Thursday, December 9, 2010

ဒေါ်အောင်ဆန်းစုကြည်၏အလှူသို့ သံဃာတော် ၇၅၀ ကျော် ကြွရောက်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ NLD အဖွဲ့ဝင်တွေက သံဃာတော်တွေနဲ့ သီလရှင်တွေကို သင်္ကန်းနဲ့ ဝတ္ထုငွေတွေ ဒီဇင်ဘာ ၈ ရက် ဒီကနေ့ ဆက်ကပ်လှူဒါန်းရာမှာ သံဃာတော် အပါး ၇၅၀ ကျော် ကြွရောက် အလှူခံတယ်လို့ သိရပါတယ်။

(Photo: AFP)
ရန်ကုန်မြို့၊ ဗဟန်း ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးရှေ့တွင် ဒီဇင်ဘာ ၈ ရက်နေ့က သံဃာများနှင့် သီလရှင်များကို ဒေါ်အောင်ဆန်းစုကြည် (အလယ်) သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ရွှေဂုံတိုင်လမ်းအဖွဲ့ချုပ်ရုံးရှေ့မှာ ဒီကနေ့ မနက် ၈ နာရီက စတင် လှူဒါန်းတဲ့ ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။
“သင်္ကန်းဆက်ကပ်လှူဒါန်းဖို့ ဆောင်ရွက်ရတဲ့ ကိစ္စကတော့ ဒေါ်စု ထောင်ကျနေစဉ်နဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်မှာ အင်္ဂါနေ့တိုင်း အဖွဲ့ချုပ် ဗဟို အမျိုးသမီး လုပ်ငန်းအဖွဲ့ကနေပြီးတော့ ဆွမ်းလောင်းလှူပွဲ လုပ်ခဲ့တယ်။ အဲဒီ ဆွမ်းလောင်းလှူပွဲမှာ လာရောက်ပြီးတော့ ချီးမြှင့်တော်မူတဲ့ သံဃာတော်တွေကို ရည်ရွယ်ပြီးတော့ သင်္ကန်း လှူဒါန်းတာ ဖြစ်တယ်၊ သင်္ကန်းတစုံစီ။” “နောက်ပိုင်းမှာ ကြွရောက်တဲ့ သံဃာတော်တွေက များလာတဲ့အခါကျတော့ နောက်ပိုင်း တချို့သံဃာတွေကိုတော့ ဝတ္ထုငွေပဲ လှူဒါန်းနိုင်တော့တယ်။ အလှူခံတဲ့ သံဃာတော် ခုနစ်ရာနဲ့ ငါးဆယ့်ရှစ်ပါး၊ အဲ သံဃာတော်တွေ ပြီးတဲ့အခါကျတော့ သီလရှင် ဆရာလေးတွေကိုလည်းပဲ မျက်နှာသုတ် တဘက်တွေ ဆက်ကပ်လောင်းလှူတယ်။ အဲဒီမှာလည်း သီလရှင်ဆရာလေး တရာ တဆယ့်နဲ့ ကိုးပါး လှူဒါန်းခဲ့တယ်။ သံဃာတော်တွေကလည်း အလွန် ကြည်နူးဝမ်းမြောက်ကြပြီးတော့ ဆုတောင်းမေတ္တာ ပို့သကြတယ်။”
သံဃာတော်တွေကို သင်္ကန်းကပ်လှုပွဲကို ကြိုတင် ရောက်ရှိနေတဲ့ Paris Match ဆိုတဲ့ မဂ္ဂဇင်းက ဓာတ်ပုံရိုက်ယူခဲ့တဲ့အပြင် မဂ္ဂဇင်းသတင်းထောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ မေးမြန်းခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနောက် သက်ရှိထင်ရှား ရှိနေတဲ့ ငြိမ်းချမ်းရေးဆုရှင်တွေရဲ့ ဓာတ်ပုံတွေကို စာအုပ်ထုတ်ဝေဖ စီစဉ်နေတဲ့ ဂျပန်ဓာတ်ပုံဆရာ မစ္စတာ အူဆုအိဆိုသူက အလှူပွဲ ဓာတ်ပုံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဓာတ်ပုံရိုက်ပြီးနောက် ၁၀ မိနစ်ကြာ တွေ့ဆုံစကားပြောခဲ့ပါတယ်။

source: ; RFA

အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ


အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း။
ဓာတ်ပုံ By Men Kimseng, VOA Khmer
အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း။

မြန်မာနိုင်ငံကို ၄ ရက်ကြာ သွားရောက်တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) က ဒီနေ့ ဒုတိယမြောက်နေ့မှာ နေပြည်တော်ကို ရောက်ရှိနေပါတယ်။ မစ္စတာ ဂျိုးဇက် ယွန်းက အမေရိကန် အစိုးရ အနေနဲ့ နောက်တက်လာမယ့် အစိုးရကို ထိတွေ့ ဆက်ဆံသွားမှာ ဖြစ်သလို လက်ရှိ ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကိုလည်း ဆက်လက် ကျင့်သုံးသွားမယ်လို့ ပြောပါတယ်။ အမေရိကန်နဲ့ မြန်မာစစ်အစိုးရ အကြားက ထိတွေ့ ဆက်ဆံမှုတွေရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ မြန်မာနိုင်ငံကို ၄ ရက်ကြာ ရောက်ရှိနေတဲ့ မစ္စတာယွန်းက မနေ့က ခရီးရောက်မဆိုက်ဘဲ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ ၈ ခုနဲ့ တွေ့ဆုံတဲ့အချိန် အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မြန်မာစစ်အစိုးရနဲ့ အမေရိကန် အစိုးရကြား ထိတွေ့ ဆက်ဆံမှုတွေရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ရော တိုင်းပြည်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို လေ့လာဖို့ အတွက်ပါ မြန်မာနိုင်ငံကို ရောက်နေတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ ၈ ခုက ခေါင်းဆောင်တွေနဲ့ မနေ့ နေ့လယ်ပိုင်းက တနာရီကျော်ကြာ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့တာပါ။
အဲဒီလို တွေ့ဆုံတဲ့နေရာမှာ အဓိကအားဖြင့်တော့ သူ့ဘက်က သိချင်တာတွေကို မေးမြန်းခဲ့ပေမဲ့ အမေရိကန် အစိုးရရဲ့ သဘောထား တချို့ကိုလည်း ပြောပြခဲ့တဲ့အကြောင်း ဂျိုးဇက် ယွန်းနဲ့ တွေ့ဆုံခဲ့သူ တဦးဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး တဦးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်းက ပြောပါတယ်။
“သူတို့အစိုးရ အနေနဲ့ တက်လာတဲ့ အစိုးရကိုလည်း ဆက်ဆံမယ်။ ပြီးတော့ Sanction ကိုလည်း ဆက်ပြီးတော့ ကျင့်သုံးမယ်လို့ ပြောပါတယ်။ သူက အိုဘားမားကို ပြန်ပြောပါ့မယ်တဲ့၊ လောလောဆယ် သူတို့ကလည်း Action တခုခု လုပ်ဖို့ဆိုတာ အကြီးအကျယ် ဆုံးဖြတ်ပြီးမှ လုပ်ရတဲ့အတွက် မလွယ်ဘူးလို့ ပြောပါတယ်။”
မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက လက်ရှိ ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုဟာ ထိရောက်မှု မရှိတဲ့ အကြောင်းနဲ့ ဒီအပေါ် အခြေခံပြီး နှစ်ဘက် အပြန်အလှန် အတိုးအလျှော့ လုပ်သင့်တာလုပ်ပြီး အမျိုးသား ရင်ကြားစေ့ရေး ကိစ္စအတွက် ပြောဆိုဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရင် ကောင်းမယ်ဆိုတာကို အကြံပြုခဲ့တယ်လို့ ဒီတွေ့ဆုံမှုမှာ ပါဝင်သူ နောက်တဦးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ပြောပါတယ်။
“Sanction ကိစ္စပေါ့၊ စီးပွားရေး ပိတ်ဆို့ အရေးယူမှု ကိစ္စနဲ့ ပတ်သက်လို့တော့ ဒါဟာ ကျနော်တို့ ဆွေးနွေးတာကတော့ အမေရိကန် အစိုးရပေါ့၊ အခုလောလောဆယ် လက်ရှိ အိုဘားမား အစိုးရ အနေနဲ့ တက်ခါစကတည်းက ပြောထားပြီးပြီ။ ဒီ Sanction ဟာ ထိရောက်မှုလည်း မရှိဘူးဆိုတာ သူတို့ ၀န်ခံပြီးသားပဲလို့။ အဲတော့ ဒီဟာရှိနေခြင်းအားဖြင့် ကျနော်တို့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စမှာ အထောက်အကူ မဖြစ်တဲ့အပြင် အဟန့်အတားတောင်မှ ဖြစ်နိုင်တယ်။
“နောက်တခုက တကယ်တမ်း ရေရှည်မှာ စီးပွားရေး ထိခိုက်တာကတော့ အောက်ခြေ လူထုပဲလို့။ အဲဒါကြောင့် ဒါကိုတော့ ပြန်ပြီး စဉ်းစားသင့်တယ်။ Sanction ကိစ္စကို အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ နောက်ခံနဲ့ ပြန်စဉ်းစားသလိုပဲ လက်ရှိ အာဏာပိုင်တွေ အနေနဲ့ကလည်း နိုင်ငံရေး အကျဉ်းသားများ ဆက်ပြီးတော့ အခုလို ထိန်းသိမ်းထားခြင်းဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အဟန့်အတား ဖြစ်စေတဲ့ အတွက်ကြောင့် ဒါကိုလည်းပဲ ပြန်ပြီးတော့ စဉ်းစားသင့်တယ်။
“အဲဒီလို သူ့ဘက် ကိုယ့်ဘက် ပြန်စဉ်းစားပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်ကို အတူတူတက်မယ် ဆိုရင်တော့ ရှေ့ ကျနော်တို့နိုင်ငံရဲ့ အနာဂတ်ဟာ ဒီ့ထက်ပို ကောင်းမွန်လာနိုင်ပါတယ်လို့ ကျနော်ကတော့ အဲဒီလို ဆွေးနွေးပါတယ်။”
ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးကိစ္စ အပါအ၀င် မကြာခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ကိစ္စတွေကိုလည်း ဂျိုးဇက် ယွန်းနဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဒေါက်တာ သန်းငြိမ်းက ပြောပါတယ်။
ဒေါ်ချိုချိုကျော်ငြိမ်းကတော့ ဂျိုးဇက် ယွန်းဟာ မြန်မာနိုင်ငံအကြောင်း အတော်လေး သိထားပုံရတယ်လို့ သုံးသပ်ပါတယ်။ နောက် အမေရိကန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံကို လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးဖို့ အစီအစဉ် ရှိပေမဲ့ အကူအညီပေးမယ့်သူတွေ မြန်မာနိုင်ငံထဲလာဖို့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်တဲ့နေရာမှာ အခက်အခဲ ရှိတာတွေကိုလည်း ဂျိုးဇက် ယွန်းက ပြောပြခဲ့တယ်လို့ ဒေါ်ချိုချိုကျော်ငြိမ်းက ပြောပါတယ်။
“အမေရိကန်ကနေ မြန်မာပြည်ကို အကူအညီတွေလည်း ပေးဖို့ရှိတယ်။ ဒါပေမဲ့ အဲဒီမှာ ပြည်သူတွေကို ထပ်ကူဖို့၊ Humanity အကူအညီတွေ ပေးဖို့ သူက ကြိုးစားတယ်။ ဒါပေမဲ့ အခုလောလောဆယ် မြန်မာပြည်မှာ ဗီဇာခက်တဲ့အတွက် နောက်ထပ်တိုးဖို့ လူတွေ ဗီဇာရဖို့ သူကြိုးစားရမယ်လို့ ပြောပါတယ်။ ဒါကို သူတွေ့တဲ့ပုဂ္ဂိုလ်တွေ၊ ဘယ်ဝန်ကြီးနဲ့ပဲ တွေ့ရတွေ့ရ သူ ဒီဟာကို ဆွေးနွေးမယ်လို့ ပြောသွားပါတယ်။”
မနေ့က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပြီး ဂျိုးဇက် ယွန်းဟာ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း အပါအ၀င် နေပြည်တော်မှာရှိတဲ့ စစ်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဖို့ နေပြည်တော်ကို ခရီးဆက်သွားတယ်လို့ ဆိုပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေနဲ့ရော စစ်အစိုးရ အရာရှိတွေနဲ့ပါ နောက်ဆုံး တွေ့ဆုံခွင့်ရခဲ့တဲ့ အမေရိကန် အဆင့်မြင့် အရာရှိကတော့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဖြစ်ပါတယ်။
နေပြည်တော်မှာရှိတဲ့ စစ်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံပြီးနောက်မှာတော့ ဂျိုးဇက် ယွန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပါအ၀င် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေနဲ့လည်း အခုလ ၁၀ ရက်၊ သောကြာနေ့မှာ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

source: ; VOA

Sunday, December 5, 2010

ဒေါက်တာသန်းထွန်းရဲ့ နောက်ဆုံးနှစ် နောက်ဆုံးနေ့ထဲက နောက်ဆုံး သမိုင်းစကားတွေ


Written by မောင်နွေထက်   
b33623''ကျွန်တော့်ရဲ့ အစွဲအလန်းတစ်ခုက ရှေးဟောင်း မြန်မာသမိုင်း သုတေသန ဖြစ်တယ်။ ဒီလမ်းကို ငါလျှောက်တယ်။ စွန့်သင့်သလောက် စွန့်ပါတယ်။ အသက်အရ ပြောရရင်တော့ နေ၀င်ချိန်ပေါ့။ ဒါပေမဲ့ သုတေသနမှာတော့ ရှင်သန်လျက်။ ခုထိ တက်ကြွနေသေးတယ်''
သန်းထွန်း
မြန်မာအထွေထွေရေးရာသမိုင်း
အမှာစာ

၃၀ နိုဝင်ဘာ ၂၀၀၅ မနက် ၂း၂၄ နာရီမှာ ကွယ်လွန်ခဲ့တာပါ။ ဆရာသန်းထွန်း ကွယ်လွန်တော့ အသက် ၈၂ နှစ် ရှိရှာပါပြီ။ ဆရာဟာ မကွယ်လွန်မီ တစ်ရက်အလို ၂၉ နိုဝင်ဘာ ၂၀၀၅ မနက်ခင်းမှာ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ နှစ် ၉၀ ပြည့် မွေးနေ့ပွဲ ရောက်လာခဲ့တာပါ။ အဲဒီနေ့က သေခြင်းကင်းရာ မြို့ကလေးလို့ အမည်တွင်တဲ့ အမရပူရ မြို့ကလေးထဲ (တောင်မြို့)က တောင်သမန်အင်းဇောင်းက တောင်လေးလုံး ကျောင်းကလေးရဲ့ စက္ကူပန်းရုံအောက်က ကြိမ်ကုလားထိုင်ပေါ်မှာ အဖြူရောင်၊ အပြာစင်း၊ အနီပတ် အနွေးထည်နဲ့ ထိုင်ပြီး စတီးတုတ်ကလေးကိုင်ပြီး မိန့်မိန့်ကြီး ထိုင်နေတဲ့ ဆရာသန်းထွန်း။
စာရေးဆရာမကြီး လူထုဒေါ်အမာ ၉၀ ပြည့် မွေးနေ့ကျင်းပတော့ အမှာစကာွးေပြောကြ၊ ငြိမ်းချမ်းရေး ချိုးငှက်ကလေးတွေ လွှတ်ကြ။ လူထုဒေါ်အမာက ၅ ကောင် လွှတ်ပါတယ်။ ၅ ကောင်စလုံး ကောင်းကင်ပေါ်တက်လို့။ မဟာကဗျာဆရာကြီး ဒဂုန်တာရာက သုံးကောင် လွှတ်ပါတယ်။ ကောင်းကင်ပေါ် ချိုးကလေးတွေ ပျံတက်လို့။ လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့။ မြန်မာ့သမိုင်းပညာရှင် ဆရာသန်းထွန်းက ငြိမ်းချမ်းရေး ချိုးဖြူကလေးတစ်ကောင်ကို သူ့ညာ လက် အစုံပေါ်ကနေ လွှတ်လိုက်တော့ ဆရာသန်းထွန်း လွှတ်လိုက်တဲ့ ချိုးကလေးက ဆရာနဲ့တစ်လံလောက်အကွာ သူဌေးရင်ပြင်ထဲက မွေးနေ့ပွဲ တက်ရောက်လာတဲ့ ပရိသတ်တွေကြား ဖုတ်ကနဲ ကျသွားရှာတယ်။ ပရိသတ်တွေရဲ့ အသံတွေက ဟာခနဲ ဟင်ခနဲ၊ အာမေဠိတ် အသံတွေ လွှမ်းသွားရှားတယ်။ ဒါ ဆရာ့နောက်ဆုံးနေ့အတွက် နောက်ဆုံး နိဂုံးနိမိတ် ဖြစ်နေတယ်ဆိုတာ ဘယ်သူမှ သတိမထားမိကြပါ။

ဆရာသန်းထွန်းဟာ သူနှစ်ပေါင်းများစွာ သမိုင်းသုတေသန တာဝန် ထမ်းဆောင်ခဲ့တဲ့ သမိုင်းပါမောက္ခ စားပွဲပေါ်ကနေ သမိုင်းထဲက ဒီဇိုင်း ဆိုတဲ့ စာမျက်နှာ ၂၁၁ မျက်နှာရှိတဲ့ စာအုပ်ကို ပရုကိုယ်တိုင် ဖတ်ပြီး စာပြင်ပေးရှာပါသေးသတဲ့လေ။ ဒါ ဆရာ နောက်ဆုံးဖတ်ခဲ့တဲ့ ပရုဆိုရင် မမှားတန်ရာပါဘူး .  .  .
စာရေးဆရာမကြီး လူထုဒေါ်အမာက ''၂၉ နိုဝင်ဘာ ၂၀၀၅ နေ့က ကျွန်မ အသက် ၉၀ ပြည့်မွေးနေ့ကို ဆရာက လာရှာတယ်။ တောင်လေးလုံးမှာ တက်လာရှာတယ်။ ကျွန်မနဲ့အတူတူ ငြိမ်းချမ်းရေး ချိုးငှက်ကလေးကို ၀င်လွှတ်ပေးတယ်။ ဒီမွေး နေ့ကလည်း စည်လိုက်တာ။ လူတွေကလည်း ကျိတ်ကျိတ်တိုး။ ဆရာ့ကို ကျွန်မ စကားမပြောလိုက်ရဘူး။ဒါနဲ့သာ လူချင်းခွဲကြရော အဲဒီနေ့ညက ဆရာ တက္ကသိုလ်သမိုင်းဌာနမှာ အိပ်သတဲ့။ ၃၀ ရက်နေ့ မနက်လင်းအားကြီး ၂း၂၄ မိနစ်မှာ ဆရာ ရုတ်တရက် အနိစ္စ ရောက်သွားရှာသတဲ့''လို့ ဆိုပြီး ၂၀၀၆ ခုနှစ် ဧပြီလထုတ် ကလျာမဂ္ဂဇင်းမှာ 'လွမ်းလို့ မဆုံးနိုင်ပါလား ဆရာရယ်'ဆိုပြီး ဆို့ဆို့နင့်နင့် ကြေကြေကွဲကွဲနဲ့ မော်ကွန်းထိုးခဲ့ပါတယ်။
ဆရာဟာ မဆုံးခင် တစ်ရက်အလိုမှာ လူထုဒေါ်အမာရဲ့ ၉၀ ပြည့် မွေးနေ့ပွဲကို တကူးတကလာပြီး ဒေါ်အမာက ''ကျွန်မစကားမပြောလိုက်ရဘူး'' ဆိုတဲ့ စာစကားအရ၊ စကားတစ်ခွန်းတစ်ပါဒမှ မပြောလိုက်ကြရတာ ထင်ရှားပါတယ်။ ဆရာသန်း ထွန်းဟာ တောင်လေးလုံးက မွေးနေ့ပွဲအပြီးမှာ ၈၄ လမ်းနဲ့ ၃၃လမ်းထောင့် ဂုန္တာန်ဝင်းထိပ်က လူထုတိုက်ကို သူတပည့်တွေနဲ့ အတူ ရောက်ပါသေးတယ်။ ဒါပေမယ့် စာရေးဆရာမကြီး လူထုဒေါ်အမာက ၉၀ ပြည့် မွေးနေ့ဆိုတော့ ဧည့်သည်တွေနဲ့ စည် ကားနေလို့ ဆရာက မတွေ့တော့ပဲ တပည့်တွေနဲ့အတူ ထွက်သွားရှာပါတော့တယ်။
တကယ်တမ်း ဆရာတည်းခိုရမှာက ၃၂ နဲ့ ၃၃ လမ်းကြား ၈၃ လမ်းပေါ်က 'Silver Swan' တည်းခိုခန်းမှာ ဖြစ်ပါတယ်။ ဒီတည်းခိုခန်းမှာ နိုဝင်ဘာ တန်ဆောင်မုန်း ဆောင်းတွင်းမို့ အနွေးခန်းနဲ့ ပြင်ဆင်ထားတဲ့ တည်းခိုခန်းပါ။ ဆရာက  ဒီတည်းခိုခန်းကို မတည်းခိုဘဲ သူ ၁၇ နှစ်နီးပါး ပါမောက္ခတာဝန်ကို တာဝန်ကျေကျေ ထမ်းဆောင်ခဲ့တဲ့ မန္တလေးတက္ကသိုလ်ထဲက သမိုင်းဌာနကို သွားတည်းရှာတာပါ။ အဲဒီနှစ် အဲဒီနေ့က ထူးထူးခြားခြား မန္တလေးမှာ အအေးလှိုင်းကျနေတဲ့ အချိန်ပေါ့။ ဆရာဟာ သစ်ရိပ်တွေနဲ့ အေးချမ်းပြီး အေးမြလှတဲ့ မန္တလေးတက္ကသိုလ် ၀င်းထဲက သမိုင်းဌာနမှာ သွားတည်းရှာတာ။
ဆရာသန်းထွန်းဟာ သူနှစ်ပေါင်းများစွာ သမိုင်းသုတေသန တာဝန် ထမ်းဆောင်ခဲ့တဲ့ သမိုင်း ပါမောက္ခ စားပွဲပေါ်ကနေ သမိုင်းထဲကဒီဇိုင်းဆိုတဲ့ စာမျက်နှာ ၂၁၁ မျက်နှာရှိတဲ့ စာအုပ်ကို ပရုကိုယ်တိုင်ဖတ်ပြီး စာပြင်ပေးရှာပါသေးသတဲ့လေ။ ဒါ ဆရာနောက်ဆုံး ဖတ်ခဲ့တဲ့ ပရုဆိုရင် မမှားတန်ရာပါဘူး။ ဒီသမိုင်းထဲက ဒီဇိုင်းစာအုပ်ဟာ ဆရာကွယ်လွန်ပြီး သိပ်မကြာ ၂၀၀၆ ဇန်န၀ါရီလထဲမှာ ထွက်ရှိလာပါတော့တယ်။
သမိုင်းထဲက ဒီဇိုင်းစာအုပ်မှာ အမှာစာဆိုပြီး ၈ မျက်နှာ အမှာစာ တိုတိုကလေး ပါပါတယ်။ ဒီ အမှာစာဟာ ဆရာသန်းထွန်းရဲ့ နောက်ဆုံး အမှာစာ ဖြစ်နေရှာပါတယ်။
မြန်မာရှေးဟောင်းသမိုင်းကို အထူးပြုပြီး ရေးနိုင်ဖို့ အထောက်အထားရှာတဲ့အခါ ကျောက်စာကို အရင်းမူလထားပါတယ်။
ကျောက်စာကို ခေတ်ပြိုင်မှတ်တမ်းဆိုပြီး အကောင်းစား အထောက်အထားစာရင်းမှာ သွင်းပေမယ့် သတိထားပြီး အသုံးပြုဖို့ လိုပါတယ်။ ပြီးတော့ ကျောက်စာကို အားကိုးချင်လို့ စစ်ဆေးတယ် ဆိုရာမှာ ဘာကို အခြေခံပြီး စစ်သလဲလို့ မေးရင်ဖြေဖို့ ခပ် ခက်ခက်ပါ။ ဖြေနိုင်သလောက် ဖြေပါမယ်။ 'ခေတ်ပြိုင်ကျမ်းစာအုပ်တွေ ရှိတယ်။ အဲဒီခေတ်ပြိုင် မှတ်တမ်းမှာ မင်းဆက် မပျက်မကွက်ပါမယ်။ အဲဒါတွေနဲ့ တိုက်ဆိုင်ပြီး ကြွားတဲ့စကား၊ ညာတဲ့စကား မပါစေရအောင် ရှင်းရပါတယ် အဲဒီလိုဖြစ်အောင် ကျွန်တော် ကြိုးစားဆောင်ရွက်ပါတယ်'။
ဆရာသန်းထွန်း ဆုံးပါးခဲ့ပေမယ့် ၂၀၀၅ ခုနှစ်မှာ ဆရာ့ရဲ့ စာအုပ်တွေ ထွက်လာပါတယ်။ နောက်ဆုံးနှစ်ထဲက နောက်ဆုံးမတိုင်မီ ထွက်ခဲ့တဲ့ ဆရာ့စာအုပ်တွေက
- ၂၀၀၅ မတ် - မြန်မာအထွေထွေရာရာသမိုင်း၊ ဒေါက်တာသန်းထွန်း ၈၂ နှစ်ပြည့်မွေးနေ့။ (၆ ဧပြီ ၂၀၀၅) အမှတ်တရ။၂၀၀၅ ဇူလိုင်
- ပုဂံခေတ် နိုင်ငံရေးသမိုင်း။၂၀၀၅ သြဂုတ်
- ပုဂံခေတ် လူမှုရေး၊၂၀၀၅ အောက်တိုဘာ
- လူကျော် (မြန်မာပြန်) စတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။
၆ ဧပြီ ၂၀၀၅ သန်းထွန်း ၈၂ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်၊ အမှတ်တရ ထုတ်ဝေတဲ့ (၂၀၀၅ ခု မတ်လက ထုတ်ဝေခဲ့တဲ့ 'မြန်မာအထွေထွေရာရာသမိုင်း' စာအုပ်ထဲက အဖွင့်စကားနဲ့ အမှာစာ-၁ 'မွေးနေ့ပွဲ' အမှာစာ-၂ 'ပွဲတွေ့အမှား' စာတွေဟာ ထူးခြားနေပါတယ်။ ဒီစာအမှာတွေကို ဆရာသန်းထွန်း သက်ရှိထင်ရှားရှိစဉ်၊ နောက်ဆုံးနှစ်မှာ နောက်ဆုံးနေ့ မတိုင်မီ ထွက်ရှိခဲ့တဲ့ စာအုပ်တွေထဲက စာအုပ်မို့ ထူးခြားပါတယ်
'' 'လ' ကိုကြည့်စမ်းပါ။ လ ပြည့်ဆိုတာတောင် ကိုယ့်ဘက်က တစ်ခြမ်းပဲ မြင်ရတာ။ နောက်ဘက်ခြမ်းကို မြင်ကြရတာ မဟုတ်ပါ။ ဖြည်းဖြည်းမြင်ရာက တဖြည်းဖြည်း လျော့နည်းပြီး လုံးဝ ပျောက်ကွယ်သွားတယ်။ နောက် တရေးရေးပေါ်လာပြီး ကြီးလာတော့ အကုန်မြင်ရပြီလို့ စိတ်ကထင်ပေမယ့် ထက်ခြမ်းပဲ မြင်ကြရတယ်''
''ဒီလိုပဲ မြန်မာသမိုင်းကိုလည်း ငါတို့ သိလှပြီလို့ ထင်တဲ့အခါမှာတောင် ထက်ဝက်လောက်ပဲ သိတယ်။ လုံးဝမသိလိုက်တဲ့ သမိုင်းကလည်း အများကြီးရှိသေးတယ်''
''အဲဒီလို မြန်မာ့သမိုင်း ပညာရှင်ကြီး တစ်ယောက်က ပြောဖူးတယ်'' 'မွေးနေ့ပွဲ'ဆိုတဲ့ အမှာစာ ၁ ထဲက ဘာကြောင့် မွေးနေ့ကျင်းပရသလဲ ဆိုတဲ့ အမှာစကားကို ထုတ်ပြပါရစေ။
''ကျွန်တော့် ၈၁ နှစ်ပြည့် မွေးနေ့ ၆ ဧပြီ ၂၀၀၄ ကို အမရပူရ တောင်လေးလုံးမှာ လုပ်တယ်။ ကျောင်းဆရာသက် အနှစ် ၆၀ ဆိုတော့ နယ်အရပ်ရပ်က လူအမျိုးမျိုး လာကြတယ်''
''သွားရမည့် ခရီးကား ဝေးသေး၏။ ခြေသာလျင် ယာဉ်ရှိကုန်၏ ဆိုတဲ့အတိုင်း ကျွန်တော်လျှောက်တဲ့ခရီးက အများကြီး ကျန်သေးတယ်။ အသက် ၈၁ နှစ်ဆိုတော့ အလုပ်လုပ်ချိန် နည်းလာပြီ။ အဲဒီအခါမှ ကုန်းကြောင်း လျှောက်နေရင် ခရီးမထွင် တော့ပါ။ အဲဒါကြောင့် RELEIGH ကစားသလို ငါ့ဝန်ကို မင်းတို့ ဆက်သယ်ပေးပါလို့ ပြောချင်တာနဲ့ မွေးနေ့ပွဲလုပ်တာ ဖြစ်ပါတယ်။
'ပွဲတွေ့အမှား'ရဲ့ ခေါင်းတပ်ထားတဲ့ စာရေးသူရဲ့ အမှာစာ - ၂ မှာတော့ ''သမိုင်းသုတေသန လုပ်တဲ့သူက ဘယ်သူ့ကိုမှ မစော်ကားပါ။ ရန်မလုပ်ပါ။ သမိုင်းဟာ သင်ခန်းစာ ဖြစ်တယ်''
''သမိုင်းကို ကောင်းကောင်းလေ့လာရင် အမှားကို ရှောင်တတ်မယ်။ အမှန်ကို တွေ့တတ်တယ်''
''သမိုင်းမှာ ဘာတစ်ခုမှ အထောက်အထား မရှိဘဲ ဗလာမခွပ်ဘူး။ ဆရာဇော်ဂျီ ခဏသုံးတဲ့ ဒါမျိုးတော့ ဖြစ်နိုင်စရာ ရှိပါတယ်။ ယူသော်ရ၏။ ဆိုတဲ့အသုံးကိုတောင် ငှားမသုံးဘူး။ တစ်ကြောင်းမျဉ်းပဲ။ ဒီလမ်း တည့်တည့်လျှောက်သွားရင် နင် ချောက်ထဲကျရင် မာလကီးလိမ့်မယ်လို့ ကာတွန်းဘဂျမ်းလို ထင်ထင်ရှားရှား မြင်သာအောင် အရုပ်ဆွဲပြတယ်''
''အကောင်းအဆိုးခွဲတာ သမိုင်းရဲ့အလုပ် ဖြစ်ပါတယ်''
စာအုပ်မွေးနေ့ဆိုတဲ့ စာအုပ်မွေးနေ့ အကြောင်း ပြောထားတဲ့ သုတေသန နည်းသစ်တစ်ခုကို စိတ်ဝင်စားဖွယ် ဖတ်ရှုရပါတယ် 'စာအုပ်မွေးနေ့' ဆိုတဲ့ ဆရာသန်းထွန်းရဲ့ အမှာစကားကို ဖော်ပြလိုက်ပါတယ်။
'' 'စာအုပ်မွေးနေ့' ကိုလည်း ကျွန်တော်တို့ ဂရုစိုက်တတ်တယ်။ တက္ကသိုလ်က ပထမဘွဲ့ရပြီး ဆက်ပညာရှာမှ သိလာတယ်။ ဆိုလိုတာက ဥပမာ ပုဂံအကြောင်း စာအုပ်တစ်အုပ် ရတဲ့အခါ ဘယ်ရက်က ရေးတာလဲ ဆိုတာ မသိသိအောင် ရှာရတယ်။ ဘာပြုလို့လဲ ဆိုတော့ မြန်မာရှေးဟောင်း သုတေသနမှာ ပုဂံအကြောင်း ရေးတဲ့စာအုပ်ကို အသုံးပြုတယ်ဆိုရင်
၁။ ဘယ်သူရေးတာလဲ။
၂။ ဘယ်တုန်းကရေးသလဲဆိုတာ သိရမယ်။ မသိလို့မဖြစ်ပါ။ ဥပမာနဲ့ ပြောပါရစေ။ ရှေးဟောင်းမြန်မာသမိုင်းမှာ နာမည်ကြီးတဲ့ ပါမောက္ခဂျီအိပ်ခ်ျလုစ် (G H Luce) ရေးတဲ့ ပုဂံသမိုင်း စာအုပ်ဆိုရင် ဒီစာအုပ်ကောင်းတယ်လို့ သိတယ်။ ဒါပေမယ့် ၁၉၆၈ က ရေးပြီးတယ်ဆိုရင် အနှစ်လေးဆယ် ခေတ်နောက်ကျတယ်။ မပြည့်စုံသေးလို့ ယူဆမယ်။ သုတေသနလုပ်တဲ့ သူတွေက ဘာမဆို နောက်ဆုံးအသိကိုပဲ လိုချင်တယ်။ ပြဿနာတစ်ရပ်မှာ အရင်အနှစ် ၅၀ က သိတဲ့အဖြေထက် အခုအဖြေက ပိုပြီးကောင်းတယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ သုတေသနဘက်က အမြဲ တိုးတက်နေပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ခေတ်မီအောင် အမြဲကြိုးစားရပါတယ်။ ထပ်ပြောပါရစေ။ စာအုပ်ရဲ့ မွေးနေ့ကိုတော့ အမြဲသိအောင်လုပ်ပါ''လို့ သုတေသနနဲ့ ပတ်သက်တဲ့ ဆရာသန်း ထွန်း ရေးခဲ့ပါတယ်။
ဆရာသန်းထွန်းဟာ မြန်မာသမိုင်း နိဒါန်းစာအုပ်ရဲ့ စာမျက်နှာ ၈၃ နဲ့ ၈၄ မှာ (သမိုင်းရဲ့သမိုင်း အခန်း ၇ မှာ) ''ဦးကုလား ၁၇၁၅ လောက်ကရေးတဲ့ မဟာရာဇ၀င် ပဏာမစကားမှာ ရှင်ဘုရင်ကို မြှောက်မပြောဖူးဆိုတာကို ထင်ရှားအောင် မဟာ သမ္မတမင်း၊ မန္ဓာတ်မင်း၊ ဓမ္မာသောကမင်းတို့သည် ကြီးသော အာနုဘော် ရှိကုန်။ ထိုသို့သော မင်း စင်လျက်လည်း ပျက်ခြင်းကုန်ခြင်းသို့ ရောက်ခဲ့၏ ဟူ၍ ဆိုသောစကားသည် အနိစ္စ အစရှိသော ကမ္မဋ္ဌာန်းနှင့် ယှဉ်၍ ဆိုလတံ္တသည် ဖြစ်၍ သူတော် ကောင်းတို့သည် များသော အစီးအပွား ဖြစ်လတံ္တ ကောင်းစွာ မှတ်ကုန်နာကုန်ရာ၏။(ကုလား-၁ ၁၉၆၀-၄)
''သမိုင်းရဲ့သဘော သမိုင်းရဲ့ သမ္ဘာကို မေးလို့သာ ဖြေရတာ။ ကိုယ့် ကိစ္စမဟုတ်လို့တောင် ထင်ပါတယ်။ ဘာပြုလို့လဲဆိုတော့
(၁)လူတိုင်း သမိုင်း သိတယ်လို့ထင်တယ်။ သူ့ ဘာသာ ဘ၀င်မြင့်နေတာ။ ကိုယ်က အနေသာကြီးပါ။
(၂) အဲဒီလူတွေက သမိုင်းကို ကိုယ်လိုရာ ဆွဲသုံးတာ။
(၃)ကျွန်တော်တို့က အကျိုးနဲ့အကြောင်း ဆက်စပ်ပြတယ်။ ရလဒ်ကို ဝေဖန်ပိုင်းခြားပြီး စကြာဝတေးမင်းလည်း သေတာပဲဆိုပြီး ကမ္မဋ္ဌာန်းစာလို ဖတ်တာ ဖြစ်တယ်။ ဘယ်လိုလုပ်ရင် ပိုကောင်းမယ်ဆိုတာကိုလည်း တတ်နိုင်သလောက် ဖော်ထုတ်တယ်။ (၄) ဂတိမလိုက်ဘူး။ အားမနာဘူး။ ချစ်လို့၊ မုန်းလို့၊ ကြောက်လို့၊ မသိလို့၊ အတိုးအဆုတ် မလုပ်ဘူး။ သိတဲ့အတိုင်း ပြောတယ်။ အဲဒီလို ရိုးသားရမယ်လို့ ဆုံးဖြတ်ပြီးသား ဖြစ်တယ်။ ရေးသာရေးတယ်။ အလင်းမ၀င်တဲ့ စာလည်း ရှိတယ်။ ကြိုးစားပြီး သူများမသိတာကို ဖော်ထုတ်တယ်။ သူများ မှားတာကို ပြင်ပေးတယ်။ အဲဒါကို နားမထောင်ရင် မထောင်တဲ့ လူမှာသာ နစ်နာမှာဖြစ်တယ်။
ဒါ ဆရာသန်းထွန်း မကွယ်လွန်မီက ပြောသွားတဲ့ ဆရာသန်းထွန်းရဲ့ သမိုင်းသုတေသန၊ သမိုင်းဒသနတွေပဲ ဖြစ်ပါတယ်။ ၃၀ နိုဝင်ဘာ ၂၀၁၀ မှာ ဆရာသန်းထွန်း ကွယ်လွန်ခဲ့ရှာတာ ငါးနှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ကျွန်တော့်ရင်ထဲမတော့ မနေ့တနေ့ကလိုပဲ ထင်နေမိပါတော့တယ်။
၂၀၀၄ ဒီဇင်ဘာလက ထုတ်ဝေခဲ့တဲ့ 'သမိုင်းနဲ့စကားပြောခြင်း'ဆိုတဲ့၊ စာအုပ်၊ စာမျက်နှာ ၈ မှာပါတဲ့၊ 'သမိုင်းနဲ့သမိုင်းစကား'က ပဲ့တင်ထပ်လို့။''ကျွန်တော်ဘယ်တော့မှ အငြိမ်းစား မယူဘူး။ လုပ်လက်စ၊ မြန်မာ့သမိုင်း သုတေသန လုပ်ငန်းတွေကို ဆက်လုပ်မယ်''။

source:  : www.first-11.com

Friday, December 3, 2010

မျှော်လင့်ချက်နဲ့ လာခဲ့တဲ့ ခရီးကြမ်း

နယူးဒေလီ (မဇ္ဈိမ)။     ။ HIV နဲ့ အတူနေသူ အသက် ၄ဝ နှစ်အရွယ် ဒေါ်မိငယ် (အမည်ရင်းမဟုတ်) က “ဆေးမကုသနိုင်ဘဲ မြန်မာပြည်နေတုန်းက တအား စိတ်ဓာတ်ကျတယ်၊ စိတ်ဆင်းရဲတယ်။ ဒါပေမဲ့ ဒီရောက်ပြီး ဆေးကုသနိုင်တော့ ကိုယ့်ကိုယ်ကို အားတက်လာတယ်။ မျှော်လင့်ချက်လည်း ရှိလာတယ်’’ လို့ ပြောပါတယ်။

သူဟာ ကလေးနှစ်ယောက် မိခင်ပါ။ စစ်ကိုင်းတိုင်း ကလေးမြို့မှာ နေရင်းကနေ အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်ထဲက Churachandpur မြို့မှာ အခမဲ့ ပြုစုစောင့်ရှောက်နေတဲ့ Happiness အမည်ရ အိမ်လေးဆီ ရောက်လာသူပါ။

တရက်မှာ ကလေးမြို့က ထွက်၊ တမူးမှာ တညအိပ်ပြီးနောက် နယ်ခြားတဖက် မိုရေးမြို့ကနေ Happiness ရှိရာ Churachandpur ဆီ ခရီးဆက်ခဲ့ပါတော့တယ်။

“ကျမတို့အတွက် ART ဆေးစားရင်နေကောင်းမယ် ပေါ့နော်။ ကိုယ့်မှာ သားသမီးတွေ ရှိတယ်။ သားသမီးတွေက အသက်ငယ်သေးတယ်ဆိုတော့ သူတို့အတွက် မျှော်လင့်ချက်ရှိအောင် ဒီဆေးက မှန်မှန်စားဖို့ လိုတယ်။ ဆရာဝန်တွေကလည်း ညွှန်ကြားထားတယ်။ ဆေးကို မပြတ်အောင်စားပြီးမှ အချိန်နဲ့ မှန်မှန်စားရင် ဒီရောဂါက ဘာမှ ကြောက်စရာ မလိုဘူးဆိုပြီး ကျမတို့ကို အားပေးတယ်”

မဏိပူပြည်နယ်က စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ကို ထိစပ်နေတာ။ ဒီပြည်နယ်ထဲကမှ Churachandpur ကို ရောက်ဖို့ မိုရေးကနေ ၆ နာရီလောက် ကားစီးရတာ။ နိုင်ငံခြားသားမို့ အလွယ်တကူ ဖြတ်သန်းသွားလာခွင့် မပြုပါဘူး။

“စစ်သားတွေနဲ့ တွေ့ရင် မြန်မာပြည်က လူမှန်းသိရင် ပြန်ခိုင်းတယ်။ ပြန်ရင် လမ်းစရိတ်က ကားလက်မှတ်ဖြတ်ထားတဲ့ ၃၅ဝ က အလကားရှုံးတယ်။ မြန်မာနိုင်ငံသားအတွက် တအားအခက်အခဲရှိတယ်။ နေမကောင်းတဲ့ သူအတွက်တော့ မိုးလေးကနေ စထွက်ကတည်းက နှလုံးခုန်တွေတောင် တအားမြန်လွန်းလို့ တကယ်ကြောက်စရာကောင်းတယ်။ မိန်းကလေးအနေနဲ့ တအားပင်ပန်းတယ်။ စစ်သားတွေက မိန်းကလေးတွေကို တကိုယ်လုံး စစ်ဆေးရှာတာ။ တအား စိတ်ပင်ပန်းတာ”

Happiness မှာ ဒေါ်မိငယ်လိုပဲ HIV နဲ့ အတူနေသူတွေနဲ့ AIDS ဝေဒနာသည် မြန်မာနိုင်ငံသား ၅ဝ လောက်လောက် ရှိပါတယ်။ ဒီထဲကမှ ၁၅ ယောက်က ၁၃ နှစ်အောက် ဝေဒနာသည် ကလေးငယ်တွေပါ။ ဒါ့အပြင် နောက်ထပ် ၁ဝ ယောက်လောက်ကတော့ HIV/AIDS နဲ့ပဲ မိဘတွေက ဆုံးပါးသွားလို့ တွယ်ရာမဲ့ ကလေးတွေ။

ချင်းပြည်နယ် ဒေသတချို့အပြင် စစ်ကိုင်းတိုင်း ကလေးနဲ့ တမူးမြို့နယ်ကနေ ရောက်လာသူက အများစုပါ။

’’ဒီကိုလာတဲ့ မြန်မာပြည်သား ဝေဒနာသည်တွေက အုတ်ခဲစက်ရုံမှာလည်း အလုပ်လုပ်တယ်။ နန့်ဖာလုံဈေးကနေ ငါးတို့၊ အဝတ်အထည်တို့ ယူရောင်းကြတဲ့လူလည်း ရှိတယ်။ ကောက်စိုက်တဲ့အချိန် ကောက်ဝင်စိုက်။ စပါးရိတ်ချိန်ကျတော့ စပါးရိတ်ပေါ့။ ကြုံရာကျပမ်း လုပ်ကြတာပါပဲ’’ လို့ HIV နဲ့ အတူနေသူဖြစ်တဲ့ ကိုစွမ်းမောင် (အမည်ရင်းမဟုတ်) က ရှင်းပြပါတယ်။

ကိုစွမ်းမောင်က စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းဒေသခံတယောက် ဖြစ်ပါတယ်။

’’ဒီမှာ ဆေးကုတာ တအားကောင်းပါတယ်။ ဆရာဝန်တွေလည်း ပြောစရာမလိုဘူး။ သူနာပြုတွေဆိုလည်း ဂရုစိုက်ကြတယ်။ ကျနော့်မှာ ဒီရောဂါရှိမှန်း သိတာက ၅ နှစ်ကျော်ပြီ’’

Happiness ဂေဟာက စောင့်ရှောက်မှုပေးနေတဲ့ ခရစ်ယာန် တရားဟောဆရာ Rama က “ဒီမှာ ဆေးကုရင် စစ်ဆေးတယ်၊ ဆေးစားတယ်၊ စာထုတ်တာနဲ့ အနည်းဆုံး ၆ လ နေရတယ်။ အခြေအနေ နည်းနည်းကောင်းလာရင် ၁ လ၊ ၂ လခြား ဆေးထုတ်လို့ ရတယ်ဆိုတော့ ပြန်သွားကြတယ်။ သူတို့ရဲ့ ဆေးတွေကို ရတဲ့အချိန်မှာ သွားထုတ်ပေးတယ်၊ သူတို့ရဲ့ နေရပ်ရင်းသို့ ပို့ပေးတယ်” လို့  ရှင်းပြပါတယ်။

Happiness ကို ကူညီနေတဲ့ မြန်မာအမျိုးသမီးသမဂ္ဂ (BWU) အဖွဲ့ဝင် ဒေါ်သီတာဦးက “မြန်မာပြည်ကလာတဲ့ သူတွေက တည်းစရာခိုစရာလည်း မရှိဘူး။ အဲဒါကို တရားဟောဆရာက သူ့ရဲ့ နေအလွတ်မှာ ဖြစ်သလိုလေး ဆောက်ပေးတယ်။ အခုတော့ မဆိုးပါဘူး၊ Happiness ကို ကူညီသူတွေများလို့ ကောင်းကောင်းမွန်မွန် နေလို့ရတယ်” လို့ ပြောပါတယ်။

“လူမျိုးတွေကတော့ ချင်းတိုင်းရင်းသားတွေ များတယ်။ ဗမာတွေကတော့ ဒီဘက်လာရတာ စကားလည်း မတတ်၊ ကြောက်တာနဲ့ သိပ်မလာရဲကြသေးဘူး”

ပုဂ္ဂလိက စေတနာရှင်တွေကလည်း လှူတန်းတာတွေရှိပါတယ်။ အလှူငွေ၊ ဆန်၊ ဆီ ရိက္ခာတွေ၊ အဝတ်အစား၊ တခါသုံးအပ်တွေကိုပေါ့။ ၁၃ နှစ်အောက် ကလေးငယ်တွေကို ပညာသင်ပေးတာရှိတော့ စာရေးကိရိယာတွေ ပေးလှူပါသေးတယ်။ ဝေဒနာသည်တချို့ကလည်း လက်မှုလုပ်ငန်းတွေနဲ့ တဖက်တလမ်းကနေ ဝင်ငွေရှာပါသေးတယ်။ ဒါ့အပြင် Churachandpur ဆေးရုံနဲ့ နယ်စည်းမခြား ဆရာဝန်များအသင်း MSF ကလည်း ဆေးဝါးထောက်ပံ့ပါတယ်။

မြန်မာဘက်ခြမ်းကနေ ART ဆေးကို တလတကြိမ်ဆိုသလို လာယူသူတွေရှိသလို၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ ၂ လ၊ ၃ လ တကြိမ်မျိုး လာထုတ်သူတွေလည်း ရှိပါတယ်။

ဒီကနေ့လို ကမ္ဘာ့ AIDS နေ့မျိုးဆို ဟောပြောပွဲရှိတတ်လို့ မြန်မာနယ်စပ်နေ ဒေသခံတွေ လာနားထောင်တတ်ပါတယ်။

ရဲဌာန၊ ခရိုင်ကော်မရှင်ရုံးနဲ့ ဥပဒေထိန်းချုပ်ရေး အရာရှိရုံး တာဝန်ရှိသူတွေ၊ ဆရာဝန်တွေနဲ့ ဆေးရုံဝန်ထမ်းတွေ၊ အစိုးရမဟုတ်တဲ့ NGO တွေ၊ ခရစ်ယာန်အသင်းတော် လူကြီးတွေ၊ Happiness ဝေဒနာသည်တွေ အပါအဝင်နဲ့ လူပေါင်း ၁ဝဝဝ လောက်ဟာ ကသည်းလူငယ်အသင်း ဌာနချုပ် ခန်းမမှာ ဒီကနေ့ မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ ဟောပြောပွဲနဲ့ ပညာပေး အစီအစဉ်တွေ ကျင်းပခဲ့ပါတယ်။

မဏိပူပြည်နယ်မှ မဟုတ်ပါဘူး။ HIV/AIDS ဝေဒနာသည်တွေကို လူသားချင်းစာနာတဲ့ စောင့်ရှောက်မှုကို မီဇိုရမ် ပြည်နယ်မှာပါ ပေးနေတာပါ။

“အခု အိုက်ဇော (ပြည်နယ်မြို့တော်) ပြည်သူ့ဆေးရုံမှာ (အောအာရ်တီ) ဆေးဝါးတွေကို အခမဲ့ပေးနေပါတယ်။ ဗမာပြည်သားတွေလည်း ရတယ်။ လူမျိုးရေး မခွဲခြားဘူး။  ရောဂါရှိရင် ဘယ်လိုဆေးဝါးယူရမယ်ဆိုတာကို ပြောတယ်” လို့ ကျန်းမာရေးလုပ်သား မမီးမီးက မဇ္ဈိမကို ပြောပြပါတယ်။

CHURACHANDPUR သည် မဏိပူပြည်နယ် မြို့တော်အင်ဖား၏ အရှေ့တောင်ဘက် ကီလိုမီတာ ၇ဝ (၄၃ မိုင်ကျော်) တွင် တည်ရှိသည်။
ဒါပေမယ့် မြန်မာပြည်သားတွေနဲ့ ဒေသခံတွေကို အခမဲ့ ကုသပေးတဲ့ အသင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ်ထဲမှာတော့ ရန်ပုံငွေ ပြတ်လပ်လာလို့ ရပ်ဆိုင်းလာတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“အရင်ကတော့ အိုင်ဇောမှာ စနေအသင်းရယ်၊ ဒွတ်တလန်း ဆေးရုံနဲ့ ဘာသာရေးအသင်းတွေ ရှိတယ်။ သူတို့ကနေ HIV ကူးစက်ခံရတဲ့ လူနာတွေကို အခမဲ့ ကုပေးတယ်။ စနေအသင်းမှာဆိုရင် လူနာတွေအတွက် သီးသန့်ဆေးခန်း ရှိခဲ့တယ်။ အခု ဘတ်ဂျက်တွေ မရှိတာကြောင့် ရပ်သွားပြီ။ ပညာပေး အဖွဲ့တွေလောက်ပဲ ရှိတော့တယ်” ဟု မမီးမီးက ပြောပါတယ်။

မီဇိုရမ်ပြည်နယ် AIDS ထိန်းချုပ်ရေးအဖွဲ့ရဲ့ ဝဘ်ဆိုဒ်မှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ဖော်ပြချက်အရ လူဦးရေ ၃၃၃၃ ကို သွေးစစ်ကြည့်ရာမှာ ၉၄ ယောက်ဟာ HIV နဲ့ နေထိုင်သူ၊ ၁၆ ယောက်က AIDS ရှိသူအဖြစ် တွေ့ရှိထားပါတယ်။

’’ပြည်တွင်းထဲမှာ ပိုက်ဆံမရှိလို့ မကုသနိုင်တဲ့လူတွေ အများကြီးရှိနေပါတယ်။ အဲဒီအကြောင်းပြောရင် ဝမ်းနည်းလွန်းလို့ ကြက်သီးတောင် ထမိတယ်။ ပိုက်ဆံမရှိဘဲနဲ့ ဒီကိုလာတာ။ တပတ်နှစ်ပတ်လောက် အလုပ်လုပ်ပြီး ဆေးကုတယ်။ ကိုယ်ထူကိုယ်ထ ဝမ်းစာရှာပြီး ဆေးကုရတာပေါ့နော်။ အခုဆို ဆောင်းတွင်းဝင်ပြီ။ အနွေးထည်တွေ၊ စောင်တွေမရှိတဲ့ ဝေဒနာသည်တွေ အများကြီးရှိတယ်’’ လို့ ကိုစွမ်းမောင်က လတ်တလော လိုအပ်ချက်ကို ဆိုလာပါတယ်။

ဒေါ်မိငယ်ကတော့ “ကျမတို့လို့ မြန်မာပြည်ထဲမှာ ရောဂါသည်တွေ အများကြီးရှိတယ်။ ကိုယ့်နယ်မှာ ဒီလိုမျိုးရှိရင် ရောဂါသည်တွေအတွက် သိပ်ကောင်းမှာ။ လူဆိုတာ တနေ့နေ့ သေမယ့်လူတွေကြီးပဲ။ ဒီကမ္ဘာမှာ ဘယ်သူမှ မသေမယ့်လူ မရှိဘူး။ ဒါပေမဲ့ ဒီရောဂါက အချိန်မှန်၊ စနစ်တကျနဲ့ မျှော်လင့်ချက်ရှိအောင် ကုသနိုင်ရင်တော့ သိပ်ကောင်းမှာပဲလို့ မြန်မာပြည်က လူတွေအတွက် တွေးမိတယ်” လို့ ပြောရင်း အသံတိုးဝင်သွားပါတော့တယ်။


HIV/AIDS
HIV ဆိုသည်မှာ Human Immunodeficiency Virus ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပြီး AIDS ဆိုသည်မှာ HIV ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ရောဂါလက္ခဏာ စု (Acquired Immuno-Deficiency Syndrome) ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခြင်းရဲ့ အစောပိုင်းရောဂါ လက္ခဏာတွေက ကူးစက်သူ အများစုမှာတော့ ခံစားရလိမ့် မရှိတတ်ပါဘူး။ တချို့တလေမှာတော့ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက် ခံရပြီး ၃ ပတ်ကနေ ၆ ပတ် အတွင်းမှာ တုပ်ကွေးရောဂါနဲ့ ပုံစံတူတဲ့ ရောဂါလက္ခဏာတွေ ခံစားရတတ်ပါတယ်။ အဲဒါကိုတော့ Acute HIV Syndrome လို့ ခေါ်ပါတယ်။

သူရဲ့လက္ခဏာ တွေကတော့
၁)ကိုယ်ပူခြင်း၊
၂) ခေါင်းကိုက်ခြင်း၊
၃) လူနုံးနေတတ်ခြင်း၊
၎) ပျို့အန်ခြင်း
၅) ဝမ်းလျောခြင်း၊
၆) လည်ပင်း ချိုင်း ၊ပေါင်ခြံ တို့တွင် အကျိတ်များ ကြီးခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။
အေအိုင်ဒီအက်စ် ရောဂါရဲ့ အဓိက လက္ခဏာများ
၁) မိမိရှိရင်း ကိုယ်အလေးချိန်ရဲ့ ၁ဝ% ထက်ပိုပြီး လျော့ကျသွားခြင်း (ဥပမာ။ ။ အစက ကိုယ်အလေးချိန် ပေါင် ၁ဝဝ ရှိတဲ့သူက အခု ပေါင် ၉ဝ အောက်ကို လျော့နည်း သွား ခြင်း)
၂) တလထက် ပိုပြီး ဆက်တိုက် ဝမ်းလျှောခြင်း
၃) တလထက်ပိုပြီး အဖျားဆက်တိုက်တက်ခြင်း (ကိုယ်ပူနေခြင်း) တို့ ဖြစ်ပါတယ်။
အေအိုင်ဒီအက်စ် သာမညလက္ခဏာများး
၁) တလထက်ပိုပြီး ချောင်းဆိုးနေခြင်း
၂) ခန္ဓာကိုယ်အနှံ့ ရေယုန်များ (ဆင်ရေယုံများ) ပေါက်နေခြင်း၊
၃) အကျိတ်များ တကိုယ်လုံး အနှံ့အပြား ထွက်နေခြင်း
၎) လျှာ ၊ ပါးစပ် လည်ချောင်း ထဲတွင် မှက္ခရု များ ထွက်နေခြင်း
၅) တကိုယ်လုံး အရေပြား ယားယံ ယောင်ရမ်းခြင်း
၆) အရေပြား ပေါ်နှင့် အရေပြား အောက် ၊ပါးစပ် နှာခေါင်း အတွင်း တို့တွင် အနီရောင် ၊အညိုရောင် ၊ပန်းရောင် ၊ ခရမ်းရောင် စတဲ့ အစက် များ ပေါ်နေခြင်း
၇) မှတ်ဥာဏ် ချို့ယွင်းအားနည်း လာခြင်း ၊ စိတ်ဓာတ် ကျဆင်းခြင်း နှင့် အခြားသော ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ရောဂါများ ခံစားရခြင်း စသည်တို့ တို့ဖြစ်ပါတယ်။
ရောဂါကူးစက်နည်းများ
HIV ရောဂါပိုးဟာ သွေး၊ သုက်ရည်နဲ့ မိန်းမအင်္ဂါကနေထွက်တဲ့ အရည်တွေထဲမှာ ပမာဏများများ နေကြပါတယ်။ တံတွေး၊ မျက်ရည်၊ နို့ရည်၊ ကျဉ်ငယ်ရည်တွေ ထဲမှာလည်း ပမာဏ အနည်းငယ် ပါတတ်ပါတယ်။ ဒါပေမယ့် တံတွေးတို့ မျက်ရည်တို့ကနေ ရောဂါကူးတဲ့နှုန်းက မကူးစက်သလောက် နည်းပါတယ်။ ကူးစက်တာလည်း မတွေ့ရပါဘူး။ AIDS ရောဂါ ကူးစက်ပုံ ကတော့ အမျိုးမျိုး ရှိပါတယ်။
၁။ လိင်မှတဆင့်ကူးဆက်ခြင်း (Sexual Transmission)
- လိင်တူဆက်ဆံခြင်း homosexual
- လိင်ကွဲဆက်ဆံခြင်း heterosexual
- လိင်ဆက်ဆံတဲ့ အဖော်များလေကူးစက်ဖို့ ရာခိုင်နှုန်းပိုများလေ ဖြစ်ပါတယ်။
- တစ်ခြား လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ (Syphilis, Gonorrhoea, Herpes) နဂိုကတည်းက ရှိနေတာက HIV ပိုးကူးစက်ဖို့ အန္တရာယ်ပိုများစေပါတယ်။ - ရောဂါလက္ခဏာမပြသေးတဲ့ HIV positive တွေဆီကလည်း ရောဂါကူးစက်နိုင်ပါတယ်။
၂။ Parenteral Transmission
- မသန့်ရှင်းတဲ့၊ ရောဂါပိုးပါတဲ့ သွေးသွင်းမိခြင်း
- မသန့်ရှင်းတဲ့၊ ပိုးသေချာမသတ်ထားတဲ့ အပ်၊ ခွဲစိတ်ကိရိယာတွေကို သုံးစွဲမိခြင်း (ကျန်းမာရေး ဝန်ထမ်းတွေဖြစ်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ ရောဂါကူးစက်ခံရတာ ဒီအချက်ကြောင့်ပဲ ဖြစ်ပါတယ်)
- ဆေးသမားတွေ ရောဂါကူးကြရတာဟာလည်း ဒီ အပ်တွေကို မျှဝေသုံးကြလို့ပဲဖြစ်ပါတယ်။
- သွားတိုက်တံတွေ ၊ ဘလိတ်ဓားတွေ မျှဝေသုံးစွဲရင်လည်း ကူးနိုင်တာကိုလည်း သတိပြုပါ။
၃။ မိခင်မှ ကလေးကိုကူးစက်ခြင်း (Trans-placental Transmission) (Vertical Transmission)
- အမေမှာရောဂါရှိရင် ၁၃% ကနေ ၄ဝ% အထိကလေးကို ကူးနိုင်ခြေရှိပါတယ်။
- ကလေးမွေးနေတုန်း ဒါမှမဟုတ် နို့တိုက်ရင်းကနေ ကူးနိုင်ပါတယ်။ (ဒါပေမယ့် ချွင်းချက်တော့ရှိပါတယ်။

HIV ပိုးဟာ ဒီလိုနည်းတွေနဲ့ ကူးနိုင်တယ်ဆိုပေမယ့် ကူးစက်ဖို့ ဟာ တစ်ခြားရောဂါပိုးတွေလောက် မလွယ်ကူပါဘူး။ ဥပမာ Hepatitis B အသည်းရောင်အသားဝါ B ပိုးဟာ ပိုးအကောင်ရေ နည်းနည်းလေးဝင်သွားတာနဲ့ ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။

ဒါပေမယ့် HIV ပိုးဟာ ကူးစက်ပြီးရောဂါပေးဖို့ ပိုးကောင်ရေအများကြီး လိုအပ်ပါတယ်။ ကိုယ်ခန္ဓာ ထဲကိုပိုးကောင်ရေ အများအပြားဝင်သွားမှ ရောဂါပေးတာပါ။ သတ်မှတ်ထားတဲ့ ပိုးအရေအတွက် အောက် လျော့ဝင်သွားရင် ရောဂါမကူးဘူးလို့ ဆိုရမှာပေါ့။ ဒါကြောင့် HIV ပိုးဟာ လွယ်လွယ်နဲ့ မကူးစက်နိုင်တဲ့ ပိုးမျိုးဖြစ်ပါတယ်။)
၃။ကာကွယ်ခြင်း နှင့် ကုသခြင်း
ကာကွယ်ဆေးကတော့ မပေါ်ပေါက်သေးပါဘူး။ ဘာလို့လဲဆိုတော့ HIV ပိုးမှာပါတဲ့ gene တွေဟာ mutation (gene တွေ ပုံပြောင်းတာ) ဖြစ်တာမြန်ပါတယ်။ ဆေးတွေကလည်းပြောင်းတဲ့ gene ပေါ်လိုက်ပြီး မတီထွင်နိုင်တဲ့အတွက် ကာကွယ်ဆေးကို အောင်မြင်အောင် မထုတ်နိုင် သေးပါ။ ကိုယ်ဝန် ဆောင်မိခင်ကနေ ကလေးဆီကို မကူးအောင် ကာကွယ်နိုင်တဲ့ ဆေးတွေတော့ ရှိတယ်။ ၁ဝဝ%တော့ မကာကွယ်နိုင်ပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာ ၁၄ ပတ် ကိုယ်ဝန်ကနေ စပြီး မွေးတဲ့ အချိန်အထိ Zidovudine ဆိုတဲ့ ဆေးကို တစ်နေ့ကို 600mg သောက်ပေးရပါမယ်။ မွေးနေတဲ့ အချိန်မှာလည်း ဒီဆေး 2mg/kg ကို အကြောဆေး ထိုးပေးရပါမယ်။ အဲဒီနောက် 1mg/kg ကို မမွေးမချင်း အချိန်အပိုင်းအခြားတစ်ခု ထားပြီး ထိုးပေးရပါမယ်။

မွေးလာတဲ့ ကလေးကိုလည်း ဆေးတွေ ထိုးရ၊ တိုက်ရဦးမှာပါ။ သိပ်တော့မလွယ်လှတဲ့ အလုပ်တစ်ခုပါ။ အမေရော ကလေးပါ ဆေးဒဏ်ခံရမှာပါ။ ဒီလိုသောက်ထားတာတောင်မှ ကလေးကို ကူးစက် နိုင်ခြေက ၉% ပဲလျော့တာပါ။ နောက်တစ်ခုက တီဗွီက ကြေညာတဲ့အတိုင်း ပြန်ပြောပါမယ်။ လိင်ကိစ္စကို တတ်နိုင်သမျှ ရှောင်ရပါမယ်။ မရှောင်နိုင်ရင် condom ကို စနစ်တကျသုံးပါ။ ကိုယ့်ရဲ့ ဇနီး/ခင်ပွန်းကို သစ္စာရှိကြပါ။ အားလုံးပဲဒီအချက်တွေကို ရှောင်နိုင်ကြမယ် ထင်ပါတယ်။

Score - ဒေါက်တာသိန်းဝင်း - ခုခံအားကျဆင်းသော ရောဂါ (HIV/AIDS)
http://www.drwinthein.com/2009/10/hiv-aids.html
HIV နှင့် ပတ်သက်သည့် သိသင့်သည့်အချက်များ (၂) - Myanmar Homosexual society
http://www.myanmargay.socialgo.com/magazine
မက်ပ်ဖောင်ဒေးရှင်းမှ ဖြန့်ဝေသည့် လက်ကမ်းစာစောင်များ

ဒေါ်စုနဲ့ အကျိုးရှိမယ့် ဆွေးနွေးမှု ပြုလုပ်ဖို့ ထိုင်းဝန်ကြီးချုပ် မျှော်လင့်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ဒီမိုကရေစီရေး ဖော်ဆောင်ရာမှာ ထိုင်းအစိုးရ အနေနဲ့ မြန်မာစစ်အစိုးရနဲ့တင် မဟုတ်ဘဲ သူတို့နဲ့ပါ ထိတွေ့ ဆက်ဆံသွားဖို့ ပြောဆိုခဲ့ပြီးနောက်မှာ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) ကို ဒေါ်အောင်ဆန်းစုကြည်က မကြာခင်မှာ တယ်လီဖုန်းကနေ တဆင့် စကားပြောဆိုဖို့ ရှိတယ်လို့ ထိုင်းပြောခွင့်ရပုဂ္ဂိုလ်က ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့လည်း ထိုင်းနိုင်ငံဟာ လူသားချင်း စာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေမှာ ကောင်းမွန်တဲ့ မှတ်တမ်းတွေ ရှိပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်း တောင်းဆိုချက်ကို တုံ့ပြန်ခဲ့ပြီး မြန်မာနိုင်ငံမှာ တိုးတက်တဲ့ အရိပ်လက္ခဏာတွေကို ထိုင်းနိုင်ငံ အနေနဲ့ ဆက်လက် မြင်တွေ့လိုပါတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ Thai-Asean News Network နဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းတခုမှာ ထိုင်းအစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီရေး ဖော်ဆောင်တဲ့ နေရာမှာ လက်ရှိ အုပ်ချုပ်နေတဲ့ မြန်မာစစ်အစိုးရနဲ့တင် မဟုတ်ဘဲ တိုင်းပြည်မှာ ဒီမိုကရေစီရေးအတွက် လုပ်ဆောင်နေကြတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေဖြစ်တဲ့ သူမတို့နဲ့ပါ ထိတွေ့ဆက်ဆံဖို့ကို ပြောဆိုခဲ့ပါတယ်။

အဲဒီလို ပြောဆိုခဲ့ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကနေ တယ်လီဖုန်း ခေါ်ကောင်း ခေါ်လိမ့်မယ်လို့လည်း ထိုင်းဝန်ကြီးချုပ်ရုံးကို အကြောင်းကြားထားကြောင်း ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ပန်နိတန် ၀ပ်ထနာယာဂွန် (Panitan Wattanayagorn) က ပြောပါတယ်။ ဒါကြောင့် ထိုင်းအစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျိုးရှိမယ့် ဆွေးနွေးမှုမျိုးတွေ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ ပန်နိတန်က အခုလို ပြောခဲ့ပါတယ်။

“သိပ်မကြာခင် တချိန်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က တယ်လီဖုန်း ခေါ်ကောင်းခေါ်လိမ့်မယ်လို့ ကျနော်တို့ ၀န်ကြီးချုပ်ရုံးကို အကြောင်းကြားထားပါတယ်။ ကျနော်တို့ ၀န်ကြီးချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျိုးရှိမယ့် ဆွေးနွေးပြောဆိုမှုမျိုးတွေ လုပ်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်နေပါတယ်။ မနှစ်တုန်းက အာဆီယံအသင်း ဥက္ကဋ္ဌ အနေနဲ့ ၀န်ကြီးချုပ် အဘီဆစ်က မြန်မာပြည်သူတွေ အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ဦးတည်တဲ့ လုပ်ရပ်တွေ လုပ်ဖို့ အသင်းရဲ့ ရပ်တည်ချက်ကိုလည်း ထောက်ခံခဲ့တာပါ။

“ကျနော်တို့ အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းတွေ ရှေ့တိုး ဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့က လေးစား လက်ခံပါတယ်။ မြန်မာပြည်တွင်း ပြဿနာတွေကို မြန်မာနိုင်ငံသားတွေကပဲ ဦးဆောင် ဖြေရှင်းရပါလိမ့်မယ်။ ဒါပေမဲ့ မကြာခင်အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြန်အလှန် ဖလှယ်မှုတွေကလည်း အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။”

ဒါ့အပြင် ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှ အာဆီယံ အသင်းကြီးနဲ့အတူ ဒီမိုကရေစီရေး ထောက်ခံမှုတွေ အမြဲတမ်း လုပ်ဆောင်နေတဲ့ နိုင်ငံတခု ဖြစ်တဲ့အတွက် ဒီမိုကရေစီရေး လှုပ်ရှားမှု မှန်သမျှကို အားပေး ထောက်ခံသွားမှာ ဖြစ်တယ်လို့လည်း မစ္စတာ ပန်နိတန်က အခုလို ပြောခဲ့ပါသေးတယ်။

“ထိုင်းနိုင်ငံဟာ ပွင့်လင်းလွတ်လပ်တဲ့ တိုင်းပြည်ပါ။ ဒီမိုကရေစီရေး ဖွံ့ဖြိုးတိုးတက်စေမယ့် လုပ်ရပ်မှန်သမျှကို ထိုင်းအစိုးရက ထောက်ခံပါတယ်။ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ထိုင်းနိုင်ငံက အားပေးထောက်ခံတယ် ဆိုတာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဆောင်ရွက်ခဲ့ဖူးတဲ့ မှတ်တမ်းတွေကို ကြည့်နိုင်သလို တဘက်မှာလည်း မူရင်း တိုင်းပြည်တွေ၊ အထူးသဖြင့် ဒေသတွင်း နိုင်ငံတွေရဲ့ အခွင့်အရေးကိုလည်း လေးစား လိုက်နာရပါတယ်။ ဒီ ၂ ခုကြားမှာ မျှတအောင် ဆောင်ရွက်နိုင်ဖို့လည်း ကျနော်တို့ ကြိုးစားနေပြီး ရှေ့လျှောက် မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ တွေ့ရလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”

တခါ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က Thai-Asean News Network နဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာပဲ ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊ ဒုက္ခသည်တွေအပေါ် ထိုင်းနိုင်ငံ အနေနဲ့ သနားကြင်နာစိတ် ထားဖို့ ပြောဆိုခဲ့ပါတယ်။ ဒီအပေါ်မှာလည်း မစ္စတာ ပန်နိတန်က …

“ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့လည်း ထိုင်းနိုင်ငံဟာ လူသားချင်း စာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေမှာ ကောင်းမွန်တဲ့ မှတ်တမ်းတွေ ရှိပါတယ်။ ထိုင်းနိုင်ငံမှာ နှစ်စဉ် အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမား အရေအတွက်ဟာ သန်းနဲ့ချီရှိပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အပါအ၀င် ဒီလူတွေ အားလုံးကိုလည်း တရားဝင် ရပ်တည် အလုပ်လုပ်ခွင့်ရအောင် ထိုင်းနိုင်ငံက အလုပ်သမား မှတ်ပုံတင်တွေ ထုတ်ပေးနေတာပါ။ မှတ်ပုံတင် လုပ်ဖို့ကိုလည်း သူတို့ကို တိုက်တွန်းနေတာ ဖြစ်ပါတယ်။”

လက်ရှိ ထိုင်း၊ မြန်မာ နယ်စပ်တလျှောက်မှာ မြန်မာစစ်အစိုးရ တပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်နေတဲ့အပေါ် ထိုင်းအစိုးရက တောက်လျှောက် စောင့်ကြည့်နေပြီး အဲ့ဒီမှာရှိတဲ့ အစိုးရရုံးတွေကနေလည်း နေ့စဉ် အစီရင်ခံစာတွေ ပေးပို့နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒီစစ်ပွဲအတွင်း ထွက်ပြေးလာကြတဲ့ စစ်ပြေး ဒုက္ခသည်တွေကိုလည်း ထိုင်းအစိုးရက ကောင်းကောင်းမွန်မွန် လက်ခံထားပြီး ဒီတိုက်ပွဲ အခြေအနေတွေ တည်ငြိမ် အေးဆေးသွားတဲ့အခါ သူတို့အားလုံးကို နေရပ်ရင်း ပြန်ပို့မှာ ဖြစ်တယ်လို့လည်း မစ္စတာ ပန်နိတန်က ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ် အတွင်းကလည်း မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတာမျိုးလို တိုးတက်မှု လက္ခဏာတချို့ကို မြင်တွေ့ခဲ့ပါတယ်။ ဒီလိုပဲ ရှေ့လျှောက် တိုးတက်မှု ရှိမယ်လို့လည်း ထိုင်းအစိုးရ အနေနဲ့ မျှော်လင့်ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးပြောဆို သွားကြတာကသာ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းဖြစ်မယ်လို့ ယူဆကြောင်းလည်း ထိုင်းပြောခွင့်ရပုဂ္ဂိုလ် ပန်နိတန် ၀ပ်ထနာယာဂွန်က ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

ရင်းမြစ်။ ။  VOA