Tuesday, January 18, 2011

ကလေးတွေအတွက် အခမဲ့ ကျောင်းတကျောင်း NLD ဖွင့်လှစ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လူငယ်ကွန်ယက် က ကမကထပြုပြီး အခမဲ့ ပညာဒါနကျောင်း တကျောင်းကို ဇန်နဝါရီလ ၁၇ ရက်နေ့ မနက်က လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက် မေခလမ်း၊ အမှတ် ၅၄၈၊ ဦးမင်းလွင်ရဲ့ နေအိမ်ခြံဝင်းအတွင်း မှာ ထူထောင်ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်၏ ၂၀ဝ၂ ခုနှစ် ဇွန်လ နယ်လှည့်ခရီးစဉ်တွင် မကွေးတိုင်းရှိ ကျောင်းတခုမှ ကျောင်းသူကျောင်းသား၊ လူငယ်လေးများနှင့် ချစ်ခင်ရင်းနှီးစွာ အမှတ်တရ ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ နောက်တန်းအလယ်မှ အင်္ကျီပြာဝတ်ထားသူမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ (Photo: AFP)
ဆင်းရဲနွမ်းပါးပြီး ပညာသင်ကြားဖို့ အခက်အခဲရှိတဲ့ ကလေးသူငယ်တွေ အတွက် အဓိက ရည်ရွယ်ဖွင့်လှစ်တာ ဖြစ်ကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးအုံးကြိုင်က ပြောပါတယ်။

သူငယ်တန်းကနေ စတုတ္ထတန်းအထိ ကျောင်းသားကျောင်းသူ ၂ဝ လောက်ကို ပညာဒါန အခမဲ့ သင်ကြားပေးဖို့အတွက် ကျနော်တို့ “အမေ့အိမ်” ဆိုတဲ့နာမည်နဲ့ စာသင်ကျောင်းလေး တကျောင်း၊ ဒီနေ့ ဖွင့်ပွဲကျင်းပတယ်။ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဆရာဦးဝင်းတင်နဲ့ NLD ခေါင်းဆောင်တွေ၊ နောက် တခြား ပညာဒါန လုပ်ငန်းမှာ စိတ်ဝင်စားတဲ့ ကွန်ယက်အဖွဲ့က လူငယ်တွေ။ အဲဒီနားက ရပ်မိရပ်ဖတွေလည်း တက်ရောက်ကြတယ်

အခမ်းအနား တက်ရောက်သူတွေထဲမှာ NLD ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ မဖြူဖြူသင်းနဲ့ လူငယ်ကွန်ယက်မှာ ပါဝင် လုပ်ဆောင်နေတဲ့ ကိုဖြိုးမင်းသိန်းတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီ အတောအတွင်း အဲဒီ စာသင်ကျောင်းဟာ စည်းမျဉ်းတွေနဲ့ မကိုက်ညီတဲ့အတွက် ဖွင့်လှစ်ခြင်းမပြုဖို့ တားမြစ်တဲ့ စာတစောင်ကို ပညာရေးဝန်ကြီးဌာနာက လှိုင်သာယာ NLD အဖွဲ့ဝင် ဦးအေးဘို ဆီကို မနေ့က ပေးပို့ အကြောင်းကြားခဲ့တယ်လို့ ဦးအုံးကြိုင်က ဆက်ပြောပါတယ်။

ပညာရေးဝန်ကြီးဌာန၊ အမှတ် (၃) အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူး (ပညာ) ဦးကျော်ဝင်းမြင့်က မနေ့က ဦးမင်းလွင်ရယ်၊ ဦးဖြိုးမင်းသိန်းရယ်၊ ဦးအေးဘို ဆိုတဲ့ နာမည်တွေနဲ့ အဲဒီကျောင်းကို စာတစောင် ပို့ပါတယ်။ အဲဒီစာမှာ လူကြီးမင်း ပညာသင်ကြားမယ့် အစီအစဉ်ဟာ တဲ့၊ ဘာသာရပ် ကိုယ်ပိုင်သင်တန်း ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းများအရ ကိုက်ညီမှု မရှိပါသဖြင့် ဖွင့်လှစ်သင်ကြားခွင့် မရှိပါကြောင်း အသိပေး အကြောင်းကြားပါတယ် တဲ့။ အဲဒီလို ပြောပါတယ်

ပညာရေး ဝန်ကြီးဌာနက ပေးပို့တဲ့ စာထဲမှာ ပညာသင်ကြားဖို့ အခက်အခဲရှိတဲ့ ကလေးတွေကို နီးရာ အစိုးရ စာသင်ကျောင်းတွေမှာ သင်ကြားနိုင်ရေး ကူညီ ဆောင်ရွက်ပေးပါမယ် လို့လည်း ဖော်ပြထားပါတယ်။ ဦးအေးဘို အနေနဲ့ ဒီကိစ္စကို ဖြေရှင်းဖို့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူကို သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။

ဒီကျောင်းမှာ တာဝန်ယူ သင်ပြမယ့် စေတနာ ဆရာ၊ ဆရာမတွေကတော့ ဦးအေးဘို၊ ကိုဥာဏ်ဝင်းအောင်၊ ကိုညီညီမင်း၊ ကိုကျော်သူရ၊ မစပယ်၊ မခင်မြတ်သူ၊ မမြင့်မြင့်အေး စသူတို့ ဖြစ်တယ်လို့ သိရပါတယ်။

sources: : RFA

Sunday, January 16, 2011

IAEA က မြန်မာ နျူကလီယားကိစ္စ စာရေးအကြောင်းကြား

မြန်မာနိုင်ငံက နျူကလီယားသတင်း တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အနုမြုစွမ်းအင်အဖွဲ့ IAEA က အချက်အလက် အသေးစိတ် ရရှိဖို့ မြန်မာ စစ်အစိုးရကို စာရေး အကြောင်းကြားလိုက်တယ်လို့ သိရပါတယ်။

(Image: RFA)
မြန်မာစစ်အစိုးရ၏ နေပြည်တော်တွင် မြောက်ကိုရီးယား ပညာရှင်များက မြေအောက် ဥမင်လိုဏ်ခေါင်းများ ဖောက်လုပ်ပေးသော သတင်းကို QQ.com တရုတ် သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားပုံ ဖြစ်ပါသည်။ (Image: RFA)
မြန်မာနိုင်ငံက နျူကလီယားနဲ့ ပတ်သက်တဲ့ လုပ်ငန်း အစီအစဉ်တွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက် သောကြာနေ့က စာရေးသား ပေးပို့ခဲ့တာလို့ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တော် အခြေစိုက် IAEA နဲ့ နီးစပ်တဲ့ သံတမန်တွေကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ရေးသားပါတယ်။

မြန်မာ အစိုးရအနေနဲ့ သံသယဖြစ်စရာ နျူကလီယားနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေ ရှိနေတယ်လို့ IAEA က သတင်းတွေ ရနေကြောင်း အမည်မဖော်လိုတဲ့ အဲဒီ သံအရာရှိက ပြောပါတယ်။ IAEA အနေနဲ့ မြန်မာပြည်ထဲကို ကိုယ်စားလှယ်အဖွဲ့ စေလွတ် စစ်ဆေးလိုတဲ့ သဘောထားလည်း ရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ နျူကလီယားလက်နက် ထုတ်နိုင်တဲ့ အခြေအနေတော့ မရှိသေးဘူးလို့ အများစုက သုံးသပ်ထားပါတယ်။

မနှစ်က စက်တင်ဘာလမှာ IAEA က နျူကလီယား သတင်းတွေနဲ့ ပတ်သက်လို့ ဖြေရှင်းပေးဖို့ IAEA က တောင်းဆိုရာမှာ ဒါဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ ဖြစ်တယ်လို့ မြန်မာ စစ်အစိုးရက ငြင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ နျူကလီယားလက်နက် မပြန့်ပွားရေးစာချုပ် အဖွဲ့ဝင်နိုင်ငံ ဖြစ်သလို IAEA အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ရေးစာချုပ် ချုပ်ထားတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။

sources: :RFA

Saturday, January 15, 2011

လမ်းပေါ်က အိမ်ခြေရာခြေမဲ့ သူတောင်းစား အသံကောင်းလွန်း၍ ရေဒီယိုနှင့် ရုပ်သံဌာနများမှ ကမ်းလှမ်းခံရပြီး ဒေါ်လာတစ်သန်းကျော် ရရှိမည်


အမေရိကန် ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် ကိုလံဘတ်မြို့တွင် နှစ်ပေါင်းများစွာ အိမ်ခြေရာခြေမဲ့ကာ တောင်းစားနေရသည့် သူတောင်းစား တစ်ဦးဖြစ်သော တက်ဝီလျံသည် လမ်းပေါ်တွင် လိုက်တောင်းနေသော သူ၏အသံကြောင့် ရေဒီယိုနှင့် ရုပ်သံဌာနမှ ကမ်းလှမ်းမှုကို ရရှိပြီး အမေရိကန်ဒေါ်လာ တစ်သန်းကျော် ရရှိတော့မည် ဖြစ်ကြောင်း သိရသည်။
သူသည် မယုံကြည်နိုင်စရာ ကောင်းလောက်သည့် အသံမျိုးရှိပြီး သူ၏အသံမှာ အလွန်ငြင်သာ ချောမွေ့ကာ တောမီးကဲ့သို့ ကျယ်ပြန့်စွာ လွင့်ပျံ့သွားသည်ဟု ဆိုသည်။ သူသည် အင်တာနက် ဗီဒီယိုတစ်ခု၌ သူ၏ အစွမ်းအစကို ပြခဲ့ပြီးနောက် ယခုကဲ့သို့ ကမ်းလှမ်းမှုမျိုးကို ရရှိခဲ့ခြင်း ဖြစ်သည်။ လမ်းပေါ်မှ အိမ်ခြေရာခြေမဲ့ သူတောင်းစားမှာ ယခုအခါ MTV ၊ NFL နှင့် ESPN တို့ အပါအဝင် ရေဒီယိုနှင့် ရုပ်သံဌာန များစွာတို့က အစီအစဉ် ကြေညာသူအဖြစ် ခန့်ထားရန် အလုအယက် ကမ်းလှမ်းထားချက်များကို ရရှိထားကြောင်း သိရသည်။
sources: :ပြည်မြန်မာ

လူငယ်ကွန်ယက်များ ချိတ်ဆက်မှု အားနည်း

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကွန်ယက်ဖွဲ့ရေး အယူအဆ ထွက်ပေါ်လာပြီးနောက်  လူငယ်ကွန်ယက်အချို့ ပေါ်လာသော်လည်း တခုနှင့် တခု ချိတ်ဆက်မှု အားနည်းနေသေးသည်ဟု ကွန်ယက်အဖွဲ့ဝင်များ က ဆိုသည်။

ပြည်တွင်း လူငယ်အစုအဖွဲ့များအနက် NLD လူငယ်၏ ဗမာတနိုင်ငံလုံးဆိုင်ရာ လူမှုရေး လူငယ်ကွန်ယက် The Whole Burma Social Youth Network SYN ၊ ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိန်းနှင့် ပါတီအချို့မှ လူငယ်များ ပါဝင်သည့် အမျိုးသားလူငယ်ကွန်ယက် National Youth Network-NYN၊ ပြည်ပအခြေစိုက် မြန်မာနိုင်ငံသားများဆိုင်ရာ  နိုင်ငံတကာလူမှု ကွန်ယက် International Network for Burma တို့အကြား လက်တွေ့ ပူးပေါင်းဆောင်ရွက်ရာတွင် အားနည်းနေသည်။

SYN ကို ယခင်လ ၈ ရက်က NLD ပါတီဝင်မဟုတ်သူများနှင့် NLD လူငယ်များ စတင်ဖွဲ့စည်းခဲ့သော်လည်း ကျန်ကွန်ယက်များမှာမူ NLDခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတဝန်းမှ လူငယ် ၂ဝဝ ကျော်တို့ ယခင်လ ၂၈ ရက်တွင် တွေ့ဆုံပြီးမှ ဖွဲ့စည်းကြကြောင်း ကွန်ယက်ခေါင်းဆောင်များထံမှ သိရသည်။

NLD ရန်ကုန်တိုင်းအကူအညီပေးရေးနှင့် NYN တို့အကြား လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုမရှိသေးပဲ စိစစ်ဆဲဖြစ်ကြောင်း အဖွဲ့ဝင် ၁၅ ဦးပါ NLD ရန်ကုန်တိုင်းအကူအညီပေးရေး အဖွဲ့ဝင် ကိုမင်းဟန်က မဇ္ဈိမကို ပြောသည်။

“NYN နဲ့ ထိစပ်ထားတယ်ဆိုတဲ့ အနေအထားပဲရှိပါတယ်။ အဖွဲ့တခုကို သိတယ်ဆိုတဲ့ အနေအထားနဲ့ပဲ မခိုင်မာသေးဘူးလေ။ ဘေးကင်းခြင်း မကင်းခြင်းဆိုတာ ဂရုစိုက်ရအုံးမယ်လေ။ အာဏာပိုင်မှာလဲ လူငယ်ရှိတာပဲ။ လူငယ်ဆိုတိုင်း အကုန်ရောပြီး ဆက်ဆံလို့ရမယ် မထင်ဘူး” ဟု သူက ပြောသည်။

NLD ရန်ကုန်တိုင်းအကူအညီပေးရေးအနေဖြင့် SYN နှင့်ဆက်စပ်နေသည့် အဖွဲ့ငယ် ၇ ဖွဲ့ခန့်နှင့် သွေးအကူအညီပေးရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ လူ့အခွင့်အရေးကြေညာချက် ကဲ့သို့ အများသိ သင့်သည့် ကြေညာစာတမ်းများဝေငှခြင်းတို့ လုပ်ကိုင်နေသည်။ SYN နှင့် ဆက်စပ်ထားသည့် အစုအဖွဲ့များတွင် “BG သွေးအလှူပေးရေး”၊ ဆင်းရဲသားများကို ဖန်မီးချောင်းများ လှူသည့် “Light for Public”၊ သွေးစစ်ပေးသည့် “အလင်းသစ်ဦးတည်ရာ” တို့ ပါဝင်ကြောင်း သိရသည်။

NLD လူငယ်အဖွဲ့နှင့် ဆွေးနွေးဆဲသာဖြစ်သည်ဟု ယခုလ ၆ ရက်က ဖွဲ့စည်းခဲ့သော အမျိုးသား လူငယ်ကွန်ယက် (NYN) ကလည်း ပြောသည်။

ကိုမျိုးရန်နောင်သိန်းက “ဆွေးနွေးနေဆဲပါ။ NLD လူငယ်တွေက ကျနော်တို့ လက်ဦးမှုယူတယ်လို့ ထင်ကြတယ်။ တကယ်က မဟုတ်ပါဘူး။ ကျနော်တို့ ဆီမှာ လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌဟောင်း ကိုအောင်ဇေယျ၊ ကရုဏာလက်၊ ကရုဏာဖောင်ဒေးရှင်း တို့လဲ ပါပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ကိုမျိုးရန်နောင်သိန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယခုလ ၁၂ ရက်က တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ကွန်ယက် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး လူငယ်များထံမှ အမြင် သဘောထား မေးမြန်းထားသည်ဟု NYN ၏ facebook စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

“ကျနော်ကပြောပါတယ်၊ အမျိုးသား လူငယ်ကွန်ယက်နဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။ ကွန်ယက် ဘာကြောင့်လိုအပ်တာလဲပေါ့။ ကွန်ယက်ကို ဘယ်လိုကျယ်ပြန့်အောင် လုပ်မလဲပေါ့။ ဒီမေးခွန်းကို လူငယ်တွေ ဖြေပါတဲ့။ လောလောဆယ် ကျနော်တို့ ဖေ့ဘွတ်မှာ တင်ထားတယ်။ အီးမေလ်းဖွင့်ထားတယ်” ဟု မျိုးရန်နောင်သိန်းက ပြောသည်။

NLD ပါတီ၊ NYN တို့နှင့် ဆက်စပ်ထားသော်လည်း ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေးသည့် အခြားကွန်ယက်တခုမှာ ပြည်တွင်းမှ နှစ်ဦးအပါအဝင် အမေရိကန်၊ အိန္ဒိယ၊ ထိုင်း၊ ကနေဒါ၊ ဂျပန် နိုင်ငံအခြေစိုက် မြန်မာ စုစုပေါင်း ၂၉ ဦးပါသော မြန်မာနိုင်ငံသားများဆိုင်ရာနိုင်ငံတကာ လူမှုကွန်ယက် International Network for Burma ဖြစ်သည်။

“အခုတော့ သူတို့နဲ့ NYN နဲ့ အကြမ်းဖျဉ်းပဲ သဘောတူညီမှု ရသေးတယ်။ ဦးဇင်းတို့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ် မဆောင်ရွက်သေးဘူး ဆိုတာ တရားဝင်ထုတ်ပြန်ပါလိမ့်မယ်” ဟု ၂ဝဝ၇ သံဃာ့အရေးအခင်းတွင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့မှ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ အရှင်ထာဝရက ပြောသည်။

ယခင်လ ၃၁ ရက်က အမေရိကန် ဖို့ဝန်းမှ မြန်မာများအပါအဝင် လူ ၁ဝ ဦးခန့်က လူမှုကွန်ယက်ဖွဲ့ရန် အင်တာနက်မှတဆင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တင်ပြဆွေးနွေးကာ နိုင်ငံတကာရောက် မြန်မာများထံမှ လူတယောက်ကို တဒေါ်လာ စုဆောင်းပြီး မြန်မာ့ဒီမိုကရေစီရေး ကူညီသွားရန် ရည်ရွယ်ကြောင်း သိရသည်။

ယခုလို NLD အပါအဝင် NLD ကို ဝန်းရံရေးနှင့် ဒီမိုကရေစီအရေးအတွက် ကွန်ယက်များ စတင် ပေါ်ပေါက်လာသကဲ့သို့ နိုဝင်ဘာ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ ၅ ဖွဲ့ကလည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် မနက်ဖြန် ရန်ကုန်၌ တွေ့ဆုံကြမည် ဖြစ်သည်။

sources: : www.mazzimaburmese.com

Do and Don't Myanmar Internet users

ဒီစာအုပ်လေးက အင်တာနက်သုံဆွဲသူများ မသိမဖြစ်သိထားသင့်တဲ့ အသိပေးချက် ၈ ချက် ပါ။ အခု နောက်ပိုင်း blog တွေ၊ website တွေ၊ mail တွေကို အပျော်သဘော Hack လာကြတယ်။ ဒီစာနဲ့ ဒီစာအုပ်ကို တင်ရတာလည်း မိတ်ဆွေတစ်ယောက် သူ့ဂျီမေလ်း အဟတ်ခံရတာနဲ့ ပါတ်သတ်ပြီး နောက်ဆို ဘယ်လို အဟတ်မခံရအောင် ဘယ်လိုလုပ်ရမလဲ မေးလာလို့ပါ။ ဒီစာအုပ်လေးက တော်တော်လေး ပြည့်စုံအောင်ရေးပေးထားလို့ အဆင်ပြေမယ် ထင်ပါတယ်။ ဂျီမေးလ်ကို Hack တဲ့နည်းတွေက အများကြီးရှိပါတယ်။ နောက်တစ်ခုက ကိုယ်ဝင်နေကြ ဂျီမေးလ် Home page ဟုတ်ရဲ့လား စစ်ဆေးပြီးမှ ဝင်ပါ။ ဂျီမေးလ် Home page ပုံစံ အတိုင်း လုပ်ထားတဲ့ ဆိုဒ်တွေ အများကြီး ရှိပါတယ်။ မှားပြီး ဝင်မိရင်တော့ ကိုယ့်ရဲ့ လှို့ဝှက်နံပါတ်နဲ့ နံမည်ကို Hacker ဆီ လှမ်းပြီး အသိပေးလိုက် သလိုဖြစ်သွားမှာပါ။ လှို့ဝှက်နံပါတ် ကို စာနဲ့ ဂဏန်းနဲ့ တွဲ ပြီး အသုံးပြုပေးပါ။ လှို့ဝှက်နံပါတ်ကို Google က စိတ်မချရတော့ဖူး ပြောင်းပါလို့ မပြောမချင်း မပြောင်းပဲထားပါ။ ခက်တာကျနော်တို့ မြန်မာလူမျိုးတွေ Hacker ကြီးဖြစ်ချင်လာကြတယ်။ ဂျီမေးလ်လေးတစ်ခု Hack နိုင်တာနဲ့ Hacker လို့ထင်နေတယ်။ သူများနိုင်ငံမှာ Hacker တွေက စီးပွါးရေးအတွက်၊ လူအများ IT နည်းပညာ တိုးတက်ကောင်းမွန်ရေး အတွက် အသုံး ပြုနေကြတာပါ။
sources: : humanright-myanmar.com
Download