Thursday, March 11, 2010

၁၉၉၀ ရွေးကောက်ပွဲ ရလဒ် အလိုအလျောက် ပျက်ပြယ်ဟုဆို

၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းကြောင်း နိုင်ငံပိုင်သတင်းစာများမှတဆင့် ထုတ်ပြန်သည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေက ဆိုသည်။

ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ဥပဒေများကို အင်္ဂါနေ့မှ စတင်၍ နေ့စဉ် ထုတ်ပြန်လျက်ရှိရာ ယနေ့ ထပ်မံ ထုတ်ပြန်သည့် ဥပဒေ အခန်း(၁၆)၊ ၉၁(ခ)တွင် ကျင်းပပြီးခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် လိုက်လျောညီထွေ မရှိတော့သည့်အတွက် ယင်းရွေးကောက်ပွဲရလဒ်များ အလိုအလျောက် ပျက်ပြယ်ကြောင်း ပါရှိသည်။

ElectionDay1990
၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲပေးနေကြစဉ်
၁၉၉၀ ပြည့်နှစ်တွင် အာဏာပိုင်တို့က ရွေးကောက်ပွဲကျင်းပပေးရာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် (NLD)ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်အများစုက အနိုင်ရခဲ့သည်။

NLD ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက“ပြည်သူလူထုရဲ့ဆန္ဒနဲ့ ဖြစ်ပေါ်လာတဲ့ ရလဒ်ကို ပြည်သူတွေရဲ့ သဘောတူညီချက် မပါဘဲ ဖျက်သိမ်းလိုက်ပြီလို့ ဆိုနိုင်ပါတယ်”ဟု ပြောသည်။

တချိန်တည်းမှာပင် ရန်ကုန်နှင့် မန္တလေးတိုင်းရှိ ချိတ်ပိတ်ထားခဲ့သော NLD ရုံးခန်းများကို အာဏာပိုင်များက ယမန်နေ့ ညနေမှ စတင်၍ ပြန်လည် ဖွင့်ပေးနေကြောင်း သိရသည်။

“တိုင်းရုံးတွေကို ဖွင့်ခွင့်ပေးတယ်ဆိုတာ အရင်တုန်းက တောင်းဆိုထားတဲ့ဟာကို လျှော့ပေးလိုက်တဲ့ သဘောပေါ့၊ တခြားပါတီ တွေလည်း လှုပ်ရှားခွင့်ရှိနေတော့ NLDကိုလည်း ပေးရလိမ့်မယ်ဆိုပြီး ဖွင့်ပေးတယ်လို့ ယူဆတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

၂၀၀၃ ဒီပဲယင်းအရေးအခင်းအပြီး ချိတ်ပိတ်ထားခဲ့သော NLD ရုံးခန်းများကို ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ကြေညာခဲ့ပြီးနောက်   ယင်းသို့လုပ်ဆောင်ခြင်း ဖြစ်သည်။

“ချိတ်ပိတ်ထားတဲ့ ရုံးတွေကို ပြန်ဖွင့်ပေးတာ၊ ရန်ကုန်တင်မဟုတ်ဘူး တပြည်လုံးမှာ ပြန်ဖွင့်ခွင့်ပေးတယ်၊ ဘာကြောင့် ဖွင့်လဲ ဆိုတာကတော့ ကျနော်တို့ ခန့်မှန်းဖို့ ခက်ပါတယ်၊ စပိတ်ကတည်းကိုက အကျိုးအကြောင်းလည်း မဆီလျော်ဘူး၊ ဥပဒေနဲ့လည်း မညီဘူး အဲသလို ပိတ်ထားတာ၊ ဘာရည်ရွယ်ချက်လည်း ဆိုတာကိုတော့ သူတို့ပဲသိမှာပဲ”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယင်းသို့ ဖွင့်လှစ်ပေးနေသော်လည်း အာဏာပိုင်များက NLDအဖွဲ့ချုပ်ကို အကြောင်းကြားခြင်းမရှိကြောင်း၊ သက်ဆိုင်ရာမြို့နယ်၊ ပြည်နယ်၊ တိုင်းကိုသာ အကြောင်းကြားကြောင်း၊ ယမန်နေ့ကထွက်ရှိသော ရွေးကောက်ပွဲ ဥပဒေသည် NLDကိုပစ်မှတ်ထားခြင်း ဖြစ်သည့်အတွက် ယခုကဲ့သို NLDရုံးများ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခြင်းသည် ဆန့်ကျင်ဘက်ဖြစ်နေသောကြောင့်  ချိန်ခွင် လျှာညှိ သည့် သဘောမျိုးဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

NLDရုံးခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း NLD တာဝန်ခံ ဒေါက်တာသန်းငြိမ်းကို ယမန်နေ့ ညနေ ၅ နာရီ တွင် ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေးရုံးသို့ ခေါ်ယူ၍ ရုံးများ ပြန်လည် ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း အာဏာပိုင်များက ပြောဆို သည်။

“ရန်ကုန်တိုင်းရုံးရော မြို့နယ်ရုံးတွေရော ပြန်ဖွင့်ပေးမယ်ပေါ့၊ အရင်ကော်မရှင်က မရှိတော့ဘူးပေါ့၊ အထွေထွေ အုပ်ချုပ်ရေးမှူးနဲ့ အာဏာပိုင်တွေက ခေါ်ပြောတယ်ပေါ့၊ ကျနော်ကြားရသလောက်တော့ မြန်မာတပြည်လုံးလို့ ယူဆတာပဲ၊ မြို့နယ်တွေ ကိုလည်း ညတွင်းချင်း ဖွင့်ချင်တယ်ပေါ့ဗျာ၊ ဆိုင်းဘုတ်တွေ ချထားတဲ့ မြို့နယ်တွေကတော့ ဆိုင်းဘုတ်ပြန်တင်ဖို့ နောက် ကော်မရှင်နဲ့ ဆက်လုပ်ဖို့ ပြောတယ်”ဟု ဒေါက်တာ သန်းငြိမ်းက ဆိုသည်။

NLDရုံးခန်းများကို ယခင်ရွေးကောက်ပွဲ ကော်မရှင်က ချိတ်ပိတ်ထားခဲ့ခြင်းဖြစ်ပြီး အဆိုပါကော်မရှင်ကို ယမန်နေ့က ဖျက်သိမ်း ခဲ့ခြင်းကြောင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အပြီးသတ်လုပ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ NLDအနေဖြင့် တရားဝင် လုပ်ဆောင်ရန် ရက်ပေါင်း ၆၀ သာရှိတော့ကြောင်း၊ ယင်းနောက် အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

Thursday, 11 March 2010 14:27 ကိုထွေး 
ရင်းမြစ်။ ။ http://www.irrawaddy.org/bur/index.php/news/1-news/2755-2010-03-11-07-28-32

နယ်အဖွဲ့ချုပ်ရုံးများကို စစ်အစိုးရက ပြန်လည်ဖွင့်လှစ်ပေး


ရန်ကုန်တိုင်းအပါအဝင် အခြားပြည်နယ်နှင့် တိုင်းများရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးများကို (နအဖ)စစ်အစိုးရက ယမန်နေ့၊ မတ်လ (၁၀) ရက်နေ့ ညနေပိုင်းမှစပြီး ပြန်ဖွင့်ပေးခဲ့သည်။

အဆိုပါရုံးများ ပြန်ဖွင့်ပေးတာဟုတ်မှန်ကြောင်း အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေဦးဉာဏ်ဝင်းက "ကျနော်သိရတာကတော့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတိုင်းမှာ အင်းတော်၊ မုံရွာ၊ ရွှေဘို၊ ရေဦး၊ ရှမ်းပြည်မြောက်ပိုင်းက (၁၁) မြို့နယ်၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ နောက် ပဲခူးတိုင်း၊ ပဲခူးမှာက ပြည်၊ ပေါင်းတည်၊ တောင်ငူ၊ မော်လမြိုင် အဲဒီနယ်တွေမှာ သူတို့ကို ဖွင့်ပေးမှ သူတို့က အကြောင်းကြားလို့ သိတာ" ဟု ပြောသည်။

ခရမ်းမြို့နယ် (NLD) အဖွဲ့ချုပ်ရုံးခရမ်းမြို့နယ် (NLD) အဖွဲ့ချုပ်ရုံး
ယခုကဲ့သို့ စစ်အစိုးရအနေဖြင့် (NLD) နယ်ရုံးများကို ပြည်လည် ဖွင့်ပေးနေသည်ဆိုသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးသို့ တစုံတရာ အကြောင်းကြားခဲ့ခြင်းမရှိဘဲ နယ်မြို့များမှ အဖွဲ့ဝင်များ ဆက်သွယ်လာမှ သိရခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် (NLD) ရုံး ဖွင့်လှစ်ခြင်းနဲ့ပတ်သက်၍ အဆိုပါမြို့နယ် စည်းအဖွဲ့ဝင်တဦးက "တောင်ဒဂုံမြို့နယ် (NLD) ရုံးကို မနေ့က ည (၉) နာရီမထိုးခင်မှာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဌ ဦးကိုကိုလှိုင်၊ မြို့နယ်မှူး ဦးတင်မောင်အေးနဲ့ အက်စ်ဘီရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖွင့်ပေးခဲ့တာ ဖြစ်တယ်" ဟု ပြောသည်။

စစ်အစိုးရက ဒီပဲယင်းအရေးခင်းပြီး၂၀၀၃ ခုနှစ်၊ မေလ (၃၁) ရက်နေ့မှစ၍ တနိုင်ငံလုံးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများအား ပိတ်ထားခဲ့ခြင်းဖြစ်သည်။ အကြောင်းပြချက်မခိုင်လုံဘဲ (NLD) ရုံးများအား ပိတ်ပစ်ခဲ့ခြင်းသည် အစကတည်းက မဖြစ်သင့်တဲ့ ကိစ္စဖြစ်ကြောင်းနှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် (NLD) ပါတီအား ပါဝင်စေချင်သောကြောင့် လျော့ပေါ့တဲ့ သဘောမျိုးလားဟု စဉ်းစားစရာဖြစ်ကြောင်းလည်း ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေဦဉာဏ်ဝင်းက သုံးသပ်ပြောဆိုသည်။

ရခိုင်ပြည်နယ်အဖွဲ့ချုပ်ရုံးကို ပြည်နယ်အာဏာပိုင်များက ယနေ့ မတ်လ (၁၁) ရက်နေ့၊ မနက် (၈) နာရီတွင် ဖွင့်ပေးမည်ဖြစ်ကြောင်း ယမန်နေ့ ညပိုင်းက ရခိုင်ပြည်နယ်အဖွဲ့ချုပ် ယာယီဥက္ကဌနှင့် ပြည်နယ်စည်းအဖွဲ့ဝင်များအား ဆင့်ခေါ်ပြောဆိုခဲ့ပြီး တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် (NLD) ရုံးကိုလည်း မတ်လ (၁၁) ရက်နေ့တွင် မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ ပုံမှန်ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း မယကဥက္ကဌမှ ကော့သောင်း (NLD) ဥက္ကဌအား ယမန်နေ့တွင် ပြောဆိုခဲ့သည်။

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် (NLD) ရုံးကို ပြန်ဖွင့်ချင်တယ်ဆိုရင် ကော်မရှင်ဥပဒေအတိုင်း ပြန်လည်လျှောက်ထားနိုင်ကြောင်း မတ်လ (၁၀) ရက်နေ့ ညပိုင်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးက မြို့နယ် (NLD) ဥက္ကဌကို ဆင့်ခေါ်ပြောဆိုခဲ့ပြီး ရခိုင်ပြည်နယ် အဖွဲ့ချုပ်ရုံးကိုလည်း ပြည်နယ်အာဏာပိုင်တွေက ယနေ့၊ မတ်လ (၁၁) ရက်နေ့ မနက် (၈) နာရီ ဖွင့်ပေးမည်ဖြစ်ကြောင်း ယမန်နေ့ညပိုင်းက ပြည်နယ်အဖွဲ့ချုပ် ယာယီဥက္ကဌနှင့် ပြည်နယ်စည်းအဖွဲ့ဝင်များအား ပြောဆိုခဲ့သည်။

ထိုသို့ စစ်အစိုးရက (NLD) ရုံးများကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း NLD ပါတီ၏ ရုံးလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိ/မရှိကိုမူ အသေအချာ မသိရသေးကြောင်း (NLD) ပါတီဝင်များက ပြောသည်။
 
Thursday, 11 March 2010 11:52 ကောင်းမြတ်ကျော် 
ရင်းမြစ်။ ။ http://www.yoma3.org/index.php?option=com_content&view=article&id=509:2010-03-11-04-55-33&catid=41:2008-09-21-07-44-45&Itemid=124

စည်းကမ်းရှိတဲ့ လွှတ်တော်ကြီးကို မြင်ယောင်ခြင်း

နအဖစစ်အစိုးရက ရွေးကောက်ပွဲအသံတွေ ပေးတာကြားရတိုင်း၊ အဲဒီရွေးကောက်ပွဲကို ထုံးသုတ်-ရွှေချ ပြောကြတာတွေ ကြား ရတိုင်း ဒီရွေးကောက်ပွဲကနေ ပေါ်လာမယ့် လွှတ်တော်ရဲ့ပုံကို စဉ်းစားနေမိပါတယ်။ စဉ်းစားနည်းဟာ ကလေးဆန်တယ်ပဲ ပြောပြော၊ လူပြိန်းဆန်တယ်ပဲပြောပြော အလွယ်ဆုံးကိစ္စတခုကိုပဲ အရင်ဆုံးတွေးမိပါတယ်။ အဲဒါကတော့ တကယ်လို့ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့” ဆိုတာက ဗိုလ်သန်းရွှေကို သမ္မတအဖြစ် တင်မြှောက်ပြီးလို့ လွှတ်တော်ထဲမှာ ကြေညာလာပြီဆိုရင် ဘယ်သူကများ ဆန့်ကျင်ရဲမလဲ၊ စင်ပြိုင်အမည်တခု တင်ရဲမလားဆိုတာပါ။ အဲဒီလိုအခါမှာ လွှတ်တော်ခန်းမကြီး တခုလုံးဟာ ငြိမ်ကျသွားမလား၊ ဆူပွက်သွားမလား၊ တိုးတိုးပြောသံတွေ မသဲမကွဲ ကြားလာရမလား၊ သူ့ထက်ငါဦး အလုအယက် ထောက်ခံကြမလား၊ တယောက်မျက်နှာတယောက် ကြည့်နေကြမလား၊ ဘာပဲပြောပြော “စစ်မှန်ပြီး စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ကြီးကို ကျင့်သုံးနေချိန်ဆိုတော့ စည်းကမ်းတကျတော့ ဖြစ်မှာ သေချာပါတယ်။ မဆလလက်ထက်တုန်းက ဗိုလ်နေဝင်းစကားပြောနေရင် အပေါ့အပါးတောင် ထမသွားကြရဘူးဆိုသမို့လား။ ဒီလွှတ်တော်ထဲက စာပွဲတွေအောက်မှာ အသံဖမ်းစက်တွေ တပ်မထားပေမယ့် ကလို့စ် ဆားကစ်တီဗွီ (close circuit TV) လို တီဗွီကင်မရာတွေနဲ့တော့ လူအားလုံးကို စောင့်ကြည့်နေမှာ သေချာပါတယ်။

တဆက်တည်း ဆက်တွေးမိတာက အဲဒီကြပ်ပြေးက လွှတ်တော်ကြီးမှာ (၂၅) ရာခိုင်နှုန်းသော စစ်တပ်ကိုယ်စားလှယ်တော်ကြီး များက လွှတ်တော်ခန်းမအတွင်း ဘယ်လိုနေရာမှာ ထိုင်ကြမှာလဲဆိုတာပါ။ တခြားကိုယ်စားလှယ်တွေကြားမှာပဲ ရောထိုင်မှာလား။ ဒါဆိုရင် ကျန်တဲ့လူတွေစိတ်ထဲမှာ ထောက်လှမ်းရေး လာထိုင်နေတယ်လို့ ခံစားရမလား။ အနေကျုံ့ကြမှာလား။ ဒါမှမဟုတ် အင်ဒိုနီးရှား လွှတ်တော်မှာလို သူတို့ချည်းသတ်သတ် သီးသန့်ထိုင်မှာလား။ တရားရုံးက ဂျူရီအဖွဲ့လို ထိုင်နေမှာလား။ ဒီဘယ်သူ့ မဲတမဲမှမရခဲ့တဲ့ ကိုယ်စားလှယ်တွေဟာ လွှတ်တော်ကို ယူနီဖောင်းဝတ်နဲ့ တက်လာကြမှာလား၊ အရပ်ဝတ်နဲ့ တက်လာကြမှာလား။ ကြပ်ပြေးက လွှတ်တော်ဆိုတာကြီးထဲမှာ တနေရာကကွက်ပြီး စိမ်းနေရင် ရုပ်မြင်သံကြားထဲမှာတော့ ထင်းနေမှာပဲ။ ဗိုလ်သန်းရွှေနည်း ဗိုလ်သန်းရွှေဟန် ဒီမိုကရေစီရဲ့ အထိမ်းအမှတ် လက္ခဏာပေါ့လေ၊ ဒါလောက်တော့ ရှိမပေါ့။

တကယ်လို့များ လွှတ်တော်ကိုယ်စားလှယ်တွေထဲက တယောက်ယောက်ကနေ အစိုးရဆန့်ကျင်တဲ့ အယူအဆတခုကို တင်ပြနေပါပြီတဲ့၊ ဒါကို အဲဒီအစိမ်းအုပ်ထဲက တယောက်က ချောင်းဟန့်သံကျယ်ကျယ်ပေးလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။ ဆက်ပြောဝံ့ပါ့မလား။ အဲဒီစစ်ဗိုလ်အုပ်စုထဲက တင်တဲ့အဆိုတခုကို ကျန်တဲ့လူတွေက ဆန့်ကျင်ခွင့်ရှိပါ့မလား။ “ခေါင်းညိတ်လိုက်ရုံမှအပ ကျနော်ကကော ဘာများတတ်နိုင်ဦးမည်နည်း” ဆိုတဲ့အဖြစ်တွေကို စောင့်ကြည့်ကြရပါလိမ့်မယ်။
အဲဒီလိုပတ်ဝန်းကျင်၊ အဲဒီလိုလေထုထဲမှာ ရွေးကောက်ပွဲနဲ့တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် တယောက်မကျန် (၇၅) ရာခိုင်နှုန်းကို စုစည်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ အဆိုတွေတင်ကြမှာတဲ့။ နားရှိလို့သာ ကြားမိရတာပါပဲ။

ဒီတော့ အမျိုးသားနိုင်ငံရေးတွင် တပ်မတော်၏ဦးဆောင်မှုအခန်းကဏ္ဍဆိုတာ ဘယ်လိုဟာလဲဆိုတာကို ကမ္ဘာရော၊ မြန်မာကပါ မကြာခင် မျက်ဝါးထင်ထင် တွေ့ကြရပါတော့မယ်။ ကျောချတော့ စစ်ဗိုလ်မှန်း သိကြကရောပေါ့။ တကယ်တော့ သူတို့ဟာ ၁၉၉၁ ခုနှစ် ဇူလိုင်လထဲ လောက်ကစပြီး တပ်မတော်အရာရှိတဦးဆိုတဲ့ ကလောင်နာမည်သုံးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ အဆက်မပြတ်ရေးတာတွေ တွေ့ခဲ့ရပါတယ်။ တနည်း သူတို့လုပ်ချင်တဲ့ဥပဒေကို လူထုက ဘယ်လိုတုံ့ပြန်မလဲလို့ သွေးတိုးစမ်းခဲ့ပါတယ်။ အဲဒီနောက် သူတို့ရဲ့ “အမျိုးသားညီလာခံ” ဆိုတာမှာ စစ်တပ်ကိုယ်စားလှယ်တွေကို ထည့်သွင်းခဲ့တယ်။ ဒါဟာလည်း သူတို့ဖြစ်စေချင်တဲ့ လွှတ်တော်မျိုးအတွက် မြေစမ်းခရမ်းပျိုးတာ ဖြစ်ပါတယ်။ ဒီလို “စပေ့စ်”တွေ ပြည့်လျှမ်းနေတဲ့ လွှတ်တော်ကြီးထဲမှာ စစ်ဗိုလ်တွေက တိုင်သံပေးလိုက်၊ “တတိယအင်အားစု” အမည်ခံတွေက (ကံကောင်းထောက်မလို့ ပါရှိခဲ့သော်) ဖောက်သံပေးလိုက်နဲ့ အတိုက်အခံတွေအပေါ် စီရင်ချက်တွေချကြတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးနဲ့ လွှတ်တော်ကြီး ဖြစ်ပေါ်လာတော့မှာပါ။

ဒီလိုနဲ့ပဲ သူတို့ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စာမျက်နှာ (၃) အခန်း (၁) နိုင်ငံတော်အခြေခံမူများ အပိုဒ် (၆) (စ) မှာ ပါတဲ့ “အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်” တာတွေကို ပြည်သူတွေ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပါတော့မယ်။ မှန်ပါတယ်၊ ၁၉၇၄ ခုနှစ်တုန်းက ဖွဲ့စည်းပုံမှာတော့ ဒါမျိုးတွေမပါပါဘူး။ မပါတဲ့အကြောင်းက အဲဒီတုန်းက မဆလ တပါတီတည်း အုပ်ချုပ်နေချိန်၊ လွှတ်တော်ထဲမှာ မဆလနဲ့မဆလတွေသာရှိနေပြီး မဆလစစ်အုပ်စု၊ စစ်အုပ်စုမဆလ ဖြစ်နေတဲ့အတွက် ဖြစ်ပါတယ်။

ဗမာပြည်မှာ သမိုင်းမှာရှိခဲ့ဖူးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြန်ကြည့်လိုက်ပါ။ ပထမဆုံးက ကိုလိုနီခေတ် ၁၉၃၅ ခုနှစ်မှာ ဗြိတိသျှအစိုးရက ဗမာပြည်ကို အိန္ဒိယလက်အောက်ကနေ ခွဲထုတ်ပြီးနောက် ပြဋ္ဌာန်းသတ်မှတ်ပေးခဲ့တဲ့ ‘၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှုဥပဒေ’ (1935 Government of Burma Act) ဆိုတာဖြစ်ပါတယ်။ ၉၁ ဌာန အုပ်ချုပ်ရေးလို့လည်း လူသိများခဲ့တဲ့ ဒီဥပဒေကို ဗမာနိုင်ငံရဲ့ ပထမဆုံးသော ဖွဲ့စည်းပုံဥပဒေလို့ ပြောရင်လည်း ရပါတယ်။ ဒီဥပဒေအရ လွှတ်တော် (၂) ရပ် သတ်မှတ်ထားပါတယ်။ ဒါပေမယ့် နိုင်ငံခြားဆက်သွယ်ရေး၊ ကာကွယ်ရေး၊ ဘာသာရေး၊ တောင်တန်းဒေသ အုပ်ချုပ်ရေး၊ ငွေရေးကြေးရေးပေါ်လစီ၊ ငွေစက္ကူနဲ့ ငွေဒင်္ဂါးကိစ္စ စတဲ့ အရေးပါသောကိစ္စများနဲ့ပတ်သက်လာရင် ဘုရင်ခံမှာသာ စိတ်တိုင်းကျစီရင်ပိုင်ခွင့်အာဏာ (Discretionary Power) ရှိတယ်ဆိုတဲ့ သတ်မှတ်ချက်လည်း ပါနေပါတယ်။ စစ်တပ်ကတော့ အင်္ဂလန်က ဘုရင်၊ ဘုရင်မလက်ထဲမှာပဲ ရှိပါတယ်။

နောက်တခုက ဂျပန်ခေတ်တုန်းကရခဲ့တဲ့ “လွတ်လပ်ရေးကာလ” တုန်းက ဖြစ်ပါတယ်။ အဲဒီကာလတုန်းက အစိုးရရုံးတွေမှာ တရားစီရင်ပိုင်ခွင့်မရှိဘဲ ဂျပန်စစ်တပ်မှာသာ တရားစီရင်ခွင့်ရှိနေပါတယ်။ အဲဒီတုန်းက“ဗမာပြည်အစိုးရ” ဟာ ဘီအိုင်အေတပ်ကိုသာ ချုပ်ကိုင်ခွင့်ရှိပြီး ဗမာပြည်ထဲမှာရှိနေပြီး အဆမတန် အင်အားပိုမိုကြီးမားတဲ့ ဂျပန်တပ်ကြီးကိုတော့ တိုကျိုမှာနေတဲ့ ဂျပန်ဧကရာဇ်ဘုရင်ကသာ ချုပ်ကိုင်ခွင့်ရှိပါတယ်။

အခုလည်း နအဖစစ်အစိုးရရဲ့ ဖွဲ့စည်းပုံဥပဒေဟာ လွှတ်တော်ရဲ့အခွင့်အာဏာတွေကို အမျိုးမျိုးကန့်သတ်ထားရုံမက စစ်တပ်ကို သူတို့စစ်အုပ်စုကလွဲပြီး ဘယ်သူမှချုပ်ကိုင်ခွင့်မရအောင် ပြဋ္ဌာန်းထားပါတယ်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအခန်း (၇) မှာ တပ်မတော်ရဲ့လုပ်ပိုင်ခွင့်၊ ချုပ်ကိုင်ခွင့်တွေသာ ပါရှိပါတယ်။ ဒီတပ်မတော်က အစိုးရအဖွဲ့ကို နာခံရမယ်၊ နိုင်ငံတော်အပေါ် သစ္စာရှိရမယ်ဆိုတဲ့ စကားမျိုး တလုံးမှမပါပါဘူး။ စစ်တပ်ဟာ တတိုင်းတပြည်လုံးရဲ့အထက်၊ သူတို့ဖန်တီးထားတဲ့ “လွှတ်တော်” ရဲ့ အထက်မှာပဲ ရှိနေပါတယ်။ ကာကွယ်ရေးဝန်ကြီးကို သမ္မတက တိုက်ရိုက်ခန့်တာ၊ ဒီဝန်ကြီးကပဲ စစ်ကောင်စီ (လုံခြုံရေးကောင်စီ) ကို တိုက်ရိုက်တာဝန်ခံရတာ၊ တပ်ဖွဲ့စည်းတာ၊ ခန့်အပ်တာ၊ ရာထူးတိုးတာ စတာတွေအားလုံးကို ကက်ဘိနက်ကတောင် ပြောဆိုခွင့်မရှိတာ စတဲ့အချက်တွေကိုကြည့်လိုက်ရင် အမြဲတမ်း ချက်ကြီးကချည့် အထက်က ဖြစ်နေမယ်ဆိုတာ ရှင်းနေပါတယ်။ ဒါကို အထက်မှာပြောသလို (၇၅) ရာခိုင်နှုန်းအင်အားစုစည်းပြီး ပြောင်းလဲမယ်လို့ ပြောသံကြားရတော့ ‘ပြောလည်း ပြောထွက်ပါပေ့’ လို့သာ မှတ်ချက်ချရပါတော့တယ်။

တကယ်က ရှစ်လေးလုံးအရေးတော်ပုံကြီးက စလို့ စစ်အုပ်စုထိပ်သီးတွေအနေနဲ့ ဒီစစ်တပ်ကို ဒီအတိုင်း ဆက်ထိန်းသွားလို့ မရမှန်း သဘောပေါက်သွားခဲ့ပါတယ်။ ဒါကြောင့်မို့ တပ်တွေကို စီးပွားရှာခွင့် (တရားမဝင်) အခွန်ကောက်ခွင့်တွေပေးခဲ့ပါတယ်။ ဒါပေမယ့် တပ်ကို ဒါလောက်ဖျက်ဆီးရုံနဲ့ မလုံလောက်မှန်းသိလို့ အာဏာပါခွဲပေးပြီး ထိန်းဖို့ ဒီဖွဲ့စည်းပုံကို ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ပြောရရင် တိုင်းပြည်ရဲ့ ဓနဥစ္စာ အဆီအနှစ်၊ ကျောရိုးလုပ်ငန်းအားလုံး စစ်အုပ်စုလက်ထဲ လုံးလုံးလျားလျားရောက်နေပါပြီ။ လိုအပ်နေတာက အဲဒါကို တရားဝင်ဥပဒေအာဏာနဲ့ အကာအကွယ်ပေးဖို့သာဖြစ်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ၊ ၂ဝ၁ဝ ရွေးကောက်ပွဲ စတာတွေဟာ အဲဒီအတွက် စီမံချက်တွေသာ ဖြစ်ပါတယ်။

နိုင်ငံရေးမှာ သမိုင်းတရားခံဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးရှိပါတယ်။ ဘယ်သူမှ ဒီဘွဲ့ကို မလိုချင်ပါဘူး။ ဒါဟာ တမင်ရည်ရွယ်ပြီး လုပ်သူတွေပဲဖြစ်ဖြစ်၊ မရည်ရွယ်ဘဲ လုပ်မိသူပဲဖြစ်ဖြစ် လုပ်ရပ်ကိုအကြောင်းပြုပီး သတ်မှတ်ကြတာပါ။ အထူးသဖြင့် နှောင်းလူတွေက သတ်မှတ်ကြတာပါ။ နှောင်းလူတွေမှာက ဒီနေ့ရှိနေတဲ့ အကန့်အသတ်တွေက လွတ်ကင်းပါတယ်။ နိုင်ငံရေးကို တကယ်တမ်း လေးလေးနက်နက် လုပ်သူ၊ ကိုယ့်ဘဝကို နိုင်ငံရေးလုပ်ငန်းထဲမှာ နှစ်ထားသူတွေဟာ ဒီလိုတရားခံဖြစ်မှာကို သိပ်သတိထားရှောင်ရှားရပါတယ်။ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲဟာ စစ်အာဏာရှင် အုပ်စိုးမှုကို ရေရှည်အသိအမှတ်ပြုပေးလိမ့်မယ်ဆိုတာ ရှင်းနေလျက်နဲ့ ရွေးကောက်ပွဲမှတပါး အခြားမရှိလို့ ပြောနေသူများဟာ ဗိုလ်သန်းရွှေတို့နဲ့ တတန်းတည်း တရားခံစာရင်းဝင်သွားနိုင်ပါတယ်။ အနည်းဆုံး ကြံရာပါပေါ့။

ရဲဘော်ဖိုးသံချောင်း
၁၁/ မတ် ၂၀၁၀
ရင်းမြစ်။ ။ခေတ်ပြိုင်

မြန်မာဖြစ်က အိမ်သာတက်ခွင့်မရှိ - ဖို့ဝိန်းဆိုင်တခုက တားမြစ်

မြန်မာဖြစ်က အိမ်သာတက်ခွင့်မရှိ - ဖို့ဝိန်းဆိုင်တခုက တားမြစ်
မိုးမခအထောက်တော် ၀၀၂
မတ် ၁၁၊ ၂၀၁၀
လက်ခံရရှိသော ဖို့ဝိန်းဂေဇက်သတင်းစာ ဆောင်းပါးနှင့် ဓာတ်ပုံအရ Ricker’s City Laundry အမည်ရှိ အ၀တ်လျှော်စက်ဆိုင်တွင် “မြန်မာဖြစ်ပါက ၎င်းတို့အိမ်သာသုံးခွင့် မပေးနိုင်” ဟု တားမြစ်စာ ချိတ်ဆွဲထားသည်ကို တွေ့ရသည်။
          ၎င်းသည် ဖို့ဝိန်းမြို့ Calhoun Street & Rudistill Blvd. မှာ တည်ရှိသည်။ တပတ်ကြာသည်အထိ ချိတ်ဆွဲထားသော စာကို မြို့ခံတို့က မည်သို့ သဘောထားကြောင်း မသိရသော်လည်း မြန်မာတို့က ထိုကိစ္စကို မည်သို့မျှ အရေးတယူ မလုပ်ကြခြင်းမှာ ထိုမြန်မာတို့က ထိုအင်္ဂလိပ်စာကို မဖတ်တတ်၍ ဖြစ်နိုင်သည်ဟု ထိုသတင်းစာရေးသူ Frank Gary က မေးခွန်းထုတ်ထားသည်။
သို့သော်လည်း လွန်ခဲ့သည့် တနင်္ဂနွေနေ့၊ ထိုဆိုင်းဘုတ်ဖြုတ်ချခဲ့ပြီး ရက်အနည်းငယ်အကြာမှ ထိုဆိုင်းဘုတ်ကို ပရိသတ်တို့ကြား လူသိရှင်ကြားဖြစ်သွားပြီး ထိုဆိုင်ကို သပိတ်မှောက်ကြရန် တိုက်တွန်းနှိုးဆော်သံ ထွက်လာရခြင်းမှာ အင်တာနက်ပေါ်က ဖေ့စ်ဘွတ်တွင် ထိုကိစ္စကို တင်ဆက်လိုက်ခြင်းကြောင့် ဖြစ်သည်ဟု ဆောင်းပါးက ဆိုသည်။
“ဒီကိစ္စဟာ လူ့အခွင့်အရေးကို စော်ကားတာ ဖြစ်တယ်” ဟု ထိုဒေသခံတဦးဖြစ်သူ Christine Marshall က မှတ်ချက်ပေးထားသည်။ ထိုအရေးအခင်းကို မြို့ခံ စည်ပင်သာယာ၊ အုပ်ချုပ်ရေးအဖွဲ့၊ မြန်မာ့အရေးဆောင်ရွက်သူအဖွဲ့၊ မြို့နယ်ကျန်းမာရေး ကြည့်ကြပ်မှုအဖွဲ့တို့အပါအ၀င် ထိုအ၀တ်လျှော်စက်ဆိုင် ၀န်ထမ်းတို့က မည်သို့မျှ အသေးစိတ် ရှင်းမပြတတ်သော်လည်း ကုမ္ပဏီဌာနချုပ်က ဖေ့စ်ဘွတ်နှင့် ယူကျု ၀က်ဆိုက်တို့မှ တဆင့် ထိုအပြုအမူအတွက် တောင်းပန်ကြောင်း၊ ၀န်ထမ်းတဦးက သူ့ဖာသာသူ တင်လိုက်သော ဆိုင်းဘုတ်ဖြစ်၍ သိသိချင်း ဖြုတ်ချလိုက်ကြောင်း၊ စည်းကမ်းနည်းလမ်းနှင့်အညီ ထိုဝန်ထမ်းကို အရေးယူမည်ဖြစ်ကြောင်း ထုတ်ဖော် တောင်းပန်မှု ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
ထိုကိစ္စကို အဆိုပါ မြို့ခံ Marshall က မှတ်ချက်ပေးရာတွင် မြို့ခံမြန်မာတို့၏ ရိုးရာ ကွမ်းစားသည့်အလေ့နှင့် ကွမ်းထွေးသည့် အကျင့်ကို အခြေခံပြီး ထိုအရေးအခင်း ဖြစ်လာရပုံပေါက်သည်ဟု ဆိုကြောင်း သတင်းဆောင်းပါးက ဖော်ပြထားသည်။
အမေရိကန်တွင် မက်စီကန် မ၀င်ရ၊ လူမည်းများ မ၀င်ရဟူသည့် ဆိုင်းဘုတ်များ မထုတ်သင့်ဟု ယုံကြည်လျင် ယခုကဲ့သို့ မြန်မာ မ၀င်ရဟူ၍လည်း ဆိုင်းဘုတ်မထုတ်သင့်ကြောင်း ထိုဖေ့ဘွတ်ကင်ပိန်းကို ဆောင်ရွက်ခဲ့သူ အဆိုပါ Marshall က ၎င်းစာမျက်နှာတွင် ရေးသားထားသည်။
သို့ဖြစ်ပါ၍ ထိုအမှားမျိုးမဖြစ်ရအောင် Ricker’s City Laundry ကလည်း သင်ခန်းစာယူနိုင်သည်။ ထိုကဲ့သို့ ဖြစ်ရပ်မျိုးကို ကြုံတွေ့ဖူးသည့် ပရိသတ်တို့က မှတ်ချက်ပေးရာတွင် -  မြန်မာမိသားစုများအတွက်လည်း (နေရာတကာ ကွမ်းစား၊ ကွမ်းထွေးသည့် အကျင့်မှာ) မျက်နှာပူစရာ ဖြစ်သဖြင့် ထိုအရေးအခင်းကို သိုသိုသိပ်သိပ် ထားချင်ပုံရကြောင်း၊ ထိုမြန်မာအက်ဒဗိုကေစီအဖွဲ့ (မြန်မာအရေးဆောင်ရွက်သူအဖွဲ့) အနေနှင့်လည်း ၂ ဖက်စလုံးက လူများနှင့် ဆက်သွယ်ပြီး ကျေလည်အောင် နားလည်မှု ယူမည်ဟု ဆိုကြောင်း ဆောင်းပါးတွင် ရေးထားသည်။
အင်ဒီယာနားပြည်နယ် ဖို့ဝိန်းမြို့မှာ နိုင်ငံတကာက သဘာဝချင်း၊ အလေ့အထချင်း မတူသူ နိုင်ငံရေးဒုက္ခသည်ပေါင်းစုံတို့ ရွှေ့ပြောင်းအခြေချရာဒေသတခု ဖြစ်ရာ ထိုမတူသော ယဉ်ကျေးမှုတို့ ထိပ်တိုက်မှု၊ ထိခိုက်မှုများ ဖြစ်ပွားသည်မှာ ဓမ္မတာဖြစ်သဖြင့် ထိုထိခိုက်မှု၊ ထိပ်တိုက်မှုများမှတဆင့် အဖြေတွေ့အောင် ရှာဖို့ကသာ အရေးကြီးပါသည်ဟု စာရေးသူက မှတ်ချက်ပေးထားသည်။
ရင်းမြစ်။ ။မိုးမခ

စစ်အစိုးရလုပ်ရပ် အန်အယ်ဒီ မကျေနပ်


စစ်အစိုးရက ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအပေါ် လုံးဝကျေနပ်မှု မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောလိုက်ပြီး အခက်အခဲအကျပ်အတည်းတွေ့အောင် လုပ်လိုက်သော ပြဌာန်းချက်ဟု ပါတီပြန်ကြားရေးမှ ဦးဥာဏ်ဝင်းက ပြောသည်။  ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီ စီအီးစီများ တွေ့ဆုံအဖြေရှာမည်ဖြစ်ရာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ မဇ္ဈိမက ဦးဥာဏ်ဝင်းနှင့် ပါတီ၏ဥပဒေအကြံပေး ဦးအောင်သိန်းတို့ကို ဆက်သွယ်မေးမြန်းထားသည်။

ရှေ့နေ ဦးဥာဏ်ဝင်း
ဗဟိုအလုပ်အမှုဆောင်ဝင်နှင့် သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်

နိုင်ငံရေးပါတီများ မှတ်ပုံခြင်း ဥပဒေ ပြဋ္ဌာန်းတဲ့အပေါ် အန်ကယ်တို့ ပါတီအနေနဲ့ ဘယ်လိုမြင်လဲခင်ဗျ။

''ဒီဥပဒေကတော့ ဒီမိုကရေစီ လိုလားတဲ့ ပါတီတွေ၊ NLD အပါအဝင် အားလုံးကို အကျပ်အတည်း ဖြစ်စေတဲ့ ပြဋ္ဌာန်းချက် ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ပါမယ် ဆိုတဲ့ ဝန်ခံချက်နဲ့ မှတ်ပုံတင်ရမှာ ဖြစ်တယ်။ ကျနော်တို့ လုံးဝ လက်မခံနိုင်တဲ့ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဝန်ခံရမယ်ဆိုတော့ ဒီဟာက အင်မတန်ကြီးမားတဲ့ အခက်အခဲလို့ ကျနော် ပြောချင်တယ်''

ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၂ ပုဒ်မ ၆ မှာ ပါတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ။

''ဒါကလည်း တကယ့်ကို အကျပ်အတည်း ဖြစ်စေတဲ့ ပြဋ္ဌာန်းချက်ပဲ။ ဒီလို ပြဋ္ဌာန်းချက်မျိုး ကျနော်တို့ အတွေ့အကြုံအရ နိုင်ငံတကာမှာ တခါမှ မတွေ့ဖူးဘူး။ အဲဒီတော့ ဒီဟာက ဒီတိုင်းပြည်တွင်းမှာ ပါတီတွေကို ထိန်းချုပ်ဖို့၊ ပါတီတွေကို ကန့်သတ်ဖို့ ကျိုးစားဆောင်ရွက်တဲ့ လုပ်ရပ်လို့ ကျနော် အဲဒီလို မြင်ပါတယ်''

ဒီဥပဒေအရဆိုရင် NLD ပါတီဝင်တွေအနေနဲ့ ဘယ်လိုမျိုး ဖြစ်လာနိုင်မလဲဗျ။

''ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် CEC အဖွဲ့ဝင် အားလုံး စုံညီအစည်းအဝေး ကျင်းပနိုင်ဖို့ ကြိုးစားမယ်လို့ ဒီကနေ အကြမ်းဖျဉ်း သဘောတူထားပါတယ်''

ဒီဥပဒေလမ်းကြောင်းအရ NLD ပါတီအနေနဲ့ အကျဉ်းအကျပ်ထဲ ရောက်နေချိန်မှာ ရှေ့ဆက် ဘယ်လိုမျိုး လုပ်ဖို့ ရှိပါသလဲ။

''အကျဉ်းအကျပ်ထဲက ကျော်ဖြတ်ဖို့ လုပ်ရမှာပဲ။ ဘယ်လိုလုပ်မယ်ဆိုတာ ကျနော်တို့ အစည်းအဝေး မထိုင်သေးဘူး။  စုံညီအစည်းအဝေး မလုပ်နိုင်သေးဘူး။ ဒီအချိန်မှာ ဒါကို မပြောနိုင်သေးပါဘူး''

ဒီဥပဒေနဲ့ ပတ်သက်ပြီး ပါတီအနေနဲ့ ကျေနပ်မှု ရှိပါသလား။

''ဒီ ဥပဒေနဲ့ ပတ်သက်ပြီးတော့ လုံးဝ မကျေနပ်ပါဘူး''

++++++++++++++++++++++++++++++++++++

ဦးအောင်သိန်း
(ဥပဒေ အကြံပေး)
ရန်ကုန်

နိုင်ငံတကာက ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် နိုင်ငံရေးသမားတွေ လွှတ်ပေးပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံခြင်း ဥပဒေကတော့ အဲဒီလို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူးဆိုထားပါတယ်။ အဲဒီအပေါ်မှာ အန်ကယ့်အနေနဲ့ ဥပဒေကြောင်းလမ်းအရ ဘယ်လို မြင်ပါသလဲ။

''နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတာ မရှိဘူး။ နိုင်ငံရေး အကျဉ်းသား ဆိုတာကိုတောင် လက်မခံသလို၊ ထောင်ကျ အကျဉ်းသားတောင် ပါတီဝင်ခွင့် မရှိဘူး။ ထောင်ကျနေပေမယ့် ပါတီက တာဝန်ပေးထားတယ်ဆိုရင်လည်း မရဘူး။ အဲဒီလို လူတွေကို ပါတီထဲ ထည့်ထားလို့ မရဘူး။ ထောင်ကျနေတဲ့ အကျဉ်းသားတွေက အယူခံတက်တာတို့ဘာတို့ ဆိုတာက ဒေါ်အောင်ဆန်းစုကြည်က ၃ နှစ်ကနေ၊ ၁ နှစ်ခွဲ ချထားတယ်။ အဲဒါ ၁ နှစ်ခွဲ ချထားသူတယောက်ဟာ သူဘယ်လိုနည်းနဲ့မှ ဝင်ခွင့် မရနိုင်ဘူး။ အယူခံတက်မယ်၊ တက်တဲ့ ကာလအတွင်းမှာ ပါတီထောင်မယ်၊ ပါတီစာရင်းတွေ သွင်းပြီးသွားပြီ၊ ပါတီထောင်ပြီးသွားပြီ၊ ရွေးကောက်ပွဲ ဝင်ပြီးသွားပြီဆိုရင် သူ့အနေနဲ့ ရွေးကောက်ပွဲကို ဝင်လို့ မရတော့ဘူး။ အယူခံ နိုင်ခဲ့ရင်လည်း ရွေးကောက်ပွဲဝင်လို့ မရတော့ဘူး။ အဲဒီလို ကန့်သတ်လိုက်တယ်''

၁၉၉ဝ ခုနှစ် ရွေးကောက်တုန်းက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ လက်ရှိ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ ဘယ်လိုမျိုး ကွားခြားချက် ရှိပါသလဲ။

''၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ဥပဒေတုန်းက ထောင်ကျအကျဉ်းသားတွေ ရွေးကောက်ပွဲ မဝင်ရဆိုတာ မပါဘူး။  ပါတီဝင် မဖြစ်ရဘူးဆိုတာ မပါဘူး။ ထောင်ကျနေတဲ့သူက ရွေးကောက်ပွဲ ဘယ်လိုလုပ် ဝင်လို့ရမှာလဲ။ ၂ဝ၁ဝ မှာ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေထဲမှ အယူခံ တင်ထားသူတိုင်း မဝင်ရဘူးဆိုတာက သူ့ရည်ညွှန်းချက်က ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွန်းတဲ့သဘော သက်ရောက်နေတယ်။ ပါတီထောင်လို့ မရဘူး။ နောက်တခါ ပါတီထောင်လို့ ရှိရင်လည်း ၃ မြို့နယ် ပါဝင်ရမယ်။ မြန်မာပြည် တပြည်လုံးဆိုရင် လူ ၁ဝဝဝ လက်မှတ် ရှိရမယ်။ ပြည်နယ်တခုမှာ ဝင်ပြိုင်မယ်ဆိုရင် လူဦးရေ ၅ဝဝ ရှိနေရမယ်ဆိုတဲ့ ဝန်ခံချက်တွေ ပေးရမယ်။ အရင် ရွေးကောက်ပွဲ ဥပဒေတို့၊ အရင် ကော်မရှင်တို့ထက် စာရင် အခုရွေးကောက်ပွဲ ဥပဒေနဲ့ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေက ပိုပြီးတော့ တင်းကျပ်မှုတွေ ပိုများလာတယ်။ အချက်အလက်တွေ ပိုများလာတာကို တွေ့ရတယ်''

ဥပဒေကြောင်းလမ်းအရ အခုထုတ်ပြန်တဲ့ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေက တရားမျှတမှု ရှိပါသလား။

''ဒီဥပဒေက ဒီမိုကရက်တစ် လမ်းကြောင်းပေါ် သွားနေတဲ့  ရွေးကောက်ပွဲ ပုံသဏ္ဍန်တော့ မပေါ်ပေါက်နိုင်ဘူးလို့ ခန့်မှန်းလို့ ရတယ်။ အခုထွက်လာမှတင် ခန့်မှန်းတာ မဟုတ်ပါဘူး။ ၂ဝဝ၈ ဖွဲ့စည်းအရ ကိုယ်၌ကိုက ဒီမိုကရက်တစ်လမ်းကို သွားနေတယ်လို့ ပြောလို့ မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင် တစုကနေပြီးတော့ သူ့အာဏာကို ပုံသဏ္ဍန် တမျိုးမျိုးနဲ့ ယူနီဖောင်း ဝတ်ကနေပြီးတော့  အရပ်ဝတ် ဝတ်ပြီးတော့ မရ၊ ရအောင် ဒေါင့်စုံ၊ ဘက်စုံကနေပြီးတော့ ချုပ်ကိုင်ထားမယ်ဆိုတဲ့ပုံ ပေါ်တာပေါ့နော်''

ပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွေထုတ်ပြန်ထားတဲ့ အခန်း၂ ၊ ပုဒ်မ ၆ မှာ ပါတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ ခင်ဗျာ။

''ပုဒ်မ ၆ က ဥပဒေနဲ့ မညီညွတ်ဘူး။ နိုင်ငံသားတယောက်ပဲ သူထောင်ကျနေလို့ ပါတီထဲ မဝင်ရဘူးလို့ ဖော်ပြတဲ့ ဟာကလည်း ဒီပါတီနဲ့ဆိုင်တဲ့ ကိစ္စတရပ်ပဲ။ ဒီဟာက ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်နဲ့ဆိုင်တဲ့ ကိစ္စရပ်မှ မဟုတ်ဘဲနဲ့။ သူ့ပါတီမှာ ထောင်ကျနေတဲ့ သူတယောက်ကို ပါတီဝင်အဖြစ် အသိအမှတ် ပြုရင်ပြုထားမှာပေါ့။ အဲဒီလို အသိအမှတ် မပြုရဘူးဆိုတာက ဘယ်လိုလုပ်ပြီး ဥပဒေနဲ့ ညီတယ်လို့ ဘယ်လို့ ပြောလို့ ရမှာလဲ''

ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပါဝင်တဲ့ အကျဉ်းကျခံနေရတဲ့ ပါတီဝင်တွေကို ပါတီတွင်းမှာ အဖွဲ့ဝင်အဖြစ် ဆက်ထားမယ်ဆိုရင် မတရားအသင်း ကြေညာမယ်ဆိုတဲ့ အချက်အပေါ်မှာရော ဘယ်လို မြင်ပါသလဲ။

''မတရားအသင်းဆိုတာကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အဖွဲ့အစည်းမှန်သမျှ မတရားအသင်း ထည့်မှာပဲလေ။ လက်နက်ဆွဲကိုင်တဲ့ သူပဲဖြစ်ဖြစ်၊ အစိုးရကို ပုန်ကန်တဲ့သူပဲ ဖြစ်ဖြစ်ပေါ့။ ထုတ်ပြန်ထားတဲ့ ရက်ပေါင်း ၉ဝ အတွင်းမှာ ပါတီထောင်ဖို့ စီစဉ်ရင် စီစဉ်၊ မစီစဉ်ဘူးဆိုရင် တရားဝင်ပါတီ အဖြစ်မှ ဖျက်သိမ်းပစ်မယ်။ ပါတီဖြစ်အောင် ထောင်ရင်ထောင်၊ ဒါမှမဟုတ် မထောင်ရင်လည်း ထောင်လက်စ ပါတီအဖြစ်ကနေ ပါတီအဖြစ် အကျုံးမဝင်တော့ဘူးဆိုတဲ့ သဘော သက်ရောက်မှာပေါ့။ ရွေးကောက်ပွဲကိုလည်း အနည်းဆုံး ၃ မြို့နယ်မှာ အမတ်လောင်းအဖြစ် ဝင်ရမယ်။ ၃ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘူးဆိုရင် ရွေးကောက်ပွဲ ဝင်ခွင့်မရှိဘူးဆိုတာ ပါတယ်။ အဲဒီဟာတွေက တသီးပုဂ္ဂလတောင်မှ ဝင်လုပ်ဖို့၊ သူ့ကို ကြိုက်လို့ ရွေးချင်တောင်မှ ပါတီတရပ်အနေနဲ့ ၃ မြို့နယ် ဝင်ရမယ်လို့ သတ်မှတ်ထားတဲ့အတွက် အရွေးခံမယ့် သူတွေအနေနဲ့ ဘယ်လို လုပ်မလဲ။ အဲလိုလူတွေအတွက် စဉ်းစာရမယ့် အနေအထား ဖြစ်နေတယ်။ ပါတီအနေနဲ့ ထောင်တားရင်ပဲဖြစ်ဖြစ်၊  ထောင်မယ်ဆိုရင်ပဲဖြစ်ဖြစ် ရွေးကောက်ပွဲဝင်မယ့် ရည်ရွယ်ချက် ဖြစ်ရမယ်။ ရွေးကောက်ပွဲ မဝင်ဘဲနဲ့လည်း နိုင်ငံရေးပါတီ ထောင်လို့ မရဘူးဆိုတဲ့ သဘော ဖြစ်နေတယ်''

အတိုက်အခံ ပါတီကြီးဖြစ်တဲ့ NLD မှာ နိုင်ငံရေးကြောင့် အကျဉ်းကျနေရတဲ့သူတွေ ပါနေတယ်ဆိုတော့ အကျဉ်းကျခံရတဲ့သူတွေ ထုတ်ပယ်ရမယ်ဆိုတဲ့ အချက်အပေါ်မှာ ဘယ်လိုရှုမြင်ပါသလဲ။

''နိုင်ငံရေးပါတီဆိုတာက နိုင်ငံရေး လုပ်ဖို့ပဲလေ။ နိုင်ငံရေးပါတီဆိုတာက နိုင်ငံရေးလုပ်ဖို့ပဲလေ၊ နိုင်ငံရေးပါတီက သူရဲ့ နိုင်ငံရေး လုပ်ဆောင်ရမယ့်သူ၊ သူနဲ့ ပတ်သက်တဲ့သူ၊ သူရွေးချယ်ထားတဲ့သူ၊ သူ ပါတီဝင်အဖြစ်နဲ့ ရပ်တည်သင့်တဲ့သူ ဖြစ်ရင်လည်း၊ ထောင်ကျနေရင်လည်း၊ သူ့ပါတီတွင်းမှာ ရှိနေသကဲ့သို့ တာဝန်ကျေအဖြစ် သတ်မှတ်ပြီးတော့ သူ့သဘောထားတာက သူ့ပါတီတွင်း ရပိုင်ခွင့်ပဲလေ။ ပါတီတွင်း ရပိုင်ခွင့်ဟာ  ရွေးကောက်ပွဲ ကိုယ်စားလှယ် ရွေးကောက်နည်းနဲ့ ရွေးချယ်သတ်မှတ်မယ်ဆိုရင် ဒါ သဘာဝ မကျဘူးလို့ပဲ ပြောချင်ပါတယ်''

လက်ရှိ ထုတ်ပြန်ထားတဲ့ ကြေညာချက်အပေါ် နိုင်ငံတကာက လက်ခံနိုင်မယ့် အနေအထား ရှိလား ခင်ဗျာ။

''ဒီဟာက ချုပ်ချယ်ကန့်သတ်မှု များလွန်းတဲ့ ဥပဒေလို့ ပြောလို့ရှိရင် မမှားပါဘူး။ နိုင်ငံတကာ လက်ခံနိုင်လောက်တဲ့ အနေအထားတော့ ပေါ်ပေါက်မယ် မထင်ပါဘူး။ ဘာကြောင့်မို့လဲဆိုတော့ နိုင်ငံတကာက ပြောနေတာတွေ ရှိတယ်။ ဘန်ကီမွန်း (ကုလအတွင်းရေးမှူးချုပ်) က ပြောထားတာက အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတာက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမယ်ဆိုတာ ပါတယ်။ အခုဟာက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မှ မလွှတ်ပေးသေးတာ။ လွှတ်ပေးမယ်ဆိုရင်တောင် ကပ်ပြီးလွှတ်ပေးမယ်ဆိုရင် ရွေးကောက်ပွဲဝင်မယ့် အခြေအနေ ဘယ်လိုမှ မမီနိုင်ဘူး''
 
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၀ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၂၁ မိနစ်