Showing posts with label ဆွေးနွေးခန်း. Show all posts
Showing posts with label ဆွေးနွေးခန်း. Show all posts

Friday, March 26, 2010



ရွှေဂျိုး၏ ဂျောက်ဂျက်သံစုံမြည် စက်ဘီးစုတ်ကလေး အရှိန်ပင် မသေသေး၊ ငှက်ဆိုးထိုးသံနှင့် အလားသဏ္ဌာန်တူသော လေအိုး၏ ၀က်ဆိုးအော်သံကို ခပ်လှမ်းလှမ်းမှ စပြီး ကြားရသည်။

လေအိုး ။ ။ ကဲ … ကဲ … ၀င်မလား မ၀င်ဘူးလား၊ ၀င်မလား မ၀င်ဘူးလား ဒါပဲပြော … ဒါပဲပြော။ ဟေ့ … ပိုက်ထွေးရေ ရေနွေးအိုး (အဲ …) လက်ဖက်ရည်နှစ်ခွက် လုပ်စမ်းကွာ။ ဟိုမှာ အသေဆိုးမယ့် ကိုရွှေဂျိုးလည်း လာနေပြီဟေ့။

လေအိုး၏ ၀က်ဆိုးအော်သံကို ရွှေဂျိုးတယောက် ပြန်မပြောအားသေးဘဲ ခနော်နီခနော်နဲ့ စက်ဘီးစုတ်ကလေးအတွက် ဦးစွာနေရာရှာပြီး ဒေါက်ထောက်ရပ်နားလိုက်သည်။ ပြီးမှ …

ရွှေဂျိုး ။ ။ ဘာလဲ ကိုလေအိုး အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်ခိုင်းနေတာလားဗျ။ မနက်စောစောစီးစီး ဘာတွေ အော်ဟစ်နေတာလဲဗျာ၊ ကျက်သရေမင်္ဂလာ မရှိလိုက်တာ။

လေအိုး ။ ။ ဘယ့်နဲ့ ကျက်သရေမင်္ဂလာမရှိရမှာလဲ ကိုရွှေဂျိုးရဲ့။ လေအိုးအသံလောက် သာယာနာပျော်ဖွယ်ကောင်းတာ လေအိုးအသံပဲရှိတယ်။ မြန်မာပြည်သိန်းတန်ကတောင် ပြောတယ်။ သူ့အသံ ကောင်းလှပြီထင်နေတာ ကိုလေးအိုးနဲ့ တွေ့မှပဲ စိတ်ဓာတ်အကြီးအကျယ် ပိန်ရတော့တယ်တဲ့။ နောက်ပြီး ဒီဗွီဘီက သီတာတို့ တော်လှန်ရေးပေါ်လစီသီချင်းဆိုဖို့ လေအိုးကို ပရိုပို့စ်လာလုပ်တာလည်း ခင်ဗျား မသိလိုက်ဘူးမဟုတ်လား။ ကျုပ်က မအားမလပ်ဖြစ်လွန်းလှတဲ့ တော်လှန်ရေး ဗာဟီရကိစ္စ၀ိစ္စတွေကြောင့်သာ သီတာလေး ပရိုပို့စ်လုပ်တာကို ငြင်းဆန်လိုက်ရတာဗျ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း ပါးစပ်ကို လက်ဖြင့်အုပ်ကာ လေအိုးရယ်)

ရွှေဂျိုး ။ ။ အင်းပါဗျာ။ ကိုလေအိုး ငြင်းပယ်လိုက်တာပဲ ကျေးဇူးအထူးတင်ရပါတယ်။ နို့မဟုတ်ရင် ပြည်တွင်းထဲက လူတွေခမျာ သန်းရွှေတို့တီဗွီက နှိပ်စက်လို့ အိပ်ပျက်တာကတမျိုး၊ ဒီဗွီဘီက ကိုလေအိုးရဲ့ ၀က်ဆိုးအော်သံကြောင့် နားမချမ်းသာတာက တမျိုးနဲ့ ဒုက္ခအဖုံဖုံ တွေ့ကြုံနေကြရတဲ့ ပြည်သူတွေခမျာ နူရာဝဲစွဲ လဲရာသူခိုး (အဲ …) လေအိုးထောင်းဘ၀ ရောက်ကြရမှာ။ အခုတော့ ဒုက္ခတဖုံ အေးသွားတာပေါ့ဗျာ ဟား ဟား ဟား။

လေအိုး ။ ။ တော်ပါပြီဗျာ အနုပညာနဲ့ မိုင်ပေါင်းကုဋေ ဝေးကွာနေတဲ့ ကိုရွှေဂျိုးတို့လို လူတွေနဲ့ စကားပြောရတာ လေကုန်ပါတယ်။ ကဲ … ကဲ ၀င်မလား မ၀င်ဘူးလား ဒါပဲပြောတော့။

ရွှေဂျိုး ။ ။ ဟာဗျာ … အရင်းမပါ အဖျားမပါနဲ့ ဘာတွေ အတင်းကြီး ၀င်ခိုင်းနေတာလဲဗျ ကိုလေအိုးရ။ ၀င်တယ်ဆိုတာ အမျိုးမျိုးရှိတဲ့ဥစ္စာ။ ထောင်ထဲဝင်ရမှာလား၊ မီးသင်္ဂြိုဟ်စက်ထဲ ၀င်ရမှာလား၊ ဘယ်အပေါက်ထဲ ၀င်ရမှာလဲ၊ ရှင်းအောင်ပြောမှပေါ့ဗျ။

လေအိုး ။ ။ ကိုရွှေဂျိုးတို့နဲ့လည်း ခက်ပါတယ်ဗျာ၊ သတင်းခေတ်ကြီးမှာ နိစ္စဓူဝ ဟော့ဖြစ်နေတဲ့ အစ်ရှူးတွေနဲ့ ကိုရွှေဂျိုး မျက်ခြည်ပြတ်နေတာကိုးဗျ။ အခု သန်းရွှေတို့လုပ်မယ့် မျက်လှည့်ပွဲ (အဲ …) ရွေးကောက်ပွဲကြီးကို ၀င်မလား မ၀င်ဘူးလားဆိုတဲ့ အစ်ရှူးက အရမ်းကို ဟော့ဖြစ်နေတယ်ဗျ။ အဲဒါ ခင်ဗျား မသိဘူးလား။ သတင်းဆရာတွေ အရမ်းဖွနေကြတဲ့ဥစ္စာဗျာ။

ရွှေဂျိုး ။ ။ ဒါတော့ မသိဘဲ နေမလားဗျာ။ ရွှေဂျိုးလည်း ကိုယ့်တိုင်းပြည်အရေးဆို လက်နှေးတဲ့ကောင် မဟုတ်ဘူးဆိုတာ ကိုလေအိုး အသိပဲ မဟုတ်လားဗျ။ ဟဲ … ဟဲ အဲဒီတော့ ကိုယ့်တိုင်းပြည် ဘာဖြစ်လို့ ဘယ်အခြေစိုက်နေပြီလဲဆိုတာတော့ အမြဲနားစွင့်တာပေါ့ဗျ။ ကဲ … ဒါနဲ့ ပြောပါဦး ဘယ်သူတွေက အမြီးနှန့် (အဲ …) ၀င်ချင်နေပြီး ဘယ်သူတွေက မ၀င်ဘူးတဲ့လဲဗျ။

ထိုစဉ် လက်ဖက်ရည်နှစ်ခွက် လာချပေးသည့် အဖျော်ဆရာလေး ပိုက်ထွေးထံမှ သီချင်းသံက လေအိုးနှင့် ရွှေဂျိုး၏ နားတွေထဲသို့ ကန့်လန့်ဖြတ် ၀င်ရောက်လာသည်။

“ပေါက်နေပြီ ပေါက်နေပြီ xxx ဟေ့ ပေါက်နေပြီ ပေါက်နေပြီ”

လေအိုး ။ ။ ဟေ့ကောင် ပိုက်ထွေး၊ ဘာတွေ ပေါက်နေတာလဲကွာ၊ လေလည်တာဆိုရင်တော့ ဟိုဝေးဝေးမှာ သွားလည်ကွာ။ ငါတို့ နှာခေါင်းက နုနယ်လွန်းတယ်၊ အဲဒီအနံ့ကို ခံနိုင်ရည်မရှိဘူးကွ။ အဲ … ထီပေါက်တာဆိုရင်တော့ မင့်အစ်ကိုကြီးနှစ်ယောက်ကို ပိုက်ဆံချေးဖို့ မမေ့နဲ့ပေါ့ကွာ ဟုတ်လား ပိုက်ထွေး။

ပိုက်ထွေး ။ ။ ဟား ဟား ဟား အစ်ကိုလေအိုး ပြောလိုက်ရင် အလွဲတွေချည်းပဲ။ ပေါက်နေပြီဆိုတာ အလကားရတဲ့ ဆိုင်နောက်ဖေးချောင်ကလောင်မှာ အစ်ကိုရွှေဂျိုး အမြဲဝင်လုပ်နေကျအလုပ်ကို ပြောတာဗျ ဟား ဟား ဟား။

ရွှေဂျိုး ပါးစပ်မဟမီ ပိုက်ထွေးတယောက် အဖျော်ကောင်တာဆီသို့ သုတ်ခနဲ ပြန်ပြေးသွားသည်။

ရွှေဂျိုး ။ ။ ဟေ့ကောင် ပိုက်ထွေး၊ ဒါနောက်စရာကိစ္စ မဟုတ်ဘူး။ ကျန်းမာရေးကွ၊ ကျန်းမာရေး မင်းနားလည်ရဲ့လား။ ရွှေပြွန်က ရေမသွန်လို့ ပိုက်တပ်ပြီးတောင် ကဲ့ထုတ်ရတဲ့သူတွေ ဆေးရုံမှာ မင်းမတွေ့ဖူးဘူးလား။ မင်းကိုယ်တိုင်ဖြစ်မှ အမေလေး အဘလေး တနေရမယ် ပိုက်ထွေး။ လူကြီးကို မနောက်စမ်းနဲ့။ ၀ဋ်လည်မယ်။

ရွှေဂျိုး ပိုက်ထွေးဘက်သို့လှည့်ကာ အတည်ပေါက် ပြောဆိုပြီးနောက် လေအိုးဘက်သို့ ပြန်လှည့်ကာ စကားစကို ပြန်ဆက်လိုက်သည်။

ရွှေဂျိုး ။ ။ ဟိုကောင် ပိုက်ထွေးလုပ်တာနဲ့ ပြောလက်စတွေ မြောင်းထဲကျ (အဲ …) ဘေးရောက်ကုန်ပြီ။ ပြန်ကောက်ချေဦးမှ။ ပြောပါဦးဗျ ကိုလေအိုး၊ ဘယ်သူတွေက ရွေးကောက်ပွဲ ၀င်ချင်နေပြီး ဘယ်သူတွေက မ၀င်ဘူးတဲ့လဲ။

လေအိုး ။ ။ အေးဗျ။ ဘယ်သူတွေ ၀င်ချင်သလဲဆိုတော့ အနှစ် (၂၀) လုံးလုံး အိပ်ရာထဲ အိပ်ချင်ယောင်ဆောင် (အဲ …) ကျန်းမာရေးမကောင်းဘူးဆိုတဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေက ရွေးကောက်ပွဲဥပဒေဆိုတာလည်း ထွက်ရော ပါတီရုံးချုပ်ကို ငေါက်ခနဲ ပေါက်ချလာပြီး မှတ်ပုံတင်ဖို့ ပြောတယ်တဲ့ဗျ။ ဦးအောင်ရွှေ မှတ်ပုံတင်ချင်တာကို ဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့က ထောက်ခံတဲ့ အာပုပ်နံ့ (အဲ …) လေသံတွေလည်း လေလှိုင်းတွေမှာ ဆူညံနေတယ်လေဗျာ။ ဒါ သူတို့ ရွေးကောက်ပွဲဝင်ချင်လို့ မဟုတ်လားဗျ။

ရွှေဂျိုး ။ ။ သူတို့ပြောတာက ပါတီရပ်တည်ရေးအတွက် မှတ်ပုံတင်မယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား ကိုလေအိုးရ။

လေအိုး ။ ။ ပါတီရပ်တည်ရေးဆိုရအောင် အနှစ် (၂၀) လုံးလုံး လူထုအတွက် ဘာမှမလုပ်တဲ့ ပါတီကြီး နောက် အနှစ် (၁၀၀) ဆက်ရှိနေတော့ကော ဘာလုပ်ရမှာလဲဗျ။ ဟိုတလောကလည်း ဆရာလူထုစိန်ဝင်း ပြောသွားပြီးပြီ။ တော်တော်ဆိုးတဲ့ လူတွေပါဗျာ။ ‘လုပ်ရမယ့် အလုပ်ကို မလုပ်၊ မလုပ်ရမယ့် အလုပ်ကို လုပ်’ ဆိုတာ သူတို့ပဲ။ ၉၀ တုန်းက မဲပေးထားတဲ့ ပြည်သူတွေရဲ့ မျက်နှာတွေကိုမှမထောက် … တောက် (တောက်တချက်ခေါက်ရင်း ပါးစပ်ကို လက်ဖြင့်အုပ်ကာ လေအိုး ပြုံး)

ရွှေဂျိုး ။ ။ ဒါပေမယ့် ဒေါ်စုနဲ့ ဆရာဦးဝင်းတင်တို့ရဲ့ သဘောထားကတော့ မှတ်ပုံမတင်ရေး မဟုတ်လားဗျ။

လေအိုး ။ ။ အေးပေါ့ဗျာ၊ ပြည်သူကော နိုင်ငံတကာကရော လေးစားအားထားတဲ့ ဒေါ်စုနဲ့ ဦးဝင်းတင်တို့ သဘောထားက ပြတ်သားပေလို့ပေါ့ဗျာ။ နို့မဟုတ်ရင် အန်အယ်လ်ဒီတော့ သန်းရွှေခိုင်းတဲ့အတိုင်း ဆက်လုပ် (အဲ …) ဦးအောင်ရွှေ မိန့်သမျှနဲ့ ဒုက္ခတွေ့နေရတဲ့ အောက်ခြေအဖွဲ့ဝင်တွေ တွေဝေကုန်ကြမှာ။ အခုတော့ ဒေါ်စုနဲ့ ဆရာဦးဝင်းတင် ပြတ်ပြတ်သားသား ပြောချလိုက်တော့ အတွေးအခေါ် မရှုပ်တော့ဘူးဗျာ။

ရွှေဂျိုး ။ ။ ဒါနဲ့ ကိုလေအိုး … မတ်လ (၂၉) ရက်နေ့မှာ အန်အယ်လ်ဒီပါတီ မှတ်ပုံတင်သင့် မတင်သင့် မဲခွဲဆုံးဖြတ်ဖို့ စုံညီအစည်းအဝေး ခေါ်ထားတယ်မဟုတ်လားဗျ။

လေအိုး ။ ။ အင်း … ဟုတ်တယ်။ အလွဲတွေပါဗျာ။ မှတ်ပုံတင်သင့် မတင်သင့်ဆိုတဲ့ ကိစ္စကို လူထုကို သြဇာညောင်းတဲ့ ဒေါ်စုနဲ့ ဆရာဦးဝင်းတင်တို့ ကိုယ်တိုင်က မလုပ်သင့်ဘူးလို့ ပြောထားပြီးပြီပဲဗျာ။ ဒါကိုမှ မဲခွဲတဲ့အခါ တင်သင့်တယ်ဆိုတဲ့ဘက်က နိုင်သွားရင်တော့ အန်အယ်လ်ဒီ မြောင်းထဲရောက်ပြီပေါ့။ ပြည်သူ့တံတွေးခွက် ပက်လက်မျောပြီပေါ့။ ဘယ်တတ်နိုင်မလဲဗျာ ၀က်ဆိုရင်တော့ မစင်ကြိုက်မှာပေါ့ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း ပါးစပ်ကို လက်ဖြင့်အုပ်ကာ လေအိုး ရယ်လေပြန်)

ရွှေဂျိုး ။ ။ ဒါနဲ့ ခုဏက ‘လုပ်ရမယ့် အလုပ်ကို မလုပ်၊ မလုပ်ရမယ့် အလုပ်ကို လုပ်’ ဆိုတာ သူတို့ပဲ … လို့ ကိုလေအိုး ပြောသွားတာ ဘာဆိုလိုတာလဲဗျ။ မရှင်းမရှင်း မလုပ်စမ်းပါနဲ့ဗျာ။ တည့်တည့်ပြောစမ်းပါဗျ။ အခုအချိန်က တကယ့်ကို သေရေးရှင်းရေး ဖြစ်နေပြီ။ လူလည်ကြီး သားသမီးလုပ်ပြီး ဝေ့လည်ကြောင်ပတ် ပြောဆိုနေရမယ့် အချိန်မဟုတ်တော့ဘူးဗျ။ တည့်တည့် ကစ်စမ်းပါ ကိုလေအိုး။

လေအိုး ။ ။ ကဲ … ကိုရွှေဂျိုးက တည့်တည့်ကစ်ဆိုတော့လည်း ကစ်ရတော့မှာပေါ့ဗျာ။ လေအိုးက ဂိုးသွင်းကောင်းတဲ့ ကိုကိုနော့ သိတယ်မဟုတ်လား၊ အဟဲ ဂိုးဝင်သွားရင်တော့ မတတ်နိုင်ဘူးဗျို့။ ဒီလိုပါဗျာ။ ကျုပ်အထင်တော့ အန်အယ်လ်ဒီ အခုအချိန်မှာ လုပ်ရမှာက ပါတီမှတ်ပုံတင်သင့် မတင်သင့် ဆွေးနွေးရမှာ မဟုတ်ဘူးဗျ။ သေရေးရှင်ရေး ဖြစ်နေတဲ့အချိန်မှာ ၉၀ မန်းဒိတ်နဲ့ အစိုးရအဖွဲ့ ကြေညာမလား မကြေညာဘူးလား တိုက်ပွဲခေါ်ဖို့ အကြိတ်အနယ် ဆွေးနွေးရမယ့် အချိန်ဗျ။ အခုက ဘာတွေ လျှောက်လုပ်နေမှန်းမသိပါဘူးဗျာ။ တော်တော့်ကို လွဲပါတယ်။ အားကိုးတကြီး မဲပေးခဲ့တဲ့ ပြည်သူတွေကတော့ ဒေါကန်လိုက်ကြမယ့်ဖြစ်ခြင်း … ဟင်း ဟင်း ဟင်း။

ရွှေဂျိုး ။ ။ အင်း … ကိုရွှေဂျိုး ပြောမှ တခုသွားသတိရတယ်။ ဟိုဟာဗျာ ဒီမှာ ဖုန်းမော်နေ့အခမ်းအနား လုပ်တုန်းက တက်ရောက်လာတဲ့ အဖွဲ့အစည်းပေါင်းစုံက ဂီးဇောင်ဂျောင်းတွေ၊ တသီးပုဂ္ဂလတွေ အကြိတ်အနယ် ဆွေးနွေးပြီးတော့ အန်အယ်လ်ဒီကို ၉၀ မန်းဒိတ်အရ ပြည်သူ့အစိုးရ အမြန်ဆုံးဖွဲ့စည်းဖို့ တိုက်တွန်းတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်ဗျ။ အဲဒါကို နောက်တနေ့ ကျင်းပတဲ့ အမ်ပီယူ ရှင်းလင်းပွဲမှာလည်း အမ်ပီယူက ထောက်ခံတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တယ်ဗျ။

လေအိုး ။ ။ အဲဒါ ဘာဖြစ်လဲ ကိုရွှေဂျိုး။ ကောင်းတဲ့ကိစ္စ တိုက်တွန်းတာပဲဟာ။ နောက်ပြီး အခုအချိန်မှာ ဒါပဲလုပ်စရာရှိတော့တာ မဟုတ်လားဗျ။ အနှစ် (၂၀) လုံးလုံး ဘာမှမလုပ်ခဲ့တဲ့ဟာ ဒါလေးတခုတော့ စွန့်လွှတ်အနစ်နာခံပြီး လုပ်ဦးမှပေါ့ဗျာ။ ဒါမှလည်း ပွဲက ပြီးတော့မှာပေါ့ဗျ။ အင်း ဒါပေမယ့် ပွဲမပြီးချင်တဲ့ နိုင်ငံရေးလုပ်စားတချို့ကတော့ ပြောတယ်ဗျ။ အန်အယ်လ်ဒီကို အကျပ်အတည်းဖြစ်အောင် မလုပ်ကြပါနဲ့ အရပ်ကတို့တဲ့။ အော် … အကျပ်အတည်းကို မဖြတ်သန်းချင်ဘဲ အောင်ပွဲဘယ်လိုရအောင် လုပ်မှာလဲလို့ပဲ ဒီမောင် လုပ်စားတွေကို လေအိုး မေးလိုက်ချင်တော့တယ်။ လေအိုးသဘောကတော့ အစိုးရဖွဲ့ဖို့ တိုက်တွန်းပါစေဗျာ ကောင်းတယ်။ တပြည်လုံး တကမ္ဘာလုံး တိုက်တွန်းလေ ကောင်းလေပဲဗျ။

ရွှေဂျိုး ။ ။ ဟာ … ကျုပ်ကြားတာတော့ ဟိုတလောက လုပ်တဲ့ အက်စ်စီအမ် ဆိုတဲ့ ဂီးဇောင်ဂျောင်း တော်တော်များများပါတဲ့ မဟာဗျူဟာညှိနှိုင်းတာဆိုလား ဘာလားဗျာ အဲဒီအစည်းအဝေးမှာ ကိုယ့်ကိုယ်ကိုယ် ဂီးဇောင်ဂျောင်းလို့ တံဆိပ်ကပ်ထားတဲ့ လူတချို့နဲ့ နောက်မြီးဆွဲတချို့က ပြည်သူ့အစိုးရဖွဲ့ဖို့ အမ်ပီယူထောက်ခံတဲ့ ကြေညာချက်ကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုတယ်ဆိုလားဗျ။

လေအိုး ။ ။ အေးပေါ့ဗျာ အန်အယ်လ်ဒီ အစိုးရဖွဲ့လိုက်ရင် တော်လှန်ရေးကြီး ဆုံးခန်းတိုင် အမြစ်ပြတ်သွားမှာ မဟုတ်လားဗျ၊ ကိုရွှေဂျိုးက ဒါကို သဘောမပေါက်ဘဲကိုး ဟား ဟား ဟား ဟား (ပြောရင်း ပါးစပ်အုပ်ပြီး လေအိုး ရယ်နေပြန်၊ ပြီးမှ …) ဒါတွေ ထားလိုက်ပါဗျာ။ သူတို့က စာရင်းထဲရှိတာမှ မဟုတ်တာ။ ဒီအချိန်မှာ အစိုးရဖွဲ့သင့်လို့၊ ဖွဲ့ဖို့ အကောင်းဆုံးအချိန်မို့ ‘ဖွဲ့ပါ ဖွဲ့ပါ ဖွဲ့ကြပါ’ လို့ တိုက်တွန်းရမှာက မဲပေးထားတဲ့ ကျုပ်တို့ပြည်သူတွေရဲ့ သမိုင်းဗျ။ သူတို့ လုပ်စရာရှိတာ၊ လုပ်ရမှာကို မလုပ်တာက စီအာပီပီတို့ အန်အယ်လ်ဒီတို့ရဲ့ သမိုင်းဗျ။ အားလုံး ကိုယ့်သမိုင်း ကိုယ်ရေးကြမှာပေါ့ဗျာ။ အခုအချိန်အထိတော့ လွဲနေကြတုန်းပဲဗျို့၊ ဘယ်တော့များမှ တည့်ကြမလဲမသိ။ အချိန်က သိပ်မရှိ၊ ကဲ … သွားပြီဗျို့။ ပြောရတာ လေကုန်ပါတယ်။ အိမ်ကျမှပဲ မိန်းမနဲ့ ဆက်လွဲ (အဲ …) နှီးနှောဖလှယ်တော့မယ် ဟဲ ဟဲ။

ပြောရင်းဆိုရင်း လေအိုးတယောက် ပိုက်ထွေးဘက်သို့ လှည့်ကာ “ဟေ့ … ပိုက်ထွေး မင်းသီချင်းကို ဒီလိုပြင်ဆို … လွဲနေပြီ လွဲနေပြီ xxx ဟေ့ လွဲနေပြီ လွဲနေပြီ” ဟု အော်ဟစ်ပြီးသကာလ စက်ဘီးနင်းထွက်သွားသကဲ့သို့ ရွှေဂျိုးတယောက်လည်း ပိုက်ထွေးဆီသို့ တချက်လှည့်ကြည့်ကာ အောက်ရေသွန်ရန် ဆိုင်နောက်ဖေးသို့ လှစ်ခနဲ ပြေးဝင်သွားတော့လေသည်တကား။

ရင်းမြစ်။ ။ခေတ်ပြိုင်

Friday, March 19, 2010

ကိုယ်လာရင်ကြိုမှာလား


ရွှေဂျိုးတယောက် စက်ဘီးစုတ်ကလေးကို ဒေါက်ထောက်ပြီးနောက် လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်ထဲသို့ လှမ်းဝင်မည် ဟန်ပြင်ရုံရှိသေး ထိုင်နေကျ စားပွဲဝိုင်းတွင် ပါးစပ်တပြင်ပြင် ဖင်တကြွကြွ ဖြစ်နေသည့် လေအိုးကို တွေ့ရသည်။

ရွှေဂျိုး ။ ။ ပါးစပ်တပြင်ပြင် ဖင်တကြွကြွနဲ့ ဘယ်လိုဖြစ်နေတာလဲ ကိုလေအိုးရဲ့။ မနက်စောစောစီးစီး ကိုလေးအိုးကို ကြည့်ရတာ စိတ်မချမ်းသာစရာဗျာ။ ကျုပ်တောင် မထိုင်ရသေးဘူး၊ ကိုလေအိုးက ဖင်ကြွနေတယ်၊ ဘာလဲ ကိုလေအိုးမိန်းမ ဒေါ်ကပ်စေးက ညက ပဲဟင်းအကျန်တွေနဲ့ မနက်စာ ကျွေးလွှတ်လိုက်လို့လားဗျ။ ပြောစမ်းပါဦးဗျာ။

လေအိုး ။ ။ မဟုတ်ပါဘူး ကိုရွှေဂျိုးရာ၊ ထိုင်ဖြင့်မထိုင်သေးဘဲ ခင်ဗျားက လူကို မှိုချိုးမျှစ်ချိုး ဝေဖန်နေတော့တာကိုးဗျ။ ကြည့်ရတာ မြန်မာပြည်မှာနေတုန်းက ဝေဖန်ရေးဆရာ လုပ်ခဲ့တယ်ထင်တယ်။ ဒါကြောင့် ထမင်းငတ်ပြီး ဒီဘက်ထွက်လာတာ ဖြစ်မယ်။ ဟုတ်တယ်မဟုတ်လား ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း လေအိုး ပါးစပ်ကို လက်ဖြင့်အုပ်ပြီး ရယ်)

ရွှေဂျိုး ။ ။ စာမူခ နှစ်ပဲတပြားရတဲ့ ဝေဖန်ရေးဆရာ လုပ်မလားဗျာ။ လက်ညောင်းတာ အဖတ်တင်မှာပေါ့။ လုပ်ချင်းလုပ် အမြင်မတော်တာတွေ့ရင် ထရိုက်လိုက်မှာပေါ့။ ရွှေဂျိုးစိတ်က ဒီလိုဗျ။ ကဲ လုပ်စမ်းပါဦး ဘယ်လိုဖြစ်လို့ ပါးစပ်တပြင်ပြင် ဖင်တကြွကြွ ဖြစ်နေရတာတုန်း လင်းစမ်းပါဦး။

လေအိုး ။ ။ ပါးစပ်ပြင်တာကတော့ သတင်းထူး ပြောစရာရှိတာကိုးဗျာ။ အဲ … ဖင်ကြွတာကတော့ အိမ်က မိန်းမစကားကို စက္ကန့်မခြား ကြားယောင်နေလို့ဗျို့၊ ကြားယောင်နေလို့ ဟဲ ဟဲ။

ရွှေဂျိုး ။ ။ မိန်းမက ဘာမှာလိုက်လို့ ဒါလောက်တောင် ကြောက်ချေးစိမ့်နေရတာလဲ၊ ဆိုစမ်းပါဦး ကိုလေအိုးရဲ့။

လေအိုး ။ ။ ကြောက်ချေးစိမ့်တာ မဟုတ်ပါဘူး ကိုရွှေဂျိုးရာ၊ ချစ်တာပါဗျ၊ ချစ်တာ ချစ်တာ ဟား ဟား ဟား ဟား (ဆက်မပြောခင် ပါးစပ်ကို လက်ဖြင့်အုပ်၍ ရယ်နေပြန်)။

ရယ်သံစဲလေမှ လေအိုး စကားဆက်သည်။

လေအိုး ။ ။ ဒီလိုပါ ကိုရွှေဂျိုးရာ၊ အိမ်က မိန်းမက “ကိုရေ ဒီနေ့ဘာနေ့လဲ သဘောပေါက်နော်၊ မပေါက်ရင် ညစာငတ်မယ်မှတ်” တဲ့။ အဲဒီစကားလေး ကြားယောင်နေလို့ပါဗျာ။ လေအိုးတို့က အခုမှ ညားကာစမဟုတ်လား။ ညစာငတ် (အဲ…) ထမင်းမစားရလို့ ဘယ်ဖြစ်မလဲဗျ။ အဲဒါကြောင့် ဖင်ကြွနေမိတာထင်ပါရဲ့ ကိုရွှေဂျိုးရာ ဟား ဟား ဟား ဟား။

ရွှေဂျိုး ။ ။ ဟာဗျာ ဒီနေ့ တနင်္ဂနွေနေ့ပဲဗျ။ အေးအေးဆေးဆေးပေါ့ ကိုလေအိုးရ။ ကျုပ်က ဘာများလဲလို့ဗျာ။

လေအိုး ။ ။ ဟာ … မအေးဆေးဘူး ကိုရွှေဂျိုးရေ၊ ဒီလိုဗျ လေအိုးတို့က တနင်္ဂနွေလိုနေ့မျိုးမှ မိန်းမအတွက် အချိန်အပြည့် ပေးရတာ။ ကျန်တဲ့နေ့တွေဆို ကိုရွှေဂျိုးသိတဲ့အတိုင်း တိုင်းရေးပြည်ရေး လွတ်မြောက်ရေးကိစ္စတွေနဲ့ လျှောက်ပတ်စားသောက် (အဲ …) အခမ်းအနားတွေတက်၊ ၀ပ်ရှော့တွေသွား၊ ဆီမီနာတွေမှာ စားနဲ့၊ မအားမလပ်အောင် အလုပ်ရှုပ်နေတာ မဟုတ်လားဗျ။ ဒါကြောင့် တနင်္ဂနွေတရက်တော့ မိန်းမအတွက် အချိန်ပေးရင်း ဟိုနားသည်နား အလည်ပို့ပြီး ချော့ရတာပေါ့။ မပို့လို့ စိတ်ကောက်ရင် ညစာငတ် (အဲ …) ညနေ ထမင်းဟင်း မချက်ရင် ဒုက္ခမဟုတ်လားဗျာ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း ပါးစပ်ကို လက်ဖြင့်အုပ်ပြီး လေအိုး ရယ်ပြန်)

ရွှေဂျိုး ။ ။ ကဲ ကဲ ဟုတ်ပါပြီ။ အဲဒါဆိုလည်း ပါးစပ်တပြင်ပြင်လုပ်နေတဲ့ သတင်းထူးကိုပဲ မြန်မြန်ထက်ထက် ပြောပါတော့ဗျာ။ ဟေ့ … ပိုက်ထွေးရေ လက်ဖက်ရည် နှစ်ခွက်ဟေ့။ ရေနွေးအိုးလေးပါ အလိုက်သိစမ်းကွာ။

လေအိုး ။ ။ ဒီလိုဗျ ကိုရွှေဂျိုးရ။ ကိုညီညီအောင် လွတ်လာပြီလေဗျာ။ ခင်ဗျား မသိဘူးသေးဘူးလား။

ရွှေဂျိုး ။ ။ ဘယ်သူလဲဗျ ကိုညီညီအောင်ဆိုတာ၊ ဘယ်ကလွတ်လာတာလဲ၊ အရင်းမရှိ အဖျားမရှိ ကိုလေအိုးရာ။

လေအိုး ။ ။ ဟာ ကိုရွှေဂျိုးကလည်း တော်တော်ခေတ်နောက်ကျတဲ့လူပဲဗျာ၊ လေလှိုင်းဆရာတွေ၊ ၀က်ဘ်ဆိုက်ဆရာတွေ တဖွဖွ သတင်းလုပ်နေတဲ့ ကိုညီညီအောင်လေဗျာ။ ခင်ဗျားမသိဘူးလား။ မျက်မှန်လေးနဲ့ ပင်နီတိုက်ပုံလေးနဲ့လေဗျာ။ ခဏခဏ တွေ့နေရတဲ့ဥစ္စာ။

ရွှေဂျိုး ။ ။ အော် သိပြီ သိပြီ ထုံထောင်းထဲက ဂီးဇောင်ဂျောင်း လင်မယားအိမ်မှာ ၀င်ထွက်နေတဲ့ ကိုယ်တော်လေး မဟုတ်လား။ ကျောပိုးအိတ်လေးလွယ်ပြီး ဆိုင်ကယ်တစီးနဲ့ လမ်းသလား (အဲ …) လျှောက်သွားနေတာ ကိုယ် တွေ့တွေ့နေတာပဲဟာ။ သူ့ကို ပြောတာလား။

လေအိုး ။ ။ အင်း ဟုတ်တယ်လေဗျာ။ သူပေါ့ဗျ ကိုညီညီအောင်ဆိုတာ။

ရွှေဂျိုး ။ ။ သူဆိုရင်တော့ သိသပေါ့ဗျာ။ ကျုပ်မိတ်ဆွေတွေထဲမှာလည်း ညီညီအောင်တွေက တော်တော်ပေါတာဆိုတော့ ရုတ်တရက် မင်မိုရီအောက်သွားတာ ဆောရီးဗျာ။ သူက မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား မြန်မာ့အရေးတက်ကြွလုပ်စား (အဲ …) လှုပ်ရှားသူမဟုတ်လားဗျ။ ဘန်ကောက်ကနေ လေယာဉ်စီးပြီး ၀င်သွားလို့ မင်္ဂလာဒုံလေဆိပ်မှာ အဖမ်းခံရတာ မဟုတ်လား။ ယက်တောညီလို့တောင် ရွှေဂျိုးတို့ နောက်နောက်နေသေးဗျာ။ ယက်တောအမှုနဲ့ ရှေ့ဆင့်နောက်ဆင့် ဖြစ်တာကိုးဗျ။ အခု သူ မြန်မာပြည်မှာ ထောင်ကျနေတယ်မဟုတ်လား။ ဟိုတလောလေးကတင် ဘယ်သူလဲမသိဘူး ကျုပ်ကိုပြောတာ။ သုံးနှစ်တောင် ကျတာဆိုဗျ။ အခု ဘယ်ကနေဘယ်လို ဆိုင်းမဆင့် ဗုံမဆင့် လွတ်လာတာလဲ ကိုလေအိုးရဲ့ လင်းစမ်းပါဦး။

လေအိုး ။ ။ ခင်ဗျားမေးပုံကြီးကလဲဗျာ။ ကိုညီညီအောင်ကို ထောင်က မလွတ်စေချင်တဲ့ လေသံပေါက်နေပါ့လား။ လူတယောက် အချုပ်အနှောင်က လွတ်လာတာ မင်္ဂလာရှိတဲ့ ကိစ္စမဟုတ်လားဗျာ။ မုဒိတာပွားမှပေါ့ ကိုရွှေဂျိုးရ ဟား ဟား ဟား ဟား (ပါးစပ်ကို လက်ဖြင့်အုပ်ပြီး လေအိုး ရယ်လေပြန်)။

ထိုစဉ် ပိုက်ထွေး လက်ဖက်ရည်နှစ်ခွက် လာချပေးရာ သူ့ခါးတွင် ချိတ်ထားသည့် မိုဘိုင်းလ်ဖုန်းလေးထဲမှ ထုံးစံအတိုင်း သီချင်းသံ လွင့်ပျံ့လာပြန်သည်။

“မေ့မရနိုင်ပါသည် xxx အခွင့်ရယ်သာတဲ့ တနေ့မှာ xxx အပြေးကလေး လာတွေ့ဦးမည် xxx ရွှေညာသူရေ ကိုယ်လာရင် ကြိုမှာလားလို့ အတည် xxx”

လေအိုး ။ ။ ပိုက်ထွေးရာ ဘယ်ကောင်မလေးကို မင်းက ပြေးတွေ့ချင်ရပြန်ပြီလဲ။ ဟိုတခါ လမ်းသရဲ အရိုက်ခံရတာလည်း မမှတ်သေးဘူး။ ဒီတခါ ကောင်မလေးအစ်ကိုတွေ ထွက်ရိုက်မှဖြင့်ကွာ … ငါ့နဲ့ ရင်လေးစမ်းပါဘိ။

ပိုက်ထွေး ။ ။ ဟား ဟား အစ်ကိုလေးအိုးကလည်း ကိုယ်မစွံတိုင်း သူများကို မနာလိုမဖြစ်နဲ့လေ။ ရွှေညာသူလေဗျာ၊ ရွှေညာသူ၊ ညိုချောကလေးပေါ့ဗျ အစ်ကိုလေအိုးရ ဟား ဟား ဟား။

သူ့ကို ပြန်စနေသည့် ပိုက်ထွေးကို လေအိုး မျက်စောင်းခဲပြီး ကြည့်လိုက်ရာ ပိုက်ထွေး ဇက်ကလေးပုပြီး အဖျော်ကောင်တာဘက်သို့ သုတ်သုတ်ပြန်လျှောက်သွားသည်။ ထို့နောက် ရွှေဂျိုးက စကားကို ပြန်ဆက်သည်။

ရွှေဂျိုး ။ ။ အာ … ကျုပ်မေးတာ အဲဒီသဘောမဟုတ်ရပါဘူး ကိုလေအိုးရာ။ ရွှေဂျိုးလောက် မုဒိတာပွားတတ်တာ ရွှေဂျိုးပဲရှိပါတယ်ဗျ။ အခုဟာက နိုင်ငံရေးအကျဉ်းသားစောင့်စားရေး (အဲ ...) ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားချက်အရ မြန်မာပြည်ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) လောက်ရှိတယ်လို့ ဆိုတယ်မဟုတ်လား။ အဲဒီ (၂,၀၀၀) လောက်ထဲမှာမှ သူတယောက်တည်း ထူးထူးခြားခြား လွတ်မြောက်လာလို့ မေးမိတာပါဗျာ။ သန်းရွှေတို့က ဘာကြောင့် လွှတ်ပေးလိုက်တာတဲ့လဲဗျ။

ရွှေဂျိုး မေးနေစဉ်မှာပင် လေအိုးက သူ့အိတ်ကပ်ထဲမှ စက္ကူခေါက်ကို ဆွဲထုတ်ကာ ဖြန့်လိုက်သည်။ ထို့နောက် တစုံတခုကို ဖတ်ပြတောမည့်ဟန်ဖြင့် ...

လေအိုး ။ ။ သန်းရွှေတို့က လွှတ်ချင်လို့ လွှတ်တာ ဟုတ်ပုံမရဘူးဗျ။ ကိုညီညီအောင် အပြောအရ မလွှတ်မဖြစ်လို့ လွှတ်လိုက်ရပုံပေါ်တယ်။ အင်း ဒီမှာ ပရင့်အောက်ထုတ်လာတယ်၊ ကိုညီညီအောင် လွတ်လာတာနဲ့ ပတ်သက်ပြီး မဇ္ဈိမ၀က်ဘ်ဆိုက်နဲ့ ဗွီအိုအေလေလှိုင်းမှာ သူကိုယ်တိုင် ဖြေထားတာလေးတွေ ဖတ်ရကြားရတယ်ဗျ။ သူ့အပြောအရတော့ သူလွတ်မြောက်လာတာ ဒီလိုတဲ့ဗျ “ကျနော် ယုံကြည်တာပေါ့လေ၊ ကျနော် မျှော်လင့်ထားတာက မြန်မာနိုင်ငံရဲ့အရေးကို တကမ္ဘာလုံးက အင်အားစုတွေ၊ တကမ္ဘာလုံးမှာရှိတဲ့ မြန်မာကိုချစ်တဲ့ မိတ်ဆွေတွေအားလုံးက ဝိုင်းဝန်းပြီးတော့ ကူညီနေတဲ့အတွက်ကြောင့်၊ မြန်မာပြည်လွတ်မြောက်ရေးကို ကူညီနေတဲ့အတွက်ကြောင့်၊ မြန်မာပြည်မှာ နိုင်ငံရေးအရ အကျဉ်းကျနေတဲ့ လူတွေရဲ့ လွတ်မြောက်ရေးကို အထူးကြိုးစားပြီး ကူညီခဲ့ကြတာလို့ ကျနော် မျှော်လင့်ပါတယ်။ အဲဒီဟာကို ယုံလည်းယုံကြည်ပါတယ်။ မြန်မာတွေတင်မကဘူး၊ တခြားသော နိုင်ငံခြားသားတွေရော၊ အားလုံးစုပေါင်းပြီး ကြိုးစားခဲ့လို့ ကျနော့်ရဲ့လွတ်မြောက်မှုဟာ ရလဒ်လို့ပဲ ကျနော်မြင်ပါတယ်” တဲ့။ ၀ါကျတော့ သိပ်မချောဘူးဗျာ။ ဒါပေမယ့် ကိုညီညီအောင် ဆိုလိုပုံကတော့ တကမ္ဘာလုံးကပေးတဲ့ ဖိအားဒဏ်ကို မခံနိုင်လို့ သန်းရွှေတို့က လွှတ်လိုက်ရတာ ဆိုတဲ့သဘောဗျ။

ရွှေဂျိုး ။ ။ ဟောဗျာ၊ အဲသလို ဖြေသတဲ့လား၊ အဲသလိုဆိုရင်တော့ သန်းရွှေကြီးတို့က ကျုပ်တို့ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးခွန်ထွန်းဦးတို့၊ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ကို အရင်လွှတ်သင့်တာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးခွန်ထွန်းဦးတို့၊ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့အတွက်ဆို တကမ္ဘာလုံးမှာ လွတ်မြောက်ရေး ကမ်ပိန်းတွေ လုပ်နေကြတာ ၀က်ဝက်ကွဲပဲ မဟုတ်လားဗျ။ ကိုညီညီအောင် ဖြေကြားပုံအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးခွန်ထွန်းဦးတို့၊ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ကိုကျတော့ မလွှတ်သေးဘဲ သူ့တယောက်တည်းကို လွှတ်ပေးလိုက်တာ သိပ်ယုတ္တိမရှိသလိုပဲဗျနော်။

လေအိုး ။ ။ အေးဗျာ ယုံချင်ယုံ မယုံရင် ပုံပြင်သာမှတ် ကိုရွှေဂျိုးရေ၊ သူ ဘန်ကောက်မှာ အတင်းထောက် (အဲ …) သတင်းထောက်တွေကို ဖြေကြားသွားတာကတော့ အဲသလိုပါပဲဗျာ။ ကျန်တာကတော့ သူနဲ့ သန်းရွှေတို့ကြားက ကိစ္စနေမှာပေါ့ဗျ။ ဒါကတော့ လေအိုးတို့က ကန်တော်ကြီးမှာ အတွဲချောင်းသလို သွားချောင်းလို့မှမရတော့ အကုန်လုံး ဘယ်သိနိုင်ပါ့မလဲဗျာ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း ပါးစပ်ကို လက်ဖြင့်အုပ်ပြီး လေအိုးရယ်ပြန်)

ရွှေဂျိုး ။ ။ ဒါနဲ့ ကိုညီညီအောင်က နအဖစစ်အစိုးရကို ဆန့်ကျင်နေတဲ့ မြန်မာ့အရေးလှုပ်ရှားသူဖြစ်ပြီး ဘယ်လိုဖြစ်လို့ လေယာဉ်ကြီးစီးပြီး ဝေဟင်ခရီးကနေ တရားဝင် လစ်ရတာလဲဗျာ။ တယ်ထူးဆန်းပါလား ကိုလေအိုးရ။

လေအိုး ။ ။ အား … အဲဒါလည်း သူဖြေသွားတယ်ဗျ။ ဒီလို ဒီလို “ကျနော့်အနေနဲ့ စသွားတုန်းကတော့ ကျနော်က အမြဲတမ်း တိုင်းပြည်ထဲကို သွားနေကျပဲ။ ကျနော်တို့ နိုင်ငံသားတွေဟာ ပိုပြီး အသိတရားရှိမယ်၊ ပိုပြီးပွင့်လင်းတဲ့ အခင်းအကျင်း ဖြစ်နိုင်ဖို့အတွက် ကျနော်မြင်သလောက် မျှဝေမယ်၊ သူတို့ဆီက ရသမျှ ကျနော် လေ့လာမယ်၊ ပြီး သွားတဲ့အခါ ဘာတွေ ပိုပြီး ချဉ်းကပ်နိုင်မလဲဆိုတာ ကျနော် စဉ်းစားပါတယ်” တဲ့ဗျ။ တော်တော် အတင့်ရဲတဲ့ ကိုယ်တော်လေးပဲနော်။ အနံ့ခံကောင်းတဲ့ နအဖစစ်ခွေး (အဲ …) ထောက်လှမ်းရေးတွေကြားမှာ သူဘယ်လို ဂျက်စီဂျိမ်း လုပ်နေခဲ့ပါလိမ့်။

ရွှေဂျိုး ။ ။ အေးဗျာ သူ ဖြေပုံကြီးက တမျိုးတော့ တမျိုးပဲဗျာ တမျိုးတော့ တမျိုးကြီးပဲ။ ကြည့်ရတာ သတင်းသမားတွေ ဖွစရာ ကုန်ကြမ်းပြတ်ကုန်မှာစိုးလို့ သန်းရွှေနဲ့ ညှိပြီး ပြဇာတ်တပုဒ် ကလိုက်တာများလားဗျာ။ ဒါနဲ့ သူအခေါက်ခေါက် အခါခါ ၀င်ညှိ (အဲ…) ၀င်ထွက်နေတုန်း ကျုပ်တို့ပြည်သူတွေကို ကိုညီညီအောင် တော်တော်မျှဝေခဲ့တယ်တဲ့လားဗျ။ ပြည်သူတွေ အသိတရား တော်တော်ရတယ်တဲ့လား ဘာတဲ့လဲ ကိုလေအိုး။

လေအိုး ။ ။ အဲဒါတော့ ကျနော်ကြားတာ သူနဲ့တွေ့တဲ့ လူငယ်တွေ တော်တော်များများ ထောင်ထဲ (အဲ …) ဟိုဗျာ အဲဒါတော့ သူနဲ့တွေ့မှပဲ တိုက်ရိုက်မေးတော့ ကိုရွှေဂျိုးရာ၊ ကျုပ်ကတော့ ကိုညီညီအောင်ကို အားကျပြီး မတွေ့ရတာ နှစ်ပေါင်း (၂၀) ကြာတဲ့ ငယ်ချစ်ကလေးကို ပြေးတွေ့လိုက်ချင်ရဲ့။ ကိုညီညီအောင်အပေါ် သန်းရွှေတို့ သဘောကောင်းသလို လေအိုးအပေါ်လည်း ကောင်းမယ်ဆိုရင်ပေါ့ဗျာ ဟား ဟား ဟား ဟား သွားဦးမယ်ဗျို့ အိမ်က ချစ်ဇနီး ပူပူနွေးနွေးလေ မျှော်နေရော့မယ်။

လေအိုးတယောက် ပြန်တော့မည့်ဟန်ပြင်ကာ ပိုက်ထွေးဆီ လှမ်းအော်ပြန်သည်။

လေအိုး ။ ။ ဟေ့ ပိုက်ထွေး ခုနက မင့်သီချင်းကို ငါ ဒီလို ပြောင်းဆိုလိုက်တော့မယ်ကွာ။ ငါလည်း မတွေ့ရတာ နှစ်ပေါင်း (၂၀) ကြာတဲ့ ငယ်ချစ်ကို တွေ့ချင်လွန်းလို့ပါကွာ “သေနာတွေရေ xxx ကိုယ်လာရင် ကြိုမှာလားလို့ အတည်” သေနာတွေဆိုတာ သန်းရွှေတို့ကို ပြောတာနော် ပိုက်ထွေး။ မင်းယောက္ခမကို ပြောတာမဟုတ်ဘူး ဟား ဟား ဟား ဟား။

ပြောပြောဆိုဆို လေအိုးတယောက် “သေနာတွေရေ xxx ကိုယ်လာရင် ကြိုမှာလားလို့ အတည်” ဟု အော်ဟစ်သီဆိုကာ စက်ဘီးကို ခပ်သွက်သွက် နင်းထွက်သွားပြီးနောက် ရွှေဂျိုးလည်း အောက်ရေတိုးနေသည့်အတွက် ရေမလျှံမီ ဆိုင်နောက်သို့ ခပ်သုတ်သုတ် လှမ်းလျှောက်ခဲ့လေသည်တကား။

ရင်းးမြစ်။ ။ခေတ်ပြိုင်

Friday, March 12, 2010

“ပြန်ရှုပ်ပြီးမှတို့ပြန်ရှင်း..ဟေ့..ပြန်ရှုပ်ပြီးမှတို့ပြန်ရှင်း”


ရွှေဂျိုးတယောက် သံစုံမြည် စက်ဘီးစုတ်ကလေးပေါ်မှနေ၍ သွားကျဲများကို ဖြဲပြရုံရှိသေး လေအိုးက ထိုင်ရာမှ ထအော်ကာ အလကားရထားသည့် ဂျာနယ်လိပ်နှင့် စားပွဲကို တဖျန်းဖျန်း ရိုက်နေသည်။

လေအိုး ။ ။ လာနော်၊ လာနော်၊ သတင်းထူးတွေ ရမယ်၊ သတင်းထူးတွေ ရမယ် ‘ဖျန်း ဖျန်း ဖျန်း’ … ဟား ဟား ဟား ဟား (ပြောရင်း ပါးစပ်ကို လက်နှင့်အုပ်ကာ ရယ်)။

လေအိုးအော်သံကို ကြားပြီး အဖျော်ဆရာလေး ပိုက်ထွေးက လက်ဖက်ရည်ဖျော်နေရာမှ ပြုံးစိစိနှင့် လှမ်းပြောသည်။

ပိုက်ထွေး ။ ။ ဘာလဲ အစ်ကိုလေအိုး၊ ဗမာတွေ ရဲဖမ်းတဲ့ သတင်းလားဗျ။

လေအိုး ။ ။ ဟေ့ကောင် ပိုက်ထွေး၊ ဗမာတွေကို ရဲဖမ်းတာ သတင်းထူးဖြစ်ရမလား။ ရဲမဖမ်းတာက သတင်းကွ။ သတင်းသမားတွေက သတင်းမဟုတ်တာကို သတင်းလျှောက်ရေးနေကြတာ မင်းက အဟုတ်မှတ်နေလား။ ဒါလေးတောင် မသိဘဲ လျှောက်မပြောစမ်းနဲ့။ ကိုယ့်ဘာသာ လက်ဖက်ရည်ဖျော်မှာ ဖျော်။ ဟိုမှာ ကိုရွှေဂျိုးနဲ့ ငါနဲ့ စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်တော့မယ့်အချိန်မှာ အဖျော်ဆရာ ကန့်လန့် ကန့်လန့် လာမလုပ်စမ်းနဲ့။

ပိုက်ထွေး ။ ။ အတင်းအဖျင်း ဖလှယ်ရာ အဖျော်ဆရာ ကန့်လန့် ကန့်လန့်ဆို တော်ပါသေး အစ်ကိုလေအိုးရာ ဟား ဟား ဟား။

လေအိုး ။ ။ ဟေ့ကောင် ပိုက်ထွေး တိတ်စမ်း၊ ဘယ်ကလာ အတင်းအဖျင်းရမလဲ။ သတင်းပလင်းကွ သတင်းပလင်း။ ဒါ အရေးကြီးတယ်။ ငါ … ထလုပ်လိုက်ရရင် နှစ်ယောက်စလုံး နှစ်ထပ်အချုပ် ရောက်ကုန်တော့မယ်။ စောစောစီးစီးကွာ … လိုက်ရွေးမယ့်သူ မရှိမှဖြင့် ဟင်း …။

လေအိုးတယောက် ပိုက်ထွေးဘက်သို့ လှည့်ပြီး မျက်နှာတည်နှင့် ပြောဆိုရာ ရယ်ကျဲကျဲလုပ်နေသည့် ပိုက်ထွေး အသံတိတ်သွားသည်။ ထို့နောက် ရွှေဂျိုးဘက်သို့ ပြန်လှည့်ကာ လေသေနတ် စပစ်တော့သည်။

လေအိုး ။ ။ ဟာ … ကိုရွှေဂျိုး ခင်ဗျားစက်ဘီးကလည်းဗျာ ဒေါက်လေးထောက်ဖို့အရေး ဒီလောက်တောင် နေရာရွေးနေရလား။ မီးသာရှို့ပစ်ပြီး အသစ်တစီး ၀ယ်စီးလိုက်စမ်းပါဗျာ။ ခင်ဗျားတို့လင်မယား ဘတ်ငွေလေးတွေ ရွှင်နေတာ ကျုပ်မသိဘူးများ အောက်မေ့နေလား။ တော်လှန်ရေးနယ်မှာ နေတယ်ဆိုပြီး ဆင်းရဲချင်ယောင်မဆောင်စမ်းပါနဲ့ဗျ။ ပိုက်ဆံရှိတာ ရှက်စရာမဟုတ်ပါဘူးဗျာ။ သူများတွေဆို ကားတောင် ၀ယ်စီးနေကြတာပဲဟာ။ ခိုး (အဲ …) ရှိ ရှိတယ်ပေါ့ဗျာ။ ဘာဖြစ်လဲ ပြောင်ပြောင်ပေါ့ဗျ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း လေအိုးတယောက် ပါးစပ်ကို လက်နှင့်အုပ်ကာ ရယ်နေပြန်)။

ရွှေဂျိုး ။ ။ တိုးတိုးလုပ်စမ်းပါ ကိုလေအိုးရာ၊ ခင်ဗျားလုပ်တာနဲ့ ဘေးဝိုင်းက လူတွေ ကျုပ်ကို သူခိုး (အဲ …) အလကား အထင်ကြီးနေကြပါဦးမယ်။ အိမ်က မိန်းမက ပိုက်ဆံရတဲ့အလုပ်ထက် ယောင်တောင်ပေါင်တောင် လုပ်တာက များနေလို့ဆိုပြီး ပွစိပွစိ လုပ်ရတဲ့အထဲ ခင်ဗျားက တမှောင့်ဗျာ။ ကဲ ကဲ … ဆိုစမ်းပါဦး ဘာသတင်းတွေ ထူးလို့ အော်ကြီးဟစ်ကျယ် လုပ်နေရတာလဲဗျ။ ပြောစမ်းပါဦး ကိုလေအိုး။

လေအိုး ။ ။ ထူးတာပေါ့ဗျာ ထူးတာပေါ့။ မထူးဘဲနဲ့ လေကုန်ခံပြီး အော်နေပါ့မလား။ မနေ့ညနေက သန်းရွှေတို့တီဗွီ (အဲ …) မြန်မာ့ရုပ်မြင်သံကြားက ရွေးကောက်ပွဲဥပဒေတွေ ထုတ်တဲ့အကြောင်း ကြေညာသွားတာ သတင်းထူးမဟုတ်ပေးဘူးလား ကိုရွှေဂျိုးရ။

ရွှေဂျိုး ။ ။ အင်း ဟုတ်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲဥပဒေကို သန်းရွှေက ထုတ်ချင်လို့ ထုတ်တာမဟုတ်ဘူးဗျ။ ဟိုတလောက ကိုလေအိုး ပြောလိုက်တဲ့ စကားကို ကြားသွားပြီး မခံချင်လို့ ထုတ်တာဖြစ်မယ်။ ကိုလေအိုးပဲ ပြောတယ်မဟုတ်လား “သန်းရွှေ အားအားယားယား လျှောက်ပြောနေတာပါဗျာ။ ခင်ဗျားတို့မို့ သန်းရွှေပြောတာကို အဟုတ်မှတ်နေတယ်” လို့လေ။ အေး … အဲ့ဒီကိုလေအိုးပြောတဲ့စကားကို သန်းရွှေ ကြားသွားပြီး မခံချင်စိတ်နဲ့ ထုတ်လိုက်တာဖြစ်မယ်ဗျ။ နောက်ဆိုရင် ခင်ဗျားစိတ်ထဲ ဖြစ်ချင်တာနဲ့ ပြောင်းပြန်သာ ပြောပေတော့။ အဲဒါမှ သန်းရွှေကြီး မခံချင်စိတ်ဖြစ်ပြီး အတည့်တွေ ထထလုပ်မှာ ဟား ဟား ဟား။

လေအိုး ။ ။ တော်စမ်းပါဗျာ။ လက်ဖက်ရည်ဖိုး မပါရင် ကျုပ် တိုက်ပါ့မယ်။ ဒီအရူးနဲ့တော့ ကျုပ်ကို အမှုမတွဲစမ်းပါနဲ့။ တော်ကြာ ကျုပ်ပါ မခံချင်စိတ်တွေ ဖြစ်လာလို့ဆိုပြီး ချင်းမိုင်က မမမျိုးကြီးက ကျုပ်ကို ဘော်ဘော်အဖြစ်ကနေ စွန့်လွှတ်နေပါဦးမယ်။ မမမျိုးကြီး ငြိုငြင်မှာတော့ များကကြောက်တယ် အာ .. ကို့ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း လေအိုး ပါးစပ်ကို လက်နှင့်အုပ်ကာ ရယ်ပြန်)။

ရွှေဂျိုး ။ ။ ကဲ … ကဲ စကားအတည်ပြောရအောင်ဗျာ။ ခင်ဗျားလုပ်တာနဲ့ ရွေးကောက်ပွဲကနေ မမမျိုးဆီ ရောက်ကုန်ပြီ။ တော်ကြာ ရွာသစ်ရွာဟောင်းတွေဆီပါ အလည်ရောက်ကုန်လို့ ‘အသုံးလုံး’ ၀င်သင်ရင်း ရွာသူတွေနဲ့ ညားပြီး နှစ်ယောက်သား မောင်ကြီးမပြန်နိုင် ဖြစ်ကုန်ပါဦးမယ် ဟား ဟား ဟား။

လေအိုး ။ ။ မပြန်နိုင်တော့လည်း ညအိပ် (အဲ …) ခင်ဗျားလုပ်တာနဲ့ လေအိုး စိတ်ပါလာပြီနော။ လေအိုးစိတ်ကို မဆွနဲ့ မဆွနဲ့။ ဒီက စိတ်ကြီးတယ် ဘာမှတ်လဲ။

ရွှေဂျိုး ။ ။ ကဲပါဗျာ စိတ်ကြီးရင်လည်း နောက်မှ ကြီးပါတော့။ ဒီလိုဗျ အခု သန်းရွှေကြီးက စိတ်ရူးပေါက်ပြီး ရွေးကောက်ပွဲဥပဒေ ထုတ်လိုက်တော့ ရွှေဂုံတိုင်ကို ကိုင်ပြီး ငိုင် (အဲ …) တွေ့ဆုံဆွေးနွေးရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကို မျှော်နေတဲ့ အန်အယ်လ်ဒီကြီး အကျပ်ဆိုက်နေပြီလို့ သတင်းဆရာတွေ ဖွနေကြတယ်ဗျ။

လေအိုး ။ ။ ဒါကတော့ဗျာ ကျုပ်တို့ အန်အယ်လ်ဒီကြီးကလည်း တချိန်လုံး နွဲ့နေခဲ့တာကိုးဗျ။ ဒီမိုကရေစီတိုက်ပွဲဆိုတာကို မသိချင်ယောင်ဆောင်ပြီး ဒီမိုကရေစီတောင်းပွဲပဲ လုပ်နေခဲ့တော့ နောက်ဆုံးတော့ အားလုံးသူတောင်းစား (အဲလေ …) သန်းရွှေတို့က ဟောက်စားတော့တာပေါ့ဗျ။ ကဲ … ကိုရွှေဂျိုးပဲ စဉ်းစားကြည့်ဦး။ အနှစ် (၂၀) လုံးလုံး ကျုပ်တို့ အန်အယ်လ်ဒီကြီး နအဖကို ဘာတွေတိုက်ခဲ့တုန်း။ တောင်းရင်းပြုရင်း ကြေညာချက်ပဲ သင်္ဘောသုံးစီးတိုက်လောက် ထွက်ခဲ့တာမဟုတ်လား။ ကြေညာချက်မှာမှ ရိုးရိုးကော၊ ရှယ်ရော၊ ရှယ်တကာ့ရှယ်ကော၊ ထူးရှယ်ရော စုံလို့ပဲမဟုတ်လား။ တကယ်ဆိုဗျာ ဂန္ဒီခန်းမမှာထဲက ပွဲကပြတ်ရမှာ။ ကျုပ်တို့ကိုက မှားပါတယ်လေ။ မဲပေးခဲ့မိတာကိုးဗျ မဲပေးခဲ့မိတာကိုး။ ပြောပြန်ရင်လည်း လေအိုးကို စိတ်ဆိုးကြဦးမယ် ကိုရွှေဂျိုး။ တော်သေးတယ် လက်ဖက်ရည်ဆိုင် လူရှင်းတုန်း ပြောရတာမို့ ဟား ဟား ဟား ဟား (အမြှုပ်တစီစီ ထွက်မတတ် ပြောဆိုပြီးနောက် ပါးစပ်ကို လက်နှင့်အုပ်ကာ လေအိုး ရယ်ပြန်)။

ရွှေဂျိုး ။ ။ ဒါကတော့ဗျာ။ ကျုပ်တို့ ပြည်သူတွေ အားကိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကလည်း နှစ်ရှည်လများ အထိန်းသိမ်းခံနေခဲ့ရတာမဟုတ်လားဗျ။ အဲဒီတော့ အပြင်ဘက်မှာ ကျန်ခဲ့တဲ့ စီအီးစီတွေလည်း အားငယ်စိတ်တွေ ၀င်ပြီး မတိုက်ရဲမပြုရဲ ဖြစ်ကုန်တာနေမှာပေါ့ ကိုလေအိုးရ။

လေအိုး ။ ။ ဟ … ကိုရွှေဂျိုး။ ကျုပ်တို့ အန်အယ်လ်ဒီကြီးက ကြံ့ဖွံ့အဖွဲ့လို လူထုချဉ်ဖတ်အဖွဲ့ မဟုတ်ဘူးဗျ။ လူထုက ချစ်လွန်းလို့ကို မဲတွေပုံအောပေးပြီး ကြိုက်ရာလုပ်တော့ဆိုတဲ့ မန်းဒိတ်ကြီးပါ အပ်နှင်းခံထားရတဲ့ အဖွဲ့ဗျ။ ဒီ့ထက်ကြီးတဲ့ ၀ိတ် ဘာရှိသေးလဲပြော။ အဲဒီဝိတ်ကြီးရှိနေတာကိုဗျာ မတိုက်ရဲဘဲ တောင်းနေခဲ့တော့ အခုအခြေဆိုက်တာပေါ့။ တကယ်ဆို ကိုယ်မတိုက်ရဲရင်လည်း တိုက်ရဲတဲ့သူ တင်ရမှာပေါ့ဗျ။ အခုတော့ အဲလိုမဟုတ်ဘဲ ရွှေဝါရောင်မှာလည်း အိမ်တွင်းပုန်းလုပ်နေ၊ ကိုးဆယ်တ၀ိုက်အထိလည်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနေရာကို ကုတ်ကတ်ဖက်တွယ်နေတော့ မခက်လားဗျာ။ တကယ်တော့ ကိုယ်လုပ်ရမယ့် အလုပ်ကို ကိုယ်မလုပ်ခဲ့တဲ့အချိန်မှာ သန်းရွှေတို့က သူတို့လုပ်စရာရှိတာကို သူတို့လုပ်သွားခဲ့တာပဲဗျ။ ခိုးတယ်၊ ၀ှက်တယ်၊ လေးခွဝယ်တယ်၊ ကြောက်ချေးပါ (အဲ …) လိုဏ်ခေါင်းတူးတယ်ပေါ့ဗျာ ဟား ဟား ဟား ဟား။

ရွှေဂျိုး ။ ။ ကိုလေအိုးပြောပုံက မရှင်းမရှင်းပါလားဗျာ။ ကိုယ်လုပ်ရမယ့် အလုပ်ကို ကိုယ်မလုပ်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲဗျ။ ဥက္ကဋ္ဌတို့ အတွင်းရေးမှူးတို့လည်း သူတို့လုပ်စရာရှိတာကို လုပ်ခဲ့လို့ ကိုးဆယ်တ၀ိုက်အထိတောင် အသက်ရှည်နေကြတာ မဟုတ်လား။

လေအိုး ။ ။ ဟာဗျာ ဒုံးဝေးလိုက်တာ ကိုရွှေဂျိုးရာ။ တည့်တည့်ပဲ ပြောရမလိုဖြစ်နေပြီ။ လူရှင်းလား ကြည့်ဦးမှ (ပြောရင်းဆိုရင်း လေအိုး ဘေးဝိုင်းများဘက်သို့ လှည့်ကြည့်ကာ ရယ်ဖြဲဖြဲလုပ်)။

ရွှေဂျိုး ။ ။ ဟဲ ဟဲ ရှင်းပါတယ်ဗျာ။ ဟိုမှာ ပိုက်ထွေးကို ကြည့်ပါလား၊ ညက ဘာကားတွေကြည့်ပြီး အိပ်ငိုက်နေလဲမသိဘူး ဟား ဟား ဟား။

အမှန်တကယ်တွင်မူ ပိုက်ထွေး အိပ်ငိုက်နေခြင်းမဟုတ်။ ဘေးဝိုင်းတွင် ထိုင်ရင်း သူ၏ မိုဘိုင်းလ်ဖုန်းမှ ထွက်ပေါ်နေသည့် သီချင်းသံကို ဇိမ်ခံနေခြင်းဖြစ်သည်။

“ရန်ဖြစ်ပြီးမှ ဒို့ပြန်ချစ် xxx ရန်ဖြစ်ပြီးမှ ဒို့ပြန်ချစ်”

လေအိုး ။ ။ ဟေ့ကောင် ပိုက်ထွေး။ ဟိုမှာ သောက်မယ့်လူ ၀င်လာပြီ။ မင်း ဘယ်ကကောင်မနဲ့ ရန်ဖြစ်ခဲ့လို့လဲကွာ။ ကျေးဇူးပြု၍ သီချင်းလေးကို ခဏပိတ်ပြီး လေအိုးကို ပြောပြစမ်းပါ။ ကူညီပါရစေ (အဲ …) ဒီမှာ မင်းသီချင်းသံကြားရတာ စကားပြောပျက်တယ်ကွ။

လေအိုးအော်လိုက်သည့် အသံကြောင့် ပိုက်ထွေး မျက်လုံးမှေးစင်းနေရာမှ ပြန်ကျယ်လာပြီး အဖျော်ကောင်တာဆီ လျှောက်သွားသည်။

ရွှေဂျိုး ။ ။ ကဲ လုပ်ပါဦး ကိုလေအိုး၊ ကျုပ်က ဘာတွေ ဒုံးဝေးနေလို့တုန်း၊ ပြောစမ်းပါဦး။

လေအိုး ။ ။ ဟ ကိုယ်လုပ်ရမယ့် အလုပ်ကို ကိုယ်မလုပ်ခဲ့ဘူးဆိုတာလေဗျာ။ ကျုပ်တို့ အန်အယ်လ်ဒီကြီးက နိုင်ငံရေးပါတီ မဟုတ်လားဗျ။ နိုင်ငံရေးပါတီဆိုတာ နိုင်ငံရေးလှုပ်ရှားမှု ရှိရမယ်မဟုတ်လား။ အဲ … ကျုပ်တို့ အန်အယ်လ်ဒီကြီးက နိုင်ငံရေးလှုပ်ရှားမှုထက် သာရေးနာရေးတွေပဲ လျှောက်လုပ်နေလို့ ဟိုတလောလေးကတောင် ဆရာကြီး လူထုဦးစိန်ဝင်းက ပြောတယ်မဟုတ်လားဗျ။ အန်အယ်လ်ဒီကြီးက နိုင်ငံရေးပါတီနဲ့ မတူဘဲ ဆွံ့အနားမကြားကျောင်းနဲ့ တူနေတယ်လို့ ပြောတယ်မဟုတ်လား။

ရွှေဂျိုး ။ ။ နိုင်ငံရေးလှုပ်ရှားမှုဆိုတာက ကျယ်ပြန့်တယ်လေဗျာ။ ကိုလေအိုးက ဘာကိုလုပ်စေချင်တာလဲ တည့်တည့်ပြောမှပေါ့ဗျ။

လေအိုး ။ ။ ကဲပါဗျာ … ခင်ဗျားက ဒီလောက် ဒုံးဝေးနေမှတော့ တည့်တည့်ပဲ ပြောရတော့မှာပေါ့။ ဒီလိုလေဗျာ။ ကျုပ်တို့ အန်အယ်လ်ဒီကြီးက လူထုဆီက မန်းဒိတ်ရပြီးသားမဟုတ်လားဗျာ။ လူထုက ကြိုက်ရာလုပ်ပါတော့ဆိုပြီး အာဏာကုန် လွှဲအပ်ထားပြီပဲဥစ္စာ။ အစိုးရအဖွဲ့ ကြေညာဖို့ပဲရှိတာပေါ့ဗျ။ လူထုကလည်း ဒါကိုပဲ စောင့်နေတာပဲဟာ၊ ကြေညာရဲရမှာပေါ့။

ရွှေဂျိုး ။ ။ ဟာ တိုးတိုးလုပ်ပါ ကိုလေအိုးရာ။ ခင်ဗျားပြောတာနဲ့ သန်းရွှေကြီးက အန်အယ်လ်ဒီ စီးအီးစီတွေကို ထောင်ထဲပြန်ထည့်ပစ်ပါဦးမယ်။ ဦးတင်ဦးတောင် အခုမှ လွှတ်ကာစရှိသေး။

လေအိုး ။ ။ ဟ ကိုရွှေဂျိုး၊ အခုလည်း ဒီအရူးတွေက သူတို့ဖမ်းချင်ရင် ကလေကချေပုဒ်မတွေတပ်ပြီး ဖမ်းချင်သလို ဖမ်းနေတာပဲမဟုတ်လား။ ဘာထူးလဲ ကလေကချေ တံဆိပ်ကပ်ခံရပြီး အဖမ်းခံရမယ့်အတူတူ ကမ္ဘာသိ အစိုးရအဖွဲ့ကြေညာပြီးမှ အဖမ်းခံရတာက ဂုဏ်သိက္ခာ ပိုရှိတယ်မဟုတ်လားဗျ။ အွန်ပေပါပဲဖြစ်ဖြစ် ကိုင်ပစ်ရမယ်ဗျ။ ဒါမှ နအဖ ခြေသလုံးပြန်ဖက်လာမှာ။ ဒါမှ နအဖ လေကျယ်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲ မြောင်းထဲရောက်မှာ။ ကျုပ်တို့ပွဲက နအဖ ရှုပ်ထားတာကို ကိုယ်က ပြန်ရှုပ်ပစ်ပြီးမှ ပြန်ရှင်းရမှာဗျ။ ရှင်းရှင်းလေးနဲ့ ရှင်းချင်လို့ မရဘူး။ အဲဒါကို ခင်ဗျားသိရဲ့လား … သိရဲ့လား။

ရွှေဂျိုး ။ ။ ဟာ … အချွန်နဲ့ မနေတာလား ကိုလေအိုးရာ။ တော်ကြာ အန်အယ်လ်ဒီ စီအီးစီတွေ အကုန်ထောင်ထဲ ပြန်ရောက်ကုန်လို့ ကျုပ်တို့တိုက်ပွဲကို ခေါင်းဆောင်မယ့်သူမရှိ ဖြစ်ကုန်ပါဦးမယ်။

လေအိုး ။ ။ အေး … ခင်ဗျားလို ဒုံးဝေးတဲ့သူကို ကျုပ်က အပြတ်ပဲ ပြောလိုက်တော့မယ် ကိုရွှေဂျိုး။ အကုန်ထောင်ထဲ ရောက်တာက ဂုဏ်သိက္ခာရှိသေးတယ်ဗျ။ ကျုပ်တို့ ကိုမြတ်ထက်ကြီး စပ်တဲ့ သင်္ကြန်သံချပ်တောင် ရှိသေးတယ်မဟုတ်လား။ “အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့” ဆိုတာလေဗျာ။ ဒါအမှန်ပဲဗျ။ မဟုတ်ရင် ကျုပ်တို့ အန်အယ်လ်ဒီကြီးတွေ အကုန်မြောင်းထဲ ရောက်တော့မယ့်ကိန်း ဆိုက်နေပြီဗျ။ သူတို့တင်မကဘူး ကျုပ်တို့ ပြည်သူတွေပါ စစ်ဖိနပ်အောက် အကုန်ရောက်ကုန်တော့မယ့် ကိန်းဗျ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို ဘယ်လောက်အတုယူဖို့ ကောင်းလဲဗျာ။ ပြည်သူ့မန်းဒိတ်ရ ပါတီလည်းမဟုတ်ပါဘဲနဲ့ သူတို့လုပ်စရာရှိတာ၊ လုပ်နိုင်တာကို မကြောက်မရွံ့ တဗိုလ်ဆင်း တဗိုလ်တက် လုပ်သွားကြတယ် မဟုတ်လား။ ဒီလိုပဲ ဖြစ်ရမှာပေါ့။ ကိုယ်က မန်းဒိတ်ရှိတဲ့ ပါတီကြီးပဲ ၈၈ ခေါင်းဆောင်တွေထက်ကို ပိုလုပ်နိုင် ပိုလုပ်ရဲရမှာပေါ့ဗျ။ အန်အယ်လ်ဒီကြီးတွေ လုပ်စရာရှိတာလုပ်ပြီး အကုန်ထောင်ထဲ ၀င်သွားရင် သူတို့ကို မဲပေးထားတဲ့ လူထုက နေမတဲ့လား။ နိုင်ငံတကာက လက်ပိုက်ကြည့်နေမတဲ့လား။ ဒါမှလည်း ပွဲက မြန်မြန်ပြီးတော့မှာပေါ့။ ကဲ … အဲဒီတော့ ကိုင်မလား မကိုင်ဘူးလား ခင်ဗျား အရင်ပြော။

ရွှေဂျိုး ဘာဖြေရမှန်းမသိဘဲ ငိုင်တွေနေစဉ် လေအိုးက ပိုက်ထွေးဆီ အော်ပြောလေသည်။

လေအိုး ။ ။ ဟေ့ ပိုက်ထွေးရေ မင်းခုနက ဖွင့်နေတဲ့သီချင်း “ရန်ဖြစ်ပြီးမှ ဒို့ပြန်ချစ်” ကို ဒီလိုပြောင်းဆိုလိုက်ကွာ။ “ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း” သွားတော့မယ် ကိုရွှေဂျိုးရေ ခင်ဗျားကို ရှင်းပြနေရတာ ပါးစပ်က အမြှုပ်ပါ ထွက်တယ်။ အဲဒါတောင်မှ ခင်ဗျား မရှင်းသေးရင်လည်း ကျုပ်ပဲ အိမ်ပြန်ပြီး သန့်ရှင်းရေးလုပ်တော့မယ်ဗျာ။ တော်ကြာ မိန်းမဆူ (အဲ …) အချစ်တွေ လျော့ကုန်လိမ့်မယ် ဟား ဟား ဟား ဟား။

ပြောပြောဆိုဆို “ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း” ဟု ပါးစပ်က ရွတ်ဆိုပြီးသကာလ လေအိုးတယောက် စက်ဘီးကိုနင်း၍ ထွက်ခွာသွားသကဲ့သို့ ရွှေဂျိုးလည်း ငိုင်တွေစွာဖြင့် အောက်ရေစွန့်ရန် ဆိုင်နောက်ဖေးသို့ လဒလျှောက် လျှောက်ခဲ့လေသည်တကား။ ။

ရင်းမြစ်။ ။ခေတ်ပြိုင်

Saturday, March 6, 2010

ရှာပုံတော်မင်းသားကြီး မြို့အနှံ့ကို ရောက်ခဲ့ပြီ


ရွှေဂျိုးတယောက် တိုက်ခန်းနံရံနံဘေး မှေးစက်နေသည့် စက်ဘီးစုတ်ကလေးဆီသို့ ခြေလှမ်းမည် ဟန်ပြင်ရုံရှိသေး နောက်ဖေးချောင်မှ ထွက်ပေါ်သည့် အိမ်သူသက်ထား ဇနီးမယား၏ ငှက်ဆိုး (အဲ …) တသက်မရိုးနိုင်သည့် အသံကြီးကို ကြားလိုက်ရသဖြင့် တကိုယ်လုံး ဘရိတ်ဒန့်စ်ဆွဲသလို ခေတ္တမျှ တုံ့ဆိုင်းသွားလေသည်။

အိမ်သူသက်ထား ။ ။ မနက်စောစောစီးစီး ဒါက ဘယ်လဲ။

ရွှေဂျိုး ။ ။ ဟဲ ဟဲ … မိန်းမကလည်းကွာ၊ သတိမေ့တတ်လွန်းရန်ကော၊ ညထဲက ကိုယ် မင်းကို ခြင်ထောင်ထဲမှာ သဝေထိုး
(အဲ …) ပြောပြီးသားပဲဟာ၊ ဘီးပေါက်နေတာ သွားဖာမလို့လေကွာ ဟဲ ဟဲ။

ထိုသို့ လေပြေထိုးရင်း ကျိုးတိုးကျဲတဲ သွားများကို မရဲတရဲ ဖြဲကာ ခါးထောက်ကြည့်နေသည့် အိမ်သူသက်ထား ဇနီးမယားအား ရွှေဂျိုး လည်ပြန်ပြုံးပြလိုက်လေသည်။

အိမ်သူသက်ထား ။ ။ ဒါဆိုလည်း မြန်မြန်သွား မြန်မြန်ပြန်လာ၊ တော့်အလုပ်တွေ တော် သိတယ်မဟုတ်လား၊ မပြောလိုက်ချင်ဘူး ဟွန်း … မိုးလင်းတာနဲ့ လက်ဖက်ရည်ဆိုင်ပြေးပြီး အရည်မရ အဖတ်မရ လေသွားကန်ဖို့ပဲ ကြံနေတယ်၊ တော်တို့မို့လို့ အားအားယားယား တော်။

အိမ်သူသက်ထား ဇနီးမယား၏ မြည်တွန်တောက်တီးနေသံကို နွေကြိုဥသြသံအလား ရွှေဂျိုး ခံစားနားဆင်ရင်း …

ရွှေဂျိုး ။ ။ သိပါတယ် မိန်းမရာ၊ မိန်းမနဲ့ ညားကတည်းက ကိုယ်လုပ်လာတဲ့ အလုပ်တွေပဲ၊ မေ့ပါ့မလားကွ၊ အဲသလို လုပ်ကျွေးချင်လို့လည်း မိန်းမကို ကိုယ်ယူခဲ့တာပဲဥစ္စာ၊ ဟုတ်တယ်မဟုတ်လား အဟဲ … ပြန်လာရင် ကိုယ်အကုန်တန်းစီပြီး လုပ်ပစ်မှာပါကွာ စိတ်ချ။ ဘီးပေါက်တာက မနက်စောစော ဆိုင်မှာ လူရှင်းတုန်း သွားဖာထားတာ အေးမယ်မဟုတ်လားကွ၊ ကဲ … ကိုယ် သွားလိုက်ဦးမယ်နော် မိန်းမ။ ပြွတ် …။

နှစ်မီတာအကွာမှ ပလီပလာ ချော့မြှူရင်း ထမီထုပ်ထမ်း (အဲ …) ရီမုတ်အနမ်းခြွေကာ ဘီးစုတ်ကလေးကို တွန်းရင်း ရွှေဂျိုး အသာလစ်ထွက်ခဲ့လေသည်။

ဘီးဖာပြီးနောက် ၀ီရိယကောင်းကာ လေပုပ်ထုတ်ကုန်းဆီသို့ ရွှေဂျိုး ခပ်သွက်သွက် နင်းထွက်ခဲ့သော်လည်း လက်ဖက်ရည်ဆိုင်ရှေ့အရောက်တွင် လေအိုးတယောက်ကို အရိပ်အယောင်မျှပင် မမြင်ရ။ သို့သော် အဖျော်ဆရာလေး ပိုက်ထွေး၏ အသံက စက်ဘီးဒေါက်ထောက်နေသည့် ရွှေဂျိုးနားထဲသို့ လွှဆွဲသံအလား ၀င်ရောက်လာသည်။

ပိုက်ထွေး ။ ။ ဟဲ ဟဲ ဒီနေ့ အစ်ကိုရွှေဂျိုး ၀ီရိယကောင်းပေမယ့် အစ်ကိုလေအိုးကတော့ အိမ်မှာ မိန်းမထမီ လျှော်နေတာ မပြီးသေးဘူးနဲ့တူတယ်။ ဟား ဟား ဟား ဟုတ်တယ်မဟုတ်လား အစ်ကိုရွှေဂျိုးရေ။

ရွှေဂျိုး ။ ။ ဟေ့ကောင် ပိုက်ထွေး၊ ရှေ့ပြောနောက်ကြည့်တဲ့ကွ၊ ဟိုမှာ ငိုက်စိုက်ငိုက်စိုက်နဲ့ နင်းလာတာ မင့် ပါပါး (အဲ …) ကိုလေအိုး မဟုတ်လား။

ရွှေဂျိုး မေးငေါ့ပြတော့ ပိုက်ထွေး၏ ဇက် ရုတ်တရက် ပုဝင်သွားသည်။

ရွှေဂျိုး ။ ။ ဘယ်လိုလဲ ဘယ်လိုလဲ၊ မျက်နှာမသာမယာနဲ့ပါလား ကိုလေအိုးရဲ့၊ မနက်စောစာစီးစီး မိန်းမအဆူခံထိလာပြီနဲ့ တူတယ်။

ရွှေဂျိုးပါးစပ်က အနည်းငယ် မြွက်ဟရုံရှိသေး လေအိုးတယောက် စက်ဘီးပေါ်မှနေ၍ လေသေနတ် စပစ်တော့သည်။

လေအိုး ။ ။ ဘယ်က ဟုတ်ရမှာလဲဗျာ။ လေအိုးတို့ ရာဇ၀င်မှာ မိန်းမကြောက်ရတဲ့ထုံးစံ ရှိရိုးလား၊ တိုင်းရေးပြည်ရေး ရတက်မအေးစရာတွေ တွေးလာမိလို့ပါဗျ ဟား ဟား ဟား ဟား။

(ပြောရင်းဆိုရင်း လေအိုးတယောက် ပါးစပ်ကို လက်နှင့်အုပ်ပြီးရယ် …)

ရွှေဂျိုး ။ ။ လာပါဗျာ၊ ထိုင်ပြီး အကျယ်တ၀င့် လင်းစမ်းပါဦးဗျ ကိုလေအိုးရ။ ဘာတွေ ရတက်မအေးစရာ ကြားလာ ဖတ်လာရလို့လဲ။ ကဲ … ပိုက်ထွေးရေ လုပ်စမ်းပါဦးကွာ၊ မရွှင်မလန်းဖြစ်နေတဲ့ မင့်ပါပါး (အဲ …) ကိုလေအိုးနဲ့ အစ်ကို့အတွက် နှစ်ခွက်။

အဖျော်ကောင်တာဘက်လှည့်ကာ ရွှေဂျိုး လှမ်းအော်နေစဉ် လေအိုး စားပွဲဆီသို့ လှမ်းလာလေသည်။

လေအိုး ။ ။ ဘာဖြစ်ရမလဲ ကိုရွှေဂျိုးရာ၊ ခုတလော အင်တာနက်မှာ တက်နေတဲ့ သတင်းတွေကို ခင်ဗျားလည်း ဖတ်မိမှာပေါ့။ ကေအိုင်အိုက စစ်ရေးအသင့်ပြင်တာတို့၊ ၀ အဖွဲ့က တပ်လှန့်ထားတာတို့နဲ့ လေအိုးတို့ တိုင်းပြည်ရဲ့အခြေအနေက ရတက်မအေးစရာတွေချည်းပဲ မဟုတ်လားဗျ။ ချေးဘရိန်း သန်းရွှေတို့ ထင်ရာစိုင်းနေပုံနဲ့တော့ လေအိုးတို့တိုင်းပြည် အစိတ်စိတ်အမြွှာမြွှာဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး မှန်ကွဲစတွေကို ဘယ်ကဘယ်လို ပြန်ကောက်ဆက်ရမှန်းမသိ ဖြစ်ကုန်တော့မယ်။ တကယ်ပဲ ချဲမပေါက်ရတဲ့အထဲ သန်းရွှေတို့က တမှောင့်ဗျာ ဟား ဟား ဟား ဟား။

ရွှေဂျိုး ။ ။ အေးဗျာ၊ ကိုလေအိုး ရတက်မအေးဖြစ်မယ်ဆိုလည်း ဖြစ်စရာပဲ၊ ကျုပ်တို့ ပြည်သူတွေခမျာ သန်းရွှေတို့ စစ်ခွေးသရမ်းတွေ ဖမ်းချင်သလို ဖမ်း၊ နှိပ်စက်ချင်သလို နှိပ်စက်၊ သတ်ချင်သလို သတ်၊ ယုတ်မာချင်သလို ယုတ်မာ၊ မုဒိန်းကျင့်ချင်သလို ကျင့်နဲ့ ထင်တိုင်းကြဲနေတာကို လှိမ့်နေ ကော့နေအောင် ခံနေရတဲ့အပြင် ရှိရှိသမျှ ဈေးတွေ၊ အိမ်တွေ၊ လူနေရပ်ကွက်တွေလည်း သူတို့မီးလိုက်ရှို့လို့ ကုန်ပြီ။ တတိုင်းတပြည်လုံး မငြိမ်မသက်ဖြစ်အောင် သူတို့လုပ်နေတာ မဟုတ်လားဗျာ။ အင်း … ကျုပ်တို့ အတိုက်အခံတွေကလည်း ညီညွတ်ပါဘိနဲ့တော့ မြန်မာပြည်သူတွေရဲ့အနာဂတ် မသာဇာတ်ပဲ ခင်းရတော့မယ်နဲ့ တူပါရဲ့။

ထိုစဉ် အဖျော်ဆရာလေး ပိုက်ထွေး လက်ဖက်ရည်နှစ်ခွက် လာချရာ သူ၏ ခါးကြားတွင် ညှပ်ထားသည့် မိုဘိုင်းလ်ဖုန်းကလေးထဲမှ လွင့်ပျံ့လာသည့် သင်္ကြန်တေးသံသာကိုပါ နားဆင်ရလေသည်။

“ရှာပုံတော် မင်းသားကြီး xxx မဏ္ဍပ်တကာ ရောက်ခဲ့ပြီ xxx ဘယ်အရပ်သူ ဇာတိမှန်းလည်း မသိတော့ အခက်တွေ့ပြီ xxx မနှစ်ကပေးတဲ့ မင်းလိပ်စာ ရေတွေစိုလို့ ပျက်ကုန်ပြီ xxx မမှတ်မိတော့ ခက်သား အလှဒေ၀ီ xxx”

သင်္ကြန်တေးသံနှင့် စည်းချက်လိုက်နေသည့် ပိုက်ထွေးဘက်သို့လှည့်ကာ သိပ်ပျော်နေတယ်ပေါ့လေဟူသည့် အကြည့်နှင့် လေအိုး မျက်စောင်းတချက်ခဲလိုက်ရာ ပိုက်ထွေး လစ်ပြေးလေသည်။ ထို့နောက် ရွှေဂျိုးဘက်သို့ ပြန်လှည့်ကာ …

လေအိုး ။ ။ ကဲ … ကိုရွှေဂျိုးရေ တိုင်းရေးပြည်ရေး ရတက်မအေးစရာတွေ အသာထားလိုက်ဦးစို့ဗျာ။ ဒါတွေက လေအိုးတို့ ရွှေဂျိုးတို့လို လေကန် (အဲ …) တော်လှန်စိတ်ပြင်းပြသူတွေ ရဲရဲတောက် တိုက်ပွဲဝင်မှ လွတ်မြောက်မယ့်ကိစ္စတွေ မဟုတ်လားဗျ ဟား ဟား ဟား ဟား။ လောလောဆယ် ပိုက်ထွေး ဖုန်းကနေ ရှာပုံတော်မင်းသားကြီးသီချင်းကို ကြားရတော့ ညက ဖတ်ရတဲ့ ချင်းမိုင် ဘီအမ်အေညီလာခံအကြောင်း သွားသတိရတယ်ဗျာ။

ရွှေဂျိုး ။ ။ ဟာဗျာ … ရှာပုံတော်မင်းသားကြီးနဲ့ ချင်းမိုင် ဘီအမ်အေညီလာခံက ဘယ်လို ပတ်သက်နေလို့လဲဗျ။ မဆီမဆိုင် ကိုလေအိုးရာ။

လေအိုး ။ ။ ဘာလို့ မဆိုင်ရမလဲ၊ ဆိုင်ပါသော်ကော ကိုရွှေဂျိုးရာ။ ညက ဖတ်ရတဲ့ ဆောင်းပါးတပုဒ်ထဲမှာ ချင်းမိုင် ဘီအမ်အေညီလာခံကို လာတက်တဲ့ ဗွီအိုအေမြန်မာဌာနမှူး ကိုသန်းလွင်ထွန်းတယောက် ဦးသုဝေပျောက်ရှာပုံတော် ဖွင့်နေရတာနဲ့ ညီလာခံကို ကောင်းကောင်းမတက်လိုက်ရဘူးတဲ့ဗျ။ အဲသလို ဖတ်လိုက်ရတယ်။ ရှာပုံတော်မင်းသားကြီး ကိုသန်းလွင်ထွန်း ဖြစ်သွားလို့တဲ့ဗျာ ဟား ဟား ဟား ဟား။

ရွှေဂျိုး ။ ။ ဘာဖြစ်လို့ အဲသလို ဖြစ်ရသတဲ့တုံး ကိုလေအိုးရဲ့။

လေအိုး ။ ။ ဒီလိုဗျာ ဦးသုဝေနဲ့ ဒေါက်တာခင်ဇော်ဝင်းတို့နှစ်ယောက် သန်းရွှေတို့ရဲ့ ရွေးကောက်ပွဲအတွက် နွားပွဲစား (အဲ …) လော်ဘီလာလုပ်တာကို ကိုသန်းလွင်ထွန်းတို့ ဗွီအိုအေက အကုန်အကျခံ ခေါ်တာတဲ့ဗျ။ ဒါပေမယ့် သတင်းဌာန (၂) ခုက လူတွေဆိုလား၊ ကိုသန်းလွင်ထွန်းတို့ ဗွီအိုအေ၀ိုင်းတော်သားတွေကို အသိမပေးဘဲ ဦးသုဝေတို့နှစ်ယောက်ကို ဖြတ်ခုတ်၊ ဟိုတယ်အခန်းတွေငှားပြီး အင်တာဗျူးတွေ တိတ်တိတ်ပုန်းလုပ်၊ တီဗွီအတွက် ခိုးဝှက်ရိုက်ကြသတဲ့ဗျာ (တော်တော်ဆိုးတဲ့လူတွေ)။ အဲဒီမှာတင် ကိုသန်းလွင်ထွန်းတယောက် ချင်းမိုင်မြို့အနှံ့ ဦးသုဝေရှာပုံတော်ဖွင့်ရင်း ဒေါင်းတောက်နေတာနဲ့ ညီလာခံ ကောင်းကောင်းမတက်လိုက်ရတာတဲ့ဗျ။ သူ့ခမျာ နွားပွဲစား (အဲ …) ဦးသုဝေတို့ကို ပင့်မိလို့ အပြစ်လည်း အပြောခံရသေး၊ လူလည်ကြီး သားသမီးတွေရဲ့ ဖြတ်ခုတ်တာကိုလည်း ခံရသေးဆိုတော့ ရှာပုံတော်မင်းသားကြီး နှစ်ခါနာ ဖြစ်ရတာပေါ့ဗျာ ဟား ဟား ဟား ဟား။

ရွှေဂျိုး ။ ။ အေးဗျာ၊ အဲသလို သူများ အကုန်အကျခံ ခေါ်ထားတာကို ဖြတ်ခုတ်ပုံထောက်တော့ ဒီလူတွေ ပြည်တွင်းမှာတုန်းက လိုင်းမ၀င်ဘဲ အပုပ်ချိန်မှာ ကြားကားဆွဲစားခဲ့တဲ့သူတွေ ဖြစ်မယ်ဗျ။ အရင်းမစိုက် အတင်းဝိုက်တဲ့သူတွေပေါ့။ ကြောက်တောင် ကြောက်လာပြီဗျာ။ ဖြတ်ခုတ်ဆရာတွေ ဒီဘက်ကို ကြွမြန်းလာရင်တော့ အိမ်သော့ သေချာခတ်ထားမှဖြစ်မယ်။ မဟုတ်ရင် ဒီလူတွေ သီလမစောင့်ဘဲ မြင်မြင်ကရာ ကြားကားဝင်ဆွဲသွားလို့ ရှာပုံတော်မင်းသားကြီး ခံရတာထက် အဖြစ်ဆိုးနေမယ်ဗျို့ ဟား ဟား ဟား။

ပြောပြောဆိုဆို ရွှေဂျိုးက အောက်ရေသွန်ရန် ဆိုင်နောက်ဖေးကို ဖော့ဖော့လေး လှမ်းသွားသကဲ့သို့ လေအိုးက “ရှာပုံတော်မင်းသားကြီး xxx မြို့အနှံ့ကို ရောက်ခဲ့ပြီ xxx ဘယ်အရပ်မှာ သူရှိမှန်းလည်း မသိတော့ အခက်တွေ့ပြီ xxx” ဟု စာသားဖျက် ဆိုညည်းကာ စိတ်ကူးနှင့် သင်္ကြန်ကြိုကျသွားခဲ့လေသည်တကား။ ။

ရင်းမြစ် ။  ။ ခေတ်ပြိုင်

Friday, February 26, 2010

မ “ဟ” ရင် မနေနိုင်တာကလွဲလို့


အိမ်သူသက်ထား ဇနီးမယား ကရားရေလွှတ် တတွတ်တွတ် မလုပ်အားသေးမီ အိမ်သာမှာ အချိန်ကြာနေတုန်း သူမ၏ ဈေးပြန်ကြွပ်ကြွပ်အိတ်ထဲက ဘိန်းမုန့်တချပ်ကို ရွှေဂျိုးတယောက် ပါးစပ်ထဲသို့ ပလုတ်ပလောင်း ကောက်သွတ်လိုက်သည်။ ပြီးသည်နှင့် “မိန်းမရေ ကိုယ် လက်ဖက်ရည်ဆိုင် ခဏသွားလိုက်ဦးမယ်ကွာ” ဟု ချိုချိုသာသာ လှမ်းအော်နှုတ်ဆက်ကာ စက်ဘီးစုတ်လေးကို အလျင်အမြန် ကောက်ဆွဲလိုက်သည်။ ထို့နောက် လှုပ်လီလှုပ်လဲ့ ဖင်ထိုင်ခုံလေးပေါ် ရွရွလေး တက်ခွကာ လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်လေးဆီ ဖြည်းဖြည်းငြိမ့်ငြိမ့်လေး နင်းလာခဲ့သည်။

လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့ ဒီနေ့လည်း ထူးခြားပြန်သည်ဟု ရွှေဂျိုးစိတ်ထဲ ရေရွတ်မိလိုက်သည်။ ခါတိုင်း ရွှေဂျိုးတို့ဝိုင်းဘေးတွင် အဖွဲ့ကျတတ်သည့် သတင်းသမား၊ အေအေပီပီ၊ အေဘီ၊ ဆေးဆရာပါ ပါသည့်အုပ်စုကို တယောက်တလေမျှ မတွေ့ရဘဲ လေအိုးတယောက်သာ ထိုင်နေကျဝိုင်းတွင် စာရွက်လိပ်ကလေးကိုင်ရင်း ပြုံးဖြီးဖြီး ဆီးကြိုနေသည်ကို တွေ့ရ၍ဖြစ်သည်။ ရွှေဂျိုးတယောက် စက်ဘီးဒေါက်ထောက်နေရင်းမှ မအောင့်နိုင်မအည်းနိုင် လေအိုးကို လှမ်းမေးလိုက်သည်။

ရွှေဂျိုး ။ ။ ဗျို့ … ကိုလေအိုး၊ ဟိုဘက်ဝိုင်းက ဆရာသမားတွေ ဒီနေ့ တယောက်မှ မတွေ့ပါလားဗျ။ တယ်ထူးဆန်းနေပါပေါ့လား။

လေအိုး ။ ။ မတွေ့ရတော့ နားမငြီးဘူးပေါ့ဗျာ။ ရှိနေရင် သူတို့အသံတွေချည်းပဲဥစ္စာ။ အခုတော့ လေအိုးနဲ့ ရွှေဂျိုးနှစ်ယောက်တည်း ဖရီးဒစ်စကတ်ရှင် လုပ်လို့ရတာပေါ့ဗျာ။ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း လေအိုးတယောက် ပါးစပ်ကို လက်နှင့်အုပ်ပြီး ရယ်)။

ထိုစဉ် အဖျော်ဆရာလေး ပိုက်ထွေး၏ အသံ ကြားဖြတ်ဝင်လာသည်။

ပိုက်ထွေး ။ ။ မဟုတ်ဘူး အစ်ကိုရွှေဂျိုးရေ၊ သတင်းဆရာတွေက သတင်းညီလာခံရှိလို့တဲ့၊ ဆေးဆရာတွေကတော့ ဆေးညီလာခံရှိလို့တဲ့။ ညီလာခံနှစ်ခုက ရက်တထပ်တည်းကျနေတယ်ဆိုလား ပြောနေသံကြားတယ်။ အဲဒါကြောင့် ပျောက်နေကြတာဖြစ်မယ်။

ပိုက်ထွေးပြောပြီးနောက် လေအိုးက အတည်ပေါက်နှင့် ပိုက်ထွေးဘက် လှည့်အော်သည်။

လေအိုး ။ ။ အေး … ပိုက်ထွေး မင်းချည်းပဲ ပြောတော့ကွာ။ ငါ မပြောတော့ဘူး။

ပိုက်ထွေးက လက်ဖက်ရည်ဖျော်ရင်းမှ ထွန်းအိန္ဒြာဗိုအလိုက်လေးနှင့် လေအိုးကို ပြန်နောက်နေသည်။

ပိုက်ထွေး ။ ။ ဟား ဟား ဟား အစ်ကိုလေအိုးကလည်းဗျာ စိတ်ကြီးလှချည်လား။ “မပြောရင် မနေနိုင်တာကလွဲလို့ … မပြောရင် မနေနိုင်တာက လွဲ…လို့ အို ဟို ဟို့”

ရွှေဂျိုးက ထိုင်နေကျခုံမှာ ၀င်ထိုင်ရင်း ပိုက်ထွေးကို တောင်းတောင်းပန်ပန် လှမ်းပြောလိုက်သည်။

ရွှေဂျိုး ။ ။ တော်ပါတော့ ပိုက်ထွေးရာ၊ ကျက်သရေ မင်္ဂလာရှိတဲ့ မနက်ခင်းလေးကို မင်းအသံကြီးနဲ့ မဖျက်ဆီးစမ်းပါနဲ့။ လုပ်စမ်းပါဦး ရေနွေး (အဲ …) လက်ဖက်ရည်တခွက်လောက်ကွာ။

ထို့နောက် ဘေးဝိုင်းက ဆရာသမားတွေ ပျောက်ဆုံးနေမှုကို အတိအကျ သိနိုင်ရန် လေအိုးဘက်သို့ ရွှေဂျိုး ပြန်လှည့်လိုက်သည်။

ရွှေဂျိုး ။ ။ လုပ်စမ်းပါဦး ကိုလေအိုး၊ ခင်ဗျားက ပိုသိမှာပေါ့။ ဒီနယ်မြေမှာ ကိုလေအိုး မသိတာ မရှိသလောက်ပဲဟာ၊ အကျယ်တ၀င့်လေး လင်းစမ်းပါဦးဗျ။

လေအိုး ။ ။ ဘာကို လင်းရဦးမှာလဲ၊ ခုနက ပိုက်ထွေးပြောတာ ဟုတ်နေတာပဲ။ ဒီထက် ဘာပိုသိချင်သေးလို့လဲ။

ရွှေဂျိုး ။ ။ ဒီလိုလေ ကိုလေအိုးရာ၊ သတင်းသမားတွေ၊ ဆေးဆရာတွေက ညီလာခံတွေ ကိုယ်စီရှိလို့ ပျောက်နေကြတာ ဟုတ်ပါပြီ။ ဒါနဲ့ အေအေပီပီနဲ့ အေဘီတွေကရောဗျ။

လေအိုး ။ ။ ဟ … ကိုရွှေဂျိုးနဲ့တော့ ခက်နေပါပြီ၊ ဒီမှာက သတင်းသမားရယ်၊ အေအေပီပီရယ်၊ အေဘီရယ်၊ ဆေးဆရာရယ်ဆိုပေမယ့် တယောက်ကို အတွင်းခံ (အဲ …) ဦးထုပ်နှစ်လုံး၊ သုံးလုံးစွပ်ထားကြတဲ့ ရောသမမွှေတွေချည်းပဲဟာ။ အေအေပီပီနဲ့ အေဘီတွေလည်း ညီလာခံထဲ ရောက်ချင်ရောက်နေကြမှာပေါ့ဗျ။ ဒါတွေ ထားလိုက်စမ်းပါဗျာ။ အရေးကြီးတာက နားအေးပါးအေးရှိဖို့ပဲမဟုတ်လားဗျ ဟား ဟား ဟား ဟား။

ရွှေဂျိုး ။ ။ ဟား ဟား ဟုတ်ပါပြီ ကိုလေအိုး၊ ခင်ဗျားလင်းမှပဲ ပိုရှင်းသွားပါပြီ။ ဒါနဲ့ ခင်ဗျားလက်ထဲ ဘာအလိပ်ကြီး ကိုင်ထားတာလဲဗျ။

လေအိုး ။ ။ အေး … ကျုပ်ကလည်း ဒီအလိပ်ထဲက သတင်းထူး သတင်းဦးအကြောင်း ခင်ဗျားနဲ့ ဆွေးနွေးဖို့ အိမ်ကနေ ပရင့်အောက်ထုတ်လာတာဗျ။ သတင်းက ပျောက်နေတဲ့ ဟိုဘက်ဝိုင်းက ဆရာသမားတွေနဲ့လည်း ပတ်သက်နေတယ်ဗျ။

ရွှေဂျိုး ။ ။ ဟာ ဟုတ်လား၊ ဘယ်လိုပတ်သက်တာလဲ၊ ဘာသတင်းမို့လဲဗျ။ လုပ်စမ်းပါဦး၊ မြန်မြန်လေး ဖတ်ပြစမ်းပါဦးဗျ။

လေအိုး ။ ။ ဟိုတနေ့က ခင်ဗျားကို ကျုပ်ပြောသလို တတုံးစားလည်း မမှတ်၊ နှစ်တုံးစားလည်း မမှတ်ဆိုတဲ့သူတွေ အကြောင်းပေါ့ ကိုရွှေဂျိုးရာ။ အခုဟာက သန်းရွှေကြီး ကျွေးမယ့်အတုံးကို စားချင်လွန်းနေတဲ့ ပြည်တွင်းက ဦးသုဝေနဲ့ ဒေါက်တာ ခင်ဇော်ဝင်းတို့က ပြည်ပက လူတွေပါ အတူတကွ သုံးဆောင်ကြပါဆိုတဲ့ အထာနဲ့ မြန်မာသတင်းသမဂ္ဂညီလာခံမှာ သေဖော်လာညှိတဲ့ သတင်းဗျ။ ခေတ်ပြိုင်မှာက အဲဒီသတင်းကို “ရွေးကောက်ပွဲသည် စစ်တပ်က စနစ်တကျ တပ်ဆုတ်ခြင်းဖြစ်ဟု ဦးသုဝေ သုံးသပ်” ဆိုတဲ့ ခေါင်းစီးနဲ့ ဖော်ပြထားတယ်။ အဲ … ဧရာဝတီမှာကတော့ “ရွေးကောက်ပွဲဝင်ကြရန် နိုင်ငံရေးသမား (၂) ဦး ပြည်ပတွင် တိုက်တွန်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားသဗျ။

ရွှေဂျိုး ။ ။ ဟ … သူတို့က ပိုင်လှချည်လားဗျ။ မြန်မာ့သတင်းသမဂ္ဂညီလာခံ စင်မြင့်ပေါ်တောင် တက်ပြောရဲရလောက်အောင် ဒီပုဂ္ဂိုလ် (၂) ဦးက ဘယ်လိုသတ္တိထူးတွေများ ပိုင်ဆိုင်နေလို့လဲ။ ပြန်သွားရင် ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး အဖမ်းမခံရနိုင်ဘူးလားဗျ ကိုလေအိုး။

လေအိုး ။ ။ ဘာပိုင်ရမှာလဲဗျာ။ သန်းရွှေတို့က လွှတ်ပြီး သူတို့လုပ်မယ့် ရွေးကောက်ပွဲအတွက် ပွဲစားလုပ်ခိုင်းလို့နေမှာပေါ့။ မဟုတ်ရင်တော့လား မင်္ဂလာဒုံလေဆိပ်မှာတင် ဒင်းတို့ ဆွဲစေ့ခံရတာ ကြာလှနေမှာပေါ့။ နွားတွေလုပ်မယ့် ရွေးကောက်ပွဲအတွက် လော်ဘီလာလုပ်တာဆိုတော့ နွားပွဲစားတွေလို့ ပြောရင်လည်း ရသပေါ့ဗျာ။ ဟား ဟား ဟား ဟား။

ရွှေဂျိုး ။ ။ အိုကေ သူတို့နှစ်ယောက်က သန်းရွှေတို့ လွှတ်လို့ လာတာတော့ ဟုတ်ပါပြီ။ ဒီဘက် သတင်းသမဂ္ဂက အမောင်ယောင်တောင်တောင် (အဲ …) ကိုယ်တော်ချောတွေကရော ဘာဖြစ်လို့ စင်မြင့်ပေါ် ပေးတက်ရတာလဲဗျ။ သူတို့ကပါ အလိုတူ အလိုပါ ဖြစ်နေလို့လား။ သူတို့ရော စားချင်နေကြပြီလား။ ရှုပ်ရှုပ်ယှက်ယှက် တော်တော်လုပ်တဲ့ လူတွေဗျာ။

လေအိုး ။ ။ ဟိုးထား ဟိုးထား အဲဒီကိစ္စကတော့ အပြောမစောနဲ့ဦးဗျို့။ အသေးစိတ်ကို ဟိုဘက်ဝိုင်းက ပျောက်စေဆရာတွေ ပြန်ရောက်လာမှ စပ်စုကြည့်ရမယ်ဗျ။ ခေတ်ပြိုင်မှာ ဖတ်ရသလောက်ကတော့ “ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည့် သတ္တမအကြိမ်မြောက် မြန်မာသတင်းသမဂ္ဂ၏ မီဒီယာညီလာခံတွင် ဗွီအိုအေအသံလွှင့်ဌာနမှ ပြုလုပ်သော မြန်မာ့နိုင်ငံရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအစီအစဉ်၌ ပြောကြားသွားခြင်းဖြစ်သည်” လို့ ရေးထားသဗျ။

ရွှေဂျိုး ။ ။ အော် ဒါဆို ကိုကျော်ဇံသာတို့ ဗွီအိုအေက ပွဲဆူအောင် မြန်မာသတင်းသမဂ္ဂညီလာခံကို ခုတုံးဝင်လုပ်တဲ့ သဘောပေါ့ဗျ။

လေအိုး ။ ။ ပွဲဆူအောင် လုပ်မလုပ် ဒီမှာ ဓာတ်ပုံကြည့်ဗျို့။ စင်ပေါ်မှာ မိန့်မိန့်ကြီးတွေ ထိုင်နေလိုက်ကြတာ၊ ပုံကြီးတွေကို ပြူးနေတာပဲ။ ဟား ဟား ဟား ဟား။

လေအိုးလက်ထဲမှ စာရွက်ကို ရွှေဂျိုး အလျင်အမြန် ယူကြည့်လိုက်သည်။

ရွှေဂျိုး ။ ။ ဟုတ်ပါရဲ့ဗျာ။ ကိုသန်းလွင်ထွန်းနဲ့ ကိုကျော်ဇံသာတို့က ငါတို့တော့ ပွဲပဲဆိုတဲ့ မျက်နှာပေါက်တွေနဲ့ ထိုင်နေကြပါလားဗျ။ အံမယ် အံမယ် အန်စီယူဘီက ကိုမောင်မောင်ရော ပါတာကိုးဗျ။ ဟိုဘက်က ထိပ်ပြောင်ပြောင် မျက်မှန်နဲ့က ကိုမောင်မောင်မြင့် မဟုတ်လားဗျာ။ သန်းရွှေကြီးကတောင် ရွေးကောက်ပွဲလုပ်မယ့်နေ့ကို မကြေညာရဲသေးဘူး။ ဒီလူတွေက ဘယ်လိုဖြစ်လို့ ရွပိုးထိုးနေကြတာလဲဗျ။ ကျုပ်တို့ပြည်သူတွေ ခေါင်းထဲ ရှင်းနေပြီးသားကိစ္စကို ဒီလူတွေက ရှုပ်အောင် လုပ်ချင်နေတဲ့ သဘောလားဗျာ။ ဟိုတလောလေးကတင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အန်အယ်လ်ဒီ ရွေးကောက်ပွဲဝင်မ၀င် ဆုံးဖြတ်ရန် အချိန်မရောက်သေးလို့ ပြောပြီးပြီပဲဥစ္စာ။ အန်အယ်လ်ဒီလို ပါတီကြီးကတောင် ဘာသံမှမဟသေးတာ ငမြောက်ငခြောက်တွေ လာအော်တာကို အရေးလုပ်စရာလားဗျ။ ခက်တယ်ဗျာ ဒီလူတွေနဲ့တော့ ခက်တယ် ခက်တယ်။

လေအိုး ။ ။ ဒီလိုနေမှာပေါ့ ကိုရွှေဂျိုး၊ ခုနက ပိုက်ထွေး ဆိုပြတဲ့ ထွန်းအိန္ဒြာဗိုအလိုက်လေးလို နေမှာပေါ့။ ဦးသုဝေနဲ့ ဒေါက်တာခင်ဇော်ဝင်းတို့က “မဟရင် မနေနိုင်တာကလွဲလို့” ပေါ့၊ ပါးစပ်လေ ပါးစပ် အဟဲ သန်းရွှေကျွေးမယ့် အတုံးကို အဆင်သင့် စားဖို့ ၀ါးဖို့၊ ကိုသန်းလွင်ထွန်းနဲ့ ကိုကျော်ဇံသာတို့ကတော့ “မဖွရင် မနေနိုင်တာကလွဲလို့” ဖြစ်မှာပေါ့၊ ပွဲဆူအောင်လို့လေ။ ဟား ဟား ဟား ဟား တကယ့်အီးမရှင်းတွေပါပဲဗျာ။

ပြောပြောဆိုဆို လေအိုးက “မဟရင် မနေနိုင်တာက လွဲလို့ … မဖွရင် မနေနိုင်တာကလွဲလို့” ဟူသည့် သီချင်းစာသားလေးကို ပါးစပ်က ညည်းဆိုရင်း စက်ဘီးပေါ်တက်ကာ ထွက်ခွာသွားသကဲ့သို့ ရွှေဂျိုးကတော့ ကြောင်ပြေးသည့်အလား ဆိုင်နောက်ဖေးသို့ ဖော့ဖော့ကလေး သုတ်ခြေတင်သွားလေသည်တကား။ ။

ခေတ်ပြိုင်

Friday, February 19, 2010

လေအိုး နဲ့ ရွှေဂျိုး ဆွေးနွေးခန်း



၁၉/ ဖေဖော်ဝါရီ ၂၀၁၀
နံနက်ခင်းကလေးက ခြောက်ခြောက်သွေ့သွေ့။ ရွှေဂျိုးတယောက် ဂျောက်ဂျက်သံစုံ ထွက်နေသည့် စက်ဘီးစုတ်ကလေးကို နင်းလာရင်း ‘လေပုပ်ထုတ်ကုန်း’ လက်ဖက်ရည်ဆိုင် ရောက်ခါနီးတွင် မျက်လုံးကို ထိုင်နေကျစားပွဲဆီသို့ ပို့နှင့်လိုက်သည်။ တွေ့နေမြင်နေကျ လေအိုးကို မတွေ့ရ။ မျက်စိကို ပြန်ပွတ်ကြည့်လိုက်သည်။ မတွေ့။ ဟုတ်သည်၊ ဒီကနေ့ ထူးခြားသည်။ အခါတိုင်း ပြုံးဖြီးဖြီး တွေ့နေကျ လေအိုးတယောက်ကို လုံးဝမတွေ့။ လောင်းကြေးရှုံးပြီး လက်ဖက်ရည်တိုက်ရမှာစိုး၍ ရှောင်နေတာများလားဟု တွေးတောကာ စက်ဘီးဒေါက်ထောက်ရင်း အဖျော်ဆရာလေး ပိုက်ထွေးကို ရွှေဂျိုး လှမ်းမေးလိုက်သည်။

ရွှေဂျိုး ။ ။ ဟေ့ … ပိုက်ထွေးရေ၊ ဒီနေ့ တယ်ထူးခြားပါလားကွ။ ကိုလေအိုးတယောက် ပျောက်ခြင်းမလှ ပျောက်နေပါလား။ ဧကန္တ လောင်းကြေးရှုံးပြီး ငါ့ကို လက်ဖက်ရည်တိုက်ရမှာစိုးလို့ ရူးချင်ယောင်ဆောင်နေပြီ ထင်တယ်ဟေ့။

ပိုက်ထွေး ။ ။ မဟုတ်ဘူး အစ်ကိုရွှေဂျိုးရေ၊ အစ်ကိုရွှေဂျိုးလာရင် ခဏစောင့်ခိုင်းပါတဲ့။ မှာသွားတယ်။ ဘဲဥ ၀ယ်ခိုင်းတာ ကြက်ဥ မှားဝယ်လာလို့ဆိုလား၊ သူ့မိန်းမ ဖုန်းဆက်ခေါ်လို့ အိမ်အမြန်ပြန်ပြေးသွားတာ။ ဟော … ပြောရင်းဆိုရင်း ဟိုမှာ ဟိုမှာ အစ်ကိုလေအိုး လာနေပြီ။

ပိုက်ထွေး မေးငေါ့ရာဆီ ရွှေဂျိုး လည်ပြန်လှည့်ကြည့်လိုက်တော့ ဟုတ်သည်၊ လေအိုး စက်ဘီးကို ခပ်သွက်သွက် နင်းလာသည်။ ဆိုင်ရှေ့ရောက်သည်နှင့် စက်ဘီးပေါ်မှ မဆင်းသေးဘဲ တဟားဟားနှင့် ပါးစပ်သေနတ် စပစ်တော့သည်။

လေအိုး ။ ။ ဟား ဟား ဟား ဟား ကိုရွှေဂျိုးတို့များ လက်ဖက်ရည်သောက်ရမယ်ဆိုတော့ တယ်တက်ကြွနေတယ်ပေါ့လေ။ သောက်ရမှာပါဗျာ။ မပူပါနဲ့။ အိမ်က မိန်းမ အမိန့်တော်ဆင့်လို့ ခဏပြန်ပြေးရတာပါ။ ဟေ့ ညီလေး ပိုက်ထွေးရေ လက်ဖက်ရည်နှစ်ခွက်လုပ်စမ်းပါကွာ။ ကိုရွှေဂျိုးခွက်ကိုတော့ သကြားနည်းနည်း နို့ဆီနည်းနည်း လျှော့ထည့်ဟေ့။ သိပ်စေတနာမရှိလို့ကွာ ဟား ဟား ဟား ဟား။

ထို့နောက် လေအိုး စက်ဘီးပေါ်မှ ဆင်းကာ ရွှေဂျိုးနှင့်အတူ ထိုင်နေကျစားပွဲတွင် နှစ်ယောက်သား ၀င်ထိုင်လိုက်ကြသည်။

ရွှေဂျိုး ။ ။ တွေ့တယ်မဟုတ်လား ကိုလေအိုး၊ ရွှေဂျိုးတို့ မှန်းလိုက်ရင် လွဲခဲပါတယ်ဗျ။ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို လွှတ်လိမ့်မယ်ဆို လွှတ်တာပဲ မဟုတ်လားဗျ။

လေအိုး ။ ။ တော်စမ်းပါဗျာ၊ ကိုရွှေဂျိုး ခန့်မှန်းတာ တော်လို့ မဟုတ်ပါဘူး။ အရူးတွေ စိတ်ကောင်းဝင်တဲ့အချိန်နဲ့ သွားတိုးလို့ပါ။ ဖြစ်တတ်ပါတယ်၊ အရူးဆိုတာ တခါတလေ ဒီလိုပဲ စိတ်ကောင်းဝင်တတ်ပါတယ်။ သတ္တိရှိရင် ၂၀၁၀ ရွေးကောက်ပွဲကို သန်းရွှေတို့ လုပ်မယ် မလုပ်ဘူးဆိုတာတောင် လေအိုးတို့က ထပ်လောင်းလိုက်ချင်သေး ဟေး ဟေး၊ ဟေး ဟေး။

လေအိုး တဟေးဟေး အော်လိုက်သံကို ဘေးဝိုင်းမှ စားနေသူများပင် ကျီးကြည့်ကြောင်ကြည့် လှည့်ကြည့်ကြ၏။

ရွှေဂျိုး ။ ။ တိုးတိုးလုပ်စမ်းပါ ကိုလေအိုးရဲ့၊ ဘေးဝိုင်းတွေ အားနာစရာ၊ ကဲ ပြောပါဦး တလောင်းထဲ လောင်းချင်နေရအောင် ကိုလေအိုးက သန်းရွှေတို့ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်မှာမဟုတ်ဘူးလို့ ထင်နေလို့လားဗျ။ တော်ကြာ ထပ်ရှုံးနေရင် မိန်းမကလည်း ကြောက်ရနဲ့တော့ ခက်နေမယ်နော ဟဲ ဟဲ။

လေအိုး ။ ။ တော်စမ်းပါ ကိုရွှေဂျိုးရာ။ လေအိုးတို့က မိန်းမဆို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် သဘောထားတာ မဟုတ်ဘူး။ လုံးဝ အေးဆေး အေးဆေးပဲ။

ထိုစဉ် အဖျော်ဆရာလေး ပိုက်ထွေးက လက်ဖက်ရည်ဖျော်နေရာမှ ထအော်လိုက်သည်။

ပိုက်ထွေး ။ ။ အစ်မရေ ဒီမှာ အစ်မကို အစ်ကိုလေအိုးက ဖုတ်လေတဲ့ ငါးပိ …

ပိုက်ထွေးပြောလို့ မဆုံးသေးခင်မှာပင် လေအိုး ထအော်သည်။

လေအိုး ။ ။ ဟေ့ကောင် ပိုက်ထွေး တိတ်စမ်း၊ ငါ မိန်းမသိပ်ချစ်တတ်တာ မင်းလဲသိသားနဲ့၊ ဒါကြောင့် ခုနက သူ့အသံကြားတာနဲ့ အိမ်အမြန်ပြန်ပြေးတာ မင်းအမြင်ပဲ မဟုတ်လား (ပြောရင်းဆိုရင်း လေအိုး ပါးစပ်ကို လက်နှင့်အုပ်ပြီး တဟားဟားရယ်)

ပိုက်ထွေး ။ ။ ဟား ဟား ဟား ဟား ယုံလိုက်ပြီ အစ်ကိုလေအိုး ယုံလိုက်ပါပြီ။

လေအိုးနှင့် ပိုက်ထွေးတို့ အပြန်အလှန် ရယ်ပွဲဖွဲ့နေသည်ကို စိတ်မရှည်တော့သည့် ရွှေဂျိုးက လေအိုးကို လက်ကုတ်ကာ …

ရွှေဂျိုး ။ ။ တော်ကြစမ်းဦးဗျာ။ ခင်ဗျားတို့ အသံကြီးတွေက ဘေးက စားနေတဲ့သူတွေ မြိုမကျချင်စရာ။ ပြီးတော့ ပြောနေတဲ့ စကားတွေပါ ဘေးချော်ကုန်ပြီ။

လေအိုး ။ ။ ခင်ဗျားပဲ မိန်းမကြောက်ရဆိုဗျ၊ ဒါမျိုးဘယ်ရမလဲ လေအိုးတဲ့နော် ဟင်း။

ရွှေဂျိုး ။ ။ တော်ပါတော့ဆိုဗျာ ခုနကစကား ပြန်ဆက်ရအောင်။ ဒီလိုဗျ။ ကိုလေအိုးက ဘာဖြစ်လို့ သန်းရွှေတို့ ရွေးကောက်ပွဲ လုပ်မှာမဟုတ်ဘူးလို့ ထင်ရသတုန်းဗျ။ လင်းစမ်းပါဦး။

လေအိုး ။ ။ ဟာ … ကိုရွှေဂျိုးကလည်း ရှင်းနေတာကို ရှုပ်အောင်လာမေးနေပြန်ပြီ။ သန်းရွှေတို့ ရွေးကောက်ပွဲ လုပ်မှာမဟုတ်ဘူးလို့ထင်တာ သူတို့မှာ လုပ်ချင်တဲ့စိတ်ရှိတာ မတွေ့လို့ပေါ့ဗျ။ ကဲ ရှင်းပြီလား။

ရွှေဂျိုး ။ ။ ဟ ဟုတ်ပါ့မလား ကိုလေအိုးရာ၊ သန်းရွှေကိုယ်တိုင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီးကို ၂၀၁၀ မှာ ကျင်းပပေးဦးမှာဆိုပြီး ကတိတွေပေး၊ လေလုံးတွေထွားထားတာ သုံးလေးခါရှိပြီမဟုတ်လားဗျ။ တကမ္ဘာလုံးသိအောင် ပြောထားတဲ့ကိစ္စကို သန်းရွှေက ကတိဖျက်ရဲပါ့မလားဗျ။ ကြည့်လည်း ပြောစမ်းပါဦး။

လေအိုး ။ ။ အင်း ကြည့်ပြီးမပြောတာက ကိုရွှေဂျိုးဗျ။ လေအိုးက ကြည့်ပြီးမှကို ပြောတာ။ ကဲ အခုပဲ ၂၀၁၀ လည်ပင်းကျိုး တော့မယ် ဘယ်မလဲ ပါတီထောင်ခွင့်၊ ဘယ်မလဲ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်၊ ဘယ်မလဲ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးဖို့ နေနေသာသာ၊ မတွေ့ဘူးလား ဟိုတလောလေးတုန်းကပဲ အေးလွင်တို့ လူလိမ်အဖွဲ့ကို ကြံ့ဖွံ့တွေ ၀ိုင်းရိုက်လွှတ်လိုက်တာ။ ဒါတောင်နော် ဒီကောင်တွေက နအဖကို ဖားယားနေတဲ့ကောင်တွေ၊ ကဲ နအဖကို မဖားမယားတဲ့ နိုင်ငံရေးသမားတွေဆို ဘယ်လိုနေမလဲ။ အလောင်းတောင် ရှာတွေ့ပါ့မလား။ ဘယ်မလဲ လွတ်လပ်စွာ လေလည်ခွင့် (အဲ …) စည်းရုံးခွင့် ဟား ဟား ဟား ဟား သန်းရွှေ အားအားယားယား လျှောက်ပြောနေတာပါဗျာ။ ခင်ဗျားတို့မို့ သန်းရွှေပြောတာကို အဟုတ်မှတ်နေတယ်။ ကြည့်နေ ခံရလိမ့်ဦးမယ်။ တတုံးစားပြီးလည်း မမှတ်ကြ၊ နှစ်တုံးစားပြီးလည်း မမှတ်ကြတဲ့သူတွေ။

ရွှေဂျိုး ။ ။ ဘာတွေလဲ ကိုလေအိုး၊ ဘယ်သူက ဘာတွေ စားနေလို့လဲ။ အရင်းမရှိ အဖျားမရှိ ဘာတွေ လျှောက်ပြောနေပြန်ပြီလဲ ကိုလေအိုးရာ။

လေအိုး ။ ။ ဘယ်သူတွေ ရှိရမလဲ၊ သခင်တင်မြတို့၊ မောင်စူးစမ်းတို့၊ ကျော်ဝင်းတို့လို လူတွေနဲ့ ပြည်ပက အကဲဒမစ်ဆိုသူတွေ ပေါ့ဗျ။ အခြေခံဥပေဒမရှိတာနဲ့စာရင် ရှိတာက ပိုကောင်းတယ်တို့၊ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေကို စဉ်းစားရတာတို့၊ ရသလောက် အရင်ယူရမယ်တို့၊ ပူးသတ်ရမယ်တို့ သူတို့ပြောနေတာတွေ ကိုရွှေဂျိုး မကြားဘူးလားဗျ။ ဒီလူတွေ ဦးနေ၀င်းကျွေးတဲ့ တတုံး စားခဲ့ပြီးတာလည်း မမှတ်ကြဘူး။ ၉၀ ရွေးကောက်ပွဲရလဒ် ဗြောင်လိမ်ခံရတာလည်း မမှတ်ကြဘူး။ ကြည့်ရတာ ဒီတခါ ကျွေးမယ့်အတုံးကို သန်းရွှေက ရေမွှေးဖျန်းပြီးမှ ကျွေးမှာနဲ့တူတယ်ဗျ။ ဒါကြောင့် နံရကောင်းမှန်းမသိဘဲ ရွေးကောက်ပွဲ ဘယ်ဆီနေမှန်းမသိခင် ပြည်တွင်းပြည်ပက ဖားတွေ အသံမျိုးစုံ အော်နေကြတာဖြစ်မယ် ဟား ဟား ဟား ဟား။

ရွှေဂျိုး ။ ။ ကိုလေအိုး ပြောတော့လည်း ဟုတ်သလိုလိုပါပဲ။ ကဲ ဒါဆိုရင် ရွှေဂျိုးတို့ပြည်သူတွေ သန်းရွှေတို့လက်အောက်က လွတ်မြောက်အောင် ဘယ်လိုလုပ်ရတော့မှာလဲ။ ဒီအတိုင်းပဲ လက်ပိုက်ပြီး ငုံ့ခံနေကြရတော့မှာလား။ အဖြေလေးတော့ ပေးခဲ့ဦးမှပေါ့ ကိုလေအိုးရယ်။

လေအိုး ။ ။ ဟာ … လက်ပိုက်ကြည့်နေလို့ရမလား ကိုရွှေဂျိုးရ၊ တိုက်ဖို့ပဲရှိတာပေါ့ဗျ။ တိုက်ဖို့ပဲရှိတာပေါ့။ ကဲ ကဲ ... ပြောနေကြာတယ်။ လေအိုးတို့လည်း အိမ်ပြန်ပြီး တိုက်လိုက်ဦးမယ်။ လျှော်ပြီးလှန်းထားတဲ့ အ၀တ်တွေ ပုံနေပြီ။ တော်ကြာ မိန်းမဆီက အချစ်တွေလျော့ကုန်မှာစိုးတယ်။ ဟဲ ဟဲ မီးပူပြန်တိုက်လိုက်ဦးမယ်။ နောက်နေ့မှ ဆက်ဆွေးနွေးမယ်။ သွားတော့မယ်ဗျို့။

ပြောပြောဆိုဆို ကိုလေအိုးတယောက် ပါးစပ်ကို လက်နှင့်အုပ်ကာ စက်ဘီးဆီ ထပြေးလေသကဲ့သို့ ရွှေဂျိုးတယောက်လည်း အောက်ရေသွန်ရန် ဆိုင်နောက်ဖေးသို့ ခပ်ဖော့ဖော့လေး ပြေးဝင်သွားတော့လေသည်တကား။ ။
မူရင်း ။  ။ ခေတ်ပြိုင်