Thursday, March 11, 2010

ပိတ်ဆို့နေဆဲ NLD တံခါးများ


  “ရုံးခန်းဖွင့်ခွင့်ရပေမယ့် ဖီလင်အောက်တယ်၊ ခေါင်းဆောင်မပါတော့ ခံစားချက်မရှိဘူးပေါ့ဗျာ”လို့ ဧရာဝတီတိုင်း လပွတ္တာ မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုဥက္ကဋ္ဌ ဦးအေးကြူက ရုံးခန်းများ ပြန်လည် ဖွင့်လှစ်ခွင့်ရတာနဲ့ ပတ်သက်ပြီးတော့ ပြောပါ တယ်။

“အလှူတခုမှာ မင်းအဖေနဲ့အမေ မလာရဘူး မင်းတို့တော့ လာခဲ့ဆိုတော့ ကျနော်တို့ စိတ်ထဲမှာ ဘယ်လိုဖြစ်မလဲ”လို့လည်း သူက ဆက်လက်ပြောဆိုပါတယ်။

လပွတ္တာမြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ၊ တရားသူကြီးများ၊ ဥပဒေအကြံပေးများ၊ မြို့မိမြို့ဖများက NLD ရုံးခန်းပြန်လည်ဖွင့်လှစ်ဖို့ ခေါ်ထားတဲ့အတွက် NLD မြို့နယ် စည်းရုံးရေး အဖွဲ့များနှင့်အတူ ဒီနေ့မနက်ပိုင်းမှာ သွားရောက်ခဲ့တယ် လို့ ဆိုပါတယ်။

nld_reopen
ရုံးခန်းပြန်ဖွင့်ရန် သန့်ရှင်းရေး လုပ်နေသော ရန်ကုန်တိုင်း NLD တာမွေမြို့နယ် ရုံးကိုတွေ့ရစဉ် (ဓာတ်ပုံ - Reuters)
ဒါပေမယ့် ဦးအေးကြူမှာတော့ အခက်အခဲတခုရှိနေပါတယ်။ အဲဒါက ဦးအေးကြူတို့ လပွတ္တာမြို့နယ်မှာ အခုအချိန်ထိ NLD ရုံးခန်းဖွင့်ဖို့ နေရာ မရှိသေးဘူးလို့လည်း သိရပါတယ်။

အရင်က NLD ရုံးခန်းကို ဥက္ကဋ္ဌ ဦးကြည်ဝင်း အိမ်မှာ ဖွင့်လှစ်ခဲ့ပေမယ့်လည်း ဦးကြည်ဝင်းက အိမ်ကိုရောင်းချပြီးတော့ ရန်ကုန်ကို ပြောင်းရွှေ့သွားလို့ အခုအခါ ရုံးခန်း ဖွင့်လှစ်ဖို့ နေရာမရှိသေးတဲ့အတွက် ရှာဖွေနေရတယ်လို့လည်း ဆိုပါတယ်။

“မြို့နယ်ကတာဝန်ရှိတဲ့သူတွေ အစည်းအဝေးထိုင်ပြီးတော့ ဘယ်နေရာမှာ ဘယ်နေ့မှ ဖွင့်မယ်ဆိုတာ အကြောင်းပြန်မယ်၊ ဗဟို အဖွဲ့ချုပ်ကိုလည်း အကြောင်းကြားထားတယ်၊ အာဏာပိုင်တွေကတော့ တတ်နိုင်သမျှ အမြန်ဆုံးဖွင့်စေချင်ပါတယ်”လို့လည်း သူက ဆက်ပြောပါတယ်။

ရန်ကုန်နဲ့ မန္တလေးတိုင်းရှိ ချိတ်ပိတ်ထားခဲ့တဲ့ NLD ရုံးခန်းတွေကို အာဏာပိုင်တွေက မနေ့ ညနေက စတင်ပြီး ပြန်လည် ဖွင့်နိုင်ပြီ လို့ ရန်ကုန်တိုင်း NLDတာဝန်ခံ ဒေါက်တာ သန်းငြိမ်းကို အာဏာပိုင်တွေ ခေါ်ယူပြောဆိုပြီးတဲ့နောက်မှာတော့ တနိုင်ငံလုံးရှိ NLDရုံးတွေကို ဖွင့်ဖို့ သက်ဆိုင်ရာ မြို့နယ် တာဝန်ရှိသူတွေက စီစဉ်နေခြင်းဖြစ်ပါတယ်။

တနိုင်ငံလုံးမှာ NLDရုံးပေါင်းဘယ်လောက်ဖွင့်လှစ်ခဲ့သလဲဆိုတာ စာရင်းအတိအကျ မသိရသေးပါဘူး။

လပွတ္တာ မြို့နယ်လို မြန်မာတနိုင်ငံလုံးမှာ ပြန်လည်ဖွင့်လှစ်ခွင့်ရတဲ့ NLDရုံးခန်းတွေအတွက် တချို့ မြို့နယ်တွေက နေရာ အခက် အခဲနဲ့ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ NLDပြည်နယ်ရုံးကို ဖွင့်လှစ်ဖို့ အာဏာပိုင်တွေနဲ့ NLD အဖွဲ့ဝင်တွေ သွားရောက်တဲ့ အခါမှာ အိမ်ပိုင်ရှင်က ရုံးကို ဖြိုဖျက်ရောင်းချလိုက်တယ်လို့ ရခိုင်ပြည်နယ် စည်းရုံးရေးအဖွဲ့ တွဲဖက် အတွင်းရေမှူး ဦးသိန်းလှိုင်က ပြောပါတယ်။

ဦးသိန်းလှိုင်က“အိမ်ပိုင်ရှင်ကနေပြီးတော့ ဒီရုံးကို ဖြိုပြီးရောင်းလိုက်ပြီလို့ပြောတယ်၊ ချိတ်ပိတ်ထားစဉ်ကတည်းက အာဏာပိုင် တွေရဲ့တာဝန်သာဖြစ်တယ်၊ ခင်ဗျားတို့ ဖြေရှင်းပေးရမယ်လို့ ကျနော်တို့ ပြည်နယ်ဥက္ကဋ္ဌက အဲသလိုပြောခဲ့တယ်”လို့ဆိုပါတယ်။

ဒါကြောင့် ချိတ်ပိတ်ထားခဲ့တဲ့ တာဝန်ရှိ ပြည်နယ်ကော်မရှင်အဖွဲ့ကို တရားစွဲဖို့ ပြင်ဆင်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီရုံးခန်းကို အခုနှစ် ဖေဖော်ဝါရီလအတွင်း ရောင်းချခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်းများစွာ ချိတ်ပိတ်ထားတဲ့အတွက် အခုလို ရောင်း လိုက်တာကို သတိမထားမိလိုက်ဘူးလို့လည်း ဆိုပါတယ်။

ပဲခူးမြို့နယ် NLD ဥက္ကဋ္ဌ ဦးမြတ်လှကလည်း“ဝေါနဲ့ သနပ်ပင်ဆိုရင် ရုံးရော၊ ဆိုင်းဘုတ်ရော မရှိတော့ဘူး၊ သူတို့ဘယ်လိုလုပ်မလဲ၊ ဒိုက်ဦးကျတော့ အိမ်ခန်းလေးရှိတယ်၊ ဆိုင်းဘုတ်လေးကလည်း အိမ်ခန်းထဲမှာပဲ အဲဒါ ဘယ်လိုဖြစ်ဦးမလဲမသိဘူး”လို့ ပြောပါ တယ်။

၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းနောက်ပိုင်း အာဏာပိုင်များက NLDရုံးခန်းအားလုံးကို ချိတ်ပိတ်ခဲ့ပြီး အခု ပြန်လည်ဖွင့်လှစ် ခိုင်းရာမှာ ရုံးခန်းအဖြစ် အသုံးပြုခဲ့တဲ့ အိမ်တွေဟာ ထိန်းသိမ်းစောင့်ရှောက်မှု မရှိဘဲ ၇ နှစ်နီးပါး ထားခဲ့ရလို့ ပျက်စီး ဆုံးရှုံးမှုတွေ ရှိတယ်လို့လည်း မကွေးတိုင်း ချောက်မြို့နယ် NLDမှ ဦးမြင့်သိန်းကဆိုပါတယ်။

“အိမ်က ၀င်းထရံတွေကတော့ လုံးလုံးမကျန်တော့ သလောက်ပဲလေ၊ အိမ်က ပြင်ခင်းတွေကလည်း ခြစားကုန်ပါပြီ၊ စာရွက် စာတမ်းတွေကတော့ လှပ်မကြည့်ရသေးဘူး၊ ခြစားလို့ကျန်မယ်မထင်ပါဘူး၊ အမိုးတွေကလည်း ပေါက်ပြဲပြီး မိုးယိုတာလည်း ပါတော့ အောက်က ပြင်ခင်းတွေကလည်း စုတ်ပြဲ ကျိုးကျ အဲသလိုဖြစ်တာပေါ့”လို့ သူက ဆက်ပြောပါတယ်။

နတ်မောက်မြို့နယ် NLDမှ ဦးမြင့်ဖေက“ကျနော်တို့ ဒီနေ့သွားဖွင့်လိုက်တော့ လင်းနို့တွေက အိမ်လုပ်နေတယ်၊ လင်းနို့ချေးတွေ ကလည်း ထုနဲ့ထည်နဲ့ကို အပေါ်ထပ်ရော အောက်ထပ်ရောပါဖြစ်နေတယ်၊ ကျနော်တို့ အဖွဲ့က အခန်းထဲကိုတောင် မ၀င်နိုင်သေး ဘူး၊ အများစုကတော့ ကျနော်ထင်တယ် စာရွက်စာတမ်းတွေအများဆုံး ပျက်စီးလိမ့်မယ်လို့ ထင်တယ်”လို့ ရုံးသွားဖွင့်တဲ့ အတွေ့ အကြုံကို ပြောပြပါတယ်။

နိုင်ငံပိုင် သတင်းစာတွေက တဆင့် မတ်လ ၈ရက်နေ့ကနေ နေ့စဉ်ရက်ဆက်ဆိုသလို ထုတ်ပြန်နေတဲ့ ရွေးကောက်ပွဲ ဥပဒေက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ပါတီခေါင်းဆောင်မဆိုထားနဲ့ ပါတီဝင်ဖြစ်ဖို့ကိုပင် ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ကန့်သတ်ခဲ့တဲ့ အတွက် ဦးအေးကြူက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

မနေ့က ရွေးကောက်ပွဲ ဥပဒေဟာ NLDကိုပစ်မှတ်ထားခြင်းဖြစ်တဲ့အပြင် အခုလို NLD ရုံးတွေ ပြန်လည်ဖွင့်လှစ်ခွင့်ပေးတာဟာ  ဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက် ချိန်ခွင်လျှာညှိတဲ့ သဘောမျိုးဖြစ်နေတယ်လို့ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

NLD အနေနဲ့လည်း အခုချိန်အထိ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

ဒါပေမယ့် ဘယ်လိုအခက်အခဲတွေရှိရှိ နိုင်ငံရေးဆိုတာက မပြီးဆုံးသေးတဲ့အတွက် လုပ်စရာရှိတဲ့ အထဲက အကောင်းဆုံးတခုကို ဆက်လုပ်သွားရမှာ ဖြစ်တဲ့ အပြင် NLD ရုံးခန်းကိုလည်း အမြန်ဆုံး ပြန်ဆောက်သွားမယ်လို့ ဦးအေးကြူက ပြောပါတယ်။

Thursday, 11 March 2010 19:19 ကိုထွေး 
ရင်းမြစ်။ ။ဧရာဝတီ

နအဖထုတ်ပြန်သည့်ဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ တွေ့ဆုံခွင့်ရရှိကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် ယခုလက်ရှိပေါ်ပေါက်နေသည့် ရွေးကောက်ပွဲကိစ္စနှင့် ရွေးကောက်ပွဲဥပဒေကိစ္စတို့ကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည် ပြောတာက နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေမှာ ဖော်ပြတဲ့အချက်တွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦးတယောက်အတွက်၊ ပုဂ္ဂိုလ်တဦးတယောက်အပေါ်မှာ ရေးဆွဲထားတဲ့ဥပဒေလို့ လူတွေ ဒီလိုပဲ နားလည်မယ်တဲ့။ ဒါတော်တော်မကောင်းတဲ့ အချက်ပဲတဲ့။ ဥပဒေဆိုတာ လူတိုင်းအတွက် ရေးဆွဲရမှာတဲ့။ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ညွှန်းရေးဆွဲတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲတဲ့။ အဲဒီလိုပြောပါတယ်” ဟု ပြောသည်။

ရှေ့ပါတီရပ်တည်ရေးနှင့်ပတ်သက်၍ နိုင်ငံရေးအရ လုပ်ဆောင်ရမည့် လုပ်ငန်းများကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း၊ စီအီးစီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီး ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်မှုဆိုင်ရာပြင်ဆင်ချက် အထူးအယူခံကိစ္စကိုလည်း ယမန်နေ့ကမှ စီရင်ချက်ရရှိသဖြင့် မနက်ဖြန်မှ စ၍ အယူခံတင်သွင်းရေးကိစ္စကို အမြန်ဆုံးဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

နအဖစစ်အစိုးရက မတ်လ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအမှတ် ၂/၂၀၁၀ ပါ အခန်း (၂)၊ နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၄)၊ ပုဒ်မခွဲ (င) အရ ပါတီထောင်လိုသူများသည် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရဟု အတိအလင်းဖော်ပြထားပြီး အခန်း (၁) ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မခွဲ (ဌ) တွင် ထောင်ကျခံနေရသူဆိုသည်မှာ တရားရုံးတခုခု၏ စီရင်ချက်အရ ထောင်ဒဏ်ကျခံနေရသူကို ဆိုကြောင်း၊ သက်ဆိုင်ရာ တရားရုံး၏ ထောင်ဒဏ်စီရင်ချက်ကို မကျေနပ်၍ အယူခံမှု သို့မဟုတ် ပြင်ဆင်မှုလျှောက်ထားသော ထောင်ဒဏ်ကျခံနေရဆဲသူလည်း ပါဝင်ကြောင်း ဖော်ပြပါရှိသည်

ထို့အပြင် ဥပဒေပါ ပုဒ်မ (၁၀)၊ ပုဒ်မခွဲ (င) အရလည်း ထောင်ဒဏ်ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့် မရှိဟု
ဖော်ပြထားသည်။

ပါတီ ဆက်လက်ရပ်တည်ခွင့် မရှိခြင်းနှင့်ပတ်သက်၍မူ ပုဒ်မ (၁၀) ပါ အချက်တရပ်ရပ်နှင့် ကိုက်ညီခြင်း မရှိသောသူများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုဘဲ တမင်ထိမ်ချန်ထားပါက ယင်းအချက်တရပ်ရပ်နှင့် ငြိစွန်းသောပါတီအား နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်ဟု ဖော်ပြထားသည်။

ရင်းမြစ်။ ။NEJ/၁၁ မတ် ၂ဝ၁ဝ

ရွေးကောက်ပွဲ ကော်မရှင်စာရင်း ထုတ်ပြန်

   မြန်မာ့စစ်အစိုးရက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်လူကြီးများ စာရင်းကို ထုတ်ပြန်လိုက်ကြောင်း ယနေ့ ညနေ ၄ နာရီက မြန်မာ့ရုပ်မြင်သံကြားက ကြေညာသွားသည်။

၁၇ ဦးပါ ကော်မရှင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဦးသိန်းစိုးကို ခန့်အပ်လိုက်သည်။ အဖွဲ့ဝင်များမှာ ဦးအင်ဇော်နော်၊ ဦးခင်မောင်နု၊ ဦးစိုးဘလှိုင်၊ ဒေါက်တာဘမောင်၊ ဦးညွှန့်တင်၊ ဦးမောင်သာလှ၊ ဦးစိုင်းခုမ်လှိုင်၊ ဦးအောင်မြင့်၊ ဦးမြင့်နိုင်၊ ဒေါက်တာတင်အောင်အေး၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဒေါ်ခင်လှမြင့်၊ ဦးသာဦး၊ ဒေါက်တာမောင်ထူး၊ ဦးသာဌေး၊ ဦးဝင်းကြည်တို့ ဖြစ်ကြသည်။

ကော်မရှင်အဖွဲ့ လူကြီးအများစုမှာ ထင်ပေါ်ကျော်ကြားမှု အားနည်းသော သူများ ဖြစ်နေသည်။

မဇ္ဈိမသတင်းဌာန 
Thursday, 11 March 2010 16:51

ဒေါ်စု လွှတ်တော် ကိုယ်စားလှယ်လည်း မဖြစ်နိုင်

      
ချင်းမိုင် (မဇ္ဈိမ)။     ။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး ပါတီတရပ်တွင် ပါတီဝင် မဖြစ်နိုင်ရုံသာမက တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံခွင့် မပြုသည်မှာ ပိုမို ထင်ရှားသွားပြီ ဖြစ်သည်။

ယခုလ ၈ ရက်နေ့ နေ့စွဲတပ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ ထောင်ဒဏ် ကျခံနေရသူဖြစ်လျှင် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံ၍ မရဟု ဆိုထားသည်။

ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် စာမျက်နှာ ၈ မျက်နှာစီရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ ဖော်ပြထားသည်။

အတိုက်အခံ ခေါင်းဆောင်သည် နေအိမ်ထဲသို့ ရေကူးခိုးဝင်သော အမေရိကန် နိုင်ငံသားကို ခေတ္တခိုလှုံခွင့်ပေး၍ ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် ချခံခဲ့ရပြီး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြားဝင်ဆုံးဖြတ်ပေး၍  ၁၈ လပြစ်ဒဏ်ကို နေအိမ်တွင် ချုပ်နှောင်ခြင်း ခံထားရသူဖြစ်ကာ ယနေ့ဆိုလျှင် ၇ လပြည့်မြောက်ပြီဖြစ်သည်။

နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော အသက် ၂၅ နှစ် ပြည့်ပြီးသူဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံခွင့် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းမှာ ဗြိတိန်နိုင်ငံသားဖြစ်ပြီး ကွယ်လွန်သွားပြီဖြစ်သည်။ သူမ၏ သားနှစ်ဦးမှာ ပြည်ပတွင် နေထိုင်လျက်ရှိသည်။

“ဒီဥပဒေ အတိုင်းသာ ဆက်သွားမယ်ဆိုလို့ရှိရင်၊ ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ဘူး၊ ဒီမိုကရေစီအရေးကို လှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်တွေ ဝင်လို့မရဘူး။ တိုင်းရင်းသားပုဂ္ဂိုလ်တွေ ဝင်လို့မရဘူး” ဟု ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ဦးသိန်းဦးက ပြောသည်။

မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို စစ်အစိုးရက မတရားအသင်းအဖြစ် ကြေညာထားသည်။

ဥပဒေက နိုင်ငံခြား တိုင်းပြည်တခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြား အဖွဲ့အစည်းတခုခု သို့မဟုတ် ပုဂ္ဂိုလ်တဦးဦးထံမှ ငွေကြေး၊ မြေ၊ အိမ်ယာ၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အထောက်အပံ့ ရယူသုံးစွဲသူကို လွှတ်တော်ကိုယ်စားလှယ် မဖြစ်ထိုက်ဟုဆိုသော စကားရပ် ပါရှိသည်။

အရပ်သားများအတွက် ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်ကို ၃၃ဝ နေရာအထိသာ ကန့်သတ်ထားပြီး၊ မြို့နယ်များပိုလျှင် နီးစပ်ရာ မြို့နယ်နှင့် ပူးပေါင်း၍ မဲဆန္ဒနယ်လုပ်ရန် ညွှန်ကြားထားသည်။ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၂၅ မြို့နယ်ရှိသည်ဟု ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်က ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၄၄ဝ ဦး ရှိရမှာဖြစ်သော်လည်း တပ်မတော်များက အလိုအလျောက် ၁၁ဝ နေရာကို ရယူပြီးဖြစ်သည်။

ဤဥပဒေက ယာယီမှတ်ပုံတင် ကိုင်ဆောင်ထားသူများကိုလည်း မဲပေးခွင့်ပြုထားသည်။

စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်ရှိ ကော်မရှင်အဖွဲ့ခွဲကို သီးခြားထားပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် အရွေးခံလိုသူသည် မိမိသက်ဆိုင်ရာ ဒေသကော်မရှင် သာမက နေပြည်တော် ကော်မရှင် အဖွဲ့ခွဲသို့ပါ လျှောက်လွှာတင်ရမှာ ဖြစ်သည်။

တပ်မတော်သား ကိုယ်စားလှယ်နှင့် ပတ်သက်၍ ကာကွယ်ရေးဦးစီးချုပ်က တင်သွင်းသော တပ်မတော်သား ကိုယ်စားလှယ်စာရင်းတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပြဋ္ဌာန်းချက်နှင့် ငြိစွန်း၍ ကော်မရှင်က ပယ်ချပိုင်ခွင့်ဟူ၍ မပေးထားဘဲ ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရန်သာ ညွှန်ကြားထားသည်။

မဲရုံများတွင် အစိုးရဝန်ထမ်းများကို မဲရုံမှူးအဖြစ် ခန့်အပ်ရမည်ဟု ဥပဒေတွင် ပါရှိသည်။

မဲရုံများကို နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိသာ ဖွင့်လှစ်မဲပေးခွင့် သတ်မှတ်ထားသော်လည်း မဲပေးမည့်သူများ မဲရုံပရဝဏ်အတွင်း ရှိနေသေးလျှင် လူကုန်သည်အထိ မဲရုံဖွင့်ရန် သတ်မှတ်ထားသည်။

ကြိုတင်ဆန္ဒမဲပေးခွင့် ပြုထားပြီး ပြည်ပရောက်နေသူ မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသားများအတွက် နိုင်ငံရေးခြားဝန်ကြီးဌာနများက လုပ်ဆောင်ရန် ဥပဒေက ညွှန်ကြားထားသည်။

ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် မြန်မာအများအပြား ရွှေ့ပြောင်းလုပ်ကိုင်နေကြရာ ထိုင်းတနိုင်ငံထဲတွင်ပင် အနည်းဆုံး ဦးရေ ၂ သန်း အနည်းဆုံး ရှိမည်ဟု ခန့်မှန်းထားကြသည်။

ထိုင်းနှင့် မြန်မာတို့ ပူးပေါင်း၍ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ နိုင်ငံသားစိစစ်မှု ပြုလုပ်လျက်ရှိရာ ယခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့အထိ ၁၉ဝဝဝ နီးပါးသာ မြန်မာနိုင်ငံသားအဖြစ် စိစစ်အတည်ပြုပေးနိုင်ခဲ့သေးသည်။

ထို့အပြင် ထိုင်း-မြန်မာ နယ်စပ်တလျောက် ဒုက္ခသည်စခန်းများတွင် မြန်မာနိုင်ငံသား စစ်ဘေးဒုက္ခသည် ၁၅ဝဝဝဝ ခန့် ရှိနေသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေအရ မဲရုံနှင့် ကိုက် ၅ဝဝ အကွာအတွင်း အသံချဲ့စက် အသုံးပြုခြင်း၊ အသံကို ကျယ်လောင်အောင်လုပ်ခြင်း အော်ဟစ်ဆူပူခြင်း ပြုလုပ်လျှင် ထောင်ဒဏ်တနှစ်အထိဖြစ်စေ၊ ကျပ်တသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ နှစ်မျိုးစလုံးဖြစ်စေ အပြစ်ပေးရန် ပါရှိသည်။

ရွေးကောက်ပွဲကော်မရှင်နှင့် ပတ်သက်၍ ညွှန်ကြားထားရာတွင် လျှို့ဝှက်ဆန္ဒမဲပေးခြင်းကို ကူညီစောင့်ရှောက်ရန်၊ မဲမဆွယ် ဘက်မလိုက်ရန် ပါရှိသည်။ ပြည်ထောင်စုကော်မရှင် လူကြီးများကိုမူ စစ်အစိုးရက အတည်ပြုပေးရမှာဖြစ်ကြောင်း ကော်မရှင်ဥပဒေတွင် ပါရှိသည်။


မဇ္ဈိမသတင်းဌာန  
Thursday, 11 March 2010 18:17

သံဃာတော်များ ပြည်ပထွက်ခွာခွင့် ပိုမိုတင်းကျပ်

သံဃာတော်များ ပြည်ပထွက်ခွာခွင့်ရရှိရန် နေပြည်တော်အထိ သွားလာနေရသဖြင့် အခက်တွေ့နေကြရကြောင်း သံဃာတော်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလအထိ ရန်ကုန် ကမ္ဘာအေးရှိ သာသနာ ထွန်းကားပြန့်ပွားရေး ဦးစီးဌာန (ပြည်ပ) တွင် သံဃာတော် ပြည်ပထွက်ခွာခွင့် ထောက်ခံချက် ထုတ်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလမှ အစပြုကာ နေပြည်တော် သာသနာရေး ၀န်ကြီးဌာနအထိ သွားရောက် တောင်းခံ နေကြရကြောင်း သိရသည်။

“အဲဒီလိုသွားရတဲ့အတွက် အချိန်ကုန်တယ်၊ ငွေပိုကုန်တယ်။ ရန်ကုန်က သံဃာကလည်း အညာကို ပြန်တက်ပြီး ထောက်ခံစာ လုပ်ရတယ်။ အညာက သံဃာကလည်း နိုင်ငံတကာလေဆိပ်ရှိတဲ့ ရန်ကုန်ကို တန်းမဆင်းနိုင်ဘဲ နေပြည်တော်ဝင်လုပ်ရတယ်” ဟု မန္တလေး မြတောင်တိုက်မှ သံဃာတော်တပါးက မိန့်ဆိုသည်။

burmese_monks
ရန်ကုန်မြို့ရှိ နံနက်ပိုင်း ဆွမ်းခံကြွရန် စီတန်းနေသော သံဃာတော်များကို တွေ့ရစဉ် (ဓာတ်ပုံ - Getty Images)
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ရန်ကုန် ကမ္ဘာအေး သာသနာထွန်းကားပြန့်ပွားရေး ဦးစီးဌာန (ပြည်ပ) မှ ၀န်ထမ်းတဦးက ညွှန်ကြားရေးမှူး ဦးအောင်သိန်းညွှန့် နေပြည်တော်သို့ ပြောင်းရွှေ့ ရုံးထိုင်နေပါသဖြင့် သံဃာများ နေပြည်တော်အထိ ကြွရခြင်းဖြစ်ကြောင်း ပြန်လည် ဖြေကြားသော်လည်း အသေးစိတ် ပြောဆိုရန် ငြင်းဆိုသည်။

ရန်ကုန်ဗဟန်းမြို့နယ် ကြားတောရ ကျောင်းတိုက်မှ သံဃာတပါးက “ကျန်းမာရေးမကောင်းလို့ ဆေးကုကြွမယ့် ပုဂ္ဂိုလ်တွေ၊ နေပြည်တော်အထိ မသွားနိုင်တဲ့ သံဃာတွေက ထောက်ခံချက်ရဖို့ ကျပ် တသိန်းလောက် ပေးနေရတယ်။ ပွဲစားတွေက သာသနာရေးက ၀န်ထမ်းတွေပါပဲ” ဟု မိန့်သည်။

သံဃာတော်များအနေဖြင့် နအဖ စစ်အစိုးရ တက်လာပြီးနောက်ပိုင်း ပြည်ပသို့ စာသင်ထွက်ခွာသည်ဖြစ်စေ၊ သာသနာပြုခရီး ကြွ ရောက်သည်ဖြစ်စေ၊ ဆေးကုသခံယူရန် ကြွရောက်သည်ဖြစ်စေ ပြည်ပ သာသနာရေးဦးစီးဌာန၏ ထောက်ခံချက် ရယူကြရသည်။

ထိုထောက်ခံချက်ပါမှသာ သက်ဆိုင်ရာသံရုံးများက ဗီဇာပေးရန် စစ်အစိုးရက ညွှန်ကြားထားသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပြီးတွင် နအဖစစ်အစိုးရက သံဃာတော်များအပေါ် ပိုမိုတင်းကျပ်မှုများပြုလာခဲ့ပြီး ပြည်ပ ထွက်ခွာမည့် သံဃာများကိုလည်း အထူးသတိပြု စိစစ်မှုများ ပြုလုပ်နေကြောင်း ကြားတောရကျောင်းတိုက်မှ သံဃာက မိန့်သည်။

“အဓိက ကတော့ သူတို့ လိုချင်တဲ့ သံဃာနဲ့ ထွက်သွားတဲ့ သံဃာတွေ တခုခု လှုပ်ရှားခဲ့ရင် သူတို့ တိုက်ရိုက် မှတ်တမ်းကျန်အောင် လို့ ထင်တယ်” ဟု အဆိုပါ သံဃာက ဆိုသည်။

ပြည်တွင်း သာသနာရေးဦးစီးဌာနက သံဃာတော်များ ပြည်ပထွက်ခွာခွင့်အတွက် ပိုမိုတင်းကျပ်နေသကဲ့သို့ ဘန်ကောက် မြန်မာသံရုံးကလည်း ကြွရောက်လာမည့်သံဃာအတွက် ထောက်ပံ့ပေးမည့် ထိုင်းနိုင်ငံသား အမည်၊ မှတ်ပုံတင်တို့ကို ဇန်န၀ါရီလမှ စတင်တောင်းခံနေကြောင်း ဘန်ကောက်ရှိ မြန်မာစာသင်သား ရဟန်းတော်များက ပြောသည်။

၂၀၀၉ ခုနှစ် ဇွန်လအတွင်းကလည်း သံဃာတော်များ ပြည်ပထွက်ခွာခွင့်ကို ယာယီပိတ်ထားခဲ့ဖူးသည်။

စစ်အစိုးရနှင့် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့က ပြည်တွင်း သံဃာတော်များ၏ လှုပ်ရှားမှုများကို ပိုမို ကန့်သတ် ချုပ်ချယ် နိုင်ရန်အတွက် စည်းမျဉ်းစည်းကမ်း အသစ်များ ထုတ်ပြန်ရန် ပြင်ဆင်နေကြောင်း ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

စစ်အစိုးရအား ဆန့်ကျင်သူများဟု သတ်မှတ်ခြင်းခံရသော သံဃာတော်များကို တစိတ်တပိုင်းမှ ချုပ်ကိုင်နိုင်ရန်အတွက် ၂၀၀၈ ခုနှစ်တွင် သံဃာမှတ်ပုံတင် အသစ်များလည်း ထုတ်ပေးခဲ့သည်။ ထိုသို့ ထုတ်ပေးခဲ့သဖြင့် လှုပ်ရှားမှုများကို ပိုမိုလွယ်ကူစွာဖြင့် အာဏာပိုင်များက ခြေရာခံနိုင်ကြောင်း သံဃာတော်များက ဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် သံဃာတော် ၂၅၀ ကျော် ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

Thursday, 11 March 2010 16:48 မင်းနိုင်သူ 
ရင်းမြစ်။ ။http://www.irrawaddy.org/bur/index.php/news/1-news/2757-2010-03-11-09-51-05