Saturday, May 14, 2011

မြန်မာအစိုးရကို ကျေနပ်စရာ ရှိကြောင်း ကုလ အထူးကိုယ်စားလှယ်ပြောကြား

မြန်မာအစိုးရသစ်ဟာ အားရ ကျေနပ်စရာ လက္ခဏာ ရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီးယားက မေလ ၁၂ ရက် မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံအပြီး သတင်းထောက်တွေကို ပြောပါတယ်။



ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး ဗီဂျေ နမ်ဘီးယားကို အထွေထွေညီလာခံ အစည်းအဝေးတခုတွင် တွေ့ရပုံ။ (UN Photo/JC McIlwaine)
ဒါပေမဲ့ စစ်မှန်တဲ့ ပြောင်းလဲတိုးတက်မှုတွေ ရှိလာမလားဆိုတာတော့ စောင့်ကြည့်ဖို့ အရေးကြီးတယ်လို့ မစ္စတာ နမ်ဘီးယားက ပြောပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော် လွှတ်ပေးရေး အပါအဝင် လူ့အခွင့်အရေးတိုးတက်မှုအခြေအနေကို အလေးထား စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
 နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ မနေ့က ပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာလည်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် Mr. Martin Nesirky က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ မစ္စတာ နမ်ဘီယာတို့ဟာ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် စဉ်ဆက်မပြတ် တိုက်တွန်းခဲ့ကြသလို မစ္စတာနမ်ဘီယာ အနေနဲ့ အခု မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာလည်း အစိုးရသစ်ကို အလေးထားပြီး တွန်းအားပေး ပြောဆိုမှာ ဖြစ်တယ်လို့ Mr. Nesirky ပြောသွားပါတယ်။
ဒီအတောအတွင်း နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က မစ္စတာ နမ်ဘီးယား အနေနဲ့ မြန်မာအစိုးရရဲ့ အသုံးချမခံရဖို့ အရေးကြီးတယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။ မစ္စတာ နမ်ဘီးယားအနေနဲ့ တိုးတက်မှု မရှိတဲ့ အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ထောက်ပြပြောဆိုဖို့ လိုတယ်လို့ HRW အဖွဲ့ရဲ့ အာရှနိုင်ငံများဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Elaine Pearson က ပြောပါတယ်။
မစ္စတာ နမ်ဘီးယားအနေနဲ့ ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲ ကျင်းပခဲ့ချိန်ကစလို့ လွန်ခဲ့တဲ့ ၆ လအတွင်း မြန်မာနိုင်ငံမှာ တိုးတက်မှု မရှိတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အလေးထား ထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်လို့ Ms Pearson ပြောသွားပါတယ်။
တချိန်တည်းမှာပဲ မြန်မာအရေးလှုပ်ရှားနေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Burma Campaign UK အဖွဲ့ကလည်း မစ္စတာ နမ်ဘီးယားအနေနဲ့ လတ်တလော ရှမ်းပြည်နယ်မှာ မြန်မာစစ်တပ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို ထောက်ပြဖို့ အရေးတကြီးလိုအပ်တယ်လို့ မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
sources: : http://www.rfa.org/burmese/news/nambiar_satisfies_with_new_gov-05132011092458.html

Sunday, May 8, 2011

စားသောက်ကုန် ပစ္စည်းများအသွင် ကာမစိတ်ကြွဆေးများ ရှိနေခြင်း၊ ညစ်ညမ်းခွေများ အလွယ်တကူ ရရှိနေခြင်း၊ စုံတွဲများ ဗီဒီယိုကင်မရာဖြင့် ခိုးရိုက်ခံရပြီး အွန်လိုင်းမှတစ်ဆင့် ပျံ့နှံ့နေခြင်းတို့ကြောင့် အမျိုးသမီးငယ်များ သွားလာနေထိုင်မှု ပိုမိုသတိပြုလာရ



453 ယခုဈေးကွက်အတွင်း၌ စားသောက်ကုန်ပစ္စည်းများ အသွင် ကာမစိတ်ကြွဆေးများ ရှိနေခြင်း၊ ညစ်ညမ်း ဗီဒီယိုခွေများ အလွယ်တကူ ၀ယ်ယူရရှိနိုင်ခြင်းနှင့် စုံတွဲများကို ဗီဒီယိုကင်မရာဖြင့် ခိုးယူရိုက်ကူးပြီး ညစ်ညမ်းခွေအဖြစ် ဖြန့်ချိခြင်းများ ရှိလာသောကြောင့် အမျိုးသမီးများ ပိုမို သတိထားလာရကြောင်း သိရသည်။
စားသောက်ကုန်ပစ္စည်း အသွင်သဏ္ဌာန်ဖြစ်သည့် ကာမစိတ်ကြွဆေးဟူ၍ သတင်းထွက်ပေါ်နေသည့် ပစ္စည်း များမှာ ကော်ဖီမစ်၊ ပီကေ၊ သကြားလုံးတို့ဖြစ်ပြီး ယခုနောက်ပိုင်းတွင် မိန်းကလေးအချို့သည် ယောက်ျားလေး မိတ်ဆွေများက ကျွေးသည့် ပီကေ၊ သကြားလုံး၊ ကော်ဖီမစ်များအား မစားသုံးမိရန် ပိုမိုသတိထားလာရကြောင်း မိန်းကလေးများထံမှ သိရသည်။
“ဒီပစ္စည်းတွေက အပြင်မှာ တကယ်ရှိမရှိတော့မသိဘူး။ သတင်းတွေက ထွက်နေတော့ အခုနောက်ပိုင်း  ပိုပြီးသတိထား လာရတယ်။ ယောက်ျားလေး မိတ်ဆွေတွေ ကျွေးရင် အားနာနာနဲ့ပဲ ငြင်းပြီးမစားတော့ဘူး။ မကောင်းတတ်ရင် ယူထားလိုက်တယ်။ ပြီးမှ လွှင့်ပစ်လိုက်တယ်”ဟု ဆယ်ကျော်သက် မိန်းကလေးတစ်ဦးက ဆိုပါသည်။
ဈေးကွက်အတွင်းရှိ ကာမစိတ်ကြွစေသည့် သကြားလုံး၊ ပီကေ၊ ကော်ဖီမစ်များအား အရည်အတွက်များများ စားသုံးမိပါက မူးဝေခြင်း၊ ရင်တုန်ခြင်း၊ ကတုန်ကရင်ဖြစ်ခြင်း၊ အမူးလွန်ခြင်းကြောင့် သတိလွတ်ခြင်း စသည့် ခံစားချက်များကို ခံစားရနိုင်ကြောင်းနှင့် အချို့လူငယ်များသည် တစ်ခုတလေ စားသုံးမိပါက ဘာမှမဖြစ်နိုင်သော်လည်း မူးဝေသည့် အရသာကို ပိုမိုခံစားလို၍ အလွဲအသုံးချကာ များစွာစားသုံးခြင်းများ ဖြစ်နေကြောင်း လူငယ်များအကြား သတင်းများ ပျံ့နေသည်ဟု သိရသည်။

“လမ်းဘေးခွေဆိုင်တချို့ မှာဆိုရင် ဒီလိုခွေတွေကို ပေါ်ပေါ်ထင်ထင် ရောင်းနေကြတော့ အရွယ်မရောက်သေးတဲ့ ကလေးတွေ လမ်းမှားရောက်မှာကို စိုးရိမ်မိတယ်။ လူငယ်တွေကို စိတ်ဓာတ်ပျက်ပြား စေနိုင်တဲ့ ပစ္စည်းကိရိယာတွေ၊ အသုံးအဆောင်ပစ္စည်းကို အလွယ်တကူ လက်လှမ်းမီ ဈေးပေါပေါနဲ့ ၀ယ်လို့ရနေတာတွေကို ထိထိရောက်ရောက် တားမြစ်သင့်တယ်  .   .   .”
ထို့ပြင် ဈေးကွက်အတွင်း အလွယ်တကူ ၀ယ်ယူရရှိနေသည့် ကာမစိတ်ကြွ ဆေးများသည် ဆေးရည် ဆေးတောင့်၊ ဆေးလုံးပုံစံတို့ဖြင့်ဖြစ်ပြီး အချို့ဆေးများတွင် တရုတ်စာတန်း၊ ယိုးဒယားစာတန်းများ ပါတတ်ကြောင်း  ရန်ကုန်မြို့တွင်း လူစည်ကားရာ နေရာများတွင် ရွေ့လျားဈေးသည်များ ပုံစံ၊ ဗန်းပေါ်တင်ရောင်းချသည့် ပုံစံများဖြင့် ရောင်းချလေ့ရှိကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူများက ဆိုသည်။
“လမ်းဘေးခွေဆိုင်တချို့မှာ ဆို ရင် ဒီလိုခွေတွေကို ပေါ်ပေါ်ထင်ထင် ရောင်းနေကြတော့ အရွယ်မရောက်သေးတဲ့ ကလေးတွေ လမ်းမှားရောက်မှာကို စိုးရိမ်မိတယ်။ လူငယ်တွေကို စိတ်ဓာတ်ပျက်ပြား စေနိုင်တဲ့ ပစ္စည်း ကိရိယာတွေ၊ အသုံးအဆောင်ပစ္စည်း ကို အလွယ်တကူ လက်လှမ်းမီ ဈေးပေါပေါနဲ့ဝယ်လို့ ရနေတာတွေကို ထိထိရောက်ရောက် တားမြစ်သင့်တယ်။ တရားမ၀င်ဝင်လာတဲ့ ဆေးဝါးတွေ နဲ့ အစားအသောက်တွေကို တင်းတင်းကြပ်ကြပ် တားမြစ်မယ်ဆိုရင်တော့ အများကြီး အထောက်အကူ ဖြစ်ပါ တယ်”ဟု တောင်ဥက္ကလာပမြို့နယ်နေ အထက်တန်းပြ ဆရာမ ဒေါ်ခင်ပြုံးရည်က ဆိုသည်။
“ကျွန်မသုံးနေတဲ့ မေးလ်ထဲကို နိုင်ငံခြား မင်းသားမင်းသမီးတွေကို ရိုက်ထားတဲ့ ညစ်ညမ်းဓာတ်ပုံတွေ မသိတဲ့သူတစ်ယောက်က ပို့လို့ရောက်လာဖူးတယ်။ ကျွန်မသူငယ်ချင်း မိန်းကလေးတွေဆီမှာလည်း ဒီလိုမျိုးပို့ ထားတာတွေ့ဖူးတယ်။ အခုနောက်ပိုင်း ပိုဆိုးတာက ကော်ဖီမစ်တို့လို အစားအသောက်တွေထဲမှာ ဒီလိုမျိုး ဆေးဝါးတွေထည့်ပြီး ရောင်းလာတယ် ဆိုတော့ အခုနောက်ပိုင်း ပိုသတိထားလာရတယ်”ဟု နည်းပညာတက္ကသိုလ် တက်ရောက်နေသည့် ကျောင်းသူ မသင်းသင်းက ပြောပြပါသည်။
“ဒီညစ်ညမ်းခွေတွေ၊ စာအုပ်တွေနဲ့ စိတ်ကြွဆေးတွေကို အခုနောက်ပိုင်းမှာ လူငယ်တွေအနေနဲ့ ကြည့်ရှုသုံးစွဲမှု ပိုများလာတာ တွေ့ရတယ်။ လူငယ်တွေဆိုတော့ ထိန်းချုပ်နိုင်စွမ်း နည်းနေသေးတော့ မဟုတ်တာတွေ လုပ်ဖြစ်ကြတယ်။ ပြီးတော့ ကျန်းမာရေး ဗဟုသုတအနေနဲ့လည်း နည်းသေးတော့ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်ရတာမျိုးနဲ့ လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါတွေ ကူးတာမျိုးတွေပို ဖြစ်လာတယ်။ လူငယ်တွေကို မျိုးဆက်ပွား ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတကို တိုးပွားအောင် လုပ်ဆောင် ပေးသင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ယဉ်ကျေးမှုအရ မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့်ကြားမှာ ဒီကိစ္စတွေပြောရင် ရိုင်းပါတယ်။ ဒါကြောင့် ကိုယ်တိုင် မပြောနိုင်ရင် ဒီကိစ္စတွေကို အသိပညာပေးနေတဲ့ အဖွဲ့အစည်းတွေလာရင် ကြည်ဖြူစွာနဲ့ လက်ခံသင့်ပါတယ်။ လူငယ်တွေဘက်ကလည်း ကိုယ့်အသက်အရွယ်နဲ့ကိုယ် ချိန်ဆပြီး မကြည့်သင့်တဲ့ခွေတွေ၊ စာအုပ်တွေ၊ ၀က်ဘ်ဆိုက်တွေကို မကြည့်ဖို့ ကိုယ့်ကိုယ်ကိုယ် စောင့်ထိန်းသင့် ပါတယ်”ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်း လူငယ်ဖွံ့ဖြိုးမှု အစီအစဉ်မှ ဒေါက်တာစည်သူဆွေက ပြောပါသည်။
ညစ်ညမ်းခွေများ ရောင်းချရာတွင်လည်း အနော်ရထာ၊ မဟာဗန္ဓုလ လမ်းတစ်လျှောက် အပါအ၀င် လူစည်ကားရာ နေရာအချို့တွင် အလွယ်တကူ ၀ယ်ယူရရှိနိုင်ကြောင်းနှင့် ညစ်ညမ်းခွေများ ရောင်းချရာတွင် ကိုရီးယားဇာတ်လမ်းတွဲများ၊ သီချင်းခွေများ၊ ရိုးရိုးဇာတ်လမ်းခွေများနှင့် ရောနှောရောင်းချ နေခြင်းကြောင့် ညစ်ညမ်းခွေမဟုတ်ဘဲ ရိုးရိုးအခွေ ရွေးဝယ်သူ မိန်းကလေးများ အခြားယောက်ျားလေးများကြားတွင် အရှက်ရခဲ့ရကြောင်း ထို့ကြောင့် နောက်ပိုင်းတွင် အခွေဝယ်သည့် မိန်းကလေးများ ပိုမိုသတိထားလာရကြောင်း ကိုယ်တိုင်ကြုံရသူ မိန်းကလေးများထံမှ သိရသည်။
ထို့ပြင် သမီးရည်းစားစုံတွဲများ အတူသွားလာသည့် ပန်းခြံ၊ တည်းခိုခန်း၊ ဟိုတယ်များတွင် ဗီဒီယိုကင်မရာများဖြင့် ခိုးယူရိုက်ကူးပြီး ဖုန်းများ၊ အင်တာနက်များ၊ အခွေများဖြင့် ဖြန့်ဝေသူများရှိရာ ယင်းခွေများအတွင်း ပါဝင်သော မိန်းကလေးအချို့ ၎င်းတို့ ပတ်ဝန်းကျင်တွင် ဂုဏ်သိက္ခာထိပါး ခံရခြင်းများ ကြုံနေရပြီး နစ်နာနေကြောင်း သိရသည်။ ယင်းမိန်းကလေးများထဲတွင် မော်ဒယ်နှင့် မင်းသမီးအချို့လည်း ပါဝင်နေကြောင်း  သိရသည်။
“တချို့ကတော့ ယောက်ျားလေး မပါဘဲ မိန်းကလေးတချို့ရဲ့ ရေချိုးခန်း၊ အိမ်သာထဲက ခိုးရိုက်ခံထား ရတဲ့ပုံတွေပါ။ တချို့ပုံတွေက ယောက်ျားလေးနဲ့ အတူနေတဲ့ပုံတွေပါ။ အဲဒီခွေတွေက ၀ယ်ယူရရှိနိုင် သလို တချို့တွေက မေးလ်တွေ၊ ဖေ့ဘွတ်တွေက တစ်ဆင့် မိန်းကလေးတွေကို ဖြန့်ဝေပြီး လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်တဲ့ ပုံစံမျိုးတွေ လုပ်နေတာလည်း ရှိပါတယ်။ ဒါကြောင့် တချို့မိန်းကလေး တွေ နစ်နာမှုတွေနဲ့ ကြုံခဲ့ရပါတယ်။ဒါကြောင့် မိန်းကလေးတွေ ပိုသတိထားပြီး သွားလာနေကြရတယ်”ဟု အင်တာနက် အီးမေးလ်ပုံမှန် အသုံးပြုသူ ကွန်ပျူတာဘွဲ့ရ လူငယ်တစ်ဦး က ဆိုပါသည်။
ထို့အပြင် အချို့ယောက်ျားလေးများသည် အနံ့အရသာမရှိသော အမှုန့်၊ အရည်ကဲ့သို့ ကာမစိတ်ကြွ ဆေးများကို ၀ယ်ယူကာ ၎င်းတို့၏ မိန်းကလေးရည်းစားများအား အစားအစာနှင့် ရေများအတွင်း မိန်းကလေးများမသိစေရန် ထည့်သွင်းတိုက်ကျွေးပြီး ကာမကိုရယူခဲ့သဖြင့် နစ်နာခဲ့ရသည့် မိန်းကလေးများလည်း ရှိနေကြောင်း လူငယ်များက ဆိုပါသည်။ “စိတ်ကြွဆေးပြားဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူငယ်တွေက အမျိုးမျိုး သုံးကြပါတယ်။ ဥပမာအားဖြင့်ပြောရရင်  အမျိုးသားတွေအတွက် ဟော်မုန်းအားဆေး အနေနဲ့ တရားဝင်ရောင်းချတဲ့ ဆေးကို မလိုအပ်ဘဲ အသက်ငယ်ရွယ်စဉ်မှာ သောက်တာ၊ ပမာဏခပ်များများ သောက်တာဆိုရင် ကာမ စိတ်ကြွလာမယ်။ အမျိုးသမီးတွေ ဆိုရင်လည်း သွေးဆုံးချိန်မှာ အမျိုးသမီးတွေအတွက် ဟော်မုန်းဆိုင်ရာ ဆေးတွေရှိမယ်။ ဒါကို အသက်ငယ်ရွယ်ချိန်မှာ တလွဲသုံးမိရင် မလိုလား အပ်တာတွေဖြစ်မယ်။ လူငယ်တွေ အနေနဲ့ တန်ဆေး၊ လွန်ဘေးသဘော ကို နားလည်ရမယ်။ မစူးစမ်းသင့်ဘူး။ ဆရာတို့အနေနဲ့ လေ့လာရသလောက် လူငယ်တွေစူးစမ်းနေတာ တွေက တရားဝင် ထုတ်ထားတဲ့ဆေး ၀ါး၊ ပစ္စည်းတွေကို တလွဲသုံးတာ တွေ့ရတယ်။ အချိုရည်တချို့ဆိုတာလည်း တရားဝင်တင်သွင်းထားတဲ့ အချိုရည်၊ ဒါကိုများများသောက်ပြီး တလွဲသုံးတာပါ။ ထုတ်လုပ် ထားတာတွေကတော့ ဓာတုပစ္စည်းတွေက အနည်းနဲ့အများ ဘေးထွက်ဆိုးကျိုး ကိုရရှိနိုင်မှာပါ။ သကြားလုံး၊ ကော်ဖီမစ်၊ ပီကေ၊ စုပ်ပြား၊ အချိုရည်တွေ ကိုသောက်ပြီး တလွဲသုံးတာလည်း ရှိတယ်”ဟု စေတနာ့ဝန်ထမ်း မူးယစ် ကြီးကြပ်ရေးမှူး အသင်းမှ ဥက္ကဋ္ဌဦးစံရှိန် က ဆိုပါသည်။
ထို့အပြင် သားမယားအဖြစ် ပြုကျင့်မှုများတွင်လည်း ထိုဆေးဝါးများကို အသုံးပြု၍ ကျူးလွန်မှုများရှိ နေကြောင်းလည်း သိရသည်။
“အဓမ္မကျင့်တဲ့အမှုတွေမှာ အကြမ်းနည်း၊ သြဇာသုံးတဲ့နည်း၊ အိပ်နေတုန်း မသိအောင်လုပ်တာ၊ ပြီးတော့ မိန်းကလေးကို စိတ်ကြွလာအောင် လုပ်တာမျိုးတွေပါဝင်နေတယ်။ ဒီ မိန်းကလေး စိတ်ကြွလာအောင် လုပ်တဲ့အခါမှာ ညစ်ညမ်းခွေတွေ၊ ကာမ စိတ်ကြွဆေးတွေ သုံးကြတယ်။ ဒီခွေတွေ၊ ဒီပစ္စည်းတွေကလည်း အလွယ်တကူ ၀ယ်ယူရရှိနေလို့ မိန်းကလေးတွေ အနေနဲ့ ကိုယ့်ချစ်သူရည်းစားပဲ ဖြစ်ဖြစ် သတိထားသင့်တယ်။ ကာမ စိတ်ကြွစေတဲ့ ကော်ဖီမစ်မျိုးလည်း ပေါ်နေတော့ ခရီးသွားတဲ့အခါမှာ သူများကျွေးတာကို အလွယ်တကူ မစားသင့်ဘူး။ မိန်းကလေးတွေ အနေနဲ့ ကလည်း ဒီဆေးပစ္စည်းတွေရဲ့ အကျိုးသက်ရောက်မှု၊ ဘယ်လို အသုံးပြုတယ်ဆိုတာ သိထားသင့်တယ်။ ဒီကိစ္စတွေ မဖြစ်အောင်လို့တော့ ကာကွယ်ရေးကိစ္စတွေကို လွှမ်းခြုံအောင် မလုပ်နိုင်ကြသေးပါဘူး။ ဆေးပစ္စည်းတွေနဲ့ ညစ်ညမ်းခွေတွေ ဈေးကွက်ထဲမှာ ရှိမနေစေဖို့အတွက် တရားဥပဒေ စိုးမိုးရေးကို တာဝန်ယူထားတဲ့သူတွေက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးရမှာပါ။ လျှပ်တပြက်ဝင် စစ်ဆေးတာမျိုးတွေ၊ ထိထိရောက်ရောက် အရေးယူတာမျိုးတွေ ဆောင်ရွက်သင့်ပါတယ်”ဟု Legal  Aid Project မှ စီမံကိန်း မန်နေဂျာ ဦးငိုင်ဆာ့ခ် (တရားရုံးချူပ်ရှေ့နေ)က ပြောပါသည်။
သားမယားအဖြစ် ပြုကျင့်ခံရသော အမှုခင်းများနှင့် ကြုံတွေ့ရင်ဆိုင်ရသည့်အခါ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းအတွင်း အရှက်တကွဲဖြစ်မည်ကို စိုးရွံ့မှုကြောင့် လည်းကောင်း၊ မိမိဘ၀ရပ်တည်ရေးနှင့် ဆက်စပ်နေမှုကြောင့် လည်းကောင်း ကာယကံရှင်ကိုယ်တိုင် တိုင်ကြားမှု အားနည်းနေသေးကြောင်း လည်း ဆိုပါသည်။
“ကျူးလွန်ခံရလို့ တစ်ကြိမ် နစ်နာတယ်။ ဥပဒေအရ အရေးမယူရင် နောက်တစ်ကြိမ် ထပ်နစ်နာပါတယ်။ ပြီးတော့ ဒီလိုအမှုမျိုးကြုံခဲ့ရင် တိုင် ရင်တိုင်၊ မတိုင်ရင်တော့ ကျူးလွန်တဲ့ သူက နောက်တစ်ကြိမ် ထပ်ကျူးလွန်ဖို့ အလားအလာတွေ ရှိပါတယ်”ဟု ဦးငိုင်ဆာ့ခ်က ပြောပါသည်။
မည်သူမဆို ညစ်ညမ်းသော စာအုပ်၊ စာအုပ်ငယ်၊ စာရွက်စာတမ်း၊ ရေးဆွဲသောပုံ၊ ပန်းချီကား၊ ပုံသဏ္ဌာန် ရုပ်ပုံတစ်မျိုးမျိုးကို သို့တည်းမဟုတ် ညစ်ညမ်းသော အရာဝတ္ထုကို ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ အများ ပြည်သူတို့ မြင်သာအောင်ပြခြင်း၊ တစ်ခုခုကိုပြုလျှင် သို့တည်းမဟုတ် နည်းတစ်မျိုးမျိုးဖြင့် ဖြန့်ချိခြင်းပြုလျှင် သို့တည်းမဟုတ် ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ အများပြည်သူတို့ မြင်သာအောင် ပြခြင်း၊ ဖြန့်ချိခြင်း ကိစ္စတစ်ခုခု အလို့ငှာပြုလျှင် သို့တည်းမဟုတ် ထုတ်လုပ်လျှင် သို့တည်းမဟုတ် လက်ရှိထားလျှင် ဤပုဒ်မအရ ပြစ်မှုမြောက်သော ပြုလုပ်မှုတစ်ခုခုကိုပြုရန် ကမ်းလှမ်းလျှင် သို့တည်းမဟုတ် အားထုတ်လျှင် ထိုသူကိုသုံးလအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည် ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၂အရ သိရသည်။
ထို့အတူ မည်သူမဆို တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မတွင် ဖော်ပြထားသည့် ညစ်ညမ်းသော အရာဝတ္ထုတစ်ခုခုကို အသက် ၂၀ မ ပြည့်သေးသောသူ တစ်ဦးတစ်ယောက် သို့ ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှ ခြင်း၊ ပြခြင်း၊ ဖြန့်ချိခြင်းတစ်ခုခု ပြုလျှင် သို့တည်းမဟုတ် ထိုသို့ပြုရန် ကမ်းလှမ်းခြင်း၊ အားထုတ်ခြင်း တစ်ခုခုပြုလျှင် ထိုသူကို ခြောက်လ အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ် စေချမှတ်ရမည် ဖြစ်ကြောင်းပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၃ အရသိရသည်။
မည်သူမဆို အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိ က္ခာကျဆင်းစေရန် ဖြစ်စေ သတင်းအချက်အလက်ကို အီလက်ထရော နစ်နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင် ခြင်းသို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ပြုလုပ်ခြင်း၊ ပြုပြင်ခြင်းသို့ မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချိခြင်း စသည့်ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား ထောင်ဒဏ်ငါးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ် မ၃၄(ဃ)တွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။

sources: :www.first-11.com

Saturday, May 7, 2011

လက်မှတ်ထိုး တောင်းဆိုရေး ဒေါ်အောင်ဆန်းစုကြည် နှိုးဆော်

လက်ရှိ ဒီမိုကရေစီ ကွန်ရက်ထဲက အဖွဲ့အစည်းတွေ ၊ လူပုဂ္ဂိုလ်တွေ လုပ်ဆောင်နေတဲ့ သမ္မတ ဦးသိန်းစိန်ထံ လက်မှတ်ထိုး တောင်းဆိုရေး လှုပ်ရှားမှုမှာ မြန်မာ့ ဒီမိုကရေစီရေးကို လိုလားသူအားလုံး တက်တက်ကြွကြွ ပါဝင်ကြဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နှိုးဆော်လိုက်ပါတယ်။

(Photo: AFP)
၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က NLD ရုံးချုပ်တွင် ကျင်းပပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း ၉၆ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းပြောကြားစဉ်။ (Photo: AFP)
“နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား အပစ်ခတ် ရပ်စဲရေး ပြည်ပကို ရှောင်ခွာသွားရတဲ့ ဒုက္ခသည်တွေနဲ့ အခြား နိုင်ငံသူ နိုင်ငံသားတွေ မြန်မာနိုင်ငံကို လုံခြုံအေးချမ်းစွာ ပြန်လာနိုင်ရေး စသည်တို့ကို တောင်းဆိုထားတဲ့ လက်မှတ်ထိုး လှုပ်ရှားမှု အောင်မြင်ရေးအတွက် ဝိုင်းပြီး ကူညီပေးစေချင်ပါတယ်။”
RFA က အပတ်စဉ် တင်ဆက်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေ ကဏ္ဍအတွက် နိုင်ငံရေး အကျဥ်းသား ကိုမြအေးရဲ့သမီး မဝေနှင်းပွင့်သုန်ရဲ့ မေးခွန်းကို ဖြေကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို နှိုးဆော်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုတဲ့ အဲဒီစာတွေကို နိုင်ငံခြားသားများလည်း ပါဝင် လက်မှတ်ရေးထိုးနိုင်ကြောင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ရေးအတွက် အားလုံး ဝိုင်းဝန်း အကောင်အထည် ဖော်ကြစေလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ တိုက်တွန်း ထားပါတယ်။
“မြန်မာနိုင်ငံသူ နိုင်ငံသားတွေ မဟုတ်တဲ့သူတွေလည်း သွေးစည်းညီညွတ်မှုကို ပြသောအားဖြင့် လက်မှတ်ထိုးနိုင် ပါတယ်။ အမေထပ်ပြီးတော့ ပြောချင်ပါတယ်။ အမေတို့လုပ်နေတဲ့ လက်မှတ်ထိုး လှုပ်ရှားမှုကြီးကို သမီးတို့ပြင်ပက ဒီမိုကရေစီ လိုလားသူတွေ အားလုံး ဝိုင်းပြီးတော့ ကူညီပံ့ပိုးပေးကြပါ၊ အင်တာနက်ကတဆင့် လက်မှတ်တွေကို ပို့ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။”
နောက်ထပ် သောတရှင်တဦးရဲ့ မေးခွန်းကို ဖြေကြားရာမှာတော့ လက်ရှိသမ္မတ ဦးသိန်းစိန်ဖွဲ့စည်းလိုက်တဲ့ အကြံပေးအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က သတိကြီးစွာထားပြီး ကြိုဆိုလိုက်ပါတယ်။
“သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေရေးရာ အကြံပေးအဖွဲ့ဝင် ၉ ဦး ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်လို့ တကယ်တမ်းကို တိုင်းပြည်ကို အကျိုးပြုနိုင်မဲ့ အကြံတွေပေးနိုင်ပြီး ဒီအကြံတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက မှန်မှန်ကန်ကန် အကောင်အထည် ဖော်နိုင်မယ် ဆိုရင်တော့ ကောင်းမယ်လို့ ထင်ပါတယ်။”
ဒါပေမဲ့ အဲဒီအကြံပေး ကော်မတီကို လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ကြောင်း မိမိအနေနဲ့ လက်တွေ့ လုပ်ဆောင်ချက်တွေကို မမြင်ရသေးပဲ မျှော်လင့်ချက်ထားတာမျိုးကို ယုံကြည်ခြင်း မရှိကြောင်း စသဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

sources: :http://www.rfa.org/burmese/news/suu_kyi_calls_for_signature_campaign-05062011092817.html

Thursday, May 5, 2011

အီးယူရဲ့ မြန်မာအပေါ် ဒဏ်ခတ်မှု သုံးသပ်ဆွေးနွေး

ဥရောပသမဂ္ဂကနေ မြန်မာနိုင်ငံအပေါ် ချမှတ်တဲ့ အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ တကယ်ပဲ ထိရောက်ရဲ့လား ဆိုတာကို သုံးသပ်တဲ့ ဆွေးနွေးပွဲ တခုကို ဂျာမဏီနိုင်ငံ ဘာလင်မှာ မနေ့က ပြုလုပ်ပါတယ်။ မြန်မာ့အရေး လှုပ်ရှားသူတွေ၊ မြန်မာ့အရေး စိတ်ပါဝင်စားသူတွေနဲ့ ဥရောပ သံတမန်တွေ တက်ရောက် ဆွေးနွေးရာမှာ အမြင်ကတော့ အမျိုးမျိုး ရှိပါတယ်။ အရေးယူမှုတွေကို ဆက်ထားဖို့ လိုမယ်လို့ ယူဆသူတွေ ရှိသလို မြန်မာအစိုးရသစ်နဲ့ ထိစပ် ဆက်ဆံရေး ပိုပြီး အောင်မြင်နိုင်ဖို့ အရေးယူမှုတွေကို လျှော့ရမယ်ဆိုပြီး သုံးသပ်သူတွေလည်း ရှိပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။ ဥရောပသမဂ္ဂထဲမှာတော့ ဂျာမဏီနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ထိစပ် ဆက်ဆံရေးကို ပိုပြီးလိုလားတဲ့ နိုင်ငံလို့ အသိများပါတယ်။ အခု အစည်းအဝေးကို ဦးဆောင်ပြီးလုပ်တဲ့ Friedrich Naumann ဖောင်ဒေးရှင်းဟာ ဂျာမဏီ နိုင်ငံရေးမှာ သြဇာကြီးတဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆွေးနွေးပွဲဟာ ဂျာမန်အစိုးရရဲ့ မြန်မာအပေါ်ထားတဲ့ နိုင်ငံခြားရေး မူဝါဒမှာ အတော်လေး ရိုက်ခတ်မှု ရှိမယ်လို့ တက်ရောက်လာသူတွေက ယူဆပါတယ်။ တက်ရောက်ဆွေးနွေးတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေထဲမှာ ပြည်တွင်းကရော ပြည်ပကပါ ပါဝင်ပြီး မတူညီတဲ့ ရှုထောင့် သုံးသပ်မှုတွေ တွေ့ရပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေး ကိုယ်စားလှယ် ကိုညိုအုန်းမြင့်ကတော့ မြန်မာနိုင်ငံအပေါ် ထိတွေ့ဆက်ဆံမှု လိုအပ်သလို အရေးယူ ပိတ်ဆို့တာတွေလည်း ဆက်ထားသင့်တယ်လို့ အမြင်ရှိသူပါ။
“အဓိက အစည်းအဝေးရဲ့ ပုံသဏ္ဌာန်က ဂျာမန်အစိုးရက မြန်မာပြည်မှာ ဆက်ဆံရေး ပိုပြီး တိုးမြှင့်လုပ်ချင်တယ်လို့ ကျနော် ထင်တယ်။ ဒါပေမဲ့လည်း ပြဿနာက မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ကျန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကြန့်ကြာမှု အပေါ်မှာလည်း သူတို့ နားလည်ပါတယ်။”
ဂျာမဏီနိုင်ငံရဲ့ အယူအဆကတော့ မြန်မာနဲ့ ပိုပြီး Engage လုပ်ချင်တာပေါ့။ ဒါပေမဲ့ EU အပေါ်မှာရော ဂျာမဏီရဲ့ အခု သဘောထားက ဘယ်လောက်အထိ လွှမ်းမိုးနိုင်လဲခင်ဗျ။
“ဂျာမန်အစိုးရ အနေနဲ့ ကျနော် ကြည့်ရမယ်ဆိုရင် သူတို့က မြန်မာပြည်ရဲ့ အဓိက လိုအပ်နေတဲ့ ဆင်းရဲနွမ်းပါးမှု ပြဿနာတွေ၊ နောက်တခါ စီးပွားရေး ချွတ်ခြုံကျမှု ပြဿနာတွေကို သူတို့တိုင်းပြည် အနေနဲ့ EU ကို နည်းနည်း ဦးဆောင်ချင်တယ်လို့ ထင်ရတယ်။ နောက်တခုကလည်း ကျနော်တို့ နိုင်ငံခြားရေးဌာနနဲ့ ပြောတာရော ကျန်တဲ့ Panel မှာ ပြောကြတာပါဆိုရင် တရုတ်အစိုးရက နေပြီးတော့ မြန်မာပြည်မှာ ပြိုင်ဘက်မရှိ လွှမ်းမိုးနေမှု အပေါ်မှာလည်း EU ရဲ့ စိုးရိမ်မှု ရှိတယ်ဆိုတာကို ကျနော်တို့ မြင်ရပါတယ်။”
အရေးယူမှုတွေ ရုပ်သိမ်းသင့်၊ မသင့် ဆွေးနွေးကြရာမှာတော့ လက်ရှိ မြန်မာနိုင်ငံ အခြေအနေကို ထင်ဟပ်ပြီး ဆွေးနွေးကြတာပါ။ တက်ရောက်သူ အချို့ကတော့ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ မမြင်ရသေးဘူးလို့ ဆိုပါတယ်။ တက်ရောက်ဆွေးနွေးသူ တဦးဖြစ်တဲ့ ရန်ကုန်မြို့က Myanmar E.Grass အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နေ၀င်းမောင်ကတော့ အုပ်ချုပ်မှုစနစ် ပြောင်းလဲမှု မြင်နေရပြီမို့ သိသာထင်ရှားတဲ့ လက်တွေ့ အပြောင်းအလဲတွေ ပေါ်လာမလား စောင့်ကြည့်ရမယ်၊ အလားတူ နိုင်ငံတကာကလည်း ဒါကို စောင့်ကြည့်နေတယ်လို့ သုံးသပ်ပါတယ်။
“နံပါတ်တစ်ကတော့ Leadership ပြောင်းသွားပြီပေါ့၊ လူတယောက်တည်းမှာ အရင်တုန်းက အာဏာအားလုံး ရှိတယ်။ အခုတော့ Leadership ပြောင်းသွားတော့ အနည်းဆုံးတော့ Collective Leadership ပုံစံ ဖြစ်သွားတယ်။ နံပါတ်နှစ်ကတော့ ပါဝါ စင်တာတွေ ပေါ်လာတော့ ဒီ စင်တာလိုက်ဇေးရှင်းပေါ့၊ ဘယ်အဖွဲ့အစည်းက အာဏာအရှိဆုံးလဲ ဆိုတာ သူ့သဘောသဘာဝအရ သူ့ပါဝါအရ သူ ဥပဒေပြုသူက Institution အသစ်တွေနဲ့ ဒီ စင်တာလိုက်ဇေးရှင်း ဖြစ်သွားတယ်။ နံပါတ်သုံးကတော့ တပ်မတော်နဲ့ အရပ်ဘက် အုပ်ချုပ်ရေး ယန္တရားကို ခွဲလိုက်တယ်။ ဒီသုံးခုပေါ့။”
အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ နေရာမှာလည်း အဓိကဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD တို့ပါ ပါဝင်လာနိုင်တဲ့ ပြန်လည်သင့်မြတ်ရေး အခြေအနေကရော ကိုနေ၀င်းမောင်အမြင် သိချင်ပါတယ်။
“အဓိကတော့ သမ္မတ ဦးသိန်းစိန် ပြောထားတဲ့ မိန့်ခွန်းမှာရှိတဲ့ ကတိက၀တ်တွေကို သူ အကောင်အထည် ဖော်နိုင်တယ်ဆိုရင် သူ့အလိုလို ဖြစ်သင့်တဲ့ဟာတွေ ဖြစ်သွားမှာပါ။”
EU ဥရောပသမဂ္ဂ၊ အထူးသဖြင့် ဂျာမဏီတို့ ဘာတို့ဆိုရင် မြန်မာနိုင်ငံနဲ့ တော်တော်လေး ထဲထဲဝင်ဝင် ဆက်ဆံချင်တဲ့ အနေအထားမျိုးတွေ တွေ့ရတဲ့ အခါကြတော့ သဘောထား ပြောင်းလာမယ့် အနေအထား ရှိလား။ ကိုနေ၀င်းမောင်လည်း အဲဒီမှာ ရောက်နေတော့ သူတို့ရဲ့ အနေအထား ဘယ်လို တီးခေါက်မိလဲ။
“ကျနော်တို့ မြန်မာပြည်ဘက်က နည်းနည်း ရှင်းရှင်းလင်းလင်း မြင်ရဖို့ ပြဖို့ လိုတာလေးတွေ ရှိတာပေါ့ဗျာ။ General Amnesty လိုဟာမျိုးကတော့ Standard Operation Procedure ပဲဗျာ။ အမှန်အတိုင်း ပြောရရင်တော့ Opposition ပါလီမန်ထဲမှာ ရှိတယ်ဆိုတဲ့ နိုင်ငံရေးစနစ် တခုက မြန်မာပြည်မှာ မရှိတာ နှစ်ပေါင်း ၅၀ ရှိပြီ။ အဲဒါကြီးက တကယ်ဖြစ်တယ်ဆိုရင် ဒါက ဒီနိုင်ငံမှာ နိုင်ငံရေးကို တရားဝင် ပေးလုပ်တာ ဖြစ်တဲ့အတွက် နိုင်ငံရေး အင်အားစုတွေ အားလုံးကိုလည်း ဒီ Game ကစားမလား၊ ကစားရင် ကျနော်က လွှတ်ပေးပါမယ် ဆိုတဲ့ဟာမျိုးတွေ မြင်ရမှာပေါ့။
“အဲဒီလို မြင်မှလည်း ဒီမှာက အာဏာအတွက် ဘယ်သူ့မှာမှ ရှိတာမဟုတ်ဘူး။ နိုင်ငံပေါင်း ၂၇ နိုင်ငံလည်း ပါတယ်ဆိုတော့ ဟိုမှာ ဟိုလိုမြင်ရတယ်၊ ငါတို့ဘက်ကလည်း ဒီလို အပြုသဘော တုံ့ပြန်မယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်လာမှာပေါ့။”
ဂျာမဏီ ဘာလင်က မြန်မာ့အရေး ဆွေးနွေးပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗွီဒီယိုမိန့်ခွန်း ပေးပို့ခဲ့ပါတယ်။ သဘောကွဲလွဲမှုတွေ ရှိနိုင်ပေမဲ့ မြန်မာနိုင်ငံ အရေးကို နိုင်ငံတကာက ၀ိုင်းဝန်းထောက်ခံ ကူညီကြဖို့ မေတ္တာရပ်ခံ ထားပါတယ်။
ဥရောပသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အရေးယူ ပိတ်ဆို့မှုကို တနှစ်သက်တမ်း ထပ်တိုးဖို့ ကိစ္စမှာ ဗြိတိသျှနိုင်ငံက ဦးစီးဦးဆောင်လုပ်လို့ သက်တမ်းတိုးရေး ဆုံးဖြတ်ချက် ဖြစ်ခဲ့ပေမဲ့ ဂျာမဏီလို နိုင်ငံအချို့ကတော့ သူတို့ရဲ့ မြန်မာနိုင်ငံ မူဝါဒကို အပြောင်းအလဲ လုပ်ချင်နေကြပြီလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

sources: :http://www.voanews.com/burmese/news/eu-burma-121292254.html

Monday, February 28, 2011

အစာတု၊ ဆေးတုများရဲ့ အန္တရာယ်


ကော်ဖီမှုန့်တွေ စိတ်တိုင်းမကျ ဖြစ်နေခိုက်မှာ ပြင်ဦးလွင်က လူကြုံနဲ့ လက်ဆောင်ပါးလိုက်တဲ့ အိမ်လုပ် ကော်ဖီမှုန့်စစ်စစ် ရောက်လာလို့ ၀မ်းသာသွားရတယ်။ ခေတ်ပေါ် အသင့်ဖျော် ကော်ဖီထုပ်တွေ မကြိုက်တဲ့အတွက် ချက်ချင်း စက်နဲ့ကြိတ်ပေးတယ်ဆိုတဲ့ ကော်ဖီမှုန့်ကိုပဲ ၀ယ်သောက်မြဲ ဖြစ်တယ်။
ဘာမှုန့်တွေ ရောမှန်းမသိ
ရှေးနှစ်ပေါင်းများစွာ ကတည်းက ၀ယ်သုံးလာခဲ့တာ အဆင်ပြေနေပေမယ့် အခုနောက်ပိုင်းကျတော့ သိပ်ပြီး မဟုတ်ချင်တော့ဘူး။ ဟိုဟာဒီဟာတွေ ရောနှောလာကြတယ်။ ကော်ဖီသောက်လို့ ကုန်ခါနီးရင် ခွက်ထဲမှာ ကော်ဖီနှစ်တွေ အနယ်ထိုင်နေ တာ တွေ့ရတယ်။ ကော်ဖီမှုန့်စစ်စစ်က ဒီလို အနယ်မထိုင်ပါဘူး။ ဘာမှုန့်တွေ ရောထားမှန်းမှ မသိတာ။ ဦးကြီး ရွှေဥဒေါင်းရဲ့အမျိုးမို့လား မသိဘူး အစားအသောက်နဲ့ ပတ်သက်ရင် နည်းနည်း
ဇီဇာကြောင်တတ်တာကြောင့် ရှေးခေတ်ကတည်းက ကော် ဖီစေ့ကို ချက်ချင်းကြိတ်ပေးတဲ့ မေမြို့ (ပြင်ဦးလွင်)က ဘီတီဘရားသား ကော်ဖီမှုန့်ကိုသာ သုံးခဲ့တယ်။ ပြည်သူ့ဆိုင်ခေတ် ရောက်သွားတော့လည်း
ကိုယ်တိုင်ကြိတ်ရောင်းတဲ့ အိမ်ဆိုင်လေးတွေ တွေ့အောင်ရှာပြီး ၀ယ်သုံးခဲ့တယ်။
မသတီဘူး
အခုနောက်ပိုင်း ရောက်တော့ တယ်မဟုတ်တော့ဘူး။ ဘယ်ဆိုင်ပြောင်းဝယ်ဝယ် အရောအနှောတွေ လွတ်တယ်လို့ကို မရှိတော့ဘူး။ နိုင်ငံခြား ကော်ဖီမှုန့်တွေ ဒီခေတ်မှာ ပေါပေမယ့် မကြိုက်ဘူး။ လတ်လတ်ဆတ်ဆတ် ကော်ဖီစေ့ကို လှော်ပြီး ကြိတ် ထားတဲ့ ကော်ဖီမှုန့်ကို စွဲခဲ့တဲ့လျှာက တခြားကော်ဖီတွေကို အရသာသိပ်မတွေ့ဘူး။
လူအတုဖန်တီးဖို့
ဘာတတ်နိုင်မှာလဲ။ ရှိတာကိုပဲ 'ရသေ့စိတ်ဖြေ' သဘောထားပြီး သောက်နေရတယ်။ ဒီခေတ်မှာ အစစ်ဆိုတာက အရှားသား မဟုတ်လား။ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် အတုတွေချည်းပဲ။ သကြားတုတို့၊
အသားတုတို့ဆိုတာလောက်ကို စာဖွဲ့မနေနဲ့ လူကိုတောင် ပုံတူပွားပြီး လူတုဖန်တီးဖို့ ကြံဆောင်နေကြတဲ့ ခေတ်လေ။ ပန်းသီးဆိုပြီး စားကြည့်လိုက်။ အရသာက ပန်းသီးအရသာလိုလို၊ သစ်တော်သီး အရသာလိုလိုနဲ့ ဘာသီးလို့ ခေါ်ရမှန်း မသိဘူး။ သစ်တော်သီးတု ပန်းသီးလား၊ ပန်းသီးတု သစ်တော်သီးလား။ အလားတူပဲ ဇီးသီး(ဆီးသီး)ဆိုပြီး စားလိုက်တာ စိမ်းစားဥ စားရသလို ဖြစ်နေတယ်။ သစ္စာပန်း အနီဆိုပြီး ပန်းအိုးထိုးလိုက်တာ ရေတွေပါအနီ ဖြစ်ကုန်တော့မှ ဆေးဆိုးထားတဲ့ အနီတုကြီးမှန်း သိရတယ်။
ဒီခေတ်မှာ အစစ်ဆိုတာက အရှားသား မဟုတ်လား။ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် အတုတွေချည်းပဲ။ သကြားတုတို့၊ အသားတုတို့ ဆိုတာလောက်ကို စာဖွဲ့မနေနဲ့ လူကိုတောင် ပုံတူပွားပြီး လူတုဖန်တီးဖို့ ကြံဆောင်နေကြတဲ့ ခေတ်လေ  . . .
ငတေမာပြီးရောစိတ်ဓာတ်
အတုတွေထဲမှာ အဆိုးဆုံးကတော့ အစားအစာနဲ့ ဆေးဝါးတုတွေပဲ။ အရောင်လှအောင် ချည်ဆိုးဆေးတွေ သုံးတဲ့သူက သုံးကြတယ်။ကလေးတွေတိုက်တဲ့ နို့မှုန့်ထဲကို မယ်လမင်းတွေ ရောထည့်ကြသတဲ့။ ဘယ်သူသေသေ
ငတေမာပြီးရောဆိုတဲ့ လူယုတ်မာစိတ်ဓာတ်တွေ တစ်နေ့တခြား ကြီးထွားသထက် ကြီးထွားလာနေကြတယ်။ တိုင်းရင်းဆေး တံဆိပ်ကပ်ပြီးရောင်းတဲ့ ဆေးတွေထဲမှာ အင်္ဂလိပ်ဆေးတွေရောပြီး ထည့်ထားကြောင်း သက်ဆိုင်ရာက ကြေညာတာတွေ လည်း မကြာခဏ ဖတ်နေရတယ်။
နယ်စပ်တွေက၀င်
မြန်မာနိုင်ငံမှာ စစ်ဆေးခံပြီး မှတ်ပုံတင်မထားတဲ့ နိုင်ငံခြား ဆေးဝါးများကိုလည်း ဆိုင်ရာက ခဏခဏ ကြေညာပေးနေရတယ်။ အားလုံးလိုလိုဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံတွေက တရားမ၀င် လမ်းကြောင်းက ၀င်ရောက်လာတာတွေ ဖြစ်တယ်။ အဲဒီ အိမ်နီးချင်းနိုင်ငံတွေဟာ ဆေးဝါးအတု ထုတ်လုပ်ရောင်းချတဲ့နေရာမှာ ကမ္ဘာ့အကြီးဆုံး စာရင်းဝင်နိုင်ငံတွေ ဖြစ်ကြတယ်။ သူတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေရတာ အင်မတန် ကံဆိုးတယ်လို့တောင် ပြောရမလို ပါပဲ။ အစားအစာအတုနဲ့ ဆေးဝါးအတု လုပ်တာဟာ အင်မတန်မှ လူမဆန်တဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ထိထိရောက်ရောက် တားဆီးကာကွယ်ဖို့ လိုပါတယ်။
လူထုကိုယ်တိုင်ပါမှ
ဒီကိစ္စမျိုးဟာ အစိုးရတွေချည်း လုပ်လို့မအောင်မြင်နိုင်ပါဘူး။ ပြည်သူလူထုကိုယ်တိုင် ပါဝင်တဲ့ စားသုံးသူ ကာကွယ်ရေး(Consumer Protection) အဖွဲ့အစည်းတွေ ဖွဲ့စည်းဆောင်ရွက်ဖို့ လိုပါတယ်။ မြို့တိုင်းရွာတိုင်း လိုလိုမှာ ဒီလို အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီး မသမာတဲ့ စီးပွားရေးသမားတွေကို ဖော်ထုတ်ရပါမယ်။ အစိုးရတွေက ထိရောက်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းသတ်မှတ်ပြီး ပြည်သူလူထုက ဖော်ထုတ်တိုင်တမ်းတဲ့ ကိစ္စရပ်တွေကို ချက်ချင်း အရေးယူ ဆောင်ရွက်ပေးရပါ မယ်။ ပြည်သူလူထုကိုယ်တိုင် ပါဝင် ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ မပါဘဲနဲ့ ဘယ်နည်းနဲ့မှ အောင်မြင်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။
အတုယူစရာ
ဂျာမနီနိုင်ငံမှာ Green Party စတင် ပေါ်ပေါက်လာမှုနဲ့ အမေရိကန် နိုင်ငံမှာ စားသုံးသူကာကွယ်ရေး လှုပ်ရှားမှု စတင် ပေါ်ပေါက်လာမှုများကို အတုယူသင့်ကြတယ်။ ၆၀ ခုနှစ်များ အတွင်းက ဂျာမနီနိုင်ငံမှာ အဏုမြူလက်နက် ဆန့်ကျင်ရေး လူငယ်တစ်စုက စတင်ပြီး သူတို့နိုင်ငံမြေပေါ်မှာ အဏုမြူလက်နက်တွေ ထားရှိတာကို ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှု စတင် လုပ်ဆောင်ခဲ့ကြတယ်။ အစက ပါတီရယ်လို့ မထောင်ပါဘူး။ ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတစ်ခု အဖြစ်သာ လုပ်ခဲ့ကြတာပါ။ နောက်တော့ ဂျာမနီက မြို့ကြီးတွေမှာပါ ဆန့်ကျင် ကန့်ကွက်မှုတွေ ပေါ်ပေါက်လာခဲ့တယ်။ တဖြည်းဖြည်း အင်အားကြီးမားလာတဲ့အခါကျမှ ပါတီအဖြစ် တည်ထောင်ခဲ့ကြတာ ဖြစ်တယ်။
ဂရင်းပါတီ
ပါတီရယ်လို့ ထောင်ခဲ့ပေမယ့် သမားရိုးကျ နိုင်ငံရေးလုပ်ငန်းတွေ မလုပ်သေးပါဘူး။ ပင်မရေစီး နိုင်ငံရေးပါတီများ လုပ်ရကောင်းမှန်း မသိတဲ့ အဏုမြူလက်နက် ဆန့်ကျင်ရေး လုပ်ငန်းတွေကို ဇောက်ချလုပ်ပါတယ်။ ဂျာမနီကနေပြီး တခြား ဥရောပနိုင်ငံ များကို ပြန့်ပွားသွားတော့ အင်အား တော်တော်ကြီးမားသွားပါတယ်။ အဲဒီအခါကျတော့ အဏုမြူလက်နက် တင်ဆောင်ထားတဲ့ စစ်သင်္ဘောကြီးတွေ နိုင်ငံတစ်ခုခုကို ဆိုက်ကပ်မယ်ဆိုရင် ၀င်လို့မရအောင် 'ဂရင်းပါတီ' အလံလွှင့်ထူထားတဲ့ သင်္ဘောလေးတွေနဲ့ ပိတ်ဆို့တားဆီး ကန့်ကွက်ကြပါတယ်။ အဲဒီကတစ်ဆင့်တက်တော့ အဏုမြူလက်နက် စက်ရုံတွေနဲ့ စစ်စခန်းတွေကိုဝိုင်းပြီး ဆန္ဒပြ ကန့်ကွက်တာတွေ လုပ်ပါတယ်။နောက်ပိုင်းကျတော့ အဏုမြူလက်နက် ဆန့်ကျင်ရေးသာမက ဝေလငါးဖမ်းဆီးရေးကို တားဆီးကန့်ကွက်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ အထိ တိုးချဲ့ ဆောင်ရွက်ခဲ့ပါတယ်။
စားသုံးသူကာကွယ်ရေး
ဒီကနေ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန် ကြီးကြီးမားမားနဲ့ လုပ်ဆောင်လာခဲ့ကြတာဟာ အစိုးရတွေက စတင် လုပ်ဆောင်ခဲ့ကြတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂကြီးက စခဲ့တာလည်း
မဟုတ်ပါဘူး။ ဂရင်းပါတီ ဆိုတဲ့ လူငယ်လေးတွေက စတင်လိုက်တဲ့ လှုပ်ရှားမှုက မွေးဖွားပေးလိုက်တာ ဖြစ်ပါတယ်။ စားသုံးသူကာကွယ်ရေးဆိုတဲ့ စကားကလည်း ၁၉၆၀ ပြည့်နှစ် မတိုင်ခင်နှစ်များက ပြောတဲ့သူ မရှိပါဘူး။ ၁၉၆၀ ပြည့်နှစ်များ အတွင်းရောက်မှ အမေရိကန်နိုင်ငံ မှာစပြီး ကျယ်ကျယ်လောင်လောင် ကြားလာရတာ ဖြစ်တယ်။ Ralph Nader ဆိုတဲ့ ရှေ့နေတစ်ယောက်က စားသုံးသူဘက်ကနေပြီး ကုမ္ပဏီတွေကို တရားစွဲဆိုတာ
အစိုးရဌာနဆိုင်ရာများကို တရားစွဲတာတွေ လုပ်ပေးပါတယ်။ တဖြည်းဖြည်း သူနာမည်ရလာတော့ စားသုံးသူ ကာကွယ်ရေး အဖွဲ့ဖွဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ပါတယ်။ နောက်တော့ အင်အားကြီးမားသထက် ကြီးမားလာပြီး တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ အဖွဲ့အစည်းကြီးတစ်ရပ် ဖြစ်သွားပါတယ်။
သမ္မတ၀င်အရွေးခံခဲ့
ရပ်ဖ်နဒါရဲ့ အဖွဲ့အစည်း ဘယ်ထိ အင်အားကြီးမားလာခဲ့သလဲ ဆိုရင် လွှတ်တော်က စားသုံးသူကာကွယ်ရေး ဥပဒေအမျိုးမျိုး ပြဋ္ဌာန်းပေးတဲ့အထိ ဖြစ်လာပါတယ်။ ရဖ်နဒါကိုလည်း လွှတ်တော်က ခေါ်ယူပြီး တင်ပြဆွေးနွေးစေပါတယ်။ သမ္မတအိမ်တော်က ဆောင်ရွက်တဲ့ စားသုံးသူ ကိစ္စများမှာလည်း ရပ်ဖ်နဒါကို ခေါ်ယူတိုင်ပင်ပါတယ်။ နောက်ဆုံးကျတော့ နဒါဟာ သမ္မတ ရွေးကောက်ပွဲတိုင်းမှာ တစ်သီးပုဂ္ဂလအဖြစ် မနိုင်မှန်း သိပေမယ့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ စားသုံး သူကာကွယ်ရေး ကိစ္စကို အစိုးရ အဆက်အဆက် အလေးထားစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သမ္မတရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
နှိုးဆော်
အမေရိကန်က စားသုံးသူ ကာကွယ်ရေး အဖွဲ့အစည်းတွေနဲ့ ဂရင်းပါတီ လှုပ်ရှားမှုတွေရဲ့ ကျေးဇူးကြောင့် ဒီနေ့ ကမ္ဘာတစ်ခုလုံးမှာ စီးပွားရေးသမားတွေရဲ့ မသမာမှုမျိုးစုံကို တားဆီးကာကွယ်တဲ့ ဥပဒေတွေ အများအပြား
ပေါ်ပေါက်လာခဲ့ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ အရှိန်အဟုန်ကြီးကြီးမားမား ပေါ်ထွက်လာခဲ့ရတာ ဖြစ်တယ်။ အဲဒီနှစ်ခုစလုံးဟာ အစိုးရတွေက လုပ်ရကောင်းမှန်းသိလို့
စလုပ်ခဲ့ကြတာ မဟုတ်ပါဘူး။ ပြည်သူလူထု တစ်ရပ်လုံးပါဝင်တဲ့ လှုပ်ရှားမှုတွေကြောင့် ပေါ်ထွက်လာခဲ့ရတာ ဖြစ်တယ်။ အဲဒါကြောင့် အစားအစာတု၊ ဆေးဝါးတုတွေ ကာကွယ်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးကိစ္စများကို ပြည်သူတွေကိုယ်တိုင် တက်တက်ကြွကြွ ပါဝင် လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း နှိုးဆော်လိုက်ရပါတယ်။

Written by လူထုစိန်ဝင်း