Saturday, March 20, 2010

ပုံပြင်တစ်ပုဒ်အား ခံစားမိခြင်း

(ထိုင်းက ကာတွန်းလေးပါ သင့်တော်မယ်ထင်လို့ ထည့်လိုက်တာပါ။)

“ဟိုးရှေးရှေး တုန်းက တစ်ခုသော ကြံခင်းထဲမှာ ကြွက်တွေရာနဲ့ ချီပြီးတော့ မှီတင်းနေထိုင်ကြတယ်တဲ့ မကြာခင်မှာ အဲဒီကြံခင်းထဲကို ဆင်ကြီးတစ်ကောင်ရောက်လာပြီး မင်းမူနေထိုင်သတဲ့
အဲဒီဆင်ကြီး သောင်းကြန်းလို့ ကြွက်တွေအသေအပြောက်များပြီး စားနပ်ရိက္ခာ ရှားပါးလာသတဲ့
ကြာတော့ ကြွက်တွေမခံနိုင်ဖြစ်ပြီး ဆင်ကြီးရန်ကို တွန်းလှန်ဖို့ တံခါးပိတ်အစည်းအဝေး တစ်ခု လုပ်ကြတယ်တဲ့ အဲဒီမှာ အင်အားချင်းမမျှပေမဲ့ အသေခံရဲတဲ့ ကြွက်ကွန်မန်ဒို လေး ၊ ငါး ကောင်ကိုရွေးပြီး
ဆင်ကြီး နှာမေါင်းထဲကို ၀င်ကိုက်ရမဲ့ မဟာဗျူဟာကို ချမှတ်ခဲ့ကြတယ်တဲ့
အစီအစဉ်တွေဆွဲပြီး တစ်ညမှာ ကြွက်တွေက ဆင်ကြီးကို အလစ်ဝင်တိုက်ကြတာပေါ့

ဒါပေမဲ့ မလွယ်ပါဘူးလေ ဆင်ကြီးက သူနားဝင်လာသမျှ ကြွက်တွေကို နင်းချေသတ်ပစ်တာပေါ့
ဆင်ကြီးရဲ့ နှာမေါင်းပေါ်ရောက်လာတဲ့ ကြွတ်တွေလည်း မသက်သာပါဘူး
ဆင်ကြီးက အရှိန်နဲ့ လွှဲရမ်းခါချပစ်လို့ အနိမ့်ပိုင်းချိုက်ထဲ ပြုတ်ကြကုန်သတဲ့
အဲဒီမှာ ကြွက်ကွန်မန်ဒိုတွေနဲ့ တင်မလုံလောက်တော့ ကြွက်အင်အားစုတွေ အကုန်လုံး
တော်လှန်ရေးမှာ ပါဝင်လာရတာပေါ့……။

ဒါပေမဲ့ အင်အားချင်းမမျှတော့ မနက်လင်းတာတောင် ဆင်ကြီးကို မနိုင်ကြပါဘူး။
အဲဒီမှာ ဆင်နင်းခံရပြီး အသက်မျော့မျော့ကျန်နေတဲ့ ကြွတ်တစ်ကောင်က
နှာမေါင်းပေါ်က ခါချခံတဲ့ ကြွက်တွေ ဘယ်လိုစခန်းသိမ်းသလဲကို
သိရအောင် အနိမ့်ပိုင်းက ကျင်းကြီးနားကို တိုးသွားသတဲ့
ကြွင်းထဲက ကြွက်တွေရဲ့ အဖြစ်ကို မြင်ရတဲ့ သေအံ့ဇောနဲ့ ကြွက်ကလေးဟာ
အခါတစ်ရာ ပြန်သေချင်စိတ်ပေါက်သွားတယ်တဲ့………။

ဘာလို့လဲဆိုတော့ ကြွင်းထဲက ကြွက်တွေဟာ ဆင်ကြီး ချိုးဖဲ့ထားတဲ့
ကြံတွေကို အေးအေးဆေးဆေး စားသောက်နေသတဲ့…..။
အဲဒီတော့ ကြွက်ကလေးက “မင်းတို့ လုပ်ရက်လိုက်တာကွာ ”လို့ ဆိုတော့
ကြွင်းထဲက ကြွတ်တွေကလည်း ဆင်ကြီးက သူချိုးထားတဲ့ ကြံတွေကို
အဲဒီထဲမှာ နေရင်းစား ပြန်တက်လာရင် နင်းသတ်မယ် ဆိုလို့
မကြောင့်မကြဘ၀မှာ အေးအေးဆေးဆေး စားသောက်နေရလို့
တက်မလာရတာပါလို့ တောင်းပန်သတဲ့……..။
အဲဒီတော့မှပဲ အသက်ငင်နေတဲ့ ကြွက်ကလေးက ဘ၀တစ်ရာ သေဆုံးသွားသတဲ့..။
အဲဒါဘာဖြစ်လို့လဲဆိုတော့ ရောက်လေရာ ဘ၀တိုင်းမှာ
အဲဒီအဖြစ်ဆိုးကို ပြန်ပြီးသတိရတိုင်း တစ်ခါထပ်သေဆုံး ရတာပဲကောင်းပါတော့တယ်လို့တွေးနေမိလို့ပါ။”

ကျနော်ဒီပုံပြင်လေးကို ဖတ်ပြီး နိုင်ငံရေးသမားဆိုသူတွေကို ပြေးမြင်မိတယ် …။
ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ NLD က အချို့ခေါင်းဆောင်တွေကို ပြေးမြင်မိတယ် …..။
ပြီးတော့ ရွေးကောက်ပွဲဝင်တယ်ပဲထား ၊ ပြည်သူက အရင်လို မဲပေးတယ်ပဲထား ၊ ပြည်သူအတွက်
ဘာပြန်လုပ်ပေးနိုင်မှာလဲ ဆိုတာကို သိချင်တယ် ……။
၁၉၉၀ တုန်းက ပြည်သူတွေမဲပေးခဲ့ကြပြီးပြီ..။ ဘာလုပ်ပေးနိုင်ခဲ့လဲ ………..။

written by ခေတ်သစ်

ဗိုလ်ချုပ်မှူးကြီး ထပ်ထုတ်မည့် ဥပဒေ


ကျေးဇူးရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ကျွန်ုပ် တွေ့ပြန်ချေပြီ။ ရန်ကုန်တွင် တွေ့ကြခြင်း ဖြစ်သည်။ အချိန်၏ တိုက်စားမှုကြောင့် ကျွန်ုပ်သည် ၀ါရင့် အထူးသတင်းထောက် ဖြစ်လာသကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသည်လည်း ပိုမို၍ အိုမင်း တုန်ချိပြီး ကြက်သရေ ကင်းမဲ့လျက် ရှိသည်။ သို့သော်လည်း သူ၏ အားသာချက်များ ရှိနေသည်။ “ဘုန်းကြီးပါစေ၊ သက်ရှည်စေ”ဟု ယခင်က ဆုတောင်းပေးခဲ့သူများ ရှိရော့ထင်၊ အသက် ၇၀ ကျော်လာသော်လည်း ယခုထိ ပလ္လင်ပေါ်မှ မဆင်းသေး၊ သေလည်း မသေသေးပေ။ မသေသေးသောကြောင့်လည်း ကျွန်ုပ် ထပ်မံ ဆုံခွင့် ရခြင်း ဖြစ်လေသည်။

(ကြော်ငြာ ၀င်ရမည် ဆိုလျှင် ယခင် တွေ့ဆုံမှုများကို ဖတ်ရှုလိုပါက ကျွန်ုပ်၏ ဘလော့ဂ် http://buffalo-in-moemaka.blogspot.com/ သို့ သွားပါလေ)

ဗိုလ်ချုပ်မှူးကြီးက သူ့ဧည့်ခန်းအတွင်း တရုတ်သိုင်းကား ကြည့်နေသည်။ ဘေးတွင်လည်း ကွမ်းအစ်၊ လက်ဖက်အစ်၊ ရေနွေးကြမ်းအိုးတို့ ၀န်းရံနေသည်။ ကျွန်ုပ်ရောက်လာသဖြင့် တရုတ်သိုင်းကားကို ခေတ္တ ပိတ်ထားလိုက်သည်။

ကျွန်ုပ် – အနှောင့်အယှက် ပေးမိတဲ့အတွက် ဆောဒီးပါ။ မိုးမခ အယ်ဒီတာ မင်းတွေက နားပူတာနဲ့ အင်တာဗျူးဖို့ လာခဲ့ရတာပါ။

ဗိုလ်ချုပ်မှူးကြီး – ဘာလဲ၊ ဘာကိစ္စဗျူးမှာလဲ။ မောင်ညီညီအောင်ကို ဘာကြောင့် လွှတ်လိုက်သလဲ မင်းတို့ သိချင်နေတယ် မဟုတ်လား။

ကျွန်ုပ် – ဟုတ်ကဲ့။

ဗိုလ်ချုပ်မှူးကြီး – သတင်းစာထဲမှာ ပြောထားသလိုပဲလေကွာ၊ အမေရိကန်ကလွတ်ပေးဖို့ မေတ္တာရပ်ခံတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ငါတို့က လွှတ်ပေးလိုက်တယ်။ ဒါပါပဲ။

ကျွန်ုပ် – ဒါပေမဲ့ အဘရယ် - အမေရိကန်တွေက နိုင်ငံရေးသမားတွေကို လွှတ်ပေးဖို့ တချိန်လုံး ပြောနေတာ မဟုတ်လား။ တခြားသူတွေကိုလည်း လွှတ်ပေးသင့်တာပေါ့။ နိုင်ငံရေးသမားတွေ ၂၀၀၀ လောက် ထောင်ထဲမှာ ရှိနေတယ်လို့ ပြောနေကြတာာပဲ မဟုတ်လား။

ဗိုလ်ချုပ်မှူးကြီး – အင်း - သူတို့ခန့်မှန်းထားတာထက် ပိုများပါတယ်ကွာ။

ကျွန်ုပ် – ကိုညီညီအောင်ကို ဘာကြောင့် သီးသန့် လွှတ်ပေးလိုက်တာလဲ။

ဗိုလ်ချုပ်မှူးကြီး – အမေရိကန်က တို့ကို စာရေးပြီး တောင်းတယ်လေ။ ဒါကြောင့် ငါတို့လည်း ကြောက်ပြီး လွှတ်ပေးလိုက်တာပါ။ သူတို့ စာမရေးလည်း ငါတို့က လွှတ်ပေးမှာပါကွာ။ အထာ ထားတဲ့ သဘောပေါ့။ ကဲ - ရှင်းပြီလား။

ကျွန်ုပ် – ဟုတ်၊ ရှင်းပါပြီ။ ကိုညီညီအောင် လွတ်သွားလို့ တချို့လည်း ပျော်နေကြတယ်၊ တချို့လည်း စိတ်ညစ်နေကြတယ်။

အဖိုးကြီးက ထွေးခံကို လှမ်းယူပြီး ကွမ်းတံတွေး ပျစ်ခနဲ တချက် ထွေးထည့်လိုက်သည်။

ဗိုလ်ချုပ်မှူးကြီး – ဟုတ်လား။ ဘယ်သူတွေပျော်နေကြတာလဲ။


ကျွန်ုပ် – ရှေ့နေကြီး ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်းတို့ပေါ့။ သူတို့လိုက်ပေးတဲ့ နိုင်ငံရေးသမားတွေထဲက အနည်းဆုံး ထောင် ၃ နှစ် တို့ ၇ နှစ်တို့ ကျကြတယ်လေ။ အဲဒီထဲမှာ ကိုညီညီအောင် တယောက်ပဲ စောစောစီးစီး လွတ်သွားတယ် တဲ့။ အဲဒါကြောင့် သူတို့ ပျော်နေကြတာ။

ဗိုလ်ချုပ်မှူးကြီး – အင်း - ဒီရှေ့နေတွေ ပျော်အောင်လုပ်မိတာ ငါ မှားသွားသလား မသိဘူး။ ကဲ - စိတ်ညစ်တဲ့သူတွေက ဘယ်သူတွေလဲ။

ကျွန်ုပ် – စိတ်ညစ်တဲ့ထဲမှာ ကျနော်လည်း ပါတယ်။ သူ ထောင်ထဲမှာ ရှိနေတော့ ကျနော်တို့က သတင်းရေးလို့ ရတာပေါ့။ ကိုညီညီအောင် အယူခံတင်တယ်၊ ကျတယ်၊ ထပ်တင်တယ်၊ ကျန်းမာရေးက ဘယ်လိုဖြစ်တယ်၊ ရှေ့နေက ဘာပြောတယ်၊ မိသားစုက ဘယ်လိုပြောတယ်၊ ထောင်ဝင်စာမှာ ဘာဖြစ်တယ် စသဖြင့် စသဖြင့် သူနဲ့ ပတ်သက်ပြီး ရေးစရာတွေက အများကြီးဗျ။ အခု လွှတ်ပေးလိုက်တော့ ကျနော်တို့ ရေးစရာ လျော့သွားတာပေါ့။

ဗိုလ်ချုပ်မှူးကြီး – အေးပါကွာ၊ ဒီတခါ ရန်ကုန်ထပ်လာရင် ငါ သေချာပေါက် ဆွဲစေ့လိုက်ပါ့မယ်၊ ဟုတ်ပြီလား။ ကဲ - ဘာသိချင်သေးလဲ။

ကျွန်ုပ် – ရွေးကောက်ပွဲဥပဒေက သိပ်ပြီး တဖက်သတ်ဆန်နေတယ်လို့ ဝေဖန်နေကြတယ်။

အဖိုးကြီးက ကျွန်ုပ်၏ စကားကြောင့် ခေါင်းတယမ်းယမ်း ဖြစ်သွားသည်။ ထို့နောက် ကွမ်းတယာ ယာပြီး ပါးစပ်ထဲ ထည့်လိုက်ကာ -

ဗိုလ်ချုပ်မှူးကြီး – စစ်နဲ့အချစ်မှာ မတရားတာ မရှိဘူး၊ အားလုံး တရားတယ် ဆိုတာ မင်း မကြားဖူးဘူးလား။ ငါက အားလုံးကို စစ်ရေးအမြင်နဲ့ပဲ စီမံခန့်ခွဲတယ်။ ရန်သူကို အထင်သေးလို့ မရဘူးနော်။ အပြတ် ရှင်းပစ်ရမှာပဲ။ ၁၉၉၀ တုန်းက ငါတို့ ခံရပြီးပြီ။ ၂၀၁၀ မှာတော့ လုံးဝ အသာစီးရအောင် လုပ်ရမှာပေါ့။

ကျွန်ုပ် – ဒါပေမဲ့ ဒီမိုကရေစီသမားတွေ မတော်တဆ နိုင်သွားရင် ဘယ်လိုလုပ်မလဲ။ သူတို့ကို ထောင်ထဲ ထည့်ဦးမှာလား။

ဗိုလ်ချုပ်မှူးကြီး – အဟိ၊ သူတို့ကို ထောင်ထဲ မထည့်ပါဘူးကွာ၊ ငါ ကတိပေးရဲပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တို့လူတွေချည်းပဲ နိုင်အောင် နည်းမျိုးစုံ လုပ်ရမှာပဲ။ ဒါမျိုးကို ငါ့လူတွေ ကျွမ်းပြီးသားပါ။ ၂၀၀၈ မှာ ဘာဖြစ်ခဲ့လဲ မင်းမတွေ့ဘူးလား။

ကျွန်ုပ် – ဒေါ်စုကိုရော ဘယ်လို စီစဉ်မလဲ။ သူက နိုဝင်ဘာဆို လွတ်ရက်စေ့တော့မှာ ဆိုတော့ နိုဝင်ဘာမတိုင်ခင် ရွေးကောက်ပွဲ လုပ်မှာပေါ့နော်။

ဗိုလ်ချုပ်မှူးကြီး – လွတ်ရက်က ဒီနှစ်ထဲမှာ မစေ့သေးပါဘူးကွာ။ သူ့ကို ထောင် ၃ နှစ်ချထားတာ မင်း မေ့နေပြီလား။

ကျွန်ုပ် – ဟာ - အဘ လက်မှတ်နဲ့ ထောင်ဒဏ် ၁ နှစ်ခွဲပြောင်းပေးလိုက်တယ် မဟုတ်လား။ ဗိုလ်ချုပ်အောင်ဆန်း သမီးမို့ အထာထားတယ် ဘာညာကွိကွ ဆိုပြီး ပြောထားတယ်လေ။ မလွှတ်ပေးလို့ ဘယ်ဖြစ်မလဲ။ ဘာလဲ - ယက်ထောကို ထပ်ခေါ်ဦးမလို့လား။

ဗိုလ်ချုပ်မှူးကြီး – အဟိ၊ အဲဒီ အမေရိကန် သေနာကောင်ကို ထပ်ခေါ်စရာ မလိုပါဘူးကွာ။ ပြီးတော့ ငါလက်မှတ်ထိုးပြီး ထုတ်ထားတဲ့စာအကြောင်း ငါသိပါတယ်။ ထောင် ၁နှစ်ခွဲ လျှော့ပေးတယ်ဆိုတာက ကောင်းမွန်စွာ နေထိုင်ရင် လျှော့ပေးမယ်လို့ ပြောထားတာပါ၊ မင်း မမှတ်မိဘူးလား။ ဒီတော့ နိုဝင်ဘာလရောက်ရင် ထပ်ပြီး ကြေညာလိုက်မယ်၊ ကောင်းမွန်စွာ မနေထိုင်လို့ နောက်ထပ် ၁နှစ်ခွဲ အကျယ်ချုပ် ထပ်နေစေလို့ အမိန့်ထုတ်လိုက်ရုံပဲ၊ လွယ်ပါတယ်။ အဟိ။

အကြံပိုင်သော အဖိုးကြီးပါပေ။ ဤသို့ အကြံပိုင်သောကြောင့်လည်း ပလ္လင်တွင် ဖင်မြဲနေခြင်း ဖြစ်မည်ဟု ကျွန်ုပ် တွေးမိပြီး စေ့စပ်သေချာသော အဖိုးကြီးကို ချီးကျူးလိုက်မိသည်။

ဗိုလ်ချုပ်မှူးကြီး – ဘာလဲ၊ မင်းက ငါ့ကို ကြိတ်ပြီး ချီးကျူးနေတာ မဟုတ်လား။ သိပ်လည်း အထင်မကြီးပါနဲ့ကွာ။ ငါလည်း အကုန် အောင်မြင်တာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဒေါ်စုနဲ့ ပတ်သက်လို့ပေါ့ကွာ။ သူ့မှာလည်း တန်ခိုးတွေ ဘာတွေ ရှိမယ် ထင်တာပဲ။

ကျွန်ုပ် – ထောင် ၃ နှစ်ချတာ နည်းတယ် ထင်လို့လား။ဘာကြောင့်လဲ။ ဘယ်နေရာမှာ မအောင်မြင်တာလဲ။

ဗိုလ်ချုပ်မှူးကြီး – ၂၀၀၃ တုန်းက လူသတ်သမား ၅၀၀၀ လောက်ကို ဒီပဲယင်းဘက်လွှတ်ပြီး သူ့ကို ၀ိုင်းရိုက်သတ်တာ သူ မသေဘဲ လွတ်သွားတယ်လေကွာ။ သူ တန်ခိုး ရှိတယ်လို့ ငါတော့ ထင်တာပဲ။

ကျွန်ုပ် – သြော် - အဘက အနုနည်းရော၊ အကြမ်းနည်းရော စွယ်စုံရတာပဲနော်။ ဒေါ်စုကို နှိပ်ကွပ်ဖို့ ရှေ့ဆက် ဘယ်လိုများ စစ်ရေးအမြင်နဲ့ ဗျူဟာ ခင်းဦးမလဲ။

ဗိုလ်ချုပ်မှူးကြီး – ခင်းပြီးပြီလေကွာ။ သူ့ကို ဘယ်နိုင်ငံရေးပါတီမှာမှ ၀င်လို့မရအောင် ဟိုနေ့ကပဲ ဥပဒေထုတ်လိုက်ပြီ မင်းမတွေ့ဘူးလား။

ကျွန်ုပ် – နောင်ရော ဘယ်လို ဥပဒေမျိုး ထုတ်ဖို့ စဉ်းစားထားသေးသလဲ။

ဗိုလ်ချုပ်မှူးကြီး – အင်း - သူ့ကို အိမ်ထဲက အိမ်ပြင်မထွက်ရဥပဒေတို့၊ အသက်မရှူရဥပဒေတို့ ထုတ်ရင် ကောင်းမယ်လို့ ငါ့မိန်းမက ငါ့ကို အကြံပေးသကွ။ အသေးစိတ် သိချင်ရင် မင်း သူ့ကို သွားမေးကွာ။

ကျွန်ုပ် အသေးစိပ် မသိလိုတော့ပေ။ သို့သော်လည်း ဂျီးဒေါ်ကြိုင်ကိုလည်း တနေ့နေ့တော့ အင်တာဗျူးသင့်သည်ဟု ထင်သည်။ အင်တာဗျူး ဟူသည်များက အလွန်ကောင်းသည်။ စာဖတ် ပရိသတ်တို့ ကြိုက်ကြသည်။ မိုးမခ အယ်ဒီတာမင်းများလည်း ကြိုက်မည်ဟု ယူဆပါသည်။ မကြာမီ ပို့လိုက်ပါမည်ခင်ဗျား။


ရန်လိုကျွဲ
ရင်းမြစ်။ ။မိုးမခ

ဆယ်လူလာကို GSM ဖြင့် အစားထိုးမည်

နရီလင်းလက် Saturday, March 20, 2010

  မြန်မာနိုင်ငံတွင် ပထမဆုံး ချထားပေးသည့် ဆယ်လူလာ မိုဘိုင်းလ်ဖုန်းများကို GSMဖုန်း များဖြင့် အစားထိုး လဲလှယ်ပေး တော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် နီးစပ်သူများက ပြောသည်။

“ဆယ်လူလာတွေနဲ့ CDMA  စီးရီးဟောင်းတွေရဲ့ ကွန်ရက်ကို နောက်ရောက်လာတဲ့ CDMA နဲ့ GSM တွေက တော်တော် လွှမ်းမိုးလာတော့ ဆက်သွယ်ရေး ပြတ်တောက်မှု မရှိအောင် GSM ကတ် နဲ့ အစားထိုးပေးသွားမှာပါ'' ဟု ရန်ကုန်မြို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိတဦးက ရှင်းပြသည်။

CDMA
လဲလှယ်ရာတွင် ၀၉၉၉၊ ၀၉၉၀ များနှင့် စတင်သည့် ဖုန်းနံပါတ် ပိုင်ရှင်များက ကျပ် ၃ သိန်း နှင့် ၄ သိန်းကြား ထပ်မံ ပေးသွင်း ရဖွယ်ရှိသည်ဟု သူက ဆိုသည်။

ဆယ်လူလာဖုန်းများကို ၁၉၉၀ ပြည့်နှစ်တွင် စတင်သုံးစွဲစဉ်က သွင်းဈေး ၁၀ သိန်းခန့် ရှိခဲ့သည်။

ဆယ်လူလာဖုန်းများမှာ  အရေအတွက် ၁၀၀၀၀ ခန့်သာ ရှိပြီး ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားမြို့များတွင်သာ သုံးစွဲနိုင်သည် ဟု သိရသည်။

ယခုနှစ်တွင် GSM လိုင်းချထားမှုကို ရပ်ထားပြီး CDMA 800ကို လိုင်းအရေအတွက် တသိန်းကျော် တိုးချဲ့မည် ဟုသိရသည်။

“အခု ချထားပေးတဲ့ CDMA က GSM ဖုန်းတွေလို အထိုင်ရော ဟန်းဆက်နဲ့ပါ ပြောလို့ရတာကြောင့် GSM လျှောက်တဲ့သူ မရှိသလောက် နည်းသွားတယ် ''ဟု ဗဟန်းမြို့နယ် ဆက်သွယ်ရေးဝန်ထမ်းတဦးက ပြောသည်။

ယခုကဲ့သို့ ဖုန်းအမျိုးအစားများ များပြားနေသည်မှာ  ဆက်သွယ်ရေးကုမ္ပဏီများကို သီးသန့် မပေးဘဲ နိုင်ငံတော်မှ အမြတ် အစွန်းရရှိရန် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များကို လိုင်းများတခုစီချပေးနေခြင်းကြောင့် ဖြစ်သည်ဟု သူက ပြောသည်။

“CDMA 450 လိုင်းကို အဓိကချထားပေးတာ နာဂစ်နဲ့ ကမ်းနီးကမ်းဝေးဧရိယာပါ၊ လိုင်းဆွဲအား အရမ်းကာင်းပါတယ်၊ မြို့ကြီး တွေမှာတော့ လိုင်းဆွဲအား ပြင်းတာကြောင့် အသံလှိုင်းတုံးတွေ နှောင့်ယှက်တာကြောင့် အခြားဆက်သွယ်ရေး ကွန်ရက်တွေ ကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် မြို့ပြဧရိယာမှာ သုံးခွင့်မရှိတဲ့ဖုန်း ဖြစ်တယ်"ဟု သူက ဆက်ပြောသည်။

တခြားနိုင်ငံများကဲ့သို့ တယ်လီဖုန်း လုပ်ငန်းကို ဆက်သွယ်ရေးကုမ္ပဏီကြီးများ အပြိုင်အဆိုင် လုပ်ကိုင်ခွင့်ရှိပါက အများပြည်သူအနေဖြင့် ဈေးသက်သာစွာ သုံးစွဲနိုင်ကြမည်ဖြစ်ဟုလည်း ဆိုသည်။

၂၀၀၉ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ချထားပေးသည့် ဖုန်းလိုင်းအမျိုးအစားများ                                                

လိုင်းအမည်                            ချထားပေးသည့်လိုင်းအရေအတွက်

PM GSM                               ၃၄၀ ၇၁၈
WCDMA                               ၇ ၄၀၉
CDMA (fixed)                       ၁၈ ၂၇၁
CDMA (mobile)                    ၄၈၀ ၀၆၁
1 use card                           ၄ ၅၁၆ ၇၃၁
Auto phone line                   ၄၀ ၀၀၀

ရင်းမြစ်။ ။ဧရာဝတီ

ပါတီများ ရန်ပုံငွေ အခက်အခဲ ရင်ဆိုင်ရ

 
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီး ဖြစ်၍ ပါတီများ အနေဖြင့် မှတ်ပုံတင်နိုင်ပြီ ဖြစ်သော်လည်း ရေရှည်ရပ်တည်ရေးအတွက် ရန်ပုံငွေ အခက်အခဲကို ရင်ဆိုင် နေရသည်။

ယင်း ဥပဒေ၏ ပုဒ်မ ၇ တွင် “မှတ်ပုံတင်ကြေး ငွေကျပ် သုံးသိန်း ကို ကော်မရှင်က သတ်မှတ်သည့် နည်းလမ်းများ အတိုင်း ပေး သွင်းရမည် ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီ တည်ထောင်ရန် ခွင့်ပြုချက်ရသည့်နေ့မှ စ၍ ရက်ပေါင်း ၃၀ အတွင်း မိမိတို့ ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ကော်မရှင်သို့ လျှောက်ထားရမည်”ဟု ပါရှိသည်။

ထို့အပြင် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ အခန်း(၅) အပိုဒ် (ဂ) တွင် ကိုယ်စားလှယ်လောင်း တဦးလျှင် ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေး ငွေကျပ် ၅သိန်းကို ရွေးကောက်ပွဲကော်မရှင်သို့ ပေးသွင်းရမည်ဟု ဖော်ပြပါရှိသည်။

“အကယ်၍ ငွေတတ်နိုင်ခဲ့ရင် ကျနော်တို့က တနိုင်ငံလုံးဝင်ဖို့ကြိုးစားနေပါတယ်၊ ဒါပေမယ့် အခုလို စရိတ်တွေက ကြီးတော့ အဲဒီစရိတ်ကို တတ်နိုင် မတတ်နိုင်ကျနော်တို့က စဉ်းစားရမှာပေါ့”ဟု ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဦးသုဝေက ဆိုသည်။

ယင်း ဒီမိုကရက်တစ် ပါတီကို ၀ါရင့် နိုင်ငံရေးသမားကြီး ဦးသုဝေက ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်း၌ ယခင် ပါလီမန် ဒီမို ကရေစီခေတ် ၀န်ကြီးချုပ်များ ဖြစ်ခဲ့သည့် ဦးနု ၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့၏ သားသမီးများဖြစ်သော ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချို ကျော်ငြိမ်းနှင့် ဒေါ်နေရီဗဆွေ တို့ ဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌ အဖြစ်တာဝန်ယူ ဆောင်ရွက်သည်။

ဒေါ်ချိုချိုကျော်ငြိမ်းက“လောလောဆယ် ရန်ပုံငွေက ကိုယ့်ဟာကိုယ်ထည့်နေကြတာ၊ ဘယ်လောက်ကြာအောင်ထည့်နိုင်မလဲ၊ ရန်ပုံငွေအတွက်ကလည်းတိုင်ပင်နေတုန်း၊ ၁၉၉၀ တုန်းကလည်း တယောက်တည်းလုပ်လိုက်တာ တခါတည်း စီးပွားကို လျှော  သွားတာပဲ” ဟု ဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်း ဥပဒေ( ၂/၂၀၁၀) အခန်း(၄) အပိုဒ် ၁၅(က)တွင် ပါတီများအနေဖြင့် ပါတီသို့ လှူဒါန်း ထည့်ဝင် သည့် ငွေကြေး၊ ပါတီပိုင်စီးပွားရေးလုပ်ငန်းများမှရသော အမြတ်အစွန်းများဖြင့် ပါတီရန်ပုံငွေကို ကောက်ခံ စုစည်း နိုင်ကြောင်း ဆိုသည်။

ရှမ်းဝါရင့်နိုင်ငံရေးသမား တဦးဖြစ်သူ ဦးရွှေအုန်းက“လှူချင်တဲ့သူ ဘယ်လောက်ရှိမှန်းတော့ မသိဘူး၊ အများအားဖြင့်တော့ ကြောက်တော့ ကြောက်တယ်၊ ရန်ပုံငွေလှူချင်ပေမယ့် မလှူရဲဘူး၊ အဲဒါမျိုးတွေအများကြီးရှိတယ်၊ ဒါကတော့ ကျနော်တို့ အတွက် ပြဿနာပဲ၊ ပါတီထောင်ပြီးတော့ စီးပွားရေးလုပ်တာကလည်း တနှစ်လောက်နေမှ အကျိုးအမြတ်ကရမယ်”ဟုပြောသည်။

ထို့အပြင် ပုဒ်မ ၂၁ တွင် “ပါတီ တခုသည် လွှတ်တော် သက်တမ်း တရပ်စီ အတွက်၊ ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ တရပ်စီ အတွက်၊ မိမိပါတီကို ကိုယ်စားပြု၍ ရွေးကောက်ခံသော ကိုယ်စားလှယ်လောင်း တဦးအတွက် ရွေးကောက်ပွဲ အသုံး စရိတ် ငွေကျပ် သိန်းတရာ အထိသုံး စွဲနိုင်သည်”ဟု ဆက်လက် ဖော်ပြထားသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ပါတီ ခေါင်းဆောင် ကိုအေးလွင်က“ မဲဆန္ဒနယ် တနယ်မှာ ၀င်တဲ့သူက ကျနော်တို့ အဖွဲ့အနေနဲ့ဝင်မယ်၊ မဲဆွယ်ကုန်ကျစရိတ်ကတော့ သူ့နည်း သူ့ဟန်နဲ့သူ သုံးပေါ့ဗျာ၊ အဖွဲ့ ရန်ပုံငွေဆိုပြီး ချပေးတာမျိုး ကြတော့ ကျနော်တို့လည်း မတတ်နိုင်ဘူးလေ”ဟု ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများကို သုံးခွင့်ပြုခဲ့သော မဲဆွယ် စည်းရုံးရေး အသုံးစရိတ်သည် ကျပ်ငွေ ၇၀၀၀၀ ထက် ပိုပြီးသုံးခွင့် မပေးကြောင်း သိရသည်။

“ရန်ပုံငွေကတော့ ဘယ်မှာမှ ရှာလို့မရဘူးလေ၊ အဖွဲ့ဝင်တွေနဲ့ အဖွဲ့တွင်းက အလှူရှင်တွေနဲ့ပဲ သွားရမယ်၊ နောက်မှ ငွေလေး အရင်းအနှီးရလာရင် လုပ်ငန်းတွေလုပ်သွားရမှာပဲ"ဟု ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ(ပြည်ထောင်စု မြန်မာနိုင်ငံ) ခေါင်းဆောင် ကိုရဲထွန်းက ပြောသည်။

ကိုထွေး Saturday, March 20, 2010
ရင်းမြစ်။ ။ဧရာဝတီ

2010ရွေးကောက်ပွဲဥပဒေဆိုတာ