Sunday, April 25, 2010

ရွေးကောက်ပွဲ မ၀င်ပေမဲ့ NLD ရုံးချုပ် ပိတ်ဖို့မရှိ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ဘူး ဆိုပေမဲ့ ပါတီရုံးကို ပိတ်မှာ မဟုတ်သလို ပါတီအလံ၊ ပါတီဆိုင်းဘုတ်ကိုလည်း မိမိဘာသာ ဖျက်သိမ်းပေးမှာ မဟုတ်ဘူးလို့ ပါတီခေါင်းဆောင်တချို့က ပြောလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဥပဒေအရ ပါတီတည်ရှိမှု ပျက်ပြယ်သွားမယ်ဆိုရင် အခြေအနေတွေကို ကိုင်တွယ်နိုင်အောင် စီမံခန့်ခွဲမှုဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တရပ် ဖွဲ့ထားပါတယ်။ ဒါပေမဲ့လည်း NLD အနေနဲ့ သူ့ရဲ့ အဖွဲ့တည်ရှိမှုကိုတော့ မိမိဘာသာ ဖျက်သိမ်းပေးမှာ မဟုတ်ဘူးလို့ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။

“ကျနော်တို့က နိုင်ငံရေးပါတီ၊ ဖျက်သိမ်းမယ်၊ မဖျက်သိမ်းဘူးဆိုတာ သူတို့အပေါ်မှာသာ တည်တယ်၊ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျနော်တို့ ကိုယ့်ဘာသာလည်း ဘာမှ ဖျက်သိမ်းမပေးဘူး။ အလံချခြင်းတို့၊ ဆိုင်းဘုတ်ဖြုတ်ခြင်းတို့ ဘာမှမလုပ်ဘူး။ ကျနော်တို့လုပ်ငန်း ကျနော်တို့ လုပ်မယ်။ ဒါက ဒေါ်စုရဲ့ အမြင် သဘောထားတွေနဲ့လည်း ထင်ဟပ်ပြီးတော့ ဖြစ်တာလို့ ပြောချင်ပါတယ်။”

ဥပဒေ ကျွမ်းကျင်သူတဦးဖြစ်တဲ့ NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကလည်း လက်ရှိ ဥပဒေအတိုင်းဆိုရင် ပါတီ မှတ်ပုံမတင်ရင် အလိုအလျောက် ပျက်ပြယ်တဲ့ သဘောပဲရှိပြီး အစုအဖွဲ့ ဆက်တည်ရှိနေမှုအပေါ် အရေးယူရမယ်ဆိုတဲ့ ဥပဒေ ဖော်ပြချက်မျိုး ဘာမှမတွေ့ရဘူးလို့ ပြောပါတယ်။

“ကျနော်တို့ ပြင်ဆင်မှု မလုပ်ဘူးဗျ၊ လုပ်စရာ မလိုဘူးလို့ ကျနော်တို့က သတ်မှတ်ထားတာ။ ဥပဒေအရ အလိုအလျောက် Cancel ဖြစ်တော့လည်း အလိုအလျောက် ဖြစ်ပေါ့။ ကျနော်တို့က ဒီအတွက် လိုက်လုပ်ပေးစရာ မရှိဘူး။”

အကယ်၍များ မေလ ၇ ရက်နေ့မှာ သူတို့က သူ့ဥပဒေအရ အလိုအလျောက် Cancel ဖြစ်တယ်၊ ပါတီဆိုင်းဘုတ်တွေ တင်ခွင့်မပေးဘူး၊ အလံတွေ တင်ခွင့်မပေးဘူး၊ ရုံးတွေ ဖွင့်ခွင့်မပေးတော့ဘူး ဆိုရင်ရော အန်ကယ်တို့ ဘာများ စဉ်းစားမှုရှိပါလဲ။

“အဲဒီလို ခွင့်မပေးဖို့ကိစ္စ ဘယ်ဥပဒေမှာမှ ကျနော်တော့ မတွေ့ဘူးဗျ။”

ဥပဒေမှာက ဘယ်လိုဆိုထားလဲခင်ဗျ၊ အကယ်၍ မေလ ၇ ရက်နေ့ကျရင် နိုင်ငံရေးပါတီ တရပ်အနေနဲ့ မရှိတော့ဘူးလို့ သဘော မသက်ရောက်နေဘူးလား။

“သက်ရောက်ပါတယ်။”

သက်ရောက်နေတော့ အဲဒါ သူတို့အနေနဲ့ တခြား Action တွေဘာတွေ လုပ်ရမယ်ဆိုတဲ့ ရည်ညွှန်းချက်တွေရော မရှိဘူးလားခင်ဗျ။

“အဲဒီရည်ညွှန်းချက်တွေလည်း ဥပဒေမှာ မရှိဘူး။”

ဦးဝင်းတင်ကတော့ အခုလက်ရှိ ရွေးကောက်ပွဲ ဥပဒေရော၊ ၂၀၀၈ ဖွဲ့စည်းပုံပါ ဥပဒေတွေဟာ မတရားတဲ့ ဥပဒေတွေ ဖြစ်တဲ့အတွက် သူတို့ရပ်တည်ချက် လုပ်ရပ်တွေကို ဒီဥပဒေတွေနဲ့ စံနှုန်းထား သတ်မှတ်တာမျိုး လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ကတော့ ဥပဒေဘောင်အတွင်းမှာ ဆိုတာ ဘာလဲဆိုတော့ ကျနော်တို့က တရားဥပဒေ ဘောင်အတွင်းမှာ ရှိတယ်၊ ရပ်တည်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ၀င်မယ်တို့၊ ပါတီ မှတ်ပုံတင်မယ်ဆိုတဲ့ လူတွေရဲ့ ဥပဒေဘောင်အတွင်း ဆိုတာက ၂၀၀၈ ဥပဒေဘောင်အတွင်း၊ ၂၀၀၈ အခြေခံ ဥပဒေကနေ ချတဲ့ ဘောင်အတွင်း ဖြစ်မယ်။ ကျနော်တို့ကတော့ တရားဥပဒေ ဘောင်အတွင်းမှာ ရှိတယ်။ တရားမျှတခြင်း၊ လွတ်လပ်ခြင်းဆိုတဲ့ ဘောင်အတွင်းမှာ ရှိတယ်လို့ ကျနော်က ယူဆတယ်။”

အန်ကယ်တို့အနေနဲ့ အလံမချဘူး၊ ဆိုင်းဘုတ်ကိုလည်း မဖြုတ်ဘူး၊ ဒီအတိုင်းထားမယ်ဆိုရင် ၁၉၈၉ ခုနှစ်တုန်းက အန်ကယ်တို့ တကယ်တမ်း ကြွေးကြော်ပြီး လှုပ်ရှားခဲ့ကြတဲ့ မတရားတဲ့ ဥပဒေတွေကို ဆန့်ကျင်ရေးဆိုတဲ့ လမ်းကြောင်းပေါ်ကို ရောက်မသွားနိုင်ဘူးလား ခင်ဗျ။

“မတရားတဲ့ ဥပဒေတွေကတော့ ရှိနေပြီ။ ဒေါ်စုကနေပြီးတော့ ဒီဥပဒေတွေ ထွက်ကတည်းက ပြောခဲ့တဲ့စကား ၂ ခွန်း ရှိပါတယ်။ ဒီဥပဒေတွေက မတရားဘူး၊ မတရားဘူးဆိုရင် ကျနော်တို့က မတရားတဲ့ အမိန့်အာဏာ ဟူသမျှ ဖီဆန်ကြဆိုတဲ့ သဘောထား၊ လမ်းကြောင်း လုပ်ငန်းစဉ်ဟာ ကျနော်တို့ ရှိနေတဲ့ သို့မဟုတ် ဒီလမ်းစဉ်အတိုင်းပဲ ဆက်ပြီးတော့ ကိုင်စွဲဦးမယ်လို့ ဆုံးဖြတ်ရင် အထွေအထူး စဉ်းစားစရာ မလိုတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေတွေက မတရားတဲ့ ဥပဒေတွေ ဖြစ်နေတာကိုး။

“သို့သော် ကျနော်တို့က အဲဒီဟာကို လုပ်ငန်းစဉ်အနေနဲ့ ကိုင်စွဲသေးသလား၊ ကိုင်စွဲလို့ ရသေးသလား၊ ကိုင်စွဲဦးမလား ဆိုတာကတော့လည်း အဓိက ဖြစ်နေပြန်တယ်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ၀ိညာဉ်အားဖြင့်တော့ ကျနော်တို့ထဲမှာ ဒီအနှစ် ၂၀ ကာလပတ်လုံး ရှိခဲ့တယ်။ သို့သော် အဲဒါကို ကျနော်တို့ လှုပ်ရှားမှု အနေနဲ့ ကိုင်စွဲမလား၊ မကိုင်စွဲဘူးလား ဆိုတာကတော့ အဆင့်တဆင့်ဖြစ်မယ်၊ သို့မဟုတ်လည်း ကဏ္ဍသစ်တခု ဖြစ်ကောင်း ဖြစ်လိမ့်မယ်လို့ ကျနော် အဲဒီလိုပဲ ပြောချင်ပါတယ်။”

NLD အနေနဲ့ မေလ ၇ ရက်ကျော်လို့ ဥပဒေအရ အလိုအလျောက် ပါတီပျက်ပြယ်ချိန်မှာ ရှိထားတဲ့ အစုအဖွဲ့တွေနဲ့ လူထုအကျိုးပြုလုပ်ငန်း၊ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်သွားမယ်လို့ ဆိုသလို တဘက်မှာလည်း နိုင်ငံရေးအရ ဆက်ရှိနေဦးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီအစုအဖွဲ့တွေနဲ့ နိုင်ငံရေးအရ ဘယ်လို ရပ်တည်လှုပ်ရှားမလဲ ဆိုတဲ့ အစီအစဉ် အသေးစိတ် အတိအကျကိုတော့ ပါတီခေါင်းဆောင်ပိုင်း ကြားမှာ သဘောထား ကျထားပုံ မရသေးပါဘူး။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-04-22-voa4.cfm

Saturday, April 24, 2010

နအဖလက်ချက်မှတပါး အခြားမရှိ


“သင်္ကြန်အကြတ်နေ့ X20 မဏ္ဍပ်ရှေ့မှာ ဖောက်ခွဲတဲ့ ရည်ရွယ်ချက်မှာ-
၁။ NLD နဲ့ အခြား ဒီမိုကရေစီ ပါတီတွေ၊ ဒီမိုကရေစီအင်အားစုတွေကို နာမည်ဖျက်ရေး
၂။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ပြည်သူ့အချစ်တော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ မှေးမှိန်သွားရေး
၃။ ဒီမိုကရေစီ အင်အားစုများနဲ့ ပြည်သူများအကြား အထင်လွဲမှားစေရေး
၎။ ဒီမိုကရေစီ အင်အားစုများအပေါ် နိုင်ငံတကာက အကြမ်းဖက်သမားအဖြစ် အထင်လွဲမှားစေရေး…. တို့ဖြစ်ပါတယ်။ …”


နအဖလက်ချက်မှတပါး အခြားမရှိဆိုတာဟာ ၂၀၁၀- ၄ လ ၁၅ ရက် သင်္ကြန်အကြတ်နေ့ X20 မဏ္ဍပ်ရှေ့ ပေါက်ကွဲမှုအပါအ၀င် ရန်ကုန်နယ်နိမိတ်အတွင်း ပေါက်ကွဲမှုများဟာ နအဖ လက်ချက်သာ ဖြစ်တယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။
ယခင်ရန်ကုန်မြို့
ရန်ကုန်မြို့ဟာ ဟိုးနှစ်ပေါင်းများစွာ နိုင်ငံရေး အစိုးရအဆက်ဆက် ကတည်းက အလွန်စည်းကားသန့်ရှင်းသပ်ရပ်တဲ့ မြို့တော် ဖြစ်ပါတယ်။ ရန်ကုန်မြို့ဟာ အစိုးရရုံးစိုက်ရာ ကုလသမဂ္ဂရုံးစိုက်ရာ နိုင်ငံတကာ သံရုံးများစိုက်ရာ မြို့ဖြစ်တဲ့အပြင် ပြည်တွင်းပြည်ပကုန်သွယ်ရေးဆိုင်ရာ စီးပွားရေး အချက်အချာကျတဲ့ မြို့လည်း ဖြစ်ပါတယ်။
ပြည်သူအများထံမှ ကောက်ခံရရှိတဲ့ အခွန်တော်ငွေတွေနဲ့ ရှင်သန်နေရတဲ့ အစိုးရအဖွဲ့အစည်းများကလည်း ပြည်သူများရဲ့ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးရမယ့် တာဝန်ရှိသလို တာဝန်ကျေပွန်အောင်လည်း ထမ်းဆောင်ခဲ့ကြပါတယ်။ ပြည်ပရန်နဲ့ လက်နက်ကိုင်သောင်းကျန်းသူများရဲ့ ရန်ကို ကာကွယ်ပေးဖို့ အစိုးရက ဖွဲ့စည်းထားတဲ့ တပ်မတော်ကလည်း သူတို့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့လို့ အစိုးရနဲ့ပြည်သူ တပ်မတော်နဲ့ပြည်သူများဟာ အစဉ်ကြည်ဖြူလျက်ရှိကြပါတယ်။ ပူပင်ကြောင့်ကြမှုဆိုတာလည်း မရှိကြပါ။
ယခုရန်ကုန်မြို့
န၀တ၊ နအဖ ခေတ်ရောက်လာတဲ့အခါ ရန်ကုန်မြို့ဟာ မြို့အင်္ဂါရပ်နဲ့ မညီတော့ဘဲ တောရွာဇနပုဒ် အဆင့်လောက်သာ ရှိပါတော့တယ်။ အခုဆိုရင် ဒုစရိုက်မြို့လို ဖြစ်နေပါပြီ။
ရန်ကုန်မြို့နယ်အတွင်းရှိ မြို့နယ်တိုင်း ရပ်ကွက်တိုင်းမှာ ဒုစရိုက်မှုတွေ၊ရာဇ၀တ်မှုတွေဟာ နေ့စဉ်နဲ့အမျှ ဖြစ်ပွားလျက်ရှိပါတယ်။ ဒါ့အပြင် မကြာခဏ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။ ဒါကြောင့် ရန်ကုန်သားတွေဟာ နေ့စဉ်နဲ့အမျှ ကြောင့်ကြပူပန်မှုတွေ စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ရန်ကုန်မြို့တည်ရှိမှု
ရန်ကုန်မြို့ဟာ -
၁။ ထိုင်း အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေနဲ့ ထိစပ်နေတဲ့ နယ်စပ်မြို့ မဟုတ်တာရယ်
၂။ ရန်ကုန်မြို့ဝင်ပေါက်တွေ အားလုံးကို လုံခြုံရေးတပ်ဖွဲ့တွေက နေ့ညမပြတ်စောင့်ကြပ်နေတာရယ်
၃။ ရန်ကုန်နယ်နိမိတ်အတွင်းရှိ မြို့နယ်တိုင်း ရပ်ကွက်တိုင်းမှာ ထောက်လှန်းရေး၊ ရဲ၊ မယက၊ ရယက၊ ကြံ့ဖွတ်၊ စွမ်းအားရှင်တွေက ရပ်ကွက်ထဲဝင်လာတဲ့ သူစိမ်းမှန်သမျှကို နေ့ညမလွတ်တမ်း စောင့်ဖမ်းနေတာရယ်….
စတာတွေကြောင့် ရန်ကုန်မြို့အတွင်းကို ဘယ်နယ်ခြား၊ပယ်ခြားက လူစိမ်းမှ မလာရောက်နိုင်သလို ဘာလက်နက်မှလည်း မ၀င်နိုင်ပါ။ ရန်ကုန်မြို့သူမြို့သားတွေမှာ ဓားမတိုမှလွဲလို့ ဘာလက်နက်မှ မရှိပါ။ ဗုံးတို့၊ သေနတ်တို့ဆိုတာတော့ ဝေလာဝေးပါ။
ရန်ကုန်မြို့နေလူထုဟာ နအဖရဲ့ လုံခြုံရေးတပ်တွေ ထူထပ်စွာ ချထားနေပါလျက် သူပုန်သူကန်တွေလည်း မ၀င်နိုင်ပါလျက် ရန်ကုန်မြို့သားတွေမှာလည်း ဘာလက်နက်မှ မရှိပါလျက်နဲ့ ဘာကို စိုးရိမ်ကြောင့်ကြ နေကြတာလဲလို့ ဆန်းစစ်ကြည့်တဲ့အခါ မကြာခဏ ပေါက်ကွဲလေ့ရှိတဲ့ ဗုံးတွေကြောင့် ဖြစ်ကြောင်း တွေ့ရှိရပါတယ်။
ရန်ကုန်နေလူထုမှာလည်း ဒီလှိုဗုံးမျိုးမရှိ၊ နယ်ခြားက ဘယ်သူကမှ ၀င်မလာနိုင်လို့ ဘာဗုံးမှလည်း မရှိ။ အဲဒီတော့ ရန်ကုန်မှာ မကြာခဏပေါက်နေတဲ့ ဗုံးတွေဟာ ဘယ်ကထွက်လာသလဲလို့ ဆန်းစစ်ကြည့်ရင် ‘ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာကထွက်’ ဆိုတဲ့အတိုင်း နအဖဆီက ထွက်လာတဲ့ဗုံးတွေ ဖြစ်နေပြီဆိုတာ သေချာပေါက် တွက်လို့ရပါပြီ။ ဒီလိုဆိုရင် သင်္ကြန်အကြတ် ၂၀၁၀၊ ၄ လ ၁၅ ရက်နေ့က X20 မဏ္ဍပ်ရှေ့မှာ ပေါက်ကွဲတဲ့ ဗုံးသုံးလုံးဟာ နအဖခွဲတဲ့ ဗုံးတွေဖြစ်နေပြီဆိုတာ သေချာနေပါပြီ။ အဲဒီဗုံးခွဲမှုမှာ လူ ၁၀ ယောက်သေ၊ ၁၇၀ ကျော် ဒဏ်ရာရတဲ့ ရာဇ၀တ်မှု တရားခံဟာ နအဖပါပဲ။
ဒါကြောင့် ရန်ကုန်နယ်နိမိတ်အတွင်း ပေါက်ကွဲတဲ့ဗုံးတွေဟာ နအဖ လက်ချက်မှတပါး အခြားမရှိ ဖြစ်နေပါတယ်။
နအဖရဲ့ရည်ရွယ်ချက်က ဘာလဲ
နအဖရဲ့ တခုတည်းသော ရည်ရွယ်ချက်မှာ ရာသက်ပန် အကြွင်းမဲ့ အာဏာရှင်ဖြစ်ရေး ဖြစ်ပါတယ်။
နအဖ အာဏာရှင်တွေဟာ အကြွင်းမဲ့ အာဏာရှင် ဖြစ်ရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို ဗန်းပြပြီး လုပ်နေတာဖြစ်တယ်။ ဥပမာ-
၁။ NLD အပါအ၀င်နိုင်ငံရေးပါတီတွေ တခုမကျန်ဖျက်သိမ်းရေး
၂။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ပျက်သုဉ်းရေး
၃။ အဲလိုလုပ်ပြီးမှ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အောင်ပွဲခံပြီး ရာသက်ပန် အာဏာတည်မြဲရေး ဖြစ်တယ်။
သင်္ကြန်အကြတ်နေ့ X20 မဏ္ဍပ်ရှေ့မှာ ဖောက်ခွဲတဲ့ ရည်ရွယ်ချက်မှာ-
၁။ NLD နဲ့ အခြား ဒီမိုကရေစီ ပါတီတွေ၊ ဒီမိုကရေစီအင်အားစုတွေကို နာမည်ဖျက်ရေး
၂။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ပြည်သူ့အချစ်တော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ မှေးမှိန်သွားရေး
၃။ ဒီမိုကရေစီ အင်အားစုများနဲ့ ပြည်သူများအကြား အထင်လွဲမှားစေရေး
၎။ ဒီမိုကရေစီ အင်အားစုများအပေါ် နိုင်ငံတကာက အကြမ်းဖက်သမားအဖြစ် အထင်လွဲမှားစေရေး…. တို့ဖြစ်ပါတယ်။
နအဖရဲ့ သမားရိုးကျကောက်ကျစ်နည်း
(က) စစ်အာဏာရှင်တွေဟာ အာဏာတည်မြဲရေးအတွက် လိမ်ညာကောက်ကျစ်နည်းတွေကို ရေလဲ သုံးလေ့ရှိပါတယ်။ အထိမ်းအမှတ်ပွဲ တခုခု သို့မဟုတ် နှစ်စဉ်ကျင်းပမြဲ ပွဲတော်တခုခု ရောက်ခါနီးတိုင်း အဖျက်သမားရန်ကြောင့်ဟု အကြောင်းပြပြီး လုံခြုံရေးအင်အားတိုးမြှင့်ချထား၊ ပြီးတော့မှ သူတို့ဘာသာ ဗုံးခွဲပြီး ကေအန်ယူ၊ အေဘီအက်ဒီအက်ဖ်၊ အန်န် စီယူပီ၊ အန်စီဂျီယူပီ စတဲ့ အဖွဲ့တခုခုရဲ့ လက်ချက်လို့စွပ်စွဲ၊ တရားခံကို မကြာမီဖော်ထုတ်မယ်လို့ ယုတ္တိရှိအောင် လိမ်ညာကာ ကြေညာ၊အစွပ်စွဲခံရတဲ့ အဖွဲ့တွေက ပြန်ငြင်းဆို၊ မကြာမီ ဘယ်နှစ်ယောက် ဖမ်းမိထားပြီလို့သာ သတင်းစာမှာကြေညာပေမယ့် ဖမ်းမိတဲ့ တရားခံရဲ့ဓာတ်ပုံ ဖော်ပြခြင်းမရှိ၊ဓာတ်ပုံ မပါတာကို ထောက်တော့ နအဖက ကြီးမားတဲ့ အစဉ်အလာအတိုင်း လိမ်ညာနေပြီဆိုတာ ထင်ရှားပါတယ်။
နအဖလက်ချက်မှတပါး အခြားမရှိတဲ့ လူသတ်မှုကြီးများ
(က) အက်စ်တူး ဗိုလ်ချုပ်တင်ဦးကို လုပ်ကြံမှုများ
၁၉၉၆ ခု၊ ဒီဇင်ဘာလကုန်ပိုင်း ကမ္ဘာအေးစေတီအနီးရှိ ပန်းအိုးအတွင်းက ပေါက်တဲ့ဗုံးကို ကေအင်န်ယူနဲ့၊ အေဘီအက်စ်ဒီအက်ဖ် တို့လက်ချက်လို့ စွပ်စွဲတယ်။ အဲဒီနှစ်ဖွဲ့က သူတို့လုပ်တာ မဟုတ်ဘူးလို့ ငြင်းဆိုတယ်။ နောက်မကြာမီမှာပဲ ကမ္ဘာအေးစေတီအနီး အမှိုက်ပုံထဲမှာ တစ်ကြိမ် ဗုံးပေါက်တယ်။ အဲဒီ နှစ်ကြိမ်စလုံးဟာ အက်စ်တူး တင်ဦးထွက်ခွါသွားပြီးမှ ပေါက်ကွဲတဲ့ ဗုံးတွေ ဖြစ်တယ်။
၁၉၉၇ ဧပြီလဆန်းမှာ တတိယအကြိမ် အက်စ်တူး တင်ဦးအိမ်မှာ စာအိပ်ဗုံးပေါက်ကွဲစဉ်က ဗိုလ်တင်ဦးရဲ့သမီး လဲ့လဲ့ဦးဟာ ဓားစာခံအဖြစ် သေဆုံးခဲ့ရတယ်။ အဲဒီစာအိပ်ဗုံးကို စီအာဒီဘီက ဂျပန်နိုင်ငံကနေ ပို့တဲ့ဗုံးဖြစ်သယောင် လိမ်ညာစွပ်စွဲခဲ့တယ်။ ဒါပေမယ့် ဂျပန်စာတိုက်ဌာနက အဲဒီစာအိပ်ဗုံးဟာ သူတို့ဆီက ထွက်သွားတဲ့ စာအိပ်ဗုံးမဟုတ်ဘူးလို့ အခိုင်အမာ ငြင်းဆိုတဲ့အတွက် နအဖ အရှက်ကွဲခဲ့ရတယ်။ အမှန်စင်စစ်က အက်စ်တူး တင်ဦးကို လုပ်ကြံဖို့ နအဖလက်ပါးစေတစ်ဦးက စာပို့သမားဟန်ဆောင်ပြီး စာအိပ်ဗုံးကို ဝေပေးသွားတာ ဖြစ်တယ်လို့ နောက်ပိုင်းတွင် သတင်းတွေ ထွက်ပေါ်လာတာ တွေ့ရပါတယ်။
ကမ္ဘာအေးစေတီမှာ ပေါက်ကွဲတဲ့ ဗုံးနှစ်လုံး၊ အက်စ်တူးတင်ဦးအိမ်မှာ ပေါက်ကွဲတဲ့ ဗုံးတစ်လုံး ပေါင်း ဗုံးသုံးလုံးဟာ နအဖအတွင်း အာဏာလွန်ဆွဲပွဲမှ အက်စ်တူးတင်ဦးကို မလိုလားတဲ့ဘက်က လုပ်ကြံတယ်ဆိုတာ ခုလောက်ဆို သိလောက်ပါပြီ။ ပိုထင်ရှားစေတဲ့ စတုတ္ထအကြိမ်လုပ်ကြံမှုက သက်သေပြနေပါတယ်။
၂၀၀၁- ၂- ၁၉ ရက်နေ့ မော်လမြိုင်က ဖားအံအသွား စစ်အရာရှိမောင်းတဲ့ ရုရှားလုပ် စစ်ရဟတ်ယာဉ် MI-17 Helicoptor ပေါ်မှာ အချင်းချင်း ပစ်ခတ်ရင်း အက်စ်တူး တင်ဦး သေဆုံးခြင်းက သက်သေခံနေပါတယ်။ စစ်အရာရှိကြီးငယ် ၂၀ ကျော် သေဆုံးတာဟာ နအဖချင်းရဲ့ လက်ချက်ဖြစ်ပေမယ့် စစ်အစိုးရက ရာသီဥတု ဆိုးဝါးမှုကြောင့် ရဟတ်ယာဉ်ပျက်ကျတာလို့ လိမ်ညာကာ ကြေညာခဲ့ပါတယ်။
(ခ) ဒီပဲယင်းလုပ်ကြံမှု
၂၀၀၃ ခု၊ မေလ ၃၀ ရက်နေ့ ညနေက ဖြစ်ပွားတဲ့ ဒီပဲယင်း သတ်ဖြတ်မှုဟာလည်း နအဖလက်ချက်ပါပဲ။ အဲဒီနေ့ညက ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူသွားသူများထဲမှ လူအချို့နှင့် ဒေါ်စုကို လာကြိုသူ စုစုပေါင်း ၂၈၂ ယောက် အသတ်ခံရပြီး ရာနဲ့ချီပြီး ဒဏ်ရာရတဲ့ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုဟာ (ဒီပဲယင်းလုပ်ကြံမှု အရေးယူဆောင်ရွက်ရေးကော်မတီ၏ ဒုတိယအကြိမ် ပဏာမအစီအရင်ခံစာ) နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လှို့ဝှက်ညွှန်ကြားပြီး ဗိုလ်ချုပ်စိုးဝင်း (ယခုကွယ်လွန်သူ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း) က အနီးကပ် ကြီးကြပ်တဲ့ လူသတ်ပွဲကြီးဖြစ်တယ်။ ဒါပေမယ့် ဒေါ်စုကို ထောက်ခံသူများနဲ့ ဒေါ်စုကို ဆန့်ကျင်သူများအုပ်စု နှစ်ခု ခိုက်ရန်ဖြစ်ပွားတာလို့ စစ်အစိုးက လိမ်ညာကာ ကြေညာခဲ့ပါတယ်။
ဒါဟာလည်း နအဖလက်ချက်မှတပါး အခြားမရှိတဲ့ လူသတ်မှုကြီးပါပဲ။
(ဂ) တက္ကသိုလ်ရိပ်သာလမ်း ၅ လောင်းပြိုင်လူသတ်မှု
၂၀၀၈ ခု၊ မတ်လ ၃ ရက်နေ့ ညနေက ဖြစ်ပွားတဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ၅ လောင်းပြိုင်လူသတ်မှုဟာလည်း နအဖလက်ချက်ပါပဲ။ အသတ်ခံရတဲ့အိမ်ဟာ အစိုးရ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာနဲ့ ဒေါ်အောင်ဆန်းစုကြည် အိမ်အကြားမှာဖြစ်ပြီး လက်နက်ကိုင် လုံခြုံရေးတွေ အမြဲ အပြည့်ချထားတဲ့ နေရာဖြစ်တယ်။ ဒီလမ်းဟာ ဘက်စ်ကားလိုင်းတွေ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့လမ်း၊ ကိုယ်ပိုင်ကားတွေတောင် သွားချင်တိုင်း သွားလို့မရတဲ့လမ်း။ လက်နက်ပါသူမပြောနဲ့ လက်နက်မပါတဲ့ သာမန်လူတွေ သွားတာတောင်မှ စစ်ဆေးရေးဂိတ်တွေကို ဖြတ်ပြီးမှ သွားရတဲ့လမ်းဖြစ်လို့ ဒီ ၅ လောင်းပြိုင် သတ်တဲ့ တရားခံဟာ သာမန်အရပ်သူ၊ အရပ်သားတွေ မဖြစ်နိုင်သလို မိသားစု ၀င်တွေထဲကလည်း လုံးဝမဖြစ်နိုင်။ အဲဒီတော့ ဒီ ၅ လောင်းပြိုင် လူသတ်မှုဟာ နအဖလက်ချက်မှတပါး အခြား ဘယ်သူမှ မရှိပါ။
လူသတ်သမားတွေက အသံတိတ် (၉မမ) ပစ္စတိုသုံးပြီး သွေးအေးအေးနဲ့ ပစ်သတ်သွားတယ်လို့ ဆိုတယ်။ သေသူတွေကတော့ မြန်မာပြည်မှာ အချမ်းသာဆုံးစာရင်းဝင် ကျောက်သူဋ္ဌေးကြီး မိုးကုတ်ဦးမြမောင်ရဲ့ သမီး ဒေါ်စန်းစန်းမြမိသားစု ၅ ယောက် ဖြစ်ပါတယ်။
နအဖ သတင်းစာတွေမှာ ရာဇ၀တ်မှုတွေကို နေ့ချင်းညချင်းဖော်ထုတ်နိုင်တယ်၊ဖမ်းဆီးနိုင်တယ် လို့ မကြာခဏ ဖော်ပြပါတယ်။ ရဲချုပ် ဗိုလ်ချုပ်ခင်ရီကလည်း လူသတ်တရားခံအစစ်ကို မိဖို့ အသေအခြာ စစ်ဆေးနေပါတယ် လို့ ပြောပါတယ်။ (ဒီဗွီဘီ ၃၊ ဂျူလိုင်၊ ၂၀၀၈) ဒါပေမယ့် ဒီနေ့အထိ သုံးနှစ်ကျော်လာပြီ။ ဘာသဲလွန်စမှ မပေါ်သေးတာကို ထောက်တော့ ဒီ ငါးလောင်းပြိုင်လူသတ်မှုဟာ နအဖလက်ချက် ဖြစ်နေလို့ပေါ့။ သာမန်အမှုဆို နေ့ချင်းညချင်း ဖမ်းမိပါတယ်။
ပိုသေချာပြီ နအဖလက်ချက်
ယနေ့မြန်မာ (Burmatoday) ဆီဝင်လာတဲ့ “ငါးလောင်းပြိုင်လူသတ်မှုနဲ့ ပတ်သက်တဲ့ အီးမေးတစ်စောင်အရ- ငါးလောင်းပြိုင်လူသတ်မှုတရားခံတွေဟာ ထိုင်းလူမျိုး ခြောက်ဦးနဲ့ ၀လူမျိုး တစ်ဦးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့သားက ငှါးရမ်းသတ်ဖြတ်ခိုင်းတာဖြစ်ကြောင်း၊ သတ်ရခြင်းရဲ့ အကြောင်းရင်းက ဗိုလ်သန်းရွှေရဲ့သမီး သန္တာရွှေရဲ့ မင်္ဂလာဆောင်မှာ (အသတ်ခံရသူ) ဒေါ်စန်းစန်းမြဆီက ငှါးရမ်းထားတဲ့ စိန်တွေကို ပြန်မပေးလို့ ဒေါ်ကြိုင်ကြိုင်နဲ့ စကားများရာက ဗိုလ်သန်းရွှေရဲ့သားက လူရမ်းကားတွေကို ငှါးရမ်း သတ်ဖြတ်ခိုင်းတာ ဖြစ်ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ (ယနေ့မြန်မာ ၉ - ၂၆ - ၂၀၀၈)
အဲဒီနောက် ဒီဗွီဘီက ရတယ်ဆိုတဲ့ အီးမေးတစ်ပုဒ်မှာလည်း- သေဆုံးသူမိသားစုဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သမီး မင်္ဂလာဆောင်အတွက် စိန်လက်ဝတ်ရတနာတွေ ငှါးပြီးပြန်မပေးလို့တောင်းရာက အသတ်ခံရတာလို့လည်း ပါရှိပါတယ်။ (“ငါးလောင်းပြိုင်လူသတ်မှု ၁ နှစ်ခွဲကျော်ကြာသည်အထိ မပေါ်သေး” ဟူသောခေါင်းစဉ်ဖြင့် ဒီဗွီဘီ ၁၉ - ၁၀ - ၂၀၀၉ တွင် ဖော်ပြထားသည့် သတင်းဖြစ်ပါသည်။)
တဖန် ဒီဗွီဘီရဲ့ အခြားသတင်းတစ်ပုဒ်မှာ- ဒီအမှုမှာ ထိပ်ပိုင်း စစ်ဗိုလ်ချုပ် မိသားစုဝင်တွေ ပါဝင်ပတ်သက်နေတာမှို့ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် မဆုံးဖြတ်နိုင်ဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့လိုက်ရတယ်လို့လည်း ဆိုထားပါတယ်။ (ဒီဗွီဘီ ဂျူလိုင် ၃ - ၂၀၀၈)
ပိုသေချာတဲ့ စာပေစိစစ်ရေးရဲ့ညွှန်ကြားချက်
တက္ကသိုလ်ရိပ်သာလမ်း ငါးလောင်းပြိုင်လူသတ်မှုဟာ နအဖလက်ချက်ဆိုတာ တိကျမှန်ကန်အောင် စာပေစိစစ်ရေးရဲ့ ညွှန်ကြားချက်ကလည်း သက်သေပြနေပါတယ်။ ၎င်းညွှန်ကြားချက်အရ- ပြည်တွင်းပုဂ္ဂလိက ဂျာနယ်များအနေဖြင့် ယခုအမှုနှင့်ပတ်သက်၍ သတင်းရေးသားပါက အစိုးရပိုင် သတင်းစာများတွင် ရေးသားဖော်ပြသည်ထက် ပိုမိုဖော်ပြခြင်းမပြုရန် စာပေစိစစ်ရေးက ညွှန်ကြားထားတယ် လို့လည်း သိရပါတယ်။ (ခေတ်ပြိုင် ၁၄ - ၃ - ၂၀၀၈)
အထက်ဖော်ပြပါ ၂၀၁၀ - ၄ - ၁၅ သင်္ကြန်အကြတ်နေ့က ပေါက်ကွဲပြီး လူအများ သေကြေဒဏ်ရာရတဲ့ ရာဇ၀တ်မှုဟာ ရက်သတ္တ နှစ်ပတ်ပြည့်တော့မယ်။ ဘာသဲလွန်စမှ မပေါ်သေးပါ။ အရင်က ဖြစ်ပျက်ခဲ့တဲ့ နအဖ အက်စ်တူး ဗိုလ်ချုပ်တင်ဦးလုပ်ကြံခံရမှု၊ ဒီပဲယင်းမှာ လူပေါင်း ၂၈၂ ယောက် အသတ်ခံရမှု၊ တက္ကသိုလ်ရိပ်သာလမ်းက ငါးလောင်းပြိုင် လူသတ်မှု၊ စတဲ့ရာဇ၀တ်မှုတွေဟာ ဒီနေ့အထိ ဘာသဲလွန်စမှ မပေါ်သေးပါ။
သာမန်အားဖြင့် ရာဇ၀တ်မှုများကို နအဖက နေ့ချင်းညချင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အထက်ဖော်ပြပါ လူသတ်မှုကြီးတွေဟာ ဒီနေ့အထိ လက်သည် တရားခံမပေါ်သေးတာကို ထောက်တော့ ဒီပြစ်မှုကြီးတွေမှာ နအဖအာဏာရှင်ကြီးတွေကိုယ်တိုင် ကျူးလွန်၊ သို့မဟုတ် ပါဝင်ပတ်သက်နေတယ်ဆိုတာ ထင်ရှားနေပါပြီ။
ဒါကြောင့် လက်သည်တရားခံမပေါ်တဲ့ ရန်ကုန်နယ်နိမိတ်အတွင်းက ဖြစ်ပွားတဲ့ ရာဇ၀တ်မှုတွေဟာ နအဖလက်ချက်မှတပါး အခြားမရှိ ကြောင်း အများပြည်သူများ သိကြစေရန် တင်ပြအပ်ပါကြောင်း။

ရွှေပြည်စိုး
ရင်းမြစ်။ ။မိုးမခ

အာဏာရှင်အောက်က ရုန်းထွက်ဖို့ အလားအလာ အကောင်းဆုံးအချိန်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က ရီပါပလစ်ကန် ကွန်ဂရက်စ်လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာ (Dana Rohrabacher) က အခုအချိန်ဟာ မြန်မာပြည်သူတွေ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ မျိုးချစ် တပ်မတော်သားတွေ ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ်အောက်ကနေ ရုန်းထွက်ဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

မြန်မာအရေးနဲ့ပတ်သက်ပြီးတော့ ကွန်ဂရက်စ်လွှတ်တော်မှာ သူပြောကြားတဲ့မိန့်ခန်းနဲ့ပတ်သက်ပြီး ဗွီအိုအေ မြန်မာပိုင်းက ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားရာမှာ သူက အခုလို ပြောကြားသွားတာဖြစ်ပါတယ်။ အထက်က ပြောကြားခဲ့သလိုပဲ မြန်မာပြည်သူတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ မျိုးချစ်တပ်မတော်သားတွေ ပူးပေါင်းကြရင် လျှပ်တပြတ်အတွင်းမှာ အောင်မြင်မယ်လို့ မစ္စတာ ရိုရာဘာကာ က ဆိုထားတဲ့အတွက် ဒါဟာ အပြောလွယ်သလောက် လုပ်ရခက်မယ့်ကိစ္စ၊ "easier said than done" ဖြစ်မနေဘူးလား ဆိုတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ အမေးကိုတော့ သူက အခုလို စပြီးတောဖြေပါတယ်။

"ကျနော့်အနေနဲ့ အမေရိကန်နိုင်ငံခြားရေး မူဝါဒချမှတ်ရာမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာခဲ့ပြီး မြန်မာ့အရေးကို မြန်မာပြည်သူတွေရဲ့ အကျပ်အတည်းကို သတိထားစောင့်ကြည့်လာခဲ့တဲ့ ၂၁ နှစ်အတွင်းမှာ အခုချိန်ဟာ မြန်မာပြည်သူတွေ သူတို့ကိုယ်သူတို့ လွတ်မြောက်အောင်လုပ်ဖို့၊ အာဏာရှင်စနစ်အောက်က လွတ်မြောက်အောင်လုပ်ဖို့အတွက်ရော၊ တရုတ်တို့ရဲ့ ကျွန်အဖြစ် ကျရောက်နိုင်တဲ့ အန္တရာယ်က လွတ်မြောက်အောင် လုပ်ဖို့အတွက်ပါ အခွင့်အလမ်း အကောင်းဆုံး အချိန် ဖြစ်ပါတယ်။"

အခုချိန်ဟာ အခွင့်အသာဆုံးလို့ဆိုရလောက်အောင် အရင်ကနဲ့ ဘာများကွာခြားနေလို့လဲ ဆိုတဲ့မေးခွန်းကိုတော့ လွှတ်တော်အမတ် ဒေနာရိုရာဘာကာ က အခုလို ဖြေကြားသွားပြန်ပါတယ်။

"ကျနော်တို့ဟာ အခု ပွင့်နေတဲ့တံခါးဝတခုကို ရောက်ရှိနေပါတယ်။ မင်းဆိုးမင်းညစ်စနစ်ကို ဆန့်ကျင်တဲ့ မြန်မာပြည်က အဖွဲ့အစည်းအမျိုးမျိုးတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသူတွေ ဦးဆောင်တဲ့မြန်မာတွေ တိုင်းရင်းသားအုပ်စုတွေဟာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့်အချိန်ပါ။ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခဟာ အခုလောက် ဘယ်တုန်းကမှ မဆိုးခဲ့ပါဘူး။ စစ်တပ်အတွင်းမှာရှိတဲ့ မျိုးချစ်တပ်မတော်သားတွေအနေနဲ့လည်း ချစားပျက်စီးနေတဲ့ အစိုးရ၊ တရုတ်လို ပြည်ပနိုင်ငံမျိုးရဲ့ လက်အောက်ခံလုပ်ချင်နေတဲ့ အစိုးရရဲ့ စစ်တပ်ဖြစ်နေတာထက် လူထုရဲ့ ချစ်ခင်လေးစားမှုကို ရရှိတဲ့ ပြည်သူ့ဝန်ထမ်း တပ်မတော်ဖြစ်မြောက်ရေးကို လိုလားတောင့်တနေကြပါတယ်။"

အမေရိကန်အောက်လွှတ်တော်အမတ် ဒေနာရိုရာ ဘာကာ ပြောသွားတာဖြစ်ပါတယ်။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-04-24-voa1.cfm?rss=topstories

Friday, April 23, 2010

ပါတီမှတ်ပုံ မတင်ဘဲ စည်းရုံးရေး ဆင်းမှုများရှိနေ

  ပါတီမှတ်ပုံ မတင်သေးသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) သည် အစိုးရက ပြဋ္ဌာန်း ထားသည့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့် ဆန့်ကျင်လျက် စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။

စည်းရုံးရေးလုပ်ရာတွင် ကြံ့ဖွံ့နှင့် အတူ ပါတီထောင်ခွင့် မကျသေးသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) သည်လည်း ပါဝင်သည်။

၁၉၉၀ တွင် ရွေးကောက်ပွဲ ဝင်ခဲ့ဖူးသည့် တည်ဆဲပါတီ ၁၀ ခုအနက် ပြန်လည် မှတ်ပုံတင်သော ပါတီ ၃ ခုတွင် တစညလည်း ပါဝင်သည်။ တခြားပါတီဟောင်း နှစ်ခုမှာ ပြည်ထောင်စု ကရင် အမျိုးသားများ အဖွဲ့ချုပ်နှင့်  မြို (ခေါ်) ခမီ အမျိုးသား ညီညွတ် ရေး အဖွဲ့ (မ၊ ခ၊ မ၊ ည၊ ဖ) တို့ ဖြစ်သည်။

“ရပ်ကွက်တွေထဲ လိုက်ပြီးတော့ သူတို့ တစညနဲ့ ကြံ့ဖွံ့တွေ စည်းရုံးရေး ဆင်းနေတယ်ကြားတယ်လေ၊ သူတို့ ပါတီထဲ ပါမလား ဆိုပြီး လိုက်ပြီး စာရင်းတွေ ကောက်နေတယ်၊ အန်ကယ်တို့ကတော့ ကိုယ့်ဟာကိုယ် လုပ်ကိုင် ရှာဖွေ စားသောက်နေ ကြတာ၊ ဘယ်ပါတီ၊ ဘယ်နိုင်ငံရေးကိုမှ စိတ်မဝင်စားဘူးလို့ ပြောလိုက်တယ်”ဟု ဒဂုံမြို့သစ် တောင်ပိုင်းမှ အငြိမ်းစား ကျောင်းဆရာ တဦးက ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း (၂)၊ ပုဒ်မ ၃ (ခ) အရ ကော်မရှင်က စိစစ်၍ ခွင့်ပြုပြီး ပါတီထောင်ခွင့် ရမှသာ စည်းရုံးခွင့် ရမည်ဖြစ်သည်။ ယင်း ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ခွင့်ပြုလိုက်သော ပါတီမှာ နှစ်ခုသာ ရှိသေးသည်။

ဦးရဲထွန်း၏ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် နှင့် ဦးအေးလွင်၏ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)တို့ကို နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြုကြောင်း ဧပြီ ၂၂ ရက်နေ့တွင် ကော်မရှင်က ကြေညာ သည်။

ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၅ (စ) အရ ပြည်ထောင်စု တဝန်းလုံး စည်းရုံးရေးဆင်းမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တထောင်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွင် စည်းရုံးမည့် ပါတီ ဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ငါးရာ စုဆောင်း ရမည်ဟု ပြဋ္ဌာန်းထားသည်။

ဦးအေးလွင်က“လူတထောင်တို့၊ ငါးရာတို့ တင်ရမှာဆိုတော့ လူစုဆောင်းရေး လုပ်ရတာပေါ့၊ အဲဒီအခါကျတော့ ပါတီ ထူထောင်ရေး ကိစ္စမှာလည်း လူစုဆောင်းပြီးလုပ်မှ ရမယ့် အခြေအနေ ဖြစ်နေတာကိုး၊ ဒါကိုပဲ စည်းရုံးရေးလို့ ပြောရင်လည်း  ပြောလို့ ရမယ်”ဟု ဆိုသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) မှ ဦးသုဝေကလည်း“သူတို့ တစည၊ ကြံ့ဖွံ့ တို့ကတော့ လုပ်နိုင်တာပေါ့၊ အစိုးရက ခွင့်ပြု ထားတာကိုး၊ ကိုယ်တွေက ကိုယ့်ဟာကိုယ် စုပြီး လုပ်ရတာ၊ ဒါပေမယ့် သူတို့လောက် မလုပ်နိုင်ဘူး”ဟု ဧရာဝတီသို့ ပြော သည်။

ပါတီ ဖွဲ့ခွင့် မရှိသေးသဖြင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မသိမသာ စည်းရုံးမှုများကို မြို့နယ်များ၌ ဒီမိုကရက်တစ် ပါတီက ပြုလုပ်နေကြောင်းလည်း ဦးသုဝေက ဆိုသည်။

လပွတ္တာမြို့ခံ တဦးကလည်း“ဒီမှာ စည်းရုံးရေး ဆင်းနေတာကတော့ တစည ရယ်၊ ကြံ့ခိုင်ရေး ရယ် ရှိတယ်၊ တခြားအဖွဲ့ အစည်းတွေတော့ မရှိဘူး၊ ပါတီ မှတ်ပုံ တင်မထားဘဲ အခုလို စည်းရုံးရေး ဆင်းတာကတော့ သူတို့က အစိုးရနဲ့ နီးစပ်တဲ့ အဖွဲ့အစည်းတွေ၊ အစိုးရနောက်ခံ အဖွဲ့အစည်းတွေပဲလေ”ဟု ပြောသည်။

ကြံ့ဖွံ့သည် ၁၉၉၃ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၌ လူမှုရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခဲ့ပြီး စတင်ဖွဲ့စည်းစဉ်က နိုင်ငံ ရေး နှင့် မပတ်သက်ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် နအဖ၏ နိုင်ငံရေးမူဝါဒများကို အကောင်အထည် ဖော်လာခဲ့သည်။

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ကြံ့ဖွံ့သည် လမ်းခင်းခြင်း၊ ငွေချေးခြင်း၊ ဆေးပေးခန်း ဆောက်လုပ်ခြင်းများဖြင့် စည်းရုံး ရေး ဆင်းနေသည်။ ဖြိုးစေတနာ အမည်ရှိ အခမဲ့ဆေးခန်းများကို ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် အများအပြားတွင် ဖွင့်လှစ် နိုင်ရန် ကြံ့ဖွံ့က စီစဉ်နေကြောင်း သိရသည်။

“တချို့နေရာတွေမှာ ကြံ့ခိုင်ရေးတို့၊ တစညတို့ စည်းရုံးရေး ဆင်းနေတယ်ဆိုတာ ကြားရတယ်ဗျာ၊ အဲဒါကတော့ သူတို့ နည်းနည်း ဆန္ဒစောနေတယ်လို့ ကျနော် မြင်တယ်”ဟု ဦးအေးလွင်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းတွင် ကြံ့ဖွံ့နှင့် တစည တို့ ပူးပေါင်း၍ ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်ရှိ ရိုဟင်ဂျာများကို ဆန်၊ အဝတ်အစားများ ပေးခြင်း၊ မှတ်ပုံတင်ကတ် ထုတ်ပေးမည်ဟု ပြောဆို စည်းရုံးခြင်းများ ရှိကြောင်း သိရသည်။

ကြံ့ဖွံ့နှင့် တစညတို့၏ စည်းရုံးရေး လှုပ်ရှားမှုများသည် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများကို ဆန့်ကျင် ဖောက်ဖျက်ရာ ကျသော်လည်း ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်း အရေးယူခြင်းရှိကြောင်း မကြားသိရသေးပေ။

ပါတီများသည် ရက် ၉၀ အတွင်း သတ်မှတ် ပါတီဝင်ဦးရေ ပြည့်မီရန် မစည်းရုံးနိုင်ပါက မှတ်ပုံတင်ခြင်း နည်းဥပဒေ၊ အခန်း (၃)၊ အပိုဒ် ၁၃ (ဂ) အရ ရွေးကောက်ပွဲ ကော်မရှင်က ယင်းပါတီအား ဖျက်သိမ်းခွင့်ရှိသည်။

ကော်မရှင်သို့ ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသော ပါတီသစ် ၁၆ ခုနှင့် ပြန်လည် မှတ်ပုံတင်သော ပါတီဟောင်း ၃ ခု စုစုပေါင်း ပါတီ ၁၉ ခုရှိပြီဖြစ်သည်။

ရင်းမြစ်။ ။ဧရာဝတီ

နေပြည်တော်၌ စစ်တပ်အဆင့်မြင့် အရာရှိများ သွားလာခွင့် ကန့်သတ်

နေပြည်တော် စစ်ဌာနချုပ် နယ်မြေနှင့် ဆက်စပ်နယ်မြေ အတွင်း ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က စတင်၍ လုံခြုံ ရေး တိုးမြှင့်ထားပြီး စစ်တပ် အဆင့်မြင့် အရာရှိကြီးများ၏ နေပြည်တော်သို့ လာရောက်သည့် ခရီးစဉ်များ ကန့်သတ် ထားကြောင်း သိရသည်။

ကန့်သတ်မှုမှာ တိုင်း စစ်ဌာနချုပ်များ၏ တိုင်းမှူးအဆင့် ဗိုလ်ချုပ်များနှင့် တပ်မမှူး အဆင့်ရှိ ဗိုလ်မှူးချုပ်များ၏ ခရီးစဉ်များဖြစ်ကြောင်း နေပြည်တော် စစ်ဌာနချုပ်မှ လာသော သတင်းများက ဆိုသည်။

စစ်အစိုးရ မြို့တော်သစ် နေပြည်တော်တွင် ပြီးခဲ့သည့် မတ်လ ကုန်ပိုင်းက တွေ့ရသော ဆောက်လုပ်နေဆဲ လွှတ်တော် အဆောက်အအုံ (ဓာတ်ပုံ - Reuters)
ယင်းတိုင်းမှူးနှင့် တပ်မမှူးအဆင့်ရှိ အရာရှိကြီးများနေဖြင့် နေပြည်တော်သို့ လာရောက်မည့် အကြောင်းကို ကြိုတင် သတင်း ပေးပို့ရမည်ဖြစ်ပြီး သွားရောက်တွေ့ဆုံမည့် အရာရှိကြီးများ၏ ခွင့်ပြုချက်လည်း လိုအပ် သည်ဟု တပ်မတော် စစ်ရုံးချုပ် ရုံးစိုက်ရာ နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ အရှာရှိတဦးက ပြောဆိုသည်။

“ဧပြီ ၁၇ ရက်နေ့က ကက(ကြည်း)ကနေ တိုင်းစစ်ဌာနချုပ်နဲ့ တပ်မဌာနချုပ်တွေကို ညွှန်ကြားချက်ပို့ထားပါ တယ်၊ ဘယ်တိုင်းမှူး ဘယ်တပ်မမှူးမှ ခွင့်ပြုချက်မပါဘဲ စစ်ရုံးချုပ်ရှိတဲ့ နေပြည်တော်တိုင်း စစ်ဌာနချုပ်ကို လာစရာ မလိုဘူးလို့ ညွှန်ကြားထားတယ်”ဟု ၎င်းက ဧရာဝတီ သို့ ပြောသည်။

နေပြည်တော်သို့ လာရောက်သည့် တိုင်းမှူး ဗိုလ်ချုပ်များနှင့် တပ်မမှူး ဗိုလ်မှူးချုပ်များ၏ တည်းခိုရာနေရာကို လည်း ကြိုတင် သတင်းပေးပို့ရမည်ဖြစ်ပြီး ကာကွယ်ရေး ၀န်ကြီးဌာန စစ်ရုံးချုပ်ရှိ ကက(ကြည်း)၏ ညွှန်ကြား ချက် ရရှိမှ တည်းခိုနေထိုင်ရမည်ဖြစ်သည်ဟုလည်း ယင်းစစ်ဌာနချုပ် အရာရှိက ပြောဆိုသည်။

တိုင်းမှူးနှင့် တပ်မမှူးများ၏ နေပြည်တော်ခရီးစဉ်အတွင်း လုံခြုံရေးအရ လိုက်ပါမည့်သူများနှင့် ရုံးအဖွဲ့ကို လည်း ခရီးစဉ်မတိုင်ခင် ၄ ရက်ခန့် ကြိုတင်သတင်းပို့ပေးရန်နှင့် ခွင့်ပြုချက်ရပြီးမှ ဆက်လက်ဆောင်ရွက်ရ  မည်ဖြစ်ကြောင်း သိရသည်။

“အဓိက ကတော့ လက်နက်ခဲယမ်း ယူဆောင်လာတာကို ကန့်သတ်ဖို့ပဲဖြစ်ပါတယ်၊ ကက(ကြည်း)က အကြောင်း အမျိုးမျိုးကြောင့် နေပြည်တော်ကို လာရောက်မယ့် အရာရှိတွေရဲ့ လက်နက်ခဲယမ်းများ ယူဆောင်တာကို နဂို ကထက် တင်းကျပ်လိုက်တာဖြစ်တယ်”ဟု အထက်ပါ အရာရှိက  ဆက်ပြောသည်။

အဆိုပါ ကက(ကြည်း)၏ တိုင်းမှူး၊ တပ်မမှူးများကို နေပြည်တော်သို့ ခရီးသွားလာခွင့် ကန့်သတ်ခြင်းနှင့် လုံခြုံရေး အတွက် အတူပါလာသည့် အရာရှိများ၏ လက်နက်ခဲယမ်းများ ကန့်သတ်ခြင်းသည် စစ်ရုံးအတွင်း ပစ်ခတ်မှုများ ဖြစ်လာမည်ကို စိုးရိမ်မှုကြောင့် ဖြစ်ကြောင်း စစ်ဘက်လေ့လာသူများက သုံးသပ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့(သင်္ကြန် အကြတ်နေ့)က ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ် ကန်တော် ကြီး အနီးရှိ X2O ရေကစား မဏ္ဍပ်ရှေ့တွင် ဗုံးသုံးလုံး ပေါက်ကွဲမှုကြောင့် ရန်ကုန်တိုင်း အမှတ်(၄) စစ်ဒေသ မှူး ဗိုလ်မှူးကြီး အုံးချိုနှင့် မြို့နယ်အဆင့် အရာရှိများအပါအ၀င် လူ ၁၇၀ ဒဏ်ရာရရှိပြီး အငြိမ်းစား ဗိုလ်ကြီး တဦးဖြစ်သည့် မင်္ဂလာတောင်ညွှန့်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးသန့်စင်သိမ်း အပါအ၀င် ယနေ့ အထိ ၁၀ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်မြို့က အပတ်စဉ်ထုတ် ဂျာနယ်များတွင် ဖေါ်ပြသည်။

ယင်းဧပြီ ၁၅ ရက်နေ့ တရက်တည်းတွင်ပင် နေပြည်တော်ရှိ Asia World ကုမ္ပဏီပိုင် မြတ်တော်ဝင် ဟိုတယ် တွင်လည်း ဗုံးတွေ့ရှိကြောင်း ဟိုတယ် တာဝန်ရှိသူတဦးက ပြောသည်။

ရင်းမြစ်။ ။ဧရာဝတီ