Showing posts with label ပညာရေးနှင့်ကျောင်းသားရေးရာ. Show all posts
Showing posts with label ပညာရေးနှင့်ကျောင်းသားရေးရာ. Show all posts

Thursday, October 28, 2010

ကိုယ့်ပုဆိန်ကို သွေးကြပါစို့



တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ
ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း
ညနေစောင်းချိန်တွင် အဘိုးအို ခုတ်ပြီးသောထင်းအရေအတွက်မှာ လူငယ်ထက်
ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက်
ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး
ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။
စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟုလည်း တွေးနေမိသည်။ သို့သော်
အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို
တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာ
ရောက်နှင့်နေပြီး မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့သော်လည်း သူ၏ထင်းမှာ
အဘိုးအိုထက် အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။

ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်တော့သည့်အဆုံး အဘိုးအိုအား
မေးမြန်းခဲ့သည်။
“ အဘိုး.... ကျွန်တော်က အဘိုးထက် အားသန်တယ်... အဘိုးထက် စောပြီး
တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့်
ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်... ဘာကြောင့်လဲ”

“ဒီိလို လူလေးရဲ့... အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့
ပုဆိန်ကို အမြဲသွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ ထင်းခုတ်ပြီး ဒီအတိုင်း
ပစ်ထားခဲ့တယ်။ အဘိုးက အသက်ကြီးပြီ။ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက်
စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက်
ထက်မြက်နေတဲ့အတွက် အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက
ဆယ်ချက်လောက် ခုတ်ယူရတယ်... ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”

ပုံပြင်လေးကတော့ ဒါပါပဲ။

အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေကို ဟောပြောပွဲတွေ သွားနားထောင်ဖို့၊
အချိန်ပိုရင် ကိုယ့်ဝါသနာပါရာ၊ လေ့လာနေတဲ့ ပညာရပ်ဆိုင်ရာ သင်တန်းတွေ
တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်ပါတယ်။ အများစုက “အလုပ်ပင်ပန်းရတဲ့
ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့
ညည်းပြကြပါတယ်။

“ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး
ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”

လူ့ဘ၀လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း
ကိုယ့်ပညာ ဗဟုသုတတွေကို မြှင့်တင်ယူရမှာ ဖြစ်ပါတယ်။ အရင်ခေတ်တုန်းကတော့
ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ
ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ
ပုဆိန်ကို သွေးနေသင့်ပါတယ်။ နို့မဟုတ်ရင် ခေတ်နောက် မလိုက်နိုင်တဲ့
ကိုယ့်ကို အဲဒီခေတ်ကပဲ ပယ်ထုတ်ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။

တတ်သလောက် အင်္ဂလိပ်စာလေးနဲ့ ဘာသာပြန်လုပ်စားနေတဲ့ ကျွန်တော့်အတွက်
ဒီပုံပြင်လေးက အိပ်ရာက လန့်နှိုးလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။
ဘော်ဒါရောင်းရင်းများ၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအတွက်လည်း
ဒီပုံပြင်လေးက တစ်ခုခု ပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ကျွန်တော်ကတော့ အင်္ဂလိပ်စာကို ဒီထက်ပို လေ့လာနိုင်မယ့်၊ သင်ပေးနိုင်မယ့်
သင်တန်းများ ထပ်တက်ပြီး သွေးသစ်လောင်းဖို့ ပြင်နေပါပြီ။

ဒီက မိတ်ဆွေများရော.. ဘယ်လို စီစဉ်ထားပါသလဲ၊ ကိုယ့်ကိုကိုယ် တတ်လှပြီ
ထင်ရင်တော့ သူများက တစ်ချက်တည်းနဲ့ ခုတ်လို့ ပြီးသွားတဲ့ သစ်ပင်ကို
ကိုယ့်ကျမှ နဖူးကချွေးခြေမ ကျအောင် အချက်ပေါင်း လေးငါးဆယ်မက ခုတ်မှ
ရမယ်ဆိုရင်တော့ ထူးအိမ်သင်သီချင်းထဲကလို နည်းနည်းလေးတော့ လွဲနေပြီ
ပေါ့ဗျာ။

ဒီတော့ သင်တန်းချည်းတက်ပြီး တက်သမျှ မလေ့ကျင့်ဘဲ၊ ပြန်မေ့နေရင်ရော
..ဆိုရင်တော့ အဲဒါ ကိုယ့်သမိုင်း ဖြစ်သွားပြီလို့ပဲ ဆိုပါရစေ။ ဒီနေရာမှာ
တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်စ်ရဲ့ စကားတစ်ခွန်း လက်ဆောင်ပါးချင်ပါတယ်။

"လက်တွေ့မပါတဲ့ ပညာဟာ အသုံးမ၀င်သလို၊ ပညာမပါတဲ့ လက်တွေ့ဟာလဲ အန္တရာယ်များတယ်"

အဲဒီလိုပဲ။ ကျွန်တော်တို့ဟာ ကိုယ်သိသလောက်၊ အတွေ့အကြုံလေးနဲ့ပဲ
ပြဿနာတိုင်းကို ဖြေရှင်းလို့ မရနိုင်ပါဘူး။ လိုအပ်ရင် သင်တန်းတွေတက်
ပညာယူ လေ့လာရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ နေ့တိုင်းနေ့တိုင်း ဒီအလုပ်တွေ
ကုန်းရုန်းလုပ်ရင်း ဒီနေရာမှာပဲ ရပ်တန့်နေတော့မှာလား၊ ကိုယ့်ဘ၀ကို
ဒီထက်မြင့်မြင့် ပျံသန်းနိုင်ဖို့ အချိန်လေး အခွင့်အရေးလေး
မပေးနိုင်ဘူးလား..။ တစ်ချက်တည်း ခုတ်လို့ ပြတ်မယ့် နေရာမှာ
အချက်ပေါင်းများစွာ ခုတ်ရင်း အချိန်ကုန်၊ လူပန်းနဲ့ ဘ၀ကို အောက်ကျ၊
နောက်ကျ ဖြတ်သန်းသွားမလား။ ကျွန်တော်တို့ ပုဆိန်တွေ သွေးကြပါစို့ဗျာ။

Friday, March 19, 2010

ပုဂ္ဂလိကကျောင်းများ၏ ကျောင်းလခအား တစ်ပြေးညီ သတ်မှတ်ထားခြင်းမရှိ ၀န်ဆောင်မှုပေါ်လိုက်ကာ ဈေးကွာဟမှုရှိလာနိုင်






 
၂၀၀၉-၂၀၁၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပချိန်မြင်ကွင်း
    ၂၀၁၀ ကျောင်းဖွင့်ရာသီအမီ ဖွင့်ခွင့်ပြုထားသည့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကကျောင်းများ၏ ငွေကြေးနှုန်းထားမှာ တစ်ပြေးညီ သတ်မှတ်ထားခြင်း မရှိသေးသော်လည်း ၀န်ဆောင်မှုအနေအထားပေါ် လိုက်ကာ ကွာဟသွားနိုင်မည်ဖြစ်သည်ဟု လက်ရှိဖွင့် ခွင့်ရထားပြီဖြစ်သော ပုဂ္ဂလိကပညာရေး ကျောင်းများ၏ တာဝန်ရှိသူများထံမှ စုံစမ်း သိရှိရပါသည်။

    ပုဂ္ဂလိကကျောင်းများအဖြစ် တရားဝင် လုပ်ကိုင်ခွင့်ပြုလိုက်ပြီဖြစ်သော ပညာရေး ဘော်ဒါဆောင်များ၏ သတ်မှတ်စံချိန်များ နှင့် ပြည့်မီခြင်းကြောင့် လာမည့်ကျောင်းဖွင့် ရာသီအမီဖွင့်နိုင်ရန် ကျောင်းများဘက်မှလည်း အသေးစိတ်စီစဉ် ဆောင်ရွက်မှုများ ပြုလုပ်နေပြီဟု ပုဂ္ဂလိကကျောင်းတရားဝင် ဖွင့်ခွင့်ရရှိထားပြီးသော သချာင်္ဦးသန်းစိန် က ပြောပြခဲ့ပါသည်။

    ''ပုဂ္ဂလိကကျောင်း အင်္ဂါရပ်နဲ့အညီ ဘောလုံးကွင်း၊ မာတီမီဒီယာခန်း၊ ဆရာနား နေခန်းတွေပါအောင် အကုန်ဖြည့်တင်းပြီးပါပြီ။ ဈေးနှုန်းနဲ့ပတ်သက်လို့ သတ်မှတ် ထားတာမရှိသေးပါဘူး။ လက်ရှိကတော့ ကိုယ့်ရဲ့မြို့နယ်အနေအထား၊ အဆင်ပြေပြေ ရှိမှု၊ ကျောင်းကပေးနိုင်တဲ့ ၀န်ဆောင်မှုတွေ အတိုင်းပဲ ကွာဟသွားနိုင်ပါတယ်''ဟု ဆရာ ဦးသန်းစိန်(သချာင်္)က ပြောပြခဲ့ပါသည်။

    ဈေးကွက်စီးပွားရေးစနစ် အသွင်ဆောင်သော ပုဂ္ဂလိက၏အခန်းကဏ္ဍတွင် ပညာ ရေးသည်လည်း ပါဝင်လာခဲ့ပြီဖြစ်ရာ လူတန်းစား တစ်ရပ်အနေဖြင့် အဆိုပါကျောင်းများအပေါ် မှီခိုခြင်းများရှိနေသကဲ့သို့ အစိုးရကျောင်းများပေါ်တွင် မှီခိုနေသူဦးရေမှာလည်း ရာခိုင်နှုန်းများစွာ ရှိနေဆဲပင်ဖြစ်ကြောင်း အငြိမ်းစား ပါမောက္ခတစ်ဦးကပြောပြခဲ့သည်။

     ထို့ပြင်ဈေးကွက်တစ်ခုအနေဖြင့် ရှိလာပြီဖြစ်သော ပုဂ္ဂလိကပညာရေး ကဏ္ဍတွင် တက်ရောက်လိုသူ ကျောင်းသားမိဘများဘက်မှ ရွေးချယ်စရာများ များစွာရှိလာပြီ ဖြစ်သကဲ့သို့ ထိုက်တန်သည့်ပညာရေး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ရန်သာ ကျောင်းသားမိဘများဘက်မှ မျော်လင့်ကြသည်ဟု သိရပါသည်။

    ''ကျွန်မတို့သိထားတာက အရင်က ပုဂ္ဂလိကကျောင်းဆိုတာ ဘော်ဒါအဖြစ်ဖွင့်ထားကြတာပဲ။ အခုဒီကျောင်း တွေကို အစိုးရကအသိအမှတ်ပြု လိုက်ပြီဆိုတော့ ပညာရေးကဏ္ဍ အဆင့်မြင့်သွားဖို့ မျော်လင့်မိသလို ငွေကြေးတစ်ခုပေါ်မှာ ရင်းနှီးထားရတဲ့အတွက် ထိုက်တန်တဲ့ရလဒ်တွေ ဘယ်လိုရှိလာမလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာပါ''ဟု မြောက်ဒဂုံမြို့နယ်မှ ကျောင်းသားမိဘ တစ်ဦး က ပြောပြခဲ့ပါသည်။

    ''ဒီကျောင်းတွေကို လာတက်မယ့်သူကတော့ အရင်လိုပဲ ကိုယ့်အကြိုက် သူ့အကြိုက်ရွေးချယ်ပြီး လာကြမှာပါ။ တစ်ခုရှိတာက ဖွင့် ခွင့်ရဖို့ အားလုံးသောကျောင်းတွေက မျော်နေကြတာပါပဲ'' ဟုကျောက်ကုန်း စာသင်ဝိုင်းမှ ဆရာဦးတင်မောင်ချို က ရှင်းပြခဲ့ပါသည်။
ကျွန်မတို့သိထားတာက အရင်က ပုဂ္ဂလိကကျောင်းဆိုတာ ဘော်ဒါအဖြစ် ဖွင့်ထားကြတာပဲ။ အခုဒီကျောင်းတွေကို အစိုးရက အသိအမှတ်ပြုလိုက်ပြီဆိုတော့ ပညာရေးကဏ္ဍ အဆင့်မြင့်သွားဖို့ မျော်လင့်မိသလို ငွေကြေးတစ်ခုပေါ်မှာ ရင်းနှီးထားရတဲ့အတွက် ထိုက်တန်တဲ့ရလဒ်တွေ  .  .  .

        ယခင်ဘော်ဒါဆောင်များအဖြစ် ရှိခဲ့သော ယခုကျောင်းဖွင့်ရာသီ လုပ် ကိုင်ခွင့်ရထားသည့် ပုဂ္ဂလိကကျောင်းများသို့ လာရောက်သူများမှာ နယ်မြို့ များ၊ ရန်ကုန်မြို့တွင်းမှ နီးစပ်ရာ မြို့နယ်များမှ တက်ရောက်ကြရာ အချို့မှာ ကျောင်းအိပ်၊ ကျောင်းစား၊ စာသင်ခြင်းရှိသကဲ့သို့ အချို့မှာစာ ကျက်ဝိုင်းသီးသန့်သာဖြစ်ကြသည် ဟု သိရှိရပါသည်။

   ယခင်ကဘော်ဒါဆောင်များမှ ကောက်ခံသည့် ဈေးနှုန်းများမှာ တူညီမှုမရှိကြဘဲ ၀န်ဆောင်မှုအရအထက်တန်း ကျောင်းသားတစ်ဦးအတွက် တစ်နှစ်လျင် ကျပ်သိန်း ၂၀ ကျော် နှင့်အထက်ထိ အများဆုံးရှိကြသည် ဟုသိရသည်။ ထို့ပြင် သာမန်အစိုးရ ကျောင်းများသို့ တက်ရောက်ကြသည့် တက္ကသိုလ်ဝင်တန်းကျောင်းသား တစ်ဦး၏တစ်နှစ်လျင်ကုန်ကျစရိတ် မှာပျမ်းမျ ကျပ် ၁၀ သိန်းနီးပါးရှိ သည်ဟု ယခုနှစ်တက္ကသိုလ်ဝင်တန်း ဖြေဆိုသူကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူက ပြောပြခဲ့ပါသည်။

    ထို့ပြင် ပုဂ္ဂလိကကျောင်းများဆိုင်ရာဥပဒေအား မကြာမီပြဋ္ဌာန်းသွားမည်ဖြစ်ရာ အသေးစိတ်အချက် အလက်များအား အဆိုပါဥပဒေအတိုင်း လိုက်နာကျင့်သုံးသွားရမည် ဖြစ်သည်ကိုလည်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီမှ တာဝန်ရှိသူက မတ်လ ၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

    လာမည့်ကျောင်းဖွင့်ရာသီတွင် ဖွင့်ခွင့်ရထားသည့် ပုဂ္ဂလိကကျောင်းများ တက်ရောက်ခြင်းဖြင့် ယခင်က ကဲ့သို့ အစိုးရကျောင်းများသို့ တက်ရောက်စရာမလိုတော့ကြောင်းလည်း သိရှိရပါသည်။

    ပုဂ္ဂလိကကျောင်းတက်ခွင့်ကို ပဉ္စမတန်းမှ ဒသမတန်းအထိ တက် ရောက်နိုင်ပြီး ကျောင်းဝတ်စုံမှာ နိုင်ငံပိုင်အစိုးရကျောင်းများကဲ့သို့ တစ်ပြေးညီသတ်မှတ်ထားသည်ဟု သိရှိရပါသည်။

    ရန်ကုန်မြို့ရှိ ပုဂ္ဂလိကကျောင်း ၂၄ ကျောင်းတွင် တရားဝင်ဖွင့်ခွင့်ပြုလိုက်သောကျောင်းမှာ လတ်တလော ရှစ်ကျောင်းဖြစ်ပြီး ကျောင်းဖွင့်ရာသီ ဇွန်လတွင် စတင်တက်ရောက်ကြရမည် ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့တွင် အနည်းဆုံးပုဂ္ဂလိကကျောင်း ၁၀ ကျောင်းအထိ အနည်းဆုံးဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရင်းမြစ်။ ။http://www.first-11.com/index.php?option=com_content&view=article&id=2346:2010-03-17-08-04-52&catid=42:2009-11-10-07-36-59&Itemid=112