Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

Tuesday, May 31, 2011

ပုဂ္ဂလိကကျောင်း၊ ကျူရှင်နှင့် စည်းကမ်း


ပုဂ္ဂလိက ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများ၊ ကိုယ်ပိုင်ကျောင်းနှင့် ဘာသာရပ်ဆိုင်ရာ ကိုယ်ပိုင်သင်တန်း (ကျူရှင်) များအတွက် ဥပဒေ ပြဋ္ဌာန်းမည်ဆိုပါက သင်ရိုးညွှန်းတမ်းနှင့် အစိုးရစစ် ပုံစံများဖြင့် ထိန်းချုပ်မည့်စနစ်များ ထည့်သွင်းသင့်ကြောင်း ရန်ကုန်တက္ကသိုလ် တွဲဘက်ပါမောက္ခဟောင်း ဦးလှထွန်း (မြန်မာစာ) က တိုက်တွန်းလိုက်သည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်း နေပြည်တော်တွင် ကျင်းပခဲ့သော ပညာရေး မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေးတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပုဂ္ဂလိကကျောင်း ဥပဒေပြဋ္ဌာန်းမည် ဖြစ်ကြောင်း ပြောကြားခဲ့မှုအပေါ်
ပြောဆိုလိုက်ခြင်း ဖြစ်သည်။

နာဂသိန်မြန်မာစာ အမည်ဖြင့် ရန်ကုန်မြို့၌ ကျူရှင်သင်ကြားပေးနေသူ ဦးလှထွန်းသည် ပညာရေးဝန်ထမ်း လုပ်သက် နှစ်ပေါင်း ၄ဝ ကျော်ရှိပြီဖြစ်ပြီး ၁၉၆၄ ခုနှစ်မှစ၍ မူလတန်းတန်းပြအဖြစ် စတင်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ မူလတန်းပြ ဆရာအဖြစ် ၁၂ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေသကောလိပ် နည်းပြနှင့် တွဲဘက်ပါမောက္ခအထိ လုပ်ဆောင်ခဲ့ပြီး အနားယူခဲ့သည်။

ရန်ကုန်မြို့ တခုတည်းတွင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိက ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ ကိုယ်ပိုင်ကျောင်းနှင့် ဘာသာရပ်ဆိုင်ရာ ကိုယ်ပိုင်သင်တန်း (ကျူရှင်) အရေအတွက် ၃ဝဝ နီးပါးခန့် ရှိကြောင်း ရန်ကုန်လမ်းညွှန်စာအုပ် စာချုပ်ပါ မှတ်တမ်းအရ သိရသည်။

မှတ်ပုံမတင်ထားသည့် ကျောင်း အရေအတွက်များလည်း ဒီ့ထက်မက ရှိနိုင်သေးကြောင်း ကျူရှင်ဆရာများက ခန့်မှန်းထားကြသည်။

မြန်မာနိုင်ငံတွင် ကျူရှင် ဖြစ်ပေါ်လာပုံ၊ ကျူရှင်များ ဖွံ့ဖြိုးလာမှု၊ ပုဂ္ဂလိကကျောင်း၏ အကျိုးအပြစ်၊ စာမေးပွဲတွင် ကျူရှင်နှင့် အထောက်အကူပြု စာတမ်းများ၊ ဥပဒေပြဋ္ဌာန်းပါက ထည့်သွင်းသင့်သည့် အချက်များနှင့် ပတ်သက်၍ ဦးလှထွန်းကို မဇ္ဈိမသတင်းထောက် ထွန်းထွန်းက မေးမြန်း တင်ပြထားပါသည်။


မြန်မာပြည်မှာ ကျူရှင်ဆိုတာတွေက ဘယ်တုန်းက စပြီး ပေါ်ပေါက်လာတာပါလဲ ဆရာ။

“ကျနော်သိတာတော့ ၅၇ လောက် ကတည်းက၊ ၅၇ လောက် ကတည်းကပေါ့လေ။ ရန်ကုန်တို့၊ မန္တလေးတို့မှာ Private (ပုဂ္ဂလိက) ကျောင်းကြီးတွေ ရှိပါတယ်။ ကျနော်က မန္တလေး သိတာများတော့ မန္တလေးအခြေခံ ပြောရလို့ရှိရင် မန္တလေးက ရွှေမန်းရှိတယ်။ ရွှေမန်း၊ တိုင်းချစ်။ ရွှေမန်း၊ တိုင်းချစ်ပြီးတော့ အရှေ့ပွဲကုန်း၊ အနောက်ပွဲကုန်း။ နောက် ရတနာပုံ၊ နောက် နေပြည်တော်။ နောက် သျှန်၊ နောက် ပညာ့ဗိမာန်။ အဲဒီလိုကျောင်းကြီးတွေက အကြီးအကျယ် ကျောင်းကြီးတွေပဲ။ ဘော်ဒါကျောင်းသားကို ၂ဝဝ၊ ၃ဝဝ။ နေ့ကျောင်းသားရောဆို ၁ဝဝဝ လောက်ရှိတဲ့ ကျောင်းကြီးတွေ”

“အဲဒီတုန်းက ကျောင်းကြီးတွေက အောင်မြင်ပါတယ်ခင်ဗျ။ အဲဒီလို သုံးဘာသာ၊ လေးဘာသာတွေ ဂုဏ်ထူးတွေ ထွက်ကြပါတယ်။ သူတို့ထိန်းထားတာကတော့ သင်ရိုးညွှန်းတန်းနဲ့ အစိုးရစစ် စာမေးပွဲနဲ့ အဲဒီ Private ကျောင်းကြီးတွေကို ထိန်းထားတာ”

“ဆရာဝန်တွေနဲ့ ကျနော်တို့ ကျောင်းဆရာတွေ အနေနဲ့ ဆရာဝန်ကြီးတွေ၊ သမားတော်ကြီးတွေ ယူလိုက်တာမှ ငွေက သောက်သောက်လဲလေ။ အဲဒီကျတော့ သူ လိမ်မစားဘဲနဲ့ သူ့ပညာနဲ့ သူ ပိုတဲ့အချိန် သုံးတာမျိုးကတော့ အဲဒါမျိုးကလည်း ခွင့်ပေးသင့်တယ်ခင်ဗျ”
“ရန်ကုန်မှာဆိုရင် ကျနော် ရောက်တဲ့အချိန်လောက်က
 ကျောင်းသားတွေ ကိုယ်တိုင်က ကျောင်းသင်တာတင်
အားမရဘူးလို ဖြစ်လာပြီးတော့ သူတို့ကြိုက်တဲ့
ဆရာတွေကို သူတို့အိမ်မှာ ခေါ်သင်တာကနေ မဆလ
(မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) ခေတ်မှာ အဲဒီလို ကျူရှင်တွေ ပြန်စလာပါတယ်။ ပြည်သူပိုင် သိမ်းလိုက်တာက ၆၄ ပါခင်ဗျ။ ၆၄ နဲ့ ၆၅ ပြည်သူပိုင် သိမ်းလိုက်တာပါ”

“Private ကျောင်းကြီးတွေကို၊ ဟို Mission School လည်း ပါတာပေါ့။ အင်္ဂလိပ်မက်သရစ်တို့၊ စိန်ဖလိုးတို့၊ သြဂတ်စတင်းတို့ အပါအဝင်ပေါ့။ အစိုးရက အကုန်သိမ်းပစ်လိုက်တာ။ သိမ်းပစ်လိုက်ပြီးတဲ့ နောက်ပိုင်းမှာ
 ကျောင်းမှာတင် သင်တာတင် အားမရတဲ့ ကျောင်းသား၊ ကျောင်းသူအချို့က သူတို့ကြိုက်တဲ့ ဆရာတွေကို အိမ်မှာ ခေါ်သင်တာကနေစပြီး အိမ်ကျူရှင်ဝိုင်းလေတွေ စခဲ့တာ။ အဲဒီလို စခဲ့တာကတော့ အများဆုံးကတော့ ဒဂုံ (၁) လို့ ကျနော် နားလည်ထားပါတယ်”

နိုင်ငံတကာမှကော ကျူရှင်ဆိုတဲ့ သင်ကြားမှုမျိုး ရှိပါသလားဆရာ။

“သင်ကြားမှုကတော့ ရှိတယ်ခင်ဗျ။ တကယ်တတ်ရင် တကယ်သင်တယ်၊ ပိုက်ဆံကောင်းကောင်း ရတယ်။ ကျနော်တို့လို တလစာ ယူရတာမျိုး မဟုတ်ဘူး။ သူက သင်ကြားချိန် တချိန် တနာရီဆိုရင် ဘယ်နှဒေါ်လာ ဆိုတာမျိုး ရှိတယ်ခင်ဗျ”

အခု မြန်မာပြည်မှာ ကျူရှင်တွေ များလာတာ တွေ့ရပါတယ်။ ဒါ ဘာကြောင့်လို့များ ထင်ပါသလဲ။

“ကျနော် များလာတယ်လို့ ထင်တာကတော့ အစိုးရကျောင်းတွေမှာ ဆရာမလုံလောက်တဲ့ ပြဿနာတို့၊ နောက် သင်ကြားရေးက အားမကောင်းတဲ့ ပြဿနာတို့ကြောင့် ပေါ်လာတာပေါ့။ သို့သော်လည်း အားကောင်းတဲ့ အစိုးရ SAT တွေ ဘာတွေ ရှိပါတယ်”

ကျူရှင်ရဲ့ ဖွံ့ဖြိုးမှုနဲ့ ခိုင်မာမှုက ဘယ်လောက်တောင် ရှိနေပြီလဲ။

“အခု ဘော်ဒါကျောင်းတွေ အနေနဲ့ကတော့ သေချာလုပ်တဲ့သူတွေ ရှိသလိုပဲ ပြောထားတဲ့အတိုင်း ဝန်ဆောင်မှု မပေးတဲ့ ကျောင်းတွေလည်း ကျနော်တို့ ကြားနေရပါတယ်ခင်ဗျ။ အဲဒီတော့ ကောင်းတဲ့ ကျောင်းလည်း
 ကောင်းပါတယ်။ ပြောတဲ့ဝန်ဆောင်မှု အပြည့်မပေးဘဲနဲ့ ကလေးတွေ ပစ္စလက္ခ၊ တချို့ နယ်က ကလေးတွေ ဖြစ်ရတာတွေလည်း ကျနော်တို့ ကြုံခဲ့ရပါတယ်”

ကျူရှင်တွေ ရှိလာတဲ့အတွက် အကျိုး၊ အပြစ်တွေက ဘာတွေ ဖြစ်နိုင်သလဲ။

“အဲဒီလိုပေါ်လာတာကတော့ အခုက အပြိုင်တွေ များလာတဲ့အခါကျတော့ တကယ့်ကို ကြိုးစားလာရတဲ့ သဘောရှိတယ်။ တကယ်မကြိုးစားလို့ ရှိရင်လည်းပဲ လူမရဘူး။ ကြိုးစားတဲ့ ကျောင်းတွေက ရပြီး၊ သူတို့နာမည် ထိန်းနိုင်ဖို့အတွက်လည်း အဘက်ဘက်က လိုလေသေးမရှိအောင် ကြိုးစားလာတာတော့ တွေ့ရပါတယ်ခင်ဗျ”

“အခုက ကျောင်းစစ်အနေနဲ့ အောင်ချက်ကောင်းရေး လုပ်ပစ်လိုက်တော့ ၁ဝ တန်းရောက်လာတဲ့အခါမှာ ရှစ်တန်း၊ ကိုးတန်းက ပိုင်ခဲ့ရမယ့် အခြေခံတွေက ပါမလာဘူး။ အဲဒီတော့ ကျောင်းသားတွေရဲ့ Level က တဖြည်းဖြည်း နိမ့်၊ နိမ့် နိမ့်လာတယ်။ ဒါ ကျနော် လက်တွေ့သင်တဲ့ အတွေ့အကြုံအရ သိတာပါ”
“Side Effect ရှိနိုင်တာကတော့ ပညာရေးဌာနက
 နေပြီးတော့ ဒီကျောင်းတွေကို ဘယ်လိုထိန်းချုပ်မလဲ၊ ပညာရေးစံတွေနဲ့လည်း နိုင်ငံတော်က သတ်မှတ်ထားတဲ့
 ပညာရေး Level မီအောင် ဘယ်လိုထိန်းမလဲ၊ အစိုးရစစ်
စာမေးပွဲနဲ့ပဲ ထိန်းမှာလား၊ သင်ရိုးညွှန်းတမ်းတွေကို
ထိန်းမှာလား၊ ဒါမှမဟုတ် စိစစ်ကြီးကြပ်တဲ့ အဖွဲ့နဲ့ ထိန်းတာမျိုး လုပ်မှာလားဆိုတာ အဲဒါက ကျနော်တို့ မပြောနိုင်သေးဘူးခင်ဗျ”

အခု ကျောင်းသားတွေက ကျောင်းထက် ကျူရှင်မှာ ပိုအချိန်ပေးနေရတာ တွေ့ရတယ်။ ဒီတော့ ကျောင်းမှာ ပိုပြီး အချိန်ပေး လေ့လာနိုင်အောင် ဘာတွေ လုပ်ပေးရမလဲ။

“ဘယ်လိုမျိုး လုပ်ပေးရမလဲဆိုတော့ ဆရာ၊ ဆရာမတွေ အနေနဲ့လည်း ကြိုးစားပြီး လုပ်နေတာပဲ။ နောက်တခုကတော့ ဘာလဲဆိုတော့ မဆလခေတ်က ထွက်ဖူးတယ်လေ။ ကျူရှင်သင်လို့ရှိရင် ထောင် ၃ နှစ်နဲ့ ဒဏ်ငွေ ၃ဝဝဝဝ လား၊ ၂ဝဝဝဝ လား အဲဒါမျိုး။ ဆရာဝန်တွေနဲ့ ကျနော်တို့ ကျောင်းဆရာတွေအနေနဲ့ ဆရာဝန်ကြီးတွေ၊ သမားတော်ကြီးတွေ ယူလိုက်တာမှ ငွေက သောက်သောက်လဲလေ။ အဲဒီကျတော့ သူ လိမ်မစားဘဲနဲ့ သူ့ပညာနဲ့ သူ ပိုတဲ့အချိန် သုံးတာမျိုးကတော့ အဲဒါမျိုးကလည်း ခွင့်ပေးသင့်တယ်ခင်ဗျ”

အခု ပုဂ္ဂလိကကျောင်းတွေ၊ ကျူရှင်တွေ ရှိတယ်ဆိုတော့ နောက်ကော ဘယ်လိုအမျိုးအစားတွေ ရှိသေးလဲ။

“International School ဆိုတာတွေပေါ့။ အဲဒီ့မှာ ဘာပြဿနာ တက်လဲဆိုတော့ ဗမာစာကို မသင်ခဲ့ဘူး။ Grade XIII ရောက်တဲ့ အခါကျတော့မှ ဇွတ်သင်တာမျိုး လုပ်တော့ ၁ဝ နှစ်လောက် သင်ရမယ့် ဗမာစာ လုံးဝ မသင်ခဲ့တော့ အဲဒီကလေးတွေ တော်တော် ဒုက္ခရောက်ပါတယ် ခင်ဗျ။ ဒါကြောင့် တချို့ International School ဆိုတာတွေက ဗမာစာကို အလေးထားတဲ့ ကျောင်းလည်း ရှိပါတယ်။ အလေးမထားတဲ့ ကျောင်းတွေလည်း အခုထိ ရှိပါတယ်။ နောက်တခုက ကျနော် သိတာလေး ပြောပါမယ်”

“နိုင်ငံခြား ကိန်းဘရစ် တက္ကသိုလ်က ဆိုရင် GCE Level ဗမာစာ ရှိပါတယ်ခင်ဗျ။ တော်တော် အဆင့်အတန်း မြင့်ပါတယ်။ အဲဒီကိန်းဘရစ် တက္ကသိုလ်က ဗမာစာ ပါမောက္ခထုတ်တဲ့ နမူနာမေးခွန်းကို ကျနော် တွေ့လို့ ပြောတာပါ။ နိုင်ငံခြားမှာလည်း ဗမာစာလိုတယ်ဆိုတာ မသိဘူးခင်ဗျ… ဒီက”

စာမေးပွဲတွေနီးရင် ကြိုတင် ခန့်မှန်းမေးခွန်းလွှာတွေ၊ အထူးထုတ်တွေ ထွက်လေ့ရှိပါတယ်။ ဒါတွေက ကျောင်းသားတွေအတွက် တကယ်လိုအပ်လား၊ အသုံးတည့်နေလား ဆရာ။

“အရင် ဝန်ကြီးဦးချမ်းငြိမ်း မတိုင်ခင်တုန်းက တရားဝင် ကျောင်းသင်ဘာသာရပ် အထောက်အကူပြု စာအုပ်တွေ ထုတ်ခွင့်ပေးတယ်။ ဦးချမ်းငြိမ်း လက်ထက်မှာကျတော့ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ တက္ကသိုလ်တွေက လမ်းညွှန်ထုတ်တယ်။ ဂျာနယ်တွေလေ။ မြန်မာစာ ဂျာနယ်တွေ၊ ဓာတုဗေဒ ဂျာနယ်တွေက အလွန် အထောက်အကူပြုခဲ့ပြီး လက်တွေ့သင်ကြားနေတဲ့ SAT ဆရာ၊ ဆရာမတွေ အပေါ်မှာလည်း နည်းနာ နိဿယတွေ သူတို့ ရပြီးတော့ အလွန် အထောက်အကူ ဖြစ်တာပေါ့။ အဲဒါတွေလည်း ထုတ်ခွင့်မပေးဘူး”

“နောက် တရားဝင် ပြင်ပက ကျွမ်းကျင်ပညာရှင်တွေ ရေးတဲ့ဟာလည်း ထုတ်ခွင့်မပေးတော့၊ ထုတ်ချင်သလို ထုတ်ဆိုတဲ့ အခါကျတော့ ကြားပေါက်တွေက ဝင်လာတဲ့ အဆင့်အတန်းမမီတဲ့ စာအုပ်တွေလည်း ရှိပါတယ်ခင်ဗျ။ မီတဲ့စာအုပ်တွေလည်း ရှိပါတယ်။ အဲဒီတော့ သင်ကြားမှု အထောက်အကူဆိုတာ ခေတ်အဆက်ဆက် လိုအပ်ခဲ့တာပါဗျ။ ကျနော်တို့ ပါလီမန်ခေတ်၊ ဦးနုတို့ ခေတ်ကတည်းက လိုအပ်ခဲ့တာပါ။ နောက် တော်လှန်ရေး
 ကောင်စီခေတ်လည်း ခွင့်ပြုခဲ့တာပဲ။ မဆလခေတ်လည်း ခွင့်ပြုခဲ့တာပဲ။ ဒီ နအဖ အစောပိုင်း ခေတ်လည်း ခွင့်ပြုခဲ့တယ်။ အဲဒီ ချမ်းငြိမ်း လက်ထက်ကျမှ အကုန်လုံး ပိတ်လိုက်တဲ့အခါမှာ အဲဒီ့ထုတ်ဝေတဲ့ လိုင်းက အကုန်လုံး ဂုဏ်သိက္ခာနဲ့ မဟုတ်ပဲနဲ့ လုပ်ချင်သလို လုပ်ကြတဲ့အခါမှာ အညံ့စား စာအုပ်တွေလည်း ထွက်လာပါတယ်ခင်ဗျ”

မြန်မာပြည်က ထိပ်တန်းစာရင်းဝင် ကလေးတွေက ငွေကုန်ကြေးကျခံပြီး ကျူရှင်တတ်ခဲ့တဲ့ ကလေးတွေက များပါတယ်။ ဒီတော့ ကျူရှင်မတက်နိုင်တဲ့ ကလေးတွေကိုကော အစိုးရက ဘယ်လိုကူညီသင့်တယ် ထင်ပါသလဲ။

 “ဆင်းရဲတဲ့ ကျောင်းသားတွေမှာ ပညာ အပြည့်အဝ သင်နိုင်ဖို့ဆိုတာဟာ အစိုးရ
 ကျောင်းတွေမှာ အင်နဲ့အားနဲ့ သင်ထောက်ကူ ပစ္စည်း ပြည့်ပြည့်စုံစုံ၊ ဆရာအားကောင်း
 ကောင်းနဲ့ သင်နိုင်ဖို့ အရေးကြီးပါတယ် ”
“အစိုးရကျောင်းတွေမှာလည်း အခုက အောင်ချက်မြင့်မားရေး ရည်မှန်းချက်ဆိုပြီးတော့ တက္ကသိုလ်က ပါမောက္ခကြီးတွေ
 ခေါ်ပြီးတော့၊ ဘာသာရပ်ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ပင့်ဖိတ်ပြီး ဟောပြောစေတာမျိုး လုပ်တယ်။ နောက်ပြီးတော့ အချိန်ပိုတွေနဲ့ စာကျက်ချိန်တွေလုပ်တဲ့ ကျောင်းတွေလည်း လုပ်တာမျိုး ရှိပါတယ်။ သူတို့ဟာ သူတို့ သီးခြားဝိုင်းတက်တာကလည်း သူ့ဟာသူ ရှိပြီးသားပေါ့။ အများစုကတော့ ကျနော်တို့ ချမ်းသာတဲ့သူက၊ ပြည့်စုံတဲ့သူက ဆရာကောင်းကောင်း၊ ပိုက်ဆံကောင်းကောင်း ပေးပြီး သင်နိုင်တာပေါ့။ အများစုကတော့ ကျနော်တို့ ရွက်ကြမ်းရေကျို မြို့နယ်မှာ ဖွင့်ထားတဲ့ သင်တန်းကျောင်းလေးတွေကို နှုန်းကလည်း မျိုးစုံပေါ့ဗျာ။ ၂၅ဝဝဝ ခွဲလောက်ကနေပြီးတော့ သိန်းဂဏန်းအထိ ရှိတာကိုး”

“အဲဒီတော့ အဲဒါတော့ ကျနော်တို့ ဆင်းရဲချမ်းသာ ကွာဟနေသမျှ ကာလပတ်လုံး ဒီအခြေအနေကတော့ ကြုံတွေ့ရမယ့်သဘော ရှိတာပေါ့။ ဆင်းရဲတဲ့ ကျောင်းသားတွေမှာ ပညာအပြည့်အဝ သင်နိုင်ဖို့ဆိုတာဟာ အစိုးရကျောင်းတွေမှာ အင်နဲ့အားနဲ့ သင်ထောက်ကူ ပစ္စည်း ပြည့်ပြည့်စုံစုံ၊ ဆရာအားကောင်းကောင်းနဲ့ သင်နိုင်ဖို့ အရေးကြီးပါတယ်”

“ကျနော်တို့မှာ ကိုယ့်မေဂျာ မဟုတ်ဘဲနဲ့ ဥပမာဆိုပါစို့။ ဗမာစာကနေပြီး ပထဝီသင်တာ၊ ပထဝီကနေ သင်္ချာ သင်ရတာမျိုး။ တခါ ဘိုင်အိုဆရာမကနေ သမိုင်းသင်ရတာမျိုး။ အဲဒီလို အခက်အခဲတွေလည်း ရှိပါတယ်ခင်ဗျ”

အခု အစိုးရက ပုဂ္ဂလိကကျောင်းတွေ၊ ကျူရှင်တွေအတွက် ဥပဒေပြဋ္ဌာန်းတော့မယ်ဆိုတော့ ဆရာအနေနဲ့ ဘယ်လိုအချက်တွေ ပါဝင်စေချင်ပါသလဲ။

“ကျနော်ပြောချင်တာကတော့ Private ကျောင်းတွေကို ဘယ်လိုမူနဲ့ ဘောင်နဲ့ ထိန်းချုပ်မလဲ။ သင်ရိုးညွှန်းတမ်းနဲ့ ထိန်းတာမျိုးလည်း ပါရမယ်။ အစိုးရစစ်နဲ့ ထိန်းတာမျိုးလည်း ပါရမယ်။ နောက်တခုက တော့ဗျာ… ကျနော်သိတာ မဆလ ခေတ်မှာ ကောင်းခဲ့တာ တခုရှိတာက စတုတ္ထတန်းကို မြို့နယ်စစ် လုပ်ပါတယ်။ ရှစ်တန်းကို တိုင်းစစ် လုပ်ပါတယ်။ အဲဒါလေးက အရေးကြီးပါတယ်နော်။ ဘာလို့ အရေးကြီးသလဲ ဆိုတော့ အဲဒီ့တုန်းက မြို့နယ် ထူးချွန် ၁ဝ ယောက် လေးတန်းမှာ ရွေးလိုက်တယ်ပေါ့ဗျာ။ ဆုပေးတယ်။ ရှစ်တန်းမှာလည်း အဲဒီလို ထူးချွန်တဲ့ ခြောက်ယောက်လောက်ကို ၁ဝ တန်း ခြောက်ဘာသာ တန်းသွားတာ”

“အဲဒီ ရှစ်တန်းနဲ့ လေးတန်းကို မြို့နယ်စစ်၊ တိုင်းစစ်ကနေပြီးတော့ ကျောင်းစစ် လုပ်ပစ်လိုက်တဲ့ အချိန်မှာ ကလေးတွေလည်း အထူးသဖြင့် ရှစ်တန်းအရွယ်တွေက State ပြောင်းတဲ့ အရွယ်မှာ အဲဒီကျောင်းစစ်နဲ့ တက်လာတဲ့ ကျောင်းသားတွေရဲ့ ပညာရေး Level က အရင်တုန်းက ရှစ်တန်းအစိုးရစစ် လုပ်တုန်းကလို အခြေခံ မခိုင်မာတော့ဘူး။ အဲဒီလို ဖြစ်သွားတယ်”

“အခု ပညာသင်ဆုလည်း ပေးမယ်ဆိုရင် လေးတန်းကို မြို့နယ်စစ်၊ ရှစ်တန်းကို တိုင်းစစ်လောက် လုပ်မှ။ ပညာသင်ဆု အရင်တုန်းကဟာမျိုး လုပ်မယ်ဆိုရင် အဲဒါနဲ့ ထိန်းမှ။ အခုက ကျောင်းစစ်အနေနဲ့ အောင်ချက်ကောင်းရေး လုပ်ပစ်လိုက်တော့ ၁ဝ တန်းရောက်လာတဲ့အခါမှာ ရှစ်တန်း၊ ကိုးတန်းက ပိုင်ခဲ့ရမယ့် အခြေခံတွေက ပါမလာဘူး။ အဲဒီတော့ ကျောင်းသားတွေရဲ့ Level က တဖြည်းဖြည်း နိမ့်၊ နိမ့် နိမ့်လာတယ်။ ဒါ ကျနော် လက်တွေ့သင်တဲ့ အတွေ့အကြုံအရ သိတာပါ”

“ကျနော် အကြံပေးချင်တာကတော့ လေးတန်းကို မြို့နယ်စစ်၊ ရှစ်တန်းကို တိုင်းစစ်လုပ်။ အဲဒီမှာ ကျနော်တို့ ပညာသင်ဆု ရွေးလို့လည်း အဆင်ပြေမယ်။ ကျောင်းသားတွေကိုလည်း အခြေခံခိုင်တဲ့ ကျောင်းသားတွေ ဖြစ်အောင် အဲဒီ တိုင်းစစ်ဆိုတာ ထိန်းပြီးတော့ ပေးလိုက်ရင် အခုအခြေအနေထက် ကောင်းသွားမယ်လို့ ကျနော် ထင်ပါတယ်”

(တွဲဘက်ပါမောက္ခဟောင်း ဦးလှထွန်းနှင့် အင်တာဗျူး)
  sources: :www.mizzimaburmese.com

Saturday, October 16, 2010

“ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလာရင် NDF ကို ဖျက်သိမ်းပေးမှာပါ”

 ဦးခင်မောင်ဆွေသည် ဖျက်သိမ်းခံထားရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ခေါင်းဆောင်ဟောင်း တဦးဖြစ်ပြီး လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်အရွေးခံမည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) အား ဦးစီးခေါင်းဆောင်နေသူလည်း ဖြစ်သည်။ အမတ်နေရာ ၁၆၁ နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်မည့် NDF ပါတီသည် စစ်အစိုးရ ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) တို့ပြီးလျှင် တတိယ အင်အားအကြီးဆုံး ပါတီဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် NDF ပါတီအနေနှင့် ၎င်းနှင့် ပူးပေါင်းဆောင်ရွက်လိုမှု ရှိမရှိ၊ NDF ပါတီကို စစ်အစိုးရနှင့် နီးစပ်မှု ရှိသည်ဟု လူအများ ယူဆနေသော Myanmar Egress NGO အဖွဲ့က ငွေလှူဒါန်းသည်ဆိုသော သတင်းထွက်ပေါ်မှုများမှန်၊ မမှန် စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဧရာဝတီသတင်းထောက် ဘကောင်းက မေးမြန်းထားပါသည်။

မေး။     ။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် တကယ်လို့ သူက NDF ပါတီကို ဖျက်သိမ်းခိုင်းရင် ဖျက်ပေးမယ်လို့ ကြားတယ်။ အဲဒါဟုတ်ပါသလား။
ဖြေ။     ။ NDF တောင်မှ ဖျက်သိမ်းနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ပြောတာ ဟုတ်ပါတယ်။ ဒါကို သဘောမတူလည်း သူ့သဘောပေါ့လေ။ သူ့အနေနဲ့ ထွက်လာလာချင်းတော့ နားလည်မှာ မဟုတ်ဘူး။ ဒါပေမယ့် NLD က လူကြီးတွေဖြစ်တဲ့ ဦးအောင်ရွှေတို့၊ ဦးလွင်တို့ မသေသေးဘူး။ ကိုယ်တို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိတယ်ဆိုတာ သူတို့ ရှင်းပြနိုင်ပါလိမ့်မယ်။ တကယ်လို့များ ဒေါ်စုက ပေါင်းချင်တယ် ဆိုရင်လည်း ကျနော်တို့ ငြင်းစရာမရှိပါဘူးလို့၊ ဒါကိုပြောတာပါ။

မေး။     ။ ဒေါ်အောင်ဆန်းစုကြည်ကို NDF ထဲ ဝင်ပါစေချင်တဲ့ သဘောမျိုးလား။ ဒါမှမဟုတ်၊ ဒီရွေးကောက်ပွဲ မတိုင်ခင်မှာ မတူညီတာတွေ ဖြေရှင်းချင်တဲ့ သဘောလား။

ဖြေ။     ။ ဆိုလိုချင်တာက ချဉ်းကပ်တဲ့လမ်းကြောင်း မတူလည်း နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်လို့ ရတယ်လို့ ပြောချင်တာပါ။  ရွေးကောက်ပွဲ သဘောထားကတော့ သဘောထားပေါ့။ ဒါကို ညှိလို့မရဘူးလေ။ ရွေးကောက်ပွဲ ပြီးတဲ့နောက် သူက သဘောတူမယ်၊ ညှိနှိုင်းလို့ အဆင်ပြေမယ်ဆိုရင် NDF ကို ဖျက်ပေးနိုင်တယ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး လမ်းကြောင်းပေါ်ကိုသွားမယ်ဆိုရင် ကျနော်တို့က သူ့အောက်ကို ပြန်ဝင်ဖို့ အဆင်သင့်ပဲလေ။

ဒါပေမယ့် ခေါင်းဆောင်နောက်မှာ ဘာမှ စဉ်းစားဆင်ခြင်တုံတရား မရှိဘဲနဲ့ ခေါင်းဆောင်ပြောသမျှကို ခေါင်းညိတ်တာ နောက်လိုက်မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပုဂ္ဂိုလ်ရေး မကိုးကွယ်ဘူး။ နိုင်ငံရေးအရ ကိုးကွယ်တာ၊ သူ့ရဲ့ ထက်မြက်မှုကို ကိုးကွယ်တာ။

ဒါပေမယ့် ကျနော်တို့က ပြောချင်လှပြီဟဲ့လို့ သွားအော်ရင်လည်း ဘယ်ရမလဲ။ သူကကျနော်တို့ကို ကိုယ့်လူဟောင်းတွေ ကိုယ့်လုပ်ဖော်ကိုင်ဖက် ဟောင်းတွေဆိုပြီး တွေ့ချင်တယ် စကားပြောကြည့်ချင်တယ်ဆိုရင် ကျနော်တို့က အချိန်မရွေး ကြိုဆိုမှာပဲ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်နေရာမှာ သူ့ကို ထားတုန်းပဲ။ တွေ့တွေ့ မတွေ့တွေ့ ခေါင်းဆောင်ဟာ ခေါင်းဆောင်ပဲလေ။ သဘောထားတူလို့ လက်ခံတာ၊ လက်မခံတာဘဲ ကွာတယ်။

မေး။     ။ NDF အပေါ် NLD ပါတီဝင်တချို့က တော်တော်မုန်းတီးမှုတွေ ရှိတယ်၊ မကျေနပ်မှုတွေ ရှိတယ်လို့ ကြားတယ်။ ဒီတော့ NLD နဲ့ ပြန်လည်လက်တွဲပြီး လုပ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။

ဖြေ။     ။ သူတို့ကတော့ ပုဂ္ဂိုလ်ကို ကိုးကွယ်ပြီး နိုင်ငံရေးလမ်းကြောင်းလျှောက်နေတာကိုး။ ပုဂ္ဂိုလ်က အိုကေတယ်ဆို သူတို့က အိုကေမှာပေါ့။

မေး။     ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒီလိုမျိုး ပြန်ပူးပေါင်းဖို့အတွက် ဦးခင်မောင်ဆွေတို့ မျှော်လင့်လို့ရလား။

ဖြေ။     ။ အခုနေခါမှာတော့ မသိဘူးလေ။ ထွက်လာတဲ့အခါမှာ လက်ရှိ နိုင်ငံရေးအခင်းအကျင်းကို သူသိသွားတဲ့ အခါမှာတော့ အောက်ထစ် စကားပြောတာတော့ လုပ်မယ်ထင်တာပဲလေ။ ပေါင်းမယ်၊ မပေါင်းဘူးတော့ သူ့ ဆုံးဖြတ်ချက်ပေါ့။ ကျနော်တို့ကတော့ အမြဲတမ်း ခေါင်းဆောင်အဖြစ် သတ်မှတ် ထားတာပဲလေ။ အမြဲတမ်း ခေါင်းဆောင်ဆိုတာ ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင်ကို ပြောတာနော်။ ပါတီ ခေါင်းဆောင် ပြောနေတာ မဟုတ်ဘူး။ သူ့ကို ပါတီတခုရဲ့ ခပ်ကျဉ်းကျဉ်း ခေါင်းဆောင်မျိုး သဘောထားရင် မှားပြီပေါ့။

မေး။     ။ NDF ပါတီထဲမှာလဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ မဝင်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မကျေနပ်တာတွေ ရှိခဲ့တာဆိုတော့ အဲဒီလူတွေကကော ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်ပြီး ပူးပေါင်းချင်တဲ့ သဘောထားမျိုး ရှိရဲ့လား။

ဖြေ။     ။ ဒေါ်စုနဲ့ ပူးပေါင်းမယ်ဆိုလို့ရင် ဘယ်သူမှ ငြင်းမယ့်လူ တယောက်မှ မရှိဘူး။ ဒေါ်စုကလည်း ရွေးကောက်ပွဲမှာ မဲပေးရမယ်ဆိုပြီး အတင်းအကျပ်ခိုင်းရင် ဥပဒေအရ ချိုးဖောက်တာလို့ ပြောတာပဲရှိတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို မဲမထည့်ပါနဲ့ ဆိုတဲ့ စကားလုံး ထွက်မလာသေးဘူး။

မေး။     ။ NDF အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နာမည်ကို ထုတ်ထုတ်သုံးတဲ့အခါမျိုးမှာ တချို့တွေက ဒေါ်အောင်ဆန်း စုကြည်ရဲ့ အရှိန်အဝါကို NDF အတွက် အသုံးချချင်လို့ဆိုတဲ့ စွပ်စွဲချက်တွေ ရှိခဲ့တယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်ပါသလဲ။

ဖြေ။     ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အများနဲ့ဆိုင်တာပါ။ သန်း ၅၀ သော ပြည်သူများရဲ့ ခေါင်းဆောင် ဆိုတဲ့အခါ ကျတော့ NLD member တွေ မောင်ပိုင်စီးချင်ရင် သူ့ပါတီအတွင်းက စီးပေါ့။ ဒီမိုကရေစီ ခေါင်းဆောင်၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်၊ မြန်မာလူထု ခေါင်းဆောင်ဆိုတဲ့ ဟာကိုတော့ ဘယ်သူမှ ထည့်ရောလို့မရဘူး။ အဲဒါမှ မကျေနပ်ရင်တော့၊ လက်မခံဘူး ဆိုရင်တော့၊ NLD ခေါင်းဆောင်တွေရဲ့ ခွင်ကျဉ်းကျဉ်းလေး ထဲကနေ စဉ်းစားတာမျိုး ဆိုရင်တော့ မှားသွားမှာပေါ့။

မေး။     ။ အခု ရွေးကောက်ပွဲလုပ်ဖို့ ဆိုတာကလည်း ရက်ပိုင်းပဲ ကျန်တော့တာဆိုတော့ ငွေအင်အားတွေ၊ လူအင်အားတွေနဲ့ NDF ပါတီရဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲ

ဖြေ။     ။ ငွေအင်အားတော့ သုညပဲ။ ဌာနချုပ်မှာ ပိုက်ဆံမရှိပါဘူး။ မဲဆွယ်စည်းရုံးဖို့ အတွက်တောင် ဘာမှ လုပ်ပေးနိုင်မယ့် အနေအထားမရှိပါဘူး။ လူအင်အားကတော့ သူ့နယ်အလိုက်တော့ ရှိနေတယ်လေ။ မြို့နယ်အလိုက် ရပ်ကွက်တွေထဲ အင်အားစုပြီးတော့ စိတ်ဝင်စားတဲ့လူများနဲ့ ၁၅ ယောက်၊ ၂၀ ပေါ့။ ရက်ကွက်တွေထဲကို၊ ကျေးရွာတွေ ထဲကို သွားနေကြပါပြီ။

မေး။     ။ ငွေအင်အားဆိုလို့ Myanmar Egress ကနေပြီးတော့ ငွေတွေထောက်ပံ့နေတယ် ကြားတယ်။ ဒီအဖွဲ့နဲ့ နီးစပ်တဲ့ သူတွေကို ဦးခင်မောင်ဆွေတို့ ပါတီကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဘာဖြစ်လို့လက်ခံတာလဲ။

ဖြေ။     ။ Myanmar Egress က ကျနော်တို့ကို ကုမ္ပဏီအနေနဲ့ လှူတာမရှိပါဘူး။ သို့သော်လည်း ဦးလှမောင်ရွှေဆီက ၄၊ ၅၊ ၆ ယောက် အစရှိသဖြင့် သူ့ဟာသူ လှူတာတော့ ကြားနေရတယ်။ အဲဒီလို လှူတဲ့ အထဲမှာတော့ တယောက် ကျပ် ၅ သိန်းပေးတာတော့ လာပြောလို့သိရတယ်။

နောက်ပြီး Egress ကလည်း ပြည်သူထဲက ပြည်သူတယောက်ပဲလေ။  Egress က ဘာလုပ်နေလို့တုန်း။ ဘိန်းကုန်ကူး နေလို့လား။ Egress က ဘိန်းမှောင်ခို ကုန်ကူးရင် မယူဘူးပေါ့။ တိုင်းပြည်ထဲမှာ တရားဝင်ထောင်ထားတဲ့ လုပ်ငန်း တခုကနေ ပါတီကိုလှူတဲ့ငွေ ရှိလို့ ရှိရင် ယူမှာပဲလေ။ တခြားသော၊ တခြားသော လုပ်ငန်းရှင်ကြီးတွေက လာလှူမယ်ဆိုရင် ယူမှာပဲလေ။ နောက်ပြီး ဝင်ပြိုင်မယ့် အမတ်လောင်း ဆိုတာကလည်း အချိန်အတိုင်းအတာ အားဖြင့် ၁၅ ရက်အတွင်းမှာ အတင်းစုရတာကိုး။ ဆိုတော့ Egress က ဒီပါတီကတော့ ကောင်းတယ်၊ ဒီပါတီကတော့ ဒီမိုကရေစီ စစ်မှန်တယ် ဆိုပြီး Egress ညွှန်ကြားချက်နဲ့ ရောက်လာတဲ့လူတွေ ၂ ယောက်၊ ၃ ယောက်လောက်တော့ ရှိတာပေါ့။

မေး။      ။ ဦးခင်မောင်ဆွေတို့ ပြောတဲ့ Egress ကိစ္စ၊ ဘယ်ကနေပြီးတော့ ရန်ပုံငွေရရှိတယ် ဆိုတာကိုလည်း မီဒီယာတွေ၊ နောက်ပြီး ပြည်သူတွေကော မသိသင့်ဘူးလား။
ဖြေ။      ။ ပြောပြီးပြီလေ။ ကျနော်တို့ Egress ကုမ္ပဏီက ပိုက်ဆံတပြားမှ မယူပါဘူးလို့ ကျနော် ရှင်းလိုက်ပြီလေ။ ကျနော်တို့ အဖွဲ့ကို ကျပ် သိန်း ၂၀၊ သိန်း ၃၀၊ ၂၅ သိန်း လာလှူတာတွေကို ကျနော်တို့က ဘယ်သူ့ကို သွားရှင်းရမှာလဲ။ဘာဖြစ်လို့လဲ ဆိုတော့ ရွေးကောက်ပွဲမှာ လှူတဲ့လူတွေက ကြောက်ရွံ့မှုတွေ ရှိတယ်။ စိုးရိမ်မှုတွေရှိတယ်။

စီးပွားရေးလုပ်တဲ့လူဟာ ဒီပါတီကို သွားလှူရင် သူတို့ စီးပွားရေးမှာ အနှောင့်အယှက် ဖြစ်မလားဆိုပြီး မပြောပါနဲ့ဦးလို့ ပြောထားတဲ့ အပိုင်းလည်း ရှိတာကို စည်းစောင့်ဖို့တော့ လိုတယ်လေ။ ကိုယ့်ဆီကို လာတိုင်း Egress နဲ့ ပတ်သက်ပါတယ် ပြောပြီးမှ မဟုတ်ပါဘူးလို့ ပြချင်တာနဲ့ သူများ သွားနစ်နာအောင် လုပ်လို့မရဘူးလေ။

Theory ချထားပြီးတော့ မောင်ဖြူက ဒီလောက်လှူပါတယ်၊ မောင်နီက ဒီလောက်လှူပါတယ်ဆိုပြီး ဘယ်ပါတီကကော ရှင်းတာရှိလို့လဲ။  နိုင်ငံရေး အဖွဲ့အစည်းတွေက ငွေဖြူဆိုပြီး အလှူခံလို့ရပါတယ်။ နောက်ပြီးတော့ အာဏာပိုင် အပိုင်းနဲ့ ပတ်သက်နေတဲ့ ပါတီတွေ ရှိတဲ့အခါမှာ အဲဒီပါတီတွေဟာ အာဏာပိုင် အဝန်းအဝိုင်းက နေပြီးတော့၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်းကနေ ပိုက်ဆံရတဲ့ ပါတီလည်း ရှိနေတာပဲ။ အဲဒါကျတော့ မီဒီယာက မထောက်ဘဲနဲ့ ကျနော်တို့ကို သာမန်ပြည်သူတွေရဲ့ ပုဂ္ဂလိက ငွေဖြူတွေလှူတာကို ဘာလို့ လာထောက်နေရတာလဲ။ အဲဒါတွေ ဖော်ထုတ် ရမယ်လေ။

မေး။     ။ မကြာသေးမီက Myanmar Egress ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာ နေဝင်းမောင်တို့က ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ လူအမြောက်အများ ထောက်ခံမှု ရရှိခဲ့တယ် ဆိုပြီးတော့ ထုတ်ပြောတာတွေ ရှိတယ်။ အဲဒါတွေ သဘောတူညီမှုရှိလား။
ဖြေ။     ။ သဘောတူညီလား၊ မညီဘူးလားဆိုတာ ကျနော်တို့ကို မေးစရာမလိုဘူးလေ။ ဒီအခြေခံ ဥပဒေဟာ အတင်းအကျပ် လုပ်ထားတယ်၊လိမ်လည်မှုတွေ ရှိနိုင်တယ် ဆိုတာကို NLD မှာ ရှိစဉ်ကတည်းက မထောက်ခံပါဘူးလို့ ပြောပြီးပြီလေ။ ကျနော်တို့က အခြေခံဥပဒေကို မကြိုက်သော်လည်းပဲ၊ လက်ခံပြီး လုပ်ရမယ်ဆိုတဲ့ အနေအထားကို ယူထားတာပဲ ရှိတယ်။ အဲဒီတော့ ကိုနေဝင်းမောင်ပြောတာက သူ့သဘောသူ ပြောတာလေ။ အဲဒါ ကျနော်တို့နဲ့ မဆိုင်ဘူးလေ။ သူပြောတာ သူ့တာဝန်နဲ့သူပဲပေါ့။ သူ ဘာစစ်တမ်း ကောက်ယူပြီးပြောတယ်ဆိုတာ ကျနော်တို့ မသိဘူးပေါ့။

Egress ရဲ့မူဝါဒတွေ၊ good governance လို့ အော်နေတာ ကြားတာပဲလေ။ ကျနော်တို့ မူဝါဒက နိုင်ငံရေးမှာ  လူမှုအခြေပြု လွတ်လပ်ဝါဒ၊ စီးပွားရေးမှာ ဈေးကွက်အခြေခံ စီးပွားရေးစနစ်။ အဲဒါက ဒီမိုကရေစီ စနစ်ကို သွားမယ့်၊ လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေးစနစ်ကို သွားမယ့်၊ အားလုံးပြိုင်ဆိုင်ခွင့် အပြည့်အဝရမယ့် ပုဂ္ဂလိက လွတ်လပ်ခွင့်၊ ပိုင်ဆိုင်ခွင့်တွေကို အာမခံချက်ပေးမယ့် စနစ်နဲ့သွားမယ့် မူဝါဒတွေပဲ။

မေး။     ။ အဲဒီလိုမျိုး စီးပွားရေးမူဝါဒတွေ၊ ပညာရေးမူဝါဒတွေ ရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်းမှာ၊ အစိုးရသစ် လက်ထက်မှာ ဘယ်လောက်အထိများ အကောင်အထည် ဖော်နိုင်မယ်လို့ ယုံကြည်မှု ရှိပါသလဲ။
ဖြေ။     ။ အဲဒါ ပွင့်လင်း မြင်သာမှုအပေါ် မူတည်တာပဲ။ အဲဒါကတော့ ကောက်ခံရရှိတဲ့ အခွန်တွေ၊ သယံဇာတက ရတဲ့ ငွေကြေးတွေ၊ ဒါတွေကို ပွင့်လင်းမြင်သာ ဖြစ်ရမယ်။ Budget System ပေါ့လေ။ ဒီ ခန့်မှန်းခြေ ငွေစာရင်းထဲမှာ ဖော်ပြပေးရင် အခုရှိနေတဲ့ ပညာရေးအတွက်သုံးတဲ့ ၃ ရာခိုင်နှုန်း ဆိုတာတွေကို ၁၀ ရာခိုင်နှုန်းလောက် တက်လာအောင်၊ လွှတ်တော်ထဲမှာ ကြိုတင်ပြီးတော့ တိုးတက်အောင် လုပ်ယူရမှာပဲလေ။ ပညာရေးနဲ့ ကျန်းမာရေးက အခြေခံပဲလေ။ ဒီ အခြေခံရရင် ဒီမိုကရေစီ သွားဖို့အတွက် အခြေခံကောင်းတွေကို ထူထောင်မိပြီလို့ ပြောလို့ရမှာပေါ့။

မေး။     ။ အခုအနေထားက ကြံ့ဖွံ့တို့၊ တစည တို့ အကြီးအကျယ် နေရာအနှံ့မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး နိုင်မယ့် သဘောလည်း ရှိနေတယ်၊ အစိုးရသစ်မှာ သူတို့က လွှမ်းမိုးမယ့် သဘောလည်း ရှိနေတော့ ဦးခင်မောင်ဆွေတို့ အနေနဲ့ ဘယ်လောက်ထိ တိုက်တိုက်တွန်းတွန်း ပြောဆိုခွင့် ရှိမယ်လို့ ထင်ပါသလဲ။
ဖြေ။     ။ ပြင်ပက ပုဂ္ဂိုလ်တွေ ခန့်အပ်နိုင်တဲ့ အမေရိကန်သမ္မတ ပုံစံမျိုး သွားမယ်ဆိုတော့ ကြံ့ဖွံ့က ချည်းပဲ လွှတ်တော် ထဲမှာ အကုန်ပါမယ်၊ တစည ချည်းပဲ အကုန်ပါမယ် ဆိုတာမျိုးတော့ တွက်လို့မရဘူးလေ။ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်အပေါ်မှာ မူတည်မှာပဲလေ။ ဒါက တပိုင်းပေါ့။ အစိုးရပိုင်း တပိုင်း၊ ကျနော်တို့ အုပ်ချုပ်မှုပိုင်းမှာ၊ ဥပဒေပြု ပိုင်းမှာကျတော့ တလောက မဟာမိတ်ပြုထားတဲ့၊ ဝင်ပြိုင်မယ့် ၅ ပါတီနဲ့ NDF က စုစုပေါင်းနေရာ ၂၅၀ လောက် အထက်လွှတ်တော်၊ အောက်လွှတ်တော် ဝင်ပြိုင်မယ်ဆိုတာ ရှိတယ်။ အထက်အောက် လွှတ်တော် ၂ ရပ်မှာ ၂၅၀ ရမယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ ဥပဒေပြု အာဏာကို အကုန်လုံး မဖြန့်နိုင်တောင်မှ လေးစားလောက်တဲ့ အနေအထားမှာ ရှိနေတော့ ဖြည်းဖြည်းချင်းတော့ ရသွားမယ်လေ။

လွှတ်တော်ထဲ ရောက်တဲ့အခါမှာလည်း အခုလို ပူးတွဲ လုပ်တဲ့ အခါကျတော့ ကိစ္စတခုခြင်းအလိုက် ပြည်သူလူထုကို အကျိုးပြုမယ့်ဟာ ဆိုလို့ရင် ဆက်ထောက်ခံသွားမယ်။ ပြည်သူတွေကို အကျိုးမပြုမယ့် ဟာတွေကို ဘယ်သူမဆို ကန့်ကွက်မယ်ဆိုတဲ့ မူနဲ့ အဲဒီလိုသွားမယ် (ယခုအင်တာဗျူးသည် မဟာမိတ် ၆ ပါတီဖွဲ့ခဲ့ပြီး NDF ပါတီ၏ ငွေကြေး ကိစ္စ မရှင်းလင်းမှုကြောင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ မနုတ်ထွက်ခင်က ဖြစ်သည်။ ယခုအခါ မဟာမိတ်ပါတီ ၅ ပါတီသာ ကျန်တော့သည်)

မေး။     ။ NLD ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးကကော ဘယ်လိုရှိလဲ။ ဘာ တူညီချက်တွေ ရှိသေးလဲ။

ဖြေ။     ။ သူတို့က ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူတွေ၊ ကျနော်တို့က ရွေးကောက်ပွဲကို တက်မယ့်သူတွေ။ ဘယ်လို အခြေခံနဲ့ စကားပြောရမှာလဲ။ တူတာကတော့ လူအခွင့်အရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးပဲ။ သူတို့က အဲဒါအော်ပြီး ရပ်နေတယ်။ ကျနော်တို့က အခြေခံကျကျ လှုပ်ရှားပြီး သွားနေတယ်။

ဒီမိုကရေစီက ဘယ်သူပဲလုပ်လုပ်၊ နိုင်ငံရေး ဒီမိုကရေစီ၊ စီးပွားရေး ဒီမိုကရေစီ၊ လူမှုရေးဒီမိုကရေစီ သုံးပါးစလုံး စုံမှ ဒီမိုကရေစီ ရတယ်လို့ ခေါ်တာကိုး။ အဲဒီ သုံးခုစလုံးက တချက်တည်းနဲ့ မရနိုင်ဘူး။ ရွေးကောက်ပွဲ ပြီးသွားရင် စစ်အုပ်ချုပ်ရေး ပျောက်သွားရုံနဲ့လည်း ဒီမိုကရေစီ ချက်ချင်း မရနိုင်ဘူး။ ထူထောင်ရဦးမှာ။ လူတွေဟာ ဆင်းရဲမွဲတေ ပညာမတတ်ဘူး၊ ဆွံ့နားမကြားဖြစ်နေတယ်၊ ခြေထောက်တွေ ပျက်နေတယ်။ အလုပ်ကိုင်မရှိဘူး။ နောက်ပြီးတော့ ငွေးကြေးအခွင့်အလမ်း မရှိဘူးဆိုတော့ ဒီမိုကရေစီပေးလို့ အော်ရုံနဲ့ ဒီမိုကရေစီ မရနိုင်ဘူး။ အဲဒီ လူတွေကို လူမှုရေး နာကျင်မှုတွေ၊ စီးပွားရေးနာကျင်မှုတွေကို ဖြည့်ဆည်းပေးမှ စီးပွားရေး ဒီမိုကရေစီ၊ စီးပွားရေး လွတ်လပ်ခွင့်ကို ရမှာ။ တန်းတူညီမျှခွင့်တွေ ရမှ၊ လူလတ်တန်းစားတွေ ပေါ်လာမှ ဒီမိုကရေစီရဲ့ အခြေခံက ခိုင်မာမှာ။ အဲဒီတော့ ဒီမိုကရေစီဟာ နံပတ် ၁ ရွေးကောက်ပွဲ ပြီးရုံနဲ့ ချက်ချင်း လက်ငင်း မရနိုင်သလို၊ စစ်အစိုးရ ကွယ်ပျောက်သွားရုံနဲ့လည်း ဒီမိုကရေစီ မရနိုင်ပါဘူး။ အဲဒီတော့ ဒီမိုကရေစီကို သွားမယ်ဆိုရင် နံပတ် ၁ စီးပွားရေး ဒီမိုကရေစီကို အရင်ထူထောင်ရမယ်။

ဒါတွေဟာ ၅ နှစ်တာအတွင်းမှာ ရလိမ့်မယ်လို့ ကျနော် တွက်ထားတယ်။ ပြီးရင် လူမှုရေးဒီမိုကရေစီ ရမှာပဲ။ အဲဒါ ပြီးရင်တော့ နိုင်ငံရေး ဒီမိုကရေစီကို နိုင်ငံရေး ယုံကြည်ချက်တွေ၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အခြေခံ ပေါ်ကနေ လုပ်သွားမယ်ဆိုလို့ရှိရင် ဆယ်စုနှစ် တခု အတွင်းမှာတော့ ပြည်ထောင်စု ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီးကို နောင်လာ နောက်သားတွေ လက်ထဲကို ကျနော်တို့ ပေးနိုင်လိမ့်မယ်လို့  အပြည့်အဝ အလေးအနက် ယုံကြည်တယ်လို့ပဲ ပြောချင် ပါတယ်။

မေး။     ။ NDF ပါတီအနေနဲ့ ဒီရွေးကောက်ပွဲမှာ နိုင်မယ်လို့ ယုံကြည်မှု ရှိပါသလား။
ဖြေ။     ။ ပြည်သူတွေကို စောင့်ကြည့်တော့ နိုင်မယ်ဆိုတဲ့ သင်္ကေတတွေတော့ တွေ့ရတာပဲလေ။ မှန်မှန်ကန်ကန်နဲ့ မဲလိမ်မှုမရှိဘူး၊ လွတ်လပ်စွာ မဲပေးခွင့်ရှိမယ်၊ လွတ်လပ်စွာ မဲ ရေတွက်ခွင့် ရှိမယ်ဆိုရင် နိုင်ချေ များပါတယ်။

ရင်းမြစ်။ ။ဧရာဝတီ

Thursday, April 1, 2010

အင်န်အယ်ဒီ ရှေ့ဆက်ရမည့် နိုင်ငံရေးခရီး


ဘီဘီစီအင်တာဗျုး (ဦးဉာဏ်ဝင်း)
၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးတော့ အာဏာလွဲပြောင်းပေးခြင်းကို မရခဲ့တဲ့ NLD ပါတီဟာ အခု ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအဖြစ်လည်း မှတ်ပုံတင်မတင်သလို၊ ရွေးကောက်ပွဲလည်း ဝင်မှာမဟုတ်ဘူး ဆိုတဲ့ သမိုင်းဝင်တဲ့ ဆုံးဖြတ်ချက်ကို လွန်ခဲ့တဲ့ ၂ ရက်က ချမှတ်ခဲ့ပါတယ်။ အဲဒီတော့ NLD ပါတီအနေနဲ့ NLD ပါတီဆိုတဲ့ နာမည်အောက်မှာ ဆက်ပြီးတော့နိုင်ငံရေးလုပ်ဖို့အတွက် အခက်အခဲတွေ တွေ့လာရနိုင်ပါတယ်။ ဒီတော့ NLD ပါတီက ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေ ရှေ့မှာလျှောက်လှမ်းကြမယ့် နိုင်ငံရေးအရ လမ်းကြောင်းက ဘာလဲဆိုတာကို NLD ပါတီက ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးရာမှာတော့ …


ဦးဉာဏ်ဝင်း ။ ။ NLD က လက်ရှိဆောင်ရွက်နေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စကို နဂိုအတိုင်းပဲ ဆက်သွားမယ်၊ ဆက်လုပ်မယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကုန်လုံးတစပ်တဆက်တည်း၊ ဒီလုပ်ငန်းတွေ အားလုံးဟာ နိုင်ငံရေးအလုပ်တွေပဲ။ တခုပဲရှိတယ်၊ အခုနပြောတဲ့ NLD ဆိုတဲ့ အမည်ကိုသုံးစွဲခွင့်မရှိတဲ့ဟာမျိုး ကြုံနိုင်ပါတယ်။ သုံးစွဲခွင့် မရှိရင်လည်း နိုင်ငံရေးလှုပ်ရှားမှုက ဆက်လက်ဆောင်ရွက်သွားမယ်လို့ အကြမ်းဖျဉ်း ပြောလို့ရတယ်။ အသေးစိတ်အားဖြင့် ဘယ်ကိစ္စ ဘယ်လိုလုပ်မယ်ဆိုတာမျိုးနဲ့ ပတ်သက်ရင်တော့ ကျနော်အနေနဲ့ အခုအချိန်မှာ မပြောနိုင်ပါဘူး။ အဖွဲ့ချုပ်က နောက် သုံးသပ် ဆုံးဖြတ်ပြီးတဲ့အခါမှ ပြောလို့ရမယ့်ကိစ္စတွေပါ။


ဘီဘီစီ ။ ။ အဖွဲ့ကြီးတခုအနေနဲ့ပဲ ဆက်သွားမှာလား ဒါမှမဟုတ် အဖွဲ့လေးတွေခွဲပြီးတော့ အခြားပုံစံမျိုးနဲ့ ဆက်သွားမှာလား။
ဦးဉာဏ်ဝင်း ။ ။ အဲဒီလို အခြေအနေမျိုးက ရောက်ချင်လည်း ရောက်လာမှာပေါ့နော်၊ အခုလက်ရှိအားဖြင့် NLD ဟာ အပေါ်မှာ CEC, CC နောက် တိုင်းနဲ့ပြည်နယ်၊ မြို့နယ် ဒီလို အပေါ်အောက်အဆင့် သွားတာကိုး။ အကယ်၍ NLD သာ ဟိုဒင်းဖြစ်ခဲ့မယ်ဆိုရင် ဒီအဆင့်အတိုင်းမဟုတ်တော့ ဆက်ဆံမှု Communication လိုင်းတွေဟာ အသစ် ဖြစ်ပါလိမ့်မယ်။ လောလောဆယ် အသစ်ဖြစ်လာမယ့် Communication လိုင်းတွေနဲ့ပတ်သက်ရင်တော့ အခုအချိန် မပြောနိုင်သေးပါဘူး။

ဘီဘီစီ ။ ။ NLD ပါတီရဲ့ဆုံးဖြတ်ချက်က ပါတီအဖြစ်မှတ်ပုံ မတင်ဘူး၊ ရွေးကောက်ပွဲကို မဝင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ဒီမိုကရေစီရေးလိုလားတယ်လို့ပြောတဲ့ ပါတီတွေရှိပါတယ်။ သူတို့က ရွေးကောက်ပွဲနည်းလမ်းပဲရှိတယ်လို့ ပြောပါတယ်။ အဲဒီကနေဆက်ပြီးတော့ ဒီမိုကရေစီကို ချဲ့မယ်လို့ ပြောကြပါတယ်။ ဆိုတော့ အဲဒီလို ပါတီတွေပေါ်မှာကော NLD ရဲ့သဘောထားက ဘယ်လိုရှိသွားပါသလဲခင်ဗျ။

ဦးဉာဏ်ဝင်း ။ ။ NLD က အဲဒီလိုပါတီတွေအတွက် ကျနော်တို့ သူတို့ရဲ့သဘောထားကို မဝေဖန်လိုဘူး။ ဒါ သူတို့မှာ အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် တခုတော့ပြောချင်ပါတယ်။ NLD က ဒီလိုဆုံးဖြတ်ရတာဟာ နဝတ၊ နအဖ ကျင်းပတဲ့ ရွေးကောက်ပွဲအနိုင်ရပြီးသား ပါတီတခုအနေနဲ့ ဒါကိုထည့်သွင်းစဉ်းစားပြီး အခုလိုဆုံးဖြတ်တာလို့ ပြောချင်ပါတယ်။ သူတို့ကို ကျနော်တို့ မဝေဖန်ပါဘူး။
ဒါကတော့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းပါ။
မတ်လ ၃၁ ရက်၊ ၂၀၁၀ ပြည့်နှစ် ဘီဘီစီ (ညပိုင်း) အစီအစဉ်မှ ကောက်နုတ်ဖော်ပြပါတယ်။
ရင်းမြစ်။ ။မိုးမခ

Sunday, March 28, 2010

အကျပ်အတည်း ကာလ NLD ခေါင်းဆောင် ၂ ဦး၏ အမြင်များ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် များသည် ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီမှတ်ပုံ တင်ရေး မတင်ရေး၊ ၂၀၁၀ ရွေးကောက် ပွဲတွင် ပါဝင်ရေး၊ မပါဝင်ရေး အတွက် မကြာမီ ရက်ပိုင်း အတွင်း ရန်ကုန်မြို့တွင် ဆွေးနွေးကြ တော့မည် ဖြစ်သည်။ ပါတီမှတ်ပုံတင်ပါမှ တရားဝင် ဆက်လက်ရပ်တည်နိုင်မည် ဖြစ်သော်လည်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ရန် ဆန္ဒမရှိကြောင်း အင်္ဂါနေ့က ပြောဆိုခဲ့သည်။ NLD ခေါင်းဆောင်ပိုင်း တွင်လည်း လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေနှင့် ပတ်သက်ပြီး သဘောထား ကွဲပြားလျက်ရှိသည်။ ထိုသဘောထားများကို သိရှိရန် ဧရာဝတီက NLD ခေါင်းဆောင်များ ဖြစ်သော ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ကို ဆက်သွယ် မေးမြန်းထားပါသည်။

ဦးဝင်းတင်သည် ၁၉ နှစ်ကြာ အကျဉ်းကျခံခဲ့ရပြီး ဦးခင်မောင်ဆွေသည် ၁၄ နှစ်ကြာ အကျဉ်းကျခံခဲ့ရသူ ဖြစ်သည်။ ဦးဝင်းတင်က ပါတီမှတ်ပုံတင်ရေးကို ကန့်ကွက်လျက်ရှိပြီး ဦးခင်မောင်ဆွေက ပါတီမှတ်ပုံတင်သင့်သည်ဟု ယူဆနေသည်။

ဦးခင်မောင်ဆွေ

မေး။   ။ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးနဲ့ ပတ်သက်၍ အဓိက အကြောင်းပြချက် သုံးခုကို ပြောပြပါ။

ဖြေ ။    ။ တစ်အချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ အဖွဲ့ဝင်တင် မကဘူး ပြည်သူလုထုကြီးကပါ လေးစားပြီး အားကိုးနေတဲ့ ပုဂ္ဂိုလ်ဆိုတော့ သူ့ကိုတော့ နိုင်ငံရေး ဖြစ်စဉ်ထဲကနေ ခွဲထုတ်မယ် ဆိုတဲ့ ရည်ရွယ်ချက် လုံးဝ မရှိဘူး။ ထုတ်လို့လည်း မရဘူး။  ဒေါ်အောင်ဆန်းစုကြည် မပါဘဲနဲ့ မြန်မာပြည်နိုင်ငံရေးကို ဖြတ်သန်းမယ် ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ လက်တွေ့ပဲ။ မှတ်ပုံတင်ရေးဟာ ဘာကြောင့်လဲဆိုတော့  ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီးတော့ ၆လဒဏ်တွေ၊ ၇လဒဏ်တွေ ကြားထဲမှာ ပြန်ထွက်လာတဲ့ အခါမှာ နိုင်ငံရေးပါတီရဲ့ အ၀န်းအ၀ိုင်းထဲမှာ ဆက်ရှိနေစေချင်တဲ့ သဘောရှိတယ်။ မလွဲမသွေ  ကျနော်တို့ဟာ ပါတီတရပ် လိုတယ်။

နှစ်အချက်က တော့ အခုနေခါမှာ ပါတီနိုင်ငံရေး လမ်းကြောင်းက သွားမှသာလျှင် အခြေခံဥပဒေ ပြင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး အစရှိတဲ့ဟာတွေကို ဥပဒေ အတွင်းကနေ ဖော်ဆောင် နိုင်မှသာလျှင် ဒါဟာ ဖြစ်နိုင်တဲ့ သဘောရှိတယ်။  မကြိုက်တဲ့ ဥပဒေတွေကို မကြိုက်ဘူး အော်နေလို့ မရဘဲနဲ့ ဥပဒေတွေကို ပြင်နိုင်တဲ့ လမ်းကြောင်းက ဥပဒေတွင်း တိုက်ပွဲကသာလျှင် ဖြစ်နိုင်တော့မယ်လို့ ယုံကြည်လို့ ဖြစ်တယ်။

သုံးအချက်ကတော့ အဲဒီလို ဖြစ်နေတဲ့ အနေအထားမှာ ပြန့်ကျဲ နေတဲ့ ဒီမိုကရေစီ အင်အားစုတွေကို စုစည်းမယ်ဆိုတဲ့ အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ကို ပြောင်းပြန်လှန် ပြီးတော့ ပြန့်ကျဲသွားအောင် မလုပ်နိုင်ဘူး။ တချိန်တည်းမှာပဲ လူငယ်မျိုးဆက်တွေက ဒီမိုကရေစီ နိုင်ငံရေးကို သယ်ဆောင်ဖို့ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး အစဉ်ကို ခွစီးနိုင်အောင် ပါတီထဲက ရှိနေဖို့လိုတယ် ဆိုတဲ့ အမြင် သုံးရပ်နဲ့ ကျနော်တို့ဟာ ပါတီကို မှတ်ပုံတင်သင့်တယ် ဆိုတဲ့ သဘောထားကို လက်ခံထားတာ ဖြစ်ပါတယ်။

ပါတီဖျက်တယ် ဆိုတာက ဘယ်အခါမဆို ဖျက်လို့ရတယ်။ ရွေးကောက်ပွဲ ၀င်ခါနီးမှာလည်း ကပ်ဖျက်လို့ရတယ်။ လွှတ်တော်ထဲကို ရောက်ခါနီးမှာလည်း ဖျက်လို့ရတယ်။ ပါတီဖျက်တာက လွယ်ပါတယ်။ ပါတီထောင်ဖို့သာ ခက်တယ်။ နိုင်ငံရေး တိုက်ပွဲကို အစီအစဉ် ရှိရှိသွားချင်တယ် ဆိုရင်တော့ ပါတီရပ်တည်ရေးက လိုနေတယ်။ ပါတီ မရှိတော့ဘူးဆိုရင် ဘာလုပ်မလဲဆိုတာ ရေရေရာရာ မရှိဘဲနဲ့တော့ ပါတီဖျက်ရေးကို သမိုင်း တရားခံ အဖြစ်မခံနိုင်ဘူး ဆိုတဲ့ သဘော ကျနော်ရပ်တည် တာပဲ ဖြစ်ပါတယ်။

မေး ။    ။ အကယ်၍များ NLD ပါတီဟာ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ် ဆိုလို့ရှိရင် NLD ပါတီဘာ ဖြစ်လာနိုင်မလဲ။  အကယ်၍များ NLD ပါတီ မယှဉ်ပြိုင်တော့ဘူး ဆိုရင် NLD ပါတီ ဘာဖြစ်လာနိုင်မလဲ။ 

ဖြေ ။    ။ ၀င်ပြိုင်မယ် ဆိုရင်တော့ ဒီအတိုက်ခံ အင်အားစုတွေဟာ ထင်ထင်ရှားရှား ပေါ်လာမှာပဲ။ နိုင်ငံရေးမှာ အတိုက် အခံ မရှိဘဲနဲ့ လုပ်မယ် ဆိုလို့ရှိရင် တပါတီ ကြီးစိုးပြီးတော့ ပါလီမန်ထဲမှာ အများစု အနိုင်ကျင့်တာကို ခံရမှာ။ အတိုက်ခံ မရှိတဲ့ နိုင်ငံရေးဟာ မှားနိုင်စရာတွေ အများကြီးတယ်။ အဲဒီတော့ ပြည်သူအတွက်၊ နိုင်ငံအတွက် စဉ်းစားမယ်ဆိုရင် အတိုက်ခံ နိုင်ငံရေး အုပ်စုက လွှတ်တော်ထဲမှာ ရှိမှသာလျှင် လုပ်သွားနိုင်တဲ့ အခွင့် အရေးရမှာ မို့လို့ NLD ပါတီဟာ ပါတီရပ်တည်ရေး အပြီးမှာ ရွေးကောက်ပွဲဝင် မယ်ဆိုရင် အများက ဆုံးဖြတ်မယ်ဆိုရင် ၀င်ဖို့၊ အများက မဆုံးဖြတ်ဘူးဆိုရင် မ၀င်ဖို့ဘဲပေါ့။

မ၀င်လို့ရှိ ရင်ဘာဖြစ်မလဲ ဆိုတော့ မ၀င်လို့ရှိရင် ၈၈ အရေးတော်ပုံကြီးနဲ့ အတူမွေးဖွားလာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လို ဒီမိုကရေစီ နိုင်ငံရေး ပေါ်မှာ သစ္စာရှိတဲ့ ပါတီမျိုးဟာ နောက်တခါ ပြန်ရဖို့ မလွယ်တော့ပါဘူး။  ပြန့်ကျဲနေတဲ့ ဒီမိုကရေစီ အင်အားစုတွေကို ပြန်ရရှိနိုင်ဖို့ သိပ် မလွယ်တော့ဘူး။ နောက်ပြီး ပြည်သူတွေဟာ ဘယ်သူ့ကို အားကိုးရမလဲ ဆိုပြီးတော့ မဲပေးတဲ့ အခါမှာလည်းပဲ စဉ်းစား ချင့်ချိန်နိုင်တဲ့ အင်အား တနေရာတည်းမှာ ရောက်နိုင်မှာ မဟုတ်ဘူး။ အခုနေခါမှာတော့ NLD ဟာ ရွေးကောက်ပွဲ ၀င်မယ် မ၀င်ဘူး ဆိုတာကို မဆုံးဖြတ်ရသေးပါဘူး။ မေးလို့သာ ဖြေတာ ဖြစ်ပါတယ်။

မေး ။    ။  အကယ်၍ NLDပါတီ ၀င်ရောက်ယှဉ်ပြိုင်မယ် ဆိုရင်  ၁၉၉၀ တုန်းကလိုပဲ အပြတ်အသတ် နိုင်ပါဦးမလား။

ဖြေ ။    ။ အပြတ်အသတ်ကတော့ ရချင်မှ ရမယ်။ ဒါပေမယ့် ဒီအားပြိုင် နိုင်ငံရေးကို လွှတ်တော်ထဲမှာ တရားဝင် လုပ်နိုင်တဲ့ အနေအထားမျိုးတော့ ရနိုင်ခြေ ရှိနေသေးတယ်လို့ပဲ ပြောရပါမယ်။

မေး ။   ။  မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ နောက်ပိုင်း ဖြစ်ပေါ်လာနိုင်မယ့် မြန်မာနိုင်ငံရဲ့ အခင်းအကျင်းကို ဘယ်လို မြင်ထားတာ ရှိလဲ။

ဖြေ ။   ။ စစ်တပ်က လွှမ်းမိုး ချုပ်ကိုင်တာကတော့ ဆက်ရှိနေမှာပဲ။ ရှိနေပေမယ့်လည်း ရှိနေတဲ့ အရပ်သားအစိုးရ ထဲမှာ ဌာနတွေ ခွဲကိုင်မယ့် ပုဂ္ဂိုလ်တွေဟာ ဟိုတုန်းကလို တယောက်တည်း ကနေပြီးတော့ ချုပ်ကိုင်တဲ့ အာဏာအောက်မှာ ရှိမှာ မဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံခြားရေး၊ စီးပွား ကုန်သွယ်ရေး အစရှိတဲ့ ဟာတွေမှာ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း လူတွေလက်ထဲကို အကုန်လုံး ထိုးသိပ်ရနိုင်တဲ့ အခွင့် အရေးတွေ ရမှာမဟုတ်တော့ဘူး။ နောက်ပြီး အခုလက်ရှိ ရှိနေတဲ့ ရွေးကောက်ပွဲ ဥပဒေတွေ အပါအ၀င်၊ ပါတီ ဥပဒေ အပါအ၀င်၊ ၅(ည)တို့ (၁၀) က၊ ခ အပါအ၀င် ပြည်သူတွေ အဖို့  မသင့်လျော်တဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်ခွင့်ဟာ အများစုမှာ ရှိနေပါတယ်။

အဲဒီတော့ အများစု ဆန္ဒနဲ့ ဆုံးဖြတ်နိုင် ခွင့်ရှိတဲ့ ကိစ္စကို လွှတ်တော်ထဲမှာ အများစု ဆုံးဖြတ်သွားနိုင်မယ် ဆိုရင် တဖြည်းဖြည်းနဲ့ တဆင့်ပြီး တဆင့် ဥပဒေတွေကို ပြင်နိုင်ခွင့်တွေ ရမှာ ဖြစ်တယ်။ အခြေခံ ဥပဒေ ပြင်ရင်တော့ ၇၅ရာခိုင်နှုန်း plus နဲ့ သွားရမှာပေါ့လေ။ ဒါကတော့ အဆင့်ဆင့် အများကြီး ကျန်တာပေါ့လေ။ ဒီထဲမှာ ရှိနေတဲ့ ပြည်သူလူထုရဲ့ ခံစားနေရတဲ့ လူမှု ဒုက္ခတွေ၊ လူ့အခွင့်အရေး မညီမျှမှုတွေကို လွှတ်တော်ကနေပြီး အတိုင်းအတာ တခု အထိ ဖြည်းဖြည်းချင်း ဆောင်ရွက်သွား နိုင်ခွင့်တွေ ရလာလိမ့်မယ်။ ဒါကို လက်တွေ့ကျမှပဲ တိတိကျကျ သိရမှာပေါ့။

နောက်ပြီးတော့ နိုင်ငံတကာဟာ ဒီမှာ အပြောင်း အလဲတခုကို သူတို့ ကိုယ်တိုင် ၀င်ပြီးတော့ မလုပ်နိုင်ဘူး ဆိုတာ သူတို့ သိနေတယ်။ ဆိုတဲ့ အခါကျတော့ ချက်ချင်း ဒီမိုကရေစီ ရမယ့် အခွင့် အရေးဟာ မရှိတော့ဘူး။ မရှိတော့တဲ့ အခြေအနေမှာ ချက်ချင်း ၀ုန်ဒိုင်း ဒီမိုကရေစီ ရနိုင်ပါတယ်လို့ ထင်မှားနေမယ် ဆိုလို့ရှိရင် သွားမယ့် နိုင်ငံရေး လမ်းကြောင်းဟာ မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ ပြည်သူလုထုမှာ သွေးထက် သံယို မရှိဘဲနဲ့ အကျအရှုံး အနည်းဆုံးနဲ့ သွားနိုင်တဲ့ လမ်းကြောင်းကို ရွေးခြင်းကသာ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ တာဝန်ဖြစ်တယ်လို့ ကျနော်တို့က ယူဆတယ်။

ဦးဝင်းတင်
မေး ။   ။ အကယ်၍ NLD မပါလို့ရှိရင်၊ ရွေးကောက်ပွဲ ၀င်မပြိုင်ဘူး ဆိုလို့ရှိရင် NLD ပါတီ ဘာဖြစ်မလဲ။ နောက်ပြီးတော့ အဆိုးရွားဆုံး ဘာအခြေအနေတွေကို NLD  ကြုံရမလဲ။

ဖြေ ။   ။ ကျနော်တို့ ပါတီ မ၀င်ဘူးဆိုရင် သူတို့လုပ်နိုင်တာက ၂မျိုးရှိတယ်။ တမျိုးက ကျနော်တို့ကို မှတ်ပုံမတင် တဲ့ပါတီ၊ ပျက်ပြယ်သွားတဲ့ ပါတီပေါ့။  တည်ဆဲ အစိုးရမှာ မှတ်ပုံတင်ထားတဲ့ တည်ဆဲ ပါတီက ကျနော်တို့ကို အစိုးရ အသိမှတ်မပြုတဲ့ ဖျက်သိမ်းထားတဲ့ ပါတီအနေနဲ့ ဖြစ်နိုင်တယ်။  နောက်တခုက ကျနော်တို့ကို မတရားသင်း ကြေညာနိုင်တယ်။ အဲဒီတော့ NLD ပါတီက အပြင်ရောက်ရင် ဘာမှ မထူးဘူး ဒီအတိုင်းပဲ။ ကျနော်တို့က ပါတီ မရှိတော့ဘူး။ ပါတီတံဆိပ်မရှိတော့ဘူး။ ပါတီနာမည် မရှိတော့ဘူး။ ပါတီ အလံမရှိတော့ဘူး စသည်ဖြင့်ပေါ့။ သို့သော် အဲဒီလို လုပ်တဲ့အခါမှာ ဘာဖြစ်လဲဆိုရင် ကျနော်တို့ အကျိုး ဘက်ကြည့်မယ်ဆိုရင် ကျနော်တို့ သိက္ခာက အများကြီးတက်သွား လိမ့်မယ်။ စစ်အစိုးရ ခိုင်းတိုင်း ကျနော်တို့ လုပ်နေတာ မဟုတ်ဘူး။ စစ်အစိုးရရဲ့ မတရားတဲ့ ဥပဒေကို ကျနော်တို့ ရင်ဆိုင်တယ်။ မတရားတဲ့ ကန့်သတ်ချက်တွေ၊ သတ်မှတ်ချက်တွေကို ကျနော်တို့ လက်မခံဘူး ဆိုတဲ့ အနေနဲ့ ကျနော်တို့ ရှိမယ်။ ပြည်သူကြားမှာ ကျနော်တို့ လှုပ်ရှားနိုင်မယ်။

နောက်တခုက ပြည်သူ့အင်အားစုတွေနဲ့ ကျနော်တို့ အများကြီး တွဲလုပ်နိုင်မယ်။ နိုင်ငံရေးပါတီ ဆိုတာက ပါတီ တရပ်မှာ နိုင်ငံရေး မရှိလည်း ကိစ္စမရှိပါဘူး။ ပါတီတရပ်ဟာ နိုင်ငံရေး မရှိဘူးဆိုရင် ခေါင်းပြတ်ဖြစ်သွားမယ်။ သို့သော် နိုင်ငံရေးလုပ်မယ် ဆိုရင် ပါတီမရှိလည်း အရေး မကြီးဘူး ဆိုတဲ့ အနေနဲ့ ကျနော်တို့ ရပ်တည်နေတာကိုး။  ဆိုတော့ ပြည်သူရဲ့ အရေးအရာ ကိစ္စတွေကို ကျနော်တို့ လုပ်သွားနိုင်မယ်။ ဒီလိုလုပ်တာ ဦးနုလည်း လုပ်ခဲ့ဖူးပြီ။ ဟိုတုန်းက ဗိုလ်ချုပ်အောင်ဆန်းတို့လည်း လုပ်ခဲ့ဖူးပြီ။ အခုလောလောဆယ်လည်း တိုင်းရင်းသားတွေ လုပ်နေတယ်။ မတရားအသင်းလာ မကြေညာနဲ့။ ပြည်သူကြားမှာ ကျနော်တို့ လှုပ်ရှားနိုင်သေးတယ်။ ဒါက ကျနော်တို့ ဘက်က အကျိုးပေါ့။

မေး ။    ။ ၁၉၉၀ ရွေးကောက်ပွဲလိုပဲ NLD ၀င်ပြိုင်ရင် နိုင်ပါ့ဦးမလား။ နောက်ပြီတော့ အပြတ်အသတ်ကော ရနိုင်ဦးပါ့မလား။

ဖြေ ။    ။ ဘယ်ရမလဲ။ ဒါကတော့ ရှင်းပါတယ်။ အခုဟာက ကျနော်ပြောနေတာ ရွေးကောက်ပွဲကိစ္စကို သူတို့ မျှော်လင့်နေကြတယ်။ ကျနော်တို့က ရွေးကောက်ပွဲနိုင်ပြီးရင် လွှတ်တော်ထဲ ရောက်သွားရင် ၂၀၀၈ခုနှစ် အခြေခံဥပဒေ ဘောင်ထဲမှာ လုပ်နေရမယ် ဖြစ်တဲ့အတွက် အစိုးရ မဖွဲ့နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခြေခံဥပဒေ အသစ်က ဘယ်သူမှ အစိုးရမဖွဲ့နိုင်ဘူး။ လွှတ်တော် ထဲမှာပဲ ရှိရမှာပဲ။ အကယ်လို့များ NLDက တယောက် နှစ်ယောက် ၀န်ကြီးခေါ်ခန့်ရင် တောင်မှ NLD ကထွက်ရမှာပဲ။ အဲဒီလူတွေ NLDက ထွက်ရမှာ။ ဒါဟာ အခြေခံ ဥပဒေ အရပဲ။

မေး ။   ။ ရွေးကောက်ပွဲ အပြီး ဖြစ်လာနိုင်မယ့် နိုင်ငံရေး အခြေအနေကို အဘ ဘယ်လိုမျိုး မြင်ထားသလဲ။

ဖြေ ။   ။ ဖြစ်နိုင်တာ နှစ်ခုပဲရှိတယ်။ စစ်တပ်ဘက်က ကြည့်ရင် သူတို့ လူတွေ နိုင်လာမယ်။ သူတို့ လက်သင့်ရာ ခေါ်နိုင်တဲ့ ပါတီတွေ နိုင်လာမယ်။ သူတို့ကို ကြောက်လန့်နေတဲ့ တိုင်းရင်းသား ပါတီလေးတွေက ပြည်နယ်တွေမှာ နိုင်လာမယ်။ နောက်ပြီး သူတို့ကိုယ်တိုင် ကြံ့ခိုင်ရေးလို ဟာတွေမျိုး အဖွဲ့ကို ပါတီကြီးလည်း ဖွဲ့မယ်။ ပါတီလေးတွေလည်း ဖွဲ့လို့ဦးမယ်။ ပါတီလေးတွေ ဆိုတာ ပြည်နယ်အလိုက် တိုင်းအလိုက် အမတ်နေရာတွေ ရအောင် လုပ်ဦးမယ် ဆိုတဲ့ အခါကျတော့ သူတို့ရဲ့ အနေအထားက ၁၉၉၀ ကနဲ့ မတူဘဲနဲ့ သူတို့ရဲ့ လူတွေ သူတို့ရဲ့ သားမြေးတွေ သူတို့ကိုယ်တိုင်က တိုင်းမှူးတွေ၊ ၀န်ကြီးတွေ၊ တော်လှန်ရေး ကောင်စီဝင်တွေ၊ ဒုဗိုလ်ချုပ်ကြီးတွေ ဖြစ်ပြီးတော့ သူတို့ ကိုယ်တိုင် ၀င်ပါမယ့် ရွေးကောက်ပွဲ ဖြစ်တဲ့ အတွက်ကြောင့် သူတို့ရဲ့ အလားအလာဟာ အများကြီး မြင့်လာမယ်။ ဆိုတော့ လွှတ်တော်ထဲမှာ နေရာ ရရှိမှုကလည်း များလာမယ်။

ကျနော်တို့ ပြည်သူတွေဘက် ကြည့်တဲ့ အခါမှာကျတော့ NLD ရှိမယ်၊ နောက်တခါ ဒီမိုကရေစီကို လိုလားတယ်ဆိုတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်နေတဲ့ ကိုသုဝေတို့လို့ ပါတီတွေရှိမယ်။ ဒီလူတွေက နည်းနည်းပဲရမယ်။ သိပ်မရနိုင်ဘူး။ မရနိုင်ဘူးဆိုတာက ငွေရေး ကြေးရေး အားဖြင့် မတတ်နိုင်ဘူး။ နယ်မြေအတွင်း လွတ်လပ်စွာ စည်းရုံးပိုင်ခွင့် ဆိုတာ မတတ်နိုင်ဘူး။

အဲဒီတော့ ကြားလူတွေက ဘယ်လို ထွက်လာမလဲ ဆိုရင် ခုနက စစ်ဗိုလ်ကြီးတွေ အသိုင်းအ၀ိုင်းက ၊ တိုင်းမှူးတွေ၊ ၀န်ကြီးတွေ၊ ဗိုလ်မှူးတွေ ဆိုတာက တခု။ ဒီတလွှာ အပြင်ကို နောက် တလွှာ ဆိုလို့ရှိရင် အစိုးရ အဖွဲ့တို့ ဘာတို့က တလွှာ။ နောက်တလွှာက သူတို့တွေ အားပေးနေတဲ့ ကြံ့ခိုင်ရေးတို့၊ စွမ်းအားရှင်တို့ ဆိုတဲ့ ဟာတွေက တပြည်လုံး အတိုင်းအတာနဲ့လည်း ရှိမယ်၊ တိုင်းတို့ ပြည်နယ်တို့ အလိုက်လည်း ရှိမယ်။ ပါတီသေးလေးတွေ ရှိမယ်၊ ပါတီကြီးတွေလည်း ရှိမယ်။ တိုင်းရင်းသား ပါတီတို့၊ နောက်တခါ ဦးတေဇတို့လို စီးပွားရေး လုပ်ငန်းရှင်တွေ၊ ငွေကြေးတတ်နိုင်တဲ့ လူတွေ၊ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်မယ့် လူတွေကလည်း အများကြီးရှိတဲ့ အခါကျတော့  အလွှာက ဘယ်လိုထွက်လာမလဲ ဆိုရင် စစ်တပ်ကို သက်သက် ဦးဆောင်မယ့် ဗိုလ်ချုပ်တွေ၊ တိုင်းမှူးတွေ၊ ၀န်ကြီးတွေ လုပ်မယ့်လူတွေက တလွှာဖြစ်မယ်။ နောက်တလွှာက သူတို့နဲ့ အလွန်ကို ရင်းနှီးတဲ့ ဦးတေဇတို့လို စီးပွားရေး အလွန်တောင့်တင်းတဲ့ အင်းအားစုတွေက တလွှာဖြစ်မယ်။  နောက်တခါ ဒီမိုကရေစီ ဘက်မှာ ရပ်တည်တယ် ဆိုတဲ့ ကိုသုဝေတို့ ဆိုတဲ့ဟာတွေက တလွှာရှိမယ်။ ဒါ့အပြင် တသီးပုဂ္ဂလတွေရှိမယ်။

ပြီးတော့ ဘာဖြစ်လာမလဲ ဆိုရင် လွှတ်တော်က တပိုင်းပေါ်မယ်၊ နှစ်ခုပေါင်းတဲ့ ပြည်သူ့ လွှတ်တော်က တပိုင်း ပေါ်မယ်၊ လူမျိုးစု လွှတ်တော်တွေက တပိုင်းပေါ်မယ်၊ ပြည်ထောင်စု လွှတ်တော်က ရှိမယ် စသည်ဖြင့်ပေါ့။  စစ်အစိုးရရဲ့ အခြေခံဥပဒေ အရ ဆိုရင် စစ်တပ်က ရွေးတဲ့ ဒုသမ္မတ တယောက်၊  လူမျိုးစု လွှတ်တော်တွေက ရွေးတဲ့ ဒုသမ္မတ တယောက်၊  ပြည်သူ့ လွှတ်တော်က  ရွေးတဲ့ ဒုသမ္မတ တယောက်။ ဒီရွေးတဲ့ ဒုသမ္မတသုံးယောက် ကနေ တယောက်က သမ္မတလုပ်၊ နှစ်ယောက် ဒုသမ္မတလုပ်။  အစိုးရဖွဲ့မယ် ဆိုတဲ့ အခါကျတော့ ဒီအစိုးရထဲမှာ ဘယ်လိုမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တို့၊ NLD တို့ ဘယ်သူမှ ပါမှာ မဟုတ်ဘူး။ သူတို့ကနေပြီးတော့ မျက်စိကျလို့ ခေါ်ခန့်မယ် ဆိုရင်လည်း အဲဒီလူတွေက ပါတီကနေ ထွက်ရမယ်။


ရင်းမြစ်။ ။ဧရာဝတီ 

Tuesday, March 16, 2010

ဦးဝင်တင်နှင့် ဗွီအိုအေ အင်တာဗျူး

ဦးဝင်တင်နှင့် ဗွီအိုအေ အင်တာဗျူး (မတ်လ ၁၅ ရက် ၂၀၁၀ ပြည့်နှစ်)
မတ် ၁၅၊ ၂၀၁၀
“ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်။ ပါတီကို သံခြေကျဉ်းခတ်တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ဘူး”
ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ စီအီးစီ အစည်းအဝေးကနေပြီးတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ရေး မတင်ရေး အဆုံးအဖြတ်ကို မချမှတ်သေးဘဲ လာမယ့်မတ်လ ၂၉ ရက်နေ့မှာမှ စီအီးစီ အဖွဲ့တင်မက တနိုင်ငံလုံးမှာရှိတဲ့ ဗဟိုဦးစီး အဖွဲ့ဝင် စီစီတွေကိုပါ အစည်းအဝေးဖိတ်ခေါ်ပြီး သဘောထားတွေကို ဆွေးနွေးခြင်း၊ ချပြခြင်းတွေလုပ်ပြီးမှ အားလုံး လျှို့ဝှက်မဲပေးပြီး ဆုံးဖြတ်မှာဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။
          မတ်လ ၂၉ ရက်နေ့ အစည်းအဝေးမှာ ပါတီရပ်တည်ရေးအတွက် ဦးစားပေးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားကိုပါ ထည့်သွင်းဆွေးနွေးကြရင် ဦးဝင်းတင်က သူ့ရဲ့သဘောထားကတော့ ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်လို့ ပြောကြားပါတယ်။ ဦးဝင်းတင်နဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုရော်နီညိမ်းတို့ရဲ့ ဆက်သွယ်မေးမြန်းချက်ကို တင်ဆက်ပေးလိုက်ပါတယ်။
ဗွီအိုအေ။  ။ လာမယ့်မတ်လ ၂၉ ရက်နေ့အစည်းအဝေးဟာ အကယ်၍များ ဆရာ၊ ပါတီရပ်တည်ရေးကို ဦးစားပေးပြီးတော့ အများက ရွေးချယ်လိုက်တယ်ဆိုရင် ဆရာ့အနေနဲ့ ဘယ်လိုသဘောထားရှိပါသလဲ ဆရာ။
ဦးဝင်းတင်။ ။ ကျနော်ကတော့ ဒီလိုရှိပါတယ်။ ကျနော်တို့ ဒီအဖွဲ့အစည်းကို တည်ထောင်တဲ့သူထဲမှာ ကျနော်လည်း တယောက် အပါအဝင် ဖြစ်ပါတယ်။ ကျနော်ပါတီအပေါ်မှာ သံယောဇဉ်ရှိပါတယ်။ ဒီပါတီရဲ့ အရှည်တည်တံ့ရေး၊ ခိုင်မြဲရေးကို လိုလားပါတယ်။ သို့သော် ကျနော်ကတော့ ဘယ်လိုတွက်လဲဆိုတော့ ဘာပဲပြောပြော ဒီစစ်အစိုးရက အခုလုပ်နေတာက ကျနော်တို့ရဲ့ ပါတီတွင်းကိစ္စကို ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်မျိုးကို မောင်းထုတ်ဖို့ လုပ်တယ်။ ဘာပြလဲဆိုလို့ရှိရင် ကျနော်တို့မှာ ဘာမှကို နိုင်ငံရေးမရှိလောက်အောင် လုပ်တာ။ ကျနော့်သဘောက ဘာလဲဆိုတော့ ပါတီတရပ်ဟာ နိုင်ငံရေးရှိရမယ်။ နိုင်ငံရေးမရှိရင် ဒီပါတီဟာ ဘာမှအသုံးမကျဘူးလို့ ယူဆတယ်။ ကျနော့် ပုဂ္ဂိုလ်သဘောခံယူချက်။ အဲတော့ နိုင်ငံရေးရှိပြီးတော့ ပါတီမရှိရင်တောင်မှ လှုပ်ရှားလို့ရတယ်လို့ ကျနော်ယုံတယ်။ နိုင်ငံရေးမရှိဘဲနဲ့ ပါတီရှိနေလို့ အလကားပဲ။ ပါတီသာရှိပြီးတော့ နိုင်ငံရေးမရှိရင်လည်း ခေါင်းမရှိတဲ့လူလိုပဲဖြစ်မှာပဲ လို့ ကျနော် ပြောခဲ့တယ်။ အဲဒါကြောင့် ပါတီကို သံခြေကျဉ်းခတ်တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ပါဘူး။ ကျနော့်သဘောထားက ဒါပါပဲ။
ဗွီအိုအေ။  ။ ဆရာ ဒီကနေ့အစည်းအဝေးအခြေအနေ ကျနော်တို့ကို နည်းနည်းပြောပြပေးပါလား ခင်ဗျ။
ဦးဝင်းတင်။ ။ CEC ကနေ ဆုံးဖြတ်တာမဟုတ်ဘဲနဲ့ တပြည်လုံးမှာရှိတဲ့ မကြာခင်တုန်းကဖွဲ့လိုက်တဲ့ CC တွေနဲ့ အကုန်လုံးပေါင်းပြီးတော့ CC ရယ်၊ CEC ရယ် အားလုံးစုစုပေါင်း ၁၂၈ ယောက်ရှိမှာပေါ့၊ အဲဒီပုဂ္ဂိုလ်တွေ အကုန်လုံး စုပေါင်းဆွေးနွေးပြီးတော့ ကျနော်တို့ မှတ်ပုံတင်မယ် သို့မဟုတ်ရင်လည်း မတင်ဘူးပေါ့ဗျာ၊ အဲဒါကို ဆုံးဖြတ်မယ်ဆိုပြီးတော့ ကျနော်တို့ စီမံတယ်၊ အဲရက်က မတ်လ ၂၉ ရက်နေ့ပေါ့။ ၂၉ ရက်နေ့ ၃၀ ပေါ့။
ဗွီအိုအေ။  ။ အဲတော့ ဆရာ မတ်လ ၂၉ ရက်နေ့ကို ခုနဆရာပြောသလို တပြည်လုံးမှာရှိတဲ့ NLD၊ ကျန်တဲ့ CC အဖွဲ့ဝင်တွေကော အစုံအညီ လာရောက်နိုင်မယ့် အနေအထားရှိပါသလား ဆရာ။
ဦးဝင်းတင်။ ။ စစ်အစိုးရကလည်း သူတွက်မှာပေါ့ဗျာ၊ ဒီဟာက ကျနော်တို့ကနေပြီးတော့ မှတ်ပုံမတင်ဘူးဆိုပြီးတော့ ဆုံးဖြတ်မယ့်ပွဲမျိုး ဖြစ်မယ်လို့ထင်ရင် သူတို့ မပေးဘဲ နေကောင်းနေမယ်ပေါ့ဗျာ။ အဲ သို့မဟုတ်ရင်လည်း မှတ်ပုံတင်မယ့် အနေအထားရှိမယ်ဆိုရင် မှတ်ပုံမတင်ချင်တဲ့သူက နည်းနည်းပဲရှိမယ်ထင်ရင်လည်း လွတ်ပေးရင် ပေးမှာပေါ့၊ ဒါကတော့ စစ်အစိုးရရဲ့ လုပ်ထုံးလုပ်နည်းပုံသဏ္ဍာန်ပဲ ဖြစ်မှာပဲ။ သို့သော် ကျနော်တို့ကတော့ စစ်အစိုးရရဲ့ စရိုက်လက္ခဏာတွေ၊ အကျင့်တွေကိုတော့ ထည့်မတွက်တော့ဘူး။ ကျနော်တို့တွက်နေတာက ဘာလည်းဆိုရင် ဒီဟာက ဘာပဲပြောပြော ဒီမိုကရေစီနည်းကျ လုပ်ရမယ်။ ကျနော်တို့အဖွဲ့က ဒီမိုကရေစီအဖွဲ့အစည်း။ အဲတော့ ဒီကိစ္စကလည်း အခုဟာ ဒီမှတ်ပုံတင် ဥပဒေတို့ ဘာတို့ဆိုတာကြီးက ဒီမိုကရေစီနည်းကို လုံးဝ မကျဘဲနဲ့ ဘယ်လိုမှ လက်ခံနိုင်ခြင်း မရှိဘူး၊ ဒါကြောင့် ကျနော်တို့က ဒီဟာကို ဒီမိုကရေစီနည်းကျ ပါတီအောက်ခြေက အခုဖွဲ့လိုက်တဲ့ CC တွေနဲ့ ဆုံးဖြတ်မယ်ဆိုပြီးတော့ ကျနော်တို့က ခေါ်ခြင်းပဲဗျ။ ဒါပဲ။ အဓိကက ဒါပဲ။
ဗွီအိုအေ။  ။ ဟုတ်ကဲ့ပါဆရာ၊ အဲ့တော့ ပြန်ပြီးတော့ မတ်လ ၂၉ ရက်နေ့ကိစ္စကို ပြန်ပြီးကောက်မယ်ဆိုလို့ရှိရင် အဲဒီမတိုင်ခင်ကော ဆရာတို့ CEC အနေနဲ့ကျတော့ရော ဘယ်လိုများပြင်ဆင်ထားမယ်လို့ CEC မှာ စိတ်ကူးထားပါသလဲ ဆရာ။
ဦးဝင်းတင်။ ။ ဒီလိုရှိတယ်ဗျ၊ ကျနော်တို့ ဆွေးနွေးမှာကတော့ ဒီအတောအတွင်းမှာ ကျနော်တို့ CEC တွေကြားထဲမှာ အထပ်ထပ်ဆွေးနွေးရမယ့် အကြောင်းကိစ္စကတော့ ဒီဥပဒေတွေဟာ လက်ခံနိုင်တဲ့ဥပဒေတွေလား၊ လက်မခံနိုင်တဲ့ ဥပဒေတွေလား၊ အဲ လက်မခံနိုင်ရင် ဘာကြောင့်လဲ။ လက်ခံနိုင်ရင် ဘာလဲဆိုတာ ဒါ ကျနော်တို့လုပ်မှာပဲ။ သို့သော် ကျနော်တို့ CEC တွေကနေပြီးတော့ ဟာ … မှတ်ပုံတင်မယ်၊ မတင်ဘူးဆိုတာကို ဆုံးဖြတ်ပြီးတော့ အောက်ခြေထုကို ချပြမှာ မဟုတ်ဘူး။ အောက်ခြေထုကလည်း သူတို့သဘောထားတွေ သူတို့ တက်လာခဲ့၊ ကိုင်စွဲပြီး တက်လာခဲ့။ ကျနော်တို့ CEC တွေကလည်း ကျနော်တို့ရဲ့ သဘောထားတွေကို ကျနော်တို့ ညှိနှိုင်းပြီးသား လုပ်ထားမယ်၊ အဲဒါတွေ အကုန်လုံးနဲ့ ပေါင်းစည်းပြီးတော့ ဒီ ၁၂၀ သော ပုဂ္ဂိုလ်များ ဒါ မဲခွဲဆုံးဖြတ်မှာပဲဗျ။ လျှို့ဝှက်မဲနဲ့ ဆုံးဖြတ်မှာပဲ။
ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ကို ဗွီအိုကေက ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ် ခင်ဗျာ။ 
 
ရင်းမြစ်။ ။မိုးမခ

Saturday, March 13, 2010

အန်အယ်ဒီအတွက် ထောင်ချောက်သတိ

၂၀၁၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဥပဒေ ထွက်လာချိန်တွင် ဥပဒေအပေါ် သုံးသပ်ချက်နှင့် လွန်ခဲ့သော နှစ် ၅၀ ကျော်ကာလ ပါလီမန် ဒီမိုကရေစီ ခောတ်ကာလနှင့် ခြားနားမှု သုံးသပ်ချက်များကို မြန်မာ့နိုင်ငံရေး ခောတ်အဆက်ဆက် ဖြတ်သန်းလာခဲ့သော ဝါရင့် နိုင်ငံရေးသမားကြီး နှစ်ဦးကို မေးမြန်းထားသည်။ အယူဝါဒမတူသူ သူတို့နှစ်ဦးအနက် လက်ရှိအချိန်မှာ ပထမ တဦးက ပြည်တွင်းမှာ၊ ကျန်တဦးက ပြည်ပမှာ နေထိုင်နေသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရုံးများကို ပြန်လည် ဖွင့်ခွင့်ပေးသည်မှာ ထောင်ချောက် ဖြစ်နိုင်သည်ဟု သတိပေးလိုက်သူက မြန်မာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။

သခင် ချန်ထွန်း
မေး။ စစ်အစိုးရက ထုတ်ပြန်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

''အဲဒါနဲ့ ပတ်သက်ပြီး စိတ်မဝင်စားလို့ မဖတ်မိဘူး။ ဒါကတော့ သူကြိုက်သလို ရေးမှာပဲ၊ သူထည့်ချင်သလို ရေးမှာပဲ၊ သူကြိုက်သလို လုပ်မှာပဲဆိုတော့ လူထုတရပ်လုံးက ကြိုက်တဲ့ဟာတော့ မဖြစ်နိုင်ဘူး။ ဖြစ်စေချင်တဲ့ သဘောထားတော့ မဖြစ်နိုင်ဘူး။ လက်ရှိ နိုင်ငံရေးပါတီတွေက လက်ခံနိုင်မယ့်ဟာတော့ မဟုတ်နိုင်ဘူး။ သူတို့ ဥပဒေနဲ့ သူတို့ ကြိုက်သလို လုပ်နေတာပဲ။ တပ်မတော်က အလိုလိုကို နေရာပါရမယ်ဆိုပြီးတော့ အခြေခံ ဥပဒေမှာကိုက ရှိနေတော့ ဒါက ဒီမိုကရေစီနဲ့ တခြားစီဖြစ်နေတယ်''

''စစ်အစိုးရက အလိုအလျောက် နေရာက ရနေတယ်။ ရွေးကောက်ပွဲမှာလည်း ကြံ့ခိုင်ရေးတို့ဘာတို့က နာမည်အမျိုးမျိုးနဲ့ ဝင်ရွေးတာတို့၊ တစညတို့ဘာတို့က စည်းရုံးရေးဆင်းပြီး ဝင်ရွေးတာတို့ လုပ်မှာပေါ့ဗျာ။ အသစ်ဖွဲ့စည်းဖို့ စောင့်နေတဲ့ ပါတီတွေလည်း ရှိနေတယ်''

မေး။ ၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထဲမှာပါတဲ့ ပုဒ်မတွေထဲက ပုဒ်မ ၆ နဲ့ ပုဒ်မ ၁ဝ မှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ပြောချင်ပါသလဲ။

''ဒေါ်အောင်ဆန်းစုကြည်ကို မပါစေချင်တဲ့သဘော ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာမှာ လွှတ်လာမယ်ဆိုတော့ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို ဧပြီ၊ မေ၊ ဇွန် တလလမှာ လုပ်လိုက်လို့ရှိရင် ဝင်ရောက်အရွေးခံပိုင်ခွင့် မရှိတော့ဘူး။ ဒါကတော့ အာဏာရှိနေတဲ့ သူဆိုတော့ သူတို့ ကြိုက်သလို ရေးဆွဲမှာပဲ။ ဒီမိုကရေစီအစိုးရမှာ မဟုတ်ဘဲနဲ့၊ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရမှာ မဟုတ်ဘဲနဲ့၊ အာဏာသိမ်းအစိုးရ ဆိုတော့ ဥပဒေကို သူကြိုက်သလို သူရေးဆွဲမှာပဲ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူတို့ လုပ်မှာကတော့ သေချာတယ်။ ရွေးကောက်ပွဲကို ကန့်ကွက်တဲ့ သူတွေကလည်း ကန့်ကွက်ပြီး၊ မဝင်ဘဲ နေကြသလို၊ တခြားပါတီအသစ်တွေ ထောင်ပြီးတော့ ဝင်ကြမယ့် ပါတီတွေလည်း ရှိနေတယ်''

မေး။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထဲမှာပါတဲ့ အခန်း၂ ပုဒ်မ တွေထဲက ပုဒ်မ ၆ အရ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆိုထားတဲ့ အချက်ကိုရော။

''အဲဒီပုဒ်မတွေအရဆိုရင် နိုင်ငံရေးကို တက်တက်ကြွကြွလုပ်ပြီး၊ အဖမ်းခံနေရတဲ့ ကျောင်းသား ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ပါဝင်ခွင့် မရအောင် လုပ်ထားတယ်''

မေး။ ရွေးကောက်ပွဲ အတော်များများ မီခဲ့တယ်ဆိုတော့ အခုကျင်းပမယ့် ရွေးကောက်ပွဲနဲ့ အရင်တုန်းက ကျင်းပခဲ့တဲ့  ရွေးကောက်ပွဲတွေ ဘယ်လို ကွာခြားလဲခင်ဗျ။

''ဖဆပလ ခေတ် ဒီမိုကရေစီ ကျင့်သုံးတဲ့ အစိုးရ လက်ထပ်တုန်းက ရွေးကောက်ပွဲ လုပ်တာတွေ ရှိတယ်။ ၁၉၅၂ ခုနှစ်၊ ၁၉၅၆ ခုနှစ်နဲ့ ၁၉၆ဝ ခုနှစ်မှာ လွတ်လပ်စွာ ဟောပြော၊ ဆွေးနွေး၊ စည်းရုံးပြီးတော့ မဲတောင်းကြတယ်။ မဲတောင်းပြီးတော့ အာဏာကို လွှဲပြောင်းရေးတွေ လုပ်ဆောင်ခဲ့ကြတယ်။ အခုကျတော့ ဒီမိုကရေစီနည်းအရ မဟုတ်ဘဲ ဘာလုပ်မှာ၊ ဘယ်လိုဖြစ်မှာဆိုတဲ့ သဘောမျိုးတွေ၊ အကန့်အသတ်တွေ ရှိတယ်။ အမှန်ကတော့ ဒီမိုကရေစီအစိုးရဆိုရင် ဒီမိုကရေစီကို အပြည့်အဝပေးပြီး ရွေးကောက်ပွဲ လုပ်သင့်တယ်။ အခု ကြေညာချက်တွေ ထောင်ကျနေရင် မဝင်ရဘူး၊ အဖမ်းခံရရင် မဲပေးလို့ မရဘူး။ အရွေးမခံဘူးဆိုတာတို့ ပါနေတယ်။ ဖဆပလ လက်ထက်တုန်းက ပမညတ က အမတ်တွေက ထောင်ကျနေတယ်။ ဒါပေမဲ့ သူတို့ကို  လွှတ်တော်မှာ လာပြီးတော့ လွှတ်တော်တက်ခွင့် ပြုတာတွေ ရှိတယ်။ အခုဟာက ထောင်ကျရင် အလိုလို အရွေးခံခွင့်တို့၊ မဲပေးခွင့်တို့ မရတော့တဲ့ သဘော ရှိနေတယ်။ အဲဒီအတွက် ပြည်သူလူထုအနေနဲ့ စဉ်းစားပြီး ဆောင်ရွက်ဖို့ လိုတယ်''



ရဲဘော် ဖိုးသံချောင်း
ပြောရေးဆိုခွင့်ရှိသူ (ဗမာပြည် ကွန်မြူနစ်ပါတီ)

မေး။ စစ်အစိုးရက ထုတ်ပြန်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနဲ့ ပတ်သက်လို့ ဗမာပြည် ကွန်မြူနစ်ပါတီအနေနဲ့  ဘယ်လိုမြင်ပါသလဲခင်ဗျ။

''နအဖ က သူ့ရဲ့ ရွေးကောက်ပွဲ ဥပဒေကို တခုပြီးတခု ထုတ်လာတယ်။ ထုတ်လာတဲ့ ဟာတွေက ပစ်မှတ်တခုကို ဦးတည်ပြီးတော့ ပစ်တဲ့ သဘောကို တွေ့မြင်ရပါတယ်။ နအဖ ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောထားတဲ့ ဟာတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်သန်းရွှေဆီ ပေးထားတဲ့ စာ၊ နောက်ပြီးတော့ အမျိုးသား ဒီမိုကရေအဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင် ကြေညာချက်၊ အဲဒီနှစ်ခုကို နအဖ က လုံးဝ လက်မခံဘူး၊ ပယ်ချလိုက်တယ်လို့ ကြေညာလိုက်တဲ့ အဓိပ္ပာယ် ဆောင်တယ်။ ဒီဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းမှာ ရှိတဲ့၊ ပြည်ပမှာ ရှိတဲ့ နိုင်ငံခြားအင်အားစု နှစ်စုမှာ ပြောကြတဲ့ ဟာတွေ၊ ဥပဒေနဲ့ ပတ်သက်ပြီး ပြောကြတဲ့ သူတွေက တော်တော်လေးကို စုံနေပါပြီ။ ကျနော်တို့အနေနဲ့ ဖြည့်ပြီး ပြောစရာ မရှိတော့ပါဘူး''

''ဒါပေမဲ့ ကျနော်တို့ ပြောချင်တာ၊ ဖြည့်ချင်တာလေးတခုကတော့ ကျနော်တို့အားလုံး သတိရှိကြဖို့ ပြောချင်တာပါ။ နအဖ ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွေ ဖွင့်ပေးပြီဆိုတာကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရုံးတွေ ဖွင့်ကြ၊ အလုပ်တွေ လုပ်ကြဆိုတာက ကောင်းတဲ့ ကိစ္စပါ။ နအဖ က ဖွင့်ပေးတယ်ဆိုတာ ထောင်ချောက်တွေ ရှိနိုင်ပါတယ်။ ကျနော်တို့ အတွေ့အကြုံအရ - ၁၉၄၈ ခုနှစ်မှာ ကျနော်တို့ ပါတီကို ချေမှုန်းမယ် လုပ်တဲ့အခါမှာ၊ အင်္ဂလိပ် ချန်ထားခဲ့တဲ့ မှတ်တမ်းကို ကိုင်ပြီးတော့ ကွန်မြူနစ်ပါတီက တက်ကြွတဲ့ လူတွေ လိုက်ဖမ်းပြီးတော့ ပါတီကို နှိမ်နှင်းတာပါ။ နယ်တွေမှာ ရှိတဲ့ ကွန်မြူနစ် ပါတီဝင်တွေ အများကြီး  အဖမ်းခံရတယ်။  အခုလည်းပဲ NLD ကို ထပ်ချေမှုန်းရေးအတွက် နအဖ ဟာ NLD ထဲမှာ ဘယ်သူတွေ တက်ကြွနေတယ်၊ ဘယ်သူတွေက ထိုင်သွားပြီးတော့ ရှင်းအောင်လုပ်တဲ့ ထောင်ချောက်တွေကို ထောင်နေတာ ဖြစ်နိုင်တယ်။ အဲဒါကို ကျနော်တို့အားလုံး သတိပြုကြပါ။ NLD တခုထဲကို ပြောတာမဟုတ်ဘူး၊ ကျန်တဲ့ နိုင်ငံရေး အင်အားစုတွေရောကို ကျနော်တို့ ပါတီရဲ့ အတွေ့အကြုံအရ သင်္ခန်းစာကို ဝေငှတဲ့ သဘော ပြောချင်ပါတယ်''

မေး။ ၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထဲမှာပါတဲ့ ပုဒ်မတွေထဲက ပုဒ်မ ၆ နဲ့ ပုဒ်မ ၁ဝ မှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ သဘောထားလေး ပြောပြပေးပါခင်ဗျ။

''သူများတွေ ပြောသွားတာ စုံပါတယ်။ ကျနော်တို့က သူတို့နဲ့ အမြင် တူပါတယ်၊ သဘောထား တူပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ နအဖ အစိုးရက လုပ်တာ ဖြစ်တယ်။ ပစ်မှတ်ရှိရှိနဲ့ ဒီဥပဒေကို ထုတ်တာ ဖြစ်တယ်။ အဖွဲ့အစည်းတခု၊ လူပုဂ္ဂိုလ် တဦးတယောက်ကို တိုက်ရိုက် ချိန်ရွယ်ပြီးတော့ ပစ်နေတာ ဖြစ်တယ်။ နာမည်ကို မခံဘဲနဲ့ ချိန်ပြီးတော့ ပစ်နေတာဖြစ်တယ်။ ဗမာပြည် နိုင်ငံရေးမှာ ထောင်နဲ့ ကင်းလို့ မရဘူး။ နအဖ လုပ်လာတဲ့ တလျှောက်လုံး၊ နအဖ မတိုင်ခင် ဖဆပလ လက်ထပ်တုန်းကစပြီး နိုင်ငံရေးလုပ်တဲ့ သူတွေ၊ ထောင်ထဲ ရောက်ကျတဲ့ သူတွေချည်းပဲ။ ဒီလို ပုဒ်မ တပ်ပြီး နိုင်ငံရေးလုပ်တဲ့ သူတွေ ဘယ်သူမှ ကျန်မှာ မဟုတ်ဘူး။ ဟိုအရင်ကဆိုရင် ထောင်ထဲကနေ ရွေးကောက်ပွဲဝင်ပြီးတော့ အရွေးခံတဲ့သူတွေ ကျောင်းသားအမတ်တွေတောင် ပေါ်ခဲ့တာ ဖြစ်တယ်။ ထောင်ထဲကနေ ကျောင်းသားအမတ်တွေက ရွေးကောက်ပွဲကို အရွေးခံတဲ့အခါမှာ သံယောဇဉ်ဖြစ်ပြီး မဲပေးလို့မို့ အမတ်ဖြစ်လာတာတွေ ရှိတယ်။ အခုခေတ်ကျတော့ ထောင်ထဲနေလို့ အမတ်ဖြစ်ဖို့ နေနေသာသာ နိုင်ငံရေးပါတီကနေ ထုတ်ပစ်ရမယ့် အနေအထား လုပ်ထားတာဟာ နအဖ အနေနဲ့ ဘယ်သူ့ကို ဦးတည်ပြီးတော့ လုပ်တယ်၊ ဘယ်အဖွဲ့အစည်းကို ဦးတည်ပြီး လုပ်တယ်ဆိုတာ သိပ်ရှင်းတယ်''

မဇ္ဈိမသတင်းဌာန 
Friday, 12 March 2010 21:03

Friday, March 12, 2010

အမွန်းကျပ်ဆုံး အချိန်

(ဦးဝင်တင်နှင့် အင်တာဗျူး)

နယူးဒေလီ ။      ။ ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်းခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး လက်ရှိ စစ်အစိုးရက အငြှိုးတကြီးဖြင့် ၁၉ နှစ်ကျော် ထောင်သွင်းအကျဉ်းချခံထားရသူ၊ တကိုယ်ရည် တကာယ သို့သော် စစ်ဖိနပ်အောက်မှ တိုင်းပြည်ကို လွတ်မြောက်စေလိုသော ဝန်ထုပ်ကို သယ်ပိုးထားရသော စစ်ဗိုလ်ချုပ်များဘက်က သဘောထားတင်းမာသူဟု အမြင်ခံရသူ၊ သို့သော် သူ၏ ရိုးဖြောင့်မှုနှင့် ပတ်သက်၍ အာဏာပိုင်များဘက်ကပင် အသိအမှတ်ပြုရသော ဦးဝင်းတင်သည် ယနေ့တွင် အသက် ၈ဝ နှစ် ပြည့်မြောက်ပြီဖြစ်သည်။

သူ့မွေးနေ့သမယတွင် သူလိုလားသော ရွှေဂုံတိုင်ရပ်တည်ချက်ကို စစ်အစိုးရက မထီမဲ့မြင်ဖြင့် ရွေးကောက်ပွဲဥပဒေ ထုတ်ကာ ပစ်ပယ်ခံရချိန်၊ မူနှင့် လက်တွေ့နိုင်ငံရေး အားပြိုင်လာနေချိန် ဖြစ်သည်။

သတင်းထောက်များ မေးသမျှ မငြီးမငြူဖြေကြားတတ်သော ဦးဝင်းတင်ကို မဇ္ဈိမသတင်းထောက် မြင့်မောင်က ဆက်သွယ်မေးမြန်းထားသည်။


မေး။    ။ ၈ဝ နှစ်ပြည့် မွေးနေ့မှာ ပြည်သူတွေကို ဘယ်လို နှုတ်ခွန်းဆက်လိုပါသလဲ။

''ကျနော်တို့ဟာ အလွန်ကို အမွန်းကျပ်ဆုံး အချိန်ပဲ။ စစ်အစိုးရဟာ နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ်တာတွေ အများကြီး လုပ်လာတယ်။ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတွေ၊ အများပြည်သူတွေ ဘာမှ လုပ်နိုင်လောက်မယ့် အနေအထား မရှိဘူး။ ဒီထဲမှာ ထပ်ပြီးတော့ ရွေးကောက်ပွဲတို့၊ ဘာတို့ ပေါ်လာတဲ့အခါကျ နိုင်ငံရေးအရ အနာဂတ်မှာ မလုပ်နိုင်အောင် အစီအမံတွေ ပိုပြီး ချထားတယ်''

''အမွန်းကျပ်ဆုံး၊ အတင်းကျပ်ဆုံး အချိန်ပဲ။ တုံ့ပြန်စရာလမ်းက တလမ်းပဲ ရှိတယ်။ စစ်အစိုးရနဲ့ ရင်ဆိုင်ထိပ်တိုက်တွေ့ပြီး ဆန့်ကျင်သွားဖို့ လမ်းပဲ။ အဲဒီလိုလုပ်ဖို့ လက်နက် ၃ သုံးမျိုး ရှိတယ်။ ၁ အနေနဲ့  မကြောက်တရား လက်နက်။ မကြောက်တရား လက်နက်ဆိုတာ ပြည်သူလူထုမှာ မျိုးစုံအကျပ်အတည်းတွေ ကြုံတွေ့နေတဲ့အခါ လူတွေက နည်းနည်းကြောက်လန့်လာတယ်။ ခြောက်လှန့်တယ်ဆိုရင် ကြောက်လန့်မှာပဲ။ ဒါ နားလည်ရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုက ကိုယ့်ထမင်းကို ကိုယ်ရှာစားနေတဲ့သူတွေ၊ နိုင်ငံရေး လုပ်နေကြတဲ့သူတွေ မဟုတ်ဘူး''

''ဒီအချိန် အကြောက်တရားကို စွန့်ကြပါ၊ မကြောက်တရားနဲ့ ရင်ဆိုင်ကြပါ၊ ရဲရဲတင်းတင်းကြီးကို ရင်ဆိုင်ကြပါ၊ အကြောက်တရား ရှိရင်လည်း ကြောက်ကြောက်နဲ့ပဲ လုပ်ကိုင်ကြပါလို့ တိုက်တွန်းချင်တယ်။ မကြောက်တရား  လက်နက်နဲ့ စစ်အစိုးရကို တွန်းလှန်ချေမှုန်းဖို့၊ ရင်ဆိုင်ဖို့ တလမ်းပဲ ရှိပါတယ်''

''နောက်တခုက သွေးစည်းညီညွတ်ရေးကိစ္စပေါ့ဗျာ။  သွေးစည်းညီညွတ်ရေး လက်နက်ဆိုတာ တိုင်းရင်းသားတွေ၊ ဒီမိုကရေစီ အင်အားစုတွေ၊ ပြည်သူလူထု ဘက်တော်သားတွေ အားလုံးဟာ စစ်အစိုးရရဲ့ သွေးခွဲမှုတွေ၊ တိုင်းပြည်ရဲ့ အကြောင်းအမျိုးမျိုးသော အကြောင်းတွေကြောင့် ကျနော်တို့ဟာ သွေးစည်းညီညွတ်ရေး လျော့လာတယ်၊ အားပျက်လာတယ်၊ တယောက်နဲ့တယောက် နည်းနည်း စိမ်းလာတယ်၊ မယုံရဘူး။ ထောက်လှမ်းရးက သွေးခွဲတာတမျိုး၊ ခြိမ်းခြောက်တာကတမျိုး အဲဒီလို အကြောင်းအမျိုးမျိုးကြောင့် သွေးစည်းညီညွတ်ရေး တဖြည်းဖြည်း ပြိုကွဲလာတယ်။ အဲဒီအချိန်မှာ ဒီစစ်အစိုးရကို ရင်ဆိုင်ဖို့၊ သွေးစည်းညီညွတ်ရေးအားကို ပိုပြီးတော့ ခိုင်မာအောင်လုပ်ဖို့ပဲ ဖြစ်တယ်''

မေး။    ။ လက်ရှိအနေအထားအရ NLD အနေနဲ့ ရွေးကောက်ပွဲဝင်ပြီး ပါတီရပ်တည်ဖို့ လုပ်သင့်ပါသလား၊ မဝင်ဘဲနဲ့ ၁၉၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရလဒ်ကို ကိုင်ဆွဲပြီး ဆက်လုပ်ဖို့ လိုပါသလား။

''ကျနော်ရဲ့ ရပ်တည်ချက်က ရွှေဂုံတိုင်မှာ ချမှတ်ထားတဲ့အတိုင်း ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် ပြုရမယ်။ အသိအမှတ် ပြုမှသာ သမိုင်းမှာ မှန်ကန်တဲ့ အနေအထား ရမယ်။ နောင်အခါ တိုင်းပြည်မှာလည်း လူတွေက အစိုးရအပေါ် အယုံအကြည်ရှိမယ်။ ဒါကြောင့် ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ကိုင်ဆွဲရမယ်။ နောက်တခုက ၂ဝဝ၈ အခြေခံဥပဒေထဲမှာ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ အချက်တွေ ပြင်ဆင်ပြောင်းလဲရမယ်။ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးရမယ်။ ဒေါ်စုနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ရမယ်ဆိုတဲ့ နိုင်ငံရေး တောင်းဆိုချက်တွေ မှန်ကန်တယ်။ ဒါတွေ ရမှသာလျှင် ဗမာပြည် အနာဂတ်နိုင်ငံရေး ကောင်းမယ်။ အဲလိုမဟုတ်ဘဲ စစ်အစိုးရ ကမ်းလှမ်းနေတဲ့ နွားဖားကြိုးတပ်တဲ့ ဒီမိုကရေစီ လမ်းစဉ်အတိုင်း လိုက်ဖို့အတွက် ရွေးကောက်ပွဲတွေ ဝင်မယ်၊ စစ်အစိုးရ ခိုင်းတဲ့အတိုင်း လုပ်နေမယ်ဆိုရင် သူတို့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး''

''ပါလီမန်ထဲမှာလည်း ဘာအသံမှ ထွက်လာမှာ မဟုတ်ဘူး။ လူထုအတွက် ဘာမှ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။ အဲဒီအတွက် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ကိုင်ဆွဲပြီး ၂ဝဝ၈  အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် တိုက်ပွဲဝင်သွားဖို့ပဲ။ တိုက်ပွဲဝင်သွားတဲ့အခါမှာ ဒီစစ်အစိုးရရဲ့ ပါတီများ ဖွဲ့စည်းရေးဥပဒေနဲ့ မကိုက်ညီတဲ့အတွက်၊ ကျနော်တို့က ပါတီမရှိလည်း ကိစ္စမရှိဘူးလို့ ယူဆတယ်။ နိုင်ငံရေးပါတီတခုဟာ နိုင်ငံရေးရှိဖို့ လိုတယ်၊ နိုင်ငံရေးမရှိတဲ့ ပါတီဆိုရင် ဘာနဲ့တူလဲဆိုတော့ ဦးနှောက်မရှိတဲ့၊ ခေါင်းမပါတဲ့ သတ္တဝါလို ဖြစ်မှာပဲ။ လူတွေမှာ၊ လူ့အသိုင်းအဝိုင်း လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံရေး ရှိနေမယ်ဆိုရင် ပါတီမရှိလည်း အရေးမကြီးဘူး။ ကွန်မြူနစ်တို့၊ ဖဆပလတို့ဆိုရင် ဂျပန်ခေတ်တခေတ်လုံး ကျော်ဖြတ်ခဲ့တယ်။ ပါတီရယ်လို့ မရှိဘူး။ နောက်မှ ဖဆပလဆိုတာ ပေါ်ပေါက်လာခဲ့တယ်''

''ဦးနုလည်း မဆလ တခေတ်လုံးမှာ သူ့ပါတီရယ်လို့ မရှိဘဲနဲ့ ကျော်ဖြတ်ခဲ့တယ်။ ၈ လေးလုံးကာလကို ရောက်တဲ့အခါ ပါတီတွေဘာတွေ ပြန်ထူထောင်နိုင်တယ်။ ယှဉ်ပြိုင်အစိုးရ တဖွဲ့ကိုတောင် ဖွဲ့သွားနိုင်သေးတယ်။ တိုင်းရင်းသားအင်အားစုတွေကို ကြည့်မယ်ဆိုရင်လည်း သူတို့အထဲမှာ ပါတီရယ်လို့ မရှိဘူး။ တရားဝင်ဖွဲ့ပြီး ရပ်တည်လို့ မရဘူး။ ဒါပေမဲ့ သူတို့မှာ နိုင်ငံရေး ရှိတယ်။ အမျိုးသား နိုင်ငံရေး၊ တန်းတူညီမျှတဲ့ နိုင်ငံရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ နိုင်ငံရေးတွေ ရှိတဲ့အခါ ဒီနေ့အထိ လှုပ်ရှားနေလို့ ရတယ်။ ကျနော်တို့ ကြောက်လန့်ပြီး စစ်အစိုးရ ခိုင်းတဲ့အတိုင်း၊ စစ်အစိုးရက သံခြေကျင်းခတ်ထားတဲ့ နိုင်ငံရေးပါတီတခုအနေနဲ့  စစ်အစိုးရရဲ့ လမ်းကြောင်းထဲကို လိုက်သွားစရာ မလိုဘူးလို့ ထင်တယ်''

မေး။  ။ ၁၉၉ဝ နဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ နှစ်ရပ်ကို ဘယ်လိုမျိုး နှိုင်းယှဉ်သုံးသပ်လိုပါသလဲ။

''၉ဝ ရွေးကောက်ပွဲ နောက်ကွယ်မှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒီမိုကရေစီတောင်းဆိုတဲ့ လူထုအရေးတော်ပုံကြီး ရှိခဲ့တယ်။ စစ်အစိုးရအနေနဲ့ ဘာအင်အားမှ မရှိဘူး။ လူထုရဲ့ တောင်းဆိုချက်ကလည်း အများကြီး များတဲ့အခါကျ ၉ဝ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ်ဖြစ်အောင် ကျင်းပပေးနိုင်ခဲ့တယ်။ ကျနော်တို့ကို လက်ပြန်ကြိုး တုတ်ခြင်း၊ လက်ထိပ်ခတ်ခြင်း၊ သံခြေကျင်းခတ်ခြင်း ဘာမှမလုပ်ဘဲနဲ့ ပါတီကို လွတ်လပ်စွာ လုပ်ခွင့်ပေးခဲ့တယ်။ အဲဒီအတွက် အနိုင်ရခဲ့တယ်။ ဒါက ၁၉၉ဝ ခုနှစ်တုန်းက အခြေအနေတွေပါ''

''၂ဝ၁ဝ ရောက်တဲ့အခါ စစ်အစိုးရက တိုင်းပြည်ကို စစ်ဖိနပ်နင်းအုပ်ချုပ်ခဲ့တယ်။ တိုင်းသူပြည်သားတွေကလည်း နည်းနည်း အကြောက်တရားတွေ ဝင်နေပြီ၊ နောက် စီးပွားရေးက ကျပ်တည်းတဲ့အခါ လူတိုင်းက နိုင်ငံရေးကို သိပ်ပြီး စိတ်မဝင်စားနိုင်တော့ဘဲနဲ့ စိတ်ဝင်စားမှုတွေ အတန်ငယ် လျော့ပြီးတော့ စားရေးသောက်ရေးအတွက် အာရုံစိုက်နေရတယ်။ ဆိုတော့ စစ်အစိုးရက အခုအချိန်မှာ အထက်စီးက နေလို့ရတယ်။ နောက် တိုင်းပြည်ရဲ့ သယံဇာတတွေရောင်း ဘာရောင်းနဲ့ နိုင်ငံခြားငွေတွေက သူတို့လက်ထဲမှာ ရှိနေတဲ့အတွက် ရှေ့လျှောက်ပြီး စစ်အာဏာ ထူထောင်ဖို့လည်း ရှိနေပြီ။ ၂ဝဝ၈ အခြေခံဥပဒေလည်း ရှိနေပြီ။ ဒီဥပဒေကိုလည်း နာဂစ်လို ကာလမျိုးမှာ ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန် ဇွတ်အတင်းပြဋ္ဌာန်းခဲ့တယ်''

''ဒီလို အခြေအနေတွေရှိတော့ ၂ဝ၁ဝ ရွေးကောက်ပွဲ အနေအထားက အမျိုးမျိုး အနိုင်ကျင့်တဲ့ဟာတွေနဲ့ ချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေ ပါလာတယ်။ လာမယ့် ရွေးကောက်ပွဲအပြီး ဖြစ်လာမယ့် အခြေခံဥပဒေ ဆိုတာကလည်း ၁၉၉ဝ တုန်းက အခြေခံဥပဒေမျိုး မရှိဘူး။ ကျနော်တို့ ဘာမှမလုပ်နိုင်ဘူး။ သူက ရွေးကောက်ပွဲ လုပ်ပေးရုံ သက်သက်ပဲ။ အခုကျ သူတို့မှာ သတ်မှတ်ချက်တွေရှိပြီ၊ ဒီအတိုင်း ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ လုပ်တဲ့အခါကျ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ  ဘာမှဖြစ်လာနိုင်စရာ မရှိဘူး။ ၂ဝဝ၈ ခုနှစ်တုန်းက ချမှတ်ထားတဲ့ စစ်အာဏာယန္တယားကြီး အခိုင်အမာတည်ဆောက်ဖို့၊ စစ်အစိုးရသက်ဆိုးရှည်ဖို့ပဲ ရှိတယ်။ ကျန်တာ ဘာမှမရှိဘူး''

မေး။  ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာမယူသင့်ဘူး၊ နိုင်ငံ့ဂုဏ်ဆောင်ပဲ ဖြစ်သင့်တယ်ဆိုတဲ့အပေါ် ဘယ်လို ပြောချင်ပါသလဲ။
''ဘယ်ဟုတ်မလဲဗျာ။ နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာလည်း ယူရမှာပေါ့ဗျာ။ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ဦးဆောင်မယ့်သူက အာဏာ ရှိရမယ်။ တိုင်းပြည်ရဲ့ ယန္တယားတွေကို ကွပ်ကဲကြီးကြပ်တဲ့ ပုဂ္ဂိုလ်ပဲ။ ဘယ်ဂျောင်ထိုးလို့ ဘယ်ရမလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယက ဆိုနီယာဂန္ဒီ လုပ်သလို လုပ်လို့ မရဘူး။ ဆိုနီယာဂန္ဒီက နိုင်ငံခြားသား။ ရှင်းရှင်းပြောရရင် တိုင်းပြည်ကို ခေါင်းဆောင်လုပ်ရမှာ မလွယ်ဘူး။ နိုင်ငံခြားသား ဖြစ်နေတဲ့အတွက်  သူဟာ နိုင်ငံရေးမှာ ပါတီကို နောက်ကွယ်ကနေ ကိုင်ပြီး လုပ်နေတယ်။ သြဇာအာဏာရှိတာ မှန်တယ်။ တိုင်းပြည်အတွက် အများကြီး အလုပ်လုပ်ကိုင်နေတာ မှန်တယ်။ သို့သော် သူက နောက်ကွယ်ကနေ လုပ်ရမယ့် အနေအထားကြီးဗျာ။ ဒေါ်အောင်ဆန်းစုကြည်က ဗမာဗျာ၊ ဒီတိုင်းပြည်ရဲ့ အာနည်ပုဂ္ဂိုလ်ကြီး သမီးဗျာ၊ နိုင်ငံရေး သြဇာတွေ ရှိတယ်၊ နိုင်ငံရေး ပုံရိပ်တွေ ရှိတယ်၊ နိုင်ငံရေး သိက္ခာတွေ ရှိတယ်။ အဲဒီ သိက္ခာတွေကို တိုင်းပြည်ပြောင်းလဲဖို့၊ အသစ်တည်ဆောက်ဖို့ နေရာတွေမှာ အပြည့်အဝ သုံးရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို သေတ္တာထဲ ခေါက်ထည့်ပြီး၊ Showcase ထဲ ထည့်ထားပြီး ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ဘက်မှာ ရှိပါတယ်ဗျာ ဆိုပြီးတော့ ပြစားဖို့ ရည်ရွယ်ချက်မရှိဘူး''

''ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အပြည့်အဝ လုပ်လည်း အခြေခံဥပဒေအရ နိုင်ငံရေး အာဏာဆိုတာ  အပြည့်အဝ ရစရာမရှိဘူး။ NLD ကို တတိုင်းပြည်လုံးက ၇၅ % အပြည့်ပေးလိုက်လည်း အစိုးရဖွဲ့လို့ မရဘူး။ ဒီအခြေခံ ဥပဒေအရ ဘယ်ပါတီမှ အစိုးရဖွဲ့လို့ မရဘူးဗျာ။ စစ်တပ်က သြဇာရှိတဲ့ စစ်တပ်က လူတွေနဲ့ပဲ အစိုးရဖွဲ့မှာပဲ။ လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် ဘာမှလုပ်လို့ မရဘူး။ သို့သော် ကျနော့်သဘောကို ပြောမယ်ဆိုရင် လွတ်လွတ်လပ်လပ်ရှိတဲ့ ဖွဲ့စည်းပုံနဲ့ လွတ်လွတ်လပ်လပ်ရှိတဲ့ လူ့အဖွဲ့အစည်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အချိန်ပြည့် လုပ်ရမှာပဲ။ အာဏာလည်း ယူသင့်ရင် ယူရမှာပဲ။ သူ့ကို ပြစားဖို့လည်း မဟုတ်ဘူး။ ဆိုနီယာဂန္ဒီလိုလည်း ဂျောင်ထဲ ထိုးထားလို့ မရဘူး''

မေး။  ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးသွားရင် မြန်မာနိုင်ငံရဲ့ လူနေမှု အခြေအနေအပေါ် ဘယ်လိုသုံးသပ်လိုပါသလဲ။

''ကောင်းလာမလား၊ ဆိုးလာမလား ဆိုတာကတော့ ကျနော် မပြောချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြောဖို့က မလွယ်ဘူးလေ။ သေချာတာတခုက အခုအခြေအနေအတိုင်း ဖြစ်မှာတော့ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်ဗိုလ်တွေပဲ စားသောက်နေတယ်။ တိုင်းပြည်ကို ဖိနှိပ်ချုပ်ချယ်နေတဲ့ စစ်ဗိုလ်တွေပဲ။ တိုင်းပြည်ရဲ့ သယံဇာတတွေရော၊ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေရော အကုန်လုံး ရောင်းစားပြီးတော့ လုပ်ချင်ရာလုပ်နေတဲ့ လူတစုပဲ သက်ဆိုးရှည်နေမယ်၊ အာဏာရနေမယ်ဆိုတော့ ကောင်းတာတွေ၊ ဆိုးတာတွေတော့ နောက်တဆင့်ထား။ အနိမ့်ဆုံးကတော့ ဒီပုံသဏ္ဍာန်ပဲ ဖြစ်မယ်။ ဒီပုတ်ထဲက ဒီပဲ ဖြစ်လာမယ်လို့တော့ ပြောနိုင်တယ်''
မဇ္ဈိမသတင်းဌာန 
Friday, 12 March 2010 14:17

Thursday, March 11, 2010

စစ်အစိုးရလုပ်ရပ် အန်အယ်ဒီ မကျေနပ်


စစ်အစိုးရက ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအပေါ် လုံးဝကျေနပ်မှု မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောလိုက်ပြီး အခက်အခဲအကျပ်အတည်းတွေ့အောင် လုပ်လိုက်သော ပြဌာန်းချက်ဟု ပါတီပြန်ကြားရေးမှ ဦးဥာဏ်ဝင်းက ပြောသည်။  ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီ စီအီးစီများ တွေ့ဆုံအဖြေရှာမည်ဖြစ်ရာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ မဇ္ဈိမက ဦးဥာဏ်ဝင်းနှင့် ပါတီ၏ဥပဒေအကြံပေး ဦးအောင်သိန်းတို့ကို ဆက်သွယ်မေးမြန်းထားသည်။

ရှေ့နေ ဦးဥာဏ်ဝင်း
ဗဟိုအလုပ်အမှုဆောင်ဝင်နှင့် သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်

နိုင်ငံရေးပါတီများ မှတ်ပုံခြင်း ဥပဒေ ပြဋ္ဌာန်းတဲ့အပေါ် အန်ကယ်တို့ ပါတီအနေနဲ့ ဘယ်လိုမြင်လဲခင်ဗျ။

''ဒီဥပဒေကတော့ ဒီမိုကရေစီ လိုလားတဲ့ ပါတီတွေ၊ NLD အပါအဝင် အားလုံးကို အကျပ်အတည်း ဖြစ်စေတဲ့ ပြဋ္ဌာန်းချက် ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ပါမယ် ဆိုတဲ့ ဝန်ခံချက်နဲ့ မှတ်ပုံတင်ရမှာ ဖြစ်တယ်။ ကျနော်တို့ လုံးဝ လက်မခံနိုင်တဲ့ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဝန်ခံရမယ်ဆိုတော့ ဒီဟာက အင်မတန်ကြီးမားတဲ့ အခက်အခဲလို့ ကျနော် ပြောချင်တယ်''

ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၂ ပုဒ်မ ၆ မှာ ပါတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ။

''ဒါကလည်း တကယ့်ကို အကျပ်အတည်း ဖြစ်စေတဲ့ ပြဋ္ဌာန်းချက်ပဲ။ ဒီလို ပြဋ္ဌာန်းချက်မျိုး ကျနော်တို့ အတွေ့အကြုံအရ နိုင်ငံတကာမှာ တခါမှ မတွေ့ဖူးဘူး။ အဲဒီတော့ ဒီဟာက ဒီတိုင်းပြည်တွင်းမှာ ပါတီတွေကို ထိန်းချုပ်ဖို့၊ ပါတီတွေကို ကန့်သတ်ဖို့ ကျိုးစားဆောင်ရွက်တဲ့ လုပ်ရပ်လို့ ကျနော် အဲဒီလို မြင်ပါတယ်''

ဒီဥပဒေအရဆိုရင် NLD ပါတီဝင်တွေအနေနဲ့ ဘယ်လိုမျိုး ဖြစ်လာနိုင်မလဲဗျ။

''ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် CEC အဖွဲ့ဝင် အားလုံး စုံညီအစည်းအဝေး ကျင်းပနိုင်ဖို့ ကြိုးစားမယ်လို့ ဒီကနေ အကြမ်းဖျဉ်း သဘောတူထားပါတယ်''

ဒီဥပဒေလမ်းကြောင်းအရ NLD ပါတီအနေနဲ့ အကျဉ်းအကျပ်ထဲ ရောက်နေချိန်မှာ ရှေ့ဆက် ဘယ်လိုမျိုး လုပ်ဖို့ ရှိပါသလဲ။

''အကျဉ်းအကျပ်ထဲက ကျော်ဖြတ်ဖို့ လုပ်ရမှာပဲ။ ဘယ်လိုလုပ်မယ်ဆိုတာ ကျနော်တို့ အစည်းအဝေး မထိုင်သေးဘူး။  စုံညီအစည်းအဝေး မလုပ်နိုင်သေးဘူး။ ဒီအချိန်မှာ ဒါကို မပြောနိုင်သေးပါဘူး''

ဒီဥပဒေနဲ့ ပတ်သက်ပြီး ပါတီအနေနဲ့ ကျေနပ်မှု ရှိပါသလား။

''ဒီ ဥပဒေနဲ့ ပတ်သက်ပြီးတော့ လုံးဝ မကျေနပ်ပါဘူး''

++++++++++++++++++++++++++++++++++++

ဦးအောင်သိန်း
(ဥပဒေ အကြံပေး)
ရန်ကုန်

နိုင်ငံတကာက ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် နိုင်ငံရေးသမားတွေ လွှတ်ပေးပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံခြင်း ဥပဒေကတော့ အဲဒီလို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူးဆိုထားပါတယ်။ အဲဒီအပေါ်မှာ အန်ကယ့်အနေနဲ့ ဥပဒေကြောင်းလမ်းအရ ဘယ်လို မြင်ပါသလဲ။

''နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတာ မရှိဘူး။ နိုင်ငံရေး အကျဉ်းသား ဆိုတာကိုတောင် လက်မခံသလို၊ ထောင်ကျ အကျဉ်းသားတောင် ပါတီဝင်ခွင့် မရှိဘူး။ ထောင်ကျနေပေမယ့် ပါတီက တာဝန်ပေးထားတယ်ဆိုရင်လည်း မရဘူး။ အဲဒီလို လူတွေကို ပါတီထဲ ထည့်ထားလို့ မရဘူး။ ထောင်ကျနေတဲ့ အကျဉ်းသားတွေက အယူခံတက်တာတို့ဘာတို့ ဆိုတာက ဒေါ်အောင်ဆန်းစုကြည်က ၃ နှစ်ကနေ၊ ၁ နှစ်ခွဲ ချထားတယ်။ အဲဒါ ၁ နှစ်ခွဲ ချထားသူတယောက်ဟာ သူဘယ်လိုနည်းနဲ့မှ ဝင်ခွင့် မရနိုင်ဘူး။ အယူခံတက်မယ်၊ တက်တဲ့ ကာလအတွင်းမှာ ပါတီထောင်မယ်၊ ပါတီစာရင်းတွေ သွင်းပြီးသွားပြီ၊ ပါတီထောင်ပြီးသွားပြီ၊ ရွေးကောက်ပွဲ ဝင်ပြီးသွားပြီဆိုရင် သူ့အနေနဲ့ ရွေးကောက်ပွဲကို ဝင်လို့ မရတော့ဘူး။ အယူခံ နိုင်ခဲ့ရင်လည်း ရွေးကောက်ပွဲဝင်လို့ မရတော့ဘူး။ အဲဒီလို ကန့်သတ်လိုက်တယ်''

၁၉၉ဝ ခုနှစ် ရွေးကောက်တုန်းက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ လက်ရှိ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ ဘယ်လိုမျိုး ကွားခြားချက် ရှိပါသလဲ။

''၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ဥပဒေတုန်းက ထောင်ကျအကျဉ်းသားတွေ ရွေးကောက်ပွဲ မဝင်ရဆိုတာ မပါဘူး။  ပါတီဝင် မဖြစ်ရဘူးဆိုတာ မပါဘူး။ ထောင်ကျနေတဲ့သူက ရွေးကောက်ပွဲ ဘယ်လိုလုပ် ဝင်လို့ရမှာလဲ။ ၂ဝ၁ဝ မှာ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေထဲမှ အယူခံ တင်ထားသူတိုင်း မဝင်ရဘူးဆိုတာက သူ့ရည်ညွှန်းချက်က ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွန်းတဲ့သဘော သက်ရောက်နေတယ်။ ပါတီထောင်လို့ မရဘူး။ နောက်တခါ ပါတီထောင်လို့ ရှိရင်လည်း ၃ မြို့နယ် ပါဝင်ရမယ်။ မြန်မာပြည် တပြည်လုံးဆိုရင် လူ ၁ဝဝဝ လက်မှတ် ရှိရမယ်။ ပြည်နယ်တခုမှာ ဝင်ပြိုင်မယ်ဆိုရင် လူဦးရေ ၅ဝဝ ရှိနေရမယ်ဆိုတဲ့ ဝန်ခံချက်တွေ ပေးရမယ်။ အရင် ရွေးကောက်ပွဲ ဥပဒေတို့၊ အရင် ကော်မရှင်တို့ထက် စာရင် အခုရွေးကောက်ပွဲ ဥပဒေနဲ့ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေက ပိုပြီးတော့ တင်းကျပ်မှုတွေ ပိုများလာတယ်။ အချက်အလက်တွေ ပိုများလာတာကို တွေ့ရတယ်''

ဥပဒေကြောင်းလမ်းအရ အခုထုတ်ပြန်တဲ့ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေက တရားမျှတမှု ရှိပါသလား။

''ဒီဥပဒေက ဒီမိုကရက်တစ် လမ်းကြောင်းပေါ် သွားနေတဲ့  ရွေးကောက်ပွဲ ပုံသဏ္ဍန်တော့ မပေါ်ပေါက်နိုင်ဘူးလို့ ခန့်မှန်းလို့ ရတယ်။ အခုထွက်လာမှတင် ခန့်မှန်းတာ မဟုတ်ပါဘူး။ ၂ဝဝ၈ ဖွဲ့စည်းအရ ကိုယ်၌ကိုက ဒီမိုကရက်တစ်လမ်းကို သွားနေတယ်လို့ ပြောလို့ မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင် တစုကနေပြီးတော့ သူ့အာဏာကို ပုံသဏ္ဍန် တမျိုးမျိုးနဲ့ ယူနီဖောင်း ဝတ်ကနေပြီးတော့  အရပ်ဝတ် ဝတ်ပြီးတော့ မရ၊ ရအောင် ဒေါင့်စုံ၊ ဘက်စုံကနေပြီးတော့ ချုပ်ကိုင်ထားမယ်ဆိုတဲ့ပုံ ပေါ်တာပေါ့နော်''

ပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွေထုတ်ပြန်ထားတဲ့ အခန်း၂ ၊ ပုဒ်မ ၆ မှာ ပါတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ ခင်ဗျာ။

''ပုဒ်မ ၆ က ဥပဒေနဲ့ မညီညွတ်ဘူး။ နိုင်ငံသားတယောက်ပဲ သူထောင်ကျနေလို့ ပါတီထဲ မဝင်ရဘူးလို့ ဖော်ပြတဲ့ ဟာကလည်း ဒီပါတီနဲ့ဆိုင်တဲ့ ကိစ္စတရပ်ပဲ။ ဒီဟာက ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်နဲ့ဆိုင်တဲ့ ကိစ္စရပ်မှ မဟုတ်ဘဲနဲ့။ သူ့ပါတီမှာ ထောင်ကျနေတဲ့ သူတယောက်ကို ပါတီဝင်အဖြစ် အသိအမှတ် ပြုရင်ပြုထားမှာပေါ့။ အဲဒီလို အသိအမှတ် မပြုရဘူးဆိုတာက ဘယ်လိုလုပ်ပြီး ဥပဒေနဲ့ ညီတယ်လို့ ဘယ်လို့ ပြောလို့ ရမှာလဲ''

ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပါဝင်တဲ့ အကျဉ်းကျခံနေရတဲ့ ပါတီဝင်တွေကို ပါတီတွင်းမှာ အဖွဲ့ဝင်အဖြစ် ဆက်ထားမယ်ဆိုရင် မတရားအသင်း ကြေညာမယ်ဆိုတဲ့ အချက်အပေါ်မှာရော ဘယ်လို မြင်ပါသလဲ။

''မတရားအသင်းဆိုတာကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အဖွဲ့အစည်းမှန်သမျှ မတရားအသင်း ထည့်မှာပဲလေ။ လက်နက်ဆွဲကိုင်တဲ့ သူပဲဖြစ်ဖြစ်၊ အစိုးရကို ပုန်ကန်တဲ့သူပဲ ဖြစ်ဖြစ်ပေါ့။ ထုတ်ပြန်ထားတဲ့ ရက်ပေါင်း ၉ဝ အတွင်းမှာ ပါတီထောင်ဖို့ စီစဉ်ရင် စီစဉ်၊ မစီစဉ်ဘူးဆိုရင် တရားဝင်ပါတီ အဖြစ်မှ ဖျက်သိမ်းပစ်မယ်။ ပါတီဖြစ်အောင် ထောင်ရင်ထောင်၊ ဒါမှမဟုတ် မထောင်ရင်လည်း ထောင်လက်စ ပါတီအဖြစ်ကနေ ပါတီအဖြစ် အကျုံးမဝင်တော့ဘူးဆိုတဲ့ သဘော သက်ရောက်မှာပေါ့။ ရွေးကောက်ပွဲကိုလည်း အနည်းဆုံး ၃ မြို့နယ်မှာ အမတ်လောင်းအဖြစ် ဝင်ရမယ်။ ၃ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘူးဆိုရင် ရွေးကောက်ပွဲ ဝင်ခွင့်မရှိဘူးဆိုတာ ပါတယ်။ အဲဒီဟာတွေက တသီးပုဂ္ဂလတောင်မှ ဝင်လုပ်ဖို့၊ သူ့ကို ကြိုက်လို့ ရွေးချင်တောင်မှ ပါတီတရပ်အနေနဲ့ ၃ မြို့နယ် ဝင်ရမယ်လို့ သတ်မှတ်ထားတဲ့အတွက် အရွေးခံမယ့် သူတွေအနေနဲ့ ဘယ်လို လုပ်မလဲ။ အဲလိုလူတွေအတွက် စဉ်းစာရမယ့် အနေအထား ဖြစ်နေတယ်။ ပါတီအနေနဲ့ ထောင်တားရင်ပဲဖြစ်ဖြစ်၊  ထောင်မယ်ဆိုရင်ပဲဖြစ်ဖြစ် ရွေးကောက်ပွဲဝင်မယ့် ရည်ရွယ်ချက် ဖြစ်ရမယ်။ ရွေးကောက်ပွဲ မဝင်ဘဲနဲ့လည်း နိုင်ငံရေးပါတီ ထောင်လို့ မရဘူးဆိုတဲ့ သဘော ဖြစ်နေတယ်''

အတိုက်အခံ ပါတီကြီးဖြစ်တဲ့ NLD မှာ နိုင်ငံရေးကြောင့် အကျဉ်းကျနေရတဲ့သူတွေ ပါနေတယ်ဆိုတော့ အကျဉ်းကျခံရတဲ့သူတွေ ထုတ်ပယ်ရမယ်ဆိုတဲ့ အချက်အပေါ်မှာ ဘယ်လိုရှုမြင်ပါသလဲ။

''နိုင်ငံရေးပါတီဆိုတာက နိုင်ငံရေး လုပ်ဖို့ပဲလေ။ နိုင်ငံရေးပါတီဆိုတာက နိုင်ငံရေးလုပ်ဖို့ပဲလေ၊ နိုင်ငံရေးပါတီက သူရဲ့ နိုင်ငံရေး လုပ်ဆောင်ရမယ့်သူ၊ သူနဲ့ ပတ်သက်တဲ့သူ၊ သူရွေးချယ်ထားတဲ့သူ၊ သူ ပါတီဝင်အဖြစ်နဲ့ ရပ်တည်သင့်တဲ့သူ ဖြစ်ရင်လည်း၊ ထောင်ကျနေရင်လည်း၊ သူ့ပါတီတွင်းမှာ ရှိနေသကဲ့သို့ တာဝန်ကျေအဖြစ် သတ်မှတ်ပြီးတော့ သူ့သဘောထားတာက သူ့ပါတီတွင်း ရပိုင်ခွင့်ပဲလေ။ ပါတီတွင်း ရပိုင်ခွင့်ဟာ  ရွေးကောက်ပွဲ ကိုယ်စားလှယ် ရွေးကောက်နည်းနဲ့ ရွေးချယ်သတ်မှတ်မယ်ဆိုရင် ဒါ သဘာဝ မကျဘူးလို့ပဲ ပြောချင်ပါတယ်''

လက်ရှိ ထုတ်ပြန်ထားတဲ့ ကြေညာချက်အပေါ် နိုင်ငံတကာက လက်ခံနိုင်မယ့် အနေအထား ရှိလား ခင်ဗျာ။

''ဒီဟာက ချုပ်ချယ်ကန့်သတ်မှု များလွန်းတဲ့ ဥပဒေလို့ ပြောလို့ရှိရင် မမှားပါဘူး။ နိုင်ငံတကာ လက်ခံနိုင်လောက်တဲ့ အနေအထားတော့ ပေါ်ပေါက်မယ် မထင်ပါဘူး။ ဘာကြောင့်မို့လဲဆိုတော့ နိုင်ငံတကာက ပြောနေတာတွေ ရှိတယ်။ ဘန်ကီမွန်း (ကုလအတွင်းရေးမှူးချုပ်) က ပြောထားတာက အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတာက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမယ်ဆိုတာ ပါတယ်။ အခုဟာက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မှ မလွှတ်ပေးသေးတာ။ လွှတ်ပေးမယ်ဆိုရင်တောင် ကပ်ပြီးလွှတ်ပေးမယ်ဆိုရင် ရွေးကောက်ပွဲဝင်မယ့် အခြေအနေ ဘယ်လိုမှ မမီနိုင်ဘူး''
 
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၀ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၂၁ မိနစ်

Sunday, February 21, 2010

ချုပ်ကိုင်တာ မဟုတ်ပါဘူး၊ သိပ်ခံရတဲ့အတွက် ချိန်ချိန်ဆဆ လုပ်ရတဲ့ သဘောတွေပါဗျာ


အင်တာဗျူး
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၀ ပြန်လည်လွတ်မြောက်လာသည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေပိုင်းက တွေ့ရသည့် ဦးတင်ဦး
နေအိမ်အကျယ်ချုပ်ကျနေချိန်မှာ ဥရောပ ဘောလုံးပွဲတွေကို တီဗွီကတဆင့်ကြည့်တယ်၊ ဘ၀အတွေ့အကြုံ မှတ်တမ်း ရေးတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦးက ဘီဘီစီ အသံလွှင့်ဌာနကို စနေညက ပြောပါတယ်။ စစ်အစိုးရရဲ့ အနိုင်ကျင့်၊ အသက်အန္တရာယ်ပြုတာတွေ ရှိပေမယ့် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးလိုတယ်လို့လည်း ပြောပါတယ်။ စစ်အစိုးရ ထုတ်ပြန်ဖွယ်ရှိတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို လေ့လာဖို့ စောင့်ဆိုင်းနေတယ်လို့လည်း ဆိုပါတယ်။ ဘီဘီစီက ထုတ်လွှင့်သွားတဲ့ ဦးတင်ဦး ရဲ့ ပြောကြားချက်တွေကို မိုးမခ အင်တာနက် စာမျက်နှာ ရောက်လာသူများ ဖတ်ရှုနိုင်ဖို့ ပြန်လည် စာစီပြီး ဖော်ပြပေးလိုက်ပါတယ်။ ဦးတင်ဦးက သူ အထိန်းသိမ်းခံနေရတဲ့ ကာလ ၆ နှစ်ကို ဘယ်လို ကျော်ဖြတ်ခဲ့သလဲ ဆိုတာ ပထမဆုံး ပြောပြပါတယ်။

ကျနော်က ဗုဒ္ဓဘာသာဝင် ဖြစ်တော့ဗျာ ရတနာသုံးပါးကို အထူး ကိုင်းရှိုင်းရတော့တာပေါ့။ နောက်ပြီးတော့လည်း ဗုဒ္ဓရဲ့ ပဌာန်းတို့၊ ပရိတ်ကြီး ၁၁ သုတ်တို့ ၊ ဓမ္မစကြာတို့ - -  - စသဖြင့်ပေါ့ဗျာ၊ အဖမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ထိန်းသိမ်းခံနေရတဲ့ ဒီမိုကရေစီ အင်အားစု အားလုံး အမြန်ဆုံး လွတ်ကြပါစေ၊ အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးနိုင်ကြပါစေ၊ ဘုရားကု ကုတယ်ပေါ့ဗျာ၊ နောက်တော့လည်းပဲ just to kill the time (အချိန်ကုန်အောင်) ပေါ့ဗျာ ကျနော်က ငယ်ငယ်တုန်းက ဘောလုံးသမား ဆိုတော့၊ ဘောဝါသနာပါတော့ ဘောလုံးပွဲတွေကို မလွတ်တမ်း ကြည့်တယ်ဗျ။  ပရီမီယာလိဂ် ကြိုက်တဲ့ပွဲတွေကို ကြည့်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်တို့၊ ချယ်လ်ဆီးတို့၊ အာဆင်နယ် တို့၊ လီဗာပူတို့ စသဖြင့်ပေါ့။ နောက် - အများတိုက်တွန်းလို့၊ ကျနော့်မိသားစုက တိုက်တွန်းလို့ ကိုယ့်ရဲ့ အကျိုးအကြောင်းလေးကိုလည်း ရေးဖြစ်တယ်ဗျ။ စာအုပ်လည်း ကျနော်ထင်တယ် အုပ် နှစ်ဆယ်၊ အစိတ်လောက်တော့ ရေးထားတာပဲ။ စာအုပ်စာတမ်းတွေ ဖတ်ပါတယ်ဗျာ၊ အခါအားလျော်စွာ ပေါ်လာတဲ့ စာအုပ်တွေပေါ့။

၂၀၀၇ ခုနှစ် သံဃာဦးဆောင်တဲ့ လှုပ်ရှားမှုကြီးမှာ NLD ရဲ့ ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ အားမရကြတဲ့သူတွေ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဦးတင်ဦးရဲ့ အမြင်ကို သိချင်ပါတယ်။

သိတဲ့ အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်ကလည်း အနှောင်အဖွဲ့ ခံနေရတဲ့အချိန်၊ ကျနော်ကလည်း အနှောင်အဖွဲ့ ခံနေရတဲ့အချိန်မှာ ကျန်နေတဲ့သူများက အဖွဲ့ချုပ်ကြီးကို မားမားမတ်မတ် ရပ်နိုင်အောင်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့ အချိန်မှာ ကောင်းကောင်း ရပ်တည်နိုင်အောင် ဆောင်ရွက်ရတဲ့ ကိစ္စတွေလည်း ရှိတော့ ထိန်းထိန်းသိမ်းသိမ်း ချိန်ချိန်ဆဆနဲ့ လုပ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နယ်တွေ နယ်တွေမှာက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေက ဒေသအလိုက် အထိုက်အလျောက် ဆောင်ရွက်ကြတာတွေကို အဖွဲ့ချုပ် အနေနဲ့ ဒီအတိုင်းအတာအနေနဲ့ ဆောင်ရွက်တာကို ကျေနပ်နှစ်သက်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး ထိန်းသိမ်းခံထားရလို့  NLD မှာ ဗဟိုချုပ်ကိုင်မှု ပိုများလာတယ်လို့ ပြောသံ ကြားရပါတယ်။ ဒါမျိုးက အခုခေတ် အခုအခြေအနေနဲ့ရော သင့်တော်ပါရဲ့လား။

ချုပ်ကိုင်တာ မဟုတ်ပါဘူး၊ အပြင်မှာက ဘာလေးပဲဖြစ်ဖြစ် တခုခု လုပ်လိုက်လုပ်လိုက် အဖွဲ့ချုပ်ဝင်တွေဟာ ပြင်းထန်တဲ့ အနှောင်အဖွဲ့ အထိန်းအသိမ်း အချုပ်အနှောင် ဒါတွေ သိပ်ခံရတဲ့အတွက် ချိန်ချိန်ဆဆ လုပ်ရတဲ့ သဘောတွေပါဗျာ။ သူတို့ဟာ အကောင်းဆုံး အတတ်နိုင်ဆုံး လုပ်ကိုင်ကြတယ်လို့ပဲ ကျနော် ယုံကြည်ပါတယ်။

ဦးတင်ဦး အကျယ်ချုပ်က လွတ်လွတ်ချင်းမှာပဲ NLD ရွှေဂုံတိုင် ကြေညာစာတမ်းကို ကိုင်စွဲသွားမယ်လို့ ပြောခဲ့ပါတယ်။ စစ်အစိုးရကလည်း ဒီနှစ်ထဲ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာထားပြီးပါပြီ။ ဒီတော့ နှစ်ဘက် အဆင်ပြေဖို့ ဖြစ်လာပါ့မလား။ တခြား ရွေးချယ်စရာရော ဘာတွေများ ရှိပါသေးသလဲ။

ဒါကလည်း ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ စကား ရှိပါတယ်၊ အချိန် မကျသေးဘူး၊ အချိန်မကျသေးဘူး လို့ သူ ပြောလိုက်ပါတယ်။ ခု လောလောဆယ်မှာတော့ ရွှေဂုံတိုင်စာတမ်းနဲ့ ပတ်သက်တဲ့အပိုင်းမှာပဲ ခိုင်ခိုင်မာမာ ရပ်တည်ထားရတဲ့ အနေအထားလို့ ကျနော်တို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သက်ဆိုင်ရာ အကြီးအကဲများနဲ့ တွေ့ပြီးတော့ ဆွေးနွေးချင်ပါတယ်၊ ဒါတွေ ရှိတယ်၊ အဲဒါကြောင့် ကြေကြေလည်လည် ဆွေးနွေးလိုက်ရင်တော့ ဒီပြဿနာဟာ ချောချောမောမောနဲ့  ပြေပြေလည်လည် ဖြစ်သွားစရာ အကြောင်း ရှိတယ်လို့ ကျနော် မြင်ပါတယ်။

တွေ့ဆုံဆွေးနွေးတဲ့အဆင့် ရောက်အောင်လို့ ဘယ်လိုနည်းလမ်းနဲ့ သွားရင် အကောင်းဆုံး ဖြစ်မလဲ။

ကျနော်တို့က အဖြေတခုကိုတော့ တိုင်းပြည်ကို ပြောရမယ် ဆိုတာကို သဘောပေါက်ပါတယ်။ ပြောရမယ့်ဟာလည်း လောလောဆယ် သူတို့ဘက်ကလည်း ဒီနေ့အထိ သိတဲ့အတိုင်းပဲ ရွေးကောက်ပွဲဥပဒေတို့၊ ဒါနဲ့ပတ်သက်တဲ့ စည်းမျဉ်းတို့၊ ပါတီများမှတ်ပုံတင်ခြင်း (ဥပဒေ)တို့က ဘာမှ မထွက်သေးတော့  ဒေါ်အောင်ဆန်းစုကြည် ပြောနေတဲ့ အချိန် မကျသေးဘူး ဆိုတဲ့ မူဟာ လောလောဆယ်မှာတော့ လျော်ကန်သင့်မြတ်တယ်လို့ ကျနော်က ဒီလိုပဲ ပြောရတော့မှာပဲ။

ဦးတင်ဦးက ကာကွယ်ရေးဦးစီးချုပ်ဟောင်းအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးတော့ အခု လွတ်လာတဲ့အခါမှာ စစ်ခေါင်းဆောင်ပိုင်းနဲ့ ဆက်ဆံရေး ပိုကောင်းလာမယ့် အနေအထားရော ရှိပါသလား။

ဆွေးနွေးဖို့ ပြောလာတာ အခုမှ မဟုတ်ဘူး၊ ၁၉၈၈ ခုနှစ်ကတည်းက ပါပဲ။ ကျနော်တို့က ဆွေးနွေးဖို့ဟာကို တစိုက်မတ်မတ် ရပ်တည်နေပါတယ်။

အနှစ် ၂၀ လုံးလုံး စေ့စပ် ဆွေးနွေးဖို့ ပြောလာတာ အခုအချိန်မှာရော အောင်မြင်မယ့် အနေအထားမျိုး တွေ့ရပါသလား။

စေ့စပ် ဆွေးနွေးတဲ့လမ်း မဟုတ်ရင် ဘယ်လိုနည်းလမ်းနဲ့ လုပ်မလဲလို့ ခင်ဗျားတို့ ထင်သလဲ၊ ဆူရမလား ပူရမလား ဘယ်လိုလဲ၊ အကြမ်းဖက်တာကိုတော့ အစကတည်းက အဖွဲ့ချုပ်က မူ မဟုတ်တော့၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်းပဲ ငြိမ်းချမ်းရေးကို နည်းမျိုးစုံနဲ့ မျှော်မှန်းတဲ့ ခေါင်းဆောင် ဆိုတော့ကာ ကျနော်တို့က ဆွေးနွေးတဲ့ နည်းလမ်းပဲ လုံးပမ်းရမှာပဲ။

ဦးတင်ဦးရော၊ ဒေါ်အောင်ဆန်းစုကြည်ရော ဒီပဲယင်း အရေးအခင်း အပြီးမှာ ထိန်းသိမ်းခံရတာပါ၊ ဒီပဲယင်းကိစ္စအပေါ် ဘယ်လို သုံးသပ်ပါသလဲ။ နိုင်ငံရေးအရ လုပ်ကြံမှုတခုလို့ ယူဆပါသလား။

ဒီလိုပြောရင် အဖြေ ပေါ်မယ် ထင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရသတ္တိ၊ ဓမ္မသတ္တိ ပြည့်တဲ့ ခေါင်းဆောင်ဗျ။ ဒီပဲယင်းမှာ သူဟာ အသက်လုပြီးတော့ ကံကောင်းထောက်မလို့ လွတ်လာတယ်ပေါ့ဗျာ၊ ကျနော်လည်း အလားတူပဲ၊ ကျနော်ကတော့ သူ့လောက် အရေးမကြီးပါဘူး။ ညောင်နှစ်ပင်ညီလာခံ တက်ဖို့ ဖြစ်လာတော့ သူနဲ့ ကျနော်တို့ CEC (အဖွဲ့ချုပ်ခေါင်းဆောင်များ) တွေ့ခွင့်ရတယ်၊ သူပြောတဲ့ စကားက အင်မတန် ကောင်းပါတယ် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တလုံးတပါဒမှ ကျမ မပြောတော့ပါဘူး၊ ဟိုဘက်က လူတွေနဲ့ ဆွေးနွေးတယ်၊ အဲဒီတုန်းက ဗိုလ်ချုပ်သန်းထွန်းတို့၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်တို့ ပြီးတော့ ထောက်လှမ်းရေးပိုင်းက ပုဂ္ဂိုလ်တွေ ပါကြတယ်။ ဒီပဲယင်းကိစ္စနဲ့ ပတ်သက်တာ အားလုံးကို ဘာမှ မပြောတော့ဘူး၊ ရှေ့ဆက် နိုင်ငံအတွက် အကျိုးရှိရာ ရှိကြောင်း၊ ကြီးပွားရာ ကြီးပွားကြောင်း လုပ်ဖို့ ဒီလိုတော့ ပြောလိုက်တယ်။ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွတ်ပေးပါ၊ နယ်မှာ ပိတ်ပင်ထားတဲ့ အဖွဲ့ချုပ်ရဲ့ လုပ်ငန်းတွေ အားလုံးကို ဖွင့်ခွင့် ပေးပြီးတော့ ပါတီ တခု အနေနဲ့ ဆောင်ရွက်စရာကိစ္စ အ၀၀ လုပ်ဖို့ရယ် နောက်ပြီး ဆက်လက်အဖြေရှာဖို့ကိစ္စ ဒါကတော့ ညောင်နှစ်ပင်မှာ ပြောမယ်ဆိုရင်လည်း ညောင်နှစ်ပင်(ညီလာခံ)တက်ပြောမယ် ပေါ့ဗျာ၊ ဒီသဘောလေးတွေ ပြောလိုက်တော့ လာရောက်တဲ့ ပုဂ္ဂိုလ်တွေက အင်မတန် ၀မ်းသာတယ်၊ ၀မ်းသာလိုက်တာဆိုပြီးပြန်သွားတဲ့အကြောင်းကို ကျနော်တို့ကို ရှင်းပြတော့ ကျနော်တို့ သိတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးအကျဉ်းသားတွေတော့ လွတ်လာတော့မှာပဲ ဆိုပြီးတော့ ဦးအောင်ရွှေက ခေါင်းဆောင်ပြီးတော့ ညီလာခံတက်မယ်၊ ဘယ်သူတွေတက်မယ် ဆိုပြီးတော့ စာရင်းတွေ ရေးထားလုပ်ထားတယ်။ အဲဒီလို ၀မ်းပမ်းတသာနဲ့ လုပ်ကြတာပဲဗျ။ ဒါပေမယ့် နောက်ပိုင်းကျတော့ ဒါမဟုတ်ပြန်ဘူး ဆိုပြီး ပြောပြီးတော့၊ နောက်ပိုင်း တက်ချင်လဲနေ မတက်ချင်လည်း သဘောပဲ ဆိုပြီးတော့၊ တက်ရင်လည်း ကျနော်တို့ အားလုံးက အချုပ်အနှောင်နဲ့ နိုင်ငံရေးသမား ဆိုရင်လည်း အချုပ်အနှောင်နဲ့ တက် ဆိုတဲ့သဘော အဲဒီလိုဟာလေးတွေက ဖြစ်ခဲ့တယ်ဗျ။ 
မူရင်း ။  ။ မိုးမခ