Monday, March 1, 2010

မြန်မာပြည်တွင်းရှိ အမျိုးသားရေးစွမ်းဆောင်သူ စာပေပညာရှင်ကြီးများကို ဂါရ၀ပြုကြ

ယမန်နေ့က ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ် နေအိမ် တအိမ်တွင် မြန်မာအမျိုးသားရေး လှုပ်ရှားဆောင်ရွက်သူများ၊ လူငယ်များ စုဝေးကြပြီး အမျိုးသားရေးစွမ်းဆောင်သူ သက်ကြီး စာပေပညာရှင်ကြီးများကို ဂါရ၀ပြုကန်တော့ခဲ့ကြသည်ဟု သိရသည်။

ဆရာ နန်းညွန့်ဆွေ၊ ဆရာ ဦးဝင်းတင်နှင့် ဆရာ ဦးလေးမြင့်တို့ တက်ရောက်ကြပြီး၊ ဦးတင်ဦးနှင့် ဒဂုန်တာရာတို့ ၂ ဦးမှာ ကျန်းမာရေးအခြေအနေအရ အရောက်မလာနိုင်ခဲ့ကြဟု ဆိုသည်။

“ဆရာဦးဝင်းတင်က ကျန်းမာရေးကောင်းတယ်သာ ဆိုတယ်။ ခြေထောက်တွေ ယောင်နေတာ တွေ့တယ်။ သို့သော် စိတ်ဓာတ်နဲ့ အင်အားကတော့ အပြည့်ပဲ။ ပြီးတော့ အဲသည်နားက အဝေးရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတဦးရဲ့ အမေရဲ့ ဆွမ်းကျွေးကို ဆက်ချီတက်သွားတာကို တွေ့ရပါတယ်” ဟု မိတ်ဆွေတဦးက မိုးမခကို ပြောကြားသည်။

စာပေပညာရှင်၊ သတင်းစာဆရာကြီးတဦးဖြစ်သူ လူထုစိန်ဝင်းကိုလည်း လူငယ်များက နေအိမ်သို့ သွားရောက်ကန်တော့ကြခဲ့ကြောင်းလည်း သိရှိရသည်။

မိုးမခအထောက်တော် ၀၀၃

မတ် ၁၊ ၂၀၁၀

အလှမ်းဝေးနေသော ဒီမိုကရေစီပြုပြင်ရေး

မျက်မှောက်ခေတ် ကမ္ဘာ့သမိုင်းရေစီးကြောင်းသည် ဒီမိုကရေစီနှင့် တရားသောဥပဒေ စိုးမိုးရေးကို ဦးတည်နေသည်။ မြန်မာပြည်သူပြည်သားများကလည်း ဒီမိုကရေစီနှင့် တရားသောဥပဒေကိုပင် လိုချင်ကြသည်။ သို့သော်လည်း ပြည်သူ့အကျိုး မသယ်ပိုးသော ဒီမိုကရေစီစနစ်လည်း ရှိနိုင်ပါသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတွင် တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်အချင်းချင်း အပေးအယူလုပ်ပြီး ပြည်သူ့သာယာဝပြောရေးကို လျစ်လျူရှုသည့်စနစ်ကိုလည်း ဒီမိုကရေစီဟုပင်ခေါ်၏။ ဤနိုင်ငံရေးစနစ်၌ ရွေးကောက်ပွဲတွင် ပြည်သူ့အခန်းကဏ္ဍ နိဂုံးချုပ်သွားပေသည်။

၁၉၉၀ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဟု သတ်မှတ်ကြသည်။ ပြည်သူ့အခန်းကဏ္ဍသည် ရွေးကောက်ပွဲ၌ နိဂုံးချုပ်သွားသည်။ ပြည်သူ့ကိုယ်စားလှယ်ကို စစ်အစိုးရက ထောင်သွင်းအကျဉ်းချပြီး နှစ်ရှည်လများ နှိပ်စက်ညှဉ်းပန်း၏။ နောက်ဆုံးတွင် ၁၉၉၀ ရွေးကောက်ပွဲကို လုံးဝလျစ်လျူရှုလိုက်ပေတော့သည်။ ယခုနှစ် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်ခေါင်းဆောင် ဗိုလ်သန်းရွှေ မကြာမီက ကြေညာလိုက်သည်။ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအချင်းချင်း ယှဉ်ပြိုင်အရွေးခံသည်ကို ဒီမိုကရေစီဟု ဗိုလ်သန်းရွှေက ယူဆပြီး ပြောဆိုလိုက်ခြင်းဖြစ်ပုံရသည်။

ပြည်သူ့ဘ၀ သာယာဝပြောရေးကို ဗိုလ်သန်းရွှေ မစဉ်းစားပါ။ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရသော နိုင်ငံရေးပါတီများနှင့် စစ်ဗိုလ်များ အပေးအယူလုပ်၍ အစိုးရဖွဲ့သည်ကို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဟု ဗိုလ်သန်းရွှေက အမည်ပေးထားသည်။ အရပ်သားစစ်ဗိုလ်အစိုးရ မပေါ်ပေါက်မီ နိုင်ငံပိုင်ပစ္စည်းတွေကို စစ်အုပ်စုအသိုင်းအ၀ိုင်းအား လက်သိပ်ထိုးပေးနေသည်။ စစ်ဗိုလ်နှင့်အရပ်သားပူးတွဲ၍ ကိုယ်ကျိုးရှာသော ‘ရပ်ဗိုလ်’ စီးပွားရေးစနစ်တွင် ကုဋေကြွယ်သူဌေးအချို့ ပေါ်ထွက်လာ၏။ တိုင်းပြည်၏ ဓနဥစ္စာကို လူတစုက လက်ဝါးကြီးအုပ်၍ ထင်သလို သုံးဖြုန်းနေသည်မှာ ဒီမိုကရေစီမဟုတ်ပါ။

နိုင်ငံသူနိုင်ငံသားကို လုပ်ပိုင်ခွင့်ပေးခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်၏။ ဤသို့ဖြစ်လာရန်အတွက် ရွေးကောက်ပွဲ ကျင်းပရုံနှင့် မပြီးသေးပါ။ ဥပဒေပြု၍ လုပ်ပိုင်ခွင့်ပြဋ္ဌာန်းရုံနှင့်လည်း မပြီးသေးပါ။ ပြဋ္ဌာန်းထားသောဥပဒေကို လက်တွေ့ကျင့်သုံးရန် လိုပါသည်။ ပြည်သူ့လုပ်ပိုင်ခွင့်ကို အစိုးရက လေးစားရမည်ဖြစ်ပေသည်။ ပြည်သူလူထု လွတ်လပ်စွာ စုဝေးနိုင်ရန်၊ ဆက်သွယ်နိုင်ရန်၊ သွားလာနိုင်ရန် လုပ်ပေးရပါလိမ့်မည်။ သို့မှသာ ဒီမိုကရေစီအခြေခံဖြစ်သော အရပ်သား အဖွဲ့အစည်း (Civil Society) ပြန်လည်ရှင်သန်ရေးကို အထောက်အကူပြုနိုင်ပေမည်။ အနာဂတ်နိုင်ငံရေးစနစ်အကြောင်း အပြန်အလှန် ဆွေးနွေးလာစေရန် ပြည်သူလူထုကို အားပေးအားမြှောက်လုပ်ရပါလိမ့်မည်။

လူတစုအကျိုးသယ်ပိုးသော ဒီမိုကရေစီစနစ်နှင့် အများအကျိုးဆောင်သော ဒီမိုကရေစီစနစ်သည် ကွဲပြားခြားနားလှပါသည်။ တရားမျှတသော ဥပဒေကို မကျင့်သုံးဘဲ အဂတိလိုက်စားမှုများနေပါက အများအကျိုးဆောင် ဒီမိုကရေစီကို မကျင့်သုံးနိုင်ပါ။ ပြည်သူ့ဆန္ဒကို ဂရုမစိုက်သော နိုင်ငံရေးသမားတစုကြီးစိုးသည့် ဒီမိုကရေစီ အတုအယောင်ဆောင်များလည်း ရှိပါသည်။ အာဏာရှင်ကြီးစိုးသောနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှု ပိုမိုများပြား၏။ တရုတ်အမှုထမ်းလောက၌ လာဘ်ပေးလာဘ်ယူ များလွန်းသဖြင့် ကွန်မြူနစ် ပါတီဝင်လိုက်နာရမည့် ကိုယ်ကျင့်တရား (၅၄) ချက်ကို ပြဋ္ဌာန်းထားရသည်။ ဤသို့မဟုတ်ပါက ကွန်မြူနစ်သူခိုးအစိုးရဟူ၍ အမည်တွင်မှာသေချာသည်။ တရုတ်အရာထမ်းများနှင့် မိသားစုဝင်များသည် လက်ဆောင်ပဏ္ဏာ လက်ခံခွင့်နှင့် အခွင့်ထူးခံခွင့် မရှိတော့ဟုဆိုသည်။ သို့သော်လည်း တပြည်လုံးတွင် ဖြစ်ပွားနေသော အာဏာအလွဲသုံးစားမှုကို ချက်ချင်းရပ်ဆိုင်းအောင် မလုပ်နိုင်သေးပါ။

ဗမာစစ်ဗိုလ်များ၏ အဂတိလိုက်စားမှုသည် စစ်တပ်၏ နိုင်ငံရေးဓလေ့ဖြစ်သည်။ လက်နက်ကိုင်များ စုဝေးသော အဖွဲ့အစည်းတွင် တဦးနှင့်တဦး ယုံကြည်မှသာလျှင် စိတ်အေးလက်အေး အလုပ်လုပ်နိုင်မည်ဖြစ်၏။ ဤအချက်ကြောင့် ဗမာစစ်မှုထမ်းလောကတွင် ဆရာတပည့်ဆက်ဆံရေးကို အဓိကထားကြ၏။ ဆရာကောင်းစားလျှင် တပည့်ချမ်းသာသည်။ ဆရာခင်ညွန့် အဖမ်းခံရသည်နှင့် တပည့်အားလုံး ထောင်ထဲရောက်ကုန်လေ၏။ စစ်တပ်၏ ဆရာတပည့်စနစ်၌ အရပ်သား မပါဝင်ပါ။ စစ်တပ်၏ ဆရာတပည့် စနစ်သည် အရပ်သားအစိုးရဖွဲ့သည့်အခါတွင်လည်း ဆက်လက်တည်ရှိနေဦးမည်ဖြစ်သည်။ မဆလခေတ်ကိုကြည့်လျှင် ဤအချက်ကို အထင်အရှားတွေ့နိုင်ပေသည်။ စစ်ဗိုလ်ကိုတပည့်ခံ၍ နိုင်ငံရေးလုပ်မည့် အရပ်သားများ ဤအချက်ကို ကောင်းစွာသတိပြုသင့်သည်။

မဆလဆိုရှယ်လစ်ခေတ်ကလည်း စစ်အစိုးရကို အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းခဲ့၏။ သို့သော်လည်း စစ်ဗိုလ်လူထွက် အစိုးရဖြစ်သဖြင့် အမိန့်နာခံသောအဆင့်ကို မကျော်နိုင်ခဲ့ပါ။ အခြေခံလွတ်လပ်မှုနှင့် စာနယ်ဇင်းလွတ်လပ်မှုကို မြန်မာပြည်သူပြည်သားများ နားလည်သည်။ မဆလအစိုးရသည် သူတီထွင်ထားသော နိုင်ငံရေးအယူအဆကို ပြည်သူလူထု လက်ခံအောင် အတင်းအကျပ်လုပ်သည်။ တိုင်းသူပြည်သားက လက်မခံသဖြင့် ၈၈ ဒီမိုကရေစီအရေးတော်ပုံ ပေါ်လာခြင်းဖြစ်၏။ န၀တ၊ နအဖအစိုးရကလည်း တိုင်းသူပြည်သားကို ပုံသွင်းပြီး ချုပ်ကိုင်ဖို့ ကြိုးစားပြန်၏။ သို့သော်လည်း စစ်အစိုးရအမြင်ကို ပြည်သူလူထုအများစုက လက်မခံပါ။

ပြည်သူတွင် စွမ်းဆောင်နိုင်မှုရှိလာပြီး မိမိဆန္ဒကိုမိမိ တန်ဖိုးထားတတ်မှသာ ဒီမိုကရေစီကို ပြုစုပျိုးထောင်နိုင်မည်ဖြစ်သည်။ လူတစုက စီစဉ်ပေးရုံနှင့် ဒီမိုကရေစီ ကျင့်သုံးနိုင်မည်မဟုတ်ပါ။ ပြည်သူလူထုက မိမိဆန္ဒကိုဖော်ပြ၍ ဒီမိုကရေစီ တောင်းဆိုသည်ကို အာဏာရအုပ်စုအနေဖြင့် လိုက်လျောရုံကလွဲပြီး အခြားနည်းလမ်းမရှိတော့သော အခြေအနေသို့ ရောက်ရှိလာအောင် ကြိုးပမ်းကြရပါသည်။ ဒီမိုကရေစီကို ထောက်ခံပြောဆို၍ ကွဲလွဲသောအယူအဆကို လက်မခံနိုင်ခြင်းသည် ဒီမိုကရေစီကို ဆန့်ကျင်ရာရောက်ပေသည်။

လူ့အဖွဲ့အစည်းတွင် ဒီမိုကရေစီဓလေ့ ရှိ မရှိ သိလိုပါက မိမိဆန္ဒကိုမိမိ တန်ဖိုးထားမထားဆိုသည်ကို လေ့လာရပါလိမ့်မည်။ မိမိဆန္ဒတန်ဖိုးထားမှုနှင့် ဒီမိုကရေစီစနစ်တို့ ဆက်သွယ်နေသည့် အထောက်အထား တွေ့ရသည်။ မိမိဆန္ဒကို တန်ဖိုးထားတတ်မှ ဒီမိုကရေစီရှိနိုင်ပါသည်။ ဒီမိုကရေစီရှိမှ မိမိဆန္ဒကို တန်ဖိုးထားနိုင်သည်မဟုတ်ပါ။ အာဏာရှင်ကြီးစိုးခဲ့သော အရှေ့ဂျာမဏီနှင့် ချက်နိုင်ငံတွင် မိမိဆန္ဒတန်ဖိုးထားမှု အဆင့်မြင့်မားသည့်အတွက် အခွင့်သာသည်နှင့် ဒီမိုကရေစီ အသွင်ပြောင်းသွားနိုင်ခြင်း ဖြစ်သည်။

ပြည်သူ့ဦးတည်ချက်နှင့် အတွေးအခေါ်အယူအဆသည် ဒီမိုကရေစီတိုက်ပွဲ၌ အရေးကြီးသောအခန်းမှ ပါဝင်ခဲ့သည့် သမိုင်းအထောက်အထားများ ရှိပါသည်။ မိမိဆန္ဒတန်ဖိုးထားမှု များလာသောကြောင့် အာဏာရှင်စနစ် အခြေယိုင်သွား သော်လည်း စစ်တပ်နှင့် ရဲအဖွဲ့ကိုအသုံးပြု၍ ဒီမိုကရေစီအင်အားစုကို ဖိနှိပ်သည့် အစိုးရများ ရှိနေပါသေးသည်။ မိမိဆန္ဒကို တန်ဖိုးထား၍ လွတ်လပ်မှုကို လိုချင်သောကြောင့် ဒီမိုကရေစီ တိုက်ပွဲဝင်နေကြသူလည်း အများကြီးရှိပါသည်။ မိမိဆန္ဒ ထုတ်ဖော်မှုကို တန်ဖိုးထားသော လူငယ်ဦးရေ များလာသောအခါ အုပ်ချုပ်သူလူတန်းစား စိတ်ပြောင်း၍ ဖိနှိပ်မှု ရပ်ဆိုင်းသွားသည်လည်း ရှိ၏။

လူ့အဖွဲ့အစည်း ခေတ်မီလာသောအခါ၌ ဒီမိုကရေစီပြုစုပျိုးထောင်ချင်သော စိတ်ဓာတ်နှင့် စွမ်းရည်လည်း ရှိလာနိုင်ပါသည်။ သို့သော်လည်း စီးပွားရေးတခုတည်း တိုးတက်နေ၍ ဒီမိုကရေစီမရနိုင်သည်ကို စင်ကာပူက သက်သေပြနေပါသည်။ မိမိနှင့် လက်တွဲလုပ်ကိုင်မည့် အတိုက်အခံကို စစ်အစိုးရက မည်ကဲ့သို့ သဘောထား၍ မည်ကဲ့သို့ နေရာပေးသည်ကို သုံးသပ်ပါကလည်း အစိုးရ၏ ပြောစကားတွင် လေးနက်မှု ရှိမရှိ ခန့်မှန်းနိုင်သည်။ လက်ရှိအခြေအနေသည် အရပ်သားအတိုက်အခံကို လူရာမသွင်းသေးသော အခြေအနေဖြစ်၏။

ဒီမိုကရေစီနှင့်ပတ်သက်၍ အမြင်ချင်းမတူသောကြောင့် ဒီမိုကရေစီအဓိပ္ပာယ်ကို အမြင်ချင်းဖလှယ်ဖို့ လိုပါသည်။ ဒီမိုကရေစီ ပြုပြင်ရေးတွင် အရေးကြီးသောကိစ္စ (၄) ရပ်ကို အရင်ဆုံးလုပ်ရပါလိမ့်မည်။ ပြည်တွင်းစစ်နိဂုံးချုပ်ရန်၊ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ရန်၊ တရားသောဥပဒေစိုးမိုးရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲကို တပြည်လုံးသိနိုင်အောင် လုပ်ပေးရပါလိမ့်မည်။ အလွတ်ဆွေးနွေးရင်း ထွက်ပေါ်လာသော အယူအဆနှင့် အကြံပြုချက်များကို နိုင်ငံရေးဆွေးနွေးပွဲများတွင် တင်ပြနိုင်ပါသည်။ ဤနည်းဖြင့် မိမိတို့ နေထိုင်မည့် နိုင်ငံရေးလူ့ဘောင်တည်ဆောက်ရာတွင် ပြည်သူလူထုကိုယ်တိုင်ပါဝင်နိုင်သည်။ အာဏာဖြင့် အပေါ်စီးယူ၍ မိမိအယူအဆကို အများလက်ခံအောင် အတင်းအကျပ်လုပ်ခြင်းသည် ဒီမိုကရေစီမဟုတ်ပါ။

NEJ/ ၁ မတ် ၂၀၁၀

Sunday, February 28, 2010

ငါတို့လက်များ၊ ငါတို့သွေးများနှင့် ခွပ်ဒေါင်းအားမာန်



(၁)
စက်တင်ဘာအရေးအခင်း.... တဲ့
စစ်တွေမြို့နယ်ကစ
တစ်နိုင်ငံလုံးအုံကြွခဲ့။
န.အ.ဖ ရဲ့
တစ်အိမ်တစ်ယောက် အတင်းအကျပ်လိုက်စု
လူထုဆန္ဒဖော်ထုတ်ပွဲအတု..... မဟုတ်ဘူး
မြန်မာပြည်သူတွေရဲ့
အမျိုးသားရေးစိတ်ဓါတ်ကိုယ်စီနဲ့
တာဝန်သိသိပြသခဲ့ကြတဲ့
ဒီမိုကရေစီတောင်းဆိုပွဲကြီးဖြစ်တယ်။
(၂)
သံဃာတွေ
သီလရှင်တွေဟာ
ငါတို့အတွက်
မြန်မာပြည်ကြီးအတွက်
အသက်ကိုစတေး
ကျင့်ဝတ်ကိုချိုးဖောက်
ရဲရဲတောက်လမ်းလျှောက်ခဲ့ကြ
ခြေဖ၀ါးကွဲအက်တဲ့အထိ။
ဘယ်သူတွေကြည့်နေရက်မလဲ
သံဃာနဲ့ပြည်သူအတူဆင်နွှဲ
ရာဇ၀င်ရဲ့ပွဲတော်အသစ်
အချစ်ကိုခဏဖယ်
မိသားစုကိုဘေးချိတ်
ပညာရေးကိုခေါက်သိမ်း
အလုပ်ကိုထားရစ်
မဆုတ်မနစ်တဲ့ဇွဲသတ္တိနဲ့
ငါတို့တွေ ချီတက်လာပါပြီ။

(၃)
ငါတို့အထဲမှာ
မုတ်ဆိတ်ဖားဖားနဲ့ဗလီဆရာတွေ
လက်ဝါးကပ်တိုင်နဲ့ဖာသာကြီးတွေ
မဟာယနနဲ့ ထေရ၀ါဒ
အစ္စလာမ်နဲ့ ခရစ်ယာန်
အပြန်အလှန်ဖေးမကူတွဲ
ဗမာ့ဒီမိုကရေစီတိုက်ပွဲကို
မခွဲအတူတောင်းဆိုနေကြရဲ့။
အင်္ကျီဗလာနဲ့သူဖုန်းစား
ဟန်းဖုန်းအသစ်နဲ့သူဌေးသား
ရော့ခ်ကာနဲ့ရက်ပ်ပါ
လူကြီးနဲ့လူငယ်
ကျောင်းသားနဲ့လက်လုပ်လက်စား
မိန်းမနဲ့ယောက်ျား
ရင်ဘောင်တန်းလို့ တသားတည်းဖြစ်တယ်။
တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့
ညီညွတ်မှုပြယုဂ်အမှန်
အာဏာရှင်ကိုတွန်းလှန်ကြဖို့
ငါတို့တွေချီလာပါပြီ။

(၄)
၈၈ မျိုးဆက်ကျောင်းသားနဲ့
၂၀၀၇ မျိုးဆက်ကျောင်းသားတို့
စုပေါင်းအားနဲ့လွှင့်ထူ
ခွပ်ဒေါင်းအလံတလူလူ
တို့ပြည်သူတွေလွတ်လပ်ဖို့
တို့နိုင်ငံတော်လွတ်လပ်ဖို့
အသက်ကိုပဓါနမထား
ရှေ့ဆုံးကလျှောက်သွားကြပြီ။
ရန်ကုန်မြို့ရဲ့
အိမ်အသွယ်သွယ်၊ လမ်းအသွယ်သွယ်
တိုက်ခန်း၊ ဆိုင်ခန်းအသွယ်သွယ်က
မျိုးချစ်ပြည်သူအသီးသီးရဲ့
လက်ခုပ်တီးသံ တဖြောင်းဖြောင်း
ဗြောင်းဆန်အောင်ဟစ်ကြွေးအားပေး
ငါ့တို့သွေးတွေ စည်းခဲ့ပြီ
ငါတို့သွေးတွေ စည်းခဲ့ပါပြီ။

(၅)
အစိမ်းရောင်ယူနီဖောင်းနဲ့ အရိုင်းကောင်တွေ
ရွံရှာစက်ဆုပ်ဖွယ်လုံထိန်းရဲတွေရဲ့
နံပါတ်တုတ်နဲ့ဒိုင်းချပ်
သေနတ်နဲ့ လက်ပစ်ဗုံးတွေက
ပြည်သူရဲ့အမုန်းကို
မျက်လုံးချင်းမဆိုင်ရဲကြဘူး။
ငြိမ်းချမ်းစွာ
ငါတို့ဆန္ဒပြတယ်
သံဃာတို့ရဲ့အေးမြသာယာသော
မေတ္တာပို့သံ တညံညံ
ဘ၀ဂ်အထိလျှံတက်
မိုးအုံ့တဲ့ နေ့ရက်တွေမှာ...
ရန်ကုန်မြို့ရဲ့ ပေတစ်ရာလမ်းမတွေဟာ
" အရှေ့အရပ်၌ရှိသော......." အစချီကာ
ခြေသံတွေနဲ့ သိမ့်သိမ့်တုန်ခါပေါ့။
မာန်ဟုန်ပြင်းစွာ
ငါတို့တွေ ချီလာခဲ့ကြ။

(၆)
ရိုင်ဖယ်ကြီးတကားကား
ယူနီဖောင်းတလွှားလွှားနဲ့
ဝီစကီပုလင်း ခါးကြားထိုး
ခွေးမျိုးခွေးနွယ် ခွေးစစ်သားတွေ
လည်ပတ် အနီ၊ အ၀ါ၊ အပြာများပတ်
ဘုရားပေါ်မှာ မားမားရပ်လို့
သတ်ဖို့ ဖြတ်ဖို့ စောင့်နေကြရဲ့။
ငါတို့ ဆက်လျှောက်တယ်
ငါတို့ ဆက်ကြွေးကြော်တယ်
ဒီမိုကရေစီအရေးအတွက်
အသက်ကို အလေးမထား
ငါတို့၏ လက်ခုပ်သံများ
ကမ္ဘာအနှံကကြားစေသား။

(၇)
"လက်ညိုးညွှန်ရာ
သွေးချောင်းစီးစေသတည်း"
ဘုရင်ရူးကြီး 'သန်းရွှေ'
တချက်လွှတ် စေခိုင်းချက်မှာ
ငါတို့တွေ လဲပြိုခဲ့ကြ။
လမ်းမပေါ်......
ရဟန်းတော်တို့
စစ်သားများအား ရှိခိုးကြပြီ...
ဆူးလေကောင်းကင်မှာ လျှပ်ပန်းတွေလက်
မေတ္တာပို့သံတစ်ဝက်မဆုံးမီ
သံဃာတို့ခေါင်း ဟက်တက်ကွဲရ
ရဟန်းတို့သွေး မြေသို့ခ ။
သေနတ်သံ တဒိန်းဒိန်း
မိုးကြိုးပစ်သံ တဂျိန်းဂျိန်းနဲ့အတူ
မငြှိမ်းနိုင်တဲ့ လက်ခုပ်သံတွေ
ဝေါခနဲ ပျံတက်ကြ

"လူအချင်းချင်းသတ်ဖြတ်ခြင်း ကင်းရှင်းကြပါစေ...
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ...
သံဃာသတ်တဲ့မိစ္ဆာတွေ မိုးကြိုးပစ်လို့သေပါစေ..."
.......... စသဖြင့်

"ကမ္ဘာမကြေ".....သီချင်းကို ပြိုင်တူသီဆို
ဒဏ်ရာကို လက်နဲ့အုပ်ကွယ်
သွေးအိုင်အလယ်အားတင်းရပ်
နိုင်ငံအတွက် အသက်ပေးမယ်
ဆယ်ပြန်မကသေရဲတယ်
မျိုးဆက်သစ်ငါတို့လူငယ်။

(၈)
မြင့်မြတ်စွာ
ကျဆုံးသွားကြပါတဲ့
ငါတို့ရဲ့သူရဲကောင်းတွေဟာ
မြန်မာပြည်သူအားလုံးရဲ့ရင်ထဲ
အမြဲရှိနေမှာပါ။
သူတို့ဟာ
သေနတ်ပြောင်းဝရှေ.မှာ
ရင်ကော့ကာအံကိုကြိတ်
အမျိုးသားရေးစိတ်ဓါတ်ပြည့်ဝစွာ
အသေခံတိုက်ပွဲဝင်ခဲ့ကြရှာပေါ့။
သင်တို့အား
ကျန်ရစ်သူငါတို့သည်
ရင်ထဲမှအမျှ ဝေပါ၏။
လူသေသော်လည်း
သမိုင်းမသေသောသင်တို့အား
မဆုံးနိုင်သောလက်များဖြင့်
အလေးအမြတ်ပြုပါ၏။
(၉)
သွေးတွေ
သွေးတွေ......
ဘယ်တော့မှမခြောက်ဘူး
ငါတို့မျက်ရည်တွေလည်း
ဘယ်တော့မှမခမ်းဘူး
ငါတို့လက်ခုပ်သံတွေဟာလည်း
မမောနိုင် မပမ်းနိုင်ဆက်တီးနေဦးမှာပါပဲ။
ရှူံးနိမ့်ခြင်းကို
အလိုမတူဘဲရရှိခဲ့တဲ့
ငါတို့ဟာ....
မုသာဝါဒ နအဖမိစ္ဆာတွေအပေါ်
နာကျည်းအံကြိတ်ကြ...ရွံရှာမုန်းတီးကြ
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်
စစ်အစိုးရပြုတ်ကျဖို့ အရေးပဲ
ငါတို့အတွေးထဲ
တ၀ဲလည်လည် ရှိတော့တယ်။
မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ
သင်းတို့အတွက် နေရာမရှိတာ
ကမ္ဘာသိအောင် ငါတို့ပြသခဲ့ကြပြီ
ငါတို့ရဲ့ တွဲလက်တွေ
မြဲသထက် ပိုမြဲခဲ့ကြပြီ
...................................
.....................................
.........................................။
(၁၀)
ကမ္ဘာကြေသော်လည်း
ဥဒါန်းကား မကြေခဲ့ချေပြီ....။ ။

(ရွှေမင်းအေး)

“သဘာဝတ္ထ”

 အဲဒီ သဲပြင်ပူပူထဲမှာ

ရေဂါလံသန်းငါးဆယ်ကျော်သွန်ချခဲ့ကြပြီးပြီ။

သဲပြင်ပေါ်မှာတံတားအစင်းစင်းက အခန့်သား

သွားပါများလည်းခရီးမပေါက်ကြ

ကရွတ်ကင်းလျှောက် အခေါက်ခေါက်

လွင့်မြောက်မိုးပျံပူဘောင်းများသာ

ရေတွင်းဝကောင်းကင်မှာ။

အနှောင်းမသေချာခဲ့သောမြစ်တို့
တချို့ကျဉ်း တချို့ကော

လောကပါလတောပြုန်းရာ
မြင်းခွာသံတို့ ပြုတ်ကွာပြန့်ကျဲ

ဒဏ်ရာသည်းသော ကြယ်စင်များသာ

ပင်လယ်ပြင်ကိုတွယ်ဖွဲ့ဆဲ။

စလောင်းရွဲ့ရွဲ့ကို တောင်းဆိုနေတဲ့အိုး

နိုး… ဆိုတဲ့ ငြင်းပယ်ခြင်းအလှ

မြားသွားထက်ရှချွန်မြ

အံဝင်ခွင်ကျ…

သိပ်သည်းဆကိုတင်းကျစ်လေ။

မေ့မပစ်လိုက်ကြလေနဲ့…

ဒီရေမြင့်သစ်ရဲ့တော်လဲရိုက်ခတ်သံဟာ

ကျောက်သားနံရံ အမှောင်တံတိုင်း

(အားလုံးကို)

ပိုင်းပိုင်းခြေဖျက်နိုင်ပေလိမ့်မယ်။ ။


                                    

စိုးနေလင်း

Sunday, February 28, 2010

မြန်မာပြည်သူ လေးသန်းကျော်ကို WHO က A(H1N1) ကာကွယ်ဆေးအခမဲ့ထိုးနှံပေးမည်

ရန်ကုန် ၊  ဖေဖော်ဝါရီ   ၂၃
    မြန်မာနိုင်ငံတွင်  ကမ္ဘာ့လူတုပ်ကွေးရောဂါကူးစက် ဖြစ်ပွားမှုနှုန်ူ မြန်ဆန်လာချိန် ကမ္ဘာ့ကျန်မာရေးအဖွဲ့ (WHO) က မြန်မာပြည်သူလေးသန်းကျော်ကို A(H1N1) ကာကွယ်ဆေး အခမဲ့ထိုးပေးမည်ဖြစ်ရာ ပထမအသုပ် အဖြစ် ကာကွယ်ဆေး အလုံးရေကိုးသိန်း ယခုဖေဖော်ဝါရီလကုန်တွင် ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ WHO အဖွဲ့မှ National Consultant ဒေါက်တာမျိုးလွင်က ပြောကြားသည်။
    ၂၀၁၀ ခုနစ်နှစ်ဆန်းပိုင်းမှ စတင်ပြီးမြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ကမ္ဘာ့တုပ်ကွေးရောဂါကူးစက် ပြန့်ပွားမှု များပြားလာပြီး ချင်းပြည်နယ် တီးတိန်မြို့နယ် ၊ ရှမ်းပြည်နယ် ကျောက်မဲမြိုံ့နယ် ၊ ရန်ကုန်တိုင်းအတွင်းရှိ ဗဟန်းမြို့နယ်၊ တာမွေမြို့နယ် ၊ ဒဂုံမြို့သစ်မြောက်ပိုင်း နှင့် အရှေ့ပိုင်း၊ ရွှေပြည်သာ မြို့နယ် ၊ လှိုင်သာယာမြို့နယ်
မှော်ဘီမြို့နယ် တို့တွင် ရောဂါကူးစက် ဖြစ်ပွားမှုများပြားလာကြောင်း၊ ဖေဖော်ဝါရီ ၂၃  ရက်နေ့ထိ ရောဂါကူးခံ ရသူ ၅၆  ဦးရှိနေပြီ ဖြစ်ကြောင်း ကျန်းမာရေးဌာနက တရားဝင် ထုတ်ပြန်ထားသည်။
     ထိုသို့ ရောဂါကူးစက်ပြန့်ပွားမှု များရှိခြင်းကြောင့်  WHO က မြန်မာနိုင်ငံတွင် အေလူတုပ်ကွေးရောဂါ ကာကွယ်ဆေးများ ထိုးနှံရန်လှူဒါန်းခြင်းဖြစ်ပြီး ပထမအသုတ်အဖြစ် ဆေးကိုးသိန်းနှင့်  ဒုတိယအသုတ်အဖြစ် ဆေးသုံးသန်းခွဲကျော် ပေးပို့ လှူဒါန်းမည်ဖြစ်ကြောင်း ဒေါက်တာမျိုးလွင်က ပြောကြားသည်။
    ပထမအသုတ်အဖြစ် ဆေးကိုးသိန်း ဒီလကုန်ရင် ရောက်မယ်။ ဒုတိယအသုတ်အဖြစ် ဆေးသုံးသန်းခွဲ ရောက်မယ်ဟု ၄င်းကဆိုသည်။
    ယင်းဆေးဝါးများကို ကျန်းမာရေးဝန်ကြီးဌာနသို့ တိုက်ရိုက်လှူဒါန်းမည်ဖြစ်ပြီး ရောဂါကူးစက်ခံရရန် နီးစပ်သောသူများကို ဦးစားပေးထိုးနှံပေးမည် ဖြစ်ကြောင်း ၄င်း၏အဆိုအရ သိရှိရသည်။
    ရောဂါကူးစက်ခံရဖို့ ရာခိုင်နှုန်းများတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေကို အဓိက ဦးစားပေးထိုးနှံပေးသွားဖို့ ရှိပါတယ်။ ဆေးထိုးနှံတာတွေကို ကျန်းမာရေးဝန်ကြီးဌာနက လုပ်ဆောင်မှာပါ  .ဟု ဒေါက်တာမျိုးလွင်က ဆက်လက်ရှင်းပြသည်။
    ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကလည်း မတ်လဆန်းမှ စတင်ပြီး အေတုပ်ကွေးရောဂါ ကာကွယ်ဆေးများ ထိုးနှံမည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။
    အဆိုပါ အေတုပ်ကွေးရောဂါ ကာကွယ်ဆေးသည် တစ်ကြိမ်ထိုးပြီးလျှင် တစ်နှစ်တိတိေ၇ာဂါကူးစက် ခံရ မှုကို ကာကွယ်နိုင်ကြောင်း ဒေါက်တာမျိုးလွင်က ရှင်းပြသည်။
    မြန်မာနိုင်ငံတွင် ၂၀၀၉ အတွင်းက အေလူတုပ်ကွေးရောဂါကူးစကခံရသူ ၆၉ ဦးရှိခဲ့ပြီး ယခု ၂၀၁၀ နှစ်ဆန်းပိုင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့ထိ ရောဂါကူးစက်ခံရသူ ၅၆ဦး ရှိနေပြီဖြစ်သည့်အတွက် အေလူတုပ်ကွေး ရောဂါကူးစက်ခ့ရသူ စုစုပေါင်း၁၁၅ဦး ရှိနေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရှိရသည်။
မူရင်း ။  ။ The Voice Journal