှိကြောင်း နိုင်ငံပိုင် မီဒီယာများတွင် တရားဝင်ဖော်ပြ ထားသည်။

sources: :The Voice Weekly

Saturday, January 22, 2011

McWiLL Broadband Wireless Access လျှောက်ထားခြင်း

McWill Broadband Wireless Access ဝန်ဆောင်မှုကို အသုံးပြုလိုသော Customer များအတွက် လိုအပ်သည့် အချက်အလက်များနှင့် လျှောက်ထားနိုင်သည့် နေရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Internet
* Setup Fee - 500,000 Kyats
* Annual for Internet - 60,000 Kyats
Prepaid Charges
* 10,000 Kyats
* 30,000 Kyats
Service Plan
Speed 128 Kbps အတွက် ၁ မိနစ်လျှင် ၂ ကျပ်၊ 256 Kbps အတွက် ၁ မိနစ်လျှင် ၃ ကျပ်၊ 512 Kbps အတွက် ၁ မိနစ်လျှင် ၆ ကျပ်၊ 1M အတွက် ၁ မိနစ်လျှင် ၈ ကျပ် အသီးသီး ဖြစ်ပါသည်။
လိုအပ်သည့် ထောက်ခံချက်များမှာ
(၁) မှတ်ပုံတင်မိတ္တူ
(၂) သန်းခေါင်စာရင်း မိတ္တူ
(၃) ဓါတ်ပုံ (၂) ပုံ တို့ဖြစ်သည်။
Sales Office & Service Centre များမှာ နေပြည်တော် တိုင်းဒေသကြီး၌ နေပြည်တော် စာတိုက်ကြီး၊ ရန်ကုန်မြို့တွင် အမှတ် (၆၁၇)၊ ပြည်လမ်း၊ မာလာဆောင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ဖုန်း- (၀၁) ၅၁၅၂၅၀၊ ၅၁၅၂၅၃၊ ဖက်(စ်) (၀၁) ၅၁၄၅၉၉ ၊ မန္တလေးမြို့တွင် အမှတ် (၄၄-ဘီ)၊ ၂၆ လမ်း၊ Swan Hotel ဝင်း၊ ဖုန်း- (၀၂) ၆၄၀၀၁၊ ၆၄၀၀၄၊ ဖက်(စ်) (၀၂) ၆၄၀၀၅ တို့ဖြစ်ပါသည်။
McWill အရောင်းစင်တာ (နေပြည်တော်)
အောက်ဖော်ပြပါ မြို့နယ်များတွင် အသုံးပြုလိုသည့် McWill Customer များသည် မိမိတို့ မြို့နယ်နှင့် သက်ဆိုင်သည့် အရောင်းစင်တာများတွင် McWill ပစ္စည်းများကို ဝယ်ယူ ရရှိနိုင်ပါသည်။
၁။ အရောင်းစင်တာ(၁)
(အမှတ်-ပ- ၁၆၈၊ သပြေကုန်းဈေး၊ နေပြည်တော်)
 ၁။ ဒက္ခိဏသီရိ မြို့နယ်
 ၂။ လယ်ဝေး မြို့နယ်
 ၃။ ဥတ္တသီရိ မြို့နယ်
 ၄။ ပုပ္ဗသီရိ မြို့နယ်
 ၅။ ပျဉ်းမနား မြို့နယ်
 ၆။ တပ်ကုန်း မြို့နယ်
 ၇။ ဇမ္ဗူသီရိ မြို့နယ်
 ၈။ ဇေယျာသီရိ မြို့နယ် တို့ဖြစ်ပါသည်။
McWill အင်တာနက် တယ်လီဖုန်းနှင့် McWill Prepaid Top-Up ကတ်များ ဝယ်ယူ ရရှိနိုင်မည့် ဆိုင်ခန်းနေရာများမှာ-
ရန်ကုန်မြို့တွင်
(၁) တိုက်အမှတ် (၄၅-၄၆)၊ ဗဟိုစည်အိမ်ရာ၊ ဝါးတန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ဖုန်း- ၀၁-၂၂၉၂၃၄၊၂၁၄၆၂၈။
(၂) အမှတ် (၈၀)၊ ဗိုလ်အောင်ကျော်လမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်း- ၀၁-၃၉၂၁၅၇၊ ၃၉၂၁၅၈။
(၃) Asia Light Super Market၊ ပုလဲကွန်ဒိုမီနီယံနှင့် လပြည့်ဝန်း ပလာဇာ၊ ဖုန်း၊ ၀၁- ၅၅၉၃၄၇၊ ၃၇၀၈၃၆ (Extး ၁၀၂) တို့ဖြစ်ပါသည်။
မန္တလေးမြို့တွင်
(၁) အမှတ် (တ-၇၊ စ-၅)၊ သိပ္ပံလမ်းနှင့် နှင်းဆီလမ်းထောင့်၊ ဖုန်း- ၀၂-၈၀၃၀၈၊ ၈၀၂၇၆။
(၂) အမှတ် (A-9)၊ လမ်း ၃၀၊ (၆၄x ၆၅ လမ်း)၊ ဖုန်း- ၀၉-၄၉၂၆၃၂၆၂ တို့ဖြစ်သည်။
နေပြည်တော်တွင်
(၁) ဒုတိယထပ်၊ Asia Light Super Market၊ သပြေကုန်းဈေး၊ ဖုန်း- ၀၆၇-၄၁၄၆၅၁-၃။
(၂) Asia Light Super Market၊ ပျဉ်းမနား၊ ဖုန်း- ၀၆၇- ၂၂၉၆၄၊ ၂၃၁၂၄၊ ၂၁၄၃၅။
(၃) အမှတ် (ပ- ၁၆၈) မြေညီထပ်၊ သပြေကုန်းဈေး။ ဖုန်း- ၀၉- ၄၉၂၆၃၂၆၇ တို့ဖြစ်သည်။

sources: :Yatanarpon

Thursday, January 20, 2011

အွန်လိုင်းမှာ ဈေးဝယ်နိုင်တော့မယ်ဆိုပါလား

အိုင်တီ ပစ္စည်းမျိုးစုံမှ အခြေခံ စားကုန်များအထိ ရရှိနိုင်မည့် ကမ္ဘာ့အဆင့်မီ အွန်လိုင်းပေါ်တွင် ဈေးဝယ် ထွက်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
အင်တာနက်မှ တစ်ဆင့် ကုန်ပစ္စည်း များကို မိမိစိတ်ကြိုက် ရွေးဝယ်နိုင်၊ လေ့လာနိုင် စသည့် အကျိုးကျေးဇူးကို ရရှိနိုင်မည့် ရောင်းသူနှင့် ဝယ်သူ အဆင်ပြေစေမည့် အွန်လိုင်း အရောင်းအဝယ် ဈေးကွက်တစ်ခုကို ၂၀၁၁ နှစ်လယ်တွင် စတင် ဆောင်ရွက်နိုင်အောင် IBiz Service Provider ကုမ္ပဏီမှ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ အပြင်မှာ ရှော့ပင်းထွက်သလို အွန်လိုင်းပေါ်မှာ ရှော့ပင်း ထွက်နိုင်အောင် နည်းပညာတွေကတော့ ကျွန်တော်တို့ ကုမ္ပဏီက ၉၀ ရာခိုင်နှုန်း အဆင်သင့် ဖြစ်နေပြီ။ အိုင်တီ ပစ္စည်းတွေကနေ ဆန်၊ ဆီတွေကိုပါ အွန်လိုင်းပေါ်မှာ ဝယ်ယူနိုင်အောင် ဆောင်ရွက်သွားမှာပါ။ ဘဏ်လုပ်ငန်းတွေနဲ့ ရောင်းချချင်တဲ့ လုပ်ငန်းရှင်တွေ လာရောက် ပူးပေါင်းဖို့လဲ ဖိတ်ခေါ်ပါတယ်။ ၂၀၁၁ နှစ်လယ်လောက်မှာ ဘဏ်လုပ်ငန်းတွေနဲ့ ပူးပေါင်းလို့ မရသေးရင် အွန်လိုင်းကနေ ဈေးဝယ်သူတွေကို အိမ်အရောက်ပို့ စနစ်နဲ့ စတင်လုပ်ဆောင်သွားမယ်။ နယ်က ဝယ်တဲ့သူတွေကိုတော့ ကားဂိတ် အရောက်ပို့စနစ်နဲ့ လုပ်သွားမယ်။ ဈေးဝယ်သူတွေက www.omyanmar.com မှာဝင်ပြီး ဝယ်လို့ရမယ် ”ဟု IBiz Service Provider ကုမ္ပဏီမှ founder ကိုဝင်းထွန်းက ပြောသည်။
အဆိုပါ ကုမ္ပဏီမှ အွန်လိုင်း ရှော့ပင်းမောကြီး တစ်ခု အောင်မြင်စွာ ဖြစ်ထွန်း လာစေရန်အတွက် ဇန်နဝါရီ ၁ ရက်မှ ၁၆ ရက်အထိ မြန်မာနိုင်ငံ၌ ပထမဆုံး အွန်လိုင်း ကုန်စည်ပြပွဲကြီးကို ကျင်းပခဲ့သည်။ အဆိုပါ ပြပွဲတွင် ကုမ္ပဏီပေါင်း ၃၂ ခု ပြသခဲ့ကြောင်း သိရသည်။ အဆိုပါ ပြပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသောင်းတင်(KMD)နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် ဦးဆန်းလွင် တို့က “ နိုင်ငံတကာမှာ အွန်လိုင်း ကုန်စည် ပြပွဲတွေနဲ့ Banking Payment System က အတူဒွန်တွဲလျက်ရှိတယ်။ Credit Card စနစ်ကို အသုံးပြုပြီး အရောင်းအဝယ် ပြုလုပ်ကြတယ်။ အဲဒီလို စနစ်ကို မြန်မာနိုင်ငံရှိ ဘဏ်တွေမှာ မကြာမီ ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိကြောင်း ” ပြောကြားသွားသည်။
အွန်လိုင်း ရှော့ပင်းမောတစ်ခုအား ဖန်တီသွားမည့် IBiz Service Provider ကုမ္ပဏီမှာ ၂၀၀၉ နိုဝင်ဘာလမှ စတင်၍ အိုင်တီလောကသို့ ဝင်ရောက်ခဲ့ပြီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အတွင်း First Myanmar Online World Cup Prediction ဖြင့် အွန်လိုင်းပေါ်တွင် နာမည်ရခဲ့သော ကုမ္ပဏီတစ်ခုဖြစ်သည်။

sources: :Yangon Times

Saturday, January 15, 2011

Do and Don't Myanmar Internet users

ဒီစာအုပ်လေးက အင်တာနက်သုံဆွဲသူများ မသိမဖြစ်သိထားသင့်တဲ့ အသိပေးချက် ၈ ချက် ပါ။ အခု နောက်ပိုင်း blog တွေ၊ website တွေ၊ mail တွေကို အပျော်သဘော Hack လာကြတယ်။ ဒီစာနဲ့ ဒီစာအုပ်ကို တင်ရတာလည်း မိတ်ဆွေတစ်ယောက် သူ့ဂျီမေလ်း အဟတ်ခံရတာနဲ့ ပါတ်သတ်ပြီး နောက်ဆို ဘယ်လို အဟတ်မခံရအောင် ဘယ်လိုလုပ်ရမလဲ မေးလာလို့ပါ။ ဒီစာအုပ်လေးက တော်တော်လေး ပြည့်စုံအောင်ရေးပေးထားလို့ အဆင်ပြေမယ် ထင်ပါတယ်။ ဂျီမေးလ်ကို Hack တဲ့နည်းတွေက အများကြီးရှိပါတယ်။ နောက်တစ်ခုက ကိုယ်ဝင်နေကြ ဂျီမေးလ် Home page ဟုတ်ရဲ့လား စစ်ဆေးပြီးမှ ဝင်ပါ။ ဂျီမေးလ် Home page ပုံစံ အတိုင်း လုပ်ထားတဲ့ ဆိုဒ်တွေ အများကြီး ရှိပါတယ်။ မှားပြီး ဝင်မိရင်တော့ ကိုယ့်ရဲ့ လှို့ဝှက်နံပါတ်နဲ့ နံမည်ကို Hacker ဆီ လှမ်းပြီး အသိပေးလိုက် သလိုဖြစ်သွားမှာပါ။ လှို့ဝှက်နံပါတ် ကို စာနဲ့ ဂဏန်းနဲ့ တွဲ ပြီး အသုံးပြုပေးပါ။ လှို့ဝှက်နံပါတ်ကို Google က စိတ်မချရတော့ဖူး ပြောင်းပါလို့ မပြောမချင်း မပြောင်းပဲထားပါ။ ခက်တာကျနော်တို့ မြန်မာလူမျိုးတွေ Hacker ကြီးဖြစ်ချင်လာကြတယ်။ ဂျီမေးလ်လေးတစ်ခု Hack နိုင်တာနဲ့ Hacker လို့ထင်နေတယ်။ သူများနိုင်ငံမှာ Hacker တွေက စီးပွါးရေးအတွက်၊ လူအများ IT နည်းပညာ တိုးတက်ကောင်းမွန်ရေး အတွက် အသုံး ပြုနေကြတာပါ။
sources: : humanright-myanmar.com
Download

Friday, January 14, 2011

Facebook ရပ်နားမည်ဆိုတဲ့သတင်း မဟုတ်ကြောင်း အတည်ပြုပြောကြား


Facebook ရဲ့ စီအီးအို မာ့(ခ်)ဇူကာဘာ့(ဂ်) က သူ့ရဲ့ စိတ်ဖိစီးရှုပ်ထွေးမှုတွေအားလုံး အဆုံးသတ်သွားပြီး အရင်မူလဘ၀ ပုံစံပြန်ရဖို့အတွက် Facebook ၀က်(ဘ်)ဆိုက်ကို မတ်လ ၁၅ ရက်နေ့မှာ ပိတ်လိုက်တော့မယ်ဆိုတဲ့ ကောလာဟလ သတင်း တစ်ခု ယခု ရက်သတ္တပတ်အကုန်မှ ထွက်ပေါ်ခဲ့ပါတယ်။
အဆိုပါ ကောလာဟလသတင်း မှားယွင်းပါတယ်လို့ Facebook ရဲ့ ကော်ပိုရိတ်ဆက်သွယ်ရေးဒါရိုက်တာ လယ်ရီယုက CNN ကို တရားဝင်အတည်ပြုပြောကြားခဲ့ပါတယ်။ လယ်ရီယုကို CNN က မတ်လ ၁၅ ရက်နေ့ Facebook ပိတ်မယ့်သတင်းကို အီးမေးလ်နဲ့ မေးမြန်းတဲ့အခါမှာ” အဖြေကတော့ မဟုတ်ပါဘူးပေါ့။ ကျေးဇူးပြုပြီး ဒီရူးသွပ်မိုက်မဲမှုကို နိဂုံးချုပ်ပေးပြီး ကျွန်တော်တို့ကို ကူညီပေးပါ" လို့ပြန်ဖြေ ခဲ့တဲ့အကြောင်းကို ဇန်န၀ါရီ ၁၀ရက်နေ့ စီအင်အင် သတင်းမှာဖေါ်ပြထားပါတယ်။

sources: :Yatanarpon

Mc Will ဖုန်းလျှောက်လွှာတင်ပြီး နှစ်ပတ်ခန့်ကြာမှ သုံးစွဲခွင့်ရမည်


မြို့ကြီးသုံးမြို့တွင် သုံးစွဲခွင့်ပေးမည့် ကျပ်ငါးသိန်းတန် အင်တာနက်ဖုန်းအမျိုးအစား Mc Will ဖုန်းလျှောက်လွှာများအား ရတနာပုံအိုင်စီတီပြပွဲတွင် စတင်ရောင်းချပေးခဲ့သော်လည်းလျှောက်လွှာတင်ပြီး နှစ်ပတ်ခန့်အကြာမှ ဖုန်းလိုင်းများ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 ၂ဝဝ၈ ဘေဂျင်းအိုလံပစ်ပွဲတော် ကာလက တရုတ်နိုင်ငံတွင် သုံးစွဲခဲ့သော Mc Will(Multi Carrier Wireless Local Loop)Broad Band Data Auess System ဖုန်းကို မြန်မာနိုင်ငံတွင် နေပြည်တော် ကျောက်မျက်ရတနာ ပြပွဲသို့လာရောက်သည့် ကုန်သည်များအား စတင်ရောင်းချပေးခဲ့ ခြင်းဖြစ်သည်။ အဆိုပါ ဖုန်းများအား ရတနာပုံအိုင်စီတီ ပြပွဲတွင်သာမက ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရတနာပုံတယ်လီပို့ရုံးခွဲများတွင် လျှောက်ထားနိုင်ပြီး၊ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် ထိုဖုန်းများကို ရယူနိုင်ပြီဖြစ်ကြောင်း ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “လောလောဆယ်တော့ သုံးလို့ရတဲ့မြို့တွေကို ရောင်းပေးနေပြီး  ဖုန်းလိုင်းတွေကိုတော့ မဖွင့်ပေးရသေးဘူး။ နောက်နှစ်ပတ်လောက် နေမှစပြီး ဖွင့်ပေးမယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦး ကပြောသည်။ Mc Will  ဖုန်းများအား စတင်ရောင်းချသည့် နေ့မှာပင် ပြပွဲအတွင်း လျှောက်လွှာ ၃ဝဝ ခန့် ရောင်းချခဲ့ရသည်။
 အဆိုပါ   ဖုန်းလျှောက်ထားသူများမှာ ဖုန်းလျှောက်ပြီးသည်နှင့် သုံးစွဲရမည်ဟု  ထင်ကြသဖြင့် မန္တလေးမှ ဒေသခံစီးပွားရေးလုပ်ငန်းရှင် အများအပြား လာရောက်လျှောက် ထားခဲ့ကြသည်။“လျှောက်လွှာတင်ပြီးမှပဲ သိရတယ်။ကျွန်တော်တို့ ဒီမှာရောက်နေတဲ့ လူအကုန်လုံးက ဒီဖုန်းကို ချက်ချင်းသုံးရမယ်ပဲ မှတ်နေကြတာ။အခုက ဘယ်လောက်နေမှ သုံးရမယ်ဆိုတာ သေချာမသိ ရဘူး”ဟု လာရောက်လျှောက်ထားသူ မန္တလေးမြို့မှ တည်းခိုခန်း ပိုင်ရှင်တစ်ဦးက ဆိုသည်။ထိုလျှောက်ထားသူများမှာ လျှောက်လွှာစိစစ်ပြီး ငွေတောင်းခံလွှာ ရသည့်အချိန်တွင် မိမိနေထိုင်ရာမြို့ရှိ ရတနာပုံတယ်လီပို့ရုံးခွဲများတွင် စက်ပစ္စည်းထုတ်ယူနိုင်ပြီး ကနဦးတပ်ဆင်ခ ကျပ်ငါးသိန်းနှင့်  အင်တာနက်အသုံးပြုခအတွက် တစ်နှစ်လျှင် ခြောက်သောင်းကျပ် ပေးသွင်းရမည်ဖြစ်သည်။ အင်တာနက်ဖုန်း၏ (Data Speed) တစ်စက္ကန့်လျှင် အချက်အလက် စီးဆင်းနှုန်းမှာ  512 Kbps မှ 2 Mbp အထိ အသုံးပြုနိုင်သည်ဟု ဆိုသည်။
သို့သော်  ဖုန်းရရှိသော ဧရိယာအတွင်း သုံးစွဲသူ အနည်းအများပေါ်မူတည်၍ မြန်နှုန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်Mc Will ကွန်ရက်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်သာမက ခန္တီး၊ ဟုမ္မလင်း၊ ဗန်းမော်၊ ပင်လယ်ဘူး၊ ကလေးဝ အစရှိသည့် မြို့များတွင်ပါ ဖြန့်ကြက်နိုင်ပြီ ဖြစ်သည်။ရတနာပုံတယ်လီပို့မှ ရောင်းချပေးသည့် Mc Will ဖုန်းကို (၉)ကြိမ်မြောက် အိုင်စီတီရက်သတ္တပတ်ပွဲတော်တွင် စတင်ရောင်းချပေးခဲ့ရာ ဝယ်ယူလိုသူအနေဖြင့် ကိုယ်တိုင် လျှောက်ထားရပြီး မှတ်ပုံတင်(သို့) သက်ဆိုင်သော ကတ်တစ်ခုခု၏ မိတ္တူပါ မှ ရောင်းချပေးသည်။
ပြပွဲတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့များအတွက် Mc Will အသုံးပြုခွင့်လျှောက်လွှာများအား တစ်စောင်လျှင် တစ်ထောင်ကျပ်နှုန်းဖြင့် တစ်ထိုင်တည်း လျှောက်ထားနိုင်ရန် စီစဉ်ထားသည်။သို့သော်လည်း မှတ်ပုံတင်မိတ္တူ တောင်းသည့်အတွက် လာရောက်လျှောက်ထားသူများ အခက်အခဲကြုံတွေ့ရကြောင်း ဖုန်းလျှောက်ထားသူများက ပြောသည်။

sources: :7Day News Journal

Friday, December 31, 2010

လာပြန်ပြီ နောက်ဖုန်းတစ်မျိုး




b34002
McWill မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုမှုကို နမူနာ ပြသစဉ်
အင်တာနက် အသုံးပြုနိုင်မည့် McWill အမည်ရှိ 3.5G မိုဘိုင်း ဖုန်းလိုင်းသစ်များ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ အတွင်း ရောင်းချပေးမည် ဖြစ်ကြောင်း McWill ဖုန်းများ ရောင်းချမည့် ကုမ္ပဏီတာဝန်ရှိသူများထံမှ သတင်း ရရှိပါသည်။ အဆိုပါ မိုဘိုင်း ဖုန်းအား ဖုန်းလိုင်းအနေဖြင့် သီးသန့် အသုံးပြုနိုင်ပြီး အင်တာနက်ပါ ပူးတွဲ အသုံးပြုနိုင်ကြောင်း သိရှိရသည်။
McWill ဖုန်းလိုင်းမိသည့် မည့်သည့် နေရာတွင်မဆို အင်တာနက်ချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ အင်တာနက်မြန်နှုန်း အနေဖြင့် 128KB, 256KB, 512KB နှင့် 1M ဟူ၍ လေးမျိုး ခွဲခြားပေးထားမည် ဖြစ်ကြောင်း သိရသည်။
မိုဘိုင်းဖုန်းလိုင်း အနေဖြင့်သာ သီးသန့် အသုံးပြုမည် ဆိုပါက ကျပ် ၄၅၀၀၀၀ သာ ပေးသွင်းရမည် ဖြစ်ပြီး အင်တာနက် ပူးတွဲ အသုံးပြုမည် ဆိုပါက ကျပ် ၅၀၀၀၀၀  ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုဘိုင်းဖုန်းမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တို့တွင် ယူဆောင် အသုံးပြုနိုင်မည် ဖြစ်ပြီး ဖုန်းပြောခ အနေဖြင့် တစ်မိနစ်လျှင် ပုံသေ ကျပ် ၅၀ နှုန်း ဖြစ်ကြောင်း သိရသည်။
အင်တာနက် အသုံးပြုခ အနေဖြင့် အသုံးပြုမည့် မြန်နှုန်းအလိုက် ဈေးနှုန်း ခွဲခြားသတ်မှတ်ထားကြောင်း၊ 128KB မြန်နှုန်းဖြင့် အသုံးပြုမည်ဆိုပါက တစ်နာရီကျပ် ၁၂၀၊ 256KB မြန်နှုန်းဖြင့် သုံးမည်ဆိုပါက တစ်နာရီ ကျပ် ၁၈၀၊ 512KB ဖြင့် အသုံးပြုမည် ဆိုပါက တစ်နာရီ ကျပ် ၃၆၀၊ 1M ဖြင့်သုံးမည် ဆိုပါက တစ်နာရီ ကျပ် ၄၈၀ ကျသင့်မည် ဖြစ်သည်ဟု သတင်းရရှိပါသည်။
''ဖုန်းသီးသန့်ပဲ သုံးမယ်ဆိုရင် ကျပ် ၄၅၀၀၀၀ ပဲ ကျသင့်တယ်။ အင်တာနက်နဲ့ဖုန်း နှစ်မျိုးစလုံး သုံးမယ်ဆိုရင် ကျပ် ၅၀၀၀၀၀ ကျသင့်တယ်။ ဇန်န၀ါရီလ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ပြင်ဦးလွင်မှာရှိတဲ့ ရတနာပုံ ဆိုက်ဘ်ဘာစီးတီးမှာ ကျင်းပမယ့် န၀မအကြိမ်မြောက် မြန်မာအိုင်စီတီ ရက်သတ္တပတ်မှာ အလုံးရေ ၆၀၀၀ ၀န်းကျင်စပြီး ရောင်းပေးမယ်။ 400 MHz လိုင်း အမျိုးအစား ဖြစ်ပါတယ်''ဟု အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။
''ပြပွဲမှာ အလုံး ၆၀၀၀ ပဲ ရောင်းပေးမယ် ဆိုပေမယ့် ပြပွဲ ပြီးသွားရင်လည်း လုံလောက်အောင် ထပ်ရောင်းပေးမှာပါ။ လျှောက်လွှာတင်ပြီး ၀ယ်ယူလို့ ရပါတယ်။ ၀ယ်ယူလို့ရမယ့် နေရာတွေကို ထပ်ပြီး ကြေညာပေးသွားပါမယ်''ဟု အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ထပ်မံ ရှင်းပြခဲ့သည်။
''3.5 Generation ဖုန်းလိုင်း အမျိုးအစားလို့ပဲ ပြောရမှာပါ။ ဖုန်းလိုင်းမိတဲ့ ဘယ်နေရာမှာမဆို လက်တော့ပ်နဲ့ ချိတ်ဆက်ပြီး အင်တာနက် သုံးနိုင်တယ်။ ဖုန်းနဲ့လက်တော့ပ်ကို ချိတ်လိုက်တာနဲ့ အင်တာနက်က ချက်ချင်းတက်လာတဲ့ စနစ် ဖြစ်ပါတယ်။ လက်တော့ပ်မှာတော့ ဖုန်းမှာပါတဲ့ ဆော့ဝဲလ်ကို Install လုပ်ထားရမှာ ဖြစ်ပါတယ်။ မြန်နှုန်းအနေနဲ့ကတော့ လေးမျိုး ခွဲခြားထားတယ်။ ကိုယ်သုံးတဲ့ မြန်နှုန်းအလိုက်ပဲ ကျသင့်မှာပါ။ တစ်နာရီကို ကျပ် ၁၂၀ ကနေ ကျပ် ၄၈၀ အတွင်းမှာပဲ ကျသင့်မှာပါ။ အင်တာနက်ကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ သုံးလို့ရပြီ။ ဖုန်းလိုင်းသီးသန့် ဆိုရင်တော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြင် ချင်းတွင်းမြစ် အထက်ပိုင်း တစ်လျှောက်ပါ သုံးစွဲလို့ ရနေပါပြီ။ ကုတ်နံပါတ်က ရန်ကုန်ဆိုရင် ၀၁၀-၃---နဲ့ စပါမယ်။ ဘယ်ဖုန်း အမျိုးအစားကမဆို McWill ဖုန်းကို SMS ပို့လို့ရပါတယ်။ McWill ဖုန်းကနေ ပြန်ပို့မယ်ဆိုရင်တော့ McWill ဖုန်းအချင်းချင်းပဲ ပို့လို့ ရပါသေးတယ်။ SMS ပို့ခကတော့ တစ်စောင် ၂၅ ကျပ်ပါ''ဟု ၎င်းက ဆက်လက် ရှင်းပြခဲ့သည်။
3.5 Generation ဖုန်းအမျိုးအစား ဖြစ်သည့်အတွက် နည်းပညာအရ ဖုန်းလိုင်းမိသည့် မည်သည့် နေရာတွင်မဆို အင်တာနက် သုံးစွဲနိုင်မည် ဖြစ်ပြီး သတ်မှတ်ထားသည့် မြန်နှုန်းအတိုင်း သုံးစွဲခွင့် ရရှိရန် လိုအပ်သည်ဟုလည်း ကျွမ်းကျင်သူများက ဆို ပါသည်။
''3.5G ဆိုရင်တော့ ဒါက မြန်မာနိုင်ငံမှာ ပထမဦးဆုံး ပါပဲ။ ဒီနည်းပညာအရဆိုရင် သူ့ Network မိတဲ့ ဘယ်နေရာမှာ မဆို အင်တာနက် သုံးနိုင်တယ်။ ဒီဖုန်းကို လက်တော့ပ်နဲ့လည်း ချိတ်သုံးနိုင်ရမယ်။ ဥပမာ ဘတ်စ်ကားပေါ် ရောက်နေလည်း ဖုန်းနဲ့လက်တော့ပ် ချိတ်ပြီး အင်တာနက် သုံးလို့ရပြီ။ ဘယ်နေရာရောက်ရောက် ဖုန်းလိုင်းမိနေသမျှ ကိုယ့်လက်တော့ပ်နဲ့ ချိတ်ပြီး အင်တာနက် သုံးရုံပါပဲ။ အခု ကြေညာထားတဲ့ အင်တာနက် မြန်နှုန်းအတိုင်း အပြည့်အ၀ အသုံးပြုခွင့်ရဖို့တော့ လိုတာ ပေါ့။ ဘာလို့လည်းဆိုတော့ မိနစ်အလိုက် ငွေကျသင့်နေမှာ ဖြစ်လို့ပါပဲ။ ကြာနေမယ်ဆိုရင် ငွေက တက်နေမှာပဲ''ဟု အဆိုပါ နည်းပညာ လေ့လာထားသူ တစ်ဦးကလည်း သုံးသပ် ပြောကြားခဲ့သည်။
အခြား ကျပ်ငါးသိန်းတန် ဖုန်းများကဲ့သို့ပင် ကြိုတင်ငွေဖြည့်ကတ် စနစ် ဖြစ်ကြောင်း၊ ဟန်းဆက်အနေဖြင့်မူ McWill ဟန်းဆက်ဖြင့်သာ အသုံးပြုရမည် ဖြစ်ပြီး McWill ဟန်းဆက်မှာ တစ်လုံးလျှင် ကျပ်တစ်သိန်းဝန်းကျင် ကျသင့်မည်ဟု သိရသည်။ ဖုန်းပြောခ အပါအ၀င် အင်တာနက် အသုံးပြုခများ အားလုံးကို ကြိုတင်ငွေဖြည့်ကတ်မှပင် ဖြတ်တောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိကမှ ဆက်သွယ်ရေးကဏ္ဍသို့ ၀င်ရောက်လာပြီးနောက် မြန်မာနိုင်ငံတွင် ဖုန်းလိုင်း အမျိုးမျိုး ဈေးအမျိုးမျိုး သုံးစွဲရပုံ အမျိုးမျိုးဖြင့် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ယခုအခါတွင် ကျပ်ငါးသိန်းဖုန်း အမျိုးအစား၌ပင် CDMA 800MHz, CDMA 450MHz ဟူ၍ ကွဲပြားနေပြီး ယခုအခါ 400 MHz တစ်မျိုး ထပ်မံ ပေါ်ပေါက်ပါက သုံးမျိုးရှိလာမည် ဖြစ်သည်။
အင်တာနက်သုံးစွဲမှု ကျသင့်နှုန်းထားများ
မြန်နှုန်း ကျသင့်ငွေ(တစ်မိနစ်) ကျသင့်ငွေ(တစ်နာရီ)
128 KB ၂ ကျပ် ၁၂၀ ကျပ်
256 KB ၃ ကျပ် ၁၈၀ ကျပ်
512 KB ၆ ကျပ် ၃၆၀ ကျပ်
1M ၈ ကျပ် ၄၈၀ ကျပ်
မှတ်ချက်။    ။ ကျသင့်ငွေကို မိနစ်အလိုက်သာ ကောက်ယူသွားမည် ဖြစ်သည်။ ဖုန်းသီးသန့် ဆိုပါက ဖုန်းပြောခ အဖြစ် တစ်မိနစ် ကျပ် ၅၀ ကျသင့်သည်။
ကြိုတင်ငွေဖြည့်ကတ် အမျိုးအစားနှင့် နှုန်းထားများ
  • ကျပ် ၁၀၀၀၀ တန်ကတ်
  • ကျပ် ၃၀၀၀၀ တန်ကတ်
  • FEC 20
  • FEC 50
sources : : www.first-11.com

Friday, September 3, 2010

GSM နှင့် CDMA ဖုန်းလိုင်းများတွင် အင်တာနက်သုံးစွဲနိုင်တော့မည်

 ဂျီအက်စ်အမ်နှင့် စီဒီအမ်အေ မိုဘိုင်းဖုန်းလိုင်းများတွင် ဒေတာဖြတ်သန်းစီးဆင်းပြီး အင်တာနက်သုံးစွဲနိုင်ရန် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စမ်းသပ်လျက်ရှိရာ စမ်းသပ်မှုအောင်မြင်ပါက အများပြည်သူသို့ သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာန၊ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ "ငါးသိန်းတန်ဖုန်းလိုင်း၊ ၁၅ သိန်းတန်ဖုန်းလိုင်းရယ်လို့ မဟုတ်ဘူး။ စမ်းသပ်မှုအခြေအနေ ကောင်းမွန်တဲ့လိုင်းကို အရင်ပေးသုံးသွားမှာပါ။ ဂျီအက်စ်အမ်လိုင်းတွေရော၊ စီဒီအမ်အေလိုင်းတွေရောပါတယ်။ Data ဖြတ်သန်းနိုင်မှုကို စမ်းသုံးနေတယ်။ ဘယ်ဖုန်းလိုင်းမှာရမယ်၊ ဘယ်တော့လောက်ရမယ်ဆိုတာတော့ မသိသေးဘူး" ဟု၎င်းကပြောသည်။ ထိုကဲ့သို့ မိုဘိုင်းဖုန်းလိုင်းမှတစ်ဆင့် အင်တာနက်သုံးစွဲခြင်းကို EVDO နည်းပညာအပေါ်အခြေခံ၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အသံနှင့် ဒေတာ နှစ်မျိုးလုံးကို ဖုန်းလိုင်းပေါ်မှတဆင့် သယ်ဆောင်အသုံးပြုခွင့် ပေးခြင်းဖြစ်သည်။ သို့ရာတွင် အဆိုပါဝန်ဆောင်မှုကိုရရှိရန် မည်ကဲ့သို့လျှောက်ထားရမည်နှင့် မည်မျှကုန်ကျမည်ဆိုသည့် အချက်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ မိုဘိုင်းဖုန်းများတွင် အင်တာနက်သုံးစွဲခြင်းနှင့်ပတ်သက်၍ လူကြီးမင်းဖုန်းဆိုင်မန်နေဂျာ ဦးကိုကိုအောင်က "အခု မိုဘိုင်းဖုန်းတွေမှာ အင်တာနက်သုံးနိုင်တယ်ဆိုတာက ဖုန်းလိုင်းပေါ်ကနေ မဟုတ်ပါဘူး။ ၀ိုင်ဖိုင်သုံးတဲ့နေရာမျိုးတွေမှာ ၀ိုင်ဖိုင်ဖမ်းယူနိုင်တဲ့ လက်ကိုင်ဖုန်းတွေကတဆင့် အသုံးပြုနေကြတဲ့သဘောပါ။ ဒါပေမယ့်လည်း ကွန်နက်ရှင်က အရမ်းနှေးပါတယ်" ဟုပြောသည်။ ထိုကဲ့သို့ မိုဘိုင်းဖုန်းပေါ်မှတဆင့် အင်တာနက်သုံးစွဲနိုင်ပါက e-Commerce စနစ် ပေါ်ပေါက်လာမှုအတွက် ကောင်းမွန်သော အဆင့်တစ်ခုဖြစ်ပေါ်လာနိုင်မည်ဖြစ်ပြီး မိုဘိုင်းဖုန်းအသုံးပြု၍ အွန်လိုင်းမှတဆင့် ကုန်သွယ်မှုများကို ဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Written By - မြင့်ကျော်လှိုင် Credit - Internet Journal, Vol(11) issue(33)