Friday, October 15, 2010

မြို့တော်ဝန်ကို လူငယ် နိုင်ငံရေး အကျဉ်းသားဟောင်း စိန်ခေါ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ထိပ်တန်း ခေါင်းဆောင် တဦးဖြစ်သူ အသက် ၅၈ နှစ်အရွယ် ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းသည် ၃၅ နှစ်အရွယ် လူငယ် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည့် တသီးပုဂ္ဂလိကအမတ်လောင်း ကိုကောင်းမြင့်ထွဋ်၏ စိန်ခေါ်မှုကို ရင်ဆိုင်ရနေသည်။

kaungmyinthtut ကိုယ်စားလှယ် နှစ်ဦးစလုံးသည် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း တောင် ဥက္ကလာပ မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် အမတ်နေရာအတွက်  ၀င်ရောက်ယှဉ်ပြိုင် အရွေးခံကြမည် ဖြစ်သည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် အခုရွေးကောက်ပွဲက ကျနော်တို့ မြင်တွေ့လိုတဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော် မယုံကြည်ပါဘူး”ဟု ကိုကောင်းမြင့်ထွဋ် က ဆိုသည်။

“ဒါပေမယ့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဒါမှမဟုတ် တစည(တိုင်းရင်းသား စည်းလုံးညီညွတ်ရေး) ပါတီက စစ်အရာရှိဟောင်း ကိုယ်စားလှယ်တွေအစား အစားထိုးရွေးချယ်စရာတခုတော့ လူထုကို ပေးသင့်တယ်လို့ ကျနော်ထင်တယ်”ဟုလည်း ၎င်းက ဆက်ပြောသည်။

ဗီဒီယိုထုတ်လုပ်သူတဦးဖြစ်သည့် ကိုကောင်းမြင့်ထွဋ်သည် ပြီးခဲ့သည့် မတ်လတွင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရန် ခွင့်ပြု ခဲ့စဉ်က မြန်မာ့ ဒီမိုကရေစီ ကွန်ဂရက်အမည်ဖြင့် ပါတီတည်ထောင်ရန် အားထုတ်ခဲ့ဖူးသည်။ သို့ရာတွင် ဘဏ္ဍာငွေနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြဌာန်းထားသော စည်းကမ်းချက်များနှင့်အညီ ပါတီဝင် စုဆောင်းရာ၌ အခက် အခဲများရှိသောကြောင့် ပါတီတည်ထောင်မည့် အစီအစဉ် မဖြစ်ခဲ့ဟု သိရသည်။

ကိုကောင်းမြင့်ထွဋ်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှုကြီးတွင် ပါဝင်ခဲ့မှုကြောင့် အသက် ၁၃ နှစ် အရွယ်တွင် အဖမ်း ခံခဲ့ရသူဖြစ်သည်။ ၎င်းသည် ၁၉၈၈ ခုနှစ် နှင့် ၁၉၉၀ ခုနှစ်အကြားတွင် သုံးကြိမ်ဆက်တိုက် အဖမ်းခံခဲ့ရပြီး ၁၉၉၁ ခုနှစ်တွင် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ရသည်ဟု သိရသည်။

အကျဉ်းကျနေဆဲ ၁၉၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ၎င်း ရွေးကောက်ပွဲတွင် ပါဝင်ရသည့် အကြောင်းအရင်းကို နားလည်ကြလိ့မ်မည်ဟု မျှော်လင့်ကြောင်းလည်း ကိုကောင်းမြင့်ထွဋ်က ပြောသည်။

ကိုကောင်းမြင့်ထွဋ်၏ ပြိုင်ဘက်ဖြစ်သည့် ဦးအောင်သိန်းလင်း၏ နောက်ခံသမိုင်းကြောင်းမှာမူ ၎င်းနှင့် လွန်စွာကွဲပြား ခြား နားသည့် စစ်တပ် အသိုင်းအ၀န်းမှလာသူဖြစ်သည်။ ၎င်းသည် ၁၉၈၈ ခုနှစ်တွင် ဗိုလ်မှူးဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ခမရ ၁၀၁ ၏ တပ်ရင်းမှူးဖြစ်လာခဲ့သည်။

ထို့နောက် စက်မှု (၂) ဒု ၀န်ကြီးဖြစ်လာကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့) ၏ အလုပ်အမှုဆောင်တဦး လည်း ဖြစ်ခဲ့သည်ဟု သိရသည်။ ကြံ့ဖွံ့အသင်းကို ဧပြီလတွင် ကြံ့ဖွံ့ပါတီ အဖြစ် အသွင်ပြောင်းခဲ့သည်။ ဦးအာင်သိန်းလင်း သည် ၂၀၀၃ ခုနှစ်၌ ရန်ကုန် မြို့တော်ဝန် ဖြစ်လာခဲ့သည်။

ပါတီ အရေခြုံထားသော်လည်း စစ်အစိုးရင့် ကြံ့ဖွံ့အသင်းတွင် ပါဝင်နေသည့်အတွက် ဦးအောင်သိန်းလင်း အနေနှင့်  လူထုထောက်ခံမဲ အလွယ်တကူရနိုင်သည့် အနေအထားမရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့် ၁၇ နှစ်တာ ကာလအတွင်း ကြံ့ဖွံ့ အသင်းသည် လူထုအမြင်၌ မကောင်းသတင်းဖြင့် ကျော်ဇောခဲ့ခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်များက ပြောဆိုသည်။

အကယ်၍ ကြံ့ဖွံ့ပါတီ မဲမလိမ်ပါက ဦးအောင်သိန်းလင်းသည် ၎င်း၏ အဓိက ပြိုင်ဖက်ဖြစ်သော ကိုကောင်းမြင့်ထွဋ်ကို အနိုင်ရရန် အခက်အခဲရှိနိုင်သည်ဟု ၎င်းတို့က ထင်ကြေးပေးကြသည်။

“မြို့တော်ဝန်ရဲ့ နိုင်ငံရေးနောက်ခံနဲ့ ကိုကောင်းမြင့်ထွဋ်ရဲ့ နိုင်ငံရေးနောက်ခံက လားလားကြီး ဆန့်ကျင်နေတာပါ။ ဦးအောင်သိန်းလင်းက ဗိုလ်ချုပ် ပြီးတော့ ကြံ့ဖွံ့အသင်းဝင်၊ ကိုကောင်းမြင့်ထွဋ်က စစ်တပ်ရဲ့ မတရားမှုတွေကို ဆန့်ကျင်ပြီး လူ့အခွင့်အရေးအတွက် ဦးလည်မသုံရပ်တည်နေတဲ့ ဆယ်ကျော်သက် နိုင်ငံရေးအကျဉ်းသားဟောင်း”ဟု တောင်ဥက္ကလာပ နေ အမည်မဖေါ်လိုသူ စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

“ဒီမဲဆန္ဒနယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)ရဲ့ ကိုယ်စားလှယ်ကလည်း လူငယ်ပါပဲ။ ဒါပေမယ့် သူ့ရဲ့ မဲဆွယ်ကြေညာချက်ကို ဖတ်ကြည်တော့ အဲ့ဒီ အမျိုးသမီးမှာ နိုင်ငံရေးနောက်ခံ မရှိတာ တွေ့ရတယ်။ ဒါကြောင့် ကိုကောင်းမြင့်ထွဋ်က ပိုပြီးအလားအလာကောင်းတဲ့ ကိုယ်စားလှယ်လို့ ကျနော်ထင်ပါတယ်”ဟု ၎င်းက ဆက် ပြောသည်။

သို့ရာတွင် ဦးအောင်သိန်းလင်းသည် အစိုးရရာထူး၊ နိုင်ငံတော်ပိုင် ပစ္စည်း၊ လုပ်ငန်းများနှင့် နိုင်ငံတော်ပိုင် မီဒီယာ ကို မဲဆွယ်ပွဲအတွက် အသုံးပြုနိုင်သောကြောင့် ယင်းမဲဆန္ဒနယ်မြေတွင် တခြားကိုယ်စားလှယ်များထက် အဆမတန် အသာစီး ရ နေသည် ဟုလည်း သိရသည်။

ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ နိုင်ငံပိုင်သတင်းစာများတွင် ဦးအောင်သိန်းလင်းနှင့် တခြားသော ကြံ့ဖွံ့ပါတီ ခေါင်း ဆောင်များက နိုင်ငံပိုင် ဆောက်လုပ်ရေး လုပ်ငန်းများအား သွားရောက်စစ်ဆေးနေသည့် ဓာတ်ပုံများကို မကြာခဏ ထုတ်ဖော် ပြသနေသည့်အပြင် ၎င်းတို့အား ကြံ့ဖွံ့ပါတီ ခေါင်းဆောင်များဟု မသုံးနှုန်းဘဲ အစိုးရအရာရှိများအဖြစ် ဖေါ်ပြနေ သည်။

အောက်တိုဘာလ အတွင်း ရန်ကုန်တိုင်း စစ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းသန်းနှင့်အတူ ၎င်း၏ မဲဆန္ဒနယ်မြေ အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားသို့ ဦးအောင်သိန်းလင်း တက်ရောက်ဖွင့်လှစ်ပေးသည့်ပုံကို နိုင်ငံပိုင်သတင်းစာ များတွင် ဖော်ပြခဲ့သည်။

“ကျနော်ဝင်ပြိုင်မယ့် အမတ်နေရာမှာ သေချာပေါက် အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် တဦးဖြစ်သူ ဦးတင်ထွန်းဦး ထုတ်ဝေသော မြန်မာတိုင်းမ်စ် အပတ်စဉ်စာစောင်၏ သတင်းဆောင်းပါး တပုဒ် တွင် ဦးအောင်သိန်းလင်းက ပြောဆိုခဲ့သည်။

“တောင်ဥက္ကလာပမှာ ကျနော်အနိုင်ရတယ်ဆိုရင် ကျနော့် မဲဆန္ဒနယ်အတွင်းမှာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ တခြားရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်တွေလည်း အလားတူ လုပ်ဆောင်ကြလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်”ဟုလည်း ဦးအောင်သိန်းလင်းက ယင်း ဆောင်းပါး၌ ဆိုခဲ့သည်။

ဦးအောင်သိန်းလင်းသည် အင်အားကြီးသော ပြိုင်ဖက်တဦးဖြစ်သည့်တိုင် ၎င်းအနေနှင့် အလားအလာကောင်းသည်ဟု ယူဆကြောင်း ကိုကောင်းမြင့်ထွဋ်က ဧရာဝတီသို့ ပြောပြသည်။

“ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်တွေက အစိုးရ၀န်ကြီးတွေ အရာရှိကြီးတွေ ဖြစ်နေကြတော့ တခြားကိုယ်စားလှယ်တွေထက် မဲဆွယ်တဲ့နေရာမှာ ပိုပြီးအခွင့်အရေး ရကြပါတယ်။ ဒါပေမယ့် မြန်မာပြည်သူတွေ တကယ်ရှာနေကြတာက သူတို့ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ အခြေခံ အခွင့်အရေးတွေ အတွက် စည်းရုံးလှုံ့ဆ်ာပေးမယ့် လူမျိုး ကိုပါ”ဟု ကိုကောင်းမြင့်ထွဋ်က ဆိုသည်။

“ဒါကြောင့် ဦးအောင်သိန်းလင်းနဲ့  ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်တွေအစား ကျနော်အပါအ၀င် တခြားကိုယ်စားလှယ်တွေကို ပြည်သူလူထုကြီးက မဲပေးကြလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ရင်းမြစ်။ ။ဧရာဝတီ

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်များ ဆေးနီပက်ခံရ

သာယာဝတီမြို့နယ်တွင်းမှာ ရှိတဲ့ ပြည်တောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တွေမှာ သင်္ဘောဆေးနီတွေနဲ့ ကြံ့ဖွံ့မကျေနပ်ဖူး ဆိုတဲ့ စာသားတွေနဲ့ ဆေးနီပက်ဖျန်းတဲ့ လှုပ်ရှားမှုတွေ ဒီကနေ့ မနက် ၄ နာရီလောက်မှာ ဖြစ်ပွားခဲ့တယ်လို့ သာယာဝတီမြို့ခံတဦးက RFA ကို ပြောပါတယ်။
(Photo: AFP)
မြန်မာစစ်အစိုးရက အားပေး ထောက်ပံ့ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရန်ကုန်မြို့ရှိ မြို့နယ်ရုံးခွဲတခု ဖြစ်ပါသည်။ (Photo: AFP)
“ခရိုင်ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ဆိုင်းဘုတ်တွေပေါ်မှာကော နောက် အုတ်နံရံ တံတိုင်းတွေပေါ်ကော နောက် ကားဘေးတွေ ကားရပ်ထားတဲ့ ကားဘေးတွေမှာကော လိုက်ပြီးတော့ စာရေးကြတာ၊ ကြံ့ဖွံ့မကျေနပ်ဘူးပေါ့၊ တချို့နေရာတွေကျတော့ မမှီတဲ့နေရာတွေကျတော့ ကြံ့ဖွံ့ဆိုင်းဘုတ် အကြီးကြီးတွေ ရှိတဲ့နေရာတွေကျတော့ အကုန်လုံး ဒီ ဆေးနီတွေနဲ့ ပက်ပစ်လိုက်တာပေါ့၊ နေရာတော်တော်များတယ် အကို၊ ခုနစ်နေရာ ရှစ်နေရာလောက် လုပ်ပစ်လိုက်တာ သူတို့။”
ဒီ ဆေးနီပက်ဖျန်းမှုတွေကို လှုပ်ရှားဆောင်ရွက်ခဲ့ကြသူတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ အတိအကျ မသိရှိရပေမဲ့ သာယာဝတီမြို့နယ်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေး ဆိုပြီး ပါတီအတွက် အတင်းအဓမ္မ စည်းရုံးပြောဆိုနေမှုတွေကို မကျေနပ်ကြတဲ့ လူငယ်တွေ ဆောင်ရွက်ခဲ့တာ ဖြစ်နိုင်ကြောင်း ဆက်ပြောပါတယ်။
“သူတို့ ဒီဖက်မှာက ကြံ့ခိုင်ဖွံ့ဖြိုးရေးက ထင်တိုင်းကျဲနေကြတာကိုး၊ ထင်တိုင်းကျဲနေတော့ လူငယ်တွေက သိပ်ပြီး မကျေနပ်တာနဲ့ လုပ်လိုက်ကြတယ်ထင်တယ်၊ ထင်တိုင်းကျဲတယ်ဆိုတာ ဒီ့ပြင်ပါတီတွေ ဆိုလို့ရှိရင် သွားလို့ရှိရင် ခွင့်ပြုချက်တွေဘာတွေ ယူရတယ် သူတို့ဆိုရင် ခွင့်ပြုချက်ယူစရာ မလိုတဲ့အပြင် ဥက္ကဋ္ဌ က လူစုပေးရတယ် ရယက ဥက္ကဋ္ဌက။ ဒီကြံ့ခိုင်ဖွံ့ဖြိုးရေးက သူတို့ ပါတီတွေအပေါ်မှာ လုပ်တဲ့အပေါ်မှာ မကျေနပ်တဲ့ လူငယ်တွေက လုပ်တယ်လို့တော့ ထင်တာပဲ။”
ဒီနေ့မနက် ၇ နာရီလောက်မှာတော့ ဆေးနီတွေ ပက်ဖျန်းထားတဲ့ နေရာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ရဲဝန်ထမ်းတွေက လိုက်လံဖျက်နေတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။

ရင်းမြစ်။ ။RFA

Thursday, October 14, 2010

NLD ခရီးစဉ်မှာ လွှတ်တော်ကိုယ်စားပြု ကော်မတီ ပူးပေါင်းပါဝင်

NLD ပါတီရဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ရေးနဲ့ပတ်သက်တဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ပါ ပူးပေါင်း ပါဝင်ပြီး ငြိမ်းချမ်းရေး ယူထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ CRPP အဖွဲ့ အတွင်းရေးမှူး ဦးအေးသာအောင်က RFA ကို ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်အများစုက ပါတီ မှတ်ပုံမတင်ရေး သဘောတူခဲ့ကြပြီးနောက် ရွေးကောက်ပွဲမဝင်ရေး ဆုံးဖြတ်ချက်ကို မတ်လ ၂၉ ရက်တွင် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး (ယာ) နှင့် ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း (ဝဲ) တို့က ရန်ကုန်မြို့ရှိ ဌာနချုပ်ရုံးတွင် သတင်းထောက်များကို ရှင်းလင်း ပြောကြားနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
NLD ပါတီရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ NLD ဗဟို အလုပ်အမူဆောင် ဦးအုန်းကြိုင်။ ဦးအေးသာအောင်နဲ့ အဖွဲ့ဝင်၁၁ ဦး ပါဝင်တာပါ။၊ ဒီကနေ့ မနက်ပိုင်းက မန္တလေးမြို့ တိုင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းလှိုင်ရဲ့ နေအိမ်မှာ ၁၃ မြို့နယ်က အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ဦးအေးသာအောင်ရဲ့ တင်ပြချက်နဲ့ ဆွေးနွေးပွဲအကြောင်းကို ဦးအုန်းကြိုင်က ခုလို ပြောပါတယ်၊
“NLD ရဲ့ ရှေ့ခရီး၊ ဒီမိုကရေစီခရီးမှာ တိုင်းရင်းသားများနဲ့အတူ လက်တွဲပြီး ပူးပေါင်းဆောင်ရွက် သွားရမယ် ဆိုတဲ့ CRPP ရဲ့ သဘောထား၊ အဲဒီအတွက် ရှေ့ဆက်ပြီး ဘာတွေ ဆက်ပြီး ဆောင်ရွက်မယ် ဆိုတဲ့ သူ့ရဲ့ အစီအစဉ်တွေနဲ့ အဲဒါတွေကို သူက တိုင်းရင်းသားဒေသ လိုက်ပါလာတဲ့အကြောင်း အဲဒါ သူက ပြောပါတယ်။ ကျွန်တော်က ပါတီ ပိုမို ကျစ်လစ် သိပ်သည်းရေးအတွက်၊ နောက် ရွေးကောက်ပွဲ သပိတ်မှောက်ရေး၊ နောက် လှေခွက်မကျန်တောင်မှ NLD ဆိုတာ အလံမလှဲဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ဇွဲနပဲနဲ့ ချီတက်သွားရမယ် ဆိုတဲ့အကြောင်း ကျွန်တော်က ရှင်းလင်း ဆွေးနွေးပါတယ်။”
ဆက်လက်ပြီး မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးသိန်းဒန်၊ ဒေါ်အေးအေးမာ၊ ဒေါ်လှလှမိုးနဲ့ ကိုမျိုးညွန့်တို့က ဆွေးနွေးပြီး အဖွဲ့ဝင်တွေရဲ့ မေးမြန်းချက်တွေကို ပြန်လည် ဖြေကြားပါတယ်။ အဖွဲ့ဟာ ဒီကနေ့ ညပိုင်းမှာ ကချင်ပြည်နယ် မိုးညှင်းကို ဆက်ပြီး ခရီးထွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အလားတူ ဦးဟံသာမြင့်၊ ဒေါက်တာမေဝင်းမြင့်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာ မျိုးအောင်တို့ ပါဝင်တဲ့အဖွဲ့ဟာ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို ဒီကနေ့ မနက်ပိုင်းက သွားရောက်နေတယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။ 

ရင်းမြစ်။ ။RFA

Wednesday, October 13, 2010

ကြောက်စိတ်၊ ဗေဒင်ဆရာတို့နှင့်အတူတွေ့ရသော မဲဆွယ်ပွဲ

"လူတွေက ကျွန်တော့ကို ထောက်လှမ်းရေးလို့ ထင်နေကြတယ်။ ကျွန်တော် လမ်းမပေါ်မှာ နိုင်ငံရေးအကြောင်း အမြဲအော်ပြော နေတာပဲ။ ဘယ်သူမှ ကျွန်တော့ကိုမဖမ်းဘူး"ဟု မန္တလေး မဟာအောင်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးချစ်စိုးက ပြောသည်။
သူ့စကားကြောင့် ပရိသတ်က ရယ်ကြသည်။ သို့သော် ယခု သူပြောနေသောနေရာသည် လမ်းမပေါ်တွင် မဟုတ်ဘဲ ဒီမိုကရက်တစ် ပါတီ၏ ရန်ကုန်ဌာနချုပ် ရုံးခန်းတွင်ဖြစ်သည်။
စက်တင်ဘာလ ၂၆ ရက်နေ့က နိုင်ငံ၏ ပဉ္စမအကြီးဆုံး နိုင်ငံရေးပါတီ၏ ကိုယ်စားလှယ်များက မိန့်ခွန်းများနှင့် ပါတီမူဝါဒများ ဟောပြောရန်၊ ရွေး ကောက်ပွဲအတွက် စည်းရုံးရေး အခက်အခဲ အတွေ့အကြုံများ နှီးနှောဖလှယ် ရန် ၅၂ လမ်း ရုံးခန်းတွင် စုဝေးခဲ့သည်။
နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်း ၄၇ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ် ကာ ထိုအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်မှ ကိုယ်စား လှယ် လောင်းများနှင့် ရခိုင်ပြည်နယ် ဒီမိုကရက်တစ်ပါတီ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းတို့ တက်ရောက်ခဲ့သည်။
"ဒီအစည်းအဝေးကို တစ်ပြည်လုံးက တက်ရောက်ခဲ့ကြပါတယ်။ ကျွန်မတို့ အချင်းချင်း မိတ်ဆွေဖြစ်ကြတယ်။ ကျွန်မတို့ လွှတ်တော်ထဲကိုရောက်ရင် ဘာတွေ လုပ်ကြမလဲဆိုတာ ဆွေးနွေးခဲ့ကြတယ်။ ပါတီလုပ်ငန်းတွေရဲ့ အခက်အခဲတွေကို တိုင်ပင် ခဲ့တယ်"ဟု ရန်ကုန် တိုင်းဒေသကြီး ဗဟန်း မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်းက ပြောသည်။
၎င်းတို့၏လှုပ်ရှားမှုများတွင် ခန်းမ များ၌ ကျင်းပသော ဆွေးနွေးပွဲပုံစံထက် မဲဆန္ဒနယ်အတွင်းရှိ လူထုအား ဟေ ပြောခြင်း၊ လက်ကမ်း စာရွက်များ ဝေငှခြင်းတို့ကို အဓိကထား လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကိုယ်စားလှယ်လောင်းများက ပြောကြားသည်။
"ကျွန်မတို့မြို့နယ်ထဲက လူတွေဆီကို နေ့တိုင်းသွားတယ်။ ပထမမှာ လူတွေက ကျွန်မကိုမသိကြလို့ ကျွန်မ စိန်ခေါ်မှုတွေ အများကြီး ကြုံရတယ်။ သူတို့ အခက်အခဲတွေကို ထုတ်မပြောရဲကြဘူး။ အခုကျတော့ ကျွန်မက လက်ကမ်းစာရွက် မဝေနိုင်ရင်တောင် သူတို့က ဝေပေးတယ်။ ဒါကြောင့် ကျွန်မအတွက် ပျော်စရာကောင်းနေပါပြီ"ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။
မိုက်ကရိုဖုန်းအား တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်းရင်း သူတို့၏ ကိုယ်ရေးအချက်အလက်များ၊ ယုံကြည်ချက်များ၊ နိုင်ငံရေးနည်းဗျူဟာ များနှင့် မူဝါဒများကို ပြောဆိုကြသည်။
မန္တလေး အမျိုးသားလွှတ်တော်မဲဆန္ဒ နယ်အမှတ်(၁) ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သူ ဒေါက်တာတင်မောင်ထွန်းက မီဒီယာ လွတ်လပ်ခွင့်အတွက် ဆွေးနွေးသည်။
"ကျွန်တော်တို့နိုင်ငံမှာ စာပေလွတ်လပ်ခွင့် အနည်းငယ်ပဲရှိတယ်။ ဒါ ကြောင့် ကျွန်တော့အနုပညာ၊ ကျွန်တော့ ပန်းချီ၊ ကျွန်တော့ ဆောင်းပါးတွေကို စိတ္တဇနည်းနဲ့ ဆောင်ရွက်ရတယ်။ ကျွန်တော့ပန်းချီကားတွေကို စိတ္တဇ နည်းဖြစ်အောင် ကန့်သတ်ရတယ်" ဟု သူကပြောသည်။
သူ၏မိန့်ခွန်းထဲတွင် မဟာဇနက္က ဇာတ်တော်ကို ထည့်ပြောသွားသည်။
"သင်္ဘောသာမပျက်ရင် ဇနက္ကဆိုတာ ရှိမှာမဟုတ်ဘူး"ဟု ဒေါက်တာ တင်မောင်ထွန်းက ပြောသည်။
မန္တလေးမှ အခြားကိုယ်စားလှယ်တစ်ဦးဖြစ်သူ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ လွှတ်တော်အတွက် အရွေးခံမည့် ဦးမင်းအောင်က ပါတီအတွက် သူ ဆောင်ရွက်ထားသော ဘာသာရေး အခမ်းအနားများအကြောင်းနှင့် ဗေဒင်ဆရာ၏ နိမိတ်ဖတ်ဟောကြားချက် များအကြောင်းကို တက်ရောက်သူများအား ရှင်းပြသည်။ အခြားပါတီများ၏ နိုင်ငံရေးလှုပ်ရှားမှုများအား မျက်ခြည်မပြတ် စောင့်ကြည့် သွားရန် မဲဆန္ဒနယ် မှ လူထုအားတိုက်တွန်းရန်လည်း အခြားကိုယ်စားလှယ်လောင်းများကို သူက ပြောသည်။
ကံကြမ္မာနှင့်ပတ်သက်၍ ချမ်းအေးသာစံ အမှတ်(၂) မန္တလေးတိုင်းဒေသ ကြီး လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်မည့် ဦးအောင်ရွှေ ကလည်း ဆွေးနွေးသည်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအရ နက္ခတ္တဗေဒပညာရှင် တစ်ဦးဖြစ်သူ ဦးအောင်ရွှေက "ကံကြမ္မာ သည် ကျွန်ုပ်တို့ဘက်တွင်ရှိသောအချိန် သို့ ရောက်နေပါပြီ" ဟု တစ်ခန်းလုံးသို့ ရဲရဲဝံ့ဝံ့ကြေညာသွားသည်။
ရွေးကောက်ပွဲ မဲဆွယ်ရာတွင် ကြုံတွေ့ကြရသော ညည်းတွားသံတစ်ခုမှာ လူများအား 'ရဲရဲဝံ့ဝံ့ မဲပေးရန်' မေတ္တာရပ်ခံခြင်းပင် ဖြစ်သည်။
"ကျွန်မမြို့နယ်က လူတွေကို သတ္တိရှိ ကြဖို့ ပြောချင်ပါတယ်။ ကျွန်မတို့ရဲ့ မျိုးဆက်အတွက် သတ္တိရှိသင့်ပါတယ်" ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။
ဒေါက်တာညိုညိုသင်းက အခက်အခဲများသည် ဒေသတစ်ခုနှင့် တစ်ခု၊ တစ်မြို့နှင့်တစ်မြို့ မတူသော်လည်း အခြေခံဦးတည်ရာကား တစ်ခုတည်းရှိ နေကြောင်း ပြောသည်။
"အခက်အခဲက ဘုံအခက်အခဲ မဟုတ်ပါဘူး။ ရန်ကုန်နဲ့ မန္တလေး မတူပါဘူး။ ဒါကြောင့် ကျွန်မတို့မှာ ကိုယ်ပိုင် မဟာဗျူဟာတွေကို ဖန်တီးထား ရပါတယ်။ (ဒါပေမယ့်) လူတွေထဲမှာ ကြောက်ရွံ့မှုတွေ ပျံ့နှံ့နေတယ်။ ဒါ ကြောင့် လူတွေမှာ ဘယ်လိုမဲပေးရမယ်၊ ဘယ်သူ့ကို မဲပေးရမယ်ဆိုတာ မသိကြပါဘူး။ ဒါပေမယ့် အံ့ဩစရာ ကောင်းတာက သူတို့ဘယ်သူ့ကို မဲမပေးသင့်ဘူးဆိုတာကျတော့ သိနေပြန်တယ်"ဟု သူက ပြောသည်။

ရင်းမြစ်။ ။မြန်မာတိုင်းမ်

ဘာမှမဖြစ်ခင်ကွဲကြလေပြီ

ဒီငြိမ်း မဟာမိတ်အဖွဲ့က ထွက်
ချင်းမိုင် (မဇ္ဈိမ)။        ။ အမျိုးသားဒီမိုကရေစီ အင်အားစုက အငြင်းပွားဖွယ်ရာ စီးပွားရေး လုပ်ငန်းရှင်ထံမှ အလှူငွေလက်ခံမှုကြောင့် ပူးပေါင်းမဟာမိတ်အဖွဲ့မှ နှုတ်ထွက်ရန် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ (ဒီငြိမ်း)  အရေးပေါ် အစည်းအဝေးက ကနေ့ ဆုံးဖြတ်လိုက်သည်။

ရေလုပ်ငန်းအဖွဲ့ ချုပ် ဒုဥက္ကဋ္ဌ ဦးလှမောင်ရွှေ လှူငွေကို လက်ခံသည်ဆိုကာ ဒီငြိမ်းအဖွဲ့က နှုတ်ထွက်လိုက်သည်ဟု ဆိုသည်။

ဒီငြိမ်း၊ အမျိုးသားဒီမိုကရေစီ အင်အားစု NDF၊ ချင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP တို့ ယခုလ ၂ ရက်က မဟာမိတ်စုဖွဲ့ခဲ့သည်။

အခြေအနေရှုပ်ထွေးနေသဖြင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီကလည်း ပူးပေါင်းဆောင်ရွက်မှုကို “ခေတ္တရပ်ဆိုင်း” ထားမည်ဖြစ်ကြောင်း ပြောသည်။

ဒီငြိမ်းပါတီမူဝါဒအရ စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူခံခွင့်ပြုထားသော်လည်း ဦးလှမောင်ရွှေမှာ  စစ်အစိုးရ ခန့်ထားသူဖြစ်သဖြင့် မဲဆန္ဒရှင်များ ယုံကြည်မှု မကျဆင်းစေရေးအတွက်ဟု ဒီငြိမ်းပါတီ ဥက္ကဌ ဦးအောင်သန်းက မဇ္ဈိမကို ပြောသည်။

“အစိုးရကလည်း ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ထောင်ထားတယ်။ အစိုးရထောင်ထားတဲ့ပါတီကို အားမပေးပဲနဲ့ အဲဒီ ပုဂ္ဂိုလ်ကနေပြီးတော့ အမျိုးသားဒီမိုကရေစီ အင်အားစုကို အားပေးမယ်ဆိုရင် ဒါ သဘာဝမကျဘူး။ ကျနော်တို့က နှောင်ကြိုးရှိတယ်လို့ပဲမြင်ပါတယ်။ အဲဒါကြောင့် မပူးပေါင်းတော့ဘူးလို့ ဆုံးဖြတ်လိုက်တာပါ” ဟု ဦးအောင်သန်းက ပြောသည်။

ယခင်လ ၂၉ ရက်နေ့ထုတ် မြန်မာပို့စ် (Myanmar Post) စာစောင်တွင် ဦးလှမောင်ရွှေက NDF အပါအဝင် ရှမ်း၊ ကရင်၊ ချင်း၊ ရခိုင် စသည့်တိုင်းရင်းသားပါတီများကို ငွေကြေးထောက်ပံ့ထားကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပြီးနောက် ယခု ပြဿနာများ ပေါ်ပေါက်လာသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဖြေရှင်းရန် ယခုလ ၆ ရက်က စာတစောင်ထုတ်ခဲ့ရာ မနေ့က NDF ပါတီ ဌာနချုပ်၌ ရှင်းလင်းပွဲ လုပ်ခဲ့သည်။

NDF က ထောက်ပံ့မှုကို ပုဂ္ဂိုလ်ရေးအရသာ လက်ခံပြီး ပါတီအနေဖြင့် မဟုတ်ကြောင်း၊ ဦးလှမောင်ရွှေထံမှ တောင်းပန်စာလည်းရကြောင်း ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက မနေ့က ရှင်းပြခဲ့သည်ဟု ဦးအောင်သန်းနှင့် UDP ဥက္ကဋ္ဌတို့ထံက သိရသည်။ ယင်းစာကို ဒီငြိမ်းပါတီ မရဟုလည်း ဆိုသည်။

ရခိုင်ပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကမူ ယခုလ ၁၁ ရက်စွဲပါ ဦးလှမောင်ရွှေလက်မှတ်နှင့် စာကို ရကြောင်း၊ RNDP အနေဖြင့် ဦးလှမောင်ရွှေထံမှ မည်သည့် အထောက်အပံ့မျှ မယူထားကြောင်း မဇ္ဈိမကို ပြောသည်။

“ကျနော်တို့လည်း ဆက်စပ်မှုမရှိကြောင်း၊ ငွေကြေးအရှုပ်အရှင်းနဲ့ ပတ်သက်လို့ ရှင်းလင်းစွာ သိရတဲ့ အချိန်အထိ အဲဒီ ၅ ပါတီနဲ့ ဆက်ဆံရေးများ ခေတ္တရပ်ဆိုင်းထားမယ်ဆိုတဲ့အကြောင်း ထုတ်ပြန်ဖို့ရှိပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။

ဒီမိုကရေစီမိတ်ဆွေပါတီများ အစုအဖွဲ့ ဖြစ်ပေါ်လာရေး အကျိုးဆောင်သည့် UDP ပါတီ ဥက္ကဋ္ဌ ဦးသိန်းဌေးက သူတို့ပါတီလည်း ဦးလှမောင်ရွှေနှင့် ကင်းရှင်းကြောင်းဆိုသည်။

“ပြည်သူကို နေရာမပေးပဲနဲ့ လူလို သူလို အဆက်ဆံ မခံရတဲ့ အုပ်ချုပ်ရေးစနစ်တွေကို ကျနော်တို့ လူငယ်တွေက မလိုချင်တော့ဘူး။ ပြည်သူဘက်က လိုက်ပါဆောင်ရွက်ပေးမယ်ဆိုတဲ့ ကျနော်တို့ရဲ့ ဒီဘက် အင်အားစုတွေ တဖွဲ့နဲ့တဖွဲ့ ပြစ်တင် ရှုတ်ချတာတွေ၊ ပြည်သူအမြင် ရှုတ်ထွေးစေမယ့် လုပ်ရပ်တွေ မဖြစ်စေချင်ဘူး။ ကျနော်တို့ရဲ့ ဒီဘက် အင်အားစုတွေရဲ့ လုပ်ကွက်တိုက်ကွက်က ဟိုဘက်အင်အားစုက ဖြုံတောင်မဖြုံဘူး ဆိုတဲ့အဆင့်ရောက်သွားနိုင်တယ်။  ပြေရာပြေကြောင်းလေးတော့ ဖြစ်စေချင်တာ” ဟု မဇ္ဈိမကို ပြောသည်။

ရွေးကောက်ပွဲကာလ  တခြားနိုင်ငံရေး စုဖွဲ့မှုများရှိသည်ကိုလည်း တွေ့ရသည်။ ယခုအစုအဖွဲ့မတိုင်မီ တသီးပုဂ္ဂလ ၈ ဦးနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့ ပူးပေါင်းဆောင်ရွက်မည်ဟု သဘောတူခဲ့ကြသေးသည်။ သို့သော် “ကျစ်ကျစ်လစ်လစ်” မရှိသေးကြောင်း ဒီငြိမ်း ဥက္ကဋ္ဌ ဦးအောင်သန်းက သုံးသပ်သည်။

“ရွေးကောက်ပွဲနားနီးလာမှ လှမ်းချိတ်ကြတော့ ကိစ္စရပ်အားလုံးမှာ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ မဖြစ်တော့ဘူး။ အမတ်လောင်းရွေးနေရာချတာ လုပ်တုန်းကလဲ သီးခြားစီ။ တချို့နေရာတွေမှာ ထပ်နေကြတယ်။ ဒီအချိန်မှာတော့ စုစည်းဖို့ သိပ်မလွယ်ဘူး။ အခု ကျနော်တို့ ပြဿနာကိုပဲ ကြည့်လေ” ဟု သူက ပြောသည်။

အဖျက်သိမ်းခံ မြန်မာဒီမိုကရေစီ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌဟောင်း တောင်ဥက္ကလာပ တသီးပုဂ္ဂအမတ်လောင်း ဦးကောင်းမြင့်ထွဋ်ကမူ ပါတီများ ယခုကဲ့သို့ စုဖွဲ့ရန်ကြိုးစားနေကြသော်လည်း မိတ်ဖက်မဟုတ်ကြဟု သုံးသပ်သည်။

“နယ်မြေတစ်ခုထဲမှာလည်း ကိုယ်ကလည်း ပြိုင်တယ်။ သူကလည်း ပြိုင်တယ်ဆိုရင် ဘယ်လိုလုပ် မိတ်ဖက် ဒီမိုကရေစီအင်အားစုတွေ ဖြစ်နိုင်မလဲ” ဟု ဆိုသည်။