Monday, March 8, 2010

၂၀၁၀ ရွေးကောက်ပွဲအတွက် ဥပဒေများကို စစ်အစိုးရ ထုတ်ပြန်

စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ယနေ့ ကြေညာလိုက်သည်။

ထိုဥပဒေများမှာ

၁။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊

၂။ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊

၃။ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊

၎။ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊

၅။ တိုင်းဒေသကြီး ဥပဒေ သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ

တို့ ဖြစ်သည်။

မနက်ဖြန်မှ စတင်ပြီး သတင်းစာများတွင် နေ့စဉ် ဖော်ပြသွားမည်ဟု ဆိုသည်။

ယခု ရွေးကောက်ပွဲသည် သက်တမ်း ၂၂ နှစ် ရှိပြီ ဖြစ်သည့် စစ်အစိုးရက ဒုတိယအကြိမ် ပြုလုပ်သည့် ရွေးကောက်ပွဲ ဖြစ်လာမည်ဖြစ်သည်။


၁၉၉၀ ရွေးကောက်ပွဲ

၁၉၈၈ စက်တင်ဘာလတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေ ထွက်ပေါ်လာသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ၁၉၈၉ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။

ရွေးကောက်ပွဲကို ၁၉၉၀ မေ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

နိုင်ငံရေး ပါတီများ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် တနှစ်တိတိ ရခဲ့သည်။


၂၀၁၀ ရွေးကောက်ပွဲ

ယခုတကြိမ်တွင် ရွေးကောက်ပွဲကို ဒီဇင်ဘာလတွင် ပြုလုပ်မည် ဆိုပါက နိုင်ငံရေး ပါတီများအတွက် အချိန် ၁၀ လ ရှိမည်ဖြစ်သည်။

သို့သော်လည်း မည်သည့်အချိန်တွင် ပြုလုပ်မည်ကို မကြေညာသေးပေ။ လာမည့် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် တပ်မတော်နေ့ ခေါ် တော်လှန်နေ့တွင် ကြေညာဖွယ်ရှိသည်ဟု တချို့က ထင်ကြေးပေးနေကြသည်။

မိုးမခအထောက်တော် အမှတ် ၀၀၁

မတ် ၈၊ ၂၀၁၀

စစ်အာဏာရှင် မြင်လို တွေ့လိုတဲ့ လူတန်းစားထဲ ကိုယ်ပါမသွားပါစေနဲ့


ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၄) မှ (၂၆) ရက်အထိ မြန်မာသတင်းသမဂ္ဂမှ ကြီးမှူးကျင်းပခဲ့သည့် သတ္တမ အကြိမ်မြောက် မြန်မာမီဒီယာညီလာခံတွင် ယခုနှစ် စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲနှင့် မီဒီယာအခန်းကဏ္ဍကို အကျယ်တ၀င့် ဦးစားပေး ဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ မြန်မာသတင်းသမဂ္ဂ အတွင်းရေးမှူး ဦးစံမိုးဝေနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။

မေး။ ။ ဒီနှစ်ထဲမှာ နအဖစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ အင်မတန်အရေးပါတယ်လို့ ဆွေးနွေးသွားကြပါတယ်။ ဘာကြောင့် ဒီလို အရေးပါတယ်ဆိုတာ ရှင်းပြပေးစေချင်ပါတယ်။

ဖြေ။ ။ ရွေးကောက်ပွဲဆိုတာ တရားမျှတမှုရှိဖို့ အလွန်အရေးကြီးပါတယ်။ ကျင်းပပေးတဲ့ အစိုးရသို့မဟုတ် အဖွဲ့က ပြည်သူလူထုကို အသိပေးစရာတွေ အများကြီးလိုသလို ၀င်ပြီးယှဉ်ပြိုင်မယ့်သူတွေကလည်း သူတို့ရဲ့ မူဝါဒတွေ လူထုကို အသိပေးရမှာဖြစ်တယ်။ လူထုအနေနဲ့ကလည်း မဲမပေးခင်မှာ သိချင်တာတွေ သိထားသင့်တာတွေ အများအပြားရှိတယ်။ ဒီတာဝန်တွေကို ကြားခံဆောင်ရွက်ပေးမှာ မီဒီယာဖြစ်တဲ့အတွက် လူရဲ့ခန္ဒာကိုယ်မှာ သွေးပြန်ကြောမကြီးတခု အရေးပါသလို ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် မီဒီယာရဲ့ အခန်းကဏ္ဍဟာ အရေးသိပ်ကြီးတယ်လို့ ပြောနိုင်ပါတယ်။

မေး။ ။ မီဒီယာတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘယ်လို အခန်းကဏ္ဍက ပါဝင်သင့်ပါသလဲ။

ဖြေ။ ။ အကြမ်းဖျင်းပြောရရင် အခန်း (၃) ခုရှိပါတယ်။ မတိုင်ခင်၊ ကျင်းပနေချိန်၊ ကျင်းပပြီးစီးချိန်ပေါ့။ သိသင့်သိထိုက်တာတွေ အသိပေးရမယ်၊ ဘယ်လိုပုံစံ မဲပေးရမယ်၊ ဖြစ်နိုင်ခြေရှိတဲ့ မရိုးသားမှုတွေ ထောက်ပြရမယ်။ ပါဝင်လာအောင် ရွေးချယ်နိုင်ဖို့ စဉ်းစားဆုံးဖြတ်နိုင်အောင် အချက်လက်တွေ စုဆောင်းပေးရမယ်။ တရားမျှတစွာ မဲဆွယ်နိုင်ခြင်း ရှိ မရှိ စောင့်ကြည့် ဝေဖန်ထောက်ပြရမယ်၊ မသမာမှုတွေရှိရင် ဖော်ထုတ်ပေးရမယ်။

ဒုတိယအနေနဲ့ လွတ်လပ်ပြီး တရားမျှတစွာ မဲပေးနိုင်ခြင်း ရှိ မရှိ။ မဲရေတွက်တာတွေ စနစ်ကျနမှု ရှိရဲ့လား၊ မရိုးသားမှုတွေ ရှိနေသလား၊ ခြိမ်းခြောက်တာတွေ မဲဝယ်တာတွေ စသဖြင့် စောင့်ကြည့်တဲ့ တာဝန်ကိုယူရမယ် အရေးသိပ်ကြီးတယ်လို့ ပြောနိုင်ပါတယ်။

အပြီးမှာတော့ အနိုင်ရတဲ့ပါတီရဲ့ လူပုဂ္ဂိုလ်တွေ ဘာတွေလုပ်ကြမှာလဲ။ အပြတ်သတ်နိုင်သလား၊ ညွန့်ပေါင်းဖွဲ့ကြမှာလား၊ အစိုးရအဖွဲ့မှာ ဘယ်သူတွေပါလာမလဲ၊ မှန်ကန်လျော်ကန်တဲ့လူတွေ ဖြစ်ရဲ့လား၊ ရွေးကောက်ပွဲကာလ မသမာမှုတွေနဲ့ ပတ်သက်ပြီး တိုင်တန်းမှုတွေ စုံစမ်းစစ်ဆေးမှုတွေမှာ တထောင့်တနေရာကနေ စောင့်ကြည့်ဝေဖန်တင်ပြတာတွေ လုပ်ရပါမယ်။

မေး။ ။ ပြည်တွင်းမှာ သတင်းပိတ်ဆို့မှုတွေ၊ သတင်းဆင်ဆာ ဖြတ်တောက်မှုတွေ၊ သတင်းထောက်တွေကို ဖမ်းဆီးနေတာတွေ၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် မရှိတာတွေ စတဲ့ စစ်အစိုးရရဲ့ ချုပ်ကိုင်မှုတွေအောက်မှာ ရွေးကောက်ပွဲဆိုင်ရာ သတင်းမှန်တွေ ဖော်ထုတ်နိုင်ဖို့ ဘယ်လိုဆောင်ရွက်နိုင်မှာပါလဲ။

ဖြေ။ ။ ဒီနေရာမှာတော့ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတဲ့ ပြည်ပ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ ပိုပြီး အရေးပါတယ်လို့ ပြောရပါမယ်။ ပြည်ပက မီဒီယာတွေအနေနဲ့လည်း ပြည်သူလူထုရဲ့ တလေးတစား အားကိုးနားထောင် ကြည့်ရှုနေတာကို သတိထားပြီး အမြင်စောင်းမသွားရအောင် ဘက်မလိုက်ဘဲ မျှမျှတတ သတိကြပ်ကြပ်ထားပြီး သတင်းတွေထုတ်ဖို့ လိုပါလိမ့်မယ်။

မေး။ ။ ပြည်တွင်းနဲ့ ပြည်ပမီဒီယာတွေ ဘယ်လို ပူးပေါင်းဆောင်ရွက်သင့်ပါသလဲ။

ဖြေ။ ။ တိုင်းပြည်နဲ့ ပြည်သူလူထုမျက်နှာကို ရှေးရှုပြီး အလုပ်တွေလုပ်ကြဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ အင်တာဗျူးတွေ ပေးရပါမယ်။ အဖြစ်အပျက်တွေကို ကိုယ်တိုင်တွေ့ကြုံ ထိစပ်နေသူတွေ ဖြစ်တာကြောင့် ကိုယ်တိုင်လုပ်ကိုင်ခွင့် မရှိရင်တောင် လုပ်နိုင် ထုတ်နိုင် လွှင့်နိုင်တဲ့ ပြည်ပ သတင်းဌာနတွေအတွက် first hand sources လက်ဦးမျက်မြင်ကိုယ်တွေ့ သတင်းအရင်းမြစ်တွေအဖြစ် ပါဝင်လုပ်ဆောင်ပေးကြမယ်ဆိုရင် သာမန်သတင်းပေးသူ ပြည်သူတွေထက် ပိုပြီး ထိရောက်တိကျ ပြည့်စုံတဲ့ သတင်းတွေကို ဖြန့်ချိနိုင်ပါလိမ့်မယ်။

မေး။ ။ မြန်မာသတင်းသမဂ္ဂအနေနဲ့ လက်ရှိပြည်တွင်းနဲ့ ပြည်ပ မြန်မာသတင်းမီဒီယာတွေအပေါ် ဘယ်လိုရှုမြင် သုံးသပ်ပါသလဲ။

ဖြေ။ ။ ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာ တစုံတရာရှိပေမယ့် အားရစရာတော့ မရှိလှသေးပါဘူး။ ပြည်ပမီဒီယာ အများစုဟာ အတိုက်အခံနိုင်ငံရေး လှုပ်ရှားသူစိတ်မျိုး နည်းနည်း ဒါမှမဟုတ် မသိမသာကဲနေသူတွေ ဖြစ်နေတုန်းပဲလို့ ရိုးရိုးသားသား ပြောချင်ပါတယ်။ အဲဒီစိတ်ကို ထုတ်ပစ်နိုင်မှ ယုံကြည်ရတဲ့ သတင်းသမားကောင်းတွေ၊ သတင်းဌာနတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် အရင်ကထက်စာရင် အများကြီးတိုးတက်လာတယ် ဆိုရမှာပါ။

ပြည်တွင်းက မီဒီယာတွေကို ပြောရရင်တော့ သူတို့လုပ်ခွင့်ရှိသလောက် ကြိုးပမ်းအားထုတ်နေကြတဲ့ သတင်းသမားတွေ တပုံကြီးရှိတာ ကျနော်သိပါတယ်။ ဒါပေမယ့် နေရာတိုင်းမှာ စုန်းပြူးတွေတော့ ရှိတာပေါ့လေ။ သိတဲ့အတိုင်း နှစ်ပေါင်း လေးဆယ်ကျော် စစ်အစိုးရတွေ အဆက်ဆက်က အကြောက်တရားကို ဖိဖိစီးစီးသွတ်သွင်းပြီးတော့ အုပ်ချုပ်လာခဲ့တယ်။ လူမှုလူ့ဘောင် အသိုင်းအ၀ိုင်းမှာ လည်သူစားကြတဲ့ အကျင့်ပျက်စရိုက်တွေ အားကောင်းလာသလို မီဒီယာ အသိုင်းဝိုင်းထဲမှာလည်း အကျင့်ပျက်သမားတွေ ပေါ်ပေါက်လာပါတယ်၊ မဆန်းပါဘူး။ အာဏာရှိသူအကြိုက် လိုက်ဖားပြီး တကိုယ်ရေ ကောင်းစားရေး အလုပ်ဖြစ်အောင် လုပ်နေတဲ့ မီဒီယာသမားတွေ၊ နိုင်ငံရေးအမြတ် ၀င်ထုတ်ဖို့ ပြင်နေသူတွေလည်း တွေ့နေရတာပဲ၊ ပြည်သူတွေထဲက အမြင်ရှိသူတွေက သိနေပါတယ် သူတို့ကို။

မေး။ ။ မြန်မာပြည်သူလူထုကို ခေတ်ပြိုင်ကတဆင့် ဘာများ ပြောကြားလိုပါသလဲ။

ဖြေ။ ။ ဒီလို အချိန်ကာလဟာ အရေးကြီးပါတယ်။ အကြားအမြင် ဗဟုသုတ ကြွယ်နေအောင် မီဒီယာတွေကို အမြဲသတိပြု လေ့လာနေဖို့ လိုပါတယ်။ ကိုယ်အဆင်ပြေနေရင် ပြီးရောဆိုတဲ့ စစ်အာဏာရှင် မြင်လို တွေ့လိုတဲ့ လူတန်းစားထဲ ကိုယ်ပါမသွားပါစေနဲ့။ ကိုယ့်တိုင်းပြည်အရေးဟာ ကိုယ့်အရေးတင် မဟုတ်ပါဘူး နောင်လာမယ့် ကိုယ့်မျိုးဆက်တွေ အဆက်ဆက် အမွေရသွားမှာ ဖြစ်ပါတယ်။ မှန်မှန်ကန်ကန်နဲ့ လုပ်သလောက် တော်သလောက် ကြိုးစားသလောက် ကိုယ်ခံစားနိုင်မယ့်ခေတ်ကို ရောက်အောင်၊ မှန်တာလုပ်ရင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုတဲ့ စနစ်တခုကိုရောက်အောင်၊ တရားဥပဒေက မှန်မှန်ကန်ကန် အကာကွယ်ပေးတဲ့ နိုင်ငံတခုအဖြစ် ပြန်ရောက်အောင် လုပ်စရာရှိတာ လုပ်သင့်တာကို ရဲရဲ၊ ပြတ်ပြတ်သားသား လုပ်ကြရမယ့် အချိန်ရောက်နေပါပြီလို့ ပြောချင်ပါတယ်။

မေး။ ။ အခုလို ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဖြေ။ ။ ကျေးဇူးတင်ပါတယ်။

NEJ / ၈ မတ် ၂၀၁၀

ဘယ်သူတွေ အော်စကာဆု ရမလဲ


အမေရိကန် ရုပ်ရှင် ဝိဇ္ဇာနှင့် သိပ္ပံအသင်းကြီးက ကြီးမှူးပြီး မတ်လ ၇ ရက်နေ့ ညနေမှာ ကာလီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ ဘီဗာလီဟေးခရိုင် ဟောလိဝုဒ်ရုပ်ရှင်မြို့တော်က ကိုဒတ် ဇာတ်သဘင်ခန်းမကြီးမှာ အော်စကာလို့ လူသိများတဲ့ အမေရိကန် ရုပ်ရှင် ထူးချွန်ဆုတွေကို ပေးအပ်ချီးမြှင့်တော့မှာပါ။
1
ဆုရရှိတဲ့သူတွေကို ချီးမြှင့်မယ့် အော်စကာ ရွှေစင်ရုပ်တုကလေးဟာ အလေးချိန် ၈.၅ ပေါင် လေးပါတယ်။ အော်စကာဆုဟာ ခရူးဆိတ် စစ်ပွဲတွေမှာ သုံးတဲ့ ဓားရှည်ကို ကိုင်ဆောင်ထားတဲ့ စစ်သည်တော်ပုံစံ ရုပ်တုလေးပါ။

ဒီဆုကို ဆုရရှိသူကသာ ပိုင်ဆိုင်ခွင့် ရှိပြီး ဒီဆုရဖို့အတွက် သတ်မှတ်ထားတဲ့ အနုပညာ အရည်အချင်းတခုပဲ လိုပါတယ်။ ဆိုလိုတာက အော်စကာဆုရှင်တယောက်ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝနဲ့ အကျင့်စရိုက်တွေကို ထည့်သွင်းစဉ်းစားလေ့ မရှိပါဘူး။

၁၉၅၅ ခုနှစ်မှာ အော်စကာဆု ရွေးချယ်ရေးအဖွဲ့ လူကြီးနဲ့ မက်ထရို ဂိုဒွင် မေယာက အနုပညာ ဒါရိုက်တာ တယောက်ဖြစ်တဲ့ ဆီဒရစ် ဂစ်ဘွန်က “ရုပ်ရှင်ပညာရပ်မှာ သူမတူတဲ့ လူတွေ များများ ပေါ်ထွက်လာဖို့ ရည်ရွယ်ပြီး ဒီ ဆုပေးပွဲ ကျင်းပတာပါ။ လိုချင်တာက သူ့ရဲ့ ရုပ်ရှင် အနုပညာ အရည်အသွေးပဲ။ အဲဒီမှာ အကောင်းဆုံး ဖြစ်နေတာကိုပဲ ကြည့်တာ“ လို့ အော်စကာဆုရှင်တွေမှာ ရှိသင့်တဲ့ စံနှုန်းနဲ့ ပတ်သက်ပြီး စည်းမျဉ်းရေးဆွဲရာမှာ သူက ထည့်သွင်းခဲ့ပါတယ်။

အော်စကာဆုကို ဘယ်တုန်းက စပေးသလဲ?

ရုပ်ရှင် ထူးချွန်ဆု အော်စကာဆု ပေးအပ်ဖို့ စတင်စဉ်းစားခဲ့သူကတော့ အသံတိတ်ခေတ်က ရုပ်ရှင်ဒါရိုက်တာ ဝီလျံ စီ ဒီမီလီ နဲ့ မင်းသား ဒေါက် ဂလစ် ဖဲယာ ဘန့် အပါအဝင် ရုပ်ရှင်နယ်ထဲက ပုဂ္ဂိုလ် ၃၆ ဦးနဲ့ ရုပ်ရှင်လုပ်ငန်း အကျိုးဆောင် ရှေ့နေတဦးတို့ ဖြစ်ပါတယ်။
2
အော်စကာဆုပေးပွဲ အခမ်းအနားကို ၁၉၂၉ ခုနှစ် မေလ ၁၆ ရက်နေ့ ကြာသပတေးနေ့မှာ စတင်ချီးမြှင့်ခဲ့ပါတယ်။ ၁၉၂၉ ခုနှစ် အမေရိကန် စီးပွားရေးပျက်ကပ်ကြီး စတင်နေစဉ်မှာ ဒီဆုကို ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဝန်ကြီးချုပ်ဟောင်း ဦးနု ဘီအေဘွဲ့ကို ရရှိတဲ့ အချိန်ဖြစ်ပြီး ပဲခူးငလျင်ကြီး မလှုပ်ခင် တနှစ်အလို ဖြစ်ပါတယ်။ အဲဒီနှစ်မှာ မြန်မာနိုင်ငံက ဦးဘကလေးရဲ့ ဝေလွင်လွင်နဲ့ ကြင်ဦးစ ဇာတ်ကားတွေကို ရုံတင်ပြသနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်က မေတ္တာနဲ့ သူရာက စပြီးရေတွက်ရင် ၁ဝ နှစ် ဝန်းကျင်ထဲကို ရောက်နေတဲ့ အချိန် ဖြစ်ပါတယ်။

အော်စကာဆုကို စတင်ပေးအပ်စဉ်က ဆုအမျိုးအစား ၁၃ ဆုပဲ ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။ ပထမဦးဆုံး အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ဆုပေးဖို့ ၃ ကား ရွေးချယ်ထားတဲ့ အနက်က Wings  ဆိုတဲ့ အသံတိတ် ဇာတ်ကားက ရရှိသွားပါတယ်။ ပထမအကြိမ် စတင်ပေးအပ်စဉ်က အကောင်းဆုံး ဇာတ်ကားဆုအတွက် ကဏ္ဍ ၂ ခု လုပ်ထားပြီး Best Picture, Unique and Artistic Production နဲ့ Best Picture Production ဆိုပြီး ပေးတာပါ။ ဟာသမင်းသားကြီး ချာလီ ချက်ပလင်က အဲဒီနှစ်မှာပဲ ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့ပါတယ်။

စတင်ပြီး ဆုပေးအပ်ချီးမြှင့်စဉ်ကတည်းက Best Effect ၊ Engineering Effect ဆိုပြီး အထူးပြုလုပ်ချက်ဆုကို ထည့်သွင်းချီးမြှင့်ခဲ့တာဟာ ဟောလိဝုဒ် ရုပ်ရှင်ကားတွေကို အကောင်းဆုံး တီထွင်ဖန်တီးနိုင်စေဖို့ ဖြစ်လာပါတယ်။ ပထမဆုံး ပေးအပ်စဉ်က ဆုရရှိခဲ့တဲ့ ဇာတ်ကား အားလုံးဟာ အသံတိတ် ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။

၂ဝဝ၉ ခုနှစ်က ကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲမှာတော့ ဆုအမျိုးအစားပေါင်း ၂၄ မျိုး ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဆုအမျိုးအစားတွေကတော့ အောက်မှာ ဖော်ပြထားတဲ့ အတိုင်းပါ။
3
Best Picture, Director, Actor, Actress, Supporting Actor, Supporting Actress, Original Screenplay, Adapted Screenplay, Editing, Cinematography, Art Direction, Costume Design, Sound Editing, Sound Mixing, Score, Visual Effects, Makeup, Song, Foreign Language Film, Animated Feature Film, Short Film, Animated Short, Documentary and Documentary Short.

နိုင်ငံခြား ဘာသာစကားပြော ဇာတ်ကားများနဲ့ ဟောလိဝုဒ်

နိုင်ငံခြား တိုင်းပြည်တွေကနေ ထုတ်လုပ်တဲ့ နိုင်ငံခြား ဘာသာစကားနဲ့ ပြောတဲ့ ဇာတ်ကားတွေကို ၁၉၅၇ ခုနှစ်မှာ ကျင်းပတဲ့ ၂၉ ကြိမ်မြောက် အော်စကာ ဆုပေးပွဲကနေ စတင်ပြီး ဆုကို စတင် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ပထမဆုံး ချီးမြှင့်တဲ့ နိုင်ငံခြား ဘာသာစကားပြော ဆုပေးပွဲမှာ ပထမဦးဆုံး ဆုရရှိခဲ့တဲ့ ဇာတ်ကားကတော့ မက္ကဆီကန် မင်းသားကြီး အန်ထော်နီကွင်း ပါဝင်သရုပ်ဆောင်ထားတဲ့ အီတာလျံ ရုပ်ရှင်ဇာတ်ကား La Strda ဖြစ်ပါတယ်။

သတင်း မှတ်တမ်း ရုပ်ရှင်ကားများကို စတင်ပေးအပ်ခြင်း

ဒုတိယ ကမ္ဘာစစ်မဖြစ်ခင် ၁၉၄ဝ ခုနှစ်မှာ အော်စကာဆု ရွေးချယ်ရေး အဖွဲ့ဝင် ဂျူရီလူကြီးတွေဟာ မှတ်တမ်းရုပ်ရှင် ဇာတ်ကားတွေကို အကယ်ဒမီ ဆုပေးပွဲမှာ ကဏ္ဍတခု ထည့်သွင်းပြီး ဆုပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်က အမေရန်ကန်နိုင်ငံမှာ စစ်နဲ့ ပတ်သက်တဲ့ သတင်းမှတ်တမ်း ရုပ်ရှင်ကားတွေ ရိုက်ကူးမှု ရှိလာပြီး ဥရောပမှာတော့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှုက ပိုမိုတွင်ကျယ်နေပါပြီ။ ဂျာမန် အာဏာရှင် ဟစ်တလာဟာ မှတ်တမ်းရုပ်ရှင် ဇာတ်ကားတွေ နှစ်သက်သူဖြစ်ပြီး သူ့လက်ထက် ဂျာမဏီနဲ့ ဥရောပ နိုင်ငံအချို့မှာ ရုပ်ရှင်ရုံပေါင်း ၅ဝဝ ကျော် (နာဇီတပ်ထဲတွင် ၃ဝဝ ကျော်) တည်ဆောက်ခဲ့ပါတယ် (Inglorious Bustards ) ဇာတ်ကားတွင် ရှု။ ဤကား စကားချပ်။
4
၉ဝ ပြည့်နှစ် မတိုင်ခင်က မှတ်တမ်းရုပ်ရှင်ကားတွေကို ဆုပေးဖို့ ရွေးချယ်ရာမှာ ရသကဲပြီး တင်ပြနိုင်တဲ့ ဇာတ်ကားတွေကို ဆုရွေးချယ်ဖို့ ချီးမြှင့်ခဲ့ပေမယ့် ၁၉၉ဝ ပြည့်နှစ် နောက်ပိုင်းမှာတော့ အမေရိကန် အစိုးရကို သရော်ထားတဲ့ ဇာတ်ကားတွေနဲ့ ကမ္ဘာမှာ လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို သရုပ်ဖော်ထားတဲ့ ဇာတ်ကားတွေက ဆုရွေးချယ်ခံလာရပါတယ်။ ဥပမာ - American Dream, Bowling for Columbine, Taxi to Dark side နဲ့ The Fog of War ဇာတ်ကားတွေ ဆုချီးမြှင့်ခံခဲ့ရပါတယ်။

၈၂ ကြိမ်မြောက် ကျင်းပတဲ့ အော်စကာဆုပေးပွဲမှာ ၂ဝဝ၇ ခုနှစ် မြန်မာနိုင်ငံက ရွှေဝါရောင် တော်လှန်ရေးအတွင်း ဆန္ဒပြသူတွေကို အာဏာပိုင်တွေက ရက်ရက်စက်စက် နှိပ်ကွပ်ပုံကို ဗီဒီယို မှတ်တမ်းတင်ထားတဲ့ လျှို့ဝှက်သတင်းထောက် တယောက်ရဲ့ ဘဝနဲ့ လူထုအုံကြွမှုအကြောင်း မှတ်တမ်းတင်ထားတဲ့ Burma VJ သတင်းမှတ်တမ်း ရုပ်ရှင်ကားလည်း အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ကားအဖြစ် ချီးမြှင့်ဖို့ ပဏာမ ရွေးချယ်ခံထားရပါတယ်။

အခုနှစ် ကျင်းပမယ့် အော်စကာဆုပေးပွဲမှာ ထူးခြားချက်ကတော့ အကောင်းဆုံး ဇာတ်ကားဆု ပေးဖို့အတွက် အရင်ကလို ဇာတ်ကား ၅ ကားထဲကနေ ဆန်ကာတင် ရွေးချယ်တာ မဟုတ်ဘဲ ဇာတ်ကား ၁ဝ ကားကနေ ရွေးချယ်တာ ဖြစ်ပါတယ်။
5
ဒီနှစ် ဆုပေးပွဲမှာ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ရုပ်ရှင်အဖြစ် စံချိန်ချိုးခဲ့တဲ့ ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်ရဲ့ Avatar ဇာတ်ကားကလည်း ဆုလျာထားခံရသလို သူ့ရဲ့ ဇနီးဟောင်း ကက်သရင်း ဘီဂယ်လို ရိုက်ကူးတဲ့ The Hurt locker ဇာတ်ကားကလည်း လျာထားခြင်း ခံရပါတယ်။ ဒီဇာတ်ကားဟာ အီရတ်ရောက် အမေရိကန် စစ်တပ် ဗုံးရှင်းလင်းရေး တပ်ဖွဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။

ဒီနှစ် အကောင်းဆုံး ဇာတ်ကားဆု ရွေးချယ်ခံရတဲ့ ဇာတ်ကားတွေက Avatar, The Blind Side, District 9, An Education, The Hurt Locker, Inglourious Basterds, Precious: Based on the Novel "Push" by Sapphire, A Serious Man, Up in the Air ဇာတ်ကားတွေ ဖြစ်ပါတယ်။

ရေးသူ စိတ်ကြိုက် ဇာတ်ကားများမှာ An Education, The Hurt Locker, Up in the Air, Inglorious Basterds တို့ ဖြစ်ပါတယ်။

ငြိမ်းချမ်းငြိမ်း




ရင်းမြစ် ။   ။http://www.mizzimaburmese.com/yatha-bank/movies/4962-2010-03-05-13-03-45.html

ထားဝယ်ရေနက် ဆိပ်ကမ်း ဆောက်လုပ်ရေး စတင်ပြီ



ထားဝယ်မြို့ အထက်ဘက်နားရှိ တနင်္သာရီ ကမ်းရိုးတန်းတွင် ရေနက်ဆိပ်ကမ်း တခု တည်ဆောက်ပြီး  ကုန်စည်များကို ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့သို့ သယ်ယူနိုင်မည့် လမ်းနှင့် ဆိပ်ကမ်း ဆောက်လုပ်ရေး လုပ်ငန်းများ မကြာမီသီတင်းပတ်က စတင်လျက်ရှိသည်ဟု အဆိုပါ ဆောက်လုပ်သည့်နေရာသို့ ရောက်ရှိခဲ့သူတဦးက မိုးမခသို့ပြောကြားသည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ကိုယ်တိုင်မြင်တွေ့ ခဲ့သူအဆိုပါ ပုဂ္ဂိုလ်က
“မောင်းမကန် ကမ်းခြေ အထက်ဘက် နဘူးလည် ကျေးရွာအုပ်စုမှာ ၇မိုင်ပတ်လည် ကျေးရွာတွေ ရွှေ့ပြောင်းခိုင်းနေပြီ၊ ထိုင်းဘက်က ဆောက်လုပ်ရေး ယန္တရားတွေလည်း ရောက်နေပြီ၊ ထိုင်းဘက်က ၀န်ထမ်းတွေလည်းပါလာတယ်။ နောက် ထားဝယ်မြို့နဲ့ အနီးက ရွာသားတွေပါ လုပ်သားအဖြစ် ခေါ်တယ်လို့ ပြောတယ်။ အလုပ်သမားတယောက်ကို တရက် ဘတ် ၁၀၀ (ကျပ်၂၉၀၀ ခန့်) ပေးတယ်လို့ပြောတယ်။ အဲဒီကနေ ထိုင်းဘက်ဆီ ဖေါက်မယ့် လမ်း ကြောင်းအမှတ် အသားတွေ၊ တံတားဆောက်မယ့် နေရာအမှတ်အသား ဆိုင်းဘုတ်တွေတွေ့ခဲ့တယ်” ဟု မိုးမခသို့ပြောသည်။
ထိုသို့ ဆောက်လုပ်ရေး ဆိပ်ကမ်းဆောက်လုပ်ရေး၊ လမ်းဖောက်လုပ်ရာနှင့် မလွတ်ကင်းသည့်  ကျေးရွာများအား  ပြောင်းရွှေ့ခိုင်းရာတွင် ကုန်ကျစရိတ်နှင့် အသက်မွေးဝမ်းကျောင်းမှု နေရာဆုံးရှုံးသည့် အတွက်လျော်ကြေးပေးခြင်း ရှိမရှိကိုမူ မသိရှိရသေးပေ။
ထားဝယ် ရေနက်ဆိပ်ကမ်း ဖောက်လုပ်ရန် စီမံကိန်းကို ၂၀၀၅ခုနှစ်များကတည်းက စတင် လေ့လာခဲ့ပြီး ၂၀၀၈ခုနှစ် မေလ မြန်မာနိုင်ငံနိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းနှင့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး Noppadon Pattama တို့ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
ထိုကာလမှာ မြန်မာနိုင်ငံတွင် လူသိန်းနှင့် ချီသေဆုံးစေခဲ့သည့် ဆိုင်ကလုန်း နာဂစ် တိုက်ခတ်ပြီး သီတင်း ပတ် အနည်းငယ်အကြာဖြစ်သည်။ ထားဝယ်ရေနက် ဆိပ်ကမ်း ဆောက်လုပ်ပြီးစီးသွားပါက ထိုင်းနိုင်ငံသာမက တရုတ်၊ ဗီယက်နမ်နှင့် လောနိုင်ငံတို့ပါ ဥရောပနှင့် အရှေ့အလယ်ပိုင်းမှ တင်ဆောင်လာသည့် ကုန်ပစ္စည်းများကို ထားဝယ်ရေနက်ဆိပ်ကမ်းမှ သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ အချိန်တိုတို၊ ကုန်ကျစရိတ် သက်သာစွာ သယ်ဆောင်နိုင်မည် ဖြစ်သည်။
ထားဝယ် မြို့အနီး မှ ထိုင်းနိုင်ငံကန်ချနဘူရီ မြို့သို့ ကီလိုမီတာ ၁၃၉ ရှည်သည့် လမ်းဖောက်လုပ်ရန် တိုင်းတာချက်များအရ လျာထားပြီး ဘတ်ငွေ ၂ဘီလျံသုံးစွဲမည်ဟု ၂၀၀၈ ခုနှစ် မေလထုတ် သတင်းစာများတွင် ဖေါ်ပြထားချက်အရ သိရသည်။ တရုတ်နိုင်ငံ အနေဖြင့် ကားလမ်းသာမက နှစ်လမ်းသွား ရထားလမ်းပါ ဖောက်လုပ်ရန် စိတ်ဝင်စားလျက် ရှိပြီးအရှေ့အလယ်ပိုင်းနှင့် ဥရောပမှ တင်ဆောင်လာသည့် ကုန်ပစ္စည်းများအား ထားဝယ်ရေနက်ဆိပ်ကမ်းမှ တဆင့်တရုတ်ပြည်သို့ သယ်ဆောင်ဖို့ ရည်ရွယ်ခြင်းလည်း ဖြစ်သည်။
ထိုသို့ မြန်မာနိုင်ငံကို ဖြတ်သန်းသယ်ဆောင်ခြင်းဖြင့် မလက္ကာကျွန်းဆွယ်ကို ပတ်ရမည့် အချိန် အနည်းဆုံး ၇ရက်ခန့် သက်သာမည် ဖြစ်ပြီး သယ်ပို့စရိတ် ၂၀% ခန့်သက်သာလိမ့်မည်ဟု ထိုင်းနိုင်ငံ၏ ပဏာမ တိုင်းတာမှု များအရ သိရှိရသည်။ ယခုဖောက်လုပ်မည့် လမ်း၏ မြောက်ဘက် တွင်တိုတယ်ရေနံ ကုမ္ပဏီမှ တနင်္သာရီ ကမ်းခြေနှင့် ထိုင်းနယ်စပ်သို့ ဆက်သွယ်ဖောက်လုပ် ထားသည့် လုပ်ငန်းသုံးကားလမ်း တည်ရှိပြီး ထိုကားလမ်းဖြင့် တနင်္သာရီ ကမ်းရိုးတန်းမှ နယ်စပ်သို့ ၄၅မိနစ်မျှသာ မောင်းရသည်ဟု အဆိုပါလမ်းအတိုင်း သွားဖူးသူ နယ်ခံတဦးက ပြောသည်။
(ဓာတ်ပုံ - ဂူးဂဲမြေပုံတွင် တွေ့ရသည့် မြန်မာ့ရေနက်ဆိပ်ကမ်းသစ်နေရာ)

မိုးမခ အထောက်တော်၊ ရန်ကုန်
မတ် ၇၊ ၂၀၁၀

ဘယ်သူ့အားကိုးနဲ့ မိုက်နေတာလည်းဆိုတော့