Friday, March 5, 2010

ဥပဒေထောက်ကူ ဥက္ကဋ္ဌ အဖြစ် ဦးတင်ဦး ပြန်လည်တာဝန်ယူ

 နယူးဒေလီ (မဇ္ဈိမ)။      ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးသည် ပါတီ ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ တာဝန်ကို ယမန်နေ့မှ စတင်၍ ပြန်လည်ထမ်းဆောင်ပြီဖြစ်သည်။

“ကျနော်က အကျယ်ချုပ်ကျနေပေမယ့် မီဒီယာတွေ ကျေးဇူးကြောင့် ပါတီဝင်တွေကို အာဏာပိုင်တွေက တရားစွဲ၊ ပြစ်ဒဏ်ချနေတာတချို့တွေမှာ ဥပဒေနဲ့ အညီမဟုတ်တာတွေ ကြားနေရတယ်။ အခု ဥပဒေ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌအဖြစ် ပြန်လည်တာဝန်ယူရပြီဆိုတော့ အဲလိုအခြေအနေတွေ နည်းပါးသွားအောင် ကြိုးစားဆောင်ရွက်သွားမှာပါ” ဟု ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။

အဖွဲ့နှင့် ကင်းကွာနေသည့် ၆ နှစ်တာ ကာလအတွင်း ကျန်အဖွဲ့ဝင်များက တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသည်ကို တွေ့ရသဖြင့် ဝမ်းသာကျေနပ်မိသည်ဟု သူက ဆက်ပြောသည်။

ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးဥာဏ်ဝင်းက “ဥပဒေ အထောက်အကူပြုအဖွဲ့မှာ ဥက္ကဋ္ဌ ပြန်ရောက်လာပြီဆိုတော့ ကျနော်တို့ အရမ်းအားတက်ပါတယ်။ သူ့မှာက အရင်ကတည်းက အတွေ့အကြုံတွေ အများကြီးရှိတဲ့ အခါကျတော့ အကြံဥာဏ်ကောင်းတွေ ပေးနိုင်ပါတယ်” ဟု ပြောသည်။

အဖွဲ့အနေဖြင့် လက်ရှိလိုက်လံဆောင်ရွက်ပေးနေဆဲ အမှုပေါင်း ၁၅ဝ ခန့်ရှိပြီး ရှေ့ဆက်၍ ပြည်နယ်/တိုင်းများက တောင်းခံလာသည့် ဥပဒေရေးရာ အကူအညီများ ပိုမိုပေးအပ်သွားမည်ဟု ဦးတင်ဦးက ဆိုသည်။

ဥပဒေ အထောက်အကူပြုအဖွဲ့သည် ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီသို့ ဥပဒေရေးရာ အကြံပေးခြင်းနှင့် နိုင်ငံရေးမှုဖြင့် တရားစွဲဆိုခံရသူ ပါတီဝင်များနှင့် ပါတီဝင်မဟုတ်သူများကို အခမဲ့ ရှေ့နေလိုက်ပါဆောင်ရွက်ပေးခြင်းတို့ လုပ်ဆောင်သည့် အန်အယ်ဒီပါတီ လက်အောက်ခံ အဖွဲ့ခွဲတခု ဖြစ်သည်။

ဥပဒေပြု အထောက်အကူပြုအဖွဲ့ကို လွန်ခဲ့သည့် ဆယ်စုနှစ်တခုကျော်က ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ အဆိုပြုချက်အရ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

စတင်ဖွဲ့စည်းကတည်းက ဦးတင်ဦးသည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရပြီးနောက် ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက ယာယီ ဥက္ကဋ္ဌ အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။

ကျန်းမာရေးအခြေအနေကြောင့် ယာယီဥက္ကဋ္ဌက တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိသဖြင့် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးမှုဖြင့် ပါတီဝင် မဟုတ်သော်လည်း ၁ဝ စုနှစ်တခုကျော်ကြာ အဖွဲ့ချုပ်၏ ဥပဒေရေးရာ ကိစ္စများတွင် ပါဝင်ဆောင်ရွက်ခဲ့သူ ရှေ့နေကြီး ဦးကြည်ဝင်းကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဒုဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့သည်။

ဥပဒေရေးရာ အထောက်အကူပြု အဖွဲ့တွင် ဦးတင်ဦး၊ ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးသိန်းညွန့်၊ ဦးအောင်သိန်း၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဦးမြင့်သောင်းနှင့် ဒေါ်ခင်ဌေးကြွယ် အပါအဝင် အဖွဲ့ဝင် ၁ဝ ဦး ပါဝင်ဖွဲ့စည်းထားသည်။

ဆလိုင်းဟံသာစန်း | သောကြာနေ့၊ မတ်လ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၀ မိနစ်

ရုရှားနှင့် တရုတ်က မြန်မာကို လေယာဉ်များရောင်း


ရုရှားနှင့် တရုတ် နိုင်ငံတို့က ၂၀၁၀ ခုနှစ်အတွင်း အရပ်ဘက်သုံး ခရီးသည်တင် လေယာဉ်နှင့် ကုန်တင် လေယာဉ်များ မြန်မာ နိုင်ငံသို့ ရောင်းချမည် ဖြစ်ကြောင်း သတင်း ဌာနများက ဖော်ပြသည်။


ရုရှားလုပ် Antonov-148 ခရီးသည်တင် လေယာဉ်နှင့် တရုတ် ကော်ပိုရေးရှင်းက MA 60 ကုန်တင် လေယာဉ်
ရုရှားမှ ယူနိုက်တက် လေယာဉ် ကော်ပိုရေးရှင်း (United Aircraft Corporation – UCA) က Antonov-148 (An-148) နှစ်စီးနှင့် တရုတ်အမျိုးသား လေကြောင်းနည်းပညာ သွင်းကုန် ထုတ်ကုန် ကော်ပိုရေးရှင်း (China National Aero-Technology Import and Export Corporation – CATIC) က MA 60 ကုန်တင် လေယာဉ် သုံးစီးတို့ကို ယခုနှစ်အတွင်း မြန်မာသို့ ရောင်းချမည်ဟု ရုရှားမှ အီတာတာစ် သတင်းဌာနှင့် Flightglobal ဝက်ဘ်ဆိုဒ်တို့က အသီးသီးဖော်ပြသည်။

An-148 သည် ခရီးတိုပြေးအမျိုးအစားဖြစ်ပြီး ခရီးသည် ၉၀ ဆံ့သည်။ အများဆုံး ပျံသန်းနိုင်သည့်နှုန်းမှာ ကီလိုမီတာ ၅,၀၀၀ ဖြစ်ပြီး အမြန်နှုန်းမှာ တနာရီလျှင် ၈၂၀ မှ ၈၇၀ ကီလိုမီတာ ဖြစ်သည်။ An-148 တစီး၏ ခန့်မှန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း၂၀ ခန့် ဖြစ်သည်။ ထို ရုရှားကော်ပိုရေးရှင်းမှပင် အီရန်နှင့် ကျူးဘားတို့က An-148 များ မှာယူဖူးသည်။

၂၀၀၉ ခုနှစ်အတွင်း ရုရှားက မြန်မာသို့ ယူရိုသန်း ၄၀၀ (အမေရိကန်ဒေါ်လာ သန်း ၅၇၀) နီးပါး တန်ဖိုးရှိမည့် MiG-29 ဂျက်တိုက်လေယာဉ် အစီး ၂၀ ရောင်းချမည့် စာချုပ်တရပ် ချုပ်ဆိုခဲ့သည်။

ယခုနှစ် စက်တင်ဘာတွင် မြန်မာသည် တရုတ် ကော်ပိုရေးရှင်းမှ လေယာဉ်များ ရရှိမည်ဖြစ်ပြီး တရုတ်အစိုးရ၏ ချေးငွေ အစီအစဉ် အကူအညီဖြင့် ဝယ်ယူမည်ဖြစ်သည်ဟု Xi'an Aircraft Industrial Corporation ကို ကိုးကား၍ Flightglobal ဝက်ဘ်ဆိုဒ်က ဖော်ပြသည်။ မြန်မာနိုင်ငံတွင် အိုဟောင်းနေပြီဖြစ်သော ဖော်ကာ F27 များကို သုံးနေရဆဲ ဖြစ်ကြောင်းလည်း   ဖော်ပြထားသည်။

Friday, 05 March 2010 18:19 ဧရာဝတီ

စစ်အုပ်စုများရဲ့ ဥစ္စာဓနစုဆောင်းပွဲ


အခုတလော မြန်မာပြည်မှာ လူအများစိတ်ဝင်စားခြင်းခံနေရတဲ့ ကိစ္စတခုကတော့ နအဖဗိုလ်ချုပ်တွေဟာ
ပြည်တွင်း-ပြည်ပ ဘယ်သူ့ကိုမှ၊ ဘယ်ကိုမှ တရားဝင်ကြေညာအသိပေးခြင်းမရှိဘဲ နိုင်ငံပိုင်ဓနများကို ပုဂ္ဂလိကပိုင်အဖြစ်ပြောင်းလဲပစ်နေတဲ့ ကိစ္စပဲဖြစ်ပါတယ်။ တနေ့ပြီးတနေ့ ဘယ်လုပ်ငန်းကိုဖြင့် ဘယ်သူဌေးလက်အပ်လိုက်ပြီ၊ အဲဒီသူဌေးက ဘယ်ဗိုလ်ချုပ်နဲ့နီးစပ်တယ်၊ ဘယ်ဗိုလ်ချုပ်ကိုယ်စားလုပ်နေတာ စတဲ့သတင်းမျိုးတွေကိုလည်း ဒင်းတို့ပါးစပ်က
ကြားရတာမဟုတ်ဘဲ ဟိုကတစ၊ ဒီကတစနဲ့ ဆက်တိုက်ကြားနေကြရပါတယ်။

ဘာဥပဒေနဲ့၊ ဘာကော်မရှင်ရဲ့ဦးစီးမှုနဲ့လုပ်တယ်ဆိုတာကိုလည်း ဘယ်သူကမှမပြောသလို၊ ဘယ်သူကမှလည်းမသိရပါဘူး။ သူခိုးဓားပြတွေ တိုက်ရာပါပစ္စည်းခွဲယူကြသလို တကယ့်ကို လက်သိပ်ထိုးလုပ်နေကြတာဟာ ဗမာပြည်သမိုင်းမှာ မဆလလက်ထက် ၁၉၆၄ ခုနှစ်တုန်းက ပြည်သူပိုင်သိမ်းတယ်ဆိုတာရဲ့နောက်မှာ အကြီးမားဆုံးပိုင်ဆိုင်မှု လက်ပြောင်းလက်လွှဲလုပ်မှုကြီးပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ သမိုင်းရဲ့ ဟာသကွက်လိုဟာတခုကို ထောက်ပြလိုပါတယ်။ အဲဒါကတော့ မဆလစစ်အစိုးရဟာ ဆိုရှယ်လစ်စကားလုံးတွေ လေကြီးဟစ်ကျယ်ပြောပြီး “ပြည်သူပိုင်သိမ်းတယ်” ဆိုတဲ့ ပုဂ္ဂလိကပိုင်ဆိုင်တွေ၊ လုပ်ငန်းတွေကို စစ်အုပ်စုပိုင်လုပ်ခဲ့ပါတယ်။ သူတို့အပြောက ဒါဟာဝိသမလောဘသမားတွေရဲ့ လက်ကနေ ဆိုရှယ်လစ်အရင်းအနှီးစုဆောင်းတာဖြစ်ပါသတဲ့။ ဒါပေမယ့် လက်တွေ့မှာတော့ တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားပြီး သူတို့တစုသာ ချမ်းသာသွား ကြပါတယ်။ သူတို့နေရာကိုဆက်ခံတဲ့ နအဖစစ်အုပ်စုကတော့ ဈေးကွက်စီးပွားရေး တည်ဆောက်တယ်ဆိုပြီး အရင်းအနှီးခွဲဝေတာတွေ လုပ်ပြန်ပါတယ်။ တိုင်းပြည်ဟာ မွဲသထက်မွဲ သူတို့နဲ့အပေါင်းပါတွေသာ ချမ်းသာသထက်ချမ်းသာလာတာကို မျက်မြင်တွေ့နေရပါတယ်။ တိုင်းပြည်မွဲရေးနဲ့ ကိုယ်ချမ်းသာရေးဆီကို ချီတက်ရာ လမ်းကြောင်းများ သိချင်ရင် မြန်မာပြည်က စစ်အာဏာရှင်များဆီသာ သွားမေးပေတော့လို့ ပြောရမလိုပါ။

ဒီအဖြစ်အပျက်တွေထဲကနေ သမိုင်းရဲ့ သင်ခန်းစာတခုဆွဲထုတ်ပါဆိုရင် စစ်အာဏာရှင်တွေဟာ သူတို့အိတ်ထဲကို ထည့်ဖို့ဆိုရင် ဘာကြွေးကြော်သံကိုမဆို ကြွေးကြော်မယ်၊ တဖက်လှည့်နဲ့ပြန်ပြောရရင် သူတို့တတွေဘယ်လိုပဲ ကြွေးကြော်-ကြွေးကြော် လက်တွေ့ကျတော့ တိုင်းပြည်ရဲ့ ဓနဥစ္စာတွေကို သူတို့အိတ်ထဲထည့်တာပဲလို့ ပြောရပါမယ်။ သူတို့ထဲက စိတ်မလုံတဲ့လူ တချို့ကတော့ သူတို့လို တိုင်းပြည်အတွက် လုပ်နေသူတွေအဖို့ အကျိုးကျေးဇူး တစုံတရာ ခံစားသင့်ပါတယ်လို့ ဆင်ခြေပေးကြပါတယ်။ သူတို့စားတာ စားသင့်ပါတယ်၊ ခိုးတာ ခိုးသင့်ပါတယ်လို့ တိုက်ရိုက်မပြောရုံ တမယ်ပါပဲ။

မဆလလက်ထက် စစ်အုပ်စုနည်း စစ်အုပ်စုဟန် ဆိုရှယ်လစ်စနစ်ကာလတုန်းကတော့ တရုတ်ကုလားနဲ့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်အားလုံးဟာ ၀ိသမလောဘသမား အရင်းရှင်တွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လုပ်ငန်းမှန်သမျှ၊ ဆိုင်မှန်သမျှကို သိမ်းယူခဲ့ပါတယ်။ ဒါကြောင့်မို့ ဆင့်ဥစ္စာခွေးမချီနိုင်ဖြစ်ခဲ့တဲ့ ကိစ္စတွေ အများကြီးပေါ်ခဲ့ပါတယ်။

အခု နအဖနည်းနအဖဟန် ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးမှာကျတော့ နအဖဗိုလ်ချုပ်တွေဟာ မဆလဗိုလ်ချုပ်တွေအတွေ့အကြုံနည်းလို့ ဒုက္ခရောက်ခဲ့တာတွေကို သင်ခန်းစာထုတ်ယူထားလိုက်ကြပါတယ်။ ကွမ်းယာဆိုင်ကို ပြည်သူပိုင်
သိမ်းလိုက်လို့ အလုပ်ရှုပ်ရတာမျိုး သူတို့က အဖြစ်မခံတော့ပါဘူး။ နောက်ပြီး ဗိုလ်နေ၀င်းတို့က ဆိုရှယ်လစ်စကားတွေပြော၊ နယ်ချဲ့ဆန့်ကျင်ရေး မီးရှူးမီးပန်းတွေဖောက်လွှတ်နေလို့ ပြည်ပအရင်းအနှီးနဲ့ဝေးခဲ့တာမျိုးကိုလည်း သူတို့က ရှောင်ရှား
ပါတယ်။ ကောင်းတဲ့ အလားအလာရှိတဲ့လုပ်ငန်းကိုမှ ကိုယ့်အိတ်ထဲထည့်ပါတယ်။ မကောင်းရင် ပြည်သူပိုင်အဖြစ် ချန်ထားပါတယ်။ နောက်ပြီး ကိုယ့်အတွက်သာအကျိုးရှိမယ်၊ စားကွက်ရှိမယ်ဆိုရင် န၀တ၊ နအဖစစ်ဗိုလ်တွေဟာ အရှေ့ကဖြစ်ဖြစ်၊ အနောက်ကဖြစ်ဖြစ် ဘယ်ကမဆို အရင်းအနှီးမှန်သမျှကို လက်ခံပါတယ်။ အဓိကကျတာက သူတို့ထိပ်သီးတွေအတွက် ခံစားခွင့်ပါဖို့ပါပဲ။

ထောက်ပြသင့်တဲ့ စစ်အုပ်စုတွေရဲ့ အဓိက၀င်ငွေလမ်းကြောင်း နောက်တခုကတော့ နယ်စပ်တွေကလာတဲ့ဝင်ငွေ လမ်းကြောင်းပါ။ မြန်မာပြည်မှာ နယ်စပ်ဒေသကို စစ်တပ်ကချုပ်ကိုင်ခဲ့တာဟာ ၁၉၄၈ ခုနှစ်ကစလို့ အစဉ်အလာတခုလိုဖြစ်နေခဲ့ပါတယ်။ ပြည်တွင်းစစ်ရှိနေတော့ သူတို့မှာ အကြောင်းပြလို့ ပိုကောင်းသလို ဖြစ်နေပါတယ်။ ဒီကြားထဲ တရုတ်ဖြူ ကူမင်တန်ကျူးကျော်မှုလိုဟာမျိုးကလည်း ဖြစ်ပေါ်ခဲ့တော့ နယ်စပ်ဒေသနဲ့ ပြည်နယ်တွေဟာ စစ်ဗိုလ်တွေရဲ့ စားကွက်ချည့်
ဖြစ်ခဲ့တယ်မဟုတ်ပါလား။ နောက်ပြီး အဲဒီစားကွက်တွေအတွက်ပဲ သူတို့ချင်း စားခွက်လုကြ၊ ဂိုဏ်းအုပ်စုဖွဲ့ကြတာတွေလည်း ပေါ်ခဲ့ပါတယ်။ ၁၉၅၀ စုနှစ်များရဲ့ နောက်ပိုင်းတုန်းက ရှမ်းပြည်နယ်ထဲမှာ ထောက်လှမ်းရေးဗိုလ်မှူးကိုင်နိုကို သတ်ပစ်ခဲ့တာ၊ ၁၉၇၀ စုနှစ်များတုန်းက အိန္ဒိယ-မြန်မာနယ်စပ်မှာ တာဝန်ကျတဲ့ သူရညွန့်တင်ကို ရုံးတင်တရားစွဲတာ စတာတွေဟာ အဲဒီလိုဂိုဏ်းအုပ်စုနဲ့ စားခွက်ပြဿနာတွေကြောင့်ပါပဲ။ ဒီလိုနဲ့ အဲဒီတုန်းက တိုင်းမှူးတွေနဲ့ စစ်ဒေသထိပ်သီးတွေဟာ
နယ်ခံအာဏာရှိသူတွေနဲ့ လုံးမိကြတာလည်းရှိ၊ အညှိုးအတေးတွေ ပေါ်ပေါက်တာလည်းရှိ ဆိုတာမျိုး ဖြစ်ခဲ့ပါတယ်။ တဖက်မှာကျတော့ သူတို့တပ်တွေရဲ့လုပ်ရပ်တွေကြောင့် တိုင်းရင်းသားလူမျိုးစုတွေက လူမျိုးရေးအရ နာကြည်းတာတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဗိုလ်အောင်ကြီးတို့ လက်ထက်ကစလို့ စစ်အုပ်စုထိပ်သီးတွေနဲ့ နယ်စပ်က ဘိန်းရာဇာတွေ ရေစက်ဆုံခဲ့ကြတာပါပဲ။

ဒါပေမယ့် တရုတ်-မြန်မာနယ်စပ်မှာ ဗကပပေါ်လာတော့ စစ်အုပ်စုထိပ်သီးတွေအဖို့ စားကျက်တွေပျောက်ကုန်ကြပါတယ်။သူတို့ရဲ့ ရောင်းရင်းအပေါင်းအသင်း နယ်ခံထိပ်သီးတွေ၊ ဘိန်းရာဇာတွေလည်း “လက်မဲ့တွေ” ဖြစ်ကုန်ကြပါတယ်။ ဒိနောက်၁၉၈၉ ခုနှစ်မှာ ဗကပထဲက ခွဲထွက်မှုတွေပေါ်တော့မှ စစ်အုပ်စုထိပ်သီးတွေဟာ သူတို့ရဲ့စီးပွားရေး “အောင်မြေ” ကို ပြန်နင်း
နိုင်ခဲ့ပါတယ်။ မဆလထိပ်သီးတွေဆုံးရှုံးခဲ့တဲ့ အခွင့်အရေးတွေကို န၀တ၊ နအဖထိပ်သီးတွေရခဲ့ပါတယ်။ ရတာမှ အတိုးနဲ့ရတာလို့တောင် ပြောနိုင်ပါတယ်။ ဒါတွေကို အားလုံးသိပြီးမို့ အထူးရေးဖို့မလိုတော့ပါဘူး။ ဒီနေ့ နယ်စပ်ဒေသက အပစ်ရပ်အဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်လုပ်ရေးကိစ္စမှာ နအဖဗိုလ်ချုပ်တွေ စပ်ပူစပ်လောင်ဖြစ်နေကြတာမှာ ဒီစားကျက်ကြီးပြန်ပျောက်သွားမှာစိုးနေတဲ့ အကြောင်းရင်းလည်းပါပါတယ်။ သူတို့အဖို့က တကယ့်ကို အဆီနဲ့ဝင်းဝင်းပါ။

ကိုယ့်အတွက် အရင်းအနှီးစုဆောင်းရာမှာ နအဖနဲ့မဆလ မတူတဲ့ နောက်အချက်တချက်ကတော့ ဗိုလ်နေ၀င်းတို့ဟာအထက်မှာပြောခဲ့သလို ပြည်တွင်းကလုပ်ငန်းရှင်တွေ၊ ငွေရှင်ကြေးရှင်တွေကို ရန်လုပ် ဒုက္ခပေးခဲ့ပေမယ့် ဗိုလ်သန်းရွှေတို့ကတော့ အဲဒီလိုလူတွေအထဲက သူတို့အသုံးချမယ့်လူတွေကို ရှာဖွေမွေးမြူပါတယ်။ ဒီဖြစ်စဉ်ထဲမှာပဲ ဗိုလ်ချုပ်တွေကဘိန်းဘုရင်တွေရဲ့ ငွေကိုခ၀ါချပေး။ တခါ ဘိန်းဘုရင်တွေက ဗိုလ်ချုပ်တွေရဲ့ ငွေတွေကို ပြန်ခ၀ါချပေးဆိုတာမျိုးတွေလည်း
ဖြတ်သန်းခဲ့ကြပါတယ်။ နောက်ပြီး ဗိုလ်ချုပ်တွေကိုယ်စား နာမည်ခံစီးပွားရေးလုပ်ငန်းထောင်ပေးမယ့် လူတွေကိုလည်းစိစစ်မွေးမြူတာလုပ်ပါတယ်။ စစ်အုပ်စုရဲ့လက်ဝေခံလူတန်းစားတရပ် ထပ်မွေးယူတာပါ။ မွေးတာမှ လိုအပ်ရင် သမီးပေး၊တူမပေးလို့တောင် မွေးယူကြပါတယ်။

အခု ရွေးကောက်ပွဲမတိုင်မီ ဗိုလ်သန်းရွှေတို့ထိပ်သီးတွေ အလုအယက်ဖြစ်နေကြတာဟာ ဆိုရှယ်လစ်စစ်ဗိုလ်အုပ်စုက စခဲ့တဲ့ မြန်မာပြည်စစ်အုပ်စု အဆက်ဆက်တွေရဲ့ တွေးခေါ်လုပ်ကိုင်နည်းရဲ့ အဆက်တွေသာဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်အာဏာသိမ်းမှုကနေ ပေါ်ထွက်ခဲ့တဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ရဲ့ဘီအီးဒီစီပိုင်ကြယ်ငါးပွင့်လိုင်းကို အခု နအဖရဲ့ ဦးပိုင်က ယူတော့မယ်လို့ သတင်းထွက်လာတာ ကြားရတော့ “ဟိုအရင် ပဒုမုတ္တရာဘုရားလက်ထက်က ---------------- ဟာ
ငါဘုရားလက်ထက်မှာ ဒေ၀ဒတ်ဖြစ်လာတယ်” ဆိုတဲ့ ဇာတ်ပေါင်းစကားမျိုးကို ပြန်ကြားလိုက်ရသလိုပါပဲ။

ရဲဘော်ဖိုးသံချောင်း
၅/ မတ် ၂၀၁၀

သရုပ်ဆောင်နှင့် ဒါရိုက်တာ


 မြန်မာ့ နိုင်ငံရေးသည် ၁၉၈၈ အရေးတော်ပုံကြီးအပြီးနောက်ပိုင်း နိုင်ငံရေးဇာတ်ခုံပေါ်တွင် လက်ရှိအခြေအနေ၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဒါရိုက်တာ အဖြစ် ဦးဆောင်ကာ မောင်းနှင်နေသလို သူသည်ပင်လျှင် သရုပ်ဆောင် နေရာမှ ကပြနေသည်ကို မြင် ကြရသည်။
၂၀၀၃ ခုနှစ်ရှေ့ ပိုင်းကမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်  တို့ ၂ ဦးတွင် မည်သူက ဒါရိုက်တာ၊မည်သူက ရှေ့  ထွက် သရုပ်ဆောင်မင်းသားဟု ခွဲခြားမရဖြစ်ခဲ့ကြသည်။ထိုအခြေအနေမှ ရုတ်တရက် ဖြုတ်ထုတ်သတ် လမ်းစဉ်ဖြင့် ဗိုလ်သန်းရွှေ က လက်သီးပုန်း ထိုးလိုက်ရာ ဗိုလ်ခင်ညွန့်  နိုင်ငံရေးဇာတ်ခုံမှ ဂျွမ်းပြန်ကျကာ သရုပ်ဆောင် ဒါရိုက်တာ အဖြစ် ဗိုလ်သန်းရွှေ ပီပြင်စွာ ထွက်ပေါ်လာခဲ့သည်။
 ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်  ဗိုလ်ချုပ်ကြီး ခင်ညွန့် 

တဖက်အတိုက်အခံများဘက်တွင်မူ ပြည်တွင်း အတိုက်အခံခေါင်းဆောင်မှာ  ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်ဟု တညီတညွတ် တည်း၊ အဓိကသရုပ်ဆောင်အဖြစ် သတ်မှတ်ထားကြသည်။
 ဒါရိုက်တာအဖြစ် အတိုက်အခံလောကတွင်မည်သူနည်း။
တချိန်က ဦးအောင်ကြီးက ဒေါ်စုဘေးတွင် ကွန်မြူနစ်တို့ ၀န်းရံနေ သည်ဟု ကြွေးကျော်ကာ ပါတီခွဲထွက်သွားခဲ့သည်။ ထို့ကြောင့် ပြည်သူတို့က ဒေါ်စုသည်“ဒါရိုက်တာလော”၊ သူမဘေး တွင် ၀န်ရံနေသော `“စစ်ဗိုလ်ဟောင်းများ။တတ်သိပညာရှင်များနှင့် ဦးအောင်ကြီးစွပ်စွဲသော အုပ်စုမှသူများ” တို့သည် အဖွဲ့တွင် ဒါရိုက်တာလော ဟုတွေးထင် ခဲ့ကြသည်။

နအဖ စစ်အစိုးရကဗိုလ်ချုပ်အောင်ဆန်းရေးဆွဲခဲ့သော ၁၉၄၇ ဥပဒေကိုရည်ညွှန်း၍၄င်း။၁၉၉၀ ရွေးကောက်ပွဲစည်းမျဉ်း တွင်၎င်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင် ရေးသားမှာ ပြည်ပနိုင်ငံတခုခုတွင် ခင်ပွန်း၊ ဇနီး၊သားသမီး တဦးဦး ပြည်ပနိုင်ငံသား ခံယူ ထားလျှင် ရွေးကောက် ပွဲတွင် ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံပိုင်ခွင့်မရှိဟု ဒေါ်အောင်ဆန်း စုကြည်ကို ပင်မသရုပ်ဆောင် နေရာ မှ ကန့် သတ် ဖယ်ထုတ်ထားသည်ကိုတွေ့ ရသည်။
တရားမ၀င်သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်အား အင်အယ်လ်ဒီ ပါတီ ဦးဆောင်အဖွဲ့မှ ထုတ်ပယ်ရန် ဖိအား ပေးမှုများရှိခဲ့ သည်ဆိုသော်လည်း ပါတီတွင်းစည်းလုံးမှုကြောင့် သူမသည်ပင်လျှင် ပါတီ အထွေထွေ အတွင်းရေးမှူး နေရာတွင် အကျဉ်းကျခံ နေရစေကာမူ ဆက်လက်တည်မြဲနေသည်ကိုတွေ့ ရသည်။
သို့သော် နအဖ စစ်အစိုးရက ၂၀၀၃ ခုနှစ်တွင် ဒီပဲယင်း အရေးအခင်းဖန်တီးကာ နေအိမ်အကျယ်ချုပ်ချထားပြီး ပင်မ သရုပ် ဆောင် နေရာမှ ထပ်မံဖယ်ထုတ်ပြန်သည်။ သို့သော်နိုင်ငံတကာ ဖိအားပေးမှုကြောင့် ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ ဆုံမှုကို တီဗွီဖန်သားပြင်တွင် ကြိုကျားကြိုကျား မြင်ကြရသည်။
 
ယခုအခါ မြန်မာ နိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲကြီး ကျင်းပပေးမည်ဟု နအဖ စစ်အစိုးရက ဆိုလိုက်သောအခါ ဦးဝင်းတင် က ရွှေဂုံတိုင် ကြေငြာစာတမ်းကို ဆုပ်ကိုင်၍ ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ရန် ထုတ်ဖော်ပြောဆိုသည်။ ဦးဝင်းတင်အဆိုကို ပြည်တွင်း ပြည်ပမှ ၀ိုင်းဝန်း ထောက်ခံသံတွေ လေလှိုင်းမှာ ဆူညံစွာ ကြားလာရသဖြင့် ဦးဝင်းတင်သည် အင်အယ်လ်ဒီပါတီ ၏ ဒါရိုက်တာ ကြီး ပေလော။
 
ဦးဝင်းတင်
သို့သော်လည်း အဝေးရောက်စင်ပြိုင်အစိုးရ ၀န်ကြီး ဒေါက်တာ စိန်ဝင်းကမူ“ ပြည်တွင်း အင်လ်ဒီမူအရ သွားနေပါ တယ်။” ဟု ၂၀၀၅ ခုနှစ် နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ဒီဗွီဘီရုပ်မြင်သံကြားစတင်ထုတ်လွှင့်ခြင်း အခန်းအနားတွင် ထုတ်ဖော်ပြော ဆိုခဲ့ သည်။
၂၇။၂။၂၀၁၀ နေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ပြုလုပ်သော သတင်းသမဂ္ဂညီလာခံတွင်မူ အင်စီယူဘီမှ အတွင်းရေးမှူး ဦးမောင် မောင် က မိမိတို့အနေနှင့် ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ရန် မသင့်ဟုဆုံးဖြတ်သော်လည်း။အင်စီဂျီယူဘီနှင့် တိုင်းရင်းသားအဖွဲ့ အချိုက ပြည်တွင်း အင်လ်ဒီနှင့် ဒေါ်စု ဆုံးဖြတ်ချက်အတိုင်း သွားမည်ဟုသိရကြောင်း ထုတ်ဖော် ပြောဆိုသည်။
အင်အယ်လ်ဒီပါတီ ရွေးကောက်ပွဲဝင်သင့်-မ၀င်သင့် အရေးသည် ဒေါ်အောင်ဆန်းစုကြည် အဆုံးအဖြတ်အပေါ်တွင်  မူတည် သည် ဟု အင်အယ်လ်ဒီပြောခွင့်ရ ဦးခင်မောင်ဆွေက ထုတ်ဖော်ပြောဆိုပြန်သည်။
မကြာမီက လွတ်လာသော ဦးတင်ဦးကမူ `“ဒေါ်အောင်ဆန်းစုကြည်၏ အရိပ်ကို ခို၍ အင်အယ်လ်ဒီ တာဝန်များကို ထမ်းဆောင် နေသည်ဟု ပြောဆိုသည်။
 ဦးတင်ဦး

ခေတ်ပြိုင် အင်တာနက်စာမျက်နှာတွင် ကလောင်ရှင်`“ရွှေအိုးစည်က ဒေါ်စုက ရွေးကောက်ပွဲ ၀င်မည် မ၀င်မည် မပြောဘဲနှင့် “ဦးမောင်မောင်မြင့် စင်တင်ပေးမှုဖြင့် ဦးသုဝေနှင့် ဒေါက်တာခင်ဇော်ဝင်း တို့က ဟ-ချင်သူက ဟသလို၊ ဖွချင်သည့် ဗွီအိုအေမှ ဦးကျော်ဇံသာနှင့် ဦးသန်းလွင်ထွန်းတို့က ဖွပေးနေသည်ဟု ထုတ်ဖော်ရေးသားသည်။
 
ဤသည်တို့ကို ထောက်ရှု၍ ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံတို့၏ ဒါရိုက်တာဟု ယူဆရတော့မည်ဖြစ်သည်။ ဦးတင်းဝင်၏ ရွေးကောက်ပွဲ မ၀င်သင့် အဆုံးအဖြတ်နှင့် ဒေါ်စု အဆုံးအဖြတ်သည် တထပ်တည်း ကျမည်လော။ ကွဲလွဲခဲ့လျှင် ပြည်သူတို့နှင့်ပြည်တွင်း- ပြည်ပ အတိုက်အခံတို့က မည်သူ့ အဆုံးအဖြတ်ကို ထောက်ခံကြမည်နည်း။

ပြည်ပ အဝေးရာက် စင်ပြိုင်အစိုးရ ၀န်ကြီးချုပ် ဒေါက်တာ စိန်ဝင်း
 
ဒါရိုက်တာ၊ သရုပ်ဆောင်နှင့် ဇာတ်ညွှန်းကောင်းလျှင် ရလာဒ်ကောင်းမည်ဟု ထွက်ရနိုင်စရာအကြောင်းရှိသည်။
နိုင်ငံတကာနှင့် ပြည်ပအတိုက်အခံများ၊ အင်လ်ဒီပါတီကိုယ်တိုင်ကပါ ဒေါ်စုကိုလွှတ်ပေး၍ သရုပ်ဆောင် ဒါရိုက်တာ အဖြစ်မြင်လို သည်။အဆက်အပြတ်တောင်းဆိုနေကြသည်။ ဖြစ်နိုင်ပါမည်လော။
ဦးသုဝေနှင့် (မဇ္ဈိမ)သတင်းဌာနတို့  တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ ၂၆။၂။၂၀၁၀ နေ့က မေးမြန်းရာတွင် ပြန်လည်ဖြေကြား ချက်မှာ ---
ဦးသုဝေ

“ဘာက အထစ်အငေါ့ ဖြစ်နေသလဲလို့ ဆိုလို့ရှိရင် လူပုဂ္ဂိုလ် အထစ်အငေါ့ပဲလို့ ကျနော်တော့ ထင်တယ်။ ဘာဖြစ်လို့လဲလို့ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့တော့ တောင်းဆိုတဲ့နေရာမှာ သူတို့က ပြောဆိုနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မလိုချင်ဘူး ပေါ့နော်။
 ဒါပေမဲ့ NLD နဲ့ တွေ့ဆုံမယ်ဆိုပြီးတော့ သူတို့ ချဉ်းကပ်တယ်၊ ဒီအစိုးရက။ ဒါပေမဲ့ NLD အဖွဲ့ကလည်းပဲ၊ သူတို့က ဘာပြန်ဖြေလဲ ဆိုတော့ NLD အဖွဲ့ကို ခေါင်းဆောင်မှာက ဒေါ်စု၊ ခင်ဗျားတို့ ဒေါ်စုနဲ့ပဲ ဆွေးနွေးပါ။ ဒါမှမဟုတ်ရင် ဆွေးနွေးတဲ့ အဖွဲ့မှာ ဒေါ်စုကို ခေါင်းဆောင်ပေးပါ။ သူတို့က ဆွေးနွေးချင်တယ်ပေါ့နော်။ ဟိုကနေပြီးတော့ ကမ်းလှမ်းတဲ့အခါမှာ။ ဒီအစိုးရကလည်း ဘာလဲဆို တော့  ဒေါ်စုကို မလိုချင်တာ။ သူပါနေလို့ကို မဆွေးနွေးတာ။” ဟုဖြေကြားထားသည်။

ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် အကယ်၍ သရုပ်ဆောင်အဖြစ်ရော၊ ဒါရိုက်တာ အဖြစ်ပါ နေခွင့်မရခဲ့လျှင် အင်အယ်လ် ဒီ တွင် အစားထိုးရန် လူမရှိတော့ပြီလော။ ဘာဆက်လုပ်ကြမည်နည်း။
မြန်မာပြည်အားအမြန်ကယ်တင်ရန် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို ဒါရိုက်တာဖြစ်စေ၊သရုပ်ဆောင်ဖြစ်စေ ထပ်ပေါ်ရန် အကြောင်း မရှိတော့ပြီလော။

 ပြည်တွင်းတွင်၎င်း၊ ပြည်ပ နိုင်ငံရေးလောကတွင်၎င်း အရည်အချင်းရှိကြပါလျှက် ဒေါ်စု နေရာတွင် ပေါ်ခွင့် ပေးနိုင်ဦးမည်လော။ အရည်အချင်းရှိကြသူများကရော ဒေါ်စုနေရာတွင် ၀င်လာမည်ဆိုပါက အင်လ်ဒီက လက်ခံနိုင်ပါ မည် လော။တိုင်းပြည်အတွက် အင်အယ်လ်ဒီ ဘာဆက်လုပ်မည်နည်း။ဒေါ်စု ဗဟိုပြု၍ ပြည်တွင်း-ပြည်ပ နိုင်ငံရေးသမားတို့ ၊တိုက်ပွဲပုံဖော်နေခြင်း အပြင် အခြား နည်းလမ်းမရှိပြီလော။

ဒေါ်စုနှင့်  နအဖ-စစ်ဗိုလ်ချုပ်တို့ ပုဂ္ဂိုလ်ရေးရာ ပြဿနာ အကြားတွင် မြန်မာပြည်သည် “ဂျာအေး သူ့အမေရိုက် ဇာတ်လမ်း” ဘယ်လောက်ကြာအောင် ထပ်ကကြဦးမည် လော။
 
ဖိုးသောကြာ(၄။၂။၂၀၁၀)
ဟစ်တိုင်

အမေရိကန်ပြည်မှာ မြန်မာ (Burmese) တို့ စာရင်းပေါက်စေဖို့ သန်းခေါင်စာရင်းကို ဖြည့်ကြစို့



အမေရိကန်ပြည်ထောင်စုမှာ ၁၀ နှစ် တကြိမ် လူဦးရေစာရင်း ကောက်သည်။ မြန်မာလိုဆိုရင် သန်းခေါင်စာရင်းဖြစ်သည်။ သန်းခေါင်စာရင်းက လူဦးရေနှင့် ပထ၀ီဒေသအလိုက် ပြန့်နှံနေပုံကို စာရင်းပြုပြီး တိုင်းပြည်၏ အစိုးရစီမံကိန်းများ၊ အကူအညီများ၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးကိစ္စများကို စီမံပြင်ဆင် ဆုံးဖြတ်ခြင်း ဖြစ်သည်။
ယခု ၂၀၁၀ သန်းခေါင်စာရင်းတွင် အမေရိကန်ရောက် မြန်မာတိုင်းရင်းသားအားလုံးက ၀ိုင်းဝန်းစာရင်းသွင်းခြင်းကို တညီတညွတ် လုပ်ကြလျင် မြန်မာပြည်က ပြောင်းရွှေ့နေထိုင်သော မြန်မာပြည်သားများစာရင်းကို အစိုးရက အရေအတွက်၊ ပထ၀ီဒေသအလိုက် သိရှိပြီး အခြား တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ဟာဝိုင်အီ၊ ကိုရီးယား၊ ဂွာမာနိယန်၊ ဖိလိပိုင်၊ ဗီယက်နမ်၊ စသည့် အာရှသားများကဲ့သို့ ခံစားခွင့်၊ လုပ်ပိုင်ခွင့်၊ အရည်အတွက်သတ်မှတ်ပေးခြင်း ခံစားရနေသလိုမျိုး မြန်မာ (Burmese) တို့အတွက်ပါ စာရင်းပေါက်မည် ဖြစ်သည်။ အရည်အတွက် မပြောပလောက်လျင် လွန်ခဲ့သည့် ၁၀ နှစ် ကကဲ့သို့ မြန်မာတို့အတွက် လူမျိုးနေရာတွင် - Other Asian (အခြားအာရှသား) အဖြစ်ကနေ တက်လာတော့မည် မဟုတ်ပေ။
ယခုမတ်လ ၁၀ ရက်မှ ၁၅ ရက်အတွင်းတွင် စာတိုက်မှတဆင့် သန်းခေါင်စာရင်းဖြည့်ရန် ဖောင် ကို အမေရိကန်အစိုးရက အိမ်လိပ်စာများအားလုံးထံ ပေးပို့မည် ဖြစ်သည်။ စာရင်းပြုစုခြင်း သက်သက်ဖြစ်သဖြင့် ကျနော်တို့၏ ကိုယ်ရေးကိုယ်တာများ၊ တရားဝင် နေထိုင်မှုများကို စပ်စုမေးမြန်းခြင်းလည်း လုပ်မည် မဟုတ်ချေ။ မေးခွန်း ၁၀ ခု သာ ပါမည်ဖြစ်ပြီး သည်နေရာက http://2010.census.gov/2010census/pdf/LAG_Burmese.pdf အစိုးရ၏ လမ်းညွှန်ကို ရယူပြီး ဖတ်ရှုပြင်ဆင်ထားနိုင်သည်။ သည်နေရာမှာ အမေရိကန်အစိုးရ၏ မြန်မာဘာသာနှင့် ရှင်းလင်းချက်ကို ကြည့်နိုင်သည်။ http://2010.census.gov/2010census/language/burmese.php
အမေရိကန်ပြည်ထောင်စုတွင် အကြောင်းအမျိုးဖြင့် ရောက်ရှိနေထိုင်ကြသူ မြန်မာပြည်သား အားလုံးတို့အနေနှင့် တစုတစည်းတည်းသော လူမျိုးတခုအဖြစ် ပထမဦးဆုံးအကြိမ်အဖြစ် သန်းခေါင်စာရင်းမှာ အောင်မြင်စွာ စာရင်းပေါက်စေဖို့ မေးခွန်း နံပါတ် (၉) တွင် Burmese လို့ ဖြည့်စွက်ကြပါစို့ ဟု တိုက်တွန်းလိုက်ပါသည်။
ဗိုလိုဆိုရင်တော့ - Proud to be a BURMESE and be counted in the US census 2010 ပေါ့ခင်ဗျား။    

မိုးမခ မေတ္တာစာ
မတ် ၅၊ ၂၀၁၀