Monday, September 20, 2010

ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့် မရ

စစ်အစိုးရက ယနေ့ထုတ်ပြန်လိုက်သော မဲဆန္ဒ ပေးပိုင်ခွင့်ရှိသူများ စာရင်းတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်းမရှိကြောင်း သိရှိရသည်။

နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်းမရှိနိုင်ရန် ဥပဒေ အမျိုးမျိုးကို ထုတ်ပြန်ခဲ့ကြောင်း၊ ယနေ့ ထုတ်ပြန်လိုက်သော မဲဆန္ဒပေးပိုင်ခွင့်ရှိသူများ စာရင်းအရ နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဝင်ရောက်ယှဉ်ပြိုင်ခွင့်သာမကဘဲ မဲပေးခွင့်ပါ ရရှိတော့မည် မဟုတ်ကြောင်း အေပီ သတင်း တွင် ဖော်ပြထားသည်။ 

ယခုနှစ် ရွေးကောက်ပွဲသည် ၁၉၉၀ တွင်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီး နှစ်ပေါင်း ၂၀ အတွင်း ကျင်းပမည့် ပထမဆုံး ရွေးကောက်ပွဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင် ရခဲ့ သော်လည်း စစ်အစိုးရက အသိအမှတ်မပြုခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပြီးခဲ့သည့် ၂၁ နှစ်တာ ကာလ အတွင်း ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။

ယခုနှစ် မတ်လတွင် အစိုးရက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဥပဒေများ၌ ပြစ်ဒဏ် ကျခံနေရသူများသည် ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိကြောင်း၊ မဲပေးပိုင်ခွင့် မရှိကြောင်း ပြဌာန်းထားသည်။

လာမည့် ရွေးကောက်ပွဲသည် ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သည့် စစ်အာဏာရှင် စနစ်ကို ဆက်လက် အသက်သွင်းမည့် ရွေးကောက်ပွဲသာဖြစ်သည်ဟု လေ့လာသူများက ပြောဆိုကြောင်းလည်း အေပီ သတင်းတွင် ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ရန် ၃ လ အလို ၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်နေ့တွင် အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော နေအိမ်အတွင်းသို့ ဝင်ရောက်မှုဖြင့် နေအိမ်အကျယ်ချုပ် ဥပဒေကို ချိုးဖောက် သည်ဟုဆိုကာ ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခံခဲ့ရသည်။ ထို့နောက် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့် ဖြင့် နေအိမ်အကျယ်ချုပ် ၁၈ လ သို့ လျှော့ချခဲ့သည်။

စစ်အစိုးရက ၁၉၈၈ တွင် အာဏာရယူပြီးနောက် ၁၉၇၄ အခြေခံဥပဒေကို ၂၀၀၈ အခြေခံ ဥပဒေဖြင့် အစားထိုးခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုရာတွင်မူ အခြေခံဥပဒေဟောင်းကို အသုံးပြုထားသဖြင့် တရားမဝင်ဟု အမေရိ ကန် နိုင်ငံ ဝါရှင်တန်မြို့ အခြေစိုက် Freedom Now ဥပဒေ ရေးရာအဖွဲ့က ယခုလ ၁၅ ရက်နေ့တွင် ပြောဆိုထားသည်။

မြန်မာ အစိုးရ၏ တည်ဆဲ ဥပဒေများအရ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ရမည် ဖြစ်ကြောင်းလည်း Freedom Now က ကြေညာချက် ထုတ်ပြန်ထားသည်။

ရင်းမြစ်။ ။ဧရာဝတီ

ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏ မဲစာရင်းကို စက်တင်ဘာလ ၂၀ ရက်နေ့ တွင် ကြေညာမည်


ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းကို စက်တင်ဘာလ ၂၀ ရက် နေ့တွင် ကြေညာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
    သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲသည် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်း ကို ရွေးကောက်ပွဲမတိုင်မီ သတ်မှတ်ထားသည့်အတိုင်း ကြိုတင်ကြေညာ ရမည်ဖြစ်ကြောင်း သိရသည်။

    "ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦး ဟာ သက်ဆိုင်ရာမဲစာရင်းမှာ မိမိရဲ့အမည် ပါဝင်ခြင်းမရှိခဲ့လို့ရှိရင် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲ့သို့ မိမိရဲ့အမည်ကို ထည့်သွင်းပေးဖို့ သတ်မှတ်ထားတဲ့အတိုင်း တောင်းဆိုလွှာကို တင်သွင်းနိုင်ပါတယ်။ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲက အမည်စာရင်း ထည့်သွင်းပေးခြင်း မရှိခဲ့လို့ရှိရင် သတ်မှတ်ထားတဲ့အတိုင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ အယူခံခွင့် ရှိပါတယ်"ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။

    လွှတ်တော် ကိုယ်စားလှယ်များ ကို ရွေးကောက်တင်မြှောက်ရန် မဲဆန္ဒနယ် အသီးသီးအတွက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းများ ကို သတ်မှတ်ထားသည့်အတိုင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲများနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲတို့က ပြုစုရမည်ဖြစ်သည်။

    ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေး ကောက်ပွဲဥပဒေတို့တွင် ပါရှိသည့် အခန်း(၄) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ တွင် 'အောက်ပါအရည်အချင်းများ နှင့် ပြည့်စုံသူများသည် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသည် -

    (က) ရွေးကောက်ပွဲ စတင် ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြု ခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူ၊

    (ခ) 'သက်ဆိုင်ရာ မဲဆန္ဒနယ် ၏မဲစာရင်းတွင် ပါဝင်သူ' ဟု ဖော် ပြထားသည်။

    ပြည်ထောင်စု တစ်ဝန်းလုံးတွင် ၂၀၀၈ ခုနှစ် မေလက လူဦးရေ ၅၇ သန်းကျော်ရှိကြောင်းနှင့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ဦးရေ ၂၇ သန်း ကျော်ရှိ ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

    ထို့ပြင် အကြောင်းကြောင်းကြောင့် ပြည်ပသို့ရောက်ရှိနေသူ မြန်မာနိုင်ငံသားများမှာ သန်းကျော် ရှိကြောင်းလည်း သိရသည်။

ရင်းမြစ်။ ။ www.first-11.com

Sunday, September 19, 2010

NLD ကို အရေးယူနိုင်ဖွယ် ခြိမ်းခြောက်ရေးသား

ရွေးကောက်ပွဲမှာ မဲမပေးဘဲ သပိတ်မှောက်ဖို့ စည်းရုံး လှုံ့ဆော်တာဟာ လက်ရှိ ရွေးကောက်ပွဲ ဥပဒေအရ ပြစ်မှုမြောက်ပြီး ထောင်ဒဏ် ငွေဒဏ်နှစ်ရပ်စလုံးနဲ့ အရေးယူ အပြစ်ပေးလို့ရတယ်လို့ မြန်မာအစိုးရပိုင် သတင်းစာမှာ 18 ရက်နေ့ကရေးသားဖော်ပြခဲ့ပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ပြောထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အဓိက ပစ်မှတ်ထားပြီး ရေးသားတာဖြစ်တယ်လို့ ယူဆရပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးတာ မဲမပေးတာဟာ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေး ဆိုပြီး ပြဌာန်းထားပေမဲ့လို့ ရွေးကောက်ပွဲမှာ မဲမပေးဖို့ စည်းရုံးလှုံ့ဆော်မယ်ဆိုရင် မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေး လွတ်လပ်စွာ သုံးစွဲလို့ မရအောင် မလျော်သြဇာသုံးပြီး ဆောင်ရွက်တာဖြစ်တယ်လို့ ရေးပါတယ်။
ဒီအတိုင်းဆိုရင် လက်ရှိ ရွေးကောက်ပွဲ ဥပဒေအရ အရေးယူ အပြစ်ပေးလို့ ရတယ်လို့ ဖော်ပြထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကတော့ သူတို့အမြင်မှာတော့ ရွေးကောက်ပွဲကို သပိတ်မှောက်တာဟာ ဥပဒေကို ချိုးဖောက်တာမဟုတ်ဘူးလို့ ပြောပါတယ်။
“ကျနော်တို့ပြောတာတော့ ညီတယ်ဗျ။ သူပြောချင်တဲ့ စကားလုံးကို ကျနော်တို့ လုံးဝ မပြောဘူး။ ကျနော်တို့ ပြောတာက မဲပေးနိင်တယ်၊ မဲမပေးလည်း နေနိုင်တယ်။ boycott လုပ်တာ ကျနော်တို့ ကိုယ့်လူနဲ့ကိုယ် လုပ်တာ၊ ကိုယ့် ထောက်ခံသူတွေနဲ့ ကိုယ် လုပ်တာ။ ဘာဥပဒေမှ ချိုးဖောက်တာ မရှိဘူး။”
အထိမ်းသိမ်းခံရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည် ကတော့ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသလို၊ မဲမပေးဘဲ နေနိုင်ခွင့် ရှိတယ်လို့ သူနဲ့တွေ့ဆုံခဲ့တဲ့ ဦးဉာဏ်ဝင်းကတဆင့် လူထုကို စကားပါးခဲ့ပါတယ်။ ဒီနောက်မှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ နယ်အရပ်ရပ်ကို ဆင်းပြီး ရွေးကောက်ပွဲ သပိတ်မှောက်ရေး အစီအစဉ်တွေကို လှုပ်ရှား ဆောင်ရွက်လျက်ရှိပါတယ်။
နောက်တချက်ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပါတီပျက်ပြယ်မှု မရှိသးဘူးလို့ ပြောဆိုနေတာတွေဟာ ဥပဒေပါ ပြဌာန်းချက်တွေကို မျက်ကွယ်ပြုပြီးတော့ လူထု ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ဆောင်တာလို့ ဥပဒေလေ့လာသူ တဦးဆိုတဲ့ စာရေးသူက ဒီကနေ့ အစိုးရသတင်းစာတွေမှာ ရေးထားပါတယ်။ စစ်အစိုးရသတင်းစာပါ ဆောင်းပါးတွေဟာ စစ်အစိုးရရဲ့ သဘောထား ကြေညာချက်တော့ မဟုတ်ပေမဲ့ ဒီဆောင်းပါးတွေဟာ စစ်အစိုးရရဲ့ သဘောကို ထင်ဟပ်လေ့ရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

သတင်း။ ။VOA

Saturday, September 18, 2010

ယခုရွေးကောက်ပွဲသည် သမိုင်းမှတ်တိုင်တစ်ခုမျှသာဟုဆို

မြန်မာနိုင်ငံတွင်အနှစ်၂၀ကာလအတွင်းပထမဆုံးကျင်းပတော့မည့်ရွေးကောက်ပွဲသည်ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးခရီးတွင်မှတ်တိုင်တစ်ခုမျှသာဖြစ်သည်ဟုရန်ကုန်အခြေစိုက်ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှအကြီးတန်းပါတီဝင်တစ်ဦးကပြောကြားသည်။
"အရေးကြီးဆုံးအချက်က ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီပြန်လည် ရရှိရေးအတွက် နောက်ဆုံးပန်းတိုင် မဟုတ်ဘူးဆိုတာပါပဲ။ ဒီ ရွေး ကောက်ပွဲကို သမိုင်းမှတ်တိုင်တစ်ခုအဖြစ်ပဲ ကျွန်တော်တို့ သဘော ထားပါတယ်"ဟု ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးမျိုးညွန့်က မြန်မာတိုင်း(မ်)ကို လွန်ခဲ့သောရက်သတ္တပတ် အတွင်းက ပြောကြားသည်။
"ဒီရွေးကောက်ပွဲမှာ ၀င်မပြိုင်ရင် ဒီမိုကရေစီ နောက်တစ်လှမ်း ဆုတ်သွားရုံရှိမှာပဲ။ ကနဦး ခြေလှမ်းမျှသာဖြစ်ပေမယ့် ဒီမိုကရေစီပန်းတိုင် ကိုသွားဖို့ တစ်ခုတည်းသောလမ်းပါ။ အင်န် အယ်လ်ဒီနဲ့ ကျွန်တော်တို့ရဲ့ အဓိက ခြားနားချက်က ဒါပါပဲ"ဟု ၎င်းကပြောသည်။
နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲတွင် ယင်းတို့ ပါတီကကိုယ်စားလှယ်လောင်း ကိုးဦးသာ ပါဝင် ယှဉ်ပြိုင်နိုင်မည်ဖြစ်ရာ အများစုမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် များ၌ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
"အစတုန်းကတော့ တိုင်းဒေသကြီး ခုနစ်ခုမှာ ကိုယ်စားလှယ်လောင်း သုံးဦး စီနဲ့ စုစုပေါင်း ၂၁ ဦး ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့တာပါပဲ။ လက်တွေ့မှာ ငွေရေး ကြေးရေးက မပြေလည်၊ အချိန်က မလုံ လောက်တော့ ရန်ကုန်၊ ပဲခူးနဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတွေမှာ စုစုပေါင်း ကိုးဦးပဲ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်"ဟု ဦးမျိုးညွန့်က ပြောသည်။
တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီ အတွင်းရေးမှူး ဦးသန်းထွန်းက ၎င်း၏ အဓိက ရည်ရွယ်ချက်မှာ မမျှမတဖြစ်နေသည့် တရားရေး စနစ်ကို ပိုမိုမျှတလာအောင် ပြုပြင်ရေးပင်ဖြစ်သည်ဟု ဆိုသည်။
ဦးသန်းထွန်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ၁၀ နှစ်ကြာ အမှုထမ်းခဲ့သူဖြစ်ပြီး ၁၉၈၉ တွင် အနားယူကာ ဧည့်လမ်းညွှန်လုပ်နေ ခဲ့သည်။
"ကျွန်တော့မိတ်ဆွေတွေက ကျွန်တော့ကို မဲထည့်ကြမယ်လို့ ပြောကြတယ်။ ဒီ/ငြိမ်းလို ပါတီတွေဟာ မြန်မာ့နိုင်ငံရေးကို ပြောင်းလဲ ပစ်နိုင်ပြီး ဒီမိုကရေစီ ကို ဖော်ဆောင်နိုင်ကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒီမိုကရေစီကိုသာ လိုလားတယ်။ လူအများဆန္ဒ ကလည်း ဒီလိုပဲရှိ မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော် တို့အားလုံး ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကို မြတ်နိုးကြတယ်"ဟု ဦးသန်းထွန်းက ပြောသည်။
ဦးမျိုးညွန့်က ၎င်းတို့၏ပါတီသည် ယခင် ၀န်ကြီးချုပ်ဟောင်းဦးနု တည်ထောင်ခဲ့သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ချုပ်နှင့် နက် ရှိုင်းသောဆက်ဆံရေးရှိသည်ဟု ပြောသည်။
ဦးနု၏ပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက် ပွဲတွင် ကိုယ်စားလှယ်တစ်နေရာမျှမရရှိဘဲ ရှုံးနိမ့်ကာ နောက်ပိုင်းတွင် ပါတီမှတ်ပုံတင် ပျက်သွားခဲ့ရပြီး ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ချုပ်ပါတီဝင်များသည် နိုင်ငံရေးလှုပ်ရှားမှုများ ဆက်လက်လုပ် နေခဲ့ကြကြောင်း ဦးမျိုးညွန့် က ဆိုသည်။

သတင်း...Myanmar Time

Friday, September 17, 2010

ပေါက်ခေါင်းက အမျိုးသမီးကိုယ်စားလှယ်လောင်းရဲ့အသံ

News Pic
ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အေးအေးဝင်း(ခေါ်)မစုက တက်ရောက်လာသည့်လူထုအား ဟောပြောနေစဉ်။
ဓာတ်ပုံ-ဟိန်းလတ်အောင်
သစ်သားဂိုဒေါင်အကြီးစားလို့ မှတ်ထင်ရတဲ့ ကဇာတ်ရုံကြီးထဲက လူ ၅၀ လောက်ရဲ့ရှေ့ ဇာတ်စင်ပေါ်မှာ လူရှစ်ယောက်တန်းစီပြီး ထိုင်နေတယ်။
သူတို့ရဲ့အနောက်ဘက်မှာ 'ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် လူထု တွေ့ဆုံဟောပြောပွဲ'ဆိုတဲ့ အနီရောင်စာတန်း တစ်ခု ရှိနေတယ်။
အခမ်းအနားအစီအစဉ်အနည်းငယ်အပြီးမှာ မြန်မာအင်္ကျီအဖြူ၊ ထမီ အညိုကို ၀တ်ဆင်ထားတဲ့ အသားဖြူဖြူ အမျိုးသမီးတစ်ဦးက စင်မြင့် အရှေ့ ပိုင်းကို ထွက်လာပြီး စကားစပြောပါတယ်။
သူက ပဲခူးတိုင်းဒေသကြီး ပေါက် ခေါင်းမြို့နယ်က ပြည်သူ့လွှတ်တော် အမတ်လောင်း ဒေါ်အေး အေးဝင်း (ခေါ်) မစုပဲ ဖြစ်ပါတယ်။
"ပေါက်ခေါင်းမြို့နယ်မှာ ဘယ်သူမှ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ထွက်မလာဘူးဆိုရင် ကျွန်မတို့ အများကြီး နစ်နာသွားမှာပါ"လို့ ရွေးကောက်ပွဲဝင်ရဖို့ သူဆုံးဖြတ်ခဲ့ရပုံကို မာန် အပြည့် ဌာန်အပြည့်နဲ့ ပြောတယ်။
ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲမှာ သူနဲ့အတူ ယှဉ်ပြိုင်ကြမှာက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့ပဲ ဖြစ်ပါတယ်။
"ပြည်သူရဲ့ဆန္ဒတွေ၊ လိုအပ်ချက်တွေ၊ အကျိုး စီးပွားတွေကို ကိုယ်စားလှယ်လောင်းတွေရဲ့ လက်ထဲကို ပုံပေးလိုက်သလို ဖြစ်မှာပါ။
"ကျွန်မတို့ ကိုယ်စားလှယ်လောင်းတွေ ရွေး ကောက်ပွဲဝင်ဖို့ ငွေငါးသိန်းပေးရတယ်။ အဲဒီ ငွေငါးသိန်းက သူများတွေအတွက် လွယ်ချင်လွယ်မယ်။ ကျွန်မအတွက်ကတော့ နဖူးကချွေး ခြေမ ကျအောင် ရှာဖွေထားရတဲ့ပိုက်ဆံပါ။ ဒီလို ဟောပြောပွဲတွေလုပ်ဖို့ အကုန်အကျခံတာကလည်း ကျွန်မရဲ့ ချွေးနှဲစာနဲ့ လုပ်ခဲ့တာပါ။ ကျွန်မ ဒီလို အလုပ်ကို တစ်ဆုပ်တစ်လုပ်နဲ့ ရှာခဲ့ရတဲ့ ပိုက်ဆံကို အများပြည်သူအတွက်သုံးတာပါ။ ဒါကို ပေါက်ခေါင်းမြို့နယ်က ပြည်သူတွေက နားမလည်ဘူးလို့ပဲ ကျွန်မယူဆတယ်။
"အခုကြည့်လေ၊ ဒီလိုမျိုးဟောပြောပွဲတွေ အမြို့မြို့အနယ်နယ်မှာ လုပ်ခဲ့ပေမယ့် ဟောဒီ ပေါက်ခေါင်းမြို့မှာ တက်တဲ့လူထုက အနည်းဆုံးပဲ။ အဲဒါ ကျွန်မ စိတ်မကောင်းပါဘူး။ အဓိကက ကျွန်မကို မကျေနပ်တာလား။ ကျွန်မကို မကြိုက်တာလား။ ဒါဆိုလည်း ကျွန်မ လူစားလဲပေးလိုက်မယ်၊ ဖြစ်တယ်။
"ဒါပေမယ့် အားလုံးကို နားလည်စေချင်တာက ပေါက်ခေါင်းမြို့မှာရှိတဲ့ ပြည်သူလူထုတွေရဲ့ အကျိုးစီးပွား၊ ပြည်သူလူထုတွေဖြစ် ချင်တဲ့ ဆန္ဒတွေ၊ ပြည်သူလူထုတွေရဲ့လိုအပ်ချက်တွေကို အကောင်အထည်ဖော်ပေးချင်လို့သာ ကျွန်မက အရှေ့ကို မားမားမတ်မတ် ထွက်ပြီးရပ်လိုက်တာပါ။ အဲဒီအတွက်ကိုလည်း နားလည်ပေးစေချင်တယ်"လို့ ပြောနေတဲ့ ဒေါ်အေးအေးဝင်းရဲ့အသံက လေးမျက်နှာ ဘုရား ကဇာတ်ရုံ စပီကာကနေ ဟိန်းထွက်နေတယ်။
"ဒါပေမယ့် ကိုယ်ကိုယ်တိုင်လည်း မလုပ်နိုင် ဘူး။ သူများလုပ်တာကိုလည်း အားမပေးဘူး ဆိုတဲ့ ဟိုဘက်လည်းမဟုတ် ဒီဘက်လည်း မဟုတ် ကိုးရိုးကားရားတော့ မနေကြပါနဲ့"လို့ ပေါက်ခေါင်းပြည်သူတွေကို သူက တိုက်တွန်း လိုက်တယ်။
"ကျွန်မသူငယ်ချင်းတွေက ကျွန်မကို ပြော တယ်။ ဒီဥစ္စာကြီးက ဘာပဲဖြစ်ဖြစ် ရှုံးမယ်မှန်း သိရဲ့သားနဲ့ လုပ်တယ်ဆိုတာ။ ဒါပေမယ့် ကျွန်မ ပြောမယ် ရှုံးတယ်ဆိုတာ ဘယ်လိုမျိုးမှ ရှုံးမှာလဲ။ ကျွန်မကိုသာ မဲပေးမယ်ဆိုရင် ကျွန်မရှုံးနိုင်စရာ အကြောင်းမရှိပါဘူး"ဆိုတဲ့ ဒေါ်အေးအေးဝင်းရဲ့ ပြောစကားက ပရိသတ်တွေရဲ့ လက်ခုပ်သံတွေကို ရယူနိုင်လိုက်ပါတယ်။
"ဒီမိုကရေစီရချင်တယ်ဆိုတာ ကျွန်မ တစ်ယောက်တည်း လုပ်နေလို့မရပါဘူး။ အခု ပေါက်ခေါင်းမြို့နယ်အတိုင်းအတာအရပြောမယ် ဆိုရင် ပေါက်ခေါင်းမြို့နယ်က ပြည်သူလူထုတွေ အကုန်လုံးအပေါ်မှာ တာဝန်ရှိပါတယ်။ ၁၈ နှစ် ပြည့်တဲ့လူတိုင်းမှာ ဒီမိုကရေစီရဖို့ တာဝန်ရှိပါတယ်"
လက်ခုပ်သံတွေ နောက်တစ်ခေါက်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အများရှေ့ကို ထွက်ရပ်လာတဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်အေးအေးဝင်းက သူဟာ ငယ်ငယ်ကတည်းက မဟုတ်မခံစိတ်ရှိသူဖြစ်ပေမယ့် ဒီလိုလူရှေ့မှာ မော်မော်ကြွားကြွား မနေခဲ့ဘူး၊ အင်္ကျီအရောင်တောက်တောက် တောင် မ၀တ်ခဲ့ဘူးလို့ ဆိုပါတယ်။
"ဒါပေမယ့် ကျွန်မဒီတာဝန်တွေကို ထမ်းဆောင် ပြီးတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် မားမားမတ်မတ် အရွေး ခံမယ်။ အဲဒါကို လှိုက်လှိုက်လှဲလှဲ အားပေးဖို့လိုတယ်။ အခုဆိုရင် ဘာပဲပြောပြော ကျွန်မကိုသာပဲ ပြည်သူလူထုက 'ငါတို့အကျိုးစီးပွား အတွက် မိန်းကလေးတန်မဲ့ ရှေ့ကိုထွက်ပြီးရပ်လာတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းကို ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အစစ်ဖြစ် သွားအောင် အားပေးမယ်လို့ သန္နိဋ္ဌာန်ချထားကြ ပါလို့ ကျွန်မက နှိုးဆော်ချင်ပါတယ်"လို့ ဒေါ်အေးအေးဝင်းက တက်ရောက်လာတဲ့ပရိသတ်ကို ပြောပါတယ်။
တကယ်လို့များ ပေါက်ခေါင်းမြို့နယ်ရဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့ရင် ပြည်သူတွေအတွက် သူက ဘာလုပ်ပေးမှာလဲ ဆိုတာလည်း စိတ်ဝင်စားစရာပါ။
"အကုန်လုံးကတော့ တန်းတူလိုအပ်နေတာပဲ။ ကျောင်းသားလည်းလိုအပ်နေတယ်၊ တောင်သူကလည်း လိုအပ်နေတယ်။ လုပ်ငန်းရှင် တွေလည်း လိုအပ်နေတယ်။ အကုန်လုံးအတွက် လုပ်ပေးချင်နေတာပါပဲ။ အဲဒီအချိန်မှာ တွေ့ရတဲ့အခက်အခဲကို အရင်ဆုံးဖြေရှင်း ပေးရမှာပဲလေ။ ဘယ်လူတန်းစားက အရင်ဆုံးပေါ်လာမယ်ဆိုတာ မသိဘူးလေ"လို့ ဟောပြောပွဲအပြီး စင်မြင့်ပေါ်က အဆင်းမှာပဲ မြန်မာတိုင်း(မ်)ကို သူက ဖြေကြားခဲ့ပါတယ်။
စည်းရုံးရေးစရိတ်ကိုတော့ ပြည်သူ့ပါတီဖြစ်တဲ့အတွက် ပြည်သူဆီကပဲ ပြန်ပြီးကောက်ခံဖို့ စိတ်ကူးထားတယ်ဆိုတဲ့ ဒေါ်အေး အေးဝင်းက "ဒီမိုကရေစီ တကယ်ရချင်ရင် တကယ်ပူးပေါင်း ဆောင်ရွက်ပါ"လို့ ပြည်သူတွေကို ပြောချင်ပါတယ်တဲ့။
၁၉၈၈ ခုနှစ်မှာ တက္ကသိုလ် ဓာတုဗေဒဂုဏ်ထူးတန်း ကျောင်းသူတစ်ဦးဖြစ်ခဲ့တဲ့ ဒေါ်အေးအေးဝင်းက အဖြစ်အပျက်တွေဟာ သူ့ရဲ့မျက်စိရှေ့မှာပဲ ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။
"ကိုယ့်မြို့ ကိုယ်ပြန်လာတော့လည်း အုပ်ချုပ်တဲ့ အစိုးရပျက်ပြားသွားတဲ့ အချိန်ဆိုတော့ အစ်မတို့ကျောင်းသားတွေကပဲ မြို့ရဲ့ အုပ်ချုပ်ရေး ကိုလုပ်ခဲ့ရတယ်။ အဲဒီလူတွေအားလုံးထဲမှာ အခု အစ်မတစ်ယောက်ပဲ ရှိတော့တယ်"လို့ သူက ပြောပြတယ်။
အခုအချိန်မှာ နိုင်ငံရေးကို သေချာမလေ့လာ သူတွေသာ နိုင်ငံရေးကို ကြောက်ကြတယ်လို့ အထည်ဆိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့ ဒေါ်အေးအေးဝင်းက ပြောပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့က ပဲခူးတိုင်း ဒေသကြီးအနောက်ပိုင်း ပေါက်ခေါင်းမြို့နယ်မှာ ကျင်းပတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်ရဲ့ လူထုတွေ့ဆုံပွဲကို တက် ရောက်လာသူတစ်ဦးဖြစ်တဲ့ ဦးသန်းအောင်က သူဟာပါတီဝင်မဟုတ် သေးပေမယ့် ဟောပြောပွဲ ရှိတယ်ဆိုလို့ လာနားထောင်တာလို့ မြန်မာတိုင်း(မ်)ကို ပြောပြပါတယ်။
"သူတို့ပြောတာဆိုတာတွေ နားထောင်ကြည့်ချင်လို့။ အခု နားထောင်ကြည့်ရတာတော့ ကောင်းပါတယ်။ တခြားပါတီတွေ ပြောတာဆို တာတော့ နားမထောင်ကြည့်ရသေးဘူး။ ဒါ ပထမဆုံးပဲ"လို့ ဇီးကုန်းမြို့နယ်ကလာတဲ့ ဦးသန်းအောင်က ပြောပါတယ်။
"ကြံ့ခိုင်ရေးနဲ့ တစည ၀င်ပြိုင်မယ်ဆိုတာတော့ သိတယ်။ နိုင်ငံအတွက် ကောင်းတဲ့အလုပ်တွေ လုပ်စေချင်တာပါ။ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးပေါ့။ ဒါမျိုးတွေ ကောင်းဖို့ပေါ့။"

Myanmar Time