Sunday, February 7, 2010

စနစ်၏သားကောင်များ



ပြည်သူအပေါ် မည်သို့ လက်တွေ့ကျကျအုပ်ချုပ်ရမည်နည်း ဆိုသည်မှာ အစိုးရ၏ ပြသ၁နာဖြစ်သည်။ အာဏာကို လက်ကိုင်ထားချင်သူများအနေဖြင့် ပြည်သူအပေါ်တွင်
ဘက်ပေါင်းစုံ နည်းပေါင်းစုံဖြင့်ချည်းကပ်နည်းကိုကျင့်သုံးကြရမည်သာဖြစ်သည်။ ကွန်မြူနစ်
စနစ် ၊ ဖက်ဆစ်စနစ် ၊ သက်ဦးဆံပိုင်ဘုရင်စနစ် စသည်ဖြင့် အမျိုးမျိုးခေါင်းစဉ်တပ်ကာ
အုပ်ချုပ်ခဲ့ကြသောကြောင့် လက်ချိုးရေတွက်ရနိုင်သည့်အဆင့်တွင်သာရှိနေသေးသည်။
အစိုးရတစ်ရပ်ကိုဖွဲ့စည်းခြင်းဆိုသည်မှာ ပြည်သူကိုထိန်းချုပ်ရန် (သို့မဟုတ်)အုပ်ချုပ်ရန်
သာဖြစ်သည်။ အစိုးရနှင့်ပတ်သက်လို့ဖွင့်ဆိုချက်များကိုလေ့လာကြည့်လျှင် “လူ့ဘောင်အဖွဲ့အစည်း သို့မဟုတ် နိုင်ငံတော်အား နိုင်ငံရေးအရ အုပ်ချုပ်ရန် ၊ လမ်းညွှန်ရန်
အတွက် စွမ်းဆောင်ပေးသူများ ” ဆိုသည့်သဘောသက်ရောက်နေကြောင်းတွေ့ရသည်။
တစ်နည်းအားဖြင့် အစိုးရဆိုသည်မှာ “ အုပ်ချုပ်မှုစနစ်” ဟု အထိရောက်ဆုံး ဆိုနိုင်ပါသည်။
ခေတ်အဆက်ဆက်တွင် အစိုးရအမျိုးမျိုး မည်မျှပြောင်းလဲသည်ဆိုစေ အသွင်သဏာန်သာ
ပြောင်းလဲသွားပြီး အနှစ်သာရသဘောမှာ အတူတူသာဖြစ်သည်။ အစိုးရဆိုသည်မှာ ပြည်သူကို
ထိန်းချုပ်ရန် သို့မဟုတ် အုပ်ချုပ်ရန်သာဖြစ်သည်။ သို့ဖြစ်ရာ အစိုးရ သည် အကြွင်းမဲ့အာဏာ
ကိုကျင့်သုံးကောင်းကျင့်သုံးကြမည်သာဖြစ်သည်။ အစိုးရကို မည်သူမျှ အာဏာနှင့် အုပ်ချုပ်ခွင့်
မရှိဟု တားဆီးပိုင်ခွင့်လည်း မရှိပေ ။ အစိုးရကလည်း အာဏာဖြင့်မအုပ်ချုပ် ပါဟု သမိုင်းစဉ်တွင်
တာဝန်မခံခဲ့ပေ ။လူတစ်ဦးတစ်ယောက်အာဏာသို့မဟုတ်လူတစ်စုအာဏာများဖြင့်သာပြည်သူကို အုပ်ချုပ်ခဲ့ကြပြိး အာဏာ ကိုမျှတစွာကျင့်သုံးသလော ၊ အစွမ်းကုန် ကျင့်သုံးသလော ဆိုပြီး အစိုးရအပေါ်တိုင်း တာလေ့ရှိကြသည်။
ထိုသို့ဆိုလျှင် ဒီမိုကရေစီ ဆိုသည်မှာ ဘာဖြစ်သွားမည်နည်း ။ ပြည်သူ့ဆန္ဒအရ အုပ်ချုပ်
မည့် ပြည်သူ့အစိုးရ မရှိတော့ပြီလော ။ ဒီမိုကရေစီ ကိုတိုင်း တာရန်မှာ ဒီမိုကရေ စီဖြင့် အလုပ်ဖြစ်
မဖြစ်နှင့် မည်သူ့အတွက် ဒီမိုကရေစီဖြစ်သည်ကို သုံးသပ်ကြည့်ရန်သာဖြစ်သည်။
လူဆိုသည်မှာ အစစ်အမှန် လွတ်လပ်သည်ဆိုလျှင် မလုပ်ချင်သည်ကို အတင်းလုပ်ရန် မည်သူမျှအတင်းအကျပ် စေခိုင်းခွင့်မရှိ။ အစိုးရသည် ပြည်သူကို ကိုယ်စားပြုသည်မှန်လျှင်
အစိုးရဆိုသည်မှာ ပြည်သူကို အမိန့်ပေး စေခိုင်းရန်မဟုတ် ။ ပြည်သူက သာ အစိုးရကို အမိန့်
ပေး စေခိုင်းရန်ဖြစ်သည် ။ သို့သော်လက်တွေ့ဘ၀တွင် ပြောင်းပြန်ဖြစ်နေသည်။ ဒီမိုကရေစီ
ဆိုသည်မှာ လွတ်လပ်ခြင်းနှင့် ဘာမှမဆိုင်သယောင် လှည့်စားဖြားယောင်းခြင်းခံနေရသည်။
လူ့သဘော အရ ဆိုလျှင် လူဆိုသည်မှာ အစိုးရရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ အကြွင်းမဲ့
လွတ်လပ်သူများ ဖြစ်ကြသည်။ သို့သော် ညီမျှမှု ၊ မညီမျှမှု ၊တရားလက်လွတ်ပြုကျင့်မှုများကြောင့်
ထိန်းချုပ်ရန် အစိုးရကိုဖော်ဆောင်လာကြရမှာ လွတ်လပ်မှုလည်း လူသားတွင်ဆုံးရှုံး လာရတော့သည်။အကြွင်းမဲ့အာဏာသည် အကြွင်းမဲ့လူကိုဖြတ်ဆီးတတ်သဖြင့် အကြွင်းမဲ့ အာဏာအပေါ် လူတို့ကြောက်ရွံစိုးရိမ်လာကြသည်။ သို့သော် အကြွင်းမဲ့အာဏာဖြင့်သာ လူတို့ရင်းးနှီးယဉ်ပါးကြသည် ။ အစိုးရဆိုသည်မှာ အကြွင်းမဲ့အာဏာဖြင့်အုပ်ချုပ်မည်လော ၊ ဒီမိုကရေစီနည်းကျကျအုပ်ချုပ်မည်လောဟု ရွေးစရာနှစ်ခုသာရှိသည့် အနေအထားသို့ရောက် လာသည်။ နောက်ဆုံး ဒီမိုကရေစီကို ရှေ့တန်းတင်လိုက်ခြင်းသာလျှင် အဖြေဟုရွေးချယ်သည် ဆိုစေ စနစ်တစ်ခု၏အောက်တွင် ပြည်သူသည်လွတ်လပ်မှုပျောက်ကာ စိုးမိုးအုပ်ချုပ်မှုပုံစံ တစ်ခုအတွင်းသို့ သက်ဆင်ကြရသည်သာဖြစ်သည်။
ဒီမိုကေ၇စီအတွက် အခြားသောမက်လုံးတစ်ခုက အများစုအုပ်ချုပ်ရေး (Majority Rule) ဖြစ်သည်။ လူအများစု အုပ်ချုပ်ရေးကို ကိုယ်ကျင့်တရား ( Morality ) ၊ ယုတ္တိနည်ကျ ( Logic) နှင့် လက်တွေ့( reality ) စံတို့ဖြင့် တိုင်းတာကြသည်။
လူသားကို လူသားက အုပ်ချုပ်ခြင်းသည် အတိုင်းအတာမဲ့လော၊ အတိုင်အတာဖြင့်လော။ အုပ်ချုပ်ပိုင်ခွင့်ကို မည်သူက အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိသနည်းဆိုသည်မှာ နှစ်ပေါင်းများစွာ လူသားတို့ရင်ဆိုင်လာကြရသည့် ပြသနာဖြစ်သည်။ လူသားသည် လူနည်းစု (minority) လက်ထဲတွင် အာဏာကိုတိန်းချုပ်ထားမှုကို မနှစ်သက်ကြ့ပေ။ လူနည်းစု စိုးမိုးခြယ်လှယ်မှုကို လည်း တရားမမျှတဟူသာ လက်ခံလေ့ရှိကြသည်။
ပြည်သူ၏ ခွင့်ပြုချက်အရ (by consent of the people ) အုပ်ချုပ်ခွင့်ရသည့် အစိုးရဆို သည်မှာ အတိုင်းအတာပမာဏ တစ်ခုအတွင်းသာဖြစ်သည်။ ပြည်သူကို သတ်မှတ်ပြဌာန်း ထားသည့် ဥပဒေဘောင်အတွင်းမှသာ အုပ်ချုပ်ကြရန်ဖြစ်သည်။ ပြည်သူကိုအုပ်ချုပ်ရန် ဥပဒေ
ဆိုသည်မှာလည်း အမှန်တကယ် ပြည်သူကိုယ်တိုင် သဘောတူပြဌာန်းထားကြသည့် ဥပဒေအ တိုင်း သာဖြစ်ရမည် ။“လူအများစုက အုပ်ချုပ်စိုးမိုးထိုက်သူများဟု သတ်မှတ်သည့်အစိုးရသာလျှင် ဒီမိုကရေစီအစိုးရ”ဟု Jim Davidson က ဖွင့်ဆိုထားသည်။
အာဏာဖြင့်ချုပ်ကိုင်လိုသူတို့သည် အာဏာ စက် ကို မဖြန့်ကြက်နိုင် ၊ ဖြန့်ကြက်ရမည်ကို
လည်းစိုးရိမ်သောကြောင့် Minority ကို လက်ကိုင်ထားကာ အုပ်ချုပ်ကြသည်။ဒီမိုကရေစီသည်
ပြည်သူက ၊ ပြည်သူ့အတွက်၊ ပြည်သူအုပ်ချုပ်ခြင်း Majority ကိုတောင်းဆို သည်။ သို့သော်
ထိုစနစ်နှစ်ရပ်လုံးတွင် “အစိုးရ” ဖြင့်သာအုပ်ချုပ်ကြရသည်။ လူတစ်ဦး ၊ လူတစ်စု ၊ လူထု မည်သို့
ပင်ပြောင်းလဲ ခေါ်သည်ဖြစ်စေ ပြည်သူသည် ထိုသူအားလုံးတို့ သတ်မှတ်သည့်စနစ်၏ သားကောင်များသာဖြစ်ကြရပြီးလူသား၏အစစ်အမှန်လွတ်လပ်မှုများဆုံးရှုံးပျောက်ကွယ်ကြရသည်သာဖြစ်သည်။
လူများစုအုပ်ချုပ်ရေးကို ယုတ္တိနည်းကျ ပိုင်းဖြတ်ရန်မှာ “ ကောင်မြတ်ခြင်း“ ဖြစ်သည်။
လူများတိုင်း ၊ အများစုသဘောတူညီမှု ကိုရတိုင်း ကောင်းသလားဆိုသည့်မေးခွန်းကို ရင်ဆိုင်
ကြရသည်။ “များတိုင်းကောင်း” သဘောတရားသည် ပြတ်သားတိကျမှုရှိသည်မဆိုနိုင်ပေ။
လူတစ်ဦးနှင့်တစ်ဦး အခြေအနေ ၊ ဆန္ဒ ၊ အကျင့်စရိုက် ၊ စိတ်နေစိတ်ထားလည်း တူညီကြ
သည်မဟုတ်ပေ ။ နိုင်ငံရေးစနစ် သို့မဟုတ် ၀ါဒသဘောတရားတစ်ခုသည် “ က “ အတွက်
စိတ်ကြိုက်ဖြစ်နိုင်သော်လည်း “ ခ” အတွက် နှင့် “ ဂ ” အတွက် ဖြစ်ချင်မှဖြစ်မည် ။ “က”
အတွက် Good သည် “ခ ” အတွက် Bad ဖြစ်ချင်ဖြစ်နေတတ်သည်။ သို့ဖြစ်ရာ “များတိုင်းကောင်း” သဘောတရား သည် ပြည်သူအားလုံးအတွက် မျှတသည့် အဖြေတစ်ခု ဖြစ်
နိုင်ပါသလော ဟု ပြန်လည်ဆန်းစစ်သင့်သည်။
လက်တွေ့ဘ၀တွင်လူများစုဆိုတိုင်းအုပ်ချုပ်ခွင့်ရှိပြီးလူနည်းစုကအရှုံးပေးနေကြရသည်သာ ဖြစ်သည် ။ တစ်ခါတစ်ရံ လူများစုချင်းဖြစ်သော်လည်းဒီမိုကရေစီက ကြားခံလိုက်သဖြင့် မတိမ်းမယိမ်း ကွာဟချက်လေးဖြင့်လည်း အများစုသဘောသက်ရောက်ပြီး အသာရ အနိုင်ယူသွား
တတ်သည်။ ရွေးကောက်ပွဲတိုင်း ပြည်သူတိုင်းကို ကိုယ်စား မပြုနိုင်ပေ ။ ပြည်သူတစ်ဝက်ခန့်မဲပေး
ပိုင်ခွင့်ရှိသည်ဆိုစေ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးကြသည်မဟုတ်။ မဲမပေးသူများ ၊ မထောက်ခံကြသူများ ၊ စိတ်မ၀င်စားသူများ ၊ ပါဝင်ပတ်သက်ခြင်းမရှိလိုသူများလည်း သူတို့
ကိုယ်ပိုင်ဆန္ဒ အခွင့်အရေးများ ရှိကြသည်သာဖြစ်သည်။လူ ၁၀၀ တွင်မဲပေးခွင့်ရှိသူ၃၀၊
လာရောက် မဲပေးသူ ၂၀ ၊ ထို ၂၀ တွင် ၁၁ မဲ ဖြင့် အနိုင်ရသူကို Majority ဟု သတ်မှတ်ပြီး
ကျန် ၉ ဦး နှင့် မဲလာမပေးသူ ၁၀ ဦး ၏ အခွင့်အရေးကို Minority ဟုသတ်မှတ်ကာ လျစ်လျှူ
ရှု ခြင်းသည် တရားမျှတမှု ရှိနိုင် ပါသလော ။ မဲပေးခွင့်မရသည့် လူပေါင်း ၇၀ ၏ အခွင့်အရေး
အတွက် မည်သို့စဉ်းစား ကြမည်နည်း ။ လူ၁၀၀ တွင် ၈၉ ဦး၏ အခွင့်အရေးကို လျစ်လျှူရှုကာ
၁၁ ဦးဆန္ဒ ဖြင့် အုပ်ချုပ်မည့်အစိုးရ ကို ပြည်သူ့ဆန္ဒအရ အုပ်ချုပ်သော “ ပြည်သူ့အစိုးရ ”
ဟုကြေငြာလျှင် ပြည်သူကို မျက်နှာပြောင်တိုက်ခြင်းသာ ဖြစ်ပေလိမ်မည်။
ဒီမိုကရေစီ တွင် အများ၏ထောက်ခံမှု အရ ( Mandate of the people ) ဆိုသည့်စကား
ကို တွင်ကျယ်စွာ အသုံးပြုလေ့ရှိကြသည် ။ ထို Mandate ဆိုသည်မှာလည်း လူတစ်စု Mandate
လား ၊ ပြည်သူလူထု အားလုံးအတွက် Mandate လားဟု ပြန်မေးစရာ ရှိသည် ။ အုပ်စုလေးတစ်စု
၏ Mandate ဖြင့်တက်လာသည့် အစိုးရကို ပြည်သူက လုပ်ချင်ရာလုပ်ခွင့်ပေးလိုက်ရခြင်းသည် မျှတမှု ရှိ နိုင်ပါမည်လော ။
လူများစု အုပ်ချုပ်ရေးသည် လူအများကရွေးခြယ်ခြင်း ( The people have chosen ) ကြောင့်ဟု စောဒက တက်စရာ ရှိသည်။ ရွေးကောက်ပွဲ ဆိုသည်မှာ ခေတ်သစ်တွင် တစ်ဦး
တစ်ယောက်တည်းကိုထောက်ခံရွေးကောက်ကြရသည့်ခေတ် မဟုတ်တော့ ။ အနည်းဆုံးပြိုင်
ဖက် တစ်ယောက်တော့ ပါဝင်ကြရသည်သာဖြစ်သည်။ ကိုယ့်ပါတီအတွင်းမှ ကိုယ့်ပါတီကြိုက်
ခေါင်းဆောင်ကို ကွက်ကွက်လေး ပြည်သူ့လက်တွင်းသို့ အပ်ကြရခြင်းသာဖြစ်သည် ။ ထိုအုပ်စု
ခေါင်းဆောင်များက ပြည်သူအားလုံးကို ကိုယ်စားပြုကာ ပြည်သူနှင့်တိုင်းပြည် ကို အုပ်ချုပ်ခွင့်
ရပြီး နိုင်ငံခေါင်းဆောင်ဖြစ်လာလျှင်လည်း “ ငါသည် ပြည်သူအားလုံးကို အမှန်တကယ် ကိုယ်
စားပြုသလား ” ဆိုသည့်မေးခွန်းမျိုးကို လိပ်ပြာသန့်သန့်ဖြင့် မိမိကိုယ်ကို ပြန်မေးကြည့်
ကြရန်သာ ဖြစ်သည် ။
( တင်ညွှန့်)
မူရင်း ။ ။ The Voice ဂျာနယ်မှ

Saturday, February 6, 2010

နှစ် ၁၅၀၀ ကျော်က ဗုဒ္ဓ ကျောင်းတော်ကြီး ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ်တွေ့ရှိ



မောင်ရမ္မာ (နိရဉ္စရာ) ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနောက်မြောက်ပိုင်း ပေါင်စောင်ဂေါ် ခရိုင်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀ ကျော်က တည်ဆောက်ခဲ့သော ဗုဒ္ဓ ကျောင်းတော်ကြီး တခုကို ဇန္န၀ါရီလ ၁၀ ရက်နေ့က မြေအောက်မှ တူးဖေါ် တွေ့ရှိသည်။

ကျောင်းတော်ကို ပေါင်စော်ဂေါ်မြို့မှ ၁၆ ကီလိုမီတာ အကွာတွင် တည်ရှိသော အော်မိုခါနာ မြို့နယ်ခွဲရှိ ဘိတောဂေါ်ရ် ကျေးရွာရှိ ရှင်ဘုရင် တပါးပါး နေခဲ့သည်ဟု ခန်းမှန်းရသော တောင်ကုန်းကို တူးဖေါ်စဉ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တူးဖေါ်ရာကို ဦးဆောင်သူ တဦးဖြစ်သည့် ရှေ့ဟောင်း ဦးစီးဌာနမှ ဒေါက်တာ ချာဟာနာ ဟူဆေ ဂျာဟန်က အဆိုပါ ကျောင်းတော်ကို အေဒီ ၆ ရာစုနှင့် ၇ရာစု အတွင်းက တည်ဆောက်ခဲ့သော ကျောင်းတော်ကြီး တခု ဖြစ်သည်ဟု ပြောသည်။

၎င်းပြင် သူမက ကျောင်းတော်မှာ ရှေးခေတ် ကုန်ပိုင်း ကုန်သွယ်သွားလာရာ လမ်းတွင် တည်ရှိခဲ့သဖြင့် တိဗက်၊ ဘူတန်၊ နီပေါနှင့် အိန္ဒိယ ဘီဟာ တို့နှင့် ဆက်စပ်မူ ရှိကြောင်း ပြောသည်။

တူးဖေါ် တွေ့ရှိခဲ့သော ဘုန်းတော်ကြီးကျောင်းမှာ အလွန်ကျယ်ဝန်းပြီး အခန်းများကို အုတ်များနှင့် တည်ဆောက်ထားသဖြင့် ယခင်က ဘာသာရေး ခေါင်းဆောင်များကို အသိအမှတ်ပြုပြီး တည်ဆောက် ပေးခဲ့သည့် ကျောင်းတော် အဆောက်အဦး တခု ဖြစ်နိုင်သည်ဟု သူမက ခန်းမှန်း ပြောဆိုသည်။

၎င်းနေရာတွင် အဆိုပါအဆောက်အဦးမျိုး တည်ရှိမည်ဟု ရှေးဟောင်း ဦးစီးဌာနမှ ခန်းမှန်းထားခဲ့ပြီး ဒက္ကားမြို့ရှိ
University of Liberal Arts Bangladesh ကျောင်းမှ ပါမောက္ခ ချာလာနာ ဟူဆေ ဂျာဟန်မှ ဦးဆောင်ပြီး အဆိုပါ ကျောင်းမှ နောက်ဆုံးနှစ် ကျောင်းသားများနှင့် သွားရောက်တူးဖေါ် ခဲ့ခြင်း ဖြစ်သည်။

ကျောင်းတော်ကို ၂၀၀၉ ခုနှစ် ဇန္န၀ါရီလ ကပင် စတင်ရှာဖွေတူးဖေါ်နေခဲ့ရာ ယခုနှစ် ဇန္န၀ါရီလ ၁၀ ရက်နေ့တွင် အဆိုပါ အဆောက်အဦးကို စတင် တွေ့ရှိ ခြင်းဖြစ်သည်။

ယခုတွေ့ရှိခဲ့သော အဆောက်အဦးကို အေဒီ ၇ ရာစုအတွင်းက ပြုလုပ်သော အုတ်များဖြင့် တည်ဆောက်ထားပြီး အာရှတွင် အကြီးဆုံး အဆောက်အဦးကြီး တခု ဖြစ်နိုင်သည်ဟု အဆိုပါ တူးဖေါ်ရေး အဖွဲ့က ခန်းမှန်းထားသည်။

ဒေသခံများကမူ ၎င်းနေရာကို ရှေးဟောင်းမြို့တော် အဖြစ် သတ်မှတ်ပေးရန် အစိုးရကို တောင်းဆိုထားသည်ဟုလည်း သိရသည်။

အလားတူ အဆိုပါနေရာမှာ ရှေးဘုရင်များက တိဘက်၊ ဘူတန်၊ တရုတ်၊ နီပေါ၊ အိန္ဒိယ၊ ပါကိစ္စတန်နိုင်ငံများနှင့် စီးပွားရေးအရ ဆက်သွယ်ရာတွင် ဗဟိုဌာနချုပ်အဖြစ် အသုံးပြုခဲ့သော နေရာလည်း ဖြစ်နိုင်သည်ဟုလည်း ခန်းမှန်းပြောဆိုနေကြသည်။

ယခုတွေ့ရှိသော အဆောက်အဦးသည် ယခင်က ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွင်း အာသံ၊ ကုစဘီဟ၊ မိန်နာမူတီ၊ ပါဟပူလ်၊ မော်ဟာစ်ထန်နော် ဒေသများတွင် တူးဖေါ်တွေ့ရှိခဲ့သော အဆောက် အဦးများနှင့် တူညီသည်ဟု သိရသည်။

ယခုတွေ့ရှိသော အဆောက်အဦးနှင့်အတူ တခြားအဆောက်အဦးဟောင်း ၁၂ ခုကိုလည်း တူးဖေါ်တွေ့ရှိထားသည်။
မူရင်း ။ ။http://www.narinjara.com/detailsbur.asp?id=2303

နောင်တစ်ခေတ်မှာ လူတွေ တွေ့ကြုံရမယ့် ဒုက္ခ တွေထဲမှာ အကြီးဆုံးဒုက္ခ




လောကဓံဆိုတာ အကောင်းလည်း လောကဓံပဲ။ အဆိုလည်းလောကဓံပဲ။ များသောအားဖြင့် အဆိုးကိုပဲ လောကဓံလို့ ပြောကြတာများပါတယ်။ အကောင်းနဲ့ ကြုံနေရတဲ့ အခါကြတော့ ငါ့မှာ လောကဓံနဲ့ ကြုံနေရတယ်လို့ မပြောကြဘူး။ အကောင်းကို လောကဓံလို့ မထင်ဘူး။ သို့သော် ဘဝမှာ ကြုံတွေ့နေရတာဟာ အဆိုးတွေက တော်တော်များပါတယ်။ အဲဒါတွေကို သတိနဲ့ ဉာဏ်နဲ့ ကြည့်ပြီးတော့ သိပြီးတော့ နေကြမယ်ဆိုရင် အဲဒီ အဆိုးတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ခံရတာ သက်သာမယ်။
အခြွေအရံများခြင်း အခြွေအရံနည်းခြင်းကို အရင်ကလည်းပြောဖူးပါတယ်။ နောင်တစ်ခေတ်မှာ လူတွေ တွေ့ကြုံရမယ့် ဒုက္ခ တွေထဲမှာ အကြီးဆုံးဒုက္ခက ဘာလဲဆိုတော့ အပေါင်းဖော်မရှိခြင်းပဲ။ အခုလည်း ကြုံနေရပါပြီ။ ယေဘုယျ လောကကြီးထဲ ကြာလေများလေ ဖြစ်လာနေတာ လူဦးရေများလာသလောက် လူတွေအဖော်မဲ့ အထီးကျန် ပိုဖြစ်လာပါတယ်။ အပျော်အပါးတွေ လည်းအခုခေတ်မှာ ပိုများလာပါတယ်။ အပျော်အပါးများလာသလောက် အဖော်လည်းပိုပြီး မက်လာကြပါတယ်။

အနောက်နိုင်ငံမှာတော့ တော်တော်လေး ဒီအခက်ခဲတွေကို တွေ့ရတာ တော်တော်လေး ကြာနေပါပြီ။ အနောက်နိုင်ငံက ပညာရှိအချို့ကလည်း ဒီအခက်ခဲ ဒုက္ခ တွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သူတို့ဟာ
သူတို့နည်းလမ်းတွေ ရှာနေကြပါတယ်။ သို့သော် ပြည့်စုံတယ်လို့တော့ မရှိပါဘူး။ ဘယ်တော့မှ မပြည့်စုံဘူး။ သူတို့ဆီက ကောင်းတဲ့ နည်းတွေကိုလည်း ယူရမှာပဲနော်။ ဘုန်းဘုန်းငယ်ငယ်က စာအုပ်ကလေးတစ်အုပ် ဖတ်ဖူးတာရှိတယ်။
“My crowded loneliness ” အဓိပ္ပါယ်က လူတွေအများကြီးထဲမှာ နေပြီးမှ အထီးကျန်ဖြစ်နေတဲ့ဘဝ လို့ ဆိုလိုပါတယ်။ အင်မတန်စဉ်းစားဖို့ ကောင်းတယ်နော်။ လူမရှိလို့ အထီးကျန်ဖြစ်တာ မဟုတ်ဘူးနော်.. ကိုယ့်အနားမှာ လူတွေအများကြီးရှိနေပေမဲ့လည်း ကိုယ်ဟာအထီးကျန်အဖော်မဲ့ ဖြစ်နေပါတယ်။ ဒီအကြောင်းနဲ့ပက်သက်လို့လဲ အနောက်နိုင်ငံက ပညာရှင်များပြောတာကိုလည်း ထည့်စဉ်းစားစေချင်ပါတယ်။ မြတ်စွာဘုရားဟောတော်မူတဲ့ သတိပဋ္ဌာန်ကြီးနဲ့လည်း ဒါကိုဘယ်လိုရင်ဆိုင်ဖြေရှင်း ရမလဲဆိုတာကိုလည်း စဉ်းစားစေချင်ပါတယ်။ လက်တွေ့လည်း လုပ်ကြည့်စေချင်ပါတယ်။ လူတွေအများကြီးရှိနေပေမယ့် အဖော်မဲ့သလို ဖြစ်နေတဲ့ ခံစားမှုမျိုး ကြုံဖူးကြမှာပါပဲ။

ဘယ်သူပဲဖြစ်ဖြစ် တစ်ဖြည်းဖြည်းနဲ့ အနည်းနဲ့ အများ အဖော်မဲ့နေသလို အထီးကျန်နေသလိုမျိုးဟာ ကြုံတွေ့ရတတ်ပါတယ်။ အချို့လူတွေဟာ အလုပ်သိပ်များတယ် ဘယ်တော့မဆို ခပ်သုတ်သုတ်လုပ်တယ်။ ခပ်မြန်မြန်သွားတယ်၊ ပြောတယ်၊ လုပ်တယ်။ သူ့မှာ သူ့အနားကို ရောက်လာတဲ့ လူတစ်ယောက်ကို အေးအေးဆေးဆေး အာရုံပြုဖို့၊ ဒီလူပြောတာကို အေးအေးဆေးဆေး စဉ်းစားဖို့၊ အဲဒီလူကို ကိုယ့်စိတ်ထဲက ဘာပြောချင်လဲဆိုတာကို စဉ်းစားပြီးတော့ ပြန်ပြောဖို့ရာ အချိန်မရှိဘူး။

အခုခေတ်က အလုပ်အင်မတန်များတဲ့ခေတ်၊ အပျော်အပါးတွေ အင်မတန်များတဲ့ခေတ် ဖြစ်တော့ လူလူချင်းဆက်ဆံရေးမှာ အချိန်တွေဟာ လျော့လျော့ကုန်သွားတယ်။ အနောက်နိုင်ငံမှာဆိုရင် မိဘနဲ့သားသမီး စကားပြောချိန်ဟာ တစ်နေ့မှမိနစ် ၂ဝ လောက်ပဲရှိတယ်တဲ့။ လူလူချင်းထိတွေ့မှု Human contact တဖြည်းဖြည်း နည်းသွားနေတယ်။

အဖော်ဆိုတာ ဘယ်လိုမျိုးကိုခေါ်မလဲ။ ကိုယ့်စိတ်ထဲမှာ ဘာတွေဖြစ်နေမလဲ၊ ဘာတွေခံစားနေရမလဲကို ကိုယ်ချင်းစာတဲ့သူ၊ နားလည်တဲ့သူ။ နားလည်တယ် ဆိုတဲ့နေရာမှာလည်း ကိုယ့်ရဲ့ အကောင်းရော အဆိုးရော အားနည်းချက်ရော အကုန်လုံးကို နားလည်တာကိုဆိုလိုတာနော်။ ကိုယ့်ကိုအလကားနေရင်း အပြစ်မတင်တဲ့သူ၊ မဝေဖန် မရှုတ်ချတဲ့သူ၊ အပြစ်မရှာတဲ့သူကို ကိုယ့်အဖော်လို့ခေါ်တယ်။ သာမန်အားဖြင့် လူတွေက အပြစ်မရှိအပြစ်ရှာတက်တယ်။ အပြစ်သေးသေးလေးကို ပုံကြီးချဲ့တတ်တယ်။ အဖော်ကောင်း မိတ်ဆွေကောင်းတွေဟာ အဲဒီလို မလုပ်ဘူးနော်။ ကိုယ့်ရဲ့ချို့ယွင်းချက်ကို စေတနာ၊မေတ္တာနဲ့ မထောက်ပြဘူး မဆိုလိုဘူးနော်။ ကိုယ့်မှာ အမှားတွေ ချို့ယွင်းချက်တွေ ရှိနေရင်တောင်မှ အဲဒါကို ကိုယ်ချင်းစာပြီးတော့ နားလည်အောင်ကြိုးစားတယ်။ ငါဟာ သူ့နေရာမှာ နေရရင် ဘယ်နှယ့်များနေမလဲလို့ ကိုယ်ချင်းစာတတ်တယ် ကိုယ့်စကားကို သေသေချာချာနားထောင်တယ်။ ဆုံးအောင် နားထောင်တယ်။ အဓိပ္ပါယ်ကိုလည်း မှန်မှန်ကောက်တယ်။

ဒီအချက်တွေကို သေသေချာချာ စဉ်းစားပါနော်။ အဖော်ဖြစ်ဖို့ရာ လိုအပ်တဲ့ အင်္ဂါရပ်တွေက တော်တော်များပါတယ်။ ကိုယ်အနားမှာ ထိုင်နေရုံနဲ့ အဖော်လို့ ပြောလို့မရဘူး။ ကိုယ်ပြောတဲ့ စကားကို မှန်မှန်ကန်ကန်နဲ့ နားလည်မှသာ သူနဲ့ ကိုယ်နဲ့ အဖော်ဖြစ်နိုင်တယ်။ ကိုယ်က စကားတစ်ခုခုပြောတယ်။ သူက သူ့ဟာသူ လိုသလို အဓိပ္ပါယ်ကောက်တယ်။ ကိုယ်က အဲဒါငါပြောချင်တဲ့ အဓိပ္ပါယ်မဟုတ်ပါဘူးလို့ ပြန်ရှင်းပြရင်တောင်မှ သူက လက်မခံဘူး။ ကိုယ်ကောက်ချင်တဲ့ အဓိပ္ပါယ်ပဲကောက်တယ်။ အဲဒါမျိုးလုပ်တတ်တယ်ဆိုရင် အဲဒီလူနှစ်ယောက်ဟာ အဖော်မဖြစ်နိုင်ဘူး။ နားလည်တယ်ဆိုတဲ့ ကိစ္စဟာ ရာခိုင်နှုန်းပြည့် ဘယ်တော့မှ မဖြစ်နိုင်ဘူး။ သို့သော် တဆင့်နှိပ်ပီ ပြောရမယ်ဆိုရင် နားလည်ချင်စိတ်ရှိတယ်။ နားလည်ဖို့ ကြိုးစားတယ်ဆိုရင်ပဲ အင်မတန်တော်လှပါပီ။ အဲဒီလောက်ရှိပီဆိုရင်ပဲ ဒီလူနှစ်ယောက်ဟာ အဖော်ဖြစ်လို့ရပီ။

အများစုကတော့ တစ်အိမ်ထဲမှာ အတူတူပင်နေသော်လည်း တစ်ယောက်ကိုတစ်ယောက် အဓိပ္ပါယ်တွေ ကောက်တာတွေ လွဲနေတယ်။ စကားကို ဆုံးအောင်နားမထောင်ဘူး။ ကိုယ်ချင်းမစာဘူး။ နားမလည်ဘူး။ ခန္ဓာကိုယ်ချင်း ထိပီ ထိုင်နေသော်လည်း စိတ်ချင်းတစ်ယောက်နဲ့ တစ်ယောက် မသိဘူးလို့ ပြောလို့ရတယ်။ သူ့လည်း ငါမသိ ငါ့လည်း သူမသိ။ ဒီလို မသိနိုင်တဲ့သူ နှစ်ယောက် အဖော်မဖြစ်နိုင်ပါဘူး။ ငါ့ကို သိမှ ငါနဲ့ အဖော်ဖြစ်မယ်။ ငါဘယ်လိုခံစားနေတယ်ဆိုတာ သိမှ ငါနဲ့ အဖော်ဖြစ်မယ်။

ဥပမာ... သင်္ချာပညာရှင် တစ်ယောက်နဲ့ ရူပဗေဒ ပညာရှင်တစ်ယောက်ရှိတယ်ဆိုပါတော့.. မက်စ်နဲ့ ဖေစ့်စစ် သူတို့နှစ်ယောက်ဟာ ဘာသာရပ်ချင်း ဆက်စပ်မှုချင်းနည်းနည်းရှိနေတော့ တစ်ယောက်ကို တစ်ယောက် ဒီဘာသာရပ်နဲ့ ပတ်သက်တာတွေ ပြောကြမယ် ဆိုကြမယ် ဆွေးနွေးကြမယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် အဖော်မဖြစ်ဘူး။ ဘယ်ဖြစ်လို့လဲ ဆိုတော့ အဲဒါ အပြင်ပကြောင့်ဖြစ်တယ်။ ကိုယ့်ဘဝနဲ့ ကိုယ်ခံစားချက်နဲ့ တကယ်ပြည့်ပြည်ဝဝ ဆက်စပ်မှု မရှိသေးဘူး။ သို့သော် သူတို့နှစ်ယောက်က ပညာရှင် အချင်းချင်း ပညာကို တန်ဖိုးထားတဲ့ ဆက်ဆံရေးမျိုးဖြစ်တယ်။ အဲဒီလောက်နဲ့ ဆက်ဆံရေး မလုံလောက်ဘူး။ သူ့မှာ ဝမ်းနည်းတဲ့ အခါလည်းရှိတယ်။ စိုးရိမ်တဲ့ အခါလည်းရှိတယ်။ အားငယ်တဲ့ အခါလည်းရှိမယ်။ တစ်ချိန်မှာ ဝမ်းသာမဲ့အခါလည်း ရှိမယ်။ အဲဒါတွေ အားလုံးကို မျှဝေပြောပြနိုင်ပါမှ မိတ်ဆွေကောင်း အဖော်ကောင်းလို့ ခေါ်နိုင်တယ်။

ဘယ်သူဖြစ်ဖြစ် တစ်ခါတစ်လေ ဝမ်းနည်းတတ်တယ်။ ဒါပေမဲ့ အဲဒါကို ဟန်လုပ်ပီ ဖုံးကွယ်ပီ နေတတ်တယ်။ လူနဲ့ တွေ့တဲ့အခါ ပျော်နေတဲ့ အမူအရာမျိုးလုပ်ပြတယ်။ ငါဝမ်းနည်းနေတာ လူတွေ မတွေ့စေရဘူး။ လူသိသွားရင် ငါ့ကို ပျော့ညံ့တဲ့လူလို့ ထင်မယ်။ အဲဒီတော့ ဟန်လုပ်ပီ နေရတာ သိပ်ပီတော့ lonely ဖြစ်တယ်။ တချို့ ကိုယ်လုပ်ချင်တဲ့ကိစ္စတွေထဲမှာ ကိုယ့်ဟာကိုယ်ပြန်ပီ ရှင်းရတဲ့ ကိစ္စမျိုး ရှိချင်ရှိမယ်။ မအောင်မြင်တဲ့ ကိစ္စမျိုးလည်းရှိချင် ရှိမယ်။ အဲဒီလို ကိုယ်စိတ်ထဲမှာ ရှက်တာ ကြောက်တာ အားငယ်တာ စိုးရိမ်တာ ဝမ်းနည်းတာတွေကို မသိတဲ့သူ နားမလည်တဲ့သူ ကိုယ်ချင်းမစာတဲ့ သူတွေအတွက် အဖော်မဖြစ်နိုင်ပါဘူး။ အထူး သဖြင့် ကိုယ်နဲ့ အတူနေတဲ့သူတွေဆိုရင် အရေးကြီးပါတယ်။ တချို့လူတွေဟာ လူအများနဲ့ တကယ်ခင်ခင်မင်မင် ရင်းရင်းနှီးနှီး မဆက်ဆံကြဘူး။ လူတွေနဲ့ ကင်းကွာပီ တစ်ယောက်တည်း ဖြစ်နေတယ်။ တစ်ယောက်တည်း ဖြစ်နေတာကိုလဲ ရင်ထဲမှာ ခံရတာ ခက်နေတယ်။ ကိုယ်အကြောင်းကို ပြန်စဉ်းစားမိရင် ပြန်တွေးမိရင် ရင်ထဲမှာ ခံရတာ ခက်နေတယ်။ ဒါကိုလည်း လူတွေ အတော်များများ ခံစားဖူးမှာပါနော်။

ဆရာတော်ဦးဇောတိကတရားတော်မှ

Where our leather bags come from!!!!!!!! !!!!!!!!

They are crying for help…..Lets help them survive!!!

ဖခင်ဗိုလ်ချုပ်အောင်ဆန်းထံ အစီရင်ခံစာ




နယ်ချဲ့စံနစ်….အဖေ့ခေတ်မှာ… တော်လှန်ရေးအတွက်
လူ သုံးဆယ်နှင့် စခဲ့သည်။

စစ်ကျွန်စံနစ်… သားတို့ခေတ်မှာ… တော်လှန်ရေးအတွက် လူ သုံးသောင်းခန့် စခဲ့ပြီ။
နယ်ချဲ့စံနစ်… အဖေ့ခေတ်မှာ… တော်လှန်ရေးအတွက်
အရာရာကို စွန့်လွှတ်ထားခဲ့သည်။

စစ်ကျွန်စံနစ်… သားတို့ခေတ်မှာ… တော်လှန်ရေးအတွက် အရာရာကို ပြိုပျက်သွားပြီး…အလိုရမ္မက်ကြီးထွားကြပြီ။

နယ်ချဲ့စံနစ်… အဖေ့ခေတ်မှာ… တော်လှန်ရေးအတွက်
ဆူးမွေ့ယာမှာ… အိပ်စက်ခဲ့သည်။

စစ်ကျွန်စံနစ်… သားတို့ခေတ်မှာ… တော်လှန်ရေးအတွက် ပန်းမွေ့ယာမှာ… အိမ်မက်ကြပြီ။

နယ်ချဲ့စံနစ်… အဖေ့ခေတ်မှာ… တော်လှန်ရေးအတွက်
လူထုနဲ့ ခွဲမရ… တထပ်တည်းကျအောင် နေခဲ့သည်။

စစ်ကျွန်စံနစ်… သားတို့ခေတ်မှာ… တော်လှန်ရေးအတွက် လူထုနဲ့ဝေးကွာ… ကျည်လွတ်မြေမှာ… လက်ခမောင်းခတ်ကြပြီ။

နယ်ချဲ့စံနစ်… အဖေ့ခေတ်မှာ… တော်လှန်ရေးအတွက်
အပြောနဲ့အလုပ်… တထပ်တည်းထားခဲ့သည်။

စစ်ကျွန်စံနစ်… သားတို့ခေတ်မှာ… တော်လှန်ရေးအတွက် အပြောနဲ့အလုပ်… ဇာတ်ခွဲခြား၍… ထားကြလေပြီ။

နယ်ချဲ့စံနစ်… အဖေ့ခေတ်မှာ… တော်လှန်ရေးအတွက်
အဖေ့…..သစ္စာ တည်ခဲ့သည်။

စစ်ကျွန်စံနစ်… သားတို့ခေတ်မှာ… တော်လှန်ရေးအတွက် သား….သစ္စာတည်စေမည်။

ဟိန်းစိုး


မည်သူမဆို တော်လှန်ရေးအတွက် ကူးယူနိုင် ဖော်ပြနိုင်သည်။