Friday, January 28, 2011

ဝန်ကြီးများ ရာထူးမှမထွက်ဘဲ လွှတ်တော်တက်မည်

စစ်အစိုးရအဖွဲ့၌ လက်ရှိတာဝန် ထမ်းဆောင် နေကြသော အစိုးရ အဖွဲ့ဝန်ကြီးများသည် လက်ရှိရာထူးများကို မနုတ်ထွက်ဘဲ လွှတ်တော် တက်ကြမည်ဟု သိရသည်။

“ရက်က နီးကပ်နေပြီဆိုတော့ ဒီအတိုင်းပဲ လွှတ်တော်တက်ကြမှာပါ။ လာမယ့် အစိုးရ သစ်အတွက်တော့ ဖွဲ့စည်းပုံ အတိုင်းပဲသွားမှာပါ” ဟု ကြံ့ဖွံ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သူ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်  ဇေကမ္ဘာ ဦးခင်ရွှေက ဧရာဝတီကို ပြောသည်။

Clad-in-traditional-dress
(ဓာတ်ပုံ - အေပီ)
ဦးခင်ရွှေသည် စစ်အစိုးရနှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သည့်အပြင် လာမည့်အစိုးရသစ်အတွက် သမ္မတရာထူးနေရာ တစ်ပြေးနေသော စစ်အစိုးရ၏ နံပါတ် ၃ အဆင့်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့် ခမည်းခမက် တော်စပ်သူလည်းဖြစ်သည်။

လွှတ်တော်မတိုင်မီ လက်ရှိဝန်ကြီးများအားလုံးသည် ရာထူးများစွန့်လွှတ်၍ လွှတ်တော်တက်မည်ဟု သတင်းများ ထွက်ပေါ်နေပြီး ကြားဖြတ်အစိုးရသစ်တရပ် ပေါ်လာမည်ဟုလည်း အတည်မပြုနိုင်သော သတင်းများ ထွက်နေသည်။

သို့ရာတွင် ဦးခင်ရွှေက “လတ်တလောမှာတော့ ကြားဖြတ်အစိုးရ ပေါ်မယ့် အသံမကြားသေးပါဘူး” ဟု ဆိုသည်။

နှစ်ပေါင်း ၂၂ နှစ်တာ ကာလအတွင်း ပထဆုံး ခေါ်ယူမည့် လွှတ်တော်အား ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးများကို နေပြည်တော်၌ ကျင်းပမည် ဖြစ်သည်။

လာမည့် အစိုးရသစ်တွင် သူရဦးရွှေမန်းသည် သမ္မတ ရာထူး တစ်ပြေးနေသကဲ့သို့ စီးပွားရေး လုပ်ငန်းရှင်များထဲမှ ဦးခင်ရွှေသည်လည်း ဒုတိယ သမ္မတ တဦးအဖြစ် သတင်းများထွက်ပေါ် နေခြင်းအပေါ် ဦးခင်ရွှေက “ဒါတွေက နိုင်ငံတော်က လုပ်ဆောင်ရမယ့် ကိစ္စတွေပါ။ ကျနော်က စီးပွားရေးသမားဆိုတော့ ဒီရာထူးတွေထက် စီးပွားရေးကိုပဲ ပိုပြီး စိတ်ဝင်စား ပါတယ်” ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ လွှတ်တော်မတိုင်မီ နောက်ဆုံးအစည်းအဝေးကို နေပြည်တော်၌ မနက်ဖြန်တွင် ကျင်းပမည်ဟု သိရသည်။

ထိုအစည်းအဝေးမှ လွှတ်တော်အတွက် တာဝန်ယူမည့် ရာထူးများ၊ အစိုးရသစ်အတွက် တာဝန်များကို ရွေးချယ်မည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

သို့ရာတွင် ကြံ့ဖွံ့ပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေက “ပါတီရဲ့ အစည်းအဝေးက ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးကြမှာပါ။ ကျနော်လည်း သေသေချာချာ တော့မသိသေးဘူး” ဟု ဆိုသည်။

ကြံ့ဖွံ့ပါတီ၏ အစည်းအဝေးသို့ ရွေးကောက်ခံ ပါတီဝင်ကိုယ်စားလှယ် အားလုံး တက်ရောက်ကြမည်ဟု သိရသည်။

ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် လွှတ်တော်တက်ရမည့် ကိုယ်စားလှယ်များသည် ယနေ့မှစ၍ ၂၉ ရက်နေ့အထိ နေပြည်တော်သို့ ရောက်ရှိသတင်းပို့ပေးရမည် ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းအလိုက် သတ်မှတ်ချိန် အတိအကျ သတင်းပို့ရမည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များကို သက်ဆိုင်ရာ ဒေသ မြို့တော်များ၌ ကျင်းပမည် ဖြစ်သည်။

နေပြည်တော်ရှိ လွှတ်တော် အစည်းအဝေးများတွင် ဒုတိယ သမ္မတ ၃ ဦးအဖြစ် စစ်တပ်ကိုယ်စားလှယ် တဦး၊ ရွေးကောက်ခံ အရပ်သားများထဲမှ ၂ ဦးတို့ကို ရွေးချယ်ကြမည်ဖြစ်ပြီး လွှတ်တော်၏ သဘာပတိ၊ ဥက္ကဋ္ဌ ရာထူးများကိုလည်း ရွေးချယ်ကြမည် ဟု ဦးခင်ရွှေကပြောသည်။

ဒုတိယ သမ္မတ ၃ ဦးထဲမှ တဦးအား သမ္မတ အဖြစ် တင်မြှောက်ရမည်ဖြစ်ပြီး သမ္မတသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးအမြင် ရှိရမည် ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဆိုထားသည်။

sources: :www.irrawaddy.org/bur

“မဖွယ်မရာ” ကြောင့် ဂျာနယ် ၂ စောင် ပိတ်ရ

အိန္ဒြာကျော်ဇင်နှင့် ပြေတီဦး မင်္ဂလာဆောင် သတင်းဓာတ်ပုံများ အသားပေး ဖော်ပြခဲ့သော  ဂျာနယ်နှစ်စောင်ကို စာပေစိစစ်ရေးက “မဖွယ်မရာပုံတွေ” ဖော်ပြသည် ဆိုကာ ထုတ်ဝေခွင့် ခဏ ပိတ်လိုက်သည်။

မော်နီတာနှင့် ဟလို ဂျာနယ်များကို ထုတ်ဝေခွင့် နှစ်ပတ်နှင့် တပတ်စီ ပိတ်လိုက်သည်။

“မဖွယ်မရာ ပုံတွေ ပါတယ်ဆိုပြီး ၂ ပတ်ပိတ်တယ်”ဟု မော်နီတာ ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနအောက်က စာပေစိစစ်ရေးသို့ ဂျာနယ်တာဝန်ခံများ ယနေ့သွားရာ ထုတ်ဝေခွင့် ပိတ်ကြောင်း သိခဲ့ရသည်ဟု သူက ပြောသည်။

မည်သို့သော အဝတ်အစားကို “မဖွယ်မရာ” ဟု စာပေစိစစ်ရေးက အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိသော်လည်း ဦးမြတ်ခိုင်၏ဖေ့စ်ဘွတ်တွင် တင်ထားသော စာပေစိစစ်ရေးပြုတ် မော်နီတာဂျာနယ် စာမျက်နှာများတွင် မင်းသမီးအချို့ ဒူးပေါ်အောင် ဝတ်ထားသည်ကို တွေ့ရသည်။

ရိုးရာဝတ်စားဆင်ယင်မှု ထိန်းရန်လိုသည်ဆိုကာ မြန်မာအာဏာပိုင်များက အနုပညာရှင်အမျိုးသားများ ဆံပင်ရှည်ထားခြင်း အပါအဝင် ဝတ်စားဆင်ယင်မှုကို ကန့်သတ်လေ့ရှိပြီး ဖျော်ဖြေခွင့် ပိတ်ပင်ခြင်းဖြင့်လည်း ဒဏ်ခတ်တတ်သည်။

ဇန်နဝါရီ ၂၁ ညက ရန်ကုန် အင်းလျားလိတ်ဟိုတယ်က ရုပ်ရှင်မင်းသားမင်းသမီး မင်္ဂလာဆောင် ညစာစားပွဲပုံများ ဂျာနယ်များတွင် ဝေဝေဆာဆာ ဖော်ပြခဲ့ကြသည်။

အမည်မဖော်လိုသော အဖွဲ့တခု၏ မြန်မာပြည်တွင်း စစ်တမ်းကောက်ယူမှုအရ အသက် ၁ဝ နှစ်အထက် ဖြေဆိုခဲ့သူများက ပြေတီဦးကို အကြိုက်ဆုံးဟု ဖြေဆိုခဲ့ကြသည်။၂ဝဝ၉  အကယ်ဒမီရ မင်းသား နေတိုးက ရာခိုင်နှုန်းအနည်းငယ်အကွာဖြင့် ဒုတိယလိုက်သည်။

မင်းသမီးများတွင်လည်း အိန္ဒြာကျော်ဇင်က နံပါတ် ၁ ချိတ်ပြီး သက်မွန်မြင့်ကို ဒုတိယအဖြစ် ရွေးချယ်ကြသည်။

sources: :ချင်းမိုင်(မဇ္စိ္ဈမ)

Thursday, January 27, 2011

ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရန် စေ့စပ်ဆွေးနွေးရေး လိုအပ်ကြောင်း အမေရိကန်ပြောကြား

အမေရိကန်ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးကို စဉ်းစားနိုင်ဖို့ မြန်မာ အစိုးရဖက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စေ့စပ်ဆွေးနွေးဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အသိအမှတ်ပြုဖို့ လိုကြောင်း အမေရိကန်အစိုးရ အကြီးတန်း အရာရှိ Joseph Yun က ပြောလိုက်ပါတယ်။

Photo: AFP
အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်း (ဝဲ) နှင့် မြန်မာ စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း (ယာ) တို့ ဒီဇင်ဘာ ၉ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

အင်ဒိုနီးရှားနိုင်ငံထုတ် Jakarta Post သတင်းစာနဲ့ ဇန်နဝါရီ ၂၅ ရက် မနေ့က တွေ့ဆုံမေးမြန်းရာမှာ Mr. Yun က အခုလို ပြောလိုက်တာ ဖြစ်ပြီး အာဆီယံအဖွဲ့က ကိုရီးယားနဲ့ မြန်မာနိုင်ငံအရေးအပေါ် တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်လာတာကိုလည်း အလေးအနက်ထား ပြောခဲ့တယ်လို့ ဒီကနေ့ထုတ် Jakarta Post သတင်းစာက ရေးပါတယ်။
အင်ဒိုနီးရှားနိုင်ငံ လုမ်ဘုတ်ကျွန်းမှာ ပြီးခဲ့တဲ့အပတ်က ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက တသံတည်း တောင်းဆိုခဲ့ကြကြောင်း၊ ဒီတောင်းဆိုချက်တွေဟာ အလွန်ကောင်းမွန်ပြီး မြန်မာအာဏာပိုင်တွေအနေနဲ့ အလေးအနက် ထားပြီး လက်တွေ့ ဆောင်ရွက်ပေးဖို့ လိုကြောင်းလည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun က ပြောပါတယ်။
မြန်မာအစိုးရဖက်က အပြုသဘော တုံ့ပြန်လာရင် နိုင်ငံတကာက အပြုသဘော ဆောင်ရွက်တာ တွေမြင်ရမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကောင်းမွန်တိုးတက် လာတာနဲ့ အမျှ နိုင်ငံတကာ အသိုင်းအဝိုင်းက တုံ့ပြန်ဆောင်ရွက်မှုမျိုး ရှိရမှာဖြစ်ကြောင်းလည်း Joseph Yun က သတင်းစာကြီးကို ဖြေကြားခဲ့ပါတယ်။
Joseph Yun ဟာ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံ ခရီးစဉ်ကို လာရောက်ခဲ့သူ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD အပါအဝင် အတိုက်အခံ နိုင်ငံရေးပါတီတွေ၊ မြန်မာစစ်အစိုးရ အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံခဲ့သူ ဖြစ်ပါတယ်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Nataliegawa ကတော့ မြန်မာနိုင်ငံမှာ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးလုပ်ငန်းဟာ အပြန်အလှန် ဆောင်ရွက်သင့်တယ်လို့ အာဆီယံ အစည်းအဝေးအပြီး ပြောကြားခဲ့ပါတယ်။ 

sources: :RFA

ဟွန်ဒါကုမ္ပဏီက မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ရန် စစ်တမ်းကောက်




ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် ကား အစီးရေ ၃၆ သိန်းကျော် ထုတ်လုပ်နေသော ဂျပန်နိုင်ငံမှ ဟွန်ဒါကား ကုမ္ပဏီက မြန်မာနိုင်ငံ၌ ကားထုတ်လုပ်ရန် အတွက် ပထမဆုံးအကြိမ် စစ်တမ်း (Servery) ကောက်ယူမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ဟွန်ဒါကားကုမ္ပဏီမှ စီးပွားရေး စီမံခန့်ခွဲမှု မန်နေဂျာ မစ္စတာ ဟီဒီတိုမိုမိုရီ ကပြောသည်။ ကားထုတ်လုပ်ရေး လုပ်ငန်းသည် ကြီးမားသည့်အတွက် လတ်တလော ထုတ်လုပ်ရေး လုပ်ငန်းများကို စတင်မည်ဆိုပါက အခက်အခဲများ ရှိနိုင်၍ မော်တော်ယာဉ် နှင့်ပတ်သက်သည့် ထောက်ပံ့ပစ္စည်းများကိုသာ ဦးဆုံးထုတ် လုပ်နိုင်ရန် စက်ရုံများ ဖွင့်လှစ်မည် ဖြစ်ကြောင်းသိရသည်။
“ကားထုတ်ဖို့တော့ ရည်ရွယ်ထား ပြီးသားပါ။ နိုင်ငံရဲ့ သဘော သဘာဝနဲ့ လုပ်နည်းလုပ်ဟန်တွေ ကိုလည်း စနစ်တကျ လေ့လာရဦးမယ်”ဟု မစ္စတာဟီဒီတိုမိုမိုရီက ပြောသည်။ ဟွန်ဒါကုမ္ပဏီသည် ပြည်တွင်း၌ လုပ်ငန်းများ စတင်လုပ် ဆောင်မည်ဆိုပါက ဆိုင်ကယ်ကို ဦးစွာထုတ်လုပ်မည် ဟုဆိုသည်။ ထို့အပြင် ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ နယ်မြို့များအတွက် မရှိမဖြစ် အသုံးဝင်သည့် မီးစက်များကိုလည်း ပြည်တွင်း၌ အခြေစိုက် ထုတ်လုပ်ရန် ဦးစားပေး စီစဉ်ထားပြီး မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်အတွက် လယ်ယာလုပ်ငန်းသုံး ပန့် များကိုလည်း ထုတ်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
“ဂျပန်က ကားထုတ်မှာကို ကြိုဆိုပါတယ်။ ပြည်တွင်းက အင်ဂျင်နီယာ ကျောင်းသားတွေလည်း အလုပ်ရမယ်။ နိုင်ငံတော်လည်း အခွန်ပိုရမယ်”ဟု မြန်မာနိုင်ငံ စက်မှုကုန် ထုတ်လုပ်သူများ အသင်းမှ ဥက္ကဋ္ဌ ဦးပေါဟိန်းကလည်း 7 Day News သို့ပြောကြားသည်။ ဂျပန် ဟွန်ဒါကုမ္ပဏီ အပြင် မလေးရှားနိုင်ငံမှ တန်ချောင်း ကုမ္ပဏီကလည်း ကားထုတ်လုပ်ရန် စီစဉ်နေကြောင်း၊ လက်ရှိအချိန်၌ MIC သို့ လုပ်ငန်းလုပ်ကိုင်ခွင့်ကို တင်ထားကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီမှာလည်း ပြည်တွင်း၌ ပထမဦးစွာ ဝန်ဆောင်မှု လုပ်ငန်းများနှင့် စတင် လုပ်ကိုင်မည်ဖြစ်ပြီး ပြည်တွင်း ကားထုတ်လုပ်သည့် အစုအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်သည်။
ယင်းကုမ္ပဏီများ ကဲ့သို့ပင် အိန္ဒိယမှ တာတာ ကားကုမ္ပဏီက လည်း အစိုးရနှင့် ပူးပေါင်းပြီး ထရပ်ကားများ ထုတ်လုပ်နေသည်။ လက်ရှိအချိန်၌ ပြည်ပမှ ကား ထုတ်လုပ်သည့် ကုမ္ပဏီကြီးများ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဟွန်ဒါ ကားကုမ္ပဏီ အပါအဝင် ကုမ္ပဏီပေါင်း သုံးခုရှိပြီ ဖြစ်ကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် ပြည်တွင်းမှ ကားထုတ်လုပ်နေမှုသည် ပြည်ပမှ အစိတ်အပိုင်း အားလုံးနီးပါး တင်သွင်းနေရပြီး တပ်ဆင်မှု အပိုင်းသာ လုပ်ကိုင် နေရသည်။ ယင်းသို့ မိသားစု လုပ်ငန်းအခြေအနေမှ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်သည့် လုပ်ငန်းရပ်ဖြစ်ရန် ပြင်ဆင်မှုများ ပြုလုပ်သင့်ကြောင်းလည်း စက်မှုဇုန် ကားထုတ်လုပ်သူ တစ်ဦးက ရှင်းပြသည်။

siurces: :7Day News Journal

Wednesday, January 26, 2011

လူနဲ့ကျောက်


အမေတို့နိုင်ငံက မြေကြ်ီးထဲကနေပြီး အလွန်အဖိုးတန်အလွန်လှပပြီး မြင်တဲ့သူတိုင်းမက်မောနှစ်သက်ရတဲ့ကျောက်မျက်ရတနာတွေထွက်တဲ့နိုင်ငံပါ။တစ်မျိုးမက အမျိုးမျိုး နေရာတော်တော်များများက ထွက်ပါတယ်။ပတ္တမြား၊ကျောက်နီ၊ကျောက်စိမ်း၊ နီလာ၊ မြ စတာတွေအမေတို့မြေထဲက ထွက်နေတာပါ။
ဒါကြောင့် ကျောက်ကို တန်ဖိုးဖြတ်တဲ့စကား၊ ကျောက်ကို အကဲဖြတ်တဲ့ စကားလုံးတွေလည်း အများကြီး အမေတို့မှာရှိတယ်။ ကျောက်တစ်လုံးရဲ့အရည်အချင်းတဲ့ ။ အရည်ဆိုတာက သူ့မှာပါတဲ့ အရောင်အသွေးကို ပြောတာပါ။ အချင်းဆိုတာက ဒီကျောက်ရဲ့အကြီးအသေး ပမာဏကို ပြောတာပါ။ ဘာရောင်နဲ့ ဘယ်အရွယ် ကျောက်တို့ပေါ့။
ကျောက်ရဲ့အရည်အရောင် တဲ့ အရည်ဆိုတာက ကျောက်သားတွင်းမှာ ပါလာတဲ့ မူလပါ အရောင်အနုအရင့်။ အရောင်ဆိုတာက အဲဒီအရောင်က ပြင်ပကို ဖောက်ထွင်းထွက်လာတဲ့အနေအထား။ အဲဒီဟာနှစ်ခုက ကျောက်တစ်လုံးရဲ့ အသွေးကို ခန့်မှန်းပြောဆိုတာပဲ။
ကျောက်ရဲ့ အရည်အသွေး ဆိုတဲ့စကားလည်းရှိသေးတယ်။ အဲဒါကတော့ ကျောက်တစ်လုံးရဲ့ပါတဲ့အရောင်နဲ့ ဒီမူလအရောင်ကို ပိုမိုတောက်ပြောင် အရောင်ပိုထွက်လာအောင် ကျောက်ရဲ့အခွံပိုင်းကို သွေးပစ်ပြီး သူ့ရှိသမျှ လူက အကုန်မြင်ရအောင် ပြုပြင်ပေးထားလို့ ဖြစ်ပေါ်လာတဲ့ အနေအထားကို ပြောတာပါ။
မြေထဲက ထွက်လာတဲ့ ကျောက်တစ်လုံးဟာ သူ့မြေအောက်ကျောက်သက်တမ်းနဲ့ သူ့အနေအထား အရ အရောင်အသွေးက သူ့အထဲမှာ အမျိုးမျိုးဖြစ်တည်နေတယ်။ နုတာ၊ ရင့်တာ၊ ပျော့တာ၊ မာတာ၊ငုပ်နေတာ၊ ပေါ်နေတာ စသဖြင့် အမျိုးမျိုး။ အဲဒါကို လူက သေသေချာချာ ကြည့်ရှုအကဲခတ်ပြီး မူလရှိရင်းစွဲကို အစွမ်းကုန်ပေါ်လွင်အောင် ရှိရ့င်းထက် ပိုပြီး ထွက်လာနိုင်အောင် လူ့အစွမ်းနဲ့ ဖေးမကူညီပြီး လှသည်ထက် လှအောင် လုပ်ပေးတာ။ ဒါမှ ကျောက်က အဖိုးတန်သည်ထက် ပိုတန်လာမယ် ဟုတ်လား။
အဲဒီလိုရှိရာမှာ အမေတို့လူသားကျတော့လည်း လူ့တန်ဖိုးကို အကဲဖြတ်ရာမှာ ကျောက်နဲ့ထပ်တူ သုံးနှုန်းပြောဆိုတယ်။ လူ့အရည်အသွေး၊ လူ့အရည်အရောင်၊ လူ့အရည်အချင်းဆိုပြီး လူကို ကျောက်လိုပဲသုံးစွဲပါတယ်။
တကယ်ကတော့ ကျောက်နဲ့လူမှာ လူက ကျောက်ထက်ပဲ ပိုလို့ တန်ဖိုးရှိရမှာ ဟုတ်လား။ ကျောက်တစ်လုံး အဖိုးတန်လှပါတယ်ဆိုရင် ပြည်တန်တဲ့ပတ္တမြားလို့ သုံးနှုန်းပြောဆိုကြတယ်။ အဲဒါကမ်းကုန်ရော။ လူတစ်ယောက် တကယ်ပဲ တန်ဖိုးရှိလာအောင် လုပ်ဆောင်လာတဲ့အခါတော့ ဘယ်မှာ တိုင်းပြည်တစ်ပြည်နဲ့လဲနိုင်ပါ့မလဲ။
လူ့ အရည်အချင်း၊ လူ့အရည်အသွေး နဲ့ လူ့အရည်အရောင်က အတိုင်းအဆမရှိဖြစ်ပေါ်လာနိုင်တဲ့ စွမ်းအားတွေ လူထဲမှာ ရှိပါတယ်။
ဒါကြောင့် လူငယ်တွေကို အမေက ပြောချင်တယ်။ မင်းတို့လူငယ်တွေ လူ့အဖိုးတန်၊ လူတော်လူကောင်းလေးတွေဖြစ်အောင် ကြိုးစားကြ၊ လူမှာ သုံးမကုန်တဲ့အစွမ်းအစတွေ၊ အသိဥာဏ်တွေရှိတယ်။ အဲဒီ အစွမ်းအစကို မှန်မှန်ကန်ကန် သုံးစွဲတတ်ဖို့ပဲ လိုတယ်။ မှန်ကန်ဖို့ကတော့ ကိုယ့်မှာ နှိုင်းချိန်စဉ်းစားတတ်တဲ့သဘောထားရှိရမှာပေါ့။
တချို့လူငယ်တွေက ကိုယ်လူဖြစ်တဲ့အခါ ဖြတ်လမ်းကနေပြီး ထင်ပေါ်ကျော်ကြား လူသိများ လူကြိုက်များသူတစ်ယောက်ဖြစ်အောင် ကြိုးစားချင်တယ်။ လှချင်ပချင်တယ်။ ပတ်ဘလစ်မှာ ပေါ်ပြူလာဖြစ်ချင်တယ်။ ဒါကြောင့် အဲဒီအတွက် လွဲမှားတဲ့အားထုတ်မှုတွေပြုလာတတ်တယ်။
မင်းတို့ စာများများဖတ်လာတဲ့အခါ လူ့တန်ဖိုးဆိုတာ ဘယ်လိုဟာဆိုတာကို သိလာလိမ့်မယ်။ သိတဲ့အခါ ရှိအောင်လုပ်ယူရတယ်။ အလကားနေရင်း ဖြစ်လာတာ မဟုတ်ဘူး။ လူမှာ လူ့ကိစ္စအဝဝကို လုပ်ဆောင်တော့မယ်ဆိုတော့ သတ္တိ ဗျတ္တိ၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ခံနိုင်ရည်ဆိုတာတွေ ရှိနေအောင် မွေးရပါတယ်။ ဒီအတိုင်း ပေါ့ပေါ့တန်တန်နဲ့ ပျော်ပျော်ပါးပါး နေချင်သူတစ်ယောက်မှာ ဒီလိုစိတ်ထားတွေက အလိုလို ဝင်မလာဘူး။ အားမထုတ် မကြိုးစားဘဲနဲ့ ရေစုန်မျှောလိုက်ချင်တာ၊ လှေကြုံစီးလိုက်ချင်တာ ဆိုတာမျိုးတွေဖြစ်လာ ဝင်လာတယ်။ လူ့စိတ်ဟာ ရေလိုပါပဲ။ မြင့်ရာကို ဆန်ချင်ရင် အားထုတ်ရတယ်။ နိမ့်ကျရာကို စီးဆင်းချင်ရင် အလိုလိုစီးဆင်းပါတယ်။
ပြီးတော့ လူမှာစိတ်ကောင်းနှလုံးကောင်းမွေးရတယ်။ တစ်ကိုယ်ကောင်းဆန်ချင်တဲ့ ပျော့ညံ့တဲ့စိတ်ကို သူများအတွက် င့ါကိုယ်ကျိုး အနစ်နာခံမယ်ဆိုတဲ့ မြင့်မြတ်တဲ့စိတ်ထားနဲ့တိုက်ရတယ်။ ဘာလို့တုန်းဆိုတော့ မင်းက တိရစ္ဆာန်မှ မဟုတ်ဘဲ။ လူသား မဟုတ်လား။
တိရစ္ဆာန်ကတော့ ကိုယ်က အင်အားသာတယ်။ ယှဉ်လိုက်ရင် ကိုယ်နိုင်မယ်ဆိုတာသိရင် အနိုင်ကျင့်တယ်။ လုယက်စားတယ်။ ခုခံတဲ့တစ်ဖက်သားကို အသေအလဲ ထိုးနှက်ကိုက်ဖဲ့ခဲ့တယ်။ လူသားကတော့ ကိုယ့်ထက် အားနည်းသူကို တွေ့ရင် ကရုဏာ မေတ္တာစိတ်နဲ့ သနားပါတယ်။ ချို့တဲ့ရှာတယ်ဆိုပြီး ညှာတာလိုက်တယ်။ ကိုယ်က အနစ်နာခံလိုက်တယ်။ ကိုယ်ကျိုးကို စွန့်လိုက်တယ်။
အလုပ်နဲ့ပက်သက်လို့ ကိုယ်လုပ်ရမယ့်အလုပ်၊ ကိုယ်လုပ်ရမယ့် ဝတ္တရား၊ ကိုယ်လုပ်ရမယ့် တာဝန်ကျပြန်တော့လည်း မခိုမကပ်၊ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ သတ္တိ ဗျတ္တိ သုံးပြီးလုပ်ကြရတယ်။ ဒါမှ စစ်မှန်တဲ့လူသား။
အဲဒီလိုစိတ်မျိုးရှိနေအောင် စာတွေဖတ်ပါ။ စိတ်ကောင်းမွေးပါ။ လူ့အရည်အချင်း၊ လူ့အရည်အသွေး၊ လူ့အရည်အရောင် တက်သည်ထက် တက်အောင် လုပ်ဆောင်ပါ။ ကျောက်ကလေး တစ်စေ့ကို တောင်မှ အရှိအတိုင်းမထားဘဲ လူက ကြိုးစားလုပ်ဆောင်သေးတာ။ ကျောက်ထက် အဖိုးတန်တဲ့ လူရင့်မကြီးအတွက် သိပ်လုပ်ဖို့လိုတာပေါ့။
ဒါကြောင့် လူငယ်တွေ စာများများဖတ်၊ လူပီသအောင်ကြိုးစား၊ သဘောထားမှန်အောင် လုပ်ကြကွယ်။ လူဟာ သစ္စာတရားအတွက် ရွက်ဆောင်နိုင်တဲ့ စွမ်းအားတွေ ခန့်မှန်းလို့မကုန်နိုင်အောင် ရှိတယ်ကွယ်။
ကလျာမဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀၀၀ ပြည့်
( လူထုဒေါ်အမာ ရေးခဲ့တဲ့စာလေးပါပဲ သူ့စာအုပ်ဖတ်နေတာဆိုတော့ ပြန်ပြီး မျှဝေချင်စရာတွေက အများကြီးပဲ လူတွေအားလုံးအတွက် တကယ် အဖိုးတန်တဲ့စာလေးတွေမို့ ဖတ်ကြည့်စေချင်ပါတယ် ကျေးဇူးတင်ပါတယ်)