Sunday, September 19, 2010

NLD ကို အရေးယူနိုင်ဖွယ် ခြိမ်းခြောက်ရေးသား

ရွေးကောက်ပွဲမှာ မဲမပေးဘဲ သပိတ်မှောက်ဖို့ စည်းရုံး လှုံ့ဆော်တာဟာ လက်ရှိ ရွေးကောက်ပွဲ ဥပဒေအရ ပြစ်မှုမြောက်ပြီး ထောင်ဒဏ် ငွေဒဏ်နှစ်ရပ်စလုံးနဲ့ အရေးယူ အပြစ်ပေးလို့ရတယ်လို့ မြန်မာအစိုးရပိုင် သတင်းစာမှာ 18 ရက်နေ့ကရေးသားဖော်ပြခဲ့ပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ပြောထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အဓိက ပစ်မှတ်ထားပြီး ရေးသားတာဖြစ်တယ်လို့ ယူဆရပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးတာ မဲမပေးတာဟာ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေး ဆိုပြီး ပြဌာန်းထားပေမဲ့လို့ ရွေးကောက်ပွဲမှာ မဲမပေးဖို့ စည်းရုံးလှုံ့ဆော်မယ်ဆိုရင် မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေး လွတ်လပ်စွာ သုံးစွဲလို့ မရအောင် မလျော်သြဇာသုံးပြီး ဆောင်ရွက်တာဖြစ်တယ်လို့ ရေးပါတယ်။
ဒီအတိုင်းဆိုရင် လက်ရှိ ရွေးကောက်ပွဲ ဥပဒေအရ အရေးယူ အပြစ်ပေးလို့ ရတယ်လို့ ဖော်ပြထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကတော့ သူတို့အမြင်မှာတော့ ရွေးကောက်ပွဲကို သပိတ်မှောက်တာဟာ ဥပဒေကို ချိုးဖောက်တာမဟုတ်ဘူးလို့ ပြောပါတယ်။
“ကျနော်တို့ပြောတာတော့ ညီတယ်ဗျ။ သူပြောချင်တဲ့ စကားလုံးကို ကျနော်တို့ လုံးဝ မပြောဘူး။ ကျနော်တို့ ပြောတာက မဲပေးနိင်တယ်၊ မဲမပေးလည်း နေနိုင်တယ်။ boycott လုပ်တာ ကျနော်တို့ ကိုယ့်လူနဲ့ကိုယ် လုပ်တာ၊ ကိုယ့် ထောက်ခံသူတွေနဲ့ ကိုယ် လုပ်တာ။ ဘာဥပဒေမှ ချိုးဖောက်တာ မရှိဘူး။”
အထိမ်းသိမ်းခံရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည် ကတော့ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသလို၊ မဲမပေးဘဲ နေနိုင်ခွင့် ရှိတယ်လို့ သူနဲ့တွေ့ဆုံခဲ့တဲ့ ဦးဉာဏ်ဝင်းကတဆင့် လူထုကို စကားပါးခဲ့ပါတယ်။ ဒီနောက်မှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ နယ်အရပ်ရပ်ကို ဆင်းပြီး ရွေးကောက်ပွဲ သပိတ်မှောက်ရေး အစီအစဉ်တွေကို လှုပ်ရှား ဆောင်ရွက်လျက်ရှိပါတယ်။
နောက်တချက်ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပါတီပျက်ပြယ်မှု မရှိသးဘူးလို့ ပြောဆိုနေတာတွေဟာ ဥပဒေပါ ပြဌာန်းချက်တွေကို မျက်ကွယ်ပြုပြီးတော့ လူထု ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ဆောင်တာလို့ ဥပဒေလေ့လာသူ တဦးဆိုတဲ့ စာရေးသူက ဒီကနေ့ အစိုးရသတင်းစာတွေမှာ ရေးထားပါတယ်။ စစ်အစိုးရသတင်းစာပါ ဆောင်းပါးတွေဟာ စစ်အစိုးရရဲ့ သဘောထား ကြေညာချက်တော့ မဟုတ်ပေမဲ့ ဒီဆောင်းပါးတွေဟာ စစ်အစိုးရရဲ့ သဘောကို ထင်ဟပ်လေ့ရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

သတင်း။ ။VOA

Saturday, September 18, 2010

ယခုရွေးကောက်ပွဲသည် သမိုင်းမှတ်တိုင်တစ်ခုမျှသာဟုဆို

မြန်မာနိုင်ငံတွင်အနှစ်၂၀ကာလအတွင်းပထမဆုံးကျင်းပတော့မည့်ရွေးကောက်ပွဲသည်ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးခရီးတွင်မှတ်တိုင်တစ်ခုမျှသာဖြစ်သည်ဟုရန်ကုန်အခြေစိုက်ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှအကြီးတန်းပါတီဝင်တစ်ဦးကပြောကြားသည်။
"အရေးကြီးဆုံးအချက်က ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီပြန်လည် ရရှိရေးအတွက် နောက်ဆုံးပန်းတိုင် မဟုတ်ဘူးဆိုတာပါပဲ။ ဒီ ရွေး ကောက်ပွဲကို သမိုင်းမှတ်တိုင်တစ်ခုအဖြစ်ပဲ ကျွန်တော်တို့ သဘော ထားပါတယ်"ဟု ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးမျိုးညွန့်က မြန်မာတိုင်း(မ်)ကို လွန်ခဲ့သောရက်သတ္တပတ် အတွင်းက ပြောကြားသည်။
"ဒီရွေးကောက်ပွဲမှာ ၀င်မပြိုင်ရင် ဒီမိုကရေစီ နောက်တစ်လှမ်း ဆုတ်သွားရုံရှိမှာပဲ။ ကနဦး ခြေလှမ်းမျှသာဖြစ်ပေမယ့် ဒီမိုကရေစီပန်းတိုင် ကိုသွားဖို့ တစ်ခုတည်းသောလမ်းပါ။ အင်န် အယ်လ်ဒီနဲ့ ကျွန်တော်တို့ရဲ့ အဓိက ခြားနားချက်က ဒါပါပဲ"ဟု ၎င်းကပြောသည်။
နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲတွင် ယင်းတို့ ပါတီကကိုယ်စားလှယ်လောင်း ကိုးဦးသာ ပါဝင် ယှဉ်ပြိုင်နိုင်မည်ဖြစ်ရာ အများစုမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် များ၌ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
"အစတုန်းကတော့ တိုင်းဒေသကြီး ခုနစ်ခုမှာ ကိုယ်စားလှယ်လောင်း သုံးဦး စီနဲ့ စုစုပေါင်း ၂၁ ဦး ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့တာပါပဲ။ လက်တွေ့မှာ ငွေရေး ကြေးရေးက မပြေလည်၊ အချိန်က မလုံ လောက်တော့ ရန်ကုန်၊ ပဲခူးနဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတွေမှာ စုစုပေါင်း ကိုးဦးပဲ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်"ဟု ဦးမျိုးညွန့်က ပြောသည်။
တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီ အတွင်းရေးမှူး ဦးသန်းထွန်းက ၎င်း၏ အဓိက ရည်ရွယ်ချက်မှာ မမျှမတဖြစ်နေသည့် တရားရေး စနစ်ကို ပိုမိုမျှတလာအောင် ပြုပြင်ရေးပင်ဖြစ်သည်ဟု ဆိုသည်။
ဦးသန်းထွန်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ၁၀ နှစ်ကြာ အမှုထမ်းခဲ့သူဖြစ်ပြီး ၁၉၈၉ တွင် အနားယူကာ ဧည့်လမ်းညွှန်လုပ်နေ ခဲ့သည်။
"ကျွန်တော့မိတ်ဆွေတွေက ကျွန်တော့ကို မဲထည့်ကြမယ်လို့ ပြောကြတယ်။ ဒီ/ငြိမ်းလို ပါတီတွေဟာ မြန်မာ့နိုင်ငံရေးကို ပြောင်းလဲ ပစ်နိုင်ပြီး ဒီမိုကရေစီ ကို ဖော်ဆောင်နိုင်ကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒီမိုကရေစီကိုသာ လိုလားတယ်။ လူအများဆန္ဒ ကလည်း ဒီလိုပဲရှိ မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော် တို့အားလုံး ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကို မြတ်နိုးကြတယ်"ဟု ဦးသန်းထွန်းက ပြောသည်။
ဦးမျိုးညွန့်က ၎င်းတို့၏ပါတီသည် ယခင် ၀န်ကြီးချုပ်ဟောင်းဦးနု တည်ထောင်ခဲ့သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ချုပ်နှင့် နက် ရှိုင်းသောဆက်ဆံရေးရှိသည်ဟု ပြောသည်။
ဦးနု၏ပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက် ပွဲတွင် ကိုယ်စားလှယ်တစ်နေရာမျှမရရှိဘဲ ရှုံးနိမ့်ကာ နောက်ပိုင်းတွင် ပါတီမှတ်ပုံတင် ပျက်သွားခဲ့ရပြီး ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ချုပ်ပါတီဝင်များသည် နိုင်ငံရေးလှုပ်ရှားမှုများ ဆက်လက်လုပ် နေခဲ့ကြကြောင်း ဦးမျိုးညွန့် က ဆိုသည်။

သတင်း...Myanmar Time

Friday, September 17, 2010

ပေါက်ခေါင်းက အမျိုးသမီးကိုယ်စားလှယ်လောင်းရဲ့အသံ

News Pic
ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အေးအေးဝင်း(ခေါ်)မစုက တက်ရောက်လာသည့်လူထုအား ဟောပြောနေစဉ်။
ဓာတ်ပုံ-ဟိန်းလတ်အောင်
သစ်သားဂိုဒေါင်အကြီးစားလို့ မှတ်ထင်ရတဲ့ ကဇာတ်ရုံကြီးထဲက လူ ၅၀ လောက်ရဲ့ရှေ့ ဇာတ်စင်ပေါ်မှာ လူရှစ်ယောက်တန်းစီပြီး ထိုင်နေတယ်။
သူတို့ရဲ့အနောက်ဘက်မှာ 'ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် လူထု တွေ့ဆုံဟောပြောပွဲ'ဆိုတဲ့ အနီရောင်စာတန်း တစ်ခု ရှိနေတယ်။
အခမ်းအနားအစီအစဉ်အနည်းငယ်အပြီးမှာ မြန်မာအင်္ကျီအဖြူ၊ ထမီ အညိုကို ၀တ်ဆင်ထားတဲ့ အသားဖြူဖြူ အမျိုးသမီးတစ်ဦးက စင်မြင့် အရှေ့ ပိုင်းကို ထွက်လာပြီး စကားစပြောပါတယ်။
သူက ပဲခူးတိုင်းဒေသကြီး ပေါက် ခေါင်းမြို့နယ်က ပြည်သူ့လွှတ်တော် အမတ်လောင်း ဒေါ်အေး အေးဝင်း (ခေါ်) မစုပဲ ဖြစ်ပါတယ်။
"ပေါက်ခေါင်းမြို့နယ်မှာ ဘယ်သူမှ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ထွက်မလာဘူးဆိုရင် ကျွန်မတို့ အများကြီး နစ်နာသွားမှာပါ"လို့ ရွေးကောက်ပွဲဝင်ရဖို့ သူဆုံးဖြတ်ခဲ့ရပုံကို မာန် အပြည့် ဌာန်အပြည့်နဲ့ ပြောတယ်။
ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲမှာ သူနဲ့အတူ ယှဉ်ပြိုင်ကြမှာက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့ပဲ ဖြစ်ပါတယ်။
"ပြည်သူရဲ့ဆန္ဒတွေ၊ လိုအပ်ချက်တွေ၊ အကျိုး စီးပွားတွေကို ကိုယ်စားလှယ်လောင်းတွေရဲ့ လက်ထဲကို ပုံပေးလိုက်သလို ဖြစ်မှာပါ။
"ကျွန်မတို့ ကိုယ်စားလှယ်လောင်းတွေ ရွေး ကောက်ပွဲဝင်ဖို့ ငွေငါးသိန်းပေးရတယ်။ အဲဒီ ငွေငါးသိန်းက သူများတွေအတွက် လွယ်ချင်လွယ်မယ်။ ကျွန်မအတွက်ကတော့ နဖူးကချွေး ခြေမ ကျအောင် ရှာဖွေထားရတဲ့ပိုက်ဆံပါ။ ဒီလို ဟောပြောပွဲတွေလုပ်ဖို့ အကုန်အကျခံတာကလည်း ကျွန်မရဲ့ ချွေးနှဲစာနဲ့ လုပ်ခဲ့တာပါ။ ကျွန်မ ဒီလို အလုပ်ကို တစ်ဆုပ်တစ်လုပ်နဲ့ ရှာခဲ့ရတဲ့ ပိုက်ဆံကို အများပြည်သူအတွက်သုံးတာပါ။ ဒါကို ပေါက်ခေါင်းမြို့နယ်က ပြည်သူတွေက နားမလည်ဘူးလို့ပဲ ကျွန်မယူဆတယ်။
"အခုကြည့်လေ၊ ဒီလိုမျိုးဟောပြောပွဲတွေ အမြို့မြို့အနယ်နယ်မှာ လုပ်ခဲ့ပေမယ့် ဟောဒီ ပေါက်ခေါင်းမြို့မှာ တက်တဲ့လူထုက အနည်းဆုံးပဲ။ အဲဒါ ကျွန်မ စိတ်မကောင်းပါဘူး။ အဓိကက ကျွန်မကို မကျေနပ်တာလား။ ကျွန်မကို မကြိုက်တာလား။ ဒါဆိုလည်း ကျွန်မ လူစားလဲပေးလိုက်မယ်၊ ဖြစ်တယ်။
"ဒါပေမယ့် အားလုံးကို နားလည်စေချင်တာက ပေါက်ခေါင်းမြို့မှာရှိတဲ့ ပြည်သူလူထုတွေရဲ့ အကျိုးစီးပွား၊ ပြည်သူလူထုတွေဖြစ် ချင်တဲ့ ဆန္ဒတွေ၊ ပြည်သူလူထုတွေရဲ့လိုအပ်ချက်တွေကို အကောင်အထည်ဖော်ပေးချင်လို့သာ ကျွန်မက အရှေ့ကို မားမားမတ်မတ် ထွက်ပြီးရပ်လိုက်တာပါ။ အဲဒီအတွက်ကိုလည်း နားလည်ပေးစေချင်တယ်"လို့ ပြောနေတဲ့ ဒေါ်အေးအေးဝင်းရဲ့အသံက လေးမျက်နှာ ဘုရား ကဇာတ်ရုံ စပီကာကနေ ဟိန်းထွက်နေတယ်။
"ဒါပေမယ့် ကိုယ်ကိုယ်တိုင်လည်း မလုပ်နိုင် ဘူး။ သူများလုပ်တာကိုလည်း အားမပေးဘူး ဆိုတဲ့ ဟိုဘက်လည်းမဟုတ် ဒီဘက်လည်း မဟုတ် ကိုးရိုးကားရားတော့ မနေကြပါနဲ့"လို့ ပေါက်ခေါင်းပြည်သူတွေကို သူက တိုက်တွန်း လိုက်တယ်။
"ကျွန်မသူငယ်ချင်းတွေက ကျွန်မကို ပြော တယ်။ ဒီဥစ္စာကြီးက ဘာပဲဖြစ်ဖြစ် ရှုံးမယ်မှန်း သိရဲ့သားနဲ့ လုပ်တယ်ဆိုတာ။ ဒါပေမယ့် ကျွန်မ ပြောမယ် ရှုံးတယ်ဆိုတာ ဘယ်လိုမျိုးမှ ရှုံးမှာလဲ။ ကျွန်မကိုသာ မဲပေးမယ်ဆိုရင် ကျွန်မရှုံးနိုင်စရာ အကြောင်းမရှိပါဘူး"ဆိုတဲ့ ဒေါ်အေးအေးဝင်းရဲ့ ပြောစကားက ပရိသတ်တွေရဲ့ လက်ခုပ်သံတွေကို ရယူနိုင်လိုက်ပါတယ်။
"ဒီမိုကရေစီရချင်တယ်ဆိုတာ ကျွန်မ တစ်ယောက်တည်း လုပ်နေလို့မရပါဘူး။ အခု ပေါက်ခေါင်းမြို့နယ်အတိုင်းအတာအရပြောမယ် ဆိုရင် ပေါက်ခေါင်းမြို့နယ်က ပြည်သူလူထုတွေ အကုန်လုံးအပေါ်မှာ တာဝန်ရှိပါတယ်။ ၁၈ နှစ် ပြည့်တဲ့လူတိုင်းမှာ ဒီမိုကရေစီရဖို့ တာဝန်ရှိပါတယ်"
လက်ခုပ်သံတွေ နောက်တစ်ခေါက်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အများရှေ့ကို ထွက်ရပ်လာတဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်အေးအေးဝင်းက သူဟာ ငယ်ငယ်ကတည်းက မဟုတ်မခံစိတ်ရှိသူဖြစ်ပေမယ့် ဒီလိုလူရှေ့မှာ မော်မော်ကြွားကြွား မနေခဲ့ဘူး၊ အင်္ကျီအရောင်တောက်တောက် တောင် မ၀တ်ခဲ့ဘူးလို့ ဆိုပါတယ်။
"ဒါပေမယ့် ကျွန်မဒီတာဝန်တွေကို ထမ်းဆောင် ပြီးတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် မားမားမတ်မတ် အရွေး ခံမယ်။ အဲဒါကို လှိုက်လှိုက်လှဲလှဲ အားပေးဖို့လိုတယ်။ အခုဆိုရင် ဘာပဲပြောပြော ကျွန်မကိုသာပဲ ပြည်သူလူထုက 'ငါတို့အကျိုးစီးပွား အတွက် မိန်းကလေးတန်မဲ့ ရှေ့ကိုထွက်ပြီးရပ်လာတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းကို ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အစစ်ဖြစ် သွားအောင် အားပေးမယ်လို့ သန္နိဋ္ဌာန်ချထားကြ ပါလို့ ကျွန်မက နှိုးဆော်ချင်ပါတယ်"လို့ ဒေါ်အေးအေးဝင်းက တက်ရောက်လာတဲ့ပရိသတ်ကို ပြောပါတယ်။
တကယ်လို့များ ပေါက်ခေါင်းမြို့နယ်ရဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့ရင် ပြည်သူတွေအတွက် သူက ဘာလုပ်ပေးမှာလဲ ဆိုတာလည်း စိတ်ဝင်စားစရာပါ။
"အကုန်လုံးကတော့ တန်းတူလိုအပ်နေတာပဲ။ ကျောင်းသားလည်းလိုအပ်နေတယ်၊ တောင်သူကလည်း လိုအပ်နေတယ်။ လုပ်ငန်းရှင် တွေလည်း လိုအပ်နေတယ်။ အကုန်လုံးအတွက် လုပ်ပေးချင်နေတာပါပဲ။ အဲဒီအချိန်မှာ တွေ့ရတဲ့အခက်အခဲကို အရင်ဆုံးဖြေရှင်း ပေးရမှာပဲလေ။ ဘယ်လူတန်းစားက အရင်ဆုံးပေါ်လာမယ်ဆိုတာ မသိဘူးလေ"လို့ ဟောပြောပွဲအပြီး စင်မြင့်ပေါ်က အဆင်းမှာပဲ မြန်မာတိုင်း(မ်)ကို သူက ဖြေကြားခဲ့ပါတယ်။
စည်းရုံးရေးစရိတ်ကိုတော့ ပြည်သူ့ပါတီဖြစ်တဲ့အတွက် ပြည်သူဆီကပဲ ပြန်ပြီးကောက်ခံဖို့ စိတ်ကူးထားတယ်ဆိုတဲ့ ဒေါ်အေး အေးဝင်းက "ဒီမိုကရေစီ တကယ်ရချင်ရင် တကယ်ပူးပေါင်း ဆောင်ရွက်ပါ"လို့ ပြည်သူတွေကို ပြောချင်ပါတယ်တဲ့။
၁၉၈၈ ခုနှစ်မှာ တက္ကသိုလ် ဓာတုဗေဒဂုဏ်ထူးတန်း ကျောင်းသူတစ်ဦးဖြစ်ခဲ့တဲ့ ဒေါ်အေးအေးဝင်းက အဖြစ်အပျက်တွေဟာ သူ့ရဲ့မျက်စိရှေ့မှာပဲ ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။
"ကိုယ့်မြို့ ကိုယ်ပြန်လာတော့လည်း အုပ်ချုပ်တဲ့ အစိုးရပျက်ပြားသွားတဲ့ အချိန်ဆိုတော့ အစ်မတို့ကျောင်းသားတွေကပဲ မြို့ရဲ့ အုပ်ချုပ်ရေး ကိုလုပ်ခဲ့ရတယ်။ အဲဒီလူတွေအားလုံးထဲမှာ အခု အစ်မတစ်ယောက်ပဲ ရှိတော့တယ်"လို့ သူက ပြောပြတယ်။
အခုအချိန်မှာ နိုင်ငံရေးကို သေချာမလေ့လာ သူတွေသာ နိုင်ငံရေးကို ကြောက်ကြတယ်လို့ အထည်ဆိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့ ဒေါ်အေးအေးဝင်းက ပြောပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့က ပဲခူးတိုင်း ဒေသကြီးအနောက်ပိုင်း ပေါက်ခေါင်းမြို့နယ်မှာ ကျင်းပတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်ရဲ့ လူထုတွေ့ဆုံပွဲကို တက် ရောက်လာသူတစ်ဦးဖြစ်တဲ့ ဦးသန်းအောင်က သူဟာပါတီဝင်မဟုတ် သေးပေမယ့် ဟောပြောပွဲ ရှိတယ်ဆိုလို့ လာနားထောင်တာလို့ မြန်မာတိုင်း(မ်)ကို ပြောပြပါတယ်။
"သူတို့ပြောတာဆိုတာတွေ နားထောင်ကြည့်ချင်လို့။ အခု နားထောင်ကြည့်ရတာတော့ ကောင်းပါတယ်။ တခြားပါတီတွေ ပြောတာဆို တာတော့ နားမထောင်ကြည့်ရသေးဘူး။ ဒါ ပထမဆုံးပဲ"လို့ ဇီးကုန်းမြို့နယ်ကလာတဲ့ ဦးသန်းအောင်က ပြောပါတယ်။
"ကြံ့ခိုင်ရေးနဲ့ တစည ၀င်ပြိုင်မယ်ဆိုတာတော့ သိတယ်။ နိုင်ငံအတွက် ကောင်းတဲ့အလုပ်တွေ လုပ်စေချင်တာပါ။ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးပေါ့။ ဒါမျိုးတွေ ကောင်းဖို့ပေါ့။"

Myanmar Time 

ရွေးကောက်ပွဲကို မကြိုက်ပေမဲ့ နောက်ပိုင်း အပြောင်းအလဲ မျှော်လင့်

မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေး အမေရိကန် အစိုးရရဲ့ လမ်းစဉ်ဟာ စိတ်ပျက်စရာတွေသာ ဖြစ်ခဲ့ပေမဲ့ ဒါဟာ ရေရှည် လုပ်ဆောင်သွားရမယ့် လမ်းစဉ်ပဲ ဖြစ်တယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က ပြောလိုက်ပါတယ်။ ၀ါရှင်တန်ဒီစီ မြို့တော်မှာ ကြာသပတေးနေ့ မွန်းလွဲပိုင်းက လုပ်ခဲ့တဲ့ အာရှ၊ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ရဲ့ နောက်ထပ် ခြေလှမ်းများ ဆိုတဲ့ ဆွေးနွေးပွဲမှာ မစ္စတာ ကမ်းဘဲလ်က ပြောသွားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ အစတုန်းက အာရှနဲ့ ပတ်သက်ရင် အရှေ့မြောက် အာရှဒေသကိုသာ ပိုပြီးတော့ အာရုံစူးစိုက်ခဲ့ပေမဲ့ သမ္မတ အိုဘားမား အစိုးရ တက်လာပြီးနောက် အရှေ့တောင်အာရှ အရေးကိုလည်း အလေးပေး စဉ်းစားလာခဲ့ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံ အရေးကိုလည်း အထူး ဦးစားပေးပြီး မြန်မာနဲ့ ပတ်သက်တဲ့ မူဝါဒအတွက် သက်ဆိုင် ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အင်အားစုတွေ၊ ကျွမ်းကျင်သူတွေ၊ ဒေသတွင်း နိုင်ငံတွေ၊ အစိုးရတွေနဲ့ ဆွေးနွေး ညှိနှိုင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ဆွေးနွေး သုံးသပ်ပြီးတော့မှ ပိတ်ဆို့ အရေးယူမှု သက်သက်ရော၊ လိုက်လျောဆက်ဆံရေးပါ အလုပ်မဖြစ်ဘူး ဆိုတာကို တွေ့ရှိခဲ့ရတဲ့အတွက် တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ မူဝါဒကို ရွေးချယ်ခဲ့တာပါ။ ဒါပေမဲ့ ဒီ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ဟာလည်း အခုချိန်ထိ စိတ်ပျက်စရာတွေနဲ့ပဲ ကြုံတွေ့နေရတယ်ဆိုတာ မစ္စတာ ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က အခုလို ၀န်ခံသွားပါတယ်။

“ဒီနေ့အချိန်ထိ တွေ့ဆုံဆွေးနွေးရေးဟာ စိတ်ပျက်ဖို့ ကောင်းတယ်လို့ ပြောရင် မမှားဘူးလို့ ကျနော် ထင်ပါတယ်။ ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ၊ နိုင်ငံရေး အကျဉ်းသားတွေကိစ္စ၊ ရွေးကောက်ပွဲ မတိုင်ခင် ပြည်တွင်းမှာပဲ အချင်းချင်း တွေ့ဆုံဆွေးနွေးကြဖို့ ကိစ္စ၊ မြောက်ကိုရီးယားနဲ့ သံသယ ဖြစ်စရာကောင်းတဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ အာမခံချက်ပေးဖို့ ကိစ္စတွေအတွက် တိုးတက်မှု တစုံတရာ ဖြစ်ထွန်းအောင် ကျနော်တို့ အားထုတ်ခဲ့ပါတယ်။

“ဒီကိစ္စရပ်တွေ အားလုံးမှာ စိတ်ပျက်ခဲ့ရတယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ အစတုန်းက ကျနော်တို့ ပြောခဲ့သလိုပါ၊ ဒါဟာ ရေတိုမူဝါဒ မဟုတ်ပါဘူး၊ ရေရှည် လုပ်ဆောင်ကြရမယ့် ကိစ္စ ဖြစ်ပါတယ်။”

ဒါပေမဲ့ သူတို့ရဲ့ ဒီမူဝါဒဟာ အောင်မြင်ရမယ်လို့တော့ အလွန်အကျွံ ကတိမပေးလိုဘူး၊ အဆင့်တိုင်း အဆင့်တိုင်းမှာ ဘယ်လို အခြေအနေတွေ ရှိနေတယ် ဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်း ပြောသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ သူတို့ရဲ့ မူဝါဒသစ်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူ လက်ခံတယ်လို့ ပြောပါတယ်။

နောက်တချက်ကတော့ နိုဝင်ဘာ ၇ ရက် ကျင်းပမယ့် ရွေးကောက်ပွဲကို မစ္စတာ ကမ်းဘဲလ်က ဒါဟာ နိုင်ငံတကာက လက်ခံနိုင်တဲ့ကိစ္စ မဟုတ်ဘူး၊ တရားမမျှတတဲ့ လုပ်ရပ်သာ ဖြစ်မယ်လို့လည်း ယတိပြတ် ပြောသွားပါတယ်။

“ဒီနေ့ တွေ့မြင်နေရသမျှ ပြောရရင် နိုဝင်ဘာ ရွေးကောက်ပွဲဟာ နိုင်ငံတကာ တရားဝင် အသိအမှတ် ပြုမှုနဲ့ ကင်းမဲ့နေပါတယ်။ လေ့လာစောင့်ကြည့်သူ လုံးဝမရှိ၊ နိုင်ငံတကာက အသိအမှတ် ပြုနိုင်တဲ့ လုပ်ရပ်လည်း တချက်မှ မရှိပါဘူး။”

အဲဒီလို ရွေးကောက်ပွဲဟာ နိုင်ငံတကာက လက်ခံနိုင်စရာ မရှိတဲ့ ရွေးကောက်ပွဲလို့ ဆိုပေမဲ့လည်း ရွေးကောက်ပွဲ နောက်ပိုင်းမှာ မြန်မာ့နိုင်ငံရေး အခင်းအကျင်း ပြောင်းလာနိုင်မယ့် အရေးကိုလည်း မစ္စတာ ကာ့တ် ကမ်းဘဲလ်က မျှော်လင့်နေတဲ့ သဘောမျိုး ပြောသွားပါသေးတယ်။

“ရွေးကောက်ပွဲ ကာလမှာတော့ မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှာ ဇာတ်ကောင်သစ်တွေ၊ အာဏာဆက်ဆံရေး ပုံစံသစ်တွေ၊ နိုင်ငံတွင်း အခြေခံ အဆောက်အဦး အသစ်တွေ ပေါ်ထွက်ကောင်း ထွက်လာနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ဘာလုပ်နိုင်မလဲ ဆိုတာ အဆင်သင့် ဖြစ်နေဖို့ လိုမယ် ထင်ပါတယ်။ ဒီ့အတွက် ဒေသတွင်းက ကျနော်တို့ မိတ်ဆွေတွေနဲ့ နီးနီးကပ်ကပ် ဆွေးနွေး ညှိနှိုင်းနေပါတယ်။ အဆင်သင့် တံခါးဖွင့်ထားပါတယ်။”

တကယ်တော့ မစ္စတာ ကာ့တ် ကမ်းဘဲလ်ရဲ့ ဒီနေ့ ပြောကြားချက်ဟာ အဓိကအားဖြင့်တော့ မြန်မာနိုင်ငံ စစ်အစိုးရနဲ့ ဆက်ဆံရေးဟာ အောင်မြင်မှု မရှိပေမဲ့ စိတ်မလျှော့သေးဘူး၊ သည်းခံပြီး စောင့်ဆိုင်းနေဦးမယ် ဆိုတဲ့ သဘောကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံ စစ်အစိုးရဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင် နိုင်ငံရေးပါတီ အဖြစ် ရပ်တည်ခွင့်တောင်မှ မပေးတော့တဲ့ အခြေအနေအထိ လုပ်လာပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလို အချိန်မျိုးမှာ အမေရိကန် အစိုးရရဲ့ မူဝါဒဟာ တစုံတရာ ပြောင်းလဲလာလေမလား ဆိုပြီးတော့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေဘက်က မျှော်လင့် စောင့်စားနေကြတဲ့ အချိန်ဆိုရင် မှားမယ်မဟုတ်ပါဘူး။

ရင်းမြစ်။ ။ VOA

Thursday, September 16, 2010

ဘယ်ကိုသွားမှာလဲ


     ပြီးခဲ့သော ဆယ်စုနှစ်ကာလများမှ စတင်ကာ ရေစီးကြောင်းတစ်ခုသဖွယ် ဖြစ်လာခဲ့သည့် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်ခြင်း၊ ပညာသွားရောက်သင်ယူခြင်းများမှာ  လူငယ်၊ လူလတ်ပိုင်းများအကြား၌  ဘ၀တိုးတက်ရာ ထွက်ပေါက်တစ်ခုအနေဖြင့် ရေပန်စားနေဆဲ ဖြစ်ပါသည်။
         ထိုကဲ့သို့ ရေပန်းစားနေဆဲဖြစ်သော်လည်း လက်ရှိအချိန်၌မူ နိုင်ငံခြားသို့ သွားရောက်ပညာသင်ယူခြင်းနှင့် အလုပ်လုပ်ရန်အတွက် ထွက်ခွာခြင်းတို့မှာ ယခင်အချိန်များနှင့် နှိုင်းယှဉ်ပါက အခက်အခဲများ ပိုမိုရင်ဆိုင်လာရကြောင်း သိရပါသည်။ မြန်မာလူငယ်အများစုသွားရောက်ကြသည့် နိုင်ငံများမှ ပြည်ဝင်ခွင့်ဆိုင်ရာကိစ္စရပ်များ၊ နေထိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ အစရှိသည်တို့ကို တင်းကြပ်မှုများ ပြုလုပ်လာကြသည့်နည်းတူ နိုင်ငံအသီးသီး၌ သွားရောက်နေထိုင် ပညာသင်ယူ အလုပ်လုပ်ကိုင်နေကြသူအများစုမှာ နေထိုင်ရာနိုင်ငံများတွင် ရင်ဆိုင်ရသော အခက်အခဲများကို ထုတ်ဖော်ပြောဆိုမှုများရှိလာပါသည်။
        လက်ရှိအချိန်တွင် နိုင်ငံရပ်ခြားသို့သွားရောက်ရာတွင် ငွေကြေးတတ်နိုင်ချမ်းသာသူများထက် ငွေကြေးမပြည့်စုံပဲ ဘ၀ကြီးပွားတိုးတက်လို၍ သွားရောက်ကြသောသူများအတွက်မူ နိုင်ငံရပ်ခြားတွင် ရင်ဆိုင်ရမည့်အခြေအနေများက စိန်ခေါ်မှုတစ်ရပ်ဖြစ်လာကြောင်းလည်း သိရသည်။
          "မလေးရှားမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကတော့အများကြီးပါပဲ၊ စက်ရုံတွေအလုပ်ရုံတွေကပေးတဲ့ လစာတွေကို အေးဂျင့်ကဖြတ်ယူထားတာတွေ၊ လစာငွေပုံမှန်ရှင်းပေရမယ့် အချိန်မှာ ရက်တွေအများကြီးကျော်ပြီးမှ ရှင်းတာတွေ၊ မြန်မာပြည်ကအေးဂျင့်တွေကပြတဲ့ Demand Letter မှာပါတဲ့အတိုင်း သက်တမ်း ၂ နှစ်ပြည့်တဲ့အထိ စက်ရုံတစ်ခုတည်းမှာပဲ လုပ်ရမယ်ဆိုတာကို တစ်နှစ်တည်းလုပ်ပြီး  Work Permit သက်တမ်းတိုးတော့မှ စားသောက်ဆိုင်၊ ဟိုတယ်တို့လိုနေရာတွေမှာ သန့်ရှင်းရေးဝင်လုပ်ခိုင်းတာတွေ၊ စက်ရုံမှာအလုပ်လုပ်နေစဉ်အတွင်းမှာပဲ ရသင့်ရထိုက်တဲ့လုပ်အားခတွေ၊ အခွင့်အရေးတွေမရတာတွေ အများကြီးရှိပါတယ်"ဟု မလေးရှား နိုင်ငံတွင်(၅)နှစ်ကြာ သွားရောက်အလုပ်လုပ်ခဲ့ပြီး နေရပ်သို့ပြန်ရောက်လာသူ ကိုဇော်ဝင်းကပြောပြခဲ့ပါသည်။

စင်ကာပူနိုင်ငံနှင့် မလေးရှား၊ ထိုင်းအစရှိသော ဒေသတွင်းနိုင်ငံများသို့ မြန်မာအများစုက ပုံစံမျိုးစုံဖြင့် သွားရောက်ထွက်ခွာနေကြသည့် နည်းတူ ဒူဘိုင်း၊ ကာတာအစရှိသော အရှေ့အလယ်ပိုင်း နိုင်ငံများသို့ လည်း ထွက်ခွာလျက်ရှိနေပါသည်။ သို့သော် အဆိုပါနိုင်ငံများတွင် မြန်မာလူငယ်အများစု လုပ်ကိုင်ရသည့် အလုပ်များမှာ  .  .  .

        "အဆင်မပြေလှပါဘူး။ တရားမ၀င်နိုင်ငံခြားသား အလုပ်သမားတွေများတဲ့ နိုင်ငံဖြစ်လို့ နည်းနည်းတော့ လှုပ်သာ၊ ရှားသာရှိပါတယ်။ ၀င်ငွေကတော့ အောက်ကြေးပါပဲ။ ငွေရေးကြေးရေး အတိုင်းအတာအရ မစုဆောင်းမိပေမယ့် လုပ်ငန်းအတွေ့အကြုံကတော့ ယူတတ်ရင် ယူတတ်သလို ရပါတယ်။ ကျွန်တော့်အဖို့ စုဆောင်းမိတာကလည်း လုပ်ငန်းအတွေ့အကြုံပါပဲ။ ဒီကိုလာဖို့ပြင်နေတယ်ဆိုရင်တော့ ဘာသာစကားနဲ့ နည်းပညာကျွမ်းကျင်မှု၊ စူးစမ်းလေ့လာသင်ယူလိုစိတ်နဲ့ ရိုးသားပွင့်လင်းပေမယ့် လူရည်လည်မှုတို့အပြင် ဒဏ်ခံနိုင်ရည်တို့ကို တတ်နိုင်သလောက်များများ သယ်ဆောင်ကြစေလိုပါတယ်"ဟု ကိုပြည့်ဖြိုးဝင်းက ပြောပြပါသည်။
          မလေးရှာနိုင်ငံနည်းတူ မြန်မာအများစု သွားရောက်ကြသည့် နိုင်ငံများထဲတွင် စင်ကာပူနိုင်ငံလည်း အပါအ၀င်ဖြစ်ပါသည်။ နည်းပညာနှင့် အင်ဂျင်နီယာဘာသာရပ်များကို ကျွမ်းကျင်သူများအတွက် အလုပ်အကိုင်ပေါများခြင်း၊ နိုင်ငံတကာပညာရေးဝန်ဆောင်မှုများ၏ ဆွဲဆောင်မှုများအပြင် ပညာသင်ယူပြီး အလုပ်လုပ်ကိုင်နိုင်ခြင်း၊ ပညာရေးကို ခုတုံးလုပ်ပြီး အလုပ်လုပ်ကိုင်နိုင်ခြင်း၊ အမြဲတန်းနေထိုင်ခွင့်ပီအာရရှိရန် အခွင့်အလမ်းစသည့်အချက်များကြောင့် စင်ကာပူနိုင်ငံသို့ သွားရောက်မှုများနေခြင်း ဖြစ်ပါသည်။           "စင်ကာပူမှာ မြန်မာတွေအတွက် အရင်ကထက်စာရင် အလုပ်ရဖို့ ပိုခက်လာတယ်။ အစိုးရပေါ်လစီအပြောင်းအလဲကြောင့်လည်း ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေဝင်လာတာကို ကန့်သတ်ပြီး စင်ကာပူနိုင်ငံသားတွေကို အလုပ်အကိုင်ရရှိရေး ဦးစားပေးဖို့ အွန်လိုင်းမှာဆူဆူညံညံ ဆွေးနွေးလာတာတွေလည်း ရှိပါတယ်။ လွှတ်တော်မှာလည်း တော်တော်ပြောကြတယ်။ လတ်တလောအနေနဲ့ စင်ကာပူက ပေါ်လီဒီပလိုမာ၊ ဘွဲ့လွန်ဒီပလိုမာ၊ ဒီဂရီတွေရတဲ့ ကျောင်းသားတွေ အမြဲတန်းနေထိုင်ခွင့် ပီအာလျှောက်ရင် Reject  ဖြစ်နေပါတယ်။ ပီအာမိဘနှစ်ပါးက မွေးလာတဲ့ ကလေးတွေကိုလည်း ပီအာချမပေးတာတွေ တွေ့ရပါတယ်။ အခုတလောမှာတော့ အစိုးရက သီးသန့်ဌာနတစ်ခုဖွင့်ပြီး လူဝင်မှုကြီးကြပ်ရေးတွေကို စိစိစစ်စစ်ကိုင်တွယ်သွားမယ်လို့ ပြောထားတယ်။ ဒါတွေအပြင် အလုပ်ရှင်က အလုပ်ခန့်ပေမယ့်  S Pass နဲ့ EP (Employment-Pass) လျှောက်တဲ့အခါမှာ ချမပေးတာတွေလည်း တွေ့ရပါတယ်။ WP (Work Permit) သမားတွေကတော့ သိပ်မထိခိုက်ဘူးလို့ ထင်ရပါတယ်။ အလယ်အလတ်ရာထူးတွေမှာ ပိုထိခိုက်တာပါ။ ဒီလိုတင်းကြပ်မှုတွေက စင်ကာပူရွေးကောက်ပွဲ မတိုင်ခင်အထိရှိနေဦးမယ်လို့ ယူဆရပါတယ်"ဟု စင်ကာပူနိုင်ငံတွင် နေထိုင်လျက်ရှိနေသော မပန်ဒိုရာက ပြောပြပါသည်။
          "စင်ကာပူမှာ ကျောင်းလာတက်တာမဟုတ်ဘဲ တိုက်ရိုက်အလုပ်လုပ်ဖို့ လာမယ်ဆိုရင် လိုအပ်တဲ့ အတွေ့အကြုံနဲ့ အလုပ်သဘာဝတွေကို မေးမြန်းလေ့လာပြီးမှ လာသင့်တယ်။ အထူးသဖြင့် အင်္ဂလိပ်စကားကို သွက်သွက်လက်လက် ပြောတတ်နိုင်ရင် အကျိုးရှိပါတယ်။ နိုင်ငံခြားသားတွေထဲမှာ မြန်မာတွေက အင်္ဂလိပ်စာတော်တော်ညံ့တယ်လို့ စလုံးတွေက သဘောထားကြပါတယ်။ ဒီကြားထဲ ပွဲစားနဲ့အလုပ်တွေ ရိုက်စားပြီးတော့ တစ်လ၊ နှစ်လလောက်အလုပ်ခန့်ပြီး ဆက်မခန့်တော့တာတွေလည်း ရှိပါတယ်။ ကျောင်းလာတက်မယ့်သူတွေ အတွက်ကတော့ ကျောင်းလခတွေက ဈေးတက်လာတယ်။  ကျောင်းပြီးတဲ့အခါ ပီအာရဖို့တော့ မသေချာဘူးဆိုတာကို သဘောပေါက်ထားပြီးမှ တက်သင့်၊ မတက်သင့်ဆုံးဖြတ်သင့်ပါတယ်။ ကိုယ်တက်မယ့် ကျောင်းမျိုးက ဘယ်လိုကျောင်းမျိုးလဲ၊ ဘယ်လောက်အသိအမှတ်ပြုတဲ့ Certificate ပေးမှာလဲဆိုတာ သေသေချာချာ လေ့လာပြီးမှ လာသင့်ပါတယ်။ ဆွယ်တဲ့သူက ဆွယ်တိုင်းပါမသွားဖို့လိုပါတယ်"ဟု မပန်ဒိုရာက ဆက်လက်ပြောပြသည်။

    မြန်မာလူမျိုးတွေအများစု လက်ရှိထွက်ခွာနေကြတဲ့ နိုင်ငံစုံကတော့ ၀င်ခွင့်ကန့်သတ်ချက်တွေကို နည်းမျိုးစုံနဲ့ ပိတ်ပင်ထားတယ်။ ဖွင့်ထားတဲ့လမ်းတွေဆိုတာကလည်း သူတို့နိုင်ငံကို ၀င်ငွေတိုးစေပြီး ဂျီဒီပီမြင့်စေမယ့်  .  .  .
          စင်ကာပူနိုင်ငံနှင့် မလေးရှား၊ ထိုင်းအစရှိသောဒေသတွင်းနိုင်ငံများသို့ မြန်မာအများစုက ပုံစံမျိုးစုံဖြင့် သွားရောက်ထွက်ခွာနေကြသည့်နည်းတူ ဒူဘိုင်း၊ ကာတာအစရှိသော အရှေ့အလယ်ပိုင်းနိုင်ငံများသို့လည်း ထွက်ခွာလျက်ရှိနေပါသည်။ သို့သော် အဆိုပါနိုင်ငံများတွင် မြန်မာလူငယ်အများစုလုပ်ကိုင်ရသည့် အလုပ်များမှာ အရောင်းဝန်ထမ်းအလုပ်များ၊ အလုပ်ကြမ်းများသာများခြင်းကြောင့် အလုပ်ရှင်များ၏ ခေါင်းပုံဖြတ်မှုများနှင့် ယဉ်ကျေးမှုဓလေ့စရိုက် ကွာဟမှုများကလည်း အခက်အခဲရှိနေကြောင်း သိရသည်။
         "ဒူဘိုင်းမှာတော့ မြန်မာတွေနဲ့ ဖားလို့ခေါ်တဲ့ ဖိလစ်ပိုင်တွေအများဆုံးရှိပါတယ်။ နေတတ်ရင်တော့ အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။မိန်းကလေးတွေရဲ့ လုံခြုံမှုကလည်း ကာယကံရှင်တွေအပေါ်မှာ အများကြီးသက်ရောက်မှုရှိနေပါတယ်။ ဥပမာဆိုရင် သောကြာနေ့ဆိုရင် ဒူဘိုင်းမှာ ကလပ်တွေကို ၀င်ကြေးအခမဲ့နဲ့ ၀င်ခွင့်ရအောင်လုပ်ပေးထားတာတွေ ရှိပါတယ်။ ဒီအခါမှာ စိတ်ညစ်လို့ဖြစ်ဖြစ်၊အဆင်မပြေလို့ဖြစ်ဖြစ်၊ ပျော်ချင်လို့ပဲဖြစ်ဖြစ် ကလပ်မှာမူးရူးပြီး အချိန်မတော်ပြန်လာမယ်ဆိုရင် အန္တရာယ်ရှိနိုင်ပါတယ်။ ရေရှည်နေဖို့ကတော့ အခက်အခဲရှိနိုင်ပါတယ်။ ယဉ်ကျေးမှုအခြေခံတွေကအစ ကွာဟချက်တွေရှိနေတာအပြင် လုပ်ရတဲ့အလုပ်ကလည်း အရောင်းဝန်ထမ်းပုံစံမျိုးဆိုတော့ ခိုင်မာမှုတော့ မရှိနိုင်ပါဘူး။ ၀င်ငွေက အထိုက်အလျောက် ကောင်းတယ်ဆိုပေမယ့် အလုပ်ရဖို့ပေးရတဲ့ပွဲစားခနဲ့ မဖြစ်မနေအသုံးစရိတ်ကို ဖယ်လိုက်ရင် သိပ်စုမိတဲ့အနေအထားမရှိပါဘူး"ဟု ဒူဘိုင်းတွင် နေထိုင်လျက်ရှိသော မြန်မာအမျိုးသမီးငယ်တစ်ဦးက ပြောပြသည်။

         ကာတာကဲ့သို့သော နိုင်ငံများတွင်မူ ဆောက်လုပ်ရေးလုပ်ငန်းခွင် အစရှိသောနေရာများတွင် အလုပ်ကြမ်းများကို လုပ်ကိုင်နေသည့် မြန်မာအများစုရှိနေကာ ပွဲစားများ၏ လိမ်လည်မှုကိုခံခဲ့ရသူများနှင့် အလုပ်ရှင်၏ ခေါင်းပုံဖြတ်မှုကို ခံထားရသူများစွာ ရှိနေကြောင်း သိရသည်။
         "ဒီကို ထွက်လာတုန်းကတော့ အေဂျင်စီက ဘာအလုပ်လုပ်ရမယ် ဆိုတာမပြောဘူး။ ၀င်ငွေကောင်းမယ်၊ ပြည်တွင်းက ထွက်ရလွယ်မယ်။ ဗီဇာအမြန်ကျမယ်ဆိုတာကိုပြောပြီး စာချုပ်ချုပ်လိုက်တာပဲ။ ဒီကိုရောက်ရော ထင်မထားတဲ့ အလုပ်နေရာတွေမှာ အလုပ်ကြမ်းလုပ်ရတယ်။ မလုပ်နိုင်လို့ ထွက်မယ်ပြောတော့ စာချုပ်ကိုင်ပြီး ခြိမ်းခြောက်တာခံရတယ်။ အလုပ်ချိန်ကလည်း ရှစ်နာရီကျော်ရင် အချိန်ပိုခပေးမယ်ဆိုပြီး လက်တွေ့မှာတော့ မပေးဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တိုင်လိုက်ရင်လည်း အလုပ်ရှင်က လူငှားပြီး ရိုက်ခိုင်းတာတွေရှိတယ်။ အဆိုးဆုံးအချက်ကတော့ အလုပ်ရှင်က Passport ကိုသိမ်းထားပြီး သူလိုသလို အကြပ်ကိုင်တာပဲ။ ဒီကိုရောက်ပြီး အဆင်ပြေတဲ့သူတွေ ရှိချင်ရှိမှာပေါ့။ ကျွန်တော်သိသမျှတော့ အဆင်မပြေတဲ့သူတွေများပါတယ်။ ရွေးစရာမရှိတော့လည်း ကျိတ်မှိတ်ပြီး ဆက်လုပ်နေကြရတာပေါ့"ဟု ကာတာနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကိုအောင်ထိုက်က ပြောပြပါသည်။
         လုပ်သားဈေးကွက်ဖြစ်ထွန်းမှုအပေါ် တည်မှီပြီး နိုင်ငံအသီးသီးသို့ ထွက်ခွာလေ့ရှိသည့် မြန်မာလူငယ်များမှာ စင်ကာပူ၊ မလေးရှား၊ ထိုင်း နှင့် အရှေ့အလယ်ပိုင်းဈေးကွက်များအထိ သွားရောက်ရန် ပြင်ဆင်ခဲ့သော်လည်း အဆင်မပြေမှု၊ အခက်အခဲများကသာ များနေခဲ့ခြင်းကြောင့် ပါပူအာနယူးဂီနီအစရှိသော နိုင်ငံငယ်များနှင့် အာဖရိကတိုက်ရှိ နိုင်ငံငယ်များသို့ပါ အလုပ်လုပ်ကိုင်ရန်အတွက် သွားရောက်ခြင်းများရှိလာကြောင်း သိရပါသည်။
         "ပွဲစားခကလည်း အများကြီး မပေးရဘူး။ လစာကလည်း အမေရိကန်ဒေါ်လာ ၈၀၀ ကျော်ရမယ်။ စူပါမားကတ်မှာ ရာထူးကောင်းတစ်နေရာရမယ်ဆိုတာနဲ့ ပါပူအာနယူးဂီနီကို ရောက်လာခဲ့တာပါ။ အေဂျင်စီက ပြောထားတဲ့ အလုပ်ရပါတယ်။ လခလည်းပြောထားသလို ရပါတယ်။ ရာထူးကလည်း ပြောထားတဲ့ ရာထူးပါ ပဲ။ ဒါပေမယ့် စရောက်ပြီးတဲ့နေ့မှာပဲ ထိတ်လန့်စရာတွေနဲ့ စတွေ့ရပါ တယ်။ စူပါမားကက်ကို ဖောက်ထွင်းခံရပါတယ်။ လုံခြုံရေးနှစ်ယောက် အသတ်ခံရပါတယ်။ ဒါက ပထမဆုံး တွေ့ရတာပါ။ နောက်ပိုင်းတော့ မြို့ထဲသွားရင် ဘေးမှာအစောင့်မပါပဲ သွားလို့ မရဘူး။ လုယက်ခံရတာရှိနေသလို အချိန်မရွေး အသတ်ခံရနိုင်တဲ့ ဘေးအန္တရာယ်ကလည်း ရှိနေပါတယ်။ အဲဒီတော့အားနေရင် အပြင်မထွက်ရဲဘူး။ အလုပ်ကပေးထားတဲ့ အခန်းထဲမှာပဲနေနေရတယ်။ စာချုပ်ပြည့်တဲ့ ထိတော့နေရမှာပေါ့။ ဒီနိုင်ငံက ဓနသဟာယထဲပါနေတော့ ဒီမှာထိုင်သင့်သလိုနေပြီး အင်္ဂလန်သွားဖို့ လွယ်တော့ သည်းခံနေလိုက်ပြီး အင်္ဂလန်ဘက်ကူးမယ်လို့ စဉ်းစားထားတယ်"ဟု ပါပူအာနယူးဂီနီနိုင်ငံရှိ စူပါမားကက်တစ်ခု၌ အလုပ်လုပ်ကိုင်နေသူ ကိုရဲခေါင်က ပြောပြပါသည်။
         အလုပ်လုပ်ကိုင်ရန်သီးသန့်ဖြင့် နိုင်ငံရပ်ခြားသို့ သွားရောက်နေကြသူအများစုမှာ အဆင်မပြေမှုများ၊ ပြဿနာမျိုးစုံဖြင့် ကြုံတွေ့ရမှုများ ရှိနေသည့်နည်းတူ ပညာရေးဆိုင်ရာ ကိစ္စရပ်များဖြင့် ထွက်ခွာရန် ပြင်ဆင်ကြသူများတွင်လည်း အခက်အခဲများ ရှိနေကြောင်း သိရသည်။
            မြန်မာလူငယ်အများစုသွား ရောက်ရန် စိတ်ဝင်စားချက်ရှိနေသည့် အင်္ဂလန်နိုင်ငံတွင်မူ Tier 4 Points စနစ်အရ ကျောင်းသားဗီဇာပြောင်းလဲပြီးသည့် ၂၀၀၉ ခုနှစ်မှစတင်ကာ ယူကေကျောင်းများသို့ တက်ရောက်လိုသော ကျောင်းသားများရှိလာခဲ့သည်။ သို့ရာတွင် မြန်မာကျောင်းသားများအနေဖြင့် အမှန်တကယ် ကျောင်းတက်ရောက်လိုသောပမာဏမှာ အနည်းငယ်သာရှိပြီး အလုပ်ရလိုသည့် ဦးတည်ချက်များကြောင့်  အင်္ဂလန်သို့ ရောက်ရှိပြီး အဆင်မပြေမှုများရှိခဲ့ကြောင်း သိရသည်။          ယင်းဖြစ်ရပ်များအပြင် အင်္ဂလန်သို့ ရောက်ရှိပြီးမှ ဘာသာစကားကျွမ်းကျင်မှု အားနည်းချက်များရှိနေခြင်းကြောင့် ယခုအခါအင်္ဂလန်နိုင်ငံ၏ ကျောင်းသားဗီဇာသာမက မှီခိုလိုက်ပါမည့် သူများ၏ အင်္ဂလိပ်စာ လိုအပ်ချက်များကိုလည်း ယခင်ကထက် ပြောင်းလဲကန့်သတ်ခဲ့ကြောင်း UK Border Agency ကထုတ်ပြန်လိုက်ခြင်းက သွားရောက်လိုသူများအတွက် အခက်အခဲတစ်ခုဖြစ်လာစေခဲ့သည်။
         သြစတြေးလျနိုင်ငံတွင်မူ  ၂၀၀၉ နှစ်ကုန်ပိုင်းနှင့် ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ယင်းနိုင်ငံ၏ ကျွမ်းကျင်လုပ်သား လိုအပ်ချက်စာရင်းကို အွန်လိုင်းတွင် ကြည့်ရှုကာ မည်သည့်အဖွဲ့အစည်း၊ သြစတြေးလျ၏ ပြည်နယ်အသီးသီး၌ လက်ရှိနေထိုင်သူများ၏ ထောက်ခံမှုတစ်စုံတစ်ရာမပါဝင်ဘဲ ပီအာလျှောက်ထားကြရသည့် စနစ်စတင်ခဲ့ပါသည်။ သို့သော် Skilled Occupation Lists အရနှစ်စဉ် အပြောင်းအလဲရှိနေသည့်အတွက် မြန်မာလူငယ်များ၏ အရည်အသွေးသည် ယခုနှစ်အတွက် သြစတြေးလျနိုင်ငံ၏ အလုပ်သမားလိုအပ်ချက်ဖြစ်နေသော်လည်း နောင်နှစ်များတွင် လိုအပ်ချက်ပြည့် သွားနိုင်ခြင်းကြောင့် ယင်းစနစ်မှာ အကန့်အသတ်များနှင့် ရှိနေခဲ့သည်။
         "အဲဒီလို သြစတြေးလျရဲ့ တိုက်ရိုက်ဗီဇာနဲ့ သူ့နိုင်ငံမှာနေထိုင်ခွင့်ရဖို့ မြန်မာတွေ လျှောက်ကြတဲ့အခါ Processing ကာလကို တော်တော်အချိန်ယူရတယ်။ ဒီနှစ်မှာ ကိုယ်ရထားတဲ့ဘွဲ့နဲ့ ကျွမ်းကျင်မှုက သူ့နိုင်ငံ၊ ပြည်နယ်ရဲ့ လိုအပ်ချက်ဖြစ်နေပေမယ့် နောက်နှစ်မှာ ဖြစ်ချင်မှဖြစ်မယ်။ သြစတြေးလျကိုသွားဖို့ မိဘမျိုးရိုးပိုက်ဆံတတ်နိုင်တဲ့သူမှသာ တော်ရုံသွားနိုင်တယ်။ ပြီးတော့ ကျောင်းသားဗီဇာဆိုရင်လည်း ကန့်သတ်ချက်တွေ အများကြီးပဲ။ အဓိကက မြန်မာတွေအရမ်းတော်လို့ သြစတြေးလျသွားချင်တာတောင် ငွေမရှိရင်သွားဖို့မလွယ်ဘူး"ဟု သြစတြေးလျပညာရေးနှင့်ပတ်သက်၍ လေ့လာသူတစ်ဦးက ဆိုပါသည်။
         ထို့ပြင် သြစတြေးလျနိုင်ငံ၏ အင်္ဂလိပ်စာလိုအပ်ချက်ထပ်မံတိုးမြှင့်ခြင်း၊ ဆေးတက္ကသိုလ်တက်ရောက်ပြီးသော ကျောင်းသားများ Internship ဆင်းခွင့်မရှိခြင်းကြောင့် မြန်မာကျောင်းသားအချို့ဘွဲ့မရဘဲ ပြန်လာရသည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်ဟု သိရသည်။
         သို့သော် အမေရိကန်နိုင်ငံ၏ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အင်န်ဂျီအိုများမှပေးသည့် ပညာသင်စကောလားရှစ်များရယူ၍ ပညာသင်ရင်း အခြေချနေထိုင်ရန် ကြိုးပမ်းကြသည့် လူငယ်များလည်းရှိနေသည်။
         "အမေရိကန်ကို သွားကြတဲ့အခါ ဟိုဘက်မှာရှိနေပြီးသား ကိုယ့်ရဲ့ဆွေမျိုးနီးစပ်ကတစ်ဆင့် သွားတာမျိုးပဲ ပိုများကြတယ်။ အခုစကောလားရှစ်လျှောက်ပြီးသွားမယ်ဆိုတဲ့ သူတောင်မှ အနည်းလေး သိန်းတစ်ရာနီးပါးလောက်ကုန်တယ်။ ဒါတောင် ဟိုဘက်ကကျောင်းက ခိုင်မာမှုမရှိဘူးဆိုရင် ဗီဇာရဖို့ မသေချာဘူး"ဟု အမေရိကန်နိုင်ငံရှိ ကောလိပ်တစ်ခုသို့ SAT ဖြေဆိုကာ စကောလားရှစ်လျှောက်ထားဖူးသူ လူငယ်တစ်ဦးက ပြောပြခဲ့ပါသည်။
         အမေရိကန်ဒီဗီ( Diversity Visa Lottery)လျှောက်ထားမှု ဖြစ်စဉ်များတွင်လည်း ဒီဗီရရှိပြီး အမှန်တကယ် သွားရောက်နိုင်သူဦးရေမှာ လူနည်းစုပင်ဖြစ်ကာ အချို့မှာဒီဗီရရှိပြီးသော်လည်း သံရုံးအင်တာဗျူး ၀င်ရောက်ဖြေကြားစဉ် အင်္ဂလိပ်စာလိုအပ်ချက် ပြည့်မီမှုမရှိသည့်အတွက် ထွက်ခွာခွင့် မရရှိခြင်းအပြင် မိမိ၏ကိုယ်ရေးရာဇ၀င်မှတ်တမ်း မှန်ကန်စွာဖြည့်စွက်ထားခြင်း မရှိသူများကိုလည်း သွားရောက်ခွင့်ပိတ်ပင်ထားကြောင်း သိရှိရပါသည်။
         အမေရိကန်ဒီဗီရရှိသူ အများစုမှာလည်းအမေရိကန်နိုင်ငံတွင် အခြေချထားသူဆွေမျိုးများရှိထားမှသာ အဆင်ပြေနိုင်မည့် အခြေအနေတစ်ရပ်ရှိနေပြီး ထိုသို့မရှိထားပါက နေထိုင်ရန်နှင့် အလုပ်ရရှိရန်စသည့် အချက်များမှာ မလွယ်ကူနိုင်ကြောင်း သိရပါသည်။
         ထို့ပြင် ဂျပန်နိုင်ငံသည်လည်း လူဝင်မှုကြီးကြပ်ရေးမူဝါဒအရ ယင်းနိုင်ငံသို့သွားရောက်လျှင် ဂျပန်စာအရည်အသွေးတတ်မြောက်မှုအဆင့် ၂ ရှိမှသာ တက္ကသိုလ်အများစုက လက်ခံကြသည့်အတွက် ထိုနိုင်ငံသို့ ထွက်ခွာမှုမှာ ပုံမှန်အနေအထားမျှဖြစ်ပြီး ကျောင်းတက်ရောက်ပြီးသူများသည်လည်း ဂျပန်နိုင်ငံတွင်သာ အခြေချနေထိုင်သွားကြသူများသာဖြစ်ကြောင်း သိရှိရသည်။
         "မြန်မာလူမျိုးတွေအများစု လက်ရှိထွက်ခွာနေကြတဲ့ နိုင်ငံစုံကတော့ ၀င်ခွင့်ကန့်သတ်ချက်တွေကို နည်းမျိုးစုံနဲ့ ပိတ်ပင်ထားတယ်။ ဖွင့်ထားတဲ့လမ်းတွေဆိုတာကလည်း သူတို့ နိုင်ငံကိုဝင်ငွေတိုးစေပြီး ဂျီဒီပီမြင့်စေမယ့် ပညာရေးဈေးကွက်တွေပဲဖြစ်တယ်။ မြန်မာပြည်ဈေးကွက်မှာ ကျောင်းတွေချပြပြီး လာဖို့ဖိတ်ခေါ်တယ်။ ပြီးတော့ အလုပ်မပေးနိုင်ဘူး။ ကျောင်းတက်ပြီး ပြန်ကြသူတွေလည်းရှိတယ်။ အဓိကက ကိုယ်သွားမယ့်နိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေး မူဝါဒအပြောင်းအလဲကို သေချာနားလည်ထားပြီးမှ သွားတာကောင်းပါတယ်"ဟု နိုင်ငံတကာပညာရေးရာ ကျွမ်းကျင်သူတစ်ဦးက ထောက်ပြခဲ့သည်။
         "ဖွံ့ဖြိုးဆဲနိုင်ငံတွေတင်မက ဒေသတွင်းနိုင်ငံတွေမှာလည်း အခြားသောပြည်ပနိုင်ငံတွေကို ထွက်ခွာပြီး ရွှေ့ပြောင်းအခြေချနေထိုင်ကြတဲ့ ပြဿနာတွေရှိနေပါတယ်။ ဆင်းရဲသူက ချမ်းသာသူဆီ ခိုလှုံချင်ကြသလိုပါပဲ။ အဓိကက ပညာရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ ခုတုံးလုပ်ပြီး ပညာသင်ဖို့ထက် အလုပ်ကိုပဲဦးတည်ပြီး ထွက်ခွာသွားကြမယ်ဆို ရေရှည်မှာကိုယ့်လူမျိုးတွေရဲ့ အရည်အသွေးတွေ နိမ့်ကျသွားစေနိုင်တယ်။ ကျောင်းတက်ပြီး ပြည်ပကို ထွက်မယ်ဆိုရင်လည်း ကိုယ့်ရဲ့ Career Planကို သေချာချပြီးမှသွားသင့်ပါတယ်"ဟု နိုင်ငံတကာပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက ပြောပြခဲ့သည်။
         သို့သော် လက်ရှိအခြေအနေအရ နိုင်ငံရပ်ခြားသို့ သွားရောက်ခြင်းသည် လူအများစု၏ ထွက်ပေါက်အတွက် မျှော်လင့်ချက်တစ်ရပ်ဖြစ်လာခြင်းက အရေးပါသော အချက်တစ်ခု ဖြစ်နေခဲ့သည်။
         ပညာရေးကိစ္စရပ်များဖြင့် သွားရောက်ကြသူများမှာ ပညာသင်ယူပြီးနောက် အလုပ်ရှာဖွေကာ သက်ဆိုင်ရာနိုင်ငံ၌ပင် အခြေကျနေထိုင်ရန် ရွေးချယ်လာသူများရှိလာသည်။ ရရှိရာအလုပ်ကို လက်ခံပြီး အခက်အခဲများကြားမှ နိုင်ငံရပ်ခြားတွင် နေထိုင်လိုသူများလည်း ရှိလာပါသည်။ ပြီးခဲ့သည့် နှစ်အတွင်းက ရရှိခဲ့သော စစ်တမ်းတစ်ခုအရ ပြည်ပ၌ရောက်ရှိနေသူ မြန်မာလူမျိုးအရေအတွက် လေးသန်းနှင့် အထက်တွင်ရှိနေသည် ဆိုခြင်းကလည်း နိုင်ငံရပ်ခြားသို့ သွားရောက်မှုများ တိုးတက်နေခြင်းကို ပြဆိုခဲ့ပါသည်။
         နိုင်ငံရပ်ခြားသို့ ထွက်ခွာမှုတိုးတက်နေသော်လည်း နိုင်ငံရပ်ခြားတွင် နေထိုင်ကြသူအများစုမှာ အဆင်မပြေမှုများ၊ အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်အတွက် ဆက်လက်ထွက်မည့်သူများအတွက်မှာမူ မည်သည့်နိုင်ငံ သွားရမည်ဆိုသည်ကို ဆုံးဖြတ်ရခက်လာကြောင်း သိရှိရပါသည်။

မြန်မာအများစုသွားရောက်ရာ နိုင်ငံများနှင့် ပညာရေးဖြစ်စဉ်ပြောင်းလဲမှုများ
စင်ကာပူ
  • ၂၀၀၀ ပြည့်နှစ်မှ စတင်ကာစင်ကာပူပေါ်လီသို့ သွားရောက်သူဦးရေသိသာစွာ များလာပြီး မြန်မာအများစု စင်ကာပူ၏ အမြဲတမ်းနေထိုင်ခွင့်ရရှိလာကြ။
  • ၂၀၀၃ ခုနှစ်ပိုင်းမှ စတင်ပြီး စင်ကာပူရှိ ပုဂ္ဂလိကကျောင်းများမှ မြန်မာပညာရေး အေဂျင်စီများနှင့်ပူးပေါင်းကာ နိုင်ငံတကာပညာရေးဈေးကွက် ၀င်ရောက်။
  • ၂၀၀၆ မှ ၂၀၀၈ ခုနှစ်များတွင် စင်ကာပူသို့ အလည်အပတ်၊ အလုပ်ရှာဖွေသူများ သိသာစွာတိုးလာပြီး S Pass၊ PR နှင့် Employment Pass များဖြင့် နေထိုင်ခွင့်များ မြန်မာလူငယ်အများစုရရှိ။
  • ၂၀၀၈ ခုနှစ်၊ နှစ်ကုန်ပိုင်း ကမ္ဘာ့စီးပွားရေးပျက်ကပ်ဖြစ်ပွားချိန်မှစ၍ ကုမ္ပဏီများမှ နိုင်ငံခြားသား အလုပ်သမားဦးရေ လျှော့ချမှုများကြောင့် မြန်မာအလုပ်သမားများ နေရပ်သို့ပြန်လာရ။
  • ၂၀၀၉ ခုနှစ်မှစတင်ကာ Internship ဆင်းပြီးထားသော မြန်မာကျောင်းသားများ အလုပ်ရှာဖွေရာ တွင်ခက်ခဲမှုများနှင့် ကြုံလာရ။
  • ၂၀၀၉ နှစ်ကုန်ပိုင်းနှင့် ၂၀၁၀ ပိုင်းမှစတင်၍ စင်ကာပူလူဝင်မှုကြီးကြပ်ရေးမှ နိုင်ငံခြားသားများ၏ နေထိုင်ခွင့် များနှင့် ပတ်သက်၍ ကန့်သတ်မှုများစတင်။
  • ၂၀၁၀ နှစ်စပိုင်းမှ စတင်ကာ S pass ၊ ပီအာပေးမှုကန့်သတ်လိုက်ပြီး စင်ကာပူအစိုးရပေါ်လီကျောင်းဆင်းများပင် အလုပ်အကိုင်ရရှိမှုကြန့်ကြာခြင်း၊ S Pass ဖြင့် လုပ်ကိုင်ရခြင်းများရှိပြီး ပီအာပေးခြင်း အကန့်အသတ်များလာ။
  • ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလတွင် နိုင်ငံခြားသားများ၏ အရည်အသွေး ပိုင်းဆိုင်ရာများအား စစ်ဆေးအကဲဖြတ်ပြီးအလုပ်အကိုင်ပေးရေးအတွက် စင်ကာပူလူဝင်မှုကြီးကြပ်ရေးမှ Talent and Division ဟူ၍ မူဝါဒသစ်များဖြင့် ကိုင်တွယ်သွားမည်ဖြစ်ကြောင်းသိရ။
  • ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၆ ရက်နေ့က စင်ကာပူဝါရင့်ဝန်ကြီးဂိုချောက်တောင်က စင်ကာပူ ပီအာရရှိထားသူများထဲမှ ၁၀ ရာခိုင်နှုန်း (၅၀၀၀၀၀ ရှိပါက ၅၀၀၀၀) အနေဖြင့် စင်ကာပူနိုင်ငံသားအဖြစ်ခံယူမည်ဆိုပါက စင်ကာပူ နိုင်ငံအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောဆိုခဲ့။ ထိုစကားထွက်ပေါ်ခဲ့ပြီးနောက် စင်ကာပူပီအာရရှိထားသူ မြန်မာအများစုမှာ စင်ကာပူနိုင်ငံသားအဖြစ်ခံယူရန် ဆန္ဒမရှိကြောင်းပြောဆိုခဲ့ကြ။ 
 မလေးရှား
  • ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ မလေးရှားပညာရေးဈေးကွက်စတင်။
  • ၂၀၀၅ ခုနှစ်မှစ၍ အင်ဂျင်နီယာ၊ အိုင်တီဘာသာရပ်များဖြင့် သွားရောက် သူအနည်းငယ်များလာခဲ့ပြီး မလေးရှားတွင် အခြေချနေထိုင်လိုခြင်းထက် နိုင်ငံကြီးတစ်ခုခုသို့ ကူးပြောင်းအခြေချလိုခြင်း၊ စင်ကာပူတွင် အလုပ်ကူးပြောင်း လျှောက်ထားလိုခြင်းများဖြင့်သာ သွားရောက်မှုများ။
  • ယခုအချိန်ထိ မလေးရှားသည် မြန်မာကျောင်းသားများသွားရောက်လိုကြ သော အခြားသောနိုင်ငံများထက် ကျောင်းသားဗီဇာရရန် အလွယ်ကူဆုံးနှင့် ကုန်ကျစရိတ်အသက်သာဆုံးနိုင်ငံဖြစ်နေဆဲ။

အင်္ဂလန်
  • ၂၀၀၉ ခုနှစ်မတ်လမှ စတင်ကာ Tier 4 Points စနစ်ဖြင့် UK Border Agency မှ ကျောင်းသားဗီဇာပြောင်းလဲမှုတစ်ရပ်စတင်ခဲ့ခြင်းကြောင့် ကန့်သတ်ချက်ပြည့်မီမှုရှိသူတိုင်းအင်္ဂလန်သို့ ကျောင်းတက် ရောက်ခွင့်ရရှိခဲ့ကြပြီး မြန်မာ အများစု ထိုအချိန်မှ စတင်ကာ အင်္ဂလန်သို့ထွက်ခွာမှု သိသာစွာများပြားလာခဲ့ကြ။
  • ၂၀၁၀ ပြည့်နှစ် စပိုင်းမှစတင်၍ အင်္ဂလန်သို့ အီးယူနိုင်ငံမှမဟုတ်ကြသော နိုင်ငံတကာကျောင်းသားများ ၀င်ရောက်မှုများလာခြင်းကို UK Border Agency မှ အင်္ဂလိပ်စာဝင်ခွင့်အကန့်အသတ်များစတင်ထားရှိလာ။

ၾသစေၾတးလ်
  • သြစတြေးလျတက္ကသိုလ်၊ ကောလိပ်များသို့ ၀င်ခွင့်ရရန် အင်္ဂလိပ်စာလိုအပ်ချက် IELTS ၅.၅ နှင့်အထက် အနည်းဆုံးရှိထားရမည်ဖြစ်ပြီး ၂၀၀၃ ခုနှစ်မှ စတင်ကာဈေးကွက်တစ်ခုအနေဖြင့် လူသိများလာ။
  • ၂၀၁၀ တွင် သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးမှ အင်္ဂလိပ်စာလိုအပ်ချက်များတိုးမြှင့်မှုစတင်ရှိလာခဲ့ပြီး နိုင်ငံခြားသားဝင်ရောက်မှုကို ကန့်သတ်ခဲ့။
  • မြန်မာအများစုကျောင်းသားဗီဇာဖြင့်သွားပြီး အများစုပီအာအဖြစ်ပြောင်းလဲ လျှောက်ထားမှုရှိကြ။

ဟောင်ကောင်နှင့် ဖိလစ်ပိုင်
  • ၂၀၀၇-၂၀၀၈ခုနှစ်နောက်ပိုင်းမှစတင်ကာ ဟောင်ကောင်တက္ကသိုလ်များမှ ဆေးကောလိပ်၊ ဆေးကျောင်းများ၊ ဖိလစ်ပိုင်ဆေးကျောင်းများသို့ တက်ရောက်နိုင်ရန် ဈေးကွက်စတင်လာခဲ့။
  • ၂၀၀၈ခုနှစ်မှစတင်၍လည်း ဖိလစ်ပိုင်လေယာဉ်မှူးနှင့် လေကြောင်းပညာရပ် လေ့လာနိုင်ရန် ပညာရေးဈေးကွက်ရှိလာခဲ့သော်လည်း အမှန်တကယ် တက်ရောက်နိုင်မှုပမာဏမှာ လူနည်းစုမျှသာဖြစ်ခဲ့။

ဂျာမနီနှင့် နော်ဝေ
  • ၂၀၀၉ ခုနှစ်နှစ်လယ်ပိုင်းမှစတင်ကာ ဂျာမနီတက္ကသိုလ်၊ နော်ဝေတက္ကသိုလ်များ မှဈေးကွက်စတင်လာခဲ့ပြီး ယင်းနိုင်ငံများသို့တက်ရောက်သူများမိခင်နိုင်ငံတွင်း ပြန်လာရမည်ဖြစ်သည်ဟု လျှောက်ထားစဉ် မှပင်ကြေညာချက်များထားရှိခဲ့။
  • ဘာသာစကားတတ်မြောက်မှုအဆင့်မှာ အင်္ဂလိပ်စာလိုအပ်ချက်အပြင် ယင်းနိုင်ငံများ၌ သုံးစွဲရမည့် ဘာသာစကားကိုပါ တတ်မြောက်ရမည်ဟု ထုတ်ပြန်ပြီး ဗီဇာရရှိမှုခက်ခဲသည့်အတွက် လူနည်း စုသာစိတ်ဝင်စားမှုရှိခဲ့။

ဂျပန်
  • မြန်မာနိုင်ငံ၏ ပညာရေးဈေးကွက်တွင် ရေရှည်ရပ်တည်မှုရှိနေသည့် နိုင်ငံတကာပညာရေးဈေးကွက်ဟု ယူဆရပြီး ဂျပန်ဘာသာစကားစိတ်ဝင်စား၍ ယင်းနိုင်ငံ၌ အခြေချနေထိုင်လိုသူများသာသွားရောက်မှုရှိခဲ့။
  • မြန်မာကျောင်းသားများအား တိုကျိုမြို့ပေါ်ရှိကျောင်းများထက် အခြားကျိုတိုနှင့် မြို့နယ်များ၌ ပိုမိုတွေ့ရတတ်ပြီး ဂျပန်လူဝင်မှုကြီးကြပ်ရေးမှ ကျောင်းပြီးပါက တရားဝင်နှစ်ရှည်နေထိုင်ခွင့်ဟူ၍ ပေးထားခြင်းမရှိသေး။

ကိုရီးယား
  • တရားဝင်အလုပ်လုပ်ကိုင်ခွင့်အဖြစ် ၂၀၀၇-၂၀၀၈ မှစတင်ကာ ကိုရီးယားဘာသာစကား ကျွမ်းကျင်မှု အဆင့်မီသူတိုင်းအား အီးပီအက်စ်စာမေးပွဲဖြေဆို၍ ကိုရီးယားနိုင်ငံရှိစက်ရုံများသို့ လုပ်ငန်းခွင်ဝင်ရောက်ခွင့်ရရှိခဲ့။
  • ၂၀၀၉ ခုနှစ်မှစတင်ကာအဆိုပါအစီအစဉ်ဖြင့် ကိုရီးယားသွားရန် စောင့်ဆိုင်း သူ ထောင်ဂဏန်းအထိပင်ရှိလာပြီး ဆက်လက်ခေါ်ယူမှုမရှိသေး။
  • ကိုရီးယားအစိုးရမှ ယဉ်ကျေးမှုဖလှယ်ရေး သဘောဆောင်သည့်လူငယ်ဖွံ့ဖြိုး ရေးအစီအစဉ်များဖြင့် ကိုရီးယားဘာသာစကားတတ်ကျွမ်းသူများအား ကိုရီးယားတက္ကသိုလ်များ၌ ပညာသင်စေရန် စကောလားရှစ်ပံ့ပိုးမှုအစီအစဉ် များအား ၂၀၀၆ ခုနှစ်မှပင် မြန်မာလူငယ်များဖြင့် ရင်းနှီးမှုပိုမိုခဲ့။

 
အခက်အခဲများ ကြုံတွေ့ရပါက အကူအညီတောင်းခံနိုင်သော ဖုန်းနံပါတ်များ
ပြည်ထောင်စု မြန်မာနိုင်ငံတော်သံရုံး(ထိုင်း)    ၆၆၂ ၂၃၃၂၂၃၇ 
 ၆၆၂ ၂၃၄၄၆၈၉
နိုင်ငံဖြတ်ကျော်မှုခင်းဌာန   ၀၆၇ ၄၁၂၁၃၉ 
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး(အထူးအဖွဲ့)အဖွဲ့ရုံး    ၀၈၇ ၅၂၅၉၇၈၃ (ထိုင်း) 
 ၀၅၈ ၅၀၂၆၈ (မြ၀တီ)
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး(အထူးအဖွဲ့)အဖွဲ့ရုံး     ၀၈၁ ၂၈၇၃၀၁၆ (တာချီလိတ်)
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး(အထူးအဖွဲ့)အဖွဲ့ရုံး      ၀၈၁ ၀၉၀၁၅၄၅ (ကော့သောင်း)
အလုပ်သမားဝန်ကြီးဌာန     ၀၆၇ ၄၀၄၃၄၆၊ ၀၆၇ ၄၀၄၃၄၇
UNIPA    ၀၁ ၂၅၄၈၅၂ (မြန်မာ)
 ၀၈၁ ၄၅၆၅၅၆၀ (ထိုင်း)
World Vision    ၀၅၇ ၇၉၂၉၀ (သံဖြူဇရပ်) 
 ၀၅၈ ၂၁၇၃၁ (ဘားအံ)
 ၀၈၄ ၅၁၆၅၇ (တာချီလိတ်)
 ၀၈၄ ၂၂၈၆၀ (ကျိုင်းတုံ)
 ၀၉၅ ၅၁၃၁၆ (ကော့သောင်း)
FXB    ၀၁ ၅၁၂၁၇၈ (ရန်ကုန်) 
 ၀၅၇ ၂၆၈၉၆ (မော်လမြိုင်)
LPN   ၀၃၄ ၄၃၄၇၂၆ (ထိုင်း)
Immediate Danger Call   ၁၃၀၀ (ထိုင်း) 
Thai Royal Police    ၁၉၁ (ထိုင်း) 

 

ရင်းမြစ်။ ။www.first-11.com