Tuesday, August 24, 2010

လူ့အခွင့်အရေး ကိုယ်စားလှယ် ကုလညီလာခံမှာ အစီရင်ခံစာ တင်သွင်းဖို့ ပြင်ဆင်

ရှေ့လထဲ ကျင်းပတော့မယ့် ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မြန်မာနိုင်ငံ အရေးကို သေသေချာချာ ဆွေးနွေးလာနိုင်ချေရှိပြီး နှစ်ပေါင်းများစွာ ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချ အတည်ပြုပေးနေတဲ့ အဆင့်ထက် ဒီတခါမှာ ပိုလာနိုင်တယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ ကင်တားနားဟာ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ တွေ့ရှိချက်တွေကို တင်သွင်းနိုင်ဖို့အတွက် သြဂုတ်လထဲမှာ မြန်မာနိုင်ငံကို စတုတ္ထအကြိမ်မြောက် သွားရောက်ဖို့ ကြိုးစားခဲ့ပေမဲ့ မြန်မာစစ်ခေါင်းဆောင်တွေက ရွေးကောက်ပွဲကြောင့် တာဝန်ရှိသူတွေ အလုပ်ရှုပ်နေတယ်လို့ အကြောင်းပြပြီး ၀င်ရောက်ခွင့် မပေးခဲ့ပါဘူး။ ဒါကြောင့် သြဂုတ်လ ဒုတိယပတ်ထဲမှာ ထိုင်း၊ မြန်မာ နယ်စပ်ဒေသတွေနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်သစ်တွေ စုဆောင်းဖို့အတွက် သွားရောက်ခဲ့တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို အရင်သီတင်းပတ်တွေက ကျနော် သွားခဲ့ပါတယ်။ သွားရတဲ့ အကြောင်းတွေထဲမှာ တခုက အောက်တိုဘာလထဲမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစောင် တင်သွင်းရမှာမို့ပါ။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ကျနော် အတိအကျ အခု ထုတ်ပြီး မပြောနိုင်ပေမဲ့ အောက်တိုဘာလ ၂၀ မှာ တင်သွင်းတဲ့ အခါမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ဘာပြဿနာတွေကို တင်ထားတယ် ဆိုတာကို သိလာကြမှာပါ။”

မစ္စတာ ကင်တားနားဟာ မတ်လတုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို တင်သွင်းခဲ့ပြီး မြန်မာစစ်အစိုးရဟာ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်နိုင်ချေ ရှိတာမို့ ကုလသမဂ္ဂကနေ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးပေးဖို့ အကြံပြုခဲ့ပါတယ်။ ဒီအကြံပြုချက်နဲ့ ပတ်သက်ပြီး စုံစမ်းရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ လိုအပ်တဲ့ အခြေအနေတွေကို မေးကြည့်ပါတယ်။

“စုံစမ်းရေး ကော်မရှင်ဖွဲ့ ထူထောင်နိုင်ဖို့အတွက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ဆွေးနွေး ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေကလည်း စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့နိုင်ဖို့ ကိုးကားနိုင်တဲ့ အချက်အလက်တွေ ရဖို့လိုပါတယ်။ ဒီအချက်တွေ ရပြီဆိုရင် အခြေအနေကို သုံးသပ်ပြီး သီးခြား လုပ်ပိုင်ခွင့်အာဏာ သတ်မှတ်ရပါတယ်။ ဒါတွေ အဆင့်ဆင့် လုပ်ဆောင်နိုင်ဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေ ကြားမှာ ဆွေးနွေးမှုတွေ လုပ်ဖို့လိုပါတယ်။”

ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး တင်သွင်းတိုင်း တရုတ်နဲ့ ရုရှားလို နိုင်ငံတွေက ပယ်ပယ်ချခဲ့တာမို့ အခု ၆၅ ကြိမ်မြောက် ညီလာခံကြီးမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အလားအလာ ဘယ်လိုရှိမယ် ထင်ပါသလဲလို့ မေးတဲ့အခါမှာတော့…

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကာလကြာရှည်စွာ ဖြစ်ပွားနေတဲ့အပြင် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ အချိုးဖောက်ခံနေရတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တင်ပြဖို့ အဖွဲ့ဝင်နိုင်ငံ တချို့က သေသေချာချာ စဉ်းစားနေတယ်လို့ ကျနော် သိရပါတယ်။ ဒါကြောင့် ဒီတခါမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးဖို့ တောင်းဆိုလာနိုင်တဲ့ အခွင့်ကောင်းတွေ ရှိနေတယ်လို့ ကျနော်ထင်တဲ့အပြင် နှစ်ပေါင်းများစွာ ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချ အတည်ပြုပေးနေတဲ့ အဆင့်ထက် ဒီတခါမှာတော့ ပိုမယ်လို့ ယုံကြည်ပါတယ်။”

လူ့အခွင့်အရေး ကိုယ်စားလှယ် တင်သွင်းခဲ့တဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ အဆိုကို ဗြိတိန်၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ သြစတြေးလျ၊ စလိုဗက်ကီးယား နိုင်ငံတွေအပြင် အခုနောက်ဆုံး အမေရိကန် နိုင်ငံကပါ ထောက်ခံလာခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအရ နိုင်ငံတနိုင်ငံရဲ့ အစိုးရတရပ်ဟာ နိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့၊ ကျူးလွန်နေသူတွေကို အပြစ်ပေးဖို့နဲ့ နောင် ဒါမျိုးမဖြစ်အောင် လုပ်ဆောင်ဖို့ တာဝန်ရှိသလို နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ အစိုးရတရပ်ကို ဒီအချက်တွေ လိုက်နာလာအောင် ၀ိုင်းပြီး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

နိုင်ငံတနိုင်ငံကို စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတင် မကဘဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ ဒါမှမဟုတ် ကုလသမဂ္ဂ အထွေထွေ ညီလာခံလို ကုလသမဂ္ဂ အဖွဲ့အစည်း တခုခုက စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ကို ထူထောင်နိုင်ခွင့်ရှိပြီး ဒီလို ထူထောင်နိုင်ဖို့အတွက် အဖွဲ့ဝင် နိုင်ငံတွေက အဆိုပြုဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီအဆိုပြုချက်ကို တရားဥပဒေအရ အရေးယူနိုင်၊ မယူနိုင် မဲခွဲ ဆုံးဖြတ်ဖို့လည်း လိုအပ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကတော့ ကုလသမဂ္ဂက မြန်မာအာဏာပိုင်တွေနဲ့ ထိတွေ့ ဆက်ဆံပြီး မြန်မာ့အရေးကို ကြိုးစားပြီး ဆောင်ရွက်ခဲ့ပေမဲ့ အခုထိ အရာမထင်တဲ့အတွက် စိတ်ပျက်မိကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လာမယ့် အထွေထွေ ညီလာခံကြီးမှာ တင်သွင်းဖို့အတွက် အစီရင်ခံစာ ရေးနေတယ်လို့ သြဂုတ်လ ၉ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး ပြောဆိုခဲ့ပါတယ်။

ဧပြီလ ၇ ရက်နေ့ကတော့ ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦး ဦးဆောင်တဲ့ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ကော်မတီက ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတစောင် တင်သွင်းဖို့ရှိတယ်လို့ မြန်မာအစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ရင်းမြစ်။ ။voanews.com

Monday, August 23, 2010

ရုပ်သံ လိုင်းသစ်များ ပုဂ္ဂလိက လုပ်ကိုင်ခွင့်ရ

မြန်မာနိုင်ငံတွင်း ထုတ်လွှင့်မည့် ရုပ်မြင်သံကြား လိုင်းသစ်များကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ၂ ဦးက လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။

ယင်းစီးပွားရေး လုပ်ငန်းရှင် ၂ ဦးမှာ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သူ ရွှေသံလွင် ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်း နှင့် Delta United အသင်းပိုင်ရှင် Premier Coffee Company ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းရင်တို့ ဖြစ်ကြောင်း သိရသည်။

mm-tv“ပြီးခဲ့တဲ့ မတ်လတုန်းက ရုပ်မြင်သံကြား လိုင်းသစ်တခုကို ပြန်ကြားရေးနဲ့ ပေါင်းပြီး အဓိက နိုင်ငံတကာ ပရိသတ်အတွက် ဆိုပြီး လွှင့်ခဲ့တယ်။ အခု လိုင်းသစ်က ရတနာပုံ တယ်လီပို့နဲ့ ရွှေသံလွင် ပေါင်းပြီး ပြည်တွင်း ပရိသတ်တွေ နိုင်ငံတကာ ရုပ်သံလိုင်း ကြည့်လို့ရအောင် အင်တာနက် စနစ်လိုင်းကနေ အခြေခံပြီး လွှင့်သွားမှာ”ဟု ရွှေသံလွင် မီဒီယာမှ တာဝန်ရှိသူ တဦးကပြော သည်။

နိုင်ငံတကာ ရုပ်မြင်သံကြား လိုင်းများအပြင် ပြည်တွင်း ရုပ်သံလိုင်းများပါဝင်ပြီး နေအိမ်အရောက် မြန်နှုန်းမြင့် ဖိုက်ဘာ ဆက်သွယ်ရေးစနစ်(Fiber To The Home ) FTTH အပေါ် အခြေခံပြီး ၀န်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့ မှ တာဝန်ရှိသူ တဦးက ပြောသည်။

FTTH စနစ်တွင် အင်တာနက်၊ တယ်လီဖုန်း၊ ရုပ်သံလိုင်း ၀န်ဆောင်မှု ၃ ခု ပါဝင်ကြောင်း သိရပြီး ရုပ်သံလိုင်း ၀န်ဆောင်မှုတွင် အခမဲ့ ရုပ်သံလိုင်း ၅ လိုင်း၊ အခပေး ရုပ်သံလိုင်း ၁၄ လိုင်း စုစု ပေါင်း ၂၉ လိုင်း ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

CNN ၊ MTV ၊ Star Movies အစရှိသည့် ရုပ်သံလိုင်းများကို ထိုင်းနိုင်ငံ ရုပ်သံလိုင်းအေဂျင်စီများမှ တဆင့် ၀ယ်ယူထားခြင်း ဖြစ်ပြီး နည်းပညာလိုအပ်ချက်များအား ရတနာပုံတယ်လီပို့ က ပံ့ပိုးပေးမည်ဟု ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူက ဆိုသည်။

မြန်မာနိုင်ငံ၏ မီဒီယာလုပ်ငန်းဖြစ်သော ဂျာနယ်ထုတ်ဝေခွင့်၊ FM ရေဒီယိုလိုင်းများနှင့် ရုပ်မြင်သံကြားလိုင်းများတွင် စစ်အစိုး ရနှင့် နီးစပ်သည့် ဆွေမျိုးများနှင့် စီးပွားရေးလုပ်ငန်းရှင်အများစုက လုပ်ကိုင်ခွင့်ရရှိထားသည်။

“ရုပ်သံလိုင်းတလိုင်း ယူပြီး ထုတ်လွှင့်သွားဖို့အစောကြီးကတည်းက အစီအစဉ်ရှိခဲ့တာ။ လိုင်းကတော့ ကျသွားပြီလို့ သိရ တယ်။ အခုလောလောဆယ် ဘယ်လိုပုံစံမျိုးကို သွားရမလဲဆိုတာကို စဉ်းစားနေကြတုန်း”ဟု Premier Coffee ကုမ္ပဏီပိုင်ရှင် ဦးထွန်းရင်နှင့် နီးစပ်သူတဦးက ပြောသည်။

ပြည်တွင်းဂျာနယ်တခု ဖြစ်သည့် Bi Weekly Eleven တွင်လည်း စားသောက်ကုန် လုပ်ငန်းများဆောင်ရွက်နေသည့် ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီတခုက ရုပ်သံလိုင်းသစ်တလိုင်း ထုတ်လွှင့်သွားမည်ဆိုသည့်သတင်းများ ထွက်ပေါ်နေသည်ဟု ရေးသား ထားသည်။

“ပြီးခဲ့တဲ့ လကတည်းက ရုပ်သံလိုင်းတွေ ချပေးလိုက်တာ၊ မြန်မာ့အသံနဲ့ ပေါင်းပြီးလွှင့်မှာဆိုပေမယ့် ပုဂ္ဂလိက ပေးလိုက်တာဆို တော့ ဘယ်လို ဖြစ်လာဦးမလဲ မသိသေးဘူး”ဟု သတင်းနှင့် ပြန်ကြားရေးဌာနမှ အရာရှိတဦးကပြောသည်။

ရုပ်သံလိုင်းသစ် တခုဖြစ်သော Myanmar International လိုင်းကို  ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန နှင့် ပူးပေါင်းကာ ရွှေသံလွင် ကုမ္ပဏီမှ မတ်လ ၃၁ ရက်နေ့က စတင် ထုတ်လွှင့်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင် ရုပ်သံလိုင်း ၄ ခု ရှိပြီး မြန်မာ့ရုပ်မြင်သံကြားကို ၁၉၈၀ ခုနှစ်၊ မြ၀တီ ရုပ်မြင် သံကြား ကို ၁၉၉၃ ၊ MRTV 3 ကို ၂၀၀၁ ခုနှစ်၊ MRTV 4 ကို ၂၀၀၄ ခုနှစ် တို့တွင် စတင်ထုတ်လွှင့်သည်။

ရင်းမြစ်။ ။ဧရာဝတီ

စစ်တပ်ပွဲချင်း အတူတူ

         ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပမည်ဟု စစ်အုပ်စုက ကြေညာလိုက်၏။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြုလုပ်မည့် ရွေးကောက်ပွဲ ဖြစ်သည်။

၁၉၉ဝ ပြည့် မေ ၂၇ ရက်က ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲနောက် နှစ်ပေါင်း ၂ဝ ကျော်အကြာတွင် ထပ်မံပြုလုပ်မည့် ရွေးကောက်ပွဲ ဖြစ်သည်။

၁၉၉ဝ   ရွေးကောက်ပွဲတွင် ပြည်သူ့ဘဏ္ဍာမှ ကျပ်ငွေ ၃၅ သန်း ၆ သိန်းကျော် သုံးစွဲခဲ့ကြ၏။ ရွေးကောက်ပွဲရလဒ်က နှစ်ပေါင်း ၂ဝ ကျော်တိုင် အကောင်အထည် ပေါ်မလာခဲ့။ ယခုတကြိမ် ထပ်မံ၍ ရွေးကောက်ပွဲတရပ်ကို ကျင်းပပြုလုပ်ရန် စစ်အုပ်စုက စီစဉ်နေပြန်သည်။

စစ်အုပ်စုက ကျင်းပခဲ့သည့် ၁၉၉ဝ ရွေးကောက်ပွဲနှင့် ယခုကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲ ၂ ရပ်ကို နှိုင်းယှဉ်ကြည့်လျှင်ပင် လွတ်လပ်မှု၊ တရားမျှတမှုများက မတူကွဲပြား ခြားနား၍နေ၏။

ကော်မရှင်

ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် (မဆလ) ပြည်သူ့လွှတ်တော်သည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့၌ ပုဂ္ဂိုလ် ၅ ဦး ပါ ကော်မရှင်အဖွဲ့ကို ရွေးချယ်ပေးခဲ့၏။ ဦးဘဌေး၊ ဦးစန်းမောင်၊ ဦးကျော်ညွန့်၊ ဦးစောကြာဒိုး၊ ဆရာချယ် စသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထိုပုဂ္ဂိုလ်များတွင် ဆရာချယ် တဦးသည်သာလျှင် မဆလပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်ပြီး ကျန်သည့် ပုဂ္ဂိုလ် ၄ ဦးက မဆလအုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းဆောင်နေကြသူများမဟုတ်ကြ။ အငြိမ်းစား အရာရှိဟောင်းကြီးများ ဖြစ်ကြသည်။ ဗိုလ်မှူးချုပ်ဟောင်းစောကြာဒိုးဆိုလျှင် ဝန်ကြီးချုပ်ဟောင်းဦးနုနှင့်အတူ ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရကို လက်နက်ကိုင်တော်လှန်ခဲ့ဖူးသည်။ အမြင်အရ ကော်မရှင်သည် လွတ်လပ်သည့် ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းထားသည်ဟု ဆိုနိုင်သည့် အခြေအနေဖြစ်သည်။ ကော်မရှင် ဥက္ကဋ္ဌကို ရွေးချယ်ရာတွင်လည်း ကော်မရှင်အဖွဲ့ဝင် ၅ ဦး အစည်းအဝေးမှ ဦးဘဌေးကို အများဆန္ဒနှင့် ရွေးချယ်တာဝန်ပေးခဲ့ခြင်း ဖြစ်၏။ ကော်မရှင်တွင် ဝန်ထမ်းဟူ၍ ထိုစဉ်က ကော်မရှင်ရုံးညွှန်ကြားရေးမှူး ဦးအေးမောင်သာလျှင် ကော်မရှင်အတွင်းရေးမှူးအဖြစ်နှင့် ပါဝင်ခဲ့သည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင်တွင် ပါဝင်ကြသည့်သူများ အားလုံးလိုလိုက စစ်အစိုးရ လက်အောက်တွင် တာဝန်ထမ်းဆောင်ဖူးသည့် ဝန်ထမ်းများ ဖြစ်ကြသည်။ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည်ပင် စစ်အစိုးရအဖွဲ့တွင် ဒုတိယတရားသူကြီးချုပ်တဦးအဖြစ်  ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ဤအတွက်ကြောင့် ကော်မရှင်လုပ်ငန်းများနှင့် ပတ်သက်၍ အဆုံးအဖြတ် ကိစ္စအချို့၌ ‘အထက်သို့ တင်ပြရမည်’ ဟု ကော်မရှင် ဥက္ကဋ္ဌက ထုတ်ဖော်ပြောနေခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ အကြိုကာလ

၁၉၉ဝ  ပါတီစုံ ရွေးကောက်ပွဲ ကျင်းပရန် ဦးဘဌေး ဦးဆောင်သည့် ကော်မရှင်သည် လုပ်ငန်းအစီအစဉ် ၂၆ ခုနှင့် အချိန်ဇယားကို ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစ၍ ထုတ်ပြန်ကြေညာပေးခဲ့၏။ ရွေးကောက်ပွဲမကျင်းပမီ ၁၅ လ နှင့် ၁၁ ရက် ကြို၍ အသိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၉ ရက်မှ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိ  ၅လ အချိန်ပေးခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပမည့်ရက် မတိုင်မီ နိုင်ငံရေးပါတီများဖွဲ့စည်းထူထောင်၍ စည်းရုံးခွင့်ကာလ ၁၅ လ မှ ၁၈ လ အထိ အချိန်ရခဲ့ကြသည်။ ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများကို ရွေးကောက်ပွဲ မကျင်းပမီ တနှစ်မျှ ကြိုတင်၍ တိုင်းပြည်သို့အသိပေး ထုတ်ပြန်ပေးခဲ့၏။ ၁၉၉ဝ ရွေးကောက်ပွဲ ကော်မရှင်သည် ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၁ဝ ရက်နေ့မှစ၍ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ၆ လခန့် ကြို၍ကြေညာပေးထားခဲ့ပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမည့် နေ့ရက်နှင့် ပြန်လည်၍ ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်များကိုလည်း ၄၈ ရက်မှ ၇၂ ရက်အထိ အချိန်ပေးခဲ့သည်။

ကိုယ်စားလှယ်လောင်းများမှ ကော်မရှင်သို့ တင်သွင်းရမည့် ရွေးကောက်ပွဲ ကုန်ကျစရိတ်ငွေမှာ ကျပ်တသောင်းဖြစ်ပြီး ခိုင်လုံသည့်မဲ ၂ဝရာနှုန်းနှင့် အထက် ရရှိပါက ငွေတသောင်းကို ပြန်၍ ထုတ်ယူခွင့် ရှိ၏။

ယခုကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကြည့်ပါက နိုင်ငံရေးပါတီများအဖြစ် မှတ်ပုံတင်ခွင့်ကို ၂ဝ၁ဝ  ပြည့်နှစ် မတ်လ ၈ ရက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်၍ မှတ်ပုံတင်ခွင့် ပြု၏။  နိုဝင်ဘာ ၇ ရက်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီများ၏ ဖွဲ့စည်းတည်ဆောက် စည်းရုံးနိုင်သည့် အချိန်ကာလက ၈ လမျှပင် မရှိ။

၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လ ၁၃ ရက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းရမည့် နေ့ရက်နှင့် အချိန်ကာလကို ထုတ်ပြန်၏။ သြဂုတ်လ ၁၆ ရက်မှ ၃၁ ရက်အတွင်း တင်သွင်းကြရမည်ဖြစ်သည်။ အချိန်က ၁၇ ရက်သာ ရ၏။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေဖြင့် ကော်မရှင်သို့ တင်သွင်းရမည့် ငွေက ကျပ်ငွေ ၅ သိန်း ဖြစ်သည်။ ရွေးကောက်ပွဲဝင်ကြမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးရန် ရရှိသည့် ကြားကာလက ၃ လပင် မပြည့်။ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ အတွက်ကမူ တစည နှင့် ကြံ့ဖွံ့ပါတီများမှလွဲ၍ ပါတီဖွဲ့စည်းတည်ထောင်မှု အခက်အခဲ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအမည် တင်သွင်းနိုင်ရေး အခက်အခဲ၊ မဲဆွယ်စည်းရုံးရေး အခက်အခဲ စသည့် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်နေရ၏။

မြို့ နယ်လွှတ်တော်

နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲဟူသည်က ပြည်သူ့လွှတ်တော်၏ ၇၅  ရာနှုန်းသော နေရာအတွက် ရွေးချယ်ကြရမည့် ရွေးကောက်ပွဲ ဖြစ်သည်။ ၁၉၉ဝ ရွေးကောက်ပွဲကဲ့သို့ ၁ဝဝ ရာခိုင်နှုန်း ရွေးကောက်ပွဲမဟုတ်။ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံတွင် ပြဋ္ဌာန်းထားသော ‘ပြည်သူ့လွှတ်တော်’ သည် လူဦးရေကို အခြေခံ၍ ဖွဲ့စည်းရမည်ဟု ဆိုသော်လည်း  မဲဆန္ဒနယ်မြေသက်မှတ်ရာ၌ လူဦးရေကို အခြေခံ၍ သတ်မှတ်ရမည့်အစား မြို့နယ်တခုချင်းအလိုက်  မဲဆန္ဒနယ်မြေသတ်မှတ်ပြန်သည်။ မြို့နယ်တခုချင်းစီက လူဦးရေ ထူထပ်သိပ်သည်းမှုချင်းက မတူ။ ဝေးလံသည့် တောင်တန်းဒေသရှိ မြို့နယ်၏ လူဦးရေနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းတို့ရှိ မြို့နယ်တမြို့နယ်ရှိ လူဦးရေချင်းကမတူ။

ဤတွင် လူဦးရေကို အခြေခံ၍ ဖွဲ့စည်းမည့် ‘ပြည်သူ့လွှတ်တော်’ ဟူသည့် အနှစ်သာရပျက်၍နေပြီ။ ဤသို့ မြို့နယ်တခု မဲဆန္ဒနယ်တခုဟူ၍ စတုတ်တိုက်ထားသည်မှာ စစ်အုပ်စုအတွက် ရည်ရွယ်ချက်ရှိသည်။ အသစ်ဖွဲ့စည်းခဲ့ကြသည့် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ထိုသို့ မဲဆန္ဒနယ်မြေများတွင် သွားရောက်၍ ဝင်ရောက်အရွေးချယ်ခံရန်မှာ မည်သို့မျှမဖြစ်နိုင်။ ဤအတွက် ထိုမဲဆန္ဒနယ်မြေများသည်  တစညနှင့် ကြံ့ဖွံ့အတွက် အသင့်ပြင်ထားပေးခြင်းသာဟု ဆိုရမည်။

နိုဝင်ဘာ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများအကြား ပြေးလမ်းက မညီ။ ‘ဝင်ချင်ဦးဟ … ရွေးကောက်ပွဲ’ ဟူ၍ပင် ညည်းရမလို ဖြစ်နေ၏။



မင်းဟန်  
ရင်းမြစ်။ ။mazzimaburmese.com

ရန်ကုန်တိုင်း စုပေါင်းရုံးမှ ဌာနအချို့ ပြည်လမ်းမပေါ်ရှိ ယခင်လွှတ်တော် အဆောက်အအုံသို့ ပြောင်းရွှေ့မည်



    ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဘဏ်လမ်းရှိ ရန်ကုန်တိုင်း စုပေါင်းရုံးတွင် ရုံးထိုင်လျက်ရှိသော ဌာနအချို့မှာ ဒဂုံမြို့နယ် ပြည်လမ်းမပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး (ယခင်လွှတ်တော် အဆောက်အအုံ)သို့ ပြောင်းရွှေ့ရုံး ထိုင်တော့မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

    ပြောင်းရွှေ့ရုံးထိုင်မည့် စုပေါင်းရုံးမှ ဌာနများမှာ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရုံး၊ ရန်ကုန်တိုင်း စည်ပင်သာယာရေး ဦးစီးဌာနတို့ဖြစ်ပြီး ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနလည်း ပါဝင်ကြောင်း သိရှိရသည်။

    စုပေါင်းရုံးတွင် ရုံးထိုင်ခဲ့သော ရန်ကုန်တိုင်းကော်မရှင် အဖွဲ့ခွဲရုံးလည်း လိုက်ပါပြောင်းရွှေ့ ရုံးထိုင်မည်ဖြစ်ပြီး ပြောင်းရွှေ့ရုံးထိုင်မည့်ရက်ကိုမူ အတိအကျမသိရှိသေးကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင်မူ အဆိုပါဌာနများ ပြောင်းရွှေ့ရန်အတွက် ရှင်းလင်းမှု လုပ်ငန်းများ ပြုလုပ်လျက်ရှိသည် ဟု သိရသည်။

    ယင်းဌာနများ လွှတ်တော်ရုံး သို့ ပြောင်းရွှေ့ရုံးထိုင်မည် ဖြစ်သည့်အတွက် ရန်ကုန်တိုင်းစုပေါင်းရုံးတွင် ရန်ကုန်တိုင်း တရားလွှတ်တော် နှင့် တိုင်းဥပဒေရုံးနှစ်ခုသာ ရုံးထိုင် ကျန်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ရင်းမြစ်။ ။first-11.com

Sunday, August 22, 2010

တရွေ့ရွေ့ဆိုရင်...တနေ့နေ့ကိုလည်းမြင်နိုင်တယ်



အချိန်တွေပြုန်းတီးသွားခဲ့ရတဲ့ လမ်းမမှာ
ရောင်စုံစိတ်ကူးတွေက တလက်လက်တရှရှ...

မိုးမဆုံး မြေမဆုံးတော့တဲ့ အသုံးအနှုန်းခံတပ်ကြီးထဲက
ကျည်ဆံတွေလို တသည်းသည်းရွာကျလာတဲ့ စကားလုံးတွေက
လေထဲ တွဲခိုပျံဝဲနေကြသလို
မြေကမ္ဘာအနှံ့ ရွှဲစို ပြန့်ကျဲနေကြတော့တယ်...

အလစ်အငိုက်ဆို လေစိမ်းတွေ တဟူးဟူးတိုက်တယ်....

တခါတခါ..နတ်သူရူးတွေရဲ့အလိုတော်ကျ လက်သီးရိုင်းတွေက
မှောင်မှောင်မည်းမည်းထဲက ဓားသွေးပြတတ်ကြတယ်...
 
တချို့ကပြောတော့လည်း...
မိုက်တယ်ဆိုတာ လွယ်ပါတယ်တဲ့..

ကျနော်တို့တတွေ...
ပြီးတော့...ခင်ဗျားတို့ကိုယ်တိုင်
ယဉ်ကျေးမှုတံခါးရွက်တွေကို အရိုးသားဆုံးနည်းနဲ့ တွန်းဖွင့်နိုင်ဖို့အတွက်
တမနက်လောက် ခက်ခက်ခဲခဲ ကြိုးစားကြည့်ခဲ့ကြဖူးသလား....
.
ငယ်ငယ်တုန်းက စစ်တိုက်တမ်းကစားသလိုမျိုး
တချက်ပစ်ရင် တယောက်မကသေတဲ့ ခေတ်ကြီးထဲမှာ
ရှင်သန်နေရမှုက ကောင်းဘွိုင်ကားတွေထဲက ဇာတ်ရံသာသာပါပဲ...

ခေတ်မီတိုးတက်လှတဲ့
တက်ကနိုလိုဂျီရဲ့ တန်ခိုးအာနုဘော်တွေအောက်မှာ
ကမ္ဘာဟာ တဖြေးဖြေးကျဉ်းမြောင်းလာခဲ့ပေမယ့်
တည့်တည့်မလျှောက်မချင်းတော့ ဘယ်ကိုမှမရောက်နိုင်ဘူး....

မိစ္ဆာလူရိုင်းတွေ အတ္တနဲ့ဒုန်းစိုင်းနေကြတဲ့ လမ်းမမှာတော့
မုန်တိုင်းက တဝုန်းဝုန်းတဒိုင်းဒိုင်း ခါးကိုင်းအောင် တိုက်နေခဲ့ဦးမှာပဲ...။         ။


ဆောင်းယွန်းလ
သြဂုတ် ၂၂၊ ၂၀၁၀