Thursday, October 28, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတ မလုပ်ဘူးလား

ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အနိုင်ရလျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကို ပါတီဝင် မဟုတ်သည့် အတွက် သမ္မတလောင်း စာရင်း တင်သွင်းရန် သေချာမည် မဟုတ် ကြောင်း ကြံ့ဖွံ့ပါတီ အတွင်းရေးမှူး ဦးဌေးဦးက ယမန်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

Myanmar's-military-junta-leader,-General-Than-Shwe
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - Getty Images)
ဦးဌေးဦးက“ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်အပေါ်မှာ အတော်သံယောဇဉ်ရှိပါတယ်။ တိုးတက်ဖို့လည်း အမြဲတွေးတောနေတာပါ။ ဒါကြောင့်လည်း ဒီလို တိုးတက်မှုတွေ ဆောင်ရွက်မယ့် အဖွဲ့အစည်းကို ထူထောင်တာပါ။ ဒါပေမယ့် သူမပါပါဘူး”ဟု ဆိုသည်။

ထို့အပြင် ကြံ့ဖွံ့ပါတီ အနိုင်ရခဲ့လျှင် တင်သွင်းမည့် သမ္မတလောင်း စာရင်းကို လျာထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးဌေးဦးသည် ဗိုလ်ချုပ်ဟောင်းတဦးဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၎င်း၏ ဇာတိဖြစ်သည့် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှ ၀င်ရောက် အရွေးခံမည်ဖြစ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ကြံ့ဖွံ့ပါတီ ရုံးတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး  ရန်ကုန်မြို့တော် ၀န် ဦးအောင်သိန်းလင်းလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ပြည်တွင်းပြည်ပမှ စာနယ်ဇင်းသမားများ၏ မေးခွန်းများကို မချေမငံ တုံ့ပြန်သည့် အတွက် ဦးဌေးဦးမှသာ တာဝန်ယူဖြေကြားခဲ့သည်ဟု တက်ရောက်ခဲ့သည့် စာနယ်ဇင်းသမားတဦးက ပြောသည်။

ရန်ကုန်မြို့တွင် ခင်းပေးနေသည့် လမ်းများနှင့် ပတ်သက်၍ မြို့တော်စည်ပင်က ပြုလုပ်ပေးခြင်းလား၊ ပါတီမှ ခင်းပေးနေခြင်း လား ဆိုသည့် မေးခွန်းကို မြို့တော်စည်ပင်မှ ခင်းပေးနေခြင်းသာဖြစ်သည်ဟု ဦးဌေးဦးက ဖြေကြားခဲ့သော်လည်း ဦးအောင်သိန်းလင်းက ဖြေကြားရန် ငြင်းဆိုခဲ့သည်။

ဦးအောင်သိန်းလင်းသည် ဗိုလ်မှူးချုပ်ဟောင်းတဦးဖြစ်ပြီး ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက်အရွေးခံမည် ဖြစ်သည်။

ကြံ့ဖွံ့ပါတီသည် ယခင်က လူမှုရေးအသင်းအဖြစ် ရပ်တည်ခဲ့သော်လည်း ယခုနှစ် ဧပြီလ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီ အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ခဲ့သည်။

ကြံ့ဖွံ့ပါတီ၏ လက်ရှိ သုံးစွဲနေသည့် ရန်ပုံငွေနှင့် ပတ်သက်၍လည်း ဥပဒေနှင့် ငြိစွန်းနိုင်သည့်အတွက် အစိုးရထံမှ ထောက်ပံ့ ကြေး မယူပါကြောင်း၊ ယခင်ကတည်းက ပါတီ တည်ထောင်ရန် ရည်ရွယ်ချက်ရှိသည့်အတွက် မည်သည့် ငွေကြေး အထောက် အပံ့ကိုမျှ မယူခဲ့ကြောင်း ဦးဌေးဦးက ပြောသည်။

အကယ်၍ ကြံ့ဖွံ့ပါတီ အနိုင်ရခဲ့ပါက စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဒို့တာဝန်အရေး သုံးပါးနှင့် မဆန့်ကျင်သရွေ့ လွတ်လပ်ခွင့် ပေးမည်ဖြစ်ကြောင်း၊ သို့သော်လည်း စာနယ်ဇင်းများအနေဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် စေတနာထားရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိ အနေအထားအရ ကြံ့ဖွံ့ပါတီသည် မဲဆန္ဒနယ် ၅၂ နေရာတွင် ပြိုင်ဘက်ပါတီများ မရှိသည့်အတွက် အနိုင်ရရန် သေချာပြီး ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲသည် အချိန် ၃နာရီကျော်ကြာပြီး ညနေ ၄ နာရီ မိနစ် ၃၀ တွင် ပြီးဆုံးခဲ့သည်။

ရင်းမြစ်။ ဧရာဝတီ

ကိုယ့်ပုဆိန်ကို သွေးကြပါစို့



တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ
ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း
ညနေစောင်းချိန်တွင် အဘိုးအို ခုတ်ပြီးသောထင်းအရေအတွက်မှာ လူငယ်ထက်
ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက်
ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး
ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။
စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟုလည်း တွေးနေမိသည်။ သို့သော်
အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို
တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာ
ရောက်နှင့်နေပြီး မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့သော်လည်း သူ၏ထင်းမှာ
အဘိုးအိုထက် အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။

ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်တော့သည့်အဆုံး အဘိုးအိုအား
မေးမြန်းခဲ့သည်။
“ အဘိုး.... ကျွန်တော်က အဘိုးထက် အားသန်တယ်... အဘိုးထက် စောပြီး
တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့်
ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်... ဘာကြောင့်လဲ”

“ဒီိလို လူလေးရဲ့... အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့
ပုဆိန်ကို အမြဲသွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ ထင်းခုတ်ပြီး ဒီအတိုင်း
ပစ်ထားခဲ့တယ်။ အဘိုးက အသက်ကြီးပြီ။ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက်
စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက်
ထက်မြက်နေတဲ့အတွက် အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက
ဆယ်ချက်လောက် ခုတ်ယူရတယ်... ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”

ပုံပြင်လေးကတော့ ဒါပါပဲ။

အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေကို ဟောပြောပွဲတွေ သွားနားထောင်ဖို့၊
အချိန်ပိုရင် ကိုယ့်ဝါသနာပါရာ၊ လေ့လာနေတဲ့ ပညာရပ်ဆိုင်ရာ သင်တန်းတွေ
တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်ပါတယ်။ အများစုက “အလုပ်ပင်ပန်းရတဲ့
ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့
ညည်းပြကြပါတယ်။

“ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး
ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”

လူ့ဘ၀လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း
ကိုယ့်ပညာ ဗဟုသုတတွေကို မြှင့်တင်ယူရမှာ ဖြစ်ပါတယ်။ အရင်ခေတ်တုန်းကတော့
ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ
ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ
ပုဆိန်ကို သွေးနေသင့်ပါတယ်။ နို့မဟုတ်ရင် ခေတ်နောက် မလိုက်နိုင်တဲ့
ကိုယ့်ကို အဲဒီခေတ်ကပဲ ပယ်ထုတ်ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။

တတ်သလောက် အင်္ဂလိပ်စာလေးနဲ့ ဘာသာပြန်လုပ်စားနေတဲ့ ကျွန်တော့်အတွက်
ဒီပုံပြင်လေးက အိပ်ရာက လန့်နှိုးလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။
ဘော်ဒါရောင်းရင်းများ၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအတွက်လည်း
ဒီပုံပြင်လေးက တစ်ခုခု ပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ကျွန်တော်ကတော့ အင်္ဂလိပ်စာကို ဒီထက်ပို လေ့လာနိုင်မယ့်၊ သင်ပေးနိုင်မယ့်
သင်တန်းများ ထပ်တက်ပြီး သွေးသစ်လောင်းဖို့ ပြင်နေပါပြီ။

ဒီက မိတ်ဆွေများရော.. ဘယ်လို စီစဉ်ထားပါသလဲ၊ ကိုယ့်ကိုကိုယ် တတ်လှပြီ
ထင်ရင်တော့ သူများက တစ်ချက်တည်းနဲ့ ခုတ်လို့ ပြီးသွားတဲ့ သစ်ပင်ကို
ကိုယ့်ကျမှ နဖူးကချွေးခြေမ ကျအောင် အချက်ပေါင်း လေးငါးဆယ်မက ခုတ်မှ
ရမယ်ဆိုရင်တော့ ထူးအိမ်သင်သီချင်းထဲကလို နည်းနည်းလေးတော့ လွဲနေပြီ
ပေါ့ဗျာ။

ဒီတော့ သင်တန်းချည်းတက်ပြီး တက်သမျှ မလေ့ကျင့်ဘဲ၊ ပြန်မေ့နေရင်ရော
..ဆိုရင်တော့ အဲဒါ ကိုယ့်သမိုင်း ဖြစ်သွားပြီလို့ပဲ ဆိုပါရစေ။ ဒီနေရာမှာ
တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်စ်ရဲ့ စကားတစ်ခွန်း လက်ဆောင်ပါးချင်ပါတယ်။

"လက်တွေ့မပါတဲ့ ပညာဟာ အသုံးမ၀င်သလို၊ ပညာမပါတဲ့ လက်တွေ့ဟာလဲ အန္တရာယ်များတယ်"

အဲဒီလိုပဲ။ ကျွန်တော်တို့ဟာ ကိုယ်သိသလောက်၊ အတွေ့အကြုံလေးနဲ့ပဲ
ပြဿနာတိုင်းကို ဖြေရှင်းလို့ မရနိုင်ပါဘူး။ လိုအပ်ရင် သင်တန်းတွေတက်
ပညာယူ လေ့လာရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ နေ့တိုင်းနေ့တိုင်း ဒီအလုပ်တွေ
ကုန်းရုန်းလုပ်ရင်း ဒီနေရာမှာပဲ ရပ်တန့်နေတော့မှာလား၊ ကိုယ့်ဘ၀ကို
ဒီထက်မြင့်မြင့် ပျံသန်းနိုင်ဖို့ အချိန်လေး အခွင့်အရေးလေး
မပေးနိုင်ဘူးလား..။ တစ်ချက်တည်း ခုတ်လို့ ပြတ်မယ့် နေရာမှာ
အချက်ပေါင်းများစွာ ခုတ်ရင်း အချိန်ကုန်၊ လူပန်းနဲ့ ဘ၀ကို အောက်ကျ၊
နောက်ကျ ဖြတ်သန်းသွားမလား။ ကျွန်တော်တို့ ပုဆိန်တွေ သွေးကြပါစို့ဗျာ။

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရံတော်ဟောင်း ရွေးကောက်ပွဲဝင်မည်

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သက်တော်စောင့် တာဝန်ယူခဲ့ဖူးသူ ဗိုလ်ကြီးဟောင်း ဦးထွန်းစိန်ဟာ နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ အသက်အကြီးဆုံး လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် NDF အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီကို ကိုယ်စားပြုပြီး မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ် ကနေ ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
(Photo: AFP)
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ခွဲထွက်ကာ ရွေးကောက်ပွဲ ဝင်ရောက်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ မန္တလေးရုံးခွဲ ဖွင့်ပွဲကို သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဦးထွန်းစိန်ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဖြစ်လာမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ခေတ်အတွင်း ကလေးအရွယ်က ထိန်းခဲ့ဖူးသူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုလိုနီခေတ်ကတည်းက ကိန်းအောင်းလာခဲ့တဲ့ နိုင်ငံရေး နိုးကြား တက်ကြွစိတ်နဲ့အတူ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်ပေမဲ့ မြန်မာပြည်သူတွေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိအောင် ဆောင်ရွက်ပေးဖို့ ရည်ရွယ်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်တာလို့ သူက ပြောပါတယ်။

ရင်းမြစ်။ ။RFA

အာဆီယံနိုင်ငံတချို့ မြန်မာ့ရွေးကောက်ပွဲ ဝေဖန်

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ အခုအပတ်အတွင်း ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် ဒီကနေ့မှာ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေ တွေ့ဆုံ စည်းဝေးခဲ့ပါတယ်။ ဒီအစည်းအဝေးဟာ ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုကို အဓိကထား ဆွေးနွေးတာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကိစ္စကိုလည်း ပြောဆိုခဲ့ကြပုံ ရပါတယ်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းက အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပရာ နေရာကို ရောက်ရှိနေတဲ့ ဗွီအိုအေ သတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) သတင်းရေးသား ပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်းဝင် ဘရူနိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် ၁၀ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ ဟနွိုင်းမြို့မှာ တွေ့ဆုံခဲ့ကြတာပါ။
အစည်းအဝေးအတွင်း အခြား ဒေသတွင်း ကိစ္စတွေအပြင် နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် လုပ်မယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲ ပြင်ဆင်မှု ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပုံ ရပါတယ်။ ဒီရွေးကောက်ပွဲဟာ စစ်တပ်က အာဏာကို ခိုင်ခိုင်မာမာ ဆက်ချုပ်ကိုင်နိုင်ဖို့ လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ လေ့လာသူတွေက ဝေဖန်ထားပါတယ်။ ဒီရွေးကောက်ပွဲဟာ အခု နိုဝင်ဘာ ၇ ရက်နေ့မှာ လုပ်မှာပါ။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂ၀ါ (Marty Natalegawa) ကတော့ ဒီရွေးကောက်ပွဲကို ပိုပြီးတော့ အများက လက်ခံ ယုံကြည်နိုင်အောင် လုပ်သွားဖို့ မြန်မာအစိုးရကို တွန်းအားပေးနေပါတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့လည်း ဒီလို ဆောင်ရွက်နိုင်ဖို့ အချိန်မနှောင်းသေးပါဘူးလို့ ပြောပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂ၀ါ။
AP
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂ၀ါ။ ဧပြီ ၁၊ ၂၀၁၀။
“မြန်မာနိုင်ငံ ကျနော်တို့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ပြောဖြစ် ဆိုဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ အခု နောက်ဆုံးအဆင့်မှာတောင် အဆိုးမြင်မှု မရှိပါဘူး။ ဒီ မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ ရှေ့ဆက် အခက်အခဲတွေ ပိုပြီး ကြုံရမှာထက်၊ အဖြေတစုံတရာ ဖြစ်လာနိုင်ဖို့ ကျနော်တို့အားလုံး ပူးပေါင်း ဆောင်ရွက်သွားနိုင်ပါတယ်။”
ဒီရွေးကောက်ပွဲကို အများက လက်ခံ ယုံကြည်နိုင်ဖို့ ရွေးကောက်ပွဲကို လေ့လာသူတွေ စေလွှတ်လိုတယ်လို့ အာဆီယံက ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာ အာဏာပိုင်တွေကတော့ အဲဒီ နိုင်ငံခြားက ရွေးကောက်ပွဲ လေ့လာသူတွေကိုရော၊ ပြင်ပ သတင်းမီဒီယာတွေကိုပါ မြန်မာနိုင်ငံတွင်း လာရောက်ခွင့် မပေးပါဘူး။
ရွေးကောက်ပွဲကို မျှမျှတတ လုပ်မှာပါလို့တော့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဗီယက်နမ်မှာ မြန်မာသတင်းထောက် တဦးကို အခုလို ဖြေကြားသွားပါတယ်။
“ဘာမှ တဖက်သတ် ဖြစ်စရာအကြောင်း မရှိဘူး။ ဒီဥစ္စာက လူထုရဲ့ အဆုံးအဖြတ်။”
ဖွဲ့စည်းပုံအရဆိုရင် အခု ရွေးကောက်ပွဲအပြီး ပါလီမန်ထဲမှာလည်း စစ်တပ်က လေးပုံတပုံ အလိုအလျောက် ပါဝင် ကိုယ်စားပြုမှာပါ။ တဘက်မှာ အတိုက်အခံ နိုင်ငံရေး ပါတီတွေကို ကန့်သတ်မှုတွေ လုပ်ထားသလို အစွန်အဖျား တိုင်းရင်းသား ဒေသတွေမှာလည်း လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်တာကြောင့် ရွေးကောက်ပွဲတွေ လုပ်မှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲ အာဏာပိုင်တွေက ကြေညာထားပါတယ်။
အာဆီယံနိုင်ငံတွေ ကြားထဲမှာ ဖိလစ်ပိုင် နိုင်ငံကတော့ သဘောထား တင်းတင်းမာမာ ရှိပါတယ်။ အခုလုပ်မယ့် မြန်မာရွေးကောက်ပွဲကို အများက လက်ခံယုံကြည်နိုင်မယ့်ပုံ မရှိဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမူလို (Alberto Romulo) က သတင်းထောက်တွေကို ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသူတွေ မပါဝင်တဲ့ ဒီရွေးကောက်ပွဲဟာ အများက လက်ခံ ယုံကြည်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလားဗျာ။ သူတို့ကို အပြင်ကနေ စောင့်ကြည့်ခွင့်ပေးရုံ မဟုတ်ပါဘူး၊ သူတို့ ပါကို ပါမှ ဖြစ်မှာပါ။”
AIPMC ခေါ် မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ကတော့ အခု မြန်မာရွေးကောက်ပွဲ ရလဒ်ကို လက်မခံဖို့ အာဆီယံ နိုင်ငံတွေကို တိုက်တွန်းနေပါတယ်။ အာဆီယံ အနေနဲ့ မြန်မာအစိုးရရဲ့ လှည့်ဖျားမှုကို ထပ်မခံရဖို့ လိုတယ်လို့ AIPMC အဖွဲ့ ပြောခွင့်ရသူ အဂွန်း ပူထရီ အက်စ်ထရစ်ဒ် (Agung Putri Astrid) က ပြောပါတယ်။
“မြန်မာဘက်က အရူးလုပ်နေတာကို အာဆီယံက ဆက်ပြီး လက်ခံမနေသင့်တော့ပါဘူး။ ဒီရွေးကောက်ပွဲက တကယ့်ရွေးကောက်ပွဲမှ မဟုတ်တာ။ စစ်အစိုးရ အာဏာ ဆက်ပြီး ချုပ်ကိုင်နိုင်စေဖို့အတွက် အရေခွံ လဲထားတာမို့ မြန်မာတနိုင်ငံလုံးမှာ စစ်အာဏာ ဆက်ပြီး တည်မြဲနေဖို့ပဲ ရှိပါတယ်။”
အခုကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်းအဝေးပြီးရင် တဆက်တည်း အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပမှာပါ။ အဲဒီအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ရောက်နေသလို အာဆီယံနဲ့ ကုလသမဂ္ဂ ဆွေးနွေးပွဲအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း ဗီယက်နမ်နိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ မစ္စတာဘန်ဟာ မြန်မာအစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့လည်း သီးခြား တွေ့ဆုံဖို့ အစီအစဉ် ရှိပါတယ်။ မစ္စတာဘန်ကတော့ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုထားပါတယ်။

ရင်းမြစ်။ ။VOA

Sunday, October 24, 2010

လူ့အဆင့်အတန်းဆိုတာ ဘာလဲ

ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်က ထူးခြားတဲ့ အကူအညီတစ်ခု လာတောင်းပါတယ်။ နိုင်ငံခြားရောက်နေတဲ့ သူ့သားဆီကို အဲဒီနိုင်ငံမှာနေတဲ့ တပည့်ရင်းတစ်ယောက်လောက်လွှတ်ပြီး နားချခိုင်းပေးစမ်းပါဆိုတဲ့ အကူအညီ ဖြစ်တယ်။

ပထမဆုံးကြုံဖူးတာ
သူ့စကားကြားတော့ တော်တော် အံ့အားသင့်သွားတယ်။ နိုင်ငံခြားသွားချင်လို့ အကြံတောင်းတာ၊ အကူအညီတောင်းတာတွေ အမြဲကြုံတွေ့နေကျ ဖြစ်ပေမယ့် အခုလို နိုင်ငံခြားကသား ပြန်လာစေချင်လို့ အကူအညီတောင်းတာမျိုးတော့ တစ်ခါမှ မကြုံဖူးဘူး။ ဒါပထမဆုံးပဲ။ သူ့သား နိုင်ငံခြားထွက်သွားတာ သုံးနှစ်ရှိပါပြီ။ မြန်မာပြည်မှာ ဖွင့်ထားတဲ့ နိုင်ငံခြားသား အများစုသင်တဲ့ ကျောင်းကြီးတစ်ခုက အထက်တန်းပြီးပြီးချင်း သွားလိုက်တာမို့ သွားစက ၁၈ နှစ်တောင် မပြည့်သေးပါဘူး။ ဟိုနိုင်ငံ ရောက်တော့ တက္ကသိုလ်ဝင်ခွင့် မရသေးဘဲ ၀င်ခွင့်သင်တန်း တစ်နှစ်ကြာအောင် တက်ရပါတယ်။ မြန်မာပြည်မှာ မိဘက မျက်စိအောက်က အပျောက်မခံအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့တာဆိုတော့ ၁၈ နှစ်ရွယ်သားလေးဟာ ဟိုနိုင်ငံရောက်တော့ ဇောင်းထဲက လွှတ်တဲ့မြင်းလို ဖြစ်ပြီး ပျော်ချင်တိုင်းပျော်မြူး နေပါတော့တယ်။

ပြန်မလာတော့လို့
သုံးနှစ်သာ ကြာသွားတယ်။ ဘယ်တက္ကသိုလ်ကောလိပ်မှ မတက်ရပါဘူး။ ဒါပေမဲ့ ကျောင်းသားဗီဇာ ရနိုင်တဲ့ သင်တန်းတွေ တစ်ခုပြီးတစ်ခု ပြောင်းတက်ပြီး ဆက်နေပါတယ်။ သူတို့နိုင်ငံတွေမှာလည်း ပညာရေးဆိုတာ စီးပွားရေးလုပ်ငန်း အဖြစ် လုပ်ကြကိုင်ကြတာဆိုတော့ ကျောင်းလခ တစ်နှစ်စာသွင်းရင် ဗီဇာရအောင် လုပ်ပေးတဲ့ ကျောင်းတွေက အများသားကိုး။ ဒီက မိဘများက ပိုက်ဆံပို့နိုင်ရင် ပို့နိုင်သလောက် ဟိုမှာ ကျောင်းသားလုပ်ပြီး နေနိုင်ကြတယ်လေ။ သုံးနှစ်ကြာတော့ မိဘများက ပြန်လာဖို့ ခေါ်ပေမယ့် သားလေးက ပြန်မလာဘူး။ အကြောင်းအမျိုးမျိုးပြပြီး ငြင်းတယ်။ နောက်ဆုံးမတတ်သာတော့လို့ လာပြီး အကူအညီတောင်းတာ ဖြစ်ပါတယ်။

လူနေမှု အဆင့်အတန်းတဲ့
ရင်းနှီးတဲ့ မိတ်ဆွေဖြစ်တာကြောင့် သူအကူအညီတောင်းတဲ့အတိုင်း ဟိုမှာနေတာ နှစ်ပေါင်းနှစ်ဆယ်လောက် ရှိပြီဖြစ်တဲ့ တပည့်ရင်းချာ တစ်ယောက်ဆီကို အီးမေးလ်ပို့ပြီး အကူအညီ တောင်းပေးလိုက်ပါတယ်။ သားလိုဖြစ်နေတဲ့ တပည့်ကလည်း ချက်ချင်း ကတိပေးပြီး အလုပ်အားရက်မှာ ဖုန်းနဲ့ချိန်းပြီး သွားတွေ့ပါတယ်။ သူ့အိမ်ကိုခေါ်ပြီး မြန်မာ ထမင်းဟင်းတွေလည်း ကျွေးပါတယ်။ ရင်းနှီးအောင်လည်း ပေါင်းပါတယ်။ သုံးလလောက်ကြာတော့ တပည့်ဆီက လက်လျော့လိုက်ရကြောင်း အ ကြောင်း ကြားပါတယ်။ ကလေးက ဘယ်လိုမှ တိုက်တွန်းလို့ မရတဲ့အကြောင်း၊ ဟိုမှာပဲ တစ်သက်လုံးနေဖို့ ကြံရွယ်ထားပုံရကြောင်း ပြောပြပါတယ်။ (Quality of Life) 'လူနေမှု အဆင့်အတန်း'ဆိုတဲ့ စကားကို ပါးစပ် ကမချအောင်ကို ပြောနေတယ်ဆရာရဲ့လို့လည်း ဖုန်းထဲက ပြောပြပါတယ်။

ဘယ်သူ့အပြစ်လဲ
အကျိုးအကြောင်း မိတ်ဆွေဖြစ်သူကို ပြောပြတော့ မျက်ရည်ကျရှာတယ်။ ကိုယ်တိုင်သွားခေါ်မှ ဖြစ်တော့မှာပဲလို့လည်း ညည်းညူသွားပါတယ်။ ဒီကိစ္စကို ရက်ပေါင်းအတော်ကြာအောင် စဉ်းစားနေမိတယ်။ ဒီကလေးဟာ ဒီမှာလည်း ရွှေပေါ်မြတင်နေခဲ့ရ တာပါ။ ဒေါ်လာနဲ့ပေးပြီး တက်ရတဲ့ ကျောင်းမှာ အထက်တန်းကုန်တဲ့အထိ တက်ခဲ့ရပါတယ်။ သူ့ဘ၀ တစ်လျှောက်လုံး မရှိဆိုတဲ့စကား မကြားခဲ့ဖူးဘူးလို့ ဆိုနိုင်လောက်တဲ့ အခြေအနေပါ။ ဒါတောင်မှ ဒီ'ကွာလတီအော့လိုက်ဖ်' ဆိုတဲ့ စကား ဘာကြောင့် နှုတ်ဖျားကမချ ဖြစ်နေရတာလဲ။ ကလေးရဲ့ အပြစ်လား၊ အလိုလိုက်တဲ့ မိဘများရဲ့အပြစ်လား။ ဒါမှမဟုတ် ဒါမှမဟုတ် . . .။

မျိုးချစ်ကြီးတွေ မဟုတ်ပေမယ့်
ဒီကိစ္စကို အပြန်ပြန်အလှန်လှန် ဝေဖန်စောကြော နေမိတယ်။ ကလေး မိဘများကလည်း ထူးကဲတဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေ မဟုတ်ပေမယ့် နိုင်ငံခြားကိုမှ အထင်ကြီးတတ်သူတွေ မဟုတ်ပါဘူး။ နိုင်ငံခြားမှာ သွားနေဖို့လည်း စိတ်ကူးတောင်ကြည့်ဖူးသူတွေ မဟုတ်ပါဘူး။ ဘိုးစဉ်ဘောင်ဆက် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်လာကြပြီး တင့်တောင်းတင့်တယ် နေနိုင်ကြသူတွေ ဖြစ်ပါတယ်။ သားလေးကလည်း ဒေါ်လာပေးတက်ရတဲ့ ကျောင်းမှာ တက်ခဲ့တာ ဖြစ်ပေမယ့် ဟော့ဟော့ရမ်းရမ်း မဟုတ်ပါဘူး။ စာကြိုးစား ရှာပါတယ်။ ကျောင်းပိတ်ရက်တွေမှာလည်း အအားမနေပါဘူး။ သင်တန်းအမျိုးမျိုး တစ်ခုပြီးတစ်ခု တက်နေခဲ့တာပါ။
လူတွေရဲ့ပျော်ရွှင်ချမ်းသာမှုဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေက ဖန်တီးပေးတာ မဟုတ်ဘူး စိတ်ချမ်းသာမှုရှိမှ အမှန်တကယ် ပျော်ရွှင်ရတယ် ဆိုတာ ကလေးတွေက ဘယ်လိုသိမှာလဲ။ စိတ်ချမ်းသာမှု ရှိဖို့အတွက် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနဲ့ တရားမျှတမှု ရှိခြင်းတို့ကသာလျှင် ဖော်ဆောင်ပေးနိုင်တယ်ဆိုတာ  .  .  .

ကျောင်းတွေနဲ့ ဆိုင်သလား
၁၈ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ ခေါင်းထဲကို ဒီ 'ကွာလတီအော့လိုက်ဖ်' ဆိုတဲ့ စကားက ဘယ်လိုလုပ်ပြီး ရောက်သွားခဲ့တာလဲ။ သူတက်ခဲ့တဲ့ ကျောင်းတွေ သင်တန်းတွေနဲ့များ ဆိုင်နေလေသလား။သူတက်ခဲ့တဲ့ ကျောင်းတွေမှာ နိုင်ငံခြားသားက အများစု ဖြစ်တယ်။ ကျောင်းသားတွေက လူမျိုးစုံသလို ဆရာတွေကလည်း နိုင်ငံစုံကလာကြတာ ဖြစ်တယ်။ နိုင်ငံခြားက သင်ရိုးတွေအတိုင်းပဲ သင်တယ်။ မြန်မာကျောင်းတွေက သင်ရိုးတွေ မသင်ဘူး။ မြန်မာပြည်က စာမေးပွဲတွေ မဖြေဘူး။ အထက်တန်းပြီးရင် နိုင်ငံခြားသွား ကျောင်းဆက်တက်ကြမှာ။ ဒီအထိ ကိစ္စမရှိဘူး။ နိုင်ငံသားတိုင်း ကိုယ်ကြိုက်ရာကို လွတ်လပ်စွာ လုပ်ခွင့်ရှိတာပဲ။ နိုင်ငံခြားသွား ပညာသင်တာ မကောင်းတဲ့ကိစ္စမှ မဟုတ်တာ။

ကျောပိုးအိတ်သမားတွေလား
အဲဒီလိုကျောင်းတွေမှာ ရှိတဲ့ ဆရာတွေနဲ့များ ဆိုင်နေမလားလို့ စဉ်းစားမိတယ်။ ကျောင်းတချို့က ဆရာ ဆရာမတွေကို သေသေချာချာ စိစစ်ပြီး အရည်အချင်း ပြည့်မီသူတွေကိုသာ ခန့်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့တလေက စီးပွားရေးသမားလို ဈေးတွက်တွက်ပြီး 'ပေါချောင်ကောင်း' တွေရှာပြီး ငှားတာမျိုးလည်း ရှိတယ်။ အခုလို ကျောင်းမျိုးတွေ မပေါ်ခင် အချိန်က အင်္ဂလိပ်စကားပြောသင်တန်း ကျောင်းတစ်ခု ဖွင့်ခဲ့ဖူးတော့ တစ်ကိုယ်တော် ကျောပိုးအိတ်သမားတွေလာပြီး ဆရာအလုပ် လျှောက်တာ မကြာခဏ ကြုံဖူးတယ်။ သူတို့က ပိုက်ဆံမကုန်ဘဲ ကမ္ဘာအနှံ့လည်ရအောင် ရောက်ရာအရပ်မှာ ကြုံတဲ့အလုပ်ဝင်လုပ်ပြီး စရိတ်ရှာလေ့ ရှိကြတယ်။ နိုင်ငံတစ်နိုင်ငံမှာ အားရအောင် လည်ပတ်ပြီးတဲ့ အခါ နောက်တစ်နိုင်ငံ ကူးသွားကြတယ်။ ကြုံရာဝင်လုပ်ကြပြန်တယ်။

ပညာတတ်တိုင်း ဆရာမဖြစ်
အဲဒီလို ကျောပိုးအိတ်သမားတွေ ထဲမှာ တချို့က ကျောင်းသူကျောင်းသားတွေ ဖြစ်ပြီး တချို့က ကျောင်းဆရာတွေ ဖြစ်တယ်။ တချို့ကျတော့လည်း သိပ်ပညာမတတ်တဲ့ အောက်ခြေအလုပ်သမားတွေ ဖြစ်တယ်။ ကျောင်းဆရာအလုပ်ဆိုတာ ပညာ တတ်တိုင်း လုပ်လို့ဖြစ်တာ မဟုတ်ပါဘူး။ ဆရာဖြစ်သင်တန်းအောင်မှ လုပ်နိုင်တဲ့အလုပ်မျိုး ဖြစ်ပါတယ်။ တကယ်လို့ ဆရာလုပ်ဖို့ အရည်အချင်း မရှိသူတွေ ဆရာဝင်လုပ်နေကြတဲ့ ကျောင်းမျိုးဆိုရင် ကလေးတွေကို မှန်ကန်တဲ့ ပညာရပ်တွေ မှန်ကန်တဲ့ အတွေးအခေါ်တွေ ပေးနိုင်ပါ့မလား။

ပြင်ပသင်တန်းတွေ ပိုဆိုး
နောက်ပြီး ပြင်ပသင်တန်း ဆိုတာတွေက ပိုပြီးဆိုးသေးတယ်။ အင်္ဂလိပ်စာလေး နည်းနည်းဖတ်တတ်တယ် ဆိုရုံလောက်နဲ့ နိုင်ငံခြားက စာအုပ်ကြီးတွေကိုင်ပြီး ဆရာဝင်လုပ်နေကြသူတွေ အများကြီး ရှိတယ်။ ဆရာဖြစ် လက်မှတ်ဆိုတာဝေးလို့ သူတို့ ဆရာကြီးတစ်ဆူလုပ်ပြီး သင်ကြားပေးနေတဲ့ ဘာသာရပ်ကိုတောင် ဘွဲ့ရအောင် သင်ယူဖူးခဲ့ကြတာ မဟုတ်ဘူး။ စာအုပ်ကြီးထဲက မှတ်စုထုတ်ပြီး ကြက်တူရွေးလို ရွတ်ပြနေကြတာ များတယ်။ အဲဒီလို သင်တန်းတွေကို အဟုတ်မှတ် ပြီး တက်ခဲ့ကြတဲ့ ကလေးတွေ အများစုက စကားပြောလိုက်ရင် အင်္ဂလိပ် စကားလုံးကြီးတွေ အတုံးလိုက် အတစ်လိုက်ပဲ။ ဘာဖြစ်ဖြစ် သူတို့က ဂလိုဘယ်ဆိုတာကြီးနဲ့ ကိုင်ပေါက်လိုက်ကြတယ်။ စတစ်ဂလစ်က ဘာပြောတယ်။ ဖရိုက်မင်းက ဘာပြောတယ်။ ဖူကူးရာမက ဘာပြောတယ် ဆိုတာတွေ အပ်ကြောင်းထပ်နေတော့တယ်။ ပါးစပ်တွေမှာ အမြှုပ်တစီစီနဲ့။

အဆင့်အတန်းရှိတဲ့လူ
ဒီလိုကလေးမျိုးတွေကပဲ လူ့အဆင့်အတန်းဆိုတဲ့ စကားအများဆုံး ပြောကြတာ ဖြစ်တယ်။ အပ်ကစပြီး မော်တော်ကားထိ ၀ယ်လို့ရတဲ့ ကုန်တိုက်ကြီးတွေ နေရာတကာရှိပြီး၊ သုံးချင်တိုင်းသုံး၊ ဖြုန်းချင်တိုင်းဖြုန်း ပျော်ချင်တိုင်းပျော်လို့ရတဲ့ နိုင်ငံတွေ မှာနေမှ အဆင့်အတန်းရှိတဲ့လူလို့ သတ်မှတ်တယ်လို့ ထင်နေကြပုံ ရပါတယ်။ သင်တန်းမှာ သူတို့သင်ယူခဲ့ကြတဲ့ ဂျီဒီပီတွေ ဂျီအင်ပီတွေ လူတစ်ထောင်မှာ မော်တော်ကား ဘယ်နှစီး၊ တယ်လီဖုန်း ဘယ်နှလုံး ဆိုတဲ့ စာရင်းအင်း အချက်အလက်တွေ ကိုကြည့်ပြီး နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ အဆင့်အတန်းကို သတ်မှတ်ရတယ်လို့ပဲ ယူဆထားကြတာကိုး။

ဘယ်သူမပြုမိမိမှု
လူတွေရဲ့ပျော်ရွှင်ချမ်းသာမှုဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေက ဖန်တီးပေးတာ မဟုတ်ဘူး စိတ်ချမ်းသာမှုရှိမှ အမှန်တကယ် ပျော်ရွှင်ရတယ်ဆိုတာ ကလေးတွေက ဘယ်လိုသိမှာလဲ။ စိတ်ချမ်းသာမှု ရှိဖို့အတွက် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနဲ့ တရားမျှတမှု ရှိခြင်းတို့ကသာလျှင် ဖော်ဆောင်ပေးနိုင်တယ် ဆိုတာလည်း မသိရှာကြဘူး။ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာ လူဖြစ်ခဲ့ပေမယ့် မြန်မာလူမျိုးတွေနဲ့က အနေဝေးကြတယ်လေ။ နိုင်ငံခြားသားတွေ သင်တဲ့ကျောင်းနဲ့ နိုင်ငံခြားစာတွေသင်တဲ့ သင်တန်းတွေပဲတက်ပြီး ကြီးပြင်းလာခဲ့ကြတာ မဟုတ်လား။ ဒီတော့လည်း ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ဘယ်အထင်ကြီးတော့မှာလဲ။ နိုင်ငံခြားမှာ နေမှပဲ လူ့အဆင့်အတန်းမြင့်တယ်လို့ ထင်နေကြတော့မှာပေါ့။ မိတ်ဆွေကြီးအတွက်တော့ စိတ်မကောင်းဘူး။ ဒါပေမဲ့ ဘာမှလည်း မတတ်နိုင်ဘူး။ ဘယ်သူမပြု မိမိမှုပဲလေ။
Written by လူထုစိန်ဝင်း