Wednesday, March 24, 2010

နိုင်ငံတော်၏ စံတန်ဖိုးများ မြှင့်တင်ခြင်း

   လူမှုအဖွဲ့အစည်းငယ် တခုအနေဖြင့် သတ်မှတ်နိုင်သည့် စာသင်ကျောင်း၏ ရည်ရွယ်ချက်များစွာထဲမှ အဓိက တခုမှာ လူသား စံတန်ဖိုးများကို လက်ဆင့်ကမ်း သင်ကြားပေးရန် ဖြစ်ပါ၏။ ကောင်းမွန်သော စံတန်ဖိုးများမှာ ရပ်ရွာ၊ လူ့အဖွဲ့အစည်း၏ စည်ပင်သာယာခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် မှီတင်းနေထိုင်ကြသူ ပြည်သူများအကြား သဟဇာတဖြစ်ခြင်းတို့အတွက် သော့ချက်ပင် ဖြစ်သည်။

မျိုးဆက်များအတွက် “ကောင်းရာတု၍၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း” ဟူသော လောကသာရပျို့လာ အဆုံးအမအတိုင်း ယဉ်ကျေးမှုတွင် တည်ရှိနေသော လိုလားအပ်သည့် ကောင်းမြတ်သော စံတန်ဖိုးများကို လက်ဆင့်ကမ်းပေးရန် ကျောင်းပညာရေးတွင် တာဝန်ရှိပြန်ပါသည်။ တဆက်တည်းမှာပင် မျက်မှောက်ခေတ် ရပ်ရွာ၊ လူ့အဖွဲ့အစည်းအတွင်း လက်ခံကျင့်သုံးနေသည့် စံတန်ဖိုးများကို ဝေဖန်စစ်ကြောတတ်စေရန်၊ ပြောင်းလဲပြင်ဆင်သင့်သည်တို့ကို နားလည်ရန်၊ အဘယ်ကြောင့် လိုက်နာကျင့်သုံးသင့်သည်တို့ကို သိမြင်ခံစားတတ်စေရန်အတွက်လည်း စာသင်ခန်းများအတွင်း ဆွေးနွေးရဦးမည် ဖြစ်ပါသည်။

စံတန်ဖိုးများအပေါ်တွင် အမြင်သဘောထားများမှာ မတူညီဘဲ၊ ကွဲပြားခြားနားနိုင်ပါသည်။ အသက်အရွယ်၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု ဘာသာတရား၊ နိုင်ငံသား၊ လူမျိုး စသည့် အချက်များအပေါ်တွင် မူတည်နေခြင်း ဖြစ်သည်။

စံတန်ဖိုးများ မတူညီသည့်အတွက် ပေါ်ပေါက်နေသည့် ပြဿနာများကို လေ့လာကြည့်သင့်ပါသည်။

လက်ရှိ ပြင်သစ်နိုင်ငံတွင်းမှ ပြဿနာကို လေ့လာကြည့်လျှင် ဤအချက်ကို အထင်အရှား မြင်တွေ့နိုင်ပါသည်။ အစ္စလာမ် သာသာနာတွင် မူဆလင်အမျိုးသမီးများမှာ အစ္စလာမ်သာသာနာ အထိမ်းအမှတ် ခေါင်းပေါင်းပုဝါဝတ်ရုံများကို ဝတ်ဆင်ကြသည်။ ၂ဝ၁ဝ ဇန်နဝါရီလတွင် ပြင်သစ်ပါလီမန်မှ ဤဝတ်စုံတို့ကို ဝတ်ဆင်ခြင်းအား တားမြစ်စေသင့်ကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ မူဆလင် အမျိုးသမီး ခေါင်းဆောင်းဝတ်စုံပြည့် ဝတ်ဆင်ခြင်းမှာ ပြင်သစ်နိုင်ငံ၏ စံတန်ဖိုးများအပေါ်တွင် “လက်မခံ နိုင်ဖွယ်ရာ” စိန်ခေါ်နေခြင်းပင် ဖြစ်သည်ဟု ရှုမြင်သုံးသပ်ချက်ပင် ဖြစ်လေသည်။ hijab နှင့် tchador တို့ကို “ခေါင်းဆောင်း ဝတ်စုံပြည့်” ဟူ၍ ခေါ်ဆိုနိုင်မည်လား ဆိုသည်မှာ မသေချာသော်ငြားလည်း burqa နှင့် niqab တို့မှာ “ခေါင်းဆောင်းဝတ်စုံပြည့်” ပင် ဖြစ်သည်။ ၆ လတာ ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် ဥပဒေပြုသူ ၃၂ ဦးပါဝင်သော အဖွဲ့မှ ဤတားမြစ်ချက်ကို ထောက်ခံအဆိုပြုခဲ့ကြသည်။ စာသင်ကျောင်းများ၊ ဆေးရုံများ၊ လူထုသယ်ယူပို့ဆောင်ရေး ယာဉ်များနှင့် အစိုးရရုံးများတွင် မျက်နှာကို လွှမ်းခြုံထားသည့် ခေါင်းဆောင်း ဝတ်ဆင်မှုကို တားမြစ်ရန် အဆိုပြုခြင်းမှာ ပြင်သစ်နိုင်ငံတွင် မူဆလင်အမျိုးသမီး ဝတ်စုံအပေါ်တွင် အပြင်းထန်ဆုံး ကန့်သတ်ချက်ပင် ဖြစ်တော့သည်။ (အေအက်ပီ သတင်းစဉ် Jan.2010)

မြန်မာနိုင်ငံ၏ ပညာရေးရှုခင်းတစုံလုံးကို လေ့လာကြည်မည်ဆိုလျှင်လည်း လိုလားအပ်သော စံတန်ဖိုးများ အတွက်လည်းကောင်း၊ မတူညီသော စံတန်ဖိုးများကို သဟဇာတဖြစ်စေရန် အခွင့်အလမ်းများ နည်းပါးသည်ကို တွေ့မြင်နိုင်ပါသည်။ ဥပမာအားဖြင့် မိခင်ဘာသာစကား၊ တိုင်းရင်းသား ဘာသာစကားတို့ကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းမထားသေးခြင်း၊ သင်ကြားခွင့် လုံးဝ မပြုခြင်း၊ ရိုးရာဓလေ့များကို ပညာရေးမှတဆင့် ဖော်ထုတ်ခွင့် မပြုခြင်းများပင် ဖြစ်သည်။ ဤကဲ့သို့ တဖက်စောင်းနင်း ကျင့်ကြံမှုများသည် မတူညီသော စံတန်ဖိုးများကို သိမြင်ခံစားတတ်မှု စွမ်းရည်ဖွံ့ဖြိုးရန်နှင့် လူ့အဖွဲ့အစည်းအတွင်း သဟဇာတ ဖြစ်စေရန် အခက်အခဲများစွာ ရှိမည်ဖြစ်သည်။ ထို့အတူ မြန်မာ့လူ့အဖွဲ့အစည်း၏ မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားစေရန်အတွက်လည်း လေ့ကျင့်သင်ကြားပေးရန် ပျက်ကွက်နေဆဲဖြစ်သည်။ (သင်ရိုးညွှန်းတမ်း အလုပ်ရုံဆွေးနွေးပွဲ ၂ဝဝ၆)

စံတန်ဖိုးအများစုမှာ လူသားအားလုံးနှင့် သက်ဆိုင်မှုရှိပြီးလျှင် နာခံလိုက်နာဖွယ် ဖြစ်သော်ငြားလည်း လူအဖွဲ့အစည်းအတွင်း ရှိသူအားလုံးမှ တပြေးညီ သိမြင်နားလည်မှု၊ လိုက်နာမှုတို့ကိုကား မမျှော်လင့်နိုင်ပါချေ။ သို့ဖြစ်လေရာ စံတန်ဖိုးများအပေါ်တွင် ပုဂ္ဂလ အတွေ့အကြုံများနှင့် လက်ရှိအခြေအနေများ၏ လွှမ်းခြုံသက်ရောက်မှု ရှိခြင်းပင် ဖြစ်သည်။

ဘုံနည်းလမ်းများ

ဤအချက်မှာ စံတန်ဖိုးများကို လေ့ကျင့်ပျိုးထောင်ရာတွင် ကြီးမားသော စိန်ခေါ်ချက်အနေဖြင့် ရင်ဆိုင်ရသည်။ အတိတ်ကာလများတွင် စံတန်ဖိုးများကို သီးသန့်ဘာသာရပ်အနေဖြင့် လေ့ကျင့်သင်ကြားကြပါသည်။ များမကြာသေးမီ နှစ်များတွင် ပညာရေးသမားများသည် ဘာသာရပ်အားလုံး ယှက်နွယ်လွှမ်းခြုံသည့် (ပေါင်းစည်းသင်ရိုး integrative) သင်ရိုးဖြင့် စံတန်ဖိုးတို့ကို သင်ကြားရန် အားထုတ်လာကြသည်။ နည်းနာ ၂ ရပ်စလုံးတွင် ဆရာ၏ မျှော်မှန်းချက်မှာ တူညီပါ၏။ အားလုံးမှ သိမြင်နားလည်ပြီးလျှင် အားလုံး၏ အကျိုးစီးပွားအတွက် ဘုံ စံတန်ဖိုးတို့ကို လိုက်နာကျင့်သုံးကြရန်ပင် ဖြစ်လေသည်။

ဤသည်မှာလည်း ကျင့်ဝတ်နီတိနှင့် စံတန်ဖိုးပညာရေး value education နှင့် နိုင်ငံသားပညာရေး citizenship education ဆောင်ရွက်ချက်များ၊ ပုံစံများ၏ ရေရှည်မျှော်မှန်းချက် ဖြစ်သော်ငြားလည်း တဦးတယောက်ချင်းစီ၏ လိုအင်များကိုမူ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိကြောင်း လေ့လာတွေ့ရှိရပြန်ပါသည်။ မိမိကိုယ်တိုင် စူးစမ်းလေ့လာ ရှာဖွေခြင်း၊ သိမြင်နားလည်ခြင်းနှင့် သင်ကြားနေသည့် စံတန်ဖိုးတို့ကို ဘဝနှင့် ဆက်စပ်ပြီး လက်ခံကျင့်သုံးလာခြင်းတို့ကို ဆိုလိုပါသည်။

ချဉ်းကပ်မှုနည်းလမ်း အသစ်

အထက်ပါ သင်ယူခြင်းအဆင့်သို့ ရောက်ရှိစေရန်အတွက် သင်ကြားနည်းလမ်းတို့ကို ရှေးဦးစွာ အသေအချာ ဆင်ခြင်သုံးသပ်သင့်သည်။ မြန်မာစာသင်ကျောင်းများတွင် အများဆုံး အသုံးပြုနေသည့် ဟောပြောပို့ချနည်းနှင့် ပုံပြင်ဇာတ်လမ်းများ ပြောပြခြင်း နည်းလမ်းတို့ဖြင့် နောက်ဆုံးပိတ်တွင် “ဒီပုံပြင်ထဲက စာရိတ္တနဲ့ပတ်သက်လို့ ဘာသင်ခန်းစာတွေ ရရှိသလဲ” မေးခွန်းမျှနှင့် ထိရောက်မှု မရှိနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျောင်းသားများကိုယ်တိုင် တက်ကြွစွာ ပါဝင်လုပ်ဆောင်မှု မရှိသည့်အတွက်ပင် ဖြစ်သည်။

ကိုယ်တိုင် သိမြင်ခံစားရမှုမရှိခြင်းနှင့် နေ့စဉ်ဘဝတွင် လက်တွေ့လိုက်နာကျင့်ကြံခြင်း မရှိသော စံတန်ဖိုးများသည် ကျင့်ဝတ်နီတိနှင့် စာရိတ္တကို ပုံဖော်နိုင်ရန် များစွာ အခက်အခဲရှိပါမည်။ ထို့အတူ လေ့ကျင့်ပျိုးထောင်ပေးမှု မရှိဘဲနှင့် ကလေးများသည် သူ့အလိုအလျောက် ဒီမိုကရေစီ နိုင်ငံသားများ ဖြစ်လာရန် ခဲယဉ်းပါမည်။

သင်ကြားရန်နည်းလမ်းများ

ထိရောက်အောင်မြင်နိုင်ရန်အတွက် သင်ကြားနည်းလမ်းမျိုးစုံ ရှိနေပါသည်။ ရိုးစင်းလွယ်ကူသော သင်နည်းများလည်း ဖြစ်ကြသည်။ အခြားသော ဘာသာရပ်များကို သင်ကြားရာတွင်လည်း အသုံးပြုနိုင်ပါသည်။ ဤနေရာတွင် မိတ်ဆက်ပေးမည့် သင်နည်းအထွေထွေ၏ အရေးကြီးသည့် ဂုဏ်အင်္ဂါတရပ်မှာ ကျောင်းသူကျောင်းများအနေဖြင့် ကိုယ်တိုင် လက်ခံလိုက်နာကျင့်သုံးနေသည့် ခံယူချက်နှင့် စံတန်ဖိုးစနစ်တို့ကို တက်တက်ကြွကြွနှင့် အသေအချာ ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းပင် ဖြစ်သည်။ စံတန်ဖိုးအသစ်နှင့် အကျင့်အကြံ အသစ်တို့ကို လက်ခံကျင့်သုံးခြင်း မပြုသေးမီ လေ့လာမှု ဖြစ်သည်။

ထို့အပြင် ဤသင်နည်းများတွင် ကျောင်းသားများအနေဖြင့် အဘယ်ကြောင့် ဤသို့၊ ထိုသို့ ထင်မြင်ကြသည်၊ စဉ်းစားတွေးတောကြသည်၊ ရှင်းလင်းဆွေးနွေးရန်ကို ဆရာဆရာမများမှ ထပ်ဆင့်မေးမြန်းရပါမည်။ စာသင်ကြားခြင်း၏ ထိရောက်အောင်မြင်မှုများ အမြင့်မားဆုံးရရှိစေရန် ကျောင်းသူကျောင်းသားတိုင်းအား သူတို့၏ ယုံကြည်ချက်များနှင့် အတွေးအမြင် သဘောထားတို့ကို တင်ပြခွင့်ပေးသင့်သည်။ အပြန်အလှန် တင်ပြဆွေးနွေးရာတွင်လည်း အားလုံးမှ ဂရုတစိုက် နားထောင်ပေးရန် လိုအပ်ပါသည်။

ဆန္ဒမဲပေးခြင်း

ဆရာက ရွေးချယ်ထားသော “အကြောင်းအရာ”၊ “ခေါင်းစဉ်”၊ “အဆိုပြုချက်” တခုခုအပေါ်တွင် သဘောတူသည်၊ သဘောမတူပါ၊ ဟူ၍ ကျောင်းသားများမှ ဆန္ဒမဲပေးခြင်းဖြင့် စတင်နိုင်သည်။

•ဥပမာအားဖြင့်-
“မိသားစုတိုင်းဟာ ကလေး ၂ ဦးသာ ယူသင့်တယ်ဆိုတဲ့ အချက်အပေါ်မှာ မင်းတို့ ဘယ်လိုထင်မြင်ကြသလဲ”၊
“ကိုယ်ပိုင်ကားတွေ ဝယ်ယူတာကို အစိုးရအနေနဲ့ ကန့်သတ်မှုလုပ်ပြီး အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးအတွက် ပိုမို လုပ်ဆောင်သင့်တယ်”၊
“ဒီနေ့ ကျောင်းတက်ဖို့အတွက် ဘယ်လို ဝတ်စုံဝတ်သင့်တယ်ဆိုတာ ကျောင်းသူကျောင်းသားများ ကိုယ်တိုင် ရွေးချယ်ဝတ်ဆင်ခွင့် ရှိသင့်ပါတယ်။”
“နစ်နာဆုံးရှုံးနေတဲ့ ကျောင်းသူကျောင်းသား အခွင့်အရေးတွေ ရရှိဖို့အတွက် တောင်းဆိုရာမှာ ကျောင်းသားတိုင်း ပါဝင်ရမှာ ဖြစ်တယ်။”
ကျောင်းသူကျောင်းသားများအနေဖြင့် မည်သို့ပင် အဖြေပေးစေကာမူ ဆရာဆရာမများမှ နောက်ဆက်တွဲ အနေဖြင့် “ဘာဖြစ်လို့ အဲဒီလို ထင်မြင်ယူဆရတာလဲ” ဟူသော မေးခွန်းကို မေးမြန်းရန် အလွန်အရေးကြီးပါသည်။

အဆင့်သတ်မှတ်ခြင်း

ဖြစ်နိုင်ချေ ၃ ခု (သို့မဟုတ် ထို့ထက်ပို၍) ရွေးချယ်ထားရှိပြီးလျှင် ကျောင်းသားများက အရေးကြီးဆုံးကို (သို့မဟုတ်) သူတို့နှစ်သက်သလို အထက်အောက် ပြန်စီစဉ်ခြင်း ဖြစ်သည်။

• ဥပမာအားဖြင့် -
“အင်မတန်ဒုက္ခရောက်ပြီး အရေးကြီးတဲ့အချိန်မှာ တွေ့ဆုံစကားပြောဖို့ လူတဦးတည်းကိုသာ ရွေးချယ်ခွင့်ရှိခဲ့ရင် ဘယ်သူ့ကို ရွေးမလဲ။ (အဖေ၊ အမေ၊ ဆရာဆရာမ၊ သူငယ်ချင်းတဦးဦး)။” ကျောင်းသားများကိုယ်တိုင် ကြိုက်နှစ်သက်သလို ရွေးချယ်ခွင့် ပေးရာတွင် အဆင့်သတ်မှတ်ထားခြင်း ဖြစ်သည်။ (၁) အနှစ်သက်ဆုံး - မှစပြီး - (၄) နောက်ဆုံး ရွေးချယ်မှု - အနေဖြင့် အဆင့်သတ်မှတ် ရွေးချယ်ခြင်းကို ဆိုလိုပါသည်။ ကျောင်းသားများ၏ အဖြေတို့ကိုလည်း ထင်ဆင့် ရှင်းလင်းဆွေးနွေးပေးရန် ဆရာက ယခင်အတိုင်း မေးမြန်းခြင်း ပြုရပါဦးမည်။

စံတန်ဖိုးပြ မျဉ်းရှည်

မတူသော ရွေးချယ်စရာများ (သို့မဟုတ်) ဆန့်ကျင်ဘက် အမြင်သဘောထားများ ၂ ခုကို မျဉ်းတန်း၏ အစွန်း ၂ ဖက်ပေါ်တွင် တင်ဆက်ခြင်း နည်းလမ်းဖြစ်သည်။ ရွေးချယ်စရာများမှ သူတို့ရပ်တည်မှု နေရာကို ရွေးချယ်ကြခြင်း ဖြစ်သည်။ ကျောင်းသားများ၏ ကိုယ်ပိုင် ခံယူချက်၊ အမြင်သဘောထားများနှင့် အနီးစပ်ဆုံး ရွေးချယ်မှု ပင်ဖြစ်သည်။ အစွန်ဆုံး (၂) နေရာအပါအဝင် ကြားတွင်ရှိသော နေရာများအားလုံးကို ဆိုလိုသည်။

တတန်းလုံး လှုပ်လှုပ်ရှားရှား၊ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ရသည့် ကာယလှုပ်ရှားမှုများလည်း ပါဝင်သည်။ အတန်းရှေ့တွင်ဖြစ်စေ၊ (သင်ပုန်းပေါ်တွင်ဖြစ်စေ) မျဉ်းရှည်တကြောင်း ရေးဆွဲထားပြီးလျှင် ကျောင်းသားများက သူတို့ရပ်တည်ချက်နေရာတွင် လာရောက်၍ မတ်တပ်ရပ်နေရာယူကြခြင်း ဖြစ်သည်။ မတူညီသော ရပ်တည်ချက်များနှင့် အမြင်သဘောထားများဖြင့် ပျော်စရာလည်းကောင်းသော သင်ကြားနည်းလမ်းတခု ဖြစ်၏။

ဥပမာအားဖြင့် - “မိဘအုပ်ထိန်းမှုမှာ ဘယ်လိုပုံစံက အကောင်းဆုံးလဲ” (ဆရာမှနေ၍ မျဉ်းရှည်၏ အစွန်းတဖက်တွင် “ဒီမိုကရေစီနည်းကျ အုပ်ထိန်းမှု” ဟု ရေးသားပြီး၊ အခြားအစွန်းတဖက်တွင်မူ “ချုပ်ချယ်ကန့်သတ်မှုများဖြင့် အုပ်ထိန်းမှု” ဟူ၍ ရေးသားထားသည်။ ဆရာမှနေ၍ အစွန်း ၂ ဖက် ရပ်တည်မှုနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆို ရှင်းလင်းပေးနိုင်သည်။ ကျောင်းသားများမှ အစွန်း (၂) ဖက် အပါအဝင် မျဉ်းတန်းတလျောက် နေရာအနှံ့တွင် သူတို့ ရပ်တည်ချက်အရ ရွေးချယ်ရပ်တည်ကြပြီးလျှင် မိမိဘာကြောင့် ရွေးချယ်ရပ်တည်ရသည်ကို ရှင်းလင်းဆွေးနွေးကြရခြင်း ဖြစ်သည်။

မြန်မာပြည်တွင်း သင်ရိုးရှိ ပြည်သူ့နီတိနှင့် စာရိတ္တ ဘာသာရပ်ပါ သင်ခန်းစာ အကြောင်းအရာများနှင့် မလုံလောက်သေးပါ။ ဒီမိုကရေစီ နိုင်ငံသား ပညာရေးကို သင်ရိုးညွှန်းတမ်းများတွင် ရှောင်ရှားခဲ့ကြသည်။ ထည့်သွင်းရန် တွန့်ဆုတ်နေဆဲပင် ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်း၏ မျှော်မှန်းချက်များနှင့် အခြားခြားသော စံတန်ဖိုးများကိုလည်း ထည့်သွင်းသင်ကြားပေးသင့်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားစေရန်အတွက် အတန်းတိုင်း၊ အဆင့်တိုင်းတွင် သင်ရိုးကို ပြဋ္ဌာန်းရေးဆွဲခြင်း၊ နောက်ခံလွှာသင်ရိုး hidden curriculum အနေဖြင့် လက်ခံကျင့်သုံးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။             

သိန်းနိုင်  
ရင်းမြစ်။ ။http://burmese.mizzimamedia.com/index.php?option=com_content&view=article&id=4985:2010-03-23-07-11-14&catid=3&Itemid=4

လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေ လျှောက်ထားသူ ပြုလုပ်ပြီး အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နစ်နာမှုတွေအတွက် လျှောက်ထားချက် ၂ ခုကို တင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ကတိအတိုင်း အကောင်အထည် ဖော်မပေးခဲ့တဲ့ ကိစ္စနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ၂ ကြိမ် ကျခံစေတဲ့ ကိစ္စအပေါ် တားဝရမ်း ထုတ်ပေးဖို့ အခုလို လျှောက်ထားခဲ့တာ ဖြစ်တယ်လို့ NLD ဗဟို ဥပဒေ အထောက်အကူပြုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးကြည်ဝင်းက ဗွီအိုအေကို ပြောကြားပါတယ်။ အကြောင်းစုံကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။
ပထမအချက်ကတော့ ၁၉၉၀ ပြည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် ဖော်ပေးဖို့ တောင်းဆိုတဲ့ကိစ္စလို့ ဆိုရမှာပါ။ ၁၉၉၀ ပြည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃ အရ ရွေးကောက်ခံရသော ပုဂ္ဂိုလ်များဖြင့် ပြည်သူ့လွှတ်တော်ကို ခေါ်ယူပေးရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါဟာ ဥပဒေစကားအရ Imperative မလုပ်မနေရ၊ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ သဘောပါ။
တခါ ဗိုလ်ချုပ်မှူးကြီး စောမောင်က ၁/၉၀ ထုတ်ပြန်ပြီး အဲဒီဥပဒေ ပြဋ္ဌာန်းချက်နဲ့အညီ န၀တက လွှတ်တော် ခေါ်ယူပေးမယ်လို့ ဆိုခဲ့ပြန်ပါတယ်။ ဒါပေမဲ့ လွှတ်တော် မခေါ်ခဲ့ပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ NLD ဘက်က နစ်နာရတဲ့အတွက် ဥပဒေကြောင်းက လျှောက်ထားတာ ဖြစ်ပါတယ်။ ဒါကို ဥပဒေ အကိုးအကားနဲ့ ရှင်းပြထားတဲ့ ပုဂ္ဂိုလ်ကတော့ NLD ဥပဒေရေးရာ အထောက်အကူပြု အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးကြည်ဝင်း ဖြစ်ပါတယ်။
“အန်ကယ် ဦးအောင်ရွှေက နအဖကို လျှောက်ထားသူ အနေနဲ့ လျှောက်လွှာ application တခု တင်တယ်။ အဲဒီမှာ သီးခြားသက်သာခွင့် ဥပဒေ ပုဒ်မ ၄၅ + ၅၄၊ အဲဒီပုဒ်မ ၂ ခုပေါ် အခြေခံပြီး လျှောက်လွှာ တင်လိုက်တာ။ ၄၅ ပြဋ္ဌာန်းချက်က အာဏာပိုင် တရပ်ရပ် သို့မဟုတ် ၀န်ထမ်း အဖွဲ့အစည်း၊ ၀န်ထမ်းပုဂ္ဂိုလ် တဦးတယောက်က မိမိမှာ တာဝန်ရှိပါလျက် ထိုတာဝန်ကို မလုပ်ဘူး၊ တစုံတယောက် သို့မဟုတ် အဖွဲ့အစည်းတခုခု နစ်နာစေတယ်ဆိုရင် အဲဒီ နစ်နာတဲ့ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကနေ လျှောက်လွှာတင်ပြီးတော့ တရားရုံးက ပုဒ်မ ၄၅ အရ တာဝန်ရှိတဲ့အတိုင်း လုပ်စေဆိုပြီး အမိန့်ချတယ်။”
ဒါက စစ်အစိုးရဘက်က ဥပဒေအရ လုပ်ရမယ့်ကိစ္စကို မလုပ်လို့ NLD ဘက်က လျှောက်ထားတဲ့ကိစ္စပါ။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲ ဥပဒေအရ လွှတ်တော်ခေါ်ပေးဖို့ တောင်းဆိုတဲ့ကိစ္စ ဆိုရင်လည်း ရနိုင်ပါတယ်။
နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုတခုတည်းအတွက် ထောင်ဒဏ် ၃ နှစ် ချမှတ်ထားတဲ့အပြင် အဲဒီပုဒ်မ တခုတည်းအရပဲ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရှိစေရလို့လည်း ပြစ်ဒဏ်ချမှတ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီလို လူတယောက်ကို ပြစ်မှု တခုတည်းအတွက် ပြစ်ဒဏ် ၂ ခါပေးတာဟာ ဥပဒေရဲ့ မူသဘောအရကို ဆန့်ကျင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို ဟန့်တားပေးဖို့ Injunction ဆိုတဲ့ တားဝရမ်း ထုတ်ပေးဖို့ လျှောက်ထားတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှေ့နေကြီး ဦးကြည်ဝင်းက အခုလို ရှင်းပြပါတယ်။
“မကြာသေးခင်က နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ၅၀၀ ရှိတယ်။ ဘာပါလဲဆိုတော့ ထောင်ဒဏ် ကျခံနေရသော ပုဂ္ဂိုလ်ဆိုပြီးတော့ အဲဒီမှာ ပါတယ်။ အယူခံတာတို့၊ ပြင်ဆင်မှု တက်တာတို့၊ တက်ချင်တက်၊ မတက်ချင်နေ အောက်ရုံးက၊ မူလရုံးက ထောင်ချလိုက်ပြီဆိုရင် အဲဒါ ထောင်ကျခံနေရသော ပုဂ္ဂိုလ်ဆိုပြီး အဓိပ္ပာယ် ဖွင့်ဆိုချက်ထဲ ပါတယ်။ တိုက်ရိုက်ပြောရင် အဲဒီ အဓိပ္ပာယ် ဖွင့်ဆိုချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါတဲ့သဘော ဖြစ်နေတယ်။
“အဲတော့ တနည်းအားဖြင့် ပြောရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲဝင်ခွင့် မရှိဘူးဆိုတဲ့ သဘောပေါ့ဗျာ။ ဒီပြဋ္ဌာန်းချက်ကို အခု အန်ကယ် ဦးအောင်ရွှေတို့ စွဲတဲ့ အမှုထဲမှာ တစ်အချက်က ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပုဒ်မ ၂၂ အရ ထောင်ဒဏ် ၃ နှစ်ဆိုပြီး ကျခံလိုက်ရပြီ။ သြဂုတ်လတုန်းက ပြစ်ဒဏ်ချတာ။
“အဲဒီပြစ်ဒဏ်ချတာကို တခါထပ်ပြီးတော့ အခု ရွေးကောက်ပွဲ ၀င်ခွင့်မရှိဘူးဆိုတာ ပါတယ်။ ဘာကြောင့်လဲ၊ ထောင်ဒဏ်ကျခံနေရသူဆိုတဲ့ အဓိပ္ပာယ်ကြောင့်။ ဒီတော့ ပြစ်ဒဏ် ၂ ခါပေးသလို ဖြစ်တယ်။ အဓိပ္ပာယ်ကတော့ နှစ်ထပ်ကွမ်း ပြစ်ဒဏ်ပေးတာမျိုး မဖြစ်ရဘူး၊ ဥပဒေမူဆိုတော့ အခုက မူပါ ထိခိုက်တဲ့သဘော ဖြစ်တယ်။”
ဒါတွေဟာ တကယ်တော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က စစ်အစိုးရကို ဥပဒေကြောင်းအရ စိန်ခေါ်တဲ့ ကိစ္စတွေလို့ ဆိုရပါလိမ့်မယ်။ ဒါပေမဲ့လည်း ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော်ပေးဖို့ ပျက်ကွက်တဲ့ကိစ္စတို့၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှာ ပါဝင်ခွင့်ပြုဖို့ ကိစ္စတို့ ဆိုတာဟာ သာမန် တရားဥပဒေကိစ္စ ဆိုတာထက် ဒါဟာ စစ်အစိုးရရဲ့ ရပ်တည်ချက်ကိုပါ စိန်ခေါ်နေတဲ့ ကိစ္စကြီးလို ဖြစ်နေတယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။
ဒါကြောင့် ဒီလျှောက်ထားချက်တွေကို တရားဥပဒေနဲ့အညီ စစ်အစိုးရဘက်က တုံ့ပြန် ဆောင်ရွက်ပေးလိမ့်မယ်လို့ ယုံယုံကြည်ကြည် မျှော်လင့်နေသူကတော့ သိပ်များများစားစား ရှိလိမ့်မယ် မဟုတ်ပါဘူး။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-03-24-voa1.cfm?rss=topstories

ကလေးအတွက် ခေတ်သစ်အိပ်ရာဝင်ပုံပြင်



ဒီတညလည်း…
ကြယ်တွေမစုံနိုင်ခဲ့ကြသေးဘူး ကလေးရေ...
ကြယ်မလာ လမသာတဲ့ ကောင်းကင်ယံမှာ
ဘယ်လိုနတ်ဆိုးရဲ့ ဗျပ်စောင်းသံမျိုးကမှ
ငါတို့အလင်းနှစ်တွေအတွက်
ငြိမ်းချမ်းရေး စကားသံတွေအဖြစ်
တံတားစစ်စစ်ခင်းနိုင်မယ်မဟုတ်ပါဘူးကွယ် ...

ဟောဒီ ကြယ်တွေမစုံတဲ့ ကမ္ဘာမှာ
အသက်တရာ မနေရခြင်းအတွက်
ဘယ်ပဉ္စလက်ဆရာကိုမှလည်း
လက်ညှိုးညွှန်ပြ အပြစ်ပုံမချလိုပါဘူး ကလေးရယ်...

ခေတ်မှီစွာနဲ့ အသက်တိုခြင်းတရားထဲမှာ
စိတ်၏ချမ်းသာမှုတွေ ရှည်လျားနေခဲ့ရင်ပဲ
ဒီသံသရာကြီးက တင်ဆက်ပြသတဲ့ပွဲကို
ငါတို့ … ကျေနပ်စွာ ကြိုဆိုနေခဲ့မိမှာပေါ့ ကလေးရဲ့ ...

အခုတော့…
အခက်တရာမကတဲ့ အမှုကုဋေပွေခြင်းအတွက်
ကံကြမ္မာကို လက်ညှိုးငေါက်ငေါက်ထိုးပြီး
ပိုးစိုးပက်စက် ရိုးမယ်ဖွဲ့တတ်ခဲ့ရမတဲ့လား!

ကလေးရေ..
ဟောဒီ…တညလောက်ဖြစ်ဖြစ်
မျက်စိနဲ့ကြားနေရတဲ့ သီချင်းသစ်တပုဒ်အတွက်
ပိတ်ထားတဲ့ တံခါးရွက်တွေကို ပွင့်စေချင်ပါရဲ့
နားရွက်နဲ့ဖတ်နေရတဲ့ ကဗျာသစ်တပုဒ်အတွက်
ကြယ်သာ လထွက်တဲ့ကမ္ဘာမှာ
ကလေးကို စိတ်ချလက်ချ အိပ်ပျော်စေချင်ပါရဲ့ကွယ် …

ဒါပေမယ့်လည်းကလေးရေ
လိပ်ပြာမလုံသူတွေရဲ့ ကောင်းကင်မြို့ရိုးမှာ
အတ္တမြူခိုးတွေ ဝေသီဖုံးလွှမ်းနေသေးလို့
ဟောဒီတညအဖို့လည်း
ကြယ်တွေ မစုံနိုင်ကြသေးဘူးကွဲ့ … ။        ။

ဆောင်းယွန်းလ
မတ် ၂၃၊ ၂၀၁၀

NLD မှတ်ပုံတင်ရေး ဒေါ်စု သဘောမတူပေမဲ့ ပါတီဆုံးဖြတ်ချက် လက်ခံမည်



စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတာကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေးကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်မခံနိုင်တဲ့အကြောင်း ကန့်ကွက်လိုက်ပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီမိုကရေစီ နည်းလမ်းတကျ တိုင်ပင် ညှိနှိုင်းပြီး ဆုံးဖြတ်ကြရမှာသာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကြီး ဦးဉာဏ်ဝင်းကို ဒီနေ့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
သူ့အနေနဲ့ကတော့ တရားမျှတမှု မရှိတဲ့ ဥပဒေအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်တာကို ဘယ်တော့မှ လက်မခံနိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
တဆက်တည်းမှာပဲ စစ်အစိုးရ ပြဋ္ဌာန်းလိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေမှာ ပါရှိတဲ့ အချက်တွေဟာ တရားမျှတမှု မရှိတာကြောင့် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ ဗဟိုတရားရုံးချုပ်မှာ တရားစွဲဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဗဟိုတရားရုံးချုပ်က လက်မခံဘဲ ပယ်ချခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဘာကြောင့် လက်မခံဘူးလဲဆိုတဲ့ အကြောင်းပြချက်ကို ဆက်လက် သိရှိရအောင် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲ ဥပဒေပါ အချက်တွေထဲမှာ နစ်နာချက်တွေ ရှိနေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ်ချက်နဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေ လက်မှတ်ရေးထိုးပြီး ဒီဥပဒေကို ထုတ်ပြန်လိုက်တဲ့ အာဏာပိုင်တွေကို တိုက်ရိုက် တရားစွဲဆိုတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တရားရုံးချုပ်ကတော့ အကြောင်းပြချက် မပေးဘဲ လက်မခံခဲ့ဘူးလို့ သူကိုယ်တိုင် သွားရောက် တရားစွဲဆိုဖို့ ကြိုးပမ်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ဗွီအိုအေကို ရှင်းပြပါတယ်။
ဗဟိုတရားရုံးချုပ်လို့ ဆိုပေမဲ့ ဒီလိုတရားစွဲတဲ့ အမှုမျိုးကို လက်ခံနိုင်လောက်တဲ့ အခွင့်အာဏာ မရှိဘူးလို့ ပြောပြီး ပယ်ချလိုက်တဲ့ အကြောင်းကိုတော့ NLD ဥပဒေ အကြံပေးအဖွဲ့ဝင် တဦးက ပြောပြပါတယ်။
ဥပဒေကြောင်း အရရော နိုင်ငံရဲ့ နိုင်ငံရေး သမိုင်းကြောင်းအရပါ မှတ်တမ်းတင်ရမယ့် သင်္ကေတအဖြစ် မှတ်ယူနိုင်မှာ ဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-03-23-voa3.cfm?rss=topstories

အမှန်တရား နားတော့ခါးတယ်

မြန်မာနိုင်ငံတွင် မတရားသော စစ်အစိုးရကို အံတုဖက်ပြိုင်အံ့ဟု ဖွဲ့စည်းခဲ့လေသော အဖွဲ့ချုပ်ကြီးတခုသည် ရှိ၏။ အဆိုပါအဖွဲ့ကြီးသည် ရွေးကောက်ပွဲ ဝင်ရေးမဝင်ရေးကို အဖြေမပေး သေး ချေ။ မပေးနိုင်သေးသည်လော၊ဝေခွဲရခက်နေသည်လော မဆိုနိုင်။ လက်ရှိတိုက်ကွက် မှန်သမျှ သည်လည်း မဲပြာပုဆိုးထဲက မထွက်နိုင်သေး။ အစိုးရမင်းများကို ကြိုင်ဝင်းရီ က အဖေခေါ်ရ လောက်အောင် နိုင်ရင်ပြီးစတမ်း ခါးတောင်းကျိုက်မဖြုတ်တမ်း ရက်စက်မှုအပေါင်း သရဖူ ဆောင်းနေချိန် တွင်၊ယင်း အဖွဲ့ကြီးကား နစ်လု ဆဲဆဲ လှေပျက် ကြီးကို ဖက်တွယ်ထားနေဆဲ။ ခါးချိနားထိုင်း ဇရာပိုင်းလွန်နေသည့် ခေါင်းဆောင်များနှင့်ပင် နယ်ဖက်မှာသုံးနေဆဲ လော်ကယ် ရထားကြီးနှယ် အရွေ့ နှုန်းနှေးနေသည်။ လူထု၏ ဒုက္ခအပေါင်းကို ကယ်တင်မည့် အဖွဲ့ကြီးကား မည်သည်ကို တွေးတောနေပါသနည်း။
(ကိုမင်းဒင် ဆီမှ တချို့တစ်ဝက်)