Sunday, November 21, 2010

အင်တာနက်ဆိုင်များ CCTV ကင်မရာ တပ်ရန် ညွှန်ကြား

ရန်ကုန် မြို့တော်ခန်းမ အနီးရှိ အင်တာနက်ဆိုင် တခုတွင် ဗုံးများတွေ့ရှိ ပြီးနောက် အင်တာနက် ဆိုင်များတွင် CCTV ကင်မရာများ တပ်ဆင်ရန် အာဏာပိုင်များက ညွန်ကြား ထားကြောင်း အင်တာနက်ဆိုင်များက ပြောသည်။

MM-Internet-Cafe-(arterimalaysia.com) ပြီးခဲ့သောရက်ပိုင်းအတွင်းမှ စတင်၍ ထိုသို့ညွန်ကြားထားခြင်းဖြစ်ပြီး တပ်ဆင်ထားခြင်းရှိမရှိ လာရောက်စစ်ဆေးမည်ဟု သက် ဆိုင်ရာမြို့နယ် အာဏာပိုင်များက ပြောထားကြောင်း ရန်ကုန်မြို့တွင်းနှင့် အလုံမြို့နယ်ရှိ အင်တာနက် ဆိုင်ပိုင်ရှင်များ က ပြောဆို သည်။

“ဗုံးတွေ့လို့ဆိုပြီးတော့ CCTV တပ်ဖို့လာပြောထားတယ်။ လာစစ်မယ်လို့ပြောထားတော့ တပ်ရမှာပေါ့။ အခုထိတော့ မတပ်သေး ဘူး”ဟု ရန်ကုန်မြို့တွင်း ပန်းဆိုးတန်းလမ်းရှိ အင်တာနက်ဆိုင် တာဝန်ခံတဦးက ပြောသည်။

ထိုသို့အင်တာနက်ဆိုင်များတွင် CCTV တပ်ဆင်ရန် ညွန်ကြားမှုကြောင့် အင်တာနက်ဆိုင်ဝန်ထမ်းများက လာရောက်သုံးစွဲသူများ ကို အင်တာနက် စာမျက်နှာများမှ ကူးယူခြင်း(Downloading)၊ စာမျက်နှာပေါ်သို့တင်ခြင်း(Uploading)များကို သတိထားကြရန် ပြောဆိုမှုများရှိကြောင်း အင်တာနက်သုံးစွဲသူများက ပြောပြသည်။

“အခု CCTV ကင်မရာ တပ်ခိုင်းထားတယ်။ ဒါကြောင့် Download၊ Upload လုပ်ရင် သတိထားဖို့၊ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ မလုပ်ဖို့ သတိလာပေးတယ်”ဟု အလုံမြို့နယ်ရှိ အင်တာနက်ဆိုင် တဆိုင်တွင် သုံးစွဲခဲ့သူတဦးက ဆိုသည်။

တချို့ဆိုင်များတွင် ထိုကဲ့သို့သတိပေးမှုများရှိသော်လည်း ဆိုင်အများစုတွင်မှု ထူးခြားမှုများ မတွေ့ရကြောင်း၊ တချို့ဆိုင်များတွင် လုံခြုံရေးအတွက်ဟုဆိုကာ မူလကတည်းကပင် CCTV ကင်မရာများ တပ်ဆင်ထားမှု ရှိကြောင်း သိရသည်။

အင်တာနက် သုံးစွဲရာတွင် ပုဂ္ဂိုလ်ရေးလုံခြုံမှုသည် အရေးပါရာ လုံခြုံရေးအတွက် CCTV ကင်မရာတပ်ဆင်သော်လည်း ပုဂ္ဂိုလ်ရေး လုံခြုံမှုကို ထိခိုက်သော စောင့်ကြည့်မှုမျိုးကိုမူ လက်ခံနိုင်ဖွယ်ရာမရှိကြောင်း အင်တာနက်သုံးစွဲသူတချို့ကပြောသည်။

“လုံခြုံရေးအတွက် ကင်မရာတပ်တယ်ဆိုပေမယ့် လိုအပ်သလောက်ပဲ တပ်ခိုင်းစေချင်တယ်။ တချို့ဆိုင်တွေဆို မလိုအပ်ဘဲ အများကြီး တပ်ထားတယ်။ သုံးစွဲသူတွေ အတွက်စိတ်ထဲမှာ မလုံခြုံဘူး”ဟု အင်တာနက် ပုံမှန်သုံးစွဲလေ့ရှိသော တက္ကသိုလ် ကျောင်းသား တဦးက ဆိုသည်။

ရန်ုကုန်မြို့တော်ခန်းမ အနီးရှိ အင်တာနက်ဆိုင် တဆိုင်တွင် ဗုံးတွေ့ရှိခဲ့ကြောင်း ပြည်ပ သတင်း မီဒီယာ များတွင် ပြီးခဲ့သော ရက်ပိုင်းက ဖော်ပြခဲ့သည်။

ယမန်နေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်း သတင်းစာတွင်လည်း နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်ရှိ City Star ဟိုတယ် အောက်ထပ်ရှိ Star Net အင်တာနက် ဆိုင်၌ ချိန်ကိုက်မိုင်း ၄ လုံး တွေ့ရှိကြောင်း၊ ဘေးအန္တရာယ် ကင်းရှင်း ရန်အချိန်မီ ဖယ်ရှား နိုင်ခဲ့ကြောင်း၊ မသကာင်္ဖွယ်တွေ့ရှိပါက တာဝန်ရှိသူများထံသတင်းပို့ရန် နှိုးဆော်ကြောင်း ဖော်ပြ ထားသည်။

ဧရာဝတီ

Saturday, November 20, 2010

First Eleven ဂျာနယ် နှစ်ပတ်ပိတ်ခံရ

“ စုလွတ်ပြီ၊ စည်းလုံးခြင်းနှင့် မျှော်လင့်ချက် ပန်းတိုင်ကို တက်လှမ်းကြစို့ ” ဟု အဓိပ္ပာယ်ရသော စာသားကို ဖော်ပြသည့် First Eleven ဂျာနယ်ကို စာပေစိစစ်ရေးက နှစ်ပတ်ပိတ် လိုက်ကြောင်း ဂျာနယ် အသိုင်းအ၀ိုင်း၌ သတင်းများထွက်ပေါ်နေသည်။

ယင်းသတင်းနှင့် ပတ်သက်၍ First Eleven ဂျာနယ်က ၀န်ခံ အတည်ပြုချက် မပေးသေးပါ။

နိုဝင်ဘာ ၁၃ ရက်နေ့ထုတ် First Eleven ဘောလုံးဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည်နှင့် ပတ်သက်၍ မင်နီစာလုံးများဖြင့် ဘောလုံးအကြောင်းအရာကြားတွင် ဖော်ပြခဲ့သည်။

SUNDERLAND FREEZE CHELSE UNITED STUNNED BY VILLA & ARSENAL ADVANCE TO GRAB THEIR HOPE ဟု ဘောလုံး အကြောင်းအရာကြားတွင် သိသာထင်ရှားစေရန် စကားလုံးများကို မင်နီအရောင်ဖျော့ဖြင့် ဖော်ပြခဲ့သည်။

“စိစစ်ရေးက မသိဘူး။ ခွင့်ပြုလိုက်ပြီးနောက်မှ လူတွေ အပြောများတာကြောင့် ဒီလို အဓိပ္ပာယ်ရတဲ့ဟာ ပေါ်အောင်လုပ်ထား တာ သိသွားတာ။ စာစစ်မှူးတွေကလည်း မမြင်ဘူး။ မိတ္တူဆွဲပြီး မူကြမ်းတင်ရတာဆိုတော့ အရောင်မပါဘူး။ စာစစ်မှူးတွေပါ မမြင်ရဘူးလားဆိုပြီး ခေါ်ဆူတယ်။ ဒီအတွက် Eleven Media Group ကို အရေးယူသွားမယ်ဆိုပြီး ပြောထားတယ်။ နောက် ဆက်တွဲကတော့ ဘယ်လိုဖြစ်လာမလဲမသိသေးဘူး” ဟု စာပေစိစစ်ရေးမှ စာစစ်မှူးတဦးက ပြောသည်။

စာပေစိစစ်ရေးမှ ထွက်ရှိနေသော ဂျာနယ်များတွင် စီးပွားရေး၊ လူမှုရေးအကြောင်းအရာများနှင့် ပတ်သက်၍ ငြိစွန်းသည့် သ တင်း များပါရှိပါက ၂ ပတ်ပိတ်ခြင်း၊ ၁ ပတ် ပိတ်ခြင်း စသဖြင့် ပြုလုပ်သည်များရှိသော်လည်း ယခုဖြစ်ရပ်သည် ဒေါ်အောင် ဆန်းစုကြည်လွတ်မြောက်သည့်အပေါ် လူထုကို လှုံ့ဆော်သည့် အဓိပ္ပာယ်ရသောကြောင့် မည်သို့ အရေးယူမည်ကိုမှု မသိရှိ ရသေးဟု ၎င်းက ပြောသည်။ 

ပြည်တွင်းဂျာနယ်များအနက် Eleven Media Group မှ ထုတ်ဝေသော Weekly Eleven သတင်း ဂျာနယ်သည် ပရိသတ် ၀ယ်ယူ ဖတ်ရှုမှု အများဆုံးဖြစ်သည့်အပြင် ရွေးကောက်ပွဲ မတိုင်မီ အကြိုကာလ သတင်းများ၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့ အနယ်နယ် အရပ်ရပ်ရှိ မဲ မသမာမှုများ၊ မဲဆန္ဒရှင်များ၏ အမြင်များကို အချိန်အလိုက် ဖော်ပြပေးနေသည့် တခုတည်းသော ပြည်တွင်းထုတ် ဂျာနယ်ဖြစ်သည်။

“ဂျာနယ်တွေရဲ့ ကိုယ်ပိုင်အင်တာနက် စာမျက်နှာတွေထဲမှာ Weekly က သတင်းတွေ တက်တာမြန်တယ်၊ တခြားဂျာနယ် တွေ လို မဟုတ်ဘဲ အမှန်ကို အမှန်အတိုင်းတင်ပြရဲတယ်။ ဒီအချက်တွေကြောင့် အာဏာပိုင်တွေကတော့ သိပ်ကြည်မှာ မဟုတ် ဘူး။ ရွေးကောက်ပွဲ မသမာမှု သတင်းတွေ အင်တာနက်စာမျက်နှာမှာ တင်ကတည်းက ပြောချင်နေပေမယ့် ဂျာနယ်လို စိစစ် ရေး မလိုတော့ လူကြီးတွေကလည်း သိပ်မပြောသေးဘဲကြည့်နေတာ။ အခုက အဲဒါတွေပါ ပေါင်းသွားတာပေါ့။ အာဏာပိုင် တွေ ဘက်ကလည်း ဆက်လွှတ်ပေးလိုက်ရင် တခြားဂျာနယ်တွေပါ ဒီလို လုပ်လာမှာကိုလည်း စိုးရိမ်ပုံရတယ်။ ဂျာနယ်ကတာ ၀န် ရှိသူတွေလည်း တော်တော်ပြာနေပြီ” ဟု Weekly Eleven ဂျာနယ်နှင့် နီးစပ်သူ အယ်ဒီတာတဦး ကပြောသည်။

နိုဝင်ဘာ ၈ ရက်နေ့ကလည်း Weekly Eleven ဂျာနယ် အင်တာနက် စာမျက်ပေါ်ရှိ ရွေးကောက်ပွဲ သတင်း ကဏ္ဍကို ဖြုတ်ချ ခဲ့သည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ အင်တာနက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသကဲ့သို့ ပြည်တွင်း ဂျာနယ်အသိုင်းအ၀န်းတွင် လည်း ဝေဖန်ပြောဆိုနေကြပြီး Weely Eleven ဂျာနယ်၏ စာဖတ်ပရိသတ်များကလည်း စိုးရိမ်နေကြသည်ဟု သိရသည်။

“ပြည်တွင်းမီဒီယာတခုအနေနဲ့ ဒီလိုလုပ်တဲ့အပေါ်မှာ အားပေးထားကြတာတွေအများကြီးပဲ။ Facebook လို ဆိုရှယ်ဆိုက် တွေ မှာဆိုလည်း အကုန်ပျံ့နေတယ်။ ချီးကျုးထားတာတွေလည်းတွေ့ရတယ်။ သတ္တိရှိရှိဖော်ပြလိုက်တာက မီဒီယာရဲ့ရပ်တည်မှု ဆိုပေမယ့် အာဏာပိုင်တွေဆိုတာကလည်း မထင်ရင် မထင်သလို လုပ်တတ်တာဆိုတော့ တဘက်မှာ ဆိုးကျိုးတွေဖြစ်လာမှာ စိုးရိမ်ကြတာပေါ့”ဟု လူငယ်စာဖတ်ပရိသတ်တဦးက ပြောသည်။

ယခု တပတ်ထုတ် Weekly Eleven ၊ The Voice ၊ 7 Day၊ Flower News ဂျာနယ်များတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်  မြောက်သည့် သတင်းများနှင့် ဓာတ်ပုံများ ပါရှိသည့် ဂျာနယ်များရောင်းအားကောင်းခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် ပုံပါ မျက်နှာဖုံး စာရွက်ကို  တစောင် ၁၀၀ ကျပ် ဖြင့် မိတ္တူကူးရောင်းချသည့် ဈေးကွက်မှာပါ အရောင်းသွက်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဖြစ်ရပ်များကို ကြည့်မည်ဆိုပါက မြန်မာပြည်စာဖတ်ပရိသတ် ပြည်သူလူထုသည် လွတ်လပ်သည့် မီဒီယာဖြစ် ပေါ် လာမှုကို လိုလားပြီး ၊ သတင်းဂျာနယ်များတွင် ဘက်ညီမျှပြီး မှန်ကန်သည့် သတင်းတင်ပြမှုများ ၊ စိစစ်ရေးဖြတ်တောက်မှု နည်းပါးသည့် သတင်းဂျာနယ်များကို ဖတ်ရှုလိုမှု ဆန္ဒပိုရှိကြောင်း စာရေးဆရာကြီးတဦးက သုံးသပ်ပြောဆိုလိုက်သည်။

The Voice ဂျာနယ်၏ အင်တာနက်စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့်နေ့က သတင်းဓာတ်ပုံ များ ဖော်ပြခဲ့သော်လည်း ယနေ့ ဖြုတ်ချလိုက်သည်။

စာပေစိစစ်ရေးက ပိတ်ပင်မှုများပြုသော်လည်း သတင်းဂျာနယ်များသည် Facebook နှင့် ၎င်းတို့ပိုင် ဝက်ဘ်ဆိုက် များကို အသုံးပြုကာ ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် ဓာတ်ပုံများကို အချိန်နှင့် တပြေးညီ တင်ပြခဲ့သည့်အတွက် ပြည်တွင်းပြည်ပ မြန်မာများအကြားတွင် အဆိုပါ ပြည်တွင်းသတင်း ဝက်ဘ်ဆိုက်များ ရေပန်း စားလာကြောင်း သိရှိရသည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) မှ ထုတ်ပြန်သည့် မှတ်တမ်းများအရ မြန်မာနိုင်ငံ၏ သတင်း လွတ်လပ်ခွင့် အဆင့်သည် ၁၇၈ နိုင်ငံအနက် ၁၇၄ နေရာတွင်ရှိပြီး သတင်းလွတ်လပ်ခွင့် မရှိဆုံး ၅ နိုင်ငံတွင် တနိုင်ငံအဖြစ် ပါဝင်သည်။

ရင်းမြစ်။ ဧရာဝတီ

Thursday, November 18, 2010

နိုင်ငံတကာရှိ သူငယ်ချင်းအားလုံးသို့

သိသိ မသိသိ မြင်ဖူးဖူး၊ မမြင်ဖူးဖူး၊ ကျနော်တို့အတွက် အရေးမကြီးပါဘူး၊ အားလုံး မြန်မာပြည်လွတ်မြောက်ရေး ကွန်ယက်ထဲမှာ သူငယ်ချင်းတွေလို့ ကျနော်ခံယူထားပါတယ်။
ကျနော်တို့ အားလုံး မြန်မာနိုင်ငံတော်ကို တိုးတက်စေချင်ကြတယ်။ အရှေ့တောင်အာရှ နိုင်ငံအလယ်မှာ ဒုက္ခပင်လယ်ဝေနေပြီး အများ နှာခေါင်းရှုံ့တဲ့ နိုင်ငံအဖြစ်က လွတ်မြောက်စေချင်ကြတယ်။ ဘေးအိမ်နီးချင်းတွေက ကျနော်တို့နိုင်ငံ သယံဇာတတွေ အတင်းနှိုက်ယူနေတာ မခံချိမခံသာနဲ့ တက်ခေါက်နေရတဲ့အဖြစ်က လွတ်မြောက်ချင်ကြတယ်။ အထူးသဖြင့် နိုင်ငံပျောက်၊ လူမျိုးပျောက်နေတဲ့ အဖြစ်တွေက လွတ်မြောက်ချင်ကြတယ်။  မြန်မာပြည်ကို တနည်းနည်းနဲ့ ကူညီချင်ကြတယ်၊ စိတ်သဘောထားတွေ အတူတူပါပဲ။
အဲတော့ဗျာ …
ကျနော်တို့အားလုံး မြန်မြန် ချိတ်ဆက်နိုင်ပြီး ပြည်တွင်းက  လူငယ်တွေလည်း ၀င်ရောက် ရေးသားနိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် ဖတ်နိုင်မယ့်၊ ပါတီကလူငယ်တွေလည်း တက်ရောက်ဖတ်နိုင်မယ့် post လေးတခုကို  လုပ်ပေးစေချင်ပါတယ်။
နည်းပညာပိုင်းကျွမ်းကျင်သူ လူငယ်များ စကာင်္ပူမှာ အများဆုံးနေထိုင်နေတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်နားထောင်တဲ့ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းထဲမှာ နည်းပညာနဲ့ ပတ်သက်ပြီး ရိုးသားစွာပြောသွားတဲ့ သူ့စကားလေးကို ကြိုက်ပါတယ်။
(ကင်မရာဖုန်းလေးကိုပြောတော့ ပါးစပ်ကို ဘယ်နေရာက ထားရမလဲ မသိဘူးတဲ့ …)
ကျနော်တို့လည်း ကိုယ့်အချင်းချင်း ထိန်ဝှက်စရာ မလိုပါဘူး၊ တတ်သိနားလည်သူက ကွန်ယက်လေးဖြစ်ဖို့၊ အထူးသဖြင့် ကျနော်တို့ နိုင်ငံတကာက ပြည်သူတွေရဲ့ အသံတွေ အထဲကို ပို့နိုင်ဖို့ အိုင်တီကျွမ်းကျင်သူများကို အကောင်းဆုံး ကြိုးစားပေးကြပါလို့ ကျနော် မေတ္တာရပ်ခံအပ်ပါတယ်။ ကျွမ်းကျင်နားလည်သူတွေက လုပ်ပေးနိုင်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်ဗျာ။
(ပြည်တွင်းကသူတွေ ကျော်ခွကြည့်ဖို့လည်း အိုင်တီဆရာလေးများပဲ တတ်ကျွမ်းမှာပါ)
ကျနော်တို့ အဲဒီကွန်ယက်လေးမှာ အချင်းချင်း အငြင်းပွားဖို့ မဟုတ်ဘူးနော်။ ပြည်သူ့အသံလေးတွေပို့ဖို့ပါ။
ဘာလို့လဲ ဆိုတော့ ဧရာဝတီဘလော့်လေးမှာ အထဲက သတင်းထောက်လူငယ်လေးတဦး ရင်ဖွင့်သွားတာ ကျနော်ကြိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံပေးနေတဲ့သူတွေက မောက်မာစွာ ဆက်ဆံတာကို ပြောပြသွားတာလေးပါ။ ကျနော်အမြင်ကတော့ သူတို့ဘက်ကလည်း ပူပန်မှုတွေ စိုးရိမ်မှုတွေ မယုံကြည်မှုလေးတွေ ရှိချင် ရှိနေမှာလေ။ ဒီပဲယင်းမှာ ကံကောင်းလို့  ဒေါ်စု မသေခဲ့တာ မဟုတ်လား။ တဘက်နဲ့ တဘက် နားလည်မှု မလွဲစေချင်ဘူး။
 ၈၈ တုန်းကလည်း မင်းမဲ့စရိုက်အသွင်ဖန်တီးပြီး အလေ့အကျင့် အတွေ့အကြုံမရှိတဲ့ ကျနော်တို့ပြည်သူတွေ ခံလိုက်ရတာကိုလည်း မမေ့စေချင်ဘူး။
အဲတော့ဗျာ …
မိုးမခထဲက ကိုပေါအသံ လို့ ကျနော်တို့ အားလုံး ရင်ဖွင့်လို့ရမယ့် နေရာလေးတခုတော့ လိုနေပြီဗျာ။ အပြင်ကလူတွေ (အင်တာနက်တွေ လျှောက်တက်လို့ ရလို့) အထဲကို သတိပေးလို့ ရတာလေးတွေ ပေးလို့ရတယ်ဗျာ။
ဥပမာ - ဒေါ်အောင်ဆန်းစုကြည် ရုံးကို လာတဲ့နေ့က ပြည်သူတွေ အရမ်းတိုးတာ ကြောက်စရာကောင်းတယ်။ ဂျင်ဂလိ (၈၈လက်နက်) နဲ့ ထိုးလိုက်လို့ ရတယ်။ ပြည်သူတွေထဲကပါ ထပ်ဆင့် ရံပေးသင့်တာမျိုးပေါ့။
ကျနော်တို့နိုင်ငံမှာ ပါတီမ၀င်လည်း VOLUNTEER လုပ်ပေးနိုင်တဲ့ဟာတွေ လူငယ်တွေ ၀ိုင်းရံပေးနိုင်တာမျိုးလေးတွေ ပြောပြပေးဖို့ အဲလိုမျိုးလေးပေါ့ဗျာ။
ကျနော့် စာရှည်သွားတယ်။ ခွင့်လွှတ်ပါ။ နားလည်ပေးနိုင်မယ် ထင်ပါတယ်။ ကျနော်တို့ ကြီးငယ်မဟူ မျိုးဆက်တွေ လက်ချင်းချိတ်ဖို့ပါ။
အနှစ်သာရပြည့်ဝတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်ဆီသို့
အားလုံးကို လေးစားစွာဖြင့်
ဖိုးဇီဝ

Wednesday, November 17, 2010

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အစိုးရ၏ တုံ့ပြန်ပြုမူပုံ အမေရိကန်စောင့်ကြည့်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီးတဲ့နောက် မြန်မာစစ်အစိုးရရဲ့ ရှေ့ခြေလှမ်းကို မျက်ခြည်မပြတ် စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr. Philip Crowley က နိုဝင်ဘာ ၁၅ ရက် တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

(Photo: AFP)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပါတီတာဝန်များကို ပြန်လည်စတင်သော နိုဝင်ဘာ ၁၅ ရက်က ဌာနချုပ်ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာပြည် မူဝါဒ အပြောင်းအလဲ ရှိမရှိမေးမြန်းရာမှာ Mr. Crowley က “မြန်မာပြည်နဲ့ပတ်သက်ပြီး မဟာဗျူဟာတရပ်ရှိပါတယ်၊ မြန်မာပြည်နဲ့ ဆက်လက် ထိတွေ့ဆက်ဆံသွားမယ်၊ စီးပွားရေး ပိတ်ဆို့အရေးယူမှုကလည်း ဆက်ရှိနေပါမယ်။”
“မြန်မာပြည်မှာ ကျနော်တို့ မြင်ချင်တာတွေ ရှိပါတယ်၊ တကယ့် အရပ်ဖက် လူ့ဘောင်တရပ် ပေါ်ထွန်းလာတာ မြင်ချင်ပါတယ်၊ ကျယ်ပြန့်တဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို မြင်ချင်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြတဲ့ လူထုကြီးကို ကြည့်လိုက်ရင် မြန်မာပြည်သူတွေဟာ အပြောင်းအလဲကို ဘယ်လောက် လိုချင်နေတယ် ဆိုတာ မြင်သာပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးလိုက်ပြီး စစ်အစိုးရဘာလုပ်မလဲဆိုတာ ကျနော်တို့ အသေအချာ စောင့်ကြည့်နေမှာဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ရင်းမြစ်။ ။RFA

တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ပင်လုံညီလာခံကိစ္စ ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားခေါင်းဆောင်တွေ ပထမဆုံးအကြိမ် နိုဝင်ဘာ ၁၆ ရက် ဒီကနေ့ တွေ့ဆုံနှုတ်ဆက်ပြီး ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပပြုလုပ်နိုင်ရေး တင်ပြခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP)
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ရှေ့ဆုံး) အကျယ်ချုပ်မှ လွတ်မြောက်သည့် နိုဝင်ဘာ ၁၃ ရက်က စောင့်မျှော်နေသော လူထုကို နှုတ်ဆက်ရန် နေအိမ်ခြံဝသို့ သွားရောက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်ကို မိမိတို့ အနေနဲ့ ပဏာမ တွေ့ဆုံတာဖြစ်ပြီး ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပနိုင်ရေး ဘာကြောင့် လိုအပ်တယ်ဆိုတာ အချက်ငါးချက်ကို ကိုးကား တင်ပြခဲ့တာလို့ ဇိုမီ အမျိုးသား ကွန်ဂရက်က ဥက္ကဋ္ဌ ဦးပူကျင်ရှင်းထန်က ခုလို ပြောပါတယ်။
“တမျိုးနဲ့တမျိုး မယုံသင်္ကာမရှိအောင် စိတ်ထဲမှာ ရှိသမျှကို ဖော်ဆောင်ပြီးတော့မှ ဆွေးနွေးနိုင်ဖို့ အခွင့်အရေးရှိမှ ဖြစ်မယ်ဆိုတဲ့ အနေမျိုးနဲ့ ဒါလုပ်တယ်။ အဲဒီဥစ္စာကို ခင်ဗျားလည်း လက်ခံတဲ့အပြင်၊ ဒီဥစ္စာကို ၂၁ ရာစု ပင်လုံညီလာခံမျိုး ဖြစ်အောင်ဆိုတာ ဆိုတော့ ကျွန်တော်တို့ ထင်တာထက် ပိုပြီးတော့ ကျယ်ပြန့်အောင် လက်ခံသွားတယ်လို့ ကျွန်တော်တို့ သဘောပေါက်တဲ့အတွက်ကြောင့် အဲဒါလည်းပဲ ဝမ်းသာပါတယ်ဆိုတာ။”
ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေးနဲ့ ပတ်သက်ပြီး ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ပင်လုံညီလာခံ ကျင်းပသင့်တယ်လို့ တနင်္ဂနွေနေ့က သတင်းစာရှင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ အစည်းအဝေးကို တက်ရောက်တဲ့ UNLD အဖွဲ့က ၉၀ ခုနှစ် ရွေးချယ်တင်မြှောက်ခံ အမတ် ဦးထောင်ခိုထန်းကလည်း ခုလိုပြောပါတယ်။
“၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ်ဆိုတဲ့ဟာက သူက သဘောတူတယ်၊ ဘယ်လိုလုပ်မလဲ လုပ်နည်းလုပ်ဟန်တော့ စဉ်းစားရမယ်တဲ့။ ဒါကြောင့်မို့ ကျွန်တော်တို့က ဒီဟာက ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ဖြစ်တယ်။ နောက် မြေပေါ်မြေအောက် နိုင်ငံရေးပါတီ အုပ်စုတွေကလည်း ဒီဟာတွေကို အကုန်လုံးက ထောက်ခံတဲ့အခါကျတော့ ဒီဟာက မရှိမဖြစ် လိုအပ်တဲ့ ဒုတိယ ပင်လုံညီလာခံ ဖြစ်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ်။ အကောင်အထည် မပေါ်ပေါ်အောင် ဖော်မယ်ဆိုတဲ့သဘော တွေ့ရတဲ့အခါကျ ကျွန်တော်တို့ တော်တော်လေးကို အားရပါတယ်။”
အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ တို့ တက်ရောက်ကြသလို တိုင်းရင်းသားတွေဖက်က ဦးပူကျင်ရှင်းထန်၊ ဦးထောင်ခိုထန်း၊ နိုင်ငွေသိန်း၊ နိုင်ထွန်းသိန်း၊ ဦးသာဘန်း၊ ဦးရွှေကြူးနဲ့ ဦးစိုင်းတင်လှိုင်တို့ တက်ရောက်ကြတာပါ။
ဒုတိယအကြိမ် ပင်လုံညီလာခံကျင်းပရေးနဲ့ ပတ်သက်ပြီး အသေးစိတ်တိုင်ပင်မှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ရင်းမြစ်။ ။RFA