Sunday, October 3, 2010

လေနှင်ရာလား . . .ရေကြည်ရာလား တိုင်းရင်းသားများ သက်ဆိုင်ရာ ပြည်နယ်များမှ မြို့ကြီးများသို့ အလုပ်အကိုင်နှင့် ပညာသင်အခွင့်အလမ်း များအတွက် ပြောင်းရွှေ့မှု ပိုမိုလာ



      တိုင်းရင်းသားလူမျိုးများ သည် မိမိတို့နေထိုင်ရာ ပြည်နယ် များရှိ မြို့နယ်များ၊ ကျေးရွာများမှ တစ်ဆင့် မြို့ကြီးများသို့ ပြောင်းရွှေ့ မှုသည် ယခင်ကတည်းက ရှိခဲ့ရာမှ ယခုနောက်ပိုင်းတွင်မူ ပိုမိုများပြား လာခဲ့သည်ဟု တိုင်းရင်းသားလူမျိုး များဆိုင်ရာ လေ့လာသူအချို့ထံမှ သတင်းရရှိပါသည်။

    ပြည်နယ်များတွင် အသီးသီး နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုး များ မြို့ကြီးများသို့ပြောင်းရွှေ့မှုတွင် အဓိကအချက်များသည် အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေး အခွင့်အလမ်းများအတွက် ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့လိုကြခြင်း၊ ဘ၀၏ တိုးတက်ရာလမ်းဖြစ်သော ပညာရေးနှင့်ပတ်သက်၍ ပြည်နယ်များရှိ မြို့နယ်များ၊ ကျေးရွာများတွင်ထက် မြို့ကြီးများတွင် ပိုမိုသင်ယူလေ့လာ နိုင်မည်ဟု ယူဆကြခြင်း၊ အချို့ သောပြည်နယ်များတွင် ဒေသခံတိုင်း ရင်းသားများထက် အိမ်နီးချင်းနိုင်ငံ များမှ စီးပွားရေးလုပ်ကိုင်သူများက နေရာယူလာကြခြင်း စသည့်အချက်များ ဖြစ်နိုင်ကြောင်း လေ့လာသူတို့ က သုံးသပ်ကြပါသည်။

    "တိုင်းရင်းသားတွေ ပြောင်းရွှေ့တာ ကျောင်းသားတွေ ပညာရေး အတွက် ပါတယ်။ နယ်ကျောင်းတွေ မှာ ဆရာပြောင်းတာများတယ်။ ဆရာမမြဲဘူး။ နောက်ပြီး လူငယ်တွေ ဆေးသုံးတာတို့ဘာတို့ကလည်း လွတ်အောင် မိဘတွေက ပြောင်းကြတယ်။ နောက်တစ်ခုကတော့ စီးပွားရေးကြောင့်ပဲ။ အရင်တုန်းက တစ်နိုင်တစ်ပိုင် မန္တလေးဘက် ကုန်ကူးကြတယ်။ နောက်ပိုင်း ဒီလောက်မလွယ်တော့ဘူး။ အခုတော့ ကုန်သည်အလတ်ပိုင်းတွေက မိသားစု လိုက်ပြောင်းတာတွေ ရှိလာကြတယ်။ ဇောက်ချလုပ်ဖို့အတွက် မိသားစုလိုက် ပြောင်းရွှေ့ကြတယ်"ဟု တောင်ကြီးအသင်း(ရန်ကုန်)မှဥက္ကဋ္ဌ ဦးစိုင်းစံအိုက်က ပြောပါသည်။
    ယခုနောက်ပိုင်း နှစ်များတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အများပြားဆုံးရှိနေသည့် တိုင်းရင်းသားလူမျိုးများတွင် ရခိုင်၊ ကရင် စသည့် တိုင်းရင်းသားများ ပါဝင်ကြပြီး ရှမ်း၊ ကချင်၊ ချင်း၊ မွန် စသည့် တိုင်းရင်းသားများလည်း အများအပြား ရောက်ရှိနေထိုင်လျက် ရှိကြကြောင်း၊ အချို့မှာ မိသားစုလိုက် ပြောင်းရွှေ့လာခြင်း ရှိသကဲ့သို့ အချို့ မှာ တစ်ဦးချင်း ပြောင်းရွှေ့မှုများမှ တစ်ဆင့် မိသားစုကို ခေါ်ယူမှုများလည်း ရှိလာကြောင်း သိရှိရသည်။

    "ကချင်တိုင်းရင်းသားတွေက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက် ပိုင်းမှာပျံ့နှံ့နေထိုင်ကြတယ်။ ပြောင်း ရွှေ့မှုအနေနဲ့ကတော့ ပြည်နယ်တွင်း ပြောင်းရွှေ့မှုတွေလည်းရှိခဲ့တယ်။ ၁၉၇၆ ခုနှစ်လောက်မှာ ကြွက်ဘေး ဒုက္ခဖြစ်တော့ ဆွမ်ပရာဘွမ်ဘက် က ရွာပေါင်းများစွာဟာ မြစ်ကြီးနားလို မြို့ကြီးတွေကို ပြောင်းရွှေ့နေကြ တယ်။ တချို့တွေမှော်ထဲရောက် တယ်။ မှော်ထဲမှာ ရတဲ့သူရ၊ မရတဲ့ သူမရနဲ့။ ကချင်တိုင်းရင်းသားတွေ ထဲမှာ လက်ချိုးရေလို့ ရတဲ့သူတွေက သူဌေးဖြစ်သွားတယ်။ ရန်ကုန်လို မြို့ကြီးကိုပြောင်းတာကတော့ ဒီ ဘက်နှစ်တွေမှာ ပိုလာပါတယ်"ဟု ကချင်တိုင်းရင်းသားများ၏ ပြောင်းရွှေ့နေထိုင်ကြမှုများနှင့် ပတ်သက်၍ ကိုမရစ်နော်ဆန်းက ပြောပြသည်။

တစ်ပိုင်တစ်နိုင် အလုပ်များမှလွဲ၍ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင် လုပ်ကိုင်နိုင်မှုအားနည်းသော တိုင်းရင်းသားများ၏ နေ့စဉ်လူနေမှုဘ၀ သည် အခြားသောဒေသများမှ ငွေကြေးအရင်းအနှီး ခိုင်မာသူများ စီးပွားရေးအရ လွှမ်းမိုးမှု အားကောင်းလာသည့် အခါတွင် သက်ရောက်မှု အချို့ကြုံလာရ  . . .

         ရန်ကုန်မြို့သည် နိုင်ငံရပ်ခြား ထွက်ခွာလိုသည့် လူငယ်များအတွက် နိုင်ငံရပ်ခြားထွက်ခွာရန် ပြင်ဆင်ရန်၊ အရည်အသွေး ဖြည့်ဆည်းရန်သင်တန်းများ တက်နိုင်ရာ မြို့ကြီးလည်း ဖြစ်သည့်အတွက် ပြည်ပ ထွက်ခွာလိုသော တိုင်းရင်းသား လူငယ်များသည်လည်း ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြသည်ဟု သိရသည်။

    ပြည်နယ်များတွင် အဓိက စီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးရေး လုပ်ငန်းဖြစ်ပြီး ယခုနောက်ပိုင်းနှစ်များတွင်မူ စိုက်ပျိုးရေးလုပ်ငန်းသည် လည်း သဘာ၀၀န်းကျင် အပြောင်းအလဲ၊ ရာသီဥတု အပြောင်းအလဲများကြောင့် ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းခြင်းများကို ကြုံလာကြရသည်။ တစ်ပိုင်တစ်နိုင်အလုပ်များမှ လွဲ၍ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင် လုပ်ကိုင်နိုင်မှုအားနည်းသော တိုင်း ရင်းသားများ၏ နေ့စဉ်လူနေမှုဘ၀ သည် အခြားသောဒေသများမှ ငွေကြေးအရင်းအနှီး ခိုင်မာသူများ စီးပွားရေးအရ လွှမ်းမိုးမှုအားကောင်း လာသည့်အခါတွင် သက်ရောက်မှုအချို့ ကြုံလာရသည်ဟု ဆိုကြပါသည်။

    "ရခိုင်မှာ ပင်လယ်လုပ်ငန်းကလည်း အရင်လောက်မကောင်းတော့ဘူး။ ငါးသိပ်မရတော့ဘူး။ လယ်ယာလုပ်ငန်းကလည်း မကောင်းဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်ကနဲ့ ယှဉ်ရင် အခုက တိုးတက်နေရမှာ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ထက်တောင် လုပ် ရကိုင်ရတာ ခက်လာတယ်။ စီးပွားရေး အခွင့်အလမ်းနည်းလာတယ်။ ဒီလိုနဲ့ပဲ ရေကြည်ရာ မြက်နုရာပြောင်း ကြတော့တာပဲ"ဟု ရန်ကုန်မြို့ရောက် ရခိုင်တိုင်းရင်းသားတစ်ဦးက သုံးသပ်ပြောပြသည်။

    "စီးပွားရေးပိုင်းမှာ ပိုက်ဆံချမ်း သာတဲ့သူတွေ လွှမ်းမိုးမှုကြောင့် နေထိုင်မရတာ ရှိကောင်းရှိမယ်။ မြေ၊ အိမ်တွေကို ပိုက်ဆံတတ်နိုင်တဲ့သူ တွေဆီကိုရောင်းပြီး ဖောင်ဖျက်ဆင်း လာကြတယ်"ဟု ကိုမရစ်နော်ဆန်း ကဆိုပါသည်။ တိုင်းရင်းသားများ၏ ပြည်ပ ထွက်ခွာမှုတွင်မူ ကရင်၊ ချင်း၊ ကချင် တိုင်းရင်းသားများက အများစုဖြစ်ဖွယ်ရှိသည်ဟု လေ့လာသူတို့ ၏အဆိုအရ သိရှိရသည်။    
 
    တစ်နိုင်တစ်ပိုင်နှင့် မိရိုးဖလာ လုပ်ငန်းများကိုသာ လုပ်ကိုင်နေကြရင်းမှ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုကောင်းမွန်ရာဒေသများ၊ မြို့ကြီးများသို့ တိုင်းရင်းသားများ ပြောင်းရွှေ့အခြေချမှုများသည် ၁၉၉၀ ပြည့်နှစ် ၀န်းကျင်တွင် ပိုမိုများပြားလာခဲ့ရာမှာ ယခု ၂၀၁၀ ပြည့်နှစ်ဝန်းကျင် ရောက်ရှိချိန်တွင်မူ ယခင်ထက် ပိုမိုလာခဲ့သည်ဟု လေ့လာသူတို့၏ အဆိုအရသိရှိရသည်။
ရင်းမြစ်။ ။first-11.com

မြန်မာ့အရေး အားပေးဖို့ Sonia Gandhi ကို အိန္ဒိယရောက်မြန်မာတွေ တိုက်တွန်း

မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာအောင် အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်အစိုးရကို ထိရောက်တဲ့ ပြောဆိုမှုတွေ လုပ်ပေးဖို့ အိန္ဒိယရောက် မြန်မာအဖွဲ့အစည်းတွေက အိန္ဒိယခေါင်းဆောင်တဦး ဖြစ်သူ Mrs. Sonia Gandhi ကို ဒီကနေ့ တောင်းဆိုစာတစောင် ရေးသားလိုက်ပါတယ်။
World Economic Forum
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ၂၀၀၆ ခုနှစ်က ပြုလုပ်သည့် အိန္ဒိယစီးပွားရေးညီလာခံတွင် အိန္ဒိယ ကွန်ဂရက်ပါတီဥက္ကဌ Sonia Gandhi မိန့်ခွန်းပြောနေစဉ်။ (World Economic Forum)
အောက်တိုဘာလ (၂) ရက်နေ့ဟာ အိန္ဒိယနိုင်ငံရဲ့ အကြမ်းမဖက် လှုပ်ရှားမှုခေါင်းဆောင် မဟတ္တမဂန္ဒီရဲ့ မွေးနေ့ကို အစွဲပြု သတ်မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ အကြမ်းမဖက်ရေးနေ့ ဖြစ်တာနဲ့အညီ မြန်မာ အဖွဲ့အစည်း (၄၄) ဖွဲ့နဲ့ ဖွဲ့ထားတဲ့ BCD (Burma Center Delhi) အဖွဲ့က အိန္ဒိယနိုင်ငံရဲ့ အာဏာရ ညွန့်ပေါင်းအစိုးရထဲမှာ ပါတဲ့ ခေါင်းဆောင်တဦးဖြစ်သူ Mrs. Sonia Gandhi ကို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

Mrs. Sonia Gandhi ကို စာရေးသား တောင်းဆိုရတာနဲ့ ပတ်သက်ပြီး BCD အဖွဲ့ ပြောခွင့်ရသူ ကိုထွန်းထွန်းက

“ဆိုနီယာဂန္ဒီက AICC ရဲ့ ဥက္ကဌလည်းဖြစ်တယ်။ နောက် အခုထက်ထိ ညွန့်ပေါင်းအစိုးရမှာ ဥက္ကဌလည်း ဖြစ်တယ်။ အဲဒါကြောင့်မို့ ဒီ Cabinet ထဲမှာ တော်တော်များများ သူကနေ ဆုံးဖြတ်တဲ့ဟာတွေ ရှိတယ်။ ဒါကြောင့် သူ့ကို တိုက်ရိုက်တိုက်တွန်းမယ်ဆိုရင် သူကနေ တခုခု အရေးယူမယ်ဆိုရင် ဖြစ်နိုင်တယ်။ သူ့ဆီမှာ တောင်းဆိုရင် အရာရောက်တယ်ပေါ့ ကျနော်တို့အနေနဲ့”

အရှေ့မျှော် မူဝါဒကို ကျင့်သုံးတဲ့ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားတယ် ဆိုတာကိုလည်း ကိုထွန်းထွန်းကပဲ ဆက်ပြောပြပါတယ်။

“အိန္ဒိယသဘောထားက ဒီမိုကရေစီတော့ လိုလားတယ်။ ဒါပေမယ့် သူတို့ ရပ်တည်နေတာက ဒီ စစ်အစိုးရ လုပ်သွားမယ့် ရွေးကောက်ပွဲအပေါ်မှာပဲ ရပ်တည်သွားမှာပဲ။ ဒီဟာကို ကောင်းတယ် မကောင်းဘူးဆိုတာ အိန္ဒိယအစိုးရက တခုမှ မပြောသေးဘူး”

BCD အနေနဲ့ အိန္ဒိယအစိုးရကို တိုက်တွန်း တောင်းဆိုလိုက်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လည် လွတ်မြောက်ရေး၊ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေအတွက် တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်ရေးတွေ ဖြစ်ဖို့ ဖြစ်ကြောင်း သိရပါတယ်။

သတင်း။ ။RFA

Saturday, October 2, 2010

ဂွာတီမာလာ စမ်းသပ်မှု အမေရိကန် တောင်းပန်

ဘီဘီစီ သတင်းဌာန
 ထိတ်လန့်တုန်လှုပ်ဖွယ် သုတေသနအကြောင်း စုံစမ်း ဖွင့်ချသူ ပါမောက္ခ စူဇန် ရီဗာဘီ
လွန်ခဲ့တဲ့ နှစ် ၆၀ က ဂွာတီမာလာ နိုင်ငံသားတွေကို သူတို့ သဘောတူညီမှု မပါဘဲ အမေရိကန် ဆရာဝန်တွေက ကာလသားရောဂါ အတွက် စမ်းသပ်မှု လုပ်ခဲ့မှုပေါ် အမေရိကန် သမ္မတနဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့က ဒီကနေ့ တောင်းပန်စကား ပြောခဲ့ပါတယ်။
          ဆေးရုံ တင်ထားရတဲ့ စိတ်ရောဂါ ဝေဒနာသည်တွေ အပါအဝင် ဂွာတီမာလာ နိုင်ငံသား ၇၀၀ လောက်ကို အမေရိကန် အစိုးရရဲ့ သုတေသန ပညာရှင်တွေက လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်တဲ့ ဂနိုးရီးယားနဲ့ ကာလသား ရောဂါတွေကို ကာယံကံရှင်တွေရဲ့ သဘောတူညီမှု မပါဘဲ ကူးစက်ဖြစ်ပွားအောင် လုပ်ဆောင်ခဲ့ပါတယ်။
          ဒီစမ်းသပ်မှု လုပ်ဆောင်ခဲ့တာကို ဝက်လက်စလီ ကောလိပ်က ပါမောက္ခ တယောက်က ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ကာလသား ရောဂါဟာ အသက်သေဆုံးတဲ့ထိ အန္တရာယ် ပေးနိုင်ပြီး အမေရိကန် သုတေသန ပညာရှင်တွေဟာ ဒီရောဂါအတွက် စမ်းသပ်မှုတွေကို သူတို့နိုင်ငံထဲမှာ လုပ်ဆောင်နိုင်မှာ မဟုတ်တာကို အဲဒီအချိန်က သိရှိထားပါတယ်။ ပင်နီစီလင်ဆေးဟာ ကာလသား ရောဂါကို ကုသနိုင်ပေမဲ့ ကြိုတင် ကာကွယ်နိုင်ခြင်း ရှိမရှိ သိချင်နေပါတယ်။
          အဲဒီမှာ သူတို့က ဂွာတီမာလာ နိုင်ငံသားတွေကို ပထမ ပြည့်တန်ဆာတွေနဲ့ ထိတွေ့စေပြီး နောက်ပိုင်းမှာ ရောဂါရအောင် ကြိုးစား လုပ်ဆောင်ခဲ့ပါတယ်။
          ဒီစမ်းသပ်မှုကို ဂွာတီမာလာမှာ လုပ်ခဲ့တဲ့ အကြောင်းရင်းတခုကတော့ အဲဒီတုန်းက ပြည့်တန်ဆာ လုပ်ငန်းဟာ ဂွာတီမာလာမှာ တရားဝင် လုပ်လို့ရလို့ ဖြစ်တယ်လို့ ဝက်လက်စလီ ကောလိပ်က ပါမောက္ခ စူဇန် ရီဗာဘီက ပြောပါတယ်။
          ပထမ စမ်းသပ်မှုလူတွေကို ပြည့်တန်ဆာတွေနဲ့ ထိတွေ့ ဆက်ဆံအောင် လမ်းကြောင်းပေးပြီး အဲဒီကနေ ကိုယ်လိုချင်တဲ့ အဖြေမရတဲ့အခါမှာ ရောဂါပိုးကို ဒီလူတွေရဲ့ ကိုယ်ထဲကို တိုက်ရိုက် ထည့်ပေးတာကို လုပ်ခဲ့ပါတယ်လို့ ပြောပြခဲ့ပါတယ်။
          ရောဂါ ကူးစက်ခံရတဲ့ လူတွေကို နောက်ပိုင်းမှာ ဆေးကုသပေးပေမဲ့ ဒီကုသမှုတွေဟာ လုံလောက်မှု ရှိမရှိ သေချာ မသိရပါဘူး။
          အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ဒီစမ်းသပ်မှုဟာ ကျင့်ဝတ်နဲ့ မညီဘူးလို့ ပြောပြီး အိမ်ဖြူတော် ပြောခွင့်ရ တာဝန်ခံ ရောဘတ်ဂိတ်စကလည်း ဒါဟာ ထိတ်လန့် တုန်လှုပ်စရာ ကောင်းတဲ့၊ ကြေကွဲဖွယ် ကောင်းတဲ့၊ ရွံမုန်းစရာကောင်းတဲ့ လုပ်ရပ်ဆိုတာ ထင်ရှားပါတယ်၊ ဒီစမ်းသပ်မှုကြောင့် ထိခိုက်ခဲ့သူတွေ အားလုံးကို အမေရိကန် အစိုးရက တောင်းပန်ပါတယ်လို့ ပြောခဲ့ပါတယ်။
          အမေရိကန် အစိုးရက တောင်းပန်စကား ပြောခဲ့ပေမဲ့လည်း ဒါနဲ့တင် လုံလောက်မယ့်ပုံ မရှိပါဘူး။ ထိခိုက်ခဲ့သူတွေကို နစ်နာကြေး ပေးမယ်လို့တော့ မပြောသေးပေမဲ့ အမေရိကန် အစိုးရက ဒါကို စုံစမ်းစစ်ဆေးမှု လုပ်ပေးမယ်လို့ ပြောပါတယ်။
          အဲဒီတုန်းက ဂွာတီမာလာ အစိုးရက ဒီစမ်းသပ်မှု အတွက် ခွင့်ပြုချက် ပေးခဲ့ပြီး ကနေ့အချိန်မှာတော့ ခုကိစ္စမှာ အမေရိကန် အစိုးရရဲ့ ပွင့်ပွင့်လင်းလင်း လုပ်ဆောင်လာမှုကို ကြိုဆိုတယ်လို့ ဂွာတီမာလာ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

Friday, October 1, 2010

အမှန်တရားကို ဖိနှိပ်ရန်ကြံသည့် ဆိုက်ဘာ မှုခင်း

  ဧရာဝတီ ဝက်ဘ်ဆိုက် အပါအဝင် တခြား လွတ်လပ်ပြီး အရေးပါသော မီဒီယာများ ဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့ အသံ (DVB) နှင့် မဇ္ဈိမ သတင်းဌာန ဝက်ဘ်ဆိုက်တို့ ပြင်းထန်သော Distributed Denial of Service (DDoS) ဖြင့် တိုက်ခိုက်ခံရ မှုကြောင့် စက်တင်ဘာ လကုန်ပိုင်းတွင် ပိတ်သွားခဲ့ပါသည်။

ဘက်မလိုက်သည့် သတင်းအချက်များ ဝေမျှနေပြီး သတင်းလွတ်လပ်ခွင့် တိုးတက်ရေး လုပ်ဆောင်နေသော အွန်လိုင်း အဖွဲ့ အစည်းများကို ပစ်မှတ်ထား၍ DDoS ဖြင့် တိုက်ခိုက်ခြင်းသည် နည်းပညာအရ ခေတ်မီလှသော်လည်း အမှန်တရားနှင့် လွတ်လပ်သော အသံများကို နှုတ်ဆိတ်သွားစေရန် ရည်ရွယ်သော အလွန် သေးသိမ်သည့် နိုင်ငံရေး တိုက်ခိုက်မှုသာ ဖြစ်ပါသည်။

ဆိုက်ဘာ တိုက်ခိုက်မှုသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်မြောက် နှစ်ပတ်လည်နေ့နှင့်လည်း တိုက်ဆိုင်နေပါသည်။ ၂၀၀၈ စက်တင်ဘာလ ပထမ နှစ်ပတ်လည်တွင်လည်း အလားတူ တိုက်ခိုက်မှုမျိုး ပေါ်ပေါက်ဖူးသည်။ သတင်း ဝက်ဘ်ဆိုက် များ ရက်အတန်ကြာ အလုပ်မလုပ်နိုင်ဘဲ ရှိခဲ့သည်။

ယခုတကြိမ် DDoS ဖြင့် တိုက်ခိုက်ခံရမှုသည် 4 Gb အထိရှိပြီး ၂၀၀၈ တွင် တိုက်ခိုက်ခံရသည်ထက် ၃ ဆ များနေကြောင်း ဧရာဝတီဝက်ဘ်ဆိုက်၏ Host တည်ရာ အမေရိကန်ရှိ ကုမ္ပဏီမှ အကြောင်းကြားပါသည်။

ဧရာဝတီနှင့် မဇ္ဈိမ ဝက်ဘ်ဆိုက်များကို ပိတ်ကျသွားစေသော ဆိုက်ဘာတိုက်ခိုက်မှု လိပ်စာအများစုသည် တရုတ်နိုင်ငံ အင်တာနက် ဆာဗာများမှ တဆင့်လာကြောင်း တွေ့ရသည်။ တစက္ကန့်လျှင် ၁၂၀ မီဂါဘိုက်နှုန်းဖြင့် DVB ကို တိုက်ခိုက်သည့် အင်တာနက် လိပ်စာများကမူ ရုရှ၊ ဂျော်ဂျီယာ၊ အစ္စရေး၊ ကာဇက်စတန်၊ ယူကရိန်းနှင့် ဗီယက်နမ်တို့မှ ဖြစ်သည်။

“အင်အားလျော့ကျသွားစေတဲ့ ဒီတိုက်ခိုက်မှုတွေဟာ ဘယ်က လာသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် မြန်မာစစ်အစိုးရရဲ့ အင်တာနက်ကို ဆင်ဆာကန့်သတ်ဖို့နဲ့ အရေးကြီးတဲ့ နိုင်ငံတကာသတင်းတွေကို ပိတ်ပစ်ဖို့ ကြိုးစားခဲ့တာတွေနဲ့ ဆက်စပ်နေပါတယ်” ဟု နယူးယောက်မြို့ အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) မှ အကြီးတန်း အရှေ့တောင်အာရှ ကိုယ်စားလှယ် ရှောင် ခရစ္စပင် က ပြောသည်။

ရှောင် ခရစ္စပင် က“မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို သတင်းရေးသား တင်ပြနေတာတွေ အသံတိတ်သွားအောင် တိုက်ခိုက်တာကို ကျွန်ုပ်တို့ ပြစ်တင် ရှုတ်ချပါတယ်” ဟု ဆက်လက်ပြောသည်။

ဆိုက်ဘာတိုက်ခိုက်သူများသည် နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီ ပြည်ပအခြေစိုက် မြန်မာ မီဒီယာများ၏ နည်းပညာ အစွမ်းအစကို အားစမ်းကြည့်ခြင်းဟု ဧရာဝတီက ယုံကြည်သည်။ ထို့အပြင် ရွေးကောက်ပွဲကာလတွင် အချိန်ကိုက်၍ နောက်ထပ် ဆိုက်ဘာ တိုက်ခိုက်မှုများကို စနစ်တကျ လုပ်ဆောင်လိမ့်ဦးမည်ဟုလည်း သံသယ ရှိပါသည်။

နိုင်ငံတကာမှ လွပ်လပ်သည့် လေ့လာစောင့်ကြည့်သူများ မပါဘဲ ကျင်းပမည့် စစ်အစိုးရ၏ ရွေးကောက်ပွဲကို မြန်မာ အင်တာနက် အသိုင်းအဝိုင်းက စောင့်ကြည့်ရန် အစီအစဉ်များ ရှိကြသည်။ ရွေးကောက်ပွဲမတိုင်ခင်နှင့် ကျင်းပဆဲ ကာလတွင် မြန်မာပြည်သို့ အလည်အပတ် သွားရောက်လိုသော နိုင်ငံခြားသား ခရီးသွားများကိုလည်း ဗီဇာမရနိုင်ရန် စစ်အစိုးရက ကန့်သတ်ထားပြီး ဖြစ်သည်။

သို့သော်လည်း ဆဲလ်ဖုန်း၊ ဒစ်ဂျစ်တယ် ကင်မရာနှင့် အင်တာနက်ကို အသုံးပြုနေသော ဇွဲကောင်းသည့် မြန်မာလူငယ်များ သည် အမှန်တရားကို ဖော်ထုတ်ရေးအတွက် အချင်းချင်းသော်လည်းကောင်း၊ ပြင်ပကမ္ဘာနှင့် သော်လည်းကောင်း ဆက်သွယ်ရန် စိတ်အားထက်သန်နေသည်သာ ဖြစ်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ တော်လှန်ရေးတွင် ရက်စက်သော နှိပ်ကွပ်မှုများကို ကမ္ဘာက သိသွားပြီးနောက် အင်တာနက်ကို စစ်အစိုးရက ဖြတ်တောက်ပစ်ခဲ့ပြီး နောက်တကြိမ် ဤသို့ ထပ်မဖြစ်စေရန် စစ်အစိုးရက လုပ်ဆောင်မည့် သဘောရှိသည်။

DDoS တိုက်ခိုက်မှုသည် အမှန်တရားကို ဖိနှိပ်ရေးအတွက် လက်နက်သစ်သဖွယ် ဖြစ်လာသည်။ ထို့အပြင် မြန်မာပြည်တွင် ဖြစ်နေသော အမှန်တရားများကို ဖော်ထုတ်တင်ပြရန် ကြိုးပမ်းသည့် မီဒီယာများကို ရန်သူသဖွယ် သဘောထားလာသည့် စစ်အစိုးရ၏ သွေးဆာသော နောက်ထပ် ပြယုဂ်တခုလည်း ဖြစ်ပေသည်။

ရင်းမြစ်။ ။ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရုံဖြင့် ရွေးကောက်ပွဲ တရားမျှတမည်မဟုတ်

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး လွှတ်ပေးရုံနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတရပ် ဖြစ်မလာနိုင်ကြောင်း ပြည်ပအခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) က ထောက်ပြ ဝေဖန်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကာလအတွင်း ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ အစည်းအဝေး အပြီး ထုတ်ပြန်ခဲ့တဲ့ သဘောထားကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး၊ လွတ်လပ်တရားမျှတပြီး သက်ဆိုင်သူအားလုံး ပါဝင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲတရပ် ကျင်းပရေး မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။

ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး NCUB က အခုလို ဝေဖန်လိုက်တာဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဒီမိုကရေစီပြောင်းလဲရေးနဲ့ လူ့အခွင့်အရေး တိုးတက် လာအောင် ကြိုးပမ်းမှုတွေကို အားပေးထောက်ခံသလို အစည်းအဝေးအပြီး မြန်မာနိုင်ငံမှာ လွတ်လပ် တရားမျှတပြီး အများပါနိုင်တဲ့ ရွေးကောက်ပွဲတရပ် ကျင်းပဖို့ တောင်းဆိုတာကိုလည်း ကြိုဆိုကြောင်း စက်တင်ဘာ ၂၉ ရက် မနေ့က ထုတ်ပြန်တဲ့ NCUB ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲအတွက် စစ်အစိုးရ ချမှတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ စနစ်ဟာ အခြေခံအားဖြင့် ဒီမိုကရေစီနဲ့ မကိုက်ညီသလို လက်ရှိအနေထားမှာလည်း ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမျိုး ကျင်းပနိုင်ဖို့ မရှိဘူးလို့ ဆိုပါတယ်။

လက်ရှိအနေထားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးခွန်ထွန်းဦးတို့လို ပြည်သူလက်ခံထားတဲ့ ခေါင်းဆောင်တွေ ပါဝင်ခွင့် ကန့်သတ်ထားသလို အတိုက်အခံနိုင်ငံရေးပါတီတွေကိုလည်း မဲဆွယ်စည်းရုံးတာကို ကန့်သတ်ပိတ်ပင်ထားကြောင်း၊ ဒါ့အပြင် စစ်အစိုးရအလိုကို မလိုက်တဲ့ တိုင်းရင်းသားအဖွဲ့တွေကို ခြိမ်းခြောက်တာတွေ ရှိနေပြီး တနိုင်ငံလုံးပြည်သူတွေအပေါ် ကြောက်ရွံ့စိတ်လွှမ်းနေအောင် လုပ်ဆောင်ထားတဲ့အတွက် ဘယ်နည်းနဲ့မှ ရွေးကောက်ပွဲဟာ အများပါဝင်နိုင်တဲ့ လွတ်လပ်၊ တရားမျှတပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်လာမှာ မဟုတ်ကြောင်း NCUB က ဝေဖန် ထောက်ပြထားပါတယ်။
သတင်း။ ။ RFA