Friday, July 1, 2011

ကျွန်တော်တို့ လူမျိုးတွေ ကိုယ်ခံအားကောင်းပါတယ်လို့ အယူမလွဲသင့်တဲ့ နေရာ (၇) ခု


ယနေ့ခေတ်မှာ လူအများစုဟာ ကူးစက်ရောဂါတွေနဲ့ ပတ်သက်လို့ အထိုက်အလျောက် ဗဟုသုတ ရှိနေကြပြီလို့ ဆိုနိုင်ပါတယ်။ အကြမ်းဖျင်းပြောရရင် အစာမစားခင်နဲ့ အိမ်သာက အထွက်မှာ လက်ဆေးရမယ်ဆိုတာမျိုး၊ အစားအသောက်တွေကို ယင်မနားအောင် ကာကွယ်ရမယ် ဆိုတာမျိုး၊ ရေကို တစ်နည်းနည်းနဲ့ သန့်ရှင်းအောင် ပြုပြင်စီရင်ပြီးမှ သောက်သုံးရမယ် ဆိုတာမျိုး ကလေးတွေကအစ သိရှိနားလည်ကြပါတယ်။ ရောဂါပိုးတွေ ကိုယ်ထဲဝင်ရောက် ကူးစက်ခြင်း မခံရအောင် သန့်ရှင်းမှုတွေနဲ့ ကာကွယ်တားဆီးတတ် လာကြပါပြီ။

ဒါပေမဲ့ တုပ်ကွေး မဖြစ်ချင်ရင် အပြင်က ပြန်လာပြီးတိုင်း လက်ဆေးပြီးမှ ပါးစပ်တွေ နှာခေါင်းတွေကို ထိကိုင်ရမယ် ဆိုတဲ့ ကျန်းမာရေး အသိပညာ နည်းနည်း အဆင့်မြင့်မြင့်မျိုး ရှိသူတွေတောင် မသိသေးတဲ့ (သို့) သိသော်လည်း သန့်ရှင်းမှု ဂရုမစိုက်မိတဲ့ ရောဂါကူးစက်ခံရနိုင်သော နေရာများ ရှိနေပြီး အဲဒီနေရာတွေကနေ လူတွေဟာ အမှုမဲ့ အမှတ်မဲ့ ရောဂါတွေ ရနေကြတာကို ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အညစ်အကြေးတွေ၊ အမှိုက်တွေ၊ မြေကြီးတွေမှာ ရောဂါပိုးတွေ ပါရှိနေတာ သိကြလို့ ကိုင်ပြီးရင် လက်ဆေးကြပေမယ့် အောက်ပါ နေရာ (၇) ခုကို ထိတွေ့ပြီးရင်တော့ လူအများစုက လက်မဆေးတတ်ကြကြောင်း သုတေသနများအရ သိရှိရပါတယ်။

ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသူ တစ်ယောက်ဟာ နိုးထလှုပ်ရှားနေချိန် အတွင်း အချိန်တစ်မိနစ်တိုင်းမှာ ပျမ်းမျှ အရာဝတ္ထုမျက်နှာပြင် ၃၀ ခန့်ကို ကိုင်တွယ်ထိတွေ့ ဖြစ်နေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ အဲဒီအရာတွေထဲမှာ ထိတွေ့မှု အကြိမ်အများဆုံး လုပ်လေ့ရှိပြီး သန့်ရှင်းအဆင့်မြင့်လို့ ရောဂါပိုးတွေ မရှိလောက်ဘူးလို့ လူတွေ ထင်နေကြသော်လည်း တကယ်လက်တွေ့ စစ်ဆေးကြည့်တဲ့အခါ ရောဂါပိုးတွေ ပြည့်ကြပ်ညပ်နေအောင် ပေါများလွန်းတဲ့ အရာဝတ္ထု (၇) ခုကို လွန်ခဲ့တဲ့ ရက်ပိုင်းထုတ် Medical Virology ဂျာနယ်မှာ စာရင်းပြုစု ဖော်ပြထားပါတယ်။ ၄င်းတို့ကတော့……………

(၁) Menu ခေါ် ရနိုင်သော အစားအစာများ စာရင်းကတ်
စားသောက်ဆိုင်တွေမှာ ထားတဲ့ ညစ်ပတ်ပေရေနေပြီး လောင်းထားတဲ့ ပလတ်စတစ်တွေပါ ကွာနေတဲ့ မီနူးကတ်တွေကို မြင်ဖူးမှာပါ။ ဒါတွေကို ကိုင်ကြည့်ကာ မှာယူပြီး လက်မဆေးတော့ဘဲ စားသောက်တဲ့ အကျင့်ဟာ စွဲနေပြီ ဖြစ်ပါတယ်။ ဒီလို ကတ်ပြားတွေ ပေါ်မှာ ရောဂါပိုးပေါင်းများစွာ တည်ရှိနေတာကို ဆိုင်ပေါင်းများစွာမှာ လိုက်လံ သုတေသန ပြုချက်များ အရ တွေ့ရှိရပါတယ်။ အအေးမိတုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေဟာ အဆိုပါ မီနူးကတ်ပြားတွေ အပေါ်မှာ ရောဂါရှိသူ ချောင်းဆိုးနှာချေခြင်းတွေ ကနေ ပျံ့လွင့်လာကာ ၁၈ နာရီကြာအောင် ရှင်သန်ပေါက်ပွားနေနိုင်သလို အခြား ရောဂါများ ဖြစ်စေတဲ့ ဘက်တီးရီးယား မျိုးစုံလည်း ရှိနေကြောင်း တွေ့ရပါတယ်။



ဒါတွေဟာ ဈေးချိုတဲ့ ပုံမှန်ဆိုင်တွေမှာမို့ ရှိနေတာလို့ သင်ထင်ပါလိမ့်မယ်။ ဈေးကြီးတဲ့ အဆင့်မြင့် စားသောက်ဆိုင်ကြီးတွေမှာလည်း လူစည်ကားလေ၊ လက်တွေကနေ ပါလာတဲ့ ပိုးတွေ မီနူးကတ်ပေါ် ဖြန့်ဝေရာ ရောက်လေမို့ သိပ်မကွာခြားလှဘူးလို့ ဓာတ်ခွဲခန်း အခြေများအရ သိရပါတယ်။ ဒါကြောင့် မီနူးကိုင်ကာ မှာပြီးရင် လက်ဆေးပြီးမှ အစားစားဖို့ သတိပေးပါရစေ။ ဒါ့အပြင် မီနူးကို ပန်းကန်များ၊ ဇွန်းခက်ရင်းများနဲ့ မထိမိအောင်လည်း သတိနဲ့ ဝေးရာမှာ ထားရမှာ ဖြစ်ပါတယ်။

(၂) အအေးဖန်ခွက်နှုတ်ခမ်းက သစ်သီးစိတ်


ဖျော်ရည်ဖန်ခွက်တွေရဲ့ နှုတ်ခမ်းသားပေါ်မှာ အလှဆင်တဲ့ သဘောနဲ့ ချိတ်ပေးလိုက်တဲ့ သံပရာသီး၊ လိမ္မော်သီး စတဲ့ အသီးစိတ်လေး ဆယ်ခုမှာ ခုနစ်ခုဟာ ရောဂါပိုးတွေ ပါလာတတ်ကြောင်း စစ်ဆေးလေ့လာ တွေ့ရှိထားပါတယ်။ (ဒီ ၇၀% ဆိုတဲ့ အရေအတွက်ဟာ အစားအသောက်ဥပဒေ တင်းကြပ်တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံများမှာ တွေ့ရတဲ့ အရေအတွက် ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများဆိုရင်ေ
တာ့ ၇၀% ထက် များဖွယ် ရှိပါတယ်)

အဲဒီသစ်သီးစိတ်တွေပေါ်မှာ ၀မ်းလျှောဝမ်းပျက်ရောဂါ ဖြစ်စေတဲ့ အီးကိုလိုင် (E.coli) ပိုးနဲ့ အခြားပိုး ၂၅ မျိုးတောင် ပါလေ့ရှိတာ တွေ့ရပါတယ်။ ဒါကြောင့် အဲဒီ ဖန်ခွက်နှုတ်ခမ်းက အလှဆင်တဲ့ အသီးစိတ်ကို မသုံးဆောင်ဖို့ (သို့) စမှာကတည်းက မထည့်ပေးဖို့ မှာရန် လိုအပ်ပါတယ်။

(၃) အများသုံးကွန်ပျူတာ၏ ကီးဘုတ်
အင်တာနက်ကဖေး၊ ရုံးခန်း၊ လေဆိပ် စတဲ့ နေရာများမှာ ထားရှိတဲ့ အများသုံး ကွန်ပျူတာ ကီးဘုတ်များရဲ့ ခလုတ်တစ်ခုချင်းစီမှာ ရှိနေတဲ့ ရောဂါပိုးအရေအတွက်ဟာ အိမ်သာတံခါးလက်ကိုင်ပေါ်က ထက်တောင် ၅ ဆလောက် များနေတယ်လို့ လေ့လာမှုများ အရ တွေ့ရှိရလို့ ထိတွေ့သုံးစွဲပြီးတိုင်း လက်ဆေးသင့်ပါတယ်။ ဒါ့အပြင် အများသုံးခလုတ်တွေ ဖြစ်တဲ့ အလိုအလျောက်ငွေထုတ်စက်၊ ရုပ်ရှင်လက်မှတ် ကိုယ်တိုင် ရွေးချယ်ဝယ်ယူစက်၊ အများသုံး ဖုန်းခလုတ်များ စတာတွေဟာလည်း တူတူပဲလို့ ယူဆရပါမယ်။


ထိုသို့သော အန္တရာယ်ကို ကာကွယ်ရန် လေဆိပ်၊ ရုံး စသော နေရာများရှိ အများသုံး ကွန်ပျူတာများ၏ ကီးဘုတ်များကို ဆေးကြောနိုင်သော ကီးဘုတ်များဖြင့် အစားထိုး အသုံးပြုနိုင်နေပြီဟု သိရသည်။

(၄) စားသောက်ဆိုင် စားပွဲပေါ်က ပုလင်းများ
ဆား၊ ငရုပ်ကောင်း၊ ငန်ပြာရည်၊ ငရုတ်သီး၊ အချဉ်ရည်၊ သကြား စတာတွေ ထည့်ပြီး ချပေးထားတဲ့ ပုလင်းငယ်များ၊ ခွက်များရဲ့ လက်ကိုင်နေရာများဟာလည်း လူကိုင်များလွန်းလို့ ရောဂါပိုးတွေ စုဝေးရာ နေရာ (၈) ခုမှာ ပါဝင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက လက်ဖက်ရည်ဆိုင်တွေ အတွက်ဆိုရင် ရေနွေးကြမ်း ထည့်တဲ့ ဓာတ်ဘူး/အိုး များရဲ့ လက်ကိုင်များကိုပါ ဒီစာရင်းထဲ ထည့်သွင်းသင့်ပါတယ်။ လက်ကိုင်ပုဝါ၊ လက်သုတ်ပုဝါ စတာတွေနဲ့ အုပ်ကိုင်ခြင်းဟာလည်း ဒီပစ္စည်းတွေပေါ်က ပိုးတွေကို ထိရောက်စွာ မကာကွယ်နိုင်လို့ အစာမစားခင် လက်ဆေးတာသာ အကောင်းဆုံး နည်းလမ်းလို့ ပညာရှင်များက ဆိုပါတယ်။



(၅) သန့်စင်ခန်း တံခါးလက်ကိုင်
ဒီအချက်ကတော့ ကြားဖူးကြပါလိမ့်မယ်။ အိမ်သာအတွင်းနံရံထက် အိမ်သာတံခါးလက်ကိုင်ဟာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုး ပိုင်ဆိုင်မှုမှာ အဆပေါင်းများစွာ မြင့်မားပါတယ်။ ဘာလို့လဲဆိုတော့ အိမ်သာထဲ ၀င်ထွက်သမျှ သူတွေ အကုန်လုံး ထိကိုင်ကြလို့ ဖြစ်ပါတယ်။ ထို့အတူ တံခါးချက်များဟာလည်း တူတူပဲ ဖြစ်ပါတယ်။ ဒါတွေကို မထိမကိုင်ဘဲနဲ့ သင်ဟာ သန့်စင်ခန်း ထဲက ပြန်ထွက်ဖို့ မဖြစ်နိုင်ပါဘူး။ လှည့်ဖွင့်ရတဲ့ သော့ (Door Lock) ပါတဲ့ တံခါးမျိုး ဆိုရင်တော့ ပိုတောင် သေချာပါသေးတယ်။ အတွင်းမှာ လက်ဆေးပြီးမှ ပြန်ထွက်ရင် လက်ပြန်ညစ်ပေသွားမှာ ဖြစ်တဲ့အတွက် လက်ဆေးခြင်းကို သန့်စင်ခန်း အပြင် ထွက်လာပြီးမှ လုပ်နိုင်တဲ့ စနစ်မျိုး သုံးသင့်ပါတယ်။



အိမ်သာသုံးစက္ကူအသန့်၊ တစ်သျှူးစက္ကူ စတာတွေနဲ့ တံခါးလက်ကိုင်ကို အုပ်ကိုင်ပြီး ထွက်နိုင်ရင် အကောင်းဆုံး ဖြစ်ပြီး ဒီလို လုပ်ခြင်းအားဖြင့် သင့်ကို ပတ်ဝန်းကျင်က လူတွေက ဇီဇာကြောင်တယ်၊ အပိုလုပ်တယ်လို့ ထင်ကောင်းထင်နိုင် ပေမယ့် ဒီလို အကျင့်ကောင်းတစ်ခုဟာ သင့်ကို တုပ်ကွေးမိခြင်း၊ ၀မ်းပျက်ခြင်း၊ ယားနာပေါက်ခြင်း တို့လို မကြာခဏ နာမကျန်း ဖြစ်မှုလေးတွေကနေ သိသိသာသာ အကာအကွယ်ပေးတယ် ဆိုတာ တကယ်လုပ်ကြည့်ရင် သိရပါမယ်။

(၆) ဈေးဝယ်ခြင်း/လှည်း လက်ကိုင်


ဈေးဝယ်စင်တာတွေမှာ ရှိတဲ့ ဈေးဝယ်ခြင်းတွေ၊ လှည်းတွေရဲ့ လက်ကိုင်တွေ အားလုံးရဲ့ သုံးပုံနှစ်ပုံခန့်ဟာ ရောဂါဖြစ်စေတဲ့ ပိုးတွေ ပေါက်ပွား တည်ရှိနေတတ်တယ်လို့ အရီဇိုးနားတက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ ကမ္ဘာတစ်ဝန်း သုတေသနများ အရ သိရပါတယ်။ အဲဒီပိုးတွေရဲ့ အရေအတွက်ဟာ အများသုံး သန့်စင်ခန်းတွေထက်တောင် များနေတယ်လို့ စမ်းသပ်တွေ့ရှိရပါတယ်။ ဒီသုတေသနကို ၂၀၀၇ က ပြုလုပ်ပြီးစီးခဲ့တာ ဖြစ်ပြီး ဒီလို ရလဒ်တွေကြောင့် ကမ္ဘာ့နိုင်ငံအများစုမှာ ရှိတဲ့ ဈေးဝယ်စင်တာတွေမှာ လှည်းနဲ့ ခြင်းတောင်းတွေရဲ့ လက်ကိုင်တွေကို ဈေးဝယ်သူကိုယ်တိုင် မကိုင်ခင်မှာ ဆေးကြောနိုင်အောင် ပိုးသတ်လက်ဆေးရည်တွေ ထားပေးနေပြီလို့ သိရပါတယ်။ စားသုံးသူတွေမှာ သန့်ရှင်းရေး၊ ရောဂါကာကွယ်ရေး ဆိုင်ရာ အမူအကျင့်တွေ ရှိနေဖို့ စီးပွားရေး လုပ်ငန်းရှင်တွေက ဒါမျိုးတွေ ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတယ်လို့ ဆိုချင်ပါတယ်။

(၇) ဆေးခန်း
ဒီလို ဆိုလိုက်လို့ ရုတ်တရက် အံ့သြစရာ အချက်တစ်ချက်လို့ ထင်ရပေမယ့် တကယ် တွေးကြည့်ရင်တော့ အံ့သြစရာ မကောင်းလှပါဘူး။ ဆေးခန်းဆိုတာ နေမကောင်းသူတွေ စုဝေးရောက်ရှိရာ အရပ်မို့ ရောဂါပိုးမျိုးစုံ ပျံ့နှံ့တည်နေရာ အရပ်လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် တီဘီ၊ နမိုးနီးယား၊ တုပ်ကွေးလို အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါမျိုးတွေပေါ့။ လေလုံတဲ့ ဆေးခန်းလို အခန်းတစ်ခုထဲမှာ ဒီလိုလူနာ တစ်ယောက် ချောင်းဆိုး (သို့) နှာချေလိုက်ရင် ဒီပိုးတွေဟာ ကြမ်းပြင်ပေါ် မကျခင် အနည်းဆုံး ၃ ပေအကွာအဝေးတော့ သွားပါတယ်။ ဒါကြောင့် ရောဂါတစ်ခုဖြစ်လို့ ဆေးခန်းလာတာ ပြတဲ့ ရောဂါ မပျောက်ခင် နောက်တစ်ခုပါ ကူးစက်ခံရနိုင်တာမို့ ဆေးခန်းသွားရင် အောက်ပါ အချက်လေးတွေကို သတိထား လိုက်နာစေလိုပါတယ်။

(၁) ရောဂါဖြစ်နေတဲ့သူနဲ့ အဖော်ကလွဲလို့ ကျန်တဲ့လူပို တတ်နိုင်သမျှ မခေါ်လာပါနဲ့။ အထူးသဖြင့် ၁၂ နှစ်အောက် ကလေးတွေပေါ့။

(၂) စောင့်ရင်းဖတ်ဖို့ ချပေးထားတဲ့ စာစောင်တွေ၊ မဂ္ဂဇင်းတွေမှာ ဆေးခန်း လာပြသွားသူတွေရဲ့ ပိုးတွေ ရှိနေမှာ အသေအချာမို့ စောင့်ရင်း ဖတ်ချင်ရင် ကိုယ့်အိမ်က စာအုပ်တွေပဲ ယူလာခဲ့ပါ။ ကလေးလူနာဆိုရင်လည်း ကလေးရဲ့ အရုပ်တွေပါ အိမ်ကပဲ ယူလာပါ။ အများအတွက် ချပေးထားတဲ့ အရာတွေကို ကလေးငယ်တွေ မထိကိုင်ပါစေနဲ့။

(၃) ဆေးရုံဆေးခန်း တစ်ခုခု သွားပြီးလို့ ပြန်လာရင် ပိုးသတ်ဆပ်ပြာ တစ်ခုခု (သို့) အယ်လ်ကိုဟော ၆၀% လောက် ပါဝင်တဲ့ ပိုးသတ်လက်ဆေးရည် (Hand Gel) တစ်ခုခုနဲ့ လက်ကို စင်ကြယ်စွာ ဆေးပါ။

(၄) လူအရမ်းများပြီး စောင့်ရတတ်တဲ့ ဆေးခန်းမျိုးဆိုရင် ပါးစပ်နဲ့ နှာခေါင်းစည်း မျက်နှာဖုံး ၀တ်ဆင်သင့်ပါတယ်။ ၀တ်ပြီးရင် လိုအပ်တဲ့ အချိန်အထိ မချွတ်ဖို့၊ ချွတ်ပြီးရင်လည်း ပြန်မသုံးဘဲ အသစ်တစ်ခု သုံးဖို့ လိုအပ်ပါတယ်။




အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်တွေဟာ ကျွန်တော်တို့ လူမျိုးတွေရဲ့ နေ့စဉ် နေထိုင်စားသောက်ပုံ အကျင့်နဲ့ မကိုက်ညီတာ တွေ့ရပါတယ်။ ဒါကြောင့် ပိုလွန်းတယ် ထင်ပြီး မလိုက်နာဘဲ မနေကြပါနဲ့လို့ ပြောလိုပါတယ်။ အများစု ပြောတတ်ကြတဲ့ စကားတစ်ခွန်း ရှိပါတယ်။ မြန်မာလူမျိုးတွေက တခြားလူမျိုးတွေထက် စာရင် သာမန်လူနေမှု အနေအထားမှာ ထိတွေ့နေထိုင်မှု ပိုများလို့ (ဥပမာ လမ်းဘေးဆိုင်တွေမှာ လူဦးရေ အားလုံးရဲ့ ၉၀% လောက်က စားဖူးသူတွေချည်းပဲ၊ မြစ်ရေ ကန်ရေသောက်လည်း ဘာမှ မဖြစ်ဘူး စသဖြင့်ပေါ့) တခြားလူမျိုးတွေထက် ကိုယ်ခံအား ပိုကောင်းတယ်လို့ ယူဆကြပါတယ်။ လုံးဝ မှားတယ်လို့ မဆိုလိုပါဘူး။ တစ်ခုပဲ ရှင်းပြချင်ပါတယ်။ ရောဂါပိုးတစ်ခုဟာ ကိုယ်ထဲကို နည်းလမ်းတစ်မျိုးမျိုးနဲ့ ၀င်ရောက်လာတဲ့ အခါမှာ ရောဂါပေးနိုင်သော အနိမ့်ဆုံး ပိုးကောင်ရေ (Minimal Infective Dose) ဆိုတဲ့ အရေအတွက်ကို ရောက်မှ ရောဂါ ဖြစ်စေတာ ဖြစ်ပါတယ်။ ပိုးတစ်မျိုးနဲ့ တစ်မျိုးလဲ မတူကြပါဘူး။

သာဓကဆောင်ရရင် ရောဂါပိုး A ရဲ့ Minimal Infective Dose က အကောင်ရေ ငါးသိန်းဆိုရင် ကိုယ်ထဲကို လေးသိန်းခွဲလောက် ရောက်လာရုံနဲ့ ရောဂါမပေါ်ပါဘူး။ ငါးသိန်းပြည့်မှ ရောဂါဖြစ်စေတာပေါ့။ ဒါကြောင့် တစ်ကိုယ်ရည် သန့်ရှင်းမှု၊ အစာရေစာ သန့်ရှင်းမှုတွေ အားနည်းသော်လည်း တို့ကတော့ အကျင့်ဖြစ်လို့ ကိုယ်ခံအားက ခံနိုင်နေပြီ မထင်ပါနဲ့။ ကံအားလျော်စွာ Minimal Infective Dose မပြည့်ခဲ့လို့သာ ဖြစ်ပါလိမ့်မယ်။ ကိုယ်ထဲ ရောက်လာတဲ့ ပိုးအရေအတွက်ဟာ အဲဒီ အနိမ့်ဆုံး အရေအတွက်လေး ကျော်သွားတာနဲ့ ရောဂါဖြစ်မှာ ဖြစ်လို့ သန့်ရှင်းရေးဟာ မပေါ့ဆသင့်တဲ့ အချက်ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
ဒေါက်တာသီဟသစ် 

sources: :http://www.mmdailynews.com

နိုင်ငံရေးမကစားဖို့ အစိုးရသတင်းစာ သတိပေး


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး လုပ်ဆောင်ချက် တွေကို ဝေဖန် သတိပေးထားတဲ့ ဆောင်းပါးတပုဒ်ကို ဒီကနေ့ မြန်မာအစိုးရ သတင်းစာတွေ ဒုတိယနေ့အဖြစ် ဖော်ပြထားပါတယ်။
ဒီလို ဖော်ပြထားရာမှာ ဥပဒေလမ်းကြောင်းထဲက နိုင်ငံရေး လုပ်ကိုင်ဖို့၊ NLD ပါတီ ပြန်လည် မှတ်ပုံတင်ဖို့ နဲ့ လာမယ့် ရွေးကောက်ပွဲတွေမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ထောက်ပြထားပြီး တနိုင်ငံလုံးနဲ့ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အစိုးရ အဖွဲ့ကို အသိအမှတ် မပြုသလိုလိုနဲ့ နိုင်ငံရေး မကစားဖို့ သတိပေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သွားဖို့ရှိတဲ့ နယ်ခရီးစဉ်တွေနဲ့ ပတ်သက်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက သတိပေးစာ ပို့အပြီး တရက် အကြာမှာ အခုလို သတင်းစာ ဆောင်းပါးက သတိပေးထားတာ ဖြစ်ပါတယ်။ ဒီနေ့ သတင်းစာပါ ဝေဖန် သတိပေးချက်တွေနဲ့ ပတ်သက်လို့ NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဒီအကြောင်းအရာတွေဟာ ပါတီက စဉ်းစား လုပ်ဆောင်ရမယ့် ကိစ္စတွေသာ ဖြစ်တယ်လို့ တုံ့ပြန် ပြောကြား ပါတယ်။ "ကျနော်တို့ကလေ အစိုးရသတင်းစာ ဆောင်းပါးထဲမှာပါတာကို ပြန်ပီးတော့ မတုံ့ပြန်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သတင်းစာမှာ ဆောင်းပါးရှင်ဘယ်သူမှန်းလည်း မသိဘူး။ အဲဒါကြောင့် အန်ကယ်တို့ ဘယ်တော့မှ မတုံ့ပြန်ဘူး။ ဒါပေမယ့်လို့ ဒီကိစ္စမှာတော့ မနေ့ကတည်းက အန်ကယ်ပြောနေတယ်။ ဒီနေ့လည်းထပ်ပါတယ်။ သဘောတော့ အတူတူပါပဲ။ အဲဒီတော့ ဒီဟာတွေက ကျနော်တို့ဘာသာ ကျနော်တို့ စဉ်းစားဆုံးဖြတ်ရမယ့်ကိစ္စကို သူတို့ရေးနေကြတာလေ။ အဲဒီတော့ ဘာမှထွေထွေထူးထူးတော့ အန်ကယ်တို့ မတုံ့ပြန်နိုင်ဘူး။ ဒါကို အန်ကယ်တို့တွေ့တယ်။ ဒါဟာအန်ကယ်တို့လဲ စဉ်းစားဆုံးဖြတ်နေတဲ့ ကိစ္စတွေထဲမှာ အကျုံးဝင်တဲ့ကိစ္စ ဒီလောက်ပဲ ပြောနိုင်တယ်။" ဒီကနေ့ထုတ် အစိုးရသတင်းစာတွေထဲက ကိုမြန်မာ ကလောင်အမည်နဲ့ ရေးသားထားတဲ့ ရန်ဖြစ်မှာလား၊ ပြန်ချစ်မှာလား ဆောင်းပါးမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံရေး လူမှုရေးကိစ္စတွေ ဆောင်ရွက်ရာမှာ လမ်းကြောင်းမှန်ဖို့ လိုတယ်လို့လည်း ဝေဖန်ထားပါတယ်။

sources: :http://www.rfa.org

Friday, June 10, 2011

စာပေစိစစ်ရေးမတင်ရတဲ့အမျိုးအစားတွေက ထီပေါက်စဉ်လိုဟာမျိုးတွေတဲ့ဗျို့

ပြောင်းလဲကျင့်သုံးလိုက်သည့် စာပေစိစစ်ရေး မူဝါဒများအရ လာမည့် ဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ စာပေအမျိုးအစား ငါးမျိုးမှ ဂျာနယ်၊ မဂ္ဂဇင်း ၁၇၈ စောင်နှင့် အထွေထွေ စာပေအချို့ကို စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ စာမူကြမ်းများ ကြိုတင်စရာမလိုဘဲ ထုတ်ဝေခွင့် ရရှိတော့မည် ဖြစ်သည်။ အဆိုပါ မူဝါဒ ပြောင်းလဲကျင့်သုံးမှုကို ဇွန်လ ၈ ရက်နေ့က ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးလုပ်ငန်း ရုံချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ညှိနှိုင်းအစည်းအဝေးတွင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတင့်က ပြောခဲ့ပြီး မူဝါဒ အပြောင်းအလဲကြောင့် လက်ရှိ ထုတ်ဝေနေသည့် ဂျာနယ်၊ မဂ္ဂဇင်းများအနက် ထက်ဝက်ခန့်က လွတ်လပ်စွာ ပုံနှိပ် ထုတ်ဝေနိုင်မည်ဟု ဆိုသည်။ “ဂျာနယ်၊ မဂ္ဂဇင်းတွေကို အုပ်စု နှစ်ခု ခွဲထားပါတယ်။ အုပ်စု (၁)မှာ ပါဝင်တဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေက လာမယ့် သောကြာနေ့ကစပြီး စာပေစိစစ်ရေး ကြိုတင်စရာမလိုဘဲ ထုတ်ဝေခွင့်ရပါပြီ။ အုပ်စု (၂) အတွက်တော့ အရင်က ကျင့်သုံးနေတဲ့ စိစစ်ရေးတင်ပြီးမှ ထုတ်ဝေတဲ့စနစ်ကိုပဲ ကျင့်သုံးသွားမှာပါ” ဟု ဦးရဲတင့်က ပြောသည်။ အုပ်စု (၁)တွင် အနုပညာ သုတရသ၊ ကျန်းမာရေး၊ ကလေး၊ နည်းပညာနှင့် အားကစားတို့နှင့် ဆိုင်သည့် ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေစာမူများ၊ ပုံပြင်၊ ရုပ်ပြစာမူနှင့် ထီပေါက်စဉ်များ ပါဝင်ပြီး အုပ်စု (၂)တွင် သတင်းဂျာနယ်များ၊ နိုင်ငံရေး၊ ဘာသာရေး (ဂမ္ဘီရ အပါအဝင်) စီးပွားရေး၊ ပညာရေးနှင့် မှုခင်းဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာပေများ၊ ဝတ္ထုစာမူများ ပါဝင်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်) နှင့်အညီ စာပေစိစစ်ရေး မူဝါဒများကို အဆင့်ဆင့် ပြောင်းလဲနေခြင်းဖြစ်ပြီး အုပ်စု (၂)မှ စာပေအမျိုးအစားများ လွတ်လပ်စွာ ထုတ်ဝေခွင့် ရရှိရေးသည် ယခု ပထမအဆင့်အနေဖြင့် ခွင့်ပြုလိုက်သည့် အုပ်စု (၁)မှ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာမူများ ပုံနှိပ်ခွင့် ပြောင်းလဲလိုက်သည့် ရလဒ်အပေါ် မူတည်သည်ဟုလည်း ၄င်းကဆိုသည်။ အဆိုပါ မူဝါဒ ပြောင်းလဲမှုအရ အုပ်စု(၁)မှ ပုံနှိပ် ထုတ်ဝေသူများ၊ အယ်ဒီတာများ အနေဖြင့် မိမိတို့ ပုံနှိပ်ထုတ်ဝေမှုကြောင့် ဖြစ်လာသည့် ပြဿနာအားလုံးကို တာဝန်ယူရမည်ဖြစ်ပြီး စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ တိုင်တန်းမှုများ ရှိလာပါက အရေးယူ ဆောင်ရွက်သွားမည်ဟု စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဆိုသည်။ အဆိုပါ အုပ်စု နှစ်စုစလုံးကို စိစစ်သွားရန် အဖွဲ့နှစ်ခု ဖွဲ့စည်းထားပြီး ၄င်းအဖွဲ့များမှ တင်ပြလိုက်သည့် ပြဿနာများကို စိစစ်သုံးသပ်တင်ပြရေးအဖွဲ့ ရှိနေမည်ဟုလည်း ၄င်းကဆိုသည်။ မြန်မာနိုင်ငံတွင် လက်ရှိထုတ်ဝေနေသည့် ဂျာနယ်၊ မဂ္ဂဇင်းပေါင်း ၃၅၈ စောင်ရှိပြီး အဆိုပါ မူဝါဒ အပြောင်းအလဲကြောင့် ဂျာနယ် ၈၂ စောင်၊ မဂ္ဂဇင်း ၉၆ စောင်နှင့် အထွေထွေ စာမူများမှာ လွတ်လပ်စွာ ထုတ်ဝေနိုင်ပြီဖြစ်ပြီး ၄င်းထုတ်ဝေခွင့်တွင် ပုံပြင်၊ ရုပ်ပြစာမူများနှင့် ထီပေါက်စဉ်တို့လည်း ပါဝင်ကြောင်း ၂၀၁၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Wednesday, June 8, 2011

ပြည်မြန်မာ ကုန်တိုက်တွင် ဆိုင်ခန်း ဖွင့်လှစ် သူများ နစ်နာကြေး တောင်းဆို


ရန်ကုန် မြို့တော်တွင် လူ အစည်ကားဆုံး နေရာ တစ်ခုတွင် ပါဝင်သည့် လှည်းတန်း လမ်းဆုံရှိ ပြည် မြန်မာ ကုန်တိုက်တွင် ဆိုင်ခန်း ဖွင့်လှစ် ထားသူများ စုပေါင်း၍ အစိုးရဌာန အသီး သီးသို့ အကြောင်း ကြားစာများ ပေးပို့ကာ နစ်နာကြေး ပြန်လည်ရရှိရန် တောင်းဆိုထားကြောင်း အငှားဆိုင်ရှင်များက ဇွန် ၁ ရက်နေ့တွင် The Voice Weekly သို့ ပြောကြား သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဧပြီ ၃ ရက်နေ့တွင် ဆိုင်ခန်းငှားရမ်းခြင်းကို ရပ်ခဲ့ပြီး မေလ ၃၁ ရက်နေ့တွင် နောက်ဆုံးထား ဖယ်ပေးရန် လွန်ခဲ့သည့် နှစ်ပါတ်ခန့်က အကြောင်း ကြားခဲ့ခြင်းကြောင့် အငှားဆိုင်ရှင်များက ယင်းသို့ ပြန်လည်တောင်းဆိုကြခြင်း ဖြစ်သည်။
"အဲဒီတည်းက စောင့်နေတာ ဘာလုပ်ပေးမလဲလို့၊ ကျွန်တော်တို့က ငွေကြေးဖြစ်ဖြစ် နေရာဖြစ်ဖြစ် စီစဉ်ပေးမယ် ထင်ခဲ့တာ ခုတော့ ချက်ချင်း ပြောင်းခိုင်းတယ်၊ သက်ဆိုင်ရာကို စောင့် ဆိုင်းဖို့ စာတင် တော့လဲ စာက ပြန်ကျမလာဘူး" ဟုမြေအောက်ထပ် မှ အငှားဆိုင်ခန်းရှင်အချို့က ပြောကြ သည်။
ယင်းကုန်တိုက်နှင့် ဝင်းအတွင်းမှ ဆိုင်ခန်းများ အားလုံးအား ဇွန် ၁ရက်နေ့မှ စတင်ချိတ်ပိတ်ထားပြီး ဆိုင်ခန်းပေါင်း ၉၈ ခန်းတွင် ငွေကြေးတတ်နိုင်သူ အချို့သာ အခန်းအနည်းငယ် ပြန်လည် ငှားရမ်း နိုင်ပြီး အများစုမှာ ပြန်လည် ငှားရမ်းခြင်း မပြုနိုင်ပဲ ဆိုင်ပိတ်ထားရခြင်း၊ ယင်းအခြေ အနေကြောင့် အနီးနားရှိ ဆိုင်ခန်းဈေးများလည်း မြင့်တက်လျက် ရှိခြင်း၊ ယခင်က ဆိုင်ခန်းဆောက်ရာတွင် အငှား ဆိုင်ရှင်များ၏ ငွေကြေးဖြင့် ဆောက်သော်လည်း ဖယ်ခိုင်းရာတွင် မည်သည့်ပစ္စည်း တစုံတရာမှ ဖြုတ် ယူခွင့် မရှိခြင်းစသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း အငှားဆိုင်ခန်းရှင်များက ပြောကြားသည်။ အထက်ပါ အကြောင်းရင်းများကြောင့် ဇွန်လ ၂ရက်နေ့ နံနက်တွင် ဆိုင်ခန်း ပေါင်း ၆ဝကျော်က အငှားဆိုင်ခန်းရှင်များ သဘောတူ လက်မှတ်ထိုးကာ နေ့လည်၂နာရီတွင် စီးပွားကူးသန်းမှ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှုးနှင့် သွားရောက် တွေ့ဆုံလျက်ရှိကြောင်း ၎င်းတို့ ယာယီဖွဲ့စည်းထားသည့် ပြည်မြန်မာ ကုန်တိုက် ဆိုင်ခန်းများ သာယာရေးကော်မတီ အဖွဲ့ဝင်များက ရှင်းပြသည်။ ယင်းကုန်တိုက်အား AA အုပ်စုနှင့် MMRD (Myanmar Marketing Research Development) တို့က လေလံအောင် ခဲ့ကြသည်ဟု အငှားဆိုင်ရှင်များထံမှ သိရသည်။ လေလံအောင်ခဲ့သည့် AA အုပ်စုမှ ဥက္ကဌ ဦးမြတ်သင်းအောင်အား ဇွန်၂ရက် နေ့လည်ပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ 'ကျွန်တော်တို့က မသိဘူးလေ၊ အစိုးရဆီက ဝယ်တာလေ၊ လွှဲပေးတဲ့နေ့ ယူရမှာပဲလေ' ဟု ပြန်လည် ဖြေကြားသည်။
ယင်းကိစ္စနှင့် ပတ်သတ်၍ ဘားလမ်းတွင် အလုပ်ခန်း ဖွင့်ထားသည့် အထက်တန်း ရှေ့နေတစ်ဦးအား ဆက်သွယ်မေးမြန်းရာ "အစိုးရဆီက ငှားရင် စာချုပ်ရှိမှာပဲ ငှားရမ်းသူအနေနဲ့ နစ်နာကြေး တောင်းခံခွင့် ရှိတယ်၊ ဒါပေမဲ့ စာချုပ်မှာ ရောင်းရင် ဖယ်ပေးရမယ် ဆိုတဲ့အချက်ပါရင် လျော်ကြေး တောင်းလို့ မရဘူး၊ နစ်နာတာတွေ တင်ပြပြီး ယာယီအစားထိုး နေရာဖြစ်ဖြစ် လုပ်ပေးဖို့ တောင်းဆိုနိုင်တယ်၊ လူမှုရေး ရှုထောင့်အရပေါ့၊ ဒါမှမဟုတ် လေလံရသွားတဲ့ ကုမ္ပဏီကိုလည်း ပြောပြပြီး ညှိနှိုင်းတောင်းဆိုပေါ့၊ ဆိုင်ခန်း အရေအတွက်ရဲ့ တဝက်ပါရင် စာတင်လို့ရပြီ၊ ကျူးကျော်တွေတောင် ဖယ်ရင် နေရာ ပြန်ပေးတာပဲလေ" ဟု ၎င်းက ဥပဒေ နည်းလမ်းနှင့်အညီ ရှင်းပြသည်။ တောင်းဆိုထားသူ တစ်ဦးဖြစ်သည့် အငှားဆိုင်ခန်းရှင် ဦးစိုးမြင့်အောင်နှင့် အခြား ဆိုင်ခန်းရှင်များက "စာချုပ်ထဲမှာ ဝန်ကြီးဌာနက ရောင်းရင်ဖြစ်ဖြစ် တစ်ခုခု လုပ်ရင်ဖြစ်ဖြစ် ဖယ်ပေးရမယ်ဆိုတဲ့ သဘောမျိုး ပါပါတယ်၊ ကျွန်တော်တို့က ဆိုင်ခန်း ဆောက်ခဲ့ရတာတွေနဲ့ အခု အလုပ်အကိုင် ပျက်ရတာမျိုး တခြား နစ်နာတာတွေအတွက် တောင်းဆိုတာပါ၊ လေလံအောင်ရင် ဖယ်ပေးရမယ် ဆိုတာတော့ သိပါတယ်" ဟု ပြောဆိုကြသည်။ ယင်း ပြည်မြန်မာ ကုန်တိုက်အဆောက်အဦးမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၉၈ ခန်းနေရာများအား ၁၉၉၈ - ၉၉ မှ စတင်ငှားရမ်းထားပြီး ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် လေလံတင်ခဲ့ခြင်း ဖြစ်ကြောင်း အငှားဆိုင်ခန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

sources: : the voice journal

Saturday, June 4, 2011

နောက်ဆုံးတော့လဲ သူကပိုဆိုးသေး(အင်တာနက် ဆိုင် အချို့ ပိတ်သိမ်းရန် စဉ်းစား)

news
ရန်ကုန်မြို့တော် အခြေစိုက် အင်တာနက် ကဖေး အချို့ ပိတ်သိမ်းရန် စဉ်းစား လာရကြောင်း ရန်ကုန် မြို့လယ်ရှိ အင်တာနက် ကဖေး လုပ်ငန်းအချို့ထံမှ စုံစမ်း သိရှိရသည်။
“ဂိမ်းဆိုင်သက်သက် ပြောင်းဖွင့်မယ်"ဟု ကျောက်တံတား မြို့နယ်အတွင်း အင်တာနက်နှင့် ကွန်ပျူတာ ဂိမ်းဆိုင် တွဲဖက် ဖွင့်လှစ်ထားသည် အသက် ၄၀ ဝန်းကျင် အမျိုးသား တစ်ဦးက ဆိုသည်။
အဆိုပါ စည်းကမ်းချက်များကို မေလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခင် ထုတ်ပြန် ခဲ့ဖူးသော အချက်များကို စုပေါင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်း၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန (ဆညန) နှင့် အင်တာနက် ဆိုင်များထံမှ စုံစမ်း သိရှိရ သည်။
မေလ ဒုတိယပတ် အတွင်း ဆညန ရုံး၌ PAC သက်တမ်းတိုး လာရောက် လျှောက်ထားသည့် အလုံ မြို့နယ်ရှိ အင်တာနက်ဆိုင်ရှင် အမျိုးသား တစ်ဦးက "သက်တမ်းတိုးဖို့ လာတာပါ။ PAC လိုင်စင် အ တွက်ပါ။ စည်းကမ်းချက် ၁၂ ချက်က ဒီစာရွက်နောက်မှာ ပါပါတယ်။ ဘာမှတော့ မပြောသေးပါဘူး" ဟု ပြောဆိုသည်။
အင်တာနက်ဆိုင်များသို့ လာရောက် သုံးစွဲသူများ၏ အမည်၊ မှတ်ပုံတင် နံပါတ်၊ နိုင်ငံခြားသား ဖြစ်လျှင် နိုင်ငံကူးလက်မှတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ လိပ်စာများ ရယူထားရန် အချက် အပါအဝင် အင်တာနက်ကဖေး (PAC) များ လိုက်နာရန် စည်းကမ်းချက် ၁၂ ချက် ထပ်မံ ထုတ်ပြန်ခဲ့ပြီး လိုက်နာခြင်း မရှိပါက လိုင်စင်ပိတ်သိမ်း အရေးယူသွားမည် ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက PAC များကို အသိပေး ကြေညာသွားသည်။ ယင်းမှတ်တမ်းကို တစ်လတစ်ကြိမ် ပေးပို့ရမည် ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိသော ဆော့ဖ်ဝဲများ၊ ပရိုဂရမ်များ မသုံးစွဲရန်လည်း ညွှန်ကြားထားပြီး ကွန်ပျူတာများတွင် Drive များနှင့် USB Port များ မတပ်ရန်လည်း ညွှန်ကြားထားကြောင်း PAC များသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှောင်တခင် ဝင်ရောက်စစ်ဆေးခွင့် ရှိကြောင်းလည်း အသိပေး ဖော်ပြထားသည်။
Drive များကို မူလကတည်းကပင် တပ်ဆင်ထားခြင်း မရှိဘဲ စီဒီခုတ်ချင်ပါက Server Computer ဖြင့်ပင် ခုတ်ပေးကြောင်း၊ သို့သော် မှတ်ပုံတင် နံပါတ်နှင့် လူနာမည် ရယူထားရန် အခက်အခဲ ရှိကြောင်း ယုဇနဥယျာဉ် မြို့တော်တွင် ဖွင့်လှစ်ထားသည့် အင်တာနက်ကဖေး လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “ဒီအတိုင်းဆို လူ ဘယ် ဝင်ပါတော့မလဲ”ဟု ၎င်းက ဆိုသည်။ IT ကုမ္ပဏီ တစ်ခု၏ အသက် ၃၀ ကျော် အမျိုးသား ဒါရိုက်တာ တစ်ဦးကလည်း “တချို့က အွန်လိုင်းကနေ လူကုန်ကူးတာ မျိုးတွေရှိလို့ ပိတ်ချင် တာ ဖြစ်မှာပါ” ဟု သုံးသပ်၍ ပြောကြား သည်။
ရန်ကုန် ဆညနရုံးမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးကမူ “ဥပဒေက ထုတ်ပြီးသားပဲ၊ လိုက်နာရမှာပေါ့” ဟု ဆိုသည်။ အချို့ စည်းကမ်းချက်များမှာ ခေတ်စနစ်၏ လိုအပ်ချက်နှင့် မကိုက်ညီ ပါက ပြောင်းရန် လိုအပ်ကြောင်းနှင့် အဆိုပါ PAX ဆိုင်များ ဖွင့်လှစ်ခွင့် ချပေးရသည့် ရည်ရွယ်ချက်မှာ ကွန်ပျူတာ နည်းပညာ ဖွံ့ဖြိုးရေး ဥပဒေပုဒ်မ ၃၀ ကြောင့် ဖြစ်ကြောင်း အင်တာနက် သုံးစွဲသူများက ပြောဆိုကြသည်။ အဆိုပါ စည်းကမ်းချက်များအား PAC လုပ်ငန်း လုပ်ကိုင်ခွင့် ရှိသူများကို မြန်မာအင်ဖိုတက်ခ် (MIT) တွင် လျှောက်ထားရာမှ ယခုနှစ် သင်္ကြန်အပြီးတွင် ဆညနသို့ လွှဲပြောင်းလိုက်ပြီးနောက် ထုတ်ပြန်လာခြင်း ဖြစ်ကြောင်း ရန်ကုန် မြို့တော်ရှိ ဆညန ရုံးထံမှ စုံစမ်း သိရှိရသည်။
ယင်းသို့ စည်းကမ်းချက် အသစ်များ ထုတ်ပြန်လိုက်ခြင်းကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ကန့်ကွက် ထားကြောင်းလည်း Online သတင်းများအရ သိရှိရသည်။ အဆိုပါ စည်းကမ်းချက် အသစ်များ မထုတ်ပြန်မီကလည်း CCTV များ တပ်ဆင်ရန်နှင့် အင်တာနက်ဖုန်းများ မသုံးရန် ညွှန်ကြားချက်များလည်း ထုတ်ပြန်ခဲ့ သည်။ ရန်ကုန်မြို့ တော် တွင် PAC ပေါင်း ၅၀၀ ကျော် ရှိကြောင်း Myanmar Info-Tech ကော်ပိုရေးရှင်းမှ စုံစမ်း သိရှိရသည်။
sources: :http://www.yoyarlay.com/localnews/local-news/lower-myanmar/7791-2011-06-03-08-58-49