Sunday, January 16, 2011

IAEA က မြန်မာ နျူကလီယားကိစ္စ စာရေးအကြောင်းကြား

မြန်မာနိုင်ငံက နျူကလီယားသတင်း တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အနုမြုစွမ်းအင်အဖွဲ့ IAEA က အချက်အလက် အသေးစိတ် ရရှိဖို့ မြန်မာ စစ်အစိုးရကို စာရေး အကြောင်းကြားလိုက်တယ်လို့ သိရပါတယ်။

(Image: RFA)
မြန်မာစစ်အစိုးရ၏ နေပြည်တော်တွင် မြောက်ကိုရီးယား ပညာရှင်များက မြေအောက် ဥမင်လိုဏ်ခေါင်းများ ဖောက်လုပ်ပေးသော သတင်းကို QQ.com တရုတ် သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားပုံ ဖြစ်ပါသည်။ (Image: RFA)
မြန်မာနိုင်ငံက နျူကလီယားနဲ့ ပတ်သက်တဲ့ လုပ်ငန်း အစီအစဉ်တွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက် သောကြာနေ့က စာရေးသား ပေးပို့ခဲ့တာလို့ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တော် အခြေစိုက် IAEA နဲ့ နီးစပ်တဲ့ သံတမန်တွေကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ရေးသားပါတယ်။

မြန်မာ အစိုးရအနေနဲ့ သံသယဖြစ်စရာ နျူကလီယားနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေ ရှိနေတယ်လို့ IAEA က သတင်းတွေ ရနေကြောင်း အမည်မဖော်လိုတဲ့ အဲဒီ သံအရာရှိက ပြောပါတယ်။ IAEA အနေနဲ့ မြန်မာပြည်ထဲကို ကိုယ်စားလှယ်အဖွဲ့ စေလွတ် စစ်ဆေးလိုတဲ့ သဘောထားလည်း ရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ နျူကလီယားလက်နက် ထုတ်နိုင်တဲ့ အခြေအနေတော့ မရှိသေးဘူးလို့ အများစုက သုံးသပ်ထားပါတယ်။

မနှစ်က စက်တင်ဘာလမှာ IAEA က နျူကလီယား သတင်းတွေနဲ့ ပတ်သက်လို့ ဖြေရှင်းပေးဖို့ IAEA က တောင်းဆိုရာမှာ ဒါဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ ဖြစ်တယ်လို့ မြန်မာ စစ်အစိုးရက ငြင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ နျူကလီယားလက်နက် မပြန့်ပွားရေးစာချုပ် အဖွဲ့ဝင်နိုင်ငံ ဖြစ်သလို IAEA အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ရေးစာချုပ် ချုပ်ထားတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။

sources: :RFA

Saturday, January 15, 2011

လမ်းပေါ်က အိမ်ခြေရာခြေမဲ့ သူတောင်းစား အသံကောင်းလွန်း၍ ရေဒီယိုနှင့် ရုပ်သံဌာနများမှ ကမ်းလှမ်းခံရပြီး ဒေါ်လာတစ်သန်းကျော် ရရှိမည်


အမေရိကန် ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် ကိုလံဘတ်မြို့တွင် နှစ်ပေါင်းများစွာ အိမ်ခြေရာခြေမဲ့ကာ တောင်းစားနေရသည့် သူတောင်းစား တစ်ဦးဖြစ်သော တက်ဝီလျံသည် လမ်းပေါ်တွင် လိုက်တောင်းနေသော သူ၏အသံကြောင့် ရေဒီယိုနှင့် ရုပ်သံဌာနမှ ကမ်းလှမ်းမှုကို ရရှိပြီး အမေရိကန်ဒေါ်လာ တစ်သန်းကျော် ရရှိတော့မည် ဖြစ်ကြောင်း သိရသည်။
သူသည် မယုံကြည်နိုင်စရာ ကောင်းလောက်သည့် အသံမျိုးရှိပြီး သူ၏အသံမှာ အလွန်ငြင်သာ ချောမွေ့ကာ တောမီးကဲ့သို့ ကျယ်ပြန့်စွာ လွင့်ပျံ့သွားသည်ဟု ဆိုသည်။ သူသည် အင်တာနက် ဗီဒီယိုတစ်ခု၌ သူ၏ အစွမ်းအစကို ပြခဲ့ပြီးနောက် ယခုကဲ့သို့ ကမ်းလှမ်းမှုမျိုးကို ရရှိခဲ့ခြင်း ဖြစ်သည်။ လမ်းပေါ်မှ အိမ်ခြေရာခြေမဲ့ သူတောင်းစားမှာ ယခုအခါ MTV ၊ NFL နှင့် ESPN တို့ အပါအဝင် ရေဒီယိုနှင့် ရုပ်သံဌာန များစွာတို့က အစီအစဉ် ကြေညာသူအဖြစ် ခန့်ထားရန် အလုအယက် ကမ်းလှမ်းထားချက်များကို ရရှိထားကြောင်း သိရသည်။
sources: :ပြည်မြန်မာ

လူငယ်ကွန်ယက်များ ချိတ်ဆက်မှု အားနည်း

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကွန်ယက်ဖွဲ့ရေး အယူအဆ ထွက်ပေါ်လာပြီးနောက်  လူငယ်ကွန်ယက်အချို့ ပေါ်လာသော်လည်း တခုနှင့် တခု ချိတ်ဆက်မှု အားနည်းနေသေးသည်ဟု ကွန်ယက်အဖွဲ့ဝင်များ က ဆိုသည်။

ပြည်တွင်း လူငယ်အစုအဖွဲ့များအနက် NLD လူငယ်၏ ဗမာတနိုင်ငံလုံးဆိုင်ရာ လူမှုရေး လူငယ်ကွန်ယက် The Whole Burma Social Youth Network SYN ၊ ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိန်းနှင့် ပါတီအချို့မှ လူငယ်များ ပါဝင်သည့် အမျိုးသားလူငယ်ကွန်ယက် National Youth Network-NYN၊ ပြည်ပအခြေစိုက် မြန်မာနိုင်ငံသားများဆိုင်ရာ  နိုင်ငံတကာလူမှု ကွန်ယက် International Network for Burma တို့အကြား လက်တွေ့ ပူးပေါင်းဆောင်ရွက်ရာတွင် အားနည်းနေသည်။

SYN ကို ယခင်လ ၈ ရက်က NLD ပါတီဝင်မဟုတ်သူများနှင့် NLD လူငယ်များ စတင်ဖွဲ့စည်းခဲ့သော်လည်း ကျန်ကွန်ယက်များမှာမူ NLDခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတဝန်းမှ လူငယ် ၂ဝဝ ကျော်တို့ ယခင်လ ၂၈ ရက်တွင် တွေ့ဆုံပြီးမှ ဖွဲ့စည်းကြကြောင်း ကွန်ယက်ခေါင်းဆောင်များထံမှ သိရသည်။

NLD ရန်ကုန်တိုင်းအကူအညီပေးရေးနှင့် NYN တို့အကြား လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုမရှိသေးပဲ စိစစ်ဆဲဖြစ်ကြောင်း အဖွဲ့ဝင် ၁၅ ဦးပါ NLD ရန်ကုန်တိုင်းအကူအညီပေးရေး အဖွဲ့ဝင် ကိုမင်းဟန်က မဇ္ဈိမကို ပြောသည်။

“NYN နဲ့ ထိစပ်ထားတယ်ဆိုတဲ့ အနေအထားပဲရှိပါတယ်။ အဖွဲ့တခုကို သိတယ်ဆိုတဲ့ အနေအထားနဲ့ပဲ မခိုင်မာသေးဘူးလေ။ ဘေးကင်းခြင်း မကင်းခြင်းဆိုတာ ဂရုစိုက်ရအုံးမယ်လေ။ အာဏာပိုင်မှာလဲ လူငယ်ရှိတာပဲ။ လူငယ်ဆိုတိုင်း အကုန်ရောပြီး ဆက်ဆံလို့ရမယ် မထင်ဘူး” ဟု သူက ပြောသည်။

NLD ရန်ကုန်တိုင်းအကူအညီပေးရေးအနေဖြင့် SYN နှင့်ဆက်စပ်နေသည့် အဖွဲ့ငယ် ၇ ဖွဲ့ခန့်နှင့် သွေးအကူအညီပေးရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ လူ့အခွင့်အရေးကြေညာချက် ကဲ့သို့ အများသိ သင့်သည့် ကြေညာစာတမ်းများဝေငှခြင်းတို့ လုပ်ကိုင်နေသည်။ SYN နှင့် ဆက်စပ်ထားသည့် အစုအဖွဲ့များတွင် “BG သွေးအလှူပေးရေး”၊ ဆင်းရဲသားများကို ဖန်မီးချောင်းများ လှူသည့် “Light for Public”၊ သွေးစစ်ပေးသည့် “အလင်းသစ်ဦးတည်ရာ” တို့ ပါဝင်ကြောင်း သိရသည်။

NLD လူငယ်အဖွဲ့နှင့် ဆွေးနွေးဆဲသာဖြစ်သည်ဟု ယခုလ ၆ ရက်က ဖွဲ့စည်းခဲ့သော အမျိုးသား လူငယ်ကွန်ယက် (NYN) ကလည်း ပြောသည်။

ကိုမျိုးရန်နောင်သိန်းက “ဆွေးနွေးနေဆဲပါ။ NLD လူငယ်တွေက ကျနော်တို့ လက်ဦးမှုယူတယ်လို့ ထင်ကြတယ်။ တကယ်က မဟုတ်ပါဘူး။ ကျနော်တို့ ဆီမှာ လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌဟောင်း ကိုအောင်ဇေယျ၊ ကရုဏာလက်၊ ကရုဏာဖောင်ဒေးရှင်း တို့လဲ ပါပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ကိုမျိုးရန်နောင်သိန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယခုလ ၁၂ ရက်က တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ကွန်ယက် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး လူငယ်များထံမှ အမြင် သဘောထား မေးမြန်းထားသည်ဟု NYN ၏ facebook စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

“ကျနော်ကပြောပါတယ်၊ အမျိုးသား လူငယ်ကွန်ယက်နဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။ ကွန်ယက် ဘာကြောင့်လိုအပ်တာလဲပေါ့။ ကွန်ယက်ကို ဘယ်လိုကျယ်ပြန့်အောင် လုပ်မလဲပေါ့။ ဒီမေးခွန်းကို လူငယ်တွေ ဖြေပါတဲ့။ လောလောဆယ် ကျနော်တို့ ဖေ့ဘွတ်မှာ တင်ထားတယ်။ အီးမေလ်းဖွင့်ထားတယ်” ဟု မျိုးရန်နောင်သိန်းက ပြောသည်။

NLD ပါတီ၊ NYN တို့နှင့် ဆက်စပ်ထားသော်လည်း ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေးသည့် အခြားကွန်ယက်တခုမှာ ပြည်တွင်းမှ နှစ်ဦးအပါအဝင် အမေရိကန်၊ အိန္ဒိယ၊ ထိုင်း၊ ကနေဒါ၊ ဂျပန် နိုင်ငံအခြေစိုက် မြန်မာ စုစုပေါင်း ၂၉ ဦးပါသော မြန်မာနိုင်ငံသားများဆိုင်ရာနိုင်ငံတကာ လူမှုကွန်ယက် International Network for Burma ဖြစ်သည်။

“အခုတော့ သူတို့နဲ့ NYN နဲ့ အကြမ်းဖျဉ်းပဲ သဘောတူညီမှု ရသေးတယ်။ ဦးဇင်းတို့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ် မဆောင်ရွက်သေးဘူး ဆိုတာ တရားဝင်ထုတ်ပြန်ပါလိမ့်မယ်” ဟု ၂ဝဝ၇ သံဃာ့အရေးအခင်းတွင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့မှ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ အရှင်ထာဝရက ပြောသည်။

ယခင်လ ၃၁ ရက်က အမေရိကန် ဖို့ဝန်းမှ မြန်မာများအပါအဝင် လူ ၁ဝ ဦးခန့်က လူမှုကွန်ယက်ဖွဲ့ရန် အင်တာနက်မှတဆင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တင်ပြဆွေးနွေးကာ နိုင်ငံတကာရောက် မြန်မာများထံမှ လူတယောက်ကို တဒေါ်လာ စုဆောင်းပြီး မြန်မာ့ဒီမိုကရေစီရေး ကူညီသွားရန် ရည်ရွယ်ကြောင်း သိရသည်။

ယခုလို NLD အပါအဝင် NLD ကို ဝန်းရံရေးနှင့် ဒီမိုကရေစီအရေးအတွက် ကွန်ယက်များ စတင် ပေါ်ပေါက်လာသကဲ့သို့ နိုဝင်ဘာ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ ၅ ဖွဲ့ကလည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် မနက်ဖြန် ရန်ကုန်၌ တွေ့ဆုံကြမည် ဖြစ်သည်။

sources: : www.mazzimaburmese.com

Do and Don't Myanmar Internet users

ဒီစာအုပ်လေးက အင်တာနက်သုံဆွဲသူများ မသိမဖြစ်သိထားသင့်တဲ့ အသိပေးချက် ၈ ချက် ပါ။ အခု နောက်ပိုင်း blog တွေ၊ website တွေ၊ mail တွေကို အပျော်သဘော Hack လာကြတယ်။ ဒီစာနဲ့ ဒီစာအုပ်ကို တင်ရတာလည်း မိတ်ဆွေတစ်ယောက် သူ့ဂျီမေလ်း အဟတ်ခံရတာနဲ့ ပါတ်သတ်ပြီး နောက်ဆို ဘယ်လို အဟတ်မခံရအောင် ဘယ်လိုလုပ်ရမလဲ မေးလာလို့ပါ။ ဒီစာအုပ်လေးက တော်တော်လေး ပြည့်စုံအောင်ရေးပေးထားလို့ အဆင်ပြေမယ် ထင်ပါတယ်။ ဂျီမေးလ်ကို Hack တဲ့နည်းတွေက အများကြီးရှိပါတယ်။ နောက်တစ်ခုက ကိုယ်ဝင်နေကြ ဂျီမေးလ် Home page ဟုတ်ရဲ့လား စစ်ဆေးပြီးမှ ဝင်ပါ။ ဂျီမေးလ် Home page ပုံစံ အတိုင်း လုပ်ထားတဲ့ ဆိုဒ်တွေ အများကြီး ရှိပါတယ်။ မှားပြီး ဝင်မိရင်တော့ ကိုယ့်ရဲ့ လှို့ဝှက်နံပါတ်နဲ့ နံမည်ကို Hacker ဆီ လှမ်းပြီး အသိပေးလိုက် သလိုဖြစ်သွားမှာပါ။ လှို့ဝှက်နံပါတ် ကို စာနဲ့ ဂဏန်းနဲ့ တွဲ ပြီး အသုံးပြုပေးပါ။ လှို့ဝှက်နံပါတ်ကို Google က စိတ်မချရတော့ဖူး ပြောင်းပါလို့ မပြောမချင်း မပြောင်းပဲထားပါ။ ခက်တာကျနော်တို့ မြန်မာလူမျိုးတွေ Hacker ကြီးဖြစ်ချင်လာကြတယ်။ ဂျီမေးလ်လေးတစ်ခု Hack နိုင်တာနဲ့ Hacker လို့ထင်နေတယ်။ သူများနိုင်ငံမှာ Hacker တွေက စီးပွါးရေးအတွက်၊ လူအများ IT နည်းပညာ တိုးတက်ကောင်းမွန်ရေး အတွက် အသုံး ပြုနေကြတာပါ။
sources: : humanright-myanmar.com
Download

Friday, January 14, 2011

CPC ဂျာနယ်ကိုယ်စားပြု ကော်မတီမှ Eleven Media Group နုတ်ထွက်

Committee for Professional Conduct (CPC) ဂျာနယ်ကိုယ်စားပြု ကော်မတီမှ Eleven Media Group နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။ 'မနေ့က အဲဒီ အစည်းအဝေး ပြီးပြီးချင်းပဲ ကျွန်တော်တို့ Eleven Media Group အနေနဲ့တိုင်ပင်ပြီး နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နုတ်ထွက်စာကို အဲဒီနေ့က ချက်ချင်းပဲ စာပေစိစစ်ရေးကို ပို့လိုက်ပါတယ်'ဟု ဇန်န၀ါရီလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဒေါက်တာသိန်းမြင့် (Managing Editor) က ပြောပါသည်။
'ကျွန်တော်တို့ Eleven Media Group တည်ထောင်တာ ၁၀ နှစ်ကျော်ပါပြီ။ ဘယ်ဂျာနယ်လစ် အဖွဲ့အစည်းမှာမှ မပါခဲ့ပါဘူး။ ကျွန်တော်တို့ မူဝါဒ၊ ရပ်တည်ချက်နဲ့ တူညီမှု ရှိမှသာ ပူးပေါင်း ဆောင်ရွက်ခဲ့တာပါ။ ဒီအဖွဲ့ ဖွဲ့စည်းမယ်ဆိုတုန်းက စာနယ်ဇင်း ကျင့်ဝတ်တွေထိန်းဖို့၊ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ တာဝန်ကို အကာအကွယ်ပေးနိုင်တဲ့အဖွဲ့အစည်းဖြစ်ဖို့ စတုတ္ထမဏ္ဍိုင် ပီပြင်ဖို့ Independent Body ဖြစ်မယ်ဆိုလို့ ပါဝင်ခဲ့တာပါ။ အခု ဖွဲ့စည်းပုံအရ ဒီလိုမဖြစ်နိုင်တော့လို့ နုတ်ထွက်လိုက်တာပါ။ မနေ့က အစည်းအဝေးမှာ ကျွန်တော်တို့ Eleven Media Group က ဒီအဖွဲ့မှာ ပါတဲ့သူတွေ အနေနဲ့ အောက်ဖော်ပြပါ အချက်ခြောက်ချက်နဲ့ ညီဖို့ လိုပါတယ်။ မညီရင် ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် စဉ်းစားကြဖို့ တင်ပြခဲ့ပါတယ်။ နေရာရလာရင် ကပ်ပါးရပ်ပါးလုပ်ပြီး အခွင့်အရေးယူဖို့ပဲ ကြည့်နေတဲ့သူတွေ၊ စာနယ်ဇင်းကျင့်ဝတ်ကို ဖောက်ဖျက်ပြီး အကျင့်သိက္ခာဆိုးနဲ့ ကျော်ကြားတဲ့သူတွေ ဒီအဖွဲ့ထဲမှာ များနေရင် ဒီအဖွဲ့အပေါ် အစိုးရရော၊ ပြည်သူလူထုပါ ယုံကြည်လေးစားမှုရှိမှာ မဟုတ်သလို ဒီအဖွဲ့ရဲ့ ရည်မှန်းချက်တွေလည်း အောင်မြင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ Eleven Media Group ဟာ ဘာသားယိမ်းလိုက် ရောယိမ်းလိုက် လုပ်တဲ့ သတင်းမီဒီယာ မဟုတ်ပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံကို မပြင်ရင် ဒီအဖွဲ့မှာ ပါဝင်မှာ မဟုတ်သလို၊ ဒီအဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ပါဘူး'ဟု Eleven Medi Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောပါသည်။
CPC ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)၊ အတွင်းရေးမှူးအဖြစ် ဦးမျိုးမြင့်မောင် (ညွှန်ကြားရေးမှူး၊ စာပေစိစစ်ရေး)တို့ ဖြစ်ပြီး ဦးမြတ်ခိုင် အပါအ၀င် စာပေစာနယ်ဇင်းမှ ငါးဦး၊ ပြည်တွင်းဂျာနယ် ကိုယ်စားလှယ်များ အဖြစ် ဦးဝင်းငြိမ်း (အလင်းတန်းဂျာနယ်)၊ ဦးအောင်စိုးသူ(The First Music ဂျာနယ်)၊ ဦးယဉ်ကျော် (မှုခင်းသတင်းဂျာနယ်)၊ ဦးဇင်ယော်နီ (မနောမယ ဂျာနယ်)၊ ဒေါက်တာဇော်သန်း (Health Care ဂျာနယ်)၊ ဦးခင်မောင်ညို(ဘောဂဗေဒ) (ကမ္ဘာ့စီးပွားရေးဂျာနယ်)၊ ဦးကျော်မင်းဆွေ (The Voice ဂျာနယ်)၊ ဦးသန်းစိုး (အခွင့်အလမ်းဂျာနယ်)၊ ဦးဝေသာ (တတိုင်းမွှေးဂျာနယ်)၊ ဦးမြင့်ဆွေမြင့် (အင်အား အားကစားဂျာနယ်)၊ ဦးထွန်းထွန်းဦး (အိုလံပစ် အားကစားဂျာနယ်)၊ ဒေါ်ငြိမ်းငြိမ်းနိုင် (7 Day ဂျာနယ်)၊ ဦးချစ်မောင် (News Watch ဂျာနယ်)၊ ဒေါက်တာတင်ထွန်းဦး (ပြည်မြန်မာသတင်းဂျာနယ်)၊ ဒေါက်တာသိန်းမြင့် (Eleven Media Group)တို့ ဖြစ်ပါသည်။ ထို့ပြင် Freelance များထဲမှ ဦးကျော်ရင်မြင့်နှင့် ဦးရဲနိုင်မိုးတို့လည်း ပါဝင်သည်။
၎င်းကော်မတီတွင် ပါဝင်ရမည့် သူများ၏ အရည်အချင်းနှင့် ပတ်သက်၍ Eleven Media Group မှ CPC ကော်မတီသို့ တင်ပြချက်(၆)ချက်မှာ  .  .  .
  • စာနယ်ဇင်းကျင့်ဝတ်ကို နားလည်ပြီး ၎င်းကျင့်ဝတ်ကို အမှန်တကယ် လိုက်နာကျင့်သုံးခဲ့သော သမိုင်းကြောင်းရှိသူ ဖြစ်ရမည်။
  • ဂုဏ်သိက္ခာပိုင်းဆိုင်ရာ နာမည်ပျက် မရှိသူ၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ဂုဏ်သတင်းရှိသူ ဖြစ်ရမည်။ ငွေကြေး အရှုပ်အရှင်း ကင်းသူ ဖြစ်ရမည်။
  • မိမိအလုပ်ပေါ် မိမိ မြတ်နိုးမှု ရှိပြီး မိမိတို့ စာနယ်ဇင်း လောကသားများ အပေါ် ကာကွယ်လိုစိတ် ရှိရမည်။
  • ညှိနှိုင်းမှုများ လုပ်ဆောင်ရာတွင် သဘောထား ပျော့ပျောင်းမှုများ ရှိသူ ဖြစ်ပြီး စာနယ်ဇင်းတို့၏ ရပိုင်ခွင့်၊ ကျင့်ဝတ် (Principle)ပေါ်၌ နားလည်ကာ အခိုင်အမာ ရပ်တည်နိုင်သူ ဖြစ်ရမည်။
  • ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင်၍ အုပ်စုဖွဲ့၊ ဂိုဏ်းဂဏဖွဲ့သူ မဖြစ်စေရ။
  • အစိုးရ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သံရုံး၊ NGOs မှ အမှီအခိုကင်းပြီး Sponsor အထောက်အပံ့ကို သွယ်ဝိုက် (သို့) တိုက်ရိုက်ရယူသူ မဖြစ်ရ။