Friday, September 24, 2010

မဲဆွယ်မည့် နိုင်ငံရေးပါတီများ လွတ်လပ်စွာပြောဆိုခွင့် ပိတ်ပင်ခံရ

ရွေးကောက်ပွဲဝင်မတိုင်ခင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုကတဆင့် နိုင်ငံရေးပါတီတွေ မဲဆွယ်မဲ့ကိစ္စမှာ ရွေးကောက်ပွဲကော်မရှင်က ကန့်သတ်ချုပ်ချယ်မှုတွေ ရှိနေကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။
(Photo: RFA)
ဒီမိုကရက်တစ်ပါတီ-မြန်မာပြည်၏ ဥက္ကဋ္ဌ ဦးသုဝေ ဖြစ်ပါသည်။ (Photo: RFA)
နိုင်ငံရေးပါတီတွေအနေနဲ့ လူထုကို စည်းရုံးမဲဆွယ်ရာမှာ မိမိတို့ ပါတီမူဝါဒတွေအပြင် လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို ပြည်သူတွေ သိအောင် တင်ပြနိုင်ဖို့ ရေးသား ပြင်ဆင်ထားပေမဲ့ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်က ဖြုတ်တာ ပယ်တာတွေ လုပ်နေကြောင်း သိရပါတယ်။ ဝါရင့်နိုင်ငံရေးသမား ဦးသုဝေ ဦးဆောင်တဲ့ ဒီမိုကရက်ပါတီ (မြန်မာပြည်) က အစိုးရပိုင် ရုပ်သံ ၊ ရေဒီယိုကတဆင့် ၁၅ မိနစ်စာ သူတို့ ဟောပြောမဲ့စကားတွေကို ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြခဲ့ပေမဲ့ ၊ လက်ရှိအစိုးရကို ဝေဖန်မှုတွေ ပါနေတာကြောင့် ပြန်လည် ပြင်ဆင်ပေးဖို့အတွက် ဒီမိုကရက်ပါတီ ဥက္ကဋ္ဌ ဦးသုဝေကို နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်က ဆင့်ခေါ်ခဲ့ကြောင်း ဒီမိုကရက်ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်းက RFA ကို ပြောပါတယ်။
စာသားများမှာ အနှောင့်အသွား မလွတ်တာတွေ ပါနေလို့ ပြန်ပြင်ရေးပြီး ကော်မရှင်က ခွင့်ပြုမယ်ဆိုရင် ရေဒီယိုမှာ ပြောလို့ရမယ်ဆိုပြီး အကြောင်းကြားလို့ ဦးသုဝေ ချက်ချင်း ပြန်သွားကြောင်း ပြောပါတယ်။
UDP လို့ ခေါ်တဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီကတော့ သူတို့ပါတီက ပြည်သူကိုတင်ပြမဲ့ ဟောပြောချက်တွေကို ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားပြီး ၊ ပြင်တာဖြုတ်တာမျိုး လုပ်လာရင်တော့ UDP ပါတီအနေနဲ့ ရုပ်သံ ၊ ရေဒီယိုကတဆင့် ဟောပြောတော့မှာ မဟုတ်ဘူးလို့ UDP ပါတီ ဥက္ကဋ္ဌ ဦးသိန်းဌေးက ပြောပါတယ်။
ဥပဒေထုတ်ပြီး ချုပ်ကိုင်ထားတာတွေ အများကြီး ရှိနေပြီး သူတို့ ပြောချင်တဲ့ အချက်တွေကို စိစစ်ရေး လုပ်မယ်ဆိုရင် မပြောတော့ဘူးဆိုတဲ့အကြောင်း ဦးသိန်းဌေးက RFA ကို ပြောပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ အစိုးရပိုင်မီဒီယာတွေကတဆင့် ၁၅ မိနစ်စာ ဟောပြောခွင့် ရမယ်လို့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ကြေညာခဲ့ပြီး ၊ အဲဒီလိုကြေညာချိန်မှာ စည်းကမ်းကန့်သတ်ချက်တွေ အများအပြား ပါဝင်တယ်လို့ နိုင်ငံရေးပါတီတွေက ပြောဆိုကြပါတယ်။ 

သတင်း။ ။RFA

ရခိုင်ပြည်နယ်တွင် ဆင်ဖြူ ထပ်မံ ဖမ်းဆီးမိ

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်းတောမြို့နယ် သစ်တောဦးစီးဌာန၊ နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး (နစက) အဖွဲ့တို့က ဆင်ဖြူ တကောင်ကို မကြာသေးမီက ထပ်မံဖမ်းဆီး ရမိကြောင်း သိရှိရသည်။

“သစ်တောဌာနရယ် နယ်စပ်က တပ်တွေပူးပေါင်းပြီးတော့ ဖမ်းလိုက်တာပါ၊ ဖမ်းမိတာလည်း မောင်းတော အပိုင် ငါးခူရဆိုတဲ့ ကျေးရွာအုပ်စုနားမှာပါ၊ ၁၉ ရက်နေ့က ဖမ်းထားတာလို့ပြောတယ်၊ အခုဖမ်းထားတာက အထီး ဖြစ်ပါတယ်”ဟု ကုလားတန် သတင်းဌာနမှ အယ်ဒီတာ ကိုတင်စိုးက ဧရာဝတီသို့ပြောသည်။

white-elephantယခု ဖမ်းဆီး ရမိသည့် ဆင်ဖြူနှင့် ပတ်သက်ပြီး အသေးစိတ် အချက် အလက်များကို သက်ဆိုင်ရာက သတင်း ထုတ်ပြန်ခြင်း မပြုသေးဘဲ မောင်းတော မြို့နယ် ငါးခူရ ကျေးရွာအုပ်စုရှိ သစ်တော စခန်းတွင် ယာယီ ထိန်းသိမ်း ထားကြောင်း၊ ယင်းဆင်ဖြူနှင့် အတူထားရန် အတွက် မောင်းတော မြို့ရှိ နစက စခန်းမှ ဆင် ၄ ကောင်ကိုလည်း ပို့ဆောင် ထားကြောင်း သိရှိရသည်။

အနောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးသစ် ဗိုလ်မှူးချုပ် စိုးသိန်း ကလည်း ဆင်ဖြူတော်ကို ကြည့်ရှုရန် အတွက် ပြီးခဲ့သည့် အင်္ဂါနေ့တွင် မောင်းတောမြို့သို့ ရောက်ရှိကြောင်း၊ နေပြည်တော်မှ အဆင့်မြင့်အရာရှိတဦးလည်း ရောက်ရှိနေကြောင်း ကုလားတန် သတင်းဌာန အယ်ဒီတာက ဆိုသည်။

၎င်းက“တိုင်းမှူး အသစ်ကလည်း ဒီဆင်ဖြူတော်ကို ကြည့်ဖို့အတွက် သက်သက်ကိုပဲ မောင်တောကို လာတယ်၊ သူ မောင်းတော ကို ရောက်တဲ့နေ့ ၁၂ နာရီလောက်မှာပဲ နေပြည်တော်က အရာရှိကြီးတယောက် ရဟတ်ယာဉ်နဲ့ ရောက်လာ တယ်၊ ဘယ်သူလဲ ဆိုတာကိုတော့ ဘယ်သူမှမပြောနိုင်ဘူး၊ ရောက်ပြီး နှစ်နာရီလောက်ကြာတော့ တိုင်းမှူးနဲ့ ဆင်ဖြူကို သွားကြည့်ကြတယ်”ဟု ပြောသည်။

ယင်း အရာရှိကြီး မောင်းတောသို့ ရောက်ရှိပြီးနောက် လုံခြုံရေးကိုလည်း အထူးတင်းကျပ်ထားကြောင်း၊ ၎င်း တည်းခိုနေ သည့် မောင်းတောမြို့မှ နစက စခန်းကိုလည်း မည်သူ့ကိုမှ ဝင်ခွင့်မပြုကြောင်း သိရှိရသည်။

ယခုအကြိမ် ဖမ်းဆီးရမိသည့် ဆင်ဖြူအပါအဝင် ရခိုင်ပြည်နယ်မှ ဆင်ဖြူ ၅ ကောင် ဖမ်းဆီးရမိခဲ့ပြီး နောက်ဆုံးအကြိမ် ဖမ်းဆီးရမိခဲ့သည့် ဆင်ဖြူမှာ ယခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ဖြစ်သည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် လက်ထက်တွင် ဆင်ဖြူ ၃ ကောင်ဖမ်းဆီးရမိခဲ့ပြီး ၎င်းဆင်ဖြူများကို ၂၀၀၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ စေတီပြင်ကျေးရွာအုပ်စု၊ အထက်နန်းရာကျေးရွာအနီးမှ လည်းကောင်း၊ ၂၀၀၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်အတွင်းမှ လည်းကောင်း၊ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ရခိုင်ပြည်နယ်၊ ကိုင်းကြီးကျေးရွာဟောင်း အနီးမှလည်းကောင်း အသီးသီး ဖမ်းဆီးရရှိခဲ့သည်။

ယခုအကြိမ် ဆင်ဖြူဖမ်းမိခြင်းသည် စစ်အစိုးရက နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိမိတ် ကောင်း ဖြစ်သည်ဟု မောင်းတောမြို့မှ အစိုးရအရာရှိတဦးက ပြောဆိုကြောင်း ကုလားတန် သတင်းစာမျက်နှာတွင် ဖော်ပြ ထားသည်။

ရင်းမြစ်။ ။ဧရာဝတီ

Thursday, September 23, 2010

ပါတီဟောပြောချိန် ဇယားထုတ်ပေး

ရန်ကုန် (မဇ္ဈိမ) ။     ။ နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်တို့တွင် ဆင်ဆာ ခွင့်ပြုချက်ရ အကြောင်းအရာများ အလှည့်ကျ ဟောပြောတင်ပြမှု အချိန်ဇယားကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပေးလိုက်သည်။

၃၇ ပါတီ မူဝါဒ လုပ်ငန်းစဉ်များ ဟောပြောတင်ပြခွင့် ရပါက နေပြည်တော် မြန်မာ့အသံတွင် ရိုက်ကူးရန် အချိန်စာရင်းကိုလည်း တနင်္လာနေ့က ထုတ်ပြန်ပေးသည်။

ဟောပြောမည့် အကြောင်းအရာများ တင်ပြရန် ယခုရက်ပိုင်းအတွင်း ပါတီလူကြီးများ နေပြည်တော် သွားကြပြီဖြစ်ကြောင်း ပါတီ အသိုင်းအဝိုင်းက သိရသည်။

စစ်အစိုးရ မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာနများက ပါတီများကို ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ ၁၅ မိနစ်စာ
မဲဆွယ် ဟောပြောခွင့် ပြုမည်ကြေညာရာတွင် ကန့်သက်ချက် များလွန်းကြောင်း နိုင်ငံရေးပါတီ အများစုက ပြောသည်။

Wednesday, September 22, 2010

အစိုးရဗုဒ္ဓဘာသာနှင့် ပြည်သူ့ဗုဒ္ဓဘာသာ

 လွန်ခဲ့သော ဇူလိုင်လနှောင်းပိုင်း၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမိသားစုနှင့် နောက်လိုက်များ အိန္ဒိယသို့ (၅) ရက် ဘုရားဖူးသွားခဲ့ပြီးနောက် မကြာမီ စက်တင်ဘာလအစောပိုင်းတွင် တရုတ်ပြည်သို့ (၅) ရက် ဘုရားဖူးသွားပြန်သည်။ လူဦးရေ သန်း (၅၀) ရှိသော မြန်မာသည် သန်း (၁,၁၀၀) ရှိသော အိန္ဒိယနှင့် သန်း (၁, ၃၀၀) ရှိသည့် တရုတ်ကို အညီအမျှ (၅) ရက်စီ ဂါရ၀ပြုလိုက်ခြင်းပင်ဖြစ်သည်။ မြန်မာပြည်တွင် ဘုရားရုပ်ထုပေါင်း သိန်းချီရှိနေပြီး ဘုရားရုပ်ထုအသစ်များကို အမြဲတမ်း ထုလုပ်လျက်ရှိနေသော်လည်း ဗိုလ်ချုပ်မှူးကြီးသည် အိန္ဒိယဘုရားနှင့် တရုတ်ဘုရားကို ပို၍ အထင်ကြီးပုံရသည်။ တရုတ်ပြည်မှ စွယ်တော်ကိုပင့်၍ မြန်မာပြည်တွင် အလှူငွေကောက်ခံသည့်အပြင် တရုတ်စွယ်တော်ကို အတုလုပ်၍ ရန်ကုန်၌ ကိုးကွယ်ထား၏။ ကြပ်ပြေး၌လည်း ရွှေတိဂုံစေတီအတုကို ကိုးကွယ်နေ၏။ သံဃာနှင့် အရပ်သားများကို သတ်ဖြတ်၍ ဒုက္ခသည်ကူညီရေးကို ပိတ်ပင်တားမြစ်သော ဗိုလ်ချုပ်မှူးကြီးသည် ဘုရားတည်၍ ရုပ်ထုကိုးကွယ်ကာ အိန္ဒိယသို့ ဘုရားဖူးရုံဖြင့် အကုသိုလ်များ ကွယ်ပျောက်သွားလိမ့်မည်ဟု ယုံကြည်နေပုံရသည်။ ဗုဒ္ဓဘာသာအတုကို ကိုးကွယ်သူက ဒီမိုကရေစီအတုကို ထုတ်လုပ်လိုက်ခြင်းဖြစ်၏။

ဗိုလ်ချုပ်မှူးကြီး၏ အတုအယောင်ဆောင် ဘာသာရေး၊ နိုင်ငံရေးလုပ်ငန်းများကို မဟာသံဃာ့နာယကများကလည်း ထောက်ခံအားပေးကြ၏။ အင်္ဂလိပ်ကိုလိုနီခေတ်၌လည်း သံဃာ့နာယကများသည် ကိုလိုနီအစိုးရ အကြိုက်လိုက်လုပ်ခဲ့သည်။ အကျဉ်းထောင်ထဲ၌ သင်္ကန်းမ၀တ်ရမချင်း သေသည်အထိ အစာငတ်ခံရန် ဆရာတော် ဦးဝိစာရ သန္နိဋ္ဌာန်ချခြင်းသည် ၀ိနည်းဒေသနာနှင့် ဆန့်ကျင်ကြောင်း ကိုလိုနီအစိုးရ၏ ဘွဲ့တံဆိပ်တော်ရ မဟာနာယက သံဃာများက ဆုံးဖြတ်ခဲ့သည်ကို အစိုးရသတင်းစာတွင် ထည့်သွင်းဖော်ပြ၍ ဦးဝိစာရကို သိက္ခာချရန် ကြိုးစားသေး၏။ ထို့ကြောင့် ဦးဝိစာရ၏ အစာငတ်ခံတိုက်ပွဲသည် ၀ိနည်းဒေသနာတော်နှင့် ညီညွတ်ကြောင်း သံဃသာမဂ္ဂီအဖွဲ့ချုပ်က ကျမ်းဂန်အကိုးအကားဖြင့် ရှင်းပြသော စာတမ်းများကို ကျေးလက်တောရွာအထိ ဝေငှရသည်။ ဦးဝိစာရသည် သာသနာအတွက် အသက်စွန့်သည်ဖြစ်၍ သာမန်ပုထုဇဉ်များ ပြုနိုင်ခဲသောအမှုကို ပြုသည်ဖြစ်၍ ၀ိနည်းနှင့် ညီသည်ဟုဆို၏။ ထိုစဉ်မှစ၍ အစိုးရသံဃာနှင့် ပြည်သူ့သံဃာဟူ၍ သံဃာနှစ်မျိုးနှစ်စား ကွဲပြားသွားခြင်းဖြစ်၏။

သမိုင်းအစဉ်အလာအရ သံဃာ့သာမဂ္ဂီအဖွဲ့သည် ပြည်သူ့သံဃာအဖွဲ့ဖြစ်သည်။ ကိုလိုနီခေတ်ကို သံဃာ့သာမဂ္ဂီ သုံးသပ်ထားပုံသည် အလွန်စိတ်ဝင်းစားဖွယ်ကောင်း၏။ မြန်မာပြည်၌ ဆင်းရဲမွဲတေ၍ အသိဉာဏ်ပညာနှင့် အကျင့်သီလ ခေါင်းပါးနေသည်ကို ဒုက္ခသစ္စာဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ တိုင်းပြည် ဆင်းရဲရသည့်အကြောင်းရင်း သမုဒယသစ္စာကို ရှာဖွေရာ၌ လူတစုက တိုင်းပြည်ကို ခွစီး၍ သွေးစုတ်ခြယ်လှယ်မှုနှင့် အစိုးရ၏ လိမ်လည်လှည့်ဖြားမှုကို တွေ့ရ၏။ အာဏာရှင်အောက်မှ တိုင်းပြည်လွတ်မြောက်မှသာ နိရောဓသစ္စာကို တွေ့ရမည်ဆိုသည်။ လွတ်မြောက်စေမည့် မဂ္ဂသစ္စာနည်းလမ်းများသည် ကန့်ကွက်ဆန္ဒပြနည်းနှင့် သပိတ်မှောက်နည်းအမျိုးမျိုးဖြစ်သည်ဟုဆို၏။ ပြည်ညှဉ်းမင်းမခံနိုင် ဆိုသည့်မူကို လက်ကိုင်ထား၍ လူထုအင်အားသုံးနည်း၊ လွတ်လပ်ရေး၊ ဘာသာရေး၊ ပညာရေး၌ အမြင်မှန်ရအောင် ဟောကြားနည်းနှင့် အမျိုးသမီးများ နိုင်ငံရေးစိတ်ဝင်စားအောင် အားပေးနည်းများကို သုံးရမည်ဟုဆို၏။ အာဏာရှင်လူတစု ကြီးစိုးသော တိုင်းပြည်၏ ထွက်ရပ်လမ်းသည် သံဃာ့သာမဂ္ဂီက ရှင်းပြထားသော လောကီရေးရာ သစ္စာလေးပါးတရားပင်ဖြစ်ပေသည်။

ဗုဒ္ဓဘာသာအများစု နေထိုင်သောတိုင်းပြည်တွင် ပြည်သူဒုက္ခရောက်နေသည်ကို ဗုဒ္ဓဘာသာအဖွဲ့အစည်းနှင့် သံဃာများက အလေးအနက်မထားဘဲ လျစ်လျူရှုနေသဖြင့် ဗုဒ္ဓဘာသာကို ယုံကြည်သူ နည်းပါးသွားကြောင်း တောင်ကိုရီးယားနိုင်ငံက သက်သေပြနေသည်။ တောင်ကိုရီးယားဗုဒ္ဓဘာသာသမိုင်းဟာ နှစ်ပေါင်း (၁,၇၀၀)  ရှိပြီဖြစ်သဖြင့် အလွန်အခြေခိုင်မည့်ပုံ ပေါ်နေ၏။ ဒုတိယကမ္ဘာစစ်ပြီးချိန်၌ တောင်ကိုရီးယားလူဦးရေ (၉၉) ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာများဖြစ်ကြပြီး (၁) ရာခိုင်နှုန်းကသာ ခရစ်ယာန်ဘာသာဝင်ဖြစ်သည်။ ယခုအခါ လူဦးရေ (၅၀) ရာခိုင်နှုန်းသည် ခရစ်ယာန်ဘာသာဝင်များ ဖြစ်နေကြပြီး ဗုဒ္ဓဘာသာဦးရေသည် (၁၅) ရာခိုင်နှုန်းသာ ကျန်ရှိတော့၏။

ဤသို့ဖြစ်ရသည့် အကြောင်းရင်းသည် ဗုဒ္ဓ၀ါဒနှင့်ရော ခရစ်ယာန်ဝါဒနှင့်ရော မသက်ဆိုင်ပါ။ လူမှုရေးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာ၌ ဗုဒ္ဓဘာသာဝင်နှင့် ခရစ်ဘာသာဝင်တို့ အမြင်ချင်း ကွဲပြားခြားနားသည့်အပေါ်တွင် အခြေခံပါသည်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီး မကြာမီ တောင်နှင့်မြောက်ကိုရီးယား စစ်ဖြစ်သည့်အတွက် တိုင်းသူပြည်သားများ ဆင်းရဲဒုက္ခရောက်ရသည်။ လူမှုစီးပွားရေး ဒုက္ခပင်လယ်ဝေနေသည်ကို တည်ငြိမ်အေးချမ်းပြီး လောကီအရေးကို ဂရုမစိုက်သည့် ဗုဒ္ဓဘာသာက အကူအညီမပေးနိုင်ပါ။ ခရစ်ယာန်ဘာသာဝင်ကသာ လက်တွေ့ထွက်ပေါက်ပေးနိုင်ပါသည်။ ကွန်မြူနစ်သြဇာမလွှမ်းမိုးအောင် တောင်ကိုရီးယားကို အမေရိကန်က စီးပွားရေးထောက်ပံ့ရာမှာ ခရစ်ယာန်သာသနာပြု အဖွဲ့အစည်းများကတဆင့် ပေးသည်။ ထို့ကြောင့် ပြည်သူလူထုသည် ခရစ်ယာန်သာသနာပြုကို ကယ်တင်ရှင်အဖြစ် မြင်လာကြသည်။ အတတ်ပညာ၊ ဆေးဝါးနဲ့ လူမှုစီးပွားရေး အကူအညီပေးနိုင်သော ခရစ်ယာန်ဘာသာကို တိုးတက်မှုအဖြစ် သတ်မှတ်လာကြ၏။ ဒီနည်းအတိုင်း ချင်းတိုင်းရင်းသားများ ခရစ်ယာန်ဘာသာဝင် ဖြစ်ကုန်ကြသည်။ ဖိနှိပ်ခံရသူများကိုလည်း ခရစ်ယာန်ဘုရားကျောင်း ကူညီ၏။

ဗုဒ္ဓဘာသာအဖွဲ့အစည်းများသည် ခေတ်ပညာမတတ်သည့်အတွက် ခေတ်၏ ပြဿနာကို မည်သို့ဖြေရှင်းရမှန်း မသိကြပါ။ တနည်းဆိုပါက မတရားသည့်အစိုးရကို ကိုရီးယားဗုဒ္ဓဘာသာသည် မည်သို့ ကိုင်တွယ်ရမည်ကို မသိပါ။ ဤအတောအတွင်း အိမ်ထောင်ပြုသော ဂျပန်ဂိုဏ်းနှင့် အိမ်ထောင်မပြုရသော ကိုရီးယားဂိုဏ်း ပဋိပက္ခဖြစ်မှု၊ ဘုန်းကြီးအချင်းချင်း ကျောင်းလု၍ ရိုက်နှက်ထိုးကြိတ်မှု စသည့် အကြမ်းဖက်မှုများကြောင့် ဗုဒ္ဓဘာသာဘုန်းကြီးများ သိက္ခာကျလာသည်။ ဗုဒ္ဓဘာသာဘုန်းကြီး သိက္ခာကျလေ ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်သူ များလာလေလေဖြစ်လာသည်။

ယခုအခါ၌ လောင်းကစားသောဘုန်းကြီး၊ ပစ္စည်းစုသောဘုန်းကြီး၊ အကြမ်းဖက်သောဘုန်းကြီး စသည်များကို ဖယ်ရှားနိုင်ရန် ဗုဒ္ဓဘာသာပြုပြင်ရေး လုပ်နေသည်ဟူ၏။ ဗုဒ္ဓဘာသာဝင်အချင်းချင်း လက်တွဲ၍ လူ့အဖွဲ့အစည်းအတွက် ကောင်းရာကောင်းကြောင်း ဆောင်ရွက်သော စီမံကိန်းများကို အကောင်အထည်ဖော်နေပြီဟူ၏။ ကျက်သရေရှိသော ဗုဒ္ဓဘာသာ အဖွဲ့အစည်းဆိုသည်မှာ ရွှေစေတီနှင့် ရွှေကျောင်းတော် တည်ဆောက်ခြင်းမဟုတ်ဘဲ သံဃာ၊ သီလရှင်နဲ့ လူပုဂ္ဂိုလ်အားလုံး မာန်မာနကို ချိုးနှိမ်ပြီး နိဝါတတရားနှင့်အညီ တိုင်းပြည်တည်ဆောင်ခြင်းဖြစ်သည်ဟု ကိုရီးယား ပြုပြင်ရေးသမားများက မြင်သည်။

သံဃာနှင့် ပြည်သူသည် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုသကဲ့သို့ တဦးနဲ့တဦး အပြန်အလှန်အကျိုးပြုကာ ရပ်တည်နေကြသောကြောင့် လူမှုစီးပွားရေးပြဿနာ၊ တိုင်းရင်းသားလူမျိုးစုပြဿနာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးသည့်ပြဿနာ စသည်များကို လက်တွဲဖြေရှင်းမှသာ သာယာစိုပြေနိုင်မည်ဟုလည်း ကိုရီးယား ဗုဒ္ဓဘာသာပြုပြင်ရေးသမားများက ယူဆ၏။ ထိုကြောင့် ရှေးဟောင်းစည်းကမ်းကိုသာ လိုက်နာပြီး လူ့ဘ၀တိုးတက်ရှင်သန်ရေးကို လျစ်လျူရှုခြင်းသည် တာဝန်မဲ့ရာကျသည် ဟုဆိုသည်။ ဤသည်မှာ အစိုးရလိုလားသော ဗုဒ္ဓဘာသာနှင့် ပြည်သူလိုလားသော ဗုဒ္ဓဘာသာ၏ ကွာခြားချက်ဖြစ်၏။

ပစ္စည်းမက်လွန်းသည့် ကိုရီးယားဗုဒ္ဓဘာသာဝင်ကို အမေရိကန်ဘုန်းတော်ကြီး ဗောဓိဘိက္ခုက တရားချရသည်။ ပစ္စည်းဥစ္စာအာဏာကို မက်မောနေ၍ ပျော်ရွှင်မှု အစစ်အမှန်ကို ရမည်မဟုတ်ဘဲ လောဘဒေါသမောဟကို ထိန်းသိမ်းပြီး လူလူချင်း စာနာထောက်ထားနိုင်မှ စစ်မှန်သော ပျော်ရွှင်မှု ရနိုင်သည်ကို ဟောကြားရသည်။ အာဏာနှင့် ဥစ္စာပစ္စည်းပိုင်ဆိုင်မှုကို အဓိကထားသော အာဏာရှင်ဝါဒကို ဗုဒ္ဓ၀ါဒနဲ့ ခရစ်ယာန်ဝါဒက ဆန့်ကျင်ကြောင်း ဟောကြားသည်။ လက်ရှိဘ၀ကို တိုးတက်ကောင်းမွန်အောင် လုပ်ပေးနိုင်သော ဗုဒ္ဓဘာသာကျင့်စဉ်ကသာ ဗုဒ္ဓဘာသာကို မြှင့်တင်နိုင်လိမ့်မည်ဟု ပြုပြင်ရေးသမားများက ယုံကြည်ကြပေသည်။

ရင်းမြစ်။ ။ခေတ်ပြိုင်

Tuesday, September 21, 2010

ဗြိတိသျှ အရာရှိများ NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို တွေ့ဆုံ

NLD ပါတီ ကိုစစ်အစိုးရက ဖျက်သိမ်းတယ်လို့ ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်ကို ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဗြိတိသျှ သံရုံးအရာရှိတွေက ဒီကနေ့ ပါတီဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို လာရောက်တွေ့ဆုံပြီး မေးမြန်းတယ်လို သိရပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ ဌာနချုပ်ရုံးတွင် တွေ့ရပုံ ဖြစ်ပါသည်။(Photo: RFA)
ဒီကနေ့ မွန်းလွဲပိုင်းက ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှပစိဖိတ်ဒေသ ဆိုင်ရာ ဒုတိယ အကြီးအကဲ Karen Maddocke နဲ့ သံရုံးအရာရှိတဦးတို့ ဦးတင်ဦးရဲ့ နေအိမ်ကို လာရောက်ခဲ့တာပါ။ ဦးတင်ဦးနဲ့ အတူ ဦးနိုင်းနိုင်းနဲ့ ဦးဉာဏ်ဝင်းတို့ ရှိနေကြတယ်လို့ သိရပါတယ်။
မေးမြန်းချက်နဲ့ ပတ်သက်ပြီး ဦးတင်ဦးက ခုလို ဖြေကြားခဲ့တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ကတော့ ပါတီက ဖျက်သိမ်းတယ်ကို မမှတ်ယူဘူး။ ဒါကြောင့်မို့လို့ လုပ်စရာ ကိုင်စရာ ရှိတာကိုလည်းပဲ စည်းကမ်းနည်းလမ်း ဥပဒေဘောင်ထဲက ကျွန်တော်တို့ လုပ်နိုင်တာတွေ ကိုင်နိုင်တာတွေကို နိုင်ငံရေးတော့ ကောက်လုပ်နေတာပဲ၊ ခင်ဗျား မြင်တဲ့အတိုင်းပဲလို့။ အဖွဲ့တွေလည်း နယ်သွားကြ ပြုကြ လုပ်ကြ ကိုင်ကြ။ ဒီလိုပဲ ရှင်းဟယ် လင်းဟယ်၊ မသိတာတွေ မေးရင်လည်း ဒီက ဖြေဟယ်ကြားဟယ်ပေါ့ဗျာလို့။ အဲဒါ လုပ်နေတာပဲလို့။”
“ဒါတင်မကသေးဘူး၊ ကျွန်တော်တို့လည်းပဲ ဒီရှိနေတဲ့ CEC ထဲက လုပ်နိုင်တဲ့ လူငယ်တွေကို ထမ်းမှန်းပြီးတော့ မြေတောင်မြှောက်ပေးရင်းနဲ့ နောက်ထပ် ကျွန်တော်တို့ရဲ့ ဂျင်နရေးရှင်းသစ်ပေါ့ဗျာ။ အဲလို အတွေ့အကြုံရအောင် နယ်တွေ သွားကြ ဆင်းကြ လုပ်နေကြတာပဲလို့။”
လာရောက်တွေ့ဆုံသူကလည်း ဗြိတိန်နိုင်ငံအနေနဲ့ NLD ပါတီ အပေါ် စာနာမှုရှိ ကြောင်း ပံ့ပိုးဆောင်ရွက်စရာ ရှိတာတွေကို ဆက်လက် ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်၊ မနက်ဖြန် စက်တင်ဘာလ ၂၂ ရက်နေ့မှာလည်း အမေရိကန်သံရုံးက လာရောက် တွေ့ဆုံဖို့ ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးဟာ မျက်လုံး ခွဲစိတ်ကုသခံဖို့ စင်ကာပူနိုင်ငံကို စက်တင်ဘာလ ၂၈ ရက်နေ့မှာ သွားရောက်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

သတင်း။ ။RFA