Monday, February 14, 2011

သခင်အောင်ဆန်းတရား


ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ မင့်သက်လှယ်ကို
အဘယ်တရား ဟောမည်နည်း။

ဆန်း၏ သတ္တိ
ဆန်း၏သမာဓိ၊ ဆန်း၏ပညာ
ဟောစရာကား၊ အလွန်များ၏
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို
ပန်းကောင်းတစ်ပွင့်၊ ပန်ဆင်တင့်သို့
မင့်သား သိစေချင်လှ၏။

သူ့အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ၊
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ၊ ပကာသနကို
ပြာကျလောင်မြိုက်၊ သူမီးတိုက်၏။

ခေတ်လိုက်ခါညီ၊ ခေတ်မီပညာ
ကြုံရာဘဝ၊ မုတလုံလောက်၊ ခံမြို့ဆောက်၏
ထိုနောက်တဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့် မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊ သူ ထူခဲ့ကြောင်း၊ ခေါင်းဆောင်သဘော
မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။ ။

ဆရာဇော်ဂျီ။
လမ်းစဉ်သတင်း၊အတွဲ ၂။အမှတ် ၁၄၊ (၁၅၊၇၊၁၉၆၆)

အတ္တာဟိ၊ အတ္တနော၊ နတ္ထော


w62018
အိမ်ထဲကအိမ်ပြင် မထွက်ဘဲနဲ့ ကံကောင်းထောက်မပြီး ကောင်းမှုကုသိုလ်တစ်ခုပြုဖို့ အခွင့်အရေးတစ်ခု ရလိုက်ပါတယ်။ အင်မတန် ရင်းနှီးကျွမ်းဝင်တဲ့ ဦးပဉ္ဇင်းတစ်ပါး တစ်နေ့မှာ ရောက်လာပြီး မာကြောင်းသာကြောင်း မေးပါတယ်။ပြီးတော့မှ တိုင်ပင်ချင်တာလေး တစ်ခုရှိပါတယ်။ ဆရာပြန်မပြောပါနဲ့ မောနေပါမယ်။ ဦးပဉ္ဇင်းပြောတာပဲ နားထောင်ပေးပါလို့ ပြောပါတယ်။
ကျောင်းကလေးပိတ်မှာစိုးလို့
ဦးပဉ္ဇင်းက ပရဟိတ စိတ်အားထက်သန်မှု အင်မတန် ကြီးမားပါတယ်။ ချင်းတောင်သွားပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလည်း လုပ်ခဲ့ဖူးတယ်။ အခုလည်း ပရဟိတ ကျောင်းလေးတစ်ကျောင်း ပိတ်ရတော့မလို ဖြစ်နေလို့ အကြံညဏ် လာတောင်းတာပါ။ ကျောင်းလေးက ဆရာတော်တစ်ပါး စတင် တည်ထောင်ခဲ့တာ ဖြစ်တယ်။ တည်ထောင်သူ ဆရာတော်ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ကျောင်းသူကျောင်းသား ၁၂၀ လောက် အထိ တက်ရောက် သင်ကြားနေကြတယ်။ သူငယ်တန်းက ရှစ်တန်းအထိ အရွယ်စုံရှိတယ်။ ဆရာ၊ ဆရာမ ငါးယောက်ကိုလည်း ဆရာတော်က လစဉ်တတ်နိုင်သမျှ ထောက်ပံ့ခဲ့တယ်။ ရွာကလည်း တတ်စွမ်းသမျှ စာအုပ်၊ ဘောပင်၊ ခဲတံကအစ ဝေယျာဝစ္စတွေ ကူညီပါတယ်။ ဒါပေမဲ့ အများစုက မချောင်လည်ကြတာ ဆရာတော်ကိုပဲ အလုံးစုံ အားကိုးနေကြရတယ်။
စာမေးပွဲတွေနီးခါမှ
ဖြစ်ချင်တော့ ဆရာတော်က ရုတ်တရက် အမှတ်မထင် ပျံလွန်တော် မူသွားတယ်။ ကျောင်းအကျိုးတော်ဆောင် အဖွဲ့က ကြိုးစားပြီး ထိန်းသိမ်းပေမယ့် အလှူငွေ ရှာနိုင်တဲ့ ဆရာတော် မရှိတော့ဘူးဆိုတော့ အခက်တွေ့လာတယ်။ ဇန်န၀ါရီ၊ ဖေဖော်ဝါရီ နှစ်လအတွက် ဆရာ၊ ဆရာမတွေကို ထောက်ပံ့ငွေပေးဖို့တောင် မရှိတော့ဘူး ဖြစ်လာတယ်။ မလွှဲမရှောင်သာ ကျောင်းပိတ်လိုက်ရတော့မယ်။ ဒီအချိန်မှာ ပရဟိတလုပ်ငန်း စိတ်ထက်သန်သူ ဦးပဉ္ဇင်း နဲ့ တွေ့ခဲ့ကြရတာ ဖြစ်တယ်။ ဦးပဉ္ဇင်းက စာမေးပွဲတွေနီးခါမှ မပိတ်လိုက်ကြပါနဲ့ဦး နည်းလမ်းရှာပါဦးမယ်လို့ ပြောပြီး လာရောက်တိုင်ပင်တာပါ။

ဘာမဆို ကိုယ်လုပ်မှ ကိုယ်ရတာလို့ ခံယူထားတယ်။ 'အတ္တဟိ၊ အတ္တနော၊ နတ္ထော' ဆိုတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမကို အကြွင်းမဲ့ လက်ခံထားတယ်။ အဲဒါကြောင့်  . . .
တက္ကသိုလ်ရောက် ၁၂ ယောက်
ပထမတော့ ဦးပဉ္ဇင်းက အဲဒီရွာနဲ့ ခုနစ်မိုင် ကွာလောက်မှာရှိတဲ့ မြို့မှာ ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်တစ်ဦးနဲ့ အရင်တိုင်ပင်တယ်။ ဆရာဝန်က အပြည့်အ၀တော့ မတတ်နိုင်လို့ လစဉ်ငွေတစ်သိန်း လှူပါမယ်လို့ စေတ နာသဒ္ဓါတရား ထက်သန်စွာနဲ့ တာဝန်ယူလိုက်တယ်။ ဦးပဉ္ဇင်းက အားတက်သွားပြီး ဆက်ရှာဖို့ သန္နိဋ္ဌာန် ချလိုက်တယ်။ အဲဒီနောက်ပိုင်း တိုင်ပင်နေကျ ဖြစ်တဲ့အတိုင်း အရင်ဆုံး လာရောက်တိုင်ပင် အကြံတောင်းတယ်။ ကျောင်းနဲ့ကလေးတွေရဲ့ ဓာတ်ပုံတွေလည်း ပြတယ်။ ဒီကျောင်းလေးကနေ တစ်ဆင့်တက်ပြီး ဆယ်တန်းအောင်လို့ တက္ကသိုလ်ပညာ ဆက်လက် ဆည်းပူးနေတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ စာရင်းလည်း ယူလာတယ်။ စုစုပေါင်း ၁၂ ယောက် ရှိတယ်။ဒီကျောင်းကလေးသာ မရှိခဲ့ရင် ဒီကလေးတွေ ဘယ်ဆယ်တန်းအောင်နိုင်မှာလဲ။
စိတ်မကောင်းဖြစ်
ကျောင်းကလေးကို တည်ထောင်သွားတဲ့ ဆရာတော်က တော်တော်ကို ကြိုးစားပမ်းစား ဆောင်ရွက်သွားခဲ့တာ ဖြစ်တယ်။ ကျောင်းကလေးက သပ်သပ်ရပ်ရပ် လှပနေတယ်။ အရွယ်စုံ ကလေးတွေကလည်း မြူးထူး
လန်းဆန်းနေကြတယ်။ ကလေးတွေရဲ့ ဓာတ်ပုံတွေ ကြည့်ရင်း စိတ်မကောင်း ဖြစ်လာတယ်။ ဒီကလေးတွေ ဒီလိုဆက်ပြီး မြူးတူး ပျော်ရွှင်နိုင်ကြပါ ဦးတော့မလား။ စာမေးပွဲနီးလာမှ ကျောင်းပိတ်လိုက်ရရင် ကလေးတွေ စာမေးပွဲ ဘယ်လို ဖြေနိုင်ကြတော့မှာလဲ။ ကိုယ်တိုင် သင်တန်းကျောင်းလေးဖွင့်ပြီး စာသင်နေစဉ်ကလည်း ဒီလို ကိစ္စမျိုးတွေ မကြာခဏ ကြုံခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ သိပ်မပူရဘူး။ ကိုယ့်ကျောင်းသူ ကျောင်းသားတွေကို ပြောပြလိုက်ရုံနဲ့ တစ်ယောက် တစ်လက် ၀ိုင်းဝန်း ကူညီလိုက်ကြတာနဲ့ အားလုံးအဆင်ပြေသွားတာပဲ။
အကြံပေးရုံနဲ့ မပြီးတော့
အခုတော့ ကိုယ်ကလည်း ကျန်းမာရေး မကောင်းတော့ ကျောင်းဖွင့်စာသင် မလုပ်နိုင်တော့ဘူး။ ကျောင်းသူကျောင်းသားတွေ မရှိတော့ ဘာဖြစ်ဖြစ် တစ်ယောက်တည်းပဲ ဖြေရှင်းရတော့တယ်။ အခု ကျောင်းကလေး ကိစ္စမှာလည်း ဦးပဉ္ဇင်းကလာပြီး အ ကြံတောင်းရုံ သက်သက်ပါပဲ။ ဒါပေမယ့် ခါတိုင်းလို အကြံပေးလိုက်ရုံနဲ့ မပြီးဘူး။ လာပြောတာက ဒီဇင်ဘာလ၊ ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီအတွက် ပေးစရာ လခ မရှိတော့ဘူး။ ဒီတော့ ရက်ပိုင်းလေးအတွင်း ကျောင်းပိတ်ရတော့မယ့် အခြေအနေ ဖြစ်နေပြီ။ နောက်ဆုံးကျတော့ နောင်ကိစ္စ နောင်မှစဉ်းစား၊ ခုလောလောဆယ် ကျောင်းလေးမပိတ်ရဖို့အတွက် နောက်ဆုံးနှစ်လစာ အတွက်တော့ တပည့်တော်ပဲ တာဝန်ယူလိုက်မယ်။ ဒီနှစ်လပြီးရင် နွေရာသီ ကျောင်းပိတ်ရက်ဆိုတော့ အဲဒီ အချိန်ကျမှ ဆက်ပြီး တိုင်ပင်ကြတာပေါ့လို့ ပရဟိတ ဦးပဉ္ဇင်းကို အာမခံ လိုက်ရတယ်။
မေးခွန်းတွေအစီအရီ
ဦးပဉ္ဇင်းလည်း ၀မ်းသာအားရ ဖြစ်ပြီး နက်ဖြန်ပဲ ရွာကိုသွားပြီး ပြောပြမယ်။ ရွာကလူတွေရော၊ ကလေးတွေရော ၀မ်းသာကြမှာပဲလို့ ပြောပြတယ်။ သူပြန်တော့ ခြေလှမ်းတွေ ပေါ့ပါးသွက်လက်နေတာကို တွေ့လိုက်ရတယ်။ ကိုယ်တိုင်လည်း နေ ရင်းထိုင်ရင်း ကုသိုလ်ရလိုက်လို့ ၀မ်းသာမိပါတယ်။ ညဘက်အိပ်ရာထဲ ရောက်တော့ ဒီကိစ္စကိုဆက်ပြီး တွေးမိတယ်။ နောက်စာသင်နှစ်မှာ ဘယ်လို ဆက်လုပ်ရမလဲ။ ကိုယ်က ဘယ်အတိုင်းအတာထိ ကူညီနိုင်မှာလဲ။ ဒီလို အလှူငွေကိုပဲ အားကိုးပြီး ဘယ်လောက်ကြာကြာ ဆက်သွားနိုင်မှာလဲ။ တခြား ဘယ်နည်းနဲ့ ဖြေရှင်းရင် ဖြစ်နိုင်မလဲ စတဲ့ မေးခွန်းတွေ ခေါင်းထဲကို တစ်ခုပြီးတစ်ခု အစီအရီ ၀င်ရောက်လာကြတယ်။
ဘီလ်ဂိတ်မောင်နှံအလှူ
တွေးရင်းတောရင်းနဲ့ အိပ်ရာမ၀င်ခင် ကြည့်ခဲ့တဲ့ နိုင်ငံတကာ သတင်းတွေထဲမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ ကပ်ရောဂါဆိုးကြီးတွေ တိုက်ဖျက်ရေးအတွက် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက အလှူငွေ များများထည့်ကြဖို့ ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်က ဆော်သြလိုက်တာကို မျက်စိထဲ မြင်နေမိတယ်။ ဘီလ်ဂိတ်ဇနီးမောင်နှံ ကိုယ်တိုင်က သူတို့ချမ်းသာသမျှကို အလှူငွေထည့်ပြီး ဖောင်ဒေးရှင်းတစ်ခု ထူထောင်ခဲ့ကြတယ်။ ဒေါ်လာဘီလျံ ၅၀ လောက်ကို အခြေခံပြီး အာဖရိကတိုက်ကြီးမှာ ပုံအော လုပ်ဆောင်နေကြတယ်။ သာဓုခေါ်မိပါတယ်။
နှစ်ပေါင်းခြောက်ဆယ်ကျော်ခဲ့ပြီ
အငတ်ဘေး ပပျောက်ရေးနဲ့ ကပ်ရောဂါဆိုးကြီးတွေ တိုက်ဖျက်ရေး အတွက် ဒုတိယကမ္ဘာစစ်ကြီး ပြီးပြီးချင်း ဖွဲ့စည်းတဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးက အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့တယ်။ UNDP၊ IUNESCO၊ FAO၊ WFP စတဲ့ အဖွဲ့အစည်းကြီးများနဲ့ ကမ္ဘာ့ဘဏ်နဲ့ IMF လို အဖွဲ့ကြီးတွေကလည်း ငွေဘီလျံပေါင်းများစွာ ပုံအောသုံးရုံမက ကျွမ်းကျင်သူ ပညာရှင် အများအပြားကိုလည်း စေလွှတ်ပေးခဲ့တယ်။ ခုဆိုရင် နှစ်ပေါင်း ခြောက်ဆယ် ကျော်ခဲ့ပြီ။ အာဖရိကတိုက်ကြီး ငတ်မွတ်ခေါင်းပါးခြင်းဘေးက လွတ်ကင်းသွားပြီလား။
ဆရာများသားသေ
အားလုံးသိကြတဲ့အတိုင်း ထူးမခြားနားပါပဲ။ အာဖရိကတိုက်ကြီးဟာ အမှောင်တိုက်ကြီး အဖြစ်က အခုထိ မလွတ်ကင်းသေးပါဘူး။ ထောက်ပံ့ပေးကမ်း လှူဒါန်းတဲ့ ငွေတွေလည်း ဘီလျံတွေ ထောင်သောင်းချီနေပါပြီ။ ဒါပေမယ့် ကြွက်တွင်းထဲ ရေလောင်းထည့်သလို ဘယ်ရောက်သွားမှန်း မသိအောင် ပျောက်ကွယ်သွားခဲ့ကြပါတယ်။ ပညာရှင်မျိုးစုံက သီအိုရီ အမျိုးမျိုးထုတ်ပြီး လက်တည့်စမ်းခဲ့တာလည်း 'ဆရာများသားသေ' ဆိုသလို ဆင်းရဲတွင်းထဲ ပိုပိုပြီး နစ်ဝင်သွားခဲ့ကြပါတယ်။ ဒေါ်လာတွေ ဘီလျံပေါင်းများစွာ ပေးကမ်းလှူဒါန်းခဲ့ကြတဲ့ နိုင်ငံကြီးတွေကတော့ ပေးလေလှူလေ ပိုပြီး ချမ်းသာလေ ဖြစ်လာတာကိုတော့ သာမန်လူ တစ်ယောက်အနေနဲ့ ဉာဏ်မမီလို့ မစဉ်းစားတတ်တော့ပါဘူး။
ကိုယ့်အားကိုယ်ကိုး
'လှူဒါန်းပေးကမ်းခြင်းဖြင့် နိုင်ငံတစ်နိုင်ငံကို မကယ်တင်နိုင်ဘူး' (Charity does not save a nation) ဆိုတဲ့ စကားကိုကြားဖူးတယ်။ မှန်တယ်လို့လည်း ယုံကြည်တယ်။ ဘာမဆို ကိုယ်လုပ်မှ ကိုယ်ရတာလို့ ခံယူထားတယ်။ 'အတ္တာဟိ၊ အတ္တနော၊ နတ္ထော' ဆိုတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမကို အကြွင်းမဲ့ လက်ခံထားတယ်။ အဲဒါကြောင့် ကူညီရမယ့် ကျောင်းကလေးကို အလှူရှင် မျှော်နေရတဲ့ အခြေအနေနဲ့ ရှိမနေစေချင်ဘူး။ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်စေချင်တယ်။ အဲဒီတော့ ဘယ်လို အကြံဉာဏ်မျိုး ပေးရမလဲ။ ဦးနှောက်ခြောက်အောင် စဉ်းစားရတယ်။
မွေးမြူရေးလုပ်ခိုင်းရမလား
လစဉ်ထောက်ပံ့နေမယ့်အစား တစ်လုံးတစ်ခဲတည်း ငွေထုတ်ပြီး လစဉ် ၀င်ငွေရမယ့် လုပ်ငန်းတစ်ခု ထူထောင်ပေးမလား။ တောရွာနဲ့ လိုက်ဖက်အောင် ၀က်မွေး၊ ကြက်ဘဲမွေးတာ လုပ်ပေးမလား။ ဒါလည်း မဟုတ်သေးဘူး။ ဦးဆောင်လုပ်ကိုင်နေသူ က ရဟန်းတော်တွေဖြစ်ပြီး ပရဟိတ ကျောင်းလေ။ တခြား စီးပွားရေးတွေ လုပ်ဖို့ စဉ်းစားတာလည်း မဟန်ပါဘူး။ သံဃာတော်တွေကို လောကီလူမှုကိစ္စတွေထဲ ဆွဲမသွင်းသင့်ဘူး။ ရွာလူကြီးတွေနဲ့ ကျောင်းကော်မတီ လက်ထဲအပ်ပြီး ပရဟိတကျောင်း ရန်ပုံငွေအတွက် စီးပွားရေးလုပ်ကြပါ ပြောရင်ရော။ တောသူတောင်သား ဆိုတာ ကိုယ့်မိသားစု တစ်ဝမ်းတစ်ခါး အတွက်တောင် အလုပ်နဲ့လက်မပြတ်အောင် လှုပ်ရှားရုန်းကန်နေကြရတာ မဟုတ်လား။ ရေရှည်ဘယ်သူမှ လုပ်နိုင်ကြမှာ မဟုတ်ဘူး။
ဝပ်ရှော့လုပ်မှဖြစ်မယ်ထင်
တစ်ရွာလုံး အိမ်ထောင်စုတိုင်း စားဝတ်နေရေးအတွက် မပူမပင်ရအောင် လုပ်ပေးလိုက်မှပဲ ဖြစ်တော့မှာ။ အဲဒီတော့လည်း ပရဟိတကျောင်း ဘယ်လိုအပ်တော့မှာလဲ။ ကလေးတိုင်း မြို့ကျောင်းတက်နိုင်ကြပြီပေါ့။ စဉ်းစား ရင်းစဉ်းစားရင်းနဲ့ မိုးသာစင်စင်လင်းသွားတယ်။အဖြေကတော့ ထွက်မလာသေးဘူး။ စတစ်ဂလစ်ဖြစ်ဖြစ်၊ ဖရိုက်မင်းဖြစ်ဖြစ် နိုဘဲလ်ဆုရှင်ကြီး တစ်ယောက်ယောက်ကိုဖိတ်ပြီး ၀ပ်ရှော့လုပ်မှ ဖြစ်တော့မယ် ထင်တာပါပဲ။

written by : : လူထုစိန်ဝင်း

ဗိုလ်ချုပ်အောင်ဆန်း ၉၆ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် NLD ကျင်းပ

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ၉၆ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ဒီကနေ့ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က အာဇာနည် စိတ်ဓာတ်အကြောင်း ဟောပြောပြီး အခမ်းအနား ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP)
၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က NLD ရုံးချုပ်တွင် ကျင်းပပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း ၉၆ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းပြောကြားစဉ်။ (Photo: AFP)
ဒီ အခမ်းအနားကို ရန်ကုန်တိုင်း မြို့နယ်စုံက ကလေးငယ် ၁၅ဝ လောက် တက်ရောက်တယ်လို့ ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပြပါတယ်။

“ဖွင့်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် ရောက်လာတာနဲ့ ကလေးတွေက သီချင်းတွေ၊ အကအခုန်တွေနဲ့ မြို့နယ်အလိုက် ဖျော်ဖြေကြပါတယ်။ ပြီးတော့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ပေးပါတယ်။ အဖွင့်အမှာစကား ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က မှတ်သားဖွယ်ရာ အာဇာနည်စိတ်ဓာတ် အကြောင်း ကလေးတွေကို အကျဉ်းချုပ် ပြောပြပါတယ်”

မွန်းလွဲပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း ကောက်နှုတ်ချက်တွေကို ကလေးတွေက သဏ္ဍန်လုပ် သရုပ်ဆောင် ရွတ်ဆိုတဲ့ ပြိုင်ပွဲကို ဆက်ပြီး ကျင်းပသလို ကလေးတွေအတွက် ဖျော်ဖြေရေး အစီအစဉ်တွေကို လည်း ပြုလုပ်ပေးပါတယ်။

ဒါ့ပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မင်္ဂလာဒုံ၊ လှည်းကူး၊ တိုက်ကြီး၊ မှော်ဘီ မြို့နယ်တွေက မူလတန်းကျောင်းတွေကို တမြို့နယ်ကို ဗလာစာအုပ် ၉၆ ဒါဇင်နှုန်းနဲ့ စုစုပေါင်း ကျပ်ငွေ သိန်း ၁ ရာဖိုး လှူဒါန်းခဲ့ပါတယ်။

အဲ့ဒီလို လှူဒါန်းရာမှာ မင်္ဂလာဒုံနဲ့ တိုက်ကြီးမြို့နယ်တွေမှာ အာဏာပိုင်တွေရဲ့ အတားအဆီး လုပ်တာတွေ ခံခဲ့ရပါတယ်။ ဒါပေမယ့် မှော်ဘီနဲ့ လှည်းကူးမြို့နယ်တွေမှာတော့ အနှောက်အယှက်မရှိဘူးလို့ NLD ဗဟိုအမျိုးသမီးအဖွဲ့က ဒေါက်တာ ဒေါ်မေဝင်းမြင့်က ပြောပါတယ်။

sources: : RFA

Saturday, February 12, 2011

တိုင်းပြည်အတွက် ညီညွတ်ကြပါရန် ဒေါ်စု တိုက်တွန်း

တိုင်းပြည်တွင် လိုအပ်နေသည့် တိုင်းရင်းသားများ ညီညွတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြပါရန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စနေနေ့တွင် တိုက်တွန်းလိုက်သည်။

၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်၌ ကျင်းပခဲ့ရာ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

’’ကျမတို့နိုင်ငံမှာ ဆိုလို့ရှိရင် အင်မတန်မှ ညီညွတ်ရေးကို လိုအပ်နေပါတယ်။ ... ကျမတို့အားလုံးဟာ မှန်မှန်ကန်ကန်နဲ့ တကယ့်ကို ညီညွတ်တဲ့ ပြည်ထောင်စုကြီး ထူထောင်ဖို့ ဒီနေ့ ပြည်ထောင်စုနေ့မှ သံဓိဋ္ဌာန်ချဖို့ လိုပါတယ်။ ဒီလိုပြည်ထောင်စုကြီး ထူထောင်ဖို့ဆိုတာ တိုင်းရင်းသားများအားလုံး ပါဝင်ဖို့ လိုပါတယ်’’ ဟု
ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာသူများက ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်နေစဉ် (ဓာတ်ပုံ - မဇ္ဈိမ)
ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာသူများက ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်နေစဉ် (ဓာတ်ပုံ - မဇ္ဈိမ)
ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားတွင် ပြောကြားခဲ့သည်။

မနက် ၈ နာရီတွင် နွေဦးအိုးဝေ နံရံကပ်စာစောင်ဖွင့်ပွဲကို ကဗျာဆရာ ဖျာပုံနီလုံဦးနှင့် မုံရွာအောင်ရှင်က ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်မှ NLD အဖွဲ့ဝင်များက ကရင်ဒုံယိမ်းအက၊ ရန်ကုန်တိုင်းမှ မြန်မာအိုးစည်ဝိုင်းနှင့် ရှမ်းပြည်နယ်မှ NLD ပါတီဝင်များက ရှမ်းရိုးရာအကဖြင့် ဖျော်ဖြေခဲ့ကြပြီး၊ ပြည်ထောင်စုနေ့ အခမ်းအနားကို မနက် ၁၁ နာရီတွင် စတင်ကျင်းပခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ညီညွတ်ရေး၏ အခြေခံလိုအပ်ချက်မှာ တရားဥပဒေ စိုးမိုးရေးဖြစ်သဖြင့် အဆိုပါ ဥပဒေစိုးမိုးရေးကို လုပ်ဆောင်ပါရန်လည်း ပြောဆိုခဲ့သည်။

၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား မစတင်ခင် NLD ရုံးချုပ်ရှေ့ တွေ့ရသည့် မြန်မာအိုးစည်အဖွဲ့ (ဓာတ်ပုံ - မဇ္ဈိမ)
၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား မစတင်ခင် NLD ရုံးချုပ်ရှေ့ တွေ့ရသည့် မြန်မာအိုးစည်အဖွဲ့ (ဓာတ်ပုံ - မဇ္ဈိမ)
NLD သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က “ဒီမိုကရေစီနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စု စိတ်ဓာတ်တွေ ရှင်သန်အောင် လုပ်ရမယ်၊ အဲဒီလို ရှင်သန်အောင်လုပ်တဲ့ အချိန်မှာ တရားဥပဒေစိုးမိုးဖို့ လိုအပ်တယ်၊ တရားဥပဒေ ရှေ့မှောက်မှာ တိုင်းရင်းသားအားလုံး အညီအမျှ ခံစားပိုင်ခွင့် ရှိရမယ်တဲ့” ဟု မဇ္ဈိမကို ပြောသည်။

NLD ခေါင်းဆောင်များနှင့် ပါတီဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင်များ၊ ၀ါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များ၊ သံတမန်များသာမက ပြည်နယ်အချို့မှ တိုင်းရင်းသားများကလည်း ရိုးရာဝတ်စုံများဖြင့် အခမ်းအနားတက်ခဲ့ရာ စုစုပေါင်း လူဦးရေ ၄၀၀ ကျော် ရှိသည်။ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက အခမ်းအနား သဘာပတိအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

တိုင်းရင်းသား ရိုးရာဝတ်စုံများဖြင့် အခမ်းအနား တက်ရောက်လာသည့် တိုင်းရင်းသား ကိုယ်စားလှယ်များ (ဓာတ်ပုံ - မဇ္ဈိမ)
တိုင်းရင်းသား ရိုးရာဝတ်စုံများဖြင့် အခမ်းအနား တက်ရောက်လာသည့် တိုင်းရင်းသား ကိုယ်စားလှယ်များ (ဓာတ်ပုံ - မဇ္ဈိမ)
ဒေါ်အောင်ဆန်းစုကြည်က “အရင် ၆၄ နှစ်တုန်းကဆိုရင် ကျမတို့ရဲ့ အမျိုးသား ခေါင်းဆောင်ကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်ကြီးများဟာ အဆန်းအသစ်ဖြစ်တဲ့ ပြည်ထောင်စုဆိုတဲ့ ကိစ္စကို အားလုံးလက်တွဲပြီးတော့ လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ်။ ဒီအသစ်အဆန်း အတွေးအခေါ်ကို မိမိရရ ဆုပ်ကိုင်ပြီးတော့ ရဲရဲဝံ့ဝံ့ အကောင်အထည် ဖော်ခဲ့ကြတယ်။ အဲဒီတော့ ကျမတို့က ဆက်လုပ်ကြရမယ်။ အတွေးအခေါ်သစ်တွေနဲ့ ကျမတို့ ရင်ဆိုင်ရမယ်။ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတွေကို သတ္တိရှိရှိနဲ့ လုပ်ရမယ်’’ ဟု တိုက်တွန်းစကား ပြောကြားခဲ့သေးသည်။

ဧရာဝတီတိုင်း ဘိုကလေးမြို့မှ NLD ပါတီ အမျိုးသမီးတာဝန်ခံ မမိမိခိုင်က “အန်တီစုက ပြောတဲ့ စကားထဲမှာ ဘယ်အရာကိုပဲဖြစ်ဖြစ်၊ ကိုယ်လုပ်မယ်ဆိုတဲ့အခါမှာ ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ အတွေးမျိုး ဘယ်တော့မှ မတွေးနဲ့၊ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ လုပ်ပါတဲ့။ ဒီစကားလေးတခွန်းကို ကျမအနေနဲ့ အရမ်းကို သဘောကျတယ်။ အဲဒီစကားကို အမြဲတမ်း လိုက်နာဆောင်ရွက်မယ်လို့ ကျမ ဆုံးဖြတ်ထားပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်း၍ အင်္ဂလိပ်ထံမှ လွတ်လပ်ရေး ရယူနိုင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း ခေါင်းဆောင်များက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံ၌ အစည်းအဝေး ကျင်းပခဲ့ရာ ထိုနေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

sources: : www.mazzimaburmese.com

ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် NLD ကျောင်းသုံးပစ္စည်းအလှူ အာဏာပိုင်တွေ ငြင်းပယ်

ဖေဖော်ဝါရီ၁၃ရက်နေ့မှာ ကျရောက်မဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ အထိမ်း အမှတ်အတွက် NLDပါတီက ရန်ကုန်တိုင်း အတွင်းမှာ ရှိတဲ့ မူလတန်းကျောင်းအချို့ကို ဒီရက်ပိုင်း အတွင်း ဗလာစာအုပ် လိုက်လံဝေငှ လှူဒါန်းနေတာကို အထက်အာဏာပိုင်တွေရဲ့ ညွှန်ကြားချက် အရဆိုပြီး တချို့ကျောင်းတွေက လက်မခံပဲ ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ် ။


မြန်မာစစ်အစိုးရ၏ မြို့တော်သစ် နေပြည်တော်အနီးရှိ ပျဉ်းမနားတွင် စိုက်ထူထားသော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဖြစ်ပါသည်။ (Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပြုချက်အရ ရန်ကုန်တိုင်း မြောက်ပိုင်းမြို့နယ်တွေ ဖြစ်တဲ့ မင်္ဂလာဒုံ၊ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး စတဲ့ ၄ မြို့နယ်တွင်းက မူလတန်း ၂၅ ကျောင်းကို ဗလာစာအုပ် ဒါဇင်ပေါင်း ၂၄၀၀ လိုက်လံ ဝေငှခဲ့ရာမှာ အစပိုင်းကျောင်းတွေက လက်ခံခဲ့ပေမဲ့ နောက်ပိုင်း ကျောင်းတွေ ငြင်းပယ်လာတာကို ကြုံရတယ်လို့ စာအုပ်လိုက်ဝေရာမှာ ကိုယ်တိုင်ပါခဲ့သူ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ ဒေါ်မေဝင်းမြင့်က ပြောပါတယ်။
“ကျွန်မတို့ မင်္ဂလာဒုံမြို့နယ်မှာလည်း ဒေါ်ခင်ဌေးကြွယ်တို့ ဦးဆောင်ပြီးတော့မှ ၁၂ ကျောင်းလောက်အထိက အေးအေးဆေးဆေးပဲ၊ ၁၃ ကျောင်းမြောက်မှာကျတော့ ဘာပြောလဲဆိုတော့ သူတို့ လက်မခံပါရစေနဲ့၊ ပညာရေးမှူးထံကို လှူပေးပါ၊ ပညာရေးမှူးကနေ ဝေပေးပါမယ် ဆိုပြီး ပြောတယ်။ ပြောတော့ ဒေါ်ခင်ဌေးကြွယ်ကနေပြီးတော့ ပညာရေးမှူးဆီ ဖုန်းဆက်တယ်။ ဘာကြောင့် ဒီလိုပြောရလဲဆိုတော့ ပညာရေးမှူးက သူ့သဘောနဲ့သူ မပြောရဲပါဘူးတဲ့၊ အထက်က အမိန့်လာလို့ပါလို့ ပြောတယ်။”
အခုလို NLD ပါတီရဲ့ ဗလာစာအုပ်အလှူအတွက် ကျပ်ငွေသိန်း ၁၀၀ နီးပါး အသုံးပြုခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့ကို ကလေးများနေ့အဖြစ် အရင်က သတ်မှတ်ခဲ့ပါတယ်။

sources: : RFA