Showing posts with label သမိုင်းမှတ်တမ်း. Show all posts
Showing posts with label သမိုင်းမှတ်တမ်း. Show all posts

Monday, July 18, 2011

19 July General Aung San (Myanmar) Martyr's day

Wednesday, October 13, 2010

ကမ္ဘာကျော် အကျဉ်းသားအများစု အာရှတွင် ရှိသည်


တချို့မှာ အကျဉ်းကျနေဆဲဖြစ်ပြီး တချို့က သေဆုံးသွားကြပြီ ဖြစ်သည်။
          ပူပူနွေးနွေး နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် လျူရှောင်ဘိုကို ထိပ်ဆုံးတွင် တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယ နေရာတွင် ဖော်ပြထားသည်။
လျူရှောင်ဘို (Liu Xiaobo) (၁၉၅၅ - )
အကျဉ်းကျဆဲ။
ယခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်။ မကြာခဏ ထိန်းသိမ်းခံရသူ လျူ သည် ယခု ထောင်ဒဏ် ၁၁ နှစ် ကျခံနေရသည်။

ဒေါ်အောင်ဆန်းစုကြည် (၁၉၄၅ - )
အကျဉ်းကျဆဲ။
ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ထိန်းသိမ်း ခံနေရသည့် အချိန် ကာလပေါင်းမှာ ၁၅ နှစ် ရှိသည်။

တောင်အာဖရိက ခေါင်းဆောင် မင်ဒဲလား (၁၉၁၈ - )
လူဖြူအစိုးရက သူ့ကို ၂၇ နှစ် ကြာ ထောင်ချခဲ့သည်။
အကျဉ်းကျစဉ် လူဖြူအစိုးရနှင့် တွေ့ဆုံဆွေးနွေးသည်။ ထောင်မှ လွတ်ပြီး ရွေးကောက်ပွဲဝင်သည်။ အနိုင်ရပြီး သမ္မတ (10 May 1994 – 14 June 1999) ဖြစ်လာသည်။

အိန္ဒိယခေါင်းဆောင် မဟတ္တမ ဂန္ဒီ (၁၈၆၉ - ၁၉၄၈)
ဗြိတိသျှ အုပ်ချုပ်မှု အဆုံးသတ်ရေး လှုပ်ရှားမှုများကြောင့် အကြိမ်ကြိမ် ထိန်းသိမ်းခံရသည်။
အသက် ၇၈ နှစ်အရွယ်တွင် လုပ်ကြံခံရသည်။

မာတင်လူသာကင်း (၁၉၂၉ - ၁၉၆၈)
ပြည်သူ့အခွင့်အရေး လှုပ်ရှားမှုများကြောင့် အကြိမ် ၃၀ ခန့် ထိန်းသိမ်းခံရသူ ဖြစ်သည်။ အသက် ၃၉ နှစ် အရွယ်တွင် လုပ်ကြံခံရသည်။
အမေရိကန်တွင် နှစ်စဉ် ဇန်န၀ါရီလ၏ တတိယမြောက် တနင်္လာနေ့ကို မာတင်လူသာကင်းနေ့အဖြစ် သတ်မှတ်ထားသည်။

Andrei Sakharov (၁၉၂၁ - ၁၉၈၉)
ဆိုဗီယက် နျူကလီးယား သိပ္ပံပညာရှင်၊ လူ့အခွင့်အရေး လှုပ်ရှားသူ။
ချက်ခေါင်းဆောင် ဗားကလက်ဟာဗဲလ် (၁၉၃၆ - )
ချက်သမ္မတနိုင်ငံ အာဏာရှင် အစိုးရ လက်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းသူ။

အီရန် စာနယ်ဇင်းသမား Akbar Ganji (၁၉၆၀ - )
၂၀၀၀ ပြည့်နှစ်မှ အစပြုပြီး ၆ နှစ်ကြာ အကျဉ်းချခံရသည်။

ဖိလစ်ပိုင် နိုင်ငံရေးသမား အကွီနို (၁၉၃၂-၁၉၈၃)
ထောင်ထဲတွင် ၇ နှစ်၊ ပြည်ပတွင် ၃ နှစ်ကြာနေထိုင်ခဲ့ပြီး ပြည်တော်ပြန်သည့်နေ့ လေယာဉ်ပေါ်မှ အဆင်းတွင် ပစ်သတ်ခံရသည်။ သူလုပ်ကြံခံရမှုကြောင့် လူထု အုံကြွပြီး အာဏာရှင် မားကို့စ် အစိုးရ ပြုတ်ကျသည်။ သူ၏ ဇနီး ကိုရာဇန် အကွီနိုလည်း နိုင်ငံရေး လောကသို့ ၀င်ရောက်သည်။
ဗီယက်နမ် ခေါင်းဆောင် ဟိုချီမင်း (၁၈၉၀ - ၁၉၆၉)
တရုတ်နိုင်ငံတွင် တနှစ်ကျော်ကြာ အကျဉ်းကျခဲ့သည်။

ရင်းမြစ်။ ။မိုးမခ

Friday, August 27, 2010

ဒီမိုကရေစီ သင်ခန်းစာများ

Lessons in Democracy Burmese                                                                      

Saturday, March 27, 2010

(၆၅) နှစ်မြောက် တော်လှန်ရေးနေ့


“တော်လှန်ရေးရဲ့ အခြေခံရည်ရွယ်ချက်ကြီးကတော့ လုပ်စား ကိုင်စား လူထုကြီး လွတ်လပ်မှုဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ်ကတော့ လူထုပါဝင်အောင် ဆောင်ရွက်ရေးဖြစ်ပါတယ်”
ဗိုလ်ချုပ်အောင်ဆန်း

Friday, March 12, 2010

မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ (သို့)ဖုန်းမော် ကျဆုံးသည့်နေ့

မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ (သို့)ဖုန်းမော် ကျဆုံးသည့်နေ့                                                                      

Saturday, March 6, 2010

ကျောင်းသားများထံသို့--ရေးသူ-သခင်ကိုယ်တော်မှိုင်း


[အောက်ပါတို့သည် ဗမာနိုင်ငံလုံးဆိုင်ကျောင်းသားများ၏ ပုသိမ် ညီလာခံသဘင်ကို၊ ဖွင့် လှစ်စဉ်က သခင် ကိုယ်တော်မှိုင်း မိန့်ဆို ချက်များဖြစ်၍၊ မည်သည့် စာနယ်ဇင်းတွင်မျှ၊ ဤ မိန့်ခွန်းမပါဘူးသေးကြောင်း]

ဆရာဟာ အသက် ၁၃ နှစ်သားလောက်ကဘဲ ၀ံသာနုစိတ်ဓာတ် ၀င်စားလာခဲ့တယ်။ မန္တလေးမြို့-မြတောင်တိုက်တွင်၊ စာသင်စဉ် ၁၀ နှစ်သားလောက်က သီပေါဘုရင် အင်္ဂလိပ် ဘမ်းသွားတာကို မြင်ခဲ့ရသဖြင့်၊ အလွန်အကြူး ၀မ်းနည်းခဲ့တယ်။ ဗမာဘုရင်ကို ဘမ်းသွားပုံ ဟာ ကြက်ဘမ်း၊ ဘမ်းသကဲ့သို့ ဖြစ်သဖြင့်၊ မကျေမနပ် ဖြစ်ခဲ့တယ်။

ခလေးပင် ဖြစ်သော်လည်း တိရစ္ဆာန်လောက်မှ မလွတ်လပ်ပါကလားလို့- စဥ်းစားမိခဲ့တယ်။ ဒုလ္လဘတရားဖြစ်သော အလွန်တရာမှ ရခဲတဲ့ လူ့မနုဿဘ၀ကို ရနေသော်လည်း၊ နွား-ကျီးလောက်တောင် နေရာမကျဘူး။
တိရစ္ဆာန်ဘုံကိုကြည့်။ စာကလေးဟာ၊ လက်မလောက်ပဲ ငယ်သော်လဲ-လင်းဋဟာ-စာက လေးပေါ်တွင်၊ ဘုရင်မလုပ်နိုင်။
ခြေလေးချောင်း သတ္တ၀ါများကို ကြည့်ဦး။ နွားတို့ မည်သည် ထားရာနေတယ်။ စိတ် သဘော နူးညံ့အောက်ကျတယ်၊ ခြေလေးချောင်း ရှိတဲ့ နွားဟာ-သတ္တိမရှိပင် ဖြစ်လင့်ကစား ပါးစပ်ပြဲသောကျားသည်၊ နွားအုပ်ကြီးထဲကို မ၀င်ရဲဘူး။
ဒီတရားတွေဟာ၊ သဘာဝနိယာမ တရားအတိုင်းဘဲ။
ငရဲတို့ တိရစ္ဆာန်တို့-ကာမဘုံတို့ သုဂတိလားတယ်တို့ ဆိုတာတွေဟာ၊ ကံအားလျော်စွာ နေကြဘို့ ထိုင်ကြဘို့ဘဲ။ သဘာဝအတိုင်း ဖြစ်ကြတာဘဲ။ ငရဲသားဟာ ငရဲမှာဘဲ နေနိုင်တယ်။ ဗြဟ္မာ၂၀ကို မတက်နိုင်ဘူး။
အီတလီတို့-အင်္ဂလိပ်တို့ လိုက်ပီး ဓမြတိုက်နေကြတယ် ဆိုတာတွေဟာ၊ ရှေးတုံးက ဗမာ တွေ လုပ်ခဲ့သလိုဘဲ။
အခုအခါမှာ၊ ကျုပ်တို့တတွေဟာ၊ အင်္ဂလိပ်ချဲ့တဲ့ စနစ်ထဲ ရောက်နေကြတယ်။ ဘာနဲ့ တူသလဲဆိုတော့၊ လယ်သမား လက်အောက် ရောက်တဲ့ နွားနဲ့ တူနေကြတယ်။

အခုတော့-တို့တတွေ ကျွန်ဖြစ်နေတော့ အုပ်ချုပ်ရေး တောင်းကြတယ်။ လွတ်လပ်ရေး လိုချင်တယ် ပြောကြတယ်။
ဒါပေမဲ့၊ ရှေးတုံးက ကျုပ်တို့တတွေလဲ နိုင်ငံချဲ့ခဲ့တာပဲ။ အာသံတို့၊ မဏိပူရတို့၊ အက်ဂဘတ် တို့၊ ဆေးဂုတို့ဆိုတာတွေဟာ၊ကျုပ်တို့ အင်ပိုင်ယာ အပါအ၀င်တွေဘဲ။
အဲတာဘဲ ကြည့်တော့။ မှန်ကင်းတလှဲ့ ထင်းတလှဲ့တွေဘဲ။ ၀မ်းနည်းဘွယ် ဘာမှ မရှိဘူး။
အင်္ဂလိပ်တွေလဲ ကျွန်ဘ၀က တက်လာတာဘဲ။ ရှေးတုံးက၊ ဒင်းတို့တတွေဟာ၊ ရောမ လူမျိုးတွေအောက် ပြားပြားဝပ်နေခဲ့ရ တာဘဲ။
ရောမတိုင်းပြည်ကို၊ လူရိုင်းတွေ ၀င်တော့မှ၊ အင်္ဂလိပ်လူမျိုးတွေကို၊ ရောမလူမျိုးတွေက "မင်းတို့ဟာ၊ မင်းတို့လုပ်ကြတော့၊ ငါတို့ တော့မတတ်နိုင်ဘူး" ဆိုပြီး၊ ပစ်ပြေးကြတာဘဲ။ အဲဒီတော့မှ အင်္ဂလိပ်တွေ လွတ်လပ်ရေးကို၊ အချောင်ရကြတာဘဲ။ သတ္တိကြောင့် မဟုတ်ဘူး။
လူရယ်လို့ ဖြစ်လာရင် လွတ်လပ်ခြင်း မရတာဟာ၊ ဒုက္ခအကြီးဆုံးဘဲ။
လောကီဘက်လုပ်ရင်၊ လောကုတ္တရာနဲ့ ဆန့်ကျင်ဘက်ပါကလားဆိုတာ ရိပ်မိတယ်။
ဦးပုညရေးတဲ့ စာတခုရှိတယ်။ ၀ိဇယဇာတ်ထဲမှာလား သေသေချာချာတော့ မမှတ်မိဘူး။
အဲဒီအထဲမှာ- ၀ိဇယမင်းသားကို ပင်လယ်မျှောတဲ့အခမ်းမှာ ထင်တယ်။ "ဘုရားအကြိုက်၊ တရားလိုက်လျင်လဲ လူ၌ အရေးညံ့ တတ်သည်" လို့ ဆိုတယ်။
လောကုတ္တရာတရား လိုက်အား ကြီးတော့လဲ လောကီမှာ ဓမ္မနောက်ပိတ်ခွေး ဖြစ်တတ် တယ်။ လောကုတ္တရားက ဘယ်လိုဆို သလဲ ဆိုတော့ သည်းခံရင် မြတ်တယ်တဲ့။ ခေါင်းခြေထောက်နဲ့ ကန်ရင်လဲ ခံရမယ်တဲ့။ ဒါမှ နိဗ္ဗာန်ရမယ်တဲ့။
ခေတ်သမယ အားလျော်စွာဆိုရင်၊ ကျုပ်တို့တတွေဟာ လောင်းရိပ်မိနေကြတယ်။ တခြားမကြည့်နဲ့ တက္ကသိုလ်ဟာ တကဲ့ပညာ တွေ သင်ကြားပေးဘို့ ဆိုပေတယ်လို့၊ တက္ကသိုလ် က ပညာတတ်တွေဟာ၊ လူရာမ၀င်နိုင်ပါဘူး။ ခိုင်းစားဘို့ သင်ပေးတာဘဲ။ အင်္ဂလိပ်က ခိုင်းစားဘို့ဘဲ။
အလွန်ဆုံးဖြစ်၊ ငါးထောင်စားဘဲ။
ငါးထောင်စားခေါင်းဆောင် ဘာကောင်တွေက၊ အင်မတန် ကြီးကျယ်ကြတယ်။ ဘာနဲ့တူ သလဲ ဆိုတော့ လယ်သမားတွေနဲ့ အင်မ တန်တူတယ်။လယ်ရှင်တွေက-လယ်သမားကို "မင်းငါ့လယ်ထွန်-စပါး ၂၀ ပေးမယ်" ဆိုတာလိုဘဲ။ ဒီကောင်တွေ-ခိုင်းတာ လုပ် နေကြရတာဘဲ။ခွေးမသားခေါင်းဆောင်တွေ ယောင်တောင်-ပေါင်တောင်နဲ့။ အားပြိုင်ကြ-ဆဲကြတယ်။ ကျုပ်တို့ နားလယ်တာ တော့ စားကျက်လုနေတာ တွေ့ရတာဘဲ။
ပြောတော့ ဥပဒေပြုအမတ်တဲ့၊ ၅၀၀၀ိ စား အကောင်တွေ ဘာမှ မလုပ်နိုင်ဘူး။
သူတို့တတွေ- အရက်တွေမူးပြီး ဆဲတာတွေတော့ ပုလိပ်ကမဖမ်းဘူး။ တချို့ အကောင်တွေ လဲ-ညီလာခံသဘင်ဆိုတဲ့ ဥပဒေပြု လွှတ်တော်အစည်းအဝေး အပျော် လာကြတာဘဲ။
တချို့ကောင်တွေ- ပုလင်းပိုက်ပြီး ငိုက်နေကြတာဘဲ။ "၀ုံးဝုံး" ဆိုပြီး လက်ခုတ်တီးမှ နိုးကြတာဘဲ။
ဟိုတုံးက အခု ငါးပွင့်ဆိုင်ခေါင်းဆောင်ဆိုတဲ့၊ ဘဖေတို့၊ အခုသစ်တောရေးဝန်ကြီးချုပ် ဖြစ်နေတဲ့-မောင်ပုတို့၊ ထွန်းရှိန် တို့ပေါ့။ အင်္ဂလန်ပြည်သွားပြီး ဟုမ္မရူးတောင်းကြတယ်။
ကျုပ်ကတော့- ဒီဟာမျိုးတွေဟာ တောင်းတိုင်းပေးတာမျိုး မဟုတ်ဘူးလို့ စဉ်းစားမိတယ်။ ကျုပ်တို့လဲ ကြည့်ပါလား-အာသံတို့ မဏိပူရတို့ ဆိုတဲ့ နယ်တွေကို သာသာကြည်ကြည် ပြန်ပေးခဲ့တာမှ မဟုတ်ဘဲ။
အင်္ဂလန်ပြည်ဆိုတာလဲ- ဘာမှ ရှိတာမဟုတ်ဘူး။ ဆားတို့ မီးသွေးတို့လောက်သာ ရှိတာ။ ခွေးမသားတွေ အူခြောက်နေတာ။ သူတို့တတွေ-မိုင်ပေါင်း ခုနှစ်ထောင်ကျော်ကလာတာ ငတ်လို့ပေါ့။
ဟိုတုံးက-ယိုဒယားတို့ ဘာတို့ဆိုတာ သွားတိုက်ခဲ့ရတာဘဲ။ အခုလဲ အင်္ဂလိပ်က မတားရင်၊ ယိုးဒယားလောက်တော့ တို့ခြေ အောက် ရောက်သေးရဲ့ ရသေးရဲ့ ထင်တယ်။
အဲဒီ တိုက်စဉ်တုံးကတော့-အခုလိုမဟုတ်ဘူး။ ရှင်ဘုရင်ကို မိပီဆိုရင် " နန်းကိုစိုးချင်သေး လား။ စိုးချင်ရင် သစ္စာပြု၊ သစ္စာရေသောက်၊ သမီးကညာဆက်၊ ရွှေပန်း-ငွေပန်းဆက်၊ အဆောင်တွေ-ဘာတွေဖြုတ်ချ။ တို့ဗမာမင်းက-ထီး ၈ စင်း ဆောင်း တယ်၊ မင်းတို့ လေးစင်းသာ ဆောင်း" ဒါလောက်လုပ်တာဘဲ။အင်းဝကို ယိုးဒယားက ဆက်သရတယ်ဆိုတာလဲ ဆင် ၃-၄ ကောင် လောက်ပဲ။
ရွှေဆိုလဲ ၁ ပိဿာ ၂ ပိဿာလောက် ဆက်ရတာဘဲ။
သ္မီးကညာ ဆက်တယ်ဆိုတာကတော့ ကျုပ်တို့ ဗမာဘုရင်တွေ ဂွကျတာဘဲ။ မိန်းမတွေ သိတ်များတာဘဲ။ သူ့ခေတ်နဲ့သူမို့ ယူရတာဘဲ။
စစ်တိုက်ရတာ သိတ်မလွယ်ဘူး။ ပင်လယ်ခရီးက လှေနဲ့ သွားရတယ်ဆိုရင်လဲ၊ လေထဲ လှိုင်းထဲ လှေပါသွားတာမျိုးဘဲ။
တခါတလေ-ယိုးဒယားက သူပုန်ထတယ်ဆိုရင် အင်းဝက ၃လ လောက်ကြာမှ ကြားရတာ ဘဲ။
အဲဒီတော့လဲ သူတို့ရဲ သ္မီးကညာဟာ ဗမာဘုရင်ရဲ့ မိဖုယားဖြစ်နေရင်၊ တော်ရုံတန်ရုံနဲ့ သူပုန်မထ၀ံ့ဘူးပေါ့။ သ္မီးမျက်နှာ ထောက် ထားနေရသေးတာကိုး။ အဆုံးကျတော့ သ္မီးကညာ ဆိုတာ ဒဇာခံပေါ့လေ။
ကျုပ်တို့ တောစွန် တောင်ကြားက အသက် ၂၀-၂၂ နှစ်လောက် ရန်ကုန်ရောက်လာတယ်။ ဂျီ-စီ-ဘီ-အေ အသင်းတွေကလဲ ပေါ်လာတော့ တအားတက်မိတယ်။

အသင်းအစည်းအဝေးတွေတော့ သွားမတက်ပါဘူး၊ စိတ်ကိုကလဲ တယ်ဟန်မယ် မထင်ပါဘူး။
ခေါင်းဆောင်မဲ့ အကောင်တွေ ကြည့်ရတာလဲ၊ တယ်အားရစရာ မကောင်းပါဘူး။ ယောက်ျားမပီသတဲ့ ကောင်တွေသာ များတာဘဲ။ မျက်နှာသနပ်ခါးတွေနဲ့။ ဗိုလ်ကတော်စိတ် ပေါက်နေတဲ့ ကောင်တွေဘဲ။ ဘာ-ညာဆိုတဲ့အကောင်တွေက သိတ်များနေတော့၊ ကျုပ်တို့လဲ ရှော့နေကြတာဘဲ။
နောက်ဆုံးရေးတဲ့ ခွေးဂဏ္ဌိဆိုတဲ့ ကျမ်းဟာ-အခုလက်ရှိ ခေါင်းဆောင်တွေဟာ-ဘုန်းကြီးကျောင်းက ခွေးတွေနဲ့ တူတဲ့အကြောင်း ဘဲ။
အဲဒီလိုနဲ့နေရင်း သခင်ကလေးတွေ ပေါ်လာတယ်။ အလကား တွေ့ကရာ ရှောက်ဆဲနေတဲ့ ကောင်ကလေးတွေဘဲလို့ အမှတ် ထား တယ်။ဒါနဲ့ ဗစိန်တို့၊ ဘလူတို့ ထောင်တဖုတ်ဖုတ်ကျနေတာ တွေ့ရတော့ အင်း အသင့်အတင့် တော့ ဟန်လာပြီ။ စိတ်ဓါတ်တွေ ပြောင်းနေတယ်ဆိုတာ စဉ်းစားမိတဲ့...
လွန်ခဲ့တဲ့ ခွေးမသား ခေါင်းဆောင်တွေ၊ လွတ်လပ်အောင် လုပ်တဲ့နည်းလမ်း မတွေ့လို့ဘဲ။ ဘာမဆို ကြိုးစားရင် ရမှာဘဲ။ ဘုရားဆုတောင် တောင်းရင်ရတာဘဲ။ ဇွဲကြီးကြီးနဲ့သာ လုပ်ဘို့ လိုတာဘဲ။
ကာလဒေသ ပယောဂကို ကြည့်ပြန်တော့၊ လူကောင်းသူကောင်းခေတ် ရောက်ပြီဆိုတာ သိတယ်။
ဒါကြောင့်မို့လို့လဲ သခင်နာမယ်ယူပြီး၊ ရေနံချောင်းကွန်ဖရင့် လိုက်ပီး ကူခဲ့တာဘဲ။
လူငယ်တွေနဲ့ ပေါင်းပြီး မသေခင်-တပွဲတလမ်း စမ်းချင်တာပါဘဲ။
နောက်က-လူကြီးတွေ လုပ်ကြတာက၊ ကိုယ့်ခေါင်းဆောင် မကောင်းမှန်းသိရက်နဲ့၊ တချို့က ကြည်ညိုနေကြတုံးဘဲ။ တည်မိတဲ့ ဘုရားတော့ ဠင်းတဘဲနားနားဆိုပီး၊ သဘောထားကြတယ် ထင်တယ်။
တခြားမကြည့်နဲ့လေ။ စားကျက်မရခင်-နိုင်ငံရေးလုပ်ကြတာဘဲ၊ အမ်အေ ဦးသိန်းမောင်တို့ များဆိုရင် အဲဒီ [ဆွဲချ] ဆိုတဲ့ ရာထူးရနေတဲ့ ဦးသိန်းမောင်ပေါ့။ ၁၀၀၀ိ-စား ကစတယ်ဆိုရင်ဘဲ ပုသိန်သားတွေ ရင်ဘတ်ကို ခြေကန်ထွက်တာဘဲ။ နိုင်ငံရေးဟာ ကုသိုလ်တပဲ-ငရဲတပိဿာ ဆိုပြီး၊ အခုတော့ ငရဲတပိဿာဘဲ လုပ်နေတာဘဲ။
ဝေဿန္တရာဇာတ်မှာ ကြည့်ပါလား။ တောထွက်တဲ့ ပါရမီ မထဲ့ခဲ့ဘူး။ ဘာကြောင့်လဲ။ သဒ္ဓါကြောင့် မဟုတ်ဘူး။ တိုင်းပြည်က ဝေဿန္တရာကို ဆင်ဖြူတော် လှူပစ်ရမလားဆိုပြီး အလိုမရှိတာနဲ့ ထွက်ရတာဘဲ။ ဟိုတုံးကလဲ ဒီမိုကရေစီခေတ်နဲ့ဘဲတူတယ်။ နိုင်ငံကို ဖြုန်းတီး အောင် လုပ်တဲ့ ရှင်ဘုရင်၊ အသုံးကြီးတဲ့ ရှင်ဘုရင်ဆိုပြီး နှင်ထုတ်ပြစ်တာဘဲ။
ကျောင်းသားတွေဟာ အမှန်အားဖြင့်၊ နိုင်ငံရေးနဲ့ မသက်ဆိုင်သော်လဲ၊ သူတို့ကို ကြည့်ပီး ကျုပ်က သိတ်အားရတာဘဲ။ ဘာပြုလို့လဲ။ သူတို့တတွေက တိုင်းပြည်ဘက်က ပါနေတာကိုး။ အစိုးရကဆိုလဲ သူတို့ကို လူဆိုးစာရင်းထဲ သွင်းထားတာဘဲ။
ကျုပ်တို့ နယ်လှဲ့တရားဟောရင်းနဲ့ ရှေးအဖိုးကြီးတယောက်နဲ့ တွေ့တယ်။ သူက 'ဘဲ့နယ် ယောဂီဆရာမှိုင်း ဆရာမှိုင်းနဲ့ ဆိုပီး၊ မိုးညှင်းယောဂီနဲ့လဲ မတူပါလားလို့ မေးတယ်'
ဘယ်တူမလဲ၊ ကျုပ်တို့က သခင်ဖြစ်ချင်တဲ့ ယောဂီဘဲ။ ကျုပ်တို့တတွေ နိဗ္ဗာန်ရောက် အောင် ကြိုးစားနေကြတာဘဲ။ မိုးညှင်းဆရာတော်ကြီးကို ပင့်ဖိတ်ပြီး တရားဟောတာလဲ နိဗ္ဗာန် လိုချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ကြရင်လဲ ကောင်း သားဘဲ။ မိုးညှင်းဆရာတော်ကြီးကတော့၊ တပြည်လုံးက လူတွေ သည်းခံတတ်တဲ့ တရားရှိ အောင်၊ ဆင်းရဲတဲ့ဘ၀နဲ့ တင်းတိမ်နေနိုင်အောင်၊ ကြေနပ်နေအောင် ဟောတာနဲ့တူတယ်။ နိဗ္ဗာန်ကို ကျုပ်တို့ကတော့ မရောက်နိုင် သေးတာနဲ့ မသွားချင်သေးဘူးလို့ ပြန်ပြောခဲ့တယ်။
ကျောင်းသားတွေက ကျုပ်ကို မဖိတ်ပေမဲ့-လာချင်နေတာ-ကြာလှပြီ။ ကျောင်းသားတွေက အလံတောင်ပေါ်ကနေပီး ဖိတ်ရင် တောင် လာမှာဘဲ။
အမှန်မှာဆိုတော့ အလုပ်လုပ်တယ်ဆိုတာ သမ္ပတ္တိခေတ်၊ ၀ိပ္ပတ္တိခေတ် ကြည့်လုပ်ကြ ဆိုဘဲ။
ခွေးမသားတွေ မကောင်းလို့ ကျုပ်တို့တတွေ ယောင်ချာချာနေရတယ်။ အဲဒီ ရှေးခေါင်း ဆောင်တွေ၊ ဘိလပ်ပြန်တွေ ခွေးမသား တွေ အကြောင်းပြောတော့ ပုဂံ-ငသယောက်က အကောင်တွေ စဉ်းစားမိတယ်။
ဒီကောင်တွေက အလကားကောင်တွေ၊ လက်ကြောတင်းအောင် မလုပ်ချင်။
အမှန်ကတော့ မြို့မှာနေတာ လူညာတွေဘဲ။ ဘော်ကြော့နေချင်ကြတာဘဲ။
ဒါနဲ့ ခုနင်ကပြောတဲ့ ပုဂံငသယောက်က၊ လူပျင်းတွေ-ရွှေမြို့တော် အင်းဝတက်ပြီး၊ အလုပ်ရှာကြတာကိုး။ ထီးတော်မိုးလိုလို၊ အိပ်ဖန်စောင့်လိုလို။ အိပ်ဖန်တော်စောင့် ဆိုတာ ဒရ၀မ်ဘဲ။
ဒီကောင်တွေ ဘာလုပ်သလဲ သိလား။ လှေခါးရင်းကစောင့်-ခွေးလိုစင်းပြီး တငိုက်ငိုက်နဲ့ စောင့်ကြတာပေါ့။
ဒါနဲ့ တနေ့ကြတော့ ရွာပြန်ကြမှာကိုး။ သူတို့က လှေသမားတွေကို ပြောလိုက်တယ်။ [ငသယောက်။ တူရွင်းတိုင်သားတို့-ငါတို့ တန်ခူးလဆန်း ၆ရက်နေ့ ပြန်မယ်] လို့မှာလိုက်သတဲ့။
ရွာရောက်တော့ ရွာသားတွေက ဝေါနဲ့ ယဉ်နဲ့ ဆီးကြိုကြသတဲ့။
တောကလူတွေက ရှင်ဘုရင်အကြောင်း သိချင်လို့ မေးကြသတဲ့။ "တို့တော့ သူငယ်ချင်း-ရုပ်သေးထဲက ရှင်ဘုရင်သာမြင်ဘူး တယ်။ အရုပ်ထဲကလို ချွန်သလား" မေးတယ်။
"
ဟာ သိပ်ချွန်တာဘဲလို့ ဖြေလိုက်သတဲ့"
"
ရှင်ဘုရင့်အသက် တို့လက်ထဲမှာ" လို့ပြောသတဲ့။
ရှင်ဘုရင့်နား အိပ်ရတာ-ဂျပိုးသိတ်ကိုက်တာဘဲတဲ့ ပြောကြသေးတယ်။
ရှင်ဘုရင်ဆိုလို့ တခါမှ မြင်ဘူးတာ မဟုတ်ဘူး။ ခွေးမသားတွေ ဒီလီကိတ်တွေလဲ ဒီအတိုင်းဘဲ။ ဘိလပ်နန်းတော်ရင်းက ပြန်လာ ကြ တဲ့ အကောင်တွေဘဲ။
အခုကာလ ကျောင်းသားတွေရဲ ပါးစပ်ဟာ အင်မတန်စူးတယ်။ ဟိုတခါ သတင်းစာထဲ ဖတ်လိုက်ရတယ်။ ဗမာပြည်က ခေါင်း ဆောင် တွေဟာ ကိုယ့်ကိုယ်ကို သတ်သေသင့်တယ်လို့ စကားပြောပြိုင်ပွဲတခု ဆုံးဖြတ်လိုက်တယ်။
အဲဒီလို ဖြစ်ပီးလို့မှ မကြာခင် ထိပ်တင်ဝဟာ ကိုယ့်ကိုယ်ကို သတ်သေတယ် ကြားရတာဘဲ။ ထိပ်တင်ဝဟာ ငါးပွင့်ဆိုင်ရဲ့ ဘုရား ပေါ့။ တိုင်းပြည်က သာကီဝင် တောင့်တတော့ ထိပ်တင်ဝ ဘမ်းပြပြီး ဒီကောင်တွေ အလုပ်လုပ်ကြတာဘဲ။ ဘုရားလဲပီး ငြမ်းလဲ ကန်ချ ဆိုတာလို ထိပ်တင်ဝလဲ နိုင်ငံရေးစွန့်ပြီး လယ်သွားထွန်နေတာဘဲ။ မကြာခင် ကိုယ့်ဟာကို သေနပ်နဲ့ ပစ်သတ် သေတာဘဲ။ အဲဒါဟာ ဘမ်းပြ လမ်းပြဘဲ။
အဲဒီတော့ ကျောင်းသားတွေဟာ ဘယ်လောက် တံခိုးရှိတယ် ဆိုတာဘဲ ကြည့်တော့။ ယခု ကျောင်းသားတွေဟာလဲ စုရုံးမိကြပီ၊ တိုင်းပြည်ရဲ့ အကျိုးရှိမဲ့ အလုပ်တွေသာ လုပ်ကြပေတော့။ ကျုပ်တို့တော့ ဒီညီလာခံသဘင် အောင်ဘို့ ဆုတောင်းတာဘဲ။

[
ဤမိန့်ခွန်းကို သခင်ကိုယ်တော်မှိုင်းကိုယ်တိုင် ပြန်လည်ဘတ်ရှု ပြင်ဆင်ပြီးမှ ပုံနှိပ်ပါသည်။]

ပြီးပြီ။
အရေးတော်ပုံ အောင်ပါစေ။

[
နဂါးနီတိုက်ထုတ် 'ဗမာ့အရေး' စာအုပ်၊ ပထမတွဲ၊ က ကူးယူဖော်ပြပါတယ်။ မူရင်းရသာ မပျက်အောင် စာလုံးပေါင်း ကအစ မူရင်းအတိုင်း ကူးယူဖော်ပြပါတယ်။]

Friday, February 19, 2010

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း


၁၉၁၅-ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် - ၁၉၄၇ခုနှစ် ဇူလိုင်‌ ၁၉ ရက်သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း၊ တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ တပ်မတော်၏ ဖခင်ကြီး၊ဗိုလ်ချုပ်နှင့် နိုင်ငံရေးသမား ဖြစ်သည်။ သူ၏ ဖခင်မှာ ရှေ့နေဦးဖာနှင့် မိခင်မှာ ဒေါ်ခင်စု ဖြစ်ကြပြီး ထိုစဉ်အခါ ဗြိတိသျှအိန္ဒိယနိုင်ငံတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။ သူ၏ မိဘမျိုးရိုးတွင် အဖိုးဖြစ်သူမှာ ဗိုလ်မင်းရောင် ဖြစ်ပြီး ၁၈၈၆-ခုနှစ် နယ်ချဲ့ ဗြိတိသျှတို့အား တော်လှန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။

ဇာတာတွင် ပါရှိသည့် အမည်မှာ မောင်ထိန်လင်း ဖြစ်သည်။ သို့ရာတွင် သူ့အား မည်သည့်အခါ ကမျှ ထိန်လင်းဟုမခေါ်ဟု အစ်ကိုဦးအောင်သန်းက ပြောဆိုခဲ့ဖူးသည်။ နောင်အခါ၌ အစ်ကို ကိုအောင်သန်းနှင့် နာမည်လိုက်အောင် မောင်အောင်ဆန်း ဟု ခေါ်တွင်လေသည်။
ဒို့ဗမာအစည်းအရုံး ဝင်ရောက်သောအခါ သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။ သခင်အောင်ဆန်း၏ ဂျပန်အမည်မှာ အိုမိုဒါမွန်ဂျိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်တေဇ ဖြစ်လာခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေး ဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်း အမည် ဖြင့်ထင်ရှားသည်။
ဗိုလ်ချုပ်၏ မွေးချင်းများမှာ-
  • 1. မခင်ညွန့် (လယ်ဝန်ကတော်) ကွယ်လွန်၊
  • 2. မ၀က် (အိမ်ထောင်မပြု) ကွယ်လွန်၊
  • 3. မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်တို့နှင့်အတူ လုပ်ကြံခံရ)၊
  • 4. မရွှေမှန် (ငယ်စဉ်က ကွယ်လွန်)၊
  • 5. မောင်နေအောင် (အမိန့်တော်ရရှေ့နေ ကွယ်လွန်)၊
  • 6. ခုနစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်းကွယ်လွန်)၊
  • 7. ဦးအောင်သန်း (ဘီအေ) (မကွေးအရှေ့မြောက်ပိုင်း လွှတ်တော်အမတ် ကွယ်လွန်)၊
  • 8. ဗိုလ်ချုပ်အောင်ဆန်းတို့ ဖြစ်ကြသည်။
ငယ်ဘဝ

ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်က အနာအဖျား ထူသည်။ အသားစား ကြူးသည်။ အမဲ သားငါး အလွန်ကြိုက်သည်။ အတီးအမှုတ် ၊ အကအခုန် အလွန် ဝါသနာ ပါသည်။
အထူးသဖြင့် ဆိုင်းတီး ဝါသနာ ပါသည်။ စားပွဲ ဖြစ်စေ ၊ ခေါက်စရာတွေ့လျှင် ဖြစ်စေ အမြဲ ခေါက်နေလေ့ ရှိသည်။ ချောင်တစ်ချောင်တွင် ကပ်၍ မှိုင်တွေကာ စဉ်းစား၍လည်း နေတတ်သည်။
အများအားဖြင့် အိနြေ္ဒကြီးသည်။ ကစားခုန်စားကို များစွာ မလေ့ကျင့်သော်လည်း ကစားသည့်အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော ကစားနည်းကိုမှ နှစ်သက်သည်။ မျက်နှာလို မျက်နှာရဖြင့် အထက်လူကြီးအား တိုင်တောခြင်းကို ငယ်စဉ်ကတည်းက အထူးစက်ဆုပ်သည်။
လူငယ်‌ဘဝ


သူ၏ ပညာရေးကို နတ်မောက်နှင့် ရေနံချောင်း တို့တွင် သင်ကြားပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဘီအေဘွဲ့ကို အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်း နှင့် နိုင်ငံရေးသိပ္ပံ တို့ဖြင့် ရယူခဲ့သည်။ သူသည် ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂတွင် အမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပြီး ၎င်းအဖွဲ့မှ ထုတ်ဝေသောအိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ပါဝင်ခဲ့သည်။
၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ငရဲ‌ခွေးကြီး လွတ်နေသည် ဟူသည့် တက္ကသိုလ် အုပ်ချုပ်ရေးအရာရှိကြီးတစ်ဦးကို ရည်ညွှန်းထားသည့် ဆောင်းပါး၏ ဆောင်းပါးရှင်အား မဖော်ပြမှုဖြင့် ကိုနု(နောင် သခင်နု) နှင့် အတူ တက္ကသိုလ်မှ ထုတ်ပယ်ခြင်း ခံရသည်။ ထို့ကြောင့်သမိုင်းတွင် ကျောင်းသားသပိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းထုတ်သည့် အမိန့်ကို ပြန်လည်ရုတ်သိမ်းခဲ့ရသည်။
၁၉၃၈ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နှင့် ကျောင်းသားသပိတ် မန္တလေးသို့ ကူးစက်ပြီး နောက်ဖွဲ့စည်းသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံး၌ ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံရသည်။ ထိုနှစ်မှာပင် အစိုးရသည် သူ့အား ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ် အဖြစ် ရွေးချယ်ခဲ့သည်။
၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားနိုင်ငံရေးသို့ ကူးပြောင်းခဲ့သည်။ ဤအချိန်မှစ၍ သူသည် ဗြိတိသျှဆန့်ကျင်ရေးသမားနှင့် ယုံကြည်မှုပြင်းထန်သော နယ်ချဲ့ဆန့်ကျင်ရေးသမား ဖြစ်ခဲ့သည်။ သူသည် ဒို့ဗမာအစည်းအရုံးဝင်တစ်ဦး ဖြစ်လာသောအခါတွင် သခင် (အရှင်သခင်/ဆရာ-မြန်မာလူမျိုးများသည် ဗမာပြည်၏ အရှင်သခင်/ဆရာစစ်များ ဖြစ်သည်။ ကိုလိုနီနယ်ချဲ့များက သူတို့သာလျှင် အသုံးပြုရန် မတရား သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။) တစ်ဦးပါဖြစ်လာသည်။ အသင်းကြီးကို ၁၉၃၀ ခုနှစ် မေတွင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးမှုးအဖြစ် ၁၉၄၀ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ခဲ့သည်။ ဤတာဝန်ကို ထမ်းဆောင်စဉ် ၁၃၀၀ ပြည့် အရေးတော်ပုံဟု လူသိများသည့် နိုင်ငံတဝန်း သပိတ်ပွဲများကို လှုံ့ဆော် ဦးဆောင်ခဲ့သည်။
ထိုစဉ်ကပင် ဗမာ့ထွက်ရပ်ဂိုဏ်းကြီးအား ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး ၎င်းးအဖွဲ့ကြီးမှာ ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေး နိုးကြားသော ရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ် ပြုထားခြင်း ဖြစ်ပြီး သူသည် ယင်းမဟာမိတ်အဖွဲ့၏ အတွင်းရေးမှုး ဖြစ်လာခဲ့သည်။
သူ၏ သမိုင်းတွင် လူအများကောင်းစွာ မရှင်းလင်းသောအချက်မှာ ၁၉၃၉-ခုနှစ် ဩဂုတ်လတွင် ဗမာပြည် ကွန်မြူနစ် ပါတီ ကို ထူထောင်ခဲ့သူ အဖွဲ့ဝင်တစ်ဦးနှင့် ပထမဆုံး အထွေထွေအတွင်းရေးမှုး ဖြစ်ခဲ့ကြောင်းပင် ဖြစ်သည်။
များမကြာမီတွင် သူသည် ပြည်သူ့ တော်လှန်ရေးပါတီကို ထူထောင်ရာတွင် ပါဝင်ခဲ့သည်။ ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်းတွင် ယင်းအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု ပြန်လည်အမည်ပေးခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ခုနှစ် မတ်လတွင် အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တော် စည်းဝေးပွဲသို့ တက်ရောက်ခဲ့သည်။ သို့သော် အစိုးရသည် ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်မှုဖြင့် အောင်ဆန်းအား ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ရာ သူသည် မြန်မာနိုင်ငံတွင်း လှည့်လည်ပုန်းရှောင်နေခဲ့ပြီးနောက်ဆုံးတွင် နိုင်ငံရပ်ခြားသို့ ပြေးခဲ့ရသည်။
ပထမတွင် သူသည် တရုတ်ပြည်သို့သွား၍ ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့အား အမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာ သွားရန် တိုက်တွန်းခဲ့လေသည်။
ဒုတိယကမ္ဘာစစ်‌ကာလ


၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း မြန်မာနိုင်ငံသို့ ပြန်လာသည်။ ဖူမီမာရိုကိုနိုး အစိုးရထံမှ လက်နက်နှင့် ငွေကြေးထောက်ပံ့မှု ကတိကဝတ်များရလာသည်။
ထိုနောက် ရဲဘော်သုံးကျိတ်အဖွဲ့ဝင်များနှင့် အတူ စစ်သင်တန်းတက်ရောက်ရန် ဂျပန်ပြည်သို့ ခေတ္တပြန်လည် ထွက်ခွာသွားခဲ့သည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာတွင် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ မီနာမီကီးကန်း၏ အကူအညီဖြင့် မြန်မာလမ်းမကြီး(စစ်အတွင်း တရုတ်နိုင်ငံအား ကုန်းကြောင်းမှ စစ်လက်နက်ပစ္စည်းများထောက်ပံ့ရန် မြန်မာနိုင်ငံကို ဖြတ်သန်း၍ ဖောက်ထားသောလမ်း၊ယနေ့ ရှမ်းပြည်နယ် နှင့် တရုတ်နိုင်ငံအားဆက်သွယ်ထားသည့် လမ်းမကြီး)အား ပိတ်ဆို့ရန်နှင့် ပြည်တွင်းရှိ အမျိုးသားပုန်ကန်ထကြွမှုအား ထောက်ပံကူညီရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း သည် ဗိုလ်မှုးကြီး ဆူဇူကီး၏ ဦးဆောင်မှုဖြင့် ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့(ထိုအချိန်တွင် ထိုင်းနိုင်ငံမှာ ဂျပန်သိမ်းပိုက်မှု အောက်တွင် ရှိသည်) တွင် ထူထောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်ချုပ်ရာထူးကို ရယူခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်သည် ဂျပန်တို့လက်အောက်သို့ ၁၉၄၂ ခုနှစ် မတ်လတွင် ကျရောက်သွားပြီး (ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသ အဖြစ်) ဂျပန်စစ်ဘက် အုပ်ချုပ်ရေးအဖွဲ့က တိုင်းပြည်ကို သိမ်းပိုက်လိုက်သည်။
ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တို့၏ဖိအားပေးမှုအရ ဗမာ့လွတ်မြောက်ရေးတပ်မတော် (ဘီအိုင်အေ)အား ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆက်လက်ရပ်တည်ခဲ့သော်လည်း ဤအကြိမ်တွင် ဗိုလ်မှုးကြီးအောင်ဆန်း အဖြစ်သာနေခဲ့သည်။
၁၉၄၄ ခုနှစ် မတ်လတွင် သူ့အား ဗိုလ်ချုပ်ရာထူးသို့ ပြန်လည်ခန့်အပ်ခဲ့သည်။ များမကြာမီတွင် ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ခြင်းခံရပြီး ဂျပန်ဧကရာဇ်မှ တက်နေဝန်းဂုဏ်ထူးဆောင် ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေး ကိုကြေညာပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအား စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ၄င်း၏ တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
သူ၏ ဂျပန်တို့နှင့် ပူးပေါင်းမှုမှာကြာကြာမခံပေ။ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များပြောသည့် လွတ်လပ်ရေးဆိုသည်ကို သံသယဝင်လာသည်။ ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေးကိုလည်း မနှစ်မြို့ပေ။
ဂျပန်တပ်များမဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင်သတိပေးခဲ့သည့် ကွန်မြူနစ်ခေါင်းဆောင်များဖြစ်သော သခင်သန်းထွန်း နှင့် သခင်စိုးတို့၏ အကူအညီဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့သည်။
၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် သူသည် ဘီအင်အေတပ်ကို ဦးဆောင်၍ ဂျပန်ကျူးကျော်သူများအား မဟာမိတ်တို့နှင့် ပူးပေါင်းကာ တိုက်ထုတ်ခဲ့လေသည်။ ထို့ကြောင့် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး နောင်တွင် စစ်အစိုးရမှ တပ်မတော်နေ့ဟု ပြောင်းလဲခေါ်တွင်ခဲ့လေသည်။

ဒုတိယကမ္ဘာစစ်ပြီးခေတ်


‌ဗြိတိသျှများ ပြန်လည်ဝင်ရောက်လာ၍ စစ်အုပ်ချုပ်ရေးတစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နောက် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ကို ညီညွတ်သောတပ်ပေါင်းစုအဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့ရာတွင် ဘီအင်အေ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်များ ပါဝင်ကြပြီး ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ‘ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး’ (ဖဆပလ) အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။
ဗမာ့အမျိုးသားတပ်မတော်ကိုလည်း မျိုးချစ်ဗမာ့တပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့၍ ဂျပန်များကို တိုက်ထုတ်ပြီးနောက် တဖြည်းဖြည်းဖျက်သိမ်းခဲ့သည်။
၁၉၄၅ ခုနှစ် စက်တင်ဘာလက သီရိလင်္ကာတွင် ပြုလုပ်ခဲ့သော ကန္ဒီအစည်းအဝေးမှ သဘောတူညီချက်များအရ မျိုးချစ်ဗမာ့တပ်မတော်သားများအား ဗြိတိသျှတပ်မတော်အောက်ရှိ ဗမာ့တပ်မတော်အောက်သို့ သွတ်သွင်းယူခဲ့သည်။ စစ်ပြန်ရဲဘော်အချို့ကို ပြည်သူ့ရဲဘော်တပ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ အုပ်ချုပ်မှုအောက်တွင် အရန်အင်အားဖြင့် ဖွဲ့ထားပြီး လူမြင်ကွင်းတွင် ဗြောင်ကျကျ စစ်ရေးလေ့ကျင့်ခဲ့ကြရာ ဗြိတိသျှအာဏာပိုင်များ၏ အစပိုင်းက မလိုက်လျောလိုမှုများကို ပြယ်စေခဲ့ဟန်တူ၏။

ဗိုလ်ချုပ်အောင်ဆန်းအား ဗမာ့တပ်မတော်၏ ဒုတိယစစ်ဆေးရေးမှုးရာထူးကို ကမ်းလှမ်းခဲ့သော်လည်း အရပ်သားနိုင်ငံရေးသမား ဘဝကို သာ ရွှေးချယ်ခဲ့သည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ အဖွဲ့၏ ဥက္ကဌ အဖြစ် လွန်ခဲ့သော အောက်တိုဘာက မြန်မာပြည် အရပ်ဘက် အုပ်ချုပ်ရေးပြန်လည် ထူထောင်ပြီးနောက် ခန့်အပ်ခြင်းခံရသည်။
စက်တင်ဘာလတွင် မြန်မာနိုင်ငံ အမှုဆောင်ကောင်စီ၏ ဒုတိယ ဥက္ကဌ အဖြစ် ဗြိတိသျှဘုရင်ခံအသစ် ဆာဟူးဘတ်ရန့်မှ ခန့်ထားခြင်းခံရပြီးနောက် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာတို့ကို တာဝန်ပေးအပ်ခဲ့သည်။ ရန့် နှင့် မောင်ဘတ်တန်တို့သည် ယခင်ဘုရင်ခံချုပ်ဟောင်း ဆာဒေါ်မန်စမစ်နှင့် ဝင်စတန်ချာချီတို့က ဗိုလ်ချုပ်အောင်ဆန်းအား ‘သစ္စာဖောက် သူပုန်ခေါင်းဆောင်’ ဟု သမုတ်ခဲ့သည်ကို လက်မခံခဲ့ပေ။
ဖဆပလ အဖွဲ့တွင်လည်း ကွန်မြူနစ်များနှင့် အမျိုးသားရေးနှင့် ဆိုရှယ်လစ်ကို ဦးဆောင်သည့် ဗိုလ်ချုပ်အောင်ဆန်းတို့ အကြားကွဲကြရာမှ အမှုဆောင်ကောင်စီတွင် ဗိုလ်ချုပ်အောင်ဆန်း နေရာယူသည်ကို အကြောင်းပြုပြီး ဖဆပလ အဖွဲ့မှ သခင်သန်းထွန်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ တို့ကို ထုတ်ပစ်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဝန်ကြီးချုပ် လုံးလုံးလျားလျားဖြစ်နေပြီ ဖြစ်သော်လည်း ငြင်းပယ်နိုင်သည့် ဗီတိုအာဏာမှာ ဗြိတိသျှ၏လက်တွင်ရှိနေသေးသည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှ ဝန်ကြီးချုပ် ကလီမင့်အက်တလီ တို့သည် လန်ဒန်မြို့တွင် တစ်နှစ်အတွင်း မြန်မာ့လွတ်လပ်ရေးကို ပေးရမည်ဖြစ်ကြောင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြင့် သူသည် မြန်မာ့လွတ်လပ်ရေးကို တာဝန်ခံ ရယူပေးခဲ့သူ ဖြစ်လာတော့သည်။
နယူးဒေလီမြို့၌ တစ်ထောက်ရပ်နားစဉ် သတင်းစာရှင်းလင်းပွဲတွင် သူက မြန်မာတို့သည် အကြွင်းမဲ့လွတ်လပ်ရေးကို လိုလားကြောင်း ဓနသဟာယ အဆင့်ကို မလိုလားကြောင်း ဤအခြေအနေကို ရရှိရန် အကြမ်းဖက်သည့်နည်း သို့မဟုတ် မဖက်သည့်နည်း သို့မဟုတ် နှစ်နည်းစလုံးကို အသုံးပြုရန်တွန့်ဆုတ်နေမည် မဟုတ်ကြောင်းနှင့် အဆုံးသတ်တွင် သူသည် အကောင်းဆုံးဖြစ်လာရန် မျှော်လင့်ထားသော်လည်း အဆိုးဆုံးကိုလည်း ရင်ဆိုင်ရန်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။
အချို့က သူ့အား ကရင်လူမျိုးတို့အား ဗြိတိသျှတို့အပေါ်တွင်သစ္စာရှိမှု၊ ဂျပန်နှင့် ဘီအိုင်အေတပ်များကို ပြန်လည်တိုက်ခိုက်မှုတို့ကို အကြောင်းပြု နှိပ်ကွပ်ခဲ့ခြင်းနှင့် ပတ်သတ်၍ တာဝန်ရှိသည်ဟု ယူဆကြသည်။ ဒေါ်မန်စမစ်သည် ဖဆပလ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်သို့ လာရောက်ရန် ကိစ္စကို ငြင်းပယ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအား စစ်အတွင်းက သူကြီးတစ်ဦးကိုကွက်မျက်မှုနှင့် အရေးယူရန် ကြိုးစားအားထုတ်ခဲ့သည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံတွင် စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့် သက်သေအဖြစ် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဧပြီတွင် ဖဆပလသည် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကြီးတွင် နေရာ ၂၀၂ နေရာအနက် ၁၉၆ နေရာကို ရရှိ အနိုင်ယူခဲ့သည်။ ဇူလိုင်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ဆွေးနွေးပွဲများကို ရန်ကုန်ရှိ `ဆိုရန်တာဗီလာ´တွင် ကျင်းပခဲ့သည်။

လွတ်လပ်ရေး မရမီ လအနည်းငယ်အလို ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ သူ၏ အစ်ကို ဦးဘဝင်း အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်ဘိနက်ဝန်ကြီး ခြောက်ဦးတို့နှင့်အတူ လုပ်ကြံသတ်ဖြတ် ခံခဲ့ကြရသည်။
လုပ်ကြံမှုမှာ သူ၏ ပြိုင်ဘက်ဖြစ်သူ ဂဠုန်ဦးစော ၏ လက်ချက်ဟု ယူဆရသော်လည်း ဦးစော၏ တရားခွင်စစ်ဆေးချက်များမှာ သံသယ ဖြစ်စရာများ တွေ့ရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသော်လည်း ထိုစဉ်က လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင် နေသော ဦးနုက တိုင်းပြည်လွတ်လပ်ရေးကြိုးပမ်းမှုများကို အရှိန်မပျက်ဆက်လက်ထမ်းဆောင်ခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရ ရှိခဲ့သည်။
မိသားစု


၁၉၄၂ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းသည် ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ်တွင် ဒေါ်ခင်ကြည်နှင့် ထိမ်းမြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒေါ်ခင်ကြည်၏ ညီမဖြစ်သူမှာ သခင်သန်းထွန်း ကွန်မြူနစ် ခေါင်းဆောင်နှင့် အကြောင်းပါခဲ့လေသည်။
အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်စသည့် သား(၂)ယောက်၊ သမီး(၁)ယောက် ထွန်းကားခဲ့သည်။သူ၏ ဒုတိယမြောက် သားဖြစ်သူ အောင်ဆန်းလင်းမှာ ၈ နှစ်သား အရွယ်တွင် နေအိမ်ခြံဝန်း အတွင်းရှိ ရေကန်၌ ရေနစ်သေဆုံးခဲ့သည်။ သားအကြီးဆုံး ဖြစ်သူ ဦးအောင်ဆန်းဦးအောင်ဆန်းဦးမှာ အမေရိကန်နိုင်ငံတွင် အလုပ်လုပ်လျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကွယ်လွန်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗုဒ္ဓဘာသာ

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး ၁၉၃၅ခုနှစ် ဧပြီလထုတ် ဂန္ဓလောက မဂ္ဂဇင်းတွင် Burma and Buddhism ဟူသော ခေါင်းစဉ်နှင့် ဆောင်းပါးတပုဒ် ရေးသားခဲ့လေသည်။
အသက် (၂၀)အရွယ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် ထိုဆောင်းပါးထဲတွင် ဗိုလ်ချုပ်က ‘ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံးနည်း ဖြစ်သည်။
ထိုနည်းမှာလည်း ကေသမုတ္တိသုတ်ခေါ် ကာလာမသုတ္တန်လာ ဂေါတမမြတ်စွာဘုရား၏ ဟောကြားချက်ဖြစ်သည်၊ ထိုဟောကြား ချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစားသော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ (၀ိဘဇ္စ၀ါဒ)ကိုသာ လက်ခံရမည် ဆိုသည့်အချက် ဖြစ်သည်။
ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော အထက်ဖော်ပြပါ ၀ိဘဇ္စ၀ါဒကိုသုံး၍ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် လုပ်ဆောင်သွားကြရန်မှာ မြန်မာနိုင်ငံသားအားလုံး၏ အဓိကတာဝန် ဖြစ်သည်’ ဟူ၍ ဗုဒ္ဓဘာသာအပေါ် သူ၏ အမြင်နှင့် တိုင်းပြည်လွတ်လပ် ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို လက်တွေ့ကျင့်သုံးနိုင်ကြောင်း ဓမ္မဓိဌာန်ကျကျ ဆွေးနွေးတင်ပြထားသည်ကို တွေ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ

စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။
ဆရာဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေး အကြောင်းကိုသာ အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့်အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဍာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ နိုင်လှပုံ၊ သူ ယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ သို့သော် သူ့တွင် အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို ရသဟန်နှင့် လှလှပပ ခြယ်မှုန်းခဲ့လေသည်။
ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောကာ ပြောခဲ့ဖူးကြောင်း ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။
ထို့အပြင် အလင်္ကာကျော်စွာ မြို့မငြိမ်း၏ ‘သက်ဝေ’၊ ‘ကဉ္စန’ သီ ချင်းများကို ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်ပုံ၊ ပင်လုံစာချုပ်အတွက် ရှမ်းပြည်သို့အသွား အင်းလေးကန်ထဲ လှေစီးနေစဉ် ‘လှေကလေးကို လှော်မည် … ဘေးမသမ်းဘဲ အေးချမ်းတော့မည် …’ ဆိုသည့် အဆိုတော် ဒိုရာသန်းအေး၏ သီချင်းအား ဗိုလ်ချုပ်ညည်းတွားပုံတို့ကို ဖတ်ရသည့်အခါ ဗိုလ်ချုပ်သည် တိုင်းပြည်လွတ်လပ်ရေးအတွက် မအားလပ်အောင် အလုပ်များနေလင့်ကစား သူ၏ ရင်ထဲ၌မူ အနုပညာဓာတ်အပြည့် ကိန်းအောင်နေကြောင်း အထင်အရှား တွေ့ရလေသည်။
‘ဗမာအက၊ ဗမာဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ ဟူ၍လည်း ဗိုလ်ချုပ် ပြောကြားခဲ့ဖူးသည်။ ထိုစကားကို ထောက်ရှုခြင်းဖြင့် ဗိုလ်ချုပ်၏ အနုပညာအပေါ် စိတ်ဝင်တစားရှိပုံနှင့် အနုပညာသမားအဖြစ် ဂုဏ်ယူဝင့်ကြွားချင်ပုံကို ရိပ်စားမိပြီး လူသားတိုင်းအပေါ် အနုပညာ၏ ညှို့ငင်ဖမ်းစားမှုအား ကြီးမားပုံကို ဆက်စပ် တွေးတောနေမိပါသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ပညာရေး

ဗိုလ်ချုပ်အောင်ဆန်းသည် ပညာနှင့် ပတ်သက်၍ သူမြင်သည့် အဓိပ္ပာယ်ကိုလည်း သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရှင်းပြခဲ့ရာ အလွန်ပင် မှတ်သားဖွယ် ကောင်းသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်က ‘ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။
စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ရာဇ၀င်ကိုသာ ပြုပြင်တိုးချဲ့ရုံသည်မဟုတ်။ လူ၏ စိတ်နေစိတ်ထား၊ အယူအဆများကိုလည်း တိုးတက်စေရမည်။ ရာဇ၀င်သိရုံသာ မဟုတ်၊ ရာဇ၀င်ကို ဖန်တီးနိုင်စေရမည်။
လောကဓာတ်ပညာကို သိရုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့ နိုင်စေရမည်။ လောကအကြောင်းကို နားလည်စေသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင် စေရမည်။ လှေနံဓားထစ်ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း’ ဟု အမြင်ကျယ်စွာ ရှင်းပြခဲ့လေသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ

ဗိုလ်ချုပ်အောင်ဆန်းသည် သူရိယ မဂ္ဂဇင်းတွင် အညာသားလေး ကလောင်နာမည်နှင့် စာရေးသားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်၏ ဦးစားပေး လိုအပ်ချက်အရ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရသော်လည်း သူအမှန်တကယ် ဖြစ်ချင်သည့် အာသီသမှာ စာရေးဆရာဘ၀ ဖြစ်သည်။
၁၉၄၇ခုနှစ် မေလ (၃၀)ရက်နေ့တွင် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေးတွင် ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဟူ၍ သူ၏ ချင်ခြင်းကို ဖွင့်ဟပြောကြားခဲ့သည်။
ဗိုလ်ချုပ်၏ ထိုပြောစကားသည် ၀မ်းသာစရာ ကောင်းသလို ၀မ်းနည်းဖွယ်လည်း ကောင်းလှသည်။ ၀မ်းသာစရာကောင်းသည်က စာရေးဆရာ ဗိုလ်ချုပ်အောင်ဆန်းထံမှ ယူ၍ မကုန်ခန်းနိုင်သည့် စာပေဗဟုသုတ ဟင်းလေးအိုးကြီး ပိုင်ဆိုင်ခွင့်ရမည်ကိုဖြစ်ပြီး ၀မ်းနည်းစရာကောင်းသည်က ဗိုလ်ချုပ်လို အရည်အချင်း ပြည့်ဝသည့် နိုင်ငံရေးသမားကောင်းတယောက် နိုင်ငံရေးလောကမှ ဘေးဖယ်နေချင်လောက်အောင် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အတိုက်အခိုက်တွေ၊ စားခွက်လုမှုတွေ၊ နောက်ကျော ဓားနှင့် ထိုးမှုတွေ၊ တိုင်းပြည် ကောင်းစားရေးထက် ကိုယ့်အုပ်စု၊ ကိုယ့်ပါတီ အာဏာရရေး ကောင်းစားရေးအတွက်သာ ဦးတည်လုပ်ဆောင်မှုတွေ ရှိလာမည်ကို ကြိုတင်မြင်တွေ့နေ၍လားဟု တွေးစရာ ဖြစ်နေခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်သည် မကွယ်လွန်မီ အချိန်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနှင့် ပတ်သက်သည့် ဆောင်းပါးများစွာကို ရေးသားခဲ့သည်။
ဗိုလ်ချုပ်ရေးသားခဲ့သည့် စာများတွင် သူ၏ တိကျရှင်းလင်း အားကောင်းသော စကားပြေ အရေးအသားနှင့် ဦးတည်ချက်ရောက်အောင် ထိထိမိမိ ကွင်းကွင်းကွက်ကွက် ရေးသားတတ်ပုံကို အားကျအတုယူဖွယ် တွေ့ရသည်။ ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် ၁၉၄၉ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြခဲ့သည့် ‘ဗိုလ်ချုပ်နှင့်စာပေ’ ဟူသော ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်တတ်ပုံကို အထင်အရှား တွေ့ရသည်။ ဗိုလ်ချုပ်က ‘တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင် ကြိုးစားကြစို့။ ကျွန်တော်တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ ဟု ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေး

တိုင်းပြည်တွင် နိုင်ငံရေးနှင့် ပတ်သက်၍ တွေးတတ်ခေါ်တတ် စဉ်းစားတတ်သည့် နိုင်ငံရေးသမားတွေ မရှိမှ သူတို့ အာဏာတည်မြဲအောင် လုပ်ဆောင်နိုင်မည်ဟု စစ်အာဏာရှင်တွေ တွေးပုံပေါ်သည်။ ထို့အတွက်ကြောင့် အာဏာရှင် ဗိုလ်နေ၀င်း လက်ထက်မှ ယနေ့အာဏာရှင် ဗိုလ်သန်းရွှေ လက်ထက်အထိ မြန်မာပြည်တွင် နိုင်ငံရေးသမား မျိုးဆက်ပြတ်အောင် စနစ်တကျ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေခြင်း ဖြစ်သည်။
အာဏာရှင်တို့က နိုင်ငံရေးသမား ဆိုသည်ကို ခွေးလှေးကြမ်းပိုးဟု လူပြိန်းတွေက မြင်လာအောင်၊ နိုင်ငံရေး လုပ်ဆောင်ခြင်းကို လူညစ်ပတ်တွေ အလုပ်ဟု ထင်မြင်အောင် ၀ါဒဖြန့်ချိသည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ တိုင်းပြည် တိုးတက်ထွန်းကားရေးအတွက် နိုင်ငံရေးသမားကောင်းတွေ များများရှိဖို့ လိုအပ်ပုံ၊ နိုင်ငံရေး လုပ်ဆောင်ခြင်း၏ မွန်မြတ်ပုံတို့ကို ၁၉၄၀ခုနှစ် ဖေဖော်ဝါရီလထုတ် ဒဂုန်မဂ္ဂဇင်း၌ ဖော်ပြခဲ့သည့် ‘နိုင်ငံရေးအမျိုးမျိုး’ ဟူသည့် ဆောင်းပါးတွင် အရိပ်အမြွက် ထည့်သွင်း ရေးသားခဲ့သည်။
ထိုဆောင်းပါးတွင် ဗိုလ်ချုပ်က ‘အစိုးရဟု ဖြစ်ပေါ်လာစဉ်ကပင် လူတွေ တရားမစောင့်နိုင်၍ ဖြစ်၏။ လူတွေသာ တရားစောင့်နိုင်လျှင် အစိုးရ ရှိတော့မည်မဟုတ်။ ဤကား ဗမာ့ကျမ်းဂန်တွေ၌ပင် ရှိ၏။ လူတွေတရား မစောင့်နိုင်သည့် အကြောင်းမှာလည်း လောဘတရားကြောင့် ဖြစ်၏။ လောဘတရား ဖြစ်ခြင်းမှာလည်း ပုဂ္ဂလိက ပစ္စည်းပေါ်လာသဖြင့် ငါ့ဟာ၊ ငါ့အိမ်၊ ငါ့ခြံ စသဖြင့် ငါတည်းဟူသော သက္ကာယဒိဌိ အရင်းခံသည့် လောဘ၊ ထိုလောဘကြောင့်ဖြစ်သော ဒေါသ၊ ထိုလောဘ ဒေါသမီးတို့ကြောင့် မောဟတည်းဟူသော မသိမလိမ္မာ မိုက်မဲမှုဖြစ်လာ၏။’

‘ဦးဘဘေကြီး ပြောသလို ညစ်ပတ်တဲ့ အလုပ်လား ဆိုသည့် မေးခွန်းကိုလည်း ဖြေလို၏။ ဦးသိန်းမောင်ကြီးကတော့ ၀န်ခံသွားရှာပြီ။ ညစ်ပတ်တယ်တဲ့ သူတော့ မလုပ်ချင်ဟု ဖြေခဲ့ပြီ။ တေမိမင်း အားကျလို့ ထင်၏။ ယခုတော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေးသည် လောကီရေးပင်ဖြစ်၏။ နိုင်ငံရေးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားမဟုတ်။ သို့သော်လည်း လောကီရှိမှလည်း လောကုတ်ရှိနိုင်၏။ လောကုတ်ရှိမှလည်း လောကီ တည်နိုင်၏။ အူမတောင့်မှ သီလစောင့်နိုင်၏။

လူတွေသည် ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ်နိုင်ငံရေးမှာ ထိုပြုပြင် တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင် ဖြစ်၏။ ထိုတရားကား လောကီနိဗ္ဗာန်ကို နောက်ဆုံးရည်မှန်းပေ၏။ ထို၌ကြောင့် အဘယ်မှာလျှင် ညစ်ပတ်ရပေမည်နည်း’ ဟု ပြတ်ပြတ်သားသား ရေးသားခဲ့သည်။

ထိုဆောင်းပါးထဲတွင် နိုင်ငံရေး လုပ်ဆောင်မှုနှင့် ပတ်သက်၍လည်း ‘မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်း အောင်လုပ်တတ်မှ နိုင်ငံရေးဖြစ်၏’ ဟု ဗိုလ်ချုပ် က သတိပေး ရေးသားခဲ့သေး၏။

ထို့အပြင် နိုင်ငံရေး လုပ်ဆောင်ရာ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်စေတနာ သန့်စင်ပုံကို ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် အထိမ်းအမှတ် ညစာစားပွဲတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်၏ ရင်တွင်းလာ စကားကို ထောက်ရှုပြီး သိမြင်နိုင်သည်။ ထိုညစာစားပွဲတွင် ဗိုလ်ချုပ်က ‘ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နားလည်တာ တခုရှိပါတယ်။ ဘာလဲဆိုရင် ဗမာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ် သည်ဟာပါဘဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကစပြီး ကြိုးစားလာပါတယ်။ နောင်လဲ ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်’ ဟု ရင်ထဲတွင်ရှိသည့်အတိုင်း အရိုးသားဆုံး ပြောကြားခဲ့လေသည်။

အချုပ်အားဖြင့်ဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် လူဘ၀တွင် နေထိုင်သွားသည့် အခိုက်အတန့်လေး အတွင်း၌ မှတ်ကျောက်များစွာ အတင်ခံနိုင်ခဲ့သည်ကို တွေ့ရပေသည်။ ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ ရဲရင့်မှု၊ ယုံကြည်သည့်အတိုင်း ပြောဆိုလုပ်ဆောင်မှု၊ ကိုယ်ကျင့်သီလ ကောင်းမွန်မှု၊ ရပ်တည်ချက် ခိုင်မာမှု၊ ဆုံးဖြတ်ချရာတွင် ပြတ်သားမှု၊ မှန်ကန်သည့် ဦးဆောင်မှုကို ပေးနိုင်မှု၊ ကိုယ်ယုံကြည်ရာကို မကြောက်မရွံ့ နောက်မတွန့်ဘဲ တစိုက်မတ်မတ် လုပ်ဆောင်တတ်မှု၊ တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်စေတနာ ကြီးမားမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ် အပြည့်ရှိမှု၊ နိုင်ငံရေးကို နှံ့နှံ့စပ်စပ် လေ့လာပြီး လက်တွေ့ကျကျ အဖြေရှာနိုင်မှု၊ အနာဂတ်ကို ကြိုမြင်တတ်ပြီး အရှည်သဖြင့် တွေးခေါ်လမ်းပြပေးနိုင်မှု … စသည့် အရည်အချင်းပေါင်း မြောက်မြားစွာနှင့် လူဘ၀ကို ဖြတ်သန်းသွားခဲ့သည်။ ။
ဘ၀နိဂုံး

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး၌ နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး များ ရဲဘော်ကိုထွေး (အာဇာနည် ကိုးဦး)တို့နှင့်အတူ လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည်။

ဗိုလ်ချုပ်၏ စကားများ

* ဗမာက တစ်မျိုး ၊ ကရင်က တစ်ဖုံ ၊ ရှမ်း ၊ ကချင် ၊ ချင်းတို့က တစ်ခြား အကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး ။ စုပေါင်း လုပ်မှသာ အကျိုး ရှိနိုင်မယ်။

(၁၉၄၇ ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊ ပင်လုံမိန့်ခွန်း)
  • လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလိုတာလား ။ မဟုတ်ဘူး ။ အသက်မကြီးပေးမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။
(၁၉၄၄ ၊ မတ် ၁၄ ၊ ဗိုလ်သင်တန်း ကျောင်းဆင်းမိန့်ခွန်း)
  • ဟေ့ ... သေလဲ ဗမာပီပီ ဇာတိမာန်နှင့် သေကြပါ .. ရန်သူကို မိမိလက်အားနေရင် လက်နှင့်ထိုး၊ ခြေအားနေရင် ခြေနဲ့ကန်ပါ ..။ နောက်ဆုံး ပါးစပ်အားနေလျှင် ပါးစပ်နှင့် ကိုက်ပြီးမှ ရဲရဲသေပြလိုက်ကြတာပေါ့ ...။
(ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ ဟေနန်ကျွန်းတွင် ဂျပန်များက စစ်ပညာသင်ပေးနေကြစဉ် ဂျပန်တို့က ၄င်းတို့အား အားလုံးဖျောက်ဖျက်မည့် အခြေအနေမျိုးကို ကြုံတွေ့နေကြရစဉ်)
  • ရဲဘောသုံးကျိပ်ဟာ နိုင်ငံရေးအဖွဲ့ တဖွဲ့တည်း မဟုတ်ပဲ သခင်ဂိုဏ်းကြီးနှစ်ခုဖြစ်တယ်၊ အနာဂါတ် လွတ်လပ်ရေးတိုက်ပွဲမှာ ဒီသုံးကျိပ် ညီညွတ်ဖို့ လိုတယ်။ ဒါမှ လူငယ်များဖြစ်တဲ့ သခင်ဂိုဏ်း နှစ်ဂိုဏ်းလုံး ညီညွတ်မယ်။ ဒါမှ လူများစုကို ကိုယ်စားပြုမဲ့လူတွေ တကယ်လဲ အလုပ်လုပ်ကြမဲ့ လူငယ်တွေ ညီညွတ်မယ်။ ဒါမှ လွတ်လပ်ရေးတိုက်ပွဲဟာ ခိုင်မာတောင့်တင်းမယ်။
စစ်ထွက်ကြတာပေါ့၊ ရှေးရှေးတုန်းက ဗမာ့တပ်တွေ စစ်ထွက်ကြတာ တနသာင်္ရီကို လှေကြီးတွေနဲ့ ရေကြောင်းလွှင့်ကြတော့ တချို့က ရေကြောင်းမှားပြီး ရခိုင်ပြည်ဘက် ရောက်လိုရောက်ဖြစ်ကြတာပဲ၊ ဒါပေမဲ့ ရောက်တဲ့နေရာက ဆက်ပြီး ဖြစ်သလို လုပ်ကြတာပေါ့ ... ။

(ဗိုလ်ချုပ်အောင်ဆန်းတို့ ယိုးဒယားတွင် တပ်များစုကြပြီး တပ်စစ်ကြောင်း အသီးသီးထွက်ရန် စီစဉ်ကြစဉ် ဖာပွန်စစ်ကြောင်း ချီတက်ရန် တာဝန်ကျသူ ဗိုလ်ကျော်ဇောက ဗိုလ်ချုပ်အောင်ဆန်းအား ကန်တော့သောအခါ)
  • ခင်ဗျားတို့ရွှာကို ရှေးယခင်တုန်းက ယုံမိတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဆရာစံထတုန်းကလဲ ထထကြွကြွရှိတဲ့ ရွာတရွာလို့ အသိအမှတ်ပြုခဲ့တယ်၊ မှင်နီ အ၀ိုင်းခံခဲ့ရတယ်၊ ခုတော့ ကျုပ်အထင်ကြီးသလောက် မဟုတ်တာ တွေ့ရတယ် ...။
(ပဲခူးခရိုင် ဝေါအပိုင် အညာစုရွာ ဗိုလ်ချုပ်အောင်ဆန်း ရောက်၍၊ ရဲဘော် ၃၇ ယောက်စုရန်ပြောရာ ရပ်ရွာထဲက တုတ်တုတ်မလှုပ်ကြ၍ ဗိုလ်ချုပ်အောင်ဆန်းက)

Tom Brown က အီးမေး မှတဆင့်ပေးပို့ခဲ့သည်။
မှတ်ချက် ။   ။  http://khansarrhmuhmattine.blogspot.com/2010/02/blog-post_16.html မှ ကူးယူပါသည် ။

Friday, February 12, 2010

ဗိုလ်ချုပ်ရဲ့ မိန့်မှာစကားအချို့

လူထုခေါင်းဆောင်
လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင် ဆိုတဲ့ ဂုဏ်ကို
ဝန်ကြီးဂုဏ်ထက် ကျုပ်ပိုမက်တယ်ဆိုတာ
ခင်ဗျားတို့မှတ်ထားလိုက်ကြပါ။
ကျုပ်စိတ်ထဲမှာဆိုရင် ဝန်ကြီးဆိုတဲ့ ဂုဏ်ဟာ
လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ရဲ့ ခြေဖျားမှာ ကပ်နေတဲ့
ခြေမှုန့်လောက်ပဲလို့ ကျုပ်မှတ်ထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း
၂၀ရက်၁၀လ ၁၉၄၆ ရွှေတိဂုံအနောက်မုဓ်

ဒီမိုကရေစီ စနစ်ဆိုတာ

ဗမာပြည် လွတ်လပ်ရေးရတဲ့အခါ
တိုင်းသူပြည်သားတွေသာလျှင်
အဓိက လိုလားပြီး
တိုင်းပြည် တည်ထောင်ချင်တယ်ဆိုရင်
ဒီမိုကရေစီစနစ်အရမှ ဖြစ်နိုင်မယ်။
ဒီမိုကရေစီအရင်းခံပဲ
ဆိုရှယ်လစ်ဝါဒ ၊ ကွန်မြူနစ်ဝါဒ ဆိုတာတွေဟာ
စင်စစ်တော့ ၊ ဒီကနေ ဖြာထွက်သွားတာပဲ၊
ဘယ်ဟာမှ ဒီမိုကရေစီမစစ်သေးဘူး။
နိုင်ငံရေးတင်မက
စီးပွားရေးပါ ပါမှ ဒီမိုကရေစီစစ်နိုင်မယ်လို့
ဒီမိုကရေစီ သဘောတရားတွေကို
လိုက်ရှာပြီး
လုပ်နေခြင်းသာ ဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်း
၁၉ရက် ၁လ ၁၉၄၇ ဖဆပလ

တိုင်းရင်းသားအရေး
အမျိုး အနွယ် ၊ ကိုးကွယ်သည့်ဘာသာတရား
ပြောဆိုသည့် ဘာသာစကား တို့ကို
အရေးထားရမည် ဖြစ်သော်လည်း
စင်စစ်မှာ
အေးအတူ ၊ ပူအမျှ ၊ ကောင်းတူ ဆိုးဘက်
ပူးပေါင်းလျက် နေလိုသော
ဆန္ဒပေါ်တွင် ဝံသာနုရိက္ခိတ တရားသည် တည်နေပေသည်။

ဗိုလ်ချုပ်အောင်ဆန်း
၂၀ရက် ၁ လ ၁၉၄၆ ရွှေတိဂုံအလယ်ပစ္စယံ

တော်လှန်ရေး

တော်လှန်ရေးဆိုတာ
လူထုက လူထုရဲ့ ကံကြမ္မာကို အခြေခံကနေပြီး ဖန်တီးရာမှာ
ဘယ်လိုပဲ ဖြစ်ဖြစ် ဆိုပြီး လူထုကိုယ်တိုင် ပါဝင်
ဆောင်ရွက်ခြင်းဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်း
၁၉ ရက် ၅ လ ၁၉၄၇

နိုင်ငံရေး
နိုင်ငံရေးသည် လူမှု လူရေးမျှသာဖြစ်သည်
နိုင်ငံရေးကို ကျွန်ုပ်တို့ နားမလည်နိုင်စရာမရှိပေ။

ဗိုလ်ချုပ်အောင်ဆန်း
၂၀ရက်၁လ၁၉၄၆ ရွှေတိဂုံအလယ်ပစ္စယံ

အောင်ဆန်း(သို့မဟုတ်) အရိုင်း


Aung San Or A_Yine

၁၉၄၇ ပင်လုံစာချုပ်


၁၉၄၇ ခုနှစ် ပင်လုံစာချုပ်

Thursday, February 11, 2010

ဗိုလ်ချုပ်ရဲ့ မမေ့နိုင်စရာ မိန့်ခွန်းများ



ယခုကမ္ဘာစစ်ကြီးပြီးသည်မှာ နှစ်နှစ်မျှပင် လွန်ခဲ့ပြီးဖြစ်သော်လည်း နိုင်ငံပေါင်း များစွာတို့မှာ ရာရှင်ပေးနည်းစနစ်ကို အသုံးပြုနေရတုန်းပင် ဖြစ်ပါသည်။ ထို့ပြင် အရေးကြီးသော ကုန်စည်များ ဝေငှရေးစနစ်ကိုလည်း ကောင်းသည်ထက် ကောင်းလာအောင် စီမံရန်လိုပါသည်။ ဖြုန်းတီးမှုများနှင့် တစိုးလက်ဆောင်စားမှုများကိုလည်း နှိပ်ကွပ်ပစ်ရပါလိမ့်မည်။

ကျွန်တော်တို့ တိုင်းပြည်အတွင်းမှာဘဲ အရေးကြီးသည့် ကုန်စည်များကို စိုက်ပျိုးလုပ်ကိုင်ရန် စီမံကိန်းတရပ်လည်း ပြုလုပ်ရပါလိမ့်မည်။ ကျွန်တော်တို့ စီးပွားရေးအတွက် နိုင်ငံခြားများနှင့် ဆက်ဆံမှုနှင့် ပတ်သတ်၍ဆိုလျှင် ကျွန်တော်တို့ ထွက်ကုန်ဘက်က ငွေပိုရအောင် အားထုတ်ကြိုးပမ်းကြရပါလိမ့်မည်။ နိုင်ငံငြိမ်သက် သာယာရေး ကိစ္စကလည်း ရှိပါသေးသည်။ နေထိုင်ရေး စရိတ်လျော့ပေါ့သက်သာရေး ကိစ္စကြီးကို ရွက်ဆောင်ကြရာ၌ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်ဖြစ်သော အခြားကိစ္စများလည်း ဧကန်ပင် ပေါ်ပေါက်လာပါလိမ့်မည်။

နေထိုင်ရေး စရိတ်လျော့ပေါ့သက်သာရေးကိစ္စနှင့် စပ်လျဉ်း၍ ထည့်သွင်းပြောပြခဲ့ပြီး ဖြစ်သော အဆိုပါကိစ္စများကို ကျွန်တော် အကျယ်ချဲ့ပြောရမည်ဆိုလျှင် အရေးမကြီး မရှိလည်း ဖြစ်နိုင်သော ကုန်စည်များ သွင်းယူမှုဆိုလျှင် ကျွန်တော်တို့မှာ မရှိမဖြစ် အရေးကြီးသည့် ကုန်တွေ အကြီးအကျယ် ရှားပါးနေသည့်အချိန်တွင် စည်းစိမ်ခံကုန်၊ အရေးကြီးသည့် ကုန်များကို သွင်းယူ စည်းစိမ်ခံနေကြရန် မလိုဘူးဆိုသည့် အချက်ဖြစ်ပါသည်။ တိုင်းသူပြည်သားများမှ မရှိမဖြစ် အရင်းခံလိုအပ်သည့် ကုန်ပစ္စည်းများ ပြည့်စုံမှုလိုပါသည်။

အဆိုပါ ကုန်ပစ္စည်းမျိုးကိုသာ ကျွန်တော်တို့က ရအောင်စီမံပေး၍ စည်းစိမ်ခံ ကုန်များကို လုံးဝထုတ်ပစ်ဖို့ လိုပါသည်။ အစိုးရဌာနများနှင့် ပတ်သက်၍မူကား ကျွန်တော်ပြောခဲ့သည့်အတိုင်း အချို့ဌာနများမှ အမှုထမ်းများ အဆမတန် ရှိနေပါသည်။ ကျွန်တော်တို့က တစ်ဌာနစီ တစ်ဌာနစီခွဲ၍ ဌာနအသီးသီးမှာ ရှိသည့်အမှုထမ်းတွေ ရာထူးတွေဟာ တကယ်လိုသည် မလိုသည်ကို စစ်ဆေးကြည့်ရှုရပါလိမ့်မည်။ ရာထူးများရှိ အမှုထမ်းများ လုပ်ကိုင်နေသည့် အလုပ်များကို စစ်ဆေးကြည့်၍ ထိုအလုပ်များသည် တိုင်းပြည်၏ စီးပွားရေးနှင့် အခြားအရေးများအတွက် မည်မျှလောက် အကျိုးဖြစ်ထွန်းစေသည့် အလုပ်ဖြစ်သည်ကို ဝေဖန်ကြည့်ရပါလိမ့်မည်။ ရာရှင်ပေးရေးစနစ်နှင့် ပတ်သက်၍ဆိုလျှင် ရာရှင်ပေးရေးကို လူအများမနှစ်သက်ဖြစ်နေသည်။ အထူးအားဖြင့် စစ်အတွင်း တိုင်းပြည်အပေါ်တွင် အသားယူ၍ မတရား ချမ်းသာလိုသူတို့က သူခိုးဈေးဖွင့်ခြင်း၊ အဆမတန် အမြတ်ယူခြင်း၊ မတရားမှုများကို ပြုလုပ်ခြင်းကြောင့်ပင် ဖြစ်သညကို လူကြီးမင်းများလည်း သိရှိပါလိမ့်မည်။

ထို့အပြင် ကျွန်တော်တို့ တိုင်းပြည်အတွင်း အကြီးအကျယ် ဖြုန်းတီးမှုများကို လူကြီးမင်းများ ကိုယ်တွေ့မျက်မြင်ဖြစ်ပါလိမ့်မည်။ ရာရှင်စနစ်ကို အသုံးပြုနေသည့် အခြားအခြားသော တိုင်းပြည်များမှာ ဆိုခဲ့သည့် ဖြုန်းတီးမှုများ၊ အဟောသိကံဖြစ်မှုများ မရှိပါ။ ရာရှင်ပေးမှု၏ ရည်ရွယ်ချက်တရပ်မှာ တိုင်းသူပြည်သားအားလုံး ညီညီမျှမျှ ရကြစေရန် ဖြစ်ပါသည်။

ရာရှင်ပေးခြင်းအားဖြင့် နိုင်ငံခြားသို့ တင်ပို့ ရောင်းချရန်အတွက် အဖိုးတန်ပစ္စည်းများ ကုန်ခန်းခြင်းမှလည်း သက်သာစေပါသည်။ ကျွန်တော်တို့ တိုင်းပြည်နဂိုအခြေသို့ ပြန်လည်ရောက်ရှိရေးအတွက် တိုင်းပြည်၏ ဓနအင်အား၊ စီးပွားရေးအင်အား ပြန်လည်ဖြည့်တင်းစေရန်မှာ ထွက်ကုန်တခုသာလျှင် ရှိပါသည်။ စီးပွားရေး အခြေအနေမှာ မြန်မာပြည်ထက် များစွာကောင်းမွန် တောင့်တင်းသော တိုင်းပြည်ကြီးများစွာတို့မှာ ရာရှင်စနစ်ကို သုံးနေဆဲပင် ဖြစ်ပါသည်။

ထိုတိုင်းပြည်ကြီးများမှာ ခြိုးခြံချွေတာရတုန်းပင် ဖြစ်ပါသည်။ ကျွန်တော်တို့ တိုင်းပြည်မှာကား ခြိုးခြံခြင်းမရှိသလောက်ဖြစ်ရာ စီးပွားရေး တောင့်တင်းမှုအတွက် အနည်းငယ်မျှ ခြိုးခြံမှုကို မပြုနိုင်ရန် အကြောင်းမရှိပါ။ စုပေါင်းရောင်းဝယ်ရေး အဖွဲ့များလည်း ဖြစ်နိုင်သည့် နေရာတိုင်းမှာ ဖွဲ့စည်းထားရန် လိုပါသည်။ ရှေးက မြန်မာပြည်မှာ စုပေါင်းရောင်းဝယ်ရေး အသင်းများ ပျက်ပြားခဲ့ရသည်မှာ ထိုအဖွဲ့အသင်းများကို တိုင်းသူပြည်သားတို့က စေတနာဖြင့် ပူးပေါင်းဆောင်ရွက်မှုအပေါ်တွင် ခိုင်မြဲအောင် မ'တည် ခဲ့ကြခြင်းကြောင့် ဖြစ်ပါသည်။

တိုင်းသူပြည်သားတို့က ထိုအဖွဲ့များ၏ အကျိုးသည် ငါတို့၏ အကျိုးပင်ဖြစ်ပါတကားဟု သဘောပိုက်ကြသည့် အရပ်များတွင်ကား ထိုအဖွဲများမှ စည်ပင်ဖွံ့ဖြိုးလျက်ရှိကြပါသည်။ ကျွန်တော်တို့ တိုင်းပြည်မှာဆိုလျှင် စုပေါင်းရောင်းဝယ်ရေး မရှိသည့် အရပ်များ၌ ကုန်စည်များဝေငှရေးကို စီမံပေးမှုအတွက် အစည်းအရုံး အမျိုးမျိုးပါဝင်သည့် ပြည်သူပြည်သား ကော်မီတီများ ဖွဲ့စည်းထားရန် ဖြစ်နိုင်မည့် အရေးကို စဉ်းစားကြည့်ရန် လိုပါသည်။ စုပေါင်း ရောင်းဝယ်ရေး အဖွဲ့များအတွက် စစ်ဆေးကြည့်ရှုရေးအဖွဲ့များ လိုမည်ဖြစ်ရာ ထိုအဖွဲ့မျိုးထားရှိရေးကိစ္စကိုလည်း စုံစမ်းကြည့်ရန်လိုပါသည်။ အချင်းချင်း စုပေါင်းပြီး သတင်းအပြန်အလှန် ရယူရေးနှင့် စုံစမ်းရှာဖွေရေးသည်လည်း လိုပါသည်။ ဤကိစ္စအတွက် အသင်းအဖွဲ့များက လိုသောသတင်းများကို ပေးနိုင်ပါလိမ့်မည်။

ငွေရင်း နိုင်ငံပြင်ဖက်သို့ ထွက်မသွားစေရန် အချို့သော နိုင်ငံများ၌ တတ်နိုင်သမျှ ကာကွယ်ရန် ကြိုးစားကြပါသည်။ ငွေရင်း နိုင်ငံပြင်ပသို့ ထွက်သွားလျှင် ကျွန်တော်တို့၏ ဝယ်အားကို စွန့်ပစ်လိုက်သကဲ့သို့သာ ဖြစ်ပေမည်။ ကျွန်တော်တို့ နိုင်ငံခြားမှ ငွေချေးယူရခြင်းကို တတ်နိုင်သမျှ လျော့ပေါ့သက်သာသွားအောင် ငွေစုရေးကို အားပေးရပေလိမ့်မည်။

ဆီ၊ ငရုတ်၊ ကြက်သွန် အစရှိသည်တို့ကို ဝယ်ယူသုံးစွဲကြရသဖြင့် ကျွန်တော်တို့ ငွေအလွန်ကုန်ကျနေပါသည်။ ¤င်းကုန်ပစ္စည်းများမှာ မိမိတို့တိုင်းပြည်၌ မိမိတို့ စိုက်ပျိုးနိုင်ပါလျက် ဤကဲ့သို့ အခြားနိုင်ငံမှ မှာယူသုံးစွဲရမည်ဆိုသည်မှာ ကျွန်တော်တို့ ငြင်းဆိုခြင်းမပြုနိုင်သည့် စွပ်စွဲချက်ဖြစ်၍ များစွာရှက်ဖွယ်ကောင်းလှသည်။ ထိုနည်းတူစွာ လူတို့၏ အရေးကြီးလှသော အသုံးအဆောင်ဖြစ်သည့် နွားနို့ကိုလည်း သွင်းယူလျက်ရှိ၏။

ကျွန်တော်တို့ လုံ့လပြုလျှင် ထိုပစ္စည်းကိုလည်း နိုင်ငံတွင်းမှာပင် လိုသလောက် ရနိုင်ပါသည်။ ယခင်က စီးပွားရေး အခြေအနေကို ပြန်လည်ရရှိစေရန်အတွက် ကျွန်တော်တို့သည် ဤကဲ့သို့ ကြက်သွန်၊ ငြုတ်၊ ဆီ အစရှိသော ပစ္စည်းများ တန်ချိန်မည်ရွေ့မည်မျှသာ ဝင်လာစေသင့်သည်ကို ကြီးကြပ်အုပ်ချုပ်ရန် လို မလိုကို စဉ်းစားရန် လိုပေသည်။ ¤င်းကုန်များ ဝယ်ယူသုံးစွဲခြင်းကို မရပ်ဆိုင်းပဲနေခဲပါက ကျွန်တော်တို့သည် ¤င်းအသီးအနှံများကို လိုသလောက် ရအောင် စိုက်ပျိုးဖြစ်ကြတော့မည် မဟုတ်ပါ။

ထို့နောက် ငြိမ်ဝပ်ပိပြားရေးကို ပြောပြလိုပါသည်။ အဓိက ပြဿနာများတွင် ငြိမ်ဝပ်ပိပြားရေးအကြောင်းကို နောက်ဆုံးမှ ပြောရန် စီစဉ်ထားပါသည်။ ဤကဲ့သို့ နောက်ဆုံးထည့်ထားရာ ငြိမ်ဝပ်ပိပြားရေးသည် အရေးမကြီးသော ကိစ္စမဟုတ်ဟု မဆိုလို။ ကျွန်တော်၏ ရည်ရွယ်ချက်မှာ ငြိမ်ဝပ်ပိပြားရေး၏ အခြေခံအကြောင်းကား အားလုံးသော ကိစ္စအဝဝနှင့် သက်ဆိုင်သည့် အရင်းခံအကြောင်းကိစ္စဖြစ်သဖြင့် ဤကဲ့သို့ နောက်ဆုံးပြောဆိုရန် စီစဉ်ခြင်းဖြစ်ပါသည်။

သာမန်အချိန်မျိုးတွင် နိုင်ငံငြိမ်ဝပ်သာယာမှုသည် စီးပွားရေးအတွက် မည်မျှလောက် အရေးကြီးသည်ကို ကောင်းစွာ မထင်ရှားသော်လည်း ယခုကဲ့သို့ ရိုးရိုးမဟုတ်သော အချိန်မျိုးတွင်မူကား မည်မျှလောက် အရေးတကြီး သက်ဆိုင်နေသည်မှာ ထင်ရှားလှသောကြောင့် ပြောနေရန်ပင် မလိုပါ။ ဥပမာဆိုလျှင် တိုင်းပြည် မငြိမ်မဝပ်ဖြစ်သည့်အတွက် ခရီးသွားလာရေး၊ ကုန်သွယ်ရေး၊ စက်မှုလက်မှု လုပ်ကိုင်ရေးတို့တွင် လုံခြုံမှုများစွာ ချို့ယွင်းလျက် ရှိနေပေသည်။ နယ်များတွင် မငြိမ်သက်သဖြင့် မြို့များတွင် လာရောက်နေထိုင်၍ လူတွေ ပြည့်ကျပ်လျက် ရှိနေခြင်း ဖြစ်ရပါသည်။

အစိုးရကလည်း ဓါးပြလူဆိုးရန်ကို နှိမ်နင်းနိုင်စေရန် လက်နက်ကိုင် ပုလိပ်နှင့် အပိုပုလိပ်အမှုထမ်းများကို ယခင်က အမှုထမ်းဦးရေထက် များစွာချဲ့ထွင်ခန့်ထားခြင်းဖြင့် နှိမ်နင်းနေရပါသည်။ အားလုံး တခုနှင့်တခု ဆက်နေပါသည်။ သို့သော် ဤကဲ့သို့ ငြိမ်ဝပ်ပိပြားရေးကို စီမံဆောင်ရွက်ရာ၌ လူကြီးမင်းတို့သည် ဤငြိမ်ဝပ်သာယာရေးကိစ္စကို အခြားကိစ္စများနှင့်ခွဲ၍ စီမံခြင်းမပြုကြရန် ကျွန်တော်တို့က တိုက်တွန်းလိုပါသည်။ နည်းမှန်လမ်းမှန်မှာ ဤကိစ္စကို အခြားပြဿနာများနှင့် ပူးတွဲစီမံရန်ဖြစ်ပါသည်။
လူကြီးမင်းများ မည်သို့ ဆောင်ရွက်သင့်သည်ဆိုသည့် အချက်များနှင့် ပတ်သက်၍ ကျွန်တော် အကြံပေးစကား ဤမျှပဲ ပြောကြားလိုပါသည်။ ထို့နောက် တိုင်းပြည်အတွင်းမှာ ယခုမည်ကဲ့သို့ အဖြစ်အပျက် အကြောင်းကိစ္စများကို မည်သို့ ပြုပြင်ပေးသင့်သည် ဆိုသည်များကို အနည်းငယ် ဆက်လက်ပြောကြားလိုပါသည်။ ကျွန်တော့် စာတမ်းမှာလည်း ဤကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်ဖော်ပြပြီး ဖြစ်သည်ကိုလည်း လူကြီးမင်းများ တွေ့ရှိရလိမ့်မည်။ ဤကိစ္စဟာ အလွန်ရှုပ်ထွေး ခက်ခဲသည် ဖြစ်သောကြောင့် ပေါ်ပေါက်သည့် ပြဿနာများကို သေသေချာချာ ဝေဖန်ရှင်းလင်း ကြည့်ရှုပြီး ထိုပြဿနာများကို ဖြေရှင်းရေးအတွက် မည်သို့သော နည်းများဖြင့် ပြုပြင်အပ်သည်ကို သေသေချာချာ ဝေဖန် သတ်မှတ်ပေးရန် လိုပါလိမ့်မည်။

စစ်ကြီးကြောင့် တိုင်းပြည်စီးပွားရေး မည်မျှပျက်စီးသွားသည်ဆိုသည်ကို ကျွန်တော်က အထူးပြောပြရန် မလိုပါ။ ကျွန်တော်တို့ ဘာကိုပဲလုပ်လုပ် စီးပွားရေးပျက်စီးနေသည့် တစ္ဆေ၊ သဘက်ကြီးနှင့် မျက်နှာချင်းဆိုင်တွေ့၍သာ နေရပါသည်။ ကျွန်တော်တို့ ဗမာတပြည်လုံး အပျက်အစီး လွတ်သည့်နေရာ ဟူ၍ မရှိပါဘူး။ ဗမာပြည်သည ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများထက် ပိုမိုပျက်စီး ဆုံးရှုံးခြင်းခံရသည်မှာ ယုံမှားစရာမရှိပါ။ ကျွန်တော်က လူကြီးများ စိတ်ပျက်ဖွယ်ဖြစ်အောင် ဤစကားကို ပြောရခြင်း မဟုတ်ပါဘူး။ လူကြီးမင်းများ ဆောင်ရွက်ရမည့် ကိစ္စကြီး ဖြစ်သည်။ ကိုယ့်တိုင်းပြည်အကျိုးကို ကိုယ်ဆောင်ရွက်ရန် ရှေးက ကျွန်တော်တို့ အမျိုးသားများ မရခဲကြဖူးသော အခွင့်အရေးမျိုးကို လူကြီးမင်းများ ရရှိကြသည်ဆိုသည့်အချက်များကို လူကြီးမင်းများ သေသေချာချာ သိရှိကြဖို့ ကျွန်တော်ပြောရခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ပထမဦးဆုံး လိုအပ်သည့်အချက်က စီးပွားရေးဘက်မှ အခြေခံကောင်းကောင်းနှင့် ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်းစဉ်ရေးဆွဲထားဖို့ ဖြစ်ပါသည်။ အချို့က စီးပွားရေး အခြေခံကောင်းကောင်း ပြန်လည်ထူထောင်သလို၊ နိုင်ငံရေးဘက်ကလည်း အခြေခံကောင်းကောင်းနှင့် ပြန်လည်ထူထောင်ရန်လိုသည်ဟု ဆိုကောင်းဆိုကြပေလိမ့်မည်။ စီးပွားရေးနှင့် နိုင်ငံရေးဆိုသည်မှာ အချင်းချင်း အညမည ဆက်သွယ်နေသည့်အတွက် တခုနှင့် တခု သီးခြားခွဲခြားထား၍ မရနိုင်ပါ။ ယခုအစည်းအဝေးမှာ နိုင်ငံရေးနှင့် ပတ်သက်ပြီး ကျွန်တော်ပြောဖို့ မကြံရွယ်ပါ။ သို့သော် လူကြီးများ ရွက်ဆောင်ရမည့်ကိစ္စတာဝန်နှင့် တမျိုးတမည် သက်ဆိုင်နေသည့် အချက်တချက်ကိုတော့ ပြောလိုပါသည်။

ထိုအချက်မှာ ယခုလို အခြေအနေမှာ နိုင်ငံချဲ့ဝါဒ တိုက်ခိုက် တွန်းလှန်တဲ့အလုပ်ကို လုပ်ရန် ကျွန်တော်တို့မှာ ရှိတဲ့ အချိန်နှင့် အင်အားကို အလဟဿ ဖြုန်းတီးပြစ်ရာရောက်လိမ့်မည် ဆိုသည့်အချက်ပါပဲ။ ရှေးကဆိုလျှင် တိုင်းပြည်မှာ တစုံတရာမကောင်းဖြစ်လျှင် နိုင်ငံချဲ့စနစ်ကြောင့် ဖြစ်သည်ဟုဝိုင်းပြီး အပြစ်တင်လေ့ ပြုခဲ့ကြပါသည်။ ကျွန်တော့်အတွက်ဆိုလျှင် ထိုကဲ့သို့ နိုင်ငံချဲ့စနစ်ကို အပြစ်တင်ခြင်းသည် မှန်သည့်အခါ မှန်ခဲ့ပါသည်။

အခြားတတိုင်းတနိုင်ငံက နိုင်ငံချဲ့စနစ်နှင့် လွှမ်းမိုးခြင်းခံရလျှင် မည်သည့်နိုင်ငံမျိုးမှမဟုတ် တကယ်မကြီးပွားနိုင်ပါဘူး။ သို့သော် ဤဗမာနိုင်ငံမှာဆိုလျှင် ခေတ်ကြီး ပြောင်းလာခဲ့ပါပြီ။ ကျွန်တော်တို့ အမျိုးသားများလက်သို့ အာဏာပြန်၍ ရောက်ရမည်မှာ ဧကန်ဖြစ်နေပါပြီ။ အိန္ဒိယပြည်မှာ ယခုဖြစ်ပျက်နေသည့် အကြောင်းတရားများကို ကြည့်လျှင် ဗြိတိသျှအစိုးရက အိန္ဒိယပြည်နှင့် မြန်မာပြည်တွင် အိန္ဒိယတိုင်းသားနှင့် မြန်မာလူမျိုးများလက်သို့ အာဏာကို လွှဲပြောင်းပေးအပ်ရတော့မှာ မကြာတော့ဘူးဆိုသည်ကို ကျွန်တော်သဘောရသလို လူကြီးမင်းများလည်း သဘောရကြပါလိမ့်မည်။

ဤအစည်းအဝေးမှာ ဤကိစ္စကို ကျွန်တော်က အကျယ်ချဲ့ပြီး ပြောရမည့်အခါ မဟုတ်ပါဘူး။ ရာဇဝင် အစဉ်အလာကိုလည်း ကျွန်တော်သိတန်သရွေ့ သိပါသည်။ လက်တွေ့နိုင်ငံရေးကိုလည်း လုပ်ခဲ့ဖူးပါသည်။ တရပ်တကျေးမှဖြစ်သော နိုင်ငံချဲ့စနစ်သည် ဖြူးဖြူးဖြောင့်ဖြောင့် သာသာယာယာနှင့် အာဏာကို လက်လွှတ်မည်၊ မလွှတ်မည် ဆိုသည်ကို ပြည်သူပြည်သားများသည် မိမိတို့ ကြီးပွားရေး၊ တိုးတက်ရေး လမ်းစကို တီထွင်ဖို့ ပျင်းရိနေကြလို့၊ စိတ်မပါကြလို့ မဟုတ်ပါဘူး။ ဤကဲ့သို့ ဖြစ်နေရခြင်းမှာ နောက်မှာပင် သိရှိရမည့်အရာ ဖြစ်ကောင်းဖြစ်လိမ့်မည်။ ယခု ကျွန်တော်ပြောလိုသည်မှာကား ... ကျွန်တော်သည် လှေနံဓါးထစ် ဝါဒမျိုးရှိသူ မဟုတ်ကြောင်း ဖြစ်ပါသည်။ ဤအကြောင်းနှင့် ပတ်သက်၍ ပြောရာ၌ ကျွန်တော်ဆိုလိုချက်မှာ စစ်ကြီးမဖြစ်မီက နိုင်ငံနယ်ချဲ့ဝါဒသည် တွန်းလှန်တိုက်ခိုက်ရမည့် အရာမည်မျှမှန်သော်လည်း ယခုမူကား အသစ်ပေါ်ပေါက်သော အကြောင်းခြင်းရာများကို ထောက်ချင့်၍ အခြေအါနေကို ဝေဖန်ရပါလိမ့်မည်။ ယခုခေတ်၌ တကယ် အချုပ်အခြာအာဏာသည် တိုင်းသူပြည်သားလူအများတို့လက်တွင် တည်ရှိသည် ဆိုသည့်အချက်ကို နေရာတကာတွင် ယူဆထားကြပြီး ဖြစ်ပါသည်။ ယခု ကျွန်တော်တို့ တွေ့ကြုံနေရသည့် လက်ငင်း ပြဿနာများနှင့် ပတ်သက်၍ ကျွန်တော်တို့ နိုင်ငံမှာ ပေါ်ပေါက်နေသည့် ပြဿနာများကို ထောက်ရှု၍ ဆိုရလျှင် ကျွန်တော်တို့ ချက်ခြင်းလက်ငင်းဖြေရှင်းရေး၊ ရှာကြ့ရမည့်ကိစ္စကြီး ရှစ်ရပ်ရှိသည်ဟု ဆိုနိုင်ပါသည်။

ထိုကိစ္စများမှာ ...

(၁) နေနိုင်ရေးစရိတ်လျော့ပေါ့ရန် တိုင်းသူပြည်သားများ၏ နေနိုင်ရေးစရိတ်ကို နဂိုအခြေသို့ ပြန်ရောက်အောင် ပြုပြင်ပေးရန်။

(၂) အလုပ်လက်မဲ့များ လျော့သွားအောင် တတ်နိုင်လျှင် အလုပ်လက်မဲ့ လုံးဝပပျောက်သွားအောင် ပြုပြင်ပေးရန်။

(၃) လမ်းပန်းအဆက်အသွယ်များကို ပြန်လည်ထူထောင်၍ တိုးချဲ့ပေးရန်။

(၄) အိုးခြေအိမ်ခြေ ထူထောင်နိုင်အောင် စီစဉ်ပေးရန်။

(၅) ပညာရေးပြန်လည်ထူထောင်ရန်။

(၆) ပြည်သူလူအများ ကျန်းမာရေးအတွက် စီစဉ်ပေးရန်။

(၇) နိုင်ငံအုပ်ချုပ်ရေးကို စေတနာ ကောင်းစွာနှင့် သန့်ရှင်းကျေပွန်စွာ ထမ်းရွက်ခြင်းရှိအောင် ပြုပြင်ပေးရန်။

(၈) နိုင်ငံငြိမ်းချမ်းသာယာလာအောင် ဆောင်ရွက်ပေးရန်။

အထက်ပါ ပြဿနာကြီးများကို ချက်ခြင်းလက်ငင်း ရှင်းလင်းရေးအတွက် ကျွန်တော်တို့ လက်ဦးပထမ အားသွန်ကြိုးပမ်းဆောင်ရွက်ကြရန် အဓိကဖြစ်သည်ဟု ထင်မြင်ပါသည်။

ဤကဲ့သို့ ကျွန်တော်တို့ ရွက်ဆောင်စရာရှိသည့် အချက်များ ထမြောက်အောင်မြင်စေရန် ကျွန်တော်တို့ ဘယ်အချက်အလက်များကို ဆောင်ရွက်သင့်သည်ဆိုသည်ကို ယခုစဉ်းစားကြည့်ဖို့ လိုပါသည်။ နေထုင်ရေးစရိတ်စက လျှော့ချဖို့ ကိစ္စနှင့် ပတ်သက်၍ဆိုလျှင် ယခုကဲ့သို့ စရိတ်ကြီးမြင့်နေရသည့် အကြောင်းရင်း ပထမ အချက်မှာ အရေးမကြီး၊ မရှိလည်း ဖြစ်နိုင်သော ကုန်စည်များကို ဈေးကြီးကြီးပေး၍ ဝယ်နေရခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ထိုသို့ အရေးကြီးလှသော ကုန်စည်များကို နိုင်ငံခြားမှ အတင်အသွင်းလျှော့ရန်၊ သို့မဟုတ် လုံးဝ ရပ်စဲပစ်ရန် လိုပါသည်။ နိုင်ငံခြားမှ အဆိုပါ ကုန်စည်ပစ္စည်းတွေကို ဝယ်ယူနေရသည်မှာ နိုင်ငံ၏ ငွေကြေးဘဏ္ဍာ မကုန်သင့်ဘဲ အလဟဿ ကုန်နေရပါသည်။

ဤကဲ့သို့စီးပွားရေးဘက်က ကျွန်တော်တို့ နစ်နာဆုံးရှုံးဖြုန်းတီးနေသည့်အချက်ကို ရပ်စဲဖြတ်တောက်ပစ်ရန် နည်းလမ်းများ ရှာကြံရပါလိမ့်မည်။ ကျွန်တော်တို့ ငွေတွေ ကျွန်တော်တို့ တိုင်းပြည်အပြင်ကို ထွက်နေရပါသည်။ ဤကဲ့သို့ ထွက်နေခြင်းကို ကျွန်တော်တို့ စစ်ဆေးကြည့်ရှုရပါလိမ့်မည်။ နေထိုင်ရေးစရိတ် လျှော့ပေါ့ ထားစေလိုလျှင် တိုင်းပြည် အုပ်ချုပ်ရေးဘက်တွင် တတ်နိုင်သမျှ ခြိုးခြံချွေတာရန် လိုပါလိမ့်မည်။ ယခု လက်ရှိအုပ်ချုပ်ရေးမှာ တိုင်းပြည်က စရိတ်မတတ်နိုင်လောက်သော အုပ်ချုပ်ရေး ဖြစ်နေပါသည်။ ထို့ကြောင့် ကျွန်တော်တို့က ချက်ခြင်း လက်ငင်းပင် အသုံးစရိတ်ကို လျှော့ချပစ်ရပါသည်။ ထို့နောက် နေထိုင်ရေးလျှော့ပေါ့သက်သာလာစေအောင် ရာရှင်ပေးနည်းကို သုံးသင့် မသုံးသင့် စဉ်းစားရပေလိမ့်မည်။¤င်းအပြင် လူကြီးမင်းတို့၏ ရှေ့မှောက်သို့ ရောက်လတံသော ပြဿနာ အရပ်ရပ်တို့ကို ကျွမ်းကျင်သူ အနေမျိုး မဟုတ်ပဲ သာမန်လူစား အနေမျိုးဖြင့် စစ်ဆေးစောကြော စေလိုပါသည်။ ကျွမ်းကျင်သူ၏ ထင်မြင်ချက်ဆိုလျှင် လူအများမှာ မလွန်ဆန်ဝံ့ ဖြစ်နေတတ်ကြပါသည်။ လုပ်ငန်းအမျိုးမျိုး ဆိုင်ရာဘက်က ကျွမ်းကျင်သူများစွာကို ကျွန်တော် တွေ့ဖူးပါသည်။ ထိုပုဂ္ဂိုလ်များဟာ များစွာပင် အသုံးကျပါသည်။

တိုင်ပင်လည်း တိုင်ပင်ထိုက်သည့် ပုဂ္ဂိုလ်တွေ ဖြစ်ပါသည်။ သို့သော်လည်း လူကြီးမင်းတို့ကို သတိပေးလိုသည်မှာ ထိုပုဂ္ဂိုလ်တွေရဲ့ ထင်မြင်ယူဆချက်ဟာ အမှားမရှိနိုင်ဘူးဟု မထင်ကြစေရန် ဖြစ်ပါသည်။ လူထုကို စကားပြောတိုင်း ပြောတိုင်း ကျွန်တော် ဤကဲ့သို့ သတိပေးဖူးပါသည်။ ယခုလည်း ထပ်မံ သတိပေးရန် လိုပါသည်။

ထိုပုဂ္ဂိုလ်များဟာလဲ သာမန်လူပုဂ္ဂိုလ်တွေပါပဲ။ ထို့ကြောင့် သူတို့ ထင်မြင်ယူဆချက်တွေဟာ အမှားဖြစ်ချင် ဖြစ်မှာပဲ။ အမှန်ကတော့ အဆိုးအကောင်း ဝေခွဲတတ်သော သာမန်လူစားတို့၏ အတွေ့အကြုံ၊ အကြံဉာဏ် ဗဟုသုတများလဲ ကျွန်တော်တို့ လုပ်ရမည့် အမှုကိစ္စတွေအတွက် အရေးကြီးပါသည်။

နောက်တရပ် ကျွန်တော်တို့ သတိထားရမည့် အချက်မှာ၊ ကျွန်တော်တို့ဟာ အကြောင်းတခုကို စာရင်းအင်းနှင့် အမြင်အားဖြင့် အခိုင်အမာာ သဘောသက်ရောက်အောင် ပြောလာပြီဆိုရင် ယုံလွယ်တတ်ကြသည့် အန္တ့ရာယ်ဖြစ်ပါသည်။ စာရင်းအင်းများကို ကျွန်တော် များစွာလေ့လာခဲ့ဖူးသည်။ ကိုယ့်တွေ့ ဗဟုသုတအရ ပြောရမည်ဆိုလျှင် ¤င်းတို့ကို ကြည့်၍များစွာ နားလည်အကူအညီရသော်လည်း ပထမက ထင်မြင်စိတ်ကူးထားချက်တွေ အခိုင်အမာဖြစ်အောင် စုဆောင်းပြုလုပ်ထားသည့် စာရင်းအင်းမျိုးနှင့် တွေ့ကြုံနေကြရမည့် အချက်ကို သတိပြုထားကြဖို့ လိုပါသည်။ လီနင်ရဲ့ အတ္ထုပတ္တိကို ဖတ်ဖူးသူများ သိပါလိမ့်မည်။

လီနင်သည် စာရင်းအင်းကို ကောင်းစွာ တတ်ကျွမ်းတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်ပါသည်။ သို့သော် လီနင်သည် အသက်ရှင်စဉ်က ပြောဖူးသည်မှာ၊ သူသည် စာရင်းအင်း ဂဏန်းသင်္ချာတွေပါရှိတဲ့ စာအုပ်များမှတပါး၊ အခြားစာအုပ်များကို ဖတ်လေ့ဖတ်ထ မရှိဟု ပြောပါသည်။ သို့သော် လီနင်သည် စာရင်းအင်း အထောက်အထားရှိတိုင်း အမှန်ဟူ၍ အရမ်းကာရော လက်မခံဖို့ မပြတ်သတိပေးစကား ပြောကြားခဲ့ပါသည်။

အထက်က ကျွန်တော်ပြောခဲ့သည့်အတိုင်း စာရင်းအင်း အထောက်အထားနှင့် ပြောဆိုခြင်းဟာ အကျိုးရှိသည့် အလေ့အထမျိုးဖြစ်သော်လည်း၊ ထိုစာရင်းအင်းအထောက်အထား ပြုလုပ်ထားသည့် ရည်ရွယ်ချက် သဘောလက္ခဏာများကို စောကြောစစ်ဆေးဖို့ရန် အလွန်အရေးကြီးပါသည်။ သို့သော်လည်း အရေးအကြီးဆုံးမှာကား ကျွန်တော်တို့သည် ¤င်းတို့ကို အထောက်အထားပြု၍ လမ်းမှန်အတိုင်း ထင်မြင်ယူဆနိုင်ဖို့ရန် အရေးကြီးပါသည်။

နောက်တချက်ပြောလိုသည်မှာ ရှေးဦးလုပ်သင့်သည့် လုပ်ငန်းကို ရှေးဦးလုပ်ကိုင်သွားသော နည်းစနစ်ကို လိုက်နာရန် အကြောင်းပင်ဖြစ်ပါသည်။ ကိစ္စအမြောက်အမြားကို တကြိမ်တည်း စဉ်းစားဆွေးနွေးသည့် အလုပ်ကို မပြုလုပ်ရန် သတိထားရပါလိမ့်မည်။ အရေးမကြီးလှသော ကိစ္စများကို အရေးကြီးသော ကိစ္စများအရင် တင်ကူး၍ဆောင်ရွက်ခြင်း မပြုအပ်ပါ။ မိမိကိုယ်တိုင် တင်ကူးနှစ်ခြိုက်လျက်ရှိနေသော အကြောင်းခြင်းရာများကို ပထမဦးစွာ အရေးယူလိုသော စိတ်ဆန္ဒများ ပေါ်ပေါက်လာတတ်ပါသည်။ သို့ရာတွင် ဤသို့ မဖြစ်စေရန် သတိမူရန် လိုပါသည်။ မည်သည့်ကိစ္စသည် ပထမဦးဆုံး ဆောင်ရွက်အပ်သည့် ကိစ္စဖြစ်သည်ကို သဘောတူညီချက်ရယူပြီးလျှင် ထိုကိစများကို ဆောင်ရွက်သွားရပေလိမ့်မည်။

အကိုးအစဉ် လုပ်နည်းကိုင်နည်း၊ အကိုးအစဉ် ယူနည်းဆနည်း တို့ကို လိုက်နာလိုသော စိတ်များလည်း ပယ်ဖျောက်ပစ်ကြစေလိုပါသည်။ တနေရာတွင် သုံးရန် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းစည်းကမ်းချက်မျိုးမှာ လုံးဝခေတ်နောက်ကျ နေသေးသော လုပ်ထုံးလုပ်နည်း ဖြစ်နေတတ်ပါသည်။ လုပ်ရိုးလုပ်စဉ် သတ်မှတ်ရခြင်းမှာ အလုပ်ကို လျင်မြန်တွင်ကျယ်စေရန် ဖြစ်ပါသည်။ သို့ဖြစ်ငြားသော်လည်း လုပ်ထုံးလုပ်နည်းသည် အကျိုးကျေးဇူးမဖြစ်ရုံမက အလုပ်မတွင်ကျယ်ပဲ အလုပ်ကို လေးလံနှောင့်နှေးစေမည်ဖြစ်လျှင် ထိုထုံးနည်းကို ဖျက်ပယ်ပစ်ရန်သာ သင့်တော့သည်။ အချို့သော အစိုးရဌာနရုံးများနှင့် ပတ်သက်၍လည်း ဤနည်းပင် ပြောရပေလိမ့်မည်။

အချို့အချို့သော အစိုးရဌာနတို့မှာ ရှေးအခါက အသုံးဝင်ခဲ့သည် ဖြစ်သော်လည်း ယခုအခါတွင် အသုံးဝင်ချင်မှ ဝင်ပေတော့မည်။ ¤င်းဌာနများသည် တိုင်းပြည်အုပ်ချုပ်ရာတွင် ဖေ့နှေးစေမည်ဖြစ်ပါ၍ ¤င်းတို့ကို လုံးဝဖျက်သိမ်းရန်အတွက် အကြံပေးပါက ထိုသို့ အကြံပေးချက်မှာ သင့်မြတ်သည်ဟု ဆိုရပေလိမ့်မည်။ အစိုးရဌာနရုံးရှိနေသည်ဟူသော အကြောင်းမျှဖြင့် ထိုဌာနများမှ ထင်မြင်ချက်များ၊ စီမံကိန်းများကို လက်ခံရန် မလိုပေ။ စိတ်ကူးရာတွင် အတူတူ၊ လုပ်ဆောင်ရာတွင် အတူတူ၊ ပြောဆိုရာတွင် အတူတူဆိုသော အလေ့အထမျိုးကို ဂရုဓမ္မစိုက်ထုတ်၍ ရှောင်ရှားရမည်။ ဆွေးနွေးကြံဆရာ၌ တမျိုးတည်း တနည်းတည်း ကြံဆလုပ်ကိုင်နေမည်ဆိုရင် အဟောသိကံ မဖြစ်သင့်ပဲ ဖြစ်ရခြင်းများ ပေါ်ပေါက်လာသည်ကို တွေ့ရတတ်ပါသည်။

ယခုလုပ်ဆောင်ရမည့် လုပ်ငန်းနှင့် စပ်လျဉ်း၍ ပြောကြားလိုသော အခြားအကြောင်းတရပ်မှာ တစ်ကြိမ်လျှင် ကိစ္စတစ်ခုကိုသာ ဆောင်ရွက်၍ ဆောင်ရွက်ရာ၌လည်း မကြောက်မရွံ့ ရဲဝံ့စွာဖြင့် လုပ်ကိုင်ကြရန် တိုက်တွန်းလိုပါသည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ရေးဆွဲရာ၌ အရှုပ်အထွေးမရှိ၊ လုပ်ကိုင်၍ ဖြစ်နိုင်သော စီမံချက်တို့ကို ပြုလုပ်ရန် လိုပေသည်။ သို့ရာတွင် တကယ်ဖြစ်ထွန်းမည်ကို ရှေးရှုမြော်မြင်နိုင်သော စိတ်ကူးဉာဏ် ရှိရပေလိမ့်မည်။

အရေးကြီးသော ကိစ္စများတွင် တတ်စွမ်းနိုင်သမျှ တခုပြီးတခု လုပ်ရပေလိမ့်မည်။ တပြိုင်နက် အကြံအစည်းများလွန်းက ဘေးဥပါဒ်အန္တ့ရာယ်များ ဆိုက်ရောက်တတ်ပေသည်။ မိမိတို့ တိုင်းပြည်အတွင်း အစွမ်းကုန် ဆောင်ရွက်လိုသော စိတ်ဆန္ဒ ထက်သန်ခြင်းကြောင့် စီမံချက်များ ပြုလုပ်ရာတွင် လိုဘကြီးလွန်းသော စီမံကိန်းများ မပြုလုပ်မိရန်အတွက် ဂရုပြုရပေလိမ့်မည်။ အစီအမံကောင်းသူမှန်လျှင် တစခန်းပြီးမှ တစခန်းသို့ တက်လှမ်းကြမြဲဖြစ်သည်။ ဆိုလိုသော အချကမှာ တကြိမ်တခါတည်းတွင် တလှမ်းတည်းသာ လှမ်းရမည်ဟူ၍ မဟုတ်ပေ။ လိုအပ်၍ဖြစ်နိုင်လျှင် တကြိမ်တည်း တလှမ်းတင်မက နှစ်လှမ်းသုံးလှမ်း တက်လှမ်းရန် အသင့်ရှိရမည့် အပြင်၊ သို့ပြုလုပ်ရန် အရည်အချင်းလည်း ရှိရပေလိမ့်မည်။
မကျေနပ်လျှင် ထွက်ပေးမည်

(၁၉၄၇ ခုနှစ်၊ မေလ ၃ဝ ရက်နေ့၊ သတင်းစာ ဆရာများ အစည်းအဝေးတွင် ပြောကြားချက်များ)

လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ်နိုင်ငံရေး လုပ်ရဦးမှာပဲ။ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်။ ကျုပ်လုပ်နေတဲ့ အချိန်အတွင်းမှာတော့ ကျွန်တော့်ရဲ့ ယုံကြည်ချက်အတိုင်း အနိုင်မခံ အရှုံးမပေးပဲ နောက်ဆုံးအချိန်အထိ လုပ်မှာပဲ။

ပြန်လည်ထူထောင်ရေး

ပြန်လည်ထူထောင်ရေး ကွန်ဖရင့် အစည်းအဝေးက မကြာမီ ခေါ်ယူပြီး လက်ငင်းချက်ခြင်း လုပ်စရာရှိသမျှကို အစီအစဉ်များ ရေးဆွဲမယ်။ အစိုးရတို့ ယခုလုပ်နေပုံမှာ ဆန်စင်ရာ ကျည်ပွေ့လိုက် ဆိုသလို ဟိုကဆူရင် ဟိုလိုက်လိုပ်၊ ဒီကဆူရင် ဒီလိုက်လုပ်ဆိုသလို ဖြစ်နေတဲ့ပြင် အလုပ်ကောင်းကောင်း လုပ်ဖို့လဲ အချိန်မရဘူး။ ဒါကြောင့် ခွေးဟောင်တိုင်း ထမကြည့်နဲ့ ပြောပြန်တော့လဲ မခံချင်ဘူး။

ဝန်ကြီးလခလျှော့ရေးကိစ္စ၊

လက်ရှိ အစိုးရအဖွဲ့ဝါဒ စည်းမျဉ်းအရလုပ်နေရာ အောင်မြင်တာလဲရှိတယ်။ မအောင်မြင်တာလဲ ရှိတယ်။ သို့သော် အစိုးရက မိမိတို့ မူလက ကျေညာခဲ့တဲ့အတိုင်း လုပ်ခဲ့တဲ့ အချက် အမြောက်အမြားရှိတယ်။ အစိုးရမှာ ဘဏ္ဍာရေးအခြေအနေ မကောင်းလှသည့် အကြောင်းကိုလဲ တိုင်းပြည်အား ရှင်းပြပြီးပါပြီ။ ချွေတာရေးနည်းလမ်း အမျိုးမျိုးကိုလည်း ဘိလပ်အစိုးရထံ အကြောင်းကြားပြီး ပြန်လည်ထူထောင်ရေး ကွန်ဖရင့် လုပ်ပြီးတာနဲ့ တပြိုင်နက် အစိုးရ ဌာနများမှ လျော့တန်တဲ့ နေရာလျှော့၊ ပိုတန်တဲ့နေရာမှာ ပိုလုပ်နိုင်မှာပဲ။ ပြန်လည်ထူထောင်ရေး လုပ်ငန်းကို စနစ်တကျ လုပ်နိုင်မှ တိုင်းပြည် နလံထူမှာပဲ။

အားလုံးလုပ်ပေးမယ်

ကျောင်းဆရာ၊ အလုပ်သမား၊ အစိုးရ အမှုထမ်းများ အရေးကို သီးခြားမလုပ်ပဲ အားလုံးခြုံပြီး လုပ်ရမှာပဲ။ ဆိုင်ရာ အသင်းအဖွဲ့များက နည်းလမ်းတကျ တရားသဖြင့် တောင်းဆိုကြမယ်ဆိုလျှင် အစိုးရတို့က သေသေချာချာ စဉ်းစားပြီး ထိုက်သင့်သလို ဆောင်ရွက်ပေးမှာပဲ။ ဒီလိုပြောလို့လဲ တောင်းသမျှ ပေးမယ်လို့ မဆိုလိုဘူး။ ဘယ်အစိုးရမှလဲ တောင်းပေးနိုင်မှာ မဟုတ်ဘူး။

ဂျပန်ခေတ် လစာဟောင်း

ဂျပန်ခေတ်အတွက် လစာဟောင်းများ အရေးဟာလဲ ကျုပ်တို့နှင့် မဆိုင်၊ စစ်အတွင်း ဘုရင်ခံ ဒေါ်မန်စမစ်က စစ်နိုင်အောင် ဝါဒဖြန့်တာသာ ဖြစ်တယ်။ ဒါပေမဲ့ ကျုပ်တို့က လုပ်နိုင်သမျှ လုပ်ပေးမယ်ဆိုပြီး ယခုနဲနဲထုတ်ပေးတယ်။ ကျန်ငွေကို စာချုပ် ထုတ်ပေးမယ်လို့ စီစဥထားတယ်။ ထုတ်ပေးမဲ့ စာချုပ်ဟာ ဂျန်ပန်ခေတ်က စာချုပ်မျိုးမဟုတ်ဘူး။ တန်ဖိုးရှိမဲ့ စာချုပ်ပါပဲ။ အဲဒါကိုပဲ ကြံဖန် အပြစ်ပြောနေသူက ပြောသေးတယ်။

ပေးချင်ပေတဲ့မရှိ

လစာပြုပြင်ရေး ကော်မရှင်ကိစ္စလဲ စဉ်းစားရမယ်။ ခက်တာက အစိုးရမှာ ပေးချင်ပေတဲ့ ပိုက်ဆံကမရှိ၊ အစိုးရရဲ့ ဝါဒကတော့ အောက်လူတွေကို တိုးပေးဖို့ မူအားဖြင့် သဘောတူပြီး နိုင်ငံ့ဝန်တန်း ပထမတန်းတွေဆိုရင် အခု မလျှော့နိုင်သေးဘူး။ အဲဒီ ဘိလပ်အတွင်းဝန်က တိုက်ရိုက်ခန့်တဲ့ ရာထူးတွေ ဖျက်ပြီးမှ လျှော့နိုင်မယ်။ ဖျက်ဖို့လဲ စီစဉ်နေပြီ။ အဲဒီလူတွေကို မလျှော့နိုင်ခင် နိုင်ငံ့ဝန်ထမ်း ဒုတိယတန်းများရဲ့ လစာကိုလည်း မလျှော့ချင်သေးဘူး။

အားလုံးဆွေးနွေးလုပ်မယ်

အဲဒီလို အခက်အခဲမျိုးတွေ ရှိနေတော့ ပြန်လည်ထူထောင်ရေးကွန်ဖရင့်မှာ အားလုံး ဆွေးနွေးစဉ်းစားပြီး လုပ်မယ်။ ကွန်ဖရင့်ကို တက်ဖို့ အစိုးရဖက်ကလူတွေ အသင်းအဖွဲ့များနှင့် ကြားလူများကို ဖိတ်ခေါ်ပြီး နေ့စဉ်ရက်ဆက် ဆွေးနွေးတိုင်ပင်ပြီးတာနဲ့ တပြိုက်နက် အဲဒီအစီအစဉ်အတိုင်း ကောက်လုပ်မှာပဲ။

အလုပ်လုပ်ပါရစေဦး

အဲဒီလိုလုပ်တဲ့အခါမှာ သခွတ်ပင်က မီးတကျည်ကျည်လုပ်တာတော့လဲ မကောင်းဘူး။ မြှောက်ပေးတဲ့အထဲ သတင်းစာတွေလဲ ပါတယ်လို့ ကျွန်တော်က ပြောချင်တယ်။ အဲဒီလို ခင်ဗျားတို့ လုပ်နေရင် ကျုပ်တို့ကလည်း ဝတ္တရားအတိုင်း အရေးယူ လုပ်ရမှာပဲ။ အဲဒီလိုလုပ်ကြရင် မီးခိုးမဆုံး၊ မိုးမဆုံး ဖြစ်နေမှာပဲ။ အဲဒါတွေ ဖယ်ထားပြီး အလုပ်ကလေး ကောင်းကောင်းလဲ လုပ်ပါရစေဦး။

အစွန်းမထောင်ပါနှင့်

ကျွန်တော်တို့ကို မကြိုက်ဘူးဆိုရင် ထုံးစံအတိုင်း မကြိုက်တဲ့ အကြောင်းကို သေသေချာချာ ပြောကြပါ။ ကျုပ်တို့ ထွက်သွားရုံပဲ။ ဟိုဘက်က အစွန်းထောင်၊ ဒီဘက်က အစွန်းထောင်အောင်တော့ မလုပ်ကြပါနဲ့၊ ဦးစိန္တကို ဖမ်းဖို့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ သူက တရားလက်လွတ်လျှောက်လုပ်နေလို့ ဖမ်းရတာပဲ။

တိုင်းပြည်နာမယ်

ကျွန်တော်တို့ ယခု အုပ်ချုပ်နေလို့ အခွင့်အရေး သိပ်ယူနေကြတယ်။ အင်္ဂလိပ်ဘုရင်ခံသာ တိုက်ရိုက်အုပ်ချုပ်နေမယ်ဆိုရင် ဒီလိုလုပ်မှာလဲ မဟုတ်ဘူး။ လုပ်ပြန်လဲ ဥပဒေအတိုင်း အရေးယူရင် ငြိမ်နေမှာပဲ။ အခု အခွင့်အရေးပေးထားတော့ ပါးစပ်ကတော့ နယ်ချဲ့သမားတိုက်တယ်၊ လုပ်တော့ ကျွန်တော်တို့ တိုက်တာပဲ။ ကျွန်တော်တို့ကို တိုက်တာက အရေးမကြီးဘူး။ တိုင်းပြည် နာတာက ခက်တယ်။

ထွက်ပေးဖို့ အသင့်

ဝတ္တရားအတိုင်း လုပ်တာကို မကျေနပ်လို့ရှိလျှင် တည့်တည့်လင်းလင်း ပြောကြပါ။ ထွက်ပေးဖို့ အဆင်သင့်ပဲ။ မထိတထိနှင့် ဟိုကပွက် ဒီကဆူနဲ့ဆိုရင် အရေးမယူပဲ မနေနိုင်ဘူး။ တိုင်းပြည်ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်နေတဲ့ အချိန်မှာ ငြိမ်ဝပ်ပိပြားရေး ကိစ္စများကို လိုသမျှ စီစဉ်လုပ်ကိုင်ထားရမှာပဲ။ အဲဒီလိုအခါမှာ မကျေနပ်လျှင် နည်းလမ်း စည်းကမ်းရှိသမျှ သက်ဆိုင်ရာဌာနများမှ ပြောဆို လုပ်ကိုင်နိုင်တယ်။ အဲဒီလို အခွင့်အရေးပေးတိုင်း၊ တောင်းတိုင်း ပေးမယ် မဟုတ်ဘူး။

နွဲ့ဆိုး ဆိုးနေကြတယ်

ယခု ဘာပဲဖြစ်ဖြစ်၊ ဘာကိစ္စ ရှိရှိ ဗိုလ်ချုပ်ဆီ ရောက်လာကြတယ်။ ဗိုလ်ချုပ်လဲ အကုန်မတတ်နိုင်ဘူးဆိုတာ ယခု ကျေညာလိုက်ပါတယ်။ ယခု ကျွန်တော့်ထံမှာ ရိုးရိုးသားသား လုပ်မယ့်လူတွေကို ရွေးထားတယ်။ နောက်ငွေကိစ္စနှင့် ပတ်သက်လို့ ကျွန်တော်တို့ စေတနာက ဘယ်လောက်ပေးချင်ပေမဲ့ ငွေမရှိလျှင် မဖြစ်တဲ့အတွက် မလုပ်တတ်ဘူး၊ ယခု ကျွန်တော်တို့အပေါ်မှာ နွဲ့ဆိုးဆိုးပြီး စမ်းကြည့်နေကြတယ်။ အဲဒီတော့ ကျွန်တော်တို့ကလဲ နည်းလမ်းစည်းကမ်းအတိုင်း လုပ်ရမှာပဲ။

ဦးကျော်ငြိမ်းကိစ္စ၊

နောက်ပြီး ပြည်ထဲရေးဌာနနှင့် ပတ်သက်လို့ ကျွန်တော်တို့က ဦးကျော်ငြိမ်းကို တာဝန်အကုန် လွှဲထားတယ်။ အဲဒီတော့ ဦးကျော်ငြိမ်း လုပ်တာဟာလဲ ကျွန်တော်တို့ လုပ်တာပဲ၊ ဦးကျော်ငြိမ်းလုပ်တာကို မကြိုက်လျှင် ကျွန်တော် လုပ်တာကို မကြိုက်တာနှင့် အတူတူပဲ၊ အခု ဦးကျော်ငြိမ်းလုပ်သမျှဟာ မှန်တယ်လို့ ယူဆတယ်။ မှားတာလဲ နည်းနည်းပါးပါးတော့ ပါတာပဲ။ ဒါပေမဲ့ ယခု ဦးကျော်ငြိမ်းလုပ်တာဟာ ကျွန်တော့် သဘောဖြင့် ပျော့သေးတယ်၊ ဒီထက်မာဖို့ ကောင်းတယ်၊ ဘာ့ကြောင့်လဲဆိုရင် ကျွန်တော်တို့ ဘယ်သူဘာလုပ်မယ်ဆိုတာ ကြိုတင်သိရှိရတဲ့အတွက် အတွင်းရေးတွေ အကုန်ထုတ်ပြောလို့လဲ မသင့်ဘူး။ သိတာတွေမှာလဲ တချို့ကို မသိချင် ယောင်ဆောင်နေရတယ်။ အရေးမယူတဲ့ နေရာမှာလဲ တချို့ကို အရေးမယူဘဲ နေခဲ့ရတယ်။ ယခု ဦးကျော်ငြိမ်း ပုလိပ် ကိစ္စကို လုပ်တာ ကျွန်တော်တို့က လုံးဝသဘောတူတယ်။

ဦးကျော်ငြိမ်းကို ခင်ဗျားတို့ အပြုတ်လုပ်လဲ နောက်ဆုံးဌာန ပြောင်းရုံပဲရှိတယ်။ ဌာနပြောင်းဖို့ဟာလဲ ကျွန်တော်တို့က စိတ်ထဲမှာ ဒီလူဟာ ဌာနပြောင်းသင့်တယ်လို့ သဘောပေါက်လောက်မှ ပြောင်းမှာပဲ။ ယခု ဦးကျော်ငြိမ်းလုပ်သမျှကို ကျွန်တော်တို့ လုံးဝ ထောက်ခံတယ်။ အဲဒါကို ခင်ဗျားတို့ ပြောချင်တာပြော၊ ရေးချင်တာရေး ဦးကျော်ငြိမ်းလုပ်တာကို ကျုပ်လုံးဝ ထောက်ခံတယ်။

ကျွန်တော်ကတော့ ယုံကြည်တဲ့အတိုင်း လုပ်မှာပဲ။ ထိမ်းလို့ ရရင်ရ၊ မရလျှင် ကျွန်တော့်ရဲ့ ခေါင်းဆောင်မှု ရှုံးတာပဲ။ ကျွန်တော်လို လူမျိုးဟာ နိုင်ငံရေးသမားတော့ ဖြစ်မှာ မဟုတ်ပါဘူး။ နိုင်ငံရေးသမားဆိုတာက ဝမ်းထဲမှာ ဘယ်လောက်စိတ်ဆိုးပေမဲ့ ဖုံးထားနိုင်ရမယ်။ ကျွန်တော်တို့ စိတ်ဆိုးရင် ဆိုးတဲ့အလိုက် ဖုံးလို့ မရဘူး။

လွတ်လပ်ရေးစခန်းကို ဘယ်လိုလှမ်းမလဲ

အဲသလို အချက်တွေ စဉ်းစားပြီး ကျုပ်တို့ လွတ်လပ်ရေးစခန်းကို ဘယ်လိုလှမ်းရမလဲ။ ကျွန်တော့်အမြင်အရ ပြောရရင် ဗမာပြည်ရဲ့ တော်လှန်ရေးဟာ အရှေ့အာရှတောင်ပိုင်း တော်လှန်ရေးရဲ့ တစိတ်တဒေသအဖြစ် ပူးပေါင်းသွားနိုင်မှ လုံးဝအောင်မြင်မယ်။ အဲဒီ မတိုင်မီ ကျုပ်တို့ အရှေ့အာရှမှာရှိတဲ့ တိုင်းပြည်တွေ တသီးတခြားစီ ကိုယ့်လမ်းကိုယ်သွားတဲ့ အခြေအနေမျိုးတွေရှိနေဦးမှာပဲ။ အဲဒီအခြေအနေမျိုးမှာ လွတ်လပ်ရေးဆိုတာ ရသလောက်တော့ ရမှာပဲ။ လုံးဝပြည့်စုံမယ်လို့ တထစ်ချ မဆိုနိုင်ဘူး။ အရှေ့အာရှတောင်ပိုင်း ပြည်ထောင်စုသာလျှင် အဲဒီအပိုင်းမှာရှိတဲ့ နိုင်ငံတွေရဲ့ အစွမ်းကုန် လွတ်လပ်ရေးကို ရယူနိုင်မယ်။ ထိန်းသိမ်းနိုင်မယ်။ တိုးချဲ့နိုင်မယ်။ ဒီအပိုင်းမှာ ကမ္ဘာရဲ့ နယ်ချဲ့နိုင်ငံတွေ အများဆုံးစုပြီး စိုးမိုးနေကြတယ်။ အဲသည် နယ်ချဲ့နိုင်ငံတွေဟာ တသီးတခြားစီအားဖြင့် အင်အားနဲပေမယ့် စုပေါင်းလိုက်ရင် အားမသေးဘူး။ သူတို့ဟာလဲ တဦးကိုတဦး အကူအညီ ပြုသလောက် ပြုနေကြတယ်။ ကျုပ်တို့နိုင်ငံ အချင်းချင်းကလဲ မိတ်တောင်မှ ကောင်းကြောင်း မဆက်နိုင်ကြသေးဘူး။ ကျုပ်တို့ရဲ့ အသီးသီး အင်အားတွေဟာလဲ လုံးဝခိုင်မာ တောင့်တင်းနေတယ်လို့ မဆိုနိုင်သေးဘူး။


ပြင်ဆင်မှုတွေ လုပ်ကြစို့

အဲဒီလို စကောစက ဖြစ်နေတဲ့ အခြေမျိုးမယ် ကျုပ်တို့ စကောစကဘဲ ရှိနေဦးမှာဘဲ။ ကျုပ်တို့ရဲ့ နိုင်ငံအသီးသီးဟာ အိန္ဒိယပြည်နှင့် မတူဘူး။ အိန္ဒိယပြည်မှာသာ ဟိန္ဒူနှင့် မူစလင် ညီညွတ်နိုင်ရင် အိန္ဒိယလွတ်လပ်ရေးဟာ ကျပ်ပြည့်တင်းပြည့် ဖြစ်နိုင်တယ်။ သို့သော်လည်း ဖြစ်သမျှထဲက အကောင်းဆုံးဖြစ်အောင် ကျုပ်တို့ တိုင်းပြုပြည်ပြုလွှတ်တော်က ဗမာပြည်ရဲ့ လွတ်လပ်ရေး ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ဆုံးဖြတ်လိုက်တဲ့အခါ၊ တိုင်းပြည်လူထု အုံကြွထောက်ခံမှုကို နိုင်ငံရေး၊ စည်းရုံးရေး၊ စီးပွားရေး ပြင်ဆင်မှုတွေက တစ်ဖက်၊ အိန္ဒိယ၊ တရုတ်ပြည်၊ အရှေ့အာရှတောင်ပိုင်း အခြားနိုင်ငံတွေနှင့် ဆက်သွယ်မှု အရပ်ရပ်လုပ်ပြီး ပြင်ဆင်မှုတွေက တစ်ဖက်၊ ကျုပ်တို့တိုင်းပြည်ရဲ့ ကာကွယ်ရေး အင်အားစုတွေကို စုနိုင်သမျှ ပြင်ဆင်မှုတွေကတစ်ဖက်၊ အစိုးရလုပ်ငန်းနှင့် ပြည်သူ့လုပ်ငန်းတွေကို တွဲဖက်ပြီး ပြင်ဆင်မှုတွေက တစ်ဖက်၊ အဲဒီလို အဖက်ဖက် ပြင်ဆင်မှုတွေ လုပ်ပြီးတော့ တိုင်းပြုပြည်ပြုလွှတ်တော်ကြီးကို စကားသဘော အချုပ်အခြာအာဏာနှင့် ပြည့်စုံတဲ့ အဖွဲ့ကနေပြီး လက်တွေ့သဘော အချုပ်အခြာနှင့် ပြည့်စုံတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ဖြစ်အောင် ကျုပ်တို့တိုင်းပြည် ကျုပ်တို့အခြေအနေအရ ကျုပ်တို့နည်းတွေနဲ့ ဖန်တီးရလိမ့်မယ်။ အဲဒီလို ဖန်တီးတဲ့နေရာမှာ ကျုပ်တို့ဘာတွေ လုပ်ရမလဲ။


သွေးပုပ်တွေ ဖောက်ပစ်ကြ

၁။ ဖဆပလနဲ့ ဆက်သွယ်တဲ့ လူထုစည်းရုံး (ပြည်သူ့ရဲ့ဘော်တပ်ဖွဲ့ပါ) တွေက မိမိတို့ အတွင်းအင်အားစုတွေ သန့်ရှင်းနိုင်သမျှ သန့်ရှင်းနိုင်အောင်၊ ကိုယ့်တပ်လုံနိုင်သမျှ လုံအောင်၊ သွေးပုပ်တွေ ဖောက်ပစ်တဲ့စနစ်ကို တနိုင်ငံလုံးချီပြီး လုပ်ရလိမ့်မယ်။

၂။ နိုင်ငံရေးသင်တန်းတွေ စနစ်တကျဖွင့်ပြီး နိုင်ငံရေးလုပ်နေတဲ့ လူငယ်တွေကို နိုင်ငံရေးထပ်ပြီး အပြင်းအထန် သင်တန်းပေးကြရလိမ့်မယ်။

၃။ သမဝါယမလုပ်ငန်းကို အစိုးရအကူအညီ ရသမျှယူပြီး အကောင်အထည် ဖြစ်သွားအောင် လုပ်ရလိမ့်မယ်။

၎။ ဖဆပလ လွတ်လပ်ရေး ရံပုံငွေကို ဆက်ပြီး ကောက်ခံကြရလိမ့်မယ်။

၅။ အစိုးရနဲ့ ပြည်သူပေါင်းပြီး တိုင်းပြည် ပြန်လည်ထူထောင်ရေးကို ဖဆပလက အင်တိုက်အားတိုက် ညွှန်ကြားခေါင်းဆောင်ပြီး လုပ်သွားရမယ်။


လွတ်လပ်ရေးသည် လမ်းဆုံး မဟုတ်

ဖဆပလ တိုင်းပြုပြည်ပြုလွှတ်တော် အမတ်တွေဟာ ဖဆပလအစိုးရကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အကြံပေးဉာဏ်ပေး ကူညီဆောင်ရွက် ချဲ့ထွင်ပေးရုံတင်မကပဲ၊ မိမိတို့ဆိုင်ရာ မဲဆန္ဒနယ်တွေနှင့် အဆက်မပြတ်ဘဲ လွတ်လပ်တဲ့ ဗမာပြည်အတွက် တိုင်းပြည်လူထုကို အမြင်မှန်အတိုင်း ပြင်ဆင်ထားဖို့လိုတယ်။ အထူးသဖြင့် တိုင်းပြည်လူထုဟာ လွတ်လပ်ရေးနှင့် တာဝန်များကိုလဲ ထမ်းဖို့ အဆင်သင့်ဖြစ်အောင် ဟောပြောပြင်ဆင်ထားဖို့လိုတယ်။ လွတ်လပ်ရေးရတယ်ဆိုတဲ့ကိစ္စဟာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ လွတ်လပ်ရေးရရုံနဲ့ ကျုပ်တို့ ပြဿနာတွေ ဖြေရှင်းသွားကြရမှာ မဟုတ်ဘူး။ အဲဒီအခါကျမှ တကယ့်ပြဿနာတွေ ပေါ်လာလိမ့်မယ်။ လွတ်လပ်ရေးဟာ လမ်းဆုံးမဟုတ်ပဲ လူတွေရဲ့ ကောင်းစားရေးကို ရောက်စေမဲ့ လမ်းကြောင်းသာဖြစ်တယ်။


ခြိုးခြံဇွဲသန်ကြပါ

တိုင်းပြည်ပြန်လည်ထူထောင်ရာမှာ အခုရုရှားပြည်သစ်တည်စကလို အခုဘိလပ်မှာ ဖြစ်နေသလိလူတွေဟာ အင်မတန် ခြိုးခြံသည်းခံပြီး ဇွဲနဘဲနဲ့ စီစစ်ဆောင်ရွက် လုပ်ကိုင်မှု လောစာကျပြီး ပြာပုံအတိဖြစ်နေတဲ့ ဗမာပြည်ကြီးကို စည်ပင်သာယာ ဝပြောအောင် မနဲ ကျုပ်တို့ လုပ်ရလိမ့်မယ်ဆိုတာကို ကျုပ်တို့ဟာ လူထုခေါင်းဆောင်တွေဆိုလို့ရှိရင် လူထုနားလည်အောင် ရှေ့ဆောင်ဟောပြောညွှန်ပြပြီး သတ္တိ ရှိရှိ လုပ်ပြရလိမ့်မယ်။


လွတ်လပ်ရေးအတွက် ချသင့်ကချမယ်

အဲဒီတော့ကာ အင်္ဂလိပ်တွေနဲ့ စာရင်းရှင်းကြတဲ့နေရာမှာလဲ ဗမာပြည်လွတ်လပ်ရင် ဘယ်သူတွေနဲ့ ပေါင်းရမလဲ။ ဘယ်သူတွေနဲ့ ပေါင်းလို့ကောင်းမလဲ၊ ကျုပ်တို့ဟာ နိုင်ငံခြား အကူအညီကင်းလို့ မဖြစ်နိုင်ဘူး ဆိုတာတွေ ထောက်ပြီး အမြော်အမြင်ကြီးကြီးနဲ့ လုပ်တတ်ရလိမ့်မယ်။ အကြမ်းပတမ်းဖြစ်ရင်လဲ ဒီလောက်ပဲ၊ ဒီအတိုင်းသွားလဲ ဒီလောက်ပဲ ဆိုတဲ့ အခြေအနေမျိုးဆိုရင်တော့ ကျွန်တော်တို့အဖို့မှာ ဘယ်သူဘာဘဲပြောပြော၊ အကြမ်းမကိုင်ဘဲနဲ့ လွတ်လပ်ရေး အာဏာသိမ်းနိုင်အောင် လုပ်မှာပဲ။ သို့ပေမဲ့ ဒီလို မဖြစ်နိုင်ဘူးဆိုရင်တော့ ချရမှာပဲ။ ဒီလိုလုပ်ရမည့် ကိစ္စတွေမှာ၊ ဖဆပလမှာရှိတဲ့ လက်ဝဲသမားတွေရဲ့ ညီညွတ်မှုဟာ အခြေခံပင်မ အချက်ကြီးဖြစ်တယ်ဆိုတာကို တုမှေ၊ သင်တရားနာ ပရိတ်သတ် အပေါင်းတို့သည် ဂဏှာထ၊ မမေ့မလျော့ မပေါ့သတိနှင့် မှတ်သားသွားကြကုန်လော့ ဟူ၍ တိုက်တွန်း လိုက်ရပေတော့သတည်း။
တော်လှန်ရေးဆိုတာ ဘာလဲ

ဘာလဲတော်လှန်ရေး၊ အကြမ်းပတမ်း လုပ်တာတိုင်း တော်လှန်ရေးလား။ မဟုတ်ဘူး။ အဖျက်လုပ်ငန်းဆိုတာတိုင်း တော်လှန်ရေးလား၊ မဟုတ်ဘူး။ လုပ်ချင်တိုင်း လုပ်လို့ရသလား၊ မဟုတ်ဘူး။ ဘာရည်ရွယ်ချက်နဲ့လဲ။ ဘယ်လိုလဲ၊ လဲ-လဲ-လဲ၊ အဲဒီလို လဲတွေ အမျိုးမျိုးနဲ့ ကျွန်တော်တို့ စဉ်းစားကြစို့။ တရံရောအခါက ဒီမေးခွန်းတွေကို ကျွန်တော်ဒီလို ဖြေခဲ့တယ်။


တော်လှန်ရေးဆိုတာ


တော်လှန်ရေးဆိုတာ လူထုကလူထုရဲ့ ကံကြမ္မာကို အခြေခံကနေပြီး ဖန်တီးရာမှာ ဘယ်လိုဘဲဖြစ်ဖြစ်ဆိုပြီး၊ လူထုကိုယ်တိုင်ပါဝင် ဆောင်ရွက်ခြင်းဖြစ်တယ်။ ရာဇဝင်ကြောင်းအရ မလွှဲမရှောင်သာလို့ပဲလိုတယ်။ ဖြစ်ပျက် ပေါ်ပေါက်နေတဲ့ ရာဇဝင်အခြေအနေအချက်အလက်တွေနဲ့ အခြားတလမ်းဖြစ်တဲ့ အချောင်တိုက် စိတ်ကူးစီမံကိန်းမျိုးနဲ့တော့ မဖြစ်နိုင်ဘူး။ ပြီးတော့ မျက်စိ စုံမှိတ်ပြီး အကန်းလိုရမ်းလို့ မဖြစ်ဘူး။ တဖက်တွင်သာ လုပ်တဲ့အလုပ်၊ အလိုအလျောက် လူထုထကြွမှု ပျက်စီးရုံအလုပ်ကိုလဲ လက်မခံနိုင်ဘူး။ အဲဒါတွေကြောင့် တော်လှန်ရေးဆိုတာ အကြီးကျယ်ဆုံး ပြုပြင်ဖန်တီးတတ်တဲ့ သဘောရှိပါတယ်။ တော်လှန်ရေးရဲ့ အခြေခံ ရည်ရွယ်ချက်ကြီးကတော့ လုပ်စားကိုင်စားလူထုကြီး လွတ်လပ်မှုဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ်ကတော့ လူထု ပါဝင်အောင်ဆောင်ရွက်ရေးဖြစ်ပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့ အခြေခံကတော့ လူထုကြီးရဲ့ နိုးကြားထြ<ွကမှုတနည်းအားဖြင့် လူထုကြီးဟာ ဘယ်အထိ မိမိရဲ့ တာဝန်နှင့် တန်ခိုးအာဏာကို သိရှိနိုးကြားသလဲဆိုတဲ့ အပေါ်မှာ တည်ပါတယ်။ အဲဒီလို ကျွန်တော် ဖြေခဲ့တယ်။


ဒီနေ့လဲ ဒီလိုပဲ ဖြစ်ရမှာပဲ။ ကျုပ်တို့ အခုလုပ်နေတာ အားလုံးတွေဟာ ဘာကို လုပ်နေတာလဲ။ ကျုပ်တို့ တိုင်းပြည်ကြီးကို တော်လှန်ပြောင်းလဲနေကြတာပဲ မဟုတ်ဘား။ အဲဒီလို တော်လှန်ပြောင်းလဲနေတဲ့အခါ ကြမ်းသင့်တဲ့အခါလဲ ကြမ်းခဲ့တယ်။ ကြမ်းစရာလိုသေးရင်လဲ ကြမ်းရဦးမှာပဲ။ သို့သော်လဲ ကြမ်းရမယ်ဆိုတာတော့ ကျွန်တော်နားလည်သလောက် တကယ့်တော်လှန်ရေးသဘောတရား မဟုတ်ဘူး။


အမိဝမ်းက ဖွားမြင်လာသော ခလေးဟာ မမွေးခင်က မဋိသန္ဓေ တည်ရတယ်။ နေ့ရက်စေ့မှ မွေးဖွားရတယ်။ အဲဒီမတိုင်မီ မွေးဖွားရင် သေရင်လဲ သေမယ်။ လျှောရင်လဲလျှောမယ်။ ချည့်နဲ့ရင်လဲ ချည့်နဲ့မယ်။ အင်မတန်ကောင်းခဲတယ်။ ပြီးတော့ မွေးဖွားတဲ့အခါမှာလဲ ပြင်းပြင်းထန်ထန်နဲ့ ဖွားရတာရှိတယ်။ သက်သက်သာသာနဲ့ ဖွားရတာရှိတယ်။ အမေ၊ အဖေရဲ့ ကျန်းမာရေး၊ လက်သယ်လုပ်တဲ့သူ ကျင်လည်မှု အစရှိတဲ့ အခြေအနေတွေအရပဲ ဖြစ်တာပဲ။


အခုလဲဘဲ အဲဒီအတိုင်း တော်လှန်ရေးကို စဉ်းစားမယ်ဆိုရင် တချို့လူတွေကကြမ်းမှ အာဏာသိမ်းရမယ်ဆိုပြီး ပြောကြတယ်။ ကိုင်း ... ရုရှားပြည်မှာ တော်လှန်ရေးဖြစ်တုန်းက အာဏာသိမ်းယူတဲ့အခါ ကြမ်းခဲ့ရသလား၊ ခြုံကြည့်ရင် မကြမ်းခဲ့ရဘူး။ သိမ်းပြီး အာဏာကို နောက်ကျတော့ကာ ပြန်ကာကွယ်တဲ့အခါမှာ ကြမ်းတာတွေ လုပ်ရတယ်။ ဘာဖြစ်လို့ အာဏာသိမ်းတဲ့နေရာမှာ မကြမ်းခဲ့ရသလဲ။


သူ့နည်းနဲ့သူ ကိုယ့်နည်းနဲ့ကိုယ်

အဲသလို တရုတ်ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းက ပြောခဲ့တယ်မဟုတ်လား။ နောက်ပြီး စတာလင်က မတ်စ်ဝါဒ သမားတွေဟာ အရင်းရှင်စနစ်ကို တော်လှန်ပြောင်းလွှဲပြီး ဆိုရှယ်လစ်ဝါဒ ထူထောင်တဲ့နေရာမှာ တလမ်း တနည်းတည်းသာ ရှိတာလို့ မယူဆဘူး။ ရုရှားပြည်ရဲ့နည်းဟာ ရုရှားပြည်ရဲ့ အခြေအနေအရဖြစ်တယ်။ အင်္ဂလန်ပြည်မှာ အင်္ဂလန်ပြည်ရဲ့ အခြေအနေအရ အင်္ဂလိပ်နည်းအရဖြစ်တယ်။ ရုရှားနည်းက ပိုကြမ်းတယ်။ အင်္ဂလိပ်နည်း ပိုခရီးရှည်တယ်။ နောက်ပြီး စတာလင်ကပဲ တော်လှန်ရေးဆိုတာ အလိုအလျောက် မဖြစ်ဘူး။ ပြင်ဆင်ပြီးလုပ်မှ အောင်မြင်နိုင်မယ်လို့ ဆိုခဲ့တယ်။
ကရင်လူမျိုးရေး လူနည်းစု

ဒါပေမဲ့ ဥပမာ ကရင်လူမျိုးဆိုလို့ရှိရင် လူမျိုးရေး လူနည်းစုအဖြစ်နဲ့ အခွင့်အရေးတွေ ရသင့်သလောက်မရပဲ ရှိနေတယ်ဆိုတာ ငြင်းလို့ ကျုပ်တို့ရမှာ မဟုတ်ဘူး။ ပြီးတော့ သူတို့တတွေဟာလဲ ဗမာတွေရဲ့ ဆယ်ပုံတပုံလောက် အဖျင်းဆုံးရှိဦးလိမ့်မယ်။ အဲဒါကြောင့် သူတို့ကိုတော့ လူမျိုးရေးလူနည်းစုအခွင့်အရေးတွေကို ပေးဖို့ကောင်းတယ်။ မွန်လူမျိုးကိစ္စဆိုရင်တော့ သူတို့မှာ အခု လူမျိုးရေး လူနည်းစုအဖြစ်နဲ့ မွန်စာပေ၊ မွန်ကျောင်းတွေ ကိစ္စလောက်ကလွဲရင် အခြားနစ်နာချက်တွေ မရှိပါဘူး။ မွန်ရယ် ဗမာရယ် ခွဲခြားပြီး ကရင်လို သဘောထားသလို ထားစေချင်လို့တော့ မဖြစ်နိုင်ဘူး။

ပြည်ထောင်စုနိုင်ငံ ထူထောင်ကြစို့

ဒီတော့ ... လူမျိုးရေး ပြဿနာနဲ့ ပတ်သက်ပြီး ကျွန်တော် တော်တော်စုံစုံလင်လင် ပြောပြပြီးတဲ့နောက်၊ ကျွန်တော်တို့ ဗမာပြည်သစ်ကို တည်ထောင်တော့ ပြည်ထောင်စုသဘော တည်ထောင်မလား၊ လူမျိုးကြီးတမျိုးထဲပဲဆိုတဲ့ တိုင်းပြည်မျိုး တည်ထောင်မလားဆိုတဲ့ မေးခွန်းကို ဖြေဆိုလိုတယ်။ ကျွန်တော့် အမြင်အရဆိုရင်တော့ အထက်လူမျိုးရေးအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုးတွေကို စည်းကမ်းသတ်မှတ် ပေးပြီးတော့ နိုင်ငံမျိုးတော့ ထောင်လို့မဖြစ်ဘူး။ ပြည်ထောင်စု သဘောမျိုးပဲ ဖြစ်ရမှာပဲ။ ဒါပေမဲ့ ပေါငးကာမှ ဆေးအတွက်လေးတဲ့ ပြည်ထောင်စုမျိုး၊ လီနင်ပြောသလို တစိတ်တဒေသက တခုလုံးကို ဆန့်ကျင်တဲ့ ပြည်ထောင်စုမျိုးဆိုရင်တော့ မဖြစ်နိုင်ဘူး။ အထူးသဖြင့် ပြည်ထောင်စုဟာ စီးပွားရေးတိုးတက်မှုကို စုပေါင်းပြီး စနစ်တကျစီစဉ်နိုင်မယ့် ပြည်ထောင်စုမျိုး ဖြစ်ရလိမ့်မယ်။ ဒါမှ လူမျိုးအားလုံး တိုင်းသူပြည်သားအများဆုံး တိုးတက်မှုကို လုပ်နိုင်မှာပဲ။ ပေါင်းတယ်ဆိုတာ အချင်းချင်း ကောင်းကျိုးရှိအောင် ပေါင်းကြတာဖြစ်ပြီး ဆိုးကျိုးရှိအောင် ပေါင်းတာမျိုး ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။

ဒီလူမျိုးရေးပြဿနာနဲ့ ပတ်သက်ပြီး နောက်တကြောင်းပေါ်ရင် ပေါ်သလိုဆွေးနွေးသင့်ရင် ဆွေးနွေးပါဦးမယ်။ အခု ဒီမိန့်ခွန်းမှာတော့ ဒီလောက်နဲ့ပဲ တော်လောက်ပြီလို့ ကျွန်တော် ယူဆပါတယ်။

ကိုင်း .. ကျုပ်တို့ လာမယ့် တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဘယ်လို ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေများ ရေးဆွဲ ဆုံးဖြတ်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အခြေခံတရားတွေကို ကျွန်တော်ပြောပြခဲ့ပြီးပြီ။ ဒိပြင် ကျွန်တော်တို့ ဘာတွေ လုပ်ကြဦးမလဲ ဆိုတာတွေ စဉ်းစားကြဦးစို့။

ပထမ ကျုပ်တို့ တိုင်းပြုပြည်ပြုလွှတ်တော်ကနေပြီး ဘယ်လို ဘယ်လို ဆုံးဖြတ်သင့်တယ်ဆိုတာတွေ စဉ်းစားတာကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ကျုပ်တို့ ဆုံးဖြတ်တာ အတည်ဖြစ်ပါ့မလား။ ကျုပ်တို့ တိုင်းပြုပြည်ပြုလွှတ်တော်ဟာ အချုပ်အခြာအာဏာရှိရဲ့လားဆိုတဲ့ မေးခွန်းကို ကျွန်တော်ဖြေပြလိုတယ်။ အိန္ဒိယပြည်မှာ တိုင်းပြုပြည်ပြုလွှတ်တော်ဟာ အချုပ်အခြာအာဏာပြည့်စုံတဲ့ အဖွဲ့လို့ယူဆပြီး စီစဉ်ကြတယ်။ ဘယ်လို စီစဉ်ကြသလဲဆိုရင် တိုင်းပြုပြည်ပြုလွှတ်တော်စတဲ့ နေ့ကစပြီး၊ တိုင်းပြုပြည်ပြုလွှတ်တော်နှင့် ဆိုင်သမျှ ကိစ္စမှန်သမျှ တိုင်းပြုပြည်ပြုလွှတ်တော်သာလျှင် အာဏာပိုင် ဆုံးဖြတ်နိုင်တယ်။ အစိုးရနဲ့ မဆိုင်ဘူးဆိုပြီး စီစဉ်ကြတယ်။ ကျုပ်တို့ ဘိလပ်အစိုးရနဲ့ သဘောတူထားတဲ့အတိုင်းကတော့ တိုင်းပြုပြည်ပြုလွှတ်တော်က ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ဆုံးဖြတ်ပါဆိုတဲ့ အချက်ပါခဲ့တယ်။ သို့သော် အချုပ်အခြာအာဏာဆိုတာ ဥပဒေသဘော ပါးစပ်သဘောဖြစ်ရုံနှင့် မပြီးသေးဘူး။ ကျုပ်တို့တိုင်းပြည်နောက်က ကျုပ်တို့ တိုင်းပြုပြည်ပြုလွှတ်တော်နောက်က (Popular mass Sanction)ခေါ်တဲ့ တိုင်းပြည်လူထုရဲ့ အားပေးထောက်ခံမှုရမှု အချုပ်အခြာအာဏာဆိုတာ သေသေချာချာ အကောင်အထည်ဖော်နိုင်မယ်။

ကျွန်တော်တို့လို အခြေအနေမျိုးမပြောနဲ့၊ လွတ်လပ်နေတဲ့ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာတွေတောင် ကိုယ့်တိုင်းပြည်နောက်က (Sanction) အားမကောင်းလို့ရှိရင် အချုပ်အချယ်ခံရတယ်ဆိုတာ ကျွန်တော်တို့ သတိပြုကြရမယ်။ အဲဒါက ဥပဒေသဘော၊ ဥပဒေစကား မဟုတ်ဘူး။ နိုင်ငံရေးသဘော၊ နိုင်ငံရေးစကားပဲ။ ကျွန်တော်တို့ တိုင်းပြုပြည်ပြုလွှတ်တော် ပေါ်ပေါက်လာရခြင်းဟာ တော်လှန်ထကြွပြီး အာဏာသိမ်းပိုက်ပြီးတဲ့နိုင်ငံ အခြေအနေမျိုးမှာ ပေါ်ပေါက်လာတာမျိုးမဟုတ်ပဲ၊ တဝက်တပျက် အခြေအနေ နှစ်ဦးနှစ်ဖက် စေ့စပ်ပြီးပေါ်ပေါက်လာရတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်မျိုးဖြစ်တော့ သူ့အခြေအနေအတိုင်း ထူးဆန်းတဲ့ အကြောင်းချင်းရာတွေ တွေ့ရတယ်။ အမှန်ကတော့ တိုင်းပြုပြည်ပြုလွှတ်တော်ကို မကျင်းပမီ လွတ်လပ်တဲ့ ယာယီ အမျိုးသားအစိုးရ ပေါ်ပေါက်ပြီး၊ လုပ်နိုင်ရင်တော့ ပိုပြီးကောင်းတာပဲ။ ဒါပေမဲ့ ကျုပ်တို့ဟာ ဘဝအခြေအနေမှန်အတိုင်း ကောင်းတာကို စိတ်ကူးသန်းသလို ပြောမနေပဲနဲ့ ဖြစ်သလိုကနေပြီး ကိုယ်လိုရာ ကိုယ်ရောက်အောင် ဆွဲဆောင်သွားနိုင်မှ ခေါင်းဆောင်တွေ စစ်မယ်၊ တော်လှန်ရေးသမားစစ်မယ်။

နေပါဦး၊ တော်လှန်ရေးဆိုတာဘာလဲဆိုတဲ့ မေးခွန်းကို ကျွန်တော်ဖြေချင်သေးတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျုပ်တို့တိုင်းပြည်မှာ လူငယ်တွေ တော်လှန်ရေးစကား တော်တော်ပြောကြတယ်။ ဒါကြောင့် ဒီအရေးကို ကျွန်တော် အခုဆွေးနွေးရတာပဲ။