Wednesday, May 12, 2010

ငြိမ်းချမ်းမှုကို ဖိနှိပ်ချေမှုန်းရေးဖြင့် မရယူနိုင်

    “ယခုအခါ ပြည်ထောင်စု နိုင်ငံတော်ကြီးတွင် ဘယ်ခေတ်အခါကနှင့်မျှ မတူသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရရှိနေပြီ ဖြစ်ပါသည်”

ဒီဝါကျက (နအဖ) စစ်အစိုးရတာဝန်ရှိသူတွေ၊ သတင်းစာဆောင်းပါးရှင်တွေ ပြောလေ့ရေးလေ့ရှိတဲ့ ဖြီးလုံးလှိမ့်လုံးတခုပါပဲ။

ဘယ်လိုပဲ ရေးပါစေ ပြောပါစေ၊ စစ်အုပ်စုအနေနဲ့ ပိုင်နိုင်စွာ ကိုင်တွယ်နိုင်တဲ့ ကိစ္စနဲ့ မကိုင်တွယ်နိုင်တဲ့ ကိစ္စတွေတော့ ရှိနေတာပါပဲ။

ဗိုလ်ချုပ်ကြီးသိန်းစိန်ပါ ၂၇ ဦးကို “ဗိုလ်” ကနေ “ဦး” ပြောင်းပြီး၊ “ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း” ကို “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ” လို့ အလွယ်တကူ ပြောင်းလဲပစ်ခဲ့ပါတယ်။ သူတို့လက်ခုပ်ထဲက ရေမို့ မှောက်လိုက မှောက်၊ လှန်လိုက လှန်ပါပဲ။ ငှက်ပျောသီး အခွံနွှာစားရတာကမှ ခက်ကောင်း ခက်နေမလားပါပဲ။

ဒါပေမဲ့ အပစ်ရပ် တိုင်းရင်းသား ၁၇ ဖွဲ့ကို နယ်ခြားစောင့်တပ် BGF အဖြစ် ပြောင်းလဲရာမှာ ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ အုပ်စုကို ''ဦး'' ပြောင်းရသလို၊ ကြံ့ဖွံ့ကို လူမှုရေး “အသင်း” အဖြစ်ကနေ နိုင်ငံရေး “ပါတီ” အဖြစ် အသွင်ပြောင်းရသလိုမျိုးတော့ မလွယ်ကူလှပါဘူး။

စစ်ဖက်ဆိုင်ရာ လုံခြုံရေးအကြီးအကဲ ဒုဗိုလ်ချုပ်ကြီးရဲမြင့်ဟာ အပစ်ရပ်အဖွဲ့တွေကို BGF အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ ရက်စွဲတွေ သတ်မှတ်ပြီး ရာဇသံတွေ ဆင့်ကာဆက်ကာ ပေးခဲ့တာပါ။ ဒါပေမဲ့ သူ့ရာဇသံတွေဟာ သင်္ကြန်အမြောက်ပဲ ဖြစ်တယ်ဆိုတာ အားလုံးက ကြားခဲ့ကြပါတယ်။

အဓိကကျတဲ့ အင်အားကောင်း အပစ်ရပ်အဖွဲ့ “ဝ” ပြည် အမျိုးသား သွေးစည်းညီညွတ်ရေးပါတီ UWSP ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မွန်ပြည်သစ်ပါတီ NMSP တို့ကို နယ်ခြားစောင့်တပ် BGF အဖြစ် ပြောင်းလဲမပစ်နိုင်ခဲ့ပါဘူး။

စစ်အစိုးရအနေနဲ့ ဘယ်လောက်ပဲ လေလုံးထွားပါစေ၊ အပစ်ရပ် ၁၇ ဖွဲ့မှာ အဖွဲ့ငယ် ၃ ဖွဲ့ကိုပဲ BGF အဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။ အဲဒီအဖွဲ့တွေက ကချင်ပြည်နယ် အထူးဒေသ (၁) (NDA-K) ၊ ကယားပြည်နယ် အထူးဒေသ (၁) (ကလလတ) နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ (၁) (ကိုးကန့်အဖွဲ့) တို့ပဲ ဖြစ်ပါတယ်။ (တိုင်းရင်းသားအဖွဲ့ကြီး ၁၇ ဖွဲ့နဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့တယ်လို့ စစ်အစိုးရက ဝါဒဖြန့်နေပေမယ့်၊ အဲဒီအထဲမှာ အပစ်ရပ်ပြီး လအနည်းငယ်မှာ အပစ်ရပ်ပျက်ပြားသွားတဲ့ ကရင်နီတိုးတက်ရေးပါတီ KNPP နဲ့ ဘိန်းဘုရင် ခွန်ဆာရဲ့ MTA အဖွဲ့ကိုပါ ထည့်သွင်းဖော်ပြထားတာပါ။)

ချုပ်လိုက်တော့ အင်အားကောင်းပြီး အဓိကကျတဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ ပြေလည်မှုမရဘူးဆိုတာ ထင်ရှားပါတယ်။ ဆောင်းပါးအစမှာ ဖော်ပြခဲ့သလို “ဘယ်ခေတ်အခါကနှင့်မျှ မတူသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရရှိနေပြီ” ဆိုတာ ဖြီးလုံးလှိမ့်လုံးတခုပဲ ဖြစ်တယ်ဆိုတာ ပေါ်လွင်လှပါတယ်။

ဒီလ ၈-၉ ရက်နေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်းသတင်းစာထဲက ''ချစ်ခြင်းမေတ္တာကို အကြမ်းမဖက်ပါနနဲ့'' ဆောင်းပါးမှာ အပစ်ရပ်အဖွဲ့တွေရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး စစ်အစိုးရရဲ့ သဘောထားအနှစ်ချုပ်ကို ဆောင်းပါးရှင် ငါးမင်းဆွေက “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့အနေဖြင့် အပြီးအပိုင် လက်နက်စွန့်လွှတ်ပြီး မိမိအကျိုး၊ နိုင်ငံနှင့် လူမျိုးအကျိုးအတွက် စီးပွားရေး လုပ်ငန်းများ လုပ်ချင်လုပ်ကြပါ။ ဒါမှမဟုတ် အများအကျိုးသက်သက်ဖြစ်သော လူမှုရေးလုပ်ငန်းများ လုပ်ချင်လျှင်လည်း လုပ်ကြပါ။ ဒါမှမဟုတ် မိမိတို့ ကိုင်စွဲထားသော လက်နက်များဖြင့် နိုင်ငံတော်ကြီးကို ကာကွယ်စောင့်ရှောက်နိုင်ရန် နယ်ခြားစောင့်တပ် ဖွဲ့စည်းကြပါ” ဆိုပြီး ထင်ဟပ်ဖော်ပြထားပါတယ်။

ဆောင်းပါးအာဘော်က ဝေ့လည်ကြောင်ပတ် ဖြစ်နေပေမယ့် အပစ်ရပ်တိုင်းရင်းသားတွေအပေါ် စစ်အစိုးရက ထားရှိတဲ့ သဘောထားအမှန်ကတော့ …

- အကြွင်းမဲ့ လက်နက်ချရမယ်။
- စီးပွားရေးလုပ်ချင်ရင် လုပ်နိုင်တယ်၊ လူမှုရေးလုပ်ချင်ရင် လုပ်နိုင်တယ်။ ဒါမှမဟုတ်ရင်
- နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲရမယ် .. ဆိုတာတွေပါပဲ။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ  နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားပြီး  နိုင်ငံရေးလုပ်ဖို့တော့ တလုံးတပါဒမျှ တိုက်တွန်းထားတာမျိုး မရှိပါဘူး။

ဒါတွေကြောင့်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် စစ်အစိုးရ အလိုကျ လိုက်ပါကရတဲ့ အခြေအနေမျိုး မရှိသေးပါ။ တိုင်းရင်းသားလူမျိုးများ တန်းတူအခွင့်အရေး ရရှိရေးအတွက် တောက်လောင်ခဲ့ကြတဲ့ ပြည်တွင်းစစ်မီးကို ငြှိမ်းသတ်နိုင်ဖို့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး အစီအစဉ်တွေကလည်း ယောင်ယောင်လေးမျှ မတွေ့ရသေးပါ။

၁၉၄၈-၁၉၆ဝ (ဖဆပလ/အိမ်စောင့်/ပထစ) ခေတ်၊ ၁၉၆၂ - ၁၉၈၈ (တော်လှန်ရေးကောင်စီ/မဆလ) ခေတ်၊ ၁၉၈၈ မှ ကနေ့အထိ (နဝတ-နအဖ) ခေတ် စတဲ့ ခေတ်အဆက်ဆက်မှာ ပြည်တွင်းစစ် ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး မတည်ဆောက်နိုင်ခဲ့ပါဘူး။ စစ်တပ်ချုပ်ကိုင်ဦးမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲ နောက်ပိုင်းကာလမှာလည်း မျှော်လင့်ချက်ရောင်ခြည် မမြင်ရပါဘူး။ တိုင်းရင်းသားလူမျိုးတွေ လိုလားတောင့်တချက်တွေကို ဖြည့်ဆည်းမပေးနိုင်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အရိပ်မည်းထိုးထားမယ့် ခရီးကြမ်းကြီးကိုပဲ တွေ့နေပါတယ်။

အုပ်စိုးသူအစိုးရအဆက်ဆက်ရဲ့ လှည့်စားမှုအောက်မှာ တိုင်းရင်းသား အဖွဲ့အစည်းအချို့ ပြိုကွဲသွားတာ၊ ပျက်စီးသွားတာ၊ လက်နက်ချသွားကြတာတွေ ရှိခဲ့ဖူးပါတယ်။  အခုလည်း ရှိနေဆဲပါပဲ။ ဒါတွေဟာ တိုင်းရင်းသား ပြည်သူတွေအတွက် တကယ့်ညီညွတ်ရေး၊ တကယ့်တန်းတူရေး၊ တကယ့်ပြည်တွင်းငြိမ်းချမ်ရေးတွေ မဟုတ်ဘဲ၊ ကောက်ကျစ်လှည့်ဖျားမှုနဲ့ ဖျက်ဆီးချေမှုန်းမှုတွေသာ ဖြစ်ပါတယ်။

ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တယ်ဆိုတာ (နအဖ) စစ်အစိုးရက ဆည်မြောင်းတာတမံဆောက်သလို အခု ဘူဒိုဇာနဲ့ထိုး၊ အခု ကွန်ကရစ်ဖျော်ပြီး လောင်းလို့ရတဲ့ကိစ္စမျိုး မဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက် သဘောထားမှန်မှန်၊ တန်းတူရည်တူ ဒီမိုကရေစီရှိရှိ၊ အပေးအယူရှိရှိ၊ ယုံကြည်မှုရှိရှိ ဆွေးနွေးညှိနှိုင်း အဖြေရှာကြရမယ့် တိုင်းပြုပြည်ပြုကိစ္စကြီး ဖြစ်ပါတယ်။ တန်းတူရည်တူရှိပြီး ဒီမိုကရေစီရှိမှ ညီညွတ်ငြိမ်းချမ်းနိုင်မှာ ဖြစ်ပါတယ်။ ညီညွတ်ငြိမ်းချမ်းမှလည်း အန္တရာယ်အသွယ်သွယ်ကို ကျော်ဖြတ်နိုင်ပြီး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အခုတော့ စစ်အစိုးရက တရားမျှတမှုမရှိတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ထုတ်သုံးပြီး နိုင်ငံရေးပါတီတွေနဲ့  အင်အားစုတွေကို ဖိနှိပ်အကျပ်ကိုင်ဖို့ လုပ်နေသလို၊ အပစ်ရပ်တွေကိုလည်း “၁၉၉၄ ခုနှစ် မတိုင်ခင် အခြေအနေ ပြန်ရောက်သွားမယ်” (စစ်ပြန်တိုက်မယ်) ဆိုတဲ့ ခြောက်လုံးလှန့်လုံးတွေနဲ့ ဖိအားပေးနေပါတယ်။

နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေ၊ အပစ်ရပ်တွေဆိုတာ စစ်အုပ်စုက သေဆိုသေ၊ ရှင်ဆိုရှင်ကြရတဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန် (ဝန်ကြီးချုပ်) တို့၊ ဗိုလ်ချုပ်ဋ္ဌေးဦး (လယ်/ဆည်ဝန်ကြီး) တို့၊ ဗိုလ်မှူးချုပ်ကျော်ဆန်း (ပြန်ကြားရေးဝန်ကြီး) တို့လို လူစားတွေ၊ ကြံ့ဖွံ့လို ဗုံမဟုတ် ပတ်မဟုတ် အဖွဲ့အစည်းတွေ မဟုတ်ဘူးဆိုတာ စစ်အစိုးရ သဘောပေါက်သင့်ပါပြီ။

သတင်းစာပေါ်မှာ ရေးကောင်းရုံရေးတဲ့ ငြိမ်းချမ်းရေး၊ စက္ကူပေါ်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမျိုး မဟုတ်ဘဲ လူမျိုးပေါင်းစုံ ပြည်သူတွေအကြားမှာ တကယ့်တန်းတူရေးနဲ့ တကယ့်သွေးစည်းရေးကို တည်ဆောက်နိုင်မယ့် အခြေခံကောင်းတွေကို သဘောထားမှန်မှန်နဲ့ ညှိနှိုင်းဆောင်ရွက်ရင်း တည်ဆောက်သွားဖို့ လိုအပ်နေကြောင်း သိသင့်ပါပြီ။

ဒီမိုကရေစီအခွင့်အရေးနဲ့ တိုင်းရင်းသား တန်းတူအခွင့်အရေး ပြဿနာ ၂ ရပ်ကို ပြေလည်အောင် မဖြေရှင်းဘူးဆိုရင် အုပ်စိုးသူအစိုးရအဆက်ဆက် မဖြေရှင်းနိုင်ခဲ့တဲ့ ဖွဲမီးလို တငွေငွေ့ လောင်ကျွမ်းနေတဲ့ ပြည်တွင်းစစ်မီးဟာ တကျော့ပြန်ပြီး အရှိန်ကောင်းကောင်းနဲ့ တောက်လောင်လာစရာ ရှိပါတယ်။ ဒီစစ်မီးကို မေတ္တာရေစင် သဘောထားနဲ့ပဲ ငြှိမ်းသတ်နိုင်ပါလိမ့်မယ်။  လူမျိုးစုံပြည်သူတွေရဲ့ ငြိမ်းချမ်းအေးမြတဲ့ မေတ္တာရေစင်ကိုလည်း လှည့်စားကောက်ကျစ်တဲ့ ဖိနှိပ်ချေမှုန်းရေး နည်းနာနဲ့ အရမယူနိုင်ပါဘူး။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ ပြေလည်မှု မရသလို၊ ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP ကို မှတ်ပုံတင်ခွင့် ချမပေးဝံ့တဲ့ သဘောထားမျိုးနဲ့တော့ မြင့်မြတ်တဲ့ ငြိမ်းချမ်းရေး ပန်းမြတ်တော်ဝင်ကို လှမ်းချူရယူချင်လို့ မရပါဘူး။

“ယခုအခါ ပြည်ထောင်စု နိုင်ငံတော်ကြီးတွင် ဘယ်ခေတ်အခါကနှင့်မျှ မတူသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရရှိနေပြီ ဖြစ်ပါသည်” ဆိုတဲ့ စကားကတော့ စစ်အစိုးရက ကိုယ့်ဘာသာကိုယ် လှည့်စားပြီး သာယာနေတာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးစုံကတော့ လက်တွေ့ဘဝမှာ အမှန်တကယ် ထင်ဟပ်တဲ့၊ ငြိမ်းချမ်းအေးမြတဲ့ မေတ္တာရေစင်ကိုပဲ တောင့်တနေတာ ဖြစ်ပါတယ်။ အကြမ်းဖက်နည်းနာနဲ့တော့ ပြည်တွင်းငြိမ်းချမ်းရေး မတည်ဆောက်နိုင်မှန်း ကောင်းကောင်းကြီး သိနေနှင့်ပြီးသား ဖြစ်ပါကြောင်း …။                    ။

တူမောင်ညို 
ရင်းမြစ်။ ။http://burmese.mizzimamedia.com/index.php?option=com_content&view=article&id=5224:2010-05-11-10-39-33&catid=3&Itemid=4

တရားဥပဒေ စိုးမိုးရေး

ကျနော်တို့ ဗမာပြည်မှာနေတုန်းက တရားဥပဒေစိုးမိုးရေးဆိုတဲ့စကားကို မကြာခဏကြားရပါတယ်။ တရားဥပဒေဖောက်ဖျက်ပြီး အာဏာသိမ်းထားတဲ့ဗိုလ်ချုပ်တွေဟာ နှစ်ပေါင်း နှစ်ဆယ်လောက်ကြာအောင် ဗမာပြည်ကို တရားဥပဒေမဲ့ အုပ်စိုးနေကြပါတယ်။ အဲသလို တရားမဲ့သူတွေက ပြောတဲ့စကားပါ။
“စည်းကမ်းရှိတဲ့ ဒီမိုကရေစီ”လို့ တဖွဖွပြောနေကြတဲ့ ဗမာစစ်ဗိုလ်ချုပ်တွေက အငြိမ်းစား (ပင်စင်) ယူရမယ့် အချိန်မှာ မယူဘဲ စည်းကမ်းမဲ့ အုပ်ချုပ်နေကြပါတယ်။ ဒီကြားထဲက ဗိုလ်ရွှေမန်းက “ဥပဒေအထက်က ဘာမှမရှိဘူး”လို့ ကယောင်ကတန်း ထအော်ပြန်ပါသေးတယ်။ ဒါကလည်း ဥပဒေအထက်မှာ ဘယ်သူမှမရှိမှ သူတို့စစ်ဗိုလ်ချုပ်တွေချည်း ကင်းကင်းရှင်းရှင်း တက်ထိုင်ဖို့ပြောဒါ နေမှာပါပဲလို့ ကောက်ချက်ချပြီး နေရပါတော့တယ်။
ဒီလို ဥပဒေမဲ့လုပ်နေပုံတွေကို တစိမ့်စိမ့်နဲ့တွေးရင်း “တွေးမိတိုင်း စိတ်နာတယ်၊ မအိပ်တာလေး ညအလင်း” လို့  ဆိုတဲ့ ဦးပုညရဲ့ တေးထပ် တပိုင်းတစကိုပဲ ထပ်ထပ်ပြီး ရွတ်ဆိုနေရပါတယ်။ ဒီနေ့က ၂၀၁၀ ပြည့်နှစ် မေလ ၅ ရက်ပါ။ ဒီနေ့ထုတ် နယူးယောက် တိုင်းမ် (စ်) သတင်းစာကြီးကို ကောက်ကြည့်လိုက်တော့ အဖုံးမှာ နယူးယောက် မြို့လယ်ကောင်မှာ မေ ၁ ရက် (စနေနေ့) က ဗုံးဖောက်ခွဲဖို့ ကြံစည်လုပ်ဆောင်ခဲ့တဲ့ တရားခံကို မေ ၄ ရက် (အင်္ဂါနေ့) က ဖော်ထုတ် ဖမ်းဆီးနိုင်ပြီဖြစ်ကြောင်း သတင်းကြီးကို ရောင်စုံဓာတ်ပုံတွေနဲ့ ဝေေ၀ဆာဆာ ဖော်ပြထားတာ တွေ့လိုက်ရပါတယ်။ ဒီအမှုကို အမှုဖြစ်ပွားပြီး ၅၃ နာရီနဲ့ မိနစ် ၂၀ အကြာမှာ တရားခံကို ဖော်ထုတ်ဖမ်းမိလိုက်တယ်လို့ ကြေညာပါတယ်။ အတွင်းမှာ သတင်းအပြည့်အစုံ ၄ မျက်နှာတောင် ရှိပါတယ်။
ဗုံးဖောက်ခွဲဖို့ ကြိုးစားတဲ့နေရာက နယူးယောက်မြို့လယ်ကောင် လူအစည်ကားဆုံးနေရာဖြစ်တဲ့ “တိုင်းမ် စကွဲယား” မှာပါ။ နီဆန်းကားဟောင်းတစီးပေါ်မှာ လက်ဖြစ် ဖောက်ခွဲကိရိယာကို စနက်တံ မီးရှို့ထားနေတုန်းမှာ မီးခိုးတွေအူပြီး ထွက်လာတာကို မြင်လိုက်တဲ့ လူက သတင်းပေးလို့ ရဲက အချိန်မီ အရေးယူ ဆောင်ရွက်လိုက်တာနဲ့ ဗုံးဖောက်ခွဲတာ မအောင်မြင်လိုက်ပါဘူး။  အောင်မြင်သွားရင်တော့ လူစည်ကားတဲ့နေရာဖြစ်လို့ ကမ္ဘာလှည့်ခရီးသည်တွေရော၊ အမေရိကန် အရပ်ရပ်က ခရီးသည်တွေရော အစုလိုက် အပြုံလိုက် သေဆုံးကြမှာ မလွဲပါဘူး။
ဗုံဖောက်ခွဲဖို့ အားထုတ်သူ တရားခံက ပါကစ္စတန်နိုင်ငံဖွား အသက် ၃၀ အရွယ်ရှိ မစ္စတာ ရှာဇဒ် ဆိုသူဖြစ်ပါတယ်။ အမေရိကားကို ကျောင်းသားဗီဇာနဲ့ ရောက်လာပြီး ကော်လိုရာဒိုဖွား အမေရိကန်မတဦးနဲ့ လက်ထပ်ခွင့်ရတဲ့အခါ အမေရိကန်နိုင်ငံသားအဖြစ် ခံယူလိုက်ပါတယ်။ ခု သူနေတာက ‘ကွန်နက်တီကပ်” မှာပါ။ သူ့ဇနီးနဲ့ ကလေး နှစ်ယောက်ကိုတော့ သူ ပါကစ္စတန် အလည်ပြန်တုန်းက ခေါ်သွားပြီး ပါကစ္စတန်မှာပဲ ထားခဲ့ပါတယ်။ သူကတော့ ပါကစ္စတန် တာလီဘန် အကြမ်းဖက် အုပ်စု တစုရဲ့ အဖွဲ့ဝင် အဖြစ်နဲ့ ဗုံးဖောက်ခွဲမှု လက်တွေ့သင်တန်း တက်ခဲ့ပြီး အမေရိကားကို တဦးတည်း ပြန်လာခဲ့ပါတယ်။
တရားခံကို အက်ဖ်ဘီအိုင် ထောက်လှမ်းရေးအဖွဲ့နဲ့ ‘နယူးယောက် ရဲအဖွဲ့” က ပူးပေါင်း ရှာဖွေပါတယ်။ သဲလွန်စကို ဗုံးဖောက်ခွဲ ကိရိယာတွေ တင်ထားတဲ့ ကားက စပြီး ရပါတယ်။ ကားရောင်းသူကို ရှာတော့ ကော်လိုရာဒိုမှာပဲ တွေ့ရတယ်။ သူ့ကားကို အင်တာနက်မှာ အရောင်းကြော်ငြာတင်ပြီးထားတာကို တရားခံက ဖုံးဆက်မေးပြီး ၀ယ်သွားကြောင်းသိရတယ်။ သူ့ဖုံးနံပါတ်က ကားရောင်းသူ အမျိုးသမီးဆီမှာ ရှိနေသေးတယ်။ အဲဒီနံပါတ်ကို လိုက်ရှာတော့ ဖုံးပိုင်ရှင် တွေ့တယ်။ ဖုံးထဲမှာ ပါကစ္စတန်နဲ့ အဆက်အသွယ်လုပ်ထားတာတွေလည်း တွေ့ရပါသေးတယ်တဲ့။
ပါကစ္စတန်အစိုးရနဲ့ အမေရိကန်အစိုးရက အကြမ်းဖက်သမား ထောက်လှမ်းချေမှုန်းရေးကိစ္စကို ၂၀၀၁ ခုနှစ်ကတည်းက ပူးတွဲလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပါကစ္စတန် အကြမ်းဖက်သမားတချို့ အဖမ်းခံရတဲ့သတင်းက တရားခံ “ရှာဇဒ်” ပြေးရင်းလွှားရင်း ကြားနေရတော့ သူလည်း အမေရိကားကနေ လေယာဉ်နဲ့ ထွက်ပြေးဖို့ ကြိုးစားတဲ့အခါ ကနေဒီလေယာဉ်ကွင်းမှာပဲ အဖမ်းခံလိုက်ရပါတယ်။ သူ့ကို စစ်ဆေးတဲ့အခါ သူဟာ ဗုံးဖောက်ခွဲနည်းပညာကို ပါကစ္စတန် တာလီဘန်အကြမ်းဖက် ဂိုဏ်းမှာ သင်တန်းတက်ခဲ့ကြောင်း၊ ခု ဖောက်ခွဲဖို့ အားထုတ်ရာမှာတော့ သူတစ်ယောက်တည်းသာဖြစ်ကြောင်း ပေါ့ပေါ့ပါးပါးပဲ ချက်ချင်း အဖြေပေးခဲ့ပါတယ်။
ဒီအမှုကို ထောက်လှမ်းစုံစမ်းရာမှာ မြို့တော်ဝန်ရော ရဲချုပ်ကြီးတို့ပါ အစအဆုံးကြီးကြပ်ခဲ့ကြပြီး သတင်းအားလုံးကို ပြည်သူလူထုကိုရော ကမ္ဘာ့ပြည်သူတွေကိုပါ ရုပ်မြင်သံကြားသတင်းဌာနတွေကရော သတင်းစာတွေကပါ အပြည့်အစုံ ပြန်ကြား ပြောဆိုခဲ့ကြပါတယ်။ ဒီအမှုကို လိုက်ရတာ အားလုံး ၅၃ နာရီနဲ့ မိနစ် ၂၀ သာအချိန်ယူခဲ့ရပါကြောင်းက အစပြုပြီး ရှင်းပြပါတယ်။ မြို့တော်ဝန်က တိုင်းမ်စကွဲယားမှာ လုံခြုံရေးကင်မရာ ၈၀ ကျော်ရှိတာကို ၁၀၀ ကျော်ထိအောင်တိုးဖို့ အဆုံးအဖြတ်ပေးပါတယ်။ အမှုဖော်ထုတ်ရေးမှာ လုံခြုံရေးကင်မရာတွေကလည်း အထောက်အကူ ပြုခဲ့ပါသတဲ့။
အမေရိကန်ပြည်ထောင်စုမှာက အဲသလို တရားဥပဒေစိုးမိုးရေးကို အမှန်တကယ် ကြိုးစားအားထုတ်ပါတယ်။ အမှုလိုက်ရင်း ရဲအရာရှိတွေ မှားယွင်းချွတ်ချော်ရင်လည်း ဥပဒေကြောင်းအရ ချက်ချက် အရေးယူပါတယ်။ သူတို့မှာ  “ရဲသား” ရယ်လို့ မရှိ။ အားလုံး ဘွဲ့ရပြီးမှ သင်တန်းတက်ထားတဲ့ အရာရှိတွေချည်း ဖြစ်ပါတယ်။
ဥပဒေကျူးလွန်လို့ကတော့ သမ္မတ၊ မြို့တော်ဝန်၊ ဗိုလ်မှူး၊ ဗိုလ်ချုပ်၊ ရဲမှူး၊ ရဲချုပ်၊ တရားသူကြီးပါမကျန် အရေးယူခံရပါတယ်။ ကျနော်တို့ မျက်မှောက်မှာပဲ Governor တဦးကို ပြည့်တန်ဆာအိမ် သွားမှုနဲ့ အရေးယူခဲ့ပါတယ်။ တရားသူကြီးတွေ လာဘ်စားမှုနဲ့ ထောင်ချခံရတာတွေလည်း တွေ့ရဖူးပါတယ်။ ရာဇ၀တ်ပြစ်မှု တခုခုကိုသာ ကျူးလွန်လို့ကတော့ ဘယ်လောက် ကြီးတဲ့ “အကောင်” ပဲဖြစ်ဖြစ် ကမ္ဘာကျော်အောင် အရေးယူခံရမှာ မလွဲပါဘူး။ “တရားဥပဒေ အထက်မှာ ဘာမှမရှိဘူး”လို့ ရဲရဲ ကြေညာနိုင်ပါတယ်။
ဗမာပြည်မှာ သင်္ကြန်တွင်းက ရန်ကုန် သင်္ကြန်မဏ္ဍ့ပ်တခုမှာ  ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားပြီး လူတွေ အမြောက်အများ သေကြ ဒဏ်ရာရခဲ့ပါတယ်။ ဗမာပြည် စစ်အစိုးရက အမေရိကန်တွေလို ၅၃ နာရီတောင် မကြာဘဲ “ဒါဟာ ပြည်ပြေးတွေ ဖောက်ခွဲလုပ်ကြံတာ၊ ကျောင်းသား တပ်မတော်က လုပ်ကြံတာ” စသဖြင့် ထုံးစံအတိုင်း ချက်ချင်း “ဖော်ထုတ်” ခဲ့ကြပါတယ်။ ဒီလို အောက်တန်းစား ပြုည်သူတွေ လုပ်ကြံခဲ့ရတဲ့ အမှုမျိုးကို မြို့တော်ဝန်တို့၊ ရဲချုပ်တို့က ဘယ်တော့မှ အလုပ်ရှုပ်မခံပါဘူး။
အများပြည်သူတွေရဲ့ ယူဆချက်ကတော့ ဗိုလ်ချုပ်တွေဟာ သူတို့ စွန့်ပစ်ထားခဲ့တဲ့ မြို့တော်ဟောင်းမှာ စည်ကားတာကို မရှုဆိတ်ဘူးတဲ့ ဒါကြောင့် သင်္ကြန်ရက်အတွင်းမှာ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ အဆိုကျော်တွေကို ကြပ်ပြေးမြို့တော်မှာ ခေါ်ယူထားပြီး ပြန်မလွှတ်ဘဲ ထားပါသတဲ့။ ရထားလမ်း၊ ကားလမ်းတွေတောင် ပိတ်ထားလိုက်သေးတယ် ဆိုပဲ။ ဒါကြောင့် ရန်ကုန်ဟာ သင်္ကြန်ကာလမှာ သုသာန်တစပြင်လို ဖြစ်ကျန်ရစ်ပါသတဲ့။ ဒီအမှုမှာ ၅၃ နာရီမပြောနဲ့ ၅၃ နှစ်ကြာတောင် ဖော်ထုတ်မှာ မဟုတ်ပါဘူး။ အတွင်းရေးမှုး (၂) ဗိုလ်ချုပ်တင်ဦးကို လုပ်ကြံတာ ခုထက်ထိ လက်သည်မပေါ်ပါဘူး။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်တင်ဦးနဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီပဲယင်းဘက်မှာ လမ်းဖြတ်လုပ်ကြံတာရော ဘယ်သူတွေလဲ။
သူများတွေ ၅၃ နာရီ စုံစမ်းဖော်ထုပ်တဲ့အလုပ်ကို ဗမာစစ်ဗိုလ်ချုပ်တွေက ၅၃ နှစ် အချိန်ယူပါလိမ့်မယ်။ ဒါပေမဲ့ ဗိုလ်သန်းရွှေတို့ အနားကိုတော့ ဘယ်ယင်ကောင် အနားခံမှာ မဟုတ်ပါဘူး။ ယင်ကောင်တွေမွေးပြီး လွှတ်တဲ့ တရားခံကို ချက်ချင်း စုံစမ်း အရေးယူမယ်ဆိုတာ သေချာပါတယ်။
            တရားဥပဒေ ဘယ်မှာလဲ။ တရားဥပဒေ အထက်က ဘယ်သူတွေရှိသလဲ။
         အဖြေပေးရရင်တော့ အထက်မှာရော အောက်မှာရော ဘယ်သူမှ မရှိ။ ဘာဖြစ်လို့လဲဆိုတော့ တရားဥပဒေဆိုတာ မရှိမှ မရှိပဲကိုး။
            ကျနော် မောင်စွမ်းရည်ပါ။ မောင်စွမ်းရည်ရဲ့ အထက်မှာတော့ ကြည်လင်တဲ့ ကောင်းကင်ကြီး ရှိလေရဲ့။

မောင်စွမ်းရည်။
(၂၀၁၀၊ မေ၊ ၅)

ရင်းမြစ်။ ။မိုးမခ

Tuesday, May 11, 2010

ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ ရာထူးမှ နုတ်ထွက်ဖွယ်ရှိ

ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) အဖွဲ့ဝင် ၀န်ကြီးများသည် များမကြာမီ လက်ရှိ အစိုးရအဖွဲ့ဝင် ရာထူးမှ နုတ်ထွက် ဖွယ်ရှိ ကြောင်း နေပြည်တော် စစ်တပ် အသိုင်းအ၀ိုင်းက ပြောသည်။

အရပ်ဝတ်ဖြင့်
ဝန်ကြီးချုပ် အပါအ၀င် ၀န်ကြီး အများ အပြားသည် မကြာသေးခင်က စစ်တပ်မှ နုတ်ထွက် ခဲ့သည်။ ၀န်ကြီးချုပ်၏ အမည်ကို “ဗိုလ်ချုပ်ကြီး သိန်းစိန်”ဟု စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့ရာမှ ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့မှ စတင်ပြီး “ဦးသိန်းစိန်” ဟု ပြောင်းလဲ ဖော်ပြခဲ့သည်။

ယင်း ပါတီထောင်ခဲ့ ကြသည့် ၀န်ကြီးများ၊ ဒု ၀န်ကြီးများသည် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာ နိုင်ဖွယ်ရှိသည့် USDP ၏ ပထမဆုံး အကြိမ် သတင်းစာ ရှင်းလင်းပွဲ တရပ်ကို များမကြာမီတွင် နေပြည်တော်၌ ကျင်းပရန် ရှိကြောင်း ကက (ကြည်း) မှ စစ်အရာရှိကြီး တဦးက ပြောဆိုသည်။

“သတင်းစာရှင်းလင်းပွဲကို နေပြည်တော်မှာရှိတဲ့ ပါတီရုံးချုပ်မှာလုပ်မယ် ပြောတယ်၊ ပါတီရန်ပုံငွေ ကိစ္စတွေကိုလည်း ဆွေးနွေး လိမ့်မယ်လို့ သိရတယ်”ဟု သူကပြောသည်။

ထိုသို့ ၀န်ကြီးများ နုတ်ထွက်ပြီးနောက် လက်ရှိအစိုးရ ယန္တရားကို တာဝန်ယူမည့် အစိုးရ တရပ်ဖွဲ့စည်းကာ ယင်းအစိုးရအဖွဲ့၌ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီး ဦးစိုးသာ က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူသွားလိမ့်မည်ဟု လည်း နေပြည်တော်စစ်တပ်အသိုင်းအ၀န်းတွင် သတင်းထွက်ပေါ်နေသည်။

နေပြည်တော်တွင် USDP ဌာနချုပ်ကို အခြေစိုက်မည်ဖြစ်ပြီး မြို့တော်ဟောင်း ရန်ကုန်၊ မန္တလေးနှင့်အခြားမြို့ကြီးများတွင် ဒေသဆိုင်ရာရုံးခွဲများကို ဖွင့်လှစ်သွားမည်ဟု အထက်ပါ စစ်အရာရှိကြီးက ဆက်လက် ပြောဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(USDA)သည် သီးခြားဆက်လက် တည်ရှိသွားမည်ဖြစ်ပြီး USDP အနေနှင့် ပါတီဝင်များ ရန်ပုံငွေအတွက် လစဉ်ကြေးများ ပေးရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်ကြီးများမှာ ပါတီအတွက် လိုအပ်သည့် အဆောက်အအုံများ၊ ယာဉ်နှင့် ရန်ပုံငွေများကို လှူဒါန်းကြရမည် ဖြစ်ကြောင်းသိရသည်။

စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်း အပါအ၀င် USDP မှ အထက်မြန်မာနိုင်ငံတွင် ၀င်ရောက် အရွေးခံမည့် ၀န်ကြီး ၄ ဦးသည် နေပြည်တော်၌ ယခုလအတွင်း ပါတီဝင်များနှင့်တွေ့ဆုံခဲ့ကြောင်း ရန်ကုန် အခြေစိုက်ပြည်တွင်း ဂျာနယ် သတင်းထောက်တဦး က ပြောသည်။

နအဖ ၀န်ကြီးတဖွဲ့လုံး ၎င်းတို့၏ စစ်တပ်ရာထူးများကို စွန့်လွှတ်ခဲ့သော်လည်း ၀န်ကြီးအားလုံး ရွေးကောက်ပွဲဝင်မည်မဟုတ်ဘဲ အစိုးရ အုပ်ချုပ်ရေးယန္တရားများ ရပ်မသွားစေရန် ၀န်ကြီးနှင့် ဒုဝန်ကြီး တချို့က အစိုးရအဖွဲ့ကိုဆက်လက်တာဝန်ယူမည်ဟု စစ်တပ် အသိုင်းအ၀န်းက ပြောဆိုသည်။

“အဲဒီ ကျန်ခဲ့တဲ့ ၀န်ကြီးနဲ့ ဒုဝန်ကြီးများက ၀န်ကြီးဌာနတွေကို ခေတ္တ၀န်ကြီးတွေအနေနဲ့ တွဲကိုင်ကြလိမ့်မယ်၊ စစ်ဗိုလ်ချုပ်တွေ ကို တွဲကိုင်ခိုင်းဖို့ ကျတော့ သူတို့ ကိုယ်တိုင်က တပ်မတော်အစိုးရလို့ မသုံးစွဲခိုင်းတဲ့အတွက် တပ်မတော်က အရာရှိကြီးတွေ လာခွင့်မရတော့ဘူး”ဟု စစ်တပ် အရာရှိကြီး တဦး က ပြောသည်။

အစိုးရအဖွဲ့တွင် ကျန်ခဲ့မည်ဟု အမည်ထွက်နေသည့် ၀န်ကြီးနှင့် ဒု ၀န်ကြီးများမှာ -

၁။ ဦးဉာဏ်ဝင်း (နိုင်ငံခြားရေးဝန်ကြီးဌာန)
၂။ ဦးသောင်း (သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)
၃။ ဦးမောင်ဦး (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန)
၎။ ဦးအောင်ကြည် (အလုပ်သမားဝန်ကြီးဌာန၊ ဆက်ဆံရေးဝန်ကြီးဌာန)
၅။ ဦးခင်အောင်မြင့်(ဆောက်လုပ်ရေးဝန်ကြီးဌာန)
၆။ သူရ ဦးမြင့်မောင် (သာသနာရေးဝန်ကြီးဌာန)
၇။ သူရ ဦးအေးမြင့်(အားကစားဝန်ကြီးဌာန)
၈။ ဦးသိန်းညွန့်(နေပြည်တော် စည်ပင်သာယာရေး ကော်မတီ)
၉။ ဦးမောင်မောင်ဆွေ(လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး)
စသည်တို့ ပါဝင်ကြောင်း သိရသည်။

ရင်းမြစ်။ ။ဧရာဝတီ

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ(ဓာတ်ပုံသတင်း )



အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် သည် သူ၏ မြန်မာပြည် ခရီးစဉ်အတွင်း ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေပုံ။ (၀ဲမှယာ- ရန်ကုန်မှ အမေရိကန် သံမှူး၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာ့တ်ကမ့်ပ်ဘဲလ်) [ဓာတ်ပုံများ -Reuters, AP]
အမေရိကန် ဒုဝန်ကြီးနှင့် တွေ့ဆုံမည့် ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က ပို့ဆောင် စောင့်ကြပ်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ
ဒေါ်အောင်ဆန်းစုကြည်ကို တင်ဆောင်လာသည်ဟု ယူဆရသော ကား နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်တို့၏ ကား
 
ရင်းမြစ်။ ။မိုးမခ

ဒေါ်စုအမှု အထူးအယူခံ ဗဟိုတရားရုံး လက်ခံ

နယူးဒေလီ (မဇ္ဈိမ) ။      ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်တွင် ၁၈ လ ထိန်းသိမ်းထားသည့် အမှုအတွက် အထူးအယူခံကို ရန်ကုန် ဗဟိုတရားရုံးချုပ်သို့ ယနေ့တင်သွင်းရာ တရားရုံးက လက်ခံခဲ့ကြောင်း ရှေ့နေဖြစ်သူ ဦးကြည်ဝင်းက ပြောသည်။

နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လ ကျခံနေရသည့် ဒီမိုကရေစီ ခေါင်းဆောင်၏ အမှုပြင်ဆင်ချက်ကို ဗဟိုတရားရုံးချုပ်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပယ်ချခဲ့ပြီးနောက် အထူးအယူခံကို ထပ်မံလျှောက်ထားခဲ့ရာ လက်ခံလိုက်ခြင်း ဖြစ်သည်။

“ပြစ်ဒဏ်ပြင်ဆင်ချက် တင်သွင်းထားတာကို ပယ်ချလိုက်တဲ့အတွက် နောက်တဆင့် တက်ပိုင်ခွင့် ရှိတယ်။ ဒါကြောင့် အထူးအယူခံ တက်ခွင့်ပြုပါလို့ ဒီနေ့ လျှောက်လွှာတင်တယ်။ လက်ခံလိုက်ပြီ” ဟု ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီလက ပယ်ချခဲ့သည့် ပြစ်ဒဏ်ပြင်ဆင်မှု လျှောက်လဲရာတွင် တရားသူကြီး ၂ ပါး ရှေ့မှောက်တွင် လျှောက်လဲကြခြင်းဖြစ်ပြီး၊ ယခု အထူးအယူခံအဆင့်တွင် တရားသူကြီး ၃ ပါးရှေ့တွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲရမည် ဖြစ်သည်။ လျှောက်လဲရမည့် နေ့ရက်ကို မကြာမီ တရားရုံးက ကြေညာပေးသွားမည် ဖြစ်သည်။

ယခုအဆင့်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အနိုင်ရခဲ့ပါက နေပြည်တော်ရှိ တရားသူကြီးချုပ် (သို့မဟုတ်) ဒုတရားသူကြီးချုပ်ကိုယ်တိုင် အမှုကို ကြားနာစစ်ဆေးရမည်ဖြစ်သည်။ ရှုံးနိမ့်ခဲ့ပါမူ အယူခံ ထပ်မံတင်သွင်းရန် မရှိတော့ကြောင်း သိရသည်။

ထို့ကြောင့် အမှုကိစ္စနှင့် ပတ်သက်၍ မကြာမီရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ဦးကြည်ဝင်းက ပြောသည်။

“အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်နဲ့ ဦးဥာဏ်ဝင်းတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်ပြီး တွေ့ဆုံရမယ်၊ ဆွေးနွေးရမယ်၊ လမ်းညွှန်ချက်ယူရမယ်” ဟု သူက ပြောသည်။

နေအိမ်အတွင်း ရေကူးဝင်ရောက်လာသည့် အမေရိကန်နိုင်ငံသား ဂျွန်ယက်တောကို လက်ခံထားမှုဖြင့် ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား  ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့က ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

သို့သော် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လသို့ ပြောင်းလဲသတ်မှတ်ရန် ညွှန်ကြားခဲ့သည်။

ဒေါ်အောင်ဆန်းးစုကြည်နှင့်အတူ နေထိုင်သည့် ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့အတွက် ရှေ့နေ ဦးလှမျိုးမြင့်က ယခုလ ၇ ရက်နေ့တွင် ရန်ကုန် ဗဟိုတရားရုံးချုပ်သို့ တင်သွင်းခဲ့ရာ လက်ခံခဲ့ကြောင်း သိရသည်။

၎င်းတို့ သားအမိနှစ်ဦးကိုလည်း မြောက်ပိုင်းခရိုင် တရားရုံးက နိုင်ငံတော် နှောင့်ယှက်ဖျက်ဆီးလိုသူအား ကူညီသည့် ပုဒ်မ ၂၂/၁ဝ၉ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။ ထို့နောက် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေထိုင်ရန် ပြောင်းလဲချမှတ်ခဲ့သည်။