Friday, September 3, 2010
GSM နှင့် CDMA ဖုန်းလိုင်းများတွင် အင်တာနက်သုံးစွဲနိုင်တော့မည်
 ဂျီအက်စ်အမ်နှင့် စီဒီအမ်အေ မိုဘိုင်းဖုန်းလိုင်းများတွင် ဒေတာဖြတ်သန်းစီးဆင်းပြီး အင်တာနက်သုံးစွဲနိုင်ရန် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စမ်းသပ်လျက်ရှိရာ စမ်းသပ်မှုအောင်မြင်ပါက အများပြည်သူသို့ သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာန၊ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ "ငါးသိန်းတန်ဖုန်းလိုင်း၊ ၁၅ သိန်းတန်ဖုန်းလိုင်းရယ်လို့ မဟုတ်ဘူး။ စမ်းသပ်မှုအခြေအနေ ကောင်းမွန်တဲ့လိုင်းကို အရင်ပေးသုံးသွားမှာပါ။ ဂျီအက်စ်အမ်လိုင်းတွေရော၊ စီဒီအမ်အေလိုင်းတွေရောပါတယ်။ Data ဖြတ်သန်းနိုင်မှုကို စမ်းသုံးနေတယ်။ ဘယ်ဖုန်းလိုင်းမှာရမယ်၊ ဘယ်တော့လောက်ရမယ်ဆိုတာတော့ မသိသေးဘူး" ဟု၎င်းကပြောသည်။ ထိုကဲ့သို့ မိုဘိုင်းဖုန်းလိုင်းမှတစ်ဆင့် အင်တာနက်သုံးစွဲခြင်းကို EVDO နည်းပညာအပေါ်အခြေခံ၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အသံနှင့် ဒေတာ နှစ်မျိုးလုံးကို ဖုန်းလိုင်းပေါ်မှတဆင့် သယ်ဆောင်အသုံးပြုခွင့် ပေးခြင်းဖြစ်သည်။ သို့ရာတွင် အဆိုပါဝန်ဆောင်မှုကိုရရှိရန် မည်ကဲ့သို့လျှောက်ထားရမည်နှင့် မည်မျှကုန်ကျမည်ဆိုသည့် အချက်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ မိုဘိုင်းဖုန်းများတွင် အင်တာနက်သုံးစွဲခြင်းနှင့်ပတ်သက်၍ လူကြီးမင်းဖုန်းဆိုင်မန်နေဂျာ ဦးကိုကိုအောင်က "အခု မိုဘိုင်းဖုန်းတွေမှာ အင်တာနက်သုံးနိုင်တယ်ဆိုတာက ဖုန်းလိုင်းပေါ်ကနေ မဟုတ်ပါဘူး။ ၀ိုင်ဖိုင်သုံးတဲ့နေရာမျိုးတွေမှာ ၀ိုင်ဖိုင်ဖမ်းယူနိုင်တဲ့ လက်ကိုင်ဖုန်းတွေကတဆင့် အသုံးပြုနေကြတဲ့သဘောပါ။ ဒါပေမယ့်လည်း ကွန်နက်ရှင်က အရမ်းနှေးပါတယ်" ဟုပြောသည်။ ထိုကဲ့သို့ မိုဘိုင်းဖုန်းပေါ်မှတဆင့် အင်တာနက်သုံးစွဲနိုင်ပါက e-Commerce စနစ် ပေါ်ပေါက်လာမှုအတွက် ကောင်းမွန်သော အဆင့်တစ်ခုဖြစ်ပေါ်လာနိုင်မည်ဖြစ်ပြီး မိုဘိုင်းဖုန်းအသုံးပြု၍ အွန်လိုင်းမှတဆင့် ကုန်သွယ်မှုများကို ဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Written By - မြင့်ကျော်လှိုင် Credit - Internet Journal, Vol(11) issue(33)
နိုင်ငံ့ဝန်ထမ်း ခြွင်းချက်နှင့် ပတ်သက်၍…
“..ကော်မရှင်က လက်မခံရင် ပြည်သူ လူထု အတွင်း ဖော်ထုတ် ကန့်ကွက် ရှုတ်ချ ရမယ်..”
ပြည်သူ့လွှတ်တော်   ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ...သုံး မျိုးစလုံးမှာ  .....ပုဒ် မ (၁၀) အောက် ပါ ပုဂ္ဂိုလ်များသည်  ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်  မရှိစေ ရ...ဆိုပြီး  (က) (ခ) (ဂ) တွေနဲ့ ဖော် ပြ ရာမှာ...(ဋ) နိုင်ငံ့ ၀န်ထမ်း..ဆိုတာလည်း
ပါ ပါတယ်။ တဆက်တည်း   ခြွင်းချက်လည်း  ပါ ပါတယ်။
ခြွင်းချက် -----  ယင်းစကားရပ်သည်  ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ   ဖွဲ့ စည်းသော လွှတ်တော်များတွင်  ရွေးချယ် ခန့်ထားခြင်း ခံရသည့်  တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် လည်းကောင်း ၊ လွှတ်တော်များရှိ အဖွဲ့အစည်း များတွင် ရွေးချယ် ခန့်အပ်ခြင်းခံ ရသည့်  နိုင်ငံ့ဝန်ထမ်းများနှင့် လည်းကောင်း မသက်ဆိုင် စေရ ...... လို့ ပါပါတယ်။
 ဒီ စကားရပ် အရ  လွှတ်တော် မရှိသေးတဲ့  ယခု ကာလမှာ ရှိနေတဲ့  ၀န်ထမ်းတွေဟာ   အထက်ပါ ခြွင်းချက် နဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူး ဆိုတာ ရှင်းနေပါတယ် ။  ဒါပေမဲ့ ... အတည် မဖြစ်သေးတဲ့  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ   မူကြမ်း က...အခန်း(၄) ဥပဒေ ပြုရေး အောက်က  ပုဒ်မ (၁၂၁) - - အောက်ပါ ပုဂ္ဂိုလ် များ သည်  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်   မရှိစေ ရ ... ဆိုတဲ့ အောက်က ပိုဒ် ခွဲ (ည)  မှာ လည်း .. နိုင်ငံ့ ၀န်ထမ်း  ဆိုတာ ပါလာပြန်ပြီး  ခြွင်းချက်ကလည်း   ဆက်ပါ လာပါတယ်။
ခြွင်းချက် -------   ယင်း စကားရပ်သည်  ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အရ ဖွဲ့စည်း သော  လွှတ်တော်များ နှင့်  အဖွဲ့ အစည်းများတွင်  ရွေးချယ် ခန့်အပ်ခြင်း ခံ ရသည့်   တပ်မတော်သားများ  အပါအ၀င်   နိုင်ငံ့ဝန်ထမ်းများနှင့်  မသက်ဆိုင် စေ ရ   ...  လို့ ပါပြန် ပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်က ထုတ်တဲ့  လွှတ်တော် သုံးမျိုး ဥပဒေရဲ့ နိုင်ငံ့ဝန်ထမ်း ခြွင်းချက် နဲ့   ဖွဲ့စည်းပုံ အခြေခံ ဥပဒေ က နိုင်ငံ့ဝန်ထမ်း ခြွင်းချက်  နှစ်ခုဟာ    တူသယောင်နဲ့ ကွဲလွဲချက် ရှိနေတာ   သေသေချာချာ  ဖတ်ရင် တွေ့နိုင်ပါတယ်။
လွှတ်တော် များ နှင့် အဖွဲ့အစည်းများတွင်... ဆိုတာနဲ့ လွှတ်တော် များရှိ အဖွဲ့အစည်း များ တွင် ဆိုတာ  မတူပါဘူး။  လွှတ်တော်များနှင့် အဖွဲ့အစည်းများ  ဆိုတာက လွှတ်တော်ထဲမှာရော  အပြင်မှာရော လို့
ကျယ်ပြန့်မှု ပါပေမဲ့  လွှတ်တော်များရှိ အဖွဲ့အစည်းများ ဆိုတာက   လွှတ်တော်ထဲ နှင့်သာ ဆိုင်ပါတယ်။ တကယ် လက်တွေ့ မှာ  အများကြီး ခြားနားသွားနိုင်ပါတယ်။
  ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ မူကြမ်း   အခန်း(၁၄)
ကူးပြောင်းရေးကာလ  ပြဋ္ဌာန်းချက် များ
ပုဒ်မ  ၄၄၃
ဤ ဖွဲ့ စည်းပုံ  အခြေခံ ဥပဒေ  အာဏာ တည်သည့်နေ့ မတိုင်မီ နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကောင်အထည် ဖော်ရေးအတွက် ကြိုတင် ဆောင်ရွက်သည့်  လုပ်ငန်းရပ်များသည်  ဤ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ  ဆောင်ရွက်သည်ဟု မှတ်ယူရမည်။ ......ဆိုတဲ့  အပိုဒ် ရဲ့ ဆိုလိုချက်ဟာ    သူ့  ဖွဲ့စည်းပုံ ထဲမှာပါတဲ့ .... ပုဒ်မ (၁၂၁) ရဲ့ ပုဒ်မခွဲ (ည) ပါ  ခြွင်းချက် ကို ခြုံငုံမိပါတယ်။ လွှတ်တော်များနှင့်  အဖွဲ့အစည်းများတွင် ဆိုတဲ့  စကားရပ်ကို ခြုံငုံ မိပါတယ်။
သဘော ကတော့  သူ့ဟာ နဲ့ သူတော့  ဟုတ်နေတာပေါ့။  ဖုံးလိုက် ဖွင့်လိုက်။
ဒါပေမယ့်  ဒီ ပုဒ်မ (၄၄၃) အရ  လုပ်တဲ့   ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းခြင်း၊ ယင်း ကော်မရှင်မှ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်လွှတ်တော်  ဆိုတဲ့ လွှတ်တော် သုံးခု ရဲ့ ဥပဒေ များ ထုတ်ပြန်ခြင်း တို့ကိုလည်း  ခြုံငုံ မိနေပြန် ပါတယ်။
ဒါဖြင့် .. ဒီရွေးကောက်ပွဲ ကော်မရှင်က ထုတ်တဲ့   ဥပဒေထဲ ပါတဲ့ အချက်တွေကလည်း  ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်း ရဲ့ ပုဒ်မ(၄၄၃) အရ လုပ်ထားတယ်လို့  မှတ်ယူ ရမှာမို့  သူ့ကိုလည်း “ဒါတော့မပါဘူးဗျာ” ဆိုပြီး ဘွာခတ် လို့ မရ နိုင်ပေဘူး။  ဒီတော့  ကော်မရှင်က ထုတ်ပြန်တဲ့ လွှတ်တော် သုံးမျိုး ဥပဒေ  ပုဒ်မ(၁၀) ပုဒ်မ ခွဲ (ဋ) နဲ့ ခြွင်းချက် များမှာ ပါတဲ့  “လွှတ်တော်များရှိ  အဖွဲ့အစည်း များတွင် ရွေးချယ် ခန့်ထားခြင်း ခံ ရသည့်  နိုင်ငံ့ ၀န်ထမ်း များနှင့်လည်းကောင်း မသက်ဆိုင်စေရ”  ဆိုတာကိုလည်း ဘွာခတ် လို့မရ နိုင်ပေဘူး။
ဒါဆို လွှတ်တော် ဆိုတာ  မရှိသေးတော့  လွှတ်တော်များရှိ အဖွဲ့အစည်းများ ဆိုတာလည်း ဘယ် ရှိတော့မလဲ။  ဒါကြောင့် ဘယ် ၀န်ထမ်းမှ  ဒီ ပုဒ်မခွဲ (ဋ) ရဲ့ ခြွင်းချက်ကို  ခံစားခွင့် ရှိမယ် မဟုတ်ပါဘူး။
ကဲ...တိုက်ရိုက်ပဲ ပြောမယ်ဗျာ..။
ဝန်ကြီးချုပ် ဦးသိန်းစိန် အစရှိတဲ့  အခြား ၀န်ကြီး  ဦးဌေးဦး၊ ဦးမောင်ဦး၊ ဦးအောင်သောင်း စသဖြင့် .....စသဖြင့် တွေဟာ လွှတ်တော် မရှိသေးတဲ့ ကာလမှာ ဖြစ်လို့ လွှတ်တော်ထဲရှိ အဖွဲ့အစည်းများရဲ့ ၀န်ထမ်း  မဟုတ်လို့ ကိုယ်စားလှယ်လောင်း မဖြစ်နိုင် သူများ  ဖြစ်ပါတယ်။ သို့ ပေမယ့်   အတည်မပြု ရသေးတဲ့  ဖွဲ့စည်းပုံ ထဲက အခြေခံ ဥပဒေ ပုဒ်မ  (၁၂၁) (ည) အရ  တော့   လွှတ်တော်များ နှင့် အဖွဲ့ အစည်းများ တွင်... ဆိုတော့  လွှတ် တော် မဟုတ်တဲ့ အဖွဲ့ အစည်းများမှာ ပါတဲ့ ၀န်ထမ်းမို့ ခြွင်းချက်နဲ့ ကိုက်ညီလို့  ကိုယ်စားလှယ်လောင်း  ဖြစ်နိုင် နေပြန် ရော။
ဒီတော့ အတည် မပြု သေးတဲ့  ဖွဲ့စည်းပုံထဲက  ဥပဒေ ပုဒ်မ တွေကို  လိုက်နာမလား…ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ပုဒ်မ ၄၄၃ က ခွင့် ပြုချက် အရ ဖွဲ့စည်းထားတဲ့  ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေတွေကိုပဲ  လိုက်နာ မလား ဆိုတာ ဒွိဟ ဖြစ်လာပါတယ်။
 တကယ်တော့ ဥပဒေကြမ်း အတည်မပြုသေးခင် ကာလ မှာတော့ ကူးပြောင်းရေး ကာလ ပြဋ္ဌာန်းချက်များနဲ့  ပုဒ်မ ၄၄၃ ကိုပဲ လိုက်နာရမယ်။  ဒါ့ကြောင့်  ကော်မရှင် က ပြဋ္ဌာန်းထားတဲ့  ဥပဒေ တွေကိုပဲ လိုက်နာရမယ်။  ဦးသိန်းစိန် က အစ တခြား ၀န်ကြီးတွေ ၊ ဒု ၀န်ကြီးတွေ အကုန်လုံးဟာ ကိုယ်စားလှယ်လောင်း မဖြစ်နိုင်တဲ့ ၀န်ထမ်း တွေပဲ ဖြစ်တယ်။  ဘယ်ခြွင်းချက်ကိုမှ  ခံစားခွင့်  မရှိဘူး။  အတည် ဖြစ်ဖြစ်  မဖြစ်ဖြစ်  ပြည်သူက  ၉၂.၄၈ %  နဲ့ အတည်ပြု ထားတယ်ဆိုတဲ့   ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ကပဲ  အရာရာ လွှမ်းမိုး ရမယ် လို့  ဇွတ်ကြီး ပြောဆို လာကြမယ် ဆိုရင်တောင်  ...အဲဒီ ဥပဒေကြမ်း ရဲ့...                                         
အခန်း(၅)   အုပ်ချုပ်ရေး ဆိုတဲ့      ခေါင်းစဉ် အောက်က
                   ပုဒ်မ (၂၃၂)   ပြည်ထောင်စု ၀န်ကြီးများအား ခန့် အပ်တာဝန် ပေးခြင်း
                   ပုဒ်မခွဲ (ဋ)
 ပြည်ထောင်စု ၀န်ကြီးသည်  နိုင်ငံရေး ပါတီ တခုခု ၏   အဖွဲ့ဝင် ဖြစ်လျင်  ပြည်ထောင်စု ၀န်ကြီး အဖြစ် ခန့်အပ် တာဝန်ပေးသည့်  နေ့မှ စပြီး  မိမိ ရာထူး သက်တမ်း  အတွင်း   ယင်း ပါတီ အဖွဲ့ အစည်း၏   ပါတီ လုပ်ငန်းများ တွင်  ပါဝင် ဆောင်ရွက်ခြင်း  မပြုရ။ .....လို့ ဆိုထားပါတယ်။
ဒီတော့  ဦးသိန်းစိန်  အမှူးပြု တဲ့  ၀န်ကြီးတွေဟာ ပြည်ထောင်စု ကြံ့ ခိုင်ရေးနဲ့  ဖွံ့ဖြိုးရေး ပါတီ  ရဲ့ ခေါင်းဆောင် အဖြစ် ကော်မရှင်မှာ  မှတ်ပုံတင် ထားတာဟာ   တရားမဲ့ လုပ်ရပ်  ဖြစ်သွားတော့မှာပေါ့။ အစတွေ ကတော့  ဟိုကထွက် ဒီကထွက်ပါပဲ။ တစ နင်း တစ ထောင် ဖြစ်နေဘီ။ ဘာပြု လို့  ဒီလို ဖြစ်ရ တာလဲ ဆိုတော့  စလုပ် ကတည်းက  ရိုးသားသန့်ရှင်းမှု  အခြေခံနဲ့ လုပ်ခဲ့ တာမှ မဟုတ်ပဲ။  ဟိုလူ့ ပိတ်ချင်  ဒီလူ့  ဖွင့်ချင်...။ ဟို အဖွဲ့အစည်းတော့ မပါ စေချင် ဒီ အဖွဲ့အစည်းတော့  အခွင့် အရေးတွေ ပိုရ စေချင်.. ဆိုတာတွေ နဲ့  လုပ်ခဲ့တာကိုး..။  ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာကလည်း  အခြေခံမူများ ကတည်းက  ဦးထောင် ပဲ့နင်း ဖြစ်နေတာပဲ...။
(င)  မှာ  တရား မျှတ ခြင်း၊  လွတ်လပ်ခြင်း ၊ ညီမျှခြင်း  တည်းဟူသော   လောကပါလ တရားများ  ပိုမို ထွန်းကားရေး ဆိုပြီး                   
(စ) ကျတော့...နိုင်ငံတော် ၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင်  တပ်မတော်က  ပါဝင် ထမ်းဆောင်နိုင်ရေး.... ဆိုပြီး  စစ်သား တမတ်သား မူကို   (စစ်သား က  တမူးသာ မူ) ချထားတော့   ... အစ မကောင်း တော့  အနှောင်း မသေချာ ဖြစ်ကုန် တာပေါ့..။  ဒါတွေ အကုန် လျှောက်ရေး ရင်  ပြောမဆုံးပေါင်  တောသုံးတောင် ဖြစ်တော့မယ်။  အစ က ပြောခဲ့ တဲ့  “နိုင်ငံ့ဝန်ထမ်း” ပဲ ပြန် ပြောရရင်... လွှတ်တော် သုံးမျိုး ရဲ့ ဥပဒေမှာ ပါတဲ့  ကိုယ်စားလှယ် ဖြစ်နိုင်ခွင့် မရှိတဲ့  နိုင်ငံ့ဝန်ထမ်း ဆိုတာထဲမှာ  ခြွင်းချက် ဆိုပြီး ထည့်ထား ပေမယ့်   အဲဒီ ခြွင်းချက်ဟာ  လက်ရှိ ကိုယ်စားလှယ် လောင်း စာရင်းတင် ထားတဲ့   ၀န်ကြီးတွေ ဒု ၀န်ကြီးတွေနဲ့  ဘာမှ မဆိုင်ဘူး။  သူတို့ မှာ  ကိုယ်စားလှယ်လောင်း ဖြစ်နိုင်ခွင့် မရှိဘူး...။  ဒါကြောင့်   ၀င်ရောက် အရွေးခံမယ့် ကျန် အဖွဲ့ အစည်း တွေက  ကန့်ကွက် ရမယ်။  ပြင်းပြင်း ထန်ထန် ကန့်ကွက် ရမယ်...။
 ပြည်သူ လူထု ကလည်း  ကန့်ကွက် ရမယ်...။ ကန့်ကွက်ချက် ကို  အချိန် အကန့် အသတ်ကြောင့်ပဲ ဖြစ်ဖြစ်၊ အခြား အကြောင်းမပြပဲဖြစ်ဖြစ်   ကော်မရှင်က  လက်မခံရင်   ပြည်သူ လူထု အတွင်း ဖော်ထုတ် ကန့်ကွက် ရှုတ်ချ ရမယ်..။
-          ရွေးကောက်ပွဲ ဥပဒေများ တရားမျှ တမှု  မရှိကြောင်း၊
-           ရွေးကောက်ပွဲ ကော်မရှင်ဟာ တရားမျှတမှု မရှိကြောင်းနဲ့  နောက်ဆုံး 
-          ရွေးကောက်ပွဲ ကြီး တခုလုံးဟာ တရားမျှတမှု မရှိ ကြောင်း..၊ အခွင့်အရေး  တူညီ မှုမရှိ ကြောင်း   ကမ္ဘာက သိအောင် ဖော်ထုတ် ကြရမှာ   အားလုံးရဲ့ တာဝန် ဖြစ်ပါတယ်။
မုန်းအောင်
စက်တင်ဘာ ၃၊ ၂၀၁၀
ရင်းမြစ်။ ။မိုးမခ
တရုတ်လူမျိုးအား မှတ်ပုံတင်ဖြင့်မက်လုံးပေး၍ ကြံ့ဖွတ်ပါတီကိုမဲပေးခိုင်း
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲကြံ့ဖွတ်ပါတီက လားရှိုးရှိတရုတ်လူမျိုးအားမှတ်ပုံတင်ဖြင့် မက်လုံးပေးပြီး ကြံ့ဖွတ်ပါတီကိုမဲပေးထောက်ခံရမည်ဟုကတိပေးခိုင်းကြောင်း စုံစမ်းသိရှိရပါသည်။ “တရုတ်တွေကိုမှတ်ပုံတင်လုပ်ပေးမယ်ပေါ့။ မှတ်ပုံတင်ရရင် ရွေးကောက်ပွဲနေ့မှာကြံ့ဖွတ်ပါတီကိုမဲပေးရမယ်လို့ ကတိ ပေးခိုင်းတယ်” ဟု လားရှိုးကုန်သည်တစ်ဦးကပြောပါသည်။
သြဂတ်စ် ၂၆ ရက် တာမိုးညဲပြည်သူ့စစ်ခေါင်းဆောင် တာမိုးညဲမြို့နယ်ခွဲကြံ့ဖွတ်ပါတီအကြီးအကဲ ဦးမြင့်လွင် (တရုတ် အမျိုးသား)က လားရှိုးမြို့ ပန်အွတ်(အမှတ် ၅ ရပ်ကွက်)ရှိတရုတ်များအားခေါ်ယူပြောဆိုခြင်းဖြစ်သည်။
“ကျေးလက်မှာလဲအိမ်ရှိတယ်။ မြို့ပေါ်လဲအိမ်ရှိတယ်။ ဒါပေမဲ့အဲ့တရုတ်တွေကမှတ်ပုံတင်မရှိကြဘူး။ လူဦးရေရာချီ တယ်။ အစည်းအဝေးခေါ်တော့ အယောက် ၂၀၀ ကျော်လောက်ဘဲလာထိုင်နားထောင်ကြတယ်” ဟု ၎င်းက ဆက်လက် ပြောပါသည်။
ဦးမြင့်လွင် ခေါ် ၀မ်ကော့တာ သည် ကွတ်ခိုင်မြို့နယ် တာမိုးညဲပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သည့်အပြင် ကြံ့ဖွတ် အသင်းအနေဖြင့် တာမိုးညဲမြို့နယ်ခွဲကိုယ်စားလှယ်အဖြစ် ညောင်နှစ်ပင်ညီလာခံကိုလည်း တက်ရောက်ဖူးသူဖြစ် သည်။ သျှမ်းပြည်မြောက်ပိုင်းတွင် ပန်းဆေးကျော်မြင့်ပြီးနောက် ဦးမြင့်လွင်သည် မူးယစ်ရာဇာအဖြစ်နာမည်ကျော် ကြားသူဖြစ်သည်။
ကျိုင်းတုံမြို့၌လည်း ဂျွန်လနှောင်းပိုင်းက အသက် ၁၀ နှစ်ပြည့်ကလေးမှတ်ပုံတင်အတွက် ကျပ်ငွေသိန်းချီကောက်ယူ သော်လည်း အသက် ၁၈ နှစ်ပြည့်သူများကြံ့ဖွတ်ပါတီထဲဝင်လျှင် မှတ်ပုံတင်အခမဲ့ပြုလုပ်ပေးမည်ဟု လ၀ကမြို့နယ် မှူးကစည်းရုံးခဲ့သည်။
ရင်းမြစ်။ ။သျှမ်းသံတော်ဆင့်
Thursday, September 2, 2010
လမ်းပေါ်က မချိုမြနိုင်တဲ့ ဘ၀တေးသံများ
(ရန်ကုန်မြို့၊ ညကလပ်တခုအတွင်း အမျိုးသားအဖော်ရှာဖွေရန် ကခုန်နေသူ အမျိုးသမီးငယ်များ)
           ထောင်ဘူးဝ တံခါးကနေ အပြင်ကိုခြေချမိတဲ့အခါ တပြိုင်နက် ဖြိုးဖြိုးဟာ သူ့လက်က အ၀တ်ထုပ်ကို သေချာကိုင်ပြီး အင်းစိန်တံတားအောက် အ၀တ်ဟောင်းဆိုင်တွေဆီ သုတ်ချေ တင်ပါတော့တယ်။
“လွတ်လူခေါ်တာနဲ့ အကျီအကောင်းတစ်စုံ သပ်သပ်ထုတ်ထားတယ်။ လွတ်လူက တစ်ရက် ကြိုခေါ်တော့ ကျမပြင်ဆင်ချိန်ရတယ်လေ။ နှစ်ကြီးသမားထဲက ကျမလုပ်ကိုင် ပေးတဲ့သူတွေက ကျမကို လွတ်ခါနီး အ၀တ်ကောင်းလေးတွေ ပေးထားတယ်။ ကျန်တာတော့ အထဲမှာကျန်ခဲ့တဲ့ကျမလို ဘ၀တူတွေကို နည်းနည်းဝေပေးလိုက်တယ်။ နောက်ကျန်တာကို အပြင်ထွက်ထွက်ချင်း ရောင်းပြီးလမ်းစရိတ် လုပ်ဖို့ နည်းနည်း ယူလာခဲ့တယ် ”လို့ အချိန်မတော် လမ်းလျှောက်မှုနဲ့ ထောင်ဒဏ် တလကျပြီး လွတ်လာတဲ့ ဖြိုးဖြိုးကပြောပါတယ်။ ဒါဟာသူတို့လို မိန်းကလေးတွေရဲ့ လတ်တလော ငွေရှာနည်း တစ်ခုပဲဖြစ်ပါတယ်။
လက်ထဲမှ အ၀တ်နှစ်စုံလောက်ကို ရောင်းချပြီးရင်တော့ သူ့လိုဘ၀တူ သူငယ်ချင်းတွေ နဲ့အတူစုငှားနေတဲ့ ဆင်ခြေဖုန်း ရပ်ကွက်လေးကို မြို့ပတ်ရထား စီးပြန်ရမှာလို့ ပြောပါတယ်။ သူ့လို ခန္ဓာကိုယ်ကို အရင်းအနှီးလုပ်ပြီး ငွေရှာဖွေရတဲ့ မိန်းကလေးတွေ အတွက် မြို့စွန်ဆင်ခြေဖုန်း ရပ်ကွက်ကလေးတွေက ဘော်ဒါဆောင် အသေးစားတွေက သူနေ့ဘက် အနားယူဖို့အတွက် နေရာတစ်နေရာတော့ ပေးနိုင်ပါလိမ့်မယ်။
“မနက်ပိုင်းကနေ နေ့လည်အထိအိပ်ပြီးရင် ညနေဆို ကျမတို့မြို့ထဲ ပြန်ဆင်း လာကြတယ်။ လမ်းမပေါ်မှာထက် ကလပ်အသေးလေးတွေပေါ်တက်ပြီး ဖောက်သည်ရှာရတာက ပိုလုံခြုံတယ်။ ကလပ်တွေကရဲကို ပိုက်ဆံပေးပြီးသားလေ။ ကျမတို့ဘ၀က ဒီလိုပဲရဲရယ်၊ ထောင်ရယ်၊ ရောဂါရယ်နဲ့ အကုန်လုံးကြောက်ရင်းနဲ့ သေမဲ့နေ့ လက်ချိုး စောင့်နေရတာ” လို့မျက်လုံးမှေးမှေး အသားဖြူဖြူ နှာတံပေါ်ပေါ်နဲ့ တရုတ်သွေးစပ်တဲ့ မသီတာက ပြောပြပါတယ်။
ကုန်တင်ကားမောင်းတဲ့ ဖခင်ကြောင့် ငယ်ငယ်ကပြည့်စုံခဲ့ပေမဲ့ ကားမှောက်ပြီး အဖေခြေ ထောက်ဖြတ်လိုက်ရချိန်မှာတော့ အလုပ်မျိုးစုံ ၀င်လုပ်ရင်း အိမ်ထောင်ကျ၊ အိမ်ထောင်ကွဲပြီး ရရာအလုပ်ဝင်လုပ်ရာက ဒီပြည့်တန်ဆာ အလုပ်မှာကျင်လည်ခဲ့ရ တာလို့ သူကပြောပါတယ်။
“အမေကအညာက အဖေနဲ့အိမ်ထောင်ကျပြီး မြို့ကိုရောက်လာတာ။ ပထမတော့ အညာပြန်မလားစဉ်းစား သေးတယ်။ ကျမတို့က မြို့မှာပဲကြီးလာတော့နယ်က အလုပ်တွေ ပြန်မလုပ်နိုင်ဘူး။ ကျမလား ရပ်ကွက်ထဲက လဘက်ရည်ဆိုင် ကုလား တစ်ယောက်နဲ့ ယူလိုက်သေးတယ်။ နောက်သားလေးတစ်ယောက် မွေးပြီး ဓလေ့စရိုက် မတူတော့ ကွဲသွားတယ်။ ကလေးလဲ ဆုံးသွားတယ်။ အညာဘက်က ကုန်တွေ ယူရောင်းသေးတယ်။ နောက်ရှုံးတာနဲ့ ရပ်လိုက်ပြီး ဒီအလုပ်ကို သူငယ်ချင်းက ခေါ်တာနဲ့ စမ်းလုပ်ရင်း လုပ်ဖြစ်သွားတာပေါ”့ လို့ သွားလေးပေါ်အောင် ရီရင်းမသီတာက ပြောပြခဲ့ပါတယ်။
သာမန်ဘွဲ့ရ မိန်းကလေးငယ်တွေတောင် အလုပ်အကိုင် အခွင့်အလမ်းများနည်းပါး နေတဲ့ ဒီနေ့ကာလမှာ လူနေမှု စရိတ်ကြီးမြင့်တာ ၊ ငွေရှာရခက်ခဲတာတွေဟာ ကိုယ့်ရဲ့မာန၊ ရပ်တည်မှုကို ငွေရှာရလွယ်ခြင်းနဲ့ လဲလှယ်ဖို့ နာရီမိနစ်နဲ့ အမျှတွန်းအားပေးနေသလိုပါပဲ။
(အမည်မဖော်နိုင်သည့် နေရာတွင် တွေ့ရသည့် အမျိုးသမီးပြည့်တန်ဆာအချို့)
အဲဒီလို ခက်ခဲတဲ့ စီးပွားရေး အခြေအနေမျိုးမှာ ကိုယ့်ပတ်ဝန်းကျင်က   မိန်းကလေးတွေ အလှပြင်ဆိုင်မှာ လုပ်ဖို့ အနှိပ်ခန်းမှာလုပ်ဖို့ လူခေါ်ပေးတဲ့ပွဲစားတွေက စည်းရုံးခေါ်ဆောင်ရာနောက် တဖြည်းဖြည်း ပါသွားကြတာကို မြင်တွေ့နေရတယ်လို့ အဲလိုဆိုင်တွေ အနှိပ်ခန်းတွေမှာ လုပ်ကိုင်နေကြတဲ့ မိန်းကလေးတွေကပြော ပြပါတယ်။ 
လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ကာရာအိုကေခန်းမ၊ နိုက်ကလပ် အသေးစားများ ၊ အလှပြင်ခန်း အမည်ခံ အနှိပ်ခန်းများမှာ သိသာစွာတိုးပွားလာနေပြီး ဒီလုပ်ငန်းတွေက တရားမ၀င်သော်လည်း မြို့တိုင်း နေရာတိုင်းမှာရှိနေတာလည်း မြင်တွေ့သိရှိနေရပါတယ်။ ဒီလုပ်ငန်းတွေကို နယ်မြေတာဝန်ရှိသူများ ကိုယ်တိုင် လဘ်ယူကာ မျက်စိမှိတ် ထားခဲ့တာကြောင့် နယ်မြို့များမှ မိန်းကလေးငယ်များ၊ အနှိပ်ခန်း၊ ကာရာအိုကေခန်းတွေဆီ တဖွဲဖွဲရောက်ရှိလာနေတာ ကြားရမြင်နေရပါတယ်။ အလှပြင်ဆိုင် အမည်ခံထားပြီး အနှိပ်ခန်းလုပ်နေတဲ့ ဆိုင်ပေါင်း ထောင်နဲ့ချီရှိလာတာဟာ နှစ်အနည်းငယ် အတွင်းမှာပါ။ ရန်ကုန်မြို့မှာ လွန်ခဲ့တဲ့ လေး ငါးနှစ်ကနဲ့ နှိုင်းစာရင် အနှိပ်ခန်းအရေအတွက်ဟာ ၅ဆမှ ဆယ်ဆ၀န်းကျင် အထိတိုးပွားလာခဲ့တာပါ။ ရန်ကုန်တိုင်းတတိုင်းလုံးမှာ စာရင်းအတိအကျမရပေမယ့်လို့ မြို့နယ်တစ်မြို့နယ်အတွင်း တိုးတက်လာတဲ့ ကိန်းဂဏန်းများအရ အထက်က အဆလောက် တိုးပွားလာနေတယ်ဆိုတာကို ပြဆိုနေတာပါ။
(အထက်ပါ ဗြူတီဆလွန်းတို့တွင် ငွေကြေးဖြင့် ပျော်ပါးနိုင်သည့် အမျိုးသမီးများ ရနိုင်သည်)
ဥပမာအားဖြင့် ယခင်နှစ်နှစ်ခွဲက အနှိပ်ခန်း ၃၀ ကျော်သာရှိတဲ့ ကျောက်တံတားမြို့နယ်မှာ ယခုလက်ရှိ တစ်ရာကျော်ရှိနေတယ်လို့ ရ၀တ၊ မ၀တနဲ့ အကောက်အစားလုပ်နေတဲ့ ရဲတွေရဲ့ ပြောဆိုချက်အရ သိရှိနိုင်တာပါ။
အနှိပ်ခန်းတွေ တိုးပွားလာတာနဲ့ အမျှလိုအပ်တဲ့ ငယ်ရွယ်သူ မိန်းကလေး ၀န်ထမ်းတွေကို နယ်မြို့တွေမှာ ရှာဖွေခေါ်ယူလာကြပါတယ်။ နယ်မြို့တွေမှာ အလုပ်အကိုင်အခွင့် အလမ်းရှားပါးခြင်း၊ စားဝတ်နေရေး ကြပ်တည်းခြင်းကြောင့် ၀န်ထမ်းရှာဖွေစုဆောင်းရတာ သိပ်အခက်အခဲမရှိဘူး လို့အနှိပ်ခန်း ပိုင်ရှင်တွေက ပြောပါတယ်။
စားဝတ်နေရေးကြောင့် ဒီဘ၀ကို မတတ်သာပဲရောက်ရှိ ခဲ့ရတဲ့ မိန်းကလေးတွေ ရှိသလို စိတ်အလိုလိုက်ပြီး မိမိရရှိတဲ့ ဘ၀အခြေအနေကို မရောင့်ရဲ မတင်းတိမ်နိုင် တာတွေကြောင့် ဘ၀ရေစုန်မျှောလိုက် နေတဲ့ အမျိုးသမီးငယ်တွေလည်း ရှိနေပါတယ်။ ဒီအချက်က အခြားသော ဖျားယောင်းသွေးဆောင်ခံရခြင်း တစ်ခုဖြစ်ပါတယ်။
“ကျမတို့က ပဲခူးဘက်ကပါ ။ အရင်ကတော့ မိဘတွေက မုန့်ဖိုထောင်တယ်။ နောက်စီးပွားကျလာတော့ ကျမတို့ သုံးဖြုန်းခဲ့တာတွေက အကျင့်ပါပြီး အသုံးစရိတ်လိုတာကိုရှာရင်း ဒီအလုပ်လုပ်ဖြစ်ခဲ့တယ်။ ရောဂါရှိမရှိ အရင်က စစ်မကြည့်မိဘူး။ စစ်လည်းမစစ်ချင်ဘူးလေ။ သိနေရင် ကျမစိတ်ဆင်းရဲမှာ မခံနိုင်ဘူး။ အခုတော့ ထောင် ထဲတစ်ခေါက်ရောက်တော့ တစ်နှစ်သမားတွေ ဆေးစစ်ရမယ်ဆိုလို့ စစ်ကြည့်မှ ရောဂါ ရှိတာသိတယ်။ ဒါကလည်း ကြိုတင်မျှော်လင့် ပြီးသားဆိုတော့ သိပ်မထူးဆန်းတော့ ပါဘူး။ တတ်နိုင်သလောက် မေ့ထားတယ်” လို့ ပြောရင်း သဲမာတစ်ယောက် သူ့လက်ထဲကသပွတ်တံနဲ့ မြေကြီးကို ၀ှက်ခြစ်လိုက်ပါတယ်။ ပြီးတော့သပွတ်တံမှာ ပါလာတဲ့ ဆံပင် အပိုင်းအပြတ် ကလေးတွေကို သေချာစုစည်းရင်းနဲ့ သူမက ဒါကျမတို့ လွတ်ရင် ရောင်းဖို့စုထားတဲ့ ဆံပင်တွေလေ။ အင်းစိန်ထောင်နားမှာတင် ဆံပင်ဝယ်တဲ့ဆိုင်တွေရှိတယ် လို့ ပြောပါတယ်။
ထောင်ကထုတ်ပေးတဲ့ ချည်သားအကျီ အဖြူရောင်ဖျော့ဖျော့နဲ့ သစ်ခေါက်ရောင် ဆိုးထားတဲ့  အညိုရောင် ချည်ထမီကို ၀တ်ထားတဲ့ သဲမာရဲ့ သွင်ပြင်က အပြင်  လောကမှာ   ကျင်လည် ကျက်စားစဉ်က အ၀တ်အစားနဲ့တော့ တစ်ခြားဆီကွာတယ်လို့ သူမကဖွင့်ဟပါတယ်။
ဒီအထဲမှာတော့ နှစ်ကြီးသမားတွေရဲ့ ဝေယာဝစ္စ တွေကိုလုပ်ပေးရင်း ထောင်ဝင်စာ အရေးတယူ လာတွေ့မဲ့သူ မရှိတဲ့သူမတို့ အတွက် တနေ့တာဝမ်းစာကို ရှာဖွေ စားသောက်နေရလေ့ရှိပါတယ်။အနှိပ်ခန်း အမည်ခံတဲ့အခန်းတွေက လာတဲ့ မာဆတ် သမလေးတွေကတော့ ညောင်းညာသူတွေကို တခါနှိပ်ရင် ကော်ဖီမစ်သုံးထုပ်နဲ့ သဲမာတို့ထက် အလုပ် ဖြစ်တာတော့ အမှန်ပါ။
“နာဂစ်ဖြစ်ပြီးနောက်ပိုင်း စီမံချက်ဆိုပြီးဖမ်းလာတဲ့ အထဲမှာ တော်တော်ငယ်တဲ့ မိန်းကလေးတွေပါလာတယ်။ ရုပ်ကလေးတွေက တော်တော် သနားကမားတွေပါတယ်။ ရောဂါလည်းမရသေးဘူး ။ဒါပေမဲ့သူတို့ကို မေးကြည့်တော့ အပြင်ရောက်လည်း ဒီအလုပ်ပဲ ပြန်လုပ်မယ်လို့ ပြောတာပဲ။ ကျမလုပ်သက် ၁၀နှစ်မှာ အများဆုံးတွေ့ရတဲ့ မျက်နှာတွေက ဒီလို သာ့တီးဒီ (၃၀ ဃ ပုဒ်မ) ပုဒ်မတွေပဲ။ စိတ်မကောင်းပေမဲ့ ကိုယ်လို ၀န်ထမ်းတွေတောင် ရတဲ့လစာနဲ့ မလောက်တာ ဘာမှလုပ်မပေးနိုင်ဘူးလေ” လို့ အင်းစိန်ထောင်မှ အမျိုးသမီးထောင်ဝန်ထမ်းက ပြောပြပါတယ်။
ဝေါကနည်းရွာချလိုက်တဲ့ မိုးကိုမျက်မှောင်ကြုတ် ကြည့်ရင်း မှတ်တိုင်ရဲ့ အမိုးအောက်ကို တိုးဝင်လာတဲ့ မသီတာက “မိုးရွာတဲ့မိုးတွင်းက ကျမတို့လို့လမ်းမှာပဲ ဖောက်သည်ရှာတဲ့ သူတွေအတွက် မကိုက်ဘူး။ ကလပ်ထဲမှာတော့ သူ့အချိတ်အဆက်နဲ့ သူဆိုတော့ဈေး ကောင်းရတယ်။ မရဘူးဆိုတောင် သောင်းဂဏန်း အထက်မှာရှိတယ်။ အပြင်မှာ ဆိုတော့ ရဲကိုလည်းရှောင်ရသေးတယ်။ အကြောက်ရဆုံးက ရဲခွေးလို့ ခေါ်တဲ့ ရဲသတင်းပေးတွေပဲ။ တစ်ချို့ဆို ရဲဘ၀ကနေ လာဘ်စားလို့ပြုတ်ပြီး ရဲသတင်းပေး လုပ်နေတာလေ။ သူတို့က တစ်ခါတလေ ရဲထက်တောင် ဆိုးသေးတယ်။ သတင်းပြန် မပို့အောင် သူတို့နဲ့ ညလိုက်အိပ်ပေးရတယ်။ ဒီနေ့ညတော့ ခြောက်ထောင်လောက် ရရင်လိုက်သွားမယ်” လို့သူမရဲ့ ဈေးကွက်အခြေအနေကို ရှင်းပြခဲ့ပါတယ်။
 (ရန်ကုန်မြို့ထဲ တရားမ၀င်ပြည့်တန်ဆာခန်းသို့ ညအချိန်တွင် လာရောက်လည်ပတ်သူ အမျိုးသား ၃ ဦး)
အခြားသော ရန်သူမျိုး တပါး
မသီတာတို့လို မိန်းကလေးတွေအတွက် နောက်ထပ် ရှောင်ရမဲ့ အထူးပုဂ္ဂိုလ်ကတော့ နယ်မြေဇိမ်ခေါင်းတွေပါ။ နယ်မြေတစ်ခုမှာ သူ့အပိုင်းအလိုက် ရဲကိုကျွေးမွေးပြီး ချိတ်ဆက်ပေါင်းထားတဲ့ ဇိမ်ခေါင်းတွေအဖို့ သူတို့ရဲ့ ဈေးကွက်ကို လာလုနိုင်မဲ့သူတွေကို ရဲကိုအသာလက်တို့ ပြီးဖြေရှင်းလေ့ရှိကြတယ်လို့ ပြောပြပါတယ်။
တရားရုံးရောက်ရင် တရားသူကြီးရဲ့ စီရင်ချက်ကို နယ်ထိန်းက ပြောင်းပေးနိုင်လို့ နယ်ထိန်းကလဲ ကျတော်တို့ ပူဇော်ပသရမဲ့ ပုဂ္ဂိုလ်ထဲက တပါးအပါအ၀င်ပေါ့လို့ ရဲစခန်းက ရိတ်လွှတ်လိုက်တဲ့ လေးကွက်ကြားဆံပင်ကို အသာပွတ်ရင်း မျက်စိမှေးမှေး ကိုမှေးသထက်မှေးအောင် လုပ်ရီရင်း ၀ူခုံးလို့ သူတို့လောကက နာမယ်ပေးထားတဲ့ လုပ်သက် ၈နှစ်မျှရှိသူက ပြောပြပါတယ်။
                   ဗုဒ္ဓဘာသာ ၀င်တွေအဖို့  ရန်သူမျိုးငါးပါး ရှိတယ်ဆိုတာ ငယ်စဉ်ကတည်းက သင်ကြားမှတ်ယူလာခဲ့ကြတာပါ။ မင်းဆိုတာလည်း ရန်သူမျိုး တစ်ပါးထဲမှာပါဝင်ပါတယ်။ အုပ်ချုပ်သူမင်းဟာ ရန်သူမျိုး တစ်ပါးဖြစ်တယ်ဆို မသီတာတို့အတွက်တော့ ရဲဟာ အဲဒီရန်သူပါပဲ။ ရန်သူကို တည့်အောင်ပေါင်းသင့်တဲ့ အခါပေါင်း၊ ပူဇော်သင့်တဲ့အခါ ပူဇော်လုပ်ပေမယ့် တခါတခါလည်း သူတို့ကြောင့် ဒုက္ခကောင်းကောင်း ရောက်ရတာလည်း ရှိပါတယ်။ 
            “ဒီလိုအလုပ် ဒီလိုဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့လူက ရှိတော့ရှိမယ်။ဒါပေမဲ့ ရှားပါလိမ့်မယ်။ ကိုယ့်ဘ၀ ကိုယ့်မိသားစု ရှင်သန်ရပ်တည်ဖို့ ဒီအလုပ်ကိုလုပ်ရပေမဲ့ ကျမဘယ်တော့မှ ကာမေသုမိစ္ဆာစာရကံကို မကျူးလွန်ဘူး။ အလုပ်အရ ခဏတာပေါင်း ရပေမဲ့ ကိုယ်နဲ့ အမြဲပေါင်းဖို့ ဘယ်တော့မှ မမြူဆွယ်ဘူး။အဲဒါ ကျမတို့ လုပ်နိုင်တဲ့တပါးသီလပဲ” လို့ ပြောရင်း သူမကိုလာခေါ်တဲ့ ဖောက်သည်ဆိုက်ကားပေါ် မသီတာ တက်ထိုင်ရင်းပါသွားပါတော့တယ်။
(ဓာတ်ပုံ - အင်တာနက်၊ ရည်ညွန်း -  http://felixfeatures.photoshelter.com/search?I_DSC=Asia+Prostitution&I_DSC_AND=t&_ACT=search )
ရင်းမြစ်။ ။မိုးမခ
Wednesday, September 1, 2010
အနုပညာရှင်များ ပြည်ပဖျော်ဖြေရေး သွားရန် စိုးရွံ့
ပြည်ပနိုင်ငံသို့ ဖြေဖျော်ရေး သွားရောက်ခဲ့သည့် အနုပညာရှင်များအား ပြည်ပရောက် မြန်မာများက ကန့်ကွက်ဆန္ဒပြကြ သောကြောင့် ပြည်ပခရီးစဉ်များ ထပ်မံ သွားရောက်ရန် စိုးရွံ့နေကြကြောင်း သိရသည်။
NewYork_Concertဇူလိုင်လနှင့် သြဂုတ်လမှ စတင်ကာ အင်္ဂလန်နိုင်ငံ လန်ဒန်၊ မန်ချက်စတာ၊ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ၊ ဘတ်ဖဲ လိုး၊ မင်နီဆိုးတားနှင့် အယ်လ်ဘနီ မြို့ များသို့ သွားရောက် ဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား စစ်အစိုးရ၏ ၀ါဒဖြန့် ဇာတ်ကား “အရုဏ်ဦးမှာ ဖူးသည့်ကြာ” တွင်ပါဝင်သည်ဟု ဆိုကာ ပြည်ပရောက် မြန်မာများက ဆန္ဒပြခဲ့ကြ သကဲ့သို့ ယင်းကိစ္စများမှာ အင်တာနက် အုပ်စုမေးလ် များတွင် ပျံ့နှံ့ နေခဲ့သည်။
သရုပ်ဆောင် ဆုပန်ထွာက ဂျပန်နိုင်ငံ ခရီးစဉ်တခုကို မေသန်းနုနှင့် အတူသွားရန် စီစဉ်ထား သော်လည်း ယခုကဲ့သို့ ဆန္ဒပြမှုများ ရှိနေသဖြင့် မလိုက်ရဲ တော့ကြောင်း ပြောပြသည်။
ယခင်လက Ovation Band နှင့်အတူ အမေရိကားဖျော်ဖြေရေး ခရီးစဉ်ကို သွားရာ ၀ိုင်းစုခိုင်သိန်းအား “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ပေါ်လစီဇာတ်ကားတွင် ပါဝင်သောကြောင့်ဟု ဆို၍ ပြည်ပရောက်မြန်မာများက ဆန္ဒပြကြသဖြင့် ဝိုင်းစုခိုင်သိန်းမှာ စင်ပေါ်သို့ပင် မတက်ရဲခဲ့ကြောင်း၊ လန်ဒန်ခရီးစဉ်တွင်လည်း မင်းသား နေတိုးကို Shopping ထွက်နေသည့် အချိန်၌ပင် ဆန္ဒပြခဲ့ကြောင်း ဆုပန်ထွာက ဆိုသည်။
“ဇူးဇူးမောင်နဲ့လည်း ဂျပန်သွားဖို့ရှိတာ မသွားရဲတော့ဘူး။ တကယ်တော့ ကျမတို့အားလုံး ဖိအားတခုကြောင့် လုပ်နေရတာပါ။ ကိုယ်က ဒီနိုင်ငံရဲ့ ပေါ်လစီအတိုင်း သွားနေရတာပါ။ ကိုယ့်တိုင်းပြည်ကို အားလုံး ချစ်တဲ့သူချည်းပါပဲ” ဟု သူက ဆက်ပြော သည်။
နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အများအပြားပါဝင်ထားသော “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားကို ဒုတိယ ဗိုလ်မှူးကြီး ဟောင်း တဦးဖြစ်သော ဒါရိုက်တာ တင်သန်းဦးက ရေးသားရိုက်ကူးပြီး ကာကွယ်ရေး ဝန်ကြီးဌာန အပြင် နေပြည်တော်တိုင်း၊ ရန်ကုန်တိုင်း၊ အလယ်ပိုင်းတိုင်း၊ အနောက်တောင်တိုင်း စသည့် တိုင်း စစ်ဌာနချုပ် များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာများကပါ ဇာတ်ကားဖြစ်မြောက်ရေး အတွက် ပံ့ပိုး ကူညီပေးခဲ့ကြကြောင်း သိရသည်။
ယင်းဇာတ်ကားကို နဝရတ်ရွှေစင် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလမှ စတင်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် ဂုဏ်ပြုဇာတ်လမ်းအဖြစ် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။
“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားတွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ နာမည်ကြီး သရုပ်ဆောင်များ ဖြစ်ကြသော ကျော်ရဲအောင်၊ လွင်မိုး၊ လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ အောင်ခိုင်၊ အရိုင်း၊ ငှက်ပျောကြော်၊ ကင်းကောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ မြတ်ကေသီအောင်၊ သက်မွန်မြင့်၊ မျိုးသန္တာထွန်း၊ မယ်လိုဒီ၊ ဆုကဗျာ၊ စိုးပြည့်သဇင်၊ မိုးဟေကို၊ မေသက်ခိုင်၊ ပုလဲဝင်း၊ ပွင့်နဒီမောင်၊ ရတနာမိုင်၊ အေးမြတ်သူ အစရှိသည့် သရုပ်ဆောင်များစွာ ပါဝင်ထားသည်။
ထိုဇာတ်ကားတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုနှင့် နိုင်ငံရေးလုပ်ရှားမှုများကို တင်ပြထားသော်လည်း သမိုင်း အမှန်ကို ပြင်ဆင်ကာ ရိုက်ကူးထားခြင်းကြောင့် ဝေဖန်မှုများစွာ ခံခဲ့ရသည်။
ယင်းဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင်များအား နာမည်အတိအကျ စာရင်းခေါ်ယူခြင်းဖြစ်ပြီး မပါဝင်သည့် သူများကို ဇာတ်ကားရိုက်ကူးခွင့် ၁ နှစ်ပိတ်ပင်မည်ဟု သတိပေးခဲ့ကြောင်းလည်း အနုပညာရှင်များထံမှ သိရသည်။
“ဒီဇာတ်ကားရိုက်လို့ ပြည်တွင်း၊ ပြည်ပက ပရိသတ်တွေ ဝေဖန်တာကိုခံခဲ့ ရပါတယ်။ တကယ်တော့ အနုပညာရှင်တွေအနေနဲ့ ငြင်းနိုင်တဲ့ အင်အား၊ ငြင်းပိုင်ခွင့် တခါတလေမှာ လုံးဝ မရတတ်ပါဘူး။ ဒါကြောင့်ပရိသတ်တွေ အနေနဲ့  ဘယ်လိုဇာတ်လမ်း မျိုးမှန်း မသိရကောင်းလား၊ ရိုက်ရလား ဆိုပြီး မဝေဖန်စေချင်ပါဘူး” ဟု အမျိုးသား သရုပ်ဆောင် တဦးက ပြောသည်။
ဇူလိုင်လ ၃၁ ရက်နေ့က အင်္ဂလန်နိုင်ငံသို့  ရောက်ရှိ နေသော မြန်မာနိုင်ငံမှ နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင် နေတိုး၊ သရုပ်ဆောင်အဆိုတော် ထွန်းထွန်း၊ ကျော်ကျော်ဗို အပါအ၀င် ၁၀ ဦး ပါဝင်သည့် အဖွဲ့ ကို လန်ဒန်နှင့် မန်ချက်စတာမြို့များရှိ မြန်မာများက ပြင်းထန်စွာကန့်ကွက်  ဆန္ဒပြခဲ့ကြသည်။
ဇာတ်ကား တရားဝင်ပြသသည့်နေ့ကတည်းက  မြန်မာပရိသတ်များထံမှ  သမိုင်းကိုပြင်ဆင်၍ ရိုက်ကူးသည့်အတွက် ဝေဖန်မှုများ ရှိသည့်အပြင်၊ ပြည်ပရောက် မြန်မာများထံမှ  မိမိနိုင်ငံ၏ သမိုင်းကြောင်းကို မသိနားမလည်ဘဲ ငွေကြေးကြောင့် ရိုက်ကူးသည် ဆိုကာ ဝေဖန်သံများ အနုပညာအသိုင်းအ၀န်းတွင် ပျံ့နှံ့နေခဲ့ကြောင်း သိရသည်။
“ပေါ်လစီကားရိုက်လို့ ပိုက်ဆံပိုရလားဆိုတော့ မရပါဘူး။ တဘက်မှာလည်း ကိုယ့်စားဝတ်နေရေးအတွက် လူကြီးတွေ  ကြည်ဖြူအောင် သူတို့ ခိုင်းတဲ့အတိုင်း လုပ်ရတဲ့ သဘောပါပဲ။ တော်ကြာ ၁ နှစ်ပိတ်တယ်တို့၊ ၂ နှစ်ပိတ်တယ်တို့ ဆိုတာတွေက သူတို့ လက်ထဲမှာပဲ ရှိတာ” ဟု ဟာသ သရုပ်ဆောင် တဦးက ပြောသည်။
စက်တင်ဘာလ ၄ ရက်နေ့၌ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုတွင် ပြုလုပ်မည့် ရှိုးပွဲတခုတွင် အဆိုတော် ရဲလေး၊ မင်းမော်ကွန်း၊ L ဆိုင်းဇီ၊ ၀ိုင်းဆု ခိုင်သိန်း၊ ရေဗက္ကာဝင်းတို့ ပါဝင်ဖျော်ဖြေမည်ဟု ပွဲစီစဉ်သူ ကိုချစ်ခင်က ဆိုသည်။
“အနုပညာသမား တယောက်ကို ဒီလိုလုပ်တာမျိုးတော့ မဖြစ်စေချင်ပါဘူး။ ဆန္ဒပြမယ့် သူတွေဘက်ကလည်း ပြချင်ပြပေါ့၊   ကျနော်တို့ ဘက်ကလည်း လုပ်စရာရှိတာ ဆက်လုပ်သွားမှာပဲ။ ပွဲဖျက်လိုက်တာတို့၊ အဆိုတော်ကို ဖယ်လိုက်တာမျိုး တို့တော့ မလုပ်ဘူး” ဟု သူက ပြောသည်။
ဆန္ဒပြမှုများဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် စက်တင်ဘာ ၁၁ ရက်နေ့တွင် လော့စ်အိန်ဂျလိစ်တွင် ပြုလုပ်မည့် ပွဲ၌ ၀ိုင်းဆု ခိုင်သိန်း မပါဝင်တော့ကြောင်း ကြေညာထားသည်။
“သူတို့ မကြိုက်တဲ့ ဇာတ်ကားကို ရိုက်လို့ သရုပ်ဆောင်တွေကို ဆန္ဒပြတယ်ဆိုတာ လွဲနေတယ်လို့ထင်တယ်။ တကယ့် တကယ်တမ်း လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရအောက်မှာ နေနေရတဲ့ သူတယောက် အနေနဲ့ အာဏာသုံးပြီး ခိုင်းလာရင် လုပ် ရမှာပဲလေ” ဟု လန်ဒန်ရောက် မြန်မာကျောင်းသားတဦးက ဝေဖန်သည်။
မိုးကြိုးသွား ဆိုသူက 8888 peoplepower ဝက်ဘ်ဆိုက်၌ ဆန္ဒပြ လှုပ်ရှားသူများမှာ ၀ိုင်းဆုခိုင်သိန်းကို ပုဂ္ဂိုလ်ရေးအရ မုန်း၍ မဟုတ်ကြောင်း၊ ၂၀၀၇ ရွှေဝါရောင်တော် လှန်ရေးတွင် နအဖ က ဆန္ဒပြသူအားလုံးကို နှိမ်နင်းခဲ့သကဲ့သို့ ဒီမိုကရေစီ ဘက်တော်သမားများသည်လည်း အနုပညာသများ အမေရိကန်နိုင်ငံသို့ လာရောက်ဖျော်ဖြေစဉ် ၀ိုင်းဝန်းဆန္ဒပြခြင်းသာ ဖြစ်ကြောင်း ရေးသားထားသည်။
“လူကို တိုက်တာ မဟုတ်ပါဘူး။ လုပ်ရပ်ကို တိုက်တာပါ။ ဆန္ဒပြလိုက်တဲ့အတွက် ၀ိုင်းစုခိုင်သိန်း မသေသလို၊ ဟိုတယ် အပျံစားမှာ နေပြီးမှ ပြန်ရတာပါ။ နအဖ ထက်စာရင် အမေရိကားမှာ ဆန္ဒ၀ိုင်းပြသူတွေက သိမ်သိမ်မွေ့မွေ့ တုံ့ပြန်တာပါ။ ၀ိုင်းဆုခိုင်သိန်း သေမသွားပေမယ့်လည်း ဒီမိုကရေစီ ဘက်တော်သားတွေ အများကြီး သေခဲ့ရတာပါ” ဟု မိုးကြိုးသွားက ရေးသားထားသည်ကို တွေ့ရသည်။
မြန်မာ အနုပညာရှင်များမှာ ပြည်ပသို့ သွားရောက်ဖျော်ဖြေရန် ခက်ခဲမှုများ ရှိနေသကဲ့သို့ ပွဲစီစဉ်သူများ အနေနှင့်လည်း ပြည်ပ ပရိသတ်အကြိုက် အနုပညာရှင်များကိုသာ ရွေးချယ်ခေါ်ယူသွားတော့မည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ပြည်ပပွဲများ စီစဉ်ပေးနေသူ တဦးကဆိုသည်။
“ပြည်ပမှာ ဒီလို ဆန္ဒပြတာတွေဖြစ်တော့ နောက်ဆို ပွဲစီစဉ်သူတွေက နိုင်ငံရေး ဇာတ်ကားတွေမှာ ပါတဲ့ သူတွေဆို ခေါ်ဖို့ တော်တော်ခဲယဉ်းသွားမယ်။ အနုပညာရှင်တွေ ပို့ပေးပြီးမှ ပွဲဖျက်ရတယ်ဆိုရင် စီးပွားရေးသမားတွေ ဘက်က ဘယ်လိုမှ အဆင်မပြေဘူး” ဟု သူက ပြောသည်။
ဧရာဝတီ သတင်းထောက် သျှင်ဒီစံ ပူးပေါင်း ရေးသားသည်။
ရင်းမြစ်။ ။ဧရာဝတီ