Monday, March 22, 2010
အလုပ်ရှာသူ မြန်မာမိန်းကလေးအချို့ တရုတ်နိုင်ငံသို့ ရောင်းစားခံရ
             အလုပ်အကိုင်ရှာသူ မြန်မာမိန်းကလေးအချို့ တရုတ်နိုင်ငံသို့ ရောင်းစားခံရခြင်းများ ယခုနှစ်အတွင်း၌လည်း ဖြစ်ပွားနေဆဲဖြစ်ပြီး သက်ဆိုင်ရာက အမှုဖွင့်အရေး ယူခဲ့ရကြောင်း သတင်းရရှိသည်။
အလုပ်အကိုင်ရှာသူ မိန်းကလေးအချို့ တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် ဖြစ်ရပ်များသည် ယခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရောင်းစားခံခဲ့ရသည့် အသက်အရွယ်အပိုင်းအခြား များမှာ အသက် ၁၆ နှစ်၊ ၁၈ နှစ်၊ ၂၂ နှစ်  နှင့် ၄၅ နှစ် အရွယ် များဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အသက် ၁၆ နှစ်နှင့် အသက် ၄၅ နှစ်ရှိ အမျိုးသမီးနှစ်ဦး၏ ဖြစ်ရပ်မှာ ယခုနှစ် မတ်လအတွင်း ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ် မှာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက် နေ့တွင် သန်လျင်မြို့နယ် လက်ယက်စမ်းရွာနေ အသက် ၃၃ နှစ်ရှိ တရားလို မသန်းသန်းဦးသည်နေအိမ်တွင် ရှိနေစဉ် သန်လျင်မြို့နယ်နေ အသက် ၄၀ နှစ်ရှိ ဖိုးထူးရောက်ရှိလာပြီး ကော့သောင်းတွင်  အလုပ်ရ မည်ဟု ပြောခဲ့ကြောင်းသိရသည်။
ထို့နောက် မသန်းသန်းဦး၏ သမီးဖြစ်သူ အသက် ၁၆ နှစ်ရှိ မ၀င်းစန္ဒာနှင့် အသက် ၄၅ နှစ်ရှိ ဒေါ်အေးမြင့်(စုံစမ်းဆဲ)တို့အား ဖိုးထူးနှင့် ဇော်မိုး(စုံစမ်းဆဲ)တို့မှ ကြိုတင်လစာသုံးလစာ ပေးခဲ့ကြောင်း သိရသည်။ ယခုနှစ် မတ်လ ၇ ရက်နေ့တွင် ဒေါ်အေးမြင့်သည် နေအိမ်သို့ရောက် ရှိလာပြီး မ၀င်းစန္ဒာနှင့် ၄င်းအား တရုတ်ပြည်တွင် ရောင်းစားခံရကြောင်း၊ ၄င်းမှာ ထွက်ပြေးလွတ်မြောက်လာကြောင်း ပြောပြ၍ သိရှိခဲ့ရသည်ဟု ဆိုသည်။ထို့ကြောင့် တရားခံဖိုးထူးနှင့်  ဆက်သွယ်သူများအပေါ် အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်တန်းခဲ့ရာ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့  စခန်းက (ပ) ၃၂၂/၂၀၁၀ ဖြင့် အမှု ဖွင့်ခဲ့ကြောင်း သိရသည်။
ညီအစ်မနှစ်ဦး ရောင်းစားခံရ သည့်ဖြစ်စဉ်မှာယခုနှစ်  ဖေဖော်ဝါရီ လအတွင်း ဖြစ်ပွားခဲ့ကြောင်းသိရ သည်။ မင်္ဂလာဒုံမြို့နယ်နေ အသက် ၄၀ နှစ်ရှိ တရားလို ဒေါ်ညွန့်တင်သည် ယခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ၄င်း၏ သမီးနှစ်ဦးဖြစ်သည့် အသက် ၁၈ နှစ်နှင့် အသက် ၂၂ နှစ်ရှိသူတို့အား  ၄င်းနှင့်ရင်းနှီးသူ အသက် ၄၉ နှစ်ရှိ ဒေါ်သိန်းမြင့်ရီ မင်္ဂလာဒုံမြို့နယ်နေသူက မူဆယ်ရှိ စတိုးဆိုင်တစ်ဆိုင်တွင် အလုပ်ရမည် ဟု ပြောခဲ့ကြောင်း သိရသည်။အလုပ်ရမည်ဟု ပြောပြီး သမီး နှစ်ဦးအား ခေါ်ဆောင်သွားခဲ့ကြောင်း၊ ကားဂိတ်တွင်စောင့်နေသော အမျိုးသားတစ်ဦးနှင့် လိုက်သွားရန်ပြော၍ သမီးနှစ်ဦးက လိုက်သွားခဲ့ကြောင်း ယခုနှစ်ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သမီးနှစ်ဦးရောင်းစားခံရ၍ ထွက်ပြေးလာသည်ကို မူဆယ်မြို့ရှိ သက်ဆိုင်ရာက ကယ်တင်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍  ပြစ်မှု ကျူးလွန်သူများအား သက်ဆိုင်ရာ က(ပ) ၅၉/၂၀၁၀ ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။လူမှောင်ခိုသူများ တရုတ်နိုင်ငံသို့ တရားမ၀င်သွားရောက်သည့် လမ်းကြောင်းများမှာ ဗန်းမော် -လွယ်ဂျယ်-ရင်ကျန်း- တရုတ်၊ မြစ်ကြီးနား-ခေါင်လန်ဖူး-ရှိန်းခေါင် -ဖူကုန်း-တရုတ်၊ ဗန်းမော်-၀ိုင်းမော် -လိုင်ဇာ- တရုတ်၊ဗန်းမော်-နမ့်ခမ်း -မန့်ဟီးရိုး- ရွှေလီ-တရုတ်၊ မူဆယ်-ရွှေလီ-တရုတ်၊ ချင်းရွှေ ဟော်-ကိန်းမ-တရုတ်စသည့် လမ်းကြောင်းများဖြစ်ကြောင်း သိရသည်။
ရင်းမြစ်။ ။http://www.first-11.com/index.php?option=com_content&view=article&id=2407:2010-03-21-08-04-18&catid=42:2009-11-10-07-36-59&Itemid=112
မန္တလေးကို ချစ်လို့ပါ။ မန္တလေးဆိုတာ မြန်မာပါ
Written by လူထုစိန်ဝင်း   
      မန္တလေးက မိတ်ဆွေတစ်ယောက် ဖုန်းဆက်လာပါတယ်။ မန္တလေးမှာ လွမ်းစရာလေးတွေလည်း ရှိပါသေးတယ် ဆိုတာပြောပြချင်လို့ ဆက်လိုက်တာလို့ ဆိုပါတယ်။ မန္တလေးတောင်ကိုလမ်း လျောက်သွားတော့ တောင်တက်လမ်း တစ်လျောက်လုံး တမာတွေပွင့်ပြီး တမာနံ့တွေသင်းနေလို့ ဆရာ့ကို သတိရလိုက်မိတယ်လို့လည်း ပြောပါတယ်။
သူ့ခေတ်ကိုယ့်ခေတ်မန္တလေး
သူက မန္တလေးသားစစ်စစ်၊ မန္တလေးကိုသိပ်ချစ်တဲ့သူပါ။ ရှေးဖြစ်ဟောင်းတွေပြောလို့ မကုန်နိုင်အောင် ဖြစ်ပြီး သူ့ခေတ်ကိုယ့်ခေတ် မန္တလေးကို လွမ်းတသသဖြစ်နေကြရပါတယ်။ မုန့်ပြစ်သလက်အဖြူထဲကို ဘယာကြော် တစ်ခုချေထည့်ပြီး နှမ်းထောင်းလေး ဖြူးစားရတဲ့ အရသာအကြောင်းပဲဖြစ်စေ၊ လျမ်းစိန်ဟိုတယ်က ခေါက်ဆွဲကြော်သွား ၀ယ်တဲ့အခါ အင်ဖက်နှစ်ခုအကြားထည့်ပေးမြဲ ငရုတ်ဆီဆမ်းထားတဲ့ ကြက်သွန်ချဉ်မေ့မကျန်ရစ်အောင် ဂရုစိုက်ရတဲ့ အကြောင်းဖြစ်စေ၊ သင်္ကြန်နီးလို့ ယိမ်းတိုက်ကြတဲ့အခါများမှာ မီးသတ်ဗိုလ်ကြီး သားဘိုဘိုနဲ့ မတင်အောင်တို့ လက်မလည်အောင်ဖြစ်နေကြရတဲ့ အကြောင်း ဖြစ်စေ၊ ၀င်းလိုက်ရုံထဲက အစ်မကြီး မမြရီရဲ့ မုန့်တီလက်ရာအကြောင်းဖြစ်စေ၊   အောင်ဇေယျာကဖေး အကြောင်းဖြစ်စေ၊ ဈေးချိုထဲကကျော်လှိုင်ကဖေးအကြောင်း ဖြစ်စေ စိတ်ကူးရောက်ရာအကြောင်း အရာမျိုးစုံကို သူနဲ့အချိန်အခါမရွေး ပြောလို့ရတယ်။
မန္တလေးမှာ မန္တလေးအကြောင်းပြောမရ
ဒီလို ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလို့ရသူက ဒီခေတ်မှာတော်တော်ရှားတယ်။ မန္တလေးရောက်တုန်းရောက်ခိုက် မင်းသီဟဆိုင်မှာ တစ်မနက်လုံးထိုင်နေတာတောင် မျက်နှာသိတစ်ယောက်မှ တွေ့ရတာမဟုတ်ဘူး။ ကိုယ့်ကိုလည်း ဘယ်သူမှမသိကြဘူး။ တစ်ဝိုင်းတည်း ထိုင်တဲ့ မန္တလေးစာပေသမားတွေကလည်း အသက်တော်တော်ငယ်ကြတာ ဆိုတော့ စကားကဆက်စပ်လို့ မရဘူး။ ကိုယ်သိတဲ့ မြို့မကိုသူတို့က ဘာမှသိကြ တာ မဟုတ်သလို၊ သူတို့ပြောတဲ့မြို့မ ဆိုတာကိုလည်း ကိုယ်ကဘာမှမသိလေတော့ ပြောရတာ ပေါ့ရွှတ်ရွှတ်နဲ့ စိတ်ဝင်စားဖို့ မကောင်းဘူး။ တခြားအကြောင်းအရာတွေဘက် ကူးသွားလည်းဘာမှ မထူးဘူး။ လက်ဖက်ရည်ဆိုင်မှာ မန္တလေးသားတွေနဲ့ ကမ္ဘာကြီးအကြောင်း ပြောလို့ရတယ်။မန်ယူအကြောင်း ပြောလို့ရတယ်။ မန္တလေးအကြောင်းတော့ ပြောလို့မရဘူး။ ရယ်စရာတော့ အကောင်းသား။
အိပ်မက်ထဲမှာပဲလွမ်း
ဖုန်းဆက်လာတဲ့ မိတ်ဆွေကို စိန် ပန်းတွေရော မပွင့်သေးဘူးလားလို့ မေးတော့စိန်ပန်းနဲ့ ငုက သင်္ကြန်ပြီးမှပွင့်တာလေ။ အခုတော့ တစ်မြို့လုံးတမာတွေပဲ လှိုင်လှိုင်ပွင့်နေတယ်လို့ ပြန်ဖြေပါတယ်။ ဟုတ်သားပဲ။ ဇွန်လကျောင်းပြန်ဖွင့်ချိန် ဆိုရင် မန္တလေးတက္ကသိုလ်ထဲက စိန်ပန်း ပင်တွေ ပင်လုံးကျွတ်ပွင့်ပြီး နီရဲနေတာ ပြန်ပြီး သတိရမိတယ်။ မန္တလေးမှာ လွမ်းစရာလေးတွေလည်း ရှိပါသေးတယ် လို့ မိတ်ဆွေပြောတာက အိပ်မက်ထဲမှာပဲ လွမ်းတော့မယ်ဆိုတဲ့ စာတစ်ပုဒ်ရေးခဲ့ဖူးတာကြောင့်ပါ။ တန်ဆောင်မုန်းလ မန္တလေးမှာ ပွဲဈေးတန်းလျောက်ချင်လို့ ပွဲရှာတာ တစ်မြို့လုံးသာနှံ့ရော ပွဲဈေးတန်းရှာမတွေ့တဲ့အကြောင်း မုန့်တီနဲ့မြီးရှည်ဆိုင် ကို အတော်လိုက်ရှာရပေမယ့် နေရာတကာ ဆန်ခေါက်ဆွဲဆိုင်နဲ့ အကင်ဆိုင် တွေပဲတွေ့နေရတဲ့အကြောင်း၊ အဲဒါကြောင့် အိပ်မက်ထဲက ရှေးခေတ်မန္တလေးကိုပဲ လွမ်းနေတော့မယ့်အကြောင်းရေး ခဲ့တာဖြစ်တယ်။
 " အဟောင်းတွေကိုလွမ်း အတိတ်ကိုပဲ တမ်းတနေတာ မဟုတ်ပါဘူး။ လူဆိုတာ ကိုယ့်ဇာတိဇစ်မြစ်(root)ကိုချစ်ပြီး ကိုယ့်အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိတယ် မဟုတ်လား။... "
မန္တလေးကိုချစ်လို့၊ နှမြောလို့
မန္တလေးဆိုတာ မြန်မာ့ယဉ်ကျေးမှုရဲ့ဗဟိုချက်ပါ။ ဘာသာသာသနာရဲ့ စုလစ်မွမ်းချွန်လည်းဖြစ်တယ်။ လွမ်းစရာ တွေ မရှိဘဲနေပါ့မလား။ မန္တလေးကိုချစ်လို့။ မန္တလေးကိုနှမြောလို့၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးလို့ ၀မ်းပန်းတနည်းရေး ခဲ့တာဖြစ်တယ်။ လွမ်းတာမှ ရင်ထဲနင့်နေအောင်ကို လွမ်းတာပါ။ မုန့်ပြစ်သလက်နဲ့ ဘယာကြော်ကိုလည်းလွမ်းပါတယ်။ မမြင် မတွေ့ရတာ၊ မစားရတာနှစ်ပေါင်းငါးဆယ်လောက်ရှိပြီဖြစ်တဲ့ သင်္ဘောမကျီးသီး (တရုတ်မကျီးသီး) ကွေးကွေးလေးတွေနဲ့ သင်္ဘောဇီးဖြူသီးနဲ့ သစ်ချိုသီးတွေကို လည်းလွမ်းပါတယ်။ ခိုတောင်မုန့်တီကို လွမ်းသလို မစီမာဇီး(ဆီး)ငန်ပြားကိုလည်း လွမ်းပါတယ်။ ကလေးဘ၀တစ်ခုလုံး ကုန်ဆုံးခဲ့ရတဲ့ ဖားသားလဖုန်းကျောင်းကြီးကို လည်းလွမ်းပါတယ်။ မန္တလေးတက္ကသိုလ် တောင်ဘက်အထွက်က လယ်ကွင်းစိမ်းစိမ်းတွေကိုလည်း လွမ်းပါတယ်။ စိန်ပန်းပင်တွေနဲ့ ကုက္ကိုပင်ကြီးတွေကိုလည်း လွမ်းပါတယ်။ ရွှေပြည်အေးဆောင်နဲ့ ရွှေမန်းဆောင်ကိုလည်းလွမ်းပါတယ်။ လူထု တိုက်ကိုလည်း လွမ်းပါတယ်။
တာကေတဆိုတာရှိသလား
အဟောင်းတွေကိုလွမ်း အတိတ်ကိုပဲ တမ်းတနေတာ မဟုတ်ပါဘူး။ လူဆိုတာကိုယ့်ဇာတိဇစ်မြစ်(root)ကိုချစ်ပြီး ကိုယ့်အမျိုးသားယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန် ရှိတယ်မဟုတ်လား။  မနေ့ကပဲ သတင်းစာထဲက ကုမ္ပဏီကြော်ငြာတစ်ခုဖတ် လိုက်မိတယ်။ ကုမ္ပဏီလိပ်စာဖော်ပြရာ မှာ Takayta လို့ အင်္ဂလိပ်လိုရေးထားတာ တွေ့လိုက်ရတယ်။ အဲဒါ သနဲ့တကွဲအောင် မပြောတတ်သူတစ်ယောက်က သူ့ပါးစပ်က အသံထွက်အတိုင်း ရေးလိုက်တော့ သာကေတအစား တာကေတ ဖြစ်သွားတော့တာပေါ့။ နောင်နှစ်ပေါင်းများ စွာကြာတဲ့အခါ တာကေတဆိုတဲ့မြို့ ဘယ်နေရာမှာရှိတာလဲလို့ သမိုင်းသုတေသီတွေ အလုပ်ရှုပ်မကုန်ကြပေဘူး လား။ တာကေတလိုပဲမတိဘူး၊ မတွားဘူးလို့ ရေးကုန်ကြရင် မြန်မာစာတွေ ပျက်စီးခြင်းငါးပါး ဖြစ်သွားတော့မှာပါ။ အခုတောင် မြန်မာစာက တော်တော်မျက်နှာငယ်နေပါပြီ။ မြန်မာဂျာနယ်မဂ္ဂဇင်း တွေမှာ မြန်မာနာမည်နဲ့ ထုတ်တာတော် တော်ကို နည်းပါတယ်။
မန္တလေးဆိုတာ မြန်မာပါ
ကိုလိုနီလက်သစ်ဆိုတာက ရှေးခေတ်လက်ဟောင်း ကိုလိုနီစနစ်လို၊ ပိုက်ဆံအများကြီး အကုန်ခံပြီး စစ်တပ်တွေ စေလွှတ်သိမ်းပိုက်တာမျိုး မဟုတ်ဘူး။ လူသုံးကုန်ပစ္စည်း အပေါစားတွေနဲ့ ယဉ်ကျေးမှုတွေ ဘာသာစကားတွေကို ဒလဟောတင်ပို့ပြီး သူတို့သြဇာလွှမ်းမိုးအောင် လုပ်တာဖြစ်တယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့နည်းပဲ။ ဒီနေ့ ကျွန်တော်တို့ ထမင်းစားပွဲတွေပေါ်မှာ ကောက် ညှင်းပေါင်းနဲ့ ငါးခြောက်ဖုတ်တို့ မုန့်ပြစ်သလက်နဲ့ ဘယာကြော်တို့ မတွေ့ရတော့ဘူး။ ဒင်းမ်ဆမ်းတို့ ပီဇာတို့၊ ဟမ်ဘာကာတို့၊ အကင်စုံတို့ ပဲခေါက်ဆွဲနဲ့ ကင်ချီတို့၊ မာလာဟင်းတို့ ၀က်သားပေါင်းတို့ ဘဲကင်အခေါက်ကင်တို့လို နိုင်ငံစုံစား စရာတွေက နေရာယူထားကြပြီလေ။ ကိုလိုနီလက်သစ်ဆိုတာ ယဉ်ကျေးမှု သြဇာလွှမ်းမိုးအောင်အရင်လုပ်ပြီး စိတ်ဓာတ်ကိုချုပ်ကိုင်တာဖြစ်တယ်။ လက်ဟောင်းကိုလိုနီသမားသုံးတဲ့ စစ်တပ်တွေ အစား စာပေ၊ ဂီတ၊ ရုပ်ရှင်စတဲ့ မီဒီ ယာတွေကိုသုံးပြီး ထိုးဖောက်တာဖြစ်တယ်။ ထိလည်းပိုထိရောက်တယ်။ ကျွန်တော်တို့ မီဒီယာသမားတွေ ကိုယ်တိုင်က ကိုလိုနီလက်သစ်ဝါဒကို ဖြန့်ချိပေးသူတွေတော့ မဖြစ်သင့်ဘူးလို့ ထင်မိပါတယ်။ မန္တလေးဝိညာဉ်မပျောက်ကွယ် စေချင်တာက မြန်မာကိုချစ်လို့ပါ။ မန္တလေးဆိုတာမြန်မာပါ။
ရင်းမြစ်။ ။http://www.first-11.com/index.php?option=com_content&view=article&id=2397:2010-03-21-06-59-48&catid=78:2009-11-13-06-25-17&Itemid=135
လူစွမ်းကောင်း
Written by အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)   
   ကမ္ဘာ့ရာဇ၀င်ကို လေ့လာမည်ဆိုလျင် နိုင်ငံအသီးသီး၌ လူစွမ်းကောင်းတွေ ရှိခဲ့ကြသည်ကို တွေ့ရလိမ့်မည်၊ မြန်မာ့ရာဇ၀င်၌လည်း ပုဂံခေတ်က ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးဟူ၍ လူစွမ်းကောင်းတွေရှိခဲ့ကြသည်၊ သူတို့လေးဦးလောက် မကျော်ကြားသော်လည်း အခြားလူစွမ်းကောင်းတွေ မြန်မာ ရာဇ၀င်၌ ရှိခဲ့ကြသည်၊ လူတွေက လူစွမ်းကောင်းတွေကို ချစ်ခင်မြတ်နိုးကြသည်၊ လူစွမ်းကောင်းကို သူရဲကောင်းအဖြစ်လည်း သတ်မှတ်ကြသည်။
      ဤဆောင်းပါး၌ လူရယ်၊ စွမ်း ရယ်၊ ကောင်းရယ် တစ်ခုချင်း၏ အဓိပ္ပာယ်ကိုဖွင့်ဆိုချင်သည်၊ လူဖြစ် လာလျင် ပထမ-လူလူသူသူဖြစ်ဖို့ လိုသည်၊ ဒုတိယ-စွမ်းဖို့လိုသည်၊ တတိယ-ကောင်းဖို့လိုသည်၊ လူလူသူသူလည်းဖြစ်မှ၊ တစ်ခုခုလည်း စွမ်းမှ၊ ကောင်းလည်း ကောင်းမှ လူ စွမ်းကောင်းဟု ဆိုနိုင်ပေမည်၊ လူ တိုင်း လူစွမ်းကောင်းဖြစ်ခွင့်ရှိသည်၊ လူစွမ်းကောင်းဖြစ်အောင်လည်း ကြိုးစားကြရမည်။
      ''လူဖြစ်အောင် လုပ်ရတာမလွယ်ဘူးဗျ'' ဟု တစ်ဦးက ညည်းတွားသည်၊ ထိုစကားကို အတွေးချော်သူတစ်ဦးက ရယ်မောသည်၊ ထိုသူ ပြောသည်မှာ အမှန်ပင်၊ အမိဝမ်းကကျွတ်ပြီး လူ့လောကရောက်လာရုံနှင့် လူဖြစ်သည်မဟုတ်၊ လူဆိုသည်မှာ အနာဂတ်တွေ၊ မျော်လင့်ချက်တွေ တစ်သီကြီးနှင့် လက်ရှိဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းနေသူဖြစ်သည်။
       လူဆိုသည်မှာ အညွန့်တုံးနေ သူမဟုတ်၊ အတတ်ပညာတွေ၊ အသိပညာတွေ၊ တိုးတက်မှုတွေ၊ မျော် လင့်ချက်တွေနှင့် တစ်နေ့တခြား အညွန့်တလူလူဝေဆာနေသူဖြစ်ရမည်၊ လူရယ်လို့ဖြစ်လာပြီးနောက်ပိုင်း လူ နှင့်တူအောင်နေရသင့်သည်၊ လူနှင့် တူအောင် ၀တ်ရသင့်သည်၊ လူနှင့် တူအောင် စားရသင့်သည်၊ လူနှင့်တူ အောင်အပြုအမူ ဆက်ဆံခံရသင့်သည်၊ လူတစ်ဦး၏ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ ပြောပိုင်ခွင့်၊ ဆိုပိုင်ခွင့်၊ လူတစ်ဦး၏ ရသင့်ရထိုက်သော ကိုယ်ပိုင်လွတ်လပ်ခွင့်၊ တန်းတူညီမျ၊ သာတူညီမျ အခွင့်များရသင့်သည်၊ အခွင့်ထူးကို မလိုပါ၊ တပြေးညီ သာတူညီမျအခွင့်ကိုသာ လိုပါသည်။
      လူသည် လူတစ်ဦးရသင့်ရထိုက်သော အခွင့်အရေးကို ခံစားခွင့် ရှိမှ လူဖြစ်သည်၊ ''လူဖြစ်အောင် လုပ်ရတာမလွယ်ဘူးဗျ'' ဆိုသူ၏ စကား က အမှန်ပင်ဖြစ်သည်။
    မနုဿပဋိလာဘော ဒုလ္လဘော -လူ့အဖြစ်ကိုရခဲသည်ဟု ဘုရားမိန့်သည်၊ လူ့အဖြစ်ရခဲပုံကို ရှင်းပြရာ၌ လူ့အရေအတွက်ကို တိရစ္ဆာန် အရေအတွက်နှင့် နှိုင်းယှဉ်ပြကြသည်၊ လူ့ခန္ဓာကိုယ်ထဲမှာ ပိုးမျိုးရှစ်ဆယ်ရှိသည်ဟု ဆိုသည်၊ ပိုးအကောင်ရေရှစ်ဆယ်မဟုတ်၊ အမျိုးအစားပေါင်းကို ရှစ်ဆယ်ရှိ သည်၊ တစ်မျိုးတစ်မျိုးတွင် မည်မျရှိ လေမည်နည်း၊ ဘီပိုးရောဂါရှင်များ သွေးစစ်ရာတွင် တချို့သွေးတစ်ယူနစ်မှာ ပိုးကောင်ရေ ကုဋေနှင့်ချီ၍ ရှိနေသတဲ့။
       လူဦးရေက တစ်ကမ္ဘာလုံးမှ သန်း ၆၀၀၀ ခန့်သာရှိသည်၊ ပိုးမွှား တိရစ္ဆာန်က လူတစ်ဦး၏ ခန္ဓာကိုယ် အတွင်းမှာပင် သန်း ၆၀၀၀ ကချင် မှကမည်၊ ထို့ကြောင့် လူ့အဖြစ်ရခဲကြောင်းကို တိရစ္ဆာန်ပမာဏနှင့် နှိုင်းယှဉ်ပြခြင်းကလည်း ယုတ္တိတန်ပါ သည်၊ တချို့ကလည်း လူအဖြစ်ရခဲသည်ဟူရာ၌ သာမန်မည်ကာမတ္တ လူမျိုးမဟုတ်၊ အသိဉာဏ်ရှိသော လူ မျိုးဖြစ်သည်ဟု ဆိုပါသည်၊ ဤအဆို ကလည်း ကောင်းမွန်ပါသည်၊ သေချာတွေးတော့ လူဖြစ်ဖို့ကလည်း မ လွယ်၊ လူနှင့်တူအောင်နေရဖို့ ကလည်း  မလွယ်။
        လူ၏ ဇာစ်မြစ်ကိုနောက်ကြောင်း ပြန်ကောက်ရာ၌ဗုဒ္ဓစာပေက ဗြဟ္မာ့ပြည်မှ ဗြဟ္မာတွေစုတေပြီး လူ့ပြည်လာ လူဖြစ်ကြသည်ဟုဆိုသည်၊  သိပ္ပံ စာပေကလူဆိုသည်မှာမျောက်ကနေ အဆင့်ဆင့်ပြောင်းလဲလာသည်ဟု ဆိုသည်၊ ထိုအယူအဆနှစ်ခုလုံး လက်ခံနိုင်ဖွယ်ရာရှိသည်၊ တချို့လူတွေက မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မာစိတ်များ အရှိန်မပြယ်သေး၊ မြင့်မြတ်သော ဗြဟ္မာစိတ်များရှိ နေကြသေးသည်၊ တချို့ကတော့ လူ့စိတ်သည်မျောက်စိတ်ဟုဆိုသည့်အတိုင်း တည်တည်ကြည်ကြည်တည် တည်တန့်တန့်မရှိ၊ အပြောင်းအလဲ မြန်သည်၊ ဆင်ခြင်တုံတရားမရှိ၊ စဉ်းစားဉာဏ်၊ ဆင်ခြင်ဉာဏ်မရှိ၊ မောဟ ဦးစီးသော လောဘဒေါသမာန် မာနတွေသာရှိသည်။
       လူ့ပြည်၌ ဗြဟ္မာစိတ်ရှိသူနှင့် မျောက်စိတ်ရှိသူ မည်သူက များနေ သနည်းဟုမေးက မျောက်စိတ်ရှိသူ က များပါသည်ဟု ဖြေလိမ့်မည်၊ သို့ဆိုလျင် လူသည် မျောက်ကနေဆင်း သက်လာသည်ဟူသော ဒါဝင်၏ အယူအဆမှန်ကန်ဖွယ်ရှိသည်၊ လူ့အဖြစ်ကိုရခဲသည်ဟု ဘုရားမိန့်ရာ၌ ဘုရားက ဗြဟ္မာအဖြစ်ကနေ ဆင်းသက်လာသော ဗြဟ္မာစိတ်ထားရှိသည့် လူမျိုးကိုသာ ဆိုလိုသည်၊ ဗြ ဟ္မာစိတ်ထားရှိမှ ဘုရားကလူရာသွင်းသည်ဟု ဆိုလျင် လူဖြစ်ဖို့က ခက်နေသေးသည်မှာ ထင်ရှားသည်။
      လူကို ပါဠိလို''မနုဿ'ဟုခေါ်သည်၊ သဒ္ဒါဆရာတို့ အဆိုအရ မနုဿ၏ အဓိပ္ပာယ်က ကုသိုလ် အကုသိုလ် တရားတို့ကို ခွဲခြားသိသူဟု အဓိပ္ပာယ် ထွက်သည်။ အမှန်တော့ သိရုံနှင့်မပြီး၊ အကုသိုလ်ကိုရှောင်၊ ကုသိုလ်ကိုဆောင်မှ လူဖြစ်သည်။ အကုသိုလ် ပြုခြင်းသည် အ၀ိဇ္ဇာကြောင့်ဖြစ်သည်။ ကုသိုလ်ကိုပြုခြင်းသည် ၀ိဇ္ဇာကြောင့် ဖြစ်သည်။ လူဟူသည်ဝိဇ္ဇာဖြစ်သည်၊ ၀ိဇ္ဇာဖြစ်ရမည်။
"လူသည်ပထမ လူဖြစ်အောင်ကြိုးစားရမည်။ ဒုတိယ တစ်ခုခုစွမ်းအောင် လုပ်ရမည်။ တတိယ ဆိုခဲ့သည့် အကောင်းတွေ ထည့်ပေါင်းပေးရမည်။ ထိုအခါ လူ+စွမ်း+ကောင်း ဖြစ်ပါလိမ့်မည်။"
        အဋ္ဌကထာဋီကာတို့ အဆိုအရ မနုဿန္နမှ မနုဿဟူ၍ ဖြစ်လာသည်။ သတိရှိခြင်း၊ ရဲရင့်ခြင်း၊ မြတ်သောအကျင့်အား လျောက်ပတ်သော ဂုဏ်တို့ဖြင့် ဆည်းပူးအပ်သော စိတ်ရှိ၍ အမြတ်ဆုံးဂုဏ်တို့ဖြင့် ဆည်းပူးအပ်သော စိတ်ရှိသူဟု အဓိပ္ပာယ်ထွက်သည်။ ဇမ္ဗူဒိပ်ကျွန်းသားတို့သည် မုချအားဖြင့် မနုဿအမည် ရသည်။
        ထက်မြက်သော စိတ်ရှိသူကို 'လူ'ဟုခေါ်၏။ မကောင်းမှုအရာ၌ ပဉ္စာနန္တရိယကံတိုင်အောင် ပြုရဲကြ၏။ ကောင်းမှုအရာ၌ ဘုရားဖြစ်သည့် တိုင်အောင် စွမ်းနိုင်ကြ၏။ ထိုသို့ ထက်မြက်သောစိတ်ရှိရကားဇမ္ဗူဒိပ် ကျွန်းသားတို့ကို မုချအားဖြင့်'မနုဿ' ဟုခေါ်၏။ အခြားကျွန်း၌ရှိသူတို့ ကားရုပ်ဆင်းပုံသဏ္ဌာန်တူကြသဖြင့် သဒိသူပစာရအားဖြင့် 'မနုဿ'ဟု ဆိုသည်။ သဂြိုဟ်ဘာ သာဋီကာ၌ ဤသို့ဆိုသည်။
       ပရမတ္ထမနုဿဟူသည် မြတ် သောလူ၊လူသားစင်စစ်ဟု အဓိပ္ပာယ် ရသည်။ တကယ့်လူစင်စစ်သည် ကောင်းကျိုးဆိုးကျိုးခွဲခြားသိရမည်။ ကံ၏ အကျိုးကို ယုံကြည်ရမည်။ အရှက်အကြောက်ရှိရမည်။ အများအပေါ် သနားညှာတာတတ်ရမည်။ သံဝေဂမကြာမကြာရရမည်။ ယူရမည်။ ဒုစရိုက်တရားတွေ ရှောင်ကြဉ်ရမည်။ သုစရိုက်တရားတွေကျင့်သုံးရမည်။ သို့မှပရမတ္ထမနုဿလူစင်စစ်ဖြစ်သည်။ ဘုရားမိန့်သော ရခဲသောလူ့အဖြစ်ဟူသည် ထိုပရမတ္ထမ နုဿဖြစ်သည်။
      လူသည် ပထမလူဖြစ်အောင် လုပ်ရမည်၊ လူဖြစ်အောင် ကြိုးစားရမည်၊ လူလူသူသူဖြစ်ရမည်၊ လူတစ်လုံးသူတစ်လုံးဖြစ်ရမည်၊ လူ ဖြစ်ပြီးသည့်နောက်ပိုင်း ဒုတိယတစ် ခုခုစွမ်းရမည်၊ လူထဲမှာ စွမ်းထည့်၍ ပေါင်းရမည်၊ သင်သည် တစ်ခု ခုမှ မစွမ်းလျင် လူညံ့ဖြစ်မည်။ လူတုံး(ငတုံး)ဖြစ်မည်။ ထို့ကြောင့် သင် သည် တစ်ခုခုတော့ စွမ်းမှဖြစ်မည်။
     'စွမ်း'ဟူသောပုဒ်နှင့် စပ်၍စွမ်းဆောင် -(ပြီးစီးအောင်မြင်အောင်လုပ်နိုင် သည်)၊ စွမ်းပကား-(ခွန်အား)၊ စွမ်းရည်-(လုပ်ကိုင်ဆောင်ရွက်နိုင်သော အရည်အချင်း)၊ စွမ်းအား-(လုပ်ကိုင်ဆောင် ရွက်နိုင်သော အင်အား)၊ စွမ်းစွမ်းတမံ (အစွမ်းကုန်ကြိုးစားသည်)၊ မြန်မာ အဘိဓာန်၌ ဤသို့ဖွင့်သည်။
    စွမ်းရည်သတ္တိဟုလည်း သုံးသဖြင့် မိမိ၏အစွမ်း၊ မိမိ၏ အရည်အချင်း သည် မိမိ၏ သတ္တိဖြစ်သည်။ ပညာ ရဲရင့်ပွဲလယ်တင့်ဟုဆိုသည့်အတိုင်း ပညာကသတ္တိကို မွေးဖွားပေးသည်။ ပညာကြောင့် သတ္တိရှိသည်။ သတ္တိရှိ လို့ ရဲရင့်သည်၊ လူပုံအလယ်၌ ပြောရဲဆိုရဲရှိသည်။ လုပ်ရဲကိုင်ရဲရှိသည်။ ထို့ကြောင့်ပွဲလယ်၌တင့်တယ်သည်။
         လူဆိုသည်မှာ ဘ၀ပေးတာဝန်အရ၊ သမိုင်းပေးတာဝန်အရ ၀န်တစ်ခုခုကိုတော့ ထမ်းနေကြရသည်။ ဆောင်နေကြရသည်။ ထမ်းဆောင် နေကြရသည်။ ထိုအခါ စွမ်းဖို့လိုသည်။ စွမ်းဆောင်ဟု ဆိုရာ၌ စွမ်းမှ သာ ဆောင်နိုင်သည်။ မစွမ်းက မဆောင်နိုင်၊ မစွမ်းဘဲ ဆောင်ခဲ့လျင် ရှေ့ကို ရွေ့မည်မဟုတ်၊ ရှေ့ကို ရောက်မည်မဟုတ်၊ မစွမ်းဘဲနှင့် ဆောင်နေလျင် ၀န်ထမ်းမဟုတ်ဘဲ ၀န်စီး သို့မဟုတ် ၀န်ထုပ်ဝန်ပိုးဖြစ်တတ်သည်။ ထို့ကြောင့် ၀န်စီးမဖြစ်စေဖို့၊ ၀န်ထုပ်ဝန်ပိုးမဖြစ်စေဖို့ မိမိ တို့ထမ်းသည့် ၀န်ကို မိမိတို့ ဆောင် နိုင်စွမ်းရှိဖို့ အရေးကြီးသည်။
         ဦးကနေ၍ ဆောင်မည်ဆိုလျင် လည်း အမှန်တကယ် ဆောင်နိုင်စွမ်း ရှိရမည်။ ပဲ့ကနေ၍ ဆောင်မည်ဆိုလျင်လည်း အမှန်တကယ်ဆောင်နိုင်စွမ်းရှိရမည်။ ရှေ့ကို တိုးသွား၊ တက် သွား၊ ရောက်သွားပါမှဆောင်နိုင်စွမ်း ရှိသူဟု သတ်မှတ်၍ရမည်။ မတိုး၊ မတက်၊ ခရီးမတွင်ပါလျင် မစွမ်းဘဲ နှင့် ဆောင်နေရာရောက်သည်။
        လူသည် တစ်ခုမဟုတ် တစ်ခု ထမ်းပိုးရွက်ဆောင်နေရသည်။ မိမိ ထမ်းပိုးရွက်ဆောင်နေသော ၀န်ကို ထမ်းပိုးနိုင်စွမ်း၊ ရွက်ဆောင်နိုင်စွမ်း ရှိရမည်။ သို့မှ တာဝန်ကျေပွန်သူ အဖြစ် သတ်မှတ်ရသည်။ တာဝန် ကျေပွန်မှသာ လူလိမ္မာဖြစ်သည်၊ မကျေပွန်လျင်လူမိုက်ဖြစ်သည်၊ ထို့ကြောင့် လူသည် မိမိဆိုင်ရာဆိုင်ရာ ၀န်နှင့်စပ်၍ စွမ်းနေဖို့လိုသည်၊ စွမ်းဆောင်ဖို့လိုသည်။
         လူထဲကို အစွမ်းတစ်ခုခုထည့် ပေါင်းပြီးနောက် တတိယအနေနှင့် 'ကောင်း'ဆိုတာကို ထည့်ပေါင်းဖို့လို သည်။ လူသည် အစွမ်းအစရှိ ရုံနှင့် လူတော်သာဖြစ်နိုင်သေးသည်။ လူကောင်းဖြစ်ဖို့အတွက် စိတ်ကောင်း  နှင့် အကျင့်ကောင်းနှစ်ခုကို ထည့်ပေါင်းပေးရမည်။ လူသည် စိတ်ကောင်းလည်းရှိမှ အကျင့်ကောင်း လည်းရှိမှ လူကောင်းဖြစ်သည်။
      လူတော်ဖြစ်လျက် စိတ်ကောင်း မရှိက လူကောင်းမဖြစ်နိုင်သလို အကျင့်ကောင်းမရှိ၊ အကျင့်မကောင်း ပြန်လျင်လည်း လူကောင်းမဖြစ်နိုင်၊ သက်ရှိသက်မဲ့ပတ်ဝန်းကျင်ကို ကောင်းအောင်လုပ်နိုင်တာက လူတော်မဟုတ်၊ လူကောင်းတွေသာဖြစ်သည်။ ထို့ကြောင့်လူသည် လူ ကောင်းဖြစ်ဖို့လိုသည်။ စွမ်းလည်း စွမ်း၊ ကောင်းလည်းကောင်းဆိုလျင်တော့ အတိုင်းအထက် အလွန်တံခွန် နှင့်ကုက္ကားသို့ ရှိချိမ့်မည်။
        လူ+စွမ်းထဲကို ကောင်းထည့် ပေါင်းရာ၌ မရှိမဖြစ်လိုအပ်တာကတော့ စိတ်ကောင်းနှင့်အကျင့်ကောင်းဖြစ်သည်။ ထို့အပြင် အခြားအကောင်းတွေကို ရှာဖွေကြည့်သောအခါ ကံလည်းကောင်းရမည်။ ဉာဏ်လည်းကောင်း ရမည်။ ၀ီရိယလည်းကောင်းရမည်။ ဇွဲလည်းကောင်းရမည်။ နေရာလည်း ကောင်းရမည်။ အမှီလည်းကောင်းရမည်။ မိတ်လည်းကောင်းရမည်။ အပေါင်း အသင်းလည်းကောင်းရမည်။
        ကံကောင်းဖို့အတွက် စေတနာကောင်းရမည်။ အလုပ်ကောင်းရမည်။ ဉာဏ်ကောင်းဖို့အတွက် ဗဟု သုတ လေ့လာလိုက်စားရမည်။နေရာကောင်း ဖို့အတွက် ပဋိရူပဒေသ၀ါသ ဖြစ်ရမည်။ ပဋိရူပဒေသ၀ါသကို ရွေးချယ် ၍အခြေချရမည်။ လူသည်ပထမလူ ဖြစ်အောင်ကြိုးစားရမည်။ ဒုတိယ တစ်ခုခုစွမ်းအောင်လုပ်ရမည်။ တတိယ ဆိုခဲ့သည့် အကောင်းတွေထည့်ပေါင်း ပေးရမည်။ထိုအခါလူ+စွမ်း+ကောင်း ဖြစ်ပါလိမ့်မည်။
ရင်းမြစ်။ ။http://www.first-11.com/index.php?option=com_content&view=article&id=2421:2010-03-22-07-26-29&catid=78:2009-11-13-06-25-17&Itemid=135
ဆန်ပြဿနာ၊ နိုင်ငံရေးတည်ငြိမ်မှုနဲ့ ခေတ်သစ်ဘူလင်ဂျာပူးလ်အဖွဲ့
မကြာသေးမီက ဆန်ကိစ္စနှင့်စပ်လျဉ်းပြီး စူးစူးရဲရဲ ဝေဖန်သံတချို့ ထွက်ပေါ်လာတာကို ကြားလိုက်ရတယ်။ အငြိမ်းစား ကုလသမဂ္ဂအရာရှိ၊ ထွန်းဖောင်ဒေးရှင်းဘဏ်၏ ဒါရိုက်တာတဦးဖြစ်သူ စီးပွားရေးပညာရှင် ဦးမြင့်က “ဆန်စပါးကဏ္ဍမှာ အထွက်တိုး၊ ၀င်ငွေတိုး၊ အလုပ်အကိုင် တိုးပွားလာမယ်ဆိုရင် ကျေးလက်ဒေသ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ပြည်တွင်းမှာလည်း ရိက္ခာပေါများလာမှာပါ” လို့ ဇန်န၀ါရီ (၁၀) ရက်နေ့က ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောသွားတာ ကြားလိုက်ရတယ်။ “မြန်မာပြည်က ပို့တဲ့ဆန်က များသောအားဖြင့် အရည်အသွေးညံ့တယ်။ ဒါကြောင့် တင်ပို့နှုန်း ပိုပြီးကျလာစရာရှိတယ်” လို့လည်း သူက ထောက်ပြဝေဖန်ထားသေးတယ်။
မနှစ်က အောက်တိုဘာလမှာ ဖိလစ်ပိုင်နိုင်ငံ စီဘူးကျွန်းမှာ ကမ္ဘာ့ဆန်ညီလာခံ လုပ်ခဲ့ပြီး မြန်မာပြည်က ဆန်ကုမ္ပဏီပေါင်း (၃၀) ခန့် သွားရောက်ပြသတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က ပြောတာလည်း ကြားလိုက်ပါတယ်။ ထိုင်း၊ ဗီယက်နမ်နဲ့ ပါကစ္စတန်နိုင်ငံတွေလို မြန်မာ့ဆန်လည်း ကမ္ဘာ့ဆန်ဈေးကွက်မှာ နေရာရရှိလာအောင် လုပ်မယ့်အကြောင်း ဦးစိန်ဝင်းလှိုင်က ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ ရောင်းချတဲ့ ကုမ္ပဏီကြီး (၂၀) ခန့်၊ ကုမ္ပဏီအသေး (၂၀) ခန့် ရှိကြောင်းလည်း သိရပါတယ်။ မြန်မာနိုင်ငံက တင်ပို့နေတဲ့ (၂၅ မှတ်) ဆန်ဟာ ဗီယက်နမ်နဲ့ ပါကစ္စတန်ဆန်တို့အောက် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၂၀ မှ ၅၀)၊ ထိုင်းဆန်အောက် (၁) တန်လျှင် ဒေါ်လာ (၅၀ နှင့် ၁၀၀) အထိ ဈေးနိမ့်နေသေးကြောင်း ဦးစိန်ဝင်းလှိုင်က ပြောထားတာ တွေ့ရတယ်။
ဇန်န၀ါရီလမှာ စပါးဈေး အနည်းငယ်မြင့်လာတာကြောင့် ကုန်သည်တွေက ဆန်ထုတ်လုပ်မှုကို ထိန်းထားတယ်။ ဒါကြောင့် ယခင်လထက် ရန်ကုန်ဈေးကွက်သို့ ဆန်အ၀င်လျော့လာကြောင်း၊ ဇန်န၀ါရီလအတွင်းက စပါးတင်း (၁၀၀) လျှင် ပေါ်ဆန်း ကျပ်ငါးသိန်းနှစ်သောင်း၊ ဧည့်မထ ကျပ်လေးသိန်းခန့်မှ ဖေဖော်ဝါရီလတွင် ပေါ်ဆန်း ငါးသိန်းခွဲ၊ ဧည့်မထ လေးသိန်းနှစ်သောင်းသို့ မြင့်တက်လာကြောင်း၊ ဖျာပုံမြို့နယ် ဆန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောတာလည့်း ညေါသည နြိငွေမသကစ သတင်းမှာ တွေ့လိုက်ပါတယ်။ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ ထုတ်ပြန်တဲ့ စာရင်းတွေအရ ဇန်န၀ါရီလမှာ ရန်ကုန်ဈေးကွက်သို့ (၁) ရက်လျှင် ဆန်အိတ်ရေ (၆၀ယ၀၀၀) ခန့် ၀င်ရောက်ခဲ့ရာမှ ဖေဖော်ဝါရီလမှာ (၁) ရက် ပျမ်းမျှ အိတ်ရေ (၄၅ယ၀၀၀) ခန့်သာ ၀င်တယ်လို့ ဆိုပါတယ်။
“စပါးပေါ်ချိန်မှာ ဈေးတက်တာက ဒီနှစ် အထွက်လျော့လို့ ဖြစ်ပါတယ်။ ကုန်ရှားတော့ ၀ယ်သူက လုနေရတဲ့အတွက် စပါးဈေးက မာနေတာပါ။ စပါးဈေးမာတော့ ကုန်သည်က သိပ်မကိုက်တဲ့အတွက် ဆန်ကို ထိန်းကြိတ်နေပါတယ်” လို့ ဦးမြင့်သိန်းက ဆိုပါတယ်။
ဆန်ဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးခဲလို့ အဆိုရှိပါတယ်။ ဆန်စပါးကဏ္ဍကိုသာ စနစ်တကျ စီမံခန့်ခွဲတတ်ရင် တိုင်းပြည်အေးချမ်းဖို့ ငါးဆယ်ရာနှုန်း သေချာပါတယ်။ ဆန်ဈေး လိုတာထက် ပိုတက်လာတိုင်း နိုင်ငံမငြိမ်မသက်ဖြစ်တတ်တာ အစဉ်အလာ ဖြစ်နေပါပြီ။ တိုင်းပြည်အတွက် အခွန်ဘဏ္ဍာနဲ့ နိုင်ငံခြားငွေကို အဓိကရှာပေးတာလည်း ဆန်စပါးပါပဲ။ မြန်မာ့လူဦးရေ (၈၀) ရာနှုန်းဟာ ဆန်စပါးနဲ့ ဆက်စပ်ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို မှီခိုနေကြရတယ်လို့လည်း မှတ်တမ်းမှတ်ရာတွေ ရှိပါတယ်။ အကြောင်းကတော့ ဆန်ဟာ ထမင်းချက်စားဖို့ သက်သက်မျှသာမကဘဲ အမှုန့်ပြုပြီး ပေါင်မုန့်နဲ့ မုန့်အမျိုးမျိုးပြုလုပ်ခြင်း၊ ဆန်ကြာဆံ၊ ဆန်ခေါက်ဆွဲ စတာတွေလည်း ထုတ်လုပ်ခြင်း၊ အထည်အလိပ်တွေ ကော်တင်ရာမှာသုံးဖို့ ကော်အမျိုးမျိုးလုပ်ခြင်း၊ ဆန်ကွဲကနေ အရက်နဲ့ ဘီယာချက်လုပ်ခြင်း၊ ဖွဲနုကျပြန်တော့ စားသုံးဆီ၊ ဗီတာမင်ဆေးပြား၊ တိရစ္ဆာန်အစာ … စတာတွေ ထုတ်လုပ်နိုင်ခြင်း၊ ကောက်ရိုးကျတော့ ကျွဲ နွားအတွက် ရိက္ခာဖြစ်တဲ့အပြင် ကတ်ပြားစက္ကူလည်း ထုတ်လုပ်နိုင်ခြင်း၊ နောက်ဆုံး ဖွဲကြမ်း ဖွဲပြာကအစ လူ့အသုံးအဆောင် အဖြစ် အသုံးဝင်တာတွေ့နိုင်ပါတယ်။ အလဟဿဖြစ်တာ ဘာတခုမှမရှိပါဘူး။
ဒါကြောင့် ဆန်စပါးထုတ်လုပ်ရေးနဲ့ အဓိကဆန်စပါးစိုက်ပျိုးထုတ်လုပ်ပေးသူ လယ်သမားတို့ရဲ့ ရပိုင်ခွင့်တို့ကို မှန်မှန်ကန်ကန် စီမံဆောင်ရွက်ပေးနိုင်ခြင်းကိစ္စဟာ နိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်မှုအတွက် ပဓာနအချက် ဖြစ်လာပါတယ်။ ဒုတိယကမ္ဘာစစ် မတိုင်မီကာလက ကမ္ဘာ့ဆန်ဈေးကွက်မှာ တနှစ်လျှင် ပျမ်းမျှဆန်တန်ချိန် (၇) သန်းခန့် ရောင်းဝယ်ဖောက်ကားမှုရှိပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံရဲ့ ပြည်ပသို့ ဆန်တင်ပို့ရောင်းချမှု ပမာဏဟာ တန်ချိန် (၃.၅) သန်းဝန်းကျင် ဖြစ်ပါတယ်။ ကမ္ဘာ့ဆန်ဈေးကွက်ရဲ့ (၅၀) ရာခိုင်နှုန်းကို မြန်မာနိုင်ငံက စိုးမိုးထားတာတွေ့နိုင်ပါတယ်။ ပထမကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ အခြေခံစားကုန်ဖြစ်တဲ့ ဆန်ဈေးကောင်းလာတာတွေ့ရပြီး မြန်မာနိုင်ငံရဲ့ ဆန်စပါးထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း အထူးဖွံ့ဖြိုးလာပါတယ်။ မြန်မာ၊ တရုတ်နဲ့ အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ကုန်းလမ်း၊ ရေလမ်း၊ မီးရထားလမ်းတလျှောက် စပါးအများအပြားထွက်ရာ အချက်အချာကျတဲ့ မြို့ရွာတွေမှာ တနေ့ ဆန်တန်ချိန် (၁၀) ကနေ (၁၀၀) အထိ ကြိတ်ခွဲနိုင်တဲ့ ဆန်စက်တွေ တည်ဆောက်ခဲ့ကြောင်း မှတ်တမ်းများ တွေ့ရတယ်။
“၁၉၃၃ ခုနှစ် စက်ရုံဥပဒေ” အရ မှတ်ပုံတင်ထားတဲ့ ဆန်စက်ပေါင်း (၆၁၂) လုံးရှိပြီး ဆန်စက်အလုပ်သမားပေါင်း (၄၉ယ၃၃၂) ဦး ရှိတယ်လို့ ဆိုတယ်။ ဆန်စက် (၆၁၂) လုံးအနက် (၄၅) လုံးကို ဥရောပတိုက်သားတွေ ပိုင်ကြောင်း သိရတယ်။ အဲဒီစက် (၄၅) လုံးဟာ ဆန်စက်ကြီးတွေဖြစ်လို့ အလုပ်သမား (၁၉ယ၅၃၀) ဦး ရှိတယ်လို့ မှတ်တမ်းတွေအရ သိရတယ်။ အဲဒီထဲက အများစုကို အင်္ဂလို-ဘားမား ဆန်ရောင်းဝယ်ရေးကုမ္ပဏီ၊ စတီးဘရားသားကုမ္ပဏီ ၊ ဘူးလော့ဘရားသား ကုမ္ပဏီ ၊ အယ်လာမန်အာရကန် ဆန်ရောင်းဝယ်ရေးကုမ္ပဏီ ၊ ဆိုတဲ့ ကုမ္ပဏီ (၄) ခုက ပိုင်ပါတယ်။ ဒီကုမ္ပဏီ (၄) ခုက မြန်မာနိုင်ငံ သင်္ဘောဆိပ်မြို့ကြီးတွေမှာ ဆန်စက်ကြီး (၂၁) လုံး ပိုင်တယ်။ နှစ်စဉ် ပြည်ပပို့ ဆန်တန်ချိန် သုံးသန်းကျော်အနက် (၃၅) ရာခိုင်နှုန်းကို ဒီ ကုမ္ပဏီ (၄) ခုက တင်ပို့တယ်။
မြန်မာ့ဆန်စပါးသမိုင်းကို ပြောတဲ့အခါ မပါရင်မပြီးတဲ့ ဘူလင်ဂျာပူးလ် (ကြူငညါနမ ဏသူ) ဆိုတဲ့ “ဆန်စပါးလက်ဝါးကြီးအုပ် ရောင်းဝယ်ရေးအသင်းကြီး” ကို ဒီ ကုမ္ပဏီ (၄) ခုက ဖွဲ့ခဲ့တာဖြစ်တယ်။ ဘူလင်ဂျာပူးလ်ကို ဖွဲ့ရတဲ့ ရည်ရွယ်ချက်က ဆန်စပါးရောင်းဝယ်ရေးမှာ ဈေးနှုန်းတညီတညွတ်တည်းဖြစ်အောင် ထိန်းညှိပေးဖို့ ချမှတ်နိုင်ဖို့လို့ ဆိုပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဘူလင်ဂျာပူးလ်က တောင်သူလယ်သမားတွေထံမှ စပါးများကို အဆမတန် ဈေးနှိမ်ဝယ်ယူခဲ့တာဖြစ်တယ်။ ပြည်ပတင်ပို့တဲ့အခါ အမြတ်ကြီးစွာရခဲ့ကြတယ်။ ဗြိတိသျှအရင်းရှင်ကြီးများ စိတ်ကြိုက်ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်လို့ မြန်မာတောင်သူလယ်သမားတို့ အကျိုးစီးပွားကို မျက်ကွယ်ပြုခဲ့ကြတယ်။ မြန်မာ့စီးပွားရေးကို ဗြိတိသျှအရင်းရှင်များ စနစ်တကျ ခြယ်လှယ်အမြတ်ထုတ်ခဲ့ပုံကို ထင်ရှားစေတဲ့ သာဓကဟာ ဘူလင်ဂျာပူးလ်ပါပဲ။ ဘူလင်ဂျာပူးလ်ရဲ့ ဈေးနှိမ်မှု၊ ဈေးကစားမှု၊ အမြတ်ကြီးစားမှုတွေကြောင့် မြန်မာတောင်သူလယ်သမားတွေ ဆင်းရဲတွင်းနက်ခဲ့ကြရာက ၁၉၃၀ ခုမှာ ဆရာစံ ဦးဆောင်တဲ့ တောင်သူလယ်သမားအရေးတော်ပုံ ပေါ်ခဲ့ရတာဖြစ်ပါတယ်။
၁၉၆၇ ခု သြဂုတ်လ (၁၃) ရခိုင်ပြည်နယ်၊ စစ်တွေဆန်အရေးအခင်း ပေါ်ပေါက်ခဲ့တာကို ပြန်လှန်သုံးသပ်ရင် အဲဒီနှစ် မတ်လ (၂) ရက် ဗိုလ်နေ၀င်း စစ်အာဏာသိမ်း (၅) နှစ် မြောက်မှာ “ဗဟိုတောင်သူလယ်သမားကောင်စီ” ဖွဲ့တာက စပြောရမယ်ထင်ပါတယ်။ ဆန်စပါး ရောင်းတာ၊ ၀ယ်တာ၊ ကြိတ်ခွဲတာ၊ သိုလှောင်တာ၊ သယ်ပို့တာတွေကို ကန့်သတ်ချုပ်ချယ်မှုက အစပြုတာပါပဲ။ လိုရင်းပြောရရင် “ဗဟိုတောင်သူလယ်သမား ကောင်စီ” က ဆန်စပါး လွတ်လပ်စွာ ရောင်းဝယ်မှုကို ပိတ်ပင်ဟန့်တားလိုက်တယ်။ လယ်သမားဆီက စပါးကို စစ်ကောင်စီက ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဈေးနှိမ်ဝယ်တယ်။ နိုင်ငံခြားဆန်တင်ပို့ရောင်းချမှုကို စစ်ကောင်စီက လက်ဝါးကြီးအုပ်လိုက်တယ်။ အကျိုးဆက်ကတော့ လယ်သမားမှာ ၀မ်းစာတောင်မကျန်။ ဆန်ရှားပါးမှုနဲ့ တပြည်လုံး ရင်ဆိုင်ခဲ့ရတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ရခိုင်ပြည်နယ်မှာတော့ အငတ်ဘေးဆိုက်တဲ့အထိဖြစ်ရပြီး ဆန်လုပွဲတွေ ပေါ်ခဲ့ပါတယ်။ ပြည်သူတွေ ရက်ရက်စက်စက် အစုလိုက် ပစ်သတ်ခံခဲ့ရပါတယ်။ ချုပ်လိုက်ရင် “ဗဟိုတောင်သူလယ်သမားကောင်စီ” ဟာ “ဘူလင်ဂျာပူးလ်” နေရာကို ၀င်ယူလိုက်ရုံမက ရက်ရက်စက်စက်လည်း လူသတ်ပြခဲ့ပါတယ်။
အလားတူ ၁၉၇၄ ခုနှစ် အလုပ်သမားဆန္ဒပြမှုဖြစ်စဉ်ကို လေ့လာရင်လည်း ဆန်ရှားပါးမှုဟာ ပြဿနာရဲ့ သော့ချက်ဖြစ်နေတာ တွေ့ရပြန်ပါတယ်။ ဒီနေရာမှာ မဆလအစိုးရရဲ့“၁၉၇၄ အလုပ်သမားဆန္ဒပြမှု စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ” မှာပါတဲ့ သုံးသပ်ချက်တခုကို ဖော်ပြလိုပါတယ်။
“အလုပ်သမားဆန္ဒပြမှု ဖြစ်ပွားသည့် နေရာတိုင်းလိုပင် ဆန်အလုံအလောက်ရရှိရေးနှင့် ကုန်ဈေးနှုန်းကျဆင်းရေး၊ လုပ်ခလစာနှုန်း တိုးမြှင့်ပေးရေး တောင်းဆိုချက်များ တင်ပြကြကြောင်း တွေ့ရပါသည်။ တနည်းဆိုရလျှင် စီးပွားရေးကျပ်တည်းမှုကို ရင်ဆိုင်နေရကြောင်း ထင်ရှားပါသည်။ ဆန်ဈေးမှာ ၁၉၇၂ ခုနှစ် ကတည်းကပင် အတက်အကျများ ရှိသော်လည်း အတက်များပြီး အကျနည်းသောကြောင့် တရိပ်ရိပ် မြင့်တက်လာခဲ့ပါသည်။
ဗဟိုစာရင်းအင်းအဖွဲ့ထုတ်ပြန်ချက်အရ ၁၉၇၃ ခုနှစ် မေလအတွင်းက ကုန်သွယ်ရေးမှ ဖြန့်သော ငစိန်ဆန်ဈေးသည် တပြည် (၁) ကျပ်ဖြစ်၍ အပြင်ပေါက်ဈေးသည် (၁) ကျပ် (၅၀) ပြားသာ ရှိပါသည်။ ၁၉၇၄ ခုနှစ် မေလတွင် ကုန်သွယ်ရေးမှ ဖြန့်သော ဈေးမှာ (၁) ကျပ် (၄၅) ပြားဖြစ်လာပြီး အပြင်ပေါက်ဈေးမှာ (၃) ကျပ် (၅၀) ပြား ဖြစ်လာပါသည်။ ကုန်သွယ်ရေးမှ ဖြန့်ဖြူးရာ၌လည်း ၁၉၇၃ ခုနှစ်ကတည်းက မူလဖြန့်ဖြူးပေးခဲ့သော နှုန်းထက် တ၀က်ခန့်လျော့ခဲ့ပြီး ၁၉၇၄ ခုနှစ် ဧပြီလတွင် ထပ်မံလျှော့ချ ခဲ့ပါသည်။ ဤသို့ ဆန်ကို လျော့နည်းဖြန့်ဖြူးခြင်းကြောင့် အလုပ်သမားများမှာ များစွာနစ်နာပါသည်။” (အလုပ်သမားဆန္ဒပြမှု စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ ၁၉၇၄)
တကယ်တော့ မြန်မာနိုင်ငံအတွင်း လူ (၅) သန်းခန့် စားနပ်ရိက္ခာ အခက်အခဲနှင့် ရင်ဆိုင်နေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO ) က ထုတ်ပြန်ဖူးပါတယ်။FAO ရဲ့ အဆိုအရ မြန်မာဆန်စပါးထုတ်လုပ်မှုဟာ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရပေမယ့် ၂၀၀၉-၂၀၁၀ ရာသီမှာ ပြန်နာလန်ထူလာပြီလို့ ဆိုပါတယ်။ ဒီနှစ် မြန်မာနိုင်ငံက စပါးတန်ချိန် (၃၁.၅) သန်း၊ ဆန်အနေနဲ့ တန်ချိန် (၁၉.၈) သန်း ထွက်ဖို့ရှိတယ်လို့ င်္ဗဥ က ခန့်မှန်းထားပါတယ်။ ဒါကြောင့် ဒီနှစ် မြန်မာက ပြည်ပဆန်တင်ပို့မှု ပိုများလာမယ်လို့ ခန့်မှန်းထားကြပါတယ်။
ဘန်ကောက်က ဆန်ကုန်သည်တဦးရဲ့အဆိုအရ ဆန်ကွဲ (၅) ရာခိုင်နှုန်းပါတဲ့ ဆန်ဖြူအမျိုးအစား တတန်ကို ထိုင်းက (၅၄၀) ဒေါ်လာ ရောင်းတယ်။ ဗီယက်နမ်က (၄၃၀) ဒေါ်လာ ရောင်းတယ်။ မြန်မာကတော့ (၃၅၀) ဒေါ်လာနဲ့ ရောင်းတယ်လို့ သိရပါတယ်။ ဒါပေမယ့် မြန်မာဆန်ကို ဆင်းရဲတဲ့ အာဖရိကနိုင်ငံတွေက ၀ယ်ကြတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ ဆန်ကုန်သည်တွေရဲ့ မြန်မာနိုင်ငံအပေါ်ပေးထားတဲ့ မှတ်ချက်တချို့ရှိပါတယ်။ ဆန်အရည်အသွး ထိန်းသိမ်းမှုညံ့ဖျင်းခြင်း၊ သိုလှောင်ထားရှိမှုစနစ်များ မကောင်းခြင်း၊ သင်္ဘောတင်ပို့ချိန် နောက်ကျလေ့ရှိခြင်းတွေကြောင့် မြန်မာဆန် ဈေးကောင်းမရတာလို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာဆန် အထွက်နှုန်း နိမ့်တာဟာ ဓာတ်မြေသြဇာ သုံးတဲ့နှုန်း နည်းခြင်းကြောင့်လို့ ပြောပါတယ်။ င်္ဗဥ ရဲ့အဆိုအရ ထိုင်းနိုင်ငံက တဧက ဓာတ်မြေသြဇာသုံးတဲ့နှုန်း မြန်မာထက် (၆.၈) ဆ မြင့်တယ်လို့ ဆိုတယ်။ ဗီယက်နမ်က (၆.၃) ဆ၊ ဘင်္ဂလားဒက်ရှ်က (၅.၈) ဆ မြန်မာထက်မြင့်ပါသတဲ့။
ထိုင်းကုန်သည်ရဲ့အဆိုအရ မြန်မာဟာ အဓိက ဆန်တင်ပို့တဲ့ နိုင်ငံဖြစ်လာဖို့ အလားအလာတွေရှိပေမယ့် အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ အချိန်အတော်ကြာကြာယူရဦးမယ်လို့ ပြောပါတယ်။ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ တဧက အထွက်နှုန်းက တင်း (၂၀၀) ထွက်ပါတယ်။ (သူတို့ တတင်းက ၄၆ ပေါင် သို့မဟုတ် ၂၁ ကီလိုရှိပါတယ်)။ မြန်မာက တင်း (၆၀) ပဲ ထွက်တယ်လို့ ဦးချစ်ခိုင် (ဥက္ဏဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း) က ပြောကြောင်း ဖေဖော်ဝါရီလ (၂) ရက်၊ ၂၀၁၀ ရိုက်တာသတင်းမှာ တွေ့ရပါတယ်။
အခုအချိန်အထိ ဆန်တန်ချိန် တသန်းကျော် ပြည်ပသို့ တင်ပို့ထားပြီး ယခုဘဏ္ဍာရေးနှစ်အတွင်း တင်ပို့မှုပမာဏ ဘယ်လောက် ထပ်မံမြင့်တက်လာမယ်ဆိုတာ လာမယ့် နွေစပါးအထွက်ပေါ်မှာ မူတည်တယ်လို့ ဆန်တင်ပို့သူလုပ်ငန်းရှင်များက ယူဆကြောင်း နူနလနည နြိငွေမသကစ သတင်းမှာ ဖော်ပြတာတွေ့ရတယ်။ လောလောဆယ် ပြည်ပနိုင်ငံအချို့မှ မြန်မာလုပ်ငန်းရှင်တွေထံ ဆန်ဝယ်ယူဖို့ ကမ်းလှမ်းထားမှုတွေရှိပေမယ့် မြန်မာလုပ်ငန်းရှင်တွေက လက်မခံသေးဘဲ နွေစပါးထွက်နှုန်းကို စောင့်ကြည့်ပြီးမှသာ လက်ခံတင်ပို့သွားမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းဌာနရဲ့ အထွေထွေအတွင်းရေးမှူးချုပ် အပီချတ် ကျုံစကူးလ် ရဲ့ သုံးသပ်ချက်အရ ဒေသတွင်း နိုင်ငံအစိုးရတွေအနေနဲ့ ဆန်စပါးပိုမိုထွက်ရှိအောင် အားထုတ်လာတာ တွေ့ရကြောင်း ထောက်ပြပါတယ်။ ပြီးခဲ့တဲ့နှစ် တကမ္ဘာလုံးရဲ့ ဆန်တင်ပို့မှု ပမာဏက တန်ချိန် (၂၉.၃) သန်း ရှိရာမှာ၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံများရဲ့ စုစုပေါင်းတင်ပို့မှုဟာ တန်ချိန် (၂၁.၃၂) သန်း ဖြစ်ပါတယ်။ ဒီနှစ် တကမ္ဘာလုံးရဲ့ ဆန်တင်ပို့မှု ပမာဏက တန်ချိန် (၃၀.၈၄) သန်းရှိမယ် ခန့်မှန်းပြီး အထက်ပါ (၆) နိုင်ငံရဲ့ဝေစုက တန်ချိန် (၂၃.၄) သန်း ရှိမယ်လို့ အပီချတ်က ဆိုပါတယ်။ အဲဒီအနက် ထိုင်းတနိုင်ငံတည်းက တန်ချိန် (၁၀) သန်း ပို့မှာဖြစ်ပါသတဲ့။
အစိုးရတွေအနေနဲ့ ဆန်စပါးအထွက်တိုးအောင် စီမံဆောင်ရွက်နိုင်ရင် လယ်သမားတွေကို ၀င်ငွေတိုးစေပြီး ဆင်းရဲမွဲတေမှု ပြဿနာ ဖြေရှင်းရေး၊ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားပြဿနာ ဖြေရှင်းရေးနဲ့ တခြားပြည်တွင်းရေးကိစ္စတွေ ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေတယ်လို့ အပီချတ်က ဆိုပါတယ်။
တချိန်က ကမ္ဘာ့နံပါတ် (၁) ဆန်ထွက်တဲ့ မြန်မာနိုင်ငံအနေနဲ့ ဆန်စပါးပိုမိုထွက်ရှိအောင် အားထုတ်လာတာတွေ့ရပေမယ့် ပြည်တွင်းနိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဒေသတွင်းမှာ တခြားနိုင်ငံတွေထက် အများကြီး နောက်ကျကျန်ရစ်တယ်လို့ ထိုင်းနိုင်ငံ နိုင်ငံခြားဆန်တင်ပို့ရေးအဖွဲ့ ဥက္ကဋ္ဌ ချူးကီယက် အိုဖာဆဝေါင်ဆီ  က သုံးသပ်ပါတယ်။ တကယ့်လက်တွေ့မှာလည်း ဆန်ဟာ “နိုင်ငံရေးသီးနှံ” လို့ ပြောရမှာပါပဲ။ အာဏာသိမ်း မဆလစစ်အစိုးရဟာ အဓိက “ဆန်ပြဿနာ” ကို မဖြေရှင်းနိုင်ခဲ့လို့ နောက်ဆုံးဇာတ်သိမ်းမလှဖြစ်ခဲ့ရတာပဲ။ “ဆန်ပြဿနာ” နဲ့ “နိုင်ငံရေးတည်ငြိမ်မှု” ဟာ ဒင်္ဂါးတပြားရဲ့ ခေါင်းနဲ့ ပန်းပါပဲ။
အခုလက်ရှိ နအဖစစ်ကောင်စီခေတ်မှာတော့ စစ်အစိုးရနဲ့ နီးစပ်သူ ဦးတေဇပိုင် ထူးကုမ္ပဏီ၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့သား ပိုင်ဆိုင်တဲ့ ဧရာရွှေဝါကုမ္ပဏီ၊ ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ဒါရိုက်တာ ဗိုလ်ချုပ်ကြီး တင်အေးရဲ့သား ဦးဇော်မင်းအေး၊ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးရဲ့သား ပိုင် ဧရာဟင်္သာကုမ္ပဏီတို့ လက်ရှိ ဆန်တင်ပို့ခွင့် ပါမစ်ရရှိပြီး ဆန်တင်ပို့နေတယ်လို့ ဆိုပါတယ်။ သူတို့အုပ်စုကို စစ်အာဏာရှင် အသိုင်းအ၀ိုင်းရဲ့“ဘူလင်ဂျာပူးလ်” အဖွဲ့လို့ ဆိုရမယ်ထင်ပါတယ်။ ဒီနှစ်အတွင်း ဆန်တန်ချိန် (၃) သန်းကျော် ပြည်ပနိုင်ငံသို့ တင်ပို့ရောင်းချဖို့ ရည်ရွယ်တယ်လို့ သတင်းတွေက ဆိုပါတယ်။
ကိုလိုနီခေတ် “ဘူလင်ဂျာပူးလ်” ရဲ့ဆန်ဈေးကွက်လက်ဝါးကြီးအုပ်မှုကြောင့် ဆရာစံ လယ်သမားသူပုန်ထခဲ့ကြတယ်။ အခု စစ်အုပ်စု “ဘူလင်ဂျာပူးလ်” ကရော လယ်သမားတွေကို ၀င်ငွေတိုးစေပြီး ဆင်းရဲမွဲတေမှုလျော့ပါးအောင် လုပ်ပေးမှာလား။ ဒါမှမဟုတ် စစ်ဗိုလ်ချုပ်ကြီးတစုနဲ့ ဆွေမျိုးသားချင်းတွေ အလိုတော်ရိတွေကို ချမ်းသာသထက် ချမ်းသာအောင် စီးပွားရေး အရင်းအမြစ်အားလုံးကို လက်ဝါးကြီးအုပ်ဖို့လား။
အဖြေက မြင်နေရပါပြီ။ ဆန်ကွဲတပြည် ကျပ် (၉၀၀)၊ ငစိန်တပြည် ကျပ် (၁၂၀၀)။ ဆန်ဈေးတက်မှုရဲ့ အကျိုးဆက်အဖြစ် လတ်တလော ရန်ကုန်က စက်ရုံပေါင်း (၂၀) လောက်မှာ လုပ်အားခ တိုးတောင်းတဲ့ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေပြီး တခြားစက်ရုံတွေကိုလည်း နေ့စဉ်ဆိုသလို ကူးစက်နေလာနေပါတယ်။ စစ်အာဏာပိုင်တွေ ဒီပြဿနာကတဆင့် သူတို့အာဏာကို စိန်ခေါ်လာမှာ စိုးရိမ်နေကြပါပြီ။ လုံခြုံရေးကို အထပ်ထပ်အတန်တန် စီမံနေကြပါပြီ။ ဒါပေမယ့် ခေတ်သစ် “ဘူလင်ဂျာပူးလ်” က နိုင်ငံခြားဈေးကွက်ဝင်အောင် စံချိန်မီ ဆန်ထုတ်လုပ်နေရတဲ့အတွက် စရိတ်စကကြီးလာတာနဲ့အမျှ ဆန်ဈေးကလည်း မြင့်သထက် မြင့်လာနေပါပြီ။ ပြည်တွင်း အလုပ်သမား၊ လယ်သမားတွေ အတွက် “မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း” က စနစ်တကျ တွက်ချက်ထုတ်လုပ်ရောင်းချပေးဖို့ အစီအစဉ် ရှိထားပါရဲ့လား။ “ဆန်ပြဿနာ” နဲ့ “နိုင်ငံရေးတည်ငြိမ်မှု” ဟာ ဒင်္ဂါးတပြားရဲ့ ခေါင်းနဲ့ပန်းလို ဒွန်တွဲနေတယ်ဆိုတဲ့ သင်ခန်းစာကို မေ့လျော့ထားရင်တော့ နအဖရဲ့“၂၀၁၀ ရွေးကောက်ပွဲ” ဟာ ခေတ်သစ်ဘူလင်ဂျာပူးလ်အဖွဲ့ရဲ့ လောဘကြောင့် ပျက်ဖို့ကိန်းမြင်နေရကြောင်းပါ။
ကိုးကား။
(၁) မြန်မာ့ဆန်စပါးရောင်းဝယ်ရေးသမိုင်း၊ ရေးသူ- ဦးဝင်းမောင် (ကောက်ပဲသီးနှံ)။
(၂) အလုပ်သမားဆန္ဒပြမှု စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ (၁၉၇၄)။
(၃) Myanmar Plans Reforms to Revive Rice Sector (Source: Reuters 12/02/2010)
(၄) Filling the rice bowl: Newspaper section: Business, Published: 8/03/2010, Bangkok Post.
ဇင်လင်း
၂၂။ မတ် ၂၀၁၀
ရင်းမြစ်။ ။ခေတ်ပြိုင်
သန့်ရှင်း - တည်မြဲ ကွဲဖို့မလိုပါ
ကျနော်တို့ မမွေးခင် ၁၉၅၈-ခုနှစ် ဖ-ဆ-ပ-လကြီး ကွဲတုန်းက၊ အဖွဲ့ချုပ်ကြီး သန့်ရှင်းဖို့ လိုသည်ဟု ခံယူသော-နုတင်နှင့်၊ ဘာဘဲဖြစ်ဖြစ် အဖွဲ့ချုပ်ကြီး တည်မြဲရေးသည် အရေးကြီးဆုံးဟု ခံယူသော ဆွေငြိမ်းအုပ်စုများ အာဏာပြိုင်ကြတာ ဖြစ်သည်ဟု လေ့လာ မှတ်သားခဲ့ရပါသည်။
အခုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီးတွင်၊ အဖွဲ့ချုပ်၏ လိပ်ပြာ၊ သိက္ခာ၊ သန့်ရှင်းဖို့က အဓိကဟူသော အယူအဆနှင့် အဖွဲ့ချုပ် တည်မြဲဖို့အရေးကြီးသည် ဟူသော အယူအဆ၊ နှစ်မျိုး ကွဲနေတာကို မြင်နေကြားနေရပါသည်။ ထူးဆန်းစွာ တိုက်ဆိုင်နေသည်က တည်မြဲဘို့လို သည်ဟု ယူဆသူများကို ခေါင်းဆောင်သူများကလည်း ဆွေငြိမ်း ဖြစ်နေခြင်း ဖြစ်ပါသည်။
စစ်အစိုးရက၊ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေများကို ထုတ်လိုက်သောအခါ၊ မထင်ခဲ့တာတွေ ဖြစ်လာပါသည်။ ရွှေဂုံတိုင် ကြေညာစာတမ်းတုန်းက၊ ဥပဒေတွေ ထွက်လာရင်၊ ရွေးကောက်ပွဲ ဝင်မဝင် စဉ်းစားမည်ဟု ဆိုခဲ့သည်။
အခု မှတ်ပုံတင်ခြင်း ဥပဒေ တကယ်ထွက်လာတော့ ပါတီ ဆက်ရှိမည်၊ မရှိမည်ကိုပင် မစဉ်းစားဘဲမရ စဉ်းစားရပါပြီ။ ဥပဒေတွေ နည်းဥပဒေတွေအရ ပါတီဆက်ပြီး ရပ်တည်လိုလျှင် ထောင်ဒဏ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရမည်၊ ပြီးတော့ မှတ်ပုံတင်ခွင့် လျှောက်ထားသူ (၁၅) ဦးလုံးက၊ တဦးချင်း၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ပါမည်ဟု ဝန်ခံကတိ လက်မှတ် ရေးထိုးရဦးမည်။ ထို့ပြင် ရွေးကောက်ပွဲတွင် အနည်းဆုံး အမတ်နေရာ (၃) နေရာ မဝင်မဖြစ် ဝင်ရဦးမည်။
ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကလည်း ရှင်းပါသည်။ ဤဥပဒေသည် ဥပဒေ အင်္ဂါရပ်နှင့် မညီပါ။ မတရားပါ။ ထို့ကြောင့် ကန့်ကွက်ပါမည်။ ထိုကိစ္စများပြီးမှ ပါတီ မှတ်ပုံတင်ဖို့ စဉ်းစားတာပေါ့ဟူ၍ ဖြစ်ပါသည်။ ဆိုလိုသည်ကတော့ ဆက်လက် တိုက်သွားမည်။ ထိုကာလအတွင်း မှတ်ပုံ မတင်လိုက်ရလို့အဖွဲ့ချုပ် အလိုအလျောက် ပျက်ချင်လဲ ပျက်ပါစေဟု ဆိုလိုပါသည်။ အဖွဲ့ဝင်ထု၏ ဆုံးဖြတ်ချက်ကို လိုက်နာပါမည်ဟု ဆိုခြင်းမှာလဲ ဒီမိုကရေစီ ခေါင်းဆောင်၏ အင်္ဂါရပ်ကို ဖော်ပြခြင်း ဖြစ်သည်။
အဖွဲ့ဝင်ထုက သူ့ကို ဘေးခနဖယ်ထားပြီး ရွေးကောက်ပွဲ ဝင်မည်ဟု ဆုံးဖြတ်မှတော့၊ ထိုအဖွဲ့အစည်း အတွင်းတည်းမှာ တွယ်ကပ်နေပါရ စေဆိုလျှင် ခေါင်းဆောင် ပီသပါ့မလား။
တည်မြဲအုပ်စုကတော့ ဒီလို မစဉ်းစားပါ။ ကောက်ကွေးသော ယုတ္တိကို သုံးထားပါသည်။ ဒေါ်အောင်ဆန်းစုကြည် တရားဥပဒေအတိုင်း ဆက်လက် တိုက်ပွဲဝင်ဘို့၊ တရားဝင် အဖွဲ့အစည်း လိုသည်။ အဖွဲ့အစည်းကို တရားဝင် မှတ်ပုံတင်ဘို့ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ထဲက ထုတ်သင့်လျှင် ထုတ်ရမည်တဲ့။
မှတ်ပုံတင်ဘို ၊့ ၁၉၉၃ ခုနှစ်ကတည်းက လက်မခံနိုင်ပါဟု ဆိုခဲ့သော၊ အခုလည်း လက်မခံဟု ကန့်ကွက်ထားသော ၂၀၀၈ အခြေခံဥပဒေကို ‘ထိန်းသိမ်းစောင့်ရှောက်’ ပါမည်ဟု ဝန်ခံလက်မှတ်ထိုးမည်၊ ထိန်းသိမ်းစောင့် ရှောက်ခြင်းသည် လက်ခံခြင်း၊ လိုက်နာခြင်း မဟုတ်ပါတဲ့။ ဘယ်လို စဉ်း စားကြသလဲ မသိပါ။ နောက်ပြီး ဆိုပါသေးသည်၊ နှစ်နှစ်ဆယ်ကျော်လုံးလုံး စွန့်လွှတ် အနစ်နာခံပြီး အ ဖွဲ့ချုပ်အတွက် လုပ်ကိုင်ခဲ့ကြသူများအတွက် အဖွဲ့ဆက်ရှိရမည်တဲ့။ ထိုအဖွဲ့ဝင်များထဲက ဘယ်သူတွေကများ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ပါလို့တောင်းဆိုဘူးခဲ့ပါလဲ။
ခေါင်းဆောင်တယောက်က ဆိုပြန်ပါသည်။ ၁၉၉၁ ခုနှစ်တုန်းကလဲ ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ် တည်မြဲရေးအတွက် ထုတ်ပစ်ခဲ့ဘူးပါသည်။ ၁၉၉၅ ခုနှစ် ပြန်လွတ်တော့လည်း ခေါင်းဆောင်မှု ပြန်ရတာပါပဲတဲ့။ ဟုတ်ပါသည်၊ ထိုစဉ်က ထုတ်ပစ်တုန်းက အခြေအနေက တမျိုးပါ။ ရွေးကောက်ပွဲပြီးလို့တနှစ်သာ ရှိသေးသည်။ ရလာဒ်က ပူပူနွေးနွေး၊ ဘာဖြစ်မည်လဲ မသိသေး၊ အဖွဲ့ချုပ်ကို အဖျက်ခံရခြင်းသည်၊ ရွေးကောက်ပွဲရလာဒ်ကို ဖျက်သည်နှင့် အတူတူ ဖြစ်နေသည်။ ပြီးတော့ အဖွဲ့ချုပ် အဖွဲ့ဝင်များသည် နောက်ထပ် အဖွဲ့စည်းတခုကို ဖွဲ့ဖို့ နေနေသာသာ ရှိသည့် ပါတီတွေကို အတင်းဖျက်ပစ်နေသည့်အချိန် ဖြစ်သည်။ ထိုအချက်များ အားလုံးကို ချိန်ဆပြီး ဦးတင်ဦး၊ ဦးဝင်းတင်စသည့် ခေါင်းဆောင်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထုတ်လိုက်ရသည်။
ခုအခြေအနေက လုံးဝ ခြားနားနေသည်။ ရွေးကောက်ပွဲပြီးတာ အနှစ်နှစ်ဆယ် ရှိတော့မည်။ ရွေးကောက်ပွဲ ရလာဒ်ကို ပူပူနွေးနွေး ဖျက်ပစ်လိုက်ပြီးပြီ။ ပြီးတော့၊ ထို‘ပြီးတော့’ နောက်တခုသည် အရေးကြီးပါသည်။ ပြီးတော့ အခုအချိန်တွင် အဖွဲ့ချုပ်ကို အစိုးရက ဖျက်သိမ်းလိုက်ပါကလည်း အဖွဲ့ဝင်များသည် မိမိကြိုက်ရာ ပါတီဖွဲ့ရန် အချိန်ရှိသေးသည်။
ထို့ကြောင့် တရားဝင် ရပ်တည်မှုကို လိုချင်ပါသည်ဟု ဆိုသူများ အဖွဲ့ချုပ်တွင်းက၊ ကိုယ့်ဘာသာကိုယ် ကိုယ့်ဆန္ဒနှင့် နုတ်ထွက်လိုက်ပြီး၊ တူရာတူရာ၊ သန်ရာသန်ရာ ပူးပေါင်းပြီး ကိုယ့်ပါတီကိုယ် ထောင်ကြပါ။ ပြီးတော့ ပါတီနာမည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-လက်သစ် တို့ဘာတို့ ခပ်ဆင်ဆင်တပ်ပြီး ရွေးကောက်ပွဲ ဝင်ရင်လဲဝင်ပါ။ မြန်မာပြည်မှာ ရှိနေတဲ့ သံရုံး ဝန်ထမ်းတွေကလည်း ထောက်ခံကြပါလိမ့်မယ်။ စစ်အစိုးရကလည်း ခွင့်ပြုမှာပါ။ ကူတောင် ကူညီလိမ့်ဦးမည်။ ကျန်ခဲ့တဲ့ အဖွဲ့ချုပ် အစစ်ကို မဝေဖန်ဘဲ နေမယ်ဆိုရင် ကွဲတယ်ပြဲတယ်ဆိုတဲ့ ပြဿနာကို တစိတ်တစ်ပိုင်း ကာကွယ်နိုင်ပါလိမ့်မည်။ ပြည်သူကိုတော့ လှည့်ဖြားလို့ ရမှာ မဟုတ်ပါ ။သို့သော် သမိုင်းမှာတော့ ဂိုဏ်းခွဲသူ၊ သင်းခွဲသူများလို့တွင်မှာ မဟုတ်ဘူးလို့ထင်ပါသည်။
ဖ-ဆ-ပ-လကြီး ကွဲခဲ့၍ ဦးနေဝင်းနှင့် စစ်ဗိုလ်ချုပ်များက အာဏာအရသာ တွေ့ခဲ့ကြရသည်။ နောက်တော့ ရာစုနှစ်တဝက်ကျော် နိုင်ငံဒုက္ခရောက်ရသည်။ အခု NLD ကွဲလျှင်တော့ ဘယ်တော့ မှ စစ်ကျွန်ဘဝက လွတ်မည်ကို မသိနိုင်တော့ပါ။ အဖွဲ့ချုပ်၏သမိုင်း သန့်ရှင်းစွာ ကျန်ရစ်ပါစေ ...။
ရန်ငြိမ်းအောင် (လူငယ်)  
ရင်းမြစ်။ ။http://burmese.mizzimamedia.com/index.php?option=com_content&view=article&id=4968:2010-03-21-07-50-43&catid=3&Itemid=4