Tuesday, March 23, 2010

ပုံစံခွက်ထဲမှ အလွဲများ

ဒီနှစ်တော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မေးခွန်းတွေ အလွန်လွယ်တယ်လို့ ပြောကြပါတယ်၊ အစိုးရက ကျောင်း သားတွေ ဆူဆူပူပူ မဖြစ်အောင်လို့တဲ့။ အဲဒီလို အခြေအ နေက အမှတ်စာရင်းထွက်ချိန်မှာ အမှတ်အလွန်မြင့်တဲ့ ပြသ နာဖြစ်လာပါလိမ့်မယ်။


ဒီလိုမြင့်လာရင် သာမန်ကျောင်းသားတွေခင်မျာ ကိုယ်ဝါသ နာပါတဲ့ ဘာသာက အမှတ်မမီ၊ အမှတ်မီတဲ့ဘာသာက ကိုယ် မကြိုက်နဲ့ ဘွဲ့ရရင်ပြီးရောဆိုတဲ့ အခြေအနေနဲ့ လုံးချာလည် နေကြတာ ဓမ္မတာဖြစ်နေတာ ကြာခဲ့ပါပြီ။


ကျမတို့ အဖေတွေခေတ်က ၁ဝ တန်းအောင်ပြီဆိုရင် တက္ကသိုလ်မှာကိုယ်ကြိုက်တဲ့ ဘာသာ ၃ ခုကို စိတ်ကြိုက်ရွေးချယ်ခွင့် ရှိပါတယ်၊ ဆေးကျောင်းတက်ချင်တဲ့ လူက Bio တွဲယူရပါတယ်၊ အင်ဂျင်နီယာ ဖြစ်ချင်ရင် သင်္ချာကိုပါ တွဲရပါတယ်၊ ဝိဇ္ဇာဘွဲ့လိုချင်ရင် ကိုယ်ကြိုက်တဲ့ ဘာသာတွေကို တွဲယူရပါတယ်၊ တချို့လည်း 2nd, အောင်ပြီးမှ တခါ ဘာသာတွဲ ပြောင်းချင်ရင်လည်း ရပါသေးတယ်၊ ကျမ အဖေဆိုရင် ဆေးကျောင်း ၂ နှစ် တက်ပြီးမှ ဝိဇ္ဇာဘက်ပြောင်းပြီး ဒဿနိကနဲ့ ဘွဲ့ယူခဲ့ပါတယ်၊ ပြီးတော့မှ ကျောင်းဆရာ လုပ်ခဲ့ ပါတယ်။

ကျမတို့ ခေတ်ကျတော့ ရွေးခွင့်မရပါဘူး၊ တနေ့ကို ၃ နာရီနဲ့ ၆ ရက် အသည်းအသန်ဖြေခဲ့ရတဲ့ စာမေးပွဲရမှတ်ဟာ ကျမတို့ကို ဘာ လုပ်ပါ၊ ဘာဖြစ်ပါစေဆိုပြီး ရွေးချယ်ထားပါတယ်၊ ဝါသနာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကိုယ်ရတဲ့အမှတ်နဲ့ ထိုက်တန်တဲ့လိုင်းကိုပဲ ယူခွင့်ရှိပါတယ်။

ကျမတို့ ခေတ်ကတော့ ဆေးတက္ကသိုလ်ဆိုတာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အမှတ်အများဆုံး လူ ၅ဝဝ ကိုရွေးထုတ်ထားတာပါ၊ ဘယ် လောက်ပဲ အမှတ်များများ FRC လို့ခေါ်တဲ့ ဧည့်နိုင်ငံသားတွေ တက်ရောက်သင်ကြားနိုင်ခွင့် မရှိပါဘူး၊ One_FRC လို့ခေါ်တဲ့ မိခင် (သို့) ဖခင်က ဧည့်နိုင်ငံသားဖြစ်ရင်လည်း ဆေးတက္ကသိုလ်တက်ခွင့် မရှိပါဘူး။

ဒုတိယ အမှတ်အများဆုံးကတော့ R.I.T (Rangoon Institute Of Te-Chnology) လို့ခေါ်တဲ့ စက်မှုတက္ကသိုလ် ဖြစ်ပါတယ်၊ ဘယ် လိုဖြစ်တယ် မသိပါဘူး R.I.T ဝင်ခွင့်ရဘို့ မိန်းခလေးနဲ့ယောင်္ကျားလေး သတ်မှတ်တဲ့အမှတ် မတူပါဘူး၊ မိန်းခလေးက သိသိသာသာ အမှတ်ပိုများနေတတ်ပါတယ်၊ ဥပမာ ယောကျာင်္းလေးက အမှတ် ၄၂ဝ ရလို့ R.I.T ဝင်ခွင့်ရရင် မိန်းခလေးက အမှတ် ၄၅ဝ လောက်ရ မှ ဝင်ခွင့်ရပါတယ်၊ ဒါကြောင့် G-Hall သူဖြစ်ဘို့ သိပ်မလွယ်ပါဘူး။

တတိယ အမှတ်အများဆုံးကတော့ စီးပွားရေးတက္ကသိုလ်ပေါ့၊ မိန်းခလေးတွေ များလွန်းလို့ မိန်းမလှကျွန်းလို့တောင် အမည်ရတဲ့ တက္က သိုလ်ပါ၊ Institute လို့ခေါ်တဲ့ အဲဒီ လိုင်း ၃ လိုင်းမှ မရရင် ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်မှာ တက်ကြရပါတယ်၊

တချို့လဲ ဝ/သ တက္ကသိုလ်မှာ မတက်တော့ဘဲ G.T.I လို့ခေါ်တဲ့ စက်မှုသိပ္ပံမှာတက်ကြပါတယ်၊ စာပေးစာယူလို့ခေါ်တဲ့ စနစ်တခုနဲ့ ညပိုင်းတက်ရတဲ့ လုပ်သားများကောလိပ် ဆိုတာလဲ ရှိပါတယ်။ တချို့နှစ်တွေမှာ G.T.I ကနေ အမှတ်များတဲ့လူတွေ R.I.T ကို join ခွင့် ရပါတယ်၊ လူအများကြီးတော့ မဟုတ်ပါဘူး၊ အများဆုံး ၃ ဦး လောက်ပါ၊ ဒီအခွင့်အရေးကို နှစ်တိုင်းလဲ ပေးတာမဟုတ်ပါဘူး၊ ဘာ ဘဲဖြစ်ဖြစ် Institute တက်ခွင့်မရတဲ့လူဟာ ရပ်ကွက်ထဲမှာရော၊ မိသားစုအသိုင်းအဝိုင်းမှာပါ မျက်နှာပန်း သိပ်မလှပါဘူး။

ဒီတော့ မိဘတွေက စာမေးပွဲ ရာသီကို ရောက်တာနဲ့ သားသမီးတွေကို ဖိအားပေး ပါတော့တယ်၊ “အမှတ် နည်းသွားရင် ဘာဖြစ်မယ် ဆိုတာသိလား စာသေချာကျက်နော်၊” ဘာညာ ဆိုတာမျိုးကို တတွတ်တွတ် ရွတ်နေကြပါတယ်၊ ကာယကံရှင် ကျောင်းသားတွေ က လည်း အမှတ်များများရချင်ကြပါတယ်၊ ဒီတော့ အမှတ်များများရအောင် ဘာလုပ်ရမလဲ၊ ဘယ်ကျုရှင်တက်ရမလဲ၊ ဘယ်အထူးထုတ် ဝယ်ရမလဲဆိုတာတွေက အရေးတကြီးအကြောင်းအရာတွေ ဖြစ်လာပါတယ်၊

ကျမတို့ ၁ဝ တန်းတုန်းက စာမေးပွဲမှာ ၉ တန်း စာတွေကိုပြန်မေးလေ့ ရှိပါတယ်၊ ၉ တန်းမှာ စာမကြေရင် ၁ဝ တန်းမှာ အမှတ်ကောင်း ဘို့ မလွယ်ပါဘူး၊ ဒီတော့ ၉တန်းတက်ပြီဆိုတာနဲ့ ကျုရှင်ကောင်းကောင်းကို ရှာတက်၊ နွေရာသီမှာလဲ ကျုရှင်ဆက်တက်၊ ၁ဝ တန်း စာ မေးပွဲအတွက် တခါတည်း ကြိုပြင်ဆင်ကြ ရပါတယ်။

အမှန်တကယ်က ၁ဝ တန်းအောင်ပြီးတဲ့နောက် ကျမတို့ သင်ကြားခွင့်ရခဲ့တဲ့ ပညာရပ်တွေကို တကယ်ရော အသုံးချဖြစ်ရဲ့လား၊ တချို့ ကတော့ အသုံးမချကြပါဘူး၊ အဲဒါ ဘာကြောင့်လဲ? ဒီပညာရေးစနစ်ဟာ တကယ်ရော လိုအပ်လို့လား၊ အကျိုးရော ရှိပါရဲ့လား? တချို့ ကတော့ အသုံးချပေမဲ့ သူတို့ရဲ့ ဘဝတွေကို အမှန်တကယ် ကျေနပ်နေကြလား၊ ဝါသနာနဲ့ဘဝ ထပ်တူကျတဲ့လူတွေဆိုတာ အင်မတန် ကံကောင်းတဲ့ လူနည်းစုပဲ ဖြစ်ပါတယ်။

ကျမရဲ့ အဖေဟာ ကျောင်းဆရာဖြစ်တဲ့အတွက် သူရဲ့တပည့်တွေဟာ ကျမတို့ရဲ့ သူငယ်ချင်းတွေပါပဲ၊ သူငယ်ချင်း တချို့အကြောင်း ကို နမူနာအနေနဲ့ ပြောပြချင်ပါတယ်။

ကျမသူငယ်ချင်း နေမျိုးးအောင်ဟာ အပြင်စာကို တော်တော်လေးဖတ်ပါတယ်၊ ကျမတို့ အချစ်ဝတ္တုတွေ ဖတ်နေတဲ့အရွယ်မှာ သူက ဘာသာပြန်ဝတ္တုတွေ ဖတ်နေပါပြီ၊ သူက စိန်ကုန်သည်၊ ရွှေကုန်သည်လို ဝတ္တုမျိုးးကို အထူးနှစ်သက်တတ်ပါတယ်၊ တကယ်လည်း သူ က စီးပွားရေးအမြင် ရှိတဲ့လူပါ။

ဒါပေမဲ့ သူ့အမေက တဦးတည်းသောသားဖြစ်တဲ့ သူ့ကို ဆရာဝန်ပဲ ဖြစ်စေချင်ပါတယ်၊ သူ့အမေက ရည်ရွယ်ချက် ကြီးကြီးနဲ့ ၉ တန်း ထဲက ဆရာမြတ်ထိန်လင်းတို့လို ဆရာကြီးတွေရဲ့ဝိုင်းမှာ သေချာသင်ကြားစေပါတယ်၊ နွေရာသီမှာလဲ အနားမပေးပဲ ဝိုင်းတွေဆက် တက်ခိုင်းပြီး ၁ဝ တန်းဖြေချိန်အထိ ကျူရှင်မျိုးစုံနဲ့ ဆေးကျောင်းတက်ခွင့်ရဘို့ အရမ်းကျိုးးစားခဲ့ပါတယ်။

အောင်စာရင်းထွက်တော့ ဂုဏ်ထူး ၄ ခုနဲ့ ဆေးဝင်ခွင့် ရပါတယ်၊ တကယ်က သူ ဆရာဝန် မလုပ်ချင်ပါဘူး၊ မိဘတွေရဲ့ဆန္ဒကို လိုက် လျောဘို့ သူ ဆေးကျောင်းတက်ခဲ့ပါတယ်။ မိဘတွေကတော့ သားလိမ္မာအတွက် ဂုဏ်တက်ခဲ့ပါတယ်၊ ဆေးကျောင်းမှာလည်း အမှတ် ကောင်းကောင်းရပါတယ်။

ကျောင်းပြီးလို့ ဆေးခန်းဖွင့်တော့ သူ့အမေ မျော်လင့်သလို မအောင်မြင်ပါဘူး။ ရပ်ကွက်အခေါ် ဆေးမလိုက်ဘူး ပြောရမှာပေါ့၊ လူသိပ် မလာပါဘူး၊ ဝါသနာကလဲမပါတော့ ၊ ဇွဲကလဲမရှိဘူးပေါ့၊ ဒီတော့ ၅ လလောက်ဖွင့်ပြီး ဆေးခန်းပိတ်လိုက်ပါတယ်၊ အစိုးရအလုပ် လည်း မလျှောက်တော့ပဲ အိမ်ထောင်ပြုပြီး ကားလေးတစီးဝယ်လိုက်ပါတယ်။ ဝယ်လိုက်တဲ့ ကားကို သေချာပြုပြင် ပြီးပြန်ရောင်း လိုက်တာ မြတ်တယ်တဲ့၊ ဒါနဲ့ နောက်တစင်း ထပ်ဝယ်၊ ပြန်ပြင် ပြန်ရောင်းနဲ့ သူအလုပ်ဖြစ်လာပါတယ်၊ ဒီတော့မှ သူ့အမေနဲ့ ယောက္ခမက သူ့ “ဇ” ကို သိလာပြီး အရင်းအနှီးထပ်ထည့်ပေးလို့ အဆင်ပြေသွားတဲ့ သူဟာ ၊ ဒီနေ့မှာတော့ M.B.B.S ဘွဲ့ရ ကားဝယ် ရောင်းတဦး ဖြစ်နေပါတယ်။

နောက်တဦးက ကျမညီမ ဝမ်းကွဲပါ၊ သူက အထက (၂) ဗဟန်း က “S” ခန်းမှာတောင် အဆင့် ၁ ကနေ ၃ အတွင်း အမြဲ ရှိနေပါတယ်၊ သူက ဆရာဝန် ဖြစ်ချင်တာပါ၊ သူ့ရဲ့ အဖေနဲ့အမေက ဆရာဝန်တွေဆိုတော့ သူ့ရဲ့ငယ်ဘဝမှာ လူနာတွေနဲ့ လက်ပွန်းတတီး နေခဲ့ရ တာပါ။ ဒါပေမဲ့ စာမေးပွဲဖြေတဲ့ရက်မှာ သူနေမကောင်းလို့ အမှတ်စာရင်းထွက်တော့ ဆေးဝင်ခွင့်မီဘို့ ၅ မှတ်ဘဲ လိုပါတယ်၊ ဆရာဝန် ဖြစ်ခွင့်မရတော့ ဖွင့်တာသိပ် မကြာသေးတဲ့ ကွန်ပြူတာတက္ကသိုလ်ကို တက်ပါတယ်၊ အဲဒီမှာလဲ သူစာတော်ပါတယ်၊ ဗိုလ်ချုပ် ခင်ညွန့် သမီးပြီး သူပါဘဲ၊ Master တောင် တက်လိုက်ပါသေးတယ်၊ ဒါပေမဲ့ ကျောင်းပြီးတဲ့အချိန်မှာ ကွန်ပြူတာကို ဂိမ်းကစားဘို့ပဲ ကိုင်တာ တွေ့ရပါတယ်၊ သူအဖေရဲ့ ဆေးခန်းမှာတော့ အကူအညီ တော်တော်ပေးနှိုင်ပါတယ်၊ ကျမက သူ့ကို ဘာလို့ ကွန်ပြူတာနဲ့ပတ်သက် တာ မလုပ်တာလဲမေးတော့ သူက “မြန်မာပြည်မှာ ကွန်ပြူတာနဲ့ပတ်သပ်ရင် အရောင်းပြခန်းက အကိုက်ဆုံးပဲ ဒါပေမဲ့ နန္ဒာအေး (ဗိုလ်ချုပ်ကြီး မောင်အေး) ရဲ့ သမီးကို မကျော်နှိုင်လို့၊ သူက အခွန်အတုပ်တွေလွတ်တော့ ဈေးချင်း ယှဉ်လို့မရဘူး၊ အရင်းအနှီးလည်း သူ့လောက်မရှိဘူး။ ဒါကြောင့် ဘာမှမလုပ်တော့ဘူး ”တဲ့။

တချို့မိဘတွေကလည်း သားသမီးကောင်းစားတာပဲမြင်ချင်လို့ ဝါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သူတို့ရွေးချယ်စေချင်တဲ့ အ တိုင်းဖြစ်အောင် ဖိအားပေးကြပါတယ်၊ တကယ်ကတော့ ပညာရေးဈေးကွက်လိုက်ရှာ ကြတာပါ။

အခုနောက်ပိုင်း ခေတ်စားလာတာက ရေကြောင်းတက္ကသိုလ်နဲ့ ရေကြောင်းသိပ္ပံပါ၊ ဒေါ်လာစားတွေဆိုတော့ ဝင်ငွေကောင်းကြတာ ပေါ့။ ကျမ စာသင်ပေးခဲ့တဲ့ ကျမသူငယ်ချင်းရဲ့သားက တက္ကသိုလ်ဝင်တန်းအောင်တော့ အမှတ်ပေါင်း ၃၇ဝ ကျော်ပါတယ်၊ ရေ ကြောင်းတက္ကသိုလ်ကို မမီပေမဲ့ ရေကြောင်းသိပ္ပံကိုတော့ မီပါတယ်၊ ဒါကြောင့် အမေက ရေကြောင်းသိပ္ပံ တက်ခိုင်းပါတယ်၊ ကလေး က “E” မေဂျာယူချင်ပါတယ်၊ ဒီတော့ သားအမိတွေ ငြင်းကြခုံကြနဲ့ စကားများကြပါတယ်၊ အမေကလည်းသားကို သင်္ဘောသားဖြစ်မှ နောင်အရှည် ကောင်းမယ်လို့ မြင်ပါတယ်၊ အခု ကလေးက လက်မခံချင်ပေမဲ့ နောက် ၁ဝ နှစ်လောက်ကြာရင် ကျေးဇူးတင်လိမ့်မယ် လို့ ထင်နေပါတယ်၊ ကလေးက ဝါသနာမပါတဲ့ သင်္ဘောသား မလုပ်ချင်ဘူး၊ ဘယ်လိုမှ ညှိလို့မရပါဘူး၊ ကလေးအဖေကလဲ “မင်း ငါတို့ လို လစာလေးမဖြစ်စလောက်နဲ့ ဒုက္ခ ရောက်ချင်လို့လား၊ မင်းလစာကို ဒေါ်လာနဲ့ရမှ လူယောင်သူယောင်ပြောင်တော့ မပေါ့” တဲ့ ကျမ လည်း သူတို့ လင်မယားရဲ့ ခံစားချက်ကို နားလည်ပါတယ်၊ ဒါကြောင့် ၂ ဘက် စလုံးကို ကိုယ်ချင်းစာမိပါတယ်။

ကျမရဲ့ အဖေဟာ သူ ဝါသနာပါတဲ့ ကျောင်းဆရာအလုပ်ကို မညည်းမညူ လုပ်လေ့ရှိပါတယ်၊ ဘယ်လောက်တောင်လဲဆိုရင် ထမင်း မေ့ ဟင်းမေ့ပါ၊ ကျောင်းသားတွေ ထူးချွန်သွားရင် သူရတဲ့ ပီတိဟာ ကျမတို့ မိသားစုကို ကူးစက်လေ့ရှိပါတယ်၊ သူ တကယ်ဝါသနာပါ တဲ့ အလုပ်ကိုး။

ကျမရဲ့ ဦးလေး ဆရာဝန်ဟာ အတော်စေတနာကောင်းပါတယ်၊ လူနာတဦးကိုကြည့်ရင် အသေချာကိုလေ့လာပါတယ်၊ သေချာမေး မြန်းပြီးမှ ဆေးကုပါတယ်၊ ဆေးဘိုးလဲ အများကြီးမယူပါဘူး၊ ဘယ်တော့မှလည်း သဋ္ဌေးမဖြစ်ပါဘူး သဋ္ဌေးဖြစ်နေတဲ့ ဆရာဝန်တွေကို လဲ သူ အားမကျပါဘူး၊ သူလက်ခံတဲ့ ဘဝအဓိပ္ပါယ်က လောကကြီး တခုလုံးကို အကျိုးမပြုနိုင်ရင်တောင်မှ တစိတ်တပိုင်း ထောက် ပံနိုင်ရင် လူ့ဘဝ လာရကျိုးနပ်တယ်တဲ့၊ လူတယောက်ရဲ့အသက်ကို ကယ်လိုက်ရတဲ့ ပီတိက ဘာနဲ့မှ မတူဘူးတဲ့။

သူတို့ ဘာကြောင့် ဒီလို ခံယူနိုင်တာလဲ၊ ဒီလို ခံယူနိုင်ဘို့ အရေးအကြီးဆုံးအချက်က ဝါသနာကို အရင်းခံဘို့ လိုပါတယ်၊ ဝါသနာ မပါဘဲ လုပ်ရတဲ့အလုပ်ဟာ ငြီးငွေ့လွယ်ပါတယ်၊ ပညာတခုကို ငွေရှာဘို့အတွက်ပဲ သင်ကြားတယ်ဆိုရင် အဲဒီလူရဲ့ ရည်ရွယ်ချက်ဟာ လွဲ နေပြီလို့ ထင်ပါတယ်၊ အခြေခံကျတဲ့ ပညာရေးစနစ်ရဲ့ လွဲမှားမှုများကတော့ ကျမတို့ တိုင်းပြည်ရဲ့အဓိကမဏ္ဍိုင် ယိုယွင်းပျက်စီးမှုပဲ မဟုတ်ပါလား။

ခင်ငြိမ်းသစ်
ရင်းမြစ်။ ။နေ့သစ်

အမေရိကန် သူတောင်းစား


မောင်စွမ်းရည်
မတ် ၂၃၊ ၂၀၁၀

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး
သုံးမကုန် လှူမခန်း
ပေးကမ်းစွန့်ကြဲ လူမွဲပေါင်းစုံ
ခိုလှုံအားထား သန်းကြွယ်များရဲ့နိုင်ငံ
အမေရိကန်မှာ
ပေးပါကမ်းပါ ယာစကာမျိုး
ရိုကျိုးခွက်ခံ အမေရိကန်သူတောင်းစား
ရှိမလားလို့ ဒို့များစိတ်မှာ
နိမိတ်မထင် မမြင်မိ။

အလို ဘုရား …
တနေ့သော်ကား
လူစည်ကားတဲ့ ဈေးနားလေးမှာ
လမ်းဘေး စင်္ကြန်
အမေရိကန် သူတောင်းစား
ဘွားကနဲ့ဆုံ ကြုံရပလေ
လူတွေ တွေ့ကရာ
ပေးပါ ကမ်းပါ တောင်းနေပါကလား
တောင်းစားတဲ့သူ ဖြူမှဖြူတဲ့
လူဖြူစစ်စစ် နီအစ်အစ်။

ငါကိုယ်တိုင်မှာ မချမ်းသာလဲ
ဗုဒ္ဓဘာသာ ဗမာမဟုတ်လား
နှစ်ပြားရှိရင် တပြားလှုချင်
လက်ကပြင်မိ ခြေလှမ်းမိ။

အလို..သူတောင်းစားတဲ့
ထွားကျိုင်းသန်မာ အင်္ဂါစုံပေ့
မတုန်မချည့် ခွန်အားပြည့်လျှက်
ခွက်လက်မစွဲ စီးကရက်ခဲလို့
ဝဲလက်ထဲမှာ ဗန်ဒါစေ့ထုပ်
ယာလက်ထဲမှာ ဘီယာသံဗူး
ဒူးကနန့်နန့် ခေါင်းနန့်နန့်

ဒါနဲ့ …
သဒ္ဓါလဲဆုတ်၊ လက်လဲရုပ်မိ
ဗုဒ္ဓဘာသာ၊ ငါ့ခမျာ
စေတနာသုံးတန်၊ တခုမကျန်
သုံးတန်လုံးပိတ်
ဒေါမနဿ စေတသိက်။        ။

ရင်းမြစ်။ ။မိုးမခ

“ ဗျူဟာမှန်ဖို့ အရေးကြီးပါသည်”-


 
            ရွေးကောက်ပွဲဝင်မယ်၊ ဝင်မှဖြစ်မယ်၊ ဒါကြောင့်ဝင်ကိုဝင်မယ်။ စစ်အစိုးရသည် မတရား၊ ဟိုးတုံးက ဗိုလ်နေဝင်း စစ်အစိုးရသည်လည်း မတရား၊ အခုဗိုလ်သန်းရွှေစစ်အစိုးရသည်လည်း မတရား၊ ဒါကိုနိုင်ငံရေးသမားတွေသာမက ပြည်သူရော ကမ္ဘာကပါသိပါတယ်။ သိသာသိတယ် ဘာများ ထိထိရောက်ရောက်လုပ်နှိုင်ခဲ့ကြလို့တုံး။ ဟိုတုံးကလည်း မလုပ်နှိုင်ခဲ့ကြဘူး အခုလည်း မလုပ်နှိုင်ကြသေးဘူး၊ အနှစ်ခြောက်ဆယ်ကျော်တော်လှန်ခဲ့ကြ၊ တိုက်ပွဲဝင်ခဲ့ကြ၊ ဆန့်ကျင်ခဲ့ကြ တာတွေ ဂုဏ်ယူစရာပါ၊ ချီးကျူးစရာပါ၊ လေးစားစရာပါ။ ဒါက တကဏ္ဍ မအောင်မြင်တာက တကဏ္ဍပါ။ ပြည်သူတွေ မလွတ်မြောက် သေးဘူး၊ နစ်သထက်နစ်လာတာကတော့ အမှန်ပဲ၊ ဒီအခြေအနေအပေါ်မှာ အခုပေးနေတဲ့ အခြေအနေအရ ရွေးကောက်ပွဲဝင်တဲ့ နည်းနဲ့ မတရားတဲ့ အစိုးရကို တရားတဲ့အစိုးရဖြစ်အောင် လုပ်ယူမယ်ဆိုပြီး ရွေးကောက်ပွဲကို ဝင်ကြအုံးမယ်။

            နဂိုလ်စစ်အစိုးရဆိုတာလည်း မတရားဘူး၊ သူရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက လည်း မတရားဘူး၊ အခု ထုတ်ပြန်တဲ့ရွေးကောက်ပွဲဥပဒေကလည်းမတရားဘူး၊ ဒါလည်း လူတိုင်း သိပါတယ်၊ သိပေမယ့် ၂၀၁၀ရွေးကောက်ပွဲကိုဝင်မယ်၊ ဝင်ပြီးအနိုင်ရရင်သော်၎င်း၊ အမတ်နေရာ အချို့ရရင်သော်၎င်း၊ မတရားတဲ့ဖွဲ့စည်းပုံကိုပြင်ယူမယ်၊ ဒီနည်းနဲ့ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံ ဖြစ်အောင်၊ တိုးတက်လာအောင်လုပ်ကြမယ်။ တခြားနည်းတွေရှိရင်ရှိမယ် ဒါပေမယ့် ဒီနည်း အကောင်းဆုံးလို့ ယူဆလို့ ရွေးကောက်ပွဲဝင်ကြမယ်ပေါ့၊ ဒီလိုနားလည်မိပါတယ်။


            ကောင်းပါတယ်၊ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်ဝင်ချင်ဝင်နှိုင်ပါတယ်၊ ကိုယ်ကျိုးမဖက် စေတနာသက်သက်နဲ့ လုပ်တဲ့ အလုပ်တိုင်းသည် မှားလျှင်လည်း စေတနာအမှားဟုဆိုနှိုင်ပါတယ်၊ သို့သော်မှားလျှင်တော့ ခံရတာက လူထုပါပဲ။ အတွင်း ကိုဝင်ပြီးတိုက်မယ်၊ ဒီဗျူဟာသည် အလွန်သိမ်မွေ့နက်နဲတဲ့ဗျူဟာတခုပါ။ မြန်မာပြည်မှာ ဒီလိုဗျူဟာမျိုးနဲ့ပါတ်သက်ပြီး အတွေ့အကြုံ နည်းလှပါတယ်ဟု ထင်ပါသည်။ သို့သော်ရွေးကောက်ပွဲဝင်ကြမည့် ပုဂ္ဂိုလ်များသည်လည်း အဘက်ဘက်မှ အပြန်ပြန်အလှန်လှန်စဉ်းစားကြပြီးဖြစ်ပါလိမ့်မည်။ စစ်အစိုးရကို အတွင်းမှ ဝင်ပြီးပြုပြင်ဖို့ကြိုးစားရာတွင် သူ့ကိုမပြုပြင်နှိုင်ဘဲ ကိုယ့်ကိုသူက ပြုပြင်ပြီးအသုံးချသွားမလား ဆိုတာကိုလည်း ကြိုတင်တွက်ဆပြီး ဖြစ်ကြပါလိမ့်မည်။ ဘာမှမလုပ်တာနဲ့စာရင် လုပ်နှိုင်တာ တခုခုကိုလုပ်တယ်ဆိုတဲ့ အတွေးအခေါ်လောက်နဲ့တော့ ရွေးကောက်ပွဲဝင်ကြမည်မဟုတ်ပါ၊ ဆိုလိုတာက ရေတိုရေရှည်နည်းဗျူဟာ၊ နည်းပရိယာယ်နဲ့  မဟာဗျူဟာတို့ အခိုင်အမာရှိထား ကြရမည်လည်း ဖြစ်ပါသည်။
            ဝါရင့် နိုင်ငံရေးသမားကြီး ဦးသုဝေကတော့ လက်ရှိအခြေအနေမှာစစ်အစိုးရက ဆုတ်ပေး နေသော ခြေလှမ်းအတိုင်း လိုက်နင်းပြီးရွေးကောက်ပွဲဝင်ခြင်းနည်းဖြင့်သာ ဒီမိုကရေစီကို ဖေါ်ဆောင်နှိုင်မည်ဟု ယူဆယုံကြည်ပုံရပါသည်။ ယုံကြည်နှိုင်ပါသည်၊ ယုံကြည်ချက်ခိုင်မာဖို့လည်း လိုပါသည်၊ ယုံကြည်ချက်ဆိုသည်မှာလည်း မှန်ကန်စွာ သုံးသပ်တွေးခေါ် ဆင်ခြင်နှိုင်ပြီး ဖြစ်တန်ရာချေရှိသည့်အခြေခံ ရှိရမည်ဖြစ်ပါသည်။ ဤသို့မဟုတ်ဘဲ မလုပ်ဘဲနေတာထက် လုပ်တာက ကောင်းတယ်ဆိုတာမျိုး၊ အခြားနည်းမရှိတော့လို့ မလုပ်မဖြစ်လိုက်လုပ်ရတာမျိုး ကိုတော့ ယုံကြည်ချက်ဖြင့်ရောပြီး မချသင့်ပါ။ မည်သို့ဆိုစေ ရွေးကောက်ပွဲဝင်မည့် ပါတီများ အနေနှင့် ခိုင်မာသည့် ယုံကြည်ချက်နှင့် မဟာဗျူဟာ နည်းဗျူဟာ၊ ရေတိုရေရှည် မျှော်မှန်းချက်နှင့် လုပ်ငန်းစဉ်တို့ရှိနေကြမည်ဟု ထင်ပါသည်၊ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီတိုက်ပွဲက အခုမှစကြရမည်မဟုတ်ပါလား။
            ရွေးကောက်ပွဲကိုမဝင်ဘူး၊ ဝင်ကိုမဝင်ဘူး၊ မတရားတဲ့ အစိုးရက မတရားတဲ့ ဖွဲ့စည်းပုံဥပဒေ နဲ့ မတရားတဲ့ ရွေးကောက် ပွဲဥပဒေအရ ပြုလုပ်မည့် ရွေးကောက်ပွဲသည် မည်သည့်အခါမျှ မြန်မာ့ ဒီမိုကရေစီအရေးအတွက် ကောင်းကျိုးမဖြစ်နှိုင်ပါ၊ ဆိုးကျိုးသာဖြစ်ပါလိမ့်မည်၊ ဒါကြောင့် ရွေးကောက်ပွဲကိုဆန့်ကျင်ကြရမည်။ သပိတ်မှောက်ကြရမည်၊ ဒါက ရွေးကောက်ပွဲမဝင်ရေး အုပ်စုတွေရဲ့ အသံတွေပါ။

            ရွေးကောက်ပွဲကို ဝင်လိုက်လျှင်စစ်အာဏာရှင်စနစ်ဆိုးက သက်ဆိုးရှည်သွားနှိုင်သည်၊ ဒီမိုကရေစီရေးနဲ့လည်း ဝေးသွား နှိုင်သည်၊ ဒါကြောင့် ရွေးကောက်ပွဲကို မဝင်ဘဲ ဆန့်ကျင်ကြရမည် ဖြစ်သည်ဟု အလွန်ကျယ်လောင်ပြင်းပြစွာ အော်ဟစ်တင်ပြသံတွေလည်း ဆူညံနေပြီဖြစ်သည်။ ထိုပုဂ္ဂိုလ်တို့သည်လည်း နိုင်ငံရေး ဝါရင့်ဝါနုစုံလှပါသည်၊ စစ်အာဏာ ရှင်စံနစ်ဆိုးမှ လွတ်မြောက် ရေးအတွက် မ.ဆ.လ ခေတ်မှတိုက်ပွဲဝင်ခဲ့ကြသူများ ပါဝင်ကြသလို ရှစ်ဆယ့်ရှစ်အရေးတော်ပုံ နောက်ပိုင်းမှ ပါဝင်ခဲ့ကြသူတွေနှင့် စုံလင်လှပါသည်၊ ထိုသူတို့၏ စွန့်စားတိုက်ပွဲဝင်ခဲ့ကြသည့် စိတ်ဓါတ်များသည်လည်း ချီးကျူးလေးစားထိုက်လှပါသည်။

            အခုသူတို့က ရွေးကောက်ပွဲကို ဆန့်ကျင်မှသာလျှင်ဒီမိုကရေစီနှင့်နီးမည်။ စစ်အစိုးရက ပြုလုပ်မည့်ရွေးကောက်ပွဲသည် ဒီမိုကရေစီ  ချုပ်ငြိမ်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး စစ်အဏာရှင်စံနစ်ကို တရားဝင်ဖြစ်အောင်လုပ်ကြံဖန်တီးပြီး နိုင်တကာကိုမျက်လှည့်ပြရန် အကွက် တခုပင်ဖြစ်သည်ဟု ရွေး/ ဆန့် ဘက်က ခံယူထားကြပါသည်၊ ရွေး/ဆန့် ဘက်က ခေါင်းဆောင်တဦးဖြစ်သည့် NCUB ဦးမောင်မောင်ကလည်း ၂၀၀၈ဖွဲ့စည်းပုံသည် ဒီမိုကရေစီကို လုံးဝမဖေါ်ဆောင်နှိုင်ပါ၊ ဒါကြောင့် ၂၀၁၀ရွေးကောက်ပွဲနှင့် ဒီမိုကရေစီကို သွားနှိုင်သည်ဟု မယုံကြည်ကြောင်းပြောခဲ့ပါသည်၊ သူတို့ ယုံကြည်သည့် ယုံကြည်ချက် ( Trust ) အတိုင်းသာ ဒီမိုကရေစီရရှိရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြောခဲ့ပါသည်။
            ကောင်းပါသည် မိမိတို့ ယုံကြည်ချက်အတိုင်း ဆက်လျှောက်ခြင်းသည်သဘာဝကျပါသည်။ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး မည်သည့်နည်းဗျူဟာ၊ မဟာဗျူဟာများဖြင့် ဆက်လက်တိုက်ပွဲ ဝင်ကြမည်နည်း၊ ယေဘူယျဆန်ဆန် သီဝရီဆန်ဆန် အနှစ်နှစ်ဆယ်လောက်ပြောကြားခဲ့ကြသည့် ကြက်တူရွေးစကားများလောက်နှင့်တော့ လူထုကို ဆက်ပြီးမပြောကြားသင့်တော့ပါ။ အနှစ် နှစ်ဆယ်မျှပြည်ပက လှုပ်ရှားခဲ့သည့် ဒီမိုကရေစီရရှိရေးလမ်းစဉ်သည် မလွမ်းပါဟုဆိုလျှင် မနာကြ ပါနှင့်၊ ဒါအမှန်ဖြစ်နေပါသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ လူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံ တကာ စစ်ခုံရုံးစသည်တို့သည် အဓိကမဟုတ်၊ သာမညလိုအပ်ချက်တခုသာဖြစ်သည်။ သို့သော် ဒါကို အဓိကအဆုံးအဖြတ်ပေးနှိုင်သည့် ပြည်ပဖိအားအဖြစ် မှတ်ယူခဲ့ကြကုန်၏။


            နောက်တချက်က ပြည်တွင်းက လူထုအားသည်သာအဓိက အဆုံးအဖြတ်အဖြစ် ယုံကြည် မှတ်ယူကြပြန်သည်။ ယုံကြည်နှိုင်ပါသည်၊ လူထုအားသည် သာ ပဓါန ဆိုသည့်စကားသည် အင်မတန် လူကြားကောင်းသော စကားဖြစ်ပါသည်။ မှန်လည်းမှန်ပါသည်၊ သို့သော် လူထုအားတခု တည်းနှင့် အဆုံးအဖြတ်ပေးနှိုင်သော အခြေအနေနှင့် ကိစ္စမျိုးလား၊ ဒါမှမဟုတ် အခြားအကူအညီ တခုခုလိုအပ်နေသေးသလားဆိုတာလောက်တော့ မှန်မှန်ကန်ကန် သုံးသတ်ဆုံးဖြတ်နှိုင်ဖို့ အရေးကြီးလှပါသည်၊ အားကောင်းသော မိခင်အတွက် သားဖွါးရန် အကူအညီမလိုသော်လည်း အားနည်းသော မိခင်အတွက် အကူအညီအဖြစ် ဆရာဝန်၊ ဆရာမ လိုအပ်ပါသည်။ ဤအချက် သည် နိုင်ငံရေးဦးဆောင် ဆရာကြီးများအတွက် အစွဲကင်းကင်း စဉ်းစားတွေးခေါ်နှိုင်ပြီးမှ သဘာဝ ကျသည့် ယုံကြည်ချက်တခု တည်ဆောက်ဖို့ပဲဖြစ်သည်။ သဘာဝမကျသည့် ကျိုးကြောင်းမခိုင်လုံ သည့် ယုံကြည်ချက်ဟူသမျှသည် အရှုံးနှင့်သာ အဆုံးသတ်စမြဲဖြစ်ပါသည်။ ထို့ကြောင့် လူထုသည် သာ ပဓါန ဟူသောသဘောတရားသည် မှန်ကန်သော်လည်း ပြည့်စုံလုံလောက်သည်တော့ မဟုတ်ပါ၊ နည်းနည်းတိမ်နေပါသေးသည်။
            ရှစ်ဆယ့်ရှစ်လူထုအရေးတော်ပုံသည် အရှိန်အဟုန်ကြီးလှပါသည်၊ သို့သော် ဒီမိုကရေစီ မရခဲ့ကြပါ။ အခုတရားဝင် စစ်ကျွန်ပင်ဖြစ်နေရမည့် ကိန်းဆိုက်နေပါသည်။ သင်္ခန်းစာယူကြရပါမည်။ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းကိုလည်း ဘယ်မှာလည်း ခေါင်းဆောင်၊ ဘာလည်းရည်ရွယ်ချက်နဲ့ မဟာဗျူဟာဟု အမေးခံနေကြရပြီမဟုတ်ပါလား၊ အဖြေက ဘာထွက်ခဲ့သလဲ၊ ပြည်တွင်းမှာ ထောင်ကျသူတွေကျကုန်တယ်၊ ပြည်ပကတော့ ဘယ်လိုအမြတ်ထွက်သလဲ၊ သက်ဆိုင်သူများမှ အပ ဘယ်သူမှမသိနှိုင်ပါ။

            ပြည်တွင်းလှုံ့ဆော်၊ ကုလအားကိုး ဗျူဟာမျိုးလောက်ကတော့ ဗိုလ်ချုပ်တွေက ပျင်းတောင် ပျင်းသေးတယ်ဆိုတဲ့ အခြေအနေမျိုးဆိုရင် မှားမယ်မဟုတ်တော့ပါ၊ ဒါကြောင့် ရွေး/ဆန့် တို့ဘက်ကလည်း ဘယ်လိုဗျူဟာသစ်တွေ၊ အတွေးအခေါ်သစ်တွေနဲ့ စခန်းသွားကြမလဲ ဆိုတာ ပြတ်သားဖို့လိုအပ်နေပါပြီ။ အခု ရွေး/ဆန့် ဘက်မှာ ရပ်ပြီးအော်နေသူများအတွက် ပြည်တွင်း အင်အယ်ဒီက ရွေးကောက်ပွဲကို ဝင်မယ်သာဆိုရင် ရွေး/ဆန့် တို့ပြောနေတဲ့ ယုံကြည်ချက်ကို၊ မယုံကြည်ချက်အဖြစ် လိုက်ပြီးပြောင်းကြအုံးမှာလား။ ဒါလည်း မကြာမှီပေါ်လာတော့မည့် အခြေအနေပါ။ ဒါကြောင့် ကိုယ်ပိုင်ယုံကြည်ချက်နဲ့ ခံယူချက်ရဲ့ အခန်းကဏ္ဍ ရှိသော နိုင်ငံရေး သမားဆိုတာကိုလည်း ပြတ်သားစွာ တွေ့မြင်ကြရတော့မှာပါ။
            ထို့ကြောင့် ရွေးကောက်ပွဲဝင်ရေးဘက်ကရော၊ မဝင်ရေးဘက်ကပါ အခြေအနေနှင့် အချိန်အခါကိုက်ညီမည့် ဦးတည်ချက်၊ ရည်မှန်းချက်၊ လမ်းစဉ်၊ လုပ်ဟန်များ မှန်ကန်စွာ လုပ်ဆောင်နှိုင်မည် ဆိုလျှင် မည်သည့်ဘက်က ပင်ဖြစ်စေ မြန်မာပြည်ကို ဆင်းရဲတွင်းမှ ကယ်တင် နှိုင်ပြီး လူထု့အတွက် ဒီမိုကရေစီအလံကို ဆွတ်ယူပေးအပ်နှိုင်မည်သာဖြစ်ပါကြောင်း။…။
                                                                                              ဦးဖိုးသာအောင် ။…။
ရင်းမြစ်။ ။http://www.hittai.org/main.htm

နအဖကျင်းပပြုလုပ်မည့် ၂၀၁၀ အတုယောင်ရွေးကောက်ပွဲ


မြန်မာ နအဖစစ်အစိုးရ မှ ပြီးခဲ့သော ၂၀၁၀ မတ်လ ၈ ရက်နေ့ မှ စတင်၍ မြန်မာ နိုင်ငံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် ဥပဒေ အပါ အ၀င် ရွေးကောက်ပွဲ နှင့် ပတ်သက်သော ဥပဒေ အရပ်ရပ်ကို ထုတ်ပြန် ကြေငြာ ခဲ့ပေသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသား ပါတီများ၊ အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီ အင်အား စုများနှင့် မြန်မာနိုင်ငံသား အများစုက ဒီမိုကရေစီ နိုင်ငံ အဖြစ် အမှန် တကယ် ပြောင်းလဲ နိုင်မည်လား ဟူသော မျှော်လင့်ချက်ဖြင့် စိတ်ဝင် တစား စောင့်ကြည့် ခဲ့ကြသည်။ ထို့အတူ နအဖ ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေ ပြဌာန်း ချက်များ နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ပါဝင် ယှဉ်ပြိုင်ခွင့် အနေ အထားကို နိုင်ငံတကာ အသိုင်း အ၀ိုင်း မှလည်း အထူး စိတ်ဝင် စားခဲ့ ကြပေသည်။


သို့သော် အမှန်တကယ်တမ်း ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်သောအခါ ဒီမိုကရေစီ စံနှုန်း များဖြင့် နိုင်ငံကို တည်ဆောက် လိုသော နိုင်ငံရေး သမားများ အတွက် ရွေးကောက်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ရန် တားဆီး ပိတ်ပင် မှုများ ရှိနေသည်ကို တွေ့ ရ ပေသည်။ အထူးသဖြင့် ရာဇ၀တ်မှု ကျုးလွန်သည် ဟူသော စွပ်စွဲ ချက်များဖြင့် အကျဉ်းကျ ခံရဆဲ နိုင်ငံရေး သမားများ အနေဖြင့် ရွေးကောက်ပွဲ ပါဝင်ခွင့် မရ ဖြစ်နေသည်ကို တွေ့ရ ပေသည်။ တနည်း အားဖြင့် လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲ ဖြစ်မြောက် စေမည့် အခြေခံ အချက်များ မပါဝင်ပေ။


ကမ္ဘာ့ ကုလသမဂ္ဂ အပါအ၀င် အမေရိကန်၊ ဗြိတိန် စသော အနောက် နိုင်ငံများ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံ အချို့ နှင့် အိမ်နီး နားခြင်း နိုင်ငံ အချို့ တို့ မှလည်း ရွေးကောက်ပွဲ ဥပဒေနှင့် ပါတ်သက်၍ သဘောထား အမြင် အမျိုးမျိုး ထုတ်ပြန်ကာ ကန့်ကွက် ရှုံချ ကြသည်။ ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် ၏ တောင်းဆို မှုကြောင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မကြာမီ ရက်ပိုင်း အတွင်း မြန်မာ့ မိတ်ဆွေ နိုင်ငံများ နှင့် မြန်မာ့ အရေး ဆွေးနွေး ပွဲများ ပြုလုပ် တော့မည် ဖြစ်သည်။


မြန်မာ နိုင်ငံတွင် စစ်အာဏာရှင် စနစ် အပြီးတိုင် ချုပ်ငြိမ်း၍ ဒီမိုကရေစီ ဖြစ်ထွန်း လိုသော မိမိတို့မြန်မာ နိုင်ငံသားများ၊ ဒီမိုကရေစီ အင်အား စုများ အနေဖြင့် ယခု အချိန်တွင် မြန်မာ နိုင်ငံ အတွင်းရှိ တိုင်းရင်းသား အင်အားစုများ အပါ အ၀င် ပြည်သူ တရပ်လုံး ပါဝင် လာအောင် အလေးထား စည်းရုံး ကြရန် လိုအပ် ပေသည်။

မြန်မာ လူထုသည် ဒီမိုကရေစီ လိုလားကြောင်း လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော် ၁၉၈၈ ပြည်သူ့  အရေး တော်ပုံကြီးက ပင်သွေး ချွေး နှင့် ဘ၀များကို ရင်း၍ သက်သေ ပြခဲ့ ကြပြီး ဖြစ်သည်။ အာဏာရှင်စနစ် ကြီးစိုး နေသ၍ ဒီမိုကရေစီ ရရှိဖို့ ကြီးစွာသော အဟန့် အတား တခု ဖြစ်နေ ဦးမည် ဖြစ်ရာ မြန်မာနိုင်ငံ၏ အနာဂတ် အလား အလာ ကံကြမ္မာ အတွက် မြန်မာ နိုင်ငံသားများ ပြတ်ပြတ် သားသား ဆုံးဖြတ် လုပ်ကိုင် ကြရတော့မည့် အချိန် ဖြစ်ပေသည်။


၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် ၂၀၁၀ မတ်လ အထွေထွေ ရွေးကောက်ပွဲ ဥပဒေများ အရ ဖြစ်ပေါ် လာမည့် မြန်မာနိုင်ငံ အနာဂတ် အလား အလာ အန္တရာယ် များကို ကြိုတင်၍ ကွက်ကွက် ကွင်းကွင်း သိမြင် လာအောင် အတတ်နိုင်ဆုံး နည်းလမ်း များဖြင့် အစွမ်းကုန် ကြိုးပမ်း သင့်ပေသည်။ (မိမိအပါအ၀င်) မိမိတို့ ဒီမိုကရေစီ အင်အား စုများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ အနေနှင့် ယခုထက် ပိုမို၍ ကြိုးစား အားထုတ် သင့်သည်ဟု တိုက်တွန်း လိုပါသည်။

မြန်မာ နိုင်ငံ ပြင်ပတွင် ရောက်ရှိ နေကြသော မြန်မာနိုင်ငံသား ဒီမိုကရေစီ အင်းအားစုများ အနေဖြင့် ယခု အချိန်တွင် ပြည်တွင်းရှိ NLD အပါအ၀င် အခြားသော တိုင်းရင်းသား ပါတီများ၊ အဖွဲ့အစည်း များ လုပ်ကိုင်လျှင် နအဖမှ အမြဲတစေ ဟန့် တား နှောက်ယှက်ခြင်း ခံရမည် ဖြစ်သော လူထု စည်းရုံးရေး လုပ်ငန်းများ ကို နိုင်ငံပြင်ပမှ ဆက်သွယ်ရေး နည်းလမ်း မျိုးစုံသုံး၍ လုပ်ဆောင် သင့်ကြ ပေသည်။

လူထုအား စည်းရုံး ကြရာတွင်

(၁) နအဖ ၏ ၂၀၀၈ ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ နှင့် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ များ၏

(က)ဒီမိုကရေစီ စံချိန် စံနှုန်း များနှင့် မကိုက်ညီ မှုများ
(ခ )အဆိုပါ ဥပဒေ များဖြင့် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရား မျှတမှု မရှိနိုင်သော အခြေအနေ များတို့ကို လူအများ နားလည် လွယ်သော စကားလုံးများ စာသား များဖြင့် လိုတိုရှင်း ပြောဆို စည်းရုံး သင့်ပေသည်။

(၂) ၂၀၁၀ ရွေးကောက်ပွဲလွန် ကာလတွင် မြန်မာပြည်သူ လူထု၏ ဘ၀များမှာ စစ်အာဏာရှင် တဖြစ်လဲ ရွေးကောက်ခံ အာဏာရှင်တို့  လက်အောက်တွင် လူမှု ဘ၀ ဆင်းရဲ ဒုက္ခများကို ဆက်လက် ခံစား နေကြရမှာ ဖြစ်ပြီး လူ့ အခွင့် အရေး များလည်း ဆက်လက်၍ ဆုံးရှုံး နေကြရမြဲ ဖြစ်မည်တို့ ကိုပါ ပြောဆို ရေးသား စည်းရုံး ကြရ ပေမည်။

(၃) အထက်ပါ အကြောင်း များကြောင့် နအဖ၏ တရား မျှတမှု မရှိသော ၂၀၁၀ ရွေးကောက် ပွဲကို လုံးဝ လက်မခံဘဲ သပိတ်မှောက် ( N0 VOTE / NO ELECTION) ဟု ပြောဆို ရေးသား စည်းရုံး ကြရ ပေမည်။

အကယ်၍ NLD ပါတီ အနေဖြင့် နအဖ တဖက်သတ် ထုတ်ပြန် ထားသော ရွေးကောက်ပွဲ ဥပဒေ အတိုင်း ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခွင့် မရဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင် ခဲ့သည် ဆိုပါစို့၊ လူထု၏ ထောက်ခံ မှုကြောင့် ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကဲ့သို့  အမတ် နေရာ အများ အပြား အနိုင် ရခဲ့သည် ဆိုပါစို့ 

(၁) အနိုင်ရ NLD ပါတီ အနေ နှင့် လွှတ်တော် ခေါ်ခွင့် ရမည်လား
(၂) အစိုးရ ဖွဲ့ စည်းခွင့် ရမည်လား ဆိုသည်တို့ မှာ စဉ်းစားစရာ အချက်များ ဖြစ်ပေသည်။ စစ်အုပ်စုမှ ကတိ မတည် ခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲကို ပြန်လည် သတိရ သင့်ပေသည်။ တဖက်မှာလည်း နိုင်ငံရေး ပါတီများ ဆက်လက် ရပ်တည် နိုင်ခွင့် ကလည်း မရှိမဖြစ် အရေးကြီး နေပေသည်။ နအဖ၏ တရားမျှတမှု မရှိဘဲ ပြဌာန်း ထားသော ရွေးကောက်ပွဲ ဥပဒေကို ဒီမိုကရေစီ အမှန် တကယ် လိုလားသော မြန်မာ နိုင်ငံသားများ သာမက ကမ္ဘာ့နိုင်ငံ အများစုကပါ လုံးဝ တရား မျှတမှု မရှိကြောင်း ထုတ်ဖော် ပြောဆို နေကြ ပေသည်။

မိမိ အမြင် ဆိုရလျှင် နအဖ၏ တရားမျှတမှု မရှိသော ရွေးကောက်ပွဲ ဥပဒေများ အရ ရွေးကောက်ပွဲ မ၀င်သောကြာင့် NLD ပါတီအား ဖျက်သိမ်း ခဲ့သော်ငြားလည်း နအဖ အနေ နှင့်သာ NLD ပါတီ ကို ဖျက်သိမ်းကြောင်း တဖက်သတ် ကြေငြာ နိုင်လိမ့်မည်။

သို့ သော် NLD ပါတီ နှင့် ပါတီ၏ နိုင်ငံရေး အခန်း ကဏ္ဍမှာ မြန်မာ လူထုနှင့် ကမ္ဘာ့  နိုင်ငံများ ကြား၌ ဆက်လက် ရှင်သန် နေပေမည်။ မြန်မာ လူထု မညံ့ပါ၊ နိုင်ငံရေး အတွေး အခေါ် မညံ့ကြပါ။ ကိုလိုနီ ခေတ်မှ စ၍ ၁၉၈၈ ပြည်သူ အရေးတော်ပုံကြီး၊ ထိုမှယနေ့ ထိတိုင် နိုင်ငံရေး တာဝန် ကျေခဲ့ ကြပါသည်။ ဆက်လက်၍လည်း သမိုင်းပေး နိုင်ငံရေး တာဝန် ကျေကြ ပါလိမ့်မည်။

NLD ပါတီ အနေနှင့် လူထု၏ ထောက်ခံ အားပေး ၀န်းရံ မှုဖြင့် နိုင်ငံရေး ခရီး ဆက်သင့် ပါသည်။ ၂၀၀၉ ရွှေဂုံတိုင် ကြေငြာ စာတမ်း အတိုင်း ဆက်လက်၍ အခိုင် အမာ ရပ်တည် သင့်ပေသည်။ မတရားတဲ့ အမိန့် အာဏာ မှန်သမျှ တာဝန် အရ ဖီဆန် ကြရမှာ ဖြစ်ပေသည်။ မြန်မာ လူထုသည် NLD ပါတီနှင့် တသားတည်း ထပ်တူ ရှိနေ ပါလိမ့်မည်။

နအဖ သည် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန် ပြီးသည့် နောက်ပိုင်း NLD ပါတီ၊ တိုင်းရင်းသား ပါတီ အဖွဲ့ အစည်းများ၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များ၏ ရွေးကောက်ပွဲ ဥပဒေများ အပေါ် တုံပြန် မှုများကို အလေးထား စောင့်ကြည့် နေမှာ ဖြစ်ပြီး ထိုတုံ့ပြန်မှုများ အပေါ် အခြေခံကာ နိုင်ငံရေး ကစားကွက် ဖော်မည်ဟု့ ယူဆ ရပေသည်။

လူထု၏ အခန်း ကဏ္ဍကို အထူး ထည့်တွက် ထားဟန် မတူပေ။ ဒီမိုကရေစီ လုပ်ငန်းစဉ် / ဖြစ်စဉ် တွင် ရွေးကောက်ပွဲသည် မရှိ မဖြစ်သော လိုအပ်ချက် တခုဖြစ် ပေသည်။ သို့ရာတွင် နအဖ၏ တရား မျှတမှူ မရှိသော ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကို လူထုက လုံးဝ လက်ခံ လိမ့်မည် မဟုတ်ပေ။ ဆန့်ကျင် ကန့် ကွက် ပေလိမ့်မည်။ သို့ သော် NLD ပါတီ အနေ နှင့် လူထုရှေ့ မှ မားမား မတ်မတ် ရပ်တည်ကာ စည်းရုံး ဦးဆောင်မှု ပေးရန် လိုပေသည်။

အချုပ် အားဖြင့် ဆိုရသော် ယခု အချိန်သည် NLD ပါတီ၊ ပြည်သူလူထု ( ပြည်တွင်း ပြည်ပရှိ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ဒီမိုကရေစီ အင်အားစုများ အပါအ၀င်) တို့ နှင့် နအဖတို့ နိုင်ငံရေး /တော်လှန်ရေး စီးချင်း ထိုးရ တော့မည့် အချိန် ဖြစ်ကြောင်း ရေးသား လိုက်ရ ပါသည်။
ကိုကိုအောင် (တိုကျို)
 
ရင်းမြစ်။ ။http://www.nfacforburma.info/2010/03/22032010.html

မီး . .မီးခွန်တဲ့

နှစ်စဉ် ကျင်းပမြဲ ဖြစ်သော ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် စံပြ ကျေးရွာ ဆံတော်ရှင်၊ မြသိန်းတန် စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲကို ဇန်နဝါရီ (၃၁) ရက်မှ ဖေဖော်ဝါရီ (၂) ရက်နေ့ အထိ ပွဲလမ်း သဘင် များဖြင့် သိုက်မြိုက် စည်ကားစွာ ကျင်းပ ခဲ့ကြသည်။ ယခုနှစ် ဘုရား ပွဲတွင် မြို့နယ် ညွှန်ကြားချက် အရဟု ဆိုကာ ရပ်ရွာ အရံ မီးသတ် တပ်ဖွဲ့က ကောက်ခံသည့် အခွန် တစ်ခုက စိတ်ဝင် စားစရာ ဖြစ်နေ၍ လူပြော များသည်။ မီးခွန်တဲ့။ မီးခွန် ဆို၍ လျှပ်စစ်မီး သုံးစွဲ၍ ပေးဆောင် ရသည့် အခွန်တော့ မဟုတ်။ အကြော် အလှော် ဆိုင်၊ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ၌ မီးသုံးစွဲသည့် အတွက်ပေး ရသည့် အခွန်ငွေ ဖြစ်သည်။ အခွန်တော်ငွေ (၁ဝဝဝ)ပေးဆောင်လျှင် မီးသုံးစွဲခွင့် ထောက်ခံချက် စာရွက် ရသည်။ မီးသုံးစွဲ ရောင်းရသည့် ရောင်းအား ကောင်းသည့် ဆိုင်များ မထောင်း သာေ သ်ာလည်း မုန့်လေပွေသည် ကျတော့ အခက် တွေ့ရသည်။ မပေးလျှင်တော့ မီးငြိမ်း သတ်၍ ပြန်ရုံပင်။ ထောက်ခံချက် ရယူ ထားသည့် ဆိုင်များ မှာလည်း ''ဆိုင်တိုင်း ရေတိုင်ကီဖြင့် ရေဖြည့် ထားရမည်။ မီးချိတ်၊ မီးကတ်၊ သဲအိတ်၊ ရေအိတ်များ ထားရမည် ''ဆိုသော ရည်ညွှန်းချက်ကို ဖတ်ရသည်။ သို့သော် ကိစ္စမရှိ။ အရေးကြီးသည်က ငွေ(၁ဝဝဝ)။ လုပ်ချက် များကတော့ တကယ့်ကို မှတ်သား လောက်စရာများ ပင်ဖြစ်နေ၏။

ရင်းမြစ်။ ။http://www.nfacforburma.info/2010/03/22032010_2537.html