Monday, February 28, 2011

အစာတု၊ ဆေးတုများရဲ့ အန္တရာယ်


ကော်ဖီမှုန့်တွေ စိတ်တိုင်းမကျ ဖြစ်နေခိုက်မှာ ပြင်ဦးလွင်က လူကြုံနဲ့ လက်ဆောင်ပါးလိုက်တဲ့ အိမ်လုပ် ကော်ဖီမှုန့်စစ်စစ် ရောက်လာလို့ ၀မ်းသာသွားရတယ်။ ခေတ်ပေါ် အသင့်ဖျော် ကော်ဖီထုပ်တွေ မကြိုက်တဲ့အတွက် ချက်ချင်း စက်နဲ့ကြိတ်ပေးတယ်ဆိုတဲ့ ကော်ဖီမှုန့်ကိုပဲ ၀ယ်သောက်မြဲ ဖြစ်တယ်။
ဘာမှုန့်တွေ ရောမှန်းမသိ
ရှေးနှစ်ပေါင်းများစွာ ကတည်းက ၀ယ်သုံးလာခဲ့တာ အဆင်ပြေနေပေမယ့် အခုနောက်ပိုင်းကျတော့ သိပ်ပြီး မဟုတ်ချင်တော့ဘူး။ ဟိုဟာဒီဟာတွေ ရောနှောလာကြတယ်။ ကော်ဖီသောက်လို့ ကုန်ခါနီးရင် ခွက်ထဲမှာ ကော်ဖီနှစ်တွေ အနယ်ထိုင်နေ တာ တွေ့ရတယ်။ ကော်ဖီမှုန့်စစ်စစ်က ဒီလို အနယ်မထိုင်ပါဘူး။ ဘာမှုန့်တွေ ရောထားမှန်းမှ မသိတာ။ ဦးကြီး ရွှေဥဒေါင်းရဲ့အမျိုးမို့လား မသိဘူး အစားအသောက်နဲ့ ပတ်သက်ရင် နည်းနည်း
ဇီဇာကြောင်တတ်တာကြောင့် ရှေးခေတ်ကတည်းက ကော် ဖီစေ့ကို ချက်ချင်းကြိတ်ပေးတဲ့ မေမြို့ (ပြင်ဦးလွင်)က ဘီတီဘရားသား ကော်ဖီမှုန့်ကိုသာ သုံးခဲ့တယ်။ ပြည်သူ့ဆိုင်ခေတ် ရောက်သွားတော့လည်း
ကိုယ်တိုင်ကြိတ်ရောင်းတဲ့ အိမ်ဆိုင်လေးတွေ တွေ့အောင်ရှာပြီး ၀ယ်သုံးခဲ့တယ်။
မသတီဘူး
အခုနောက်ပိုင်း ရောက်တော့ တယ်မဟုတ်တော့ဘူး။ ဘယ်ဆိုင်ပြောင်းဝယ်ဝယ် အရောအနှောတွေ လွတ်တယ်လို့ကို မရှိတော့ဘူး။ နိုင်ငံခြား ကော်ဖီမှုန့်တွေ ဒီခေတ်မှာ ပေါပေမယ့် မကြိုက်ဘူး။ လတ်လတ်ဆတ်ဆတ် ကော်ဖီစေ့ကို လှော်ပြီး ကြိတ် ထားတဲ့ ကော်ဖီမှုန့်ကို စွဲခဲ့တဲ့လျှာက တခြားကော်ဖီတွေကို အရသာသိပ်မတွေ့ဘူး။
လူအတုဖန်တီးဖို့
ဘာတတ်နိုင်မှာလဲ။ ရှိတာကိုပဲ 'ရသေ့စိတ်ဖြေ' သဘောထားပြီး သောက်နေရတယ်။ ဒီခေတ်မှာ အစစ်ဆိုတာက အရှားသား မဟုတ်လား။ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် အတုတွေချည်းပဲ။ သကြားတုတို့၊
အသားတုတို့ဆိုတာလောက်ကို စာဖွဲ့မနေနဲ့ လူကိုတောင် ပုံတူပွားပြီး လူတုဖန်တီးဖို့ ကြံဆောင်နေကြတဲ့ ခေတ်လေ။ ပန်းသီးဆိုပြီး စားကြည့်လိုက်။ အရသာက ပန်းသီးအရသာလိုလို၊ သစ်တော်သီး အရသာလိုလိုနဲ့ ဘာသီးလို့ ခေါ်ရမှန်း မသိဘူး။ သစ်တော်သီးတု ပန်းသီးလား၊ ပန်းသီးတု သစ်တော်သီးလား။ အလားတူပဲ ဇီးသီး(ဆီးသီး)ဆိုပြီး စားလိုက်တာ စိမ်းစားဥ စားရသလို ဖြစ်နေတယ်။ သစ္စာပန်း အနီဆိုပြီး ပန်းအိုးထိုးလိုက်တာ ရေတွေပါအနီ ဖြစ်ကုန်တော့မှ ဆေးဆိုးထားတဲ့ အနီတုကြီးမှန်း သိရတယ်။
ဒီခေတ်မှာ အစစ်ဆိုတာက အရှားသား မဟုတ်လား။ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် အတုတွေချည်းပဲ။ သကြားတုတို့၊ အသားတုတို့ ဆိုတာလောက်ကို စာဖွဲ့မနေနဲ့ လူကိုတောင် ပုံတူပွားပြီး လူတုဖန်တီးဖို့ ကြံဆောင်နေကြတဲ့ ခေတ်လေ  . . .
ငတေမာပြီးရောစိတ်ဓာတ်
အတုတွေထဲမှာ အဆိုးဆုံးကတော့ အစားအစာနဲ့ ဆေးဝါးတုတွေပဲ။ အရောင်လှအောင် ချည်ဆိုးဆေးတွေ သုံးတဲ့သူက သုံးကြတယ်။ကလေးတွေတိုက်တဲ့ နို့မှုန့်ထဲကို မယ်လမင်းတွေ ရောထည့်ကြသတဲ့။ ဘယ်သူသေသေ
ငတေမာပြီးရောဆိုတဲ့ လူယုတ်မာစိတ်ဓာတ်တွေ တစ်နေ့တခြား ကြီးထွားသထက် ကြီးထွားလာနေကြတယ်။ တိုင်းရင်းဆေး တံဆိပ်ကပ်ပြီးရောင်းတဲ့ ဆေးတွေထဲမှာ အင်္ဂလိပ်ဆေးတွေရောပြီး ထည့်ထားကြောင်း သက်ဆိုင်ရာက ကြေညာတာတွေ လည်း မကြာခဏ ဖတ်နေရတယ်။
နယ်စပ်တွေက၀င်
မြန်မာနိုင်ငံမှာ စစ်ဆေးခံပြီး မှတ်ပုံတင်မထားတဲ့ နိုင်ငံခြား ဆေးဝါးများကိုလည်း ဆိုင်ရာက ခဏခဏ ကြေညာပေးနေရတယ်။ အားလုံးလိုလိုဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံတွေက တရားမ၀င် လမ်းကြောင်းက ၀င်ရောက်လာတာတွေ ဖြစ်တယ်။ အဲဒီ အိမ်နီးချင်းနိုင်ငံတွေဟာ ဆေးဝါးအတု ထုတ်လုပ်ရောင်းချတဲ့နေရာမှာ ကမ္ဘာ့အကြီးဆုံး စာရင်းဝင်နိုင်ငံတွေ ဖြစ်ကြတယ်။ သူတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေရတာ အင်မတန် ကံဆိုးတယ်လို့တောင် ပြောရမလို ပါပဲ။ အစားအစာအတုနဲ့ ဆေးဝါးအတု လုပ်တာဟာ အင်မတန်မှ လူမဆန်တဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ထိထိရောက်ရောက် တားဆီးကာကွယ်ဖို့ လိုပါတယ်။
လူထုကိုယ်တိုင်ပါမှ
ဒီကိစ္စမျိုးဟာ အစိုးရတွေချည်း လုပ်လို့မအောင်မြင်နိုင်ပါဘူး။ ပြည်သူလူထုကိုယ်တိုင် ပါဝင်တဲ့ စားသုံးသူ ကာကွယ်ရေး(Consumer Protection) အဖွဲ့အစည်းတွေ ဖွဲ့စည်းဆောင်ရွက်ဖို့ လိုပါတယ်။ မြို့တိုင်းရွာတိုင်း လိုလိုမှာ ဒီလို အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီး မသမာတဲ့ စီးပွားရေးသမားတွေကို ဖော်ထုတ်ရပါမယ်။ အစိုးရတွေက ထိရောက်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းသတ်မှတ်ပြီး ပြည်သူလူထုက ဖော်ထုတ်တိုင်တမ်းတဲ့ ကိစ္စရပ်တွေကို ချက်ချင်း အရေးယူ ဆောင်ရွက်ပေးရပါ မယ်။ ပြည်သူလူထုကိုယ်တိုင် ပါဝင် ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ မပါဘဲနဲ့ ဘယ်နည်းနဲ့မှ အောင်မြင်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။
အတုယူစရာ
ဂျာမနီနိုင်ငံမှာ Green Party စတင် ပေါ်ပေါက်လာမှုနဲ့ အမေရိကန် နိုင်ငံမှာ စားသုံးသူကာကွယ်ရေး လှုပ်ရှားမှု စတင် ပေါ်ပေါက်လာမှုများကို အတုယူသင့်ကြတယ်။ ၆၀ ခုနှစ်များ အတွင်းက ဂျာမနီနိုင်ငံမှာ အဏုမြူလက်နက် ဆန့်ကျင်ရေး လူငယ်တစ်စုက စတင်ပြီး သူတို့နိုင်ငံမြေပေါ်မှာ အဏုမြူလက်နက်တွေ ထားရှိတာကို ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှု စတင် လုပ်ဆောင်ခဲ့ကြတယ်။ အစက ပါတီရယ်လို့ မထောင်ပါဘူး။ ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတစ်ခု အဖြစ်သာ လုပ်ခဲ့ကြတာပါ။ နောက်တော့ ဂျာမနီက မြို့ကြီးတွေမှာပါ ဆန့်ကျင် ကန့်ကွက်မှုတွေ ပေါ်ပေါက်လာခဲ့တယ်။ တဖြည်းဖြည်း အင်အားကြီးမားလာတဲ့အခါကျမှ ပါတီအဖြစ် တည်ထောင်ခဲ့ကြတာ ဖြစ်တယ်။
ဂရင်းပါတီ
ပါတီရယ်လို့ ထောင်ခဲ့ပေမယ့် သမားရိုးကျ နိုင်ငံရေးလုပ်ငန်းတွေ မလုပ်သေးပါဘူး။ ပင်မရေစီး နိုင်ငံရေးပါတီများ လုပ်ရကောင်းမှန်း မသိတဲ့ အဏုမြူလက်နက် ဆန့်ကျင်ရေး လုပ်ငန်းတွေကို ဇောက်ချလုပ်ပါတယ်။ ဂျာမနီကနေပြီး တခြား ဥရောပနိုင်ငံ များကို ပြန့်ပွားသွားတော့ အင်အား တော်တော်ကြီးမားသွားပါတယ်။ အဲဒီအခါကျတော့ အဏုမြူလက်နက် တင်ဆောင်ထားတဲ့ စစ်သင်္ဘောကြီးတွေ နိုင်ငံတစ်ခုခုကို ဆိုက်ကပ်မယ်ဆိုရင် ၀င်လို့မရအောင် 'ဂရင်းပါတီ' အလံလွှင့်ထူထားတဲ့ သင်္ဘောလေးတွေနဲ့ ပိတ်ဆို့တားဆီး ကန့်ကွက်ကြပါတယ်။ အဲဒီကတစ်ဆင့်တက်တော့ အဏုမြူလက်နက် စက်ရုံတွေနဲ့ စစ်စခန်းတွေကိုဝိုင်းပြီး ဆန္ဒပြ ကန့်ကွက်တာတွေ လုပ်ပါတယ်။နောက်ပိုင်းကျတော့ အဏုမြူလက်နက် ဆန့်ကျင်ရေးသာမက ဝေလငါးဖမ်းဆီးရေးကို တားဆီးကန့်ကွက်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ အထိ တိုးချဲ့ ဆောင်ရွက်ခဲ့ပါတယ်။
စားသုံးသူကာကွယ်ရေး
ဒီကနေ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန် ကြီးကြီးမားမားနဲ့ လုပ်ဆောင်လာခဲ့ကြတာဟာ အစိုးရတွေက စတင် လုပ်ဆောင်ခဲ့ကြတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂကြီးက စခဲ့တာလည်း
မဟုတ်ပါဘူး။ ဂရင်းပါတီ ဆိုတဲ့ လူငယ်လေးတွေက စတင်လိုက်တဲ့ လှုပ်ရှားမှုက မွေးဖွားပေးလိုက်တာ ဖြစ်ပါတယ်။ စားသုံးသူကာကွယ်ရေးဆိုတဲ့ စကားကလည်း ၁၉၆၀ ပြည့်နှစ် မတိုင်ခင်နှစ်များက ပြောတဲ့သူ မရှိပါဘူး။ ၁၉၆၀ ပြည့်နှစ်များ အတွင်းရောက်မှ အမေရိကန်နိုင်ငံ မှာစပြီး ကျယ်ကျယ်လောင်လောင် ကြားလာရတာ ဖြစ်တယ်။ Ralph Nader ဆိုတဲ့ ရှေ့နေတစ်ယောက်က စားသုံးသူဘက်ကနေပြီး ကုမ္ပဏီတွေကို တရားစွဲဆိုတာ
အစိုးရဌာနဆိုင်ရာများကို တရားစွဲတာတွေ လုပ်ပေးပါတယ်။ တဖြည်းဖြည်း သူနာမည်ရလာတော့ စားသုံးသူ ကာကွယ်ရေး အဖွဲ့ဖွဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ပါတယ်။ နောက်တော့ အင်အားကြီးမားသထက် ကြီးမားလာပြီး တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ အဖွဲ့အစည်းကြီးတစ်ရပ် ဖြစ်သွားပါတယ်။
သမ္မတ၀င်အရွေးခံခဲ့
ရပ်ဖ်နဒါရဲ့ အဖွဲ့အစည်း ဘယ်ထိ အင်အားကြီးမားလာခဲ့သလဲ ဆိုရင် လွှတ်တော်က စားသုံးသူကာကွယ်ရေး ဥပဒေအမျိုးမျိုး ပြဋ္ဌာန်းပေးတဲ့အထိ ဖြစ်လာပါတယ်။ ရဖ်နဒါကိုလည်း လွှတ်တော်က ခေါ်ယူပြီး တင်ပြဆွေးနွေးစေပါတယ်။ သမ္မတအိမ်တော်က ဆောင်ရွက်တဲ့ စားသုံးသူ ကိစ္စများမှာလည်း ရပ်ဖ်နဒါကို ခေါ်ယူတိုင်ပင်ပါတယ်။ နောက်ဆုံးကျတော့ နဒါဟာ သမ္မတ ရွေးကောက်ပွဲတိုင်းမှာ တစ်သီးပုဂ္ဂလအဖြစ် မနိုင်မှန်း သိပေမယ့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ စားသုံး သူကာကွယ်ရေး ကိစ္စကို အစိုးရ အဆက်အဆက် အလေးထားစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သမ္မတရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
နှိုးဆော်
အမေရိကန်က စားသုံးသူ ကာကွယ်ရေး အဖွဲ့အစည်းတွေနဲ့ ဂရင်းပါတီ လှုပ်ရှားမှုတွေရဲ့ ကျေးဇူးကြောင့် ဒီနေ့ ကမ္ဘာတစ်ခုလုံးမှာ စီးပွားရေးသမားတွေရဲ့ မသမာမှုမျိုးစုံကို တားဆီးကာကွယ်တဲ့ ဥပဒေတွေ အများအပြား
ပေါ်ပေါက်လာခဲ့ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ အရှိန်အဟုန်ကြီးကြီးမားမား ပေါ်ထွက်လာခဲ့ရတာ ဖြစ်တယ်။ အဲဒီနှစ်ခုစလုံးဟာ အစိုးရတွေက လုပ်ရကောင်းမှန်းသိလို့
စလုပ်ခဲ့ကြတာ မဟုတ်ပါဘူး။ ပြည်သူလူထု တစ်ရပ်လုံးပါဝင်တဲ့ လှုပ်ရှားမှုတွေကြောင့် ပေါ်ထွက်လာခဲ့ရတာ ဖြစ်တယ်။ အဲဒါကြောင့် အစားအစာတု၊ ဆေးဝါးတုတွေ ကာကွယ်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးကိစ္စများကို ပြည်သူတွေကိုယ်တိုင် တက်တက်ကြွကြွ ပါဝင် လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း နှိုးဆော်လိုက်ရပါတယ်။

Written by လူထုစိန်ဝင်း

Tuesday, February 22, 2011

ဖိလစ်ပိုင်သံအမတ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ဖိလစ်ပိုင်သံအမတ်ကြီး မာရီယာ အယ်လင်ဘာဘာ Maria Hellen M. Barber ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ နေ့လည်ပိုင်းက နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP)
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၂၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးမှ ထွက်ခွာသွားစဉ် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီကနေ့ ညနေပိုင်း ၂ နာရီခွဲကနေ ၃ နာရီခွဲအထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့တာဖြစ်ပြီး ဆွေးနွေးချက်ကိုတော့ နှစ်ဖက်စလုံးက တစုံတရာ ထုတ်ပြန်ခြင်း မရှိဘူးလို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပြပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတသစ် ဖြစ်လာသူ ဘင်နီနို အကွီနိုဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဆောင်ရွက်မှုတွေအပေါ် လူသိရှင်ကြား ရှေ့တန်းက ထောက်ခံ အားပေးနေတဲ့ အာစီယံ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။

sources: :RFA

Thursday, February 17, 2011

သီရိမင်္ဂလာဈေး ကိုယ်ပိုင်ဆိုင်ရှင်အချို့ ဒဏ်ကြေးပေးဆောင်ကာ ပျံကျနေရာများတွင် သွားရောက်ရောင်းချနေ


Photo

သီရိမင်္ဂလာဈေးအတွင်းရှိ ကိုယ်ပိုင်ဆိုင်ခန်းတွင် ရောင်းချမှုမပြုဘဲ  ဒဏ်ကြေးပေးဆောင်ကာ  ပျံကျဈေးသည်များ ရောင်းချသော နေရာတွင် သွားရောက် ရောင်းချနေကြကြောင်း သိရသည်။

ဈေးအတွင်းသို့ လာရောက်သူ နည်းပါးပြီး အပြင်ရှိ ပျံကျဈေးသည်များ ရောင်းချသည့် နေရာတွင်သာ ဝယ်သူလာရောက်မှုများပြားသောကြောင့် ဖြစ်သည်။  “အပြင်မှာ သွားရောင်းတာ ဒဏ်ကြေး ကျပ်၂၀၀၀ ပေးရတယ်။ ဒဏ်ကြေးကို နှမြောနေလို့ မရဘူး။ ထွက်မရောင်းရင် ဒီ့ထက်မက ပိုကုန်မယ်။ အောင်းထားလို့ရတဲ့ ပစ္စည်း မဟုတ်ဘူး။ ဆိုင်ကိုတော့  ပစ္စည်းထားဖို့ပဲ အသုံးဝင်တယ်” ဟု ငရုတ်သီး အရောင်းဆိုင်တစ်ဆိုင်က ပြောသည်။ "ကျွန်တော်က ဆိုင်မှာ ထိုင်ရောင်းတယ်။ အိမ်ကလူတွေကိုတော့ အပြင်မှာ ထွက်ရောင်းခိုင်းရတယ်။ အဲဒီလိုမှမလုပ်ရင် မရတော့ဘူး။ အထဲမှာ ပေတေပြီးရောင်းနေရင် ကြာရင် ဒုက္ခရောက်သွားနိုင်တယ်" ဟု ပဲမြစ်အရောင်းဒိုင် တစ်ဒိုင်က ပြောသည်။ အဆိုပါ ပျံကျဈေးသည်များ ရောင်းချသော ညနေပိုင်းတွင် ဈေးအတွင်း၌ ဝယ်သူမရှိဘဲ ပျံကျဈေးသည်တန်းတွင် အလွန်စည်ကားလျက်ရှိကြောင်း သိရသည်။ “ညနေဘက်ကားပါကင် နေရာမှာ ဈေးသည်တွေနဲ့ ဝယ်သူတွေ ကျိတ်ကျိတ်တိုးနေတာပဲ။  နှစ်ယောက်တွဲတောင် ယှဉ်လျှောက်လို့ မရဘူး။
အပြင်ကနေ ကြည့်လိုက်ရင်တော့ ဘုရားပွဲ ကျနေတာပဲ။  ဈေးအတွင်းမှာတော့ လူတောင်မရှိဘူး” ဟု ဈေးအတွင်း ထမင်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။ “ကားလမ်းနဲ့ အတွင်းက ဝေးတယ်။ ဒီကနေ အဲဒီကို တိုးသွားဖို့ မလွယ်ဘူး။ လာဝယ်တာက ငှက်ပျောနှစ်ဖီးလောက်ပဲ။ အထဲကနေ ဆိုရင်လဲ မဆွဲနိုင်တော့ အပြင်မှာ နီးနီးနားနားကပဲ ဝယ်တယ်။ ဈေးကလဲ သိပ်ပြီး ကွာတာ မဟုတ်ဘူး” ဟုဈေးဝယ်လာသူ တစ်ဦးက ပြောသည်။ ယခုဈေးသစ်ကြီးတွင် ဈေးဟောင်းထက် ရေသုံးစွဲမှုမှာ အဆင်ပြေသော်လဲ ထမင်းဆိုင်များအနေဖြင့် အခက်တွေ့နေကြကြောင်း သိရသည်။ " ဒီမှာက ရေမီတာဖိုးတော့ မပေးရဘူး။ ဒါပေမဲ့ ရေမကောင်းဘူး။ အငန်ဓာတ်ပါတယ်။ သုံးဖို့တော့ အဆင်ပြေတယ်။ ချက်ပြုတ်ဖို့တော့ အဆင်မပြေဘူး။ အဲဒီအတွက် ရေသန့်ဘူးတွေဝယ်သုံးရတာ။ အနည်းဆုံးငါးဘူးလောက်ဝယ်ရတယ်။ ရေသန့်ဖို့တင်မနည်းဘူး" ဟုထမင်းဆိုင် တစ်ဆိုင်က ပြောသည်။ "ဟိုဘက်ဈေးမှာလဲ ရေကမကောင်းဘူး။ ဒါပေမယ့် အဲဒီရှေ့ရပ်ကွက်မှာ ရေတစ်စည် ကျပ် ၆၀၀ နဲ့ဝယ်ရတယ်။ ဒီမှာက အဲဒီလိုဝယ်လို့မရဘူး။ ရေသန့်ဝယ်သုံးရတယ်။ ရေသန့်ဘူးဖိုးတင် တစ်နေ့ကို ကျပ် ၃၀၀ လောက်ရှိတယ်" ဟု ဈေးအတွင်းရှိ ထမင်းဆိုင်တစ်ဆိုင်ကပြောသည်။  ယခုလက်ရှိ ဈေးသစ်ကြီးတွင် ရေသန့်တစ်ဘူးလျှင် ကျပ် ၄၀၀ဖြင့် ဝယ်ယူရပြီး ငါးဘူးအထက်ဝယ်ယူပါက ကျပ် ၃၀၀ဖြင့် ဝယ်ယူရကြောင်း သိရသည်။


By Yangon Times Journal

Wednesday, February 16, 2011

ခြေ၊ လက် 26ချောင်းပါ မြန်မာပြည်က သမီးငယ်လေး ဂင်းနက်စ်စံချိန်တင်ရန် ကြိုးပမ်းနေ


Photo

တောင်ဥက္ကလာပ ၆ရပ်ကွက် ၁၆လမ်းရှိ အိမ်အမှတ် ၇၃၇ဆိုသည့် နေအိမ်တွင် အသက်တစ်နှစ်သုံးလ အရွယ် ချစ်စရာ မိန်းကလေးတစ်ဦးကို အနီးအနား ဝန်းကျင်မှ လူများက ဝိုင်းအုံ ကြည့်ရှုနေကြသည်။

အဆိုပါ မိန်းကလေးသည် သူ့အားလာရောက် ကြည့်ရှုနေကြသောသူ များကို ချစ်စဖွယ် အပြုံးလေးဖြင့် ပြန်လည်တုံ့ပြန်ကာ တာ့တာပြနေသည်။ ယင်းသို့ တာ့တာပြနေသော မိန်းကလေးမှာ မလဲ့ရတီမင်းဆိုသည့် မိန်းကလေးဖြစ်ပြီး သူမ၏ ထူးခြားချက်မှာ အလွန်တရာ စိတ်ဝင်စားဖွယ် ကောင်းနေပါတော့သည်။ သူမ၏ လက်တစ်ဖက်စီတွင် လက်ချောင်း ခြောက်ချောင်းပါပြီး ခြေထောက်တစ်ဖက်စီတွင်မူ ခြေချောင်းခုနစ်ချောင်းပါကာ စုစုပေါင်း ခြေ၊ လက်၂၆ချောင်း ပါသောကြောင့် မလဲ့ရတီမင်းသည် မကြာမီအချိန်အတွင်း ခြေချောင်းလက်ချောင်း အများဆုံး ပိုင်ဆိုင်သော ကမ္ဘာ့ဂင်းနက်စ်စံချိန်ကို တင်နိုင်တော့မည် ဖြစ်သည်။
“၂ဝဝ၉ခုနှစ် ၁၁လပိုင်း ၁၈ရက်က ဗဟိုအမျိုးသမီး ဆေးရုံကြီးမှာ မွေးဖွားခဲ့တာပါ။ မွေးပြီး ရက၁ဝဝမှာ ကလေးမွေးနေ့ လုပ်တယ်။ အဲဒီမှာ နီးစပ်ရာ လူတွေကတစ်ဆင့် အသိတစ်ဦးရဲ့ မိတ်ဆွေက ဒီကလေးက ခြေချောင်း၊ လက်ချောင်း အများဆုံးနဲ့ ကမ္ဘာ့ဂင်းနက်စ် စံချိန်တင်နိုင်တယ်။ အမေရိကန် သံရုံးမှာ သွားတင်ပြလို့ရတယ်။ လုပ်ကြည့်ပါလားလို့ အကြံပေးတာနဲ့ ကလေးရဲ့ဓာတ်ပုံ၊ မွေးစာရင်းတွေကို အမေရိကန် သံရုံးမှာ သွားတင်ပြပါတယ်။ သံရုံးက တာဝန်ရှိသူတွေက ကလေးကို ခြောက်လစောင့်ကြည့်မယ်လို့ ပြောတယ်။ ဒါနဲ့ခြောက်လပြည့်လို့ နောက်တစ်ကြိမ် သံရုံးသွားတော့ ကလေးနဲ့ ပတ်သက်တာတွေ ထူးခြားမှုတွေ ထပ်တင်ပြဖို့ ပြောတာနဲ့ နောက်တစ်ခေါက် ထပ်တင်ပြခဲ့ရပါတယ်”ဟု မလဲ့ရတီမင်း၏ မိခင်ဖြစ်သူ ဒေါ်ဖြိုးမင်းမင်းစိုးက ပြောသည်။ မလဲ့ရတီမင်းကို မကြာမီ အချိန်အတွင်း အမေရိကန်မှ တာဝန်ရှိသူများက လာရောက် ကြည့်ရှုတော့မည် ဖြစ်သည်။
ယင်းကဲ့သို့ လာရောက်ကြည့်ရှုမည့် နေ့တွင် မလဲ့ရတီမင်းကို သံရုံးမှ တာဝန်ရှိသူများက မည်ကဲ့သို့ မှတ်ချက်များပေးပြီး မည်သို့ ထင်မြင်ချက်များ ပြောမည်ဆိုသည်ကို မလဲ့ရတီမင်း၏ မိသားစုဝင်များနှင့် နီးနားပတ်ဝန်းကျင်မှ လူများက စိတ်ဝင်စားလျက် ရှိကြသည်။ “ကမ္ဘာ့ဂင်းနက်စ် စံချိန်တင်ပါတယ်လို့ အမေရိကန် သံရုံးမှ တာဝန်ရှိသူတွေ အသိအမှတ်ပြုတာ ခံချင်ပါတယ်။ သူတို့ ကလေးကို လာကြည့်မယ့်နေ့ကို စောင့်နေကြပါတယ်။ ဒီကလေးအကြောင်းက အခုဆို လူတော်တော်များများ သိနေကြပါပြီ။ တချို့ဆို သတင်းကြားတာနဲ့ အိမ်တိုင်ရာရောက် လာကြည့်တာတွေလဲ ရှိတယ်”ဟု မလဲ့ရတီမင်း၏ အဘွားဖြစ်သူက ပြောသည်။
“မလဲ့ရတီမင်းက ဒုတိယသမီးပါ။ ပထမတစ်ယောက်တုန်းကလဲ မိန်းကလေးပဲ။ မလဲ့ရတီမင်းကို မမွေးခင် အာထရာဆောင်း ရိုက်တုန်းက မိန်းကလေးမှန်းတော့ သိတယ်။ ခြေချောင်းလက်ချောင်း အပိုပါမှန်းတော့ မသိဘူး။ မွေးတော့လဲ ရိုးရိုးပဲမွေးတာ။ ခွဲမွေးတာ မဟုတ်ဘူး။ မွေးပြီးမှ ခြေချောင်း လက်ချောင်းလေးတွေ အပိုပါတယ် ဆိုတာ သိရတယ်။ သိသိချင်း ကျွန်မရော ဆေးရုံက မွေးပေးတဲ့ ဆရာ၊ ဆရာမတွေ အရမ်းအံ့သြသွားကြတာ။ အခုဆို သမီးလေးက လမ်းလဲလျှောက်တတ်နေပြီ။ စကားလဲ နည်းနည်းတော့ ပြောတတ်နေပြီ”ဟု မိခင်ဖြစ်သူက ပြောသည်။ လက်ရှိအချိန်တွင် ခြေချောင်းလက်ချောင်း ၂၅ချောင်း ပိုင်ဆိုင်သည့် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်သည့် အိန္ဒိယမှကလေးနှစ်ဦး၏စံချိန်ကို မလဲ့ရတီမင်းက ခြေချောင်းလက်ချောင်း ၂၆ချောင်းဖြင့် ၎င်းင်းတို့၏စံချိန်ကို ချိုးနိုင်ခဲ့ပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရသတင်းစာများ ပုတ်ခတ်မှု အမေရိကန်ရှုတ်ချ

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နိုဝင်ဘာလက ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပေမဲ့ အခြေအနေတွေဟာ ပြောင်းလဲ မလာတဲ့အပြင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ဝေဖန် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၁၄ ရက် မနေ့က ပြောဆိုလိုက်ကြောင်း အေအက်ပီသတင်းက ဖော်ပြပါတယ်။

(Photo: AFP)
အစိုးရထုတ် သတင်းစာတစောင်ကို လမ်းဘေး လက်ဖက်ရည်ဆိုင်တခုတွင် ဖတ်ရှုနေသူများ ဖြစ်ပါသည်။ (Photo: AFP)
မြန်မာအစိုးရက ခေတ်သစ်ရောက်နေပြီလို့ ပြောနေပေမဲ့ အရင်က သုံးစွဲခဲ့တဲ့ နည်းလမ်းဟောင်း၊ လှည့်ကွက်ဟောင်းတွေ အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် P.J. Crowley က သူရဲ့ twitter မှာ ရေးထားပါတယ်။ ဒါအပြင် ဝတ်စုံအသစ်ဟာ စနစ်အသစ်ကို မဖန်တီးဘူးဆိုတာ ပြသလိုက်တာပဲလို့လည်း ဝေဖန် ပြောဆိုလိုက်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ စစ်အစိုးရအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဆက်ပြီး ထောက်ခံနေမယ် ဆိုရင် ဝမ်းနည်းဖွယ် ရလဒ်နဲ့ အဆုံးသတ်ရလိမ့်မယ်လို့ အစိုးရသတင်းစာက ဆိုပါတယ်။
အမေရိကန်သမတ အိုဘားမားအစိုးရအဖွဲ့ဟာ မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ ရှိလာမယ်လို့ မျှော်လင့်ထားပေမဲ့ လက်ရှိအစိုးရရဲ့ စေ့စပ်ညှိနှိုင်းလိုတဲ့ဆန္ဒ ကင်းမဲ့နေတဲ့ အပေါ်မှာ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေတယ်လို့ အေအက်ပီ သတင်းမှာ ဖော်ပြ ထားပါတယ်။ 
sources: : RFA