Friday, January 21, 2011

စစ်ဗိုလ်အမတ် ၃၈၈ ဦး အမည်ထွက်လာ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးချယ်ထားသော စစ်သားအမတ် ၃၈၈ ဦး၏ အမည်နှင့် ရာထူးများကို ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ထုတ်ပြန် လိုက်သည်။

ဗိုလ်မှူးချုပ်မှ ဗိုလ်ကြီးအထိပါပြီး ပြည်သူ့လွှတ်တော်အတွက် ၁၁ဝ ၊ အမျိုးသားလွှတ်တော် ၅၆ ဦး၊ တိုင်း/ပြည်နယ် လွှတ်တော် ၂၂၂ ဦး အသီးသီး ဖြစ်သည်။ ကြည်းတပ်မှ ၃၅၃ ဦးဖြင့် အများဆုံးဖြစ်ပြီး ရေတပ်မှ ၁၉ ဦးနှင့် လေတပ်မှ ၁၆ ဦး ပါဝင်သည်။

စာရင်းအရ ကရင်ပြည်နယ် လွှတ်တော် အမတ်အဖြစ် လက်ရှိ ကရင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းအား ခန့်အပ်ထားသည်ကို တွေ့ရသည်။ သူသည် Officer Training School - OTS အပတ်စဉ် ၅၆ မှ ဖြစ်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး တာဝန် ထမ်းဆောင်ဖူးသည်။

ကချင်ပြည်နယ် လွှတ်တော်တွင် ရာထူးအကြီးဆုံးအဖြစ် ဗိုလ်မှူးကြီး သန်းအောင် OTS အပတ်စဉ် ၆၄၊ မွန်ပြည်နယ် ဗိုလ်မှူးကြီးဌေးမြင့်အောင် Officer Training Course-OTC အပတ်စဉ် ၁၂၊ ရှမ်းပြည်နယ်တွင် ဗိုလ်မှူးကြီးအောင်သူ Deference Service Academy-DSA အပတ်စဉ် ၂၄ တို့ ဖြစ်သည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး လွှတ်တော်မှ ရာထူးအကြီးဆုံး ဗိုလ်မှူးကြီး အန့်ဇော်သည် OTC အပတ်စဉ် ၁ဝ၊ ပြည်သူ့လွှတ်တော်မှ ဗိုလ်မှူးကြီးတင့်ဆန်းသည် DSA အပတ်စဉ် ၂၆ မှဖြစ်ပြီး ရန်ကုန်တိုင်း ဗျူဟာမှူး၊ အမျိုးသား လွှတ်တော်မှ ဗိုလ်မှူးကြီး မောင်မောင်ထူးသည် OTC အပတ်စဉ် ၁၁ ဖြစ်သည်။

“စစ်တပ်က ရွေးကောက်ပွဲလဲ လုပ်ပြီးပြီ။ အခု သူတို့ လူတွေကို ဥပဒေပြု လွှတ်တော် တင်မကဘူး၊ အစိုးရအဖွဲ့မှာလဲ လက်ဝါးကြီး အုပ်နိုင်အောင် ကြံ့ဖွံ့အသင်းကနေ ပါတီလုပ်ပြီးတော့ နေရာယူလိုက်ပြီ။ စီးပွားရေး လုပ်ငန်းမှန်သမျှလဲ သူတို့တွေနဲ့ သူတို့ရဲ့ လက်ဝေခံတွေ မျှယူပြီးပြီ။ အဲဒီတော့ ဘာမှ မကျန်တော့ဘူးလေ” ဟု သြစတြေးလျ အခြေစိုက် စစ်ရေးလေ့လာသူ ဦးဌေးအောင်က ပြောသည်။

လွှတ်တော်ခေါ်ယူရန် ၁၁ ရက်အလိုတွင် ထုတ်ပြန်သည့် စာရင်းပါ တပ်မတော်သား အမတ်များ၏ မူလ တာဝန်သည် စစ်သားများဖြစ်ပြီး လွှတ်တော်ကျင်းပသည့် အချိန်၌သာ လွှတ်တော်အတွင်းသို့ ခေတ္တလာ၍ ကာကွယ်ရေး ဦးစီးချုပ်၏ အမိန့်အတိုင်း ဆောင်ရွက်ကြရမည် ဖြစ်သည်။ ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်က သူအမည်စာရင်း တင်သွင်းထားသော စစ်သားအမတ် တဦးဦးကို အချိန်မရွေး “အစားထိုး ပြောင်းလဲနိုင်ခွင့်” လည်းရှိသည်။ အုပ်ချုပ်ရေး အသစ်တွင် နိုင်ငံရေးတာဝန်ယူမည့် နိုင်ငံဝန်ထမ်းများလည်း ဖြစ်သည်။ 

sources: www.mazzimaburmese.com

ဒေါ်အောင်ဆန်းစုကြည် အင်တာနက် ရပြီ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် အင်တာနက် တရားဝင် တပ်ဆင်ခွင့် ရပြီဟု သူ၏ လုံခြုံရေးအရာရှိ ဦးဝင်းထိန်က ကျိုဒို သတင်းဌာနကို ယနေ့ ပြောသည်။

အစိုးရ၏ အင်တာနက်ဌာန ရတနာပုံ တယ်လီပို့ ၀န်ထမ်းများက နေအိမ်သို့ လာရောက်ပြီး တပ်ဆင်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

မကြာသေးမီက ပေါ်ပေါက်လာသည့် ဆက်သွယ်ရေးဌာန၏ နောက်ဆုံးပေါ် အင်တာနက်လိုင်း ''McWill'' (MULTI Carrier Wireless Local Loop) ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အိမ်တွင် တပ်ဆင်သည့် အင်တာနက်လိုင်း နံပတ်မှာ ၀၀၀၀၁ ဖြစ်ကြောင်း၊ ထိုနံပါပတ်ကြောင့်  McWill အင်တာနက်ကို ပထမဆုံး တပ်ဆင်ခွင့် ရသူမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်ဟု အဓိပ္ပာယ် ရကြောင်း ဦးဝင်းထိန်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အင်တာနက် စမ်းသပ် သုံးစွဲခြင်း ရှိမရှိ မေးမြန်းရာ ယခု ချောင်းဆိုးသဖြင့် နေထိုင်မကောင်းကြောင်း၊ သက်သာလာမှ သုံးမည် ဖြစ်ကြောင်း ဦးဝင်းထိန်က ဖြေကြားသည်။
ပြီးခဲ့သည့်နှစ်က ထိန်းသိမ်းခံရမှုမှ ပြန်လွတ်လာစဉ် အင်တာနက် သုံးခွင့် လျှောက်လွှာတင်ခဲ့သော်လည်း စက်ပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် ငြင်းပယ်ခံရသည်။

McWill အင်တာနက်လိုင်းအတွက် ၆ သိန်း ၁ သောင်း (ဒေါ်လာ ၇၂၀ ခန့်)  ပေးသွင်းရသည်။ တနာရီအသုံးပြုခ ဒဿမ ၅ ဒေါ်လာခန့် ကျသင့်သည်ဟု ဆိုသည်။



sources: :Kyodo သတင်းဌာန

Thursday, January 20, 2011

သားသမီး ၂၀၀ ကျော် အမေ့ခြေရာယူ

  မန္တလေးမြို့တွင် မြန်မာနိုင်ငံ ‘အမေနေ့’ အထိမ်းအမှတ်အဖြစ် မိခင်ခြေရာကို သားသမီးများက ရယူကြရာ လူ ၂၀၀ ကျော်က မိခင်များနှင့်အတူ လာရောက်၍ ခြေရာယူခဲ့ကြောင်း ပွဲစီစဉ်သူများက ပြောသည်။


ယခုလ ၉ ရက်မှစ၍ မန္တလေးမြို့ သကျသီဟ (စကြာသီဟ)ဘုရားဝင်း ဝေဇယန္တာဓမ္မာရုံကြီး၌ မိခင်၏ ခြေဖဝါးကို ကျန်ရစ်မည့် သားသမီးများ ပူဇော်ထားရှိရန် ပိတ်စအဖြူပေါ်တွင် ခြေဖဝါးရာ ပြုလုပ်ကာ ရယူကြသည်။

“မိဘခြေဖဝါးမှာ ကပ်နေတဲ့ ဖုန်တွေ၊ သဲတွေကို အရင် ပြောင်အောင် ဖယ်ရှားလိုက်ပါတယ်။ ခြေဖဝါးကို ဆီနဲ့ နနွင်းမှုန့်နဲ့ ဖျော်ထားတဲ့ အရည်ကို သုတ်ပါတယ်။ ပြီးတော့မှ ခင်းထားတဲ့ ပိတ်စဖြူပေါ်မှာ ခြေစုံရပ်ပါတယ်။ ခြေရာထင်ရှားအောင် ခြေဖျား၊ ခြေဖဝါး၊ ဖနောင့်တွေကို သေချာဖိပေးတယ်။ ခြေရာပတ်လည်မှာ အမှတ်အသားလေးနဲ့ မှတ်ပါတယ်။ တချို့ကျ ဘောပင်နဲ့ မှတ်ထားတဲ့နေရာမှာ ပန်းစည်းကြိုးလေးနဲ့၊ ဒါမှမဟုတ် ရွှေချည်ထိုးလေးနဲ့ သပ်ရပ်ကြည်ညိုဖွယ်ဖြစ်အောင် လုပ်လိုက်ပါတယ်။ အဲဒါဆိုရင် မိဘရဲ့ခြေရာကို ပူဇော်လို့ ရသွားပါပြီ” ဟု အမေနေ့ ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ စာရေးဆရာ တက္ကသိုလ်ဖုန်းမြင့်အောင်က မဇ္ဈိမကို ရှင်းပြသည်။


မန္တလေးအနီး စစ်ကိုင်းမြို့တွင် ရှေးကတည်းက မိဘများ အသက်အရွယ် ရလာသည့်အခါ မိဘခြေရာကို သားသမီးများက တောင်းခံရာမှ ယခုဓလေ့ စတင်ခဲ့သည်ဟု ဆိုသည်။ ဤအကြောင်းကို အမျိုးသားစာပေဆုရ စာရေးဆရာ မင်းသူရိန်က အမေ့ခြေရာနှင့် အခြားဆောင်းပါးများ ဟူ၍ စာအုပ်ထုတ်ဝေခဲ့ဖူးသည်။ အမေ့ခြေရာ အမည်ဖြင့် ရုပ်ရှင်ဇာတ်ကြီးကို ၁၉၉၇ ခုနှစ်တွင် ရိုက်ကူးပြသခဲ့ရာ သရုပ်ဆောင် မင်းသား ဒွေးက အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုနှင့် မင်းသမီးကြီး ဒေါ်ချိုပြုံးက အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုတို့ဖြင့် အကယ်ဒမီ ဆွတ်ခူးခဲ့သည်။ ယင်းဇာတ်ကားကို ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထဋ် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

ယနေ့ ကျရောက်သည့် ၁၅ နှစ်မြောက် အမေနေ့ အခမ်းအနား ကုန်ကျစရိတ်အတွက် မန္တလေးရှိ KMC ပညာ့ရိပ်သာနှင့် ပုဂ္ဂလိက အလှူရှင်များက ထည့်ဝင်လှူဒါန်းခဲ့ပြီး ဝေဇယန္တာ ဓမ္မာရုံ၌ ကျင်းပသော နေ့လယ်ပိုင်း အခမ်းအနားတွင် လူ ၃ ထောင်ကျော် လာသည်။

“ဝေဇယန္တာ ဓမ္မာရုံကြီးလဲ ပြည့်သွားတယ်။ ဒီဘက် စကြာသီဟရဲ့ တောင်ဘက်အပေါက်ကနေ ဝင်သွားရတယ်။ ရှေ့မှာလဲ စာအုပ်ဆိုင်လေးတွေ ဈေးရောင်းတယ်။ စက်ဘီး၊ ဆိုင်ကယ်တွေကိုလဲ ဘုရားဂေါပက ကနေ အားလုံးကူညီပြီး အခမဲ့ အပ်ပေးတယ်။ အဲဒီဝင်းကြီးထဲလဲ ပြည့်တယ်” ဟု အခမ်းအနား တက်ခဲ့သူ ‘ထွန်းဦး’ စာအုပ်တိုက်ပိုင်ရှင် ဦးထွန်းဦးက မဇ္ဈိမကို ပြောသည်။


ယခုနှစ်တွင် ရုပ်ရှင်သရုပ်ဆောင်ဟောင်း ဒေါ်ဆွေဇင်ထိုက်က မိခင်ဖြစ်သူ၏ ချစ်ခင်ယုယစွာ ပြုစုပျိုးထောင်ခဲ့ပုံနှင့် ကိုယ်တိုင် မိခင်ဖြစ်လာသည့်အခါ သမီးဖြစ်သူကို စောင့်ရှောက်ပုံများကို အမေအကြောင်း ခေါင်းစဉ်ဖြင့် လည်းကောင်းနှင့် စာရေးဆရာ ချစ်ဦးညိုက အမေကို ချစ်မြတ်နိုးသည့် ဦးသန့်အကြောင်းကိုလည်းကောင်း ဟောပြောခဲ့ကြသည်။ မနှစ်က ဒါရိုက်တာ မောင်နေမျိုး၊ အဆိုတော် ရုပ်ရှင်သရုပ်ဆောင် ချိုပြုံးနှင့် ဘိုကလေးတင့်အောင်တို့ လာဟောခဲ့သည်။

ဟောပြောပွဲ အစီအစဉ်အပြင် ရှင်မဟာရဋ္ဌသာရ၊ ဦးသုခ၊ လူထုဒေါ်အမာ၊ မင်းသုဝဏ်၊ ဗန်းမော်တင်အောင်၊ သိန်းဖေမြင့်၊ မြသန်းစံတို့၏ စာများထဲမှ အမေနှင့် ပတ်သက်သည့် အကြောင်းအရာ ကောက်နုတ်ချက်များကို လက်ကမ်းစာစောင်အဖြစ် ဝေငှခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော်က လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာပါ ဆရာကြီး ဦးသုခ၏ ‘ထိုတနေ့’ ဟူသော ဆောင်းပါးကို အကြောင်းပြု၍ ၁၉၉၇ ခုနှစ် (မြန်မာ သက္ကရာဇ် ၁၃၅၈ ခုနှစ် ပြာသိုလပြည့်နေ့) တွင် မြန်မာနိုင်ငံ၏ ပထမဆုံး အမေနေ့ကို ပရိယတ္တိ သာသနာ့ဗိမာန်တွင် ဦးသုခ၊ လူထုဒေါ်အမာစသည့် စာရေးဆရာကြီးများနှင့် စိတ်ပါဝင်စားသူများက စတင်ကျင်းပခဲ့သည်။

“ပြာသိုလဟာ အအေးမြဆုံးလ၊ ပြာသိုလပြည့်နေ့ဆိုတာ အအေးဆုံးပါပဲ။ ဒီတော့ မိခင်ရဲ့မေတ္တာ အေးမြတာနဲ့ နှိုင်းပြီးတော့ အမေနေ့ဆိုပြီး ဖြစ်ပေါ်လာတာပါပဲ။ မိခင်ကျေးဇူးသိတဲ့ သားသမီးတွေ များလာရင် လူမျိုးချစ်တဲ့ သားသမီးတွေ၊ နိုင်ငံချစ်တဲ့ သားသမီးတွေ များလာနိုင်တာမို့ ကျနော်တို့က အမေနေ့ကို ကျင်းပခြင်း ဖြစ်ပါတယ်” ဟု တက္ကသိုလ် ဖုန်းမြင့်အောင်က မဇ္ဈိမကို ရှင်းပြသည်။

အမေနေ့ အခမ်းအနားများကို မန္တလေးအပြင် မတ္တရာ၊ စစ်ကိုင်းတိုင်း ကသာ၊ ရွှေဘို၊ မုံရွာ၊ ကန့်ဘလူမြို့နယ် ချပ်သင်း၊ ရှမ်းပြည်နယ် လားရှိုးနှင့် ရန်ကုန် အပါအဝင် ဒေသ ၃ဝ ခန့်တွင် ကျင်းပခဲ့ကြသည်။

အမေအဖွဲ့အနေဖြင့် အမေနေ့ နှစ်စဉ်ကျင်းပခဲ့ကာ အဖေနေ့ကိုပါ တပေါင်းလပြည့်နေ့တွင် ကျင်းပခဲ့သည်မှာ ၂ ကြိမ် ရှိခဲ့ပြီ ဖြစ်သည်။

sources: :နယူးဒေလီ (မဇ္ဈိမ)

အွန်လိုင်းမှာ ဈေးဝယ်နိုင်တော့မယ်ဆိုပါလား

အိုင်တီ ပစ္စည်းမျိုးစုံမှ အခြေခံ စားကုန်များအထိ ရရှိနိုင်မည့် ကမ္ဘာ့အဆင့်မီ အွန်လိုင်းပေါ်တွင် ဈေးဝယ် ထွက်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
အင်တာနက်မှ တစ်ဆင့် ကုန်ပစ္စည်း များကို မိမိစိတ်ကြိုက် ရွေးဝယ်နိုင်၊ လေ့လာနိုင် စသည့် အကျိုးကျေးဇူးကို ရရှိနိုင်မည့် ရောင်းသူနှင့် ဝယ်သူ အဆင်ပြေစေမည့် အွန်လိုင်း အရောင်းအဝယ် ဈေးကွက်တစ်ခုကို ၂၀၁၁ နှစ်လယ်တွင် စတင် ဆောင်ရွက်နိုင်အောင် IBiz Service Provider ကုမ္ပဏီမှ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ အပြင်မှာ ရှော့ပင်းထွက်သလို အွန်လိုင်းပေါ်မှာ ရှော့ပင်း ထွက်နိုင်အောင် နည်းပညာတွေကတော့ ကျွန်တော်တို့ ကုမ္ပဏီက ၉၀ ရာခိုင်နှုန်း အဆင်သင့် ဖြစ်နေပြီ။ အိုင်တီ ပစ္စည်းတွေကနေ ဆန်၊ ဆီတွေကိုပါ အွန်လိုင်းပေါ်မှာ ဝယ်ယူနိုင်အောင် ဆောင်ရွက်သွားမှာပါ။ ဘဏ်လုပ်ငန်းတွေနဲ့ ရောင်းချချင်တဲ့ လုပ်ငန်းရှင်တွေ လာရောက် ပူးပေါင်းဖို့လဲ ဖိတ်ခေါ်ပါတယ်။ ၂၀၁၁ နှစ်လယ်လောက်မှာ ဘဏ်လုပ်ငန်းတွေနဲ့ ပူးပေါင်းလို့ မရသေးရင် အွန်လိုင်းကနေ ဈေးဝယ်သူတွေကို အိမ်အရောက်ပို့ စနစ်နဲ့ စတင်လုပ်ဆောင်သွားမယ်။ နယ်က ဝယ်တဲ့သူတွေကိုတော့ ကားဂိတ် အရောက်ပို့စနစ်နဲ့ လုပ်သွားမယ်။ ဈေးဝယ်သူတွေက www.omyanmar.com မှာဝင်ပြီး ဝယ်လို့ရမယ် ”ဟု IBiz Service Provider ကုမ္ပဏီမှ founder ကိုဝင်းထွန်းက ပြောသည်။
အဆိုပါ ကုမ္ပဏီမှ အွန်လိုင်း ရှော့ပင်းမောကြီး တစ်ခု အောင်မြင်စွာ ဖြစ်ထွန်း လာစေရန်အတွက် ဇန်နဝါရီ ၁ ရက်မှ ၁၆ ရက်အထိ မြန်မာနိုင်ငံ၌ ပထမဆုံး အွန်လိုင်း ကုန်စည်ပြပွဲကြီးကို ကျင်းပခဲ့သည်။ အဆိုပါ ပြပွဲတွင် ကုမ္ပဏီပေါင်း ၃၂ ခု ပြသခဲ့ကြောင်း သိရသည်။ အဆိုပါ ပြပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသောင်းတင်(KMD)နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် ဦးဆန်းလွင် တို့က “ နိုင်ငံတကာမှာ အွန်လိုင်း ကုန်စည် ပြပွဲတွေနဲ့ Banking Payment System က အတူဒွန်တွဲလျက်ရှိတယ်။ Credit Card စနစ်ကို အသုံးပြုပြီး အရောင်းအဝယ် ပြုလုပ်ကြတယ်။ အဲဒီလို စနစ်ကို မြန်မာနိုင်ငံရှိ ဘဏ်တွေမှာ မကြာမီ ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိကြောင်း ” ပြောကြားသွားသည်။
အွန်လိုင်း ရှော့ပင်းမောတစ်ခုအား ဖန်တီသွားမည့် IBiz Service Provider ကုမ္ပဏီမှာ ၂၀၀၉ နိုဝင်ဘာလမှ စတင်၍ အိုင်တီလောကသို့ ဝင်ရောက်ခဲ့ပြီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အတွင်း First Myanmar Online World Cup Prediction ဖြင့် အွန်လိုင်းပေါ်တွင် နာမည်ရခဲ့သော ကုမ္ပဏီတစ်ခုဖြစ်သည်။

sources: :Yangon Times

ပြည်သူ့စစ်မှုထမ်း ဥပဒေ လွှတ်တော်လုပ်ပိုင်ခွင့်ကို ထိပါး

မကြာခင် စတင် ခေါ်ယူတော့မယ့် လွှတ်တော်အသစ် မတိုင်ခင်လေးမှာ မြန်မာနိုင်ငံမှာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဆိုတဲ့ ဥပဒေကို စစ်အစိုးရက ထုတ်ပြန်လိုက်တာဟာ ဥပဒေပြု အာဏာကို ထိပါးရာရောက်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။ မကြာခင် လပိုင်းအတွင်း စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေနဲ့ ပတ်သက်လို့ NLD က ဒီကနေ့ သဘောထား ကြေညာချက် ၂ စောင် ထုတ်ပြန်ခဲ့တဲ့အထဲမှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲပြီး နောက်ပိုင်း စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ဥပဒေ၊ နည်းဥပဒေတွေဟာ မကြာခင် ပေါ်ပေါက်လာတော့မယ့် လွှတ်တော်အသစ်ရဲ့ ဥပဒေပြု အာဏာကို ထိပါးရာ ရောက်စေတဲ့အတွက် NLD ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့က သဘောထား ကြေညာချက် ၂ စောင် ထုတ်ပြန် ကြေညာလိုက်တာလို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊ ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“NLD ရဲ့ သဘောထားက လွှတ်တော်ဆိုတာ ရွေးကောက်ပွဲတွေတောင် ပြီးသွားပြီ။ အဲတော့ လွှတ်တော်ရှိမယ်။ လွှတ်တော်က ဥပဒေပြုအာဏာ အမြင့်ဆုံး အာဏာပိုင်။ အဲဒီကို မရောက်ခင် ကြိုပြီးတော့ ထုတ်တာမျိုးက ဥပဒေပြု အာဏာကို ထိပါးရာ ရောက်တယ်လို့ ကျနော်တို့ အဲဒီလို သဘောထားပါတယ်။”

အထူးသဖြင့်တော့ အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်အကြား အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဆိုတဲ့ ဥပဒေဟာ အများပြည်သူနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ကိစ္စ ဖြစ်တဲ့အတွက် အခုလို ဥပဒေ မထုတ်ပြန်ခင် ပြည်သူလူထုရဲ့ သဘောထားကို အရင်ကောက်ခံပြီး လွှတ်တော်အတွင်း အချေအတင် ဆွေးနွေးပြီးမှ ထုတ်ပြန်သင့်တဲ့ ဥပဒေမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီဥစ္စာ ပြည်သူ့လွှတ်တော်က မကြာခင် ပေါ်ပေါက်တော့မှာ။ ပြည်သူ့လွှတ်တော်ကသာ ဥပဒေပြုအာဏာ ရှိတယ်။ ဒီပေါ်ပေါက်ခါနီးမှ အခုလို ထုတ်တာက မသင့်လျော်ဘူး။ ပြီးတော့ ပြည်သူ့စစ်မှုထမ်း ဥပဒေက ဆိုရင် ပြည်သူအများနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စ၊ ဒီလိုကိစ္စမျိုးဟာ ပြည်သူတွေရဲ့ ဆန္ဒကို တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးတော့ပဲ ဖြစ်ဖြစ်၊ ပြည်သူ့လွှတ်တော်မှာ အချေအတင် ဆွေးနွေးပြီးတော့မှ ထုတ်ပြန်သင့်တယ်လို့ ကျနော်တို့ အဲဒီလို သဘောထား ပေးတာပါ။”

NLD က ဒီကနေ့ ထုတ်ပြန်တဲ့ ပထမ ကြေညာချက်ထဲမှာတော့ စစ်အစိုးရက ၂၀၁၀ ခုနှစ် အောက်တိုဘာလအတွင်း ဥပဒေ၊ နည်းဥပဒေ ၂၆ ချက်ကို ထုတ်ပြန်ခဲ့ပေမဲ့ အဲဒီ ဥပဒေတွေကို အများပြည်သူ သိရှိနိုင်အောင် နေ့စဉ်ထုတ် သတင်းစာတွေကနေ ထုတ်ပြန်ပေးခြင်း မရှိတဲ့အတွက် အများပြည်သူတွေ သိရှိခွင့် မရခဲ့ဘဲ စာအုပ်အဖြစ် ထုတ်ဝေဖြန့်ချိမှသာ သိရှိခွင့် ရခဲ့တာ၊ နောက် အများပြည်သူ အားလုံးနဲ့ဆိုင်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ထုတ်ပြန်ခဲ့ပေမဲ့ အဲဒီ စစ်ဥပဒေတွေကို အများပြည်သူ သိရှိနိုင်အောင် ရောင်းချပေးခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။

အခုလို ဥပဒေတွေ ကြိုတင် ထုတ်ပြန်တာဟာ မကြာခင် ပေါ်ပေါက်လာတော့မယ့် လွှတ်တော်အနေနဲ့ ဥပဒေပြုအာဏာ မရှိဘူးဆိုတာ ပေါ်လွင်နေပြီး ဒီဥပဒေတိုင်းကို လွှတ်တော်ကိုယ်စားလှယ်တွေက ရှုထောင့်ပေါင်းစုံက သုံးသပ် ဝေဖန်ပြီးမှသာ ထုတ်ပြန်သင့်တာကြောင့် အခုလို ဥပဒေတွေ ထုတ်ပြန်နေတာဟာ လုံးဝ မသင့်လျော်ဘူးလို့ ဆိုပါတယ်။

NLD က ထုတ်ပြန်တဲ့ ဒုတိယ ကြေညာချက်မှာတော့ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်လို့ NLD ရဲ့ သဘောထားကို ထုတ်ဖော် ပြောဆိုထားတာ ဖြစ်ပါတယ်။ မကြာခင် လွှတ်တော်အသစ်တရပ် ပေါ်ပေါက်လာတော့မှာ ဖြစ်တဲ့အတွက် လွှတ်တော်က ဥပဒေပြု အာဏာကို အဓိက ကျင့်သုံးရမယ်ဆိုတဲ့ မူနဲ့ ဆန့်ကျင်နေတယ်လို့ ထောက်ပြ ပြောဆိုထားပါတယ်။

ဒီဥပဒေကို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီက အမိန့်ကြော်ငြာစာအဖြစ် ထုတ်ပြန်တဲ့နေ့မှာ စတင် အာဏာတည်ရမယ်လို့ အဲဒီ ဥပဒေရဲ့ ပုဒ်မ ၁(ခ) မှာ ဖော်ပြထားတာကို ကြည့်ခြင်းအားဖြင့် လွှတ်တော်မှာ ဥပဒေပြုရေးအာဏာ အပြည့်အ၀ မရှိဘူး ဆိုတာကို ထောက်ခံနေသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှုမထမ်းမနေရ ဥပဒေထဲမှာ ဆင့်ခေါ်ခွင့် ကင်းလွတ်သူများ ရှိတယ်လို့ ဖော်ပြထားတဲ့ အချက်ဟာလည်း ဒီဥပဒေ အတည်ဖြစ်လာပြီး နောက်ပိုင်း မသမာတဲ့ နည်းသုံးပြီး ကင်းလွတ်ခွင့် ပေးချင်သူကို ပေးလို့ရအောင် လမ်းဖွင့်ပေးထားသလို ဖြစ်နေတယ် စသဖြင့် ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိထုတ်ပြန်တဲ့ ဥပဒေပြု အာဏာတွေဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေပြီး NLD ဟာလည်း နိုင်ငံရေးပါတီ တခုအဖြစ် တည်ရှိနေတာကြောင့် အခုလို သဘောထား ထုတ်ပြန်တာ ဖြစ်တဲ့အကြောင်း ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“NLD က အခုလက်ရှိ ရှိတဲ့ နိုင်ငံရေးပါတီ တရပ်၊ အဲတော့ ဥပဒေပြု အာဏာတို့၊ အာဏာကြီး ၃ ရပ်တို့ဆိုတာ နိုင်ငံရေးကိစ္စတွေပဲလေ။ အဲတော့ နိုင်ငံရေးကိစ္စ တခုကို သဘောထား ထုတ်ပြန်တဲ့ သဘောပါ။”

မြန်မာနိုင်ငံက အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်အစိုးရက နိုင်ငံတော် ပြန်တမ်းအဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က တရားဝင် ထုတ်ပြန်ခဲ့တာပါ။ အခု ထုတ်ပြန်ထားတဲ့ စစ်မှုမထမ်းမနေရ ဥပဒေထဲမှာ စစ်မှုထမ်းဖို့ ပျက်ကွက်သူတွေ အနေနဲ့ အများဆုံး ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ် ချမှတ်ခံရမယ်လို့ ဖော်ပြထားပါတယ်။

sources: :VOA