Tuesday, September 7, 2010

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်ခရီးစဉ် ဒီကနေ့စတင်

မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မုးကြီး သန်းရွှေဟာ ဒီနေ့ တရုတ်ပြည်ကို သွားရောက်မှာ ဖြစ်ပါတယ်။

အခုလို တရုတ်ပြည်ကို ရောက်ရှိမယ့်အချိန်မှာ တရုတ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပွင့်လင်း ရွေးကောက်ပွဲဖြစ်လာရေး၊ မြန်မာနိုင်ငံက ရာဇဝတ်မှုတွနေဲ့ ပတ်သက်ပြီး စစ်အစိုးရက တာဝန်ယူဆောင်ရွက်ရေးတို့ အတွက် ဖိအားပေးဆောင်ရွက်ဖို့ အာရှလူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းတဲ့ ကြေငြာချက် တစောင်ဒီနေ့ပဲ ထုတ်ပြန်ခဲ့ပါတယ်။

အာရှလူ့အခွင့်ရေးကောင်စီက တရုတ်အစိုးရရဲ့ မူဝါဒတွဟော တာဝန်သိတတ်တဲ့ အင်အားကြီးနိုင်ငံ တခုအဖြစ် ရပ်တည်မယ်ဆိုတဲ့ သူ့ရဲ့ ပြောဆိုချက်တွေနဲ့မကိုက်မညီ ဖြစ်နေတယ်လို့ ဝေဖန်ထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရကို ထောက်ခံမယ့်အစား အဖိနှိပ်ခံမြန်မာပြည်သူတွကေို ထောက်ခံရင် ပိုပြီး အကျိုးရှိမယ်လို့ အာရှလူ့အခွင့်အရေးကောင်စီ အကြံပေးအဖွဲ့ရဲ့ ဒါရိုက်တာ ဆိုဖီရစ်ချတ်ဆန်က ပြောပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာအစိုးရအပေါ်ေ ပြာဆိုနိုင်တဲ့ သြဇာလည်း ရှိတယ်လို့ သူက ယုံကြည်ပါတယ်။ မြန်မာအစိုးရဘက်ကလည်း တရုတ်ဆီက မျှော်လင့်တာတွေရှိတယ် လို့ သူကသုံးသပ်ပါတယ်။

အခုဗိုလ်ချုပ်မှုးကြီးရဲ့ ခရီးစဉ်ဟာလည်း မြန်မာအစိုးရ အပေါ်ဖိစီးနေတဲ့ ဖိအားတွေ လျော့နည်းသက်သာအောင် တရုတ်ကကူညီဆောင်ရွက်ပေးရေး မျှော်လင့်ချက်နဲ့ လာတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်ဂျန်းယုကတော့ ဒီနေ့ပဲ ဗိုလ်ချုပ်မှူုးကြီးသန်းရွှေရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ ငြိမ်းချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံကသာ မြန်မာလူမျိုးတွေအတွက်ရော ဒေသကြီးတခုလုံး အတွက်ပါ အကျိုးရှိစေမှာ ဖြစ်တယ်လို့ ဆိုပြီး အခုလာမယ့် ရွေးကောက်ပွဲ ဟာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်လာဖို့ မျှော်လင့်တဲ့ အကြောင်းပြောသွားပါတယ်။


ရင်းမြစ်။ ။BBC

ရွေးကောက်ပွဲ ၀င်မယ့် “လူကြီးလူကောင်း” ရဲ့ အမျိုးသား နိုင်ငံရေး


(သူနှင့် သာဂိ အပြန်အလှန် ပြောခန်းကို အသံထွက်ပြီး ဖတ်ရန် ဂျီးဒေါ်လှိုင်က အကြံပေးထားသည်။ ဖတ်ရ အဆင်ပြေကြစေရန် စကားသံအတိုင်း ရေးလိုက်သည်ဟုလည်း ဆိုသည်။)

တနေ့ တ၌ ဂျီးဒေါ် တယောက် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေလေ၏။ စကော တချပ်တွင် ဆန်များကို သွန်ထဲ့လိုက်ရင်း “ရွေးကောက်စရာကတော့ စပါးလုံး နဲ့ကျောက်ခဲပဲ ရှိမှာပါလေ” လို့ ညည်းတွေးလေး တွေးမိ ရှာ၏။ မျက်မှန် ထူထူကြီး အောက်မှ မျက်လုံးများသည် သူ့ရွေးကောက်ပွဲ အခင်းအကျင်းထဲမှ ကြွက်ချေး တချို့ တလေကိုလည်း မြင်မိအောင် မြင်လိုက်လေရာ သနားစိတ် ပိစိကွေးမျှ ပေါ်မိပေသေး၏။ ကြွက်ချေးလေးများကား သနားစရာ ကောင်းလှတော့၏။ သူတို့ ခမျာ စပါးလုံးတို့ ကျောက်ခဲ တို့လို အမာခံများ မဟုတ်လေရှာသဖြင့် စကော၏ တထောင့် တနေရာမှ အရွေး ခံရနိုးဖြင့် စောင့်ဆိုင်းနေရရှာလေ၏။
ထို စဉ် ...”ဂျီးဒေါ်...ဂျီးဒေါ်” ဟူသော အသံပြဲကြီးဖြင့် တူတော်မောင် သာဂိ တယောက် အော်ကြီး ဟစ်ကျယ် ၀င်လာရာ..
“အမလေး.. သာဂိရယ်... ဘာတွေများ အလန့်တကြား အော်လာရသတုံး”
“ရွေးကောက်ပွဲ သတင်းဗျ... ရွေးကောက်ပွဲသတင်း...”
“တော်စမ်းပါ.. သာဂိရယ်..။ သတင်း မဟုတ်တာတွေ လာပြောမနေနဲ့..။ ငါ့ရွေးကောက်ပွဲနဲ့ငါ အလုပ် ရှုပ်နေတာ...။ နင်တို့လိမ်ဆင်တွေ စိတ် မ၀င်စားဘူး...”
“ဒီမှာ.. ဂျီးဒေါ်ရေ .. ကျနော်တို့ မြို့က ဖွတ် အမတ်လောင်း..... ဦးပြောင်ကြီး တယောက် ...အသည်း ကွဲသွားတဲ့ သတင်း... ဗျ”
“ဟဲ့ ... ပလုတ်တုပ်... သူ့ အသက် အရွယ်ကြီးနဲ့ ဘယ်လိုဖြစ်လို့ အသည်းကွဲရသတုံး.. စည်းရုံးရေး ဆင်းတုံး ဘယ်ရွာက လေးဂွနဲ့ ဆော်လိုက်လို့တဲ့လဲ... မထိတ်သာ မလန့်သာ..။ ဒီ... ဦးပြောင်ကြီး ကလည်း ..ဟိုတခါ ..သရက်သုံးပင် ညီလာခံ ဆိုလား...သွားသွား ငိုက်.. အဲလေ ... တက်ကတည်း က... သူ့ကုန်စုံဆိုင် ၀ယ်သူ မရှိ ရတဲ့ ကြားထဲ...”
“သြော် .. ဂျီးဒေါ် ရယ်။ ဇာတ်လမ်းက အဲဒီ သရက်သုံးပင် ညီလာခံက စတာဘဲ။ ဦးပြောင်ကြီးက အဲဒီ ညီလာခံ တက်ရကတည်းက မြို့မိ မြို့ဖ ..မြို့ ခြေ မြို့ လက်..မြို့နားရွက် လုပ်နေတာ..။ သူ့ စိတ် ထဲ ..ဒီ ညီလာခံကြီး ... သူ့တသက် မပြီးဘူး မှတ်ထားတာ...။
ညီလာခံ ဆိုတာကြီးက ရုတ်တရက် ပြီးသွားတော့ သူလည်း မျောက်သစ်ကိုင်း လွတ်...။ ဘာလုပ်ရမှန်း မသိတာနဲ့ ...ညီလာခံတုန်းက သိခဲ့ ကျွမ်းခဲ့ ရတဲ့ လူကြီး လူကောင်းတွေ ဘောင်းဘီ ၀တ်သလို ၀တ်..ပြီး ပေါင်းရင်း သင်းရင်း...။ ညနေ ညနေ တုတ်တံကလေး တခု ကိုင်၊ အိတ်ကလေး လွယ်ပြီး.. အဲဒီ လူကြီးတွေ နဲ့ ..လိုက် လိုက် သွားရာက...ဂေါက် ရောဂါ ရပြန်ရော.. ..”
“ဟေ ... ဂေါက် ရောဂါ ရပြီး.. အသည်း ကွဲ သွားတာလား”
“ဂျီးဒေါ်ကလည်း.. ဝေးလိုက်တာ...ဂေါက်ရောဂါ ဆို တာ.... ဂေါက်သီး ရိုက် တာဗျ..ဂေါက်ကွင်းကို သွားတဲ့ လူကြီးလူကောင်းတွေနဲ့အတူ လမ်းက ကေတီဗွီဆိုင်မှာ ၀င် ၀င် ကဲ ကြတာပေါ့ဗျာ။ အဲဒီ မှာ... ကေတီဗွီဆိုင်က ကာရာအိုကေမလေး နဲ့ ညိသွား ရော...”
“ဗုဒ္ဒေါ... ဒီလူကြီး သေခါနီးကြီးက ... ဟုတ်ပါ့မလား သာဂိရယ်။ သူ့ မှာ သားကြီး မယားကြီးနဲ့ပါ ဟဲ့။ နေဦး... နင်တို့ ပြောတဲ့ ရွေးကောက်ပွဲ အတွက် ကေတီ ဗွီ ဆိုင်ကို စည်းရုံးရေး ဆင်းတာ ထင်ပါတယ် ဟယ်..”
“သြော်.. ဂျီးဒေါ်ရယ်.. ကျားကိုက်ပါတယ် ဆိုမှ. အပေါက်ကလေးနဲ့လား တဲ့..။ ခု ခေတ်ကြီးက.. မီဒီယာခေတ်.. ဂျီးဒေါ်ရဲ့ မီဒီယာခေတ်.. ။ သူ ညဉ့်နက်သန်းခေါင် ကေတီဗွီ သွားပြီး ကာရာအိုကေ မလေး နဲ့ ကဲနေတာတွေ ဘယ်သူက ဓာတ်ပုံရိုက် လိုက်သလဲ မသိ။ လက်ကိုင်ဖုန်းတွေနဲ့ အချင်းချင်း ပုံတွေ ပို့နေကြတာ သူ့ဓာတ်ပုံက တမြို့ လုံးကို ပွ နေဘီ.. ဟီး..ဟီး။ စည်းရုံးရေးဆင်းနည်း တမျိုး ပေါ့.. ဟီး ဟီး..ဟီး”
“အံ့ ဖွယ်သုတ ပါလားကွယ်”
“နောက်ဆုံးတော့ ... မြို့ထဲ သူ့သတင်းတွေ ပျံ့နေလွန်းလို့ သူတို့ အဖွဲ့က ဦးပြောင်ကြီး မသိအောင်.. တိတ်တဆိတ် စီစဉ် ... ကာရာအိုကေမလေးကို ငွေပေးပြီး နယ်နှင်လိုက်ရသတဲ့..။ ဒါတောင် သူတို့ အဖွဲ့က လူတွေက ကောင်မလေးကို သိန်း ၂၀ ပေးမယ် လို့ အစည်းအဝေးဆုံး ဖြတ်ချက် ချထားပေမယ့် ကောင်မလေးကတော့ ၁၀ သိန်းပဲ ရသွားသတဲ့....။ အခုတော့ ဦးပြောင်ကြီး အသည်းတွေ ဟက်တက် ကွဲနေရှာ သတဲ့... ဂျီးဒေါ်ရေ..”
“ကောင်မလေး သနားပါတယ်ကွယ်”
“အေးလေ ဗျာ... ။ အဲဒီလူ.. မြို့ မျက်နှာဖုံးစွပ်... ဖွတ်ကောင်ကြီးဗျ..။ တခါက .. ကျနော် သူ့ကို မေးဖူးတယ်။ ခင်ဗျား.. ပါတီ ထောင်မှာလား လို့ ဆိုတော့... ပါတီ နိုင်ငံရေးထက် အမျိုးသား နိုင်ငံရေးပဲ လုပ်မယ်တဲ့... အလကား... လူလိမ်ကြီး”
“ဟဲ့ ... သာ ဂိ ရယ်။ ဒီ တခါ ... နင် ... ဝေးသွားဘီ....။ ဟုတ်တယ်လေ ... ဂေါက် ရိုက်တယ်..။ ကေတီ ဗွီ သွားတယ်...။ ကာရာ အိုကေမလေးတွေ နဲ့ .. ကဲ တယ်။ အဲ ဒါ ... အမျိုးသား ..... နိုင် ငံ ရေး မဟုတ်လို့ ... ဘာတုံးးးး”
“ဂိန်”
[တိုက်ဆိုင်မှုရှိလျှင် ထိုသူ့ကို ရည်ရွယ်ပါသည်]

ဂျီးဒေါ်လှိုင်
စက်တင်ဘာ ၇၊ ၂၀၁၀
ရင်းမြစ်။ ။www.moemaka.blogspot.com 

ရွေးကောက်ပွဲကိစ္စ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ NLD တွေ့မည်

စစ်အစိုးရ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကိစ္စ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေရဲ့ အရေး စတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီရေး ဆောင်ရွက်နေတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ဒီကနေ့  ဆုံးဖြတ်လိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်သည့် ၂၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ၂၀ဝ၉ စက်တင်ဘာ ၂၇ ရက်နေ့က ကျင်းပစဉ် ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ ပိုစတာများဖြင့် အတူတွေ့ရသော အဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)

NLD ဒု- ဥက္ကဌ ဦးတင်ဦးနေအိမ်မှာ ဒီကနေ့ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှာ အခုလို ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်းနဲ့ ဒီ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ စီစဉ် ဆောင်ရွက်နေကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့တနေ့က သွားတွေ့ခဲ့တဲ့ ဆရာဦးဥာဏ်ဝင်းဆီက မှာကြားချက်တွေ၊ အဖွဲ့ချုပ်လူကြီးများရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပူးပေါင်းပြီးတော့ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်။ ခရီးစဉ်တွေ သွားမယ်၊ ပြည်နယ်တိုင်း ခေါင်းဆောင်တွေနဲ့ တွေ့မယ်၊ အဖွဲ့ဝင်ထုနဲ့ တွေ့မယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့မယ်ဆိုတာကို မူအားဖြင့် ကျနော်တို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ အသေးစိတ်ကိစ္စတွေကတော့ ဆက်ပြီးစီစဉ်ရအုံးမှာပါ”

ပြီးခဲ့တဲ့အပတ်က တိုင်းရင်းသားတွေရဲ့ အရေးကိစ္စရပ်တွေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပညာပေးတွေ၊ လူငယ်အရေးတွေနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေဦးဥာဏ်ဝင်းကတဆင့် အဖွဲ့ဝင်တွေကို မှာကြားခဲ့ပါတယ်။

ဒီ မှာကြားချက်တွေကို ပါတီဝင်ထုကနေ လူထုကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်အောင် ရှင်းလင်း ပြောပြဖို့အတွက် ပြည်နယ် တိုင်းအသီးသီးကို ခရီးစဉ် စတင်ဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။

အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ အမျိုးသမီးအဖွဲ့ ခေါင်းဆောင်တွေနဲ့ လူငယ်အဖွဲ့တွေရဲ့ ဒီတခေါက်ခရီးစဉ်မှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးမယ့်အကြောင်း ဦးအုန်းကြိုင်က ဆက်ပြီး ရှင်းပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဝင်ထု၊ ပြည်သူထု၊ တိုင်းရင်းသားအရေးနဲ့ ပြောချင်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးမှုတွေ၊ သဘောထားတွေကို ကျနော်တို့က ကြေလည်အောင် ရှင်းပြကြဖို့၊ လူငယ်တွေ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်တွေကို ရှင်းပြဖို့ ဖြစ်ပါတယ်”

NLD ခေါင်းဆောင်တွေရဲ့ ဒီကနေ့ အစည်းအဝေးမှာ လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကျရောက်မယ့် NLD ပါတီ ထူထောင်တဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို ဦးတင်ဦးနေအိမ်မှာ ကျင်းပဖို့ အတည်ပြု ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ရင်းမြစ်။ ။RFA

Monday, September 6, 2010

ရွှေစင့် စပွန်ဆာ ဘယ်သူပေး

လက်ရှိ ၀င်ငွေထက် ငွေကြေးသုံးစွဲမှု များနေသည့် တက်သစ်စ မော်ဒယ်လ်ရွှေစင်ကို ပြည်တွင်းဂျာနယ် များနှင့် အနုပညာ အသိုင်းအ၀န်းတွင် ဝေဖန် ပြောဆိုနေကြပြီး မည်သည့်ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်နှင့် ငြိစွန်းနေသည်ကိုလည်း သိချင် နေကြသည်။ 

shwe-sinn01“ဟန်းဖုန်းက LV တံဆိပ် (Limited Edition) သိန်း ၃၆၀ ပေးရပါတယ်။ လက်ရှိမှာတော့ Branded တွေကို အကြိုက်များနေ တယ်။ Branded တွေကိုပဲ setလိုက် ၀ယ်သုံး ဖြစ်တယ်။ ဈေးဝယ်ထွက်တဲ့အခါမှာလည်း ပြည်ပမှာ ဈေးဝယ်ဖြစ်တယ်။ ဈေးတခါဝယ်ရင် ဒေါ်လာ ၉ သောင်း နဲ့ ၁ သိန်းကြား သုံးဖြစ်ပါတယ်” ဟု မော်ဒယ်လ် ရွှေစင်က  သြဂုတ်လ ၁၉ ရက်နေ့ထုတ် 7 day  ဈေးဝယ်လမ်းညွှန် ဂျာနယ်တွင် ဖြေဆိုထားသည်။

သူ၏ ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ သြဂုတ်လအတွင်း ဖြန့်ချိခဲ့သည့် The Crime ဂျာနယ်နှင့် အင်တာဗျူးတွင်လည်း  “ဒီကိုလာစတုန်းက မာ့ခ်တူး အလုံးလေးတွေကို သဘောကျနေတဲ့ အချိန်ဆိုတော့ မာ့ခ်တူး ၀ယ်ဖြစ်တယ်။ ရှုတင်သွားရင် ပစ္စည်းက အရမ်းများတော့ တစီးတည်းနဲ့ အဆင်မပြေဘူး။ ဒါနဲ့ နောက်တစီး ၀ယ်မယ်ဆိုပြီး စဉ်းစားလိုက်တော့ အဲဒီအချိန်မှာ မာစီဒီးကို အရမ်းကြိုက်နေတာနဲ့ မာစီဒီးပဲ ၀ယ်ဖြစ်သွားတယ်။ နောက်တစီးက စီလီယာ တူးဒိုးလေး။ ပြိုင်ကား ဒီဇိုင်းလေး ဆိုတော့ ညနေပိုင်း အရမ်းပင်ပမ်းနေရင် အမိုးလေးဖွင့်ပြီး စိတ်ပြေလက်ပျောက် မောင်းဖို့ ဝယ်လိုက်တယ်” ဟု ဖြေဆိုခဲ့သည်။

မော်ဒယ်လ်ရွှေစင်သည် မန္တလေးသူတဦးဖြစ်ပြီး ၂၀၀၉ ခုနှစ် တွင် ကျင်းပခဲ့သော Step Fashion Boy & Girl Model & Photo Contest 2009 တွင် ၀င် ရောက် ယှဉ်ပြိုင်ရာမှ ဆုရရှိခဲ့ပြီး အနုပညာလောကသို့ စတင် ၀င်ရောက်လာသူဖြစ်သည်။

ဂျာနယ်နှင့် မဂ္ဂဇင်း စာမျက်နှာများပေါ်တွင် အထက်ပါအတိုင်း ဖြေကြားခဲ့ပြီးနောက် ဝေဖန်ပြောဆိုမှုများ ပြင်းပြင်းထန်ထန် ပေါ်ထွက်လာခဲ့သည့်အပြင် တက်သစ်စ မော်ဒယ်လ်တဦးအနေနှင့် ယခုကဲ့သို့ သုံးစွဲနိုင်ခြင်းကြောင့် မြန်မာနိုင်ငံမှ မော်ဒယ်လ်များ၊ သရုပ်ဆောင်များ ၀င်ငွေ ကောင်းနေပြီလား ဟု Weekly Eleven ဂျာနယ်တွင် ရေးသားထားသည်ကိုလည်း တွေ့ရသည်။ 

Weekly Eleven ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ ကိုဝေဖြိုးက “ တိုင်းပြည်က ဆင်းရဲနေတယ်။ တိုင်းပြည်မှာရှိတဲ့ လူတော်တော် များများက ငွေကို ဒီလောက်အထိ မသုံးနိုင်ဘူး။ လူတော်တော်များများက တနေ့စာ တနေ့ကို အနိုင်နိုင် ရှာဖွေနေရတဲ့ အချိန်မှာ ဒီလိုစကားမျိုး ပြောတယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ ကြွားပဲပြောပြော၊ ဘာပဲပြောပြော ရေးသားဖော်ပြတဲ့လူက နောက်ကွယ်က အကြောင်းကို သိကို သိမှရမယ်။ မြန်မာနိုင်ငံရဲ့ သရုပ်ဆောင် မော်ဒယ်လ်လောက ရဲ့အခြေအနေကို အားလုံးသိပြီးသားပါ” ဟု ယင်းဂျာနယ်တွင် ရေးသား ဖော်ပြထားသည်။

“တက်သစ်စ မော်ဒယ်လ်တယောက်က  မြန်မာငွေ သိန်း ဆယ်ဂဏန်းတောင် သုံးဖို့ဆိုတာ မလွယ်သေးပါဘူး။ ဒီအခြေ အနေမှာ သူ့အနေနဲ့ ဒီလောက်သုံးနေတယ် ဆိုတာတွေ ဖြေထားတော့ ဒီဝင်ငွေက ဘယ်ကရနေလည်း ဆိုတာ လူစိတ်ဝင်စားစရာ ပို ဖြစ်လာစေတယ်” ဟု နာမည်ကြီး ဓာတ်ပုံဆရာ တဦးက ပြောသည်။

မြန်မာပြည် အနုပညာလောကတွင် ရုပ်ရည်ချောမောသည့် အနုပညာရှင်သစ်များ ပေါ်ထွက်လာပါက ငွေကြေးထောက်ပံ့မည့် စီးပွားရေး လုပ်ငန်းရှင် (စပွန်ဆာ) ကြီးများ ပေါ်ထွက်လာတတ်သည်။

shwe-sinn02“နာမည်ကြီးပြီး ရုပ်ချောတဲ့ မော်ဒယ်လ်တို့၊ မင်းသမီးတို့ ပေါ်လာပြီဆို ငွေတတ်နိုင်တဲ့ စီးပွားရေးသမားတွေက အရင် လာ ကြတာ။ ဒီလောကထဲ စ၀င်တာ အချိန်ဘယ်လောက်မှ မရှိသေးဘူး၊ ငွေတွေ ဒီလောက် သုံးနေတယ်ဆိုတော့ တော်ရုံ စီးပွားရေး လုပ်ငန်းရှင်တော့ မဟုတ်ဘူး။ ဒါကြောင့် အချိန် ခဏအတွင်းမှာ ငွေသုံးတာက အစ၊ ဖုန်းဆိုလည်း တော်ရုံ ၀ယ်လို့မရတဲ့ ဟာမျိုးတွေ ၀ယ်ပေးထားတာလို့ သိရတယ်” ဟု ပြည်တွင်း ဂျာနယ်လောကမှ ၀ါရင့်သတင်းထောက်တဦးက ဆိုသည်။

မော်ဒယ်လ်ရွှေစင်သည် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် တဦး၏ ငွေကြေးထောက်ပံ့မှုကို ခံနေရကြောင်းပြည်တွင်း ဂျာနယ်လောကမှ သတင်းထောက်တဦးက ဆိုသည်။ 

“မော်ဒယ်လောက ဆိုတာလည်း သိတဲ့အတိုင်း အကပ်မရှိရင် ပေါက်ဖို့ မလွယ်ဘူး။ ပိုက်ဆံ မရှိရင် လုပ်ဖို့မလွယ်ဘူး။ အေဂျင်စီနဲ့ ချိတ်ထားလို့ ကိုယ့်ကိုခေါ်ရင် သောင်းဂဏန်းလောက်တော့ ရတာပေါ့။  ဒါကြောင့်လည်း ထောက်ပံ့ပေးမယ့် လူတွေ ရှာကြတာ” ဟု မိတ်ကပ်လိမ်းသည့် အလှဖန်တီးရှင် တဦးက ပြောသည်။

“မော်ဒယ်လ်လောကမှာ ရှိတဲ့ လူတိုင်းကိုတော့ ဒီလို လုပ်စားနေတယ်လို့ မပြောချင်ပါဘူး။ အနုပညာကို စိတ်ဝင်စားပြီး မော်ဒယ်လ် လောကထဲ ၀င်လာတဲ့သူတွေ ရှိပါတယ်။ ခက်တာက မြန်မာပြည် မော်ဒယ်လ် ဈေးကွက်ကလည်း နိုင်ငံတကာလောက် မကျယ်ပြန့်ဘူး။ ရတဲ့ ငွေကြေးနည်းတယ်။ ပွဲတခုမှာ ပါမယ်ဆို ကိုယ်ကတောင် ပြန်စိုက်ရမယ့် အနေအထားတွေ ရှိနေတော့ ငွေချမ်းသာတဲ့ သူတွေရှာပြီး ပျက်စီးကြတာများတယ်” ဟု နာမည်ကြီး မော်ဒယ်လ်အေဂျင်စီမှ တာဝန်ရှိသူတဦးက ပြောသည်။

ရင်းမြစ်။ ။ဧရာဝတီ

ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေး မပေးသွင်းနိုင်၍ နိုင်ငံရေးပါတီများ၏ တင်သွင်းနိုင်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အရေအတွက် မျှော်မှန်းထားသည်ထက် နည်းပါးခဲ့ရ

   
စနေနှင့် တနင်္ဂနွေ ရုံးပိတ်ရက်များတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်းကို ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၂၆ ရက် ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။ ယင်းကဲ့သို့ စနေနှင့် တနင်္ဂနွေနေ့များတွင် အမည်စာရင်း တင်သွင်းခြင်းကို ဆောင်ရွက်နိုင်ခဲ့သည့် အပေါ် နိုင်ငံရေးပါတီများက ကြိုဆိုခဲ့ကြသော်လည်း မှတ်ပုံတင်ကြေး ကျပ်ငါးသိန်း မပေးသွင်းနိုင်၍ နိုင်ငံရေးပါတီများ၏ တင်သွင်းနိုင်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အရေအတွက် မျှော်မှန်းသည်ထက် နည်းပါးခဲ့ရကြောင်း နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။  "ရန်ကုန်တိုင်းမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ်လောင်း ၄၅ ယောက် မျှော်မှန်းထားပေမယ့် အယောက် ၂၀ လောက်ပဲ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ဖြစ်လာပါတယ်။ ပေးသွင်းရမယ့် ငွေကြေး မပြည့်လို့ အခုလို လျော့သွားရတာပါ"ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်က ပြောကြားခဲ့သည်။ မျှော်မှန်းထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရေအတိုင်း အမည်စာရင်း တင်သွင်းနိုင်ခဲ့သည့် နိုင်ငံရေးပါတီအချို့လည်း ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ နိုင်ငံရေးပါတီ  တစ်ပါတီသည်  အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် မိမိပါတီကို ကိုယ်စားပြု၍ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်လျှင် ယင်းပါတီအား မှတ်ပုံတင်ခွင့် ပြုခဲ့ခြင်းကို ပယ်ဖျက်ရမည်ဖြစ်ရာ ယခု ကျင်းပသွားမည့် ရွေးကောက်ပွဲများတွင် အနည်းဆုံး မဲဆန္ဒနယ် သုံးနယ် ၀င်ရောက် မယှဉ်ပြိုင်နိုင်သည့် နိုင်ငံရေးပါတီလည်း ရှိကြောင်း စုံစမ်းသိရှိရကြောင်း ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။