Monday, October 11, 2010

လူငယ်တွေအတွက် မရှိမဖြစ် အရာနှစ်မျိုး

   လူငယ်တွေ ရောက်လာ စကားပြောကြတဲ့ အခါတိုင်း ကျွန်တော်တို့ ဘာလိုနေလဲ။ဘာတွေကြိုးစားရမလဲ ဆိုတဲ့ မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောတဲ့ သဘောဆောင်တဲ့ အတွက် ၀မ်းသာရပါတယ်။

ချီးကျူးရမယ့် စိတ်
တစ်ဆက်တည်းပဲ လူငယ်တွေ အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာများကိုလည်း ပြောပြပေးပါလို့ တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလားလား တောင်းခံတဲ့စိတ်မျိုးရှိတာ လူငယ်တွေကို ချီးကျူးရမယ်။ ရင့်ကျက်တဲ့ အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံတတ်ကြတာ မဟုတ်ဘူး။ ဝေဖန်သူကို 'ကက်ကက်လန်'ပြန်ပြီး ရန်တွေ့တတ်ကြတယ်။ ကိုယ့်မှာ ဖြည့်ဆည်းဖို့ လိုအပ်နေတာတွေကို သိချင်စိတ် ရှိတာလည်း ကောင်းတာပဲ။ တစ်ပါးသူကို ထောက် ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ်လိုဖွယ် ကောင်းတယ်။ ပလွှားစိတ် မရှိတာကို ညွှန်ပြတယ်။ ဒီအချက်တွေကြောင့်လည်း လူငယ်တွေနဲ့ 'ပလဲနံပသင့်'တာ ဖြစ်တယ်။ လူကြီးတွေ(အထူးသဖြင့်) မြို့သားပညာတတ် လူကြီးတွေက အများအားဖြင့် ဟန်များတယ်။ (ခုခေတ်စကားနဲ့ဆို ပဲများတယ်ပေါ့)။ တကယ်သိတာ မဟုတ်ဘဲနဲ့ သိချင်တတ်ချင်ယောင် သိပ်လုပ်တတ်ကြတယ်။

သရေဆိုတာ ပွဲမပြီးတာ
ဟန်မလုပ်တတ်တာဟာ လူငယ်တွေရဲ့ နှစ်လိုဖွယ် အကောင်းဆုံး အချက်ဖြစ်တယ်။ သိရင်သိတယ်။ မသိရင် မသိဘူး။ ကြိုက်ရင်ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကြိုးဝိုင်းထဲမှာ ပရိသတ်ကိုညာပြီး သရေထိုး သွားတဲ့ လုပ်ပွဲမျိုးဆိုရင် သည်းခံမနေဘူး။ ၀ိုင်းပြီး အော်ကြဟစ်ကြ ဆူကြတာပဲ။ လက်ဝှေ့ထိုးတယ်ဆိုတာ အရှုံးအနိုင်သိဖို့ ဖြစ်တယ်။ အရှုံးအနိုင် အဖြေမထွက်ရင် ပွဲပြီးတယ်လို့ မယူဆဘူး။ ပညာတတ်လောကမှာ ရေပန်းစားတဲ့ Win-Win ဆိုတာ တကယ့်ပြိုင် ပွဲတွေမှာ မရှိနိုင်ဘူး။ ပြိုင်ပွဲ ဆိုကတည်းက အရှုံးအနိုင်သိဖို့ လုပ်တာ မဟုတ်ဘူးလား။ သရေဆိုတာက ပွဲမပြီးသေးဘူး။ နောက်ထပ် ပြိုင်စရာ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဘောလုံးပွဲမှာ ပူးတွဲပထမဆိုတာ မရှိဘူး။ ရာသီကုန်မှာ အမှတ်တူ၊ ဂိုးကွာခြားမှုတူ ဖြစ်နေရင် အဲဒီနှစ်သင်း ထပ်ကန်ရတယ်။ သရေဖြစ်နေရင် အချိန်ပို ကစားရတယ်။ အချိန်ပိုထိ သရေဖြစ်နေသေးတယ်ဆိုရင် အရှုံးအနိုင် မပေါ်မချင်း ပယ်နယ်တီကန်ပြီး ဆုံးဖြတ်ရတယ်။

ပိုပြီးရင်းရင်းနှီးနှီး
ဟန်မဆောင်တတ်တာ၊ ပွင့်လင်းတာကြောင့် လူငယ်တွေနဲ့ပိုပြီး ရင်းရင်းနှီးနှီး နေဖြစ်တယ်။ သူတို့စိတ်ထဲ ရှိတဲ့အတိုင်း ပြောတာကို ကိုယ်က နားထောင်ပေးသလို၊ ကိုယ်ပြောတာတွေကိုလည်း သူတို့က စေတနာမှန်နဲ့ ပြောတာပဲဆိုပြီး လက်ခံတယ်။ လူကြီးနဲ့လူငယ် သဟဇာတဖြစ်ဖို့ အရေးကြီးဆုံးက စေတနာမှန်ဖို့ပဲ။ လူငယ်တွေက သူတို့လိုအပ်တာတွေ ထောက်ပြပါဆိုရင် ကိုယ်မြင်တွေ့တဲ့ အတိုင်း ပြောလိုက်တယ်။ ကိုယ်ရေးတဲ့ စာတွေထဲက သူတို့မကြိုက်တာတွေကို ပြောရင်လည်း လက်ခံသင့်တာကို လက်ခံပြီး ရှင်းပြဖို့ လိုအပ်တာကို ရှင်းပြလိုက်တယ်။ ဟန်လုပ်ပြီး တစ်ယောက်ကိုတစ်ယောက် 'ဗုံနဲ့မြှောက်' နေတာမျိုးတွေ မရှိဘူး။ လူကြီးရော လူငယ်ပါ စိတ်လွတ်လပ်ပေါ့ပါးတယ်။ စကားပြောရတာ နှစ်ဦးစလုံးအတွက် အကျိုးရှိတယ်။
မျှော်လင့်ချက်နဲ့ စံပြုပုဂ္ဂိုလ် (Role Model) ဆိုတဲ့ အရာနှစ်မျိုးဟာ လူငယ်တိုင်း အတွက် အလိုအပ်ဆုံးအရာ ဖြစ်တယ်။ ဒီနှစ်ခု ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားရှိမှ လူ့လောကမှာ လူတစ်လုံး သူတစ်လုံး (Somebody) ဖြစ်နိုင်ပါတယ်။

မရှိမဖြစ်နှစ်မျိုး
အဲဒီလို လူငယ်တွေက သူတို့ လူငယ်များ အတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဘာလဲလို့ မေးကြတာကိုလည်း ကိုယ့်ခံယူချက်အတိုင်း ဖြေလိုက်ပါတယ်။ မျှော်လင့်ချက်နဲ့ စံပြုပုဂ္ဂိုလ် (Role Model) ဆိုတဲ့ အရာနှစ်မျိုးဟာ လူငယ်တိုင်းအတွက် အလိုအပ်ဆုံးအရာ ဖြစ်တယ်။ ဒီနှစ်ခု ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားရှိမှ လူ့လောကမှာ လူတစ်လုံး သူတစ်လုံး (Somebody) ဖြစ်နိုင်ပါတယ်။ ဒီနှစ်ခု မရှိရင် ပဲ့မပါတဲ့လှေလို ဟိုဘက် မျောလိုက်၊ဒီဘက်မျောလိုက်နဲ့ ဘယ် သောင်ဘယ်ကမ်းမှ ဆိုက်မှာ မဟုတ်ဘူး။ ဟိုလိုလိုဒီလိုလိုနဲ့ လူရာမ၀င်တဲ့ (Nobody) ယောင်ခြောက်ဆယ် အဖြစ်နဲ့ နိဂုံးချုပ်ရမှာ သေချာတယ်။

ရှင်လျက်သေနေသူ
လူ့ဘ၀ဆိုတာ မျှော်လင့်ချက်ကြောင့် အဓိပ္ပာယ် ရှိနေတာ ဖြစ်တယ်။ မျှော်လင့်ချက် ကင်းမဲ့တဲ့ဘ၀ဟာ အသက်ရှင်လျက် သေနေတဲ့ဘ၀ ဖြစ်တယ်။ ဘာမှ အနှစ်သာရမှ မရှိဘူး။ အချည်းနှီးပဲ။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ တစ်နေ့မှာ ဆင်းရဲတဲ့ဘ၀ က လွတ်မြောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိရင် ဆင်းရဲပေမယ့် ပျော်ရွှင်နိုင်တယ်။ ဆင်းရဲလို့ စိတ်မချမ်းသာတာ မပျော်နိုင်တာ မဟုတ်ဘူး။ မျှော်လင့်ချက် မရှိလို့ စိတ်မချမ်းသာတာ၊ မပျော်နိုင်တာ။ မျှော်လင့်ချက်နဲ့ စိတ်ကူးယဉ်မှုဆိုတာ ဆိတ်သုဉ်းသွားရင် အဲဒီလူဟာ ရှင်လျက်သေနေတဲ့သူပဲ။ ဘာမှ သုံးစားလို့ မရတော့ဘူး။ လူမှန်ရင် မျှော်လင့်ချက် ရှိရမယ်။ စိတ်ကူးယဉ်တတ်ရမယ်။

အိပ်မက် မက်တတ်ရမယ်
အထူးသဖြင့် လူငယ်မှန်ရင် စိတ်ကူးယဉ် အိပ်မက်တွေ အမြဲမက်နေရမယ်။ အိပ်မက် မမက်တတ်ရင် လူငယ် မဟုတ်ဘူး။ ''ဖြစ်တော့ဖြစ်ချင်တာပေါ့ ဒါပေမဲ့ ...'' ဆိုတာ အရှုံးသမားရဲ့ လက်သုံးစကား ဖြစ်တယ်။ လူငယ်မှာ ဒါပေမဲ့ (but) ဆိုတာ လုံးဝ မရှိရဘူး။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်းသာ ရှိရမယ်။ လောကမှာ မဖြစ်နိုင်တဲ့အရာ ဘာမှမရှိဘူး။ မလုပ်ရသေးလို့ မဖြစ်သေးတာသာ ဖြစ်တယ်။ လုပ်ရင်ဖြစ်တယ်။ သွားရင်ရောက်တယ်။ ယူရင်ရတယ်။ မဉ္ဇူသက နတ်ပန်းကိုမှ ဆွတ်ချင်သ လား။ မရမချင်း ဆွတ်မယ်ဆိုတဲ့ ဇွဲသတ္တိရှိရင် မရဘဲ မနေဘူး။ ရမှာသေချာတယ်။ ဇွဲနဲ့သတ္တိ မရှိဘဲ ရတာကိုပဲ ယူလိုက်ပါတော့မယ် ဆိုရင်တော့ မဉ္ဇူသကနတ်ပန်းကို မရဘဲ ခေါင်ရမ်းပန်းကိုပဲ ရလိမ့်မယ်။ ခေါင်ရမ်းပန်းကို ခေါင်းမှာပန်တဲ့ လူဆိုရင် ရွာသူရွာသားတွေက ရွာထဲလုံးဝ အ၀င်ခံမှာ မဟုတ်ဘူး။ ရွာနာတယ်ဆိုပြီး မောင်းထုတ်ကြမှာ သေချာတယ်။

အားကျအတုယူစရာ
လူငယ်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ နောက်တစ်မျိုးက စံပြုပုဂ္ဂိုလ် (Role Model)ဖြစ်တယ်။ ကလေး ဘ၀ကတည်းက အားကျအတုယူစရာ စံပြုပုဂ္ဂိုလ် တစ်ဦးဦး ရှိနေသင့်တယ်။ စံပြုပုဂ္ဂိုလ်ကို အားကျအတုယူပြီး ကြိုးစားအားထုတ်မှုဟာ လူတိုင်းအတွက် အရေးပါတယ်။ ရှေးခေတ်က ကိုအောင်ဆန်းတို့၊ ကိုဗဟိန်းတို့ တစ်တွေဟာ အိုင်ယာလန်သူပုန်ကြီး မိုက်ကယ်ကောလင်းကို အားကျအတုယူပြီး အင်္ဂလိပ်နယ်ချဲ့တွေကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဂျူးလိယက်ဖူးချစ်တို့ ဟိုဆေးရီဇော် တို့ကို ချီးကျူးခဲ့ ကြတယ်။ နောက်ခေတ်လူငယ်တွေ ကျတော့ မော်စီတုန်းနဲ့ ဟိုချီမင်း၊ ကက်စထရိုနဲ့ ချီဂွေဗာရား၊ ငုယင်ဗန်ထရွိုင်း စတဲ့ တော်လှန်ရေးသမားကြီးတွေကို စံပြုပုဂ္ဂိုလ်အဖြစ် အားကျအတုယူခဲ့ကြတယ်။

ဧ၀ရက်ကို အောင်နိုင်တဲ့ မျက်မမြင်
ကျွန်တော်တို့ ကလေးဘ၀ကဆိုရင် အင်္ဂလိပ် ဖတ်စာအုပ်ထဲမှာပါတဲ့ ရော်ဘင်ဟုဒ်လို၊ အိုင်ဗင်ဟိုလို မတရားမင်းတွေကို ဆန့်ကျင်ခြားနားပြီး ဆင်းရဲသားတွေကို ကူညီတဲ့ လူစွမ်းကောင်းတွေကို သိပ်အားကျခဲ့ရတယ်။ ကစားရင်တောင် ရော်ဘင် ဟုဒ် လုပ်တမ်းမှ ကစားချင်တယ်။ ထောင်အကြိမ်ကြိမ် ကျခဲ့ရတဲ့ သတင်းသမားတစ်ယောက် ဖြစ်ခဲ့ရတာ ငယ်စဉ်က ရော်ဘင်ဟုဒ်တို့၊ အိုင်ဗင်ဟို တို့ကို အားကျအတုယူခဲ့လို့ ထင်ပါရဲ့။ အခုခေတ် ကလေးတွေနဲ့ လူငယ်တွေမှာ အဲဒီလိုစံပြုပုဂ္ဂိုလ်မျိုး တော်တော်ရှားပါးတာ တွေ့ရတယ်။ ကျောင်းသင် ဖတ်စာတွေထဲမှာ မတွေ့ရသလို အပြင် ဖတ်စရာတွေထဲမှာလည်း မတွေ့နိုင်ဘူး။ ဒီခေတ်မှာ ရော်ဘင်ဟုဒ်လို လူစွမ်းကောင်းတွေ မတွေ့နိုင်တော့ပေမယ့် မျက်စိနှစ်ဖက်စလုံး မမြင်ရတဲ့သူနဲ့ ခြေနှစ်ဖက်စလုံး ပြတ်နေသူတွေက ဧ၀ရက်တောင်ထိပ်ကို ရောက်အောင်တက်နိုင်ခဲ့ကြတဲ့ အဖြစ်တွေ၊ ၁၃ နှစ်သမီးလေး တစ်ယောက်တည်း ရွက်လှေတစ်စင်းနဲ့ ကမ္ဘာတစ်ပတ် ပတ်ခဲ့တဲ့ သတင်းတွေ နေ့စဉ် တွေ့မြင် ဖတ်ရှုနေရတယ် မဟုတ်လား။ ဒါတွေဟာ ကလေးတွေနဲ့ လူငယ်တွေ အတွက် စံပြုပုဂ္ဂိုလ်တွေ ဖြစ်နိုင်တာပေါ့။

သူတော်ကောင်းမကြီး
ဒီလို သတင်းအဖြစ်အပျက်တွေကို ကျောင်းဖတ်စာတွေထဲ ရောက်အောင် ပို့သင့်ကြပါတယ်။ လူစွမ်းကောင်းတွေ အကြောင်းမှ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံက ကူသူကယ်သူမဲ့ ဖြစ်နေကြတဲ့ ဆင်းရဲသားတွေနဲ့ ရောဂါသည် ဒုက္ခိတတွေကို ကယ်တင်ရေး  အတွက် သူ့ဘ၀တစ်ခုလုံး မြှုပ်နှံပြီး ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့တဲ့ လူဖြူခရစ်ယာန် သီလရှင် သူတော်ကောင်းမကြီး မာသာထရီဇာရဲ့အကြောင်းနဲ့ သူ့လုပ်ရပ်တွေ အကြောင်းလည်း ကမ္ဘာတစ်ခုလုံးက စာသင်ခန်းတွေထဲမှာ ကလေးတွေ ဖတ်ရှုသင်ကြားနေနိုင်အောင် ဆောင်ရွက်သင့်ကြပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ တစ်နေ့တခြား တိုးပွားများပြားလာပြီး၊ လူသားတွေ ရိုင်းသထက်ရိုင်းလာနေတဲ့ အတွက် ကမ္ဘာကြီးတစ်ခုလုံး ပစ္စန္တရစ်အရပ်သဖွယ်  ဖြစ်နေတဲ့ ခေတ်ကာလကြီးမှာ မာသာထရီဇာဆိုတဲ့ မေတ္တာရှင် သူတော်စင်ကြီးဟာ အကောင်းဆုံးသော စံပြုပုဂ္ဂိုလ် မဟုတ်ပါလား ခင်ဗျာ။
Written by လူထုစိန်ဝင်း 

ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် တရားစီရင်ရေး စနစ်သစ် ပြောင်းလဲ မည်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တည်ထောင်သည့် တရားရုံးများ မပေါ်ပေါက်မီ မပြီးပြတ်သေးသော အမှုများကို အမှုစတင်စစ်ဆေးစဉ် က ဥပဒေများ နှင့်အညီ စီရင်ရမည်


    ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲ နောက်ပိုင်းတွင် တရားစီရင်ရေး စနစ်သစ် ပေါ်ထွန်းလာမည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တည်ထောင်သည့် တရားရုံးများမပေါ်ပေါက်မီ တရားရုံးများတွင် မပြီးမပြတ် ကျန်ရှိနေသေးသော တရားမမှုများ၊ ပြစ်မှုဆိုင်ရာအမှုများနှင့် အခွန်တော် အမှုများကို အမှုစတင်စစ်ဆေးစဉ်က ကျင့်သုံးသည့် ဥပဒေများနှင့်အညီ ဆက်လက် စစ်ဆေးစီရင်ရမည်ဖြစ်ကြောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းချက်များအရ သိရ သည်။
      ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များတွင် ပါဝင်သည့် ပုဒ်မ ၄၄၁ တွင်ပြဋ္ဌာန်းထားသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်ထောင်စု လွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတစ်ဝန်းလုံး၌ အာဏာတည်သည် ဟူ၍ဖြစ်ကြောင်း သိရသည်။

      ထို့အတူ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၄၄(က) တွင် ပြဋ္ဌာန်းထားသည်မှာ ဤဖွဲ့စည်းပုံ အခြေခံဥပဒေအာဏာ တည်သည့်နေ့၌ တည်ရှိနေသော အစိုးရအဖွဲ့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တာဝန်ပေးအပ်သည့် အစိုးရအဖွဲ့မပေါ်ပေါက်မီ မိမိတို့၏သက်ဆိုင်ရာ တာဝန်များကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ (ခ) ဤဖွဲ့စည်းပုံအခြေခံ ဥပဒေအာဏာတည်သည့်နေ့၌ တည်ရှိနေသော တရားရုံးများသည် ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ တည်ထောင်သည့်တရားရုံးများ  မပေါ်ပေါက်မီ ဆက်လက်၍ တရားစီရင်ပိုင်ခွင့် အာဏာများ သုံးစွဲဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဆိုပါတရားရုံးများတွင် မပြီးမပြတ် ကျန်ရှိနေသေးသော တရားမမှုများ၊ ပြစ်မှုဆိုင်ရာအမှုများ နှင့် အခွန်တော်အမှုများကို အမှုစတင် စစ်ဆေးစဉ်က ကျင့်သုံးသည့်ဥပဒေများနှင့်အညီ ဆက်လက်စစ်ဆေး စီရင်ရမည်ဖြစ်ကြောင်း သိရသည်။

      တရားရုံးချုပ် စတင်ဖွဲ့စည်းခဲ့သည့် ၁၉၈၈ ခုနှစ်မှယခုအချိန် အထိ လက်ရှိတရားရုံးချုပ်အား လေ့လာကြည့်ပါက တရားသူကြီးများ ခန့်ထားခြင်း၊ တာဝန်မှအနားယူစေခဲ့ခြင်း စသည့်အပြောင်းအလဲများ တစ်ကြိမ်ထက်မနည်း ဖြစ်ပေါ်ခဲ့သည် ကို တွေ့ရကြောင်း၊ ပေါ်ထွန်းလာမည့် တရားစီရင်ရေးစနစ်သစ်တွင် လာဘ်ပေးလာဘ်ယူ ကင်းရှင်းပြီး ကျွမ်းကျင်သည့် တရားသူကြီးများ ပေါ်ထွက်လာမည်ဆိုပါက တတိယမဏ္ဍိုင် ပီပြင်သည့်တရားစီရင်ရေးစနစ် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း တရားရေးကျွမ်းကျင်သူများနှင့် ဥပဒေကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

အပြောင်းအလဲများထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည့် တရားစီရင်ရေး စနစ်သစ်အတွက် ပေါ်ထွက်လာမည့် တရားသူကြီးများ အဂတိတရား ကင်းရှင်းစွာ ရေရှည်ရပ်တည်နိုင်ရန်မှာ  . . .
      ထို့အတူဖွဲ့စည်းပုံ အခြေခံဥပဒေ အရပေါ်ထွက်လာမည့် တရားစီရင် ရေးစနစ်အသစ်ကို လေ့လာကြည့်ပါက နိုင်ငံတော်၏တရားစီရင်ရေး ဆိုင်ရာရုံးများကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ် တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများနှင့် ဥပဒေအရတည်ထောင်သော အခြားတရားရုံးများ၊ စစ်ဘက်ဆိုင်ရာ တရားရုံးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး စသည် ဖြင့်ဖွဲ့စည်းရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၆)၊ တရားစီ ရင်ရေး၊ ပုဒ်မ ၂၉၃ ပြဋ္ဌာန်းထားချက်အရ သိရသည်။

      ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၉၄ တွင် ပြည်ထောင်စုတရားလွှတ် တော်ချုပ် ဖွဲ့စည်းပုံနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားသည်မှာ 'နိုင်ငံတော်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တစ်ရပ်ထားရှိသည်။ စစ်ဘက်ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စုတရား လွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့် ဆုံးတရားရုံး ဖြစ်သည်'ဟူ၍ ဖြစ်ကြောင်း သိရသည်။

      ထို့ပြင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ အကြီးအမှူးကို ပြည်ထောင်စုတရားသူကြီးချုပ်ဟု ခေါ်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ပြည် ထောင်စု တရားသူကြီးချုပ်အပါ အ၀င် ပြည်ထောင်စုတရားလွှတ် တော်ချုပ် တရားသူကြီးများ ဦးရေ အနည်းဆုံး ခုနစ်ဦးမှ အများဆုံး ၁၁ ဦးအထိ ခန့်အပ်နိုင်ကြောင်း၊ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ်ခန့်အပ်သင့် သော ပုဂ္ဂိုလ်၏အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသဘောတူညီချက် ရယူရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ သိရသည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူ ညီချက်ရရှိသည့် ပုဂ္ဂိုလ်အား ပြည် ထောင်စုတရားသူကြီးချုပ် အဖြစ် ခန့်အပ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုတရား သူကြီးချုပ်နှင့် ညှိနှိုင်းကာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရား သူကြီးများအဖြစ် ခန့်အပ်သင့်သော ပုဂ္ဂိုလ်များ၏အမည်စာရင်းကို ပြည် ထောင်စုလွှတ်တော်သို့တင်သွင်း သဘောတူညီချက် ရယူရမည် ဖြစ် ကြောင်း သိရသည်။

      ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၀၁ တွင် ပြဋ္ဌာန်းထားသည်မှာ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများသည် အသက် ၅၀ နှစ်ထက်မငယ်၊ အသက် ၇၀ နှစ် ထက်မကြီးသူ၊ အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင်ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊ ပုဒ်မ၁၂၁တွင် ဖော်ပြထား သည့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များအဖြစ်ရွေးကောက်တင် မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီး အဖြစ် အနည်းဆုံး ငါးနှစ်ဆောင် ရွက်ခဲ့သူ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်း ဆောင်ခဲ့သူ သို့မဟုတ် တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး အနှစ် ၂၀ အမှုလိုက်ပါ ဆောင်ရွက်ခဲ့သူ သို့မဟုတ် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ၊ နိုင်ငံတော်နှင့်နိုင်ငံသားများ အပေါ်သစ္စာရှိသူ၊ နိုင်ငံရေးပါတီဝင် မဟုတ်သူ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူစသည့် အရည်အချင်းများ နှင့် ပြည့်စုံရမည်ဖြစ်ကြောင်း သိရ သည်။

      လက်ရှိ တရားစီရင်ရေးတွင် လုပ်ငန်းမကျွမ်းကျင်သည့် တရားသူကြီးအချို့နှင့် အဂတိလိုက်စားသည့် တရားသူကြီးအချို့ရှိခဲ့ကြောင်း သိရသည်။

      လာဘ်ပေးလာဘ်ယူမှု၊ အဂတိ လိုက်စားမှုများပြုလုပ်သည့် တရားသူကြီးအချို့ကို ဥပဒေနှင့်အညီ ထိရောက်သော ပြစ်ဒဏ်များချမှတ်ခဲ့ရခြင်း ကြောင့် တရားသူကြီးများသည် အဂတိ တရားကင်းရှင်းပြီး ကိုယ်ကျင့်သီလ စင်ကြယ်သည့် ပုဂ္ဂိုလ်များဖြစ်ရေး ကြိုးစားကြရန် လိုကြောင်း  ၂၀၀၉ ခုနှစ် မေလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီက နေပြည်တော်ရှိတရားရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည့် တရားရုံးချုပ်နှင့် ပြည်နယ်/တိုင်း တရားသူကြီးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်က ပြောကြားခဲ့သည်ဟု ၂၀၀၉ ခုနှစ် မေလ ၁၃ ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

      ယင်းလုပ်ငန်း ညှိနှိုင်းအစည်း အဝေး၌ပင် နိုင်ငံတော်ဝန်ကြီးချုပ် က "တရားစီရင်ရေးစနစ်ကိုလည်း ပြည်သူများ အားကိုးယုံကြည်သော စနစ်ဖြစ်လာအောင် မိမိတို့ပြုပြင် ထူထောင်သွားရမည် ဖြစ်ကြောင်း၊ အားနည်းချက်၊ ချို့ယွင်းချက်များကို ယေဘုယျခြုံငုံပြီးစိစစ်လျှင် စနစ်၊ ကျင့်ဝတ်၊ လုပ်ထုံးလုပ်နည်းတို့၏ မပြည့်စုံအားနည်းမှုကြောင့် မဟုတ်ဘဲ လူပုဂ္ဂိုလ်ဆိုင်ရာ အားနည်းချို့ယွင်း ချက်များကြောင့်ဖြစ်သည်ကို တွေ့ရ ကြောင်း၊ သို့သော် အချို့သောအား နည်းချက်များသည် ပုဂ္ဂိုလ်တစ်ဦးချင်း၏ အကျင့်သိက္ခာနှင့်မဆိုင်ဘဲ လုပ်ငန်းဆိုင်ရာမကျွမ်းကျင်မှု၊ မသေသပ်မှု၊ ပေါ့လျော့မှု၊ စည်းကမ်း မကျမှုမျိုးများ တွေ့ရခြင်းကြောင့် အဆင့်ဆင့်သော တရားသူကြီးများ ကို စနစ်တကျသွန်သင် လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ တရားရုံးများက ချမှတ်လိုက်သည့် စီရင်ဆုံးဖြတ်ချက်များသည် အဂတိလိုက်စားမှု ကင်းရှင်းသော စီရင်ဆုံးဖြတ်ချက်များဖြစ်ရန်နှင့် မေတ္တာဖြင့်ယှဉ်သော သွန်သင်ဆုံးမမှု၊ ပညာပေးမှုမျိုးဖြစ်စေရန် အမြဲဂရုပြုသင့် ကြောင်း" ပြောကြားခဲ့ပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားချက်များအရ  လက်ရှိတရား စီရင်ရေးတွင် အားနည်းချက်အချို့ ရှိနေသည်ကို တွေ့ရကြောင်း လေ့လာသူများက ဆိုပါသည်။

      ထို့ကြောင့် လက်ရှိတရားစီရင်ရေးတွင် မည်သို့သော အားနည်း ချက်ဖြစ်ရပ်အချို့ရှိခဲ့စေကာမူ မဖြစ် မနေပြောင်းလဲရမည့် အပြောင်းအလဲ များထဲတွင် တစ်ခု အပါအ၀င် ဖြစ် သည့် တရားစီရင်ရေးစနစ်သစ် အတွက် ပေါ်ထွက်လာမည့် တရား သူကြီးများ အဂတိတရားကင်း ရှင်းစွာ ရေရှည်ရပ်တည်နိုင်ရန်မှာ တရားရေးနှင့်ပတ်သက်ဆက်နွှယ်နေ သူအားလုံးတွင် တာဝန်ရှိကြောင်း တရားရေးဆိုင်ရာကျွမ်းကျင်သူများ က ဆိုပါသည်။

      ထို့အတူ ခေတ်ကိုမျှော်ကြည့်ပြီး ဒီမိုကရေစီလူမှုဘ၀နှင့် ကိုက်ညီသည့် အလေ့အထကောင်းသည့် တရားစီရင်ရေးစနစ်ကို ၀ိုင်းဝန်းကြိုးပမ်းထူ ထောင်ကြရာတွင် တရားရေးနှင့်ပတ်သက် ဆက်နွှယ်နေသူ ရှေ့နေများ၊ အမှုသည်များ၊ ဥပဒေရေးရာ ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း အမှန်တရားဘက်မှ သမာသမတ်ကျစွာ ဆောင်ရွက်ကြရန် လိုကြောင်း ဥပဒေပညာရှင်များက အကြံပြုပြော ကြားခဲ့ကြသည်။

လက်ရှိတရားစီရင်ရေး၏ စီရင်ဆုံးဖြတ်ပုံအဆင့်ဆင့်
  •     တရားစီရင်ရာတွင် မြို့နယ်၊ ခရိုင်၊ တိုင်း/ပြည်နယ်နှင့် တရားရုံးချုပ်ဟူ၍ အဆင့်ဆင့်စီရင် ဆုံးဖြတ်လေ့ရှိ
  •     မြို့နယ်တရားရုံး၏စီရင်ဆုံးဖြတ်ချက်အား တရားလိုကဖြစ်စေ၊ တရားပြိုင်ကဖြစ်စေမကျေနပ် ပါက ခရိုင်တရားရုံးတွင် အယူခံဝင်နိုင်
  •     ခရိုင်တရားရုံး၏စီရင်ဆုံးဖြတ်ချက်အား မကျေနပ်ပါက တိုင်း/ပြည်နယ်တရားရုံးသို့ အမှု လျှောက်ထားကာ ထပ်မံအယူခံဝင်နိုင်
  •     တိုင်း/ပြည်နယ်တရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်အား မကျေနပ်သေးပါက တရားရုံးချုပ်၌ အမှုလျှောက်ထား၍ ထပ်မံအယူခံဝင်နိုင်
  •     တရားရုံးချုပ်၏ စီရင်ဆုံးဖြတ်ချက်အား မကျေနပ်ပါက အထူးအယူခံအဖြစ် တရားရုံးချုပ်နှစ်ပါးထိုင် (ယခုသုံးပါးထိုင်)သို့တက်နိုင်
  •     နှစ်ပါးထိုင်(ယခုသုံးပါးထိုင်)က အမှုကိုကြားနာ၍လက်ခံပါက နေပြည်တော်ရှိတရားရုံးချုပ် သုံးပါးထိုင်တွင် အထူးအယူခံကိုအပြီးသတ်ကြားနာမှုပြု
  •     နှစ်ပါးထိုင်(ယခုသုံးပါးထိုင်)ကို ရန်ကုန်နှင့် မန္တလေးရှိတရားရုံးချုပ်များတွင် ကြားနာ၍ သုံးပါးထိုင်ကို နေပြည်တော်ရှိ တရားရုံးချုပ်၌ကြားနာ
  •     တရားရုံးချုပ် တရားသူကြီးများသည် တရားရုံးချုပ်သို့ ရောက်ရှိလာသော အမှုများအား ကြားနာကြပြီး ၂၀၁၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့မတိုင်ခင်အထိ နှစ်ပါးထိုင်ဖြစ်ပါက တရားရုံးချုပ် တရားသူကြီးနှစ်ဦး ရုံးထိုင်၍ အမှုကိုကြားနာကြပြီး သုံးပါးထိုင်ဖြစ်ပါက တရားရုံးချုပ် တရားသူကြီးနှစ်ဦးနှင့် ဒုတိယတရားသူကြီးချုပ်တစ်ဦးတို့ ရုံးထိုင်၍အမှုကိုကြားနာ
  •     ၂၀၁၀ ပြည့်နှစ်၊ မတ်လ ၁ ရက်နေ့တွင် စတင်သည့် ရက်သတ္တပတ်မှစ၍ အထူးအယူခံ ၀င်ခွင့်ပြုရန်အတွက် လျှောက်ထားသည့် အထွေထွေလျှောက်လွှာ(အထူး)များကို တရားရုံးချုပ်တရားသူကြီး နှစ်ဦးအစား သုံးဦးဖြင့် ရုံးထိုင်ကြားနာ
ရင်းမြစ်။ ။ first-11.com

မန္တလေးတ၀ိုက် ရေကြီး

မြန်မာနိုင်ငံ မန္တလေးမြို့ဝန်းကျင်မှာ မိုးဆက်တိုက် ရွာပြီး ရေကြီးမှုတွေ ရှိနေပါတယ်။ ဒေသခံပြည်သူတွေ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေကလည်း ရေဘေးဒုက္ခသည်တွေ အတွက် အကူအညီ ပေးနေပါတယ်။
တနေ့က ဘင်္ဂလား ပင်လယ်အော်မှာရှိတဲ့ လေဖိအားနည်း ရပ်ဝန်းဒေသကနေ မုန်းတိုင်းငယ်အဆင့် ပြောင်းပြီး အဲဒီအရှိန်နဲ့ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အထက်ပိုင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတွေဖက်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ ဒီနောက် တောင်ကျရေတွေစီးတာ၊ ဆည်တွေရေလျှံလို့ ဖောက်ထုတ် ပစ်ရတာကြောင့် မန္တလေး အနီးတ၀ိုက်မှာ ဒီကနေအထိ ရေတွေ ကြီးနေခဲ့ပါတယ်။ ဒီအတွက်လည်း ဒေသခံပြည်သူတွေ အဖွဲ့အစည်းတွေက ရေဘေး ဒုက္ခသည်တွေ အတွက် စားရေးနေရေး အကူအညီတွေ ပေးနေရတာပါ။ မန္တလေးဝန်းကျင် အခြေအနေမှာ မိုးတွေ စဲနေပေမဲ့ ရေကြီးတာ မကျသေးဘူးလို့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) က ဦးတင်အောင်အောင်က ဗွီအိုအေကို ပြောပါတယ်။

“ဟုတ်ကဲ့။ ကျနော်တို့ NDF ပါတီကနေပြီးတော့ ကျနော်တို့ ဆည်တော်ပေါ့လေ။ ဆယ်တော်လေးမှာ တောင်ကျရေတွေ ကျလို့ဗျ။ မနေ့က ကျနော်တို့ စားစရာပစ္စည်းတွေ သွားပို့ရပါတယ်ခင်ဗျ။ ဒီနေ့လည်း ကျနော်တို့ ထမင်းထုပ်တွေ ကျနော်တို့ သွားပို့ပါတယ်။”

တခြား ဘယ်နေရာတွေမှာရော ရေကြီးလဲ။ -

“တခြားက အခု မန္တလေးမှာ မြို့သစ်ပိုင်းမှာလည်း ဖြစ်နေတယ်ဗျ။ မြို့သစ်နေရာမှာ ရေတွေ တော်တော်လေးတက်နေတယ်။ တစ်ထပ်အိမ်ဆိုရင် ရေတ၀က်လောက် ရောက်နေတယ်ပေါ့လေ။ နှစ်ထပ်အိမ်ဆိုရင် ကြမ်းခင်းလောက် ရောက်နေတယ်ပေါ့။ အဲဒီမှာလည်း အခု ထမင်းထုပ်တွေ ပေးနေရတဲ့အနေအထားမှာ ရှိပါတယ်။”

မိုးက အခုထိ ရွာတုန်းပဲလားခင်ဗျ။ -

“ဒီနေ့တော့ သိပ်မရွာဘူး။ ဒါပေမဲ့ ကျနော်တို့ရှေ့မှာရှိတဲ့ မြောင်းတွေကတော့ ရေတွေက မကျသေးဘူး။ ကျနော်တို့နေရာတွေရော တခြားနေရာတွေရော ရွာနေတယ်လေ။”

တခြား မန္တလေး ပတ်ဝန်းကျင်က အခြေအနေရော ဘယ်လိုရှိလဲခင်ဗျ။ -

“မန္တလေးမှာက မေမြို့က မိုးကောင်းနေလို့ မိုးမြို့မိုးရေက အနောက်ခြမ်း မိုးရေတွေက မန္တလေး အရှေ့ပိုင်း ဆယ်တော်လေးတို့ ဘာတို့မှာ ဖြစ်တာပဲခင်ဗျ။ အဲဒီရေတွေကနေပြီးတော့ မြို့သစ် အောင်ပင်လယ်တို့၊ မြရိပ်နန္ဒာတို့ပေါ့ဗျာ။ အဲဒီနေရာတွေမှာ အခု ရေတွေရောက်နေတယ်ဗျ။”

အဲဒါ ဘယ်နှစ်ရက်လောက် ရှိပြီလဲခင်ဗျ။ မိုးရွာနေတာက။ -

“မိုးရွာတာက တမြန်မနေ့လောက်က ရွာတာခင်ဗျ။”

ခုနက ထမင်းထုပ်တွေဘာတွေ ဝေနေရတယ်ဆိုတော့ ရေဘေးကယ်ဆယ်ရေးအတွက် စခန်းတွေဘာတွေ ဆောက်တာရော ရှိလား အာဏာပိုင်တွေဘက်ကပေါ့။ -

“ဟုတ်ကဲ့။ ရှိနေပါတယ်။ ပုံမှန် ဆယ်တော်ဆိုလို့ရှိရင် ဆယ်တော်ဘူတာမှာ စခန်းတွေ ချထားတယ်ပေါ့လေ။ ဒါပေမဲ့ သူတို့ဆီက ဆယ်တော်ကတော့ အများသောအားဖြင့် ရေကျသွားပြီးလို့ရှိရင် ရေက နောက်ရက် ကြီးမနေတော့ဘူးဗျ။ အဲဒီ ခုနက နဒေါင်းကျချောင်းတို့ ဘာတို့ကဆင်းသွားတော့ အဲဒီချောင်းရေကနေ ဘယ်မှာသွားပြီး ဖြစ်လဲဆိုတော့ မန္တလေးမှာ ရှိနေတဲ့နေရာတွေပေါ့ဗျာ။ အခု မြို့သစ်တို့ဘာတို့ နေရာတွေက အရင်တုန်းက လယ်မြေတွေ ဖြစ်ပါတယ်။ လယ်မြေတွေဖြစ်တော့ အဲဒီလယ်မြေထဲမှာ အဲဒီရေတွေက ရောက်နေတယ်လေ။ အဲဒီရေတွေက စီးဆင်းမှု စနစ်က မကောင်းတော့ ပိတ်နေတော့ အဲဒီမှာပဲ အီခံနေတယ်ဗျ။ ပုသိမ်ထီးတို့ဘာတို့ပေါ့၊ အုတ်နံရံတွေ ပြိုလဲသွားတယ်။ သစ်ပင်ကြီးတွေ၊ မန်ကျည်းပင်တို့ ပြိုလဲသွားတယ်။ ဒီမှာ အခု မေမြို့နားမှာလည်း ယူကလစ်ပင်တွေ ပြိုလဲသွားတယ်။”

ဦးတင်အောင်တို့က အခုဟာက NDF အနေနဲ့ လိုက်ပြီး အကူအညီပေးနေတာလား။ -

“ဟုတ်တယ်ခင်ဗျ။ NDF အနေနဲ့ လိုက် အကူအညီပေးတာပါ။ ကျနော်တို့ သီရိတံခွန်တို့ ဘာတို့ကတော့ NDF ကပဲ အဲဒီက လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ခိုင်က ထမင်းတွေချက်ပြီး ထမင်းတွေပို့နေပါတယ်ခင်ဗျ။”

တခြား အကူအညီပေးတဲ့အဖွဲ့အစည်းတွေရော ရှိလားခင်ဗျ။ -

“ရှိပါတယ်ခင်ဗျ။ မနေ့ကလည်း ကျနော်တို့ သိရသလောက်ကတော့ ၀ံသာနု တို့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့တွေကလည်း ပေးနေတာ ကျနော်တို့ တွေ့ပါတယ်။”

အစိုးရ အာဏာပိုင်တွေဘက်ကရော လုပ်ပေးတာရှိလားခင်ဗျ။ -

“အစိုးရ အာဏာပိုင်အဖွဲ့တွေကတော့ ရယက တို့က မန္တလေးမြို့ပေါ်မှာ ထမင်းထုပ်တွေ ဆင်းပြီးတော့ ဈေးချိုတို့ဘာတို့က ထမင်းထုပ်တွေ ဆင်းပို့နေတာ ကျနော်တို့ တွေ့ခဲ့ပါတယ်။”

မန္တလေးမြို့မှာ မိုးစဲသွားတယ်ဆိုပေမဲ့ မန္တလေးဝန်းကျင် မုံရွာ မေမြို့ စတဲ့ မြို့တွေမှာတော့ အခုအချိန်အထိ မိုးရွာနေတုန်းပဲလို့ သိရပါတယ်။
မန္တလေးမြို့ပေါ်မှာတော့ တမြန်နေ့ကတည်းကစလို မိုးသည်းထန်ပြီး ရေကြီးတာကြောင့် ကျောင်းတွေနဲ့ အချို့အလုပ်ရုံတွေပါ ပိတ်ထားရတယ်လို့ သိရပါတယ်။

ရင်းမြစ်။ ။VOA

Sunday, October 10, 2010

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သတင်းရရှိရန် အခက်အခဲ ရှိနေ

 နိုဝင်ဘာလ ၇ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သတင်းရရှိရန် အခက်အခဲများရှိနေကြောင်း ပြည်တွင်းရှိ သတင်းမီဒီယာများမှ ပြောဆိုခဲ့ပါသည်။

         လက်ရှိ အခြေအနေတွင် နိုင်ငံရေးပါတီများ၏ ဟောပြောချက်များနှင့် ကောင်မရှင်အဖွဲ့ခွဲများ၏ လုပ်ဆောင်မှု သတင်းအချို့ကိုသာ နေ့စဉ်ထုတ်အစိုးရသတင်းစာများတွင် ဖော်ပြလျက်ရှိနေပြီး အဆိုပါသတင်းများနှင့် ပတ်သက်၍ လည်းကောင်း၊ အခြား အသေးစိတ်သိရှိလိုသော သတင်းအချက်အလက်များနှင့် လည်းကောင်း၊ သတင်းထောက်များ သိရှိလိုသည့် အချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း တာဝန်ယူ ဖြေကြားနိုင်မည့်သူ မရှိပဲဖြစ်နေကြောင်းသိရသည်။

         ပုဂ္ဂလိက သတင်းမီဒီယာများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ ရွေးကောက်ပွဲ ၀င်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် အခြားအချက်အလက်များကို နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးထံမှ သိရှိလိုသော်လည်း ထုတ်ပြန်ပေးမှုမရှိသည့် အတွက် အခက်အခဲရှိနေခြင်း ဖြစ်ကြောင်း သိရပါသည်။ အထူးသဖြင့် တိုင်းနှင့် ပြည်နယ် (၁၄) ခုတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများစာရင်းကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်များရှိ ကော်မရှင်အဖွဲ့ခွဲများတွင် ထုတ်ပြန်ထားသော်လည်း တိုင်းနှင့်ပြည်နယ်တစ်ခုချင်းစီအလိုက် လိုက်လံ စုဆောင်းရန်မှာမူ ပုဂ္ဂလိက သတင်းမီဒီယာများအတွက် အချိန်နှင့် အခြားသောအခက်အခဲများ ဖြစ်ပေါ်လျက် ရှိနေကြောင်း သတင်းထောက်များက ပြောဆိုခဲ့ပါသည်။

         နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၌မူ တစ်နိုင်ငံလုံး အတိုင်းအတာအရ  ရွေးကောက်ပွဲ ၀င်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများရှိနေသည့် အတွက် အဆိုပါစာရင်းများကို ထုတ်ပြန်ပေးပါမူ များစွာအဆင်ပြေမည့် အနေအထားရှိနေသည်ဟု သိရပါသည်။ အခြားတစ်ဖက်တွင်လည်း သက်ဆိုင်ရာဒေသများအလိုက် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ စားရင်းကို ဒေသခံ ပြည်သူများကိုယ်တိုင် သိရှိမှု အားနည်းနေခြင်းကြောင့် မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ပေးပါက ရွေးကောက်ပွဲဝင်ရောက်မည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက်လည်း အခက်အခဲများ လျော့နည်းသွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများမှလည်း ပြောဆိုကြပါသည်။ ထို့အပြင် ရွေးကောက်ပွဲနှင့်ပတ်သက်သော အခြား သတင်းများကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ
ပုဂ္ဂလိက သတင်းမီဒီယာများသို့ တိုက်ရိုက်ထုတ်ပြန်ပေးရန် လိုအပ်လျက်ရှိနေကြောင်းသိရပါသည်။

          Eleven Media Group အနေဖြင့်လည်း နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ Eleven Media Group(ရန်ကုန်ရုံးချုပ်)မှ တိုက်ရိုက် သွားရောက်၍ လည်းကောင်း၊ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်၍ လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သိရှိလိုသော သတင်း အချက်အလက်များကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရသည့် အခြေအနေများ ကြုံတွေ့ခဲ့ရပါသည်။ထို့အတွက်ကြောင့် ရွေးကောက်ပွဲနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ထုတ်ပြန်ပေးနိုင်ရန်အတွက် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ  လိပ်မူ၍ အကြောင်းကြားစာ တစ်စောင်ကို အောက်တိုဘာလ ၈ ရက်နေ့က ပေးပို့ထားပါသည်။

ရင်းမြစ်။ ။ www.first-11.com

Saturday, October 9, 2010

စစ်အစိုးရ၀ါဒဖြန့် အနုပညာရှင်များအားလုံးကို အမေရိကန်အစိုးရက ဗီဇာရုတ်သိမ်းလိုက်ပြီ



(Burmese Protesters against Burmese's Stage Show in SF on 25th Sept 2010)
ယမန်နေ့ညနေခင်း ရရှိသော သတင်းအရ အမေရိကန်အစိုးရ၏ လူဝင်မှုကြီးကြည်ရေးဌာနက မြန်မာပြည်မှ ရောက်ရှိဖျော်ဖြေနေသော အိုဗေးရှင်းအဖွဲ့တခုလုံး၏ ဗီဇာကို ရုတ်သိမ်းကြောင်း ထုတ်ပြန်လိုက်သည်ဟု သိရသည်။

လွန်ခဲ့သည် သြဂုတ်လဆန်းကတည်းက ရောက်ရှိပြီး အမေရိကန်ပြည်အနှံ့ လှည့်လည်ဖျော်ဖြေမှု ပြုနေသော လူ ၁၀ ဦး ပါဝင်သည့် မြန်မာဂီတအဖွဲ့သည် စစ်အစိုးရ၏ ၀ါဒဖြန့်သရုပ်ဆောင်နှင့်အတူ ပူးပေါင်းလှုပ်ရှားနေသည့်အတွက် မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူများက ဆန့်ကျင်ကန့်ကွက်မှုများ တောက်လျောက် ပြုလုပ်ခဲ့ကြသည်။ နောက်ဆုံး အောက်တိုဘာ ၇ ရက်တွင် ၎င်းအဖွဲ့ကို ဗီဇာအာမခံပေးခဲ့သူ ဘုန်းတော်ကြီးကိုယ်တော်တိုင်က မေတ္တာရပ်ခံ၍ မရသည့်အဆုံး ရှေ့နေများနှင့်တိုင်ပင်ပြီး အာမခံမှုကို တရားဝင် ရုတ်သိမ်းကြောင်း အမေရိကန်အစိုးရထံ အကြောင်းကြားခဲ့ရသည်။
“ဒီနေ့မနက်ကတည်းက မေရီလင်းပြည်နယ်က အောက်လွှတ်တော်အမတ် Chris Van Hollen ၊ အထက်လွှတ်တော်အမတ် Charles Schumer တို့ကိုယ်တိုင်က ကျနော်တို့ကို ခေါ်ယူပြီး မေးမြန်းစုံစမ်းတယ်။ ကျနော်တို့ကလည်း ဒီဂီတဖျော်ဖြေပွဲနဲ့ အမေရိကန်မြန်မာကွန်မြူနီတီရဲ့ ပဋိပက္ခတွေ၊ အချင်းချင်း အငြင်းပွားမှုတွေ ဖြစ်ရတာကို ပြောပြတာပေါ့နော်။ နောက်ဆုံး ၀ါရှင်တန်ဒီစီမက်ထရိုက မြန်မာတွေရဲ့ သဘောထား၊ ဗီဇာကို စပွန်ဆာပေးခဲ့တဲ့ ဆရာတော်ရဲ့ သဘောထားတွေကိုပါ ရှင်းပြတယ်။ အဲဒီနောက်မှာ အမေရိကန်လူဝင်မှုကြီးကြပ်ရေး အရာရှိတွေ၊ ဌာနဆိုင်ရာတွေနဲ့ ဆက်သွယ်ပြောဆိုကြတာတွေ အပြီးမှာ သူတို့အားလုံးကို အမေရိကန်အစိုးရက တရားဝင်ထုတ်ပေးထားတဲ့ P1 visa ပေါ့နော်၊ ဖျော်ဖြေရေးပြည်ဝင်ခွင့်ကို ဒီကနေ့မှာပဲ ရုတ်သိမ်းလိုက်ပြီဆိုပြီး အရေးယူလိုက်တယ် လို့ ကျနော့်ကို အကြောင်းကြားလိုက်ပါတယ်”
ဟု ယခုအရေးအခင်းတွင် မြန်မာမိသားစု အသိုင်းအ၀န်းများနှင့်အတူ ပါဝင်ဆောင်ရွက်နေသည့် ကိုညီညီအောင်က မိုးမခကို ပြောပြသည်။
ထိုသို့ တရားဝင်ဗီဇာဖြင့် နေထိုင်ခွင့်ကို ရုတ်သိမ်းလိုက်သည့်အတွက် ၎င်းတို့အားလုံးသည် တရားမ၀င်ဧည့်သည်များဖြစ် အဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျင် ၎င်းတို့သည် တိုင်းပြည်မှ ချက်ခြင်း ထွက်ခွာကြရမည် ဖြစ်သည်။ မထွက်ခွာမီ ၎င်းတို့ရောက်ရှိရာတွင် ဒေသခံပြည်သူတို့က လက်မခံကြောင်း သက်ဆိုင်ရာသို့ တိုင်ကြားပါက သက်ဆိုင်ရာတို့က ထိန်းသိမ်းပြီး မူလနိုင်ငံသို့ ထွက်ခွာစေရန် ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။ ထို့အပြင် ထိုကဲ့သို့ အရေးယူခံရသူများကို နောင်တွင် အမေရိကန်ပြည်ဝင်ခွင့်ကိုလည်း အချိန်အကန့်အသတ်ဖြင့် ပိတ်လိုက်ပြီဖြစ်သည်ဟု သိရသည်။
“ကျနော်တို့ လက်ခံရရှိတဲ့ စာတွေအရ သူတို့အနေနဲ့ ဇူလိုင် ၁၂ ရက်စွဲနဲ့ ခွင့်ပြုထားတဲ့ ဧည့်ဗီဇာကို အာမခံလျောက်ပေးခဲ့တဲ့ အဖွဲ့က အောက်တိုဘာ ၈ ရက် နေ့စွဲနဲ့ ရုတ်သိမ်းကြောင်း တောင်းဆိုလာတဲ့အတွက် ဥပဒေနဲ့အညီ ထိုဧည့်ဗီဇာတွေကို ရုတ်သိမ်းလိုက်တယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။ နံမည်စာရင်းတွေအရ - စိုးမိုး၊ မင်းမော်ကွန်း၊ ရဲလေး၊ မောင်မောင်လွင်၊ ပက်ထရစ်မေလာ၊ ရဲဖုန်း၊ တွတ်ကီ၊ ၀ိုင်းစုခိုင်သိန်း၊ အယ်လ်ဆိုင်းဇီ၊ ရေဘက္က၀င်း - အားလုံးပေါင်း ၁၀ ဦးစလုံးကို ဗီဇာရုတ်သိမ်းတယ်လို့ ရေးထားတယ်။ နံမည်ရင်းတွေနဲ့ ရေးထားတာကို ဖတ်ပြရရင် - Wyaw Min, Ye Tuk Min, D Myaing, May H Mu, Wyine Thein စတာတွေ ဖြစ်ပါတယ်။ ပြန်သွားပြီးသား လူတွေကိုကောပါ ဗီဇာရုတ်သိမ်းပြီး အရေးယူတဲ့ သဘောပေါ့နော်။ အမေရိကန်အစိုးရအနေနဲ့ အခုလိုမျိုး မြန်မာအမေရိကန်ပြည်သူတွေ ကိုယ်တိုင် အများစုက လက်မခံတဲ့ကိစ္စကို အစိုးရကိုယ်တိုင်လည်း လက်မခံဘူး ဆိုတာကို ပြသတဲ့ သဘောပါပဲ။”
ဟု ကိုညီညီအောင်က ဖြစ်စဉ်ကို ပြောပြသည်။
ထိုသတင်းကို ကြားသိရသည့် ဆန်ဖရန်ဘေးဧရိယာနေ၊ အင်န်အယ်ဒီ (လွတ်မြောက်နယ်မြေ) ၏ တာဝန်ခံတဦး ဖြစ်သူ ကိုတိုးလွင်က ၎င်း၏ သဘောထားကို ပြောကြားရာတွင် -
“ဒီခရီးစဉ် စတင်ကတည်းက ကျနော်တို့မြန်မာကွန်မြူနီတီအတွင်းမှာ အချင်းချင်း ပြောဆို ဆွေးနွေးကြတာတွေ အကြိမ်ကြိမ်ရှိခဲ့တယ်။ ကျနော်တို့ မြန်မာ့အရေးလှုပ်ရှားသူတွေအနေနဲ့ နိုင်ငံရေးရပ်တည်ချက်အရ ကန့်ကွက်ဆန္ဒပြရတာတွေကို လုပ်ခဲ့ကြရတာ ဖြစ်ပါတယ်။ မည်သူကိုမှ နစ်နာအောင် တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာ မရှိပါဘူး။ အမေရိကန်မြန်မာတွေရဲ့ သဘောထား၊ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေနဲ့ ဒါတွေကို ဥပဒေနဲ့ အညီ စနစ်တကျ ရင်ဆိုင် တင်ပြနိုင်ခဲ့လို့ လှုပ်ရှားဆောင်ရွက်နိုင်ခဲ့လို့ ပြီးတော့ စစ်အစိုးရကို နိုင်ငံရေးအရ ပိတ်ဆို့အရေးယူထားတဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒ ရပ်တည်ချက်တွေကြောင့် အခုလိုမျိုး အဖြေထွက်ပေါ်လာရတယ်လို့ ပြောချင်ပါတယ်”
ဟု ပြောဆိုလိုက်သည်။
(Burmese Protest Poster at LA on 12th Sept 2010)
မြန်မာစစ်အစိုးရသည် ၁၉၈၈ တွင် တိုင်းပြည်အာဏာကို အကြမ်းဖက် သိမ်းယူခဲ့ပြီင်္းသည့် အချိန်မှ စတင်ပြီး မြန်မာပြည်တွင်းတွင် စာပေ စာနယ်ဇင်း ရုပ်ရှင် သဘင် ဂီတ မီဒီယာများ၏ လွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ်သည့်အပြင် ၎င်းတို့၏ စစ်အာဏာရှင်ဝါဒဖြန့်ချိရေးအတွက် မီဒီယာကို ဘက်ပေါင်းစုံတွင် အသုံးချခဲ့သည်။ စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့် အနုပညာရှင်များကို မြန်မာပြည်တွင်းရှိ ပြည်သူများက အတိအလင်း ကန့်ကွက်ခြင်း မပြုနိုင်ခဲ့သော်လည်း ကျောင်းသားအရေးအခင်းများ ဖြစ်ပွားတိုင်း ကျောင်းသားများက ၎င်းအနုပညာရှင်များကို ထုတ်ဖော်ဝေဖန်ခဲ့ကြသည်များ ဖြစ်ပွားခဲ့သည်။ နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့ပြီး ပြည်ပတွင် မြန်မာပြည်သူအများအပြား ရွှေ့ပြောင်းနေထိုင်လာကြရာ ယခုအချိန်တွင် စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့်ချိမှုများကို ကန့်ကွက်ရှုတ်ချကြောင်း လှုပ်ရှားမှုများ မြန်မာပြည်ပတွင် ပထမဦးဆုံးအကြိမ် အတိအလင်း ဖြစ်ပွားခြင်းဖြစ်သည်။
ယခု ၂၀၁၀ နိုဝင်ဘာလတွင် စစ်အစိုးရ၏ တဖက်သတ် စိတ်တိုင်းကျ ချယ်လှယ်ထားသည့်အတွက် အတိုက်အခံနိုင်ငံရေး အင်အားစုများက ဆန့်ကျင်သပိတ်မှောက်ထားသော ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေချိန်တွင် အမေရိကန်ရှိ ပြည်ပရောက် မြန်မာမိသားစု အသိုင်းအ၀ိုင်းများက စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့်မှုများကို လက်မခံကြောင်း၊ ထိုအပြုအမူများကို အားပေးကူညီဆောင်ရွက်သည့် အနုပညာရှင်များကိုလည်း ဆန့်ကျင်ရှုတ်ချကြောင်း လှုပ်ရှားမှုတခု ထွက်ပေါ်လာခြင်း ဖြစ်သည်။
“အခုလိုမျိုး အမေရိကန်ရောက် မြန်မာပြည်သူတွေရဲ့ ညီညွတ်တဲ့ သဘောထားကို တယောက်တလက်၊ ကိုယ်ထူကိုယ်ထ ပြသနိုင်တဲ့အတွက်ကော၊ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များ ကိုယ်တိုင်ကလည်း တရားသဖြင့် ရပ်တည်ပေးကြတဲ့အတွက်ကော၊ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရကိုယ်တိုင်က ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးတဲ့အတွက် အများကြီး ၀မ်းသာပါတယ်။”
ဟု သတင်းကြားသိရသည့် အယ်လ်အေမြန်မာကွန်မြူနီတီက ကိုကျော်က မိုးမခသို့ ပြောကြားသည်။

ရင်းမြစ်။ ။မိုးမခ