Sunday, September 5, 2010

တိုင်းရင်းသားအရေး ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်

တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ စစ်အစိုးရကြား မပြေမလည် ဖြစ်နေတာကို ကြားသိရတဲ့ အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ စနေနေ့ နေ့လယ်ပိုင်းက သူ့ရဲ့ အကျိုးဆောင်ရှေ့နေ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် စစ်အစိုးရက အဓမ္မ ဖိအားပေး လုပ်ဆောင်နေတဲ့အပေါ် ငြိမ်းအဖွဲ့လို့ခေါ်တဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က လက်မခံတဲ့အတွက် အဲဒီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်အစိုးရကြား တင်းမာမှုတွေ ဖြစ်နေတဲ့အပေါ် စိတ်မကောင်းဖြစ်မိတဲ့အကြောင်း အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းကတဆင့် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာပါ။

“တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့တွေ အဲဒီအဖွဲ့တွေဟာ အစိုးရနဲ့ မကျေမလည် ဖြစ်တာတွေ၊ ဒီသတင်းကို မီဒီယာတွေကနေ သူကြားတယ်။ သူကတော့ ဒါကို စိတ်မကောင်းဘူးတဲ့။ ဒီကိစ္စတွေဟာ နိုင်ငံရေးအရ ဖြေရှင်းမှသာ ရေရှည်အကျိုးရှိမယ်လို့ အဲဒီလို ပြောပါတယ်။”

ဒါ့အပြင် ရွေးကောက်ပွဲကာလအတွင်း မဲပေးတဲ့နေရာတွေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ ကိုက်ညီခြင်းရှိမရှိ ပြည်သူအများစု သိရှိလာအောင် လုပ်ဆောင်ပေးဖို့ တာရှိဝန်ရှိတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“နောက်တခုက ရွေးကောက်ပွဲ ကျင်းပတဲ့ကာလမှာ မဲပေးတာတွေက တရားဥပဒေနဲ့ ကိုက်ညီခြင်း ရှိမရှိ၊ ဒါတွေ ဥပဒေမှာက ဘယ်လိုပါတယ်၊ ဘယ်လို ပြဋ္ဌာန်းချက်တွေ ရှိတယ် ဆိုတာ ပြည်သူအများ သိဖို့လိုတယ်တဲ့။ အဲဒီတော့ ကိုယ့်အဖွဲ့အစည်း အနေနဲ့ ကိုယ်တတ်နိုင်သမျှ ဒါကို လုပ်ဖို့လိုပါတယ်တဲ့။ ရွေးကောက်ပွဲ ၀င်တဲ့ပါတီတွေက ပိုပြီးတော့တောင် တာဝန်ရှိပါတယ်လို့ အဲဒီလို ပြောပါတယ်။”

ကြိုတင်ဆန္ဒမဲတွေ ကောက်ယူပြီး အာဏာပိုင်တွေဖက်က အတင်းအကျပ် မဲပေးခိုင်းနေတဲ့ ကိစ္စဟာလည်း တရားမျှတမှု မရှိဘူးဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“လက်ရှိပြဌာန်းပြီးသား ဥပဒေထဲက တချို့အချက်တွေ၊ ဥပမာအားဖြင့်ဗျာ ကြိုတင်ဆန္ဒမဲ သတင်းတွေက ဖြစ်ဖြစ်နေတယ်။ ကြိုတင်ဆန္ဒမဲနဲ့ မမှန်တာလုပ်တယ်ပေါ့ဗျာ။ ကျနော်တို့ သိပ်တော့မသိပါဘူး။ အဲဒီတော့ ကြိုတင်ဆန္ဒမဲဆိုတောင်မှ အဲဒါက အဲဒီမဲပေးမယ့်ပုဂ္ဂိုလ်က မဲပေးလိုမှ ပေးလို့ရတယ်ဆိုတာ ဥပဒေမှာ တခါတည်းပါတယ်ဗျာ။ အဲဒါတွေကို ပြည်သူတွေ သိဖို့လိုတယ်တဲ့။ ခုနကလို အိမ်လာပြီး မဲပေးလိုက်ပါဆိုပြီး ဒီလို ပြောခွင့်မရှိဘူး။ ဒါမျိုးတွေကို ပြည်သူတွေ သိဖို့လိုတယ်လို့ နမူနာအားဖြင့် ပြောတာပါ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေလည်းဖြစ်၊ NLD ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။

အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ တရားမျှတမှု မရှိတဲ့အချက်တွေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက တရားမျှတမှု မရှိတဲ့ အချက်တွေကို ပြည်သူတွေ သိရှိနိုင်ဖို့ တတ်နိုင်သလောက် ဥပဒေ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုအပ်တဲ့အကြောင်း၊ အဲဒီလို မသိဘဲနဲ့ မဲဆန္ဒရှင်တွေက မဲပေးရင် အဓိပ္ပာယ်မရှိနိုင်ဘူးလို့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့တုန်းကပဲ ဦးဉာဏ်ဝင်းကတဆင့် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

NLD ကတော့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့အတွက် တရားဝင် ထုတ်ဖော် ပြောဆို ထားပြီးဖြစ်ပါတယ်။

ဦးဉာဏ်ဝင်းနဲ့အတူ တခြား အကျိုးဆောင် ရှေ့နေတွေဖြစ်ကြတဲ့ ဦးကြည်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့ နှစ်ယောက်ဟာလည်း စနေနေ့ နေ့လယ် ၁ နာရီကနေ ၃ နာရီအထိ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ရင်းမြစ်။ ။voanews.com

အရူးတစ်ယောက်ရဲ့  အတ္တ

ဘယ်ဘ၀ရယ်က ၀ဋ်ကြွေးကြောင့်
အိပ်မက်တွေက
ဒီလောက်အကျည်းတန်နေရတာလဲ
နေညိုချိန်ကံမကောင်းမှုတွေကို
ရေတွက်ကြည့်ရင်
အသက်ထက် နှစ်ဆရှိနေပြီ

ရင်ကွဲအောင် ချစ်နေမိခဲ့မှတော့
ရင်နာစရာလောက်နဲ့ 
မျက်ရည်မစို့ သင့်တော့ဘူးလေ
အပြောင်းအလဲဆိုတာ
ကိုယ်ပိုင်ခဲ့တဲ့အရာမှမဟုတ်ခဲ့တာပဲ

ချစ်သူရယ်
မလှပတဲ့အကြောင်းတရားတွေအတွက်
ကိုယ့်အတိတ်ကံကိုပဲ ကိုယ် အပြစ်တင်ပါတယ်
မင်းနဲ့ ပတ်သက်ရင်
အရူးထက်ပိုရူးတဲ့အရူးလေးကိုတော့
နေထွက်ချိန်တွေမှာ အောက်မေ့ပေးပြီး
နေ၀င်ချိန်တွေမှာ သတိရပေးပါဦးနော်..။

မိုးအိမ်

Saturday, September 4, 2010

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကထုတ်ပြန်သော စာရင်းများအရ အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာနိုင်ငံ သည် ငှက်ဖျားရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။ ၂၀၁၀ ပြည့်နှစ် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်ပြီး ယခင်က အဖြစ်အများဆုံးဖြစ်သည့် အရှေ့တီမော်နိုင်ငံကိုပါ ကျော်လွန်၍ တွေ့ရှိနှုန်း တဖြည်းဖြည်း မြင့်တက်လာခြင်းဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီးမှ ပါမောက္ခတစ်ဦးက ပြောသည်။ “အရင်တုန်းက ငှက်ဖျားဆိုရင် ကိုယ့်ဘာသာကိုယ် အပြင်မှာကုသကြတာ များတယ်။ အခုတော့ ကျန်းမာရေးဌာနတွေ သာမက အဖွဲ့အစည်းတွေကပါ ကုသပေးနေတော့ လာကုသတဲ့သူတွေများလာတဲ့အတွက် အဲဒီစာရင်းတွေကြည့်ပြီး ထုတ်ပြန်တဲ့အခါ မြန်မာနိုင်ငံက အဖြစ်အများဆုံး ဖြစ်လာတာထင်ပါတယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။ ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံ၏ ဦးစားပေးစောင့်ကြည့်သည့် ရောဂါများစာရင်းတွင် နံပါတ်တစ် ရောဂါဖြစ်ပြီး ယခင်က ရန်ကုန်၊ မန္တလေးနေရာများသည် ငှက်ဖျားရောဂါဖြစ်ပွားမှု မရှိသည့်နေရာများအဖြစ် ကြေညာထားရာမှ ယခုတစ်နှစ်၊ နှစ်နှစ်အတွင်း ပြောင်းလဲလာသော လူနေမှုပုံစံများကြောင့် ထိုနေရာများတွင်ပါ ငှက်ဖျားရောဂါ ဖြစ်လာကြောင်း သိရသည်။ “အရင်က ငှက်ဖျားရောဂါဖြစ်တဲ့ပုံစံနဲ့ စမ်းသပ်ချက်တွေအရ မှန်းပြီးကုသခဲ့ရတာ။ အခုတော့ ၁၅ မိနစ်နဲ့ အဖြေသိနိုင်မယ့် စက်တွေရှိနေပါပြီ။ အရင်က မှန်းပြီးကုခဲ့ရတုန်းကဆိုရင် လေးယောက်မှာ တစ်ယောက်လောက်ပဲ မှန်ခဲ့တာဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ ဆေးယဉ်ခြင်းတွေလည်း ဖြစ်ပွားကြတယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။ ယခင်က ရက်ရှည်ကုသခဲ့ရာမှ ယခုအခါ ဆေးပေါင်းကုထုံးဖြင့် ကုသချိန် သုံးရက်သာ ကြာမြင့်ပြီး ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးမှူးများအထိနှင့် အင်န်ဂျီအို အဖွဲ့အစည်းများတွင်ပါ ငှက်ဖျားရောဂါကို အခမဲ့ကုသနိုင်ကြောင်း သိရသည်။ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်သော ငှက်ဖျားရောဂါဖြစ်ပွားမှု စာရင်းမှာ ဆေးရုံ၊ ဆေးခန်းသို့ တက်ရောက်ကုသသော လူနာအရေအတွက်ဖြစ်ပြီး WHO မှ ထုတ်ပြန်သောစာရင်းမှာ ဆေးရုံဆေးခန်းသို့လာရောက်ကုသသော လူနာများသာမက လူမှုရေးအဖွဲ့အစည်းများ၊ NGO များမှ ကုသပေးသော စာရင်းများပါဖြစ်၍ လူနာအရေအတွက် ကွာခြားကြောင်း အဆိုပါ ဆရာဝန်က ဆက်လက်ပြောကြားခဲ့သည်ဟု ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

စစ်အစိုးရ၏လုပ်ကြံဝါဒဖြန့်ဇာတ်ကားတွင် သရုပ်ဆောင်သူကို ဆန်ဖရန်စစ္စကိုက ကန့်ကွက်ဆန္ဒပြမည်


စက်တင်ဘာ ၃ နေ့စွဲ၊ ဆန်ဖရန်စစ္စကိုအချိန် နံနက်ခင်းတွင် လက်ခံရရှိသော သတင်းအရ မနက်ဖြန် ညနေ ၆ နာရီ ဆောက်သ်ဆန်ဖရန်စစ္စကို Unified School District ခန်းမမှာ ကျင်းပမယ့် မြန်မာစတိတ်ရှိုးကို မြန်မာ့အရေး လှုပ်ရှားသူ ဒီမိုကရေစီအင်အားစုများက ကန့်ကွက်ဆန္ဒပြမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
         စစ်အစိုးရရဲ့ လုပ်ကြံဝါဒဖြန့်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သူ ပါဝင်တဲ့အတွက် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု သမိုင်းဖြစ်ရပ်မှန်တွေကို သိမ်ဖျင်းနိမ့်ကျအောင် သရုပ်ဆောင်တဲ့ လုပ်ရပ်ကို မိမိတို့က လက်မခံကြောင်း၊ ရှုတ်ချကြောင်း ထုတ်ဖော်တာ ဖြစ်တယ်၊ သမိုင်းမှတ်တမ်း အထောက်အထားဖြစ်အောင်လည်း တရားဝင်စာထုတ်ပြန်ပြီးလည်း ကန့်ကွက်တယ်လို့ ဆိုပါတယ်။
ထိုထုတ်ပြန်ချက်နဲ့ အတူ အယ်လ်အေသြဂနိုက်ဇာ ဒီမိုကရေစီရေးလှုပ်ရှားသူအဖွဲ့ကလည်း သဘောထားကြေညာချက် ပူးတွဲပြီး ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ အယ်လ်အေမှာလည်း အဆိုပါ ပွဲစီစဉ်သူများက စတိတ်ရှိုးကျင်းပမှာ ဖြစ်ပြီး၊ အဆိုပါ သရုပ်ဆောင်တော့ ပါဝင်ကပြမှာ မဟုတ်ဘူးလို့ ငြင်းချက် ထုတ်ထားပါတယ်။
ဆန်ဖရန်စစ္စကိုပွဲ စီစဉ်သူ ကိုချစ်ခင်က ဧရာဝတီသတင်းဌာနကို ပြောကြားရာမှာ မိမိတို့ပွဲမှာ ထိုသရုပ်ဆောင်ပါဝင်ကြောင်း၊ အနုပညာသည်တွေကို အခုလိုမျိုး မလုပ်သင့်ကြောင်း၊ မိမိတို့ကတော့ စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်မှာပဲလို့ ဆိုထားပါတယ်။
အယ်လ်အေနဲ့ ဆန်ဖရန်ဘေးဧရိယာက မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူအသိုင်းအ၀န်း ၂ ခု စလုံးရဲ့ ကြေညာချက်မှာ မိမိတို့ ကန့်ကွက်ရှုတ်ချတာ၊ ဆန္ဒပြတာဟာ လူပုဂ္ဂိုလ်စွဲပြီး လုပ်တာမဟုတ်၊ အာဏာရှင်ရဲ့ လုပ်ရပ်ကို ဦးတည်တာဖြစ်တယ်၊ အနာဂတ်မျိုးဆက်တွေအတွက် သမိုင်းမှန်တွေကို သိရှိနိုင်စေရေးကို ရည်ရွယ်တယ်လို့ ပြောထားပါတယ်။
နောက် ကန့်ကွက်ရှုတ်ချချက်တခုကတော့ - ယခင်အတိတ်ကာလက မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ တက်ကြွစွာ လှုပ်ရှားခဲ့ကြသူအချို့ကိုယ်တိုင်က အခုလို ဆန်ဖရန်ပွဲစီစဉ်သူတွေထဲမှာ ပါဝင်နေတဲ့အတွက် စစ်အစိုးရအားပေးတဲ့ ၀ါဒဖြန့်ကားရိုက်သူတွေကို စတိတ်ရှိုးပွဲသွင်းတဲ့လုပ်ရပ်ဟာ မြန်မာပြည်ဒီမိုကရေစီရေးရဲ့ သမိုင်းစာမျက်နှာ၊ ယခုအချိန်ထိ စစ်အာဏာရှင်များကို တိုက်ပွဲဝင်နေသူတွေ၊ ကျဆုံးခဲ့သူတွေ၊ ထောင်သွင်း အကျဉ်းချခံနေရသူတွေရဲ့ မျက်နှာကို မထောက်ထားရာ ရောက်တယ်လို့ ဝေဖန်နေကြပါတယ်။
သူတို့ထုတ်ဝေတဲ့ ကြေငြာချက်တွေကို သည်နေရာမှာ ရယူပါ။
(အယ်လ်အေ ကြေငြာချက်)
(ဆန်ဖရန်ကြေငြာချက်)
စနေနေ့ ဆန္ဒပြပွဲကို မည်သူမဆို လာရောက် နိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။ ဆန်ဖရန်ဘေးဧရိယာက BADA အဖွဲ့၊ BAWA အဖွဲ့၊ NLD – LA နဲ့ သုံးရောင်ခြယ် လူငယ်များ စတဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ က စုဝေးစီစဉ်ပြီးတော့ ဆန္ဒပြကြမှာ ဖြစ်ပါတယ်။
ဆန်ဖရန်စစ္စကိုမြို့တွင် ဆန္ဒပြမည့် အစီအစဉ်က ဒီလိုပါ။
အချိန်   ။       ။ ညနေ(၅:၃၀)နာရီမှ (၆:၃၀)နာရီအထိ
နေ့ရက် ။       ။ စက်တင်ဘာလ(၄)ရက် (စနေနေ့)
နေရာ   ။       ။ South San Francisco Unified School District
                     398, B Street, South San Francisco, CA  94080

ဆက်သွယ်ရန်။        ။ ကိုစိန်ထွန်း (၆၅၀ ၃၈၇ ၆၈၉၄)၊ ကိုမိုးကျော် (၆၅၀ ၈၃၄ ၀၁၈၄)၊ကိုနေလင်း (၄၁၅ ၃၆၈ ၃၉၁၄)
(ဓာတ်ပုံ - ယခင် သြဂုတ် ၂၈က မင်နီဆိုးတားတွင် ဆန္ဒပြခဲ့စဉ်က ပြည်သူတို့ ကိုင်သည့် ပိုစတာများ၊ (ဓာတ်ပုံ ခွန်မျိုး၊ အင်တာနက်)
 
ရင်းမြစ်။ ။မိုးမခ

ပြည်သူ့လွှတ်တော်အဆင့်ဆင့်ဖွဲ့စည်းပုံ

From Myanmar Election 2010

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်- ၃၃၀အမျိုးသားလွှတ်တော်ကိုယ်စားလှယ်- ၁၆၈