Thursday, September 30, 2010

ကြံ့ဖွံ့နှင့် တစည မဲရုံကိုယ်စားလှယ် နေ့စားနှင့်ခေါ်

 ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တစည) ပါတီ တို့သည် ရွေးကောက်ပွဲ နေ့အတွက် မဲရုံကိုယ်စားလှယ်များ ထားရှိရန် အခကြေးငွေ ပေး၍ ခေါ်ယူ လျက်ရှိကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီက ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မဲရုံများတွင် ကိုယ်စားလှယ် အဖြစ် ထားရှိရန် တဦးလျှင် ထမင်းကျွေးပြီး နေ့တွက်ခ ကျပ် ၇၀၀၀ ၊ တစညပါတီက ထမင်းကျွေးပြီး နေ့တွက်ခ ကျပ် ၅၀၀၀ နှုန်းဖြင့် အသီးသီး ခေါ်ယူလျက် ရှိကြောင်း သတင်းရရှိသည်။

“ကြံ့ဖွံ့ပါတီနဲ့ တစည ပါတီကတော့ ကျနော်တို့ ရပ်ကွက် တွေထဲမှာ အပြိုင် အဆိုင်ကို ခေါ်နေကြတာပဲ။ လူတွေက ကြံ့ဖွံ့ပါတီ ဆိုရင်တော့ အန္တရာယ် မရှိနိုင်ဘူးပေါ့။ ပိုက်ဆံလည်း ပိုရမယ်ပေါ့။ အဲဒီလို ဖြစ်နေတယ်”ဟု အင်းစိန် မြို့နယ်တွင် နေထိုင်သူ တဦးက ဧရာဝတီသို့ ပြောသည်။

ပါတီအများစုသည် ငွေကြေး အခက်အခဲနှင့် လူထု၏ အကြောက် တရားများကြောင့် မဲရုံကိုယ်စားလှယ် အဖြစ် လုပ်ပေးမည့် သူများ ရှာဖွေရန် ခက်ခဲနေချိန်တွင် အဆိုပါ အင်အားကြီး ပါတီနှစ်ခုက ငွေအင်အားသုံး၍ ခေါ်ယူနေခြင်း ဖြစ်ကြောင်း နိုင်ငံရေး ပါတီများထံမှ သိရှိရသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက “ပါတီရဲ့ မဲရုံကိုယ်စားလှယ် လုပ်ပေးမယ့် သူက ရှိပါတယ်။ အားလုံး အပြည့်ထားနိုင်ဖို့တော့ ခက်နေတယ်။ လူတွေက ကြောက်ကြတယ်၊၊ နောက်တချက်က ဘတ်ဂျက် အရလည်း ကျမတို့က မဲရုံကိုယ်စားလှယ် တယောက်ကို ဘယ်လောက်ဆိုပြီး ပေးနိုင်မှာ မဟုတ်ဘူး”ဟု ပြောသည်။

နိုင်ငံရေးပါတီ တချို့အတွက် မဲရုံကိုယ်စားလှယ်လောင်းများအဖြစ် အခမဲ့လုပ်ပေးမည့်သူများ ရှိသော်လည်း ကြံ့ဖွံ့ပါတီဝင်များ ကို စိုးရွံ့နေကြကြောင်း ခေတ်သစ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်ကလည်း ဆိုသည်။

“လူတွေက ကြံ့ဖွံ့တို့ စွမ်းအားရှင်တို့နဲ့ ပြဿနာဖြစ်မှာ စိုးရိမ်ကြတယ်။ ကျနော်တို့ကတော့ စပြီး စုဆောင်းနေပြီ။ ရသလောက် တော့ ထားမှာပါ။ အားလုံး အပြည့်အစုံထားနိုင်ဖို့ကတော့ မပြောနိုင်သေးပါဘူး”ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

ရွေးကောက်ပွဲဝင်မည့် ပါတီပေါင်း ၃၇ ပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော် ၀င်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

သို့သော်လည်း နိုင်ငံရေးပါတီအများစုမှာ အကြောင်းကြောင်းကြောင့် မဲရုံကိုယ်စားလှယ် ထားနိုင်ကြမည် မဟုတ်ဘဲ ကြံ့ဖွံ့ပါတီ နှင့် တစညပါတီတို့ကသာ မဲရုံကိုယ်စားလှယ် လိုသလောက်ထားနိုင်မည့် အနေအထားမျိုးဖြစ်ကြောင်း သိရသည်။

“ကြံ့ဖွံ့ပါတီက မဲရုံကိုယ်စားလှယ်လောင်းတင်မကဘူး၊ သူတို့ပါတီဝင်တွေကိုတော့ စက်တင်ဘာလ ၂၀ ရက်နေ့စပြီး ပါတီရုံး လာတဲ့သူတွေကို တနေ့ ကျပ် ၂၀၀၀ နှုန်းနဲ့ စပေးနေပြီ။ ပြီးတော့ မဲရုံနဲ့ပတ်သက်တဲ့ သင်တန်းလည်း စပေးနေပြီ”ဟု မရမ်းကုန်း မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ စည်းရုံးရေးတာဝန်ခံ ဦးသာဝင်းက ၄င်းတို့ပါတီအနေဖြင့် မဲရုံကိုယ်စားလှယ် ထားရှိရန်အတွက် စီစဉ် ပြီးဖြစ်ကြောင်း၊ စားရေးသောက်ရေးအတွက်လည်း စီစဉ်ပေးထားကြောင်း သိရသည်။

ရင်းမြစ်။ ။ဧရာဝတီ

နိုင်ငံတကာဝေဖန်ချက်ကို ကုလသမဂ္ဂမှာ စစ်အစိုးရဝန်ကြီး တုံ့ပြန်

မြန်မာ့ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘူးလို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပြစ်တင် ဝေဖန်နေတာတွေကို မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ငြင်းဆိုလိုက်ပါတယ်။ လာမဲ့ နိုဝင်ဘာ ၇ ရက်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အပါအဝင် နိုင်ငံရေးပါတီပေါင်း ၃၇ ပါတီ ယှဉ်ပြိုင်မှာ ဖြစ်လို့ ဒါဟာ အားလုံး ပါဝင်ခွင့် ပေးထားတာ ဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲတွေကို စနစ်တကျနဲ့ အောင်မြင်အောင် ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ထားကြောင်း မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။

၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာ စစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း စက်တင်ဘာ ၂၈ ရက်က မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
“ကိုယ်စားလှယ်ပေါင်း သုံးထောင်ကျော် ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံမှာ ဖြစ်ပါတယ်။ ဒီ ယှဉ်ပြိုင်မှု ပမာဏကို ကြည့်ရင် ရွေးကောက်ပွဲဟာ အားလုံး ပါဝင်မှု ရှိတယ်ဆိုတာ ထင်ရှားပါတယ်။ နိုင်ငံရေး ပါတီများအနေနဲ့ သူတို့ရဲ့ မဲဆွယ် စည်းရုံးမှု လုပ်ငန်းစဉ်များကို စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ သူတို့အတွက် ပိုမို အကျိုးပြုမဲ့ ကိုယ်စားလှယ်လောင်းတွေကို စိတ်ကြိုက် ရွေးဖို့ ဒီမိုကရေစီ အခွင့်အလမ်းများ ရရှိကြမှာ ဖြစ်ပါတယ်။”
ဒါ့အပြင် ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတအောင်ဆောင်ရွက်ပေးမှာဖြစ်ပြီး၊ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမဲ့ အစိုးရကိုင်စွဲမဲ့ မူဝါဒကိုလည်း စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီးက အခုလို ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ရွေးကောက်ပွဲ အပြီးမှာ ပေါ်ထွန်းလာမဲ့ အစိုးရသစ်ဟာလည်း ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ချစ်ကြည် ရင်းနှီးမှုကို ပိုမို ခိုင်မာအောင် ထိန်းသိမ်း မြှင့်တင်ပြီးတော့ ကုလသမဂ္ဂနဲ့လည်း အတူတကွ ပိုမို နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမဲ့ မူဝါဒကို ဆက်လက် ကိုင်စွဲသွားမှာ ဖြစ်ပါတယ်။”
လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးက နောင်တက်လာမဲ့ အစိုးရရဲ့ မူဝါဒကို အခုလို ပြောဆိုသွားတာနဲ့ ပတ်သက်လို့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်က အခုလို ဝေဖန်ပြောဆိုပါတယ်။
“နောင်တက်လာမဲ့ အစိုးရကိစ္စကို သူဘာမှ ပြောစရာ အကြောင်းမရှိဘူး။ နောင်တက်လာမဲ့ အစိုးရက ဒါ မျှော်လင့်တယ်ပဲ ပြောရမှာပဲလေ။ ဆိုတော့ သူက နောင်တက်လာမဲ့ အစိုးရ ဒီလိုဖြစ်တယ်ဆိုတော့ သူတို့ ကိုယ်တိုင်ပဲ အစိုးရ ဆက်လုပ်မှာပဲ ဆိုတဲ့ သဘောထားက သူတို့ ဆုံးဖြတ်ပိုင်ခွင့် အာဏာက သူတို့ လက်ထဲမှာပဲ ရှိနေတယ်ဆိုတဲ့ ပုံစံကို ဒါက သူက စစ်ဗိုလ်ချုပ်တွေရဲ့ သဘောထားကို indirectly  ဖော်ပြတာပါပဲ။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးပဲ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ ယုံကြည်ရမဲ့ ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကြီးမှူးကျင်းပခဲ့တဲ့  မြန်မာ့ မိတ်ဆွေများ နိုင်ငံများ ဆွေးနွေးပွဲက ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။ အဲဒီအဖွဲ့မှာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံ ပါဝင်သလို တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့လည်း ပါဝင်ပါတယ်။

သတင်း။ ။RFA

မူးယစ်ဆေးဝါး မှောင်ခိုများ ရွေးကောက်ပွဲ ၀င်မည်

တရုတ်၊ ထိုင်း - မြန်မာ နယ်စပ် ဒေသများတွင် မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ် နေသူများကို ရွေးကောက်ပွဲတွင် အမတ်များ အဖြစ် ၀င်ရောက် အရွေးခံရန် စစ်အစိုးရက ထောက်ခံမှု ပေးထားကြောင်း ကချင်နှင့် ရှမ်း သုတေသီများက ပြောဆိုသည်။

burmese-policewomanစစ်အစိုးရ နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမတ်လောင်းများ အဖြစ် ၀င်ရောက် အရွေးခံမည့် ဦးမြင့်လွင်နှင့် ဦးကျော်မြင့် တို့သည် ရှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား မှုများတွင် ပါဝင် ပတ်သက် နေကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ အသင်း ( FCCT) ၌ ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သုတေသီများက ဆိုသည်။

“ဘိန်းကုန်သည်၊ ဘိန်းရာဇာ တွေထဲက ဦးကျော်မြင့်က နမ့်ခမ်းမှာ၊ ဦးမြင့်လွင်နဲ့ ဦးထီခွန်မြတ်က ကွတ်ခိုင်မှာ၊ ဦးကျင်မိုင်က မူဆယ်မှာ၊ သူတို့ အားလုံး ကြံ့ဖွံ့ပါတီကနေ ရွေးကောက်ပွဲဝင်ကြမယ်။ ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးနေတဲ့ ဒေသ အတော် များများဟာ စစ်အစိုးရ ထိန်းချုပ်ထားတဲ့ ဒေသတွေပါပဲ” ဟု ရှမ်း သုတေသီနှင့် သတင်းစာသမား တဦးဖြစ်သူ ဦးခွန်စိုင်းက ပြောသည်။

ယခင်က ဘိန်းကို ရှမ်းပြည်နယ်တွင် ၀တပ်ဖွဲ့ ဝင်များနှင့် ငြိမ်းချမ်းရေးအဖွဲ့ များက အဓိက စိုက်ပျိုးထုတ်လုပ် ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် စစ်အစိုးရ ဖွဲ့ စည်းပေးထားသော ပြည်သူ့စစ်များက ပိုမို စိုက်ပျိုးထုတ်လုပ်လာကြကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွင် စစ်တပ်၏ ပါဝင်ပတ်သက်မှုသည် “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ပါဝင်ပတ်သက်မှုထက် ၂ ဆ ပိုများကြောင်းလည်း ၎င်းက ဆိုသည်။

ဆက်လက်၍ ဦးခွန်စိုင်းက မူးယစ်ဆေးဝါးများသည် ၀ ဒေသမှ ၀င်ရောက် လာသည့် ပုံစံမျိုး အထင်မှားစေရန် မူးယစ်ဆေးဝါး ရောင်းဝယ်သူ များက ဟန်ဆောင်ကြကြောင်း၊ UWSA ၏ တုံ့ပြန်မှုကို ကြောက်ရွံ့သည့်အတွက် ယင်းရောင်းဝယ်ဖောက်ကားသူများက အခက်အခဲ အတားအဆီးများကို အလွယ်တကူ ဖြတ်ကျော်နိုင်ကြကြောင်း ပြောသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး၏ အထောက်အပံ့ဖြင့် ၁၀ စုနှစ် တခုကြာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုသည် ပြည်နယ်အတွင်း ပိုမို များပြား လာကြောင်း ရှမ်းပြည်နယ် မူးယစ်ဆေးဝါးစောင့်ကြည့်ရေး ပြုလုပ်နေသည့် စာစောင်တစောင်က ဆိုသည်။

ရှမ်းပြည်နယ်တွင် တပ်ရင်းပေါင်း ၁၅၀ အထိ ထပ်မံတိုးချဲ့ထားသော်လည်း ပြည်နယ်ရှိ မြို့နယ် ၅၅ ခုအနက် ၄၆ မြို့နယ်တွင် ဘိန်းစိုက်ပျိုးမှု ပိုမို တိုးပွားလာကြောင်း၊ တလ လစာ ၂၀၀၀၀ ကျပ်ခန့် ၀င်ငွေရှိသော မြန်မာစစ်သားများအနေဖြင့် ဘိန်း စိုက်ပျိုးရေးလုပ်ငန်းမှ အကောက်အခွန်များ ရယူပြီး ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ တင်သွင်းသည့် လုပ်ငန်းများတွင် ပါဝင် ပတ်သက်မှုရှိနေကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့က ဆိုသည်။

“ပလောင် အမျိုးသား ၈၀ ရာခိုင်နှုန်းလောက် ဘိန်းကို သုံးစွဲတယ်။ ၁၄ နှစ် ၁၅ နှစ်အထက် လူငယ်အားလုံးလိုလို စွဲနေတယ်” ဟု ပလောင်အမျိုးသမီး အစည်းအရုံးမှ လွေးအေးနန်းက ဆိုသည်။

ရှမ်းပြည်နယ်ရှိ မူးယစ်ဆေးဝါးကုန်ကူးမှုများတွင် စစ်တပ်မှ ပါဝင် ပတ်သက်မှုများနှင့် ပတ်သက်၍ မကြာသေးမီက ပလောင် အမျိုးသမီး အဖွဲ့က ထုတ်ဝေသည့် သတင်းမှတ်တမ်းတွင် ထောက်ပြထားသည်။

ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDAK) ၏ ခေါင်းဆောင်ဟောင်း ဦးဇခုန်တိန်ယိန်း ကလည်း ကချင်ပြည်နယ်တွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်သည် ဘိန်းသုံးစွဲမှု အမြင့်မားဆုံး ပြည်နယ်ဖြစ်ကြောင်း ကချင် သတင်းဌာန၏ အယ်ဒီတာ လဖိုင် နော်ဒင်းက ဆိုသည်။

“ရွှေမှော်၊ ကျောက်မှော် သစ်ထုတ်လုပ်ရေးမှာ လုပ်တဲ့လူတိုင်းက ဘိန်းကို သုံးစွဲကြတယ်။ ဘိန်းစားတာက အောက်ပြည်မှာ ကွမ်းဝါးသလိုပဲ ယဉ်ကျေးမှု တရပ်လို ဖြစ်လာတယ်” ဟု ၎င်းက ပြောသည်။

၂၀၀၄ ခုနှစ် နောက်ပိုင်း ကချင်ပြည်နယ်၏ ပညာတတ်များ မွေးထုတ်ရာ မြစ်ကြီးနား တက္ကသိုလ်တွင် ဘိန်းကို လွတ်လပ်စွာ ၀ယ်ယူနိုင်ကြောင်း၊ မူးယစ်ဆေးစွဲနေသည့် ကျောင်းသား ၃၀၀၀ ခန့် ရှိနေကြောင်း ကချင်ပြည်နယ်ရှိ ဘာသာရေး အဖွဲ့အစည်းများက ခန့်မှန်းထားသည်ဟု သိရသည်။

“၂၀၀၄ ခုနှစ် နောက်ပိုင်းမှာ ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့က မြစ်ကြီးနားတက္ကသိုလ်ရဲ့ အိမ်သာတွေထဲမှာ ဘိန်းထိုးပြီးတဲ့ ဆေးထိုးအပ်တွေကို ထည့်ဖို့ နေရာလေးတွေ စီစဉ်ပေးတယ်။ အဲဒီလောက်အထိ အခြေအနေ ဆိုးရွား လာတယ်” ဟု လဖိုင် နော်ဒင်းက ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် စစ်အစိုးရကို ပြန်လည်တိုက်ခိုက်ရန်အတွက် လက်နက်များ ၀ယ်ယူနိုင်ရန်  မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုတွင် ပါဝင်လာကြောင်းလည်း သိရသည်။

ရင်းမြစ်။ ။ဧရာဝတီ

Saturday, September 25, 2010

ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့်ရပြီ

  ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ပြုသည့် စာရင်းကို ဗဟန်းမြို့နယ် အရှေ့ ရွှေတောင်ကြား ရပ်ကွက် ကော်မရှင် ရုံးတွင် ဖော်ပြထားကြောင်း သိရသည်။

ကော်မရှင်ရုံးရှိ မဲပေးပိုင်ခွင့်ရှိသူများ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ နေအိမ် အကျယ်ချုပ်ကျခံနေရသည့် ဒေါ် ခင်ခင် ၀င်းနှင့် သမီးဖြစ်သူ မ၀င်းမမတို့လည်း ပါဝင်ကြောင်း ရပ်ကွက်ကော်မရှင်ရုံးသို့ သွားရောက် ကြည့်ခဲ့သူတဦးက ဧရာဝတီသို့ ပြော သည်။

“အရင်ရက်က မရှိဘူး၊ ဒီနေ့ သွားကြည့်တော့ စာရွက် တရွက်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ နာမည်တွေက သီးသန့် ကပ်ထားတာ” ဟု ၎င်းက ဆိုသည်။

ထိုစာရွက်တွင် နေအိမ် အကျယ်ချုပ် ကျခံနေရသည့် စစ်ထောက်လှမ်းရေး အကြီး အကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၏သား ဒေါက်တာ ရဲနိုင်ဝင်း၏ နာမည်လည်း ပါဝင်ကြောင်း၊ ၎င်းတို့ ၄ ဦးကို စာရွက် တရွက်ဖြင့် သီးသန့် ကပ်ပေးထားခြင်း ဖြစ်ကြောင်း ရပ်ကွက် ကော်မရှင်ရုံးသို့ သွားရောက် ကြည့်ခဲ့သူက ဆက်လက် ပြောသည်။

ဒေါ်အောင်ဆန်း စုကြည်၏ မဲပေးခွင့်ရှိသူ နံပါတ်မှာ ၂၈၃၃ ဖြစ်ပြီး ဒေါက်တာ ရဲနိုင်ဝင်း မှာ ၂၈၃၆ ဖြစ်သည်။

ရွေးကောက်ပွဲတွင် မဲပေးနိုင်သူများ စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူ တဦးကမူ မဲပေးခွင့်ရှိသူများ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ကြောင်း၊ စတင်ဖော်ပြစဉ်က လူပေါင်း ၄၀၀ သာ ဖော်ပြနိုင်သည့် အတွက် မပါဝင်ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

မဲပေးခွင့်ရှိသူ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်သည်ဟု ဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၎င်းတို့ ၄ ဦး သာ သီးသန့်ကပ်ထားသည့် အတွက် နောက်ဆက်တွဲ စာရင်းသာ ဖြစ်နိုင်ကြောင်း သွားရောက်ကြည့်ရှု့ခဲ့သူ ဆိုသည်။

စက်တင်ဘာ ၂၀ ရက်နေ့ ထုတ် AP သတင်းတွင်မူ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မ၀င်းမမတို့ မဲပေးခွင့် စာရင်းတွင် မပါဝင်ဟု ဖော်ပြထားသည်။

ယခုနှစ် ရွေးကောက်ပွဲသည် ၁၉၉၀ တွင်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီး နှစ်ပေါင်း ၂၀ အတွင်း ကျင်းပမည့် ပထမဆုံး ရွေးကောက်ပွဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အသိအမှတ်မပြုခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပြီးခဲ့သည့် ၂၁ နှစ်တာ ကာလ အတွင်း ၁၅ နှစ်ခန့် နေအိမ် အကျယ်ချုပ် ချထားခဲ့သည်။


ယခုနှစ် မတ်လတွင် အစိုးရက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေများ၌ ပြစ်ဒဏ် ကျခံနေရသူများသည် ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိကြောင်း၊ မဲပေးပိုင်ခွင့် မရှိကြောင်း ပြဌာန်းထားသည်။

လာမည့် ရွေးကောက်ပွဲသည် ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သည့် စစ်အာဏာရှင် စနစ်ကို ဆက်လက် အသက်သွင်းမည့် ရွေးကောက်ပွဲ  သာဖြစ်သည်ဟု လေ့လာသူများက ပြောဆိုကြောင်းလည်း AP သတင်းတွင် ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ရန် ၃ လ အလို ၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်နေ့တွင် အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော နေအိမ်အတွင်းသို့ ဝင်ရောက်မှုဖြင့် နေအိမ်အကျယ်ချုပ် ဥပဒေကို ချိုးဖောက်သည် ဟု ဆိုကာ ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခံခဲ့ရသည်။ ထို့နောက် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့် ဖြင့် နေအိမ် အကျယ်ချုပ် ၁၈ လ သို့ လျှော့ချခဲ့သည်။

စစ်အစိုးရက ၁၉၈၈ တွင် အာဏာရယူပြီးနောက် ၁၉၇၄ အခြေခံဥပဒေကို ၂၀၀၈ အခြေခံ ဥပဒေဖြင့် အစားထိုးခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုရာတွင်မူ အခြေခံဥပဒေဟောင်းကို အသုံးပြုထားသဖြင့် တရားမဝင်ဟု အမေရိကန် နိုင်ငံ ဝါရှင်တန် မြို့အခြေစိုက် Freedom Now ဥပဒေ ရေးရာ အဖွဲ့က ယခုလ ၁၅ ရက်နေ့တွင် ပြောဆိုထားသည်။

မြန်မာ အစိုးရ၏ တည်ဆဲ ဥပဒေများအရ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ရမည် ဖြစ်ကြောင်းလည်း Freedom Now က ကြေညာချက် ထုတ်ပြန်ထားသည်။

သတင်း။ ။ဧရာဝတီ

Friday, September 24, 2010

ရင့်ကျက်လွတ်လပ်စိတ်နဲ့ ယုံကြည်ခြင်း

       လူတိုင်းလူတိုင်းမှာ ယုံကြည်တာ တခုတော့ ရှိတတ်ကြတယ်။ အချို့ဆိုရင် နှစ်ခု၊ သုံးခုလောက်ကို ရှိတတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည်ပါ။ ငါ ဘာကိုယုံသလဲ၊ ဘာတွေကို ယုံသလဲဆိုတာကို။ လူတိုင်းနီးပါးလောက် ဘာသာတရားကို ယုံကြည်တယ်။ အများစုက ကိုးကွယ်တယ်။ လူတချို့ဟာ ဝါဒတခုခုကို ယုံကြည်တယ်၊ တချို့က ကိုးကွယ်တယ်။ တချို့က အနုပညာ၊ တချို့က သုတေသန၊ တချို့က နိုင်ငံရေး။ ဒီနေရာမှာ ဝါသနာပါတာနဲ့ ယုံကြည်တာဟာ ဆက်စပ်နေတတ်ပါတယ်။ ငယ်ငယ်က ဖတ်ဖူးတဲ့ ဝတ္ထုတပုဒ်မှာ ငါ့ဘဝတခုလုံး အနုပညာထဲ မြှုပ်နှံထားတယ် ဆိုတဲ့ စာကြောင်းလေး ပါတာကို မှတ်မိနေတယ်။ ဘဝတခုလုံးကို မြှုပ်ပြီး ဝါသနာပါတာဟာ ယုံကြည်တာလို့ပြောရင် သဘောတူနိုင်မလား။

ကျနော့် အမြင်နဲ့ပြောရရင် ယုံကြည်ခြင်းဆိုတာ ကိုယ့်စိတ်မှာ မှန်တယ်လို့ သတ်မှတ်လက်ခံပြီး စွဲစွဲလမ်းလမ်း လုပ်ကိုင်ဆောင်ရွက်၊ ကျင့်သုံး အကောင်အထည်ဖေါ်တာကို ခေါ်တယ်လို့ထင်တယ်။ ကိုယ်နဲ့ တခြားလူ တဦးချင်းတွေနဲ့ တူရင်တူမယ်၊ တူချင်မှလည်းတူမယ်၊ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ ဟုတ်တယ် မှန်တယ်၊ လုပ်ရမယ်၊ လုပ်ကို လုပ်ရမယ်လို့ စွဲမှတ်နေတာမျိုးပါ။ ကိုယ့်ယုံကြည်မှုဟာ အနည်းဆုံးတော့ ကိုယ့်အတွက် စိတ်ကျေနပ် နှစ်သက်မှုရဖို့ လိုအပ်ပါတယ်။ တဆင့်ချင်းပြောရရင် ကိုယ့်မိသားစုနဲ့ မိတ်ဆွေ သူငယ်ချင်းတွေ အတွက်၊ ကိုယ့်လူ့အဖွဲ့အစည်းအတွက်၊ ကမ္ဘာလောကကြီးအတွက် စိတ်ကျေနပ်နှစ်သက်မှု (စိတ်ချမ်းသာမှု) ရအောင်လုပ်နိုင်ရင် ပိုမကောင်းပေဘူးလား။

ငယ်တဲ့အရွယ်ယုံလွယ်လွယ်

ကျနော်တို့ ကလေးဘဝတုန်းက ဘယ်ပုံ ဘယ်နည်းနဲ့ယုံခဲ့ကြသလဲဆိုတာ အခုအရွယ်ရောက်လာတဲ့အခါ ပြန်လှည့်ကြည့်ရင် မြင်ရပါပြီ။ “ဟောဒါက ဖေဖေ၊ ဒါက မေမေ၊ သူက မမ၊ သူက ကိုကို” စသည်ဖြင့် ကြီးတဲ့သူ တွေက ပြောသမျှကို သိတတ်စ အရွယ်ကတည်းက ယုံမှတ်ခဲ့ကြတာ၊ မှတ်မိအောင် အထပ်ထပ်အခါခါ ပြောတော့(သင်တော့) ယုံခဲ့တာတွေ အများကြီး။ ငယ်သေးတော့ ကိုယ့်ထက်ကြီးတဲ့သူတွေ (ဘယ်သူမဆို) က ပြောသမျှကို အမှန်ထင်ပြီး ယုံခဲ့တာ။ “မကိုင်နဲ့ ပူလိမ့်မယ်” ဆိုလည်း ယုံလိုက်တာပဲ။ “ဒေဝေါကြီး ကိုက်လိမ့်မယ် မလုပ်နဲ့” ဆိုပြီး ခြောက်လှန့် ဟန့်တားရင်လည်း ကြောက်ကြောက်နဲ့ ထပ်မလုပ်ရဲဘူး။ “ဒီနေရာက ညဆို သရဲခြောက်တယ်” လို့ပြောရင်လည်း သရဲဆိုတာ ချိုနဲ့ အမြီးနဲ့လား၊ အထက်အောက် ဆင်တူ ဝတ်ထားသူလား ဆိုတာ မြင်ဖူးတာလည်း မဟုတ်ဘဲနဲ့ ကြောက်ခဲ့ကြတာပါပဲ။

ကစားဖေါ်၊ ကစားဖက် သူငယ်ချင်းတွေက ပြောရင်လည်း ယုံလိုက်တာပဲ။ အစ်ကို အရွယ် အစ်မအရွယ်က ပြောလိုက်ရင်လည်း ယုံလိုက်တာပဲ။ လမ်းထဲရပ်ကွက်ထဲက ဦးလေးအရွယ်၊ အဒေါ်အရွယ်တွေက ပြောရင်လည်း ယုံလိုက်တာပဲ။ ကျောင်းနေတော့လည်း ဆရာ၊ ဆရာမတွေကပြောရင် ပိုတောင် ယုံသေးတယ်။ အဲဒီအရွယ်မှာ မိဘတွေစကားထက် ဆရာရဲ့စကားက ပိုအောင်တယ်။ ကိုယ်သဘောကျတဲ့ ကိုယ်ခင်တဲ့ လူတွေပြောတာဆိုပြီး ပိုပြီးတော့တောင် ယုံလိုက်သေးတာ။

ကျနော့်ရဲ့ ငယ်ဘဝက ယုံကြည်ပုံတွေဟာ အဲဒီလို စခဲ့တာ။ မှားသလား မှန်သလား မခွဲခြားတတ်သေးတဲ့ အရွယ်မို့ ပြောတဲ့သူတွေရဲ့ စကားဟာ တကယ့်ကိုယ်တွေ့ ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာလည်း မသိ၊ တကယ့်ကို စနစ်တကျ လေ့လာပြီး ပြောတာဟုတ် မဟုတ်လည်း မသိ၊ ယုတ္တိရှိမရှိ၊ သဘာဝကျမကျ၊ အယူသီးတာ ဟုတ်မဟုတ် ပါးစပ်ထဲ တွေ့ကရာ ပြောလိုက်တာလား ဆိုတာလည်း ခွဲခြားပြီးမသိ။ မှတ်မိခဲ့တာကတော့ လူကြီးတွေပြောသမျှ ဝေဖန်သုံသပ်မှု မရှိဘဲ အလုံးစုံ ယုံကြည်ခဲ့တာပါ။

ဝေဖန်သုံးသပ်ရအောင်လည်း ကိုယ်က ချာတိတ်၊ ငချွတ် အတွေ့အကြုံ ဆိုတာလည်းမရှိ၊ ဝေဖန်သုံးသပ်တယ်ဆိုတဲ့ စကားလုံးလည်း မကြားဖူး၊ ကြားဖူး၊ မြင်ဖူးရင်တောင် အဓိပ္ပာယ် ဆိုလိုချက်ကို သိနိုင်မယ့်အရွယ်မှ မဟုတ်တာ။ ဒီတော့လည်း အယုံလွယ်ခဲ့တာ ဘာဆန်းတာမှတ်လို့။

သိသမျှလေးကို အမှန်ထင်

ဒီလိုနဲ့ အရွယ်ရောက်လာပြီး လူပျိုပေါက်ကလေး ဖြစ်လာပြီပေါ့၊ ကိုးတန်း၊ ဆယ်တန်းလောက် ရောက်တော့ ဟိုနည်းနည်း ဒီနည်းနည်းနဲ့ စာလေးပေးလေး မတောက်တခေါက် ဖတ်ဖူးလာတယ်။ ဒီအခါမှာ ငယ်ငယ်တုန်းက ယုံခဲ့တာတွေကို ပြန်စဉ်းစားကြည့်ပြီး လက်ခံနိုင်တဲ့ဟာကို ဆက်ပြီး ယုံတယ်။

ကိုယ်လက်မခံနိုင်တဲ့ဟာဆိုရင် မယုံတော့ဘူး ဖြစ်လာတယ်။ အဲဒီ အရွယ်တုန်းကတော့ သူများနဲ့ မတူတဲ့ စဉ်းစားပုံမျိုး ကြည့်ပုံ မြင်ပုံမျိုး ဆိုရင် သိပ်သဘောကျတာ၊ ကိုယ်တိုင်ကိုက စိတ်ထဲမှာ ထူးခြားချင်တာ သူများနဲ့ မတူချင်တာ၊ ကိုးလိုးကန့်လန့် လုပ်ချင်နေတာကိုး။ အဲဒီ စိတ်နဲ့ စာတွေဖတ်၊ ကိုယ့်လိုလူတွေ တဖြည်းဖြည်းတွေ့လာ၊ ကိုယ်ဖတ်ထားတာတွေ ကိုယ့်အမြင်တွေကို သူတို့တတွေနဲ့ ပြောကြ၊ ဆွေးနွေးကြ၊ ငြင်းခုန်ကြနဲ့ အသက်က ငယ်လည်းငယ်၊ စိတ်ဓာတ်ကလည်း တက်ကြွနေတဲ့အချိန်ဆိုတော့ ကိုယ့်သူငယ်ချင်းအချင်း သဘောတူလိုက်ကြတာကိုပဲ အမှန်တရားလို့ ထင်လိုက်ကြတာပါ။

ဆယ့်ခြောက်နှစ် ဝန်းကျင်လောက်ကနေစပြီး အမှန်တရားဆိုတာကို ရှာလိုက်ရတာ ရှာရင်းရှာရင်းနဲ့ လူငယ်သဘာဝအတိုင်း အစဉ်အလာတွေ ဆန့်ကျင်ချင်တာ၊ လူ့အဖွဲ့အစည်း အပေါ် မကျေနပ်တာ၊ အယူအဆ ဒဿနသစ်ကို ရှာကြည့်ချင်တာ၊ ကိုယ့်ဒဿနနဲ့ လောက လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်ချင်တာ၊ အများအကျိုးကို ထမ်းရွက်ချင်တာ၊ ခြစားနေတဲ့ စာရိတ္တတွေကို ပယ်ဖျောက်ပစ်ချင်တာ၊ ဘဝပန်းတိုင်ကို ချမှတ်ဖြစ်တာ၊ ဝါသနာပါတာကိုပဲ တစိုက်မတ်မတ် လုပ်ချင်တာ အစရှိသဖြင့် ရင်ထဲ ဖြစ်တည်မှုတွေ အများကြီး ရှိလာတော့တာပါပဲ။

ကြီးလာတော့လည်း ယုံတာပါပဲ

ဒီလိုနဲ့ အရွယ်ရောက်လာ ရည်းစားထားကြ အိမ်ထောင်ကျကြ၊ သားသမီးတွေ မွေးလာကြနဲ့ လူ့ဘဝရဲ့ ဖြစ်ရိုး ဖြစ်စဉ်အတိုင်း ဖြစ်ခဲ့ကြတယ်။ မိသားစုထဲမှာ ဆွေမျိုးအသိုင်းအဝန်းကြားမှာ ကိုယ်က ပြောရဆိုရ ညွှန်ပြရမယ့် နေရာကို ရောက်မှန်းမသိရောက်လာကြတယ်။ ငယ်ငယ်တုန်းကလို သူများ ပြောတာကို ယုံပြီး အဲဒီ ဗဟုသုတလောက် အသိတရားလောက်နဲ့ ငယ်တဲ့လူတွေကို ပြောလို့ သင့်ပါရဲ့လား။ အဲဒီအဆင့်နေရာမှာ လူတွေရဲ့ အမျိုးအစားတွေ ကွဲလာပါတော့တယ်။

ပထမ တမျိုးကတော့ ဘာမှ လေ့လာ ဆည်းပူးခြင်းလည်းမရှိ ဝေဖန်ပိုင်းခြားချင်တဲ့ သဘောထား အမြင်လည်း မရှိတဲ့ ပုဂ္ဂိုလ်တွေ။ အဲဒီ သူတွေဟာ ငယ်ငယ်တုန်းကလိုပဲ သူများပြောတာကို ယုံပြီး ယုံတဲ့အတိုင်း ပြန်ပြော တတ်သူတွေ ဖြစ်လာကြတယ်။ သူတို့ကို ပြောတဲ့လူက တလွဲတချော်တွေ အမှားအယွင်းတွေ ပြောလို့လည်း ပြောမှန်းမသိဘဲ အဲဒီစကားတွေကို တရားလိုမှတ်ပြီး ကျင့်သုံးကြသူတွေပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှာရင် တွေ့နိုင်ပါတယ်။

ဒုတိယ အမျိုးအစားကတော့ စာတော့ အတန်အသင့်ဖတ်တယ်၊ အတန်းပညာလည်း ဘွဲ့ရသူ ဖြစ်ချင် ဖြစ်မယ်။ ဝတ်ပုံစားပုံ နေပုံထိုင်ပုံကလည်း ခေတ်မီသူ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ အဲဒီ ပုဂ္ဂိုလ်တွေက သူတို့ဖတ်တာ လေ့လာတာ နားထောင်တာတွေကို ဆင်ခြင်သုံးသပ်တာမျိုး မလုပ်ဘဲ သိရင် သိတဲ့အတိုင်း ကြားရင် ကြားတဲ့ အတိုင်း စာထဲတွေ့ရင် တွေ့တဲ့အတိုင်း လက်ခံယုံကြည်လိုက်ကြတဲ့သူမျိုးတွေ။

အဲဒီလို လူမျိုးတွေကလည်း ပထမ အမျိုးအစားနဲ့ သိပ်ကွာတဲ့သူတွေ မဟုတ်ဘူး။ ပညာတတ်တာ၊ ရာထူးရှိတာ ပိုက်ဆံရှိတာပဲ ကွာတယ်။ စဉ်းစားပုံ ကြည့်မြင်ပုံတွေက အစဉ်အလာအတိုင်း စာအုပ်ကြီးအတိုင်း ရှေးရိုးစွဲပုံစံနဲ့ ဘိုးတော်ဆိုလည်း ကိုးကွယ်လိုက်တာပဲ။ နတ်ကနားပွဲဆိုလည်း ပေးလိုက်တာပဲ။

ဗေဒင်ဆရာက ဘာလုပ်ညာလုပ်ဆိုလည်း လုပ်လိုက်တာပဲ။ ဒီလိုလူစားတွေကိုလည်း ကိုယ့်ပတ်ဝန်းကျင်မှာ ရှာတွေ့နိုင်ပါတယ်။

တတိယ အမျိုးအစားကတော့ ဖတ်မယ်၊ မှတ်မယ် လေ့လာမယ်၊ မြင်တာ ကြားတာ သိတာတွေကို ဝေဖန် သုံးသပ်မယ်။ ခွဲခြမ်းစိတ်ဖြာမယ် နှိုင်းယှဉ်စဉ်းစားမယ်။ လက်တွေ့ စမ်းသပ်လို့ရရင် လက်တွေ့ လုပ်ကြည့်မယ်။ ရှိနေတဲ့ အခြေအနေနဲ့ စပ်ဟပ်ကြည့်မယ်။

ဘယ်လို ပုဂ္ဂိုလ်မျိုး ပြောတာပဲဖြစ်ဖြစ် အလွယ်တကူ လက်မခံဘဲ ဝေဖန် သုံးသပ်ပြီး အခြေအနေနဲ့ ကိုယ့်သဘောထားနဲ့ ကိုက်ညီမှ လက်ခံမယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေ။ အဲဒီလို လူမျိုးတွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင် အသိုင်းအဝန်းမှာ လူထူးလူဆန်းအနေနဲ့ အကြည့်ခံရနိုင်တယ်။ ပုဒ်ထီး ပုဒ်မ တပ်ပြီး ကဲ့ရဲ့ရှုတ်ချခံရတတ်တယ်။ လူ့ဂွစာ တယောက်အနေမျိုး သတ်မှတ်ခံရတတ်တယ်။ သူက အစဉ်အလာ ကြည့်ပုံ၊ မြင်ပုံ၊ တွေးပုံ၊ လက်ခံကျင့်သုံပုံတွေနဲ့ ကွဲလွဲနေတာကိုး။

စတုတ္ထ အမျိုးအစားကတော့ ယေဘုယျ ကြည့်လိုက်ရင်တတိယ အမျိုးအစားလို့ ထင်စရာရှိတယ်။ လေ့လာမှု၊ သုံးသပ်ဝေဖန်မှု၊ အများကြည့်သလို မကြည့်မှု၊ အခြေအနေနဲ့ စပ်ဟပ်ကြည့်ပြီးမှ လက်ခံမှု ဘယ်သူတွေက ဘယ်လိုပဲပြောပြော စဉ်းစားပြီးမှ ငါယုံကြည်လက်ခံမယ်ဆိုတဲ့ လူမျိုးတွေပါပဲ။ ဒါပေမဲ့ အဲဒီလို လူတွေမှာ သူတို့ လုံးဝယုံကြည်လက်ခံလိုက်တဲ့ ပုဂ္ဂိုလ်ရဲ့ စကားဆိုရင် တရားလို သဘောထားပြီး သာမန်လူတွေ ဘာသာတရားကို ကိုးကွယ်သလိုမျိုး ကိုးကွယ်လိုက်တာ။ “ဝေဖန်ရင် အပြစ်ရှိတယ်၊ အကုသိုလ်ဖြစ်မယ်၊ အဝီစိ ငရဲအိုးထဲ ဇောက်ထိုးကျမယ်” ဆိုတဲ့ စဉ်းစားပုံမျိုးနဲ့ ကိုးကွယ်ကြသူမျိုးတွေ။

“ခင်ဗျားက သူ့လောက်သိလို့ တတ်လို့လား၊ သူ့လောက် သြဇာတိက္ကမ ရှိလို့လား” ဆိုတဲ့ စကားတွေနဲ့ ဆိုင်းဘုတ်အမျိုးမျိုးကပ်ပြီး တိုက်ခိုက် ရှုံ့ ချတတ်သူတွေ။ သူတို့တွေကို လေ့လာကြည့်ရင် ပြောင်းလဲရွေ့လျားနေတဲ့ အခြေအနေကို လိုက်မီအောင်၊ သိနားလည်အောင် မကြိုးစားဘဲ “လှေနံဓားထစ်”တွေ ဖြစ်နေတာကို တွေ့နိုင်မယ်။ စာအုပ်တအုပ် စာတမျိုးပဲဖတ်ပြီး ကိုးကွယ်နေတဲ့ စာအုပ်ကြီးသမားတွေ ဖြစ်နေတာကို တွေ့ရမယ်။ အဲဒီလို လူမျိုးတွေလည်း ကိုယ့်ပတ်ဝန်းကျင်မှာ ရှာတွေ့နိုင်ပါတယ်။

ပဉ္စမ အမျိုးအစားကတော့ လေ့လာမှု၊ သုံးသပ်မှုတွေမှာ တတိယ၊ စတုတ္ထအမျိုးအစားနဲ့ ခပ်ဆင်ဆင် တူပါတယ်။ ဒါပေမဲ့ ပြောင်းလဲနေတဲ့ အခြေအနေနဲ့ စပ်ဟပ်ကြည်လိုက်တဲ့အချိန်မှာ ကိုယ့်ရဲ့မူလ အမြင်ပေါ်ကနေ ကြည့်တာမျိုးမဟုတ်တော့ဘူး။ ကိုယ်မြင်သိ ယုံကြည်မှုကို အခြေအနေနဲ့ ကိုက်ညီအောင် အလျှော့အတင်းလုပ်တာ၊ လတ်တလော ဒဿန အမြှုပ်ထမှုကို စူးစမ်းသုံးသပ်ပြီး နောက်ကွယ်က လက်ကို ရှာဖွေတာ၊ တချိန်တည်းပဲ အပြိုင်ရှိနေတဲ့ ဘက်ကိုပါ လေ့လာသုံးသပ်တာမျိုး မရှိတော့ဘဲနဲ့ အမြှုပ်ပလုံစီထနေတဲ့ ဒဿန ရေမြောင်းထဲကို လွှားခနဲ ခုန်ဆင်းသွားတဲ့ ပုဂ္ဂိုလ်မျိုးပါ။ အမြှုပ်ထနေတဲ့ မြောင်းထဲမှာ မျှောလိုက်ရင်း မြောင်းပေါ်က မြင်မြင်သမျှကို ပုတ်ခတ်တိုက်ခိုက်တော့တာပါပဲ။

အထူးသဖြင့် မူလက ကိုယ်ရပ်တည်ခဲ့တဲ့ ဘောင်ပေါ်က လူတွေကို၊ အယူအဆတွေကို၊ သဘောထားနဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေကို ခါးခါးသီးသီး ပြင်းပြင်းထန်ထန် ထိုးနှက်တိုက်ခိုက်ဆဲရေးရင်း မြောင်းရဲ့နောက် ဘောင်တဖက်ကို လက်ကမ်းပေးနေတာမျိုးပါ။ “ကယ်လှည့်ပါ ခေါ်လှည့်ပါ ခင်ဗျားတို့ဘက်မှာ နေပါရစေ” ပေါ့။ နဂိုတည်းက ဒီရေမြောင်းမှာ ဟိုဘက်ဒီဘက် ဘောင်နှစ်ခုတည်း ရှိနေမှန်း သိပြီးသား ဖြစ်ပေမယ့် နာကျင်မှုနောက်က နောင်တတရားတွေ၊ ကိုယ်ကျိုးစီးပွားတွေက အဲဒီပုဂ္ဂိုလ်မျိုးကို ဆွဲခေါ်သွား တာပါ။

သမိုင်းမှာ အမြင်၊ အယူအဆ၊ ဒဿနတခုခု အခြေတကျ မဖြစ်သေးတဲ့ကာလ၊ အမြှုပ်မသေသေးတဲ့ အချိန်မျိုးတွေမှာ ဒဿန သူရဲကောင်းလိုလို အမြင်အယူအဆသစ် ရှာဖွေတွေ့ရှိတဲ့ လူစွမ်းကောင်းလိုလို ပုဂ္ဂိုလ်မျိုးတွေ ရှိခဲ့ဖူးပါတယ်။ ပွဲပြီးတော့ အဲဒီမီးလည်း သေသွားတတ်တာပါပဲ။

ကျော်ရဲသလား ကျော်သင့်သလား

နိုင်ငံခြားသားတွေကို မြန်မာစာသင်ပေးနေတဲ့ ဆရာမတယောက်နဲ့ တွေ့ဖူးတယ်။ စကားပြောကြရင်း သူစာသင်ပေးနေတဲ့ ဥရောပနိုင်ငံတခုက ကျောင်းသူကို ဗုဒ္ဓဘာသာစာပေတွေထဲက မြန်မာစာတွေကို ရွေးပြီး သင်ပေးတဲ့အကြောင်း အဲဒီဆရာမကပြောတော့ ကျနော်က “ကိုယ့်ဘာသာထဲရောက်အောင် စည်းရုံးသိမ်းသွင်း တဲ့ အဓိပ္ပါယ်မျိုး ရောက်မနေဘူးလား” လို့ပြောမိတယ်။ အဲဒီတော့ ဆရာမက ဘာပြန်ပြောတယ်မှတ်လဲ “ပြဿနာ မရှိပါဘူး သူက ဘာသာမဲ့ပါ” တဲ့။

ဥရောပတို့ အမေရိကတို့လို ဒေသတွေမှာ သူတို့ လူ့အဖွဲ့အစည်းထဲမှာ ဘာသာမဲ့ဆိုတာ အထူးအဆန်း မဟုတ်ဘူး။ အခုမှ ရှိတာလည်း မဟုတ်ဘူး။ ရှိနေခဲ့ကြတာကြာပြီ။ ဒါကလည်း ယုံကြည်မှုတခုပဲ မဟုတ်ဘူးလား။ စိတ်ဝင်စားစရာကောင်းတာက လူတယောက်အနေနဲ့ အစဉ်အလာ ယုံကြည်ကိုးကွယ်မှု မဟုတ်တဲ့ ယုံကြည်မှုတခုကို ပြောင်းလိုက်တဲ့ စိတ်ရုန်းကန်မှု ဖြစ်စဉ်ပါ။

အတွေးအမြင် အယူအဆ ပြောင်းလဲတတ်ခြင်းနဲ့ ပတ်သက်ပြီး ဆရာကြီး ရွှေဥဒေါင်းက “တသက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ” စာအုပ်တနေရာမှာ-

“ဝါဒ အဆန်းအသစ်တခု ပေါ်ပေါက်လာသည့်အခါ ရာခိုင်နှုန်းတော်တော်များသည့် လူသတ္တဝါများသည် စဉ်းစားဖို့ အတော်ပျင်းရိကြ၏။ နက်နဲသော အခြင်းအရာ တခုကိုစဉ်းစားရခြင်းအလုပ်သည် ဦးနှောက်ရှုပ်သည် ဟုဆိုကြ၏။ စဉ်းစားရသောအလုပ်၌ ဝါသနာပါသူ အနည်းငယ်တို့အဖို့မှာလည်း အမှန်သို့ မရောက်စေနိုင်သည့် အတားအဆီးများ ရှိနေပြန်လေသည်။ ယင်းအတားအဆီးများမှာ (၁) မိရိုးဖလာ အစဉ်အလာကို မဖယ်နိုင်ခြင်း (၂) သဘာဝကျမကျကို ဆုံးဖြတ်တတ်သည့် ဥာဏ်မျိုးနုံ့နဲ့ခြင်း၊ (၃) မိမိ၏ အလိုဆန္ဒနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည့်သဘောတရား တခုကို လက်မခံလိုခြင်း တို့ဖြစ်လေသည်။” (စာ - ၂၂၈)

လို့ရေးထားပါတယ်။ လူ့ သဘာဝမှာ ဖြစ်လေ့ဖြစ်ထရှိတာတွေကို အတားအဆီး ဆိုတဲ့ ရှုထောင့်က ကြည့်ထားတာပါ။ အဲဒီ အတားအဆီးကို ကျော်ဖြတ်နိုင်ရင် ဝါဒအသစ် ယုံကြည်မှု အသစ်ကို လက်ခံသွား နိုင်တယ်ဆိုတဲ့ အမြင်ပါ။ ဒီသဘောထားပုံဟာ ရေးထားတာကြာခဲ့ပြီဖြစ်ပေမယ့် အခုထိ သစ်နေသေးတဲ့ မရိုးသေးတဲ့ အကဲဖြတ်ချက်လည်း ဖြစ်ပါတယ်။

ရင့်ကျက်မှုအပေါ်မှာ လွတ်လပ်ခြင်း

ဒီဆောင်းပါးရဲ့ အစပိုင်းမှာ ပြောခဲ့သလို ယုံကြည်ခြင်းဆိုတာဟာ ကိုယ့်စိတ်ထဲမှာ မှန်တယ်လို့ သတ်မှတ် လက်ခံပြီး စွဲစွဲလမ်းလမ်း လုပ်ကိုင်ဆောင်ရွက် ကျင့်သုံး အကောင်အထည်ဖေါ်တာကို ခေါ်တယ်လို့ ထင်မိပါတယ်။ အဲဒါဟာ ဘာသာတရားလည်း ဖြစ်နိုင်တယ်။ အမြင်အယူအဆလည်း ဖြစ်နိုင်တယ်။ ဘာကိုပဲ ယုံကြည်ယုံကြည် အဲဒီယုံကြည်မှုဟာ အယူသီးမှု တရားသေဖြစ်မှု၊ ဘောင်ကျဉ်းမှုတွေ မဖြစ်ဖို့ လိုအပ်မယ်လို့ ယူဆပါတယ်။ ဆိုလိုချင်တာက ရင့်ကျက်တည်ငြိမ်တဲ့ စိတ်နေ စိတ်ထားပေါ် အခြေခံတဲ့ လွတ်လပ်မှုမျိုးရှိဖို့ လိုအပ်တယ်ဆိုတာကိုပါ။

သဘာဝမကျတာ၊ အကြောင်းအကျိုး မညီညွတ်တာ၊ လက်တွေ့ဘဝနဲ့ မကိုက်ညီတာ၊ မလိုအပ်တဲ့ စည်းကမ်း သတ်မှတ်ချက်တွေ ရှိနေတာ၊ ပိုင်းခြားဝေဖန် အသိဥာဏ်ကို သုံးခွင့်မရတာ၊ တွေးခေါ်မှု ရေပုပ်အိုင်ဖြစ်နေတာတွေကို သတ္တိရှိရှိ ဆန့်ကျင်ပြီး ကိုယ့်ဖန်တီးစဉ်းစားနိုင်စွမ်းအပေါ် အခြေခံတဲ့ ရွေးချယ်ပိုင်ခွင့် ရှိနေဖို့ လိုအပ်ပါတယ်။ ဒါမှပဲ ယုံကြည်မှုမှာ လွတ်လပ်မှာပါ။ သူများက ယုံလိုက်ဆိုလို့ လက်ခံ ယုံကြည်လိုက်တာဟာ အသိဥာဏ်ပိုင်းမှာ ကျွန်ခံခြင်းတမျိုးလို့တောင် ဆိုကြပါတယ်။

ဆရာတော် ဦးဇောတိကရဲ့ “လွတ်လပ်သောစိတ်” ဆိုတဲ့စာအုပ်မှာ ဆရာတော်က

“သဘောထားမတူတဲ့သူတွေ ရှိနေမှပိုပြီး ထောင့်စေ့အောင် စဉ်းစားနိုင်မယ်၊ ဒါမှ အကောင်းဆုံး အဖြေကိုရမယ်။ အသိအမြင်တွေ တိုးလာတဲ့အခါမှာ အရင်တုန်းက သိထားတာတွေမှာ လွဲနေတာ မပြည့်စုံတာတွေကို မှန်အောင် ပြည့်စုံအောင် ပြင်ရမှာပဲ။ ငါတို့ သိထားတာဟာ နည်းနည်းမှ မလွဲဘူး။ ပြည့်စုံတယ်၊ ပြင်ဖို့လည်း မလိုဘူးလို့ မျက်စိမှိတ်ပြီးပြောနေတဲ့သူဟာ အမှန်တရားကို တန်ဖိုးမထားတဲ့သူ၊ လွတ်လပ်မှုကို တန်ဖိုး မထားတဲ့သူ၊ လွတ်လပ်မှုမရှိသူဖြစ်တယ်။ ဒီလူတွေဟာ သူတပါးကို လွတ်လပ်မှုမရှိအောင် လုပ်တယ်၊ အဆင်မပြေမှုတွေ ဖြစ်အောင် လုပ်တယ်” (စာ ၁၄၅)

လို့ဆိုထားပါတယ်။ လွတ်လပ်တဲ့လူ ဆိုတာနဲ့ ပတ်သက်လို့ ပြောတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် ငါ ဘယ်လို လူလဲဆိုတာ သိတဲ့လူမျိုးဆိုပြီး ညွှန်းပါတယ်။

“ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာကို သိတဲ့လူဟာ သူများလုပ်တာကို လိုက် မလုပ်ဘူး၊ သူလုပ်ချင်တာကို လုပ်တယ်။ သူ့မှာ ကိုယ်ပိုင် အယူအဆဆိုတာရှိတယ်။ ကိုယ်ပိုင်ခံယူချက်ဆိုတာရှိတယ်။ သူ့မှာ ရေရှည် ရည်မှန်းချက်ရှိတယ်။ အစီအစဉ်ရှိတယ်။ သူဟာ လမ်းပျောက်နေတဲ့သူမဟုတ်ဘူး၊ လမ်းမရှိတဲ့နေရာမှာ လမ်းထွင်ပြီးသွားနေတဲ့သူဖြစ်တယ်” (စာ -၂၂၁)

လို့ ဆရာတော် ဦးဇောတိကက ရေးထားပါတယ်၊ဒါဟာလည်း အတွေးရုန်းကန်မှုကနေ ရလာတဲ့ ဆရာတော်ရဲ့ အယူအဆ အသီးအပွင့်တွေလို့ ဆိုရမှာပါ။ ကိုယ်ပိုင်အယူအဆနဲ့ ရေရှည်ရည်မှန်းချက်ရှိပြီး အဲဒီ အခြေခံကနေ လွတ်လွတ်လပ်လပ် စဉ်းစား ယုံကြည်တတ် သူမျိုးကို ဆိုလိုတာပါ။ ဝါဒ သက်စေ့ပြောင်းတတ်တဲ့ အဘိဓမ္မာ သက်တန့် ရောင်စုံပေါ်မှာ ဆော့ကစားချင်တဲ့ လေယူရာတိမ်းယိမ်းနွဲ့ ခံယူကျင့်သုံးတတ်တဲ့ သူတွေကို ဆိုလိုနေတာ မဟုတ်ဘူးလို့ ထင်ပါတယ်။

ပန်းခင်းရဲ့ ကျက်သရေ

လူတိုင်း လူတိုင်းမှာ ကိုယ်ယုံကြည်တာ တခုတော့ ရှိတတ်ကြစမြဲပါ၊ အဲဒီ ယုံကြည်မှုဟာ ကလေးဘဝ ကတည်းကစခဲ့ပြီး အသက်အရွယ် အတွေ့အကြုံ လေ့လာမှု ဆင်ခြင်သုံးသပ်မှု ကျင်လည်ရတဲ့ ဝန်းကျင် အစရှိတဲ့ အခြေအနေတွေပေါ်မူတည်ပြီး တဖြည်းဖြည်း တရွေ့ရွေ့နဲ့ တိုးတက် ရင့်ကျက်လာကြပါတယ်။ တဖြည်းဖြည်း တရွေ့ရွေ့နဲ့ ပြောင်းလဲသွားပြီး ရင့်ကျက်လာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ တချို့ကတော့ တရားသေ အယူသီးမှုတွေနဲ့ ရှေးရိုးစွဲတိုင်း မပြောင်းမလဲ ရပ်တည်နေတာမျိုးလည်း ရှိကြပါတယ်။ တချို့ကျတော့လည်း ယုံကြည်မှုတွေကို ဖက်ရှင် ဒီဇိုင်းသမားတယောက်လို အမျိုးမျိုးတီထွင်ပြီး ပြောင်းလဲ ဝတ်ဆင်ကြတာမျိုးလည်း တွေ့ရတတ်ပါတယ်။

ဘယ်လို အခြေအနေတွေပြောင်းပြောင်း ဘာကိုပဲ ယုံကြည်ယုံကြည် ယုံကြည်မှု အခြေခံအပေါ်မှာ ပျော့ပျောင်း လွတ်လပ်မှုရှိရှိ တွေးခေါ်ဆင်ခြင်တာ၊ လက်ခံ ကျင့်သုံးတာမျိုး ဖြစ်ဖို့လိုပါတယ်။ ယုံကြည်တာနဲ့ကွဲပြား ခြားနားတဲ့ ယုံကြည်မှုတွေလည်း ကိုယ့်လိုမဟုတ်တဲ့ တခြားသူတွေဆီမှာ ရှိနေနိုင်တယ်၊ ရှိနေကြတယ်ဆိုတာ အသိအမှတ်ပြုထားဖို့လည်း လိုအပ်ပါသေးတယ်။ ကိုယ့်ရဲ့ လွတ်လပ်တဲ့စိတ်နဲ့ ယုံကြည်မှုဟာ သူ့ရဲ့ယုံကြည်မှု ကိုလည်း လွတ်လပ်စေချင်တဲ့ စေတနာရှိနေသင့်တယ်လို့ ယူဆပါတယ်။ တဦးရဲ့ လွတ်လပ်မှုဟာ တခြားတဦးဦးကို ကန့်သတ်ချုပ်ချယ်မှုမဖြစ်စေဘဲ ရောင်စုံပန်းခင်းထဲက ပန်းတပွင့်ချင်းစီ လှပနေမှု ရနံ့သင်းပျံ့ နေမှုဟာ ပန်းခင်းတခင်းလုံးရဲ့ ဂုဏ်ကျက်သရေကို တိုးဖြည့်ပေးနေတာမျိုးပဲ ဖြစ်သင့်တယ်လို့ ယုံကြည် မိပါတယ်။


နောင်ကျော်  

ရည်ညွှန်းကိုးကား
၁။ ရွှေဥဒေါင်း တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
၂။ ဆရာတော်ဦးဇောတိက၊ လွတ်လပ်သောစိတ်
ရွက်နုဝေ (မေ ၊ ၂ဝဝ၇) 

ရင်းမြစ်။ ။ mazzimaburmese.com