Monday, March 22, 2010

ပါတီ ၂ ခု စတင် မှတ်ပုံတင်

ကိုထွေး Monday, March 22, 2010

ရွေးကောက်ပွဲ ၀င်မည်ဟု ကြေညာ ထားသည့် အဖွဲ့ ၂ ခုက နိုင်ငံရေး ပါတီများအဖြစ် မှတ်ပုံတင်ရန် ရွေးကောက်ပွဲ ကော်မရှင်သို့ ယနေ့ လျှောက်လွှာ တင်လိုက် ကြသည်။

ပထမဆုံး လျှောက်ထားသည့် အဖွဲ့သည် “၈၈ မျိုးဆက်ကျောင်းသား လူငယ်များ(ပြည်ထောင်စု မြန်မာနိုင်ငံ)” ဖြစ်ပြီး ဒုတိယ လျှောက်ထားသည့် အဖွဲ့မှာ “အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် (ပြည်ထောင်စု မြန်မာနိုင်ငံ)” ဖြစ်သည်။

ပြီးခဲ့သည့် လဆန်းပိုင်းက တွေ့ရသည့် နေပြည်တော်ရှိ တည်ဆောက်ဆဲ လွှတ်တော် အဆောက် အအုံများ (ဓာတ်ပုံ - AP)
နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးက လျှောက်လွှာ လက်ခံရ ရှိကြောင်း စာတစောင် ထုတ်ပေးသည်ဟု အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ခေါင်းဆောင် ကိုအေးလွင်က ဧရာဝတီကို ပြောသည်။

“အစစ အရာရာ ဒီတိုင်းပြည် နောက်ကျ ကျန်ခဲ့တယ်၊ ဒီ လူ့အဖွဲ့ အစည်းက နောက်ကျ ကျန်ခဲ့တယ်လေ၊ အဲဒါအတွက် ကျနော်တို့ နိုင်ငံရေး အရ ဖြည့်ဆည်း စွမ်းဆောင် ပေးနိုင်မယ့် အခွင့် အလမ်းတခု ပေါ်လာပြီလို့ ခံစားမိပါတယ်” ဟု ကိုအေးလွင်က ဆိုသည်။

သူ၏ ညီဖြစ်သူ ကိုရဲထွန်းက ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူထားသည်။ ကိုအေးလွင်သည် စစ်အစိုးရ အာဏာပိုင်များနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း တို့နှင့် လွန်ခဲ့သည့် ၅ လခန့်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသား လူငယ်များ ဟု အမည်ပေးထားသော်လည်း ထိုအဖွဲ့သည် အကျဉ်းကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီးတို့၏ အင်အားစုနှင့် သဘောထား တူညီခြင်း မရှိပေ။

ယနေ့ ကော်မရှင်ရုံးသို့ တင်သွင်းသည့် လျှောက်လွှာသည် မှတ်ပုံတင်ရန် ခွင့်ပြုချက် ရရေးအတွက် ဖြစ်သည်ဟု ဆိုသည်။  ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုမပြု အကြောင်းပြန်မည့်ရက်ကို မသိရသေးဟု ကိုအေးလွင်က ပြောသည်။

နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း နည်းဥပဒေ ပုဒ်မ ၇ တွင် “မှတ်ပုံတင်ကြေး ငွေကျပ် သုံးသိန်း ကို ကော်မရှင်က သတ်မှတ်သည့် နည်းလမ်းများ အတိုင်း ပေးသွင်းရမည် ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီ တည်ထောင်ရန် ခွင့်ပြုချက်ရသည့်နေ့မှ စ၍ ရက်ပေါင်း ၃၀ အတွင်း မိမိတို့ ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ကော်မရှင်သို့ လျှောက်ထားရမည်” ဟု ပါရှိသည်။

ဤအတောအတွင်း နိုင်ငံရေး အဖွဲ့ တချို့ကလည်း  အမြန်ဆုံး မှတ်ပုံတင်နိုင်ရေးအတွက် စီစဉ်လျက် ရှိသည်။

ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဦးသုဝေက“မနေ့က အစည်းအဝေးကတော့ မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ ကျနော်တို့က ကိုယ်စားလှယ် တယောက် ရွေးပြီး အခု တရက် နှစ်ရက်အတွင်းမှာ နေပြည်တော်ကို လွှတ်လိုက်ရမယ်” ဟု ပြောသည်။

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) မှ ခွဲထွက်ပြီး နိုင်ငံရေး ပါတီ တည်ထောင်ထားသည့် ဒေါက်တာ မနန်တူးဂျာ ဦးဆောင်သော ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) က မကြာမီ မှတ်ပုံတင်မည်ဟု ဆိုသည်။

ရှမ်းတိုင်းရင်းသား ၀ါရင့်နိုင်ငံရေးသမား  ဦးရွှေအုန်းက“အခုမှ ဆွေးနွေးတုန်း ရှိပါသေးတယ်၊ နောက် ၁၀ ရက်လောက် ဆို တင်ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

ရင်းမြစ်။ ။ဧရာဝတီ

စွမ်းအားရှင်များအား သင်တန်းပေးရန် စီစဉ်

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) ၏ လက်ကိုင်တုတ်ဖြစ်သော စွမ်းအားရှင်အဖွဲ့ကို မကြာမီလပိုင်းအတွင်း သင်တန်းများပေးရန် အစီအစဉ်ရှိသည်ဟု စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) မြို့နယ်တာဝန်ခံတဦးက ပြောသည်။

မည်သည့်အချိန်၊ မည်သည့်နေရာ၌ သင်တန်းများ ပေးမည်ကိုမူ ၎င်းက ပြောကြားခြင်းမရှိပေ။

“ကျနော်တို့တုန်းက တောင်ဒဂုံမှာ သင်တန်းတက်ရတယ်။ ဒိုင်း၊ တုတ် ကိုင်တွယ်နည်း၊ ကိုယ်ခံပညာ နည်းနည်းသင်တယ်။ ရှေ့က တက်တဲ့လူက ဘယ်လို၊ နောက်က ညာသံပေးပြီးအော်တာက ဘယ်လိုနဲ့ သင်ပေးတာ” ဟု မြောက်ဥက္ကလာပမြို့နယ် စွမ်းအားရှင် လူငယ်တဦးက ပြောသည်။

စွမ်းအားရှင်အဖွဲ့ကို သက်ဆိုင်ရာ မြို့နယ် ကြံ့ဖွံ့နှင့် မယကတို့မှ တာဝန်ယူဖွဲ့စည်းထားခြင်းဖြစ်သည်။ စက်သုံးဆီဈေး စတင်ပြောင်းလဲ၍ လူထုအုံကြွမှုဖြစ်ပွားခဲ့သော ၂၀၀၇ သြဂုတ် (၆) ရက်နောက်ပိုင်း အရေးပေါ်အခြေအနေအရ ဖွဲ့စည်းခြင်း ဖြစ်သည်ဟု သိရသည်။

“ရယက ဥက္ကဋ္ဌတွေကို စကားပြောစက် အသုံးပြုခွင့် ပေးထားတာ အဲဒီအတွက်ပဲ။ အရေးအခင်းဖြစ်တာနဲ့ မယက ကနေ ရယကဥက္ကဋ္ဌဆီ စက်ပေါက်လိုက်တယ်။ ဥက္ကဋ္ဌက စွမ်းအားရှင် ရာအိမ်မှူးတွေကို စုစည်း၊ ပြီးတော့ (၁၅) မိနစ်အတွင်း မယကရုံး စုရပ်မှာ သွားဆုံကြရတယ်။ အဲဒီက ကားတွေနဲ့ အုံကြွမှုဖြစ်တဲ့နေရာကို သွားကြတယ်။ တနေ့ (၅,၀၀၀) ကျပ်စား စွမ်းအားရှင်၊ (၃,၀၀၀) ကျပ်စား စွမ်းအားရှင်တွေဆိုပြီးရှိတယ်။ ဒါကလည်း လှုပ်ရှားမှုရှိမှ ရကြတာ” ဟု မယက ၀န်ထမ်းတဦးက ပြောသည်။

၂၀၀၇ ခုနှစ်အတွင်း သြဂုတ်လနှင့် စက်တင်ဘာလအတွင်း စက်သုံးဆီ ဈေးနှုန်းတက်သွားသည်ကို အကြောင်းပြု၍ ရန်ကုန်မြို့အနှံ့ ဖြစ်ပွားခဲ့သော ရဟန်းသံဃာနှင့် လူထုအုံကြွမှုကို ရက်ရက်စက်စက်နှိမ်နင်းရာတွင် စွမ်းအားရှင်အဖွဲ့ကို ထည့်သွင်းအသုံးပြုခဲ့သည်ဟု အဆိုပါဝန်ထမ်းက ပြောသည်။

ရယက အတွင်းရေးမှူးတဦးကလည်း “မြို့နယ်တိုင်း စွမ်းအားရှင်တွေရှိတယ်။ မြို့ပြ၊ မြို့လယ်တွေမှာတော့ ရယက စွမ်းအားရှင်တွေပဲရှိတယ်။ ရယက ရာအိမ်မှူးတွေထဲက (၅) ဦးကို မယကဆီ စာရင်းပို့ရတယ်။ အဲဒီမှာ မြို့နယ်အဆင့် ခေါင်းဆောင် (၂) ယောက် ရွေးချယ်ပြီး ခရိုင်စွမ်းအားရှင်အဖြစ် သတ်မှတ်တယ်။ ဒါကြောင့် မြိုနယ်တခုမှာ စွမ်းအားရှင် (၅၀) နဲ့ (၁၀၀) ကြားရှိနိုင်တယ်။ အိုးအိမ်မဲ့ ကျပန်း စွမ်းအားရှင်တွေကိုတော့ မြို့စွန်၊ မြို့သစ်တွေဖြစ်တဲ့ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ သန်လျင်၊ ကျောက်တန်းမြို့နယ်တွေမှာ အများဆုံး တွေ့ရတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။

လက်ရှိအခြေအနေတွင် ဒဂုံမြို့သစ် မြောက်ပိုင်း၊ အမှတ် (၃၃) ရပ်ကွက်၊ ပင်လုံဈေးနှင့် (၁) ဖာလုံခန့်အကွာ ငမိုးရိပ်ချောင်း နံဘေးရှိ ကြံ့ဖွံ့အသင်းပိုင်မြေနေရာတွင် စွမ်းအားရှင် အိမ်ထောင်စုများ စုစည်းလျက် တည်ရှိနေကြသည်။

၎င်းအသင်းပိုင်မြေသည် အလျား ပေ (၃၀၀)၊ အနံ ပေ (၁၀၀) ဧရိယာရှိပြီး ကျူးကျော်တဲ (၃၀) ခန့်ရှိသည်။ ကြံ့ဖွံ့စည်းရုံးရေးမှူး ဦးမြင့်ဦးထံ နေအိမ်တလုံးလျှင် လစဉ် (၅,၀၀၀) ကျပ် အခွန်ပေးသွင်းရပြီး ထိုတဲတန်း၌ စွမ်းအားရှင် (၅၀) ဦးခန့် ရှိနိုင်သည်ဟု အမှတ် (၃၃) ရပ်ကွက်သားတို့က ပြောသည်။

ကြံ့ဖွံ့ကျူးကျော်တဲတန်း၏ (၂) ဖာလုံခန့်အကွာ၌ ရပ်ကွက်ကျူးကျော်တဲများ ရှိနေပြီး အဆိုပါနေရာ၌ နေထိုင်ခွင့်ရရန် အရွယ်ရောက်သူတိုင်း စွမ်းအားရှင်အဖွဲ့သို့ မ၀င်မနေရ ၀င်ကြရသည်ဟု သိရသည်။ ၎င်းတို့သည် ငမိုးရိပ်ချောင်းနံဘေးရှိ အုတ်၊ ကျောက်စရစ်၊ သဲဒိုင်များ၌ အချို့လုပ်ကိုင်ကြပြီး အများစုမှာ ရန်ကုန်မြို့၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ပန်းရန်၊ လက်သမား လုပ်ကိုင်ကြသည်ဟု သိရသည်။

ရယက အဖွဲ့ဝင်တဦး၏အဆိုအရ ဒဂုံမြို့သစ်မြောက်ပိုင်းသည် အခြားမြို့နယ်များထက် ထူးခြားစွာ စွမ်းအားရှင် ဦးရေ (၃၀၀) ခန့် ရှိနိုင်သည်ဟု သိရသည်။

အဆိုပါ စွမ်းအားရှင်များအား သင်တန်းများပေးရန် စီစဉ်နေခြင်းသည် ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ ကာလတလျှောက် လူထုအတွင်း သပ်လျှိုသွေးခွဲမှုများ ပြုလုပ်ရန် အချိန်ကိုက် စီမံခြင်းဖြစ်နိုင်သည်ဟု နိုင်ငံရေးအကဲဖြတ်များက သုံးသပ်နေကြသည်။

အောင်ထက်/ ၂၂ မတ် ၂ဝ၁ဝ
ရင်းမြစ်။။ခေတ်ပြိုင်

ဒေါ်စုနှင့် တွေ့ဆုံခွင့်ပြုရန် NLD ထပ်မံတောင်းဆို

  နယူးဒေလီ (မဇ္ဈိမ)။     ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တွေ့ဆုံခွင့်ပြုရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရထံသို့ ယခုလ ၁၇ ရက်နေ့တွင် ထပ်မံတောင်းဆိုခဲ့ကြောင်း ယနေ့ ထုတ်ဖော်ပြောဆိုသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် NLD ရုံးချုပ်၌ ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင် ၁၇ ဦး တက်ရောက်သည့် ယနေ့ အစည်းအဝေးတွင် စစ်အစိုးရထံ ထိုသို့သော ထပ်မံတောင်းဆိုချက်နှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“တွေ့ဆုံခွင့် ပြုဖို့အတွက် တောင်းဆိုထားတဲ့ စာကို ဒီနေ့ ထုတ်ပြန်တာပါ။ ၁၇ ရက်နေ့က နအဖ ဥက္ကဋ္ဌ ဆီကို ပို့ထားတဲ့ စာပါ။ ဒီနေ့ ပြည်သူလူထုသိအောင် ကြေညာလိုက်တာ ဖြစ်ပါတယ်။ အခုအချိန်ဟာ ပါတီအတွက် အရေးကြီးတဲ့အချိန် ဖြစ်တဲ့အတွက်ကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ CEC တွေ့ ဆုံခွင့် ပြုဖို့ တောင်းဆိုတယ်” ဟု CEC အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ယခင်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC က ထိုသို့သော တောင်းဆိုချက်မျိုး ရှိခဲ့သော်လည်း စစ်အစိုးရဘက်က တစုံတရာ တုံ့ပြန်ခြင်း၊ လိုက်လျောခြင်းမျိုး မရှိခဲ့ရာမှ ယခုလို ထပ်မံ၍ တောင်းဆိုရခြင်း ဖြစ်သည်။

ဤသည်မှာ လက်ရှိ CEC အဖွဲ့ဝင် ဦးရေ ၂ဝ ရှိသည့်အနက် အဖွဲ့ဝင်ဟောင်းများဖြစ်သည့် ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးလွန်းတင်၊ ဦးလွင်၊ ဦးသန်းထွန်း၊ သခင်စိုးမြင့်၊ ဦးလှဖေ၊ ဦးညွန့်ဝေတို့နှင့် တွေ့ဆုံခွင့်ပြုရေး ဖြစ်သည်။

ယနေ့ အစည်းအဝေးသို့ ကျန်းမာရေးမကောင်းသည့် ပါတီအတွင်းရေးမှူး ဦးလွင်၊ ဦးလွန်းတင်နှင့် နေအိမ်တွင် အထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ ကျန်အဖွဲ့ဝင် အားလုံး တက်ရောက်ကြသည်။

စစ်အစိုးရက ၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပရန်အတွက် ယခုလ ဒုတိယအပတ်မှ စတင်ကာ ရွေးကောက်ပွဲ ဥပဒေများကို ထုတ်ပြန်ခဲ့ပြီးနောက် ယခုလ ၁၉ ရက်နေ့မှ စတင်၍ ရက် ၆ဝ အတွင်း ပါတီများ မှတ်ပုံတင်ရမည်ဟု ဆိုထားသည်။

NLD ကမူ ရွေးကောက်ပွဲ ကော်မရှင်တွင် ပြန်လည်၍ မှတ်ပုံတင်သင့်၊ မတင်သင့်နှင့်ပတ်သက်၍ CEC နှင့် တိုင်း/ပြည်နယ် ကိုယ်စားပြု ဗဟိုဦးစီး CC အဖွဲ့ဝင် ဦးရေ ၁ဝဝ နှင့် ယခုလ ၂၉ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ဦးအုန်းကြိုင်က “၂၉ ရက်နေ့ CC အစည်းအဝေးမှာ  ပြည်နယ်နဲ့ တိုင်းက ဆွေးနွေးချက်တွေကို ကျနော်တို့ နားထောင်မယ်။ ဆွေးနွေးချက်တွေ မူတည်ပြီးတော့မှ ဘယ်လိုဆုံးဖြတ်သွားမလဲ ဆိုတာကို ထပ်ပြီး စဉ်းစားမယ်ဆိုပြီး နည်းနည်း သဘောထားပြောင်းပြီး ဆုံးဖြတ်တယ်” ဟု ပြောသည်။

မြင့်မောင်  

တို့ကိုယ်ကျိုး လုံးလုံးမပါနှင့် အတွေးအမြင် အတွေးများ

   

(၁) ဒုတိယအတွေးနှင့်တော့မဆိုင် ....။ ဆရာမောင်ဝံသရေးခဲ့သည့် စာများနှင့် `စ’ လို၍ နိဒါန်းချီခြင်း ဖြစ်သည်။ အတ္တုပတ္တိစာပေများအား စတင်၍ ဖတ်ဖြစ်ခဲ့သည့်အခါ၌ ဆရာရေးသည့် ခရူးရှက်အား ဖတ်မိ၏။ ဒေါက်တာကစ်ဆင်ဂျာအကြောင်း ဖတ်ဖြစ်၏။ ဤတွင်… အိမ်ဖြူတော်နှင့် အမေရိကန်နိုင်ငံရေးအား တွေ့ရသည်။ မြင်းစီး၍ ကြည့်ရသကဲ့သို့ ....။ စစ်အေးခေတ် အင်အားကြီးနိုင်ငံတို့၏ သံခင်း၊ တမန်ခင်းအား မြင်ရပြန်သည်။ ထိုမှ .... ယူဂိုဇလပ်ခေါင်းဆောင်ကြီး မာရှယ်တီတိုး ....။ မာရှယ်တီတိုးအကြောင်းရေးရင်း ဆရာသည် မီလိုဗန်ဂျီးလက်(စ်)အကြောင်းအား တို့ထိ၍ ဖော်ပြသွားသည်။ မီလိုဗန်ဂျီးလက်(စ်) က ယူဂိုဇလပ်ခေါင်းဆောင် မာရှယ်တီတိုး၏ ရဲဘော်ရဲဘက်ကြီးတဦး .....။ နာဇီတို့အား အတူတူ လက်တွဲ၍ တော်လှန်ခဲ့ကြသည်။ ယူဂိုဇလပ် ပြည်ထောင်စုသစ်အား ထူထောင်ခဲ့ကြသည့် .... ရဲနှစ်ဖော်။ လွတ်လပ်သည့် ဆိုရှယ်လစ်ပန်းတိုင်သို့ .... သူတို့ ရဲနှစ်ဖော်၏ ဦးဆောင်မှုဖြင့် ယူဂိုဇလပ် ဆိုရှယ်လစ်လမ်းစဉ်သို့ ချီတက်ခဲ့ကြသည်။

မကြာ ....။ မာရှယ်တီတိုး၊ မီလိုဗန်ဂျီးလပ်တို့ နှစ်ဦး သဘောတရားရေးအရ ကွဲတော့၏။ မီလိုဗန်ဂျီးလပ်အား ရဲဘော်ကြီး မာရှယ်တီတိုးက ထောင်တွင်းအကျဉ်းချလိုက်တော့သည်။ ထောင်အတွင်း၌ မီလိုဗန်ဂျီးလပ်သည် စာရေး၏။ လူတန်းစားသစ် (News Class) ဟူ၍ စာအုပ်ထွက်လာသည်။ ယူဂိုဇလပ်တွင်တော့မဟုတ်.....။ အမေရိကန်တွင် ထုတ်ဝေခြင်း ဖြစ်၏။ လူတန်းစားသစ်အား မြည်းရသည့်အချိန်ကား ......၊ မဆလ တို့ နေမဝင်သေး......။ ခေတ်ကောင်းနေကြချိန် ဖြစ်သည်။ ဤတွင် ကျနော်တို့ပတ်ဝန်းကျင်၌ လူတန်းစားသစ်များအား တွေ့နေရ၏။ မူလတန်းကျောင်းစောင့်က လူငန်းစစ်ဆေးရေး ဥက္ကဋ္ဌ ဖြစ်လာသည်။ လက်နက်ချသည့် သူပုန်ဗိုလ်လူထွက်က ပါတီယူနစ် ဥက္ကဋ္ဌ .......။ ပြီးလျှင် ..... ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ....ဖြစ်နေကြ၏။ ဆရာမောင်ဝံသပြ၍ လူတန်းစားသစ်များအား အမြင်ရှင်းရှင်းနှင့် တွေ့ရတော့သည်။

(၂)
စာအုပ်အမည်                   ဒုတိယအတွေး
ရေးသူအမည်                   မောင်ဝံသ
ခွင့်ပြုချက်အမှတ်              ၉၈၂၊ ၂ဝဝ၂ (၁၂)
ပုံနှိပ်မှတ်တမ်း                  ၂ဝဝ၃ ခုနှစ်၊ မတ်လ (ပထမအကြိမ်)
ဒေါင်းစာပေ
တန်ဖိုး                            ၇ဝဝ ကျပ်
အုပ်ရေ                           ၁ဝဝဝ

၁၉၉ဝ ခုနှစ် မေလ ၂၇ ရက်နေ့ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကြီးတွင် ဆရာမောင်ဝံသသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်၍ အရွေးချယ်ခံခဲ့သည်။ ဝေါမြို့နယ် မဲဆန္ဒနယ်မြေမှ ....။ ဆရာ့အား ဝေါပြည်သူများက ဆန္ဒမဲပေးကြ၏။ ရွေးကောက်ပွဲပြီး .... မကြာ ....။ ဆရာအင်းစိန်တောရသို့ ရောက်သွားပြန်သည်။ ထိုစဉ်က ဆရာသည် NLD ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးလည်း ဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် ဆရာ အင်းစိန်တောရမှ ၃၃-လမ်း ဒေါင်းစာပေသို့ ပြန်ရောက်ခဲ့သည်။

(၃)
ဆရာမောင်ဝံသနှင့် တွေ့ဆုံမေးမြန်းမှုအား မဟေသီမဂ္ဂဇင်းတွင် ဖတ်ရသည်။ ဆရာဟိန်းလတ်၏ အင်တာဗျူး ဖြစ်သည်။ ဆရာက ဤသို့ဖြေ၏။

“...အတွေးအမြင်စာစဉ်အား ၁၉၈၄မှ စပြီး ဒီနေ့အထိ လစဉ်မပြတ် ထုတ်နေခဲ့သည်ကို ..... ကျနော့်ဘဝအတွက် ကျေနပ်မှုအရှိဆုံး ဖြစ်ပါတယ် ...”

အတွေးအမြင်တွင် မော်ဒန်အမျိုးသမီး၏ ရုပ်ပုံမပါ။ ဂမ္ဘီရဆေးနည်းမထည့်။ အဝါရောင် ရသအား မဖော်ပြ။ ဒဿနအား ပေး၏။ တွေးစရာများ ပါသည်။ ပညာရပ်ဆိုင်ရာ စာတို့အား ထည့်သည်။ မျက်နှာဖုံးမှာလည်း .... ရိုးရိုးရှင်းရှင်း......။ သို့သော် စာစဉ်အား ဆရာမောင်ဝံသသည် လစဉ်ထွက်နိုင်ရန် မည်မျှ လုံ့လပြုရမည်မှာ တွေး၍ပင်မရ .....။ ဤအတွက်လည်း ဆရာမှ ဆရာဟိန်းလတ်အား အထက်ပါစကားအား ပြောခဲ့ခြင်းဖြစ်မည်။

ယခု ဆရာမောင်ဝံသကား ၁၈ နှစ်တာ ကာလအတွင်း အတွေးအမြင်တွင် ဆရာရေးခဲ့သည့် ခေါင်းကြီးများ၊ ဆောင်းပါးများအား စုစည်း၍ ဒေါင်းစာပေမှ စာအုပ်ထုတ်သည်။ “ဒုတိယအတွေး” ဟူ၍…။ ဆောင်းပါး ၅၆ ပုဒ် ပါ၏။ ၁၈ နှစ်ကာလအတွင်း ၅၈ ပုဒ်သာ ရေးနိုင်ခဲ့သည့်အပေါ် ဆရာက စိတ်မချင့်မရဲ ဖြစ်နေသည့်ဟန်…။ “ဒုတိယအတွေး” တွင် ဆရာဒဂုန်တာရာက အမှာစာရေးပေး၏။

“သမိုင်းတာဝန်များကို ထမ်းဆောင်သော သူများတွင် စာရေးဆရာ၊ သတင်းစာဆရာတို့ ပါဝင်သည်မှာ အမှန်ပင်။ နိုင်ငံရေးသမားများသည် တိုင်းပြည်အပေါ်တွင် တာဝန်ရှိသကဲ့သို့ သတင်းစာဆရာသည်လည်း တိုင်းပြည်အပေါ် တာဝန်ရှိသည်။ ထိုကြောင့် ကျနော် မောင်ဝံသကို နားလည်သွားသည်”

ပြီးလျှင် .... ဆရာမောင်ဝံသက သူ၏ စာအုပ်အတွက်အမှာစကားဆို၏။

“ဤဆောင်းပါးများသည် ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ ၊ အဂတိတရားလေးပါး ကင်းနိုင်သမျှ ကင်းရှင်းအောင် သတိပြု နှလုံးသွင်း၍ ရေးသားခဲ့သော ကျနော့်ကိုယ်ပိုင် အာဘော် အများဆုံးပါဝင်သော စာစုဖြစ်သည်ဟု ဆိုချင်ပါသည်။ စာဖတ်သူအနေဖြင့် စာရေးသူမောင်ဝံသနှင့် အတွေးအမြင်ချင်း ညှိနှိုင်းဖလှယ်ရင်း အတွေးမျှင်များ ဆင့်ပွားနိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်”

၂ဝဝ၂ ခုနှစ် ဇန်နဝါရီလတွင် ရေးသော အမှာစာဖြစ်သည်။ ထိုစဉ်က ဆရာသည် နိုင်ငံရေးဝန်းကျင်၌ မရှိသော အချိန်ဖြစ်သည်။ ဆရာ့အမှာစာအား ဖတ်ပြီး .... ဒေါ်အောင်ဆန်းစုကြည်၏ “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး ” စာတမ်းအား သတိရမိသည်။

(၄)
ခေါင်းကြီးနှင့် ဆောင်းပါး ၅၆ ပုဒ်အနက် “ကံဆိုးသူ မက်ခယ်ရီဗီလီ” ဆောင်းပါးနှင့် “စ”၏။ ၁၉၈၄ ခုနှစ် အတွေးအမြင် စာစဉ်အမှတ် ၂ ၌ ရေးခဲ့သော ဆောင်းပါး ဖြစ်သည်။ “မက်ခယ်ရီဗီလီ” ဟူသည်နှင့် ၎င်းပြုစုခဲ့သည့် “မင်းသား” အမည်ရှိ “ရာဇောဝါဒ” ကျမ်းအား ပြေး၍ သတိရကြသည်။ အာဏာနိုင်ငံရေးကို အားပြုသူဟူ၍ အဆိုးမြင်ကြ၏၊ ထားတော့ .... ဤသည်အား ဆရာမောင်ဝံသက “ကံဆိုးသူ မက်ခယ်ရီဗီလီ” တွင် ဖြေရှင်းချက် ပေးထား၏။ ဖြေဖြေသာသာ .....။

“ယနေ့ နာမည်ဆိုးဖြင့် ကျော်ကြားနေသော ကံဆိုးသူ မက်ခယ်ရီဗီလီဘက်မှ တစုံတယောက်က ရှေ့နေလိုက်၍ ခုခံမည်ဆိုပါလျှင် သူ၏အမှုသည်သည် ၁၆ ရာစုအစောပိုင်းကာလ ဖလော့ရင့်မြို့၏ နိုင်ငံရေးပညာရှင်တဦးသာ ဖြစ်ကြောင်း၊ သူသည် သူ့မြို့ (သူ့နိုင်ငံ) ၏ အကျိုးစီးပွားအတွက်သာလျှင် စဉ်းစားဆင်ခြင်၍ နိုင်ငံရေးလမ်းညွှန်ကျမ်း ပြုစုခဲ့ခြင်းဖြစ်ကြောင်း၊ ၂ဝ ရာစုအစောပိုင်းကာလတွင် ကမ္ဘာပေါ်၌ ပေါ်ပေါက်ခဲ့သော ဝါဒဆိုး၊ စနစ်ဆိုးများနှင့် ယင်းတို့၏ အကျိုးဆက်များသည် လွန်ခဲ့သော နှစ်ပေါင်း ၄ဝဝ ကျော်က အသက်ရှင် နေထိုင်ခဲ့သော မက်ခယ်ရီဗီလီနှင့် မသက်ဆိုင်ပါကြောင်း”

(၅)
၁၉၉၄ ခုနှစ် ဒီဇင်ဘာလထုတ် အတွေးအမြင်အမှတ် ၁ဝ၆ တွင် ရေးသားခဲ့သည့် ဆောင်းပါးဖြစ်သည်။ “တို့ကိုယ်ကျိုး လုံးလုံးမပါ .....”။ တို့ဗမာအစည်းအရုံး၏ သီချင်းစာသားအား ခေါင်းစဉ်တင်ထားခြင်း ဖြစ်သည်။ ဆရာအင်းစိန်တောရမှ ၃၃ လမ်းသို့ ပြန်၍ ရောက်နေခိုက်ဖြစ်သည်။ သခင်ခင်ညွန့်၏ အသက် ၈ဝ ပြည့်မွေးနေ့မှ အပြန် .....TAXI အား စောင့်နေသည်။ ဤတွင် ကျောင်းနေဘက် သူငယ်ချင်းတဦးနှင့် တွေ့သည်။ သူငယ်ချင်းက .... နိုင်ငံခြားသို့သွားပြီး ပညာဥစ္စာ ရှာဖွေခဲ့ပြီးသူ ....။ ယခုတော့ ရန်ကုန်မှာပင် လုပ်ငန်းကြီးကြီးတခု ကိုယ်ပိုင်လုပ်၍ ကြီးပွားနေသူတဦး ......။ ကိုယ်ပိုင်ကားနှင့်.......။ ဆရာမောင်ဝံသအား  ကားကြုံလိုက်ဖို့ ခေါ်သည်။ ဆရာလည်း အဆင်ပြေသွားသည်။ ဤတွင် .... သခင်ခင်ညွန့်၏ မွေးနေ့မှ ပြန်လာသည့် ဝါးခယ်မ သခင်သိန်းမောင်နှင့် လေထီးဦးအုန်းမောင်တို့ နှစ်ယောက်အား ဆရာမောင်ဝံသမှ ကားပေါ်မတတ်မီ နှုတ်ဆက်၏၊ ရိုရိုသေသေ .....။ ကျိုးကျိုးနွံနွံ......။ ဤမှစပြီး ..... ကားပေါ်တွင် ဆရာက သူ၏ သူငယ်ချင်းနှင့် စကားပြောသည်များအား  “တို့ကိုယ်ကျိုး လုံးလုံးမပါ ” တွင် ရေးတော့သည်။

“သူက ကားမောင်းနေရင်း ဘယ်က ပြန်လာတာလဲမေး၍ သခင်ခင်ညွန့် မွေးနေ့မှ ပြန်လာကြောင်း ပြောပြပါသည်။ စာပေလောက သခင်ခင်ညွန့်ဟူသည်ကို သူသိပုံမရပါ။

ဒီ - သခင်နာမည်တပ်တဲ့လူတွေ အခုထိ ရှိတုန်းပဲလားဗျ။ ကျနော်က သခင်တို့ ဘာတို့ဆိုတာ ဟိုရှေးတုန်းက ခေတ်ဟောင်းထဲ ကျန်ခဲ့ပြီးမှတ်တာဟု သူက ပြောပါသည် ”

(၆)
ဆောင်းပါးပေါင်းချုပ် နောက်ဆုံးဆောင်းပါးက `ဒုတိယအတွေး’ ဖြစ်သည်။ ၁၉၉၅ ခုနှစ် အတွေးအမြင် စာစဉ် ၁၅၂ တွင် ရေးခဲ့သည့် ဆောင်းပါးဖြစ်သည်။ ဆောင်းပါးထက် ခေါင်းကြီးဖြစ်မည် ထင်သည်။ ကံသုံးပါး အကြောင်းအား နိဒါန်းပျိုး၍ ထားသည်။ ကံသုံးပါး၌ `မနောကံ’ ၏ အစအား အရေးကြီးပုံအား ဆက်ပြောသည်။ ဆရာက သူ၏ ခေါင်းကြီးအား ဤသို့ အဆုံးသပ်၏။

“နှုတ်က စကားတခွန်းမထွက်မီ ကိုယ်က တစုံတရာမပြုမူမီ၊ ပြောအံ့ ပြောအံ့ဆဲဆဲ အခိုက်အတန့်ကလေးတခု၌ ဒုတိယအတွေးကို ရုတ်ချည်းဖော်ထုတ်ဖို့ လိုအပ်သည်။ ယခု နှုတ်က ထွက်တော့မည့် စကားသည် ပြောအပ်၊ မပြောအပ်။ ပြောလိုက်လျှင် အကျိုးရှိမလား၊ အကျိုးပျက်မလား စသည်ဖြင့် ဒုတိယအတွေး၏ လျှပ်တပြက် ဆန်းစစ်ခြင်းကို ခံယူဖို့ လိုအပ်သည်။ ဒုတိယအတွေးသည် စင်စစ်အားဖြင့် ဆင်ခြင်တုံတရားပင် ဖြစ်၏။ လူမှုရေးနယ်ပယ်အသီးသီးတွင် အကြောင်းကိစ္စအလုံးစုံနှင့် စပ်လျဉ်း၍ တွေး၊ ကြံ၊ ပြောဆို၊ ပြုမူကြရာ၌ ဒုတိယအတွေးကို ဖြတ်သန်းပြီးမှ ဆောင်ရွက်ကြလျှင် ဆင်ခြင်တုံတရား ထွန်းကား၍ ဗြဟ္မစိုရ်တရား ပြန့်ပွားစည်ပင်သော လောကချမ်းသာကြီးကို မျက်မှောက်ပြုကြရပေလိမ့်မည်။

မင်းဆွေသစ် 
  ရင်းမြစ်။ ။http://burmese.mizzimamedia.com/index.php?option=com_content&view=article&id=4978:2010-03-22-11-21-01&catid=3&Itemid=4

အဖွဲ့ချုပ် ညီညွတ်ရေးမျက်နှာကို ကြည့်ပါ

အခုလ ၂၉ ရက်နေ့ဆိုရင် ရန်ကုန် ရွှေဂုံတိုင်ဌာနချုပ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟို ကော်မတီဝင်များ တွေ့ဆုံပြီး သမိုင်းဝင် ဆုံးဖြတ်ချက်ကို ချရတော့မှာ ဖြစ်တယ်။ မီဒီယာတွေမှာ ပါနေပြီးဖြစ်တဲ့အတိုင်း ဗဟိုအလုပ်အမူဆောင်တွေကြားမှာ “ပါတီမှတ်ပုံတင်ရေး” နဲ့ ပတ်သက်ပြီး သဘောထားအမြင်တွေ ကွဲလို့။ “မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်” တဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းခဲ့မယ်လို့ ပါတီက ဆုံးဖြတ်ခဲ့ရင် ပါတီကနေ ထွက်တော့မယ်လို့ ဦးဝင်တင်က ပြောတယ်ဆိုတာလည်း သတင်းဌာနတွေမှာ ကြားနေရတယ်။

အဖွဲ့ချုပ် အဖွဲ့ဝင်တွေအနေနဲ့ မှတ်ပုံတင်မယ့်ဘက်က မှန်တယ်၊ မှတ်ပုံမတင်မယ့်ဘက်က မှန်တယ်ဆိုပြီး တဖက်ကို လိုက်ကြမယ်ဆိုရင်ဖြင့် လူတိုင်းမှာ ကိုယ်ပိုင်အတွေးအခေါ်၊ အမြင်တွေ ရှိတာဖြစ်လို့ ပါတီဟာ နှစ်ခြမ်းကွဲရတော့မယ့် အခြေအနေကို ဦးတည်နေတယ်။

တကယ့်အဖြစ်မှန်ကလည်း မှတ်ပုံတင်တာ မှန်တယ်၊ မှားတယ်ဆိုရုံနဲ့ မှန်ကန်တဲ့ ဖြေရှင်းချက် လမ်းကြောင်းပေါ်ကို ရောက်နိုင်မှာ မဟုတ်ဘူး။ တကယ့်အဖြစ်မှန်က ကတ္တီပါပိတ်သားစ တခုလို နူးညံ့သိမ်မွေ့လွန်းလှတယ်။ တပြိုင်တည်းမှာပဲ စစ်အစိုးရက NLD ကို ထောင်ခြောက်ဆင်ထားခဲ့ပြီး ဖြစ်တယ်။

ရွေးကောက်ပွဲ ကော်မရှင်ဥပဒေတွေကိုကြည့်ရင် နအဖဘက်က  လူပါးဝလွန်းတာကို ရှင်းရှင်းလင်းလင်း မြင်ရပြီဖြစ်တယ်။  (ဥပမာတခုကို တင်ပြရရင်တောင်၊) မှတ်ပုံတင်မယ့် ပါတီကျတော့ ကျပ် ၃ သိန်းပဲ ကော်မရှင်မှာ တင်ရမှာ ဖြစ်ပြီး၊ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းကျတော့ ကျပ် ၅ သိန်း တင်ရမယ်။ နအဖဘက်က ကိုယ်စားလှယ်တွေက အစိုးရစရိတ်နဲ့ မလှိမ့်တပတ် တင်ကြမှာ အသေအချာပဲ။ စစ်အစိုးရ အထောက်အပံ့မရှိတဲ့ ပါတီတွေက ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ငွေကုန်ကြေးကျ အလွန်များလိမ့်မယ်။

ဒီကနေ့ NLD ရဲ့ အခြေအနေဟာ မိုင်းထောင်ထားတဲ့ စစ်မြေပြင်တခုကို ဖြတ်သန်းနေရတာ ဖြစ်တယ်။ ခြေချော်နင်းမိတာနဲ့ မိုင်းထိပြီး အဖွဲ့ဝင်တွေ ကစဥ့်ကလျားဖြစ်၊ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရတော့မှာဖြစ်တယ်။

အခက်အခဲ၊ အကျပ်အတည်းကြားက ဖောက်ထွက်ဖို့ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ အရာက မကြာသေးခင်က ဦးဝင်းတင် ပြောခဲ့သလိုပဲ “သွေးစည်းညီညွတ်ရေးလက်နက်” ကို သုံးရမှာဖြစ်တယ်။  အနှစ် ၂ဝ ကျော် ပါတီဝင်တွေကြားမှာ ကျောချင်းကပ်၊ နှလုံးသားချင်း နီးစပ်ခဲ့ကြတဲ့ အစဉ်အလာကို ဒီနေ့ ဆက်လက်စောင့်ထိန်းပြီး မှတ်ကျောက်တင်ရတော့မှာ ဖြစ်တယ်။

-       ၂ဝဝ၈ ဖွဲ့စည်းပုံအကြမ်းကို ရွေးဆွဲခဲ့တဲ့ အမျိုးသားညီလာခံကို တက်ခဲ့သူ ကိုယ်စားလှယ်အများစုဟာ လက်ညှိးထောင်ခေါင်းညိတ် နအဖလူတွေပဲ။ ဖွဲ့စည်းပုံမှာ ပါဝင်တဲ့ အချက်အလက်တွေဟာ ဒီမိုကရေစီနည်းလမ်း မကျဘူး။ ဖွဲ့စည်းပုံကို အတည်ပြုခဲ့တဲ့ ဆန္ဒခံယူပွဲမှာ စစ်အစိုးရက တိုင်းသိကမ္ဘာသိ မဲခိုးမဲလိမ်ခဲ့တယ်၊  ဒါကြောင့် ဒီဖွဲ့စည်းပုံဟာ ဒီမိုကရေစီနည်းလမ်း (လုံးဝ) မကျဘူး။
ဒီအချက်တွေကြောင့် NLD ပါတီ မှတ်ပုံမတင်သင့်ဘူး၊ ရွေးကောက်ပွဲ မဝင်သင့်ဘူး။
ဟုတ်ပြီ၊ ပါတီမှတ်ပုံမတင်ဘူးဆိုရင် ဘာဆက်လုပ်မလဲ။ ရွေးကောက်ပွဲကို ဖျက်မှာလား..၊ လူထုကြားမှာ ဘယ်လောက် ပြင်ဆင်ထားသလဲ၊ ဖျက်နိုင်တဲ့အင်အား ရှိလား။ ပါတီ မြေအောက်သွားမှာလား၊ မြေအောက်ကနေ ဆက်တိုက်မှာလား၊ တောင်အာဖရိက ANC လို လက်နက်ကိုင် တော်လှန်ရေးနဲ့ မြေအောက်တော်လှန်ရေး တပြိုင်နက်တည်း လုပ်မှာလား။ ပါတီခေါင်းဆောင်တွေ တောခိုမလား။ ဒီမေးခွန်းတွေကို အဖွဲ့ဝင်တွေ သေချာဖြေကြည့်ဖို့ လိုတယ်။ ယောင်ဝါးဝါးလုပ်လို့တော့ မရဘူး။
ဒါဖြင့် ဦးအောင်ရွှေတို့ ပြောသလို ပါတီမှတ်ပုံတင်ပြီဆိုပါစို့။ မှတ်ပုံတင်ပြီးရင် လိုအပ်ချက်အရ (၃ နေရာ) သာ မဟုတ်ဘဲ တနိုင်ငံလုံးမှာ ပါတီကိုယ်စားလှယ်တွေ ရွေးကောက်ပွဲ ဝင်မှာလား။ နိုင်မယ်လို့ ထင်လား။ လွှတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုရင်တော့ NLD က ၇၅ % ရှိရာမှာ ၅ဝ % အထက်တော့ ရနိုင်သေးတယ်လို့ မျှော်လင့်ကြည့်လို့ ရတယ်။ ဒါပေမဲ့ ဗိုလ်သန်းရွှေကလည်း ဒါကို တွက်ထားပြီးသား၊ သူ့ကိုယ်သူ မယုံကြည်ဘူး။ မယုံကြည်တော့ အစီအမံတွေ လုပ်ထားမယ်ဆိုတာလည်း အသေအချာပဲ။ ဖြစ်နိုင်ခြေ အရှိဆုံးကတော့ လာမယ့် ရွေးကောက်ပွဲဟာလည်း ၂ဝဝ၈ က ဆန္ဒခံယူပွဲလိုပဲ ညစ်ပတ်လိမ်ညာပြီး သူတို့ပါတီတွေပဲ မဲရအောင် စစ်တပ်က လုပ်မှာပဲ။ ဒီရွေးကောက်ပွဲက မျက်လှည့်ပွဲနဲ့ မခြားဘူး။

ဒါ့အပြင် ပါတီမှတ်ပုံတင်လိုက်ပေမယ့်လည်း အကျဉ်းကျနေသူတွေ ပါတီဝင်ဖြစ်ခွင့်မရဆိုတဲ့ ကန့်သတ်ချက်မျိုးတွေ ပါနေတော့ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေတွေအရ တနည်းမဟုတ်တနည်းနဲ့ နအဖက ညစ်ပြီး အချိန်မရွေး ပါတီကို ဖျက်လိုက်နိုင်သေးတဲ့ အန္တရာယ်လည်း ရှိနေသေးတယ်ဆိုတာ ကြိုတွက်ထားဖို့ လိုတယ်။

ဒီအခြေအနေတွေအောက်မှာ ဘယ်လမ်းကိုရွေးရွေး NLD အတွက် အကောင်းဆုံးဆိုတာ မရှိဘူး။ အဆိုးဆုံး အခြေအနေ မဖြစ်အောင်ပဲ လုပ်ရတော့မယ့် အနေအထား ဖြစ်တယ်။
ကော်မရှင်မှာ မှတ်ပုံမတင်ရင် ပါတီက အလိုအလျောက် မြေအောက်ရောက်မယ်။

နောင်လာနောက်သားတွေ အတွက်တော့ NLD ဟာ ထွေးပြီးသား တံတွေးကို ပြန်မျိုမချခဲ့ဘူး၊ ရွှေဂုံတိုင်ကြေညာချက်ကို ကာကွယ်ခဲ့တယ်၊ ၉ဝ ရွေးကောက်ပွဲရလဒ်ကို စောင့်ထိန်းခဲ့တယ်၊ အသက်သေချင် သေသွားပစေ၊ မူပေါ်မှာ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်သွားတယ်ဆိုတာတော့ ကျန်ခဲ့မယ်။ သမိုင်းလှမယ်။ ရလဒ်အနေနဲ့တော့ နအဖ ဥပဒေအရ တရားမဝင်တော့တဲ့ ပါတီတရပ်အနေနဲ့ NLD နာမည်နဲ့ လှုပ်ရှားခွင့်တွေ ရှိတော့မှာ မဟုတ်ဘူး။ အဖွဲ့ဝင်တွေ ကစဥ့်ကလျားဖြစ်မယ်။

ဦးအောင်ရွှေတို့ သဘောအတိုင်း မှတ်ပုံတင်မယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲမှာ အမတ်နေရာ ၃ နေရာပဲ အဖြစ်သဘော ဝင်ပြိုင်မယ်ဆိုရင်တောင် တရားဝင်ပါတီအဖြစ် ဆက်ရှိနေဦးမယ်ဆိုတဲ့ သဘောပဲ။ ဒေါ်စုနဲ့ အခြားအဖွဲ့ဝင်တွေ ပြန်လွတ်လာရင် ရှိပြီးသား တာဝန်တွေအတိုင်း ပြန်တာဝန်ယူနိုင်ဦးမယ်ဆိုတဲ့ သဘောပဲ။ ဘယ်သူ တရားတယ်၊ ဘယ်သူ မတရားဘူး၊ ဘယ်သူ ညစ်ပတ်တယ်၊ ဘယ်သူ မညစ်ပတ်ဘူး ဆိုတာတော့ ကလေးက အစ၊ ခွေးက အစ၊ ကမ္ဘာကြီး အဆုံး သိနေတော့၊ အထူးပြောနေစရာတော့ မလိုပါဘူး။

အနှစ် ၂ဝ အတွင်းမှာ NLD ဟာ စစ်အစိုးရကို အပြီးအပြတ် မဖြိုလှဲနိုင်ခဲ့ဘူး။ ပြည်တွင်းပြည်ပ အင်အားစု ဘယ်သူမှ စစ်အစိုးရကို အပြီးအပြတ် မဖြိုလှဲနိုင်ခဲ့ဘူး။ သူပြတ်ကိုယ်ပြတ် တိုက်ပွဲမှာ သူမပြတ်ဘဲ ကိုယ်ပြတ်တာမျိုးကတော့ သမိုင်းလှမှာ မဟုတ်ဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။

ဦးအောင်ရွှေတို့၊ ဦးခင်မောင်ဆွေတို့ကလည်း ပါတီကို ချစ်တယ်ဆိုတာ ယုံမှားသံသယ ရှိစရာ အကြောင်းမရှိဘူး။ ဦးဝင်းတင်တို့၊ ဦးဥာဏ်ဝင်းတို့ ပါတီကို ချစ်တယ်ဆိုတာလည်း လက်မောင်းသွေးဖောက် သောက်ပြစရာကို မလိုဘူး။

Yes ပဲဖြစ်ဖြစ်၊ No ပဲဖြစ်ဖြစ် ဒီသမိုင်းဝင် ဆုံးဖြတ်ချက်ဟာ လွယ်လွယ်ကူကူနဲ့ လုပ်လို့ မရဘူး။ လာမယ့် ၂၉ ရက်နေ့မှာလုပ်မယ့် ဗဟိုကော်မတီ အစည်းအဝေးမှာ Yes ဆိုတဲ့ ပါတီမှတ်ပုံတင်ချင်တဲ့ လူတွေကလည်း သူတို့ရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာ အနာဂတ်စီမံကိန်း၊ ရေရှည်ရေတို လုပ်ငန်းစဉ်တွေကို အစည်းအဝေးမှာ တင်ပြပြီး အဆိုတင်သွင်းသင့်တယ်။

No ဆိုတဲ့ ပါတီမှတ်ပုံမတင်ဘူးဆိုတဲ့ ဦးဝင်တင်တို့ကလည်း သူတို့ရဲ့ အနာဂတ်ဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာ ရေတိုရေရှည် စီမံကိန်းတွေကို အစည်းအဝေးမှာ အဆိုတင်သွင်းသင့်တယ်။ ညီညွတ်ရေးကို ရှေ့တန်းတင် ဆွေးနွေးသင့်တယ်။ ဖြစ်နိုင်ရင် မဲပေးတာမျိုးမဟုတ်ဘဲ၊ ညှိနိုင်းဆောင်ရွက်ပြီး ဆုံးဖြတ်သင့်တယ်၊ မဲပေးရမယ်ဆိုရင်လည်း ညီညွတ်ရေးကို ရှေးရှုခြင်းအားဖြင့် မိထ္ထိလာ NLD က အဆိုပြုထားသလို ဗြောင်မဲ မပေးသင့်ဘူး။ လျှို့ဝှက်မဲပဲ ပေးသင့်တယ်။ ပြီးရင် ဒီမိုကရေစီပါတီ ဖြစ်တဲ့အတွက် ဦးတင်ဦး သဘောထားသလို အများသဘောအတိုင်း ပါတီနောက်ကို လိုက်သင့်တယ်။ ပါတီက နုတ်ထွက်တာမျိုး မလုပ်သင့်ဘူး။

ဒီကနေ့ အခြေအနေဟာ NLD အတွက် ဆိုးရွားတဲ့ အခြေအနေတခုကို ရင်ဆိုင်နေရတာ ဖြစ်တယ်။ အဆိုးဆုံးတော့ မဟုတ်သေးဘူး။ ၂၉ ရက်နေ့ အစည်းအဝေးမှာ သဘောထား နှစ်မျိုးကွဲပြီး ခေါင်းဆောင်တွေနဲ့ နောက်လိုက် အဖွဲ့ဝင်တွေ နှစ်ခြမ်းကွဲရင်တော့ အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင်ရမှာဖြစ်တယ်။

မှတ်ပုံမတင်ဖို့ဘဲဖြစ်ဖြစ်၊ တင်ဖို့ပဲဖြစ်ဖြစ် တညီတညွတ်တည်း ဆုံးဖြတ်သင့်တယ်။ တညီတညွတ်တည်း ရင်ဆိုင်သင့်တယ်။ တညီတညွတ်တည်း ဖြတ်သန်းသင့်တယ်။ ပါတီနဲ့အတူ တိုက်ပွဲကို ခရီးဆက်သင့်တယ်။

ကိုထွဋ်  
ရင်းမြစ်။ ။http://burmese.mizzimamedia.com/index.php?option=com_content&view=article&id=4980:2010-03-22-12-54-42&catid=3&Itemid=4